အခန်း (၂၂၉-၂၃၀)
Vol. 23 Ch. 229-230
🌹Chapter 229
ပြဿနာများက ထင်သလောက် မရိုးရှင်းနိုင်ဟု ဟမ်ယဲ့ ခံစားနေရသည်။
ထို့ကြောင့် သူပြန်မေးလိုက်ပါသည်။
“အဲ့တာဆိုရင် ကျူးကျူးက ဘာလို့ အဲ့ဒီအောက်ထိ ရောက်သွားရတာလဲ”
ဟယ့်ပျယ်ချင်း ရှင်းပြဖို့ နှုတ်ဟလိုက်စဉ် ဟမ်ယဲ့က သူ့အဖြေကို ကြိုသိနေသည့်အလား စကား ဖြတ်ပြောလိုက်ပါသည်။
“ငါစစ်ကြည့်ပြီးသွားပြီ၊ အစီအရင်က ထိခိုက်ထားတဲ့ လက္ခဏာမရှိဘူး၊ ကျူးကျူး အင်အားသုံးပြီး အစီအရင်ထဲ ဝင်သွားခဲ့တာ လုံးဝ မဖြစ်နိုင်ဘူး”
ထိုအဖြေကြောင့် ဟယ့်ပျယ်ချင်း အံ့အားသင့်သွားဟန်ဖြင့် မျက်မှောင်ကြုတ်သွားခဲ့ပါသည်။
လောလောက ဆက်သွယ်ရေးအဆောင်စက္ကူကို သုံးပြီး ယန်ရုန်ရုန့်ကို ဆက်သွယ်ဖို့ ကြိုးစားသည်။ သို့သော် မအောင်မြင်ခဲ့ပေ။
သူတို့ ယန်ရုန်ရုန်နှင့် အဆက်အသွယ် လုံးဝပြတ်တောက်နေပါပြီ။
ဟမ်ယဲ့က စိတ်လေးလံစွာ ပြောလိုက်သည်။
“အခု ကျူးကျူးကို ရှာနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက အစီအရင်ကို ချိုးဖျက်ပစ်လိုက်ဖို့ပဲ”
ဟယ့်ပျယ်ချင်းက မိစ္ဆာဘုရင်ကို ဖြောင်းဖြဖို့ အမြန် ကြိုးးစားလိုက်သည်။
“မဖြစ်ဘူး အရှင်! ရေကန်အောက်မှာ ထောင်ဝူသားရဲကို ချုပ်နှောင်ထားတာ၊ အစီအရင်သာ ကျိုးပျက်သွားရင် ထောင်ဝူသားရဲလည်း နိုးထလာလိမ့်မယ်၊ အဲ့ဒီသားရဲ လွတ်မြောက်သွားရင် ကျုပ်တို့ မိစ္ဆာနယ်မြေ ပျက်သုဉ်းရလိမ့်မယ်!”
“အဲ့ဒီသတ္တဝါကို ငါထွက်သွားခွင့် မပေးဘူး”
ဟမ်ယဲ့က ဆိုသည်။
ဟယ့်ပျယ်ချင်းက တစ်ခုခုဆက်ပြောချင်သော်လည်း ဟမ်ယဲ့က စကားဖြတ်လိုက်ပါသည်။
“ငါအပြည့်အဝ တာဝန်ယူတယ်ကွာ!”
ထို့နောက် ဟယ့်ပျယ်ချင်းကို ဘာမှဆက်မပြောတော့ဘဲ လောလောကို သူလှည့်ကြည့်လိုက်သည်။
“မင်းငါ့ကို ကူညီမှာလား”
အစီအရင်တစ်ခုကို ချိုးဖျက်ဖို့ဟူသည်မှာ လွယ်ကူသော ကိစ္စတစ်ခု မဟုတ်ပေ။ ထို့ကြောင့် သူအကူအညီ လိုအပ်ပါသည်။
အလွန်ခွန်အားကြီးမားသည့် ရှေးဟောင်းနတ်သားရဲတစ်ကောင်ဖြစ်သော လောလောက သူ့အတွက် မဟာမိတ်ကောင်းတစ်ယောက် ဖြစ်လာနိုင်သည်။
ယန်ရုန်ရုန်၏ ဘေးကင်းမှုနှင့် သက်ဆိုင်နေသဖြင့် လောလော မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ!”
လျို့လန်ကလည်း စိုးရိမ်ပူပန်စွာ ဝင်ပြောလိုက်ပါသည်။
“ငါလည်းကူညီပေးမယ်! ငါလည်း မေမေ့ကို ကယ်ချင်တယ်!”
လောလောက သဘောတူလိုက်သည်။ လျို့လန်ကို ကြည့်နေသည့် ဟမ်ယဲ့၏ အကြည့်များကို မြင်သောအခါ လောလော ရှင်းပြလိုက်ပါသည်။
“လျို့လန်ကလည်း ရှေးဟောင်းသားရဲတစ်ကောင်ပဲ၊ သူပါရင် ထောင်ဝူသားရဲကို ရင်ဆိုင်ရတာ ပိုလွယ်လိမ့်မယ်”
လျို့လန်က ရှေးဟောင်းသားရဲတစ်ကောင်ဖြစ်မှန်း ဟမ်ယဲ့သိပါသည်။ သို့သော် ဘယ်လိုသားရဲအမျိုးအစားမှန်း သေချာ မသိသေးပေ။
လောလော၏ စကားကို ကြားခါမှ သူခန့်မှန်းနိုင်ခဲ့သည်။ ကျိန်စာသားရဲကြီးလေးပါးထဲမှ တစ်ပါးဖြစ်သည့် ထောင်ဝူလို သားရဲမျိုးကိုပင် ရင်ဆိုင်နိုင်သည်ဆိုလျှင် သူ့ခွန်အားက ထောင်ဝူထက် နိမ့်မကျနိုင်သည်မှာ သေချာသည်။
ငှက်ပေါက်လေးကလည်း အတောင်ပံတဖျပ်ဖျပ် ခတ်ရင်း တကျိကျိ အော်မြည်နေပါသည်။
‘ငါလည်း ယန်ရုန်ရုန့်ကို ကယ်ချင်တယ်လေ!’
လောလောက သူ့ခေါင်းကို ဖိကာ ပြောလိုက်သည်။
“မင်းက ရေထဲဆင်းဖို့ အဆင်ပြေမှာ မဟုတ်ဘူး၊ ရေအောက်ရောက်ရင်လည်း ဘာအကူအညီမှ မပေးနိုင်ဘူး၊ အဲ့တာကြောင့် ကမ်းပေါ်မှာပဲ နေခဲ့တာ ပိုကောင်းမယ်”
ထိုစကားလုံးများက တဲ့တိုးဆန်သော်လည်း အမှန်တရားပင်ဖြစ်သည်။
ငှက်ပေါက်လေး ခေါင်းစိုက်ကျသွားကာ စိတ်ပျက်လက်ပျက် အော်မြည်လိုက်တော့သည်။
‘ပြီးတာပဲ!’
--- --- ---
ကျောက်ပြာရေကန်ထဲ ဟမ်ယဲ့ ထပ်ဆင်းသွားခဲ့သည်။ ဒီတစ်ခါတော့ လောလောနှင့် လျို့လန်တို့ပါ လိုက်လာခဲ့သည်။
သူတို့သုံးယောက် ခွန်အားများကို စုပေါင်းပြီး အစီအရင်ကို ချိုးဖျက်ပစ်လိုက်ရာ ရေကန်အောက်ခြေမှ အလွန်ကြီးမားသည့် ကျိန်စာရောင်ဝါများ ပွင့်ထွက်လာခဲ့သည်။
လောလောက ထိတ်လန့်စွာ အော်သတိပေးလိုက်ပါသည်။
“ထောင်ဝူသားရဲပဲ! သူထွက်လာပြီ!”
သူ့စကားများကို သက်သေပြုပေးလိုက်သည့်အလား ရေကန်ကြီးတစ်ခုလုံး ရုတ်ရက် လှိုင်းထန်လာခဲ့သည်။ အောက်ခြေမှ ဧရာမ ရှေးဟောင်းကျိန်စာသားရဲကြီး ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့ပါသည်။
ရေလှိုင်းများ ပြင်းထန်နေသော်လည်း ဟမ်ယဲ့ကတော့ လုံးဝ မလှုပ်ရှားခဲ့ပေ။ ထောင်ဝူသားရဲကြီး အချုပ်အနှောင်မှ လွတ်မြောက်သွားပြီး ကျူးကျူး၏ ကံကြမ္မာကိုလည်း မသိရသေးသဖြင့် အဆိုးဆုံး အခြေအနေနှင့် ရင်ဆိုင်နေရပါပြီ။
လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ငယ်ရွယ်ပြီး အတွေ့အကြုံနည်းပါးသည့် ဟမ်ယဲ့သာဆို ချက်ချင်း စိတ်သောကရောက်သွားမှာ သေချာသည်။ သို့သော် အခက်အခဲများစွာကို ဖြတ်ကျော်လာရပြီးနောက် ဟမ်ယဲ့မှာ မိစ္ဆာနယ်မြေကို စုစည်းအုပ်ချုပ်ပေးနိုင်စွမ်းရှိသော ဘုရင်တစ်ပါး ဖြစ်လာခဲ့ပါပြီ။
ကပ်ဘေးတွေ ဘယ်လောက်ပဲ ရင်ဆိုင်ရပါစေ သူစိတ်ချောက်ချားမှာ မဟုတ်တော့ပေ။
စူးရှထက်မြက်သော သူ့အစွယ်ချွန်များကို ထုတ်ပြလိုက်ပြီး အလွန်အားကောင်းသော မိစ္ဆာစွမ်းအင်များကိုလည်း ဖြန့်ကျက်လိုက်သည်။ ရေအောက်မှ တက်လာသည့် ကျိန်စာသားရဲကြီးကို သူ့ရွေရောင်မျက်လုံးများဖြင့် စိုက်ကြည့်ရင်း အေးစက်စွာ ပြောလိုက်ပါသည်။
“ထောင်ဝူသားရဲကို ငါရှင်းလိုက်မယ်၊ မင်းတို့နှစ်ယောက် ကျူးကျူးကို သွားရှာလိုက်”
“မလိုပါဘူး”
လောလောကဆိုသည်။
ထို့နောက် သူနှင့် လျို့လန်တို့ နှစ်ယောက်စလုံး သားရဲအသွင် ပြောင်းသွားခဲ့ကြသည်။
ဖီရှို့သားရဲနှင့် ထောင်ထျဲသားရဲတို့ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထောင်ဝူသားရဲကြီး ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
ထောင်ဝူသားရဲ၏ မျက်လုံးများ ဖြည်းဖြည်းချင်း ပြူးကျယ်သွားခဲ့ပြီး မယုံကြည်နိုင်စွာ အော်လိုက်ပါသည်။
“အစ်…အစ်ကိုကြီးလား!”
ထို့နောက် ထောင်ထျဲသားရဲထံ အလွန်စိတ်လှုပ်ရှားနေဟန်ဖြင့် သူပြေးလာခဲ့သည်။ ထောင်ဝူသားရဲ၏လှုပ်ရှားမှုမှာ အသိုက်ဟောင်းဆီ ပြန်ရောက်လာသော ငှက်တစ်ကောင်ပမာ အလွန်မြန်ဆန်လွန်းပါသည်။
သို့သော် ထောင်ထျဲသားရဲကတော့ သူ့ကို လက်သည်းတစ်ချက်တည်းဖြင့် ရိုက်ထုတ်ပစ်လိုက်သည်။
ဒီသတ္တဝါကို ထောင်ထျဲသားရဲ မမှတ်မိပါ။ ထို့ကြောင့် ဒေါသတကြီး ပြောလိုက်သည်။
“ငါ့မေမေက ငါ့တစ်ယောက်တည်းကိုပဲ မွေးပေးထားတာ၊ ငါ့မှာ မင်းလိုညီမျိုးမရှိဘူး၊ မဟုတ်တာတွေ မပြောနဲ့!”
ထောင်ဝူသားရဲ ထပ်မံ မှင်သက်သွားရသည်။ ထောင်ဝူသားရဲနှင့်ထောင်ထျဲသားရဲတို့ နှစ်ကောင်စလုံးက ရှေးဟောင်းကျိန်စာသားရဲများဖြစ်ကြသည်။
ဘယ်အမေက ရောက်လာရသနည်း။
သားရဲနှစ်ကောင် ရင်ဆိုင်နေစဉ် လောလောက ဟမ်ယဲ့ကို အဓိပ္ပာယ်ပါပါ လှည့်ကြည့်ပြီး တီးတိုးပြောလိုက်သည်။
“ဘာတွေ စောင့်နေတာလဲ၊ ကျူးကျူးကို သွားရှာလေ!”
ဟမ်ယဲ့ အသိစိတ်ပြန်ကပ်သွားခဲ့သည်။ လောလောနှင့် လျို့လန်တို့က သာမန်မဟုတ်မှန်း သူရိပ်မိခဲ့သော်လည်း ဖီရှို့သားရဲနှင့် ထောင်ထျဲသားရဲတို့ အသီးသီးဖြစ်နေလိမ့်မည်ဟုတော့ ထင်မထားခဲ့ပါ။
သူ့ထက်စာလျှင် ထောင်ဝူသားရဲနှင့် ရင်ဆိုင်ဖို့ သူတို့နှစ်ယောက်က ပိုသင့်တော်ပါသည်။
ထို့ကြောင့် ဟမ်ယဲ့ တွန့်ဆုတ်မှုမရှိတော့ဘဲ ရေနက်ပိုင်းထဲသို့ ဆက်ဆင်းလာခဲ့တော့သည်။ ဟမ်ယဲ့ကို ထောင်ဝူသားရဲ သတိထားမိသော်လည်း လောလောဆယ် သူ့ရင်ထဲ ‘အစ်ကိုကြီး’ဟူသော အတွေးများဖြင့်သာ ပြည့်နေခဲ့သဖြင့် တခြား ဘာကိုမှ အာရုံမစိုက်နိုင်ခဲ့ပေ။
--- --- ---
ဟမ်ယဲ့ကို နှောင့်ယှက်တားဆီးမည့်သူ မရှိတော့သဖြင့် ကျောက်ပြာရေကန်၏ အနက်ရှိုင်းဆုံး အပိုင်းကို ခပ်မြန်မြန်ပဲ ရောက်ရှိသွားခဲ့သည်။ ထိုအခါ ခပ်ပြင်းပြင်း သွေးနံ့တစ်နံ့ကို ရလိုက်လေသည်။
ရေကန်အောက်ခြေတွင် ယန်ရုန်ရုန် လှဲလျောင်းနေသည်ကို သူမြင်လိုက်ရသည်။ သူမနှလုံးသားထဲကိုလည်း ဓားနက်တစ်ချောင်းက စိုက်ဝင်နေပါသည်။
ဟမ်ယဲ့ မျက်လုံးသူငယ်အိမ်များ ပြင်းထန်စွာ ကျုံ့ဝင်သွားခဲ့သည်။ သူခေတ္တမျှ ကြက်သေသေသွားပြီးနောက် ယန်ရုန်ရုန့်ထံ လျှင်မြန်စွာ ကူးခတ်သွားခဲ့လေသည်။
“ကျူးကျူး… ကျူးကျူး…!”
သူ့အသံတွေ ထိန်းမနိုင်သိမ်းမရ တုန်ယင်လာခဲ့သည်။ ယန်ရုန်ရုန့်မျက်နှာ ဖြူရော်နေပြီး မျက်လုံးများ ပွင့်နေသော်လည်း အသက်မဲ့နေပါသည်။
သူမ၏ ရုပ်သွင်မှာ အသက်ရှိစဉ်ကအတိုင်းပင် လှပနေဆဲဖြစ်သော်လည်း အသက်ရှူတော့သလို နှလုံးခုန်သံကိုလည်း မကြားရတော့ပေ။
ယခုအချိန်တွင် သူမက အေးစက်နေသည့် အလောင်းတစ်ခုသာ။
--- --- ---
ကမ်းပေါ်တွင် ရှိနေသည့် အခြားမိစ္ဆာကျင့်ကြံသူများလည်း ရေကန်ထဲမှထွက်လာသည့် ကျိန်စာရောင်ဝါများကို ခံစားမိကြပြီး ထိတ်လန့်သွားကြသည်။
ထို့ကြောင့် နောက်သို့ အလိုလိုဆုတ်မိသွားကြကာ မျက်နှာပေါ်တွင်လည်း ကြောက်ရွံ့မှုအပြည့် ပေါ်လာခဲ့ကြသည်။
ရေကန်ဘေးတွင် ငှက်ပေါက်လေးသာ ကျန်ခဲ့ပါသည်။ စနစ်ပိုင်ရှင်၏ အသက်စွမ်းအားများ အတော်မြန်မြန် လျော့နည်းလာသည်ကို သူခံစားမိသည်။
ယန်ရုန်ရုန် ကပ်ဘေးနှင့် ရင်ဆိုင်နေရပြီဖြစ်မှန်း သူသိလိုက်ပါသည်။ ငှက်ပေါက်လေး အလွန်စိတ်ချောက်ချားကာ ဘာဆက်လုပ်ရမှန်း မသိတော့ချေ။
မြေပေါ်တွင် ထိုင်ချရင်း ခေါင်းပေါ် အတောင်ပံများတင်လျက် နောင်တရစွာ တွေးလိုက်မိသည်။
‘ငါသာ စနစ်အဖြစ်ရှိနေသေးရင် ဘယ်လောက်ကောင်းလိုက်မလဲ!’
သူသာ စနစ်အဖြစ် ရှိနေသေးလျှင် စနစ်ပိုင်ရှင်အနားမှ မခွာဘဲ နေနိုင်လိမ့်မည်။ သူ့တွင် ‘အရေးပေါ် ပရိတိုကော’ တစ်ခု ရှိသည်။ ထို့ကြောင့် သူသာအနားမှာရှိလျှင် စနစ်ပိုင်ရှင်ကို ကယ်တင်နိုင်ပါလိမ့်မည်။
‘အရေးပေါ် ပရိုတိုကော’ဟူသည်မှာ စနစ်ပိုင်ရှင်၏ အသက်ကို ကယ်တင်ဖို့အတွက် အသုံးချရသည့် နောက်ဆုံး ကာကွယ်ရေးစနစ်တစ်ခုဖြစ်သည်။ စနစ်ပိုင်ရှင် သေဆုံးသွားပြီဟု အတည်ပြုနိုင်မှ ထိုပရိုတိုကောကို ဖွင့်နိုင်ပါလိမ့်မည်။
‘အရေးပေါ် ပရိုတိုကော၊ အရေးပေါ် ပရိုတိုကော…! ငါ အရေးပေါ် ပရိုတိုကောကို ဘယ်လိုဖွင့်ရမှာလဲ!’
ငှက်ပေါက်လေး စိတ်ဖိစီးလွန်းသဖြင့် သူ့ခန္ဓာကိုယ်တဖြည်း ဖြည်း မှေးမှိန်လာပြီး အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်အလား ဖြစ်နေသည်ကိုပင် သတိမထားမိခဲ့ပေ။
အနီးနားတွင်ရှိနေသည့် မိစ္ဆာကျင့်ကြံသူများက ဒါကိုမြင်သော်လည်း ရေကန်ထဲကအန္တရာယ်ကို ကြောက်ရွံ့ကြသဖြင့် အနားမကပ်ရဲခဲ့ကြပါ။
--- --- ---
သူမ သေဆုံးသွားပြီဖြစ်မှန်း ယန်ရုန်ရုန် သိလိုက်သည်။
ယုတ္တိရှိရှိဆိုရလျှင် လူတစ်ယောက် သေဆုံးသွားပြီးနောက် ဘာကိုမှ မခံစားရသင့်သော်လည်း သူမရင်ဘတ်ထဲမှ နွေးထွေးသော ခံစားချက်တစ်ခုကို ခံစားနေရသည်။
ယန်ရုန်ရုန် သူမနှလုံးသားဆီ လက်လှမ်းလိုက်ရာ ကလောင် တံတစ်ခုကိုလက်ချောင်းများဖြင့် ထိတွေ့မိသွားသည်။
‘ရွှမ်ကျီး ကလောင်တံပဲ!’
အမှောင်ထုထဲ ယန်ရုန်ရုန်တစ်ယောက်တည်း မတ်တပ်ရပ်နေခဲ့သည်။ သူမ၏အလင်းပေါက် ခန္ဓာကိုယ်က ကြယ်တစ်လုံးပမာ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး အချိန်မရွေးပျောက်ကွယ်သွားတော့မည့်အလား ထင်ရသည်။
သူမလက်ထဲတွင် ရှိနေသည့် ရွှမ်ကျီးကလောင်တံကသာ နူးညံ့တည်ငြိမ်သည့် အလင်းရောင်တစ်ခုကို ပေးစွမ်းနေပါသည်။ ၎င်းတွင် လှပသော ကျောက်စိမ်းရောင်ကိုယ်ထည်နှင့် ငွေဖြူရောင် ဝံပုလွေမွေးများ ပါရှိပြီး ထိပ်ဖျားတွင် မင်အနည်းငယ် စွန်းထင်းနေသည်။
ဘာတွေဖြစ်နေသလဲ ယန်ရုန်ရုန် နားမလည်တော့ဘဲ ရွှမ်ကျီးကလောင်တံကိုသာ ရီဝေစွာ စိုက်ကြည့်နေခဲ့ပါသည်။ ထိုစဉ် အလွန်ရင်းနှီးနေသည့် မိန်းကလေးသံတစ်သံ သူမနောက်မှ ထွက်ပေါ်လာခဲ့သည်။
“ရှင်က ကျွန်မကို သတ်ချင်တယ်ပေါ့”
အသံလာရာဘက်သို့ ယန်ရုန်ရုန် ချက်ချင်းလှည့်ကြည့်လိုက်ပါသည်။ အမှောင်ထု၏ အနက်ရှိုင်းဆုံး နေရာတစ်ခုတွင် အရောင်အသွေးစုံလင်သော ဝတ်ရုံတစ်ခုကို လွှမ်းခြုံထားသည့် အမျိုးသမီးတစ်ဦးကို သူမ မြင်လိုက်ရလေသည်။
🌹Chapter 230
ထိုအမျိုးသမီးက ယန်ရုန်ရုန့်ကို ကျောပေးထားသဖြင့် သူမ မျက်နှာကို မမြင်ရပါ။ အနောက်မှကြည့်လျှင် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး၊ ခါးသွယ်သွယ် ခြေတံသွယ်သွယ်တို့ ရှိပြီး ကိုယ်လုံးကိုယ်ပေါက် လှပပါသည်။
မင်လို မည်းနက်နေသည့် သူမ၏ ဆံနွယ်ရှည်များကို ကျောပေါ်တွင် ပိုးသားရေတံခွန်ပမာ ဖြန့်ထားခဲ့သည်။ အရောင်ငါးရောင်ပါသော ငှက်မွေးများဖြင့် ဖန်တီးထားသည့် တောက်တောက်ပပ ဝတ်ရုံရှည်ကြီး တစ်ခုကိုလည်း ဝတ်ဆင်ထားသည်။
ထိုဝတ်ရုံရှည်၏ အမြီးမှာ ကောင်းကင်ပေါ်သို့ ပျံတက်တော့မည့် ဇာမဏီငှက်တစ်ကောင် အတောင်ဖြန့်ထားသည့်အလား မြေပြင်ထက်တွင် ပြန့်ကားနေခဲ့သည်။
သူမ၏ ဝတ်ပုံစားပုံက တောက်ပလွန်းသဖြင့် ပေါကြောင် ကြောင်နိုင်သည်ဟု ထင်ချင်စရာကောင်းသော်လည်း ဒီလို လေးလံထိုင်းမှိုင်းသည့် အမှောင်ထုထဲ ထိုတောက်ပမှုမျိုးက ဆွဲဆောင်မှုအရှိဆုံး အလင်းရောင်တစ်ခု ဖြစ်လာခဲ့သည်။
ထိုအမျိုးသမီးက ဘယ်သူဘယ်ဝါမှန်း မသေချာသဖြင့် ယန်ရုန်ရုန် တွန့်ဆုတ်နေခဲ့ပြီး ရှေ့သို့ တိုးသွားဖို့ ကြံလိုက်စဉ် ထိုရောင်စုံဝတ်ရုံနှင့် အမျိုးသမီးရှေ့တွင် နောက်ထပ် လူတစ်ယောက် ရှိနေသေးသည်ကို မြင်လိုက်ရပါသည်။
နှင်းဖြူရောင် ဝတ်ရုံခြုံထားသည့် ယောက်ျားလေးတစ်ဦးပင်။
သူ့ခန္ဓာကိုယ်အချိုးအစားကို အကဲခတ်ကြည့်ရသလောက် ယန်ရုန်ရုန် အိပ်မက်ထဲတွင် မြင်ခဲ့ရသည့်လူနှင့် အတော်လေး ဆင်တူနေပါသည်။ သူမကို ကျောပေးထားပြီး ထွက်ပြေးဖို့ ပြောခဲ့သည့်လူပင်။
ထိုအချိန်တုန်းက ထိုလူ့ကို သူမ ရင်းနှီးနေသည်ဟု ခံစားခဲ့ရသော်လည်း သူ့မျက်နှာကို မမြင်ခဲ့ရပါ။
ယခုတော့ ထိုလူက ရင်ဘတ်ကို လက်ဖြင့်ဖိထားပြီး ဒူးတစ်ဖက်ထောက်လျက်သား အနေအထားဖြင့် ရှိနေသည်။ သူ့ဆံနွယ်များကို ထုံးဖို့ အသုံးပြုခဲ့သည့် ကျောက်စိမ်းဆံထိုးကလည်း နှစ်ပိုင်းကျိုးကာ ဘေးတွင် ကျနေပါသည်။
ငွေဖြူရောင် ဆံနွယ်များက သူ့မျက်နှာရှေ့တွင် ဝဲကျနေခဲ့သည်။ သူ့မျက်နှာကို ယန်ရုန်ရုန် သေသေချာချာ မမြင်ရသေးသော်လည်း သူ့နှုတ်ခမ်းထောင့်မှ စီးကျနေသည့် သွေးများကိုတော့ မြင်နိုင်ပါသည်။
တစ်စက်ပြီးတစ်စက် မြေပေါ်သို့ ကျဆင်းနေခဲ့သည်။
ထိုဝတ်ရုံဖြူနှင့်လူ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရထားမှန်း သိသာသည်။ ထိုအမျိုးသမီး ပြောသည့် စကားကို သုံးသပ်ကြည့်ခြင်းအားဖြင့် ဝတ်ရုံဖြူနှင့်လူက အမျိုးသမီးကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ သူကိုယ်တိုင် အသတ်ခံရလုနီးပါးဖြစ်သွားခဲ့ခြင်းဖြစ်မည်ဟု ယန်ရုန်ရုန် ခန့်မှန်းလိုက်ပါသည်။
နှစ်ယောက်သား တိုက်ခိုက်ပြီးနောက် ဝတ်ရုံဖြူနှင့်လူ အရေးနိမ့်ခဲ့မှန်း သိသာသည်။ သူတို့နှစ်ယောက်ကို ယန်ရုန်ရုန် တစ်လှည့်စီကြည့်လိုက်ပြီး သူတို့ဘယ်သူဘယ်ဝါဖြစ်ကြောင်းနှင့် သူမဘာကြောင့် ဒါတွေကို မြင်နေရကြောင်း လေးလေးနက်နက် စဉ်းစားနေခဲ့ပါသည်။
ဝတ်ရုံဖြူနှင့်လူက ခေါင်းကို ဖြည်းညှင်းစွာ မော့လာခဲ့သည်။ သူ့ငွေဖြူရောင် ဆံနွယ်များ ပါးပြင်ထက်မှ လျှောကျသွားခဲ့ရာ ဖြူဖျော့ပြီး ပြစ်ချက်ကင်းအောင် ခန့်ညားလှသော မျက်နှာတစ်ခု ပေါ်လာခဲ့ပါသည်။
သူ့ရှေ့တွင် မတ်တပ်ရပ်နေသည့် အမျိုးသမီးကို မော့ကြည့်ရင်း ခံစားချက်မဲ့နေသော မျက်နှာဖြင့် အေးစက်စွာ ပြောလိုက်သည်။
“ငါ့အရည်အချင်းက မလုံလောက်ခဲ့ဘူး… ရှုံးနိမ့်မှုကို ငါလက်ခံတယ်၊ ငါ့ကို သတ်ပစ်လိုက်တော့”
ထိုလူ့၏ မျက်နှာကို မြင်လိုက်ရပြီးနောက် ယန်ရုန်ရုန် တုန်လှုပ်မှုဖြင့် ကြက်သေသေသွားခဲ့သည်။
ထိုလူ့၏ ရုပ်သွင်မှာ သူမ ဖန်တီးခဲ့ဖူးသည့် စက္ကူလူသားနှင့် တစ်ထေရာတည်း တူညီနေသည်။
လင်းယွမ်ရဲ့ နက်ရှိုင်းကျဉ်းမြောင်းတဲ့ မျက်ဝန်းတစ်စုံ…
ရှုယင်ရဲ့ နူးညံ့ဖြူဖျော့တဲ့ အသားအရည်…
ရှန်းဝမ်ချင်းရဲ့ အသွင်ထူးခြားပြီး ပန်းရောင်သန်းတဲ့နှုတ်ခမ်း…
ဟမ်ယဲ့ရဲ့ ဖြောင့်စင်းနဲ့ နှာတံ၊ စူးရှတဲ့ မျက်ခုံးတွေ…
သူ့မျက်နှာက ထိုလေးယောက်စလုံးကို စုပေါင်းထားသလိုပင်။ အားလုံးကို အရည်ဖျော်ပြီး တစ်ယောက်တည်းဖြစ်အောင် ပေါင်းစပ်ထားသည့်အလား ထင်ရသည်။
သို့သော် ကြည့်ရဆိုးမနေဘဲ မူလကတည်းက ရှိနေခဲ့သည့် လူတစ်ယောက်ပမာ လိုက်ဖက်ညီနေခဲ့ပါသည်။
အရေးနိမ့်သွားသော လုပ်ကြံသတ်ဖြတ်သူတစ်ဦး၏ ကံကြမ္မာကို သိနေသည့်အလား ထိုလူ မျက်လုံးများကို မှိတ်ကာ သူ့ကံကြမ္မာကိုသူ လက်ခံဖို့ အသင့်ပြင်လိုက်ပါသည်။
သို့သော်အချိန်အတော်ကြာသည့်တိုင် သူမျှော်လင့်ထားသည့် အဆုံးသတ်က ရောက်မလာခဲ့ပေ။ ထို့ကြောင့် မျက်လုံးများ ပြန်ပွင့်လာပြီး သူ့ရှေ့က အမျိုးသမီးကို ဇဝေဇဝါကြည့်လိုက်သည်။
“မင်းဘာလို့ မတိုက်ခိုက်သေးတာလဲ”
အမျိုးသမီးက သူ့ကို ငုံ့ကြည့်ရင်း မေးခွန်းတစ်ခုဖြင့် ပြန်တုံ့ပြန်လိုက်သည်။
“ကျွန်မကို ဘာလို့ သတ်ချင်တာလဲ”
သေဆုံးရတော့မည့် လူတစ်ယောက်အနေဖြင့် လိမ်ညာနေလို့မထူးတော့မှန်း သိကာ ဝတ်ရုံဖြူနှင့်လူ အမှန်အတိုင်း ဖြေလိုက်ပါသည်။
“ပိုင်ကျဲနတ်သားရဲက ဟောကိန်းထုတ်ထားတယ်၊ မကြာခင် ကောင်းကင်ဘုံတာအို ပျက်သုဉ်းရလိမ့်မယ်၊ အဲ့ဒီအခါ ဝိညာဉ်စွမ်းအင်တွေ ခမ်းခြောက်ပြီး လောကသုံးပါးစလုံး ကပ်ဆိုက်ရလိမ့်မယ်၊ သက်ရှိတွေ အားလုံး ပျက်စီးရလိမ့်မယ်၊ အဲ့ဒီကပ်ဘေးတွေရဲ့ဇာစ်မြစ်က မင်းပဲ၊ မင်းရဲ့သေဆုံးခြင်းကသာ အဲ့ဒီကပ်ဘေးကို တားဆီးနိုင်လိမ့်မယ်”
သူ့နှုတ်ခမ်းပေါ်မှ သွေးများကို သုတ်ရင်း ကိုယ့်ကိုယ်ကိုယ် လှောင်ရယ်ကာ ပြောလိုက်ပါသည်။
“ဟား… အဲ့ဒီတာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ဖို့ ငါ့မှာ ခွန်အားလုံလုံလောက်လောက် ရှိလိမ့်မယ်လို့ ထင်ခဲ့တာ… အခုလို ကျရှုံးသွားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”
အမျိုးသမီးက ကိုယ်ကို ဖြည်းညှင်းစွာ ကိုင်းလိုက်ရာ သူမ၏ ဆံနွယ်နက်များ ပခုံးပေါ်သို့ ဝဲကျလာခဲ့သည်။ သူမ ရုတ်တ ရက် နီးကပ်လာသဖြင့် ဝတ်ရုံဖြူနှင့်လူ ရုတ်တရက် စိတ်ဖိစီးသွားခဲ့သည်။
သူ့ကိုသတ်တော့မည်ဟု ထင်လိုက်မိသော်လည်း အမျိုးသမီးက မေးခွန်းတစ်ခုသာ မေးလိုက်ပါသည်။
“သေဆုံးခြင်းဆိုတာ ဘာလဲ”
ဝတ်ရုံဖြူနှင့်လူ ကြက်သေသေသွားသည်။ သူ့ကို လှောင် ပြောင်နေသည်ဟုပင် ထင်မိပါသည်။ ကမ္ဘာပေါ်မှာ သေဆုံးခြင်း ဟူသည့် အဓိပ္ပာယ်ကို နားမလည်သူမရှိနိုင်ပေ။
သို့သော် သူမ၏ မျက်ဝန်းများက ကြည်လင်နေကာ အလွန်နက်ရှိုင်းနေခဲ့သည်။
ဝတ်ရုံဖြူနှင့်လူ မယုံကြည်နိုင်ဖြစ်သွားလေသည်။
“သေဆုံးခြင်းဆိုတာ ဘာမှန်းမင်းတကယ် မသိဘူးလား၊ သေဆုံးခြင်းဆိုတာ အရာအားလုံးရဲ့ အဆုံးသတ်၊ နိဂုံးကို ရောက်ရှိသွားတဲ့ ဘဝတစ်ခုပဲ၊ လူတစ်ယောက်သေသွားရင် ဘာမှ မကျန်တော့ဘူးကွ!”
အမျိုးသမီးက ကျီစယ်စွာ ပြောလိုက်သည်။
“အဲ့လိုဆိုတော့လည်း သေဆုံးခြင်းက သိပ်ဆိုးဝါးတဲ့ပုံ မပေါ်ပါဘူး”
သူမ၏ လက်ချောင်းများကို ဖြည်းညှင်းစွာ လှုပ်ယမ်းလိုက်ရာ မြေပေါ်ကျနေသည့် ကျောက်စိမ်းဆံထိုးအစိတ်အပိုင်းနှစ်ခုက ချက်ချင်း ပြန်ဆက်သွားခဲ့ကာ အကောင်းပကတိ ပြန်ဖြစ်သွားခဲ့ပါသည်။
ထို့နောက် ထိုဆံထိုးကို ဝတ်ရုံဖြူနှင့်လူအား ကမ်းပေးရင်း ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ကျွန်မကို ထပ်သတ်လိုက်၊ ဒီတစ်ခါ မခုခံတော့ဘူး”
ဝတ်ရုံဖြူနှင့်လူ မှင်သက်သွားရပြန်သည်။
“အဲ့တာ ဘာအဓိပ္ပာယ်လဲ”
“ကျွန်မကို ရှင်သတ်နိုင်မလား ဆိုတာတော့ မသိဘူး၊ ဒါပေမယ့် ကျွန်မဘက်က အသတ်ခံပေးမယ်”
ဝတ်ရုံဖြူနှင့်လူ နားမလည်နိုင်ပေ။
“ဘာလို့လဲ”
“ကျွန်မ သေဆုံးခြင်းကို လိုချင်တယ်၊ အရာအားလုံးကို ပျောက်ကွယ်သွားစေချင်တယ်”
ဝတ်ရုံဖြူနှင့်လူ တိတ်ဆိတ်သွားခဲ့သည်။
ယန်ရုန်ရုန့် ရှုထောင့်မှကြည့်လျှင် ထိုအမျိုးသမီး ခါးကိုင်းထားသည်ကိုသာ မြင်ရသည်။ သူမ၏ မျက်နှာကို မမြင်ရပေ။
သူမ မျက်ဝန်းတွေထဲ ဘာတွေမြင်လိုက်ရခြင်းကြောင့် ထိုဝတ်ရုံဖြူနှင့်လူ တွေဝေသွားခဲ့ရသလဲ ယန်ရုန်ရုန် မပြောနိုင်ပါ။
ဝတ်ရုံဖြူနှင့်လူက ကျောက်စိမ်းဆံထိုးကို သွေးစွန်းနေသော လက်များဖြင့် ယူလိုက်သည်။ ထိုဆံထိုးက သူ့အသက်နှင့် စည်းနှောင်ထားသော ရတနာတစ်ခုဖြစ်ရာ အန္တရာယ်ကင်းသည်ဟု ထင်ရသော်လည်း အတွင်း၌ သေစေနိုင်သော စွမ်းအင်များကို ဖုံးကွယ်ထားပါသည်။
ဆံထိုး၏ အစွန်းတစ်ဖက်ကို ထိုအမျိုးသမီး၏ လည်ပင်းပေါ်တွင် သူတေ့ထားလိုက်သည်။ ကျောက်စိမ်းဆံထိုးက အကြည်ရောင်ဖြစ်သဖြင့် အထဲတွင် အရောင်အနည်းငယ် လင်းလက်နေသည်ကို မြင်ရသည်။
အားအနည်းငယ် ထပ်စိုက်ထုတ်လိုက်သည်နှင့် ထိုအမျိုးသမီး၏ လည်ပင်းထဲ ကျောက်စိမ်းဆံထိုး စိုက်ဝင်သွားတော့မည်မှာ သေချာသည်။
အမျိုးသမီးက လှုပ်ရှားမှု မရှိပေ။ သူမ လိမ်ညာနေခြင်း မဟုတ်ဘဲ အမှန်တကယ် မခုခံခဲ့ပါ။
သေခြင်းတရားကို ကြည်ကြည်ဖြူဖြူ ကြိုဆိုခဲ့သည်။ အချိန်အတော်ကြာအောင် တွေဝေသွားပြီးနောက်မှာတော့ ဝတ်ရုံဖြူနှင့်လူ ရှေ့ဆက်မတိုးနိုင်ခဲ့ချေ။
ကျောက်စိမ်းဆံထိုး ကိုင်ထားသည့်လက်ကို ရုတ်တရက် ပြန်ရုတ်သိမ်းလိုက်ပြီး သူ့ကိုယ် သူ တိုးညှင်းစွာ ကျိန်ဆဲလိုက်သည်။
“အသုံးမကျတဲ့ကောင်!”
ထိုအပြုအမူကြောင့် အမျိုးသမီးလည်း အံ့အားသင့်သွားပုံရသည်။ ဝတ်ရုံဖြူနှင့်လူကို ခေါင်းစောင်းကာ ဇဝေဇဝါကြည့်နေခဲ့ပါသည်။
သူမ အကြည့်ကြောင့် ဝတ်ရုံဖြူနှင့်လူ အလွန်နေရခက်လာပြီး မျက်နှာလွှဲကာ သတိပေးလိုက်သည်။
“ငါ့ကို အဲ့လိုမကြည့်နဲ့!”
“ဘာလို့လဲ”
အမျိုးသမီးက မေးသည်။
ဝတ်ရုံဖြူနှင့်လူ တိတ်ဆိတ်နေခဲ့ပြီး အဖြေမပေးနိုင်ခဲ့ပါ။
ကောင်းကင်ဘုံတာအို ပျက်သုဉ်းခြင်းအတွက် တာဝန်ရှိသည့် ပုဂ္ဂိုလ်က ယုတ်ညံ့သည့်လူတစ်ယောက် ဖြစ်လိမ့်မည်ဟု သူထင်ထားခဲ့သည်။ သို့သော် သူ့ရှေ့က အမျိုးသမီးမှာတော့ စက္ကူဖြူတစ်ရွက်ပမာ ဖြူစင်လွန်းပါသည်။
သူမ မျက်ဝန်းတွေထဲ ကောက်ကျစ်မှု မရှိပါ။ ငြိမ်းချမ်းမှုနှင့် အဆုံးမဲ့သော ဟင်းလင်းနယ်တစ်ခုသာ ရှိသည်။
သူမကို သတ်ဖို့ရောက်လာမှန်း သိသော်လည်း သူ့ကိုတော့ ပြန်မသတ်ခဲ့ပါ။ သူမအသက်ကို အဆုံးသတ်နိုင်ဖို့အတွက် သူ့လက်ထဲ လက်နက်တစ်ခုပင် ထည့်ပေးခဲ့သေသည်။ ထိုကဲ့သို့ အမျိုးသမီးကို ဝတ်ရုံဖြူနှင့်လူ မသတ်ရက်ခဲ့ပါ။
ထိုအဖြစ်အပျက်များကို ယန်ရုန်ရုန် အာရုံစိုက်ကာ ကြည့်ရှုနေစဉ် ပြတ်တောင်းပြတ်တောင်းဖြစ်နေသော တဂျီဂျီမြည်သံတချို့ကို ရုတ်တရက် ကြားလိုက်ရလေသည်။
ထို့နောက် သူမအာရုံထဲသို့ ရင်းနှီးနေသည့် အသံတစ်သံ ဝင်ရောက်လာခဲ့တော့သည်။
“သတိပေးချက်! စနစ်ပိုင်ရှင် … ဂျီ… အသက်အန္တရာယ်… ကြုံတွေ့နေရပါတယ်! စနစ်မှ… ဂျီ… အရေးပေါ် ပရိုတိုကောကို… စတင်နေပါပြီ…ဂျီ…!”
ယန်ရုန်ရုန် ပါးစပ်အဟောင်းသားဖြစ်သွားပြီး ရင်လည်းတုန်သွားခဲ့သည်။
သူမ နှုတ်ခမ်းများမှ မယုံကြည်နိုင်စွာ လွှတ်ခနဲ ခေါ်လိုက်လေသည်။
“စနစ်လား!”
ထိုအခါ ရောင်စုံဝတ်ရုံနှင့် အမျိုးသမီးက ခေါင်းကို ဆတ်ခနဲလှည့်လာပြီး ယန်ရုန်ရုန့်ကို စိုက်ကြည့်လာခဲ့သည်။
သူမတို့နှစ်ယောက် အကြည့်ချင်းဆုံသွားပြီး နှစ်ယောက်စလုံး ကြက်သေသေသွားခဲ့ကြသည်။
နောက်ဆုံးတော့ ထိုအမျိုးသမီး၏ မျက်နှာကို ယန်ရုန်ရုန် သေသေချာချာ မြင်လိုက်ရပါပြီ။ ထိုအမျိုးသမီး၏ ရုပ်သွင်က သူမနှင့် တစ်ထေရာတည်း တူညီနေသည်။
ထို့ကြောင့်လည်း ထိုအမျိုးသမီး၏ အသံကို သူမ အလွန်ရင်းနှီးနေသလို ခံစားခဲ့ရခြင်း ဖြစ်ပါလိမ့်မည်။
ပဟေဠိများကို ယန်ရုန်ရုန် ဆက်မဖြေရှင်းနိုင်ခင် စနစ်၏ အသံ ထပ်မံထွက်ပေါ်လာခဲ့သည်။
“ဒင်! စနစ်မှ Save File တစ်ခုကို ရယူနေပါတယ်… ဂျီ…”
“ရယူခြင်း အောင်မြင်ပါတယ်! အချိန်ကာလကို ပြန်လည် သတ်မှတ်နေပါပြီ၊ ကျေးဇူးပြုပြီး အသင့်ပြင်ထားပါ စနစ်ပိုင်ရှင် … ဂျီ…”