← Chapters

အခန်း (၁၁၉)

Vol. 12 Ch. 119

အခန်း (၁၁၉)

Vol. 12 Ch. 119

“ဒါဆို ပိုက်ဆံလာချေးတာလား။” ချီဖန့်သည် တည်ငြိမ်သောအမူအရာဖြင့် ထပ်မေးလိုက်သည်။

လီရှု့ဝူ၏ ဇနီးမှာ ထပ်၍ဆွံ့အသွားရပြန်သည်။ နှစ်သစ်မတိုင်မီက အကြွေးရှင်များ ဝိုင်းဝန်းနေသဖြင့် နှစ်သစ်ကူးကာလတွင်ပင် ငွေကြေးအခက်အခဲ ဖြစ်ခဲ့ရသည်။ ထို့ကြောင့်သာ ယခုကဲ့သို့ လုပ်ဆောင်နေရခြင်း ဖြစ်သည်။

ဤချီဖန့်မှာမူ တကယ့်ကို အပြောအဆို မတတ်သူဟု သူမ တွေးမိသည်။ ထို့ကြောင့် သူမက ယန်ရွှယ်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “နင် သစ်တောစခန်းကို သစ်ကိုင်းတွေသွားတောင်းတာ မရဘူးလို့ ကြားတယ်”

သတင်းစကားမှာ အလွန်လျင်မြန်လှသည်။ ယန်ရွှယ်က ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်တယ်” ထို့နောက် သူမ ဘာဆက်ပြောမည်ကို စောင့်ကြည့်လိုက်သည်။

လီရှု့ဝူ၏ ဇနီးက အားနာဟန်ဆောင်လျက် အသံကို နှိမ့်၍ ပြောခဲ့သည်။ “နင် လိုချင်မှန်း ငါတို့ မသိလို့၊ ငါတို့ မိသားစုအတွက် အရင်ယူလိုက်တာ။ အခု နင် လိုချင်တယ်ဆိုရင် ငါတို့မှာ ရှိတာလေးတွေ မျှပေးမလားလို့ပါ။ နင် အလုပ်မနောင့်နှေးရအောင်ပေါ့”

“ကျွန်မတို့ဆီက လက်ကားဝယ်ချင်လို့လား ရတာပေါ့။”

ယန်ရွှယ်က တမင်တကာပင် လွဲမှားစွာ နားလည်ဟန်ဆောင်လိုက်သည်။

လီရှု့ဝူ၏ ဇနီးမှာ ထပ်၍ စကားမပြောနိုင် ဖြစ်သွားရပြန်သည်။ “မဟုတ်ပါဘူး၊ ငါတို့ဆီက သစ်တုံးတွေ အကုန်ပေးမယ်လို့ ပြောတာ။ ငါတို့က တောင်ပေါ်မှာပဲ ထင်းသွားရှာလိုက်တော့မယ်။”

သူမက လက်ငါးချောင်း ထောင်ပြခဲ့သည်။ “နင်လည်း အရေးတကြီး လိုနေတာဆိုတော့၊ ငါတို့ကလည်း ထင်းပဲ စိုက်မှာဆိုတော့လေ...”

တကယ်ကို အရှက်မရှိလှပေ။ သစ်တောဗျူရိုက ထင်းတစ်လှည်းလျှင် ၁၀ ယွမ်ဖြင့် ရောင်းချပေးနေခြင်းဖြစ်သော်လည်း သူမကမူ ၅၀ ယွမ်အထိ တောင်းဆိုနေခြင်းပင်။

ချီဖန့်သည် သူမအား တစ်ချက်ကြည့်ကာ ပြောလိုက်သည်။"ခများရဲ့ လောဘက တော်တော်ကြီးတာပဲ"

လီရှု့ဝူ၏ ဇနီးမှာ ထိုစကားထဲ၌ ပါဝင်နေသော ရွဲ့သံကို သတိမမူမိသော်လည်း ယန်ရွှယ်ကမူ ရိပ်မိသဖြင့် ရယ်ချင်သွားရသည်။

ယန်ရွှယ် အမှန်တကယ် ရယ်မောကာ ပြန်မေးခဲ့သည်။ "ဒါပေမဲ့ အဲ့ဒီထင်းတွေက အိမ်တောင်မရောက်သေးဘူးလေ။ အခုကတည်းက ဒါတွေကို ဆွေးနွေးဖို့က အရမ်းမစောလွန်းဘူးလား"

"အခုကတည်းက အပြတ်မပြောထားရင်၊ နောက်မှ အကျပ်ရိုက်တဲ့အခါ နင် နောင်တရနေဦးမယ်"

လီရှု့ဝူ၏ ဇနီးသည် အသံကို ပိုနှိမ့်ပြီး မျက်စိတစ်ဖက်ပင် မှိတ်ပြလိုက်သေးသည်။ "ဒါကြောင့် နင့်အစီအစဉ်တွေ နောက်ကျသွားမယ်ဆိုရင် ၅၀ ထက် နှစ်ဆတောင် ပိုပေးရလိမ့်မယ်၊ မဟုတ်ဘူးလား"

သူမ လူရွေးမှားသွားခဲ့ခြင်းပင်။ ယန်ရွှယ်သည် မိမိအနေဖြင့် ယခုနှစ်တွင် မှိုမစိုက်တော့မည့်အကြောင်းကို ထုတ်မပြောဘဲ ပြန်ပြောလိုက်သည်။ "စိတ်မပူပါနဲ့၊ စခန်းက ကျွန်မကို ကူညီမယ်လို့ ပြောထားပြီးသားပါ"

"နင်က သူတို့စကားကို ယုံနေတာလား။ စခန်းမှာတင် ဝေစုခွဲဖို့တောင် မလောက်ငတော့တာကို!"

လီရှု့ဝူ၏ ဇနီး ထပ်၍ အတင်းအကျပ် မပြောနိုင်မီမှာပင် ယန်ရွှယ်က ဦးထုပ်ကို ဆောင်းပြီး ဖြတ်ပြောလိုက်သည်။"အစ်မလီ၊ ကျွန်မတို့ သွားရတော့မယ်၊ မဟုတ်ရင် ဘတ်စ်ကား လွတ်သွားလိမ့်မယ်"

ဇနီးမောင်နှံနှစ်ဦးမှာ ပစ္စည်းများကို ယူလျက် သူမအား ကျော်ဖြတ်၍ ထွက်ခွာသွားကြရာ သူမမှာ ဒေါသတကြီး ကျန်ရစ်ခဲ့ရသည်။

"နင် စိုက်စရာမရှိတဲ့အခါကျမှ နောင်တရနေလိုက်!"

လီရှု့ဝူ၏ ဇနီးသည် အလွယ်တကူ လက်မလျှော့လိုသဖြင့် အိမ်တွင် ရှိနေသေးသော ဒုတိယအဖွားထံသို့ သွားရောက်စုံစမ်းပြန်သည်။

"အဒေါ်၊ ယန်ရွှယ်က တခြားနေရာကနေ သစ်တုံးတွေ ရထားသေးလို့လား"

သို့သော် အဘွားအိုမှာမူ မည်သည့်အရာကိုမျှ မသိရှိချေ။ "သစ်တုံးဆိုတာ ဘာကြီးလဲ"

လီရှု့ဝူ၏ ဇနီးမှာ ဒေါသအလွန်ထွက်သွားသဖြင့် ထိုသစ်လှည်းကြီးတစ်ခုလုံးကိုပင် ပြန်အပ်နှံပစ်ရန် ကြံစည်မိသည်။ တကယ်တော့ ထိုသစ်ကိုင်းများကို ထင်းခွဲရသည်မှာ အလွန်ပင် ပင်ပန်းလှသောကြောင့်ဖြစ်သည်။ သို့သော် ထိုသို့လုပ်ဆောင်ခြင်းက ယန်ရွှယ်အား အခွင့်အရေးပေးသကဲ့သို့ ဖြစ်သွားမည်စိုးသဖြင့် ဆက်သိမ်းဆည်းထားရန်သာ ဆုံးဖြတ်လိုက်သည်။

ယန်ရွှယ်အနေဖြင့် သူမ သစ်ကိုင်းများ ပြန်အပ်မည်ကို စောင့်ဆိုင်းနေကောင်း နေလိမ့်မည်။ သို့သော် သူမကမူ လုံးဝလုပ်ဆောင်မည်မဟုတ်ချေ။ ယန်ရွှယ်တွင် စိုက်ပျိုးစရာ ပစ္စည်းများ ပြတ်လပ်သွားသောအခါ မည်သို့လုပ်ဆောင်မည်ကို စောင့်ကြည့်ရဦးမည်။ နောင်တွင် သူမက လာရောက်တောင်းပန်ပါက ၅၀ ယွမ်ဖြင့်ပင် ရနိုင်တော့မည်မဟုတ်ချေ။

ယန်ရွှယ်သည်လည်း လီရှု့ဝူ၏ ဇနီးအနေဖြင့် သစ်ကိုင်းများကို ပြန်အပ်မည်မဟုတ်ကြောင်း ကြိုခန့်မှန်းထားပြီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတိုင်း၏အမြင်တွင် သူမသည် မှိုစိုက်ပျိုးခြင်းလုပ်ငန်းကို ချက်ချင်းလက်ငင်း လက်လျှော့လိမ့်မည်ဟု မည်သူမျှ မထင်နိုင်သောကြောင့် ဖြစ်သည်။

"အဖိုးကြီးဝမ်ကလည်း ဒီလိုပဲ ကြံစည်နေမယ်လို့ ထင်လား" ယန်ရွှယ် လမ်းတွင် ချီဖန့်အား မေးလိုက်သည်။

"မသိဘူးလေ" ချီဖန့်သည် ထိုကိစ္စများကို အချိန်ကုန်ခံကာ ခန့်မှန်းလိုစိတ် မရှိချေ။ "သူ ဘာပဲကြံစည်နေပါစေ၊ နောက်ဆုံးတော့ အချည်းနှီးပဲ ဖြစ်သွားမှာပါ"

သူသည် ဥခြင်းကို ချကာ မေးလိုက်သည်။ "မင်းကို နေ့လည်ကျရင် လာကြိုရမလား၊ ဒါမှမဟုတ် စားသောက်ဆိုင်မှာပဲ ဆုံမလား"

"ဆိုင်မှာပဲ စောင့်နေလိုက်ပါ၊ အလုပ်များနေရင်လည်း ကျွန်မအတွက် စိတ်မပူပါနဲ့"

နေ့ရက်များကို တွက်ချက်ကြည့်လျှင် ရှန်ရှို့ဖန်မှာ မီးဖွားပြီးလောက်ပြီဖြစ်သဖြင့် ယန်ရွှယ်က သူမအား သွားကြည့်ရန် စီစဉ်ထားခြင်းဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် မြို့နယ်သစ်တောဗျူရိုက ချီဖန့်အား သူမှာယူထားသော ပထမအသုတ် စက်ပစ္စည်းအစိတ်အပိုင်းများ ရောက်ရှိနေပြီဖြစ်ကြောင်း အကြောင်းကြားထားသဖြင့် ကျင်းချွမ်သို့ မပို့ဆောင်မီ မှန်ကန်မှုရှိမရှိ သူ သွားရောက်စစ်ဆေးရဦးမည် ဖြစ်သည်။

ရှန်ရှို့ဖန်၏ အိမ်သို့ ရောက်ရှိသောအခါ သူမ မီးဖွားပြီးစီးပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ အသက် ၆၀ ခန့်ရှိသော ပုပုသေးသေး အဘွားအိုတစ်ဦးက သူမအား ပြုစုပေးနေသည်မှာ သူမ၏ ယောက္ခမပင် ဖြစ်သည်။

ရှန်ရှို့ဖန်သည် ယန်ရွှယ်ကို မြင်သည်နှင့် လှမ်း၍ခေါ်လိုက်သည်။ "ကလေးအဘွားကို ပြောနေတာပဲ၊ နင်သာ မရှိရင် ဒီကလေးလေးက အချိန်မတိုင်ခင် စောမွေးသွားမှာ သေချာတယ်"

ယောက္ခမဖြစ်သူမှာ ရှန်ရှို့ဖန်အား ဆန်ပြုတ်တိုက်ကျွေးနေခြင်းဖြစ်သော်လည်း ယန်ရွှယ်အား ခန် တွင် အမြန်နေရာပေးလိုက်သည်။

"အော်... ရှို့ဖန် ဘတ်စ်ကားပေါ်က မကျအောင် ဖမ်းပေးခဲ့တဲ့သူက မင်းကိုး"

"ဟုတ်တယ်လေ!" ရှန်ရှို့ဖန်က ဝင်၍ထောက်ခံခဲ့သည်။ "သူမက ကျွန်မကို ကာကွယ်ပေးရင်းနဲ့ ပခုံးအဆစ်လွဲသွားတာ၊ ပြီးခဲ့တဲ့လကမှ ကျောက်ပတ်တီး ဖြုတ်ရတာ"

ယောက္ခမဖြစ်သူမှာ ယန်ရွှယ်အား ချက်ချင်း ကျေးဇူးတင်စကား ပြောခဲ့သည်။ "တကယ် ကျေးဇူးတင်ပါတယ်ကွယ်။ သူ့ဗိုက်ကြီးနဲ့သာ ချော်လဲသွားရင်တော့ မတွေးရဲစရာပဲ။ မတော်တဆဖြစ်ပြီးတော့ လမ်းတွေပိတ်နေတယ်လို့လည်း ကြားတယ်၊ တကယ်လို့ တစ်ခုခုဖြစ်ခဲ့ရင် ဆေးရုံဆေးခန်းလည်း အချိန်မီ ရောက်နိုင်မှာ မဟုတ်ဘူး"

"အဒေါ်ရှို့ဖန်နဲ့ ကလေးက ကံကောင်းလို့ပါ။ ကျွန်မက သူတို့အောက်တည့်တည့်မှာ ရှိနေလို့ ကူညီခွင့်ရသွားတာပါ"

ယန်ရွှယ်သည် ကလေး၏ အနှီးကို သာသာလေး တို့ထိလိုက်ပြီးနောက် မော့ကြည့်လိုက်ရာ၊ ချီဖန့်က သူမအား ဘာစကားမျှမဆိုဘဲ အလေးအနက် စူးစိုက်ကြည့်နေသည်ကို တွေ့ရှိလိုက်ရသည်။

ယန်ရွှယ်သည် မသိမသာ အကြည့်လွှဲပြီး မေးလိုက်သည်။ "ဗျူရိုမှာ သွားစရာရှိတာ မဟုတ်ဘူးလား"

ချီဖန့်က သူမအား အဖြေမပေးဘဲ ရှန်ရှို့ဖန်ဘက်သို့ လှည့်ကာ မေးလိုက်သည်။ "အဲ့ဒီတုန်းက တကယ်ပဲ အဲ့ဒီလောက်တောင် အန္တရာယ်ကြီးခဲ့တာလား"

"ဒါပေါ့! ရှေ့ကကားကို တိုက်မိတော့မလို့။ အဲ့ဒီ အဝေးပြေးကားမောင်းသမားကလည်း နည်းနည်းမှ ဆင်ခြင်တုံတရားမရှိဘူး၊ တောင်ပတ်လမ်းမှာ ဘယ်သူက အဲ့ဒီလောက် အရှိန်ပြင်းမောင်းလို့လဲ"

ရှန်ရှို့ဖန်မှာ ယခုထိ ဒေါသထွက်နေဆဲဖြစ်သည်။ "နိုဝင်ဘာလအစောပိုင်းမို့လို့ နှင်းသိပ်မကျသေးတာ၊ မဟုတ်ရင် သူ့ကားက တောင်စောင်းအောက်ကို တန်းတန်းမတ်မတ် ထိုးကျသွားမှာ"

ချီဖန့် ဆက်မမေးတော့ဘဲ ပြောလိုက်သည်။ "နားနားနေနေ နေပါဦး၊ ကျွန်တော် လုပ်စရာရှိတာ သွားလုပ်လိုက်ဦးမယ်"

"သွားလေ" ရှန်ရှို့ဖန်က သူ့ကို အတင်းမဆွဲထားပါ" ဒါပေမဲ့ နေ့လည်စာကိုတော့ ပြန်လာစားနော်၊ ဒီမှာပဲ စား"

ချီဖန့်သည် စကားတစ်ခွန်းမျှ ထပ်မပြောဘဲ၊ ယန်ရွှယ်ကိုပင် လှည့်မကြည့်ဘဲ ထွက်ခွာသွားရာ သူမအဖို့ တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။

ရှန်ရှို့ဖန်မှာမူ ဘာကိုမျှ သတိမပြုမိဘဲ လျှို့ဝှက်ချက်တစ်ခု ပြောပြတော့မည့်အလား ယန်ရွှယ်နားသို့ တိုးကပ်လာသည်။

"ငါ့မိသားစုက စာထဲမှာ ဘာရေးထားလဲ သိလား"

ချီဖန့် ထွက်သွားပြီဖြစ်သဖြင့် ယန်ရွှယ်လည်း စိုးရိမ်စိတ်ကို ဖျောက်ဖျက်ကာ ပြန်မေးလိုက်သည်။"ဘာတဲ့လဲ"

"နင်တို့ အိမ်ဟောင်းကြီးကို နင့်ဦးလေးဆီ ရောင်းလိုက်တယ် မဟုတ်လား။ နင် ထွက်သွားပြီးတာနဲ့ သူတို့က သားဖြစ်သူရဲ့ မင်္ဂလာဆောင်အတွက် အိမ်ကို ပြင်ဆင်လိုက်ကြတာလေ"

ရှန်ရှို့ဖန်က ခပ်ရွဲ့ရွဲ့ ပြောခဲ့သည်။ "ပြီးခဲ့တဲ့လက ငါ့အမေ စာရေးလိုက်တာကတော့၊ သူတို့ချွေးမက နှစ်သစ်ကူးနေ့မှာ ခြေချော်လဲပြီး ကလေးမွေးလိုက်တယ်တဲ့၊ ကလေးကတော့ အသက်ရှင်တယ်တဲ့လေ"

ယန်ရွှယ်သည် ဇွန်လတွင် ပြန်လာခဲ့ခြင်းဖြစ်သည်။ ယန်စုန့်ရှန်း၏ မိသားစုက မည်မျှပင် အလျင်စလို လုပ်ဆောင်စေကာမူ ယန်ကျိဇူမှာ ဇွန်လကုန်ပိုင်းလောက်မှသာ မင်္ဂလာဆောင်နိုင်ပေမည်။ အကယ်၍ မင်္ဂလာဆောင်ပြီး ချက်ချင်း ကိုယ်ဝန်ရခဲ့လျှင်ပင် နှစ်သစ်ကူးကာလတွင် ကိုယ်ဝန်သက်တမ်းမှာ ၆ လသာ ရှိသေးသည်။

ခြောက်လအရွယ်နှင့် မွေးဖွားသော ကလေးငယ်မှာ အသက်ရှင်ရန် ခဲယဉ်းကြောင်း အားလုံးသိကြသည်။ အနည်းဆုံး ခုနစ်လဆိုလျှင်ပင် မသေချာလှချေ။

"သူတို့ ဘာလို့ အဲ့ဒီလောက် အလျင်စလို လုပ်နေကြတာလဲဆိုတာ အခုမှ သိတော့တယ်။ ကလေးတွေကို လိုက်ခြောက်လှန့်နေတာတွေကအစ တကယ့်ကို စိတ်ပုပ်စရာတွေပဲ။ တကယ်တော့ ချွေးမက အရင်ကတည်းက ဗိုက်ကြီးနေတာကို ဖုံးကွယ်ချင်လို့ အလောတကြီး လုပ်ခဲ့ကြတာကိုး"

အကယ်၍ ယန်ကျိဇူ၏ ဇနီးသည်သာ ခြေမချော်ခဲ့ပါက လပိုင်းစေ့မှ မွေးသည့်တိုင်အောင် အချိန်မစေ့ဘဲ မွေးသည်ဟု လိမ်နိုင်သေးသည်။ သို့သော် သူတို့ ပြုလုပ်ခဲ့သော မကောင်းမှုများကြောင့် ကံတရားက သူတို့ဘက်တွင် မရှိခဲ့ချေ။

ယခုမူ အမှန်တရားမှာ ပေါ်ပေါက်သွားခဲ့ပြီဖြစ်ရာ ရွာထဲတွင် အချိန်အတော်ကြာ အတင်းအဖျင်း ပြောစရာ ဖြစ်လာတော့မည်ဖြစ်သလို၊ လမစေ့ဘဲ မွေးသောကလေးမှာလည်း ပြုစုစောင့်ရှောက်ရန် ခက်ခဲလိမ့်မည်။

ရှန်ရှို့ဖန်ကမူ ကျေနပ်အားရစွာဖြင့် ဆက်ပြောခဲ့သည်။ "လူကြီးတွေရဲ့ သီလက မြေးတွေကို ကောင်းကျိုးပေးတယ်လို့ ပြောကြပေမဲ့၊ အဲ့ဒီလူကြီးနှစ်ယောက်မှာက သီလလည်းမရှိ၊ သားဖြစ်သူကလည်း တခြားစီ..."

ထိုအချိန်တွင် မြို့နယ်သစ်တောဗျူရို၌မူ ယန်ရွှယ်တို့ဘက်ကဲ့သို့ အခြေအနေမှာ ကြည်လင်ခြင်း မရှိလှချေ။

ထောက်ပံ့ရေးဌာနမှ ဝယ်ယူလာသော ပစ္စည်းများကို စစ်ဆေးပြီးနောက် ချီဖန့်က မေးခွန်းတစ်ခုသာ မေးလိုက်သည်။ "ဒါက ကျွန်တော် ဝယ်ခိုင်းတဲ့ ပစ္စည်းလား"

ထောက်ပံ့ရေးအရာရှိကလည်း ဤသို့ဖြစ်လာမည်ကို တွက်ဆထားပုံရသည်။ "နည်းနည်းတော့ ကွဲလွဲနေတယ်၊ ဒါပေမဲ့ မင်းပြောတဲ့ ပစ္စည်းက ရှာလို့မရဘူးလေ။ ဒါကလည်း အဲ့ဒီလောက်ပဲ ကောင်းတယ်လို့ ကြားလို့—"

ချီဖန့်က စကားကို ဖြတ်ပြောလိုက်သည်။ "ဘယ်သူက ပြောတာလဲ။ အဲ့ဒီပြောတဲ့သူကို ဒီခေါ်လာပြီး ဒါကို တပ်ခိုင်းလိုက်လေ"

ချီဖန့်သည် ဆင်ခြေများကို ဆက်နားမထောင်တော့ဘဲ အေးစက်စွာ ပြောလိုက်သည်။ "ဒီလို ပြဿနာမျိုး မဖြစ်ရအောင် ကျွန်တော်က အသုံးအများဆုံးနဲ့ အရှာရလွယ်ဆုံး ပစ္စည်းတွေကိုပဲ ရွေးပေးခဲ့တာ။ အခြေခံအကျဆုံး ပစ္စည်းက ရှာမရဘဲ၊ အဲ့ဒါထက် ၅၀ ရာခိုင်နှုန်း ပိုဈေးကြီးပြီး သိပ်လည်းမသုံးတဲ့ ဒီပစ္စည်းကိုကျတော့ ဘယ်လိုလုပ် ရလာတာလဲ။ ဒီမှာ ဘယ်သူက လူအလဲ၊ ခင်ဗျားလား ကျွန်တော်လား"

သူ၏ အသံမှာ တည်ငြိမ်နေသော်လည်း စကားလုံးတစ်လုံးချင်းစီက ထိုအရာရှိအား မျက်နှာပျက်ကာ စကားမထွက်နိုင်အောင် ဖြစ်သွားစေသည်။

ချီဖန့် ခပ်ရွဲ့ရွဲ့ပင် ထပ်ပြောလိုက်သေးသည်။ "ခင်ဗျားက ဒီလောက်တောင် ကိုယ့်ဘာသာ ဆုံးဖြတ်ချက်ချနိုင်နေရင် စက်ပစ္စည်းတပ်ဆင်တဲ့အလုပ်ကိုပဲ လုပ်လိုက်ပါလား၊ ကျွန်တော်က ခင်ဗျားရဲ့ ထောက်ပံ့ရေးအလုပ်ကို လုပ်ပေးမယ်။ တော်တော်လေး လွယ်ပုံရတယ်"

၎င်းမှာ သိသိသာသာပင် စော်ကားလိုက်ခြင်းဖြစ်သည်။ ထောက်ပံ့ရေးအရာရှိမှာ ဒေါသကြောင့် မျက်နှာနီရဲသွားသော်လည်း ပြန်လည်ချေပရန် စကားမရှိသဖြင့် အော်ဟစ်လိုက်သည်။ "ကောင်းပြီလေ၊ မင်း ဒီလောက် တော်နေရင် ကိုယ့်ဘာသာကိုယ်ပဲ ဝယ်တော့!"

ချီဖန့်က ထိုစကားကိုပင် စောင့်နေခဲ့ခြင်း ဖြစ်ပုံရသည်။ "ဒါဆိုရင် ဗျူရိုကနေ ရန်ပုံငွေ ချပေးလိုက်ပါ။ ကျွန်တော် ခရိုင်စက်မှုစက်ရုံကနေ သွားဝယ်လိုက်မယ်"

သူသည် ထိုစက်ရုံတွင် နှစ်လကြာ အလုပ်လုပ်ခဲ့စဉ်က အခက်အခဲများကို ကူညီဖြေရှင်းပေးခဲ့သဖြင့် အဆက်အသွယ်ကောင်းများ ရှိပြီးဖြစ်သည်။

သို့သော် ဗျူရို၏ စက်ပစ္စည်းများအတွက် သူ ကျော်ခွ၍ ဝယ်ယူခြင်းက မြို့နယ်ဗျူရိုအတွက် အရှက်ရစရာ ဖြစ်လာပေလိမ့်မည်။

ထောက်ပံ့ရေးအရာရှိမှာ ဒေါသထွက်သော်လည်း ဘာမှမတတ်နိုင်သဖြင့် နောက်နောင် ဆင်ခြင်ပါမည်ဟု ကတိပေးကာ ဒါရိုက်တာလျို ထံသို့ အပြေးအလွှား သွားရောက်တိုင်တောခဲ့သည်။

"ချီဖန့်က ဒီလောက် ခက်ခဲတဲ့သူမှန်း ဘာလို့ ကြိုမပြောတာလဲ"

နောက်ပိုင်းတွင် ချူမင်လီ၏ ရုံးခန်းအတွင်း၌ ချီဖန့်မှာ တည်ငြိမ်စွာပင် ရှိနေသည်။ "ပစ္စည်း သုံးခုက မကိုက်ညီဘူး။ နှစ်ခုက လိုနေပြီး တစ်ခုက မှားနေတယ်"

ချူမင်လီ မအံ့သြတော့ပါ။ "ကျန်တာတွေနဲ့ရော အလုပ်လုပ်လို့ ရမလား" သူ ချီဖန့်အား စာရင်းတစ်ခု ကမ်းပေးလိုက်သည်။

"ဈေးနှုန်းတွေ မှန်မမှန် စစ်ပေးဦး"

"ဟုတ်ကဲ့" ချီဖန့်က စာရင်းကို အမြန်ကြည့်လိုက်သည်။ "ဒီပစ္စည်းတွေက ပေါက်ဈေးထက် ၅ ရာခိုင်နှုန်း ပိုများနေတယ်။ ဒီနှစ်ခုကတော့ ၂၀ ရာခိုင်နှုန်း ပိုများနေတယ်"

၅ ရာခိုင်နှုန်း ပိုများသော ပစ္စည်းများမှာ သာမန်ပစ္စည်းများ ဖြစ်သော်လည်း ၂၀ ရာခိုင်နှုန်း ပိုများနေသော ပစ္စည်းများမှာ အရေးကြီး အစိတ်အပိုင်းများဖြစ်ပြီး၊ ထောက်ပံ့ရေးအရာရှိ ဝယ်ယူလာသော မှားယွင်းသည့် ပစ္စည်းလည်း ပါဝင်နေသည်။

ချူမင်လီ အခြေအနေကို ချက်ချင်း သဘောပေါက်သွားသည်။ ချီဖန့်သည် ထိုနေရာတွင် ကြာရှည်မနေခဲ့ပါ။ "စက်ပစ္စည်းဌာနကို အစိတ်အပိုင်းတွေ ပို့ခိုင်းလိုက်ပါ။ ကျွန်တော်တော့ လိုက်မသွားတော့ဘူး"

ချီဖန့် ခေတ္တမျှ ရပ်တန့်ပြီးနောက် ထပ်ပြောလိုက်သည်။ "ကျွန်တော့်ဇနီးရဲ့ အမျိုးတစ်ယောက် မီးဖွားလို့ ကျွန်တော် သူမနဲ့အတူ လိုက်လာခဲ့တာပါ"

ချူမင်လီက စိတ်ဝင်တစား မေးခဲ့သည်။ "ယန်ရွှယ်ရဲ့ လက်က သက်သာသွားပြီလား။ ပြီးခဲ့တဲ့အကြိမ်တုန်းက ဒဏ်ရာက တော်တော်ပြင်းပုံရတယ်"

ထိုစကားကြောင့် ချီဖန့် သဘောပေါက်သွားရသည်။ ချူမင်လီက သူ့အား အိမ်သို့ အမြန်ပြန်ရန် အဘယ်ကြောင့် တိုက်တွန်းခဲ့သည်ကို သိလိုက်ရပြီ။ သူမှလွဲ၍ ကျန်သူအားလုံး ယန်ရွှယ်၏ ဒဏ်ရာအကြောင်းကို သိရှိနေကြခြင်းပင်။

ချီဖန့်သည် နေ့လယ်စာစားချိန် မရောက်သေးမီ ပြန်ရောက်လာခဲ့သည်။ ယန်ရွှယ်သည် သူ့ကို မြင်သည်နှင့် တစ်ပြိုင်နက် ရှန်ရှို့ဖန်ကို ချက်ချင်း နှုတ်ဆက်ခဲ့သည်။

ရှန်ရှို့ဖန်က သူတို့ကို ဆွဲထားကာ ပြောခဲ့သည်။"ဘာလို့ ဒီလောက် စောစော ပြန်မှာလဲ။ ဒီမှာ နေ့လယ်စာ အတူစားမယ်လို့ သဘောတူထားကြတယ် မဟုတ်လား"

ရှန်ရှို့ဖန်၏ ယောက္ခမလည်း ဝင်ပြောခဲ့သည်။ "ဟင်းသီးဟင်းရွက်တွေလည်း ဆေးကြောပြီးပြီ၊ ချက်ဖို့ပဲ ကျန်တော့တာ။ ခဏလေးအတွင်း ပြီးမှာပါ"

"အဖွားရဲ့လက်ရာက အရမ်းကောင်းမှန်း ကျွန်မ သိပါတယ်၊ ပြီးခဲ့တဲ့အကြိမ်တုန်းက ကျိအန်း ဆိုရင် ဗိုက်ပေါက်မတတ် စားခဲ့တာ"

ယန်ရွှယ်က ပြုံးလျက် ပြောလိုက်သည်။ "ဒါပေမဲ့ ကျွန်မတို့က ဒီဘက်ကို ရောက်ခဲတော့ အပြင်မှာ ခဏလောက် လမ်းလျှောက်ချင်သေးလို့ပါ"

ရှန်ရှို့ဖန် ရယ်မောရင်း ပြောလိုပ်သည်။ "အာ စုံတွေဲသစ် လေးတွေပဲ။ ကောင်းပါပြီ၊ ဒါဆိုရင်လည်း မတားတော့ပါဘူး"

သို့သော် ရှန်ရှို့ဖန်၏ အိမ်မှ ထွက်လာချိန်တွင် အခြေအနေမှာ ရှန်ရှို့ဖန် ထင်သလို သာယာမနေခဲ့ချေ။ အထူးသဖြင့် ချီဖန့်သည် ယန်ရွှယ်၏ ဘယ်ဘက်ပုခုံးကို တစ်ချက်ကြည့်ပြီးနောက် တိတ်ဆိတ်သွားခဲ့သည်။

ယန်ရွှယ်သည် သူ၏ အမူအရာ ပုံမှန်မဟုတ်သည်ကို သိရှိပြီး အကြိမ်ကြိမ် မေးမြန်းကြည့်ရာမှ ၎င်းမှာ ပုခုံးဒဏ်ရာကြောင့် ဖြစ်ကြောင်း သိလိုက်ရသည်။

"အဲ့ဒီတုန်းက ရှင်က ခရိုင်ထဲမှာ ရှိနေတာဆိုတော့ ကျွန်မ မပြောလိုက်တာပါ"

ချီဖန့်ကမူ ဘာမှမပြောဘဲ သူမကို ကြည့်ရန် ငြင်းဆန်နေသည်။ သူတို့ စလက်ထပ်ခါစ အနေခက်နေသည့် အချိန်များကကဲ့သို့ပင် အရာရာကို ရင်ထဲ၌သာ သိမ်းဆည်းထားပုံရသည်။

ယန်ရွှယ်မှာ မတတ်သာတော့ဘဲ သူ သိစေရန် ပုခုံးကို လှုပ်ပြလိုက်သည်။ "တကယ်တော့ ဘာမှ မဖြစ်ပါဘူး။ ကြည့်ပါဦး၊ အကုန်လုံး ပြန်ကောင်းသွားပြီလေ—"

ယန်ရွှယ် စကားမဆုံးမီ ချီဖန့်က သူမ၏ လက်မောင်းကို အေးစက်သော မျက်နှာထားဖြင့် ဖိချလိုက်သည်။ "တကယ်ပဲ ပြန်ကောင်းသွားတာလား၊ ဒါမှမဟုတ် နာနေရင်တောင် မဝန်ခံတာလား"

"တကယ်ပါဆို—"

ယန်ရွှယ် စကားမဆုံးမီ သူ ဖြတ်ပြောသည်။ "ပြီးခဲ့တဲ့အကြိမ် ခြေထောက် ဒဏ်ရာရတုန်းကလည်း မင်း ဒီလိုပဲ ပြောခဲ့တာ"

All Chapters