← Chapters

အခန်း (၄၂၇-၄၂၈)

Vol. 40 Ch. 427-428

အခန်း (၄၂၇-၄၂၈)

Vol. 40 Ch. 427-428

အပိုင်း (၄၂၇)

မဟာဖုန်းနိုင်ငံတော်၏ နန်းတော်အတွင်း၌…

မဟာဖုန်းဧကရာဇ်သည် ဤသတင်းကို ကြားသိရသောအခါ မျက်နှာတစ်ခုလုံး ချက်ချင်းပင် ပြောင်းသွားတော့သည်။

“မဟာရှနိုင်ငံက စစ်အင်အားတွေ အလုံးအရင်းနဲ့ ပြင်ဆင်နေတယ် ဟုတ်လား... ဘယ်နိုင်ငံကို တိုက်ဖို့လဲ”

“အရှင်မင်းကြီး... မဟာရှနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာ ကျွန်တော်မျိုးတို့ မဟာဖုန်းနိုင်ငံနဲ့ မဟာလော့နိုင်ငံ နှစ်နိုင်ငံပဲ ရှိတာပါ။ သူတို့ ဘယ်သူ့ကို အရင်တိုက်မလဲဆိုတာ ခန့်မှန်းရမခက်ပါဘူး” ဟု စစ်သူကြီးတစ်ဦးက ခါးသီးစွာ ပြုံးရင်း ဦးညွှတ်၍ လျှောက်တင်လိုက်သည်။

“အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ စစ်ပွဲအတွက် အမြန်ပြင်ဆင်ရပါမယ်” ဟု နောက်ထပ် စစ်သူကြီးတစ်ဦးကလည်း လေးနက်စွာ ပြောကြားလေသည်။

မဟာဖုန်းဧကရာဇ်၏ မျက်နှာမှာ အလွန်ပင် ညှိုးနွမ်းသွားလေသည်။ အမှန်တော့ သူကိုယ်တိုင်လည်း ဤအခြေအနေကို ကြိုတင်တွေးဆမိပြီးသား ဖြစ်သော်လည်း မယုံကြည်ချင်ခဲ့ပေ။

“မဟာရှနိုင်ငံက တကယ်ကို အနိုင်ကျင့်လွန်းတယ်”

မဟာဖုန်းဧကရာဇ်သည် စားပွဲကို လက်သီးဖြင့် အရှိန်အဟုန်ပြင်းစွာ ရိုက်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည် - “သူတို့က တိုက်ချင်တယ်ဆိုရင်လည်း ငါတို့က အသေခံတိုက်ရမှာပေါ့။ အမတ်မင်းတို့... စစ်ပွဲအတွက် ချက်ချင်းပြင်ဆင်ကြ။ သေလူဖြစ်သွားပါစေဦးတော့... ငါတို့ အရှုံးမပေးနိုင်ဘူး”

အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိအားလုံးမှာ စိတ်ဓာတ်များ ပြန်လည်တက်ကြွလာကြသည်။ သူတို့၏ ဧကရာဇ်သည် စိတ်ဓာတ်မကျသေးဘဲ မျှော်လင့်ချက် ရှိသေးသည်ဟု တွေးလိုက်ကြမိသည်။ ထို့နောက် မဟာဖုန်းဧကရာဇ်သည် အခြေအနေနှင့် လိုက်လျောညီထွေဖြစ်မည့် အမိန့်တော်များကို စနစ်တကျ ထုတ်ပြန်လိုက်ပြန်သည်။

အရာရှိများမှာ ထပ်မံ၍ စိတ်လှုပ်ရှားသွားကြသည်။ များစွာသော ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပြီးနောက် သူတို့၏ ထက်မြက်ပြီး ရဲရင့်သော ဧကရာဇ် ပြန်လည်နိုးထလာပြီဟု ထင်မှတ်လိုက်ကြသည်။ ဤဘေးဒုက္ခကိုသာ ကျော်လွှားနိုင်မည်ဆိုလျှင် ဧကရာဇ်၏ ဦးဆောင်မှုအောက်တွင် မဟာဖုန်းနိုင်ငံမှာ ပြန်လည်တိုးတက်လာဦးမည် မဟုတ်ပါလား။

သို့သော်လည်း ထိုအချိန်မှာပင် မဟာဖုန်းဧကရာဇ်က - “စစ်ပွဲကြီးက နီးကပ်နေပြီ ဖြစ်တာကြောင့် အမတ်မင်းတို့အားလုံး အသင့်ပြင်ထားကြ၊ လုံးဝ မပေါ့ဆကြနဲ့။ ငါကိုယ်တော် မရှိတဲ့အချိန်မှာ တိုင်းပြည်ရဲ့ အရေးအရာ အားလုံးကို ဝန်ကြီးချုပ်ကပဲ အပြည့်အဝ တာဝန်ယူ ကွပ်ကဲရမယ်”

လူတိုင်းမှာ ကြောင်အမ်းသွားကြပြီး - “အရှင်မင်းကြီး... အရှင်မင်းကြီးက ဘယ်ကို ကြွမလို့ပါလဲ”

မဟာဖုန်းဧကရာဇ်က သူ၏ ပြောင်သလင်းခါနေသော ခေါင်းကို ညွှန်ပြရင်း လေးနက်သော မျက်နှာထားဖြင့် - “ဒါပေါ့... ငါကိုယ်တော်က ဘုန်းကြီးဝတ်တော့မလို့လေ။ မြတ်စွာဘုရားရှေ့မှာ မဟာဖုန်းနိုင်ငံ အောင်ပွဲရဖို့အတွက် ပရိတ်တရားတော်တွေ ရွတ်ဖတ်ပြီး ဆုတောင်းပေးမယ်၊ အောမီထောဖော...”

အမတ်မင်းများ : “...”

‘အမလေး... ကြည့်စမ်းပါဦး။ သူကတော့ ဗုဒ္ဓဘာသာဂိုဏ်းထဲမှာ သွားပြီး ပုန်းနေဖို့ ကြံစည်နေတာပဲ။ အရင်အတိုင်း သေမှာကို ကြောက်နေတုန်းပါလား’

……

မဟာလော့နိုင်ငံ၏ နန်းတော်အတွင်း၌…

မဟာလော့ဧကရာဇ်သည်လည်း ထိုသတင်းကို ရရှိသောအခါ မျက်နှာပျက်သွားခဲ့လေသည်။

“မဟာရှနိုင်ငံက ဘာတွေ ကြံစည်နေတာလဲ... သူတို့ ဘယ်သူ့ကို တိုက်ဖို့ ပြင်နေတာလဲ”

မဟာရှနိုင်ငံ၏ ပတ်ပတ်လည်တွင် မဟာလော့နှင့် မဟာဖုန်း နှစ်နိုင်ငံသာ ရှိသည်။ ပြောရမည်ဆိုလျှင် မဟာရှနိုင်ငံသည် အားနည်းသော မဟာဖုန်းနိုင်ငံကိုသာ အရင်တိုက်သင့်သည်။ သို့သော်လည်း အရင်က မဟာရှနိုင်ငံသည် မဟာလော့နိုင်ငံကို တိုက်ခိုက်ခဲ့သည့် သာဓက ရှိခဲ့ဖူးပေသည်။ ထိုခေါင်းမာပြီး မဆင်မခြင် လုပ်တတ်သည့် မဟာရှဧကရာဇ်က သူ့ကို ထပ်မံတိုက်ခိုက်လာနိုင်သည် မဟုတ်ပါလား။

ယခုအချိန်လိုမျိုး မဟာလော့နိုင်ငံမှာ ဖရိုဖရဲ ဖြစ်နေရသည့်ကြားထဲ ရန်သူ့တပ်များသာ ရောက်လာခဲ့လျှင်...။

မဟာလော့ဧကရာဇ်သည် ရှေ့ဆက်ဖြစ်လာမည့် အခြေအနေများကို တွေးတောရင်း ခေါင်းနားပန်းကြီးသွားရသည်။

“မတော်တဆ ဖြစ်လာတာမျိုးကို ကာကွယ်နိုင်ဖို့ ငါတို့လည်း စစ်ရေးပြင်ဆင်ထားရမယ်။ တစ်ချိန်တည်းမှာပဲ တာအိုဂိုဏ်းနဲ့ ဆက်ဆံရေးကောင်းအောင် ထိန်းထားပြီး သူတို့ဆီက အကူအညီ တောင်းရမယ်”

မဟာရှနိုင်ငံ၏ ဤစစ်ရေးလှုပ်ရှားမှုကြောင့် မဟာဖုန်းနှင့် မဟာလော့ နှစ်နိုင်ငံလုံးမှာ အတော်လေး ထိတ်လန့်သွားခဲ့ကြရသည်။

……

သုံးရက်ဆိုသော အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ မဟာရှနိုင်ငံသည် စစ်ပွဲအတွက် အသင့်ဖြစ်နေပြီ ဖြစ်သည်။ ဗိုလ်ချုပ် ချိုင်ယွီရှင်း၏ ဦးဆောင်မှုအောက်တွင် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၂၅ ဦးနှင့် စစ်သည်တော် ၂ သန်းတို့သည် ဟန်ဒွမ်တောင်တန်းကို ဖြတ်ကျော်ကာ တစ်ဖက်ခြမ်းသို့ ခန့်ညားထည်ဝါစွာ ချီတက်သွားကြတော့သည်။

မဟာလော့နှင့် မဟာဖုန်းတို့မှာမူ သူတို့အား တိုက်ခိုက်ခြင်း မဟုတ်ကြောင်း သိလိုက်ရသဖြင့် တိတ်တဆိတ် သက်ပြင်းချနိုင်သွားကြသည်။ သို့သော်လည်း ဟန်ဒွမ်တောင်တန်း၏ တစ်ဖက်ခြမ်းရှိ နိုင်ငံငယ်သုံးနိုင်ငံမှာမူ အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားကြတော့သည်။

အကြောင်းမှာ သူတို့၏ နိုင်ငံအဆင့်အတန်းမှာ မဟာနိုင်ငံ အဆင့်သာ ဖြစ်ပြီး မင်းဆက်နိုင်ငံထက် တစ်ဆင့်နိမ့်သောကြောင့် ဖြစ်သည်။ ထို့အပြင် တစ်ဟုန်ထိုး တိုးတက်နေသော မဟာရှအင်ပါယာနှင့် ယှဉ်လျှင် အင်အားကွာခြားချက်မှာ အလွန်ကြီးမားလှသည်။

အထူးသဖြင့် သိုင်းပညာရှင်အင်အားမှာ ပို၍ပင် သိသာလှသည်။ မဟာရှနိုင်ငံ တစ်နိုင်ငံတည်းမှာပင် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်ပေါင်း ၄၀ ကျော် (အပြင်လူများ မသိရှိသည့် သူဖုန်းစားဂိုဏ်းမှ အကြီးအကဲများ အပါအဝင်) ရှိနေပြီး ၎င်းမှာ သူတို့လို နိုင်ငံငယ်လေးများကို အလွယ်တကူ ချေမှုန်းနိုင်သည့် အင်အားဖြစ်သည်။ ထို့အပြင် မဟာရှတွင် ကောင်းကင်အဆင့် သုံးဦးလည်း ရှိနေပြီး ၎င်းတို့ထဲမှ တစ်ဦးတည်းနှင့်ပင် နိုင်ငံတစ်ခုကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိနေသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ထိုနိုင်ငံငယ်သုံးနိုင်ငံ ပူးပေါင်းလိုက်လျှင်ပင် မဟာရှနိုင်ငံကို ယှဉ်နိုင်မည် မဟုတ်ပေ။

“ငါတို့ ဘာလုပ်ကြမလဲ”

“မဟာရှစစ်တပ်က လာနေပြီ... ငါတို့ ဘယ်လိုလုပ်ရမလဲ”

ထိုနိုင်ငံသုံးနိုင်ငံမှ အုပ်စိုးသူများသည် ထိတ်လန့်တကြားဖြင့် စစ်တပ်များကို စုစည်းကြတော့သည်။

နောက်ထပ် သုံးရက် ကုန်ဆုံးသွားသောအခါ မဟာရှစစ်တပ်သည် ဟန်ဒွမ်တောင်တန်းကို အောင်မြင်စွာ ဖြတ်ကျော်ပြီး တစ်ဖက်ခြမ်းသို့ ရောက်ရှိလာခဲ့သည်။

“ဗိုလ်ချုပ်... ဒီဒေသက အရင်ကတော့ မဟာယန်နိုင်ငံရဲ့ နယ်မြေဖြစ်ခဲ့တာပါ။ ဒါပေမဲ့ မနှစ်က နှင်းဘေးဒုက္ခကြောင့် မဟာယန်နိုင်ငံ အင်အားချည့်နဲ့သွားပြီး ပတ်ဝန်းကျင်က မဟာဟန်၊ မဟာရှောင်နဲ့ မဟာလေ နိုင်ငံငယ်သုံးခုက ခွဲဝေယူခဲ့ကြတာပါ။ ဒါကြောင့် ကျွန်တော်မျိုးတို့က အဲ့ဒီနိုင်ငံသုံးခုလုံးကို တစ်ပြိုင်တည်း ရင်ဆိုင်ရပါလိမ့်မယ်”

“ဒီနိုင်ငံငယ်တွေထဲမှာ ဒီသုံးနိုင်ငံက အတော်လေး အင်အားတောင့်တင်းပါတယ်။ နောက်ဆုံးရရှိတဲ့ သတင်းအရဆိုရင် သူတို့က ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၃၀ နဲ့ စစ်သည် ၄ သန်း စုစည်းထားပြီး နယ်မြေကျွမ်းကျင်မှု အားသာချက်ကြောင့် ကျွန်တော်မျိုးတို့ထက် အင်အားအနည်းငယ် သာနေပါတယ်”

“ဗိုလ်ချုပ်... ဒီစစ်ပွဲကို ဘယ်လိုမျိုး တိုက်ခိုက်မလဲဆိုတာ မိန့်ကြားပေးပါဦး”

အားလုံးက စစ်တပ်၏ အကြီးအကဲဖြစ်သူ ချိုင်ယွီရှင်းထံသို့ အကြည့်များ ပို့လိုက်ကြသည်။

ချိုင်ယွီရှင်းက လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ပြီး - “ဘာစစ်ဗျူဟာမှ မလိုဘူး... ငါတို့ သူတို့ကို အပြတ်အသတ် နင်းခြေပြီး တိုက်ရုံပဲ”

“ဗိုလ်ချုပ်...?” လူတိုင်းမှာ ကြောင်အမ်းသွားကြသည်။

ချိုင်ယွီရှင်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့် - “ငါတို့ မဟာရှနိုင်ငံက အရင်က မဟာရှနိုင်ငံ မဟုတ်တော့ဘူး။ သူတို့မှာ သိုင်းပညာရှင် ၃၀ ရှိပြီး ငါတို့မှာ ၂၅ ယောက်ပဲ ရှိပေမဲ့ ဒီမှာရှိနေတဲ့ လူတိုင်းက နတ်ဘုရားစွမ်းရည်တွေကို လေ့ကျင့်ထားကြသလို နတ်ဆေးတွေလည်း ရှိကြတယ်။ အချို့ဆိုရင် အစွမ်းထက် လက်နက်တွေတောင် ပိုင်ဆိုင်ထားကြတာပဲ။ ဒါဟာ ရန်သူ့ သိုင်းပညာရှင်တွေကို ကိုင်တွယ်ဖို့ လုံလောက်တာထက်တောင် ပိုသေးတယ်”

“စစ်တပ်အင်အားအရ ကြည့်မယ်ဆိုရင်လည်း ရန်သူ့ဘက်က ငါတို့ထက် နှစ်ဆများနေပေမဲ့ ငါတို့ရဲ့ စစ်သားတွေက ပိုပြီး လေ့ကျင့်သားပြည့်ဝသလို လက်နက်ကိရိယာလည်း ပိုကောင်းတယ်။ စိတ်ဓာတ်ခွန်အားကလည်း အပြည့်ရှိနေတာဆိုတော့ သူတို့ကို ကျော်ဖြတ်နိုင်မှာ သေချာတယ်”

“ဒါ့အပြင်... ဒီဓားရဲ့ ကောင်းချီးပေးမှုလည်း ရှိသေးတယ်...”

ပြောနေရင်းနှင့်ပင် ချိုင်ယွီရှင်း၏ လက်ထဲတွင် 'ရွှမ်ရှောင်' ဓားမြှောင်ကလေး ပေါ်လာလေသည်။

သူမက ပြုံးလိုက်ပြီး - “ဒါကြောင့် ဘာပရိယာယ်မှ သုံးနေစရာ မလိုဘူး။ ငါတို့က ပွင့်ပွင့်လင်းလင်းနဲ့ ဂုဏ်သိက္ခာရှိရှိ တိုက်ခိုက်ပြီး အင်အားအကြီးဆုံး ပုံစံနဲ့ ဒီနိုင်ငံသုံးခုကို အနိုင်ယူပြီး မဟာရှနိုင်ငံတော်ရဲ့ တန်ခိုးအာဏာကို ပြသကြစို့”

အားလုံး၏ သွေးများမှာ ဆူပွက်လာကြပြီး - “ဗိုလ်ချုပ်ရဲ့ စကားက မှန်ကန်ပါတယ်” ဟု သံပြိုင် ခေါင်းညိတ်လိုက်ကြသည်။

ထို့နောက် ချိုင်ယွီရှင်းသည် တပ်များကို ဖြန့်ကျက်လိုက်သည်။ လမ်းကြောင်းသုံးခုခွဲ၍ နိုင်ငံသုံးခုကို တစ်ပြိုင်တည်း တိုက်ခိုက်စေခဲ့သည်။ လမ်းကြောင်းတစ်ခုစီတွင် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၇ ဦးစီနှင့် စစ်သည် ၆ သိန်းစီ ပါဝင်သည်။ ထို့နောက် သူမနှင့် ကျန်ရှိသော သိုင်းပညာရှင်များသည် စစ်သည် ၂ သိန်းနှင့်အတူ အချိန်မရွေး ကူညီနိုင်ရန် အရံတပ်ဖွဲ့အဖြစ် တာဝန်ယူလိုက်သည်။

ပြင်ဆင်မှုများ ပြီးဆုံးသွားသောအခါ တပ်ဖွဲ့သုံးဖွဲ့လုံးသည် တစ်ပြိုင်နက် ချီတက်သွားကြတော့သည်။ နယ်စပ်သို့ ရောက်သောအခါ နိုင်ငံအသီးသီးမှ စစ်တပ်များနှင့် ရင်ဆိုင်တွေ့ကြရသည်။ မည်သည့်စကားမှ အပိုမပြောတော့ဘဲ စစ်ပွဲကြီးသည် ချက်ချင်းပင် စတင်လေတော့သည်။

အပိုင်း (၄၂၈)

“သတ်ကြဟေ့... အခုဟာ မင်းတို့ရဲ့ အရည်အချင်းကို ပြသပြီး အောင်မြင်မှုတွေ အရယူရမယ့် အချိန်ပဲ”

“မဟာရှနိုင်ငံတော် အောင်မြင်ပါစေ”

ခဏအတွင်းမှာပင် စစ်ကြွေးကြော်သံများက ကောင်းကင်ယံ တစ်ခုလုံးကို တုန်ဟိန်းသွားစေတော့သည်။ မဟာရှစစ်သည်တော်များ၏ စိတ်ဓာတ်မှာလည်း အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ ဖြစ်သည်။

၎င်းနှင့် နှိုင်းယှဉ်လျှင် ကျန်နိုင်ငံသုံးခုမှ စစ်သည်များမှာ မဟာရှအင်ပါယာ၏ အရှိန်အဝါကြောင့် အတော်လေး ထိတ်လန့်နေကြပြီး သူတို့၏ ခွန်အား ၈၀ ရာခိုင်နှုန်းကိုပင် ပြည့်ဝအောင် မထုတ်နိုင်ကြတော့ပေ။

လင်းပိုင်ဖန်သည် အင်ပါယာ မြေပုံမှတစ်ဆင့် ဤမြင်ကွင်းကို ကြည့်ရှုရင်း အလွန်ပင် စိတ်ကျေနပ်နေမိသည် - “ဒါက ငါ့ရဲ့ မဟာရှနိုင်ငံကနေ အထူးရွေးချယ်ထားတဲ့ စစ်သည်တော်တွေပဲ။ မင်းတို့ အပြတ်အသတ် အနိုင်ရရှိပြီး အားရပါးရ တိုက်ခိုက်နိုင်စေဖို့ ငါက အစွမ်းတွေ ထပ်လောင်းပေးလိုက်မယ်”

သူသည် ဖန်ဆင်းရှင်လက်ကို ချက်ချင်းအသုံးပြု၍ စစ်သည်များ၏ ချပ်ဝတ်တန်ဆာများနှင့် လက်နက်များကို အဆင့်မြှင့်တင်ပေးလိုက်သည်။

မဟာဟန်၏ စစ်မြေပြင်တွင်မူ နှစ်ဖက်တပ်များ စတင်ရင်ဆိုင်နေကြပြီ ဖြစ်သည်။ တစ်ဖက်က ဂုဏ်သိက္ခာနှင့် ရာထူးဂုဏ်ရှိန်အတွက် တိုက်ခိုက်နေပြီး အခြားတစ်ဖက်ကမူ မိမိတို့၏ အမိမြေနှင့် အသက်ဘေးအတွက် ခုခံနေကြရာ မည်သူကမျှ အလျှော့မပေးကြချေ။

စစ်မြေပြင်၏ ထောင့်တစ်နေရာတွင် စစ်သားနှစ်ဦးမှာ အပြန်အလှန် လုံးထွေးသတ်ပုတ်နေကြသည်။ မဟာဟန် စစ်သား၏ ကျွမ်းကျင်လှသော တိုက်ခိုက်ရေးစွမ်းရည်ကို ကြည့်ခြင်းအားဖြင့် သူသည် စစ်မြေပြင်တွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော စစ်သည်ဟောင်းတစ်ဦးဖြစ်ကြောင်း သိသာလှသည်။

မဟာရှစစ်သားမှာမူ လက်နက်ကိရိယာ အပြည့်အစုံ ရှိနေသော်လည်း စစ်မြေပြင်သို့ ပထမဆုံးအကြိမ် ရောက်ဖူးသည့် တပ်သားသစ်တစ်ဦး ဖြစ်သဖြင့် သွေးမြေကျသည့် မြင်ကွင်းများကို မကျွမ်းကျင်သေးပေ။ ထို့ကြောင့် အတန်ကြာသည်အထိ အခြေအနေမှာ တူညီနေခဲ့သည်။

သို့သော်လည်း ထိပ်တိုက်ရင်ဆိုင်ရသည့် တိုက်ပွဲများတွင် ရဲရင့်သူကသာ အနိုင်ရစမြဲ ဖြစ်သည်။ မဟာဟန် စစ်သားသည် သူ၏ အတွေ့အကြုံနှင့် ပြတ်သားမှုကြောင့် အခွင့်အရေးကို အရယူကာ ရန်သူကို မြေပြင်ပေါ်သို့ လှဲချလိုက်နိုင်သည်။ ထို့နောက် လှံကို မြှောက်၍ မဟာရှစစ်သား၏ ရင်ဘတ်တည့်တည့်သို့ အရှိန်ပြင်းစွာ ထိုးစိုက်လိုက်တော့သည် - “ဟားဟား... သေပေတော့”

သို့သော် နောက်တစ်စက္ကန့်တွင် သူ ကြောင်အသွားခဲ့ရသည်။ သူ မည်သို့ပင် အားထည့်၍ ထိုးစိုက်ပါစေ လှံဖျားက ချပ်ဝတ်တန်ဆာကို ဖောက်ဝင်သွားခြင်း မရှိပေ။ ရန်သူ၏ ချပ်ဝတ်တန်ဆာမှာ အလွန်ပင် မာကျောလှသည်။

ဤချပ်ဝတ်မှာ သံကွင်းဆက်များဖြင့် ပြုလုပ်ထားသည့် အင်္ကျီဖြစ်၍ အပေါက်ကလေးများကြားမှ ထိုးစိုက်လိုက်လျှင် သွေးထွက်သံယို ဖြစ်ရမည်မှာ သေချာသည်ဟု သူ တွေးထားခဲ့သည်။ ၎င်းမှာ သူ၏ နှစ်ပေါင်းများစွာသော အတွေ့အကြုံပင် ဖြစ်သည်။ သို့သော် ယခုမူ ထိုအပေါက်ကလေးများမှာပင် လှံဖျားမှာ ဖောက်မရနိုင်လောက်အောင် တောင့်တင်းနေခဲ့သည်။

ထိုသို့ တခဏတာ မှင်သက်သွားစဉ်မှာပင် မဟာရှစစ်သားသည် အချိန်မီ ပြန်လည်နိုးထလာပြီး သူ၏ ဓားရှည်ကို ဆွဲထုတ်ကာ ပြန်လည်ခုတ်ပိုင်းလိုက်သည်။ မဟာရှစစ်သား၏ ဓားက ရန်သူ၏ ချပ်ဝတ်တန်ဆာကို အလွယ်တကူ ဖြတ်ကျော်သွားပြီး ပြင်းထန်သော ဒဏ်ရာကို ရရှိစေခဲ့သည်။ ထို့နောက် ဒုတိယအကြိမ် ထပ်မံခုတ်ပိုင်းလိုက်သောအခါ မဟာဟန် စစ်သား၏ အသက်မှာ ပျောက်ကွယ်သွားရလေတော့သည်။

ဤကဲ့သို့သော မြင်ကွင်းများမှာ စစ်မြေပြင်အနှံ့တွင် ဖြစ်ပွားနေခဲ့သည်။ မဟာဟန် စစ်သည်များ၏ လှံနှင့် ဓားများမှာ မဟာရှစစ်သည်များ၏ ခုခံမှုကို မဖောက်နိုင်ကြပေ။ ပြောင်းပြန်အနေဖြင့် မဟာရှစစ်သည်များ၏ လက်နက်များကမူ ရန်သူ့ချပ်ဝတ်တန်ဆာများကို အလွယ်တကူ ပိုင်းဖြတ်ကာ အသက်များကို ခြွေယူနေကြသည်။

တစ်ခဏအတွင်းမှာပင် မဟာရှတပ်ဖွဲ့အတွင်း ထိခိုက်ဒဏ်ရာရသူ အလွန်နည်းပါးသော်လည်း မဟာဟန် စစ်သည်များမှာမူ တစ်ဦးပြီးတစ်ဦး သွေးမြေကျကာ နေရာအနှံ့တွင် အလောင်းများ ပြန့်ကျဲနေတော့သည်။

ဤအခြေအနေကို မြင်သောအခါ မဟာရှစစ်သူကြီးများမှာ အလွန်ပင် ဂုဏ်ယူသွားကြသည်။

“ဒီကလေးတွေ တော်တော်လုပ်နိုင်တာပဲ။ ဒီစစ်ပွဲကတော့ မကြာခင်မှာပဲ ငါတို့ အနိုင်ရတော့မယ် ထင်တယ်”

“သူတို့ရဲ့ ပထမဆုံး စစ်ပွဲမို့လို့ ညံ့ဖျင်းနေမလားလို့ စိုးရိမ်နေတာ... တကယ်ကို အံ့ဩစရာပါပဲ”

“ငါတို့ မဟာရှရဲ့ သားကောင်းတွေ တော်ကြပေတယ်”

မဟာဟန် စစ်သူကြီးများမှာမူ မျက်နှာများ ပြာနှမ်းသွားကြသည်။

“ဒါက ဘယ်လိုဖြစ်ရတာလဲ။ စစ်ပွဲစတာနဲ့ ဘာလို့ ချက်ချင်း အရှုံးပေးနေရတာလဲ”

“ငါတို့ဘက်က လူအင်အားလည်း ပိုများတယ်၊ စွမ်းရည်လည်း ပိုသာတယ်၊ ဘာလို့ ရှုံးနေရတာလဲ”

အမှန်တော့ မဟာရှ၏ အင်အားကြီး စစ်တပ်ကို ခုခံရန်အတွက် သူတို့သည် နိုင်ငံအတွင်းရှိ အတော်ဆုံး စစ်သည်များကို စုစည်းထားခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် လူအင်အားမှာလည်း မဟာရှထက် နှစ်ဆရှိနေသည်။ သို့သော်လည်း စစ်ပွဲစတင်သည်နှင့် တပြိုင်နက် အရှုံးကြီး ရှုံးနေရသည်မှာ သူတို့၏ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလိုပင်။ သူတို့ ဤအချက်ကို လက်မခံနိုင်ကြပေ။

“လက်နက်တွေကြောင့်ပဲ။ ကြည့်စမ်း... မဟာရှရဲ့ လက်နက်တွေက ငါတို့ထက် အများကြီး ပိုကောင်းနေတယ်”

မဟာဟန်၏ ဗိုလ်ချုပ်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည် - “သူတို့ရဲ့ ချပ်ဝတ်တန်ဆာတွေက ငါတို့ထက် ပိုမာတယ်၊ ဓားတွေ လှံတွေကလည်း ပိုထက်တယ်။ ဒါကြောင့် ငါတို့စစ်သည်တွေက အောက်ကျနောက်ကျ ဖြစ်နေရတာ”

အနီးကပ် သေချာကြည့်လိုက်သောအခါ လူတိုင်းမှာ ထိုအချက်ကို သတိထားမိသွားကြပြီး မနာလိုစိတ်များ ဖြစ်ပေါ်လာကြသည်။

“မဟာရှရဲ့ ချပ်ဝတ်တန်ဆာတွေကို ဘာနဲ့ လုပ်ထားလို့ ဒီလောက် မာနေရတာလဲ။ ထူးခြားတဲ့ သံမဏိတွေနဲ့များ လုပ်ထားတာလား”

“သူတို့လက်နက်တွေကလည်း သံပြားတွေကိုတောင် ပိုင်းဖြတ်နိုင်လောက်အောင် ထက်မြက်လှပါလား”

“ဘုရားရေ... ဒီလို လက်နက်ကိရိယာ တစ်စုံကိုတင် ငွေတေး ရာနဲ့ချီ တန်ကြေးရှိမှာပဲ။ စစ်သည် ၆ သိန်းအတွက်ဆိုရင် ငွေတေး သန်း ၆၀ ကျော်ကုန်မှာပေါ့။ မဟာရှက ဘယ်တုန်းက ဒီလောက် ချမ်းသာသွားတာလဲ”

“ဒါဆိုရင် ငါတို့ ဒီစစ်ပွဲကို ဘယ်လို ဆက်တိုက်ရတော့မှာလဲ”

ခဏအတွင်းမှာပင် မဟာဟန် စစ်သည်တော် သောင်းနှင့်ချီ၍ စစ်မြေပြင်တွင် ကျဆုံးသွားခဲ့သည်။ မဟာဟန်၏ ဗိုလ်ချုပ်မှာ သက်ပြင်းချရင်း - “စစ်သူကြီးတို့... ငါတို့ ထပ်စောင့်နေလို့ မရတော့ဘူး။ အခုပဲ တိုက်ကွက်ဖော်ရမယ်။ မဟုတ်ရင် ငါတို့စစ်တပ်တစ်ခုလုံး အမြစ်ပြတ်သွားလိမ့်မယ်”

“ဗိုလ်ချုပ် ပြောတာ မှန်ပါတယ်” ဟု အားလုံးက သံပြိုင် ခေါင်းညိတ်လိုက်ကြသည်။

မဟာဟန်၏ ဗိုလ်ချုပ်သည် အင်အားကြီးမားလှသော အရှိန်အဝါများဖြင့် အခြားသော ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၉ ဦးကို ဦးဆောင်ကာ စစ်မြေပြင်သို့ ဝင်ရောက်လာခဲ့သည်။

“မဟာရှရဲ့ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်တို့... ထွက်လာပြီး ငါတို့နဲ့ ရင်ဆိုင်ကြစမ်း”

မဟာရှမှ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်များကလည်း အလျှော့မပေးဘဲ - “လာခဲ့ကြလေ... သေတွင်းထဲကို ဆင်းဖို့ ပြင်ထားလိုက်”

နှစ်နိုင်ငံလုံးမှ ထိပ်သီးပညာရှင်များသည် ချက်ချင်းပင် သတ်ပုတ်ကြတော့သည်။ မဟာရှတွင် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၇ ဦးသာ ရှိပြီး မဟာဟန်တွင် ၁၀ ဦး ရှိသည်။ မဟာဟန်ဘက်က လူအင်အား ပိုများသဖြင့် အသာစီးရမည်ဟု ထင်မှတ်ထားခဲ့သော်လည်း မကြာမီမှာပင် သူတို့ မှားသွားကြောင်း သိလိုက်ရသည်။

မဟာရှဘက်တွင် လူနည်းသော်လည်း တစ်ဦးချင်းစီမှာ အလွန်ပင် အစွမ်းထက်ကြသည်။ ထက်ဝက်ကျော်မှာ ကြယ်တာရာချီ အဆင့်သို့ ရောက်ရှိနေကြသူများ ဖြစ်သဖြင့် အခြားသူများထက် အပြတ်အသတ် သာလွန်နေသည်။ ကြယ်တာရာချီ အဆင့်သို့ မရောက်သေးသူများမှာပင် သူတို့ထက် သာလွန်နေသော သိုင်းပညာနှင့် လျှို့ဝှက်နည်းစနစ်များကို ပိုင်ဆိုင်ထားကြသည်။

ထို့ပြင် သူတို့၏ လက်နက်များမှာလည်း ရတနာအဆင့် လက်နက်များ ဖြစ်ကြသည်။ ထူးခြားသည်မှာ သူတို့သည် တစ်ခါတစ်ရံတွင် စွမ်းအား ပြန်လည်ပြည့်ဖြိုးစေသည့် ဆေးလုံးများကို စားသုံးနေကြခြင်းပင် ဖြစ်သည်။

မဟာဟန်၏ သိုင်းပညာရှင်များ ဝိုင်းတိုက်ခြင်းကို ခံနေရသည့် မဟာရှ၏ သိုင်းပညာရှင် တစ်ဦးမှာ ဆေးလုံးတစ်လုံးကို စားသုံးလိုက်သည်နှင့် တပြိုင်နက် ခွန်အားများ ပြန်လည် ပြည့်ဖြိုးလာသည်ကို မြင်သောအခါ သူတို့မှာ ဒေါသထွက်လွန်း၍ ဆဲဆိုရုံမှတစ်ပါး အခြားမရှိတော့ပေ။

အထက်မှ အောက်အထိ မဟာရှ၏ သိုင်းပညာရှင်များက သူတို့ကို အပြတ်အသတ် ဖိနှိပ်ထားကြသည်။ အမွှေးတိုင်တစ်တိုင် မကုန်ခင် အချိန်မှာပင် မဟာဟန်၏ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်တစ်ဦး အသတ်ခံလိုက်ရသည်။ နောက်ထပ် အမွှေးတိုင် တစ်တိုင် မကုန်ခင်မှာပင် ဒုတိယတစ်ဦး ကျဆုံးသွားပြန်သည်။ လက်ဖက်ရည်တစ်ခွက် သောက်ချိန်ပင် မပြည့်မီမှာပင် တတိယမြောက် ပညာရှင်မှာလည်း အသက်ပျောက်သွားခဲ့ရလေသည်။

မဟာရှ၏ သိုင်းပညာရှင်များမှာ တိုက်ပွဲကြာလာသည်နှင့်အမျှ ပို၍ ရဲရင့်လာကြသော်လည်း မဟာဟန်၏ သိုင်းပညာရှင်များမှာမူ ပို၍ ထိတ်လန့်လာကြသည်။ စတုတ္ထမြောက် ပညာရှင် ကျဆုံးသွားပြီးနောက်တွင်မူ မဟာဟန်မှ သိုင်းပညာရှင်များမှာ အမှန်တကယ်ပင် ကြောက်ရွံ့သွားကြတော့သည်။

“ငါ ဒီကို စစ်တိုက်ဖို့ လာတာ... အသက်အလကား လာပေးတာ မဟုတ်ဘူး”

“ဗိုလ်ချုပ်... ကျွန်တော်တော့ သွားပြီ... အရင် ပြေးပြီဗျို့”

“ဗိုလ်ချုပ်... ပုရွက်ဆိတ်တောင်မှ သူ့အသက်ကို နှမြောတတ်တယ်.... စိတ်တော့မရှိပါနဲ့”

သူတို့ထဲမှ သုံးဦးမှာ အသက်လု၍ ထွက်ပြေးသွားကြရာ မဟာဟန်၏ ဗိုလ်ချုပ်နှင့် ကျန်ရှိသော သိုင်းပညာရှင် နှစ်ဦးသာ အသည်းအသန် ခုခံရင်း ကျန်ရစ်ခဲ့တော့သည်။

တိုက်ပွဲအခြေအနေက ပြောင်းလဲသွားသည်ကို မြင်သောအခါ မဟာဟန်၏ ဗိုလ်ချုပ်သည် မလိုလားသော်လည်း ဆုတ်ခွာရန် အမိန့်ပေးလိုက်ရတော့သည် - “ဆုတ်ကြဟေ့”

“ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်တွေတောင် ပြေးကုန်ပြီ... ငါတို့ မဟာဟန်နိုင်ငံတော့ ရှုံးသွားပြီ”

“ရန်သူက အရမ်းကြမ်းတာပဲ... မြန်မြန်ပြေးကြ”

“အခုမပြေးရင် အသက်ပါသွားလိမ့်မယ်”

မဟာဟန်၏ စစ်သည်များမှာ ချက်ချင်းပင် ထွက်ပြေးကြတော့ရာ စစ်တပ်ကြီးတစ်ခုလုံးမှာ ဖရိုဖရဲ ပြိုကွဲသွားတော့သည်။

“မဟာရှရဲ့ သားကောင်းတို့... သတ်ကြဟေ့”

မဟာရှမှ သိုင်းပညာရှင်များသည် စိတ်ဓာတ်တက်ကြွနေသော စစ်သည်များကို ဦးဆောင်၍ မိုင် ၅၀ ခန့်အထိ လိုက်လံ တိုက်ခိုက်ခဲ့ကြရာ ရန်သူ ၅ သိန်းမှ ၆ သိန်းခန့်ကို ချေမှုန်းနိုင်ခဲ့ပြီး အားရပါးရ အောင်ပွဲခံနိုင်ခဲ့ကြသည်။

ကျန်ရှိသော စစ်မြေပြင် နှစ်ခုတွင်လည်း ထိုနည်းအတိုင်းပင် ဖြစ်နေခဲ့သည်။ မဟာရှနိုင်ငံသည် ၎င်း၏ အမျိုးမျိုးသော အားသာချက်များဖြင့် ပြောင်မြောက်သော စစ်ရေးအောင်မြင်မှုများကို ရရှိခဲ့သည်။

ဗိုလ်ချုပ် ချိုင်ယွီရှင်းသည် စစ်မြေပြင် သုံးခုလုံးမှ သတင်းများကို ကြားရသောအခါ အလွန်ပင် ကျေနပ်သွားခဲ့သည်။

“ဒါဟာ ငါတို့ တောင်ဘက်ကို ပထမဆုံး ချီတက်တဲ့ စစ်ပွဲပဲ။ အားလုံးက တော်တော်လေး လုပ်ဆောင်နိုင်ခဲ့ကြတယ်။ ဒီစိတ်ဓာတ်ကို ဆက်ထိန်းထားပြီး ငါတို့ မဟာရှနိုင်ငံအတွက် နယ်မြေတွေ ဆက်ပြီး တိုးချဲ့ကြရအောင်။ အမိန့်တော် ပြန်လိုက်ပါ... ဒီနေ့တော့ အနားယူကြ၊ မနက်ဖြန်မှ စစ်ကို ဆက်တိုက်မယ်”

“ဟုတ်ကဲ့ပါ ဗိုလ်ချုပ်”

စစ်သည်များမှာ ထိုနေရာမှာပင် စခန်းချ၍ အနားယူကာ ထမင်းချက်ကြတော့သည်။ နောက်တစ်နေ့တွင်မူ သူတို့သည် တောင်ဘက်သို့ ဆက်လက်ချီတက်ကြပြီး မြို့၊ ရွာများနှင့် နယ်မြေများကို အံ့ဩစရာ ကောင်းလောက်အောင် မြန်ဆန်သော နှုန်းဖြင့် သိမ်းပိုက်ခဲ့ကြသည်။

အရှုံးမပေးလိုသော နိုင်ငံသုံးနိုင်ငံမှ ဘုရင်များမှာ စစ်သည် အင်အား တစ်သန်းခန့်ကို ထပ်မံစုစည်း၍ မဟာရှကို ရင်ဆိုင်ခဲ့ကြပြန်သည်။ သို့သော်လည်း သူတို့ ထပ်မံ၍ အရှုံးကြီး ရှုံးနိမ့်ခဲ့ရပြန်သည်။ ထိုစစ်ပွဲကြောင့် သူတို့၏ နိုင်ငံအင်အားမှာ လုံးဝဥဿုံ ပြိုလဲသွားခဲ့ရပြီး မည်သူ့ကိုမျှ ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။

ငါးရက်ပင် မပြည့်မီမှာပင် နိုင်ငံသုံးခု၏ နယ်မြေအများစုမှာ ကျဆုံးသွားခဲ့ရသည်။ နောက်ထပ် နှစ်ရက်အကြာတွင်မူ တပ်မတော် သုံးဖွဲ့လုံးသည် နိုင်ငံသုံးခု၏ မြို့တော်များဆီသို့ ရောက်ရှိသွားကာ နန်းတော်များကို သိမ်းပိုက်ပြီး တော်ဝင်မိသားစုများနှင့် အမတ်များကို ဖမ်းဆီးကာ စစ်ပွဲပြီးဆုံးကြောင်း ကြေညာလိုက်တော့သည်။

All Chapters