အခန်း (၂၃၁-၂၃၂)
Vol. 24 Ch. 231-232
🌹Chapter 231
အလွန်အားကောင်းသည့် ဆွဲငင်အားတစ်ခုကြောင့် ယန်ရုန်ရုန် ဝဲဂယက်ကြီးတစ်ခုထဲ လွင့်ပါသွားခဲ့သည်။
ဘေးပတ်ပတ်လည်ရှိ အမှောင်ထုများ ပျောက်ကွယ်ကာ ရောင်စုံဝတ်ရုံ အမျိုးသမီးနှင့် ဝတ်ရုံဖြူ အမျိုးသားတို့ပါ တပါတည်း ပျောက်ကွယ်သွားကြသည်။
အာရုံထဲ အသိစိတ်များ ပြန်လည်တိုးဝင်လာသည်နှင့်တစ်ပြိုင်တည်း ယန်ရုန်ရုန် မျက်လုံးများကို ဆတ်ခနဲဖွင့်ကြည့်လိုက်သည်။
ယခု ကျောက်ပြာရေကန်အောက်ခြေသို့ သူမ ပြန်လည်ရောက်ရှိနေပါပြီ။ ဟမ်ယဲ့က သူမကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားပြီး မျက်လုံးများမှ မျက်ရည်များ စီးကျကာ နှုတ်ခမ်းထောင့်မှသွေးများထွက်နေလေသည်။
သူ့မျက်နှာက စက္ကူပမာ ဖြူဖပ်နေပြီး မျက်နှာကလည်း အရာရာကို လက်လျှော့လိုက်ကာ အချိန်မရွေး ပြိုလဲသွားတော့မည့် ပုံစံမျိုး ပေါက်နေပါသည်။
ယန်ရုန်ရုန် ဘာမှမစဉ်းစားနိုင်ခင် ဟမ်ယဲ့ ပျောက်ကွယ်သွားခဲ့သည်။
ရုပ်ရှင်တစ်ခု နောက်ပြန်ရစ်ခံရသကဲ့သို့ အရာအားလုံး ရှေ့ကို ပြန်လည်ရောက်ရှိလာခဲ့သည်။ ကျောက်ပြာရေကန်ထဲ ပျံ့နှံ့နေပြီဖြစ်သည့် သွေးများကလည်း သူမခန္ဓာကိုယ်ထဲ ပြန်လည် စီးဝင်လာခဲ့ပါသည်။
ကျိုးပဲ့သွားသည့် သံကြိုးကြီးများ တစ်စတစ်စ ပြန်ဆက်သွားကြပြီး အရိပ်နက်ကြီးလည်း ရေကန်အောက်ခြေသို့ ပြန်ရောက်ကာ သံကြိုးများ၏ ပြန်လည်တုပ်နှောင်မှုကို ခံလိုက်ရသည်။
မီးခိုးရောင်ဝတ်ရုံနှင့်လူလည်း အလင်းပေါက်အသွင်အဖြစ် ပြန်လည်ပြောင်းလဲသွားခဲ့သည်။ ယန်ရုန်ရုန့် ရင်ဘတ်ထဲ စိုက်ဝင်နေသည့် ဓားနက်က သူ့လက်ထဲ ပြန်လည်ရောက်ရှိသွားခဲ့ပြီး လူကော ဓားပါ ပျောက်ကွယ်သွားသည်။
ယန်ရုန်ရုန့် ရင်ဘတ်ပေါ်ရှိ ဒဏ်ရာပေါက်လည်း ရုတ်တရက်ပျောက်ကွယ်ကာ ခန္ဓာကိုယ်က မူလအတိုင်း အကောင်းပကတိပြန်ဖြစ်သွားခဲ့သည်။
“အချိန်ကာလ ပြန်လည်သတ်မှတ်ခြင်း အောင်မြင်ပါတယ်! ဂျီ…… အန္တရာယ်မကြုံတွေ့ခင်က အချိန်ကို ပြန်လည်ရောက်ရှိသွားပါပြီ… ဂျီ… ဂျီ…”
စနစ်၏ အသံ တိုးညှင်းပျောက်ကွယ်သွားသောအခါ ယန်ရုန်ရုန် ကျောက်ပြာရေကန်ထဲ ပြန်လည်ရောက်ရှိနေခဲ့ပြီး သူမညာဘက်လက်ထဲ ဝူဝမ့်ဓားကို ကိုင်ထားကာ ဘယ်ဘက်လက်တွင် ရွှမ်ကျီးကလောင်တံကို ဆုပ်ကိုင်ထားသည်။
ဝူဝမ့်ဓားက အပြာရောင်ခပ်ဖျော့ဖျော့လင်းနေကာ ကလောင် တံ၏မျက်နှာပြင်တွင်လည်း စေးစေးကပ်ကပ် အနက်ရောင် သစ်စေးများ ရှိနေဆဲပင်။
အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်နေသည့် ရေမှော်ပင်များက နေရာတိုင်းတွင် မျောနေပြီး ထိုရေမှော်ပင်များမှ ထွက်လာသည့် အနက်ရောင်သစ်စေးများက ကန်ရေကို နက်မှောင်ညစ်ထေးသွားစေသည်။
အချုပ်အနှောင်မှ လွတ်မြောက်သွားသည့် သားရဲကြီးနှင့် မီးခိုးရောင်ဝတ်ရုံနှင့်လူတို့ကို မတွေ့ရတော့ပါ။ ဘာမှ မဖြစ်ခဲ့သလို ခြေရာလက်ရာပင် မကျန်ခဲ့ပေ။
ယန်ရုန်ရုန် မှင်သက်သွားခဲ့ရသည်။ သူမအတွက် စနစ်က အချိန်ကို အမှန်တကယ် နောက်ပြန်ဆုတ်ပေးလိမ့်မည်ဟု ထင်မထားခဲ့ပါ။
ကပ်မဆိုက်ခင် အချိန်ကာလကို သူမပြန်လည်ရောက်ရှိလာခဲ့သည်။ ဒီလိုလွတ်လမ်းမရှိသည့် အခြေအနေများအတွက် အရေးပေါ် ပရိုတိုကောတစ်ခု ရှိသည်ဟု တစ်ချိန်တုန်းက စနစ်ပြောဖူးသော်လည်း ယန်ရုန်ရုန် သိပ်ဂရုမစိုက်ခဲ့မိပေ။
ယန်ရုန်ရုန် ကိုယ့်ရင်ဘတ်ကိုကိုယ် ထိကြည့်လိုက်သည်။ ဒဏ်ရာလည်း မရှိ၊ သွေးလည်း မရှိတော့ဘဲ အကောင်းအတိုင်း ပြန်ဖြစ်နေပါပြီ။ နှလုံးခုန်သံကလည်း တည်ငြိမ်နေသည်။
ယန်ရုန်ရုန်အတော်လေး အံ့အားသင့်မိသည်။ ထိုအရေးပေါ် ပရိုတိုကော ဟူသည်မှာ စွမ်းအားကြီးမားလွန်းပါသည်။ အချိန်နောက်ပြန်ဆုတ်ခြင်းက သူမကို မသေနိုင်သော စွမ်းအားတစ်ခု ပေးလိုက်သလိုပင်။
အာရုံထဲမှ စနစ်ကို ခေါ်ဖို့ သူမ ကြိုးစားကြည့်သော်လည်း တုံ့ပြန်မှု မရှိပါ။ ယန်ရုန်ရုန် မျက်မှောင်ကြုတ်သွားခဲ့ရသည်။
စောနက စနစ်၏အသံကို ကြားလိုက်မိသဖြင့် သူမခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ရောက်ရှိလာပြီဟု ထင်လိုက်မိသည်။ သို့သော် ယခုတော့ ဘာအသံမှ မကြားရတော့ပေ။
ခေတ္တမျှ စဉ်းစားပြီးနောက် အကြောင်းအရင်းကို သူမ နားလည်သွားသည်။ သူမအတွက် အသက်အန္တရာယ် အလွန်စိုးရိမ်ရသည့်အခြေအနေကို ရောက်ရှိနေခြင်းကြောင့်သာ စနစ်က ထိုပရိုတိုကောအား အတင်းအကျပ် ဖွင့်ပေးခဲ့ခြင်း ဖြစ်လိမ့်မည်။
ယခု အချိန်ကို နောက်ပြန်ဆုတ်ပြီးခဲ့ပြီဖြစ်ရာ သူမအတွက် အသက်အန္တရာယ်မရှိတော့သဖြင့် သူမကိုယ်ထဲ စနစ်ပြန်လည်ရောက်ရှိလာဖို့အတွက် လိုအပ်ချက်မှာလည်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ယန်ရုန်ရုန် ဆုံးဖြတ်ချက် ချလိုက်ပါသည်။ စနစ်က သူမကို အသက်ပြန်သွင်းပေးခဲ့သော်လည်း အန္တရာယ်တွေက ပျောက်ကွယ်မသွားသေးပါ။ ဖြစ်လာရမည့်အရာများက ကျိန်းသေဖြစ်လာပါဦးမည်။
သို့သော် ဒီတစ်ခါတော့ သူမ သေရမည့်အချိန်ကို ထိုင်စောင့်နေမှာ မဟုတ်တော့ပေ။
ယန်ရုန်ရုန် ကလောင်တံကို ရရှိပြီးနောက် ယခင်တုန်းကလို ချက်ချင်း ပြန်တက်ဖို့ မကြိုးစားခဲ့ပါ။ ထို့အစား ရေမှော်ပင်များ ရှိနေခဲ့သည့် နေရာကို ကူးခတ်သွားခဲ့သည်။
ထိုနေရာတွင် သစ်စေးများကြောင့် ရေများက အလွန်မည်းညစ်နေပြီး ဘာကိုမှ မမြင်နိုင်သလောက်ရှိသည်။ မကြာမီ ထိုအမှောင်ထုထဲ ယန်ရုန်ရုန် တိုးဝင်ပျောက်ကွယ်သွားခဲ့ပါသည်။
အတန်ကြာမှ ယန်ရုန်ရုန် ပြန်ထွက်လာခဲ့သည်။ ဝူဝမ့်ဓားနှင့် ရွှမ်ကျီးကလောင်တံတို့ကိုလည်း သိမ်းဆည်းကာ အပေါ်သို့ အေးအေးလူလူ ပြန်ကူးခတ်လာခဲ့ပါသည်။
ထင်မှတ်ထားသည့်အတိုင်းပင် သူမ ဘယ်လောက်ကြာကြာ ကူးခတ်ပါစေ ရေမျက်နှာပြင်ပေါ်သို့ ပြန်မရောက်နိုင်ခဲ့ပါ။ အစီအရင်ထဲ ပိတ်မိနေပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် လွတ်လမ်းကို စတင်ရှာဖွေခဲ့သည်။
ရေနက်ပိုင်းထဲမှ သံကြိုးများရိုက်ခတ်သံ ထွက်ပေါ်လာပြီဖြစ်ပြီး ထိုအသံများနောက် လိုက်သွားခဲ့ရာ သံကြိုးများ၏ ချုပ်နှောင်မှုကို ခံထားရသော အရိပ်နက်ကြီးအား ရှာတွေ့ခဲ့ပါသည်။
အရိပ်နက်ကြီးက သူမကို စားပစ်မည်ဟု ခြိမ်းခြောက်သည်။ သို့သော် သူအချုပ်အနှောင်မှ မလွတ်မြောက်နိုင်မှန်း မြင်သဖြင့် ထိုအရိပ်နက်ကြီးနှင့် ယန်ရုန်ရုန် စကားအေးအေး ဆေးဆေး ပြောခဲ့ပါသည်။
အရိပ်နက်ကြီးက အပေးအယူလုပ်ဖို့ ညှိနှိုင်းနေသည်ဟု ထင်ရသော်လည်းအမှန်တကယ်မှာတော့ အာရုံလွှဲပေးနေခြင်းသာ။ သူ့မျက်လုံးများက ယန်ရုန်ရုန့် အနောက်ဘက်ကိုသာ အဆက်မပြတ် စိုက်ကြည့်နေသည်။
ယန်ရုန်ရုန့်နောက်တွင် ဝေဝေဝါးဝါး လူရိပ်တစ်ခုပေါ်လာသည်ကို မြင်ရသည်နှင့် အရိပ်နက်ကြီး၏ မျက်လုံးများ တောက်ပသွားခဲ့ပါသည်။
ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် ပြုံးသွားခဲ့သည်။
ယန်ရုန်ရုန့် နောက်တွင် ဓားနက်တစ်ချောင်း တိတ်တဆိတ် ပေါ်လာခဲ့သည်။ သူမပုံစံကလည်း ဘာကိုမှ ရိပ်မိပုံ မရပါ။ သူမခန္ဓာကိုယ်ထဲ ဓားနက်စိုက်ဝင်သွားခါမှ အနောက်တွင် တစ်စုံတစ်ယောက်ရှိနေမှန်း သိခဲ့ရသည်။
ယန်ရုန်ရုန် နောက်သို့ ခက်ခက်ခဲခဲလှည့်ကြည့်ကာ ဝူဝမ့်ဓားဖြင့် ပြန်လည်တိုက်ခိုက်ဖို့ ကြိုးစားပါသေးသည်။ သို့သော် ဓားနက်က သူမ၏ ဝိညာဉ်စွမ်းအင်များကို ချိပ်ပိတ်ပစ်လိုက်သဖြင့် ကြိုးပြတ်သွားသော စွန်တစ်ခုပမာ ရေနက်ပိုင်းထဲ နစ်မြုပ်သွားခဲ့တော့သည်။
အောက်ခြေသို့ နစ်မြုပ်လာသော ယန်ရုန်ရုန့်ကို အရိပ်နက်ကြီး တောက်လောင်စွာ ကြည့်ရင်း တံတွေးများ မျိုချနေခဲ့သည်။
“မင်းရဲ့သွေးတွေ… မင်းရဲ့သွေးတွေ ငါ့ကို ပေးစမ်း!”
သူမ၏ သွေးနှင့်သာဆို အရိပ်နက်ကြီး အချုပ်အနှောင်မှ လွတ်မြောက်နိုင်လိမ့်မည်။
သို့သော်… ဒီတစ်ခါတော့ ဘာသွေးမှ ကျမလာတော့ပါ။
ယန်ရုန်ရုန့် ခန္ဓာကိုယ်ထဲ ဓားနက်စိုက်ဝင်နေသော်လည်း ဒဏ်ရာမှ သွေးတစ်စက်ပင် ကျမလာခဲ့ပေ။ တစ်စုံတစ်ခု မူမမှန်သည်ကို အလင်းပေါက်လူရိပ် သတိထားမိသွားသော်လည်း နောက်ကျသွားခဲ့ပါပြီ။
ဝူဝမ့်ဓားအစစ်က သူ့နောက်ကျောထဲ တိုးဝင်လာပြီး နှလုံးသားထဲအထိ စိုက်ဝင်သွားခဲ့သည်။
သူ့ခန္ဓာကိုယ်ကို ဖုံးကွယ်ပေးထားသည့် ရေထုက ချက်ချင်းဆိုသလိုပင် သွေးနီရောင်ပြောင်းသွားခဲ့ပြီး မီးခိုးရောင် ဝတ်ရုံနှင့်လူတစ်ယောက် အထင်းသားပေါ်လာခဲ့ပါသည်။
ဘယ်အချိန်ကမှန်းမသိ သူ့နောက်ကို ရောက်ရှိနေသည့် ယန်ရုန်ရုန့်ကို လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးများ မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွားခဲ့ရပါသည်။
“မင်း… မင်းကဘာလို့… ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!”
သူ့အစီအစဉ်တွင် ဟာကွက်မရှိသည်မှာ သေချာသည်။ ယန်ရုန်ရုန့်လို ကျင့်ကြံခြင်းအဆင့်မျိုးနှင့် သူ့ကို အာရုံခံမိစရာအကြောင်း လုံးဝ မရှိပါ။
ဓားနက်ဖြင့် တစ်ချက်ထိုးစိုက်လိုက်ရုံနှင့် ယန်ရုန်ရုန် သေသွားသင့်ပါသည်။ သို့သော် သူမ မသေသေးပေ။
‘မဖြစ်နိုင်ဘူး… လုံးဝ မဖြစ်နိုင်ဘူး…!”
ယန်ရုန်ရုန် ခပ်ပါးပါး ပြုံးလိုက်သည်။
“အံ့ဩသွားလား၊ ထင်မထားဘူးမလား”
နှစ်ယောက်အကြား အကွာအဝေးက အလွန်နီးကပ်နေသဖြင့် သူ့မျက်နှာပေါ်က အစိတ်အပိုင်းတိုင်းကို ယန်ရုန်ရုန် ထင်ထင်ရှားရှား မြင်နေရပါပြီ။
ယခင်တစ်ခေါက် သူမကို သတ်ခဲ့စဉ်က သူ့မျက်နှာပေါ်တွင် ‘အရာအားလုံး ငါစီစဉ်ထားတဲ့အတိုင်းပဲ’ဟူသည့် အထက်စီးဆန်သည့်အကြည့်မျိုး ရှိနေခဲ့သည်ကို ယန်ရုန်ရုန် မှတ်မိပါသေးသည်။
သူ့မျက်နှာပေါ်မှ ထိုဟန်ဆောင်မျက်နှာဖုံးကို ခွာချပစ်ချင်ပြီး အသက်ပျောက်ရတော့မည့် ခံစားချက်ကို သူ့အား ပြန်လည်ခံစားစေချင်ခဲ့သည်။ ယခု သူမ ဆန္ဒများ ပြည့်ဝခဲ့ပြီဖြစ်ဖြစ်သဖြင့် ယန်ရုန်ရုန် အလွန်ကျေနပ်သွားခဲ့ပါသည်။
မီးခိုးရောင်ဝတ်ရုံနှင့်လူမှာ တစ္ဆေတစ်ကောင်မြင်လိုက်ရသကဲ့သို့ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ အရိပ်နက်ကြီးကလည်း ထိုနည်းလည်းကောင်းပင်။
ယန်ရုန်ရုန့် သွေးစက်များ ကျလာမည့်အချိန်ကို သူမျှော်လင့်တကြီး စောင့်နေခဲ့သော်လည်း အချိန်အတော် ကြာသည့်တိုင်အောင် ဘာသွေးစက်မှ ကျမလာခဲ့ပါ။ ရေနက်ပိုင်းထဲ နစ်မြုပ်လာသည့် ယန်ရုန်ရုန့်၏ ‘ခန္ဓာကိုယ်’က တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပြီး နောက်ဆုံးမှာတော့ လူသားသဏ္ဌာန် အဆောင်စက္ကူလေးတစ်ရွက်အဖြစ် အသွင်ပြန်ပြောင်းသွားခဲ့ပါသည်။
အရိပ်နက်ကြီး၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။ ဒါယန်ရုန်ရုန် မဟုတ်ပေ။ လူစားထိုး အဆောင်စက္ကူတစ်ခုသာ။
အဆောင်စက္ကူနှင့်အတူ ဓားနက်လည်း ရေကန်အောက်ခြေသို့ နစ်မြုပ်သွားခဲ့သည်။ ထို့နောက် မီးခိုးရောင်ဝတ်ရုံနှင့်လူ နောက်ကျောမှ ဓားထိုးခံထားရသည်ကို အရိပ်နက်ကြီး မြင်လိုက်ရပါသည်။
သားကောင်ဖြစ်ရမည့် မိန်းကလေးက ယခု သူ့နောက်မှာ မုဆိုးတစ်ယောက်ပမာ ပြုံးလျက်သား ရပ်နေလေပြီ။
မီးခိုးရောင်ဝတ်ရုံနှင့်လူ နားမလည်နိုင်ဖြစ်သွားခဲ့ရသည်။
‘ငါ့ကို ဘယ်တုန်းက သတိထားမိသွားတာလဲ… ပြီးတော့ ငါ့နောက်ကို သူရောက်နေတာ ငါဘာလို့ မသိခဲ့ရတာလဲ”
🌹Chapter 232
မီးခိုးရောင်ဝတ်ရုံနှင့်လူ၏ အံ့အားသင့်တုန်လှုပ်မှုများကို ယန်ရုန်ရုန် အရသာခံရင်း အေးအေးလူလူ ပြောလိုက်သည်။
“ကျွန်မတို့ အပေးအယူလုပ်ကြမလား၊ ကျွန်မကို မေးချင်တာ မေးလို့ရတယ်၊ ရှင်နားမလည်နိုင်တဲ့အရာတွေကို ကျွန်မ ရှင်းပြပေးမယ်၊ အပြန်အလှန်အနေနဲ့၊ ရှင်မေးတဲ့မေးခွန်းတိုင်းအတွက် ကျွန်မရဲ့ မေးခွန်းတစ်ခုစီကိုလည်း ပြန်ဖြေပေးရမယ်”
မျှတသည့် အပေးအယူတစ်ခုဖြစ်သဖြင့် မီးခိုးရောင်ဝတ်ရုံနှင့်လူ ခေါင်းညိတ်သဘောတူလိုက်လေသည်။
ပြင်းထန်လှသော နာကျင်မှုကို အံကြိတ်ခံရင်း မီးခိုးရောင်ဝတ်ရုံနှင့်လူ ခက်ခက်ခဲခဲ မေးလိုက်ပါသည်။
“မင်းဘယ်အချိန်ကတည်းက ပုန်းနေခဲ့တာလဲ”
ယန်ရုန်ရုန် ပြန်ဖြေလိုက်သည်။
“ရွှမ်ကျီးကလောင်တံနဲ့ ရေမှော်ပင်တွေ”
သူမအဖြေက အဆုံးမရှိအစမရှိဖြစ်ကာ အလွန်တိုတောင်းသော်လည်း မီးခိုးရောင်ဝတ်ရုံနှင့်လူ ချက်ချင်း နားလည်လိုက်ပါသည်။
ရွှမ်ကျီးကလောင်တံကို သူမ ပြန်လည်ရယူခဲ့စဉ်က ရေမှော်ပင်များကို ခုတ်ထင်ပစ်ခဲ့သည်။ ထိုအခါ ရေမှော်ပင်များမှ ထွက်လာသည့် အနက်ရောင်သစ်စေးများက ရေပြင်တစ်ခုလုံးကို နောက်ကျိညစ်ထေးသွားစေခဲ့ပါသည်။
ထိုအချိန်တွင် ယန်ရုန်ရုန် အမှောင်ထုထဲ တိုးဝင်ပျောက်ကွယ်သွားသည်ကို သူမြင်ခဲ့ရသည်။ ထိုစဉ်က သူမ ဘာတွေလုပ်နေမှန်း မသိခဲ့ရသော်လည်း ခဏအကြာတွင် ပြန်ပေါ်လာခဲ့သဖြင့် မီးခိုးရောင်ဝတ်ရုံနှင်လူ ဘာမှ ဆက်မတွေးခဲ့ပါ။
ယခု သေချာပြန်စဉ်းစားကြည့်ခါမှ ထိုအမှောင်ထုထဲ ယန်ရုန်ရုန် ဝင်သွားခဲ့ရခြင်းက လူစားထိုးအဆောင်စက္ကူကို ဘယ်သူမှ မမြင်စေဘဲ အသုံးပြုနိုင်ဖို့ပင်။
ဒါကိုကြည့်ခြင်းအားဖြင့် သူ့အစီအစဉ်အား ယန်ရုန်ရုန် ကြိုသိနေခဲ့သည်ဟု ကောက်ချက်ချနိုင်ခဲ့ပါသည်။ သူမက သူ့အစီအစဉ်ကို ပြန်ကစားသွားပြီး မုဆိုးမှ သားကောင်ဖြစ်လာစေခဲ့ခြင်းပင်။
မီးခိုးရောင်ဝတ်ရုံနှင့်လူ၏ မျက်လုံးများထဲ တုန်လှုပ်မှုများ ပြည့်နှက်သွားခဲ့သည်။
“ငါ့အစီအစဉ်ကို ဘယ်လို ကြိုသိနေခဲ့တာလဲ”
ယန်ရုန်ရုန်က ပြန်ချေပလိုက်သည်။
“အခုက ကျွန်မေးရမယ့်အလှည့်လေ၊ ရှင် ဘယ်သူလဲ”
မီးခိုးရောင်ဝတ်ရုံနှင့်လူ တိတ်ဆိတ်သွားခဲ့သည်။ ယန်ရုန်ရုန်က ဝူဝမ့်ဓားကို ဖိအားထပ်ပေးလိုက်ပြီး အေးစက်စွာ ပြောလိုက်ပါသည်။
“ဖြေလေ!”
မီးခိုးရောင်ဝတ်ရုံနှင့်လူ အလွန်နာကျင်နေပါသည်။ ပြန်လည် ခုခံချင်ခဲ့သော်လည်း ကြွက်သားတစ်မျှင်ပင် လှုပ်မရခဲ့ပါ။ ယန်ရုန်ရုန်က သူ့ကျောကို ပုတ်လိုက်ပြီး သူမ အသုံးပြုထားသည့် အဆောင်စက္ကူများ ပိုမိုခိုင်မြဲသွားအောင် လုပ်လိုက်ပါသည်။
ယန်ရုန်ရုန်က သတိပေးလိုက်သည်။
“ရုန်းမနေနဲ့၊ ရှင့်ပေါ်မှာ အကြောသေအဆောင် သုံးထားတယ်၊ လှုပ်လို့ရမှာ မဟုတ်ဘူး”
မီးခိုးရောင်ဝတ်ရုံနှင့်လူ အမျက်ဒေါသ ထွက်သွားသော်လည်း ဒီတစ်ခါတော့ သူအရေးနိမ့်သွားခဲ့ပြီဖြစ်မှန်း နားလည်ပါသည်။
ယန်ရုန်ရုန်က အသိပေးလိုက်သည်။
“ကျွန်မမေးခွန်းကို မဖြေသေးဘူးနော်၊ ရှင်က ဘယ်သူလဲ၊ ကျွန်မကို သတ်ဖို့အတွက် ဒီလောက်ထိ ဘာလို့ ကြိုးစားနေရတာလဲ”
မီးခိုးရောင်ဝတ်ရုံနှင့်လူက ရယ်မောလိုက်သည်။
“ငါမင်းကို အထင်သေးလိုက်မိပြီ၊ ဒီတစ်ခါတော့ ငါရှုံးတာ ဝန်ခံပါတယ်”
ယန်ရုန်ရုန် မျက်ခုံးပင့်သွားလေသည်။
“ဒီတစ်ခါတော့ ဟုတ်လား”
သူပြောပုံအရဆို နောက်တစ်ခါ ရှိလာနိုင်သေးသည့် သဘောပင်။
သူမ၏ သံသယများကို အတည်ပြုပေးလိုက်သည့်အလား သူ့မျက်ဝန်းတွေထဲ ရန်သူနှင့်အတူ ကိုယ့်ကိုယ်ကိုယ် စတေးလိုက်တော့မည့် အကြည့်မျိုး၊ ရှင်သန်ဖို့အတွက် ကိုယ့်လက်ကိုယ် ဖြတ်တောက်ပစ်တော့မည့် စစ်သည်တော်တစ်ဦး၏ အကြည့်မျိုး ပေါ်လာခဲ့သည်။
ယန်ရုန်ရုန် ရင်တုန်သွားခဲ့ရသည်။ သူမ ခံစားချက်တွေ မကောင်းတော့ပါ။
‘ဒီကောင် ငါ့ကိုပါ တစ်ပါတည်းခေါ်သွားဖို့ ကြံနေတာလား’
သူမ ခန့်မှန်းချက် မှန်ကန်ပါသည်။
မီးခိုးရောင်ဝတ်ရုံနှင့်လူ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များ အပြင်ဘက်သို့ ကြမ်းတမ်းစွာ ဖြာထွက်လာခဲ့သည်။ သူ့မျက်နှာ အလွန်နီရဲသွားခဲ့ပြီး မျက်လုံး၊ နှာခေါင်း၊ ပါးစပ်နှင့် နားရွက်များမှ သွေးများ စီးထွက်လာခဲ့သည်။
‘ဒီကောင် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်တော့မှာပဲ!’
ယန်ရုန်ရုန် နှုတ်ဆိတ်ကျိန်ဆဲပစ်လိုက်ပီး ဝူဝမ့်ဓားကို ပြန်ဆွဲထုတ်ကာ မီးခိုးရောင်ဝတ်ရုံနှင့်လူ၏ နောက်ကျောကို ကန်ထုတ်ပစ်လိုက်ပါသည်။ သူသေချင်နေသည်ဆိုလျှင်တောင် သူမကိုတော့ သတ်ခွင့်မရစေရပါ။
မီးခိုးရောင်ဝတ်ရုံနှင့်လူ ခပ်လှမ်းလှမ်းသို့ မရောက်ခင်မှာပင် ကောင်းကင်ပြိုလောက်သော အသံကျယ်ကြီးနှင့်အတူ ပေါက်ကွဲထွက်သွားတော့သည်။
သူ့ခန္ဓာကိုယ် တစ်စစီဖြစ်သွားပြီး အမှုန့်ကြေကာ ရေထုထဲမှာပင် ပျောက်ကွယ်သွားခဲ့သည်။ ပြင်းထန်လှသော ဝိညာဉ်စွမ်းအင်များကြောင့် ရေကန်တစ်ကန်လုံး တုန်ခါသွားခဲ့ပြီး ကြောက်စရာကောင်းသော စူးစူးဝါးဝါး အော်သံကြီးနှင့်အတူ လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာခဲ့သည်။
ပေါက်ကွဲသည့် အမှတ်နှင့် အနည်းငယ် ကွာဝေးသော်လည်း ယန်ရုန်ရုန် မရှောင်နိုင်ခဲ့ပါ။ ပေါက်ကွဲအားအရှိန်ကြောင့် သူမ အနောက်သို့ လွင့်ထွက်သွားခဲ့ရသည်။
--- --- ---
ကျောက်ပြာရေကန်၏ ကမ်းပေါ်တွင် ယန်ရုန်ရုန့်ကို ရှာဖွေဖို့ ဟမ်ယဲ့ အသင့်ပြင်နေချိန် ရေကန်အောက်ခြေမှ ပြင်းထန်သည့် စွမ်းအင်တစ်ခု ပေါက်ထွက်လာသည်ကို ခံစားလိုက်ရပါသည်။
ထို့နောက် ကြီးမားလှသည့် ပေါက်ကွဲမှုကြီးတစ်ခုကြောင့် ရေကန်အတွင်းမှ ရေအတော်များများ မိုးပေါ်သို့ ပန်းထွက်လာခဲ့သည်။
မြေပြင်များ တုန်ခါလာပြီး တောင်တန်းများပင် ယိမ်းယိုင်သွာသည့်အလား အနီးနားတွင် ရှိနေသော ကျေးငှက်များ၊ သားရဲတိရိစ္ဆာန်များလည်း ကြောက်လန့်တကြား ထွက်ပြေးကုန်ကြပါပြီ။
မိစ္ဆာကျင့်ကြံသူများအားလုံး ထိတ်လန့်ကာ ရေကန်နှင့် ဝေးရာ ဆုတ်ခွာသွားခဲ့ကြသည်။
ဟမ်ယဲ့ ခေတ္တမျှ တုန်လှုပ်သွားပြီးနောက် ရေကန်ထဲ မဆိုင်းမတွ ခုန်ချသွားခဲ့ပါသည်။ ရေကန်အောက်တွင် ကျူးကျူး ရှိနေဆဲဖြစ်သဖြင့် သူမကို တွေ့အောင်ရှာပြီး ကယ်တင်ရမည်။
အမေဖြစ်သူအတွက် စိတ်ပူနေသည့် လျို့လန်လည်း ဟမ်ယဲ့နောက် လိုက်ခုန်ဆင်းသွားခဲ့ပါသည်။
လောလောလည်း ရေကန်အောက်တွင် ရှိနေသည့် သားရဲက ထောင်ဝူသားရဲမှန်းသိလိုက်ရပြီဖြစ်သဖြင့် ခေတ္တစဉ်းစားကာ ငှက်ပေါက်လေးကို လှည့်ပြောလိုက်သည်။
“မင်း ကမ်းပေါ်မှာပဲ စောင့်နေ”
ထို့နောက် ရေကန်ထဲ သူပါ ခုန်ချသွားခဲ့တော့သည်။
--- --- ---
ရေကန်ထဲတွင် ဝိညာဉ်စွမ်းအင်များ ခက်ထန်သောင်းကျန်းနေပါသည်။ ရေပြင်တစ်ခုလုံးကလည်း ထိန်းမနိုင်သိမ်းမရ အခြေအနေဖြစ်ကာ လှုတ်ခတ်ဗြောင်းဆန်နေခဲ့သည်။
ယန်ရုန်ရုန် ခေါင်းတွေမူးဝေလာပြီး နားတွေပင် အူလာခဲ့သည်။ သူမတစ်ကိုယ်လုံးကို ပြင်းထန်သည့် ဖိအားတစ်ခုခုက ဖိနှိပ်ထားသလို ခံစားရပြီး ထိုဖိအားကြောင့် ကိုယ်တွင်းအင်္ဂါများ ပိကြေသွားတော့မည့်အလား ခံစားနေရပါသည်။
ခန္ဓာကိုယ်အတွင်းရှိ သွေးများ နောက်ပြန်စီးဆင်းနေသကဲ့သို့ ခံစားရကာ လည်ချောင်းထဲ သွေးနံ့များ တက်လာခဲ့ပါသည်။
ယန်ရုန်ရုန် ပါးစပ်ဖွင့်ကာ သွေးများကို အန်ထုတ်ပစ်ချင်သော်လည်း ခပ်မြန်မြန်ပဲ လက်ဖြင့် အုပ်လိုက်သည်။ သွေးများကို လက်ဖြင့် တားဆီးလိုက်သော်လည်း နှုတ်ခမ်းထောင့်မှာ သွေးစက်အနည်းငယ် စိမ့်ထွက်ကာ ကန်ရေနှင့် ရောစပ်သွားခဲ့သည်။
ထောင်ဝူသားရဲလည်း တစ်စုံတစ်ခုကို အာရုံခံမိသွားဟန်ဖြင့် မျက်လုံးများ အရောင်လက်သွားခဲ့ပါသည်။
ထို့နောက် အစွယ်များကို ဖြဲကာ အားရပါးရ ရယ်မောလိုက်သည်။ သူ့ကို တုပ်နှောင်ထာားသည့် သံကြိုးများပြတ်တောက်ကာ တစ်ချက်လောက် လှုပ်ယမ်းလိုက်ရုံဖြင့် ထောင်ဝူသားရဲ အချုပ်အနှောင်မှ လွတ်မြောက်သွားခဲ့တော့သည်။
၎င်း၏ရှေ့ခြေထောက်များဖြင့် မြေပြင်ပေါ်ထောက်ကာ ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။ ရေကန်ထဲတွင် ဝိညာဉ်စွမ်းအင်များ သောင်းကျန်းနေဆဲဖြစ်သော်လည်း ရှေးဟောင်းကျိန်စာသားရဲတစ်ကောင်အတွက်တော့ အယားပြေရုံမျှသာ ရှိပါသည်။
နှစ်ပေါင်းများစွာ အချုပ်နှောင်ခံခဲ့ရသဖြင့် ညောင်းညာနေသည့် ၎င်း၏ခြေထောက်များကို ဆန့်ကာ အညောင်းအညာ ဖြေလိုက်သည်။
ထို့နောက် ယန်ရုန်ရုန့်ကို စိုက်ကြည့်ကာ လောဘအပြည့်၊ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြောလိုက်လေသည်။
“သူငါ့ကို မလိမ်ခဲ့ဘူးပဲ၊ မင်းရဲ့သွေးက ငါ့ရဲ့အချုပ်အနှောင်ကို တကယ်ဖျက်ဆီးပေးနိုင်ခဲ့တယ်”
ရေပြင်ထဲတွင် ယန်ရုန်ရုန် ခန္ဓာကိုယ်ဟန်ချက်ညီအောင် ခက်ခက်ခဲခဲပြန်ထိန်းလိုက်ပြီး သွေးများကို မျိုချလိုက်သည်။ နှုတ်ခမ်းမှ သွေးစက်များကို သုတ်ရင်း ထောင်ဝူသားရဲကြီးကို မှောင်မိုက်စွာ ကြည့်လိုက်ပါသည်။
ထောင်ဝူသားရဲက အချုပ်အနှောင်မှ လွတ်မြောက်ကာ သူမထံ ချဉ်းကပ်လာပြီဖြစ်သဖြင့် သူ့အသွင်အစစ်ကို ယန်ရုန်ရုန် ရှင်းရှင်းလင်းလင်း မြင်နိုင်ပါပြီ။
ထောင်ဝူသားရဲ၏ အသွင်က ဧရာမ ကျားကြီးတစ်ကောင်နှင့်တူပြီး ရှည်လျားသော အဝါ၊အနက် သားမွေးများဖြင့် တစ်ကိုယ်လုံး ဖုံးလွှမ်းနေသည်။ ၎င်း၏နားရွက်များက ရှည်လျား ချွန်ထက်လျက် ကြက်သွေးရောင် မျက်လုံးများရှိပြီး အလွန်ထက်ရှသော အစွယ်ကြီးများက ပါးစပ်မှ ထိုးထွက်နေကာ ထူထူပွပွ အမြီးကြီးတစ်ချောင်းလည်း ရှိသည်။
ယန်ရုန်ရုန်က အက်ကွဲနေသော လေသံဖြင့် မေးလိုက်သည်။
“သူ ဆိုတာ ဘယ်သူလဲ”
ယန်ရုန်ရုန့် မေးခွန်းက မရေရာသော်လည်း ဘယ်သူဘယ်ဝါကို ဆိုလိုမှန်း ထောင်ဝူသားရဲ နားလည်နေခဲ့ပါသည်။
“သာမန် ကျင့်ကြံသူတစ်ယောက်ပါ၊ သူ ဘယ်သူဖြစ်ဖြစ် ငါဂရုမစိုက်ဘူး”
ထောင်ဝူသားရဲ၏ မျက်နှာက အလွန်စိတ်ကြီးဝင် မောက်မာနေပြီး မီးခိုးရောင်ဝတ်ရုံနှင့်လူကို အမှန်တကယ် စိတ်မဝင် စားမှန်း မြင်သာသည်။
ယန်ရုန်ရုန်က ထပ်မေးသည်။
“ရှင်ကကော ဘယ်သူလဲ”
သူ့အကြောင်း ယန်ရုန်ရုန် အမှန်တကယ် မသိသည်ကို မြင်လိုက်ရသည့်အခါ ထောင်ဝူသားရဲ၏ မျက်နှာပေါ်မှ အပြုံးများ မှေးမှိန်သွားခဲ့သည်။
ထိုအချိန်တွင် ရင်းနှီးနေသော အသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့ပါသည်။
“အဲ့တာ ထောင်ဝူသားရဲပဲ”
အသံလာရာဘက်သို့ ယန်ရုန်ရုန် လှည့်ကြည့်လိုက်သည်။ ရေပြင်က နောက်ကျိနေသော်လည်း သူမထံ အရှိန်အဟုန်ဖြင့် ကူးခတ်လာသည့် ဟမ်ယဲ့ကို မြင်လိုက်ရပါသည်။
ယခု ဟမ်ယဲ့က သားရဲအသွင်ပြောင်းထားသည်။ ထောင်ဝူသားရဲလောက် မကြီးမားသော်လည်း သူ့ခန္ဓာကိုယ်က ပြေပြစ်လှပပြီး စွမ်းအားများဖြင့် ပြည့်နှက်နေသည်။ သူ့ခန္ဓာကိုယ်ကို ငွေဖြူရောင် သားမွေးများက ဖုံးအုပ်ထားပြီး နဖူးပေါ်ရှိ သားရဲအမှတ်အသားများကလည်း လှုပ်ရှားနေပါသည်။
သူ့ရွှေရောင်မျက်လုံးများဖြင့် ယန်ရုန်ရုန့်ကို စိုက်ကြည့်နေခဲ့သည်။
ဘာကြောင့်မှန်းမသိဘဲ ဟမ်ယဲ့၏ ငွေဖြူရောင် သားမွေးများကို မြင်ပြီး ယန်ရုန်ရုန် စက္ကန့်ပိုင်းမျှ ရီဝေသွားခဲ့ရသည်။ အိပ်မက်ထဲမှ အဖြူရောင်ဝတ်ရုံနှင့်လူကို ယန်ရုန်ရုန် ရုတ်တရက် တွေးမိသွားပါသည်။ ထိုလူ့၏ ငွေဖြူရောင် ဆံနွယ်ရှည်များက ဟမ်ယဲ့၏ သားမွေးများနှင့် ဆင်တူလွန်းလှသည်။
မျက်စိတစ်မှိတ်အချိန်အတွင်း ယန်ရုန်ရုန့်ရှေ့သို့ ဟမ်ယဲ့ ရောက်ရှိလာသည်။
သူ့ထူထူပွပွ အမြီးကြီးဖြင့် ယန်ရုန်ရုန့်ကို ရစ်ပတ်ကာ ရေပြင်ထဲ သောင်းကျန်းနေသည့် ဝိညာဉ်စွမ်းအင်များထံမှ ကာကွယ်ပေးလိုက်သည်။ ယန်ရုန်ရုန်လည်း မူးဝေနေသည်များ ပျောက်ကွယ်ကာ ချက်ချင်းပင် နေလို့ ကောင်းသွားတော့သည်။
ယန်ရုန်ရုန် ကျိန်စာသားရဲကြီးကို ပြန်လှည့်ကြည့်လိုက်ပါသည်။
‘ဒါဆို ထောင်ဝူသားရဲပေါ့…’
ရာဇဝင်အရဆိုလျှင် ထောင်ဝူသားရဲမှာ အလွန်ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာလောင်သော သားရဲတစ်ကောင် ဖြစ်သည်။ ထောင်ထျဲလိုပင် ရှေးဟောင်းကျိန်စာသားရဲကြီး လေးပါးထဲမှ တစ်ပါးဖြစ်ပါသည်။
သူ့အကြောင်းကို သိနေသည့် လူတစ်ယောက်ပေါ်လာသောအခါ ထောင်ဝူသားရဲ အေးစက်စွာ ပြုံးလိုက်သည်။
“အနည်းဆုံးတော့ မင်းမှာ မျက်လုံးပါသားပဲ သောက်ကလေး”
သို့သော် ချက်ချင်းဆိုသလိုပင် ၎င်း၏ အစွယ်များကို ဖြဲပြလိုက်သည်။
“ဒါဆို မင်းကို အရင်ဆုံးသတ်ပေးရတာပေါ့၊ မနာမကျင်စေဘဲ အမြန်ဆုံး သေသွားရအောင် သတ်ပေးမယ်!”