← Chapters

အခန်း (၂၂၃-၂၂၄)

Vol. 23 Ch. 223-224

အခန်း (၂၂၃-၂၂၄)

Vol. 23 Ch. 223-224

🌹Chapter 223

ယန်ရုန်ရုန်က ဟမ်ယဲ့ကို သဘောမကျပါ။ သူ့ကို ကျေးဇူး ကန်းပြီး နှလုံးသားမဲ့သူတစ်ယောက်ဟု မှတ်ယူထားသည်။

သို့သော် သူ့ကို သတ်ချင်လောက်သည့်အထိတော့ မဟုတ်သေးပေ။ ထို့ကြောင့် အားနည်းနည်းသုံးပြီး ဝူဝမ့်ဓားကို ပြန်ဆွဲယူလိုက်သည်။ ဓားသွားထိပ်တွင် သွေးစက်လေးအနည်း ငယ်ပင် ပါလာသေးသည်။

ဒါကိုမြင်မှ မိစ္ဆာကျင့်ကြံသူများအားလုံး စိတ်အေးသွားကာ ပြိုင်တူ သက်ပြင်းချမိကြတော့သည်။

ဟမ်ယဲ့က သူ့ရင်ဘတ်ပေါ်ရှိ ဒဏ်ရာကို လက်တစ်ဖက်ဖြင့်အုပ်ကာ နာကျင်မှုကို သည်းခံရင်း ရှေ့သို့ နှစ်လှမ်း တိုးလာခဲ့သည်။

သူ့မျက်နှာတစ်ခုလုံး ကြောက်စရာကောင်းလောက်အောင် ဖြူရော်နေသော်လည်း ပျော်ရွှင်နေသည့် မျက်နှာထားဖြင့် မေးလိုက်သည်။

“ကျူးကျူး ကိုယ့်ကို ယုံကြည်ဖို့ ဆုံးဖြတ်လိုက်ပြီလား"

ယန်ရုန်ရုန် ဝူဝမ့်ဓားကို အလျားလိုက်ကိုင်ကာ သူတို့နှစ်ယောက်အကြား ကာထားလိုက်သည်။ ထို့နောက် ခံစားချက်မဲ့စွာ ပြောလိုက်ပါသည်။

“ကျွန်မရှင့်ကို ထပ်ယုံကြည်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး”

ဟမ်ယဲ့ အပြုံး အေးခဲသွားခဲ့ပြီး ခန္ဓာကိုယ် ယိမ်းယိုင်သွားခဲ့သည်။

မိစ္ဆာကျင့်ကြံသူများက သူ့ကို လာထိန်းပေးဖို့ ကြိုးစားသော် လည်း ပြင်းပြင်းထန်ထန် ဖြာထွက်လာသည့် မိစ္ဆာစွမ်းအင်တစ်ချက်ကြောင့် အားလုံးလွင့်ထွက်ကုန်ကြသည်။

မျက်စိတစ်မှိတ်အချိန်အတွင်း ဘယ်သူမှ မရှိကြတော့ဘဲ ယန်ရုန်ရုန်နှင့် ဟမ်ယဲ့တို့သာ ကျန်ခဲ့တော့သည်။

ဟမ်ယဲ့၏လှုပ်ခါနေသော အမြီး ရုတ်တရက် ငြိမ်ကျသွားခဲ့သည်။ သူ့ခေါင်းပေါ်က နားရွက်များလည်း ထိုနည်းလည်း ကောင်းပင်။

မျက်တောင်လေးများ မှေးစင်းသွားပြီး တစ်ကိုယ်လုံးကို မြူများဆိုင်းသွားသကဲ့သို့ မျက်လုံးများထဲ သုန်မှုန်ထိုင်းမှိုင်းသွားခဲ့ပါသည်။ သူ့ပုံစံက သခင်၏စွန့်ပစ်ခြင်းကို ခံလိုက်ရသော ခွေးအကြီးကြီး တစ်ကောင်လိုပင် ခိုကိုးရာမဲ့ပြီး သနားစရာကောင်းနေပါသည်။

ယခင်တုန်းကဆို ထိုကဲ့သို့ အမူအရာမျိုးကို ယန်ရုန်ရုန် ခံနိုင်ရည် မရှိဆုံးပင်။ သူ့ကို ထိုကဲ့သို့ သနားစရာ ပုံစံလေးနှင့် မြင်လိုက်ရတိုင်း သူမ အလိုလိုစိတ်ပျော့သွားတတ်သည်။

သူဘာကိုပဲလိုချင်လိုချင် သူမအကောင်းဆုံးကြိုးစားပြီး ဖြည့်ဆည်းပေးခဲ့သည်။ သူစိတ်ကြည်လင်သွားသည့်အခါ သူ့အမြီးကြီးဖြင့် သူမ၏ ခြေသလုံးများကို ပွတ်သပ်ပြီး သူမပေါင်ပေါ်တွင် အိပ်စက်ကာ သူ့အမွေးပွနားရွက်များကို ပွတ်သပ်ခွင့်ပေးပါသည်။

ထိုနားရွက်များကလည်း အလွန်ကိုင်၍ ကောင်းခဲ့သည်။ သားမွေးများက နူးညံ့ပျော့ပြောင်းပြီး သူမ ပွတ်သပ်ပေးသည့်အခါ အလိုလို တုန်ခါသွားတတ်သေးသည်။

ထိုအချိန်တုန်းက ဟမ်ယဲ့မှာ ငယ်ရွယ်ပြီး ရုပ်ရည်ချောမောကာ လူငယ်တစ်ဦး၏ သွက်လက်မှု ဖြူစင်မှုတို့ အပြည့်ရှိပြီး တောက်တောက်ပပ မျက်လုံးဝိုင်းဝိုင်းကြီးများမှာလည်း အမြဲလိုလို ကြည်လင်နေတတ်ပါသည်။

ထိုကဲ့သို့ ဆွဲဆောင်မှုမျိုးကို ယန်ရုန်ရုန် မတွန်းလှန်နိုင်ခဲ့ဘဲ အမှန်တကယ် စိတ်ပါသွားလုနီးပါးဖြစ်ခဲ့ဖူးသည်။ ဟမ်ယဲ့ ‘မြစ်ကိုကူးပြီး တံတားကိုမီးရှို့’လိုက်သည့်အခါကျမှ သူမခေါင်းပေါ် ရေခဲရေလောင်းချခံလိုက်ရသလို ခံစားခဲ့ရသည်။

သူမရင်ထဲ ခုန်လာခါစပြုနေသည့် နှလုံးသားလည်း ချက် ချင်းဆိုသလို အေးခဲသွားခဲ့ရသည်။

ယခုလည်း ဟမ်ယဲ့က ထိုကဲ့သို့ အမူအရာမျိုး ထပ်လုပ်ပြနေသဖြင့် ယန်ရုန်ရုန် မဟာရန်သူတော်ကြီးတစ်ယောက်ကို ရင်ဆိုင်နေရသကဲ့သို့ ပြုမူကာ ချက်ချင်း သတိကပ်လိုက်ပါသည်။

“ရှင်ကျွန်မကို ဘာလုပ်စေချင်တာလဲ ဟမ်ယဲ့၊ ကျွန်မ ရှင်းရှင်းပြောထားမယ်နော်၊ ကျွန်မရှင့်အပေါ် ဘာခံစားချက်မှ မရှိတော့ဘူး၊ ရှင့်ကို ဘာအတွက်နဲ့မှလည်း အကူအညီမပေးနိုင်တော့ဘူး၊ ဟန်ဆောင်နေတာ‌တွေရပ်ပြီး ကျွန်မကို အော်ဂလီဆန်အောင် မလုပ်စမ်းပါနဲ့”

ဟမ်ယဲ့က ဘာမှမပြောဘဲ သူမကို တိတ်တဆိတ်သာကြည့်နေခဲ့သည်။

ယန်ရုန်ရုန် မျက်နှာလွှဲကာ ပြောလိုက်သည်။

“ကျွန်မသွားတော့မယ်၊ နောက်က လိုက်မလာနဲ့နော်၊ ရှင့်ကို ထပ်မမြင်ချင်ဘူး”

ထို့နောက် ယန်ရုန်ရုန် ဓားပျံပေါ် တက်ကာ ထွက်ခွာသွားခဲ့တော့သည်။

ဟမ်ယဲ့က အတောင်များခတ်လျက် နောက်မှ လိုက်သွားချင်ခဲ့သော်လည်း သူ့ရင်ဘတ်ပေါ်မှ ဒဏ်ရာက အလွန်ပြင်းထန်ပါသည်။ အချိန်ခဏသာ ပျံသန်းနိုင်ခဲ့ပြီး သွေးထွက်လွန်မှုနှင့် အားအင်ခမ်းခြောက်မှုတို့ကြောင့် တိမ်တိုက်များပေါ်မှ ပြန်ပြုတ်ကျလာခဲ့သည်။

အနောက်မှ အသံတစ်သံကြားလိုက်ရသဖြင့် ယန်ရုန်ရုန် တစ်ချက်လှည့်ကြည့်လိုက်ပါသေးသည်။ သို့သော် သူမ မရပ်တန့်ခဲ့ဘဲ ဓားပျံစီးကာ ရှေ့သို့ ဆက်သွားခဲ့သည်။

ဟမ်ယဲ့အတွက် သူမစိတ်ပူစရာမလိုပါ။ ဒီနေရာက မိစ္ဆာနန်းတော်ဖြစ်သဖြင့် သူ့ပိုင်နက်အတွင်း သူသေနိုင်မှာ မဟုတ်ပေ။

ဝိညာဉ်သားရဲစာချုပ်များမှတဆင့် အာရုံခံပြီး လောလော၊ လျို့လန်နှင့် ငှက်ပေါက်လေးတို့ကို နန်းတော်အတွင်းရှိ ‘သေရည်ကန်နှင့် အသားတောအုပ်’တွင် ယန်ရုန်ရုန် ရှာတွေ့ခဲ့သည်။

အမည်အတိုင်းပဲ ထိုနေရာတွင် သေရည်အကောင်းစားဖြင့် ဖြည့်ထားသည့် ရေကန်ကြီးတစ်ကန်ရှိပြီး ပတ်ပတ်လည်တွင်လည်း အရသာရှိသော စားကောင်းသောက်ဖွယ်ရာများကို ပြင်ဆင်ပေးထားပါသည်။

ထိုသုံးယောက်ကို ယန်ရုန်ရုန် ရှာတွေ့သွားသောအခါ လျို့လန်က သေရည်ကန်ထဲ ဝင်စိမ်နေပြီး အနီးနားရှိ အစားအ သောက်ပေါင်းစုံကိုလှမ်းယူကာ သူ့ပါးစပ်ထဲ စုပြုံထည့်နေပါသည်။

သူရေဆာလာတိုင်းလည်း ခေါင်းကို သေရည်ကန်ထဲ ငုပ်လိုက်ပြီး အဝသောက်သုံးပစ်လိုက်သည်။ အတော်လေး သောက်ထားပုံရသဖြင့် မျက်နှာတစ်ခုလုံး နီရဲနေပါပြီ။

တစ်ဖက်တွင် လောလောကတော့ ဗိုက်ဝအောင် စားသောက်ပြီးသွားပုံပေါ်သည်။ ထပ်မစားနိုင်တော့သော်လည်း ဒီလိုအစားကောင်း အသောက်ကောင်းများစွာကို ဒီတိုင်း မထားပစ်ရက်ခဲ့ပေ။

ထို့ကြောင့် ချန့်ခွင်းအိတ်ကို ဖွင့်ကာ အစားအသောက်၊ ဟင်းလျာများကို တစ်ခုချင်း ထိုးထည့်ခဲ့ပါသည်။ သူ့ချန့်ခွင်းအိတ် အနည်းငယ် ဖောင်းလာသလိုပင် ခံစားရသဖြင့် ဘယ်လောက်တောင် ထိုးထည့်ထားပြီးပြီလဲ မပြောနိုင်ပေ။

ငှက်ပေါက်လေးကလည်း ရေကန်အစွန်းတွင် ခြေနှစ်ချောင်းမိုးပေါ်ထောင်လျက် မူးပြီး အိပ်ပျော်နေသည်။။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ယန်ရုန်ရုန် ခေါင်းထဲ ထိုးကိုက်သွားခဲ့သည်။ သူမတွင် ဝိညာဉ်သားရဲသုံးကောင် ရှိသော်လည်း တစ်ကောင်မှ ပုံမှန်မဟုတ်ကြပေ။

ယန်ရုန်ရုန့်ကို လျို့လန် မြင်သွားသည်နှင့် လက်ထဲက ကြက်ကင်ကို တစ်လုတ်တည်း မျိုချပစ်လိုက်ပြီး သေရည်ကန်ထဲမှ ကုန်းတက်လာကာ သေရည်နံ့ နံစော်စွာဖြင့် သူမထံ ပြေးလာခဲ့ပါသည်။

“မေမေ နိုးလာပြီလား!”

ယန်ရုန်ရုန်က သူ့ကို အမြန်တွန်းထုတ်လိုက်သည်။

“ငါ့နားမကပ်နဲ့၊ နင့်ပေါ်က သေရည်နံ့တွေ နံလိုက်တာ၊ ခုချက်ချင်း သန့်ရှင်းရေးသွားလုပ်စမ်း!”

လျို့လန် သနားစရာကောင်းစွာ စကားနားထောင်လိုက်ရသည်။

“ဟုတ်ကဲ့ပါ”

လောလောကလည်း မတ်တပ်ရပ်လာပြီး ဟောက်ပင်ဟောက်နေသည့် ငှက်ပေါက်လေးကိုကျော်ခွကာ ယန်ရုန်ရုန့်ထံ လျှောက်လာခဲ့သည်။

သူမကို သေချာအကဲခတ်လိုက်ပြီး ကျင့်ကြံခြင်းအဆင့်များ တက်သွားသည်ကို သတိထားမိကာ လောလော ပြုံးလိုက်ပါသည်။

“ဒီတစ်ခါတော့ အဆိုးထဲက အကောင်းကို တွေ့ခဲ့တယ်လို့ဆိုရမှာပဲ”

သို့သော်လည်း ယန်ရုန်ရုန်ကတော့ သက်ပြင်းသာချမိသည်။ ပထမတော့ သူမထံမှ ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီး စုပ်ယူသွားခဲ့သည့် ကျင့်ကြံခြင်းစွမ်းအားများကိုသာ ပြန်စုပ်ယူချင်ခဲ့ရုံဖြစ်သည်။

သို့သော် ယန်ဟဲမိန်က အလွန်ရက်စက်ကြမ်းကြုတ်ခဲ့ပြီး အဆုံးမဲ့ အသူရာချောက်နက်တစ်ခုလုံးရှိ နတ်ဆိုးစွမ်းအင်များကို သစ်ပင်ကြီးထဲ စုပ်ယူခဲ့သဖြင့် ယန်ရုန်ရုန့် ခန္ဓာကိုယ် ပေါက်ထွက်လုနီးပါးဖြစ်ခဲ့ရသည်။

ကံအလွန်ကောင်းသွားခြင်းကြောင့်သာ သူမ အသက်ရှင်ခဲ့ရခြင်းဖြစ်သည်။ ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီးနှင့် ရင်ဆိုင်ခဲ့ရပြီး သေမင်းတံခါးဝရှေ့ ရောက်လုနီးပါး ဖြစ်ခဲ့ရသည့် အချိန်ကို ပြန်တွေးမိလိုက်တိုင်း သူမ ကြောက်ရွံ့မိဆဲပင်။

“ကျွန်မ တစ်ကိုယ်လုံး ပေါက်ထွက်ဖို့ နည်းနည်းလေးပဲ လိုတော့တာ”

လောလောလည်း ကြောက်လန့်ခဲ့ရပါသည်။ ယန်ရုန်ရုန်နှင့် သူက ဝိညာဉ်သားရဲစာချုပ် ချုပ်ဆိုထားသဖြင့် သူမ သေဆုံးသွားလျှင် သူလည်း ပျောက်ကွယ်သွားရလိမ့်မည်။

ထို့ကြောင့် လောလော စေတနာဖြင့် သတိပေးလိုက်သည်။

“ဒီတစ်ခါ ကံကောင်းပြီး အောင်မြင်သွားတယ်ဆိုပေမယ့် နောက်တစ်ခါ အဲ့တာမျိုး ထပ်မလုပ်နဲ့နော်၊ မင်းမှာအသက်တစ်ချောင်းပဲရှိတာ၊ အဲ့ဒီအသက် ပျက်စီးသွားရင် ဘာမှ လုပ်လို့မရတော့ဘူး”

ဒီရုပ်ခန္ဓာကိုယ်ကို ပြန်ရဖို့ လောလော ခက်ခက်ခဲခဲ ကြိုးစားခဲ့ရကာ နေထိုင်လို့ပင် မဝသေးပါ။ ထို့ကြောင့် သူမနှင့်အတူ ပျောက်ကွယ်မသွားချင်သေးပေ။

ယန်ရုန်ရုန် ခေါင်းညိတ်လိုက်ပါသည်။

“ကျွန်မ ကျင့်ကြံခြင်းစွမ်းအားတွေကို ပြန်ရလိုက်ပါပြီ၊ နောက်တစ်ခါ ကိုယ့်ကိုယ်ကိုယ် အဲ့လောက် တွန်းအားမပေးတော့ဘူး”

စကားပြောသံများကို ကြားပြီး နောက်ဆုံးတော့ ငှက်ပေါက်လေး မျက်လုံးပွင့်ကာ နိုးလာခဲ့ပါပြီ။

ယန်ရုန်ရုန့်ကို မြင်လိုက်ရသောအခါ ငှက်ပေါက်လေးသိသိသာသာ မှင်သက်သွားပြီး အတုန်းအရုန်းထကာ အံ့အားသင့်စွာ အော်လိုက်သည်။

“စနစ်ပိုင်ရှင်! စနစ်ပိုင်ရှင် မသေသေးဘူးပဲ! အသက်ရှင်နေသေးတယ်ပေါ့!”

ယန်ရုန်ရုန် ငုံ့ကြည့်လိုက်ရာ ငှက်ပေါက်လေး အတော်အရွယ်ရောက်လာသည်ကို မြင်လိုက်ရသည်။ ယခင်တုန်းက ငှက်ပေါက်လေးမှာ လက်ဖဝါးအရွယ်မျှသာ ရှိပြီး တစ်ကိုယ်လုံး နူးနူးညံ့ညံ့ အဝါရောင်အမွေးနုလေးများဖြင့် ဖုံးလွှမ်းနေခဲ့ပါသည်။

ယခုတော့ လူ့အရပ်တစ်ဝက်ခန့် မြင့်လာပြီး လည်ပင်းကလည်း ရှည်လျားလာသည်။ အဝါရောင်ငှက်မွေးများ အကုန်ကျွတ်သွားပြီး အဖြူရောင်ငှက်မွေးများက အစားထိုးဝင်ရောက်လာပါသည်။ သူ့အမြီးထိပ်တွင်သာ အနီရောင်လေး သန်းနေသည်။ ရုတ်တရက်ကြည့်လိုက်လျှင် ငန်းတစ်ကောင်နှင့်ပင် တူလှသည်။

‘ရုပ်ဆိုးဆိုး ဘဲပေါက်ကနေ ငန်းဖြစ်သွားတယ်ဆိုတာ ဒါမျိုးလား’

ငှက်ပေါက်လေး အတောင်ကို အသည်းအသန်ခတ်ရင်း ပျံသန်းဖို့ ကြိုးစားလိုက်ပါသည်။ သို့သော် သေရည်မူးနေသဖြင့် ခေါင်းတွေ မကြည်မလင်ဖြစ်ကာ ပျံသန်းဖို့ မအောင် မြင်ခဲ့ပါ။

နောက်ဆုံးတော့ ယန်ရုန်ရုန့်ခြေထောက်ကို အရှိန်ဖြင့်ဝင်တိုက်ပြီး ၎င်း၏ အတောင်ပံများဖြင့် ဖက်ကာ မပီမသစကားများ ဆိုလိုက်ပါသည်။

“ကျုပ် ဘာဒွေဖြစ် ဖစ်နေတာလဲ၊ ဘာလို့ ပျန်လို့ မရဒါလဲ၊ စနစ်၊ စနစ်ပိုင်ရွှင် အမြန်…အမန် စစ်ကြည့်ဘေးပါဦး”

ယန်ရုန်ရုန် မျက်မှောင်ကြုတ်သွားသည်။

“နင်ဘယ်လောက်တောင် သောက်ထားတာလဲ”

လောလောက ထူးဆန်းနေသော မျက်နှာဖြင့် ဝင်ဖြေပေးလိုက်သည်။

“သူတစ်ခွက်ပဲ သောက်တာပါ”

ယန်ရုန်ရုန် နားမလည်နိုင်ပေ။

“တစ်ခွက်လောက် သောက်လိုက်ရုံနဲ့ ဒီလိုဖြစ်သွားတာလား”

ငှက်ပေါက်လေးက မခံချင်စိတ်ဖြင့် ပြန်ပြောလိုက်သည်။

“ငါကစနစ်ကွ! စနစ်ဆိုဒါ ဘယ်ဒေါ့မှ မသောက်တတ်ဘူး! အဂုမှ ပထမဇုံးအကြိမ် သောက်ဘူးတာ၊ တစ်ဂွက်လောက် ကုန်အောင် သောက်နိုင်ရုံနဲ့ဒင် အထင်ကြီးစရာ ကောင်းလှဘီ!”

လောလော ကြောင်စီစီဖြစ်သွားသည်။

“စနစ်ဆိုတာ ဘာကြီးလဲ”

ငှက်ပေါက်လေး စိတ်မရှည်တော့ပေ။

“စနစ်ဆိုဒါ စနစ်ဘော့ကွ! အဲ့တာ ဘာမှန်းဒေါင် မင့်မသိဘူးလား၊ တုံးလိုက်ဒါကွား!”

🌹Chapter 224

သူမက အခြားကမ္ဘာမှ ‘ကူးပြောင်းလာသူ’ဖြစ်ကြောင်းကိုပါ ငှက်ပေါက်လေး မူးမူးရူးရူးနှင့် ထုတ်ပြောလိုက်မည်စိုးသဖြင့် ယန်ရုန်ရုန် ချက်ချင်း စကားလမ်းကြောင်းလွှဲပစ်လိုက်သည်။

“ခဏနေရင် ငါသွားစရာရှိလို့၊ နင်တို့ လိုက်ခဲ့ဦးမလား”

ငှက်ပေါက်လေးက ချက်ချင်းပြောလိုက်သည်။

“စနစ်ပိုင်ရှင် ဘယ်သွားသွား ကျွန်ုပ်ကို မထားခဲ့နဲ့နော်!”

ထိုစဉ် လျို့လန်လည်း ခန္ဓာကိုယ်ပေါ်မှ သေရည်နံ့များကို ဆေးကြောပြီး ပြန်ရောက်လာခဲ့ပါပြီ။ ယန်ရုန်ရုန့်စကားများကို ကြားသွားသောအခါ တစ်ယောက်တည်း ချန်ထားခံရမည်စိုးသဖြင့် အမြန်ဝင်ပြောလိုက်သည်။

“သားကောပဲ သားကောပဲ! သားကိုလည်း ခေါ်သွားပါ!”

လောလောက ထို ‘စနစ်’ဟူသည့် အကြောင်းကို စိတ်ဝင်စားမိသော်လည်း စကားက အခြားအကြောင်းအရာဘက်ကို ရောက်သွားပြီဖြစ်သဖြင့် ဆက်မေးလို့ မရတော့ပါ။ ထို့ကြောင့် အကြောင်းအရာအသစ်ကိုသာ မေးမြန်းလိုက်သည်။

“ဘယ်သွားမလို့လဲ”

“ပူကျစ်တောင်ကို” ယန်ရုန်ရုန် ပြန်ဖြေသည်။

လောလောနှင့် လျို့လန်တို့က ပူကျစ်တောင်ကို မရောက်ဖူးသဖြင့် ဘယ်လိုနေရာမျိုးဖြစ်မှန်း မသိသော်လည်း ငှက်ပေါက်လေးကတော့ ကောင်းကောင်း သိပါသည်။

မူးဝေနေသည့် သူ့ခေါင်းကို အမူးပြေအောင် ခါယမ်းပစ်လိုက်ပြီး ဗလုံးဗထွေးလေသံဖြင့် မေးလိုက်သည်။

“အဲ့ဒီလှိုဏ်ဂူကို ပြန်သွားရှာမလို့လား”

ယန်ရုန်ရုန် မိစ္ဆာနန်းတော်ထဲမှ မောင်းထုတ်ခံခဲ့ရစဉ်က အိမ်တစ်လုံးငှားရမ်းပြီး တစ်ယောက်တည်း နေထိုင်ခဲ့ပါသည်။ သို့သော် သိပ်မကြာလိုက်ဘဲ မိစ္ဆာကျင့်ကြံသူများက သူမအိမ်ကို မီးလာရှို့သွားခဲ့ကြသည်။

အခြားရွေးချယ်စရာမရှိတော့သဖြင့် ပူကျစ်တောင်ရှိ လျှို့ဝှက် လှိုဏ်ဂူတစ်လုံးတွင် ယန်ရုန်ရုန် သွားနေထိုင်ခဲ့ရသည်။

ယန်ရုန်ရုန် ခေါင်းညိတ်လိုက်ပါသည်။

“အင်း”

ငှက်ပေါက်လေး ဇဝေဇဝါဖြစ်သွားလေသည်။

“ဒါပေမယ့် အဲ့ဒီလှိုဏ်ဂူ ပျက်စီးသွားပြီ မဟုတ်ဘူးလား၊ ဘာသွားပြန်လုပ်မှာလဲ”

“အဲ့ဒီတုန်းက ပစ္စည်းတစ်ခု ကျန်ခဲ့လို့လေ၊ အဲ့တာ သွားပြန်ယူချင်လို့”

ငှက်ပေါက်လေး ခပ်မြန်မြန်ပဲ မှတ်မိသွားခဲ့သည်။

“ရွှမ်ကျီးကလောင်တံကို သွားရှာမလို့လား”

ယန်ရုန်ရုန် ခေါင်းထပ်ညိတ်လိုက်သည်။

“ဟုတ်တယ်”

လောလောနှင့် လျို့လန်တို့ကတော့ ဘာမှ နားမလည်နိုင်ခဲ့ကြပေ။ ပူကျစ်တောင်ဟူသည်ကော၊ ရွှမ်ကျီးကလောင်တံဟူသည်ကော ဘာကိုဆိုလိုမှန်း မသိကြပါ။

ထို့ကြောင့် ယန်ရုန်ရုန်က ရှင်းပြပေးလိုက်သည်။

“ငါ ပူကျစ်တောင်မှာ အချိန်ခဏလောက် နေခဲ့ဖူးတယ်၊ မိစ္ဆာကျင့်ကြံသူတွေက ငါ့လှိုဏ်ဂူကို ရှာတွေ့သွားပြီး ငါ့ကို အထဲမှာ ပိတ်လှောင်ထားဖို့ အစီအရင်တစ်ခု သုံးခဲ့ကြတာ၊ ငါအဲ့ဒီအစီအရင်ကိုအကြမ်းနည်းနဲ့ ဖျက်ဆီးပစ်လိုက်တော့ လှိုဏ်ဂူပြိုကျသွားခဲ့တာ၊ အန္တရာယ်အရမ်းများနေတဲ့အချိန် ရွှမ်ကျီးကလောင်တံက ငါ့ကို မထိခိုက်အောင် ကာကွယ်ပေးခဲ့တယ်၊ ငါကတော့ လွတ်လာပေမယ့် ကလောင်တံပျောက်သွားတယ်လေ၊ ပူကျစ်တောင်မှာ ရှိနေဦးမယ်လို့ ထင်လို့ သွားရှာချင်တာပါ”

ရွှမ်ကျီးကလောင်တံဟူသည်မှာ ကျင့်ကြံခြင်းလောကထဲသို့ သူမ ကူးပြောင်းလာပြီးနောက် စနစ်မှ ပေးအပ်သည့် ‘လူသစ်လက်ဆောင် pack’ ထဲမှ ရရှိထားသော နတ်ရတနာတစ်ခုဖြစ်သည်။

ကျင့်ကြံခြင်းလမ်းစဉ်ပေါ် စတင်လျှောက်လှမ်းကတည်းက ရွှမ်ကျီးကလောင်တံမှာ သူမနှင့်အတူတူ မကွဲမကွာ ရှိနေခဲ့သည်။ ထိုကလောင်တံက အသုံးပြုဖို့လည်း လွယ်ကူသည်။ သေရေးရှင်ရေးကြောင့်သာ မဟုတ်လျှင် သူမ ထားပစ်ခဲ့မှာ မဟုတ်ပေ။

မူလက သူမ၏ ကျင့်ကြံခြင်းစွမ်းအားများကို ပြန်လည်ရရှိပြီးလျှင် ထိုကလောင်တံကို သွားယူဖို့ စီစဉ်ထားခဲ့ပါသည်။ ယခု မိစ္ဆာနယ်မြေအတွင်းသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ရောက်လက်စနှင့် သွားယူလိုက်ပါမည်။

လောလောက တစ်ခုခုကို တွေးမိသွားဟန်ဖြင့် ယန်ရုန်ရုန့်ကို ပြောလိုက်သည်။

“အဲ့တာဆို အခုချက်ချင်း သွားကြရအောင်လေ”

စိတ်လောနေသည့် လောလောကို ကြည့်ရင်း ယန်ရုန်ရုန် စိတ်ဝင်တစားဖြစ်ကာ မေးလိုက်သည်။

“ရှင်တို့ ဒီမှာ ပျော်နေကြတာ မဟုတ်ဘူးလား၊ နည်းနည်းလောက် ဆက်မနေချင်ဘူးလား”

လောလော ခေါင်းကို အသည်းအသန် ခါယမ်းပစ်လိုက်ပါသည်။

“မနေချင်ပါဘူး! ဒီမှာဆက်နေရင် ဟိုကောင်တွေ ရောက်လာလိမ့်မယ်၊ ငါတို့မြန်မြန်သွားမှဖြစ်မယ်”

ယန်ရုန်ရုန် ပိုစိတ်ဝင်စားသွားခဲ့သည်။

“ဒီမှာ မိတ်ဆွေတွေဘာတွေ ရှိလို့လား၊ ဘယ်သူ့ကို ပြောတာလဲ”

လောလော လက်ခါပြလိုက်သည်။

“မင်းထင်သလိုမဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ် အရင်သွားကြရအောင်ပါ၊ နောက်မှ ရှင်းပြမယ်”

ယန်ရုန်ရုန်လည်း သိချင်စိတ်ကို ချုပ်တည်းရင်း ခေါင်းညိတ်လိုက်ပါသည်။

“ဟုတ်ပါပြီ၊ သွားကြတာပေါ့”

သူတို့ မိစ္ဆာနန်းတော်ထဲမှ ထွက်သွားဖို့ ပြင်လိုက်ကြစဉ် မိစ္ဆာကျင့်ကြံသူတစ်စုနှင့် ဆုံခဲ့ရပြန်သည်။

သူမကို တားမြစ်ဖို့ ဟမ်ယဲ့လွှတ်လိုက်သည့် မိစ္ဆာများဖြစ်မည်ဟု ယန်ရုန်ရုန် တွေးရင်း ဓားကို ထုတ်လိုက်ပါသည်။ သို့သော် ထိုမိစ္ဆာများက သူမကို စိတ်ဝင်စားပုံမပေါ်ဘဲ ဘေးမှဖြတ်သွားကာ လောလောနှင့် လျို့လန်တို့ထံ အစုလိုက် အပြုံလိုက် ပြေးသွားခဲ့ကြသည်။

သူတို့ပုံစံက ချစ်မြတ်နိုးရသော အိုင်ဒေါကြီးများကို မြင်လိုက်ရသည့် ဦးနှောက်မပါသော ပရိတ်သတ်များအလား မျက်လုံးများအရောင်တောက်ကာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေကြတော့သည်။

“အား!!! တကယ်သက်ရှိထင်ရှား ရှိနေသေးတဲ့ သခင်ကြီးထောင်ထျဲနဲ့ သခင်ကြီးဖီရှို့တို့ပဲ! ဒီဘဝမှာ သခင်ကြီးတို့ကို ကျုပ်မျက်လုံးနဲ့ ဒီလို ရှုမြင်ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး၊ ကျုပ်အခု ပျော်ပျော်ကြီး သေလို့ရပြီ!”

“သခင်ကြီးထောင်ထျဲနဲ့ သခင်ကြီးဖီရှို့တို့၊ ကျွန်တော့်ကို လက်မှတ်လေးထိုးပေးပါလား၊ ရင်ဘတ်ပေါ်မှာ ထိုးလိုက်စမ်းပါ၊ ကျွန်တော်တစ်သက်လုံး ရေမချိုးတော့ဘူး! အဲ့ဒီလက်မှတ်ကို တစ်သက်လုံး ထိန်းသိမ်းသွားမယ်!”

“သခင်ကြီးတို့၊ ကျုပ်က ကျားမိစ္ဆာမျိုးနွယ်စုရဲ့ ခေါင်းဆောင်ပါ၊ ကျုပ်တို့မျိုးနွယ်စုဆီကို ဂုဏ်သရေရှိ ဧည့်သည်တော်တွေအဖြစ် ကြွရောက်ပေးကြဖို့ ဖိတ်ခေါ်ချင်လို့ပါ၊ ကျုပ်တို့ဆီမှာ အရည်အသွေးအကောင်းဆုံးဆိုတဲ့ မိစ္ဆာရိုးသေရည်တွေ ရှိတယ်၊ အရသာ ကောင်းရုံတင်မကဘူး သောက်သုံးသူတိုင်းကို သက်ရှည်ကျန်းမာစေတယ်တဲ့၊ ကျေးဇူးပြုပြီး သခင်ကြီးတို့ ကြွမြန်းခဲ့ပေးပါနော်”

“သူတို့ဆီ မသွားပါနဲ့ သခင်ကြီးတို့! ကျုပ်တို့ မြေခွေးမိစ္ဆာမျိုးနွယ်စုဆီသာ လာခဲ့ပါ၊ ကျုပ်တို့ဆီမှာ အလှပဆုံး မိန်းကလေးတွေ ရှိတယ်၊ အဆိုလည်းတော် အကလည်း လှကြတယ်၊ စကားပြောတာလည်း ချိုသာနေကောပဲ! မိန်းကလေးတွေ မကြိုက်ဘူးဆိုရင် ချောချောမောမော ယောက်ျားလေးတွေလည်း အများကြီးရှိပါတယ်!”

“အရှက်အကြောက်ကင်းမဲ့လိုက်ကြတာ! သူတို့ကို မေ့ထားလိုက်ပါ သခင်ကြီးတို့! ကျုပ်က ရေသူထီးမိစ္ဆာမျိုးနွယ်စုရဲ့ အကြီးအကဲပါ၊ ကျုပ်တို့မျိုးနွယ်စုမှာ ဆေးဝါးဖန်တီးဖို့ပဲဖြစ်ဖြစ်၊ နတ်ရတနာသွန်းလုပ်ဖို့ပဲဖြစ်ဖြစ်၊ ရောင်းစားဖို့ပဲဖြစ်ဖြစ်၊ အရမ်းအဖိုးတန်တဲ့ ပုလဲလုံးလှလှလေးတွေ အများကြီးရှိတယ်၊ ရေသူထီးပုလဲလုံးတစ်လုံးက ဈေးကွက်ထဲမှာဆို ဝိညာဉ်ကျောက်တုံး ၁,၀၀၀ လောက်တန်တာ၊ အဲ့ဒီပုလဲလုံးတွေကို သဘောကျတယ်ဆိုရင် ကျုပ်တို့မျိုးနွယ်စုမှာ ရှိသမျှ ပုလဲလုံးတွေ အကုန်ထုတ်ပေးပါ့မယ်!”

သွေးကြွနေသည့် မိစ္ဆာများကြောင့် ယန်ရုန်ရုန် အ‌ဝေးသို့ တွန်းထုတ်ခံလိုက်ရသည်။ သူမနှင့် ငှက်ပေါက်လေးတို့ကို ဘယ်သူမှ ဂရုမစိုက်ကြသဖြင့် အပြင်ဘက်မှာသာ နှစ်ယောက်တည်း မတ်တပ်ရပ်နေရပါသည်။

ငှက်ပေါက်လေး အမူးပြေသွားပြီဖြစ်ကာ မကျေမနပ် ပွစိပွစိပြောလိုက်သည်။

“ကျွန်ုပ်ကလည်း နတ်သားရဲတစ်ကောင်ပါ၊ ဘာလို့ သူတို့နှစ်ယောက်ကိုပဲ ဝန်းရံနေကြတာလဲ၊ ကျွန်ုပ်ကိုကျတော့ လှည့်တောင်မကြည့်ကြဘူး!”

ငှက်ပေါက်လေးကို ယန်ရုန်ရုန် လှည့်ကြည့်လိုက်သည်။ သူ့ပုံစံက ဖြူဖွေး လုံးဝိုင်းနေသော ငန်းဖြူတစ်ကောင်နှင့် တူနေပါသည်။ ‘ခေါင်းနှလုံးရွှမ်နျောင်ငှက်’ဟူသည့် နတ်သားရဲ၏ အရှိန်အဝါ မဆိုဦးနှင့် အရိပ်အယောင်ကိုပင် မတွေ့ရချေ။ မိစ္ဆာများ သူ့ကို လျစ်လျူရှုထားကြသည်မှာ မဆန်းလှပါ။

နောက်ဆုံးတော့ လောလောပြောသည့် ‘ဟိုကောင်တွေ’ ဟူသည်မှာ ဘယ်သူ့ကို ဆိုလိုခြင်းဖြစ်မှန်း ယန်ရုန်ရုန် နားလည်သွားခဲ့ပါပြီ။ လောလောရှောင်နေရသည့် လူတွေမှာ ထိုမိစ္ဆာကျင့်ကြံသူများပင်။

လောလောနှင့် လျို့လန်တို့ မိစ္ဆာအုပ်ထဲမှ အသည်းအသန် ရုန်းထွက်လာခဲ့ကြသည်။ ထို့နောက် ယန်ရုန်ရုန့်ကို ဆွဲခေါ်ကာ မိစ္ဆာနန်းတော်အတွင်းမှ သုတ်ခြေတင် ထွက်ပြေးကြတော့ သည်။

မိစ္ဆာအုပ်ကြီးနှင့် အဝေးဆုံးကို ရောက်ခါမှ သူတို့ အမောဖြေနိုင်ခဲ့ကြပါသည်။

လောလောနှင့် လျို့လန်တို့ နှစ်ယောက်စလုံး အဝတ်အစားတွေ တွန့်ကြေ၊ ဆံပင်တွေ ရှုပ်ပွနေကြသည်။ လျို့လန်က မိစ္ဆာကျင့်ကြံသူများ အတင်းထည့်ပေးသွားသော လိပ်စာကတ်များကို ပိုက်ထားရသည်။ လောလော လက်ထဲမှာ ဘာမှ မရှိသော်လည်း သူ့ခေါင်းပေါ်တွင်တော့ ပန်းပေါင်းစုံ ဖူးပွင့်နေပါသည်။

သူ သတိမထားမိလိုက်ချိန်တွင် ပန်းမိစ္ဆာမလေးတစ်ကောင်ကောင်က ဆံပင်ထဲ ပန်းများ ထိုးထည့်ပေးသွားခြင်း ဖြစ်လိမ့်မည်။

ထိုမြင်ကွင်းကို ကြည့်ပြီး ယန်ရုန်ရုန် ရယ်ချင်သွားခဲ့ပါသည်။

“မိစ္ဆာနယ်မြေထဲမှာ ရှင်တို့နှစ်ယောက် အဲ့လောက် နာမည်ကြီးမှန်း မသိခဲ့ဘူး”

လောလောက ခေါင်းပေါ်မှ ပန်းများကို ဆွဲခွာလွှင့်ပစ်ရင်း ပွစိပွစိ ပြောလိုက်ပါသည်။

“မင်းက တစ်ပတ်လောက် သတိလစ်နေတော့ ဘယ်သိပါ့မလဲ၊ မိစ္ဆာနယ်မြေထဲ စရောက်ကတည်းက ငါတို့ကို မိစ္ဆာပေါင်းစုံ နေ့တိုင်းလာရှာကြတာ၊ တချို့က လက်မှတ်လိုချင်ကြတယ်၊ တချို့က သူတို့မျိုးနွယ်စုဆီလာဖို့ ဖိတ်ကြားချင်ကြတယ်၊ တချို့က ငါတို့ကို ဆရာတောင် တင်ချင်နေကြတယ်… အမျိုးမျိုးအဖုံဖုံပဲ၊ စိတ်ရှုပ်ဖို့ကောင်းလိုက်တာ!”

ယန်ရုန်ရုန် ရုတ်တရက် နားလည်သွားသည်။

“အဲ့ဒီ ‘သေရည်ကန်နဲ့ အသားတောအုပ်’ဆိုတာ… သူတို့ စီစဉ်ပေးထားတာလား”

“ဟုတ်တယ်၊ ငါတို့ကို ရိုသေသမှုပြုတဲ့အနေနဲ့ လုပ်ပေးထားတာတဲ့၊ ပထမတော့ ဒီကောင်တွေ မဆိုးဘူးလို့တွေးပြီး ငါပျော်နေသေးတာ၊ နောက်တော့ နေ့တိုင်းလိုလို ငါတို့ကို အာရုံလာနောက်တယ်၊ ငါတို့ဆီ မိစ္ဆာပေါင်းစုံလွှတ်ဖို့ နည်းလမ်းပေါင်းစုံ ကြိုးစားကြတာ၊ စိတ်ပျက်ဖို့အရမ်းကောင်းတယ်!”

လောလော ဒေါသကို အချိန်အတော်ကြာအောင်အောင့်အည်း ထားရပုံပေါ်ပြီး အသက်ပင်မရှူဘဲ ဆက်တိုက် ပြောပစ်လိုက်ပါသည်။

“သူတို့တွေအကုန်လုံးက သားရဲတွေကနေ ဆင့်ကဲပြောင်းလဲလာကြတဲ့ မိစ္ဆာတွေဆိုတော့ ငါတို့လို ရှေးဟောင်း နတ်သားရဲတွေကို ကိုးကွယ်ကြတာပေါ့၊ အဲ့တာကို ငါနားလည်ပေးလို့ရတယ်၊ ဒါပေမယ့် ဒီကောင်တွေကိုက တရားလွန်လွန်းတာ! နေ့တိုင်းနေ့တိုင်း ငါတို့နှစ်ကောင်ကို တိရိစ္ဆာန်ရုံထဲက တိရိစ္ဆာန်တွေလို လာလာကြည့်ကြတယ်! ငါတို့ဘာလုပ်လုပ် နောက်က တကောက်ကောက်လိုက်တယ်၊ မုန်းစရာအကောင်းဆုံးက ငါ့အကြေးခွံတွေကို တကယ်လာတောင်းတဲ့ကောင်တွေ ရှိနေတာပဲ!!”

All Chapters