← Chapters

အခန်း (၂၂၅-၂၂၆)

Vol. 23 Ch. 225-226

အခန်း (၂၂၅-၂၂၆)

Vol. 23 Ch. 225-226

🌹Chapter 225

လောလောလို ကပ်စေးနည်းအတွက် သူ့အကြေးခွံကို တောင်းခံခြင်းမှာ သူ့အသားကို ဓားဖြင့်လှီးပေးပါဟု တောင်းဆိုနေခြင်းနှင့် ညီမျှသည်။

သူလုံးဝ လက်ခံနိုင်စရာအကြောင်းမရှိပေ။ ထို့ကြောင့် ယန်ရုန်ရုန်ကို သူပြောလိုက်သည်။

“အဲ့ဒီ ရွှမ်ကျီးကလောင်တံကို ရှာတွေ့တာနဲ့ မိစ္ဆာနယ်မြေထဲကနေ ချက်ချင်းထွက်သွားကြမယ်နော်! ဒီနေရာကြီးမှာ တစ်စက္ကန့်လေးတောင် ဆက်မနေနိုင်ဘူး!”

ဒေါသပေါက်ကွဲနေသော လောလောနှင့် ယှဉ်လိုက်လျှင် လျို့လန်က‌ အများကြီး ပိုတည်ငြိမ်နေပါသည်။

မိစ္ဆာနယ်မြေအတွင်းသို့ ရောက်ရှိလာကတည်းက ထိုမိစ္ဆာကျင့်ကြံသူများမှာ သူ့ကို နေ့တိုင်းလိုလို စားကောင်းသောက် ဖွယ်များ လာကျွေးကြသည်။

နေ့တိုင်း အရသာစုံလင်သည့် အစားအစာများကို စားရသဖြင့် ပျော်စရာကောင်းပါသည်။ သူ့ကို အစာခွံ့ကျွေးနေရင်း ထိုမိစ္ဆာကျင့်ကြံသူများ ‘အသားမယူတတ်လျှင်’ သူပိုပျော်မိလိမ့်မည်။

ထိုမိစ္ဆာကျင့်ကြံသူများက သူ့ပါးလေးများကို ဖျစ်လိုက်၊ ဆံပင်များကို သပ်ပေးလိုက်နှင့် အလွန်အသားယူလွန်းပါသည်။

ယန်ရုန်ရုန်ကလည်း မိစ္ဆာနယ်မြေအတွင်း ကြာကြာနေဖို့ အစီအစဉ်မရှိပါ။ ထို့ကြောင့် လောလောကို သူမ ပြန်ပြောလိုက်သည်။

“အင်းပါ၊ ရွှမ်ကျီးကလောင်တံကို ရှာတွေ့တာနဲ့ အမြန်ဆုံးပြန်ကြမယ်”

ပူကျစ်တောင်နှင့် မိစ္ဆာနန်းတော်တို့က သိပ်မဝေးလှပါ။ ထို့ကြောင့် အချိန်ကြာကြာ မယူလိုက်ရဘဲ ယန်ရုန်ရုန်တို့အဖွဲ့ တောင်ခြေကို ရောက်သွားခဲ့ကြသည်။

မူလက ပူကျစ်တောင်မှာ မိစ္ဆာနန်းတော်အနီးရှိ အကြီးမားဆုံး တောင်တန်းကြီးဖြစ်သည်။

သို့သော် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ယန်ရုန်ရုန် အစီအရင်ကို အတင်းအကျပ် ဖျက်ဆီးခဲ့စဉ် တောင်၏ အပေါ်ပိုင်းတစ်ဝက်မှာ ပြိုကျသွားခဲ့ပြီး အလယ်တည့်တည့်တွင် အလွန်ကြီးမားသည့် ချိုင့်ကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။

နှစ်တွေကြာလာသည်နှင့် ထိုချိုင့်ကြီးထဲ ရေတွေပြည့်လာပြီး ရေကန်ကြီးတစ်ကန်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုရေကန်ကြီးဘေးပတ်လည်ရှိ အပျက်အစီးများကလည်း စိမ်းစိုနေသည့် သစ်ပင်ပန်းပင်များဖြင့် ဖုံးလွှမ်းနေခဲ့ပါပြီ။

အဝေးကကြည့်လျှင် စိမ်းမြသည့် ပိုးသားတစ်ထည်ပေါ်တွင် တောက်တောက်ပပ နီလာကျောက်တစ်လုံး ချထားသလို ထင်ရသည်။ ထို့ကြောင့် ထိုရေကန်ကြီးကို မိစ္ဆာကျင့်ကြံသူများက ကျောက်ပြာရေကန်ဟု အမည်ပေးခဲ့ကြပါသည်။

ယန်ရုန်ရုန် ကမ်းစပ်မှာ ဆောင့်ကြောင့်ထိုင်ရင်း ရေကန်ထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သည်။ ရေမျက်နှာပြင်ပေါ် လှိုင်းကလေးများ တွန့်သွားပြီး ကျောက်ခဲမှာ ရေကန်အောက်သို့ နစ်မြုပ်သွားခဲ့ပါသည်

ရေကန်က အလွန်နက်သဖြင့် အောက်ခြေကို သာမန်မျက်လုံးဖြင့် မမြင်နိုင်ပေ။

လောလောက ဘေးပတ်လည်ကို ဝေ့ကြည့်လိုက်ပြီး မေးလိုက်ပါသည်။

“အဲ့ဒီတုန်းက မင်းဘယ်လောက်တောင် ပွဲကြမ်းခဲ့တာလဲ၊ တောင်ကြီးတစ်လုံးကိုတောင် ပြိုသွားအောင် လုပ်နိုင်တယ်ဆိုတော့”

အတိတ်ကအကြောင်းများကို ပြန်စဉ်းစားရင်း ယန်ရုန်ရုန့်မျက်နှာ အကျည်းတန်သွားခဲ့ပါသည်။

“အဲ့ဒီ မိစ္ဆာတွေ သုံးသွားတဲ့ အစီအရင်တွေက အရမ်းရက်စက်ကြမ်းကြုတ်တယ်၊ ကျွန်မသာ ထပ်တူ မတုံ့ပြန်ခဲ့ရင် မိစ္ဆာနယ်မြေထဲက အသက်ရှင်လျက် ထွက်လာနိုင်ခဲ့မှာ မဟုတ်ဘူး”

လောလောက တိုးတိုးလေး မေးလိုက်သည်။

“မင်းကို သူတို့ ဘာလို့ဒုက္ခပေးခဲ့ကြတာလဲ၊ မိစ္ဆာဘုရင်နဲ့ လက်ဆက်ဖို့ မင်းငြင်းဆန်ခဲ့လို့ မျိုးနွယ်စုတစ်စုလုံး ဒေါသထွက်သွားကြတာလား”

ယန်ရုန်ရုန် သူ့ကို ထူးထူးဆန်းဆန်းအကြည့်ဖြင့် ကြည့်လိုက်သည်။

“ဘာလို့ အဲ့လိုထင်တာလဲ”

လောလောက ဆရာကြီးပုံစံဖမ်းကာ သုံးသပ်ပြလိုက်ပါသည်။

“သိသာနေတာပဲလေ! ဟမ်ယဲ့က မင်းကို အရမ်းစွဲလမ်းနေတာ၊ မင်းကိုကယ်ဖို့အတွက်နဲ့ နတ်ဆိုးနယ်မြေထဲအထိ သက်စွန့်ဆံဖျား ဝင်လာခဲ့တာ၊ မင်းသတိလစ်နေတဲ့ ရက်တွေတုန်းကလည်း မင်းဘေးနားကနေ လုံးဝ မခွာဘဲ သူကိုယ်တိုင် ပြုစုပေးခဲ့တာ၊ သူမင်းကို ဘယ်လောက်ချစ်လဲ မျက်ကန်းတစ်ယောက်တောင် မြင်နိုင်တယ်၊ ဒါပေမယ့်မင်းကတော့ သူ့ကို သိပ်သဘောကျပုံမပေါ်ဘူး… မိစ္ဆာဘုရင်ရဲ့ စေတနာကို မင်းငြင်းဆန်ခဲ့တာလေ၊ ဟူး… အဲ့တာကြောင့် မိစ္ဆာကျင့်ကြံသူတွေက မင်းကို ကျေးဇူးမသိတတ်တဲ့မိန်းမလို့ တွေးပြီး သင်ခန်းစာပေးချင်ကြတာဖြစ်မှာပေါ့”

ယန်ရုန်ရုန် သူ့ကို ခံစားချက်မဲ့စွာ ကြည့်လိုက်သည်။

“အင်း ရှင့်သုံးသပ်ချက်က အရမ်းကောင်းပါတယ်၊ နောက်တစ်ခါ ထပ်မလုပ်နဲ့တော့နော်”

လောလော ပိုစိတ်ဝင်စားသွားခဲ့သည်။

“ငါပြောတာ မဟုတ်လို့လား၊ အဲ့တာဆို မင်းကိုဘာလို့ သတ်ချင်နေကြတာလဲ”

“ကျွန်မက လူသားဖြစ်နေလို့လေ”

လောလော အံ့အားသင့်သွားသည်။

“အဲ့ဒီအချက် တစ်ခုတည်းကြောင့်လား”

ယန်ရုန်ရုန် တည်ငြိမ်စွာ ရှင်းပြလိုက်သည်။

“ရှင့်အမြင်မှာ ဟမ်ယဲ့က တစ်ဖက်သတ်အချစ်ကြောင့် ခံစားနေရတဲ့သူ၊ ဒါပေမယ့် အဲ့ဒီ မိစ္ဆာကျင့်ကြံသူတွေအမြင်မှာတော့ ကျွန်မက ကပ်ပါးကောင်တစ်ကောင်လို သူ့ကိုကပ် တွယ်နေတဲ့ လူသားတစ်ယာက်ပဲ၊ ရှင်းရှင်းပြောရရင် ကျွန်မကို သူတို့ အထင်သေးကြတာ”

လျို့လန် ဒေါသထွက်သွားပါသည်။

“သူတို့က ဘာကောင်တွေမို့လို့ ငါ့မေမေကို အထင်သေးရဲတာလဲ!”

လောလောလည်း မျက်မှောင်ကြုတ်သွားခဲ့သည်။

အမှန်တရားက ဒီလို ရန်ငြှိုးရန်စဟောင်းများဖြင့် ရှုပ်ထွေးနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ထိုမိစ္ဆာကျင့်ကြံသူများက သူနှင့် လျို့လန်တို့ကို နတ်ဘုရားပမာ ကိုးကွယ်ကြသော်လည်း ယန်ရုန်ရုန့်ကိုတော့ အထင်သေးကြသည်။

ယန်ရုန်ရုန်က သူတို့သခင်ဖြစ်မှန်းကိုသာ ထိုမိစ္ဆာများ သိသွားကြလျှင် ဘယ်လိုတုံ့ပြန်မလဲ လောလော သိချင်မိပါသည်။

ယန်ရုန်ရုန်ကတော့ အတိတ်ကအကြောင်းတွေကို ပြန်မစဉ်းစားချင်တော့ပေ။ ထို့ကြောင့် ပစ္စုပ္ပန်ကိုသာ အာရုံပြန်စိုက်ခဲ့သည်။

သူမ နေထိုင်ဖူးသည့် လှိုဏ်ဂူက မရှိတော့ပါ။ တောင်ထဲတွင် ရှိနေခဲ့သည့် အရာအားလုံးလည်း ပြောင်းလဲသွားခဲ့လေပြီ။

‘ရွှမ်ကျီးကလောင်တံ ဘယ်မှာများ ရှိနေနိုင်မလဲ’

ငှက်ပေါက်လေးက မေးသည်။

“စနစ်ပိုင်ရှင် ဘယ်လိုရှာမှာလဲ”

ယန်ရုန်ရုန့်အကြည့်က ကျောက်ပြာရေကန်ထံ ရောက်ရှိသွားခဲ့သည်။ ရွှမ်ကျီးကလောင်တံနှင့် သူမ စာချုပ်ချုပ်ဆိုထားပါသည်။

နှစ်ပေါင်းများစွာကြာသည့်တိုင် ကလောင်တံ၏ ရောင်ဝါကို သူမ အာရုံခံနိုင်သေးသည်။ ရောင်ဝါက အလွန်အားနည်းနေပြီး အချိန်မရွေးပျောက်ကွယ်သွားတော့မည့် ပုံစံပင်။

ထိုရောင်ဝါက ကျောက်ပြာရေကန်ထဲမှ ထွက်လာခြင်းဖြစ် သည်။

ထို့ကြောင့် ကလောင်တံက ရေကန်ထဲမှာ ရှိရမည်ဟု ယန်ရုန်ရုန် ကောက်ချက်ချလိုက်သည်။ ရေငုပ်ပြီး ရှာဖွေဖို့ ဆုံးဖြတ်ကာ လောလောနှင့် လျို့လန်တို့ကို ယန်ရုန်ရုန် လှည့်ပြောလိုက်သည်။

“ကမ်းပေါ်မှာ စောင့်နေကြ၊ ငါခဏနေ ပြန်လာခဲ့မယ်”

လောလော ခေါင်းညိတ် သဘောတူလိုက်သည်။

“ဟုတ်ပြီ”

ကျောက်ပြာရေကန်က ထင်သလောက်လည်း မကြီးမားပေ။ ထို့ကြောင့် ယန်ရုန်ရုန် အန္တရာယ်တစ်ခုခုနှင့် ကြုံရလျှင် သူနှင့် လျို့လန်တို့ ချက်ချင်း အာရုံခံမိပြီး ကူညီပေးနိုင်ပါလိမ့်မည်။

ငှက်ပေါက်လေးလည်း ရေမကူးနိုင်သဖြင့် ကမ်းပေါ်မှာသာ နေခဲ့ရသည်။

ယန်ရုန်ရုန် ရေကာအဆောင်စက္ကူတစ်ရွက်ကို ထုတ်ကာ သူမကိုယ်ပေါ်တွင် ကပ်လိုက်ပြီး ရေကန်ထဲ ခုန်ချသွားခဲ့သည်။

ရေကာအဆောင်စက္ကူက သူမခန္ဓာကိုယ်ပတ်ပတ်လည်တွင် လေအိတ်တစ်ခုကို ဖန်တီးပေးခဲ့သည်။ ရေနက်ပိုင်းထဲ ရောက်ရှိသွားလျှင်ပင် သူမ အသက်ကောင်းကောင်းရှူနိုင်ပြီး ရေလည်းစိုမည်မဟုတ်ပေ။

ကလောင်တံ၏ ရောင်ဝါ မှိန်မှိန်ပျပျကို အာရုံခံရင်း ကျောက်ပြာရေကန် ရေနက်ပိုင်းထဲသို့ ယန်ရုန်ရုန် ဆက်ဆင်းလာခဲ့တော့သည်။

---

ထိုအချိန်တွင် ဟမ်ယဲ့လည်း သတိလည်လာခဲ့ပါပြီ။ သူ့ကိုယ်ရံတော်များက သူ့ကို အိပ်ခန်းဆောင်ထဲ ပြန်ပို့ပေးခဲ့ကြသည်။

ရင်ဘတ်ပေါ်က ဒဏ်ရာကို ပတ်တီးစည်းပေးထားပြီး အိပ်ရာထဲ လှဲလျောင်းနေရသည်။ သွေးမထွက်တော့သော်လည်း နာကျင်မှုကတော့ ပြင်းထန်နေဆဲပင်။

ဟမ်ယဲ့ အိပ်ရာပေါ် ထထိုင်လိုက်ပြီး ပခုံးပေါ် ဝတ်ရုံလွှမ်းခြုံရင်း တိုးညှင်းစွာ မေးလိုက်ပါသည်။

“ကျူးကျူး ဘယ်မှာလဲ”

ကြောင်နားရွက်နှင့် မိစ္ဆာတစ်ကောင်က ဒူးထောက်ကာ အစီရင်ခံလိုက်သည်။

“သခင်မလေးကျူးကျူးက သခင်ကြီးဖီရှို့၊ သခင်ကြီးထောင်ထျဲတို့နဲ့အတူ မိစ္ဆာနန်းတော်ထဲကနေ ထွက်သွားပါတယ်၊ သူတို့ ပူကျစ်တောင်ဆီကို ဦးတည်သွားကြတဲ့ပုံပဲ”

ထိုစကားကိုကြားပြီး ဟမ်ယဲ့ အလွန်မျက်နှာပျက်သွားခဲ့သည်။

ထိုတောင်တွင် ကျူးကျူး နေထိုင်ခဲ့ဖူးမှန်း ဟမ်ယဲ့ သိသည်။ သို့သော် သူမ ထွက်ခွာသွားသည့် နှစ်များအတွင်း မိစ္ဆာမျိုးနွယ်စုထဲ ကြီးကြီးမားမား ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။

မိစ္ဆာတစ်ကောင် ပုန်ကန်လာပြီး ထီးနန်းကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့သော်လည်း ဟမ်ယဲ့က ထိုမိစ္ဆာကို နှိမ်နင်းနိုင်ခဲ့ပါသည်။ သို့သော် ထိုမိစ္ဆာက သာမန်မဟုတ်ပေ။ သူ့နောက်တွင် ရှေးဟောင်းကျိန်စာသားရဲတစ်ကောင် ရှိနေခဲ့သည်။

ပုန်ကန်မှုက မအောင်မြင်သော်လည်း ထိုမိစ္ဆာမသေဆုံးခင် ရှေးဟောင်းကျိန်စာသားရဲကို အချုပ်အနှောင်မှ လွှတ်ပေးခဲ့သည်။ ထိုရှေးဟောင်းကျိန်စာသားရဲကြောင့် မိစ္ဆာမျိုးနွယ်စုတစ်စုလုံး ကပ်ဆိုက်လုနီးပါးဖြစ်ခဲ့ရပါသည်။

နောက်ဆုံးတွင်တော့ ဟမ်ယဲ့၏ အဖေဖြစ်သူ နှောင်းမိစ္ဆာဘုရင်ကြီးက သူ့အသက်ကိုသူ စတေးပြီး ထိုကျိန်စာသားရဲကို ကျောက်ပြာရေကန်၏အောက်ခြေတွင် ချိပ်ပိတ်စည်း နှောင်ပစ်ခဲ့သည်။

ထီးနန်းကို ရရှိပြီးနောက် မိစ္ဆာများကို ပူကျစ်တောင်ပေါ် ခြေမချဖို့နှင့်၊ ကျောက်ပြာရေကန်နားမကပ်ကြဖို့ ဟမ်ယဲ့ တင်းတင်းကျပ်ကျပ် တားမြစ်ခဲ့ပါသည်။

သို့သော် ဒါတွေကို ယန်ရုန်ရုန် မသိပေ။ သူမကို ဘယ်သူမှလည်း ရှင်းမပြခဲ့ကြပါ။ ထိုရေကန်နား သူမရောက်သွားလျှင် အန္တရာယ်အလွန်များလိမ့်မည်။

သမားတော်များ၏ တားမြစ်မှုကို ဟမ်ယဲ့ လျစ်လျူရှုပြီး နာကျင်မှုကို အံကြိတ်သည်းခံကာ နန်းတော်ထဲမှ ပြေးထွက်လာခဲ့သည်။ ထို့နောက် အတောင်များကို ဖြန့်လျက် ပူကျစ်တောင်ထံသို့ တန်းတန်းမတ်မတ် ပျံသန်းလာခဲ့ပါသည်။

ရေကန်အောက်က သားရဲကြီး ကျူးကျူးကို ရှာမတွေ့ခင် သူဦးအောင် ရှာတွေ့မှ ဖြစ်မည်။

ကျောက်ပြာရေကန်ထဲ အလွန်နက်ရှိုင်းသည့်‌ နေရာတစ်ခုကို ယန်ရုန်ရုန် ရောက်ရှိနေပါပြီ။ ထိုအနက်တွင် အလင်းရောင် မထိုးဖောက်နိုင်တော့သဖြင့် ပိန်းပိတ်အောင် မှောင်မိုက်နေသည်။

ရေအောက်တွင် မီးအလင်းတောက်အဆောင်စက္ကူများ ထုတ်သုံး၍ မရသဖြင့် မီးလင်းပုလဲလုံးတစ်လုံးကိုသာ ထုတ်လိုက်ပြီး ၎င်းမှထွက်ပေါ်လာသည့် မှိန်ပျပျ အလင်းရောင်ကို အားကိုးရင်း အမှောင်ထုကို ဖြိုခွင်းရတော့သည်။

🌹Chapter 226

ယန်ရုန်ရုန် ရေနက်ပိုင်းထဲ ဆက်ဆင်းလာခဲ့သည်။ အရပ်ရှစ်မျက်နှာစလုံးကို အမှောင်ထုက ဖုံးလွှမ်းထားပါသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ကာ ကမ္ဘာမြေကြီးနှင့် ဝေးရာကို ရောက်နေသည့်အလား ထင်ရသည်။ ဒီလို အေးစက်စက်နှင့် တိတ်ဆိတ်လွန်းလှသည့် ပတ်ဝန်းကျင်က အတော်လေး စိတ်မသက်မသာ ဖြစ်စေပါသည်။

ယန်ရုန်ရုန် စိတ်ကို တည်တည်ငြိမ်ငြိမ်ထားဖို့ အတတ်နိုင်ဆုံး ကြိုးစားရင်း ရွှမ်ကျီးကလောင်တံကို အစွမ်းကုန် ရှာဖွေခဲ့သည်။ အချိန်အတော်ကြာအောင် ကြိုးစားလိုက်ရပြီးနောက် ရှေ့မှ မှိန်ပျပျ အလင်းရောင်လေးတစ်ခုကို ဖျတ်ခနဲ မြင်လိုက်ရသည်။

စက္ကန့်ပိုင်းမျှသာဖြစ်သော်လည်း ယန်ရုန်ရုန် သေချာ မြင်လိုက်ရကာ စိတ်အားတက်ကြွသွားခဲ့ပါသည်။

ထို့ကြောင့် အရှိန်မြှင့်ကာ ရှေ့သို့ ခပ်မြန်မြန် ကူးခတ်သွားခဲ့သည်။ မကြာမီ မင်ကဲ့သို့ မည်းနက်ပြီး ရှုပ်ထွေးလှသော ရေမှော်ပင်များကို မြင်လိုက်ရပါသည်။

ထိုရေမှော်ပင်များက တစ်ခုနှင့်တစ်ခု ရစ်ပတ်ချည်နှောင်နေပြီး အတွင်းဘက်မှာ တစ်ခုခုကို ချုပ်နှောင်ထားသည့်နှယ်။ ယန်ရုန်ရုန် မြင်လိုက်ရသည့် မီးအလင်းရောင်လေးကလည်း ထိုရေမှော်ပင်များအကြားမှ ထွက်လာခြင်းပင်။

ရွှမ်ကျီးကလောင်တံ၏ ရောင်ဝါက သူမအာရုံထဲ ပိုမိုထင်ရှားလာခဲ့သည်။ ရွှမ်ကျီးကလောင်တံ ရှေ့တည့်တည့်မှာ ရှိနေသည်ဟု သူမ မသိစိတ်က သတိပေးနေခဲ့ပါသည်။

ယန်ရုန်ရုန် ချန့်ခွင်းအိတ်ထဲမှ ဝူဝမ့်ဓားကို ထုတ်ကာ ထက်ရှသော ဓားသွားထိပ်ဖြင့် ရေမှော်ပင်များအား ဖြတ်တောက်ပစ်ဖို့ ကြိုးစားသည်။

သို့သော်လည်း ရေမှော်ပင်များက လွယ်လွယ်နှင့် ပြတ်တောက်မသွားပေ။ ရှားပါးပြီး ထိပ်တန်းအရည်အသွေးရှိသည့် နတ်ရတနာတစ်ခုဖြစ်သည့်အလျောက် ရွှမ်ကျီးကလောင်တံတွင် ဝိညာဉ်စွမ်းအင်များစွာ ရှိပါသည်။

ထိုကလောင်တံကို နှစ်ပေါင်းများစွာ ရစ်ပတ်ထားသဖြင့် ရေမှော်ပင်များကလည်း ဝိညာဉ်စွမ်းအင် အမြောက်အများကို စားသုံးခဲ့ရပြီး စိတ်ဝိညာဉ်များ ဝင်လာခဲ့ခြင်း ဖြစ်နိုင်သည်။

၎င်းတို့အတွက် ရွှမ်ကျီးကလောင်တံက အကျိုးအမြတ်ပြုနိုင်သည့် အရာဖြစ်မှန်း သိနေသဖြင့် ၎င်းတို့၏ ရတနာကို အဆုံးရှုံးမခံနိုင်ဘဲ လောဘကြီးစွာဖြင့် ပိုတင်းကျပ်စွာ ရစ်ပတ်ထားတော့သည်။

တစ်စုံတစ်ယောက်က ရွှမ်ကျီးကလောင်တံကို လာရောက်လုယူဖို့ ကြိုးစားနေသည်ကို အာရုံခံမိသောအခါ ရေမှော်ပင်များက အလွန်မြန်ဆန်သော မြွေများကဲ့သို့ ဝူဝမ့်ဓားကို ရစ်ပတ်လိုက်ကြသည်။

ဓားက ရုတ်တရက် အလွန်လေးလံလာပြီး ယန်ရုန်ရုန့် ညာဘက်လက်ကိုပါ အောက်သို့ ဆွဲချသွားခဲ့ပါသည်၊။

ထို့ကြောင့် ယန်ရုန်ရုန် မီးလင်းပုလဲလုံးကို ယာယီသိမ်းလိုက်ရသည်။ ချန့်ခွင်းအိတ်ထဲ လက်နှိုက်ရင်း ဝိညာဉ်စွမ်းအားဖြည့် ဆေးလုံးများကို ထုတ်ကာ အနက်ရောင် ရေမှော်ပင်များထံသို့ ပစ်လွှတ်လိုက်သည်။

ထိုဆေးလုံးများက ကျင့်ကြံသူများ၏ ဝိညာဉ်စွမ်းအင်ကို ဖြည့်တင်းပေးနိုင်သည့် ဆေးလုံးများဖြစ်ကြပြီး ဆေးလုံးတိုင်းတွင် ခပ်မှိန်မှိန် အလင်းရောင်ရှိသည်။

မှောင်အတိကျနေ‌သော ရေနက်ပိုင်းတွင် ရေမှော်ပင်များထံသို့ ပိုးစုန်းကြူးလေးများ ပျံသန်းနေသည့်အလား ထင်ရသည်။

ရေမှော်ပင်များတွင် စိတ်ဝိညာဉ်များ ရှိနေသော်လည်း သာမန် ကျင့်ကြံသူတစ်ဦးလိုတော့ စဉ်းစားနိုင်စွမ်း မရှိကြဘဲ ဗီဇစိတ်အတိုင်းသာ လှုပ်ရှားလေ့ရှိကြသည်။

ထို့ကြောင့် ဆေးလုံးများမှ ဖြာထွက်နေသော ဝိညာဉ်စွမ်းအင်ရောင်ဝါများကို အာရုံခံမိသောအခါ ရေမှော်ပင်များမှာ ရေဘဝဲ လက်တံများအလား လှုပ်ရှားလာပြီး ဆေးလုံးတိုင်းကို ဆွဲယူလေတော့သည်။

ဝိညာဉ်စွမ်းအားဖြည့်ဆေးလုံးများ‌ကြောင့် ရေမှော်ပင်များ အာရုံလွဲနေကြစဉ် ယန်ရုန်ရုန်က ဝူဝမ့်ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။ ဓားသွားအတွင်းသို့ ဝိညာဉ်စွမ်းအင် များစွာကို ထည့်သွင်းလိုက်ပြီး အမှောင်ထုထဲ အပြာရောင်ခပ်ဖျော့ဖျော့ လင်းလာစေပါသည်။

ရေမှော်ပင်များ အန္တရာယ်ကို အာရုံခံမိလိုက်ချိန်တွင် နောက် ကျသွားခဲ့ပါပြီ။ ပြင်းထန်လှသော ဝိညာဉ်စွမ်းအားကြောင့် ရေမှော်ပင်များ တစ်ဆစ်ပြီးတစ်ဆစ် ပြတ်ထွက်ကုန်သည်။

ပြတ်သွားသော နေရာများမှ မည်းနက်နေသော သစ်စေးများစိမ့်ထွက်လာပြီး ရေကန်ထဲ လျှင်မြန်စွာ ပျံ့နှံ့သွားသဖြင့် ရေထဲ အလွန် နောက်ကျိညစ်ထေးသွားခဲ့သည်။

နောက်ကျိသွားသည့် ရေများကြောင့် အမြင်အာရုံ ဝေဝါးသွားသော်လည်း ယန်ရုန်ရုန် ဂရုမစိုက်နိုင်ပေ။ ဘယ်ဘက်လက်ဖြင့် ရှေ့သို့ ကျပန်း လှမ်းဆွဲလိုက်ရာ ရွှမ်ကျီးကလောင်တံကို ကွက်တိ ဖမ်းမိသွားခဲ့သည်။

ကလောင်တံ၏ကိုယ်ထည်မှာ ရေမှော်ပင်များ၏ သစ်စေးများကြောင့် အေးစက် စေးကပ်နေသဖြင့် ထိတွေ့ရသည်မှာ ရွံစရာကောင်းသော်လည်း ယန်ရုန်ရုန် မမှုပါ။

နှစ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည့် ရွှမ်ကျီးကလောင်တံ သူမလက်ထဲ ပြန်လည်ရောက်ရှိလာခဲ့လေပြီ။

ကလောင်တံကို သန့်ရှင်းသွားအောင် သုတ်လိုက်ပြီးနောက် သူမ ဝတ်ရုံထဲထည့်သိမ်းလိုက်ပါသည်။ ပျောက်ဆုံးခဲ့သည့် ရတနာတစ်ခုကို ပြန်ရလိုက်သဖြင့် အပျော်လွန်မိသော်လည်း ဒီနေရာကြီးမှာ ဆက်မနေသင့်မှန်းတော့ ယန်ရုန်ရုန် ကောင်း ကောင်းနားလည်သည်။

ထို့ကြောင့် မီးလင်းပုလဲလုံးကို ထပ်ထုတ်ကာ ရေမျက်နှာပြင်ပေါ်သို့ ပြန်လည် ကူးခတ်လာခဲ့ပါသည်။

ယုတ္တိရှိရှိဆိုရလျှင် သူမ မရပ်မနား ကူးခတ်နေခြင်းဖြစ်သဖြင့် မျက်နှာပြင်ပေါ်သို့ ပြန်လည်ရောက်ရှိသင့်နေပါပြီ။ သို့သော် ထူးဆန်းစွာဖြင့် အချိန်အတော်ကြာအောင် ကူးခတ်ပြီးသည့်တိုင် အပေါ်ဘက်မှ အလင်းရောင်စိုးစင်းမျှ မတွေ့ရသေးပါ။

အရပ်မျက်နှာတိုင်းတွင် အဆုံးမဲ့ အမှောင်ထုများသာ ရှိနေသည်။ နေရောင်ခြည်ကို ထာဝရမမြင်နိုင်သည့် လှောင် အိမ်ကြီးတစ်လုံးကဲ့သို့ပင်။

ယန်ရုန်ရုန့် ရင်ထဲ လေးလံလာခဲ့သည်။ ချန့်ခွင်းအိတ်ထဲမှ ဆက်သွယ်ရေးအဆောင်စက္ကူတစ်ရွက်ကို ထုတ်ကာ လောလောကို ဆက်သွယ်ဖို့ ကြိုးစားလိုက်ပါသည်။

သူမလက်ထဲမှ အဆောင်စက္ကူပျောက်ကွယ်သွားသော်လည်း လောလော၏ အသံကို မကြားရပေ။

ယန်ရုန်ရုန် စိတ်တွေ ပိုဖိစီးလာခဲ့သည်။ လောလောက ကျောက်ပြာရေကန်၏ ကမ်းပေါ်တွင် ရှိနေပါသည်။ အကွာအဝေးကလည်း သိပ်မလှမ်းသဖြင့် ဆက်သွယ်ရေးအဆောင်စက္ကူတစ်ခုဖြင့် ကျိန်းသေပေါက် ဆက်သွယ်နိုင်သင့်သည်။

ထို့အစား သမုဒ္ဒရာထဲသို ကျောက်တုံးတစ်တုံး ပစ်ချလိုက်သည့်အလား ဘာတုံ့ပြန်မှုမှ မရှိခဲ့ပါ။

မှောင်မှိုင်းနေသော ရှေ့က ရေပြင်ကြီးကို စိုက်ကြည့်ရင်း ယန်ရုန်ရုန် ‘ပေါက်ကွဲခြင်း အဆောင်စက္ကူ’များကို ထုတ်ကာ ရှေ့သို့ ပစ်လွှတ်လိုက်ပါသည်။

အဆောင်စက္ကူများက ရေထဲတွင် ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့သည်။ သာမန်ဆိုလျှင် ထိုကဲ့သို့ ပေါက်ကွဲမှုများကြောင့် ရေထဲ လှိုင်းများထန်သွားမည်မှာ သေချာသည်။ သို့သော် စက္ကန့်ပိုင်း မကြာလိုက်ဘဲ ပေါက်ကွဲမှုများကို ရေကန်ကြီးက ဝါးမျိုပစ်လိုက်သည့်အလား ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့သည်။

ရေပြင်ကတော့ ငြိမ်သက်မြဲငြိမ်သက်ဆဲပင်…

ယန်ရုန်ရုန့် စိတ်တွေ အလွန်လေးလံနေပါပြီ။ ဆက်သွယ်ရေးအဆောင်ကော၊ ပေါက်ကွဲခြင်းအဆောင်ကော အလုပ်မဖြစ်ခဲ့ပါ။

ရေကန်ထဲတွင် လျှို့ဝှက်အစီအရင်တစ်ခုခု ရှိရမည်ဟု ယန်ရုန်ရုန် သံသယဖြစ်မိသည်။ ထိုအစီအရင်ထဲ သူမ ပိတ်မိသွားသဖြင့် အပြင်ကို ပြန်မထွက်နိုင်ခြင်း ဖြစ်ပါလိမ့်မည်။

ထိုစဉ် ရုတ်တရက်ဆိုသလို စူးစူးရှရှ အသံတစ်သံကို သူမ ကြားလိုက်ရသည်။

‘ချွင် ချွင်…’

ဝေးလံသည့် နေရာတစ်ခုမှ ထွက်လာသော အသံတစ်သံပမာ အလွန်တိုးညှင်းသော်လည်း ငြိမ်သက်တိတ်ဆိတ်နေသည့် ရေနက်ထဲတွင်တော့ အလွန်ထင်ရှားလှပါသည်။

ယန်ရုန်ရုန် ချက်ချင်း သတိကပ်သွားခဲ့သည်။ ဝူဝမ့်ဓားကို ဆွဲထုတ်ကာ သူမ ခန္ဓာကိုယ်မှ နတ်အာရုံများကို ဖြန့်ကျက်လျက် အသံလာရာရင်းမြစ်ကို ရှာဖွေလိုက်သည်။

ခေတ္တကြာပြီးနောက် ‘ချွင် ချွင်’ဟူသော အသံကို ထပ်ကြားလိုက်ရပြန်သည်။

အသံက အောက်တည့်တည့်မှ လာနေခြင်းပင်။ ယန်ရုန်ရုန် အောက်သို့ ငုံ့လိုက်ပြီး ရေနက်ပိုင်းထဲသို့ လှမ်းကြည့်လိုက်သည်။

ရေကန်၏ အောက်ခြေမှာ ချောက်နက်ကြီးတစ်ခုကဲ့သို့ အဆုံးမဲ့ပြီး အမှောင်ထုများဖြင့် ဖုံးလွှမ်းနေပါသည်။

‘ချွင် ချွင် ချွင်…’

ဒီတစ်ခါတော့ သူမ သေသေချာချာ ကြားလိုက်သည်။ သံမဏိများ တစ်ခုနှင့်တစ်ခု ထိတိုက်နေသည့် အသံမျိုးဖြစ်ပြီး ရေပြင်တစ်ခုလုံးတွင် ပဲ့တင်သံ ထပ်နေပါသည်။

ယန်ရုန်ရုန် မျက်မှောင်ကြုတ်ကာ ရေကန်အောက်ခြေအထိ နတ်အာရုံကို ထုတ်လွှတ်လိုက်သည်။ ရေနက်ပိုင်း၏ အမှောင်ထုက အမြင်အာရုံကို တားဆီးနိုင်သော်လည်း ‘ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်’ကျင့်ကြံသူတစ်ဦး၏ နတ်အာရုံကိုတော့ တားဆီးမထားနိုင်ပေ။

သူမ၏ နတ်အာရုံဖြင့် အေးစက်မာကျောနေသော အရာတစ်ခုကို ခံစားမိခဲ့သည်။ ပထမတော့ ရေကန်၏ အောက်ခြေဖြစ်မည်ဟု ထင်ခဲ့သော်လည်း သိပ်မကြာလိုက်ဘဲ အလွန်ထူထဲသော ဧရာမသံကြိုးကြီးတစ်ကြိုးဖြစ်မှန်း သိလိုက်ရသည်။

ထိုသံကြိုးကြီးနောက်ကို လိုက်သွားခဲ့ရာ ဧရာမ အရိပ်နက်ကြီးတစ်ခုကို မြင်လိုက်ရသည်။

ပုံသဏ္ဌာန်အတိအကျကို သူမ မမြင်နိုင်သော်လည်း ထိုအရိပ်ကြီးကို သံကြိုးပေါင်း ၉၉ ချောင်းဖြင့် တုပ်နှောင်ထားမှန်း သိခဲ့ရသည်။ ထိုသတ္တဝါက သတ်လိုဖြတ်လိုစိတ် အလွန်ကြီးမားပြီး အန္တရာယ်အငွေ့အသက်များ ဖုံးလွှမ်းနေပါသည်။

သူမ ကြားခဲ့သည့် အသံများမှာလည်း ထိုအရိပ်ကြီး ရုန်းကန်နေသဖြင့် သံကြိုးများ ရိုတ်ခတ်ပြီး ထွက်လာသည့် အသံများပင်။

အရိပ်ကြီးက သူမ၏ နတ်အာရုံကို အာရုံခံမိသွားသည့်အလား ရုတ်ရက် ခေါင်းလှည့်လာကာ သွေးချင်းနီနေသော ဧရာမ မျက်လုံးကြီးများဖြင့် အပေါ်သို့ စိုက်ကြည့်လိုက်သည်။

မှောင်မိုက်နေသော ရေပြင်ကြားမှာပင် ၎င်း၏ အကြည့်မှာ ယန်ရုန်ရုန်ရှိရာတည့်တည့်သို့ ရောက်ရှိလာခဲ့ပသည်။

ပေါင်ချိန်တစ်ထောင်ခန့် ရှိသော တူကြီးတစ်ချောင်းဖြင့် အထုခံလိုက်ရသကဲ့သို့ အလွန်ကြီးမားသည့် ဖိအားတစ်ခုကို ခံစားလိုက်ရပြီး ယန်ရုန်ရုန့် အာရုံကြောများ တင်းခနဲဖြစ်သွားရသည်။

ထိုအရိပ်ကြီးက သားကောင်ချောင်းနေသည့် သားရဲတစ်ကောင်ပမာ ၎င်း၏ နှုတ်ခမ်းများကို လှန်လိုက်ရာ ချွန်ထက်မာကျောပြီး ကြောက်စရာကောင်းလှသည့် အစွယ်ကြီးများ အထင်းသား ပေါ်လာသည်။ ထိုအရိပ်ကြီးက သူမကို ပြုံးပြနေပါသည်။

လောဘနှင့် ရက်စက်ကြမ်းကြုတ်မှုတို့ ပြည့်ဝနေသော အပြုံးတစ်ခုပင်။

အရိပ်ကြီးက ဆိုသည်။

“အဆင့်မရှိတဲ့ ပုရွက်ဆိတ်တစ်ကောင်က ငါ့ပိုင်နက်ထဲ ကျူးကျော်လာရဲတယ်ပေါ့”

သူ့အသံမှာ အက်ရှရှနှင့် အလွန်လေးလံနေပြီး အရှိန်အဝါကြီးသော အရှင်သခင်တစ်ဦး၏ မောက်မာမှုများ အပြည့်ဝါဝင်နေသည်။

ယန်ရုန်ရုန်က သတိကြီးစွာ မေးလိုက်သည်။

“ရှင်က… ဘယ်သူလဲ”

ထိုအရိပ်ကြီး ဘယ်သူဘယ်ဝါဖြစ်မှန်း ယန်ရုန်ရုန် အမှန်တကယ် မသိပါ။ သို့သော် အရိပ်ကြီးကတော့ ရုတ်တရက် အမျက်ဒေါသ ကြီးမားသွားခဲ့ရသည်။

သူ့အကြောင်း မသိသူဟူ၍ ဒီကမ္ဘာပေါ်မှာ မရှိနိုင်ပေ။ ဒီမိန်းမ ရည်ရွယ်ချက်ရှိရှိ စော်ကားနေခြင်းသာ ဖြစ်ပါလိမ့်မည်။

“အတင့်ရဲလိုက်တာ!”

အရိပ်ကြီး၏ မျက်လုံးများထဲ သတ်ဖြတ်ချင်စိတ်များ ရိပ်ပြေးသွားခဲ့ပြီး ရေကန်အောက်ခြေမှ ဟိန်းဟောက်သံကြီးတစ်သံ ထွက်ပေါ်လာသဖြင့် ရေပြင်တစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။

ထိုတုန်ခါမှုကြောင့် ယန်ရုန်ရုန် ခေါင်းမူးသွားခဲ့ပြီး နားတွေပင် အူသွားခဲ့ရသည်။

ထို့ကြောင့် နတ်အာရုံကို ပြန်လည်ရုတ်သိမ်းကာ ရွှေချပ်ဝတ်အဆောင်စက္ကူတစ်ရွက်ထုတ်လျက် သူမကိုယ်ပေါ်တွင် ကပ်လိုက်ပါသည်။ အဆောင်စက္ကူမှ ရွှေရောင်ချပ်ဝတ်တန်ဆာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ယန်ရုန်ရုန် နားမလည်နိုင်ပါ။

‘ဒီကောင်ဘာလို့ ရုတ်တရက်ကြီး ဒေါသထွက်သွားတာလဲ’

All Chapters