အခန်း (၈၃-၈၄)
Vol. 9 Ch. 83-84
အခန်း (၈၃) - နောက်ထပ် ဘာသင်ပေးရမလဲ
ယခုအချိန်တွင် နယူးဗွိုင်းယေ့ဂျ် ရုံးချုပ်အဆောက်အအုံ၏ ထောင့်တိုင်း၌ ပျော်ရွှင်စရာ အငွေ့အသက်များ ပြည့်နှက်နေပါသည်။
အသင်းဝင်များ အလုံးအရင်းနှင့် ဝင်ရောက်လာကြသဖြင့် ဝင်ငွေမှာ ယွမ်သန်း ၆၀ အထိ မြင့်တက်သွားခဲ့သည်။ ဝန်ထမ်းများ၏ လစာနှင့် ဆုကြေးငွေများမှာ နှစ်ဆတိုးသွားရုံသာမက စားသောက်ဖွယ်ရာများနှင့် အချိုရည်များကိုလည်း စိတ်ကြိုက် စားသုံးနိုင်ရန် စီစဉ်ပေးထားပါသည်။
ထိုအချိန်တွင် ကျောင်းအုပ်ကြီးရှန်သည် တံခါးကို တွန်းဖွင့်ဝင်လာပြီး ဝန်ထမ်းများ၏ ပျော်ရွှင်နေသော မျက်နှာများကို မြင်တွေ့လိုက်ရသည်။ သူမသည် သူတို့ကို တစ်လှည့်၊ မိမိကိုယ်ကိုယ်တစ်လှည့် ကြည့်လိုက်ပြီးနောက် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိပါသည်။
ပျော်ရွှင်စရာ အငွေ့အသက်များကြားတွင် သူမ တစ်ဦးတည်းသာ ရှုံးနိမ့်သွားသော ကြက်ဖကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူမ၏ နဖူးပေါ်တွင် နာကျည်းချက်များဟု စာရေးထားသကဲ့သို့ပင်။
"ငါ့မှာ ပိုက်ဆံတွေက အပိုတွေပါ ... ငါတကယ်ပဲ ပိုက်ဆံရှာချင်တာ မဟုတ်ပါဘူး"
"နောက်ထပ်သင်မယ့် ကျင့်စဉ်ကျရင်တော့ ပိုပြီး သတိထားရမယ် ... သင်တန်းကြီးကို တစ်ဝက်တစ်ပျက်နဲ့ ထွက်မပြေးတော့ဘူး"
"စူးချီဆိုတဲ့ လူလိမ်လေးကတော့ တကယ်ကို လွန်လွန်းတယ်"
ဤသည်မှာ သူမ၏ ခါးသီးသော အတွေ့အကြုံများမှ ရရှိလာသည့် သင်ခန်းစာပင် ဖြစ်သည်။ အကယ်၍ သူမသာ မိုးကြိုးငါးသွယ် တရားကျင့်စဉ် သင်တန်းကို တစ်ဝက်တစ်ပျက်နှင့် ထွက်မပြေးခဲ့ပါက ဤမျှကြီးမားသော နားလည်မှုလွဲမှားခြင်းမျိုး ရှိလာမည် မဟုတ်ပေ။ သူမအနေဖြင့် လူကြားထဲတွင် ရှက်ရရုံသာမက ကျင့်စဉ်ပြန့်နှံ့မှု အခြေအနေကိုလည်း မှားယွင်းစွာ တွက်ချက်မိခဲ့သည်။ နောက်တစ်ကြိမ်တွင်မူ သင်ခန်းစာကို အဆုံးအထိ သင်ယူရန် သူမ ဆုံးဖြတ်လိုက်ပါသည်။
ထိုအချိန်တွင် ပဓာနဆရာကြီးရုံးခန်းအတွင်း၌မူ စိတ်ပျက်နေသော ကျောင်းအုပ်ကြီးနှင့်မတူဘဲ စူးချီမှာ သီချင်းတစ်အေးအေးနှင့် ပျော်ရွှင်နေပါသည်။ သူ၏ စားပွဲပေါ်တွင်လည်း စားသောက်ဖွယ်ရာများနှင့် အချိုရည်များ ပြည့်နှက်နေသည်။
သင်ကြားမှုဆိုင်ရာ ရမှတ်တွက်ချက်ချိန် ရောက်ရှိလာပြီဖြစ်ရာ စနစ်မျက်နှာပြင်ပေါ်မှ ကိန်းဂဏန်းများမှာ အလွန်ပင် စိတ်ကျေနပ်စရာ ကောင်းလှပါသည်။
"လက်ရှိ ဆရာကောင်းရမှတ် - ၃,၅၆၄,၄၂၁"
"လက်ရှိ သင်ကြားနေသော ကျင့်စဉ် - မိုးကြိုးငါးသွယ် တရားကျင့်စဉ်"
"ကျင့်စဉ် တတ်မြောက်မှု အခြေအနေ - ၁၅၁,၆၄၆ / ၁,၁၁၀,၈၇၁"
ဤသည်မှာ နောက်ဆုံးရလဒ်ပင် ဖြစ်ပါသည်။ လူပေါင်း တစ်သန်းတစ်သိန်းခန့်က မိုးကြိုးငါးသွယ် တရားကျင့်စဉ်ကို သင်ယူရန် ကြိုးစားခဲ့ကြသော်လည်း တစ်သိန်းငါးသောင်းခန့်သာ တတ်မြောက်ခဲ့ကြသည်။
စူးချီသည် နယူးဗွိုင်းယေ့ဂျ် အွန်လိုင်းစနစ်မှတစ်ဆင့် ကျောင်းသားများကို လေ့လာကြည့်ရာ ကျောင်းသား တစ်သိန်းလေးသောင်းခန့်မှာ ကျင့်စဉ်ကို တတ်မြောက်သွားကြသည်ကို တွေ့ရသည်။ ဆိုလိုသည်မှာ ကျောင်းသားများ၏ တတ်မြောက်မှုနှုန်းမှာ လေးဆယ်ရာခိုင်နှုန်း ရှိသည်။ အခြားတစ်ဖက်တွင်မူ ထန်မိသားစု၏ တိုင်ကြားမှုကြောင့် ဗီဒီယိုများ ဖြုတ်ချခံရပြီးနောက် ခိုးကူးဗီဒီယိုများမှတစ်ဆင့် သင်ယူသူများ၏ တတ်မြောက်မှုနှုန်းမှာမူ တစ် ဒသမ ၃ ရာခိုင်နှုန်းခန့်သာ ရှိသည်။
ဤသည်မှာ ကျင့်စဉ်လျင်မြန်စွာ အောင်မြင်စေသောကတ်ကြောင့် တတ်မြောက်မှုနှုန်းမှာ ၃၁ ဆခန့် ပိုမိုမြင့်မားသွားခြင်း ဖြစ်ကြောင်း သက်သေပြနေပါသည်။ အကယ်၍သာ ထိုခိုးကူးဗီဒီယို ကြည့်သူများအားလုံး နယူးဗွိုင်းယေ့ဂျ် အွန်လိုင်းစနစ်တွင် သင်ယူခဲ့ကြပါက သူ၏ ဆရာကောင်းရမှတ်မှာ နောက်ထပ် တစ်သန်းခန့် ပိုမိုရရှိနိုင်ပေလိမ့်မည်။
"ဒီတစ်ခါတော့ ရှစ်ပုံလောက် ကျေနပ်ပါတယ်" ဟု စူးချီက ရေရွတ်မိသည်။
ရှစ်ပုံလောက် ကျေနပ်သည်ဆိုသဖြင့် နှစ်ပုံလောက်တော့ လိုအပ်ချက်များ ရှိနေသေးသည်။ ပထမအချက်မှာ သင်ယူမှုမြှင့်တင်ပေးသည့် ကတ်ကို အကျိုးရှိရှိ အသုံးမချနိုင်ခဲ့ခြင်း ဖြစ်သည်။ ကျောင်းသား အမြောက်အမြားမှာ ကတ်နှင့်ချိတ်ဆက်ထားသော စနစ်တွင် မသင်ယူခဲ့ကြသဖြင့် တတ်မြောက်သူဦးရေမှာ သူထင်ထားသလောက် မရှိခဲ့ပေ။
"ငါသာ အစကတည်းက သူတို့ကို သေချာလမ်းညွှန်နိုင်ခဲ့ရင် ဒါမှမဟုတ် တခြားစနစ်တွေကို ခဏလောက် ပိတ်ထားခဲ့ရင် ဆရာကောင်းရမှတ်တွေ ဒီထက်အများကြီး ပိုရမှာပဲ ... နှမြောစရာကောင်းလိုက်တာ"
ဒုတိယ အားနည်းချက်မှာ ကျင့်စဉ်၏ ခက်ခဲမှုကို သူမှားယွင်းတွက်ချက်မိခြင်း ဖြစ်သည်။ အရှိန်မြှင့်တင်ပေးသည့် ကတ်ကို အသုံးပြုထားသော်လည်း စစ်သည်နှစ်သိန်းထဲမှ အားလုံးမှာ တတ်မြောက်ခြင်း မရှိကြချေ။ ဤသည်မှာ မိုးကြိုးငါးသွယ် တရားကျင့်စဉ်မှာ အခြေခံသင်ယူရန်ပင် အတော်လေး ခက်ခဲနေသေးကြောင်း ဖော်ပြနေသည်။
သို့သော် ယခုအချိန်တွင် စူးချီသည် နောက်ထပ် ဘာသင်ရမည်ကို မစဉ်းစားသေးပေ။ သူသည် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရပြီးမှ ယခုကဲ့သို့ အဆင်ပြေလာခြင်းဖြစ်ရာ ခေတ္တမျှ အနားယူအပန်းဖြေလိုစိတ် ရှိနေသည်။ သူသည် ကျင့်စဉ်များစွာကို သင်ကြားပေးခဲ့ပြီး ဆရာကောင်းရမှတ် မြောက်မြားစွာ ရရှိထားပြီဖြစ်ရာ မိမိကိုယ်ပိုင် ကျင့်ကြံမှုလမ်းစဉ်ကို စတင်ရန် အချိန်တန်ပြီဟု ယူဆလိုက်သည်။
"ငါလည်း ချမ်းသာပြီဆိုတော့ ဘာသင်ယူရင် ကောင်းမလဲ"
"ငါက ဘယ်ကိုယ်ခံပညာကိုမဆို မြန်မြန်တတ်နိုင်တာဆိုတော့ ဘတ်ကျိုရွှမ်းကုန်း လိုမျိုး ကျင့်စဉ်ကို သင်လိုက်ရင် ခန္ဓာကိုယ်က နတ်ဘုရားလို ဖြစ်သွားမှာပဲ"
စူးချီအတွက်မူ အွန်လိုင်းသင်တန်းများ သင်ကြားပေးခြင်းမှာ စနစ်က ပေးအပ်သည့် ဉာဏ်အလင်းများကို ရရှိရန်အတွက် နည်းလမ်းတစ်ခုသာ ဖြစ်သည်။ လူအများ၏ ဆရာအဖြစ် ရပ်တည်ကာ ထာဝရရှင်သန်နိုင်မည့် လမ်းစဉ်ကို ရရှိရန်မှာ သူ၏ ရည်မှန်းချက်ပင် ဖြစ်သည်။ ထို့ကြောင့် သူ၏ ဆရာကောင်းရမှတ်များ လုံလောက်လာသောအခါ ထာဝရရှင်သန်ခြင်း လမ်းစဉ်အတွက် စတင်စီစဉ်တော့သည်။
"ဘယ်လိုမျိုး စွမ်းအားကြီးတဲ့ ကျင့်စဉ်ကို သင်ယူရမလဲ"
စူးချီသည် ထိပ်တန်းကျင့်စဉ်အချို့ကို လိုက်လံကြည့်ရှုလိုက်သည်။
ဘတ်ကျိုရွှမ်းကုန်း - ????????
နေမင်းမီးတောက် ကျင့်စဉ် - ????????
ထိပ်တန်းကျင့်စဉ်များမှာ မြူနှင်းများ ဖုံးလွှမ်းနေသကဲ့သို့ ဖြစ်နေသည်။ ပုံမှန်အားဖြင့် စနစ်ထဲတွင် ကျင့်စဉ်တစ်ခု၏ ပထမသုံးမျက်နှာကို ဖတ်ရှုခွင့်ရှိသော်လည်း ဤထိပ်တန်းကျင့်စဉ်များမှာမူ အမည်ကိုသာ မြင်တွေ့ရပြီး အသေးစိတ်အချက်အလက်များကို မသိရှိနိုင်ပေ။ လိုအပ်သည့် ဆရာကောင်းရမှတ်မှာလည်း မေးခွန်းသင်္ကေတများဖြင့်သာ ပြည့်နှက်နေသည်။
"စိတ်မရှိပါနဲ့ ... ငါက မင်းတို့နဲ့ မတန်သေးပါဘူး"
ထိပ်တန်းကျင့်စဉ်များမှာ သူ၏ အခြေအနေနှင့် ဝေးကွာလွန်းနေသေးသဖြင့် စူးချီသည် သူလဲလှယ်နိုင်မည့် ကျင့်စဉ်များကိုသာ ကြည့်လိုက်ရတော့သည်။
နတ်ဘုရားဓားဖြင့် မိုးကြိုးစေခိုင်းခြင်း ကျင့်စဉ် - အမှတ် တစ်သန်းနှစ်သိန်းကျော်
သမာဓိ မီးစစ် - အမှတ် တစ်သန်းရှစ်သိန်း
ဝိုင်နတ်ဘုရား မန္တန် - အမှတ် တစ်သန်းရှစ်သိန်းကျော်
နေမင်းမီးစစ် ကျင့်စဉ် - အမှတ် နှစ်သန်းခွဲ
ဝဇီရာခန္ဓာ ကျင့်စဉ် - အမှတ် သုံးသန်း
‘တောက် ... ငါကိုယ်ငါ ချမ်းသာပြီ ထင်နေတာ တကယ်တော့ ဆင်းရဲသားလေးပဲ ရှိသေးတာပဲ။
နတ်ဘုရားအဆင့်သို့ မရောက်နိုင်သေးသော ကျင့်စဉ်များပင်လျှင် ဆရာကောင်းရမှတ် သန်းနှင့်ချီ၍ လိုအပ်နေသည်။ ထိုကိန်းဂဏန်းများကို ကြည့်ကာ စူးချီသည် ချက်ချင်း အောင်မြင်လိုသည့် စိတ်ကူးကို လက်လျှော့လိုက်ရတော့သည်။
သူသည် သင်ကြားမှုများကို ဆက်လက်လုပ်ဆောင်ရန် လိုအပ်နေသေးသည်။ ထို့ကြောင့် နောက်ထပ်သင်ကြားမည့် ကျင့်စဉ်မှာ အခြေခံသင်ယူရန် လွယ်ကူသော်လည်း စွမ်းအားကြီးမားသည့် ကျင့်စဉ်မျိုး ဖြစ်ရန် လိုအပ်သည်။
"နောက်ထပ် ဘာသင်ရင် ရမှတ်တွေ အများကြီး ရနိုင်မလဲ"
စူးချီသည် အလေးအနက် စဉ်းစားနေမိသည်။ ဘာလုပ်ရမှန်းမသိ ဖြစ်နေချိန်တွင် မိုးကြိုးငါးသွယ် တရားကျင့်စဉ်ကို သူ သတိရသွားသည်။
"ဒီတစ်ခါ ဘာလို့ လူတွေအများကြီးက ဒီကျင့်စဉ်ကို သင်ချင်ကြတာလဲ"
"ဟုတ်သားပဲ ... ဒါကို တတ်ရင် ပိုက်ဆံရှာလို့ ရတာကိုး"
စူးချီ၏ မျက်လုံးများ တောက်ပလာသည်။ လူတစ်ယောက်ကို တစ်ခုခု သင်ယူလာအောင် ဆွဲဆောင်ရန်မှာ မလွယ်ကူလှပေ။ ပညာရေးနယ်ပယ်တွင် အကြီးမားဆုံး ပြဿနာမှာ သင်ယူလိုစိတ် ရှိလာအောင် လုပ်ဆောင်ရန်ပင် ဖြစ်သည်။
သို့သော် သင်ယူလိုက်ခြင်းဖြင့် ငွေရနိုင်မည်ဆိုပါက အခြေအနေမှာ လုံးဝ ပြောင်းလဲသွားမည် ဖြစ်သည်။ လူအများ သင်ယူလိုစိတ် ရှိလာစေရန်နှင့် သူကိုယ်တိုင်လည်း ရမှတ်များစွာ ရရှိစေရန်အတွက် ငွေရှာနိုင်မည့် ကျင့်စဉ်မျိုးကို သူ ရှာဖွေရမည် ဖြစ်သည်။
"ဘယ်လိုကျင့်စဉ်မျိုးက အချိန်တိုအတွင်း ငွေရှာနိုင်မလဲ"
စူးချီသည် အင်တာနက်ပေါ်မှ သတင်းများကို လိုက်လံရှာဖွေကြည့်လိုက်သည်။ ရုတ်တရက် သတင်းဟောင်းအချို့က စူးချီ၏ အာရုံကို ဖမ်းစားသွားတော့သည်။
"ကျောက်တောင်ရှိ မီးဓာတ်သားရဲများကြောင့် မြို့တစ်ဝက်ခန့် ပျက်စီးသွားရပြီး မီးကို ထိန်းချုပ်နိုင်သူများကို အရေးတကြီး အလိုရှိနေခြင်း"
"မီးနတ်ဆိုး ဆာမေးလ် ကြောင့် ဒေသခံ ထောင်နှင့်ချီ၍ ထွက်ပြေးနေရပြီး ထိုသားရဲကို နှိမ်နင်းနိုင်မည့် ကျင့်ကြံသူများကို အလိုရှိနေခြင်း"
"မီးအဆိပ်ကြောင့် အဆုတ်ဝေဒနာ ခံစားနေရသူများကို ကုသပေးနိုင်မည့် ကိုယ်ခံပညာရှင်များကို ဆေးဘက်ဆိုင်ရာမှ အရေးတကြီး အလိုရှိနေခြင်း"
မီး ဟုတ်လား။ မီးအဆိပ်နဲ့ မီးဓာတ်သားရဲတွေ။
"ဒါဟာ အစိုးရအတွက် တကယ့်ကို ခေါင်းခဲစရာ ပြဿနာတစ်ခု ဖြစ်နေပုံရတယ်"
စူးချီသည် စစ်သည်အမြောက်အမြားမှာ မီးအဆိပ်ကြောင့် အဆုတ်ဒဏ်ရာရကာ တိုက်ခိုက်ရေးစွမ်းရည် ကျဆင်းနေရသည်ကို သိရှိထားသည်။ ထို့အပြင် ဤကမ္ဘာတွင် မီးအဆိပ်ကို ဖယ်ရှားပေးနိုင်မည့် နည်းလမ်းလည်း မရှိသေးပေ။ ကမ္ဘာအနှံ့တွင်လည်း မီးဓာတ်သားရဲများမှာ သောင်းကျန်းနေကြသည်။
မီးကို ထိန်းချုပ်နိုင်မည့် သို့မဟုတ် မီးကို မကြောက်မရွံ့ ရင်ဆိုင်နိုင်မည့် ကျင့်စဉ်များမှာ အလွန်ပင် လိုအပ်နေသည်။ အကယ်၍ ထိုကျင့်စဉ်ကို တတ်မြောက်ပါက အစိုးရနှင့် အဖွဲ့အစည်းများက ထိုသူများကို အပြိုင်အဆိုင် ခေါ်ယူကြမည်မှာ သေချာသည်။
"ကမ္ဘာပေါ်မှာ မီးကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတွေ လိုအပ်နေတာပဲ"
"ဒါဆိုရင် အခုရှိနေတဲ့ မီးဓာတ်ကျင့်စဉ်တွေရဲ့ အခြေအနေက ဘယ်လိုရှိလဲ"
စူးချီသည် ဤကမ္ဘာရှိ ထိပ်တန်း မီးဓာတ်ကျင့်စဉ်များအကြောင်းကို စုံစမ်းကြည့်လိုက်သည်။ မကြာမီမှာပင် သက်ဆိုင်ရာ သတင်းတစ်ခုကို သူ တွေ့လိုက်ရသည်။
"ရှောင်မိသားစု၏ ရေနှင့်မီး နတ်ဘုရားကျင့်စဉ် ဗားရှင်း ၁၇ ဒသမ ၀ ထွက်ရှိတော့မည်ဖြစ်ပြီး ရှောင်မိသားစုသို့ ဝင်ရောက်နိုင်ရန် ဖိတ်ခေါ်ခြင်း"
ဤရေနှင့်မီး နတ်ဘုရားကျင့်စဉ်မှာ ဗားရှင်းတွေ အများကြီး ရှိနေသေးတာလား။ စူးချီသည် ဤကျင့်စဉ်အကြောင်းကို အနည်းငယ် သိရှိထားသည်။ ယခင်က ကမ္ဘာပေါ်တွင် ကောင်းမွန်သော မီးဓာတ်ကျင့်စဉ်များ မရှိခဲ့စဉ်က ရှောင်မိသားစု၏ ဤကျင့်စဉ်မှာ အလွန်ပင် ကျော်ကြားခဲ့သည်။ ၎င်းသည် မီးကို ထိန်းချုပ်နိုင်ရုံသာမက ရေနှင့်မီးကိုပါ အပြန်အလှန် ပြောင်းလဲနိုင်စွမ်း ရှိသည်။
သို့သော် အားနည်းချက်မှာလည်း အလွန်ပင် သိသာလှသည်။ သင်ယူရန် ခက်ခဲသလို စွမ်းအားမှာလည်း သာမန်သာ ရှိပြီး အချိန်ကြာမြင့်စွာ အသုံးမပြုနိုင်ချေ။ ထို့အပြင် ဤကျင့်စဉ်ကို သင်ယူရန်အတွက် ရှောင်မိသားစုသို့ ဝင်ရောက်ရမည် ဖြစ်သည်။ ရှောင်မိသားစုသည် ဤကျင့်စဉ်ကို အသုံးချကာ ပါရမီရှင်များကို စည်းရုံးပြီး အကျိုးအမြတ်များစွာ ရရှိနေခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ဗားရှင်း ၁၇ အထိ ရောက်ရှိလာသော်လည်း အားနည်းချက်များစွာ ရှိနေဆဲပင် ဖြစ်သည်။ ရှောင်မိသားစုသည် မီးဘေးအန္တရာယ်ကို ဖြေရှင်းရန်ထက် ဤကျင့်စဉ်ကို အသုံးချကာ မည်သို့ ငွေရှာရမည်ကိုသာ ပို၍ အာရုံစိုက်နေကြသည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။
ဤသတင်းများကို ဖတ်ပြီးနောက် စူးချီ၏ စိတ်ထဲတွင် အကြံတစ်ခု ရရှိသွားပြီ ဖြစ်သည်။ မီးကို ထိန်းချုပ်ရန်လား။ မီးကို ငြှိမ်းသတ်ရန်လား။ သို့မဟုတ် မီးကို မကြောက်ရန်လား။
"ဒီလမ်းကြောင်းကတော့ ဖြစ်နိုင်ခြေ ရှိတယ်၊ ဒါဆိုရင် ဘယ်လိုကျင့်စဉ်မျိုးကို ငါ ရွေးချယ်ရမလဲ"
အခန်း (၈၄) - လောင်မြိုက်ခြင်း
"နောက်ခြောက်လနေရင် နိုင်ငံတစ်ခုလုံးကို ပျက်သုဉ်းစေနိုင်တဲ့ သားရဲဒီရေတွေ ကျူးကျော်လာမယ်လို့ ပြောတာလား"
ဝူမြို့၊ ခေကျန့်လမ်းရှိ ရှောင်မိသားစုအဆောက်အအုံ၏ အကြီးအကဲဧည့်ခန်းအတွင်း၌ ဖြစ်သည်။
ရင်ဘတ်တွင် ဂုဏ်ထူးဆောင်တံဆိပ်များစွာ တပ်ဆင်ထားသော စစ်ဗိုလ်ချုပ်ကြီးတစ်ဦးသည် ရှောင်မိသားစုအကြီးအကဲနှင့်အတူ လက်ဖက်ရည်သောက်နေသည်။ ထိုစစ်ဗိုလ်ချုပ်ကြီးမှာ ဖြူဖွေးသောဆံပင်တိုများ၊ လေးထောင့်ကျကျမျက်နှာနှင့် မုတ်ဆိတ်ဗေဒါတို့ဖြင့် ကြည့်ရသည်မှာ အလွန်ပင် တည်ကြည်ခန့်ညားလှသည်။
သူမှာ အနောက်ပိုင်းကာကွယ်ရေးဇုန်၏ အမြင့်ဆုံးအရာရှိ တပ်မှူးချုပ် ကျန်းပေါ်လွန် ပင်ဖြစ်သည်။
ရှောင်မိသားစုအကြီးအကဲ ရှောင်လင်းက လက်ဖက်ရည်ကို အသာအယာတစ်ငုံသောက်လိုက်ပြီးနောက် "အခြေအနေကို အသေးစိတ်ပြောပြပေးပါဦး" ဟု ဆိုသည်။
တပ်မှူးချုပ်ကျန်းပေါ်လွန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး "ပထမဆုံးအနေနဲ့ မြောက်ပိုင်းချောက်နက် စူးစမ်းလေ့လာရေးတပ်ဖွဲ့က တစ်ခုခုကို ရှာဖွေတွေ့ရှိခဲ့တယ်၊ ချောက်နက်အဝင်ဝကနေ ကီလိုမီတာ ၁၄၀ လောက်အကွာမှာ မီးအဆိပ်ဖလံကောင်တွေ အုပ်စုလိုက်စုဝေးနေတာကို တွေ့ခဲ့ရတာပဲ၊ အဲဒီနောက်မှာတော့ ကာကွယ်ရေးဇုန်ငါးခုလုံးက စူးစမ်းလေ့လာရေးတပ်ဖွဲ့တွေ ပူးပေါင်းစစ်ဆေးပြီးတဲ့အခါမှာ တူညီတဲ့ကောက်ချက်တစ်ခု ထွက်လာခဲ့တယ်၊ နောက်ခြောက်လနေရင် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားမယ့် မီးအဆိပ်ဖလံကောင်တွေဟာ ချောက်နက်ကြီးထဲကနေ ထွက်ပေါ်လာပြီး သွေးနှင့်စွမ်းအင် မဟာတံတိုင်းကို ကျူးကျော်တိုက်ခိုက်တော့မှာပဲ၊ ဒါဟာ နိုင်ငံတစ်ခုလုံးကို ပျက်သုဉ်းစေနိုင်တဲ့ ချောက်နက်ကြီးရဲ့ မူမမှန်လှုပ်ရှားမှုတစ်ခု ဖြစ်လာလိမ့်မယ်" ဟု ရှင်းပြလိုက်သည်။
မီးအဆိပ်ဖလံကောင်များ ဖြစ်နေသလော။ နိုင်ငံပျက်သုဉ်းစေမည့် ဘေးအန္တရာယ်တစ်ခုပါတကား။
ရှောင်မိသားစုအကြီးအကဲ ရှောင်လင်း မျက်မှောင်ကြုတ်သွားသည်။
မဟာတံတိုင်းတွင် အခြေစိုက်ထားသော စစ်တပ်အတွက် အကြောက်ရဆုံးသော သားရဲအမျိုးအစား နှစ်မျိုးရှိသည်။ တစ်မျိုးမှာ ကိုယ်လုံးကိုယ်ထည် အလွန်တရာကြီးမားသော သားရဲကြီးများဖြစ်သည်။ ၎င်းတို့၏ ဖျက်ဆီးနိုင်စွမ်းမှာ ကြောက်မက်ဖွယ်ကောင်းလှသဖြင့် အမှားအယွင်းအနည်းငယ်ရှိရုံနှင့် မဟာတံတိုင်း၏ ခံစစ်ကျိုးပေါက်သွားနိုင်ပြီး ကြီးမားသော အသေအပျောက်များကို ဖြစ်ပေါ်စေတတ်သည်။
စစ်တပ်အတွက် ခေါင်းခဲရသော အခြားသားရဲတစ်မျိုးမှာမူ အလွန်သေးငယ်သော သားရဲအုပ်စုများဖြစ်သည်။ အထူးသဖြင့် ပျံသန်းနိုင်သည့် သားရဲငယ်လေးများဖြစ်သော မီးအဆိပ်ဖလံကောင်များ၊ အဆိပ်မြူနှံကောင်များနှင့် အသားစားပုရွက်ဆိတ်ပျံများပင် ဖြစ်သည်။
၎င်းတို့ကို အဘယ်ကြောင့် ကြောက်ရသနည်းဆိုသော် ၎င်းတို့ကို တိုက်ခိုက်နှိမ်နင်းရာတွင် ထိရောက်မှု အားနည်းသောကြောင့်ဖြစ်သည်။ နှံကောင်ဘေးအန္တရာယ်ကဲ့သို့ပင် ၎င်းတို့ကို အချိန်တိုအတွင်း အမြစ်ပြတ်အောင် လုပ်ဆောင်ရန်မှာ အလွန်ပင် ခက်ခဲလှသည်။
အစုလိုက်အပြုံလိုက် တိုက်ခိုက်နိုင်သော ကိုယ်ခံပညာများကို အသုံးပြုလျှင်ပင် အချို့မှာ လွတ်မြောက်သွားတတ်ကြသည်။ ထိုအခါ မဟာတံတိုင်းတွင် အပ်ပေါက်ရာခန့် အက်ကြောင်းလေးတစ်ခု ဖြစ်ပေါ်ရုံနှင့် ၎င်းတို့မှာ မြို့ပြများအတွင်းသို့ စိမ့်ဝင်ကာ ဖျက်ဆီးကြပေလိမ့်မည်။
ထိုသားရဲငယ်များထဲတွင် မီးနှင့် အဆိပ်ဓာတ်များမှာ အစက်ဆုပ်ဆုံးဖြစ်သည်။ မီးအဆိပ်ဖလံကောင်များ၏ မီးလျှံတွင် အဆိပ်ဓာတ်ပါဝင်နေသဖြင့် အသက်ရှူလမ်းကြောင်းနှင့် အဆုတ်ကို ပျက်စီးစေရုံသာမက ခန္ဓာကိုယ်တစ်ခုလုံးကိုပါ ဒုက္ခပေးနိုင်သည်။ အဆိပ်သင့်သွားသူများသည် အင်အားများ တဖြည်းဖြည်းကုန်ခမ်းသွားပြီး ကိုယ်ခံပညာရှင်များမှာလည်း တိုက်ခိုက်နိုင်စွမ်း လျော့နည်းသွားကာ သာမန်လူများမှာမူ အလုပ်ပင် မလုပ်နိုင်တော့ပေ။
တစ်ချိန်တည်းမှာပင် ထိုမီးဓာတ်သားရဲများကြောင့် တောမီးများနှင့် မြို့ပြမီးလောင်မှုများ ဖြစ်ပေါ်လာပြီး ပြည်သူများစွာမှာ ဒုက္ခပင်လယ်ဝေကြရပေလိမ့်မည်။
"တပ်မှူးချုပ်ကျန်း၊ အန္တရာယ်နီးနေပြီဆိုတာကို သိထားပြီးသားဆိုတော့ ဒီနေ့ ကျွန်တော့်ဆီ လာရတဲ့ ရည်ရွယ်ချက်က ဘာလဲ၊ ရှောင်မိသားစုဆီက ဘာကို မျှော်လင့်နေတာလဲ"
တပ်မှူးချုပ်ကျန်းပေါ်လွန်က ရိုးသားစွာပင် ဆိုသည်။ "ရှောင်မိသားစုရဲ့ ရေနှင့်မီး နတ်ဘုရားကျင့်စဉ် ဗားရှင်း ၁၇ ဒသမ ၀ ကို အများပြည်သူအတွက် ကြိုတင်ထုတ်ပြန်ပေးဖို့နဲ့ စစ်တပ်ကို သင်ကြားခွင့်ပေးဖို့ ကျွန်တော် မျှော်လင့်ပါတယ်"
ကိုယ်ခံပညာရပ်တစ်ခုကို တောင်းဆိုခြင်းပင် ဖြစ်သည်။ ၎င်းမှာ စစ်တပ်၏ အဓိကပန်းတိုင်လည်း ဖြစ်သည်။ လက်ရှိကမ္ဘာပေါ်ရှိ ကိုယ်ခံပညာအားလုံးထဲတွင် ရှောင်မိသားစု၏ ရေနှင့်မီး နတ်ဘုရားကျင့်စဉ်မှာ မီးအဆိပ်ကို နှိမ်နင်းရာတွင် အထိရောက်ဆုံးဖြစ်သည်။ သို့သော် ၎င်းကို သင်ယူရန်မှာ အလွန်ခက်ခဲလှသည်။
ယခင်က ဗားရှင်းများမှာ ကိုယ်တွင်းအင်္ဂါထဲမှ မီးအဆိပ်ကို ဖိနှိပ်ထားနိုင်ရုံသာ ရှိသော်လည်း မကြာသေးမီက ထွက်ပေါ်လာသော ဗားရှင်းသစ် ၁၇ ဒသမ ၀ မှာမူ တော်လှန်ပြောင်းလဲမှု နှစ်ခု ပါဝင်လာခဲ့သည်။ ပထမတစ်ခုမှာ သင်ယူရလွယ်ကူလာခြင်းဖြစ်ပြီး ဒုတိယတစ်ခုမှာမူ မီးဓာတ်စွမ်းအင်များကို စုပ်ယူကာ သွေးနှင့်စွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်ခြင်း ဖြစ်သည်။
ဤစွမ်းရည်သာရှိပါက မီးအဆိပ်ဖလံကောင်များသည် ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ဘဲ စစ်သည်များအတွက် ကျင့်ကြံမှုစွမ်းအင် အရင်းအမြစ်တစ်ခု ဖြစ်လာပေလိမ့်မည်။ ၎င်းမှာ မြို့ပြပျက်သုဉ်းမည့် အန္တရာယ်ကို ကျော်လွှားနိုင်ရုံသာမက စစ်သည်များ၏ အင်အားကိုလည်း တိုးတက်စေမည်ဖြစ်သည်။
သို့သော် ရှောင်မိသားစုမှာ ထိုကျင့်စဉ်ကို အလွန်ပင် လျှို့ဝှက်ထားသဖြင့် စစ်တပ်အနေဖြင့် ရရှိနိုင်မည့် နည်းလမ်းမရှိဘဲ ဖြစ်နေသည်။ လူသားမျိုးနွယ်၏ လုံခြုံရေးအတွက် ရှောင်မိသားစုအနေဖြင့် ဤကျင့်စဉ်ကို စစ်တပ်သို့ ပေးအပ်ရန် တပ်မှူးချုပ်က မျှော်လင့်နေခြင်း ဖြစ်သည်။
"စိတ်မရှိပါနဲ့၊ ရှောင်မိသားစုအနေနဲ့ ရေနှင့်မီး နတ်ဘုရားကျင့်စဉ် ဗားရှင်း ၁၇ ဒသမ ၀ ကို ကြိုတင်ထုတ်ပြန်ပေးဖို့ အစီအစဉ် မရှိပါဘူး"
ရှောင်မိသားစုက စစ်တပ်၏ တောင်းဆိုချက်ကို တည့်တည့်ပင် ငြင်းပယ်လိုက်သည်။ ရှောင်လင်းသည် စစ်တပ်၏ ကိုယ်ကျိုးစွန့် အနစ်နာခံမှုကို လေးစားသော်လည်း အကျိုးစီးပွားကိုမူ အထိခိုက်မခံနိုင်ပေ။ မီးအဆိပ်ဖလံကောင်များ သောင်းကျန်းလေလေ လူအများမှာ မီးအဆိပ်သင့်ကြလေလေ ဖြစ်ပြီး ထိုအခါမှသာ ရှောင်မိသားစု၏ သြဇာအာဏာမှာ ပိုမိုကြီးထွားလာမည် ဖြစ်သည်။
ထီးရောင်းသူကို မိုးရွာပေးနိုင်တဲ့ အခွင့်အာဏာ ပေးထားမယ်ဆိုရင် နေသာတဲ့နေ့တွေ ရှိလာပါဦးမလား။
တပ်မှူးချုပ်ကျန်းပေါ်လွန်က ပြုံးလိုက်ပြီး "အကယ်၍ ခင်ဗျားတို့ဘက်ကသာ ဒီကျင့်စဉ်ကို ထုတ်ပြန်ပေးမယ်ဆိုရင် စစ်တပ်ဘက်ကလည်း ပြန်လည်ပေးအပ်ဖို့"
သူ၏ စကားမဆုံးမီမှာပင် ရှောင်လင်းက ကြားဖြတ်ပြောလိုက်သည်။ "ဒီလိုလုပ်ရင် ဘယ်လိုလဲ၊ အကယ်၍ ခင်ဗျားတို့က စူးချီကို ရှောင်မိသားစုဝင်တစ်ယောက် ဖြစ်လာအောင် စီစဉ်ပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကျင့်စဉ်သစ်ကို စစ်တပ်ဆီ ချက်ချင်း ပေးအပ်ပါ့မယ်"
ဤသည်မှာ ရှောင်မိသားစု၏ တစ်ခုတည်းသော တောင်းဆိုချက်ဖြစ်သည်။ မကြာသေးမီက မိသားစုကြီးများသည် အမျိုးသမီးငယ်များကို အသုံးပြု၍ စူးချီကို ဆွဲဆောင်ရန် ကြိုးစားခဲ့ကြသော်လည်း မည်သူမျှ မအောင်မြင်ခဲ့ကြပေ။
စူးချီမှာ ကျောင်းနှင့် အဆောင်ကိုသာ ကူးချည်သန်းချည် လုပ်နေသူဖြစ်ပြီး လမ်းတွင် လဲကျနေသော အလှပဂေးများကိုပင် ကူညီခြင်းမပြုဘဲ ရဲကိုသာ အကြောင်းကြားတတ်သူ ဖြစ်သည်။ သူသည် အမျိုးသမီးများ၏ မြူဆွယ်မှုမှန်သမျှကို လျစ်လျူရှုထားနိုင်ခဲ့သည်။
စူးချီသည် မိမိကိုယ်ကိုယ် အကာအကွယ်ပေးရန်အတွက်သာ အမြဲတမ်း သတိရှိနေသူ ဖြစ်သည်။ ထို့ကြောင့် ရှောင်မိသားစုမှာ စူးချီကို ရရှိရန်အတွက် စစ်တပ်ကို အသုံးချကာ ဖိအားပေးလိုက်ခြင်း ဖြစ်သည်။
အကယ်၍ စစ်တပ်က သဘောတူပါက ရှောင်မိသားစုမှာ စူးချီကဲ့သို့ ပါရမီရှင်ကို ရရှိမည်ဖြစ်သည်။ အကယ်၍ သဘောမတူပါကလည်း စူးချီနှင့် စစ်တပ်အကြားတွင် ယုံကြည်မှုများ ပျက်ပြားသွားစေရန် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ စူးချီအနေဖြင့် မိမိအား အသုံးချခံရသည်ဟု သိရှိသွားပါက စစ်တပ်နှင့် အဖုအထစ်များ ဖြစ်ပေါ်လာမည်မှာ သေချာသည်။
ရှောင်မိသားစု၏ ကျင့်စဉ်ထက် သာလွန်သော ကိုယ်ခံပညာရပ်တစ်ခုကို စူးချီအနေဖြင့် အချိန်တိုအတွင်း ဖန်တီးနိုင်မည်လော။ မဖြစ်နိုင်ဟု သူတို့က ယူဆထားကြသည်။ မျိုးဆက်ပေါင်းများစွာ တည်ဆောက်ခဲ့သော သူတို့၏ကျင့်စဉ်ကို လူငယ်လေးတစ်ဦးက မည်သို့ယှဉ်နိုင်ပါမည်နည်း။
နောက်တစ်နေ့ ညနေ ၆ နာရီ။
နယူးဗွိုင်းယေ့ဂျ်၏ အစည်းအဝေးခန်းမအတွင်း၌ မီးများ လင်းထိန်နေသည်။ ပုံမှန်အားဖြင့် အလုပ်ဆင်းချိန်ရောက်လျှင် ချက်ချင်းပြန်တတ်သော ကျောင်းအုပ်ကြီးရှန်နှင့် စူးချီတို့မှာ ယခုအချိန်ထိ ရှိနေကြဆဲဖြစ်သည်။
သူတို့၏ မျက်နှာချင်းဆိုင်တွင် ဂုဏ်ထူးဆောင်တံဆိပ်များစွာနှင့် စစ်ဗိုလ်ချုပ်ကြီးတစ်ဦး ထိုင်နေသည်။ သူမှာ ဗဟိုကာကွယ်ရေးဇုန်၏ အမြင့်ဆုံးအရာရှိ တပ်မှူးချုပ် လီယီ ပင်ဖြစ်သည်။ သူ၏ ဘေးတွင်မူ စူးချီတို့၏ အသိဟောင်းဖြစ်သော ပညာရေးဌာန ညွှန်ကြားရေးမှူး ကျန်းလိချွမ်းလည်း ရှိနေသည်။
"မီးဓာတ်စွမ်းအင်တွေကို စုပ်ယူနိုင်ပြီး သင်ယူရလွယ်ကူတဲ့ ကျင့်စဉ်မျိုးကို ကျွန်တော့်ကို ဖန်တီးပေးစေချင်တာလား"
"မီးကို စုပ်ယူခြင်းအားဖြင့် အင်အားကို မြှင့်တင်နိုင်ရမယ်၊ အဲဒီလို မြန်မြန်ဆန်ဆန် အင်အားတက်လာတာကလည်း အခြေခံကို မထိခိုက်စေရဘူး၊ ပြီးတော့ အဲဒီကျင့်စဉ်ဟာ ရှောင်မိသားစုရဲ့ ရေနှင့်မီး နတ်ဘုရားကျင့်စဉ် ဗားရှင်း ၁၇ ဒသမ ၀ နဲ့ တန်းတူ ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေပေါ့"
စူးချီသည် သူတို့၏ တောင်းဆိုချက်များကို နားထောင်ရင်း သူ၏ ဆရာကောင်းရမှတ်များ အများဆုံးရရှိနိုင်မည့် နည်းလမ်းကိုလည်း တစ်ပြိုင်တည်း စဉ်းစားနေသည်။ သူ၏ မှတ်စုစာအုပ်ထဲတွင် ကိုယ်ခံပညာရပ်များစွာကို ရေးချလိုက်၊ ပြန်ဖျက်လိုက် လုပ်နေပြီးနောက် နောက်ဆုံးတွင် စာလုံးနှစ်လုံးတည်းသာ ကျန်ရစ်တော့သည်။
၎င်းမှာ "ဖန်ကျွယ်" သို့မဟုတ် "မီးလျှံကျင့်စဉ်" ပင် ဖြစ်တော့သည်။