အခန်း (၄၃၁-၄၃၂)
Vol. 40 Ch. 431-432
အပိုင်း (၄၃၁)
ထိုနေရာသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုကြပြီးနောက် အားလုံးမှာ အံ့အားသင့်ကာ၊ တုန်လှုပ်သွားခဲ့ကြပြီး ဤလက်ဝါးသိုင်းပညာရပ်မှာ ဤလောကီနယ်ပယ်မှ ပညာရပ်မဟုတ်ဟုပင် တညီတညွတ်တည်း ဆိုကြလေတော့သည်။
ထိုအစွမ်းထက် ပညာရှင်များထဲတွင် ဗဟုသုတကြွယ်ဝပြီး လောကအနှံ့ ခြေဆန့်ဖူးသည့် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်တစ်ဦးလည်း ပါဝင်သည်။ သူသည် သေချာစွာ စစ်ဆေးကြည့်ရှုပြီးနောက် တစ်လောကလုံးကို တုန်လှုပ်သွားစေမည့် မှတ်ချက်တစ်ခုကို ပေးလိုက်သည်။
“ဒီလက်ဝါးချက်က ဗုဒ္ဓဂိုဏ်းက စီနီယာကြီးတစ်ယောက်ရဲ့ ရိုက်ချက်ပဲ။ ကြည့်စမ်း... ဒီလက်ဝါးကွက်ထဲမှာ သတ္တဝါအပေါင်းကို ကယ်တင်ချင်တဲ့ မေတ္တာတရားနဲ့ ဗုဒ္ဓရဲ့ သဘောတရားတွေ ကိန်းဝပ်နေတယ်။ တရားဓမ္မကို နက်နက်ရှိုင်းရှိုင်း နားလည်ထားသူမဟုတ်ရင် ဒီလိုလက်ဝါးချက်မျိုးကို ဘယ်လိုမှ ထုတ်ဖော်နိုင်မှာမဟုတ်ဘူး”
“ကဲ... ဒီလက်ဝါးရဲ့ အစွမ်းကို ထပ်ကြည့်လိုက်ကြဦး။ ဒါက သာမန် ကောင်းကင်အဆင့်ထက် အပြတ်အသတ် သာလွန်နေပြီ။ ကောင်းကင်အဆင့်ရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်နေတာ သေချာတယ်။ ဒါမှမဟုတ် မဟာကောင်းကင်အဆင့်တစ်ဝက်တောင် ဖြစ်နိုင်တယ်။ ဒါမှမဟုတ်ရင်တော့ ဒဏ္ဍာရီလာ... မဟာကောင်းကင်အဆင့်ပဲ ဖြစ်ရမယ်!!!”
“ဒဏ္ဍာရီလာ မဟာကောင်းကင်အဆင့်လား”
လူတိုင်းမှာ ဆွံ့အကာ မှင်သက်ကုန်ကြသည်။ မည်သည့်အဆင့်ပဲဖြစ်စေ သူတို့ စိတ်ကူးယဉ်နိုင်စွမ်းထက် များစွာ သာလွန်နေပေသည်။
ဤကောက်နှုတ်ချက် ပျံ့နှံ့သွားသည်နှင့်အမျှ လူပေါင်းများစွာနှင့် အင်အားစုအသီးသီးတို့သည် ဂုဏ်သတင်းကို ကြားလိုက်ရသဖြင့် လက်ဝါးရာကို လာရောက်ကြည့်ရှုကြပြန်သည်။ သူတို့အားလုံးလည်း ထိုကောက်ချက်အတိုင်းပင် မှတ်ယူသွားကြတော့သည်။
ဤလက်ဝါးချက်မှာ ဗုဒ္ဓဂိုဏ်းမှ စီနီယာကြီးတစ်ဦး၏ လက်ချက်ဖြစ်ရပေမည်။ ထိုသူ၏ ခွန်အားမှာ ခန့်မှန်းရခက်လောက်အောင် ကြီးမားလှပြီး ကောင်းကင်အဆင့် အထွတ်အထိပ်၊ သို့မဟုတ် မဟာကောင်းကင်အဆင့်တစ်ဝက် သို့မဟုတ် လောကတွင် အထက်မြက်ဆုံးဖြစ်သည့် ဒဏ္ဍာရီလာ မဟာကောင်းကင်အဆင့်ပင် ဖြစ်နေနိုင်သည်။
တာအိုဂိုဏ်းနှင့် မိစ္ဆာဂိုဏ်းကဲ့သို့သော ရှေးဟောင်း အင်အားစုကြီးများသည်လည်း ထိုလက်ဝါးရာကို ကြည့်ပြီး အတွေးပွားနေကြသည်။ လက်ဝါးချက်မှ ထွက်ပေါ်နေသော စွမ်းအင်မှာ သူတို့သိထားသည့် ဗုဒ္ဓဂိုဏ်းမှ စီနီယာကြီးများ၏ စွမ်းအင်နှင့် မတူဘဲ စိမ်းသက်သက် ဖြစ်နေသည်။
ထို့ကြောင့် ကမ္ဘာ့အင်အားချိန်ခွင်လျှာမှာ တဖြည်းဖြည်းနှင့် ယိမ်းယိုင်လာခဲ့လေသည်။ လက်ရှိကမ္ဘာတွင် ထိပ်တန်းအင်အားစု ခုနစ်ခုရှိသည်။ ဗုဒ္ဓဂိုဏ်း၊ တာအိုဂိုဏ်း၊ မိစ္ဆာဂိုဏ်းနှင့် အင်ပါယာကြီး လေးခုတို့ဖြစ်ကြပြီး တစ်ခုချင်းစီတွင် မဟာကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ဦးစီ ပိုင်ဆိုင်ထားသဖြင့် ကမ္ဘာကို စိုးမိုးထားနိုင်ခြင်းဖြစ်သည်။
သမိုင်းတစ်လျှောက်တွင် ထိုအင်အားစုများကြား၌ နူးညံ့သော ဟန်ချက်ညီမှုတစ်ခု အမြဲရှိခဲ့သည်။ သို့သော် ယခုအခါ ဗုဒ္ဓဂိုဏ်းတွင် မဟာကောင်းကင်အဆင့် ဖြစ်နိုင်ခြေရှိသော နောက်ထပ်လူတစ်ဦး ပေါ်ထွက်လာခြင်းက အခြားသူများအတွက် စိုးရိမ်စရာ ဖြစ်လာစေသည်။
ဗုဒ္ဓဂိုဏ်းကလည်း ဤအချက်ကို ရိပ်မိသဖြင့် အင်အားစုအသီးသီးသို့ ရှင်းပြရန် သံတမန်များ လွှတ်လိုက်သည်။
“ အောမီထောဖော... ဒါဟာ တကယ့်ကို နားလည်မှုလွဲတာပါ။ အဲ့ဒီလက်ဝါးချက်က ကျွန်ုပ်တို့ ဗုဒ္ဓဂိုဏ်းကလူ လုပ်တာ မဟုတ်ပါဘူး”
“မင်းတို့ဂိုဏ်းကလူ မဟုတ်ရင် ဘယ်သူဖြစ်ရမှာလဲ။ ဒီလောက် နက်နဲတဲ့ ဗုဒ္ဓရောင်ဝါတွေနဲ့ လက်ဝါးပညာရပ်ကို မင်းတို့ဂိုဏ်းက ဆရာတော်ကြီးတွေကလွဲရင် ဘယ်သူက ထုတ်ဖော်နိုင်မှာလဲ”
“ဒါပေမဲ့ အဲ့ဒီနေ့က ကျွန်ုပ်တို့ဂိုဏ်းက စီနီယာကြီးတွေအားလုံး ကျောင်းတော်ထဲမှာ တရားဘာဝနာ ပွားများနေကြတာပါ။ ဘယ်သူမှ အပြင်မထွက်ခဲ့ကြပါဘူး”
“လာမလိမ်နဲ့။ ထွက်တာ မထွက်တာက မင်းတို့ဘာသာ ပြောနေတာလေ။ သူတို့ တိတ်တဆိတ် အပြင်ထွက်သွားတာကို အပြင်လူက ဘယ်လိုသိနိုင်မှာလဲ”
“ဘုန်းကြီးတို့မည်သည် မုသားမဆိုပေ... အောမီထောဖော..”
“မင်းတို့ရဲ့ ဆင်ခြေတွေကို ငါ စိတ်မဝင်စားဘူး။ သူတို့ကို အပြင်ထုတ်လိုက်စမ်း”
အခြေအနေအရပ်ရပ်ကို လိုက်လံရှင်းပြရန် စေလွှတ်လိုက်သော ကိုယ်တော်များ ပြန်ရောက်လာကြသော်လည်း ရလဒ်မှာ မကျေနပ်စရာပင်။
“ဆရာကြီး ကျဲ့ချန်... တခြားအဖွဲ့အစည်းတွေက ကျွန်ုပ်တို့ ရှင်းပြတာကို မယုံကြဘူး။ ဘာဆက်လုပ်သင့်ပါလဲ အရှင်ဘုရား”
ဆရာကြီး ကျဲ့ချန်၏ မျက်နှာတွင် ခါးသီးမှုများ ပြည့်နှက်နေပြီး - “အောမီထောဖော... ဒါက ငါတို့ ဗုဒ္ဓဂိုဏ်းရဲ့ ဝဋ်ကြွေးတစ်ခုပဲ။ ဒါကြောင့် နောက်နောင်မှာ ငါတို့ အိန္ဒြေရှိရှိ နေထိုင်ရမယ်၊ သဟဇာတဖြစ်မှုကို ဦးစားပေးပြီး တခြားသူတွေနဲ့ ပဋိပက္ခမဖြစ်အောင် ရှောင်ရှားရမယ်။ တစ်ဖက်မှာလည်း ဒီဒဏ္ဍာရီလာ စီနီယာကြီးကို ရှာဖွေဖို့ လူတွေ ထပ်လွှတ်ရမယ်”
“အောမီထောဖော... ဆရာကြီး ပြောတဲ့အတိုင်းပါပဲ” ဟု ကျန်ကိုယ်တော်များက တညီတညွတ်တည်း ပြန်လည်လျှောက်ထားကြသည်။
နောက်ရက်များတွင်တော့ အင်အားစုအသီးသီးသည် ဗုဒ္ဓဂိုဏ်း၏ ဩဇာအာဏာကို လျှော့ချရန်အတွက် ပေါ်ပေါ်ထင်ထင်ရော တိတ်တဆိတ်ပါ ဝိုင်းဝန်းတိုက်ခိုက်လာကြသည်။ ထို့ကြောင့် ဗုဒ္ဓဂိုဏ်းမှာ အခက်တွေ့လာရပြီး ငြိမ်ငြိမ်သက်သက်သာ နေထိုင်ရတော့သည်။
မဟာရှ အင်ပါယာနန်းတော်အတွင်း၌ လင်းပိုင်ဖန်သည် ဤသတင်းကို ကြားရသောအခါ တဟားဟား ရယ်မောလိုက်လေသည်။
သူ အမှတ်မထင် ရိုက်လိုက်သော လက်ဝါးတစ်ချက်က ဗုဒ္ဓဂိုဏ်းအတွက် ဤမျှလောက်ထိ ပြဿနာတက်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ အစောကတည်းက သိခဲ့လျှင် သူ့အနေဖြင့် အစောကြီးကတည်းက လုပ်လိုက်မိမှာပင်။
လင်းပိုင်ဖန်၏ မျက်လုံးများက ကောက်ကျစ်သည့် ပုံစံ ပေါ်နေခဲ့ပြီး တစ်ခုခုကို ကြံစည်နေပုံရသည်။
တစ်ချိန်တည်းမှာပင် မိုင်ပေါင်းထောင်ချီ ဝေးကွာသော မဟာဟုန်မင်းဆက်၏ နန်းတော်အတွင်း၌...
မဟာဟုန်ဧကရာဇ်သည် နန်းတော်အတွင်း ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ သူ၏ ဘေးတွင် ထူးခြားသော အစားအသောက်များနှင့် ဝိုင်ကောင်းများ ရှိနေသော်လည်း တစ်လုပ်မျှပင် မစားနိုင်ခဲ့ပေ။
ထိုအချိန်တွင် ကင်းစောင့်တစ်ဦး အပြေးအလွှား ဝင်လာလေသည်။
မဟာဟုန်ဧကရာဇ်၏ မျက်လုံးများ တောက်ပသွားပြီး ချက်ချင်းပင် မေးလိုက်သည် - “စီနီယာတူကုရဲ့ သတင်းကို ရပြီလား”
“အစီရင်ခံပါတယ် အရှင်မင်းကြီး၊ စီနီယာတူကု ရှိနေနိုင်တဲ့ နေရာတွေမှာ ဘာသတင်းမှ မရသေးပါဘူး”
မဟာဟုန်ဧကရာဇ်၏ အကြည့်များ မှေးမှိန်သွားကာ - “အခုထိ ဘာသတင်းမှ မရသေးဘူးလား”
လွန်ခဲ့သော လဝက်ခန့်က မဟာရှ၏ ကျူးကျော်မှုကို ခုခံရန်အတွက် သူနှင့် တူကုရိဖန်းတို့ တိတ်တဆိတ် ကြံစည်ခဲ့ကြသည်။ မဟာရှ၏ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်များနှင့် ဗိုလ်ချုပ်များကို ရှင်းလင်းရန်ပင် ဖြစ်သည်။
တူကုရိဖန်းသည် အနည်းငယ် ဝန်လေးနေခဲ့သော်လည်း မဟာဟုန်မင်းဆက်အတွက်ကြောင့် ထိုတာဝန်ကို လက်ခံခဲ့သည်။ သို့သော် သူ ထွက်ခွာသွားသည့်နေ့မှစ၍ တူကုရိဖန်းထံမှ မည်သည့်သတင်းမျှ ပြန်မလာတော့ပေ။
တစ်ရက်၊ နှစ်ရက် ကုန်လွန်သွားသော်လည်း ဧကရာဇ်မှာ မစိုးရိမ်သေးပေ။ တူကုရိဖန်းသည် အရေးကြီးကိစ္စများကို ကိုင်တွယ်နေသဖြင့် ကြန့်ကြာနေသည်ဟုသာ ထင်မှတ်ထားခဲ့သည်။ သုံးရက်၊ လေးရက် ကြာသောအခါတွင်လည်း သူ မစိုးရိမ်သေးပေ။
သို့သော် ငါးရက်၊ ခြောက်ရက်အထိ သတင်းမကြားရတော့သောအခါ သူ စတင်စိုးရိမ်လာပြီး လူလွှတ် စုံစမ်းခိုင်းလိုက်သည်။ သို့သော် နောက်ထပ် လေးရက် ထပ်ကြာသွားသော်လည်း ဘာသတင်းမှ မရခဲ့ပေ။
မည်မျှပင် စုံစမ်းစေကာမူ မည်သည့်ခြေရာလက်ရာမျှ ရှာမတွေ့ခဲ့ပေ။ ထိုလူသည် ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေသည်။ ဤသည်မှာ အလွန်စိုးရိမ်စရာ ကောင်းလှသည်။ မဟာဟုန်မင်းဆက်အနေဖြင့် ကောင်းကင်အဆင့် တစ်ယောက် မရှိဘဲ မဖြစ်နိုင်ချေ။
“သတင်းမရသေးရင် ဆက်ရှာကြစမ်း။ ဘာသဲလွန်စပဲ တွေ့တွေ့ ချက်ချင်း ငါ့ကို အစီရင်ခံရမယ်” ဟု မဟာဟုန်ဧကရာဇ်က အမိန့်ပေးလိုက်သည်။
“မှန်လှပါ အရှင်မင်းကြီး”
ကင်းစောင့်က ဝေခွဲမရဖြစ်နေပြီး - “အရှင်မင်းကြီး... ကျွန်တော်မျိုးမှာ စီနီယာ တူကုနဲ့ ပတ်သက်ပြီး စိတ်ထဲက ထင်မြင်ချက်တစ်ခု ရှိပါတယ်”
“ဘာလဲ... ပြောစမ်း” မဟာဟုန်ဧကရာဇ်က သူ့ဘက်သို့ လှည့်ကြည့်လိုက်သည်။
“အရှင်မင်းကြီး... ဂူစုန်းတောင်က အဖြစ်အပျက်ကို သိပြီးပြီလား”
“ဒီလောက်ကြီးတဲ့ ကိစ္စကို ငါ ဘယ်လိုလုပ် မသိဘဲ နေမှာလဲ”
မဟာဟုန်ဧကရာဇ်က ဆက်ပြောသည် - “အဲ့ဒီမှာ ပေ ၂၀၀ လောက်နက်ပြီး ပေ ၃,၀၀၀ ကျယ်တဲ့ လက်ဝါးရာကြီး ရှိနေတာလေ။ ဗုဒ္ဓဂိုဏ်း စီနီယာတစ်ယောက် ချန်ခဲ့တာလို့ ပြောကြတာပဲ။ လွန်ခဲ့တဲ့ လဝက်လုံးလုံး သိုင်းပညာရှင်တွေ သွားကြည့်နေကြတာပဲ။ ဒါပေမဲ့ ဒါက စီနီယာတူကုနဲ့ ဘာဆိုင်လို့လဲ”
“အရှင်မင်းကြီး... ဆက်စပ်မှု အများကြီး ရှိနိုင်ပါတယ်”
ကင်းစောင့်က ဧကရာဇ်ကို တစ်ချက်ကြည့်ပြီး သတိထားကာ ပြောလိုက်သည် - “အရင်က စီနီယာ တူကုဟာ မဟာရှရဲ့ ချီဖွဲ့တည်ခြင်းအဆင့်တွေနဲ့ ဗိုလ်ချုပ်တွေကို လုပ်ကြံဖို့ အရှင်မင်းကြီးရဲ့ အမိန့်ကို ရယူခဲ့ပါတယ်။ အဲ့ဒီ စစ်မြေပြင်တစ်ခုက ဂူစုန်းတောင်နဲ့ နီးပါတယ်။ စီနီယာတူကုဟာ အဲ့ဒီကို ရောက်သွားပြီး ဗုဒ္ဓဂိုဏ်းက စီနီယာကြီးနဲ့ တွေ့ကာ တိုက်ပွဲဖြစ်ခဲ့တာ ဖြစ်နိုင်ပါတယ်။ စီနီယာတူကုဟာ အဲ့ဒီလက်ဝါးအောက်မှာပဲ...”
“မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်တာ”
မဟာဟုန်ဧကရာဇ်က အော်ဟစ်လိုက်ပြီး - “စီနီယာတူကုက ပြိုင်ဘက်ကင်း ကောင်းကင်အဆင့် တစ်ယောက်ပဲ။ သူ ဘယ်လိုလုပ် သေနိုင်မှာလဲ။ မောင်မင်းက အချက်အလက်တွေကို လိမ်ညာပြီး လျှောက်ပြောနေတာပဲ။ ဒီလို မဟုတ်ကဟုတ်ကတွေ လျှောက်ပြောပြီး ငါ့စိတ်ကို နှောင့်ယှက်နေရင် မောင်မင်း ခေါင်းဖြတ်ခံရမယ်”
“မှန်.. မှန်လှပါ... ကျွန်တော်မျိုး လျှောက်မိလျှောက်ရာ ပြောမိတာပါ။ အရှင်မင်းကြီး ခွင့်လွှတ်တော်မူပါ” ကင်းစောင့်မှာ ကြောက်လန့်တကြား ဒူးထောက်လိုက်ရသည်။
“အခု ချက်ချင်း ငါ့မျက်စိရှေ့က ထွက်သွားစမ်း” မဟာဟုန်ဧကရာဇ်က ဟိန်းဟောက်လိုက်သည်။
“မှန်လှပါ အရှင်မင်းကြီး... ကျွန်တော်မျိုး သွားပါပြီ” ကင်းစောင့်မှာ အသက်လုပြီး ပြေးထွက်သွားတော့သည်။
ထိုအချိန်တွင် မဟာဟုန်ဧကရာဇ်သည် ထွက်ခွာသွားသော ကင်းစောင့်၏ ကျောပြင်ကို ကြည့်ရင်း တစ်ယောက်တည်း ရေရွတ်လိုက်သည် - “စီနီယာတူကု... ခင်ဗျား သေလို့ မဖြစ်ဘူး...”
အပိုင်း (၄၃၂)
မဟာဟုန်မင်းဆက်သည် စီနီယာတူကုကို တိတ်တဆိတ် ဆက်လက်ရှာဖွေနေဆဲဖြစ်သော်လည်း အချည်းနှီးသာ ဖြစ်ရန် ကံပါလာခဲ့သည်။
ဂူစုန်းတောင်ပေါ်မှ ဧရာမလက်ဝါးရာကြီးကြောင့် တစ်လောကလုံး လှုပ်လှုပ်ခတ်ခတ် ဖြစ်နေချိန်တွင် မဟာရှအင်ပါယာ၏ လှုပ်ရှားမှုများမှာ လူတို့၏ အာရုံစိုက်မှုမှ အနည်းငယ် လွတ်ကင်းသွားခဲ့သည်။ မဟာရှတပ်မတော်သည် နယ်မြေသိမ်းပိုက်မှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး ဆောင်းဦးမရောက်မီမှာပင် ပတ်ဝန်းကျင်ရှိ နောက်ထပ် နိုင်ငံငယ်လေးခုကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့လေသည်။
လင်းပိုင်ဖန်သည် သူ၏ စိတ်အာရုံအတွင်းရှိ အင်ပါယာ မြေပုံကို ဖွင့်ကြည့်လိုက်သည်။
အင်ပါယာ မြေပုံ ( စူပါအဆင့်)
ပိုင်နက်ဧရိယာ: စတုရန်းမိုင် ၁၃.၇ သန်း (စိုက်ပျိုးနိုင်သောမြေ ၈.၂ သန်း)
နိုင်ငံတော်အရင်းအမြစ်: ငွေတေး ၂.၃၆ ဘီလီယံ (ရွှေတွင်း ၈ ခု၊ ငွေတွင်း ၁၅ ခု၊ ကြေးတွင်း ၁၉ ခု၊ သံတွင်း ၂၅ ခု...)
လူဦးရေ: သန်း ၁၃၀ ( လူချမ်းသာ ၁%၊ လူလတ်တန်းစား ၄၂%၊ ဆင်းရဲသား ၅၇%)
စစ်အင်အား: ၅.၈၈ သန်း ( ကောင်းကင်အဆင့် ၃ ဦး၊ ချီဖွဲ့တည်ခြင်းအဆင့် ၆၆ ဦး၊ ခန္ဓာကိုယ် လေ့ကျင့်ခြင်းအဆင့် ၂၈,၈၀၀ ဦး...)
စုစုပေါင်း နိုင်ငံတော်အင်အား: ၂၀,၂၀၀ (အင်ပါယာအဆင့်)
ပိုင်နက်ဧရိယာမှာ စတုရန်းမိုင် ၂.၅ သန်း တိုးလာခဲ့ပြီး၊ နိုင်ငံတော်၏ အရင်းအမြစ်မှာလည်း ငွေတေး သန်း ၄၀၀ နီးပါး တိုးလာခဲ့သည်။ လူဦးရေမှာလည်း သန်း ၃၀ ခန့် ပိုများလာခဲ့ပြီ ဖြစ်သည်။ စစ်အင်အားမှာ အနည်းငယ် ပြုန်းတီးမှုရှိခဲ့သော်လည်း မကြာမီ ပြန်လည်ဖြည့်တင်းနိုင်မည်ဖြစ်သည်။
အရေးအကြီးဆုံးမှာ နိုင်ငံတော်အင်အားမှာ သူမျှော်လင့်ထားသည့်အတိုင်း အမှတ် ၂၀,၀၀၀ ကျော်သွားခြင်းပင် ဖြစ်သည်။ ဤကဲ့သို့သော အင်အားမျိုးမှာ အခြားအင်ပါယာကြီးများနှင့် ယှဉ်လျှင်ပင် ပျမ်းမျှထက် သာလွန်နေပြီဖြစ်သည်။ အသစ်သိမ်းပိုက်ထားသော နယ်မြေများကို အခြေချပြီးပါက သူ၏အခြေအနေမှာ ပိုမိုခိုင်မာလာမည်ဖြစ်ပြီး ယင်းအတွက် အချိန်ခြောက်လခန့်သာ ကြာပေလိမ့်မည်။
"နောက်နှစ်ဆိုရင်တော့ ထိပ်တန်းအင်ပါယာကြီး လေးခုနဲ့ ရင်ဘောင်တန်းနိုင်အောင် ကြိုးစားရမယ်" ဟု လင်းပိုင်ဖန်က စိတ်ကူးယဉ်လိုက်သည်။
ထိုစဉ် စနစ်၏ အသံထွက်ပေါ်လာသည်….။
"ဒင်! ကစားသမား၏ နိုင်ငံတော်အင်အား ကြီးထွားလာသည်နှင့်အမျှ သင်၏ ခွန်အားမှာလည်း လိုက်လျောညီထွေ တိုးတက်လာခဲ့သည်။ ဆုလာဘ်အဖြစ် 'နတ်ပိုးအိမ် ကျင့်စဉ်'ကို ချီးမြှင့်လိုက်သည်"
ဤကျင့်စဉ်မှာ သိုင်းလောကတွင် အလွန်ထူးဆန်းသော ပညာရပ် တစ်ခုဖြစ်သည်။ အကယ်၍ တတ်မြောက်သွားပါက သေရာမှ ပြန်လည်ရှင်သန်နိုင်စွမ်း ရှိသည်။ ထို့ပြင် တစ်ကြိမ် အသတ်ခံရတိုင်း ခွန်အားမှာ နှစ်ဆတိုးလာမည်ဖြစ်သည်။ စုစုပေါင်း ကိုးကြိမ်တိုင်တိုင် ပြန်လည်ရှင်သန်နိုင်ပြီး နောက်ဆုံးတွင် ခွန်အားမှာ ၅၁၂ ဆအထိ တိုးလာမည်ဖြစ်သည်။
လင်းပိုင်ဖန်သည် ဤပညာရပ်ကို လျင်မြန်စွာပင် တတ်မြောက်သွားခဲ့သည်။ ဤကျင့်စဉ်က သူ၏ အခြေခံစွမ်းအားကို များစွာတိုးတက်စေခြင်းမရှိသော်လည်း သူ့ကို 'မသေနိုင်သောစွမ်းအား' ပေးအပ်လိုက်ခြင်းပင်။ တစ်ကြိမ်ရှင်သန်တိုင်း အစွမ်းနှစ်ဆတိုးလာမည်ဆိုခြင်းမှာလည်း ကြောက်မက်ဖွယ်ကောင်းလှသည်။
သို့သော် လင်းပိုင်ဖန်အတွက်မူ ဤပညာရပ်မှာ အနည်းငယ် ပိုနေသကဲ့သို့ ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် သူ့ကို အနိုင်ယူရန် ဖြစ်နိုင်သော်လည်း လုံးဝသတ်ဖြတ်ရန်မှာမူ အလွန်ခက်ခဲသောကြောင့် ဖြစ်သည်။ သူ၏ ဓားထိန်းချုပ်ခြင်းသိုင်းပညာက တစ်ခဏချင်း မိုင်ပေါင်းထောင်ချီ ခရီးနှင်နိုင်ရာ သူ့ကို မည်သူက လိုက်မီနိုင်မည်နည်း။ ထို့ပြင် သူ့ထံတွင် 'မြင့်မြတ်နှလုံးသားကျင့်စဉ်'၊ 'ရွှမ်ဝူ နတ်ကျင့်စဉ်'၊ 'စစ်နတ်ဘုရားကျမ်းစာ' နှင့် ' မီးတောက်ဝိညာဥ် ဖန်ဆင်းခြင်းကျင့်စဉ်' ကဲ့သို့သော အသက်ကယ် သိုင်းပညာရပ်များစွာ ရှိနေသေးသည်။
သူ့ကို သတ်ဖို့ဆိုသည်မှာ မည်မျှခက်ခဲမည်ကို တွေးကြည့်ရုံနှင့် သိနိုင်သည်။ အကယ်၍ သူ၏ ပိုင်နက်အတွင်းမှာဆိုလျှင် ပို၍ပင် မဖြစ်နိုင်ပေ။ သူ့ကိုယ့်သူ အဆုံးစီရင်အောင် လုပ်ဖို့ ဆိုသည်မှာလည်း မဖြစ်နိုင်ရာ၊ သူသည် ရှင်သန်ခွင့်တစ်ကြိမ်ကို အလဟဿ ဖြုန်းတီးမည့်သူ မဟုတ်ပေ။
"ဒါကို ငါ့ရဲ့ ဝှက်ဖဲတစ်ခုအဖြစ် ထားလိုက်မယ်"
ထို့နောက် လင်းပိုင်ဖန်သည် အင်ပါယာမြေပုံ၏ စွမ်းအားကို အသုံးပြုကာ တောင်ဘက်အရပ်မှ မြေများကို လူနေထိုင်ရန်နှင့် စိုက်ပျိုးရန် ပိုမိုကောင်းမွန်အောင် တိတ်တဆိတ် ပြောင်းလဲပစ်လိုက်သည်။ သူသည် နယ်မြေသိမ်းပိုက်ရုံသာမက ထိုနယ်မြေများကို အလျင်အမြန် ဖွံ့ဖြိုးလာစေရန်လည်း စွမ်းဆောင်နိုင်သူဖြစ်သည်။
တစ်ပတ်ခန့် အချိန်ကုန်လွန်သွားပြီးနောက်...
တောင်ဘက်စစ်ဆင်ရေး အဓိက တပ်မတော်ကြီးမှ အချို့သော စောင့်ကြပ်သူများမှလွဲ၍ ကျန်သူများမှာ နန်းတော်သို့ ပြန်လည်ရောက်ရှိလာကြသည်။ ဗိုလ်ချုပ် ချိုင်ယုရှင်းသည် လင်းပိုင်ဖန်ကို စိတ်အားထက်သန်စွာဖြင့် အစီရင်ခံနေလေသည်။
"အစီရင်ခံပါတယ် အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ရဲ့ တောင်ဘက်စစ်ဆင်ရေးဟာ စုစုပေါင်း တစ်လခွဲ ကြာမြင့်ခဲ့ပါတယ်။ အားလုံးရဲ့ ကြိုးစားမှုကြောင့် မဟာနိုင်ငံကြီး ခုနစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပါပြီ"
"ကျွန်တော်မျိုးတို့ဟာ နယ်မြေ စတုရန်းမိုင် ၅ သန်းကျော် တိုးချဲ့နိုင်ခဲ့ပြီး လူဦးရေ သန်း ၅၀ ကျော်ကိုလည်း မဟာရှရဲ့ လက်အောက်ကို သွတ်သွင်းနိုင်ခဲ့ပါတယ်"
ထိုစကားကို ကြားရသောအခါ လင်းပိုင်ဖန်က အလွန် အားရကျေနပ်သွားပြီး - "မောင်မင်းတို့ အားလုံး ပင်ပန်းသွားကြပြီ။ ဒီစစ်ဆင်ရေးက တကယ့်ကို ပြောင်မြောက်လှပြီး ငါတို့အင်ပါယာရဲ့ ဂုဏ်သတင်းကို တောင်ဘက်နိုင်ငံတွေကြားမှာ ဟိန်းထွက်သွားစေခဲ့တယ်။ ဒါကြောင့် အားလုံးကို ထိုက်ထိုက်တန်တန် ဆုချရမယ်"
လင်းပိုင်ဖန်သည် စစ်သူရဲများနှင့် အကျိုးဆောင်ခဲ့သူများကို ဘွဲ့ထူးဂုဏ်ထူးများ၊ ရွှေငွေများသာမက ရတနာဆေးလုံးများနှင့် သိုင်းကျမ်းများကိုပါ ရက်ရက်ရောရော ချီးမြှင့်လိုက်ရာ အားလုံးက - "အရှင်မင်းကြီးရဲ့ ဂုဏ်ကျေးဇူးကို ကျေးဇူးတင်လှပါတယ်" ဟု တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။
"နယ်မြေတွေကို သိမ်းပြီးပြီဆိုပေမဲ့ စီမံခန့်ခွဲမှုကို လျစ်လျှူရှုလို့မရဘူး။ ဝန်ကြီးဟီရှန်း..."
"ရှိပါတယ် အရှင်မင်းကြီး" ဟု ဟီရှန်းက ရှေ့သို့ တက်လာသည်။
"တောင်ဘက်နယ်မြေတွေအတွက် ဘာလုပ်ရမလဲဆိုတာ မောင်မင်း သိတယ်မဟုတ်လား"
ဟီရှန်းက ကျယ်လောင်စွာ ပြန်လျှောက်လိုက်သည် - "မှန်လှပါ အရှင်မင်းကြီး... ကျွန်တော်မျိုးအနေနဲ့ တောင်ဘက် နယ်မြေတွေကို မဟာရှရဲ့ စံနှုန်းအတိုင်း ဖွံ့ဖြိုးအောင် လုပ်ဆောင်သွားမှာပါ။ ပြည်သူတွေ မြန်မြန်ဆန်ဆန် ချမ်းသာလာအောင် လုပ်ပေးခြင်းအားဖြင့် သူတို့ဟာ အရှင်မင်းကြီးကို ကျေးဇူးတင်ပြီး မဟာရှအပေါ် သစ္စာရှိလာကြမှာပါ"
လင်းပိုင်ဖန်က ကျေနပ်သွားပြီး - "ဒါကိုသာ ကောင်းကောင်းလုပ်နိုင်ရင် မောင်မင်းရဲ့ အကျိုးလို့ ငါကိုယ်တော် မှတ်ယူမယ်"
"ဝန်ကြီး ချောင်ချောင်..."
"ရှိပါတယ် အရှင်မင်းကြီး" ဟု ချောင်ချောင်မှာလည်း ရှေ့ထွက်လာသည်။
"ဒီစစ်ဆင်ရေးမှာ ငါတို့စစ်တပ်က အထိအခိုက်တချို့ ရှိခဲ့တယ်။ အဲ့ဒီနေရာတွေကို ဖြည့်တင်းဖို့အတွက် စစ်သားအသစ်တွေကို ဆက်ပြီး စုဆောင်းပါ"
လင်းပိုင်ဖန်သည် လုပ်ငန်းဆောင်တာများကို တစ်ခုပြီးတစ်ခု စနစ်တကျ အမိန့်ပေးကာ တောင်ဘက်ဒေသမှ ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် စီစဉ်ပေးလိုက်သည်။
နန်းတွင်းညီလာခံအပြီးတွင် လင်းပိုင်ဖန်သည် သူဖုန်းစားဂိုဏ်းမှ အကြီးအကဲများနှင့် တိတ်တဆိတ် တွေ့ဆုံခဲ့သည်။
"အရှင်မင်းကြီး... ဘာများ အမိန့်ရှိပါသလဲ" ဟု အကြီးအကဲက ရိုသေစွာ မေးလိုက်သည်။
လင်းပိုင်ဖန်က လိုရင်းကိုသာ ပြောလိုက်သည် - "မဟာရှက ဟန်ဒွမ်တောင်တန်းကို ဖြတ်ကျော်ပြီး တောင်ဘက်ကို နယ်မြေ ၅ သန်းကျော် တိုးချဲ့နိုင်ခဲ့တယ်။ ဒါပေမဲ့ နောက်ထပ် ရှေ့ဆက်ဖို့ကတော့ မလွယ်ဘူး။ မဟာဟုန်၊ မဟာယန်နဲ့ မဟာလျန် ဆိုတဲ့ မင်းဆက် သုံးခုက ငါတို့လမ်းကို ပိတ်ထားတယ်"
"အခုက ဆောင်းဝင်တော့မှာဆိုတော့ စစ်တိုက်ဖို့ မသင့်တော်သေးဘူး။ ဒါကြောင့် မောင်မင်းတို့ရဲ့ တာဝန်က သူဖုန်းစားဂိုဏ်းသားတွေကို အဲ့ဒီနိုင်ငံ သုံးခုထဲကို တိတ်တဆိတ် စိမ့်ဝင်ခိုင်းဖို့ပဲ။ ပြည်သူတွေကြားမှာ မဟာရှအကြောင်း ကောင်းသတင်းတွေ ဖြန့်ဝေထားပြီး လိုအပ်တဲ့ အမာခံစခန်းတွေ တည်ဆောက်ထားပါ။ တစ်နေ့ ငါတို့တပ်တွေ အဲ့ဒီကို ချီတက်တဲ့အခါ အထဲကနေ အဆင်သင့် ကူညီနိုင်အောင်လို့ပေါ့"
"မှန်လှပါ အရှင်မင်းကြီး" ဟု ဂိုဏ်းအကြီးအကဲများက အမိန့်ကို နာခံလိုက်ကြသည်။
၎င်းတို့ ထွက်ခွာသွားပြီးနောက် လင်းပိုင်ဖန်သည် ပြတင်းပေါက်ကို ဖွင့်လိုက်ရာ အေးမြသော လေညင်းနှင့်အတူ နှင်းမှုန်အချို့က လွင့်စင်ဝင်ရောက်လာလေသည်။
"ရာသီဥတုက အေးလာပြီပဲ... ဒီနှစ် တောင်ဘက်က ဆောင်းရာသီကတော့ တော်တော်လေး အေးလိမ့်မယ် ထင်တယ်"
သူသည် စိတ်အာရုံကို အင်ပါယာမြေပုံနှင့် ချိတ်ဆက်လိုက်ပြီး မဟာရှနယ်မြေအတွင်းရှိ အေးစိမ့်သော လေထုများကို တောင်ဘက်ရှိ နိုင်ငံကြီး သုံးခုဆီသို့ ဦးတည် ရွှေ့ပြောင်းပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် ပိုးဟပ်များနှင့် ကြွက်အုပ်ကြီးများကိုပါ ထိုနိုင်ငံများဆီသို့ စေလွှတ်လိုက်ပြီး အိမ်ထောင်စုတိုင်းအတွက် 'ပျော်ရွှင်စရာ' ဆောင်းရာသီလက်ဆောင် ပေးလိုက်လေသည်။
ထို့နောက် လင်းပိုင်ဖန်၏ စိတ်အာရုံသည် 'ကျားဖြူတောင်တန်း' ဆီသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် မိုယုယန်သည် နှင်းများကြား၌ ဓားသိုင်း လေ့ကျင့်နေသည်။ နှစ်လခန့် ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီးနောက် သူမ၏ ခွန်အားမှာ 'အင်ပါယာချီ အထွတ်အထိပ်'သို့ ရောက်ရှိနေပြီဖြစ်သည်။
သူမ၏ လက်ထဲရှိ နတ်ဓားနှင့် လင်းပိုင်ဖန် သင်ပေးထားသော သိုင်းပညာရပ်များကြောင့် သူမသည် ကောင်းကင်အဆင့် တစ်ဦးနှင့်ပင် အချီအနည်းငယ် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ သာမန်အားဖြင့် ထိုအဆင့်ရှိသူမှာ ကောင်းကင်အဆင့်တစ်ဦး၏ သိုင်းကွက် တစ်ကွက်ကိုပင် ခံနိုင်ရည်မရှိပေ။
လင်းပိုင်ဖန်က ခန့်မှန်းကြည့်လိုက်ရာ နောက်ထပ် သုံးနှစ်အတွင်း သူမသည် ကောင်းကင်အဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။ ထိုသို့ဆိုလျှင် မဟာရှအင်ပါယာအတွက် နောက်ထပ် ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦး တိုးလာမည်သာ ဖြစ်တော့သည်။