← Chapters

အခန်း (၂၃၅-၂၃၆)

Vol. 24 Ch. 235-236

အခန်း (၂၃၅-၂၃၆)

Vol. 24 Ch. 235-236

🌹Chapter 235

ဒီနေရာကြီးမှ အရင်ဆုံးထွက်သွားကြဖို့ ယန်ရုန်ရုန် အကြံပြုလိုက်သည်။

လောလောက လက်ထဲမှ ထောင်ဝူသားရဲကို အနည်းငယ် လှုပ်ယမ်းပြကာ မေးလိုက်သည်။

“ဒီကောင့်ကို ဘယ်လိုရှင်းလိုက်ရမလဲ”

ယန်ရုန်ရုန့်အကြည့်ကို မြင်ပြီး ထောင်ဝူသားရဲ ချက်ချင်း အစွယ်ဖြဲကာ မာန်ဖီလိုက်ပြန်ပါသည်။

“သတ်ချင်သတ်၊ အရေခွံနွှာချင်နွှာ၊ မင်းတို့ကြိုက်သလိုသာလုပ်!”

ထောင်ဝူသားရဲက ကြမ်းတမ်းခက်ထန်သော ပုံစံဖမ်းနေသော်လည်း အသံက ငိုသံပါနေဆဲပင်။ မျက်လုံးများက နီမြန်းနေပြီး မျက်နှာပေါ်မှာလည်း မျက်ရည်စီးကြောင်းများ အပြည့်ရှိနေသည်။

ယန်ရုန်ရုန်က အေးအေးလူလူ ပြောလိုက်ပါသည်။

“ရှင်နဲ့ လျို့လန်တို့က ညီအစ်ကိုတွေဖြစ်ခဲ့ဖူးတာ ကျွန်မသိတယ်…”

ထောင်ဝူသားရဲ ချက်ချင်း ဖြတ်ပြောလိုက်သည်။

“အခုချိန်ထိ ညီအစ်ကိုတွေဖြစ်နေတုန်းပဲကွ!”

ယန်ရုန်ရုန်က ဒေါသမထွက်ဘဲ ကမ်းလှမ်းလိုက်ပါသည်။

“အဲ့တာဆို လျို့လန်ဘေးမှာနေပြီး သူနဲ့ညီအစ်ကိုတွေ ဆက်မလုပ်ချင်ဘူးလား”

ထောင်ဝူသားရဲ ကြက်သေသေသွားခဲ့သည်။

‘အဲ့… အဲ့လောက်ကောင်းတာမျိုးကို တကယ်ရွေးချယ်ခွင့်ရှိတာလား…’

ထောင်ဝူသားရဲ သံသယကြီးစွာ မေးလိုက်သည်။

“မင်းငါ့ကို မသတ်ချင်ဘူးလား”

ယန်ရုန်ရုန်ခပ်ပါးပါး ပြုံးလိုက်ပါသည်။

“ကျွန်မက ရှင်တို့ ကျိန်စာသားရဲတွေလို မဟုတ်ဘူး၊ အတိုက်အခိုက် အသတ်အဖြတ်တွေကို သဘောမကျဘူး”

စောစောက မီးခိုးရောင်ဝတ်ရုံနှင့်လူကို သူမ ဓားဖြင့်ထိုးသတ်ခဲ့သည့် မြင်ကွင်းအား ထောင်ဝူသားရဲ ပြန်မြင်ယောင်ကြည့်ရင်း ထိုစကားကို အတော်လေး သံသယဖြစ်မိပါသည်။

ယန်ရုန်ရုန်က လက်နှစ်ချောင်းထောင်ကာ နူးညံ့သော အပြုံးဖြင့် ဆိုလိုက်သည်။

“ကျွန်မ ရှင့်ကို ရွေးချယ်ခွင့်နှစ်ခုပေးမယ်၊ အခုချက်ချင်း လျို့လန်စားတာကို ခံမလား၊ ဒါမှမဟုတ် ကျွန်မနဲ့ ဝိညာဉ်သားရဲစာချုပ်ချုပ်မလား၊ ရှင်ကြိုက်တာ ရွေးပါ”

ထောင်ဝူသားရဲထံမှ သဲလွန်စများ နှိုက်ထုတ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက ဝိညာဉ်သားရဲစာချုပ် ချုပ်ဆိုလိုက်ခြင်းပင်။ ဒီလိုသာဆို သူမကို ဘာမှဖုံးကွယ်ထားနိုင်တော့မှာ မဟုတ်ပါ။

ထောင်ဝူသားရဲ တစ်ကိုယ်လုံးရှိ သားမွေးများ ထောင်သွားပြီး အလွန်ဒေါသထွက်သွားပါသည်။

“အဆင့်မရှိတဲ့ လူသားတစ်ယောက်ဆီမှာ အိမ်မွေးတိရိစ္ဆာန် အဖြစ်ခံမယ့်အစား အသေပဲ ခံလိုက်မယ်ကွ!”

“လျို့လန်လည်း ကျွန်မနဲ့ စာချုပ်ချုပ်ထားတယ်”

ယန်ရုန်ရုန်က သိမ်သိမ်မွေ့မွေ့ပြောလိုက်သည်။

“ရှင်ကျွန်မနဲ့ စာချုပ်ချုပ်မယ်ဆိုရင် လျို့လန်နဲ့ ညီအစ်ကိုတွေအဖြစ် ဆက်နေနိုင်မှာနော်၊ ရှင့်အစ်ကိုကြီးနားကို ပြန်မလာချင်ဘူးလား”

ယန်ရုန်ရုန်၏ လက်ရှိပုံစံက ကလေးတစ်ယောက်ကို ပြန်ပေးဆွဲဖို့ ကြိုးစားနေသည့် ထူးထူးဆန်းဆန်း အဒေါ်ကြီးတစ်ယောက်နှင့် တူနေသည်ဟု လောလော ခံစားမိသည်။

ထောင်ဝူသားရဲ မယုံကြည်နိုင်အောင် ဖြစ်သွားလေသည်။

“အစ်ကိုကြီး! အစ်ကိုကြီးက လူသားတစ်ယောက်ဆီမှာ လိုလိုလားလားနဲ့ အိမ်မွေးတိရိစ္ဆာန် အဖြစ်ခံခဲ့တာလား!”

သူ့အစ်ကိုကြီးက အလွန်စွမ်းအားကြီးမားပြီး လောကအရပ်ရပ်တွင် ပြိုင်ဘက်ကင်းခဲ့သူဖြစ်သည်။

‘ဒီလို သူ့အစ်ကိုကြီးက သူများရဲ့ အိမ်မွေးတိရိစ္ဆာန်အဖြစ်ခံတယ်တဲ့လား!’

ထောင်ဝူသားရဲ မယုံကြည်နိုင်မှုဖြင့် မေးလိုက်သည်။

“အစ်ကိုကြီး၊ အစ်ကိုကြီးကို အဲ့ဒီမိန်းမ လှည့်စားခဲ့တာလား”

လျို့လန်၏ မျက်နှာသေးသေးလေး အလွန်မကျေမနပ်ဖြစ်သွားသည်။

“မဟုတ်တာတွေ မပြောနဲ့၊ မေမေက လူကောင်းတစ်ယောက်ပဲ၊ ဘယ်သူ့ကိုမှ မလှည့်စားဖူးဘူး၊ စာချုပ်ကို ငါ့ဆန္ဒနဲ့ငါ ချုပ်ခဲ့တာ၊ အဲ့ဒီစာချုပ်ချုပ်ထားရင် မေမေ့နားမှာ တစ်သက်လုံးနေနိုင်မှာမို့လို့!”

ထို့နောက် ထောင်ဝူသားရဲကို စက်ဆုပ်စွာကြည့်ရင်း လျို့လန် ဆက်ပြောလိုက်သည်။

“မင်းကို ငါ့မေမေ ဒီလို အခွင့်အရေးပေးတာတောင် ကံကောင်းလှပြီမှတ်၊ ကျေးဇူးမကန်းနဲ့ကွ!”

အစ်ကိုဖြစ်သူ၏ ငေါက်ငမ်းမှုကြောင့် ထောင်ဝူသားရဲ ခက်ထန်မှုများ ချက်ချင်းပျောက်ကာ သနားစဖွယ် ပုံစံလေး ပြန်ဖြစ်သွားခဲ့ပါသည်။

မျက်ရည်များဝဲလျက် သူပြောလိုက်သည်။

“အစ်ကိုကြီး… အစ်ကိုကြီး အရင်တုန်းက အဲ့လိုမဟုတ်ပါဘူး၊ အစ်ကိုကြီးက ရှေးဟောင်းကျိန်စာသားရဲကြီး လေးပါးထဲမှာ စွမ်းအားအကြီးမားဆုံးပဲလေ! လေပြင်းမုန်တိုင်းနဲ့ မိုးတိမ်တောင်တွေကိုတောင် ဆင့်ခေါ်နိုင်စွမ်းရှိတာ! ဘာလို့ သူများရဲ့ အိမ်မွေးတိရိစ္ဆာန်ဖြစ်သွားရတာလဲ၊ အစ်ကိုကြီး မရှက်မိဘူးလား!”

လျို့လန်က လှောင်ပြုံးပြုံးကာ ပြန်ပြောလိုက်သည်။

“အရင်ကအရင် အခုကအခုပဲ၊ အရင်ကကိစ္စတွေအကုန် ငါမေ့သွားပြီ၊ အခု ငါက မေမေ့ရဲ့ ‘အဖိုးတန်လေး’ဖြစ်နေပြီ၊ မင်းအသက်ဆက်ရှင်ချင်သေးတယ်ဆိုရင် ငါ့မေမေရဲ့ ကမ်းလှမ်းချက်ကို လက်ခံလိုက်၊ မဟုတ်ရင်တော့ ငါမင်းကို အခုချက်ချင်း စားပစ်မယ်!”

ယခုအချိန်တွင် လျို့လန်၏ ပုံစံက အချစ်ဝတ္ထုထဲမှ ချစ်သူဟောင်းကို စွန့်ပစ်လိုက်သည့် လူယုတ်မာတစ်ကောင်နှင့် တူနေပြီး ထောင်ဝူသားရဲကတော့ အစွန့်ပစ်ခံလိုက်ရသည့် သနားစဖွယ် ချစ်သူဟောင်းလေးနှင့် တူနေတော့သည်။

ထောင်ဝူသားရဲ ရင်ကွဲမတတ် ဝမ်းနည်းသွားပြီး ထပ်ငိုမိလုနီးပါး ဖြစ်သွားသည်။

“အစ်ကိုကြီး… ဘာလို့ ဒီလိုမျိုး ဖြစ်သွားရတာလဲ”

လျို့လန် စိတ်မရှည်တော့ပါ။ ထို့ကြောင့် သတိပေးလိုက်သည်။

“နားလာငြီးမနေနဲ့! ဆုံးဖြတ်စရာရှိတာ မြန်မြန်ဆုံးဖြတ်!”

ထောင်ဝူသားရဲ တိုးတိုးလေး ညည်းတွားလိုက်ပါသည်။ အကယ်၍ သူ့ကို စာချုပ်ချုပ်ဖို့ ကမ်းလှမ်းသူက အခြားသူတစ်ယောက်ယောက် ဖြစ်နေလျှင် သူဘယ်တော့မှ သဘောတူမှာ မဟုတ်ပါ။

သို့သော် သူ့ရှေ့တွင် ရှိနေသူက အခြားသူမဟုတ်ဘဲ သူအမြဲတမ်း ယုံကြည်လေးစားခဲ့ရတော့ အစ်ကိုကြီး ဖြစ်နေလေသည်။

အစ်ကိုကြီးသာ စေခိုင်းလျှင် အိမ်မွေးတိရိစ္ဆာန်ဖြစ်လာဖို့ကို မဆိုဦးနှင့်၊ သေရမည်ဆိုလျှင်တောင် နာနာခံခံ သေပေးလိုက်ပါမည်။

စိတ်ထဲ အလွန်ပဋိပက္ခဖြစ်သွားပြီး နောက်ဆုံးတော့ ထောင်ဝူသားရဲ ခေါင်းငုံ့လိုက်ရပါသည်။

သူဝမ်းနည်း ညှိုးငယ်စွာ ပြောလိုက်သည်။

“အစ်ကိုကြီးက စာချုပ်ချုပ်စေချင်တယ်ဆိုရင် ကျွန်တော် စာချုပ်ချုပ်ပါ့မယ်”

ယန်ရုန်ရုန် ချန့်ခွင်းအိတ်ထဲမှ ကျောက်စိမ်းပြားတစ်ချပ်ကို ထုတ်လိုက်ပြီး ထောင်ဝူ၏ သွေးတစ်စက် ချစေခဲ့သည်။ ထို့နောက် သူ့နဖူးပေါ် ဖိကပ်ပေးလိုက်ပါသည်။

စာချုပ်ချုပ်ဆိုမှု အောင်မြင်ကြောင်း အချက်ပြသည့်အနေဖြင့် ကျောက်စိမ်းပြား လင်းလက်သွားခဲ့သည်။

“ဟုတ်ပြီ”

ကျောက်စိမ်းပြားကို ပြန်သိမ်းရင်း ယန်ရုန်ရုန် ပြောလိုက်သည်။

“ခုချိန်ကစပြီး မိသားစုဝင်တွေ ဖြစ်သွားကြပြီနော်”

လောလောလည်း ထောင်ဝူသားရဲ၏အမြီးကို လွှတ်ပေးလိုက်ပါသည်။

ထောင်ဝူသားရဲ အချုပ်အနှောင်မှ လွတ်မြောက်သည်နှင့် လျို့လန်ထံ အော်ဟစ်ရင်း ပြေးသွားခဲ့သည်။

“အစ်ကိုကြီး! အစ်ကိုကြီးအတွက် ကျွန်တော် ဒါတွေ လုပ်ပေးခဲ့တာ!”

လျို့လန်က ရွံရှာစွာ ရှောင်ရှားလိုက်သည်။

“ငါနဲ့ဝေးဝေးမှာ နေစမ်း!”

ယန်ရုန်ရုန်က လျို့လန်၏ ခေါင်းလေးကို ပွတ်ပေးရင်း ပြောလိုက်ပါသည်။

“အခု ထောင်ဝူက မိသားစုဝင်ဖြစ်သွားပြီ၊ သူ့ကို မေမေ စောင့်ကြည့်ဖို့ အချိန်သိပ်ပေးနိုင်မှာမဟုတ်လို့ လျို့လန်က ကူညီပြီး စောင့်ကြည့်ပေးထားနိုင်မလား”

လျို့လန် ချက်ချင်း ရင်ကော့ကာ ကတိပေးလိုက်သည်။

“စိတ်ချ မေမေ! သား တာဝန်သာထားလိုက်၊ သူလုံးဝ လိမ္မာနေစေရမယ်!”

ယန်ရုန်ရုန်ကလည်း မဆိုင်းမတွ ချီးကျူးပေးလိုက်သည်။

“လျို့လန်လေးက အတော်ဆုံးပဲ”

လျို့လန် နားရွက်တက်ချိတ်မတတ် ပြုံးလိုက်သည်။ ထောင်ဝူကို ကြည့်သည့် သူ့အကြည့်များပင် အနည်းငယ် ပျော့ပြောင်းသွားခဲ့ပါသည်။

ထောင်ဝူကို မေးငေါ့ပြကာ လျို့လန် ပြောလိုက်သည်။

“အခုကစပြီး မင်း ငါနဲ့အတူ နေရမယ်”

ထောင်ဝူ မျက်လုံးများ အရောင်လက်သွားပြီး သူ့နား ခပ်သုတ်သုတ် ပြေးလာကာ ရွှင်ရွှင်ပျပျပြောလိုက်ပါသည်။

“အင်း အင်း! အစ်ကိုကြီးပြောစကားမှန်သမျှ ကျွန်တော်နားထောင်ပါ့မယ်! ကျွန်တော်တို့က ထာဝရ ညီအစ်ကိုတွေပဲ!”

ယခင်တုန်းက နေ့ရက်ဟောင်းများထံ ပြန်လည်ရောက်ရှိသွားသလို ထောင်ဝူ ခံစားလိုက်ရသည်။ ယန်ရုန်ရုန့်အပေါ် ရန်လိုမှုများလည်း သိသိသာသာ လျော့ကျသွားခဲ့ပါသည်။

ဒါကိုမြင်ပြီး လောလော သက်ပြင်းချမိသည်။ ထောင်ဝူသားရဲကတော့ ယခင်တုန်းကလိုပဲ ဉာဏ်ရည်နိမ့်ပါးနေဆဲပင်။

ရှေးဟောင်းကျိန်စာသားရဲကြီး လေးပါးအနက် ထောင်ထျဲနှင့် ချုံးချီတို့တွင်သာ ဦးနှောက်ရှိကြသည်။ ထောင်ဝူနှင့် ဟွင်သွမ်းတို့က ခွန်အားသာရှိပြီး ဦးနှောက်မရှိကြသူများဖြစ်သည်။

ယခု ထောင်ထျဲကလည်း မိုးကြိုးပစ်ချခံရကာ ဦးနှောက် ပျက်သွားပြီဖြစ်သဖြင့် ဦးနှောက်အလုပ်လုပ်သူဟူ၍ ချုံးချီသားရဲ တစ်ကောင်တည်းသာ ရှိပါတော့မည်။

ထိုစဉ် ဘယ်အချိန်တည်းကမှန်းမသိ ယန်ရုန်ရုန့်ဘေးသို့ ရောက်ရှိနေသည့် ဟမ်ယဲ့က မျှော်လင့်ချက်များ ပြည့်ဝနေသော မျက်လုံးများဖြင့် ယန်ရုန်ရုန့်ကို ကြည့်ကာ တောင်းဆိုလိုက်သည်။

“ကျူးကျူ၊ ကိုယ်လည်း ကျူးကျူးနဲ့ စာချုပ်ချုပ်ချင်တယ်”

ယန်ရုန်ရုန် အချိန်အတော်ကြာအောင် မှင်သက်သွားခဲ့ရသည်။

“အဲ့တာ ဝိညာဉ်သားရဲစာချုပ်နော်!”

သူမ သတိပေးလိုက်ပါသည်။

ဟမ်ယဲ့က မိစ္ဆာနယ်မြေ၏ ဘုရင်တစ်ပါးဖြစ်သဖြင့် သူများ ၏အိမ်မွေးတိရိစ္ဆာန်ဖြစ်လာဖို့ ဟူသည်မှာ အဓိပ္ပာယ် မဲ့လွန်းပါသည်။

“ကိုယ် ကျူးကျူးရဲ့အိမ်မွေးတိရိစ္ဆာန်လေး ဖြစ်လာပေးပါ့မယ်၊ အခုချိန်ကစပြီး ကျူးကျူး ခိုင်းတာမှန်သမျှလုပ်မယ်၊ ကျူးကျူးကို ကိုယ့်အသက်နဲ့ ရင်းပြီး ကာကွယ်ပေးမယ်”

ထိုစကားများကိုပြောရင်း အနည်းငယ်ရှက်ရွံ့နေဟန်ဖြင့် ဟမ်ယဲ့ နားရွက်များ လှုပ်ခါနေပါသည်။

ဟမ်ယဲ့အပေါ် ထားရှိသော ယန်ရုန်ရုန်၏အမြင်မှာ အတော်လေး ရှုပ်ထွေးနေပါသည်။ အတိတ်က အကြောင်းအရာတွေကို မေ့မရသေးသဖြင့် ယုတ္တိရှိရှိ ဆိုရလျှင် ဟမ်ယဲ့နှင့် သူမ မပတ်သတ်သင့်တော့ပေ။

သို့သော် အိပ်မက်ထဲက ငွေဖြူရောင်ဆံနွယ်နှင့်လူကို ယန်ရုန်ရုန် မေ့မရသေးပေ။ ထိုလူမှာ ရှန်းဝမ်ချင်း၊ လင်းယွမ်၊ ဟမ်ယဲ့နှင့် ရှုယင်တို့အားလုံးကို ပေါင်းစပ်ထားသကဲ့သို့ ဖြစ်နေရခြင်းက တိုက်ဆိုင်မှုတစ်ခု မဖြစ်နိုင်ပါ။

ထို့အပြင် ရောင်စုံဝတ်ရုံနှင့် အမျိုးသမီးကလည်း… သူမနှင့် ဘာကြောင့် တစ်ထေရာတည်း တူညီနေရသနည်း။

ယန်ရုန်ရုန့်စိတ်ထဲမှ အလိုလို ယုံကြည်နေမိသည်။

ထိုလူနှစ်ယောက်၏ အကြောင်းကိုသာ ဖော်ထုတ်နိုင်မည်ဆိုလျှင် စနစ်က သူမကို ဘာကြောင့် ဒီကမ္ဘာထဲ ခေါ်ဆောင်လာရသလဲဟူသည့် အဖြေကို သိကောင်းသိနိုင်ပါလိမ့်မည်။

ထိုယောက်ျားလေးဦး၏ ပုံရိပ်များလည်း သူမ အာရုံထဲ ပြန်ပေါ်လာခဲ့သည်။ ယန်ရုန်ရုန် ဆုံးဖြတ်ချက်တစ်ခု အမြန်ချလိုက်ပါသည်။

“ဝိညာဉ်သားရဲစာချုပ်ချုပ်တာ ခဏမေ့ထားစမ်းပါ၊ မိစ္ဆာမျိုးနွယ်စုသာ အဲ့အကြောင်းကြားသွားရင် ကျွန်မကို တစ်စစီဖြစ်သွားအောင် ဆုတ်ဖြဲကြလိမ့်မယ်”

“ကိုယ်ရှိနေသေးသရွေ့ မင်းကို ဘယ်သူမှ မထိရဲစေရဘူး!”

ဟမ်ယဲ့က ချက်ချင်း အာမခံလိုက်သည်။

ယန်ရုန်ရုန် လက်ကာပြလိုက်ပါသည်။

“မရဘူးဆို မရဘူးပဲ”

ဟမ်ယဲ့ အတော်လေး စိတ်ပျက်သွားပုံရသည်။ နားရွက်နှင့် အမြီးတို့ အောက်သို့ တွဲကျသွားပြီး မျက်ဝန်းထဲက အလင်း ရောင်များလည်း မှေးမှိန်ပျောက်ကွယ်သွားခဲ့သည်။

သူ့ပုံစံမှာ အရှင်သခင်၏စွန့်ပစ်ခြင်းကို ခံလိုက်သော သနားစဖွယ်ခွေးကြီးတစ်ကောင်နှင့် တူနေလေတော့သည်။

🌹Chapter 236

ထောင်ဝူက အခွင့်အရေးကို အရယူကာ လျို့လန်နှင့် စကားပြောနိုင်အောင် ကြံလိုက်သည်။

“အစ်ကိုကြီး၊ အဲ့ဒီလူကကော ဘာလို့ ဝိညာဉ်သားရဲစာချုပ် ချုပ်ချင်နေရတာလဲ၊ သူလည်း ကျွန်တော်တို့နဲ့ ညီအစ်ကိုတော်ချင်လို့လား”

လျို့လန် မကျေမနပ် နှာခေါင်းရှုံ့လိုက်သည်။

“သူက ငါတို့နဲ့ ညီအစ်ကို တော်ချင်လို့မဟုတ်ဘူး၊ ငါတို့ပထွေး ဖြစ်ချင်နေတာ”

ထောင်ဝူ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သူ့မှာ ‘မေမေ’တစ်ယောက် ရှိနေပြီဟူသည့် အကြောင်းကိုပင် လက်ခံနိုင်အောင် ခက်ခက်ခဲခဲ ကြိုးစားနေရသည့်အချိန်တွင် ပထွေးတစ်ယောက် ရုတ်တရက် ပေါ်လာခဲ့ပြန်သည်။

လျို့လန်က လက်ပိုက်ကာ လူကြီးလေးတစ်ဦးလို ပြောလိုက်သည်။

“ဘာမှမဖြစ်ပါဘူး၊ ငါတို့အတွက် ပထွေးဖြစ်နိုင်တာ သူတစ်ယောက်တည်းမှ မဟုတ်တာ”

ထောင်ဝူ ထပ်မံ မှင်သက်သွားခဲ့ရပြန်သည်။

‘သူတို့အတွက် ပထွေးဖြစ်နိုင်တဲ့လူတွေ အများကြီးရှိတယ်ပေါ့! ခုခေတ် ကျင့်ကြံတွေက အဲ့လောက်တောင် ကဲကြတာလား!’

သူတို့နှစ်ယောက် စကားပြောသည့်အသံက မကျယ်လောင်သော်လည်း အနားတွင်ရှိနေသည့်လူတိုင်း ရှင်းရှင်းလင်းလင်း ကြားနေရပါသည်။

လောလော မနေနိုင်ဘဲ အော်ရယ်မိလေသည်။

ဟမ်ယဲ့ကတော့ နှလုံးသားထဲ အလွန်ခါးသီးသွားခဲ့သည်။ ကျူးကျူးတွင် ရွေးချယ်စရာအများကြီး ရှိနေပါသည်။ သူ့ကိုယ်သူ အိမ်မွေးတိရိစ္ဆာန်တစ်ကောင်အဖြစ် ဆက်သခဲ့သည့်တိုင်အောင် သူမ လက်မခံခဲ့ပေ။

လျို့လန်တို့နှစ်ယောက်ထံမှ ပေါက်ကရစကားများကို ယန်ရုန်ရုန် မကြားချင်ယောင်ဆောင်လိုက်ပြီး ဟမ်ယဲ့ကို ပြောလိုက်သည်။

“ပြန်ကြစို့၊ ရှင့်ကိုကျွန်မ မေးစရာတွေ ရှိသေးတယ်”

ဟမ်ယဲ့ ဆတ်ခနဲ ခေါင်းထောင်သွားခဲ့ပြီး မျက်ဝန်းတွေထဲမှာလည်း အံ့အားသင့်မှုများ ပြည့်နှက်သွားခဲ့သည်။

“ကျူးကျူး ကိုယ်နဲ့အတူ ပြန်လိုက်ခဲ့မှာလား၊ ထွက်မသွားတော့ဘူးပေါ့”

“အင်း”

ထိုမီးခိုးရောင်ဝတ်ရုံနှင့်လူအကြောင်းကို သိရဖို့ ယန်ရုန်ရုန် ကျိန်းသေပေါက် စုံစမ်းမှ ဖြစ်မည်။ သူ့ကိုယ်သူ ဖောက်ခွဲပစ်လိုက်သည်ဟု ထင်ရသော်လည်း သူ့စကားလုံးများကို သုံးသပ်ကြည့်ခြင်းအားဖြင့် သူမတို့ ထပ်ဆုံကြရဦးမည်မှာ သေချာပါသည်။

ထိုလူ မသေသေးဘဲ တစ်နေရာရာတွင် ပုန်းကွယ်နေပြီး နောက်ထပ် တိုက်စစ်ဆင်နိုင်မည့် အခွင့်အရေးကို စောင့်မျှော်နေသည်ဟု ယန်ရုန်ရုန် သံသယဖြစ်မိသည်။

ထို့ကြောင့် သူမဘက်ကလည်း ဒီတိုင်း ထိုင်စောင့်နေ၍ မဖြစ်တော့ပေ။ ရန်သူကို တစ်ချက်တည်းနှင့် အပြတ် ရှင်းလင်းပစ်ရပါမည်။

ဟမ်ယဲ့ မျက်ဝန်းများထဲမှ သုန်မှုန်မှုများ ချက်ချင်းပင် ပျောက်ကွယ်ကာ သိသာထင်ရှားသော ပျော်ရွှင်မှုများက အစားထိုး ဝင်ရောက်လာခဲ့ပါသည်။

မလိုအပ်သည့် ပြဿနာများ တက်မလာစေဖို့အတွက် ယန်ရုန်ရုန်က ထောင်ဝူသားရဲကို လူသားအသွင် ပြောင်းခိုင်းခဲ့သည်။ ထောင်ဝူက လျို့လန်၏ မျက်နှာကို ကြည့်ရင်း သူ့ကိုယ်သူ အသက် ၅ နှစ်အရွယ် ကလေးတစ်ဦးအသွင် ပြောင်းလဲလိုက်ပါသည်။

သူ့မျက်နှာက လျို့လန်နှင့် ၇၀ - ၈၀ ရာခိုင်နှုန်းခန့် ဆင်တူနေသဖြင့် တစ်ချက်လောက်ကြည့်လိုက်ရုံနှင့် ညီအစ်ကိုတွေဖြစ်မှန်း သိနိုင်ပါလိမ့်မည်။

သူ့ဂုတ်ပိုးရှိ ဒဏ်ရာမှ သွေးများ စိမ့်ထွက်နေဆဲဖြစ်သဖြင့် ယန်ရုန်ရုန် ဆေးတစ်ဘူးထုတ်ပေးလိုက်သည်။ ထိုဆေးကို လိမ်းလိုက်သည်နှင့် ဒဏ်ရာက ချက်ချင်း ပျောက်ကွယ်သွားခဲ့ပါသည်။

သူ့ကို လူအများရှေ့ ခေါ်ဝေါ်နိုင်သည့် အမည်ရှိ၊ မရှိ ယန်ရုန်ရုန် မေးကြည့်လိုက်သည်။

“မုထုန်(သစ်တုံး/ငတုံး)၊ အရင်တုန်းက ငါ့ကို အစ်ကိုကြီး အဲ့လိုပဲခေါ်တာ”

ထောင်ဝူက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

‘မုထုန်’ဟူသည့် အမည်က ဘာများ ဂုဏ်ယူစရာကောင်းနေသလဲ ယန်ရုန်ရုန် နားမလည်နိုင်သော်လည်း သူ့ဆန္ဒကို လိုက်လျောပေးလိုက်ပါသည်။

“အဲ့တာဆို အခုချိန်ကစပြီး နင့်ကို မုထုန်လို့ပဲ ခေါ်တော့မယ်”

ထောင်ဝူသားရဲတွင် ရှေးဟောင်းကျိန်စာသားရဲတစ်ကောင်၏ မာန်မာနမျိုး ရှိသည်။ သူ့အမည်ပြောင်ကို လူတိုင်း ခေါ်ဆို၍ မရနိုင်ပါ။

သို့သော် ဒီမိန်းမက သူ့ဒဏ်ရာသက်သာအောင် ဆေးတစ်မျိုး ထုတ်ပေးခဲ့ပြီး အစ်ကိုကြီးကလည်း စောင့်ကြည့်နေသဖြင့် သူ့ဘက်က အလျှော့ပေးရပါမည်။

ထောင်ဝူ တွန့်ဆုတ်စွာ ခေါင်းညိတ်လိုက်သည်။ သူ့မျက်နှာပေါ်တွင်တော့ စိတ်ကြီးဝင်မှုအပြည့် ရှိနေသေးသည်။

“ငါ့ကို အဲ့လောက် ခခယယ တောင်းဆိုနေမှတော့လည်း ငါ့နာမည်ပြောင်ကို ခေါ်ဝေါ်ခွင့်ပြုရတာပေါ့”

ယန်ရုန်ရုန်: “…”

‘ငါ ဘယ်တုန်းက ခခယယ တောင်းဆိုမိလို့လဲ’

ဘာပဲဖြစ်ဖြစ် သူမ ဂရုမစိုက်တော့ပါ။ သူမက ကလေးတစ်ယောက်နှင့် ပြိုင်ငြင်းတတ်သည့် လူမျိုးမဟုတ်ပေ။

မီးခိုးရောင်ဝတ်ရုံနှင့်လူ ဖောက်ခွဲသွားသည့် ဝိညာဉ်စွမ်းအင်များအားလုံးကို ဟမ်ယဲ့က စုပ်ယူပစ်ခဲ့သည်။ ကျောက်ပြာရေကန် ပြန်လည်တည်ငြိမ်သွားခဲ့ပြီး ယန်ရုန်ရုန့်ကို ရေကန်အတွင်း ချုပ်နှောင်ထားခဲ့သည့် အစီအရင်လည်း မီးခိုးရောင်ဝတ်ရုံလူနှင့်အတူ ပျောက်ကွယ်သွားခဲ့ပါပြီ။

ထို့ကြောင့် သူမတို့ အတားအဆီးမရှိဘဲ အပေါ်သို့ ပြန်တက်လာနိုင်ခဲ့ကြသည်။

သိပ်မကြာလိုက်ဘဲ အားလုံး ကမ်းပေါ် ပြန်ရောက်လာခဲ့ကြပါသည်။

သူတို့အနားသို့ မိစ္ဆာကျင့်ကြံသူများ စုဝေးလာကြသည်။ ဟယ့်ပျယ်ချင်းက ရှေ့ထွက်လာကာ မေးလိုက်ပါသည်။

“မိစ္ဆာဘုရင်၊ ရေကန်ထဲက သားရဲကြီး ဘာဖြစ်သွားပြီလဲ၊ ခုနက ရေကန်ထဲကနေ မိစ္ဆာစွမ်းအင်တွေ ပေါက်ကွဲထွက်လာသလိုပဲ၊ သားရဲကြီး အချုပ်အနှောင်က လွတ်သွားပြီလား”

ထိုမေးခွန်းက မိစ္ဆာကျင့်ကြံသူအားလုံး သိချင်နေသည့် မေးခွန်းလည်းဖြစ်သည်။ ထို့ကြောင့် အားလုံး နားစွင့်ကာ အဖြေကို စောင့်မျှော်နေကြပါသည်။။

ဟမ်ယဲ့က လူသားအသွင် ပြန်ပြောင်းသွားပြီး သူရင်ဘတ်နှင့် လည်ပင်းပေါ်ရှိ ရွှေရောင်သားရဲအမှတ်အသားများကို ဖုံးကွယ်ဖို့အတွက် ဝတ်ရုံကို ဆွဲပိတ်လိုက်ပါသည်။

ထို့နောက် အေးအေးလူလူ ပြန်ဖြေလိုက်သည်။

“အန္တရာယ်တွေကို နှိမ်နင်းပြီးသွားပြီ၊ အားလုံး စိတ်လျှော့လို့ရပါပြီ”

ထိုအဖြေကို ကြားခါမှ မိစ္ဆာကျင့်ကြံသူများအားလုံး သက် ပြင်းချနိုင်ကြတော့သည်။ အားလုံးအဆင်ပြေလျှင် သူတို့အတွက် ကိစ္စမရှိပေ။

သို့သော် ဟယ့်ပျယ်ချင်းတစ်ယောက်တည်း မျက်မှောင် ကြုတ်မိသည်။ မိစ္ဆာဘုရင်က အန္တရာယ်များကို နှိမ်နင်းပြီးပြီဟု ဆိုသော်လည်း ကျိန်စာသားရဲအကြောင်းကိုတော့ ထည့်ပြောမသွားခဲ့ပေ။

လျှို့ဝှက်ချက်တစ်ခုခု ရှိနေနိုင်သည်ဟု ဟယ့်ပျယ်ချင်း သံသယဝင်မိသည်။ သို့သော် ဟမ်ယဲ့၏စကားပြောချင်စိတ်မရှိသည့် အမူအရာကို မြင်ပြီး ဟယ့်ပျယ်ချင်း အရိပ်အကဲနားလည်စွာဖြင့် ဆက်မမေးခဲ့တော့ပေ။

ဟမ်ယဲ့၏ကိုယ်ပေါ်တွင် သွေးစသွေးနအချို့ မြင်နေရသော်လည်း ဒဏ်ရာများအားလုံး ပျောက်ကင်းနေသည်ကို ဟယ့်ပျယ်ချင်း သတိထားမိသည်။ ပိုအရေးကြီးသည့်အချက်မှာ ဟမ်ယဲ့၏မိစ္ဆာစွမ်းအင်များ သိသိသာသာ တိုးမြင့်လာခြင်းပင်။

သူ့ကျင့်ကြံခြင်းအဆင့် ထပ်တက်သွားခြင်းဖြစ်နိုင်သည်။

ဟယ့်ပျယ်ချင်း အံ့အားသင့်စွာ မေးမြန်းလိုက်ပါသည်။

“မိစ္ဆာဘုရင်… အရှင်… ကျင့်ကြံခြင်းအဆင့် ထပ်တက်သွားပြီလား”

မိစ္ဆာလမ်းစဉ်ကျင့်ကြံခြင်းက လူသားများနှင့် ခြားနားသော် လည်း အဆင့်သတ်မှတ်ပုံကတော့ ဆင်တူမှုရှိပါသည်။

ဝိညာဉ်စုဆောင်းခြင်းအဆင့်၊ ဉာဏ်အလင်းပွင့်ခြင်းအဆင့်၊ မိစ္ဆာရိုးသန့်စင်ခြင်းအဆင့်၊ မိစ္ဆာအမြုတေအဆင့်၊ မိစ္ဆာအသွင်ပြောင်းလဲခြင်းအဆင့်၊ ဝိညာဉ်ခွဲထွက်ခြင်းအဆင့်၊ မိစ္ဆာစစ်သူကြီးအဆင့်၊ မိစ္ဆာဘုရင်အဆင့်နှင့် ဟင်းလင်းပြင်ဖောက်ထွင်းခြင်းအဆင့်ဟူ၍ ငယ်စဉ်ကြီးလိုက် ရှိသည်။

နှစ်ပေါင်းထောင်ချီကြာသည့်တိုင် မိစ္ဆာမျိုးနွယ်စုအတွင်း တက်လှမ်းနိုင်ခဲ့သည့် အမြင့်ဆုံးအဆင့်ဟူ၍ မိစ္ဆာဘုရင်အဆင့်သာ ရှိသည်။ ဟင်းလင်းပြင်ဖောက်ထွင်းခြင်းအဆင့်ကို တက်လှမ်းနိုင်သူ ဘယ်သူမှ မရှိခဲ့ပါ။

ဟမ်ယဲ့က မိစ္ဆာဘုရင်နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် ဒီလို စွမ်းအားတိုးမြင့်ခြင်းနှင့်သာဆို ဟင်းလင်းပြင်ဖောက်ထွင်းခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီလားဟု သံသယဖြစ်စရာ ရှိပါသည်။

ဟယ့်ပျယ်ချင်းနှုတ်မှ ထိုစကားလုံးများ ထွက်လာသည်နှင့် မိစ္ဆာကျင့်ကြံသူများအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြသည်။

ဟင်းလင်းပြင်ဖောက်ထွင်းခြင်းအဆင့်က နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ဖို့အတွက် နောက်ဆုံးအဆင့်ဖြစ်မှန်း အားလုံး သိကြပါသည်။ ဟင်းလင်းပြင်ဖောက်ထွင်းခြင်းအဆင့်ရှိသူတစ်ဦးက ကောင်းကင်ဘုံ၏ ဒဏ်ခတ်မှုကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်သည်နှင့် မသေမျိုးဖြစ်လာပေတော့မည်။

ဆိုလိုသည်က ဟမ်ယဲ့မှာ မသေမျိုးတံခါးဝသို့ ခြေတစ်လှမ်း လှမ်းထားပြီးပါပြီ။ သူ့ကို မသေမျိုးတစ်ဝက်ဟုပင် ခေါ်ဆိုနိုင်ပြီဖြစ်သည်။

အားလုံး၏ အံ့အားသင့်တုန်လှုပ်နေသော အကြည့်များကို ရင်ဆိုင်ရင်း ဟမ်ယဲ့ တည်ငြိမ်စွာ အဖြေပေးလိုက်ပါသည်။

“အင်း”

ဟမ်ယဲ့ထံမှ အတည်ပြုအဖြေကို ကြားလိုက်ရပြီးနောက် မိစ္ဆာကျင့်ကြံသူများအားလုံး လက်ခုပ်လက်ဝါးတီးကာ ဝမ်းသာအားရ အောင်ပွဲခံကြတော့သည်။

ဟယ့်ပျယ်ချင်း၏ ရင်ထဲတွင်လည်း စိတ်ခံစားချက်များ ရှုပ်ထွေးသွားခဲ့သည်။ တစ်ချိန်က အလုပ်ကြံခံခဲ့ရပြီး မိစ္ဆာနယ်မြေမှ ထွက်ပြေးသွားခဲ့ရကာ နေရာတိုင်းအနှံ့ ပုန်းကွယ်နေခဲ့ရသည့် သားပေါက်ကလေးမှာ ယခု မိစ္ဆာဘုရင်ဖြစ်လာရုံတင်မကဘဲ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ဟင်းလင်းပြင်ဖောက်ထွင်းခြင်းအဆင့်ကိုပါ ရောက်ရှိသွားခဲ့လေပြီ။

ယခု ဟမ်ယဲ့က နှစ်ပေါင်းတစ်ထောင်အတွင်း မိစ္ဆာမျိုးနွယ်စု၏ အင်အားအကြီးဆုံး မိစ္ဆာသားရဲ ဖြစ်လာခဲ့ပါပြီ။

ယခင်က သူ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့သူများသာ ဒီအကြောင်းကို သိသွားကြလျှင် ရင်ကွဲနာကျပြီး သေသွားနိုင်သည်။

ဟယ့်ပျယ်ချင်းက အပြုံးဖြင့်ဆိုသည်။ “ဟင်းလင်းပြင်ဖောက်ထွင်းခြင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့လို့ ဂုဏ်ပြုပါတယ် မိစ္ဆာဘုရင်! ဒါ ကျုပ်တို့မျိုးနွယ်စုအတွက် အလွန်ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပါပဲ၊ အဲ့တာကြောင့် သေသေချာချာ အောင်ပွဲခံသင့်တယ်၊ ခမ်းနားလှတဲ့ ဂုဏ်ပြုပွဲဆီ တက်ရောက်ဖို့ မိစ္ဆာမျိုးနွယ်စုတွေအားလုံးကို ကျုပ်ဖိတ်ကြားလိုက်ပါ့မယ်”

ဟမ်ယဲ့ မျက်မှောင်ကြုတ်သွားသည်။

“မလိုပါဘူး”

ဟယ့်ပျယ်ချင်းက ထပ်မံ တိုက်တွန်းချင်သော်လည်း ဟမ်ယဲ့ စိတ်မရှည်တော့ပေ။ ယန်ရုန်ရုန့်ဘက်သို့လှည့်ကာ သူပြောလိုက်သည်။

“ပြန်ကြစို့”

“အင်း”

ယန်ရုန်ရုန် ဝူဝမ့်ဓားကိုထုတ်ကာ ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး ဟမ်ယဲ့တို့နှင့်အတူ ပူကျစ်တောင်မှ ထွက်ခွာသွားလေတော့သည်။

ဟယ့်ပျယ်ချင်းနှင့် မိစ္ဆာကျင့်ကြံသူများ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ကျန်ခဲ့ကြလေသည်။

ကျင့်ကြံသူတစ်ဦးက မေးမြန်းလိုက်ပါသည်။

“အကြီးအကဲဟယ့်၊ ကျုပ်တို့ ဂုဏ်ပြုပွဲလုပ်ဖို့ တကယ်မလိုအပ်ဘူးလား”

သူတို့ပျော်ပွဲရွှင်ပွဲများကို သဘောကျလွန်း၍ မဟုတ်သော် လည်း မိစ္ဆာဘုရင်ဟမ်ယဲ့ ဟင်းလင်းပြင်ဖောက်ထွင်းခြင်း အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဟူသော သတင်းကို ကျင့်ကြံခြင်းတစ်လောကလုံးကို ပျံ့နှံ့သွားစေခြင်းကြောင့် ဖြစ်သည်။

ထိုသတင်းကို နတ်ဆိုးများနှင့် လူသားများသာ ကြားသွားကြလျှင် အလွန်တုန်လှုပ်ချောက်ချားသွားကြပြီး မိစ္ဆာမျိုးနွယ်၏ ဂုဏ်အရှိန်အဝါလည်း သိသိသာသာ တိုးတက်သွားပါလိမ့်မည်။

ထို့ကြောင့် အတိုချုန်းပြောရလျှင် ထိုဂုဏ်ပြုပွဲအခမ်းအနားကို အသုံးချပြီး မိစ္ဆာမျိုးနွယ်၏ ဂုဏ်အား မြှင့်တင်ပေးချင်ခြင်းဖြစ်သည်။

ဟယ့်ပျယ်ချင်းလည်း မတတ်သာပေ။

“မိစ္ဆာဘုရင်ရဲ့ စိတ်ကို မင်းတို့အားလုံး သိကြတယ်မလား၊ သူက ပြောပြီးရင် ပြန်ပြင်တတ်တဲ့လူမျိုးမဟုတ်ဘူး၊ သူမလုပ်ချင်ဘူးဆိုရင် ဘယ်သူမှ အတင်းအကျပ် ဖိအားပေးလို့မရဘူး”

မိစ္ဆာကျင့်ကြံသူများအားလုံး စိတ်ပျက်သွားကြသည်ကိုမြင်ပြီး ဟယ့်ပျယ်ချင်း နှစ်သိမ့်ပေးလိုက်ပါသည်။

“စိတ်မပူကြပါနဲ့၊ နောက်အခွင့်ကြုံလာရင် အဲ့ဒီကိစ္စ သူ့ကို နားဝင်အောင် ထပ်ပြောလိုက်ပါ့မယ်၊ သူစိတ်ရွှင်နေတဲ့အချိန်ဆို စိတ်ပြောင်းချင် ပြောင်းနိုင်မှာပေါ့”

မိစ္ဆာကျင့်ကြံသူများအားလုံး ချက်ချင်းတက်ကြွသွားခဲ့ကြသည်။

“အဲ့တာဆို အကြီးအကဲဟယ့်ကိုပဲ အားကိုးပါတယ်! အကြီးအကဲဟယ့်က အတော်ဆုံးပဲ!”

All Chapters