← Chapters

အခန်း (၂၂၇-၂၂၈)

Vol. 23 Ch. 227-228

အခန်း (၂၂၇-၂၂၈)

Vol. 23 Ch. 227-228

🌹Chapter 227

“မပြောချင်လည်း မပြောနဲ့ပေါ့ ဒေါသထွက်စရာလိုလို့လား”

ယန်ရုန်ရုန် မျက်မှောင်ကြုတ်ရင်း မကျေမနပ် ပြောလိုက်သည်။

အရိပ်ကြီးက စူးရှသော အစွယ်များကို ဖြဲပြရင်း မာန်ဖီလိုက်ပါသည်။

“မောက်မာလိုက်တဲ့လူသား၊ ငါမင်းကို ဝါးမျိုပစ်မယ်!”

သံကြိုးများ၏ မျက်နှာပြင်ပေါ်တွင် ဆန်းကြယ်လှသော အနီရောင် မှောင်သင်္ကေတများ ပေါ်လာခဲ့သည်။ ထိုသင်္ကေတများက အသက်ရှိနေသည့်အလား သံကြိုးများပေါ်တွင် တရွေ့ရွေ့ စီးဆင်းနေပြီး အရိပ်ကြီး၏ ခန္ဓာကိုယ်ကို တင်းကျပ်စွာ တုပ်နှောင်ထားခဲ့ပါသည်။

၎င်း၏ သတ်ဖြတ်လိုစိတ်များ ဆူပွက်နေသော်လည်း ခန္ဓာကိုယ်ကို တစ်လက်မပင် မရွှေ့နိုင်ခဲ့ချေ။

အနည်းငယ် ကြောက်လန့်နေခဲ့သည့် ယန်ရုန်ရုန် ထိုမြင်ကွင်းကို မြင်သောအခါ စိတ်ပြန်တည်ငြိမ်သွားခဲ့သည်။ သူမ နားလည်သွားပါသည်။

ထိုအရိပ်ကြီးကို ရေကန်၏ အောက်ခြေတွင် ချိပ်ပိတ်ချုပ်နှောင်ထားခြင်း ဖြစ်ရမည်။ သံကြိုးများ ပြတ်မသွားသေးသရွေ့ သူမကို လက်ဖျားနှင့်ပင် ထိနိုင်မှာ မဟုတ်ပါ။

ရုန်းထွက်၍ မရသဖြင့် အရိပ်ကြီးမှာ သူမကို ကြည့်ပြီး ဟိန်းဟောက်နေရုံသာ တတ်နိုင်သည်။ ဟောင်သာဟောင်ပြီး မကိုက်နိုင်သော ခွေးတစ်ကောင်ပမာ သူ့ပုံစံက အတော်လေး ရယ်ချင်စရာကောင်းလှသည်။

ယန်ရုန်ရုန် သူ့ကို တည်တည်ငြိမ်ငြိမ် ကြည့်ရင်း ပြောလိုက်သည်။

“ရှင်ဒီမှာ ချုပ်နှောင်ခံထားရတာ တော်တော်ကြာပြီ ထင်တယ်နော်၊ အခုချိန်ထိ ဒေါသထွက်လွယ်နေတုန်းပဲလား၊ သင်ခန်းစာကောင်းကောင်း မရသေးဘူးထင်တယ်”

အရိပ်ကြီး ဒေါသပိုထွက်သွားသည်။

“မင်းသေချင်နေတာပဲ!”

ယန်ရုန်ရုန်က စိတ်ဝင်တစား မေးသည်။

“ရှင့်ကို ဘယ်သူ ချုပ်နှောင်သွားတာလဲ”

သူမ မေးခွန်းက အရိပ်ကြီး၏ အရှိုက်ကို ထိသွားပုံရပြီး ဒေါသများ မီးတောင်ပမာ ပေါက်ကွဲသွားတော့သည်။

“အဆင့်မရှိတဲ့လူသား! မင်းကို အရှင်လတ်လတ် အရေခွံနွာပြီး အရိုးတွေ အမှုန့်ကြိတ်ပစ်မယ်! ဒီကမ္ဘာပေါ်မှာ အနာကျင်ရဆုံး ခံစားချက်တွေကို ခံစားသွားစေရမယ်! သေပါရစေလို့ ဆုတောင်းရတဲ့အထိ လုပ်ပစ်မယ်ကွ!!”

အလွန်အားကောင်းသည့် အသံလှိုင်းများက သူမထံ ရိုက်ခတ်လာခဲ့သည်။ သို့သော် သူမကိုယ်ပေါ်တွင် ရှိနေသည့် ရွှေချပ် ဝတ်တန်ဆာက ကာကွယ်ပေးခဲ့ပါသည်။

ထို့နောက် ရွှေချပ်ဝတ်အဆောင်အနည်းငယ်ကို ထပ်သုံးကာ ချပ်ဝတ်တန်ဆာ၏ မာကျောမှုကို အဆင့်မြှင့်တင်လိုက်သေးသည်။

“ရှင့်ကို ဒီမှာ ချုပ်နှောင်သွားတာ ကျွန်မ မဟုတ်ဘူးလေ၊ ကျွန်မအပေါ် ဒေါသပုံချနေလို့ ဘာထူးမှာလဲ၊ အော်ဟစ်ပြီး လေကုန်ခံမယ့်အစား စကားအေးဆေးပြောရအောင်လေ၊ ရှင့်ကို ဒီနေရာကနေ လွတ်အောင် ကျွန်မ ကူညီပေးနိုင်လောက်မှာပေါ့”

ထိုသို့ပြောလိုက်သော်လည်း သူမရင်ထဲမှာတော့ ဒီလို ရုန့်ရင်းကြမ်းတမ်းသည့် လူသားစားမကောင်းဆိုးဝါးကို လွှတ်ပေးဖို့ အစီအစဉ် လုံးဝ မရှိပါ။

ထိုသတ္တဝါအကြောင်းကို သေချာသိရအောင်လုပ်ပြီး ဒီနေရာမှ လွတ်မြောက်ဖို့အတွက် သဲလွန်စ ရှာဖွေချင်ခြင်းကြောင့်သာ ထိုသို့ပြောလိုက်ရခြင်းဖြစ်သည်။

အရိပ်ကြီးက ဒေါသထွက်လွယ်သော်လည်း ဦးနှောက်တော့ မမဲ့သေးပေ။ သူမ၏ စကားလုံးများကြောင့် ယခုက ဒေါသထွက်နေသင့်သည့် အချိန်မဟုတ်မှန်း သူသတိရသွားခဲ့သည်။

ဒီငရဲတွင်းကြီးထဲ သူပိတ်မိနေသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ကြာပါပြီ။ လွတ်မြောက်နိုင်မည့် အခွင့်အရေး မှန်သမျှကို လက်လွတ်ခံ၍ မရပေ။

ထိုအတွေးဖြင့် အရိပ်ကြီး တဖြည်းဖြည်း တည်ငြိမ်သွားခဲ့ပြီး သံသယကြီးစွာ မေးလိုက်သည်။

“မင်း ငါ့ကို တကယ်ကူညီပေးမှာလား”

ယန်ရုန်ရုန် မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။

“ကူညီပေးမှာပေါ့!”

သူမ မျက်လုံးများက ရိုးသားမှုများဖြင့် ပြည့်နှက်နေပြီး လေသံကလည်း ပြတ်သားလွန်းသဖြင့် လိမ်ညာနေသည့် အရိပ်အယောင် လုံးဝ မတွေ့ရပေ။

အရိပ်ကြီးက သူမကို ယုံကြည်သွားသည့်အလား ဖြည်းဖြည်းချင်း ပြောလိုက်ပါသည်။

“မင်းငါ့ကို ဒီနေရာကြီးကနေ လွတ်မြောက်အောင် ကူညီပေးမယ်ဆိုရင် မင်းရဲ့ ရိုင်းပျမှုအတွက် ခွင့်လွှတ်ပေးပြီး မင်းအသက်ကို ချမ်းသာပေးမယ်”

ယန်ရုန်ရုန်က အခွင့်အရေးကို အရယူကာ မေးမြန်းလိုက်သည်။

“ရှင့်ကို ဘယ်လိုကူညီပေးရမှာလဲ”

“ငါ့ကိုယ်ပေါ်က သံကြိုးတွေကို ဖြတ်ပစ်လိုက်”

ယန်ရုန်ရုန် သူမလက်ထဲက ဝူဝမ့်ဓားနှင့် သံကြိုးများကို တစ်လှည့်စီ ကြည့်လိုက်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။

“ကျွန်မ ကျင့်ကြံခြင်းအဆင့်က အဲ့လောက်မမြင့်တော့ သံကြိုးတွေကို ဖြတ်နိုင်မှာ မဟုတ်ဘူး၊ တခြားနည်းလမ်း မရှိဘူးလား”

‘ဟာသပဲ…’

သူမသာ သံကြိုးများကို အမှန်တကယ် ဖြတ်တောက်ပစ် လိုက်ပြီး အရိပ်ကြီးကို လွှတ်ပေးလိုက်လျှင် အပြစ်မဲ့သူများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရလိမ့်မည်။ သူမ ရူးနေလျှင်တောင် ထိုသို့ မလုပ်နိုင်ပေ။

အရိပ်ကြီးက မျက်လုံးမှေးကာ သူမကို အချိန်အတော်ကြာအောင် စိုက်ကြည့်လိုက်သည်။ ထို့နောက် သူ့လေသံက အတော်လေး ထူးဆန်းလာခဲ့ပါသည်။

“တခြားသူတွေ မလုပ်နိုင်လောက်ပေမယ့် မင်း… မင်းက တော့ လုပ်နိုင်လောက်တယ်”

ထိုစကား၏နောက်ကွယ်မှ လျှို့ဝှက်အဓိပ္ပာယ်တစ်ခုခုကို ယန်ရုန်ရုန် ရိပ်စားမိသွားကာ ချက်ချင်း မေးလိုက်ပါသည်။

“ကျွန်မက ဘာတွေ ထူးခြားနေလို့လဲ”

အရိပ်ကြီးက သူမကို မျက်တောင်မခတ်စိုက်ကြည့်နေပြီး သူ့ကြက်သွေးရောင် မျက်လုံးများ ပိုတောက်ပလာခဲ့သည်။

ထို့နောက် ကြက်သီးထစရာအပြုံးဖြင့် ပြန်ဖြေလိုက်ပါသည်။

“ဒီကမ္ဘာကြီးမှာ ငါ့ကို လွတ်မြောက်အောင်လုပ်ပေးနိုင်တာ မင်းတစ်ယောက်ပဲရှိတယ်လို့ လူတစ်ယောက်က ပြောသွားလို့ပေါ့”

ယန်ရုန်ရုန် မျက်မှောင်ကြုတ်သွားသည်။

“ရှင့်ကို ဘယ်သူပြောသွာားတာလဲ”

အရိပ်ကြီးက သူမကို ကြည့်ရင်း ထိန်းချုပ်မရနိုင်သော စိတ်လှုပ်ရှားမှုဖြင့် ဆိုလိုက်သည်။

“သူဘယ်သူလဲဆိုတာ ငါမသိဘူး၊ မင်းသိချင်ရင် မင်းဖာသာမင်း မေးကြည့်လိုက်လေ၊ သူအခု…”

ထိုစဉ် ယန်ရုန်ရုန့် နောက်ကျောဘက်မှ အသည်းခိုက်လောက်စရာ စူးရှသည့် နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။

အနက်ရောင်ဓားတစ်ချောင်းက သူမ၏ နောက်ကျောမှတဆင့် သူမနှလုံးသားထဲ စိုက်ဝင်သွားခဲ့သည်။ ယန်ရုန်ရုန် မယုံကြည်နိုင်မှုဖြင့် မျက်လုံးများ ပြူးကျယ်သွားရလေသည်။

သူမ ခေါင်းကို ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ရာ အနောက်ဘက်တွင် မှောင်မိုက်သည့် ရေပြင်မှအပ ဘာမှ ရှိမနေပါ။

‘မဟုတ်ဘူး… ဘာမှရှိမနေတာ မဟုတ်ဘူး!’

ဝေဝေဝါးဝါး လူရိပ်တစ်ခုကို သူမ မြင်နေရသည်။

ရေကြည်ဖြင့် ပုံသွင်းထားသော အလင်းပေါက် လူသားတစ်ဦးပမာ သူ၏ ခန္ဓာကိုယ်က ရေကန်အတွင်းရှိ ရေထုနှင့် ခွဲခြားမရအောင် ရောယှက်နေသဖြင့် သာမန်မျက်စိဖြင့် မြင်နိုင်ဖို့ ခဲယဉ်းလွန်းပါသည်။

ယန်ရုန်ရုန် နာကျင်မှုကို ကြိတ်ခံရင်း ဝူဝမ့်ဓားဖြင့် ပြန်တိုက် ခိုက်ဖို့ လက်ကိုမြှောက်လိုက်သည်။ သို့သော် သူမ ဘာမှ မလုပ်နိုင်ခင် ထိုအလင်းပေါက် လူသားက သူ့ဓားကို ဖိအားထပ်ပေးလိုက်ရာ ဓားနက်က သူမခန္ဓာကိုယ်ကို ထုတ်ချင်း ဖောက်သွားတော့သည်။

ထိုဓားနက်ပေါ်တွင် အနီရောင် မှော်သင်္ကေတများ ပေါ်လာခဲ့သည်။ ထိုသင်္ကေတများက သူမခန္ဓာကိုယ်ထဲ စီးဝင်သွားပြီး ဝိညာဉ်စွမ်းအင်အားလုံးကို ချိပ်ပိတ်ကာ နောက်ဆုံးကျန်ရှိနေသော အသက်ဓာတ်လေးကိုပါ ငြှိမ်းသတ်ပစ်လိုက်သည်။

သူမကိုယ်ပေါ်ရှိ ရွှေချပ်ဝတ်တန်ဆာများလည်း အက်ကွဲသွားပြီး ဖုန်မှုန့်များအဖြစ် ပျက်စီးသွားသည်။ သူမ လက်ချောင်း များ အားလျော့သွားခဲ့ပြီး ဝူဝမ့်ဓားလည်း လက်ထဲမှလွတ်ကျသွားခဲ့ပါသည်။

ထိုအလင်းပေါက်လူသားက သူမကို အနည်းငယ် တွန်းလိုက်ရာ ကြိုးပြတ်သွားသော စွန်တစ်ခုပမာ ရေကန်အောက်ခြေသို့ ဖြည်းညှင်းစွာ နစ်မျောသွားခဲ့တော့သည်။ ဒဏ်ရာမှ သွေးများ အဆက်မပြတ် စီးထွက်လာပြီး ရေပြင်ကို အနီရောင် သန်းသွားစေခဲ့သည်။

ယန်ရုန်ရုန့် ဦးနှောက်ထဲ အလွန်ဗြောင်းဆန်နေပါသည်။ မိနစ်ပိုင်းအတွင်း ဖြစ်ပျက်သွားသည့် အဖြစ်အပျက်များက သူမအာရုံထဲ ပြန်လည်ဝင်ရောက်လာခဲ့သည်။

နောက်ဆုံးတော့ သူမ နားလည်သွားခဲ့ပါပြီ။ ဒါထောင်ချောက်တစ်ခုပင်။

ရွှမ်ကျီးကလောင်တံကို သူမ လိုချင်နေမှန်းသိသဖြင့် တစ်စုံ တစ်ဦးက ကျောက်ပြာရေကန်ထဲ ရည်ရွယ်ချက်ရှိရှိထည့်ထားခဲ့သည်။ သူမ ပြန်မထွက်နိုင်အောင် ရေကန်ထဲမှာ အစီအရင်တစ်ခုကိုလည်း ကြိုတင်ခင်းကျင်းထားသည်။

ပုံမှန်အခြေအနေမှာဆို သူမ၏ ကျင့်ကြံခြင်းအဆင့်ကြောင့် နှလုံးသားထဲ ဓားစိုက်ဝင်သွားလျှင်တောင် သေနိုင်မှာ မဟုတ်ပါ။ သို့သော် ထိုဓားနက်က ထူးခြားသည်။

သူမ ခန္ဓာကိုယ်ထဲ ထိုဓားနက် တိုးဝင်လာပြီးနောက် ဝိညာဉ်စွမ်းအင်များ ချုပ်နှောင်ခံလိုက်ရပြီး ကျင့်စဉ်တစ်ခုလုံးကို အသုံးမဝင်အောင် လုပ်ပစ်ခဲ့သည်။

ယခုတော့ သူမတွင် ပြန်ခုခံဖို့ ခွန်အားမရှိတော့ချေ။ ရေကန်အောက်ခြေသို့ ဖြည်းဖြည်းချင်း နစ်မျောသွားသည်ကို ဒီအတိုင်း ငေးကြည့်နေခဲ့ရသည်။

သူမ နားမလည်ပါ။

‘ဒီလူက ဘယ်သူလဲ၊ ငါ့ကို သတ်ဖို့ ဘာလို့ ဒီလောက်ထိ အကွက်ကျကျ စီစဉ်ခဲ့ရတာလဲ’

အဝေးတွင် ကျန်ရစ်ခဲ့သည့် ထိုအလင်းပေါက်လူသားကို ယန်ရုန်ရုန် ငေးကြည့်ရင်း အက်ကွဲနေသည့်အသံဖြင့် ခက်ခက်ခဲခဲ မေးလိုက်ပါသည်။

“ရှင်… ဘယ်သူလဲ”

သူမ သေဆုံးရတော့မည်ဖြစ်မှန်း ယုံကြည်ထားသည့်အလား ထိုလူက ဆက်ပြီး ပုန်းကွယ်မနေတော့ချေ။

သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည့် ရေထုများ ရုတ်တရက် ပျောက်ကွယ်သွားရာ မီးခိုးရောင်ဝတ်ရုံခြုံထားသည့် လူတစ်ယောက် ပေါ်လာခဲ့ပါသည်။ သူ့မျက်နှာကို ဝတ်ရုံခေါင်းစွပ်အောက်တွင် ဖုံးကွယ်ထားသည်။

သို့သော် ယန်ရုန်ရုန်က အောက်ဘက်မှ မော်ကြည့်နေရသူဖြစ်သဖြင့် သူမ၏ အကြည့်မှာ ရေပြင်ကို ထိုးဖောက်ပြီး ထိုလူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့ပါသည်။

အလွန်ချောမောပြီး ယောက်ျားမိန်းမ မရေရာသည့် မျက်နှာတစ်ခုပင်။ အသားရည်က နှင်းပမာ ဖြူဖွေးပြီး မျက်ဝန်းထောင့်များက အထက်သို့ ကွေးတက်နေကာ နှုတ်ခမ်းများကလည်း နီရဲတောက်ပနေလေသည်။

မျက်ဝန်းများက ရေပြင်ကဲ့သို့ ကြည်လင်နေပြီး တစ်ချက်ကြည့်လိုက်လျှင် နက်ရှိုင်းသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်ဟု ထင်ရသည်။

ယန်ရုန်ရုန် မှတ်ဉာဏ်များထဲ ပြန်လည်ရှာဖွေခဲ့သည်။ သို့ သော် ထိုလူ့ကို တစ်ခါမှ မမြင်ဖူးမှန်း‌ သေချာပါသည်။

သူ့ကို ယန်ရုန်ရုန် လုံးဝ မသိပါ။ သူစိမ်းတစ်ယောက်က သူမအသက်ကို နှုတ်ယူဖို့ ဘာကြောင့် ဒီလောက်ထိ အကွက်ကျကျ စီစဉ်ခဲ့ရကြောင်းကိုလည်း သူမ နားမလည်ပါ။

မီးခိုးရောင်ဝတ်ရုံနှင့်လူက သူမကို အထက်စီးမှ ငုံ့ကြည့်နေခဲ့သည်။ သူ့ မက်မွန်ပွင့် မျက်ဝန်းများက ရေခဲတမျှ အေးစက်နေပါသည်။

ယန်ရုန်ရုန် ကိုယ်အပူချိန်များ ဆက်တိုက်ကျဆင်းလာသည်ကို ခံစားမိသည်။

အသက်ရှူသံများ၊ အမြင်အာရုံများ၊ အကြားအာရုံများ တဖြည်းဖြည်း မှေးမှိန်လာသည်ကိုလည်း ခံစားမိသည်။

သူမ ဒီအတိုင်း သေသွားလို့ မဖြစ်ပါ။ ကျန်ရှိနေသည့် ခွန်အားတို့ကို စုစည်းရင်း ချန့်ခွင်းအိတ်ထံ လက်လှမ်းလိုက်သည်။ ချန့်ခွင်းအိတ်ထဲတွင် သက်ကယ်ဆေးလုံးများ ရှိနေပါသည်။

ချန့်ခွင်းအိတ်ကိုသာ ဖွင့်နိုင်လျှင် သူမအတွက် အခွင့်အရေးရှိနိုင်သေးသည်။

🌹Chapter 228

သို့သော် သူမ မလှုပ်ရှားနိုင်တော့ပေ။

ဝိညာဉ်စွမ်းအင်များ ချိပ်ပိတ်ခံလိုက်ရသဖြင့် သူမခန္ဓာကိုယ်က သာမန်လူသားတစ်ယောက်နှင့် မခြားတော့ပါ။

နှလုံးသားကို ထိုးဖောက်ခံခဲ့ရပြီး သွေးများက အဆက်မပြတ်ထွက်နေသဖြင့် ကယ်မရသည့် အခြေအနေကို ရောက်ရှိနေပါပြီ။

သူမ၏ သွေးများ သံကြိုးများပေါ် စွန်းထင်သွားသောအခါ သံကြိုးများပေါ်တွင် စီးဆင်းနေခဲ့သည့် မှော်သင်္ကေတများ ရုတ်တရက် ရပ်တန့်သွားသည်။ ထို့နောက် အလင်းရောင်များ မှေးမှိန်သွားခဲ့ပါသည်။

သူ့ကိုယ်ပေါ်ရှိ အချုပ်အနှောင်များ အားနည်းလာသည်ကို အာရုံခံမိပြီး အရိပ်ကြီး အလွန်ဝမ်းမြောက်သွားခဲ့သည်။

အရိပ်ကြီး စိတ်မရှည်စွာဖြင့် မတ်တပ်ထရပ်လိုက်ရာ တစ်ချိန်က မချိုးဖျက်နိုင်အောင် ခိုင်မာခဲ့သော သံကြိုးများမှာ အပိုင်းပိုင်းအစစ ပြတ်တောက်သွားလေတော့သည်။

ယန်ရုန်ရုန်ကတော့ ရေကန်အောက်ခြေအထိ နစ်မြုပ်သွားခဲ့ပြီး အေးစက်စွတ်စိုနေသည့် ကျောက်တန်းတစ်ခုပေါ် ပက်လက်ကျသွားခဲ့သည်။

ယန်ရုန်ရုန် လက်ချောင်းတစ်ချောင်းပင် မလှုပ်နိုင်တော့ပါ။ ရေလှိုင်းကြောင့် သူမ၏ ဝတ်ရုံအနားသတ်လေးများသာ လှုပ်ခါနေခဲ့သည်။

ဓားနက်မှာ သူမ ရင်ဘတ်အတွင်း ဖောက်ဝင်နေဆဲဖြစ်ပြီး ရေကန်အောက်ခြေတွင် ယန်ရုန်ရုန့်ကို မြဲမြံစွာ ဖိကပ်ထားဆဲပင်။

အရိပ်ကြီး အချုပ်အနှောင်မှ လွက်မြောက်သွားသည်ကို ယန်ရုန်ရုန် ဒီတိုင်း ငေးကြည့်နေခဲ့ရသည်။ မီးခိုးရောင်ဝတ်ရုံနှင့်လူ အဝေးသို့ လွင့်မျောထွက်ခွာသွားသည်ကိုလည်း ဘာမှမလုပ်နိုင်ဘဲ အကူအညီမဲ့စွာ ငေးကြည့်နေရုံသာ တတ်နိုင်ခဲ့ပါသည်။

‘ငါတကယ် သေရတော့မှာလား…’

မျက်စိရှေ့က အရာအားလုံး အိပ်မက်မြူခိုးများပမာ ဝေဝါးသွားခဲ့သည်။ အမြင်အာရုံထဲ အမှောင်ထုက စတင်လွှမ်းမိုးလာပြီဖြစ်ပြီး အသိစိတ်တွေလည်း လေးလံလာခဲ့ပါပြီ။

အရာရာ ဝေဝါးနေစဉ်တွင် သူမဝတ်ရုံအတွင်းမှ ပူပူနွေးနွေးခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသည်။

သူမ ငုံ့ကြည့်ချင်ခဲ့သော်လည်း မျက်ခွံများမှာ သံမဏိများပမာ လေးလံလာသဖြင့် ဆက်ဖွင့်ထားဖို့ အားမရှိတော့ချေ။

နောက်ဆုံးတွင်တော့ ယန်ရုန်ရုန် မထိန်းချုပ်နိုင်တော့ဘဲ မျက်လုံးများကို မှိတ်လိုက်ရတော့သည်။

--- --- ---

ဟမ်ယဲ့တစ်ယောက် အတောင်များကို ဖြန့်ကာ မိစ္ဆာနန်းတော်ထဲမှ အရှိန်အဟုန်ဖြင့် ထွက်ခွာလာပြီး ပူကျစ်တောင်သို့ အမြန်ဆုံး ဦးတည်လာခဲ့သည်။

မသက်သာသေးသည့် ရင်ဘတ်မှ ဒဏ်ရာကြောင့် သူ့မျက်နှာ လူသေလို ဖြူရော်နေပါသည်။ မြေပြင်ပေါ် ဆင်းသက်သည့် အချိန်မှာပင် ချော်လဲသွားခဲ့သေးသည်။

ကြောင်နားရွက်မိစ္ဆာတစ်ကောင်က အနောက်မှလိုက်လာပြီး ဟမ်ယဲ့ကို အမြန်ကူတွဲပေးလိုက်ပါသည်။

“အရှင့်ဒဏ်ရာ…!”

“ငါဘာမှမဖြစ်ဘူး”

သူ့လက်ကို ဟမ်ယဲ့ တွန်းထုတ်ပစ်လိုက်ပြီး ကျောက်ပြာရေကန်ထံသို့ အမြန်ဆုံးလျှောက်လာခဲ့သည်။

သူ့အမြန်နှုန်းက အံ့အားသင့်ဖို့ကောင်းလွန်းပါသည်။ မျက်စိတစ်မှိတ်အချိန်အတွင်းမှာပင် ရေကန်နံဘေးသို့ ဟမ်ယဲ့ ရောက်ရှိလာခဲ့သည်။

လေအဟုန်ကြောင့် သူ့ဝတ်ရုံများ လှုပ်ခါသွားပြီး သူ့လည်ပင်းပေါ်ရှိ ရွှေရောင်မိစ္ဆာသားရဲ အမှတ်အသားများနှင့် ရင်ဘတ်ပေါ်တွင် အထပ်ထပ်စည်းထားရသည့် ပတ်တီးများကလည်း အထင်းသား ပေါ်လာခဲ့ပါသည်။

အရှိန်အဟုန်ဖြင့် ပျံသန်းလာခဲ့ခြင်းကြောင့် သူ့ဒဏ်ရာများ ပြန်ပွင့်သွားပြီး ပက်တီးထဲမှ သွေးများ စိမ့်ထွက်လာသည်။

လောလော၊ လျို့လန်နှင့် ငှက်ပေါက်လေးတို့ကလည်း ကမ်းပေါ်တွင် စောင့်နေကြဆဲပင်။

ဟမ်ယဲ့ ရုတ်တရက်ရောက်လာသောအခါ သူတို့ အလွန်အံ့အားသင့်သွားခဲ့ကြသည်။ ဟမ်ယဲ့၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အမှတ်အသားများကို မြင်သောအခါ လောလော မျက်လုံးများ ပြူးကျယ်သွားပါသည်။

လောလော၏ အမူအရာကို ဟမ်ယဲ့ သတိထားမိပုံမပေါ်ဘဲ ပတ်ဝန်းကျင်ကို အမြန်ရှာဖွေလိုက်ပြီး ယန်ရုန်ရုန့်ကို မမြင်ရသောအခါ စိုးရိမ်တကြီး မေးလိုက်သည်။

“ကျူးကျူး ဘယ်မှာလဲ!”

ဟမ်ယဲ့ ကလဲ့စားချေဖို့ ရောက်လာသည်အထင်နှင့် လျို့လန်မျက်နှာ ရှုံ့မဲ့သွားပြီး သတိဖြင့် ကြည့်လိုက်သည်။

“ကျုပ်မေမေကို ဘာလုပ်မလို့လဲ!”

ဟမ်ယဲ့ ကြက်သေသေသွားသည်။

‘ကျူးကျူးမှာ ဘယ်တုန်းက ဒီလောက်အကောင်ကြီးတဲ့ သားတစ်ယောက် ရှိသွားတာလဲ’

သို့သော် ထိုအတွေးကို အမြန်ဘေးဖယ်လိုက်သည်။ ယခုအချိန်မှာ ကျူးကျူး ဘေးကင်းဖို့က နံပါတ်တစ်အရေးကြီးဆုံးပင်။

“အဲ့ဒီရေကန်ထဲမှာ ကျိန်စာသားရဲတစ်ကောင်ကို ချိပ်ပိတ်ထားတာ၊ အန္တရာယ်အရမ်းများတယ်၊ ကျူးကျူးကို ပြန်ခေါ်ပြီး ဒီနေရာက ချက်ချင်းထွက်သွားကြစမ်း!”

ဟမ်ယဲ့ပုံစံက အမှန်တကယ် စိတ်သောကရောက်နေပုံပေါ်ပြီး ဒီလိုအရာမျိုးကို လိမ်ညာစရာအကြောင်းလည်း မရှိသဖြင့် လောလော မျက်နှာပျက်သွားခဲ့သည်။

“သခင်မ ရေကန်ထဲ ဆင်းသွားတာ တော်တော်ကြာနေပြီ”

ဟမ်ယဲ့မျက်နှာ ချက်ချင်းဆိုသလို အကျည်းတန်သွားခဲ့သည်။ တောက်ပနေသည့် ရေကန်မျက်နှာပြင်ကို သူလှည့်ကြည့်လိုက်သည်။

ရုတ်တရက်ကြည့်လိုက်လျှင် ကျောက်ပြာရေကန်က အလွန်တည်ငြိမ်အေးချမ်းမည့်ပုံစံ ပေါက်သည်။

“အဲ့ဒီအောက်မှာ ဘယ်လိုသားရဲမျိုးကို ချိပ်ပိတ်ထားလို့လဲ”

လောလောက မေးသည်။

ဟမ်ယဲ့ ပြန်မဖြေနိုင်ခင်မှာပင် တစ်စုံတစ်ယောက်က ကိုယ်စား ပြန်ဖြေပေးလိုက်ပါသည်။

“ထောင်ဝူသားရဲပဲ”

အသံလာရာဘက်သို့ အားလုံးလှည့်ကြည့်လိုက်ကြသည်။

သူတို့ထံသို့ မိစ္ဆာကျင့်ကြံသူ ဆယ်ဂဏန်းလောက် ပျံသန်းလာနေသည်ကို မြင်လိုက်ရပါသည်။ ခေါင်းဆောင်ဖြစ်သူက အနက်ရောင်ငှက်မွေးများထိုးထားသည့် အဖြူရောင် လက်ကျယ်ဝတ်ရုံတစ်ခုကို ဝတ်ဆင်ထားသည်။

သူ့အနက်ရောင် ဆံနွယ်များကို ရိုးရိုးရှင်းရှင်း သစ်သားဆံထိုးတစ်ချောင်းဖြင့် ထုံးထားပြီး အဖြူရောင် ဆံချည်မျှင်နှစ်မျှင်က မျက်ခုံးပေါ် ဖြာကျနေသည်။ သူ့ပုံစံက တည်ငြိမ်အေး ဆေးပြီး ကျက်သရေရှိကာ ဉာဏ်ပညာကြွယ်ဝမည့် ပုံစံမျိုးပင်။

ထိုလူ မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး သူ့လက်များကို ရင်ဘတ်နားအထိ မြှောက်ကာ ဟမ်ယဲ့အား ဂါဝရ ပြုလိုက်ပါသည်။

“အရှင်မင်းကြီးကို ဂါဝရပြုပါတယ်”

အနောက်မှ နတ်ဆိုးကျင့်ကြံသူများလည်း ထိုနည်းလည်း ကောင်း ဂါဝရပြုလိုက်ကြပါသည်။

ဟမ်ယဲ့က မျက်မှောင်ကြုတ်ကာ ခေါင်းဆောင်ဖြစ်သူကို မေးလိုက်သည်။

“အကြီးအကဲဟယ့် ဒီကို ဘာလာလုပ်တာလဲ”

ထိုလူက ဟယ့်ပျယ်ချင်းဟု အမည်ရပြီး မိစ္ဆာသားရဲမျိုးနွယ်စု အကြီးအကဲကြီးလေးဦး၏ ခေါင်းဆောင်လည်းဖြစ်သည်။

ဟယ့်ပျယ်ချင်းက နူးညံ့သိမ်မွေ့စွာ ရှင်းပြလိုက်ပါသည်။

“အရှင်မင်းကြီး ဒဏ်ရာအပြင်းအထန်ရထားတယ်လို့ ကြားမိလို့ပါ၊ ကျုပ်တို့ မိစ္ဆာနန်းတော်ဆီ သွားခဲ့ပေမယ့် ကျောက်ပြာရေကန်ဆီ အရှင်ထွက်သွားတယ်လို့ ပြောကြလို့ ကျုပ်တို့ လိုက်လာခဲ့တာ”

သူ့နောက်ရှိ မိစ္ဆာတစ်ကောင်က ဝင်ပြောလိုက်သည်။

“အရှင့်ကို လူသားမိန်းမတစ်ယောက်က အန္တရာယ်ပြုဖို့ ကြိုးစားခဲ့တာလို့ကြားမိတယ်၊ သူဘယ်မှာလဲ၊ အဲ့ဒီမိန်းမကို သတ်ပစ်ပြီး အရှင့်အတွက် ကလဲ့စားချေပေးပါရစေ!”

ဟမ်ယဲ့ မျက်နှာမှောင်မိုက်သွားပြီး သူ့ရွှေရောင်မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။

“အဓိပ္ပာယ်မရှိတာတွေ ရပ်စမ်း! ငါကျင့်ကြံနေရင်း မတော် တဆ ထိခိုက်ဒဏ်ရာရခဲ့တာ၊ ဘယ်သူ့ကြောင့်မှ မဟုတ်ဘူးကွ!”

မိစ္ဆာကျင့်ကြံသူက ငြင်းခုံချင်သော်လည်း ဟမ်ယဲ့၏ကြမ်း ကြုတ်သော အကြည့်တစ်ချက်ကြောင့် ပါးစပ်ပိတ်သွားရသည်။

ဟယ့်ပျယ်ချင်းက စွမ်းအားကြီးမားရုံတင်မကဘဲ ဆေးပညာ၊ အဂ္ဂိရတ်ပညာ၊ အစီအရင်ပညာနှင့် အဆောင်စက္ကူပညာများ အစရှိသဖြင့် အတတ်ပညာပေါင်းစုံကိုလည်း ကျွမ်းကျင်တတ်မြောက်ပါသည်။

ထို့ကြောင့် တစ်ချက်လောက်ကြည့်လိုက်ရုံနှင့် ဟမ်ယဲ့၏ ဒဏ်ရာက ဓားဒဏ်ရာဖြစ်မှန်း သူမြင်နိုင်သည်။ သို့သော် ဘာမှ ဆက်မမေးခဲ့တော့ဘဲ အကြံသာ ပြုခဲ့ပါသည်။

“အရှင့်ရဲ့ ဒဏ်ရာ မသက်သာသေးဘူး၊ ကျုပ်ကို ကုသပေးခွင့်ပြုပါ”

“မလိုဘူး”

ဟမ်ယဲ့ ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သည်။

“ငါအခုမအားဘူး၊ မင်းတို့အားလုံး ပြန်ကြတော့”

ဟယ့်ပျယ်ချင်းက ရေကန်ကို လှမ်းကြည့်လိုက်ပါသည်။

“သခင်မလေးကျူးကျူးကို အရှင်ရှာနေတာလား”

“အဲ့တာ မင်းကိစ္စမဟုတ်ဘူး”

‘ကျူးကျူး’ ပြန်ရောက်လာသည်ဟူသော ကောလဟာလများကို ဟယ့်ပျယ်ချင်း ကြားခဲ့ရပါသည်။ စောနက ဟမ်ယဲ့နှင့် လောလောတို့၏ စကားများကိုလည်း ကြားခဲ့ရသဖြင့် အခြေအနေကို ကောင်းကောင်း နားလည်နေသည်။

ထို့ကြောင့် ဟယ့်ပျယ်ချင်း သတိပေးလိုက်ပါသည်။

“အဲ့ဒီထောင်ဝူသားရဲကို ဒီရေကန်အောက်မှာ ချုပ်ပိတ် ချုပ်နှောင်နိုင်ဖို့အတွက် နှောင်းဘုရင်ကြီးက သူ့အသက်ကိုတောင် စတေးခဲ့ရတာ၊ သူ နတ်ရွာမစံခင် ကျောက်ပြာရေကန်နားကို ဘယ်တော့မှ မကပ်ဖို့သတိပေးသွားခဲ့တယ်၊ အဲ့တာကို အရှင်မေ့သွားတာတော့ မဟုတ်ပါဘူးနော်”

ကျူးကျူးအတွက် ဟမ်ယဲ့ စိတ်သောက ရောက်နေပါသည်။ ထို့ကြောင့် ဟယ့်ပျယ်ချင်းနှင့် စကားနိုင်လုဖို့ စိတ်မရှည်လှပေ။

“ငါ ဘာလုပ်နေလဲ ငါသိတယ်၊ မင်းဘေးဖယ်နေ!”

ထို့နောက် ဟမ်ယဲ့ လေထဲသို့ ခုန်တက်သွားပြီး သားရဲအသွင်ပြောင်းကာ ရေကန်ထဲ ခုန်ချသွားခဲ့ပါသည်။

မိစ္ဆာကျင့်ကြံသူများက သူတို့ဘုရင်ကို အော်တားနေကြသည်။ ဟယ့်ပျယ်ချင်း မျက်နှာပျက်သွားသော်လည်း ရေကန်အစွန်းတွင် သူရပ်တန့်သွားခဲ့ပါသည်။

“ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ အကြီးအကဲဟယ့်”

မိစ္ဆာကျင့်ကြံသူများက စိတ်ပူပန်စွာ မေးလိုက်သည်။

“အရှင်မင်းကြီး ဘေးကင်းပါ့မလား၊ ကျုပ်တို့ လိုက်သွားပြီး ကာကွယ်ပေးသင့်လား”

ဟမ့်ပျယ်ချင်း ညာဘက်လက်ကို မြှောက်လိုက်ရာ မိစ္ဆာများ တိတ်ဆိတ်သွားကြသည်။

သူတည်တည်ငြိမ်ငြိမ် အမိန့်ပေးလိုက်ပါသည်။

“မလောကြနဲ့ဦး၊ ခဏစောင့်”

သူဘာတွေ စောင့်နေသလဲ မိစ္ဆာကျင့်ကြံသူများ နားမလည်ကြပေ။ သို့သော် အဖြေကို ခပ်မြန်မြန်ပဲရလိုက်ပါသည်။

ရေမျက်နှာပြင်ပေါ် လှိုင်းများထလာပြီး ဗွမ်းခနဲမြည်သံနှင့်အတူ ဟမ်ယဲ့ ပြန်ထွက်လာခဲ့သည်။ ကမ်းပေါ် ပြန်တက်လာပြီးနောက် သူ့သားမွေးပေါ်ရှိ ရေများကို ခါထုတ်ပစ်လိုက်ပါသည်။

လောလောက ဦးစွာ မေးလိုက်သည်။

“အောက်မှာ အခြေအနေဘယ်လိုရှိလဲ၊ သခင်မကို ရှာတွေ့ခဲ့လား”

ဟမ်ယဲ့က သားရဲအသွင်အဖြစ် ရှိနေဆဲပင်။ သူ့မျက်နှာကို ထူထဲသည့် ရွှေရောင်သားမွေးများက ဖုံးအုပ်ထားသော် လည်း သူ့စိတ်ဖိစီးမှုကို လောလော အာရုံခံနိုင်ပါသည်။

ဟမ်ယဲ့ ခြောက်ကပ်စွာ ပြောလိုက်သည်။

“ရေကန်ထဲမှာ အစီအရင်တစ်ခုရှိနေတယ်၊ အကာအရံတစ်ခုကြောင့် ငါ့အောက်ဆုံးထိ မဆင်းနိုင်ခဲ့ဘူး၊ ကျူးကျူးကိုလည်း မတွေ့ခဲ့ရဘူး၊ အဲ့ဒီအစီအရင်ကြောင့် ကျူးကျူး ရေကန်အောက်ခြေမှာ ပိတ်မိနေတာ ဖြစ်နိုင်တယ်”

လောလော၊ လျို့လန်နှင့် ငှက်ပေါက်လေးတို့ ချက်ချင်း စိတ်ချောက်ချားသွားခဲ့ကြသည်။

သို့သော်လည်း ဟယ့်ပျယ်ချင်းကတော့ တည်ငြိမ်နေဆဲပင်။ ဒီလိုဖြစ်လာမည်ကို မျှော်လင့်ထားပြီးသားဖြစ်သဖြင့် အခြားမိစ္ဆာများကို ရေထဲမဆင်းဖို့ တားမြစ်ခဲ့ခြင်းဖြစ်သည်။

မိစ္ဆာဘုရင် ရေကန်ထဲမှ ပြန်တက်လာရမည်ဖြစ်မှန်း သူသိနေပါသည်။

ဟယ့်ပျယ်ချင်း ရှင်းပြလိုက်သည်။

“အပြင်လူတွေ ဝင်မလာအောင်နဲ့ သားရဲကြီးရဲ့ရန်ကနေကာကွယ်ပေးဖို့ နှောင်းဘုရင်ကိုယ်တိုင် ခင်းကျင်းခဲ့တဲ့ အစီအရင်ဖြစ်နိုင်တယ်”

All Chapters