← Chapters

အခန်း (၂၃၇-၂၃၈)

Vol. 24 Ch. 237-238

အခန်း (၂၃၇-၂၃၈)

Vol. 24 Ch. 237-238

🌹Chapter 237

အပြန်လမ်းတွင် ယန်ရုန်ရုန်တစ်ယောက် ဝူဝမ့်ဓားပျံပေါ် တင်ပလ္လင်ခွေကာ ထိုင်ရင်း လိုက်ပါလာခဲ့သည်။

သူမ၏ဝတ်ရုံစများက လေထဲ တဖျပ်ဖျပ် လွင့်ပျံနေခဲ့ပါသည်။

လျို့လန်နှင့် မုထုန်တို့ကို သူမ လှမ်းခေါ်လိုက်သည်။

“နင်တို့ ဘယ်လိုချိပ်ပိတ်ခံခဲ့ရတာလဲဆိုတာ မှတ်မိကြသေးလား”

ယန်ရုန်ရုန်က မေးသည်။

လျို့လန်က မဆိုင်းမတွ ပြန်ဖြေလိုက်ပါသည်။

“မမှတ်မိဘူး”

လျို့လန်၏ ဦးနှောက်မှာ မိုးကြိုးပစ်ချခံခဲ့ရစဉ်ကတည်းက အလုပ်မလုပ်တော့မှန်း ယန်ရုန်ရုန် သိနေသဖြင့် မအံ့ဩမိပါ။ ထို့ကြောင့် မုထုန်ဘက်သို့ အကြည့်လွှဲလိုက်သည်။

မုထုန်လည်း သေသေချာချာ ပြန်စဉ်းစားရင်း မျက်နှာပင် ရှုံ့တွသွားခဲ့ရသည်။

“ငါသတိလစ်သွားတဲ့အထိ အတိုက်ခိုက်ခံခဲ့ရတာကို မှတ်မိတယ်၊ အဲ့ဒီနောက်တော့ ဘာမှ မသိတော့ဘူး၊ ငါသတိလည်လာတော့ နှစ်ပေါင်း တစ်ထောင်ကျော်ကြာနေပြီ၊ အရာအားလုံးပြောင်းလဲသွားခဲ့ပြီ၊ အစ်ကိုကြီး၊ ဒုတိယအစ်ကိုနဲ့ စတုတ္ထညီလေးတို့အားလုံးလည်း မရှိကြတော့ဘူး၊ ငါ့ကို ဘယ်သူချုပ်နှောင်သွားခဲ့တာလဲ ဆိုတာလည်း သေချာ မမှတ်မိဘူး”

ယန်ရုန်ရုန်က မေးလိုက်သည်။

“ငါကြားမိတာတော့ နင့်ကို နှောင်းမိစ္ဆာဘုရင်က ကျောက်ပြာရေကန်အောက်မှာ ချိပ်ပိတ်ချုပ်နှောင်ခဲ့တာဆို”

မုထုန် စက်ဆုပ်စွာ ပြုံးလိုက်ပါသည်။

“အဲ့ဒီငနဲကလား၊ သူ့လိုခွန်အားမျိုးနဲ့ ငါ့ကို ချုပ်နှောင်နိုင်မှာတဲ့လား”

ယန်ရုန်ရုန် ပို၍ပင် နားမလည်နိုင် ဖြစ်သွားခဲ့ရသည်။

“အဲ့တာဆို ရှင်ဘာလို့ ကျောက်ပြာရေကန်အောက်ကို ရောက်နေတာလဲ”

“အဲ့ဒီအချိန်တုန်းက ငါသတိပြန်လည်လာခဲ့ပေမယ့် အချုပ် အနှောင်တွေကနေ မလွတ်မြောက်သေးဘူး၊ ငါလွတ်လွတ်လပ်လပ် လှုပ်ရှားလို့မရတဲ့အချိန် တစ်ယောက်ယောက်က ကျောက်ပြာရေကန်ထဲ လာထည့်သွားခဲ့တာ”

ရှေ့မှ လမ်းပြဦးဆောင်နေသည့် ဟမ်ယဲ့တစ်ယောက် မနေနိုင်ဘဲ နောက်လှည့်ကြည့်လိုက်မိပါသည်။

မယုံသင်္ကာပုံစံဖြင့် သူမေးလိုက်သည်။

“အဲ့ဒီတုန်းက မိစ္ဆာနယ်မြေထဲ မင်းသောင်းကျန်းပြီး အားလုံးကို ကပ်ဆိုက်အောင် လုပ်ခဲ့တာ၊ ငါ့အဖေသာ သူ့ကိုယ်သူစတေးပြီး မင်းကို မချုပ်နှောင်ခဲ့ရင် ရေကန်ထဲ မင်းအဲ့လို လိမ်လိမ်မာမာနဲ့ ငြိမ်နေခဲ့ပါ့မလား”

မုထုန်က ဒေါသတကြီး ပြန်ချေပလိုက်သည်။

“ငါက ရှေးဟောင်းကျိန်စာ သားရဲကြီးလေးပါးထဲက တစ်ပါးကွ! ငါ့စကားက ငါ့သစ္စာပဲ၊ ဘယ်တော့မှ မလိမ်ဘူး!”

ဟမ်ယဲ့ ဘာမှပြန်မပြောတော့ပေ။ မုထုန်ကတုံးအလွန်းသဖြင့် လိမ်ညာတတ်မည့်ပုံစံမျိုးမဟုတ်မှန်း သူမြင်နိုင်ပါသည်။

ယန်ရုန်ရုန် စဉ်းစားလိုက်သည်။

“မုထုန် အမှန်အတိုင်းပြောနေတာဆိုရင် မိစ္ဆာနယ်မြေထဲမှာ သောင်းကျန်းခဲ့တဲ့ သားရဲက တခြားသူတစ်ယောက်ဖြစ်နေနိုင်တယ်၊ အဲ့ဒီလူက ပြစ်မှုတွေ ကျူးလွန်ပြီး မုထုန်အပေါ် အပြစ်လွှဲချခဲ့လို့ သူအခုလို ချုပ်နှောင်ခံလိုက်ရတာ ဖြစ်နိုင်တယ်”

မုထုန် နားလည်သဘောပေါက်သွားခဲ့သည်။

“အဲ့တာဆို ငါ့ကို အပြစ်လွှဲချခဲ့ကြတာပေါ့!”

ချက်ချင်းဆိုသလို သူဒေါသကြီးမားသွားခဲ့ပြီး သားမွေးများ ဆတ်ခနဲထောင်သွားခဲ့သည်။

“အဲ့ဒီတရားခံကို တွေ့အောင် ရှာမယ်! ငါ့ကိုများ အကွက်ဆင်ပြီး အပြစ်လွှဲချရဲတယ်… ဒင်းကို သေအောင် သတ်ပစ်မယ်!”

လောလောက သူ့ကို လှမ်းကြည့်ရင်း ခနဲ့လိုက်သည်။

“ဒီလောက် နှစ်တွေအများကြီး ကြာမှ မင်းနားလည်သွားတာလား၊ တော်တော်လေး အချိန်ယူရသားပဲနော်”

“ပါးစပ်ပိတ်ထား!”

မုထုန် မကျေမနပ် လှမ်းငေါက်လိုက်ပါသည်။

ယန်ရုန်ရုန်က ဟမ်ယဲ့ကို ကြည့်ရင်း မေးလိုက်သည်။

“အဲ့ဒီတုန်းက မိစ္ဆာနယ်မြေထဲ သောင်းကျန်းခဲ့တဲ့ သားရဲက ဘယ်လိုပုံစံမျိုးလဲ၊ ရှင်မြင်ခဲ့လား”

“အဲ့ဒီအချိန်တုန်းက ကိုယ် လုပ်ကြံခံရပြီး မိစ္ဆာနယ်မြေထဲက ထွက်ပြေးနေရတာလေ၊ မင်းနဲ့အတူတူ ရှိနေခဲ့တာ မဟုတ်ဘူးလား”

ယန်ရုန်ရုန့်ကို လှည့်ကြည့်ရင်း ဟမ်ယဲ့မျက်ဝန်းတွေထဲ ထိုစဉ်အခါက နေ့ရက်များကို လွမ်းဆွတ်တမ်းတလာမိပါသည်။

ယန်ရုန်ရုန်ကတော့ သူ့အကြည့်ထဲက ခံစားချက်များကို လျစ်လျူရှုထားလိုက်သည်။ ဟမ်ယဲ့က ဆက်ပြောလိုက်သည်။

“ကိုယ်တို့ မိစ္ဆာနယ်မြေကို ပြန်ရောက်လာတော့ အဲ့ဒီသားရဲကြီးကို ချုပ်နှောင်ပြီးသွားကြပြီ၊ ကိုယ့်အဖေလည်း ဒဏ်ရာဟောင်းတွေကြောင့် အိပ်ရာထဲလဲပြီး သတိလစ်သွားခဲ့တယ်၊ သူ့ကိုကူညီပေးခဲ့တဲ့ မိစ္ဆာအတော်များများလည်း အခုလောက်ဆို သေသွားလောက်ပြီ၊ အကြီးအကဲဟယ့်နဲ့ မျိုးနွယ်စုအကြီးအကဲတချို့ပဲ ကျန်ခဲ့တယ်၊ မင်းသိချင်တာရှိရင် အကြီးအကဲဟယ့်ကို မေးကြည့်သင့်တယ်”

ယန်ရုန်ရုန် ခေါင်းညိတ်ပြီး မှတ်သားထားလိုက်သည်။

ထိုစဉ် ဟမ်ယဲ့၏ လည်ပင်းပေါ်မှ ရွှေရောင်ခပ်ဖျော့ဖျော သားရဲအမှတ်အသားများကို ဖျပ်ခနဲ မြင်လိုက်ရပြီး မကြာသေးခင်က ဟမ်ယဲ့ ရုတ်တရက်ကြီး စွမ်းအားကြီးမားလာပုံကို သတိရကာ ယန်ရုန်ရုန့်စိတ်ထဲ မေးခွန်းတစ်ခု ဖြစ်ပေါ်လာခဲ့ပါသည်။

“ရှင့်ကိုယ်ပေါ်က အမှတ်အသားတွေက…”

ဟမ်ယဲ့ အမှန်အတိုင်း ရှင်းပြလိုက်သည်။

“ကိုယ်တို့ မိစ္ဆာမျိုးနွယ်စုက အမှတ်အသားတွေနဲ့ မွေးလာကြတာလေ၊ သားရဲအသွင်ပေါ် မူတည်ပြီး အမှတ်အသားတွေလည်း မတူညီကြဘူး”

ယန်ရုန်ရုန် သိချင်နေသည့် အချက်က ဒါတွေမဟုတ်မှန်း လောလောသိသဖြင့် စကားဖြတ်ပြောလိုက်သည်။

“သူ့ကိုယ်ပေါ်က အမှတ်အသားတွေက ချုံးမင်ငှက်ကနေ ဆင့်ကဲပြောင်းလဲလာခဲ့တာ၊ ချုံးမင်ငှက်ကို ခွန်းလွင်နယ်မြေရဲ့ အရှင်သခင်က စီးနင်းခဲ့တာလေ၊ ရှေးခေတ်တုန်းက ကျိန်စာသားရဲကြီးလေးပါးက လူပေါင်းများစွာကို သတ်ဖြတ် ညှင်းပန်းခဲ့ဖူးတယ်၊ ဒါပေမယ့် ခွန်းလွင်အရှင်သခင်က သူတို့ကို သင်ခန်းစာကောင်းကောင်းပေးပြီး ဆုံးမခဲ့တယ်”

“ခွန်းလွင်အရှင်သခင်ရဲ့ လက်ချက်ကြောင့် ကျိန်စာသားရဲတွေ ပြင်းပြင်းထန်ထန် ထိခိုက်သွားပြီး အဲ့ဒီအချိန်ကတည်း ကငြိမ်သွားခဲ့ကြတာ၊ နှစ်ပေါင်းများစွာ ကြာတဲ့တိုင်အောင် ခွန်းလွင်အရှင်သခင်ရဲ့ အရှိန်အဝါက ကျန်ရှိနေတုန်းပဲ၊ အဲ့တာကြောင့် ချုံးမင်ငှက်ကို မြင်လိုက်တိုင်း သူတို့စိတ်ထဲ အလိုလို ကြောက်ရွံ့သွားတတ်ကြတယ်”

ယန်ရုန်ရုန် ပိုစိတ်ဝင်စားသွားခဲ့သည်။

“ဟမ်ယဲ့မှာ ချုံးမင်ငှက်ရဲ့ အမှတ်အသားတွေ ဘာလို့ ရှိနေတာလဲ၊ သူက ချုံးမင်ငှက်ရဲ့ မျိုးဆက်လား”

လောလော ရယ်မောလိုက်ပါသည်။

“လောကကြီးမှာ ချုံးမင်ငှက်ဆိုတာ တစ်ကောင်ပဲရှိတယ်၊ မိတ်ဖက်မရှိသလို မျိုးလည်း မပွားနိုင်ဘူး၊ အဲ့တာကြောင့် ချုံးမင်ငှက်ရဲ့ မျိုးဆက်ဆိုတာ မရှိနိုင်ဘူး”

“ဒါဆို လူဝင်စားလား”

ယန်ရုန်ရုန် ကျပန်း ခန့်မှန်းကြည့်လိုက်သည်။

လောလော စိတ်ရှည်လက်ရှည် ရှင်းပြလိုက်ပါသည်။

“ချုံးမင်ငှက်လို ရှေးဟောင်းနတ်သားရဲတွေက ပြန်ဝင်စားလာတယ်ဆိုရင်တောင် သူတို့ရဲ့ အရင်ဘဝက မှတ်ဉာဏ်တွေ မပျောက်မပျက်ဘဲ ရှိနေတတ်တယ်၊ ဟမ်ယဲ့သာ ချုံးမင်ငှက်ဝင်စားတာဆိုရင် သူ့အတိတ်ဘဝကို ကျိန်းသေပေါက် မှတ်မိနေဦးမှာပဲ”

ဟမ်ယဲ့ကို ယန်ရုန်ရုန်လှည့်ကြည့်လိုက်သည်။

ဟမ်ယဲ့က ခေါင်းခါပါသည်။

“ငါ့အတိတ်ဘဝကို မမှတ်မိဘူး”

သူမ ခန့်မှန်းချက် ထပ်မှားယွင်းသွားပြန်သည်။ ယန်ရုန်ရုန် စိတ်ရှုပ်ထွေးစွာ ရေရွတ်လိုက်သည်။

“မျိုးဆက်လည်းမဟုတ်ဘူး၊ ဝင်စားတာလည်း မဟုတ်ဘူး… အဲ့တာဆို ဘာလဲ၊ ဟမ့် အဲ့ဒီ ခွန်းလွင်အရှင်သခင်ရဲ့ မျိုးဆက် ဒါမှမဟုတ် ခွန်းလွင်အရှင်သခင်ကိုယ်တိုင် ပြန်ဝင်စားတာတော့ မဟုတ်လောက်ပါဘူးနော်”

သူမက ထင်ရာမြင်ရာ ကျပန်း ခန့်မှန်းနေခြင်း ဖြစ်သော် လည်း လောလော၏တွန့်ဆုတ်သွားသော မျက်နှာကိုမြင်ပြီး ခါးမတ်သွားခဲ့ပါသည်။

“မဖြစ်နိုင်တာ… ကျွန်မ ခန့်မှန်းတာ မှန်သွားတာလား”

လောလော တွန့်ဆုတ်စွာ ပြောလိုက်သည်။

“ငါလည်း အတိအကျ မပြောနိုင်ဘူး။ ခွန်းလွင်အရှင်သခင်နဲ့ ပတ်သတ်တဲ့ ကောလဟာလတွေ ငါကြားဖူးတယ်၊ သူ မိန်းကလေးတစ်ယောက်ကို ချစ်မိသွားပြီး အဲ့ဒီမိန်းကလေး ပြုံးနိုင်ဖို့အတွက် ကမ္ဘာတစ်ဝှမ်းလုံးမှာ ရှားပါးရတနာတွေ လိုက်ရှာပေးဖူးတယ်တဲ့၊ အဲ့ဒီကောလဟာလတွေသာ အမှန်ဆိုရင် သူ့မှာ တကယ် မျိုးဆက်ရှိနေနိုင်တယ်”

ရှေးခတ်က အတင်းအဖျင်းများကို နားထောင်ရလိမ့်မည်ဟု ယန်ရုန်ရုန် ထင်မထားမိခဲ့ချေ။ သူမ စိတ်လှုပ်ရှားစွာ ချက်ချင်းဆက်မေးလိုက်ပါသည်။

“ဟမ်ယဲ့က ခွန်းလွင်အရှင်သခင်နဲ့ ရုပ်ချင်းဆင်တယ်လို့ ရှင်ထင်လား”

သွေးသားတော်စပ်လျှင် ရုပ်ချင်းတော့ အနည်းငယ်ဆင်သင့်သည်။

လောလော သက်ပြင်းချလိုက်သည်။

“ခွန်းလွင်အရှင်သခင်က လူထူးလူဆန်းတစ်ယောက်၊ ပြီးတော့ တစ်ယောက်တည်းပဲ နေထိုင်တတ်တယ်၊ သူနဲ့ ငါတစ်ခါမှ မပတ်သတ်ခဲ့ဖူးဘူး၊ သူ့ကို နတ်ဘုရားတွေရဲ့ ညစာစားပွဲမှာ တစ်ခါပဲ မြင်ဖူးတယ်၊ အဲ့ဒီတုန်းကလည်း သူ့ထိုင်ခုံက ငါနဲ့ အဝေးကြီးမှာမို့လို့ မျက်နှာကိုတောင် သေချာ မမြင်ခဲ့ရဘူး၊ အဲ့တာကြောင့် သူတို့ ရုပ်ချင်းတူမတူ ငါလည်း မပြောနိုင်ဘူး”

“သူ့မျက်နှာကို မမြင်နိုင်ဘူးဆိုရင်တောင့် သူ့ခန္ဓာကိုယ်ကိုတော့ မြင်နိုင်ခဲ့မှာပေါ့၊ သူ့မှာ ဘာတွေ ထူးခြားချက် ရှိလဲ”

ယန်ရုန်ရုန် အလျှော့မပေးဘဲ ဆက်မေးလိုက်သည်။

လောလော အချိန်အတော်ကြာအောင် ပြန်စဉ်းစားလိုက်ပါသည်။

“သူက တခြားလူတွေလိုပါပဲ၊ ခြေနှစ်ချောင်း၊ လက်နှစ်ချောင်းနဲ့၊ အဝတ်အစားတွေကလည်း သာမန်ပဲ၊ ဘာမှထူးခြားချက်မရှိဘူး”

ယန်ရုန်ရုန် အနည်းငယ် စိတ်ဓာတ်ကျသွားခဲ့ရသည်။

ထိုစဉ် လောလောက တစ်စုံတစ်ခုကို မှတ်မိသွားဟန်ဖြင့် ကိုယ့်နဖူးကိုယ် ရိုက်လိုက်ပါသည်။

“နေဦး! သူ့ဆံပင်အရောင်က နည်းနည်းထူးဆန်းပြီး ရှားပါးတယ်၊ ရေခဲလို အေးစက်ပြီး နှင်းလို ဖြူဖွေးတဲ့ ငွေဖြူရောင်ပဲ”

ယန်ရုန်ရုန် ရင်တုန်သွားခဲ့ပြီး သူမ အိပ်မက်ထဲမှ ငွေဖြူရောင်ဆံနွယ်နှင့်လူကို ချက်ချင်း တွေးမိသွားခဲ့သည်။

‘နှစ်ယောက်စလုံးရဲ့ ဆံပင်တွေက ငွေဖြူရောင်တွေပဲ… ဒါတိုက်ဆိုင်မှုလား’

ထင်သလောက် မရိုးရှင်းနိုင်ဟု ယန်ရုန်ရုန် ခံစားလိုက်ရသည်။

ငွေဖြူရောင် ဆံနွယ်နှင့်လူက ခွန်းလွင်အရှင်သခင်ဖြစ်နေပြီး ဟမ်ယဲ့က သူနှင့် အသွင်ချင်းလည်းတူ၊ ချုံးမင်ငှက်၏ အမှတ်အသားများကိုလည်း ပိုင်ဆိုင်ထားရခြင်းဆိုလျှင် သူ့မျိုးဆက် အမှန်တကယ်ဖြစ်နေနိုင်ပါသည်။

သို့သော် ယန်ရုန်ရုန် တစ်ခုခုကို သတိရသွားခဲ့သည်။

ထိုငွေဖြူရောင် ဆံနွယ်နှင့်လူက ဟမ်ယဲ့အပြင် ရှန်းဝမ်ချင်း၊ လင်းယွမ်၊ ရှုယင်တို့အားလုံးနှင့်လည်း အသွင်ချင်းတူညီမှုရှိပါသည်။

‘အားလုံးက သူ့မျိုးဆက်တွေတော့ မဖြစ်နိုင်ဘူးမလား… ပြန်ဝင်စားလာတာဖြစ်ဖို့ဆို ပိုတောင်ဝေးသေးတယ်…’

‘ဝိညာဉ် လေးခုကွဲပြီး ပြန်ဝင်စားလာတာမျိုး ဘယ်သူကြားဖူးလို့လဲ…’

🌹Chapter 238

အဖြေမရှိသည့် မေးခွန်းသံသရာထဲ ယန်ရုန်ရုန် ပိတ်မိသွားခဲ့သည်။

သူမ မျက်မှောင်ကြုတ်သထက် ကြုတ်လာသည်ကို မြင်ပြီး လောလောက နှစ်သိမ့်လိုက်ပါသည်။

“အခုစဉ်းစားလို့မရဘူးဆိုလည်း ခဏမေ့ထားလိုက်ပါ၊ အခုချိန်မှာ ငါတို့ပြောနေတာတွေက ခန့်မှန်းချက်အဆင့်ပဲ ရှိသေးတာ၊ သက်သေခိုင်ခိုင်လုံလုံမရှိရင် မင်းစိတ်ပင်ပန်းရုံပဲ ရှိမှာ”

သူ့စကားက အဓိပ္ပာယ်ရှိပါသည်။ သဲလွန်စများက အလွန်ရှားပါးနေသဖြင့် ရမ်းသမ်းခန့်မှန်းနေလျှင် လမ်းဆုံးသို့ ရောက်ရုံသာ ရှိလိမ့်မည်။

ယန်ရုန်ရုန် သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ပြီး ရင်ထဲက တောင်လိုပုံနေသည့် သံသယများကို ချုပ်တည်းလိုက်ရပါသည်။

ယခုအရေးအကြီးဆုံးတာဝန်က ထို မီးခိုးရောင်ဝတ်ရုံနှင်လူ၏ သရုပ်မှန်ကို စုံစမ်းဖို့ပင် ဖြစ်သည်။ ထိုလူ သူမကို သတ်ဖို့ ဘာကြောင့် ဒီလောက်ထိ ကြိုးစားရနေကြောင်းကို သိရမှဖြစ်မည်။

ပိုအရေးကြီးသည်က ထို့လူတွင် ပုန်းကွယ်နေသော မဟာမိတ်များ ရှိနေနိုင်သလားဟူသည့် အချက်ကို စုံစမ်းရပါမည်။ သူမ၏ သေရေးရှင်ရေးနှင့် ပတ်သတ်နေသည့် ကိစ္စဖြစ်သဖြင့် အချိန်ဆွဲ၍ မရနိုင်ပေ။

ထိုလူက လူသားတစ်ဦး၏ အသွင်မျိုးရှိသော်လည်း ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲသွားစဉ်က ထွက်ပေါ်လာသည့် စွမ်းအင်များမှာ မိစ္ဆာစွမ်းအင်များဖြစ်နေမှန်း ယန်ရုန်ရုန် သတိထားမိခဲ့ပါသည်။

ထို့ကြောင့် ထိုမီးခိုးရောင်ဝတ်ရုံနှင့်လူက မိစ္ဆာကျင့်ကြံသူတစ်ဦး ဖြစ်နေနိုင်သည်။ သူ့ကျင့်ကြံခြင်းအဆင့်က သူမထက် သာလွန်ပါသည်။

သူမသာ အလစ်တိုက်ခိုက်မှုမအောင်မြင်ခဲ့လျှင် အနိုင်ရဖို့ မလွယ်ကူလှပေ။

မိစ္ဆာမျိုးနွယ်၏ အဆင့်သတ်မှတ်ချက်အရ ထိုလူမှာ အနည်းဆုံး မိစ္ဆာစစ်သူကြီးအဆင့်လောက် ရှိနိုင်သည်။။ မိစ္ဆာနယ်မြေ တစ်ခုလုံးတွင် ထိုအဆင့်ရှိသည့် ကျင့်ကြံသူများက အတော်လေး ရှားပါးပါသည်။

ထိုအကြောင်းအရာများကို စိတ်ထဲမှ မထုတ်နိုင်သဖြင့် ‘မိစ္ဆာတစ်ထောင်နန်းတော်’သို့ ရောက်ရှိသွားသည်နှင့် ယန်ရုန်ရုန် အနားပင် မယူအားဘဲ ရွှမ်ကျီးကလောင်တံကို ချက်ချင်းထုတ်ကာ ပုံတူပန်းချီတစ်ခု အမြန်ဆွဲသားလိုက်ပါသည်။

ပန်းချီထဲကလူမှာ အလွန်ကြီးမားသည့် မီးခိုးရောင်ဝတ်ရုံတစ်ခုကို လွှမ်းခြုံထားသဖြင့် ဆံပင်နှင့် ခန္ဓာကိုယ်ကို ဖုံးကွယ်နေပြီး ရင်သတ်ရှုမောဖွယ်ကောင်းသော သူ့မျက်နှာတစ်ခုတည်းသာ အထင်းသား ပေါ်နေခဲ့သည်။

နှင်းကဲ့သို့ ဖြူဖွေးသော အသားအ‌ရေ၊ သွေးကဲ့သို့ နီမြန်းသော နှင်းဆီဖူး နှုတ်ခမ်းများနှင့် မြင်ရသူတိုင်းကို ဆွဲဆောင်နိုင်စွမ်းရှိသော မက်မွန်ပွင့်လို မျက်ဝန်းများကို ပိုင်ဆိုင်ထားသည်။

သူ့မျက်နှာထားက အေးတိအေးစက်နိုင်သော်လည်း တစ်ဖက်လူကို သံယောဇဉ်အပြည့်ဖြင့် စိုက်ကြည့်နေသည်ဟု ထင်ယောင်ထင်မှား ဖြစ်စေလောက်သည်။

အလှအပ ပေါများသော ကျင့်ကြံခြင်းလောကထဲမှာပင် ဒီလို မျက်နှာမျိုးက အလွန်အန္တရာယ်များသည့် ရှားပါး မျက်နှာတစ်ခုဖြစ်ပေသည်။

ယန်ရုန်ရုန် ပန်းချီဆွဲနေစဉ် ဟမ်ယဲ့က ဘေးမှာ တိတ်တဆိတ် ထိုင်နေသည်။ သူမ အနှောင့်အယှက်ဖြစ်သွားမည် စိုးသဖြင့် စကားတစ်ခွန်းပင် မပြောရဲခဲ့ဘဲ ငြိမ်ငြိမ်သက်သက် စောင့်နေခဲ့ပါသည်။

သို့သော် ထိုပန်းချီကို ယန်ရုန်ရုန် စိတ်ပါလက်ပါ ဆွဲသားနေသည်အား မြင်ပြီး သူ့ရင်ထဲမှ သဝန်တိုစိတ်များ ထိန်းမနိုင်သိမ်းမရ ပွင့်ထွက်လာခဲ့လေသည်။

“သူက… အဲ့လောက်တောင် ကြည့်ကောင်းလို့လား”

ဟမ်ယဲ့က ခါးသီးသော လေသံဖြင့် မေးလိုက်သည်။

“မင်းစိုက်ကြည့်နေတာ တော်တော်ကြာပြီနော်”

ယန်ရုန်ရုန် အမှန်အတိုင်း သုံးသပ်ပြလိုက်သည်။

“ရုပ်ကတော့ တော်တော် ချောပါတယ်”

ထိုစကားကို ကြားပြီး ဟမ်ယဲ့ သည်းမခံနိုင်တော့ပါ။ ထို ‘မြေခွေး’က ဘယ်လိုပုံစံမျိုးရှိကြောင်းကို သိချင်ဇောဖြင့် ယန်ရုန်ရုန့်နားသို့ အမြန်တိုးသွားခဲ့သည်။

သို့သော် သူမဘေးသို့ ရောက်လာပြီး ပန်းချီကားထဲက မျက်နှာကို မြင်လိုက်ရသည်နှင့် ဟမ်ယဲ့ ကျောက်ရုပ်ပမာ ကြက်သေသေသွားခဲ့ပါသည်။

ဟမ်ယဲ့မျက်နှာပျက်သွားသည်ကို သတိထားမိပြီး ယန်ရုန်ရုန် ချက်ချင်းမေးလိုက်သည်။

“အဲ့ဒီလူကို သိလို့လား”

ဟမ်ယဲ့က ချက်ချင်း အဖြေမပေးဘဲ ယန်ရုန်ရုန့်ကို စူးစူးရှရှ ပြန်မေးလိုက်လေသည်။

“မင်းကို ကျောက်ပြာရေကန်ထဲမှာ ချုပ်နှောင်ပြီး သတ်ဖို့ ကြိုးစားခဲ့တာ ဒီကောင်လာား”

ကျောက်ပြာရေကန်ထဲတွင် ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာ များကို ယန်ရုန်ရုန် ပြောပြသဖြင့် ဟမ်ယဲ့ အကျဉ်းချုန်း သိပြီးခဲ့ပါပြီ။ ထိုတရားခံကို ရှာတွေ့ဖို့ ယန်ရုန်ရုန့်ထက်ပင် ဟမ်ယဲ့က ပိုစိတ်အားထက်သန်နေသေးသည်။

ဒီနေရာက မိစ္ဆာဘုရင်၏ပိုင်နက် မိစ္ဆာနယ်မြေဖြစ်သည်။ သူ့မျက်စိရှေ့မှာတင် ကျူးကျူးကို လုပ်ကြံရဲသည့် အယုတ်တမာ ရှိနေသည်ဟု တွေးလိုက်မိတိုင်း ထိုအယုတ်တမာ၏ ခြေလက်များကို တစ်ချောင်းချင်းစီ ဆွဲဖြုတ်ပစ်ချင်စိတ်များ တဖွားဖွားပေါ်လာမိပါသည်။

ယန်ရုန်ရုန်က အခိုင်အမာ ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်”

ဟမ်ယဲ့ မျက်မှောင်ကြုတ်သွားခဲ့လေသည်။

“ဒါပေမယ့် မင်းပြောတော့ သူ့ကိုယ်သူ ဖောက်ခွဲသွားခဲ့တာဆို”

“ဖောက်ခွဲသွားတာတော့ ဟုတ်ပါတယ်၊ ဒါပေမယ့် သူမသေလောက်သေးဘူးလို့ ကျွန်မ ခံစားနေရတယ်”

ယန်ရုန်ရုန့်အသံက ယုံကြည်မှုတော့ သိပ်မရှိလှပေ။ သူမ၏ ခန့်မှန်းချက်သက်သက်သာ ဖြစ်သဖြင့် ဟမ်ယဲ့က သက်သေ တောင်းလာခဲ့လျှင် သူမ ဘာမှပေးစရာမရှိပါ။

သို့သော် ဟမ်ယဲ့က ဘာမှဆက်မမေးခဲ့ပေ။ သူ့မျက်ဝန်းများ ရုတ်တရက် သုတ်မှုန် မှောင်မိုက်သွားခဲ့သည်။ ငယ်ရွယ်သည့် သူ့မျက်နှာပေါ်မှာလည်း မိစ္ဆာဘုရင်တစ်ပါး၏ ‌လေးနက်မှုများ အထင်းသားပေါ်လာခဲ့ပါသည်။

“သူ့နာမည်က ဟူချင်းပိုင်လို့ခေါ်တယ်၊ အမြီးကိုးချောင်းမြေခွေးရဲ့ မျိုးဆက်လို့ ပြောကြပြီး မြေခွေးမိစ္ဆာမျိုးနွယ်စုရဲ့ အကြီးအကဲပဲ၊ ဒါပေမယ့် သူဂူအောင်းကျင့်ကြံနေတာ ရာစုနှစ်ပေါင်းများစွာတောင် ကြာနေပြီ၊ ငါ့အဖေ ဆုံးပါးသွားတုန်းကတောင် မိစ္ဆာနယ်မြေထဲက ထင်ရှားတဲ့ပုဂ္ဂိုလ်တွေ အကုန်ရောက်လာကြပေမယ့် ဟူချင်းပိုင်ကတော့ ရောက်မလာခဲ့ဘူး၊ သူပျောက်နေတာ တော်တော်ကြာပြီဆိုတော့ အတော်များများက သူ့ကို ကျဆုံးသွားပြီလို့တောင် ယူဆထားခဲ့ကြတာ”

ယန်ရုန်ရုန့် လက်ထဲမှ ပန်းချီကားကို ဟမ်ယဲ့ လှမ်းယူလိုက်ပြီး စူးစူးရှရှ စိုက်ကြည့်လိုက်ပါသည်။

ကျူးကျူးကို ဟူချင်းပိုင် ဘာကြောင့် ပစ်မှတ်ထားခဲ့ရသလဲ သူနားမလည်ပါ။ သူတို့နှစ်ယောက် တစ်ခါမှ မဆုံဖူးသလို ရန်ငြှိုးရန်စလည်း မရှိ၊ ရာဇဝင်လည်း မရှိခဲ့ပေ။ ထို့ကြောင့် ဒီလို တိုက်ခိုက်စရာအကြောင်း လုံးဝ မရှိပါ။

“ကျဆုံးသွားတယ်ဟုတ်လား…”

ယန်ရုန်ရုန် တီးတိုးရေရွတ်လိုက်သည်။

“ဟူချင်းပိုင်မှာ အမြီးကိုးချောင်းမြေခွေးရဲ့ သွေးရှိတယ် ဆိုပေမယ့် မျိုးဆက်တွေအများကြီး ကြာလာတာနဲ့အမျှ အဲ့ဒီသွေးကလည်း တဖြည်းဖြည်းအားနည်းလာခဲ့တာပေါ့၊ သူ့ကျင့်ကြံခြင်းအဆင့်က နှစ်ပေါင်းတစ်ထောင်နီးပါး ရပ်တန့်နေခဲ့တာ၊ ဘယ်လောက်ပဲ ဂူအောင်းကျင့်ကြံပါစေ ခြေလှမ်းတစ်လှမ်းတောင် မတိုးနိုင်ခဲ့ဘူး”

ယန်ရုန်ရုန် နားလည်သွားခဲ့သည်။ မိစ္ဆာကျင့်ကြံသူများက လူသားများထက် အသက်ပိုရှည်ကြသော်လည်း မသေမျိုးများ မဟုတ်ကြပေ။

ကျင့်ကြံခြင်းအဆင့် မတက်နိုင်ခင် ကျင့်ကြံသူတစ်ယောက် ၏သက်တမ်း ကုန်ဆုံးသွားပါက တဖြည်းဖြည်းနှင့် မှေးမှိန်ပျောက်ကွယ်သွားရပါလိမ့်မည်။

ယန်ရုန်ရုန် ခန့်မှန်းချက်များ ဆက်ထုတ်ရင်း အချိန်မဖြုန်းချင်တော့ပေ။

“သူဘယ်သူလဲဆိုတာ သိနေပြီဆိုတော့ မြေခွေးမိစ္ဆာမျိုးနွယ်စုဆီ သွားပြီး ကိုယ်တိုင် စုံစမ်းကြတာပေါ့”

ဟမ်ယဲ့က ဘာမှမစဉ်းစားဘဲ သဘောတူလိုက်သည်။

“ကောင်းပြီ ငါမင်းနဲ့အတူ လိုက်ခဲ့မယ်”

ယန်ရုန်ရုန် မျက်မှောင်ကြုတ်သွားသည်။

“မလိုပါဘူး”

ဟမ်ယဲ့က စကားဖြတ်ကာ အလွန်လေးနက်စွာ ပြောလိုက်ပါသည်။

“ဒါမိစ္ဆာနယ်မြေနော်၊ ငါတို့မိစ္ဆာတွေက လူသားတွေကို နတ်ဆိုးတွေ မုန်းသလောက် မမုန်းပေမယ့် မိတ်ဆွေတွေလည်း မဟုတ်ကြဘူး၊ ပြီးတော့ မြေခွေးမိစ္ဆာမျိုးနွယ်စုမှာရှိတဲ့ ကျင့်ကြံသူအများစုက တွဲဖက်ကျင့်စဉ်တွေကို အထူးပြုကြတာ၊ သူတို့က လူသားကျင့်ကြံသူတွေကို ဝိညာဉ်စွမ်းအင် နှုတ်ယူလို့ရတဲ့ အားဖြည့်စာတွေလိုပဲ သဘောထားတတ်ကြတာ”

“မင်းလို ထူးခြားတဲ့ပါရမီနဲ့ အလှအပကို ပိုင်ဆိုင်ထားတဲ့ ငယ်ငယ်ရွယ်ရွယ် မိန်းကလေးတစ်ယောက်သာ သူတို့နယ်မြေထဲ ခြေချလိုက်ရင် အားလုံးရဲ့ ပစ်မှတ်ဖြစ်သွားနိုင်တယ်၊ မင်းတစ်ယောက်တည်း သွားရင် ကျိန်းသေပေါက် အန္တရာယ် ရှိလာမှာပဲ၊ ဒါပေမယ့် ငါလိုက်လာမယ်ဆိုရင်တော့ မင်းကို ဘယ်သူမှ ထိရဲမှာမဟုတ်ဘူး၊ တားလည်း တားရဲကြမှာ မဟုတ်ဘူး၊ အဲ့တာဆို မင်းသွားချင်တဲ့နေရာသွား၊ တွေ့ချင်တဲ့လူကို တွေ့နိုင်လိမ့်မယ်”

ယန်ရုန်ရုန်က ကိုယ့်ကိုယ်ကိုယ် ပါရမီရှိမှန်း သိသော်လည်း ယခုလို အတည်ပေါက် ချီးကျူးခံရသည်မျိုး မရှိသလောက် ရှားသဖြင့် အနည်းငယ် ရှက်သွေးဖြာမိသည်။

သူမ၏ ခံစားချက်ကို ဖုံးကွယ်ဖို့အတွက် ချောင်းအနည်းငယ်ဟန့်လိုက်ပါသည်။

“တကယ်တော့ ဟူချင်းပိုင် အသက်ရှင်နေသေးသလားဆိုတာတောင် မသေချာပါဘူး၊ အဲ့ဒီပေါက်ကွဲမှုမှာ သူတကယ်သေသွားတာဆိုရင် ဒီခရီးက အချိန်ဖြုန်းရာပဲကျမှာ”

ဟမ်ယဲ့က ဂရုမစိုက်ပေ။

“ငါမင်းကို ယုံတယ်၊ မင်းလည်း မင်းကိုယ်မင်း ယုံကြည်သင့်တယ်”

သူခေတ္တရပ်တန့်သွားပြီး လေးလေးနက်နက် သုံးသပ်လိုက်ပါသည်။

“သူသေသွားပြီဆိုရင်တောင် ဒီပြဿနာက မပြီးသေးဘူး၊ သူဘာကြောင့် ဒီလိုလုပ်ခဲ့ရတာလဲဆိုတာ သိအောင် စုံစမ်းရမယ်၊ သူ့မှာ မဟာမိတ်တွေ ရှိနေသေးရင် ဘယ်လိုလုပ်မလဲ၊ မင်းခေါင်းပေါ် ဓားတစ်ချောင်းပျံဝဲနေတာကို ဒီတိုင်း လျစ်လျူရှုထားလို့မရဘူး၊ အမြစ်ပြတ်အောင် ရှင်းပစ်ရမယ်”

ဟမ်ယဲ့၏ စကားများက ယန်ရုန်ရုန့် အတွေးများနှင့် ထပ်တူကျနေပါသည်။ သို့သော် သူ့အပေါ်မှာ ကျေးဇူးကြွေးများ ထပ်မတင်ချင်တော့ပါ။ သူနှင့် ထပ်ပြီး မပတ်သတ်ချင်တော့ပေ။

ယန်ရုန်ရုန်၏ တွန့်ဆုတ်မှုကို ဟမ်ယဲ့မြင်နိုင်သည်။ သူမ ဘာတွေတွေးနေသလဲ ခန့်မှန်းမိသဖြင့် သူ့မျက်ဝန်းထဲမှ အလင်းရောင်များ မှေးမှိန်သွားခဲ့ရပါသည်။

မကြာသေးခင်က သူခံစားခဲ့ရသည့် ပျော်ရွှင်မှုများလည်း ပျောက်ကွယ်သွားခဲ့လေပြီ။ ယခင်တုန်းက သူတို့နှစ်ယောက် တစ်ဦးအပေါ်တစ်ဦး မှီခိုအားထားခဲ့ကြပြီး မိသားစုတစ်စုပမာ နေထိုင်ခဲ့ကြသည်။ ယခု အသေးအဖွဲကိစ္စတစ်ခုအတွက် ကူညီပေးချင်သည်ဟု ကမ်းလှမ်းနေသည်ကိုတောင် သူမက တွန်းထုတ်နေခဲ့ပါသည်။

ဟမ်ယဲ့ တိုးညှင်းသော အသံဖြင့် ထပ်ပြောလိုက်သည်။

“အရင်တုန်းက မင်းငါ့ကို အများကြီး ကူညီပေးခဲ့ဖူးတယ်… ငါ့ကို အန္တရာယ်တွေထဲကနေ မရေမတွက်နိုင်အောင် အကြိမ်ကြိမ် ကယ်တင်ပေးခဲ့ဖူးတယ်၊ အဲ့တာကြောင့် ငါ့မှာ မင်းအပေါ်တင်နေတဲ့အကြွေးတွေ အများကြီးပဲ…ငါ့ကို… ငါ့ကို အဲ့ဒီအကြွေးတွေ ပြန်ဆပ်နိုင်ဖို့ အခွင့်အရေးလေး တစ်ခါလောက်ပဲ ပေးလို့မရဘူးလား”

All Chapters