အခန်း (၂၃၉-၂၄၀)
Vol. 24 Ch. 239-240
🌹Chapter 239
ပထမတော့ ဟမ်ယဲ့က သူ့အပြစ်များကို ပြန်လည်ပေးဆပ်ပြီး အမှားများကို ပြင်ဆင်နိုင်ဖို့ အခွင့်အရေးတစ်ခု တောင်းဆိုချင်ခဲ့သည်။
သို့သော် သူ့တောင်းဆိုမှုကို ကျူးကျူး ဘယ်တော့မှ သဘော တူမှာ မဟုတ်မှန်းသိနေသဖြင့် ဒုတိယနည်းလမ်းဖြစ်သော ‘ကျေးဇူးကြွေးဆပ်ခြင်း’ဟူသည့် ခေါင်းစဉ်ကိုသာ ရွေးချယ်လိုက်ရပါသည်။
ဟမ်ယဲ့ မျက်လွှာချကာ လက်နှစ်ဖက်ကို ဘေးမှာ လိမ္မာယဉ် ကျေးစွာ ကပ်ထားပြီး တောင်းပန်တိုးလျှိုးသည့် လေသံဖြင့် ပြောနေရှာလေသည်။
ဟမ်ယဲ့က ယန်ရုန်ရုန်ထက် သိသိသာသာ အရပ်ပိုရှည်သော် လည်း ယခု ဩဇာပိုကြီးနေသူက ယန်ရုန်ရုန်ဖြစ်နေပုံရသည်။ ဟမ်ယဲ့၏ ပုံစံက မိုးရွာသော ညတစ်ညတွင် အိမ်ပြင်ထုတ်ခံထားရသော ခွေးကြီးတစ်ကောင်နှင့်တူလှသည်။
အနာဂတ်တွင် အေးစက်သော လေပြင်းမုန်တိုင်းများအကြား လေလွင့်ရမည်လား၊ သို့မဟုတ် အရှင်သခင်နှင့်အတူ နွေးထွေးသည့် အိမ်မှာ ပြန်နေခွင့်ရမလား ဟူသည်က သူမ၏ ဆုံးဖြတ်ချက်ပေါ်တွင်သာ မူတည်နေပါသည်။
ယန်ရုန်ရုန် သူ့ကိုစိုက်ကြည့်ရင်း တစ်လုံးချင်းပီပီသသ ပြောလိုက်သည်။
“ကျွန်မတို့တွေ အရင်လိုအခြေအနေတိုင်း ပြန်မဖြစ်နိုင်တော့ဘူး၊ ရှင့်အပေါ် ကျွန်မ မျှော်လင့်ချက်တွေ ထပ်ထားဖို့ဆိုတာလည်း မဖြစ်နိုင်တော့ဘူး”
ဟမ်ယဲ့ လက်ဖျားများ တုန်ယင်သွားပြီး သူ့နှလုံးသားထဲ အလွန်စူးရှသည့် နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ ဝမ်းနည်းလွန်းသဖြင့် ငိုပင် ငိုချင်လာပါသည်။
လှိုင်းထန်နေသော ဝမ်းနည်းမှုတို့ကို အတင်းဖိသိပ်ရင်း ငိုနေသည်ထက် ပို၍နာကျင်စရာကောင်းသော ခါးခါးသီးသီး အပြုံးတစ်ခုဖြင့် ဟမ်ယဲ့ ပြန်ပြောလိုက်သည်။
“ငါသိပါတယ်၊ မင်းငါ့ကို ဘာမှမစဉ်းစားဘဲ ဓားနဲ့ထိုးခဲ့တဲ့ အချိန်ကတည်းက ငါ့နားကို ဘယ်တော့မှ ပြန်ရောက်လာမှာ မဟုတ်တော့ဘူးဆိုတာ သိခဲ့တယ်၊ ငါအရှိကို အရှိအတိုင်း လက်ခံလိုက်ပါပြီ၊ မင်းအတွက်အခက်တွေ့အောင် မလုပ်တော့ပါဘူး”
“ဒါပေမယ့် အတိတ်ကဖြစ်ရပ်တွေအတွက် ငါ့မှာ မင်းကိုဆပ်စရာအကြွေးတွေ အများကြီး ရှိနေတယ်၊ ဇာတ်လမ်းတစ်ခုမှာ အဆုံးသတ်တော့ ရှိသင့်တယ်လေ၊ အဲ့ဒီအကြွေးတွေ ဆပ်ပြီးသွားပြီဆိုတာနဲ့ မင်းနဲ့ငါ့အကြား ရှုပ်ထွေးတဲ့ ပတ်သတ်မှုတွေ မရှိတော့ဘူး၊ မင်းအတွက်ကော ငါ့အတွက်ကော တရားမျှတတဲ့ ဆုံးဖြတ်ချက်ပဲ မဟုတ်လား”
ယန်ရုန်ရုန် သူ့မျက်နှာကို အကဲခတ်ရင်း မယုံသင်္ကာမေးလိုက်သည်။
“ရှင်တကယ် အဲ့လိုထင်တာလား”
ဟမ်ယဲ့က ဆိုသည်။
“တာအိုနှလုံးသားကို တိုင်တည်ပြီး ကျိန်ဆိုပြရမလား”
ထိုကဲ့သို့ ကျိန်ဆိုမှုမျိုး၏ အန္တရာယ်ကို ယန်ရုန်ရုန် နားလည်ပါသည်။ မိစ္ဆာဘုရင်တစ်ပါး ဖြစ်သည့်တိုင် တာအိုနှလုံးသားကို တိုင်တည်ပြီး ကျိန်ဆိုထားမှုကို ဖောက်ဖျက်လိုက်ပါက ပြင်းထန်သော ဒဏ်ခတ်မှုကို ခံစားရလိမ့်မည်။
ကျောက်ပြာရေကန်ထဲတွင် သူမ၏ ‘အလောင်း’ကို ပွေ့ဖက်ပြီး ငိုကြွေးနေခဲ့သည့် ဟမ်ယဲ့၏ ပုံရိပ်ကို ယန်ရုန်ရုန် ပြန်မြင်ယောင်မိသည်။ ထို့နောက် သူမ၏ အိပ်မက်ထဲမှ ငွေဖြူရောင်ဆံနွယ်နှင့်လူအကြောင်းကိုလည်း တွေးမိပါသည်။
အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက်မှာတော့ ယန်ရုန်ရုန် ပြန်ပြောလိုက်သည်။
“မလိုပါဘူး”
ဟမ်ယဲ့ အံ့အားသင့်သွားခဲ့ပါသည်။ သူ့စိတ်ထဲ အတွေးတစ်ခု ဝင်ရောက်လာပုံရပြီး မျက်လုံးများ အရောင်လက်သွားခဲ့လေသည်။
သူတစ်ခုခု ပြောဖို့ ကြံလိုက်သော်လည်း ယန်ရုန်ရုန်က ဦးစွာ ဖြတ်ပြောလိုက်ပါသည်။
“မြေခွေးမိစ္ဆာမျိုးနွယ်စုမှာ ဟူချင်းပိုင်ကို ရှာဖို့အတွက် ရှင့်အကူအညီကို လက်ခံလိုက်မယ်၊ ဒီကိစ္စ ပြီးသွားတာနဲ့ ကျွန်မတို့ကြားက အကြွေးတွေအားလုံး ကျေသွားပြီနော်”
ဟမ်ယဲ့က နောက်ဆုံးစကားကို မကြားချင်ယောင်ဆောင်ပြီး စကားလမ်းကြောင်း အမြန်လွှဲလိုက်ပါသည်။
“ကျူးကျူး ဘယ်တော့သွားဖို့ စီစဉ်ထားလဲ”
ဟမ်ယဲ့ ခေတ္တရပ်တန့်ကာ ဆက်ပြောလိုက်သည်။
“ကိုယ်က ဘယ်အချိန်ဖြစ်ဖြစ် အဆင်ပြေတယ်”
သူ့ရင်ဘတ်ကို ယန်ရုန်ရုန်တစ်ချက် လှမ်းကြည့်လိုက်သည်။ သူမ၏ ဝူဝမ့်ဓားကြောင့် ရရှိထားသော ဒဏ်ရာမှာ အထင်းသား ရှိနေဆဲပင်။
အသက်အန္တရာယ်မရှိနိုင်သော်လည်း ပကတိပြန်ကောင်းဖို့က အချိန်ယူရပါလိမ့်မည်။
သူမ၏ အကြည့်ကို သတိပြုမိသွားသည့် ဟမ်ယဲ့က ချက်ချင်းပြောလိုက်ပါသည်။
“အသေးအဖွဲဒဏ်ရာလေးပါ၊ ကိုယ်တို့ခရီးစဉ်အတွက် အဟန့်အတား မဖြစ်စေရဘူး”
သူ့စိတ်ထဲတွင် ‘ကိုယ်တို့’ဟူသည့် စကားလုံးကို တမြိမ့်မြိမ့် အရသာ ခံနေမိပါသည်။ ထိုစကားလုံးကြောင့် သူနှင့် ကျူးကျူးတို့အကြား ပိုမိုနီးစပ်သွားသလို ခံစားလိုက်ရသည်။
ထိုအတွေးဖြင့် သူ့ရင်ထဲက ခါးသီးမှုများ ယာယီပျောက်ကွယ်သွားခဲ့သည်။ သူ့ရွှေရောင်သားရဲမျက်ဝန်းများကလည်း ပြန်လည်စိုပြည်တောက်ပလာပြီး ယန်ရုန်ရုန့်ကို မျှော်လင့်တကြီး စိုက်ကြည့်လိုက်လေသည်။
ယန်ရုန်ရုန် ခေတ္တစဉ်းစားကာ ပြန်ဖြေလိုက်ပါသည်။
“မနက်ဖြန်မနက် သွားကြမယ်”
ဟမ်ယဲ့ကို တစ်ညလောက် အနားယူခွင့်ပေးချင်ပြီး သူမကိုယ်တိုင်လည်း ဖြေရှင်းစရာကိစ္စအနည်းငယ် ရှိနေပါသေးသည်။
ဟမ်ယဲ့က ပေါ့ပေါ့ပါးပါး ဆိုလိုက်သည်။
“အဲ့တာဆို အခုပဲ သွားပြင်ဆင်လိုက်တော့မယ်နော်၊ အရုဏ်တက်တာနဲ့ ထွက်ကြမယ်”
“အင်း”
--- --- ---
ဟမ်ယဲ့လှည့်ထွက်သွားသည်ကို ယန်ရုန်ရုန် ငေးကြည့်နေခဲ့သည်။ သူအတော်ဝေးဝေးကို ရောက်သွားခါမှ ငှက်ပေါက်လေးက မထိန်းနိုင်တော့ဘဲ အသည်းအသန် မေးမြန်းလိုက်ပါသည်။
“စနစ်ပိုင်ရှင်ကို ဟမ်ယဲ့ တကယ်လက်လျှော့လိုက်ပြီလို့ ထင်လား”
ယန်ရုန်ရုန်က စိတ်မဝင်စားစွာ ပြန်ဖြေသည်။
“ဘယ်သိမလဲ၊ ဒါပေမယ့် အချိန်တွေကြာလာရင်တော့ သူမေ့သွားမှာပါ၊ လူ့နှလုံးသားဆိုတာ ပြောင်းလဲလွယ်တယ်၊ အဲ့တာ ငြင်းမရတဲ့ အမှန်တရားတစ်ခုပဲ”
ငှက်ပေါက်လေးက ချေပသည်။
“ဒါပေမယ့် သူက မိစ္ဆာတစ်ကောင်လေ!”
“မိစ္ဆာတွေလည်း အတူတူပဲ”
ငှက်ပေါက်လေးကတော့ မထင်မိပါ။
“တခြားမိစ္ဆာတွေ ပြောင်းလဲကောင်းပြောင်းလဲနိုင်ပေမယ့် ဟမ်ယဲ့ကတော့ ခြားနားတယ်! သူ့အဖေက ကျင့်ကြံခြင်းလောကထဲမှာ အရမ်းနာမည်ကြီးတဲ့ အချစ်သူရဲကောင်းကြီးနော်၊ မိစ္ဆာမိဖုရား ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်ခဲ့တုန်းက သူ့ကိုကယ်တင်ပေးဖို့အတွက်နဲ့ နှောင်းမိစ္ဆာဘုရင်ကြီး လောကသုံးပါးကို ဖြတ်သန်းပြီး ရတနာတွေ လိုက်ရှာခဲ့တာတဲ့”
“မိစ္ဆာမိဖုရားနတ်ရွာစံသွားတော့လည်း သူတော်တော်လေး စိတ်ထိခိုက်သွားပြီး နောက်ဆုံးထွက်သက်အထိ သူ့မိဖုရားအကြောင်းကိုပဲ တွေးရင်း ဘဝကို အဆုံးသတ်စေခဲ့တာ၊ ဟမ်ယဲ့မှာ သူ့အဖေသွေးပါတယ်နော်၊ အဲ့တာကြောင့် အဲ့လို မေတ္တာကြီးတဲ့စိတ်ကိုလည်း အမွေဆက်ခံထားရရင် ဘယ်လိုလုပ်မလဲ”
ထိုရာဇဝင်များအကြောင်း ယန်ရုန်ရုန် ကြားဖူးပါသည်။ နှောင်းမိစ္ဆာဘုရင်ကြီးတွင် တစ်သက်လုံး ကြင်ယာတော်တစ်ဦးသာ ရှိခဲ့သည်ဟု ဆိုကြသည်။ သူတို့နှစ်ဦးက မိစ္ဆာနယ် မြေ၏ စံပြဇနီးမောင်နှံများဖြစ်ခဲ့ကြပါသည်။
သူတို့နှစ်ဦး၏ အုပ်ချုပ်မှုအောက်တွင် ‘အချစ်စစ်’ဟူသည့် အယူဝါဒက မိစ္ဆာနယ်မြေထဲ လွှမ်းမိုးလာခဲ့ပြီး တစ်လင်တစ် မယားစနစ် အလွန်ခေတ်စားလာခဲ့သည်။ သူတို့နတ်ရွာစံသွားသည့်အခါမှသာ ထိုစနစ် ပြန်လည် ပျောက်ကွယ်သွားခဲ့ပါသည်။
အချစ်အကြောင်းတွေကို ယန်ရုန်ရုန် ဆက်မပြောချင်တော့ပေ။
ယခုအချိန်မှာ အချစ်ဇာတ်လမ်းထက် ပိုအရေးကြီးသည့် ကိစ္စများ ရှိနေပါသည်။ ငှက်ပေါက်လေးကို သူမ ကောက်ချီလိုက်ပြီး မျက်ဝန်းများထဲ စိုက်ကြည့်ကာ မေးမြန်းလိုက်သည်။
“ငါ့ကိုပြောစမ်း၊ အရေးပေါ် ပရိုတိုကော ဆိုတာဘာလဲ”
ရုတ်တရက်ကြီး စကားလမ်းကြောင်း ပြောင်းလဲသွားသဖြင့် ငှက်ပေါက်လေး ရီဝေသွားသည်။ အချိန်အတော်ကြာမှ သူပြန်မေးလိုက်ပါသည်။
“စနစ်မှာ အော်တိုပါလာတဲ့ ပရိုတိုကောကို ပြောတာလား”
ယန်ရုန်ရုန် ခေါင်းညိတ်ပြလိုက်သောအခါ ငှက်ပေါက်လေးက ဆက်ရှင်းပြပါသည်။
“စနစ်ပိုင်ရှင်တစ်ယောက် ကမ္ဘာကူးပြောင်းလာပြီးတဲ့နောက်မှာ အန္တရာယ်တွေနဲ့ ကြုံလာရနိုင်တယ်လေ၊ အဲ့တာကြောင့် စနစ်ပိုင်ရှင်တို့ရဲ့ ဘေးကင်းလုံခြုံမှုအတွက် ပင်မစနစ်က ကျွန်ုပ်တို့ စနစ်တွေထဲကို အရေးပေါ် ပရိုတိုကောတစ်ခု ထည့်သွင်းပေးထားတာ၊ စနစ်ပိုင်ရှင်သာ အသက်အန္တရာယ်ကျရောက်နိုင်တဲ့ ကပ်ဘေးတစ်ခုခုနဲ့ ရင်ဆိုင်လာရရင် အဲ့ဒီ အရေးပေါ် ပရိုတိုကော အလိုလျောက် ပွင့်သွားပြီး အန္တရာယ် မကြုံခင်က အချိန်ကို ပြန်ပို့ဆောင်းပေးလိမ့်မယ်၊ ဂိမ်းတွေမှာဆိုရင် ‘Save File’ တစ်ခုကို Load ပြန်လုပ်သလိုမျိုးပေါ့”
ယန်ရုန်ရုန် မျက်မှောင်ကြုတ်လိုက်သည်။
“အဲ့တာဆို အရင်က ငါအန္တရာယ်တွေ ကြုံခဲ့ရတဲ့အချိန်တွေတုန်းကကျတော့ အဲ့ဒီပရိုတိုကော ဘာလို့အလုပ်မလုပ်ခဲ့တာလဲ”
ယခင်တုန်းက ဘေးအန္တရာယ်ဟူသမျှကို သူမဖာသာ ရင်ဆိုင်ဖြေရှင်းခဲ့ရသည်။
စနစ်မှ ကူညီပေးနိုင်သည့်အရာဟူ၍ သူမခက်ခက်ခဲခဲ ရှာဖွေထားရသည့် အမှတ်များနှင့် စနစ်စတိုးဆိုင်တွင် ပစ္စည်းများ ဝယ်ယူလဲလှယ်ခွင့် ပေးခဲ့ရုံသာ ရှိသည်။
စနစ်တွင် အချိန်နောက်ပြန်ဆုတ်နိုင်သည့် အစွမ်းတစ်ခု ရှိနေမှန်းသာ ကြိုသိခဲ့လျှင် သူမ ဒီလောက်ထိ အပင်ပန်းခံခဲ့ရမှာ မဟုတ်ပါ။
ငှက်ပေါက်လေးက အမြန်ရှင်းပြလိုက်ပါသည်။
“အဲ့တာက ပရိုတိုကောကိုဖွင့်ဖို့ လိုအပ်တဲ့ အခြေအနေရပ်တွေနဲ့ မကိုက်ညီခဲ့လို့လေ!”
“ဘာအခြေအနေရပ်တွေလဲ”
ငှက်ပေါက်လေး ပီပီသသပြန်ဖြေလိုက်သည်။
“စနစ်ပိုင်ရှင်ရဲ့ သေဆုံးမှု”
ယန်ရုန်ရုန် ကြက်သေသေသွားခဲ့သည်။
‘ဒီလိုကိုး…’
မီးခိုးရောင်ဝတ်ရုံနှင့်လူ၏ လုပ်ကြံသတ်ဖြတ်မှုကိုခံရပြီး သူမ အမှန်တကယ်သေဆုံးသွားခြင်းကြောင့် ပရိုတိုကောကို ဖွင့်ဖို့ လိုအပ်ချက်နှင့် မမျှော်လင့်ဘဲ ကိုက်ညီသွားခဲ့ခြင်း ဖြစ်လိမ့်မည်။
ယခင်တုန်းက အခြေအနေတွေ ဘယ်လောက်ပဲ အန္တရာယ်များခဲ့ပါစေ သူမ အသက်အန္တရာယ်မှ အမြဲတမ်း သီသီလေး လွတ်မြောက်လာတတ်သည်။ ထို့ကြောင့် အရေးပေါ်ပရိုတိုကော အသက်မဝင်ခဲ့ခြင်း ဖြစ်ပါလိမ့်မည်။
မည်သူ့ကို အပြစ်တင်ရမည်နည်း။
သူမ၏ ပြင်းပြသော ရှင်သန်လိုစိတ်ကိုပဲလား၊ သို့မဟုတ် သူမ၏ ပုန်းလျှိုးကွယ်လျှိုး ရှင်သန်နိုင်စွမ်းကိုပဲလား…
ထူးဆန်းနေသော ယန်ရုန်ရုန့် မျက်နှာကို မြင်ပြီး ငှက်ပေါက်လေး မဝံ့မရဲ မေးလိုက်ပါသည်။
“စနစ်ပိုင်ရှင် ဘာလို့အဲ့တာတွေ ရုတ်တရက်ကြီး မေးနေတာလဲ”
ယန်ရုန်ရုန်ကလည်း ဖုံးကွယ်မထားခဲ့ပေ။
“ငါ Save File တစ်ခုကို Load လုပ်ဖူးပြီးသွားပြီ”
ငှက်ပေါက်လေး ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ယန်ရုန်ရုန့်ကို ကြည့်ရင်း သူထစ်ငေါ့စွာ ပြောလိုက်ပါသည်။
“မ…မ…မဖြစ်နိုင်တာ! ဘယ်တုန်းက အချိန်ကိုနောက်ပြန်ဆုတ်လိုက်တာလဲ၊ ကျွန်ုပ်က ဘာလို့ မသိရတာ…”
ငှက်ပေါက်လေး သူ့စကားကြောင့်သူ ဆွံ့အသွားခဲ့ရသည်။ ယန်ရုန်ရုန်သာ အချိန်ကို အမှန်တကယ် နောက်ပြန်ဆုတ်ခဲ့ခြင်းဆိုလျှင် စနစ်ပိုင်ရှင်မှလွဲပြီး ကမ္ဘာပေါ်မှာ ရှိသမျှအရာအားလုံး အချိန်နောက်ပြန်မဆုတ်ခင်က ဖြစ်ရပ်အားလုံးကို မေ့ပျောက်သွားကြပါလိမ့်မည်။
စနစ်ကိုယ်တိုင်လည်း ခြွင်းချက်မရှိပေ။
ထို့နောက် ငှက်ပေါက်လေး၏ မျက်နှာပေါ် ထိတ်လန့်ချောက်ချားမှုများ ဖုံးလွှမ်းသွားလေသည်။
“စနစ်ပိုင်ရှင် တကယ်သေသွားခဲ့တာလား! ဘယ်လိုဖြစ်ရတာလဲ!”
🌹Chapter 240
မီးခိုးရောင်ဝတ်ရုံလူနှင့် ဆုံပြီး ကြုံတွေ့ခဲ့ရသမျှ အဖြစ်အ ပျက်အားလုံးကို ယန်ရုန်ရုန် ပြန်ပြောပြလိုက်ပါသည်။
ငှက်ပေါက်လေး နားထောင်ရင်း ရင်တုန်ပန်းတုန်ဖြစ်သွားခဲ့ရသည်။ ကျောက်ပြာရေကန်အောက်တွင် အလွန်အန္တရာယ်များသည့် သားရဲတစ်ကောင်ရှိနေသဖြင့် ယန်ရုန်ရုန် အန္တရာယ်ကျရောက်နိုင်မှန်း သူသိနေခဲ့သော်လည်း အသက်ဆုံးရှုံးရလောက်သည့်အထိ ဖြစ်သွားလိမ့်မည်ဟု ထင်မထားခဲ့ပါ။
ယန်ရုန်ရုန် ငှက်ပေါက်လေးကို စားပွဲပေါ် ပြန်တင်ပေးလိုက်ပြီး သက်ပြင်းအရှည်ကြီး ချလိုက်ပါသည်။
“ငါ့ကို အချိန်နောက်ပြန်ဆုတ်နိုင်အောင် ကူညီပေးလို့ နင့်ကိုကျေးဇူးတင်ရမယ်၊ မဟုတ်ရင် အခုလောက်ဆို ငါအလောင်းကောင် ဖြစ်နေလောက်ပြီ”
ယခင်တုန်းကသာဆို ငှက်ပေါက်လေး စိတ်ကြီးဝင်ပြီး စကားကြီးစကားကျယ်များ ပြောနေမည်ဖြစ်သော်လည်း ယခုတော့ သူ့ရင်ထဲ ထိတ်လန့်ချောက်ချားမှုများဖြင့် ပြည့်နှက်နေရာ စကားတစ်ခွန်းမှ မပြောနိုင်တော့ပါ။
‘စနစ်ပိုင်ရှင် သေလုမျောပါး ဖြစ်ခဲ့ရတာပဲ…’
စနစ်တစ်ခုက စနစ်ပိုင်ရှင်ပေါ်တွင် အမှီပြုပြီး ဖြစ်တည်ရပါသည်။ သူမသာ သေဆုံးသွားလျှင် စနစ်ကို လိုအပ်မှုလည်း ပျောက်ဆုံးသွားလိမ့်မည်။ ထိုအခါ သူလည်း ပျောက်ကွယ်သွားရပါလိမ့်မည်။
ငှက်ပေါက်လေး အသိစိတ်ပြန်ကပ်သွားသောအခါ ယန်ရုန်ရုန်က အခန်းတံခါးရှေ့သို့ပင် ရောက်နေလေပြီ။ ငှက်ပေါက်လေး အတောင်ပံကို အသည်းအသန်ခတ်ရင်း အနောက်မှလိုက်လာကာ မေးလိုက်သည်။
“စနစ်ပိုင်ရှင် ဘယ်သွားမလို့လဲ၊ ကျွန်ုပ်ကိုမထားခဲ့ပါနဲ့! ကျွန်ုပ်လည်း လိုက်ခဲ့မယ်!”
သူနှင့် ခဏလောက် ခွဲခွာလိုက်ရချိန်တွင် ကျောက်ပြာရေကန်ထဲ စနစ်ပိုင်ရှင် အသက်ဆုံးရှုံးလုနီးပါး ဖြစ်သွားခဲ့သည်။ ဒီလိုထပ်ဖြစ်ခွင့် မပေးနိုင်တော့ပါ။
ယခုချိန်မှစပြီး စနစ်ပိုင်ရှင်ဘယ်သွားသွား သူနောက်မှ ထပ်ကြပ်မကွာ လိုက်သွားပါမည်။
ယန်ရုန်ရုန် နောက်ပြန်လှည့်မကြည့်ဘဲ ဖြေလိုက်သည်။ “မုထုန်နဲ့ လောလောတို့ကို မေးစရာနည်းနည်း ရှိလို့”
--- --- ---
ဟမ်ယဲ့တစ်ယောက် အိပ်ခန်းဆောင်သို့ ပြန်လာစဉ် တံခါးရှေ့တွင် မတ်တပ်ရပ်ပြီး သူ့ကို စောင့်မျှော်နေသည့် ဟယ့်ပျယ်ချင်းအား မြင်လိုက်ရသည်။
ဟမ်ယဲ့ကို မြင်သောအခါ ဟယ့်ပျယ်ချင်း ချက်ချင်း ရှေ့ထွက်လာပြီး ဦးညွှတ်ကာ ပြောလိုက်ပါသည်။
“အရှင့်ရဲ့ ဒဏ်ရာတွေ မသက်သာသေးဘူး၊ ဒဏ်ရာတွေ မြန်မြန်ကျက်အောင် ကူညီပေးနိုင်မယ့် ဆေးတချို့ ကျုပ်ယူလာပေးခဲ့ပါတယ်”။
ထို့နောက် ကျောက်စိမ်းသေတ္တာလေးတစ်လုံးကို လက်နှစ်ဖက်ဖြင့် ဆက်သလိုက်သည်။
မိစ္ဆာမျိုးနွယ်စုတွင် အကြီးအကဲ ၁၂ ဦး ရှိပါသည်။ ထိုအကြီးအကဲများက ရာထူးကြီးရုံသာမကဘဲ ကျင့်ကြံခြင်းအဆင့်လည်း မြင့်မားကြသဖြင့် မျိုးနွယ်စုတွင် ဩဇာအာ ဏာ အလွန်ကြီးမားကြသည်။
နှောင်းမိစ္ဆာဘုရင်ကြီး အလွန်နာမကျန်းဖြစ်ပြီး မျိုးနွယ်စုကို အုပ်ချုပ်ဖို့ မစွမ်းဆောင်နိုင်ခဲ့စဉ်က ထိုအကြီးအကဲ ၁၂ ဦး အာဏာကို လွှဲပြောင်းယူခဲ့ကြသည်။ အာဏာဟူသည်မှာ လူကို ပျက်စီးစေတတ်သည်ဖြစ်ရာ ထိုအကြီးအကဲများ၏ အားပြိုင်မှုကြောင့် ပြည်တွင်းစစ်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ရသည်။
ဟယ့်ပျယ်ချင်းတစ်ဦးတည်းသာ ထိုစစ်ပွဲများနှင့် ကင်းလွတ်အောင် နေနိုင်ခဲ့ပြီး နှောင်းမိစ္ဆာဘုရင်ကြီးကို ဆက်လက် သစ္စာစောင့်သိခဲ့ပါသည်။
နှောင်းမိစ္ဆာဘုရင် နတ်ရွာစံပြီး ဟမ်ယဲ့နန်းတက်သည့်အခါတွင်လည်း သူ့အပေါ် လွှဲပြောင်းသစ္စာစောင့်သိခဲ့သည်။ ထို့ကြောင့် ပြည်တွင်းစစ်မက် ဖြစ်ပွားစေမှုနှင့် အခြားအကြီးအကဲများကို ဟမ်ယဲ့ သုတ်သင်ခဲ့စဉ်က ဟယ့်ပျယ်ချင်း တစ်ဦးတည်းသာ အသက်ချမ်းသာခွင့်ရခဲ့ပါသည်။
ယခု ဟယ့်ပျယ်ချင်းက မိစ္ဆာမျိုးနွယ်စုတွင် မဟာအကြီးအကဲတစ်ဦးဖြစ်နေပြီး မိစ္ဆာဘုရင်ပြီးလျှင် သူအာဏာအကြီးမားဆုံး ဖြစ်သည်။
သို့သော် ဟမ်ယဲ့အပေါ် သူနက်နက်ရှိုင်းရှိုင်း သစ္စာဆက်စောင့်သိခဲ့ပြီး ဟမ်ယဲ့၏ ငယ်ရွယ်နုပျိုမှုကိုလည်း တစ်ခါမှ အထင်မသေးခဲ့ဖူးပါ။ ဟယ့်ပျယ်ချင်းက ကြင်နာတတ်ပြီး၊ တာဝန်သိတတ်ကာ မိစ္ဆာမျိုးနွယ်စုများအကြား ကြည်ညိုလေးစားမှုကို ခံရသည်။
မိစ္ဆာမျိုးနွယ်စု၏ အသေးအဖွဲကိစ္စများကို ဟမ်ယဲ့ ဖြေရှင်းရမှာ ပျင်းရိနေလျှင် ဟယ့်ပျင်ချင်းကိုသာ တာဝန်ပေးတတ် သည်။ ဟယ့်ပျယ်ချင်းကလည်း အရာရာကို ပြီးပြည့်စုံအောင် ကိုင်တွယ်ပေးတတ်ပါသည်။
သူက အလွန့်အလွန် အသုံးဝင်သော လက်အောက်ငယ်သားတစ်ဦးပင်ဖြစ်သည်။ ဉာဏ်ရည်ထက်မြက်ပြီး ပါးနပ်ကာ အစွမ်းအစရှိသော လက်အောက်ငယ်သားတစ်ဦးကို မည်သူက မလိုချင်ဘဲ နေမည်နည်း။
ဟမ်ယဲ့ ကျောက်စိမ်းသေတ္တာကို လက်ခံလိုက်ပြီး ပြန်ပြောလိုက်သည်။
“အချိန်ကိုက်ရောက်လာတာပဲ၊ ငါမင်းကို ပြောစရာရှိတယ်”
ဟယ့်ပျယ်ချင်း အနည်းငယ် ဦးညွှတ်လိုက်သည်။
“ညွှန်ကြားစရာရှိတာ ညွှန်ကြားပါ အရှင်”
“ငါရက်ပိုင်းလောက် ခရီးထွက်ရမယ်၊ မိစ္ဆာမျိုးနွယ်စုရဲ့ အရေးကိစ္စတွေကို မင်းလက်ထဲ အပ်ထားခဲ့မယ်၊ မင်းမဆုံးဖြတ်နိုင်တဲ့ ကြီးကြီးမားမား ပြဿနာတွေ ကြုံလာရရင် ဆက်သွယ်ရေးအဆောင်သုံးပြီး ငါ့ကို ဆက်သွယ်လိုက်၊ ဒါမှမဟုတ် ငါပြန်လာတဲ့အချိန်အထိစောင့်”
ဟယ့်ပျယ်ချင်း အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။ ဟမ်ယဲ့၏ ဒဏ်ရာများက မသက်သာသေးသဖြင့် ဘယ်ကိုမှ မသွားသင့်ပါ။
အန္တရာယ်နှင့် ထပ်ကြုံလာရလျှင် ဒုက္ခရောက်နိုင်သည်။ မိစ္ဆာမျိုးနွယ်စုတွင် ငြိမ်းချမ်းရေး ရလိုက်သည်မှာ ကြာပင် မကြာသေးသဖြင့် ဆူပူသောင်းကျန်းမှုများ ထပ်မဖြစ်စေချင်တော့ပါ။
သို့သော် ဟမ်ယဲ့၏ စိတ်ကို ဟယ့်ပျယ်ချင်း သိပါသည်။ ငယ်ရွယ်သော်လည်း အလွန်ခေါင်းမာသည်။ ဆုံးဖြတ်ချက်တစ်ခု ချပြီးသည်နှင့် သူ့စိတ်ကို ပြောင်းလဲပေးဖို့ အလွန်ခဲယဉ်းပါလိမ့်မည်။
သူ့ဘက်မှ ကန့်ကွက်လိုက်လျှင် ရလဒ်ကိုမပြောင်းလဲနိုင်သည့်အပြင် မိစ္ဆာဘုရင် ဒေါသပိုထွက်လာရုံသာ ရှိနိုင်သဖြင့် ဟယ့်ပျယ်ချင်း ပြောချင်သည့် စကားလုံးများကို မျိုသိပ်လိုက်ပြီး အမိန့်ကို တရိုတသေ နာခံလိုက်ရသည်။
“နားလည်ပါပြီ အရှင်”
ဟမ်ယဲ့ အိပ်ခန်းဆောင်ထဲ ဝင်ဖို့ ခြေလှမ်းလိုက်စဉ် ခေတ္တရပ်တန့်သွားပြီး ဟယ့်ပျယ်ချင်းကို ထပ်လှည့်ပြောလိုက်ပါသည်။
“ငါခရီးသွားမယ့်အကြောင်းကို ဘယ်သူမှ မသိစေနဲ့”
ထိုအကြောင်းကို ကြားသွားပြီး ဟူချင်းပိုင် ထွက်ပြေးသွားမည်ကို သူစိတ်ပူမိပါသည်။ ဟယ့်ပျယ်ချင်းကလည်း ဘာမေးခွန်းမှမမေးဘဲ ဦးညွှတ်ကာ အမိန့်နာခံလိုက်တော့သည်။
--- --- ---
မုထုန်ကို ယန်ရုန်ရုန် ရှာတွေ့သောအခါ လောလောနှင့် လျို့လန်တို့လည်း အနားတွင် ရှိနေကြသည်။
မုထုန်၏ စိတ်ထဲမှာ လျို့လန်သာ ရှိပြီး သူ့ ‘အစ်ကိုကြီး’ဘယ်သွားသွား နောက်မှတကောက်ကောက် လိုက်နေခဲ့လေသည်။
လျို့လန်က စိတ်ရှုပ်မိသော်လည်း သူ့ကို မောင်းထုတ်လို့မရပါ။ တစ်ခါတရံ မုထုန်ကို အကောင်လိုက် ဝါးစားချင်စိတ်များပင် ပေါ်လာမိသည်။
လျို့လန် နှုတ်ခမ်းစူနေသော်လည်း ယန်ရုန်ရုန့်ကို မြင်လိုက်ရသည်နှင့် စိတ်ရွှင်သွားသည်။ ထို့နောက် သူမ ခြေထောက်ကို ပြေးဖက်ကာ ရွှင်ရွှင်ပျပျ ခေါ်လိုက်ပါသည်။
“မေမေ!”
ယန်ရုန်ရုန် သူ့ခေါင်းလေးကို ပွတ်ပေးလိုက်သည်။
“ခုနက နှုတ်ခမ်းကြီးစူနေတာ တစ်မိုင်လောက်ကနေတောင် လှမ်းမြင်ရတယ်၊ ဘာတွေ စိတ်ညစ်နေတာလဲ”
လျို့လန်က သူ့နောက်တွင် မတ်တပ်ရပ်နေသည့် မုထုန်ကို လက်ညှိုးထိုးပြလိုက်ပါသည်။
“သူပေါ့! သားနောက်ကို အမြဲတမ်း တကောက်ကောက်လိုက်နေတာ၊ အရမ်းစိတ်ရှုပ်ဖို့ကောင်းတယ်!”
အစ်ကိုဖြစ်သူ၏ ပြစ်တင်ဝေဖန်မှုကို ခံရပြီး မုထုန်၏ မျက်လုံးများ နီမြန်းသွားကာ ငိုမဲ့မဲ့နှင့် ပြန်ပြောလိုက်သည်။
“ကျွန်တော်က အစ်ကိုကြီးနဲ့ပဲနေချင်တာ! ကျွန်တော့်ကို မထားခဲ့ပါနဲ့!”
ယန်ရုန်ရုန် ဒူးထောက်လိုက်ပြီး လျို့လန်၏ မျက်ဝန်းများထဲ စိုက်ကြည့်ကာ ပြောလိုက်သည်။
“မေ့သွားပြီလား၊ မုထုန်ကို ဂရုစိုက်ပါ့မယ်လို့ မေမေ့ကို ကတိပေးထားတယ်လေ၊ ပေးထားတဲ့ကတိကို ပြန်ရုတ်သိမ်းလို့မရဘူးနော်”
လျို့လန်လည်း ဝမ်းနည်းသွားပြီး ပြန်ပြောလိုက်ပါသည်။
“ဒါပေမယ့် သူက တကယ်စိတ်ရှုပ်ဖို့ကောင်းတယ်…”
သူ့မေမေကို ကူညီပေးမည်ဟု ကတိပေးခဲ့သော်လည်း မုထုန်က ဒီလောက်ထိ စိတ်ရှုပ်ဖို့ကောင်းလိမ့်မည်ဟု ထင်မထားခဲ့ပါ။ လျို့လန်က စိတ်မရှည်တတ်ဘဲ စိတ်ဆတ်လွယ်သည်။
သူ့မေမေရှေ့မှာသာ လိမ္မာသည့်ကလေးတစ်ယောက်လို နေထိုင်ခြင်းဖြစ်ပြီး သူမအနားတွင် မရှိသည်နှင့် ဗီဇအစစ် အမှန်များ ပေါ်လာတတ်ပါသည်။
ထောင်ထျဲဟူသည်မှာ သဘောကောင်းသည့် သားရဲမျိုး မဟုတ်သည်ကို သိသဖြင့် ယန်ရုန်ရုန်လည်း သက်ပြင်းသာ ချမိတော့သည်။
“သူ့ကိုတကယ် ဂရုမစိုက်နိုင်ဘူးဆိုလည်း ထားလိုက်ပါတော့၊ မေမေ ဖိအားမပေးတော့ဘူး၊ မုထုန်ကို မေမေ့ဖာသာ ခေါ်သွားပြီး စောင့်ရှောက်လိုက်မယ်”
မုထုန် ကန့်ကွက်ချင်စိတ်များ တဖွားဖွား ပေါ်လာပါသည်။ သူ့အစ်ကိုကြီးနှင့် လုံးဝ မခွဲနိုင်ပါ။ သူငြင်းဆန်ဖို့ ကြံလိုက်စဉ် လျို့လန်က ဦးစွာ ကန့်ကွက်လိုက်လေသည်။
“မရဘူး! သူ့ကို ခေါ်မသွားနဲ့!”
လျို့လန် မနာလိုစွာ အော်ပြောလိုက်သည်။
သူ့မေမေက သူ့မေမေပင်။ သူ့မေမေ၏ ဂရုစိုက်မှုကို သူတစ်ယောက်တည်းသာ ရရှိသင့်သည်။ ဒီလိုအခွင့်အရေးမျိုးကို မုထုန်မရသင့်ပါ။
ယန်ရုန်ရုန် အခက်တွေ့သွားသည်။
“ဒီဟာလည်းမရ၊ ဟိုဟာလည်းမရနဲ့… မေမေ ဘာလုပ်ရမလဲ”
လျို့လန်က မုထုန်ကို မောင်းထုတ်ချင်သော်လည်း မဖြစ်နိုင်မှန်း သူသိပါသည်။ မုထုန်က သူ့မေမေနှင့် ဝိညာဉ်သားရဲစာချုပ် ချုပ်ဆိုထားသည်။
ထိုစာချုပ် အကျုံးဝင်နေသေးသရွေ့ မုထုန်ဘယ်ကိုမှ သွားလို့မရပါ။ နောက်ဆုံးတော့ လျို့လန် အလျှော့ပေးလိုက်ရသည်။
“မေမေ့ကို ကူညီပြီး သူ့ကို စောင့်ကြည့်ပေးထားပါ့မယ်၊ စိတ်ရှုပ်စရာကောင်းတယ်လို့ ထင်မပြောတော့ဘူး”
ယန်ရုန်ရုန် ပြုံးလိုက်ပြီး သူ့ပါးလေးကို နမ်းလိုက်သည်။
“လျို့လန်လေးက လိမ္မာလိုက်တာ”
လျို့လန် မျက်နှာလေး နီမြန်းသွားခဲ့သည်။ သူ့ရင်ထဲမှာလည်း ပျော်ရွှင်မှုများ ဖုံးလွှမ်းကာ မနာလိုမှုနှင့် ဝမ်းနည်းမှုတို့ ချက်ချင်း ပျောက်ကွယ်သွားခဲ့ပါသည်။
မုထုန်လည်း စိတ်သက်သာရာရကာ သက်ပြင်းချမိသည်။
‘တော်သေးတာပေါ့၊ ငါ့အစ်ကိုကြီးနဲ့ ခွဲစရာမလိုတော့ဘူး’
ကလေးများ တည်ငြိမ်သွားသည်နှင့် ယန်ရုန်ရုန် အရေးကြီး ကိစ္စကို အာရုံပြန်စိုက်လိုက်ပါသည်။ သူမ၏ အဓိက ရည်ရွယ်ချက်မှာ သူတို့သုံးယောက် ဘယ်လိုချိပ်ပိတ်ချုပ်နှောင်ခံခဲ့ရကြောင်းကို လေးလေးနက်နက် နားလည်နိုင်ဖို့ပင်။
လျို့လန်၊ လောလောနှင့် မုထုန်တို့အားလုံးက ရှေးဟောင်းသားရဲများဖြစ်ကြသည်။ နတ်သားရဲဖြစ်စေ၊ ကျိန်စာသားရဲ ဖြစ်စေ အားလုံး ချိပ်ပိတ်ချုပ်နှောင်ခံခဲ့ရခြင်းကတော့ အတူတူပင်။
ပိုအရေးကြီးသည်မှာ သူတို့အားလုံးကို အချုပ်အနှောင်မှ လွတ်မြောက်စေဖို့အတွက် ယန်ရုန်ရုန့်သွေးက အရေးပါသည့် သော့ချက်တစ်ခု ဖြစ်နေခဲ့လေသည်။
တိုက်ဆိုင်မှုထက် ပိုသည်ဟု သူမ သံသယရှိခဲ့သည်မှာ ကြာခဲ့ပါပြီ။