အခန်း (၄၃၃-၄၃၄)
Vol. 40 Ch. 433-434
အပိုင်း (၄၃၃)
“မင်း အတော်လေး တိုးတက်လာတာပဲ” လင်းပိုင်ဖန်၏ အသံသည် အဝေးတစ်နေရာမှ လာသကဲ့သို့ရှိနေသော်လည်း နားအနီးသို့ ကပ်၍ ပြောနေသကဲ့သို့ပင် ထူးဆန်းစွာ ပေါ်ထွက်လာသည်။
“စီနီယာ” မိုယုယန်သည် ဝမ်းသာအားရဖြင့် ထူးလိုက်ရင်း ဓားသိုင်းလေ့ကျင့်နေသည်ကို ရပ်တန့်လိုက်သည်။
“မင်းရဲ့ သိုင်းကွက်တွေက အရမ်းထက်မြက်ပြီး တစ်ကွက်ချင်းစီကလည်း အပြစ်ပြောစရာမရှိအောင် ပြည့်စုံတယ်။ ဒါပေမဲ့ တစ်ခုခုတော့ လိုအပ်နေသေးတယ်”
မိုယုယန်က စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဖြေလိုက်သည်။ “စီနီယာ ပြောတာ အမှန်ပါပဲ။ ဒီသိုင်းကွက်တွေကို ကျွန်မ အကြိမ်ပေါင်း ရာနဲ့ချီ လေ့ကျင့်ခဲ့ပြီးပြီ။ ဘယ်လောက်ပဲ ကျွမ်းကျင်နေပါစေ တစ်ခုခု လိုနေသလိုမျိုး ခံစားနေရတုန်းပဲ။ စီနီယာ... ကျွန်မ ဘယ်လိုများ ရှေ့ဆက်ရမလဲ”
“မိုယုယန်... အခုဆိုရင် မင်း တောင်ပေါ်က ဆင်းဖို့ အချိန်တန်ပြီ”
“စီနီယာ... ကျွန်မကို နှင်ထုတ်တာလားဟင်” မိုယုယန်က ဝမ်းနည်းရိပ်သန်းသော အသံဖြင့် မေးလိုက်သည်။
“အထင်မလွဲပါနဲ့။ မင်း တောင်ပေါ်မှာ နေတာ နှစ်လရှိပြီ။ ဒီအတောအတွင်း မဟာလော့နိုင်ငံရဲ့ အခြေအနေက တဖြည်းဖြည်း တည်ငြိမ်လာပြီ။ ဒါကြောင့် မင်း အခု ပြန်လှုပ်ရှားလို့ရပြီ။ မင်းရဲ့ ကလဲ့စားချေမှုကို အကောင်အထည်ဖော်ရင်း တစ်ဖက်ကလည်း တာအိုဂိုဏ်းရဲ့ ကောင်းကင်အဆင့် သိုင်းပညာရှင်ကို ရှာပြီး ဓားသိုင်းပညာ ဖလှယ်ကြည့်လိုက်ပါ။ အဲ့ဒီလို သူနဲ့ အကြိမ်အနည်းငယ် ယှဉ်ပြိုင်ကြည့်လိုက်ရင် မင်းမှာ ဘာတွေ လိုအပ်နေလဲဆိုတာ အလိုလို သိလာလိမ့်မယ်”
မိုယုယန်က အတန်ကြာ စဉ်းစားပြီးနောက် - “စီနီယာပြောတာ မှန်ပါတယ်။ ကျွန်မ တောင်ပေါ်က ဆင်းဖို့ အချိန်တန်ပြီ”
“သွားတော့... မင်းဆီက သတင်းကောင်းကို ငါ စောင့်မျှော်နေမယ်”
“ဟုတ်ကဲ့ စီနီယာ... ကျွန်မ အထုပ်အပိုးတွေ ပြင်ပြီး အခုပဲ တောင်ပေါ်က ဆင်းပါတော့မယ်”
ခဏအကြာတွင် မိုယုယန်မှာ တစ်ခုခုကို သတိရသွားဟန်ဖြင့် - “စီနီယာ... မဟာရှနဲ့ မဟာလော့က ခါးသီးတဲ့ ရန်သူတွေ မဟုတ်လား။ အကယ်လို့ ကျွန်မက မဟာလော့ထဲမှာ ဆူပူသောင်းကျန်းမှုတွေ အကြီးအကျယ် လုပ်လိုက်ရင် မဟာရှဘက်က တစ်ခုခု လှုပ်ရှားလာနိုင်မလား”
“ဒါကို ငါ ဘယ်သိပါ့မလဲ။ မဟာရှအင်ပါယာရဲ့ အကြံအစည်တွေက ဘယ်တုန်းကမှ ခန့်မှန်းလို့ မရခဲ့တာပဲ။ သူ့စိတ်ထဲ ဘာရှိလဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ” ဟု ရယ်မောသံနှင့်အတူ ပြန်ဖြေကြားလိုက်သည်။
စုံစမ်းရန် ကြိုးစားမှုက နောက်တစ်ကြိမ် မအောင်မြင်သဖြင့် မိုယုယန် အနည်းငယ် စိတ်ပျက်သွားသော်လည်း - “စီနီယာ... ကျွန်မ သွားပါပြီ” ဟု နှုတ်ဆက်ကာ တောင်ပေါ်မှ ဆင်းလာခဲ့သည်။
ကျားဖြူတောင်တန်းမှ ထွက်ခွာလာပြီးနောက် မိုယုယန်သည် ဇွတ်တရွတ် မလုပ်ဆောင်ဘဲ မဟာလော့နိုင်ငံအတွင်းရှိ အခြေအနေများကို အကဲခတ် စုံစမ်းလိုက်သည်။ စုံစမ်းကြည့်ရာတွင် မဟာလော့၏ အခြေအနေမှာ အမှန်တကယ်ပင် တိုးတက်ကောင်းမွန်လာသည်ကို တွေ့လိုက်ရသည်။
တာအိုဂိုဏ်း၏ အကူအညီဖြင့် နေရာအနှံ့မှ သူပုန်များကို နှိမ်နင်းနိုင်ခဲ့ပြီး အခြေခံ အစီအစဉ်များမှာလည်း ပြန်လည် စနစ်ကျလာခဲ့ပြီ ဖြစ်သည်။ သို့သော် သူပုန်များကို လုံးဝ အမြစ်ပြတ်အောင် သုတ်သင်နိုင်ခဲ့ခြင်းမျိုး မဟုတ်ဘဲ ပုန်းအောင်းသွားအောင်သာ လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
လုံလောက်သော ရိက္ခာမရှိသဖြင့် မဟာလော့နိုင်ငံသားများသည် ငတ်မွတ်ခေါင်းပါးကာ လမ်းဘေးတွင် သေဆုံးနေကြရဆဲပင် ဖြစ်သည်။ မဟာလော့အင်ပါယာသည် သူတို့ကို ရိက္ခာ မထောက်ပံ့သည့်အပြင် ပြည်ပသို့ ထွက်ခွာခွင့်လည်း မပြုပေ။ သူသည် ရိက္ခာကို အသုံးချကာ စစ်တပ်ထဲဝင်သူများကိုသာ ကျွေးမွေးပြီး ကျန်သူများကို ငတ်မွတ်အောင် ထားခြင်းဖြင့် ပြည်သူများကို သွေးခွဲနေခြင်းဖြစ်သည်။
မိုယုယန်သည် ယခုထက်တိုင် ဆုငွေ ငါးသန်းဖြင့် ဖမ်းဝရမ်း ထုတ်ခံထားရဆဲ ဖြစ်သော်လည်း သူမ၏ ခွန်အားကို ကြောက်သဖြင့် မည်သူမျှ ဖမ်းဆီးရန် မဝံ့ရဲကြပေ။ အထူးသဖြင့် သူမသည် သူပုန်များအတွက် စိတ်ဓာတ်ရေးရာ ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ပြီး ပြည်သူအများက သူမကို နတ်ဘုရားမတစ်ပါးကဲ့သို့ ကိုးကွယ်နေကြသည်ကို သိလိုက်ရသောအခါ သူမမှာ ရယ်ရခက် ငိုရခက်ပင် ဖြစ်သွားရသည်။
ထိုစဉ် တစ်စုံတစ်ယောက်က သူမ၏ အင်္ကျီစကို ဆွဲလိုက်သည်။
ငုံ့ကြည့်လိုက်သောအခါ အသက် ၇ နှစ်ခန့်သာရှိမည့် မိန်းကလေးငယ်လေးတစ်ဦးကို တွေ့လိုက်ရသည်။ ကလေးမလေးမှာ ဖုန်များ ပေကျစ်နေပြီး အဝတ်အစားများမှာလည်း ဖာထေးရာများဖြင့် ပြည့်နေသည်။ အာဟာရချို့တဲ့မှုကြောင့် ဆံပင်များမှာ အဝါရောင်သန်းနေသော်လည်း ဝိုင်းစက်နေသော မျက်ဝန်းကြီးများမှာမူ တောက်ပနေဆဲပင်။
“မမ... မမက မိုယုယန်လားဟင်” ဟု ကလေးမလေးက တိုးတိုးလေး မေးလိုက်သည်။
မိုယုယန်က ဆောင့်ကြောင့်ထိုင်ချလိုက်ကာ သူမ၏ မျက်နှာဖုံးပုဝါကို မပြီး - “ညီမလေးက မမကို ဘယ်လိုသိတာလဲ” ဟု သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ဝါး... မမက တကယ်ကြီး မိုယုယန်ပဲ” ကလေးမလေးမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။
“ကလေးရဲ့ စကားအရဆိုရင် မမမှန်း အစက မသေချာဘူးပေါ့လေ”
ကလေးမလေးက လေသံကို လျှော့ကာ - “ကျွန်မက မမနဲ့ ဆင်တူတဲ့သူ မြင်တိုင်း လိုက်မေးနေတာပါ။ တွေ့ရင်လည်း ကံကောင်းတာပေါ့၊ မတွေ့ရင်လည်း တွေ့တဲ့အထိ ဆက်ရှာမှာပါ”
မိုယုယန်က ခေါင်းညိတ်လိုက်သည်။ ဤနည်းလမ်းမှာ သမုဒ္ဒရာထဲ အပ်ရှာသကဲ့သို့ပင် ဖြစ်သော်လည်း ယနေ့တွင်မူ ထိုကလေးမလေး ကံကောင်းသွားခဲ့ပြီ ဖြစ်သည်။
“မမမို... ကျွန်မတို့နဲ့ လိုက်ခဲ့ပါဦး။ လူတိုင်းက မမကို လိုက်ရှာနေကြတာ”
“ဘယ်သူတွေက ရှာနေတာလဲ”
“ရောက်ရင် သိပါလိမ့်မယ်”
ကလေးမလေးသည် မိုယုယန်၏ လက်ကို တင်းတင်းဆုပ်ကိုင်ကာ စုတ်ပြတ်နေသော အခန်းပျက်တစ်ခုအတွင်းသို့ တိတ်တဆိတ် ခေါ်ဆောင်သွားသည်။ ထိုအခန်းထောင့်ရှိ ကောက်ရိုးပုံကြီးကို ဖယ်လိုက်သောအခါ မြေအောက်လှိုဏ်ခေါင်းတစ်ခု ပေါ်လာသည်။ လှိုဏ်ခေါင်းအတွင်း၌ ပိန်ချောင်ကာ ညစ်ပတ်ပေရေနေသော လူတစ်စုကို တွေ့လိုက်ရသည်။
“ကြည့်ကြပါဦး... ဘယ်သူ့ကို ခေါ်လာလဲဆိုတာ” ဟု ကလေးမလေးက ဂုဏ်ယူစွာ အော်ပြောလိုက်သည်။
“ဒါ... ဒါက သူရဲကောင်း မိုယုယန်ပဲ”
“သူရဲကောင်းမို ရောက်လာပြီ၊ ငါတို့တော့ အသက်ချမ်းသာရာ ရပြီ”
လူတိုင်းမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားကြသည်။ မိုယုယန်မှာ ကြောင်တောင်တောင် ဖြစ်သွားပြီး - “ရှင်တို့က ဘယ်သူတွေလဲ”
ထိုအခါ လူတိုင်းက မြေကြီးပေါ်တွင် ဒူးထောက်ကာ ဦးတိုက်ကြတော့သည်။
“သူရဲကောင်းမို... ကျွန်တော်တို့ကို ကယ်ပါဦး”
“ကျွန်တော်တို့မှာ ရှေ့ဆက်ဖို့ လမ်းမရှိတော့လို့ပါ”
“သူရဲကောင်းသာ မကယ်ရင် ကျွန်တော်တို့ သေရပါတော့မယ်”
မိုယုယန်သည် ဤကဲ့သို့သော အခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သဖြင့် အနည်းငယ် အနေရခက်သွားကာ - “အားလုံး ထကြပါဦး၊ ဘာဖြစ်တာလဲဆိုတာ ဖြည်းဖြည်းချင်း ပြောကြပါ”
စကားပြောကြည့်ပြီးနောက်မှ ၎င်းတို့သည် ဒေသခံသူပုန်များ ဖြစ်ကြောင်း သူမ သိလိုက်ရသည်။ သူပုန်ဟု ဆိုသော်လည်း အမှန်တကယ်မှာ အရေးနိမ့်ခဲ့ရသော လယ်သမားတစ်စုသာ ဖြစ်သည်။ ၎င်းတို့သည် စစ်တပ်၏ လက်စားချေမှုကို ကြောက်သဖြင့် မြေအောက်တွင် ပုန်းအောင်းကာ အသက်ဆက်နေကြရခြင်း ဖြစ်သည်။
၎င်းတို့သည် လက်တုံ့ပြန်ရန် အင်အားမရှိသဖြင့် မိုယုယန်ကို မျှော်လင့်ချက်အဖြစ် ထားရှိကာ ကလေးငယ်များကို စေလွှတ်၍ ရှာခိုင်းခဲ့ခြင်း ဖြစ်သည်။ ကလေးငယ်များမှာ သံသယဖြစ်စရာမရှိသဖြင့် စစ်တပ်ကလည်း ယခုထက်တိုင် မရိပ်မိခဲ့ပေ။
သူတို့၏ မျှော်လင့်ချက်အပြည့်ရှိသော မျက်ဝန်းများကို ကြည့်ရင်း မိုယုယန်၏ ရင်ထဲတွင် ခံစားချက်ပေါင်းစုံက ဖြစ်ပေါ်လာခဲ့သည်။ အမှန်အတိုင်းပြောရလျှင် သူမသည် ကလဲ့စားချေရန်အတွက်သာ ရည်ရွယ်ခဲ့ပြီး ပြည်သူတို့၏ မျှော်လင့်ချက်ကို ထမ်းပိုးရန် တစ်ခါမျှ မစဉ်းစားခဲ့ဖူးပေ။ သို့သော် ယခုမူ သူမ၏ စိတ်နှလုံးမှာ လှုပ်ခတ်သွားခဲ့ပြီ ဖြစ်သည်။
ဆိုရိုးစကားရှိသည် မဟုတ်ပါလား... “ခွန်အားကြီးမားသူတို့ ထမ်းဆောင်ရမည့် တာဝန်ကလည်း ကြီးမားလှသည်”
အကယ်၍ သူမတွင် ခွန်အားမရှိလျှင် တစ်မျိုးဖြစ်သော်လည်း ယခုမူ သူမတွင် ထူးခြားသော သိုင်းပညာများ ရှိနေပြီ ဖြစ်သဖြင့် ကလဲ့စားချေရင်းနှင့်ပင် ပြည်သူတို့အတွက် တစ်ခုခု လုပ်ပေးနိုင်မည်ဟု ခံစားလိုက်ရသည်။
“ကောင်းပြီ၊ ကျွန်မတို့ အတူတူ ပြန်ပြီး တိုက်ပွဲဝင်ကြမယ်။ ဒီတစ်ခါတော့ မဟာလော့ကို အဆုံးတိုင် ဖြိုလှဲပြီး ဘဝသစ်ကို တည်ဆောက်ကြမယ်” ဟု မိုယုယန်က ကတိပေးလိုက်သည်။
ထိုညမှာပင် မိုယုယန်သည် ဒေသခံအရာရှိရုံးအတွင်းသို့ တစ်ကိုယ်တော် ဝင်ရောက်ကာ တွေ့သမျှလူ အကုန် သုတ်သင်လိုက်သည်။ ထို့နောက် စပါးကျီကို စောင့်ကြပ်နေသော စစ်သားများကို သတ်ဖြတ်ကာ သူပုန်များကို ရိက္ခာများ ပေးဝေလိုက်သည်။
“ရိက္ခာတွေ ရပြီ”
“နောက်ဆုံးတော့ ငါတို့ ထမင်းစားရပြီ၊ ကျေးဇူးတင်ပါတယ် သူရဲကောင်းမို”
ဤနေရာတွင် အခြေအနေများ တည်ငြိမ်သွားသောအခါ မိုယုယန်သည် နောက်ထပ် မြို့တစ်မြို့သို့ ဆက်လက်ထွက်ခွာခဲ့သည်။ သူမသည် မြို့တိုင်းရှိ သူပုန်များနှင့် ဆက်သွယ်ကာ အရာရှိများနှင့် စစ်သားများကို သုတ်သင်၍ ပြည်သူတို့အတွက် ရိက္ခာများ သိမ်းပိုက်ပေးခဲ့သည်။
မိုယုယန်၏ လျင်မြန်သော လှုပ်ရှားမှုများကြောင့် မဟာလော့နိုင်ငံကြီးမှာ တစ်ကျော့ပြန် ဆူပူသောင်းကျန်းမှုများဖြင့် ထပ်မံ ရုန်းရင်းဆန်ခတ် ဖြစ်သွားရလေတော့သည်။
အပိုင်း (၄၃၄)
မဟာလော့ နန်းတော်အတွင်း၌ သတင်းစကားကို ကြားသိလိုက်ရသောအခါ မဟာလော့ဧကရာဇ်သည် ဒေါသအလိပ်လိုက် ထွက်လာပြန်လေသည်။
“အဲ့ဒီ မိစ္ဆာမကတော့ ငါ့နိုင်ငံကို ထပ်ပြီး ဆူပူအောင် လုပ်နေပြန်ပြီ။ အခြေအနေတွေက အခုမှ တည်ငြိမ်ခါစ ရှိသေးတာကို အကုန်လုံး ဖရိုဖရဲ ဖြစ်ကုန်ပြီ။ တာအိုဆရာကြီး... လောကကြီး ငြိမ်းချမ်းသွားအောင် တာအိုဂိုဏ်းကိုယ်စား တစ်ခါလောက် ထပ်ပြီး ကူညီပေးပါဦး”
တာအိုဆရာကြီး ယွီရွှီကလည်း ဒေါသတကြီးဖြင့် - “အဲ့ဒီမိန်းမက တကယ်ကို မောက်မာလွန်းတယ်။ ငါတို့ တာအိုဂိုဏ်းကို လုံးဝ အရေးမစိုက်တာပဲ။ အရှင်မင်းကြီး စိတ်မပူပါနဲ့။ သူ့ကို ရှင်းလင်းဖို့ ကျွန်ုပ်ရဲ့ စီနီယာအစ်ကိုကို အကူအညီ တောင်းထားပြီးပါပြီ”
“တာအိုဆရာကြီးယွီရွှီ... တခြား ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ယောက်ကိုများ ထပ်ခေါ်လို့ မရဘူးလား။ စီနီယာအစ်ကိုရဲ့ ခွန်အားကို အထင်သေးလို့တော့ မဟုတ်ပေမဲ့ တစ်ဖက်လူရဲ့ ကိုယ်ဖော့သိုင်းပညာက အရမ်းထူးခြားလွန်းတယ်။ အကယ်လို့ သူမကို မမှီရင် ဘယ်လိုမှ နှိမ်နင်းလို့ ရမှာမဟုတ်ဘူး” ဟု မဟာလော့ဧကရာဇ်က သူ၏ စိုးရိမ်မှုကို ပြောပြလိုက်သည်။
ယခင်ကလည်း မိုယုယန်ကို သတ်ရန်အတွက် ယွီရွှီ၏ စီနီယာအစ်ကိုဖြစ်သူ တာအိုဆရာကြီး ယွီမင်ကို စေလွှတ်ခဲ့ဖူးသည်။ သို့သော် သူမက အလွန် လျင်မြန်သဖြင့် ဖမ်းမမိခဲ့ပေ။ ထို့ကြောင့် ယခုတစ်ကြိမ်တွင် အမှားအယွင်း မရှိစေရန် အခြားလူကို လဲလှယ်စေလွှတ်လိုခြင်း ဖြစ်သည်။
“အရှင်မင်းကြီး စိတ်အေးအေးထားပါ”
တာအိုဆရာကြီး ယွီရွှီက ရယ်မောရင်း - “ပြီးခဲ့တဲ့တစ်ခေါက်က အရှုံးကနေ သင်ခန်းစာယူပြီး ကျွန်ုပ်ရဲ့ စီနီယာအစ်ကိုဟာ ထူးခြားတဲ့ ကိုယ်ဖော့ပညာတစ်ခုကို လေ့ကျင့်အောင်မြင်ထားပါတယ်။ အခုဆိုရင် တစ်နေ့ကို မိုင်ပေါင်းထောင်ချီ ခရီးနှင်နိုင်ပြီမို့ ဒီတစ်ခါတော့ အဲ့ဒီမိန်းမ ဘယ်လိုမှ လွတ်နိုင်မှာ မဟုတ်ပါဘူး”
“ဒါဆိုရင်တော့ အတော်ပဲ” မဟာလော့ဧကရာဇ်မှာ ဝမ်းသာအားရ ဖြစ်သွားတော့သည်။
......
သုံးရက်အကြာတွင် တာအိုဆရာကြီး ယွီမင်သည် မိုယုယန်၏ လမ်းကို နောက်တစ်ကြိမ် ပိတ်ဆို့လိုက်ပြန်သည်။
“မိစ္ဆာမ... ဒီတစ်ခါတော့ မင်းကို အလွတ်မပေးတော့ဘူး”
“ဟုတ်လို့လား”
မိုယုယန်က သူမ၏ ဓားပေါ်မှ သွေးစများကို အေးဆေးစွာ ခါထုတ်ကာ ဓားအိမ်ထဲ ပြန်ထည့်လိုက်ရင်း - “အတော်ပဲ... ကျွန်မလည်း တာအိုဆရာကြီးရဲ့ အစွမ်းကို သုံးပြီး ကျွန်မရဲ့ ဓားသွားကို သွေးချင်နေတာနဲ့ အတော်ဖြစ်သွားတာပေါ့”
“မောက်မာလိုက်တဲ့ ကလေးမ” အဘိုးအို တာအိုဆရာကြီးက နှာခေါင်းရှုံ့ကာ မထေမဲ့မြင် ပြုလိုက်သည်။
သူ့လို ကောင်းကင်အဆင့် သိုင်းပညာရှင်ကို ဓားသွေးကျောက်အဖြစ် သုံးမည်တဲ့လား။ မိုယုယန်သည် သူမကိုယ်သူမ ဘယ်လောက်အဆင့်ရှိမှန်း မသိဘဲ တကယ်ပင် အတင့်ရဲနေခြင်း ဖြစ်သည်။
“စကားတွေ အများကြီး ပြောမနေနဲ့တော့... ကျွန်မရဲ့ ဓားတစ်ချက်ကို ခံနိုင်ရည်ရှိမရှိ ကြည့်လိုက်ကြတာပေါ့”
မိုယုယန်က ခပ်တိုးတိုး အော်ဟစ်လိုက်သည် - “ကောင်းကင်သတ် ဓားထုတ်သိုင်း”
ဓားအိမ်အတွင်းမှ လခြမ်းကွေးသဏ္ဌာန် ဓားအလင်းတန်းတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။ ပေနှစ်ရာကျော် ရှည်လျားသော ထိုဓားအလင်းတန်းသည် တာအိုဆရာကြီး၏ ရှေ့မှောက်သို့ တဟုန်ထိုး ရောက်ရှိသွားသည်။
တာအိုဆရာကြီးမှာ အလွန်ပင် တုန်လှုပ်သွားခဲ့သည်။ ဤဓားချက်၏ စွမ်းအားမှာ ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦး၏ တိုက်ခိုက်မှုနှင့်ပင် တူနေသည်။ သူသည် ထိုသို့ မမျှော်လင့်ထားခဲ့သဖြင့် လက်နှစ်ဖက်ကို မြှောက်ကာ ခုခံလိုက်ရသည်။
ကောင်းကင်အဆင့် သိုင်းပညာရှင်ဆိုသည်မှာ အမှန်ပင် ကောင်းကင်အဆင့်ပင် ဖြစ်သည်။ သူ ပြင်ဆင်မထားသော်လည်း ထိုဓားချက်ကို တားဆီးနိုင်ခဲ့သည်။ သို့သော် သူ၏ တာအိုဝတ်စုံမှာမူ ဖရိုဖရဲ စုတ်ပြတ်သွားကာ သူတောင်းစားတစ်ဦးနှင့်ပင် တူသွားတော့သည်။ ထို့အပြင် ဓားချီကြောင့် သူ၏ လက်တွင်လည်း သွေးများ စီးကျလာခဲ့သည်။
စုတ်ပြတ်သွားသော သူ၏ ဝတ်စုံနှင့် လက်ရှိဒဏ်ရာကို ကြည့်ကာ သူ၏ သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲလာသည်။
“နှစ်လအတွင်းမှာ မင်းရဲ့ သိုင်းပညာက ကောင်းကင်အဆင့်ရဲ့ အကန့်အသတ်ကိုတောင် ချိုးဖျက်နိုင်လောက်အောင် တိုးတက်လာတာပဲ။ မင်းကို အသက်ရှင်ခွင့် ပေးထားလို့ မဖြစ်တော့ဘူး”
“အရင်ကလည်း ရှင်က ကျွန်မကို လွှတ်ပေးခဲ့တာမှ မဟုတ်တာ”
မိုယုယန်က နှာခေါင်းရှုံ့လိုက်ရင်း - “နောက်ထပ် ဓားတစ်ချက်ကို ခံစားကြည့်လိုက်ဦး”
ပြောပြောဆိုဆိုနှင့်ပင် ဓားအလင်းတန်းများ ထပ်မံ ထွက်ပေါ်လာပြန်သည်။ တာအိုဆရာကြီးသည်လည်း မပေါ့ဆရဲတော့ဘဲ တာအိုဂိုဏ်း၏ အမြင့်ဆုံး သိုင်းပညာကို ထုတ်ဖော်လိုက်တော့သည်။
“မိစ္ဆာမ... သေပေတော့”
ထို့နောက် သူတို့နှစ်ဦးကြားတွင် ပြင်းထန်သော တိုက်ပွဲကြီး စတင်တော့သည်။ မြေမှုန်များ ဝေကာ၊ ဓားချီများ ယှက်သန်းနေပြီး ကောင်းကင်နှင့် မြေကြီးပင် အရောင်ပြောင်းသွားသကဲ့သို့ ခံစားရစေခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အကွက်ပေါင်းများစွာ အပြန်အလှန် ဖလှယ်ပြီးသွားပြီ ဖြစ်သည်။
တိုက်ခိုက်နေရင်းနှင့် တာအိုဆရာကြီးမှာ ပို၍ ထိတ်လန့်လာခဲ့သည်။ ရှေ့မှ မိန်းကလေး၏ အစွမ်းက သူ ထင်ထားသည်ထက် များစွာ သာလွန်နေလေသည်။
ပြီးခဲ့သည့်အကြိမ်က သူမသည် သာမန် အင်ပါယာချီအဆင့်မျှသာ ရှိသေးပြီး သူနှင့် ထိပ်တိုက် ရင်မဆိုင်ရဲဘဲ ထွက်ပြေးခဲ့ရသူ ဖြစ်သည်။ သို့သော် ယခုမူ သူမ၏ ခွန်အားမှာ အင်ပါယာချီအဆင့်၏ အထွတ်အထိပ်သို့ ရောက်နေသည့်အပြင် ကောင်းကင်အဆင့်နှင့် တစ်ပိုင်းတစ်စ ရင်ဘောင်တန်းနိုင်သည့် အစွမ်းမျိုး ရှိနေသည်။
အဆိုးဆုံးမှာ ထိုမိန်းကလေး၏ လက်ထဲတွင် အလွန်ထက်မြက်သည့် နတ်ဘုရားဓားတစ်လက် ရှိနေခြင်းပင် ဖြစ်သည်။ ထိုဓားသည် သူ၏ ခုခံမှုကို အလွယ်တကူ ဖောက်ထွက်နိုင်သဖြင့် သူသည် တိုက်ခိုက်မှုအချို့ကို ထိပ်တိုက်မရင်ဆိုင်ရဲဘဲ ရှောင်ကွင်းနေရသည်။
မိုယုယန်မှာမူ တိုက်လေလေ ပို၍ စိတ်လှုပ်ရှားလေ ဖြစ်နေသည်။ ယခင်က ကောင်းကင်အဆင့် သိုင်းပညာရှင်ကို မြင်လျှင် ထွက်ပြေးရသူဖြစ်သော်လည်း ယခုမူ ရင်ဘောင်တန်း တိုက်ခိုက်နိုင်နေပြီ မဟုတ်ပါလား။
သူမ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ ကောင်းကင်အဆင့် ဆိုတာကလည်း မနိုင်နိုင်စရာ မရှိပါတကား။
ထိုအချိန်မှပင် လျှို့ဝှက်ဆန်းပြားသော စီနီယာကြီးသည် သူမကို အဘယ်ကြောင့် ကောင်းကင်အဆင့် သိုင်းပညာရှင်နှင့် တိုက်ခိုက်ခိုင်းသည်ကို နားလည်သွားတော့သည်။ ၎င်းမှာ တိုက်ခိုက်မှုစွမ်းရည် တိုးတက်ရန်သာမက သူမကိုယ်သူမ ယုံကြည်မှု ရှိလာစေရန်လည်း ဖြစ်သည်။
‘အခု ရှင့်ကို မနိုင်သေးပေမဲ့ နောက်ဆိုရင်တော့ ရှင့်ကို သေချာပေါက် အလဲထိုးနိုင်ရမယ်။ ရှင်လည်း လူ၊ ကျွန်မလည်း လူပဲ... ရှင်က ကောင်းကင်အဆင့် ဖြစ်နိုင်ရင် ကျွန်မလည်း ဖြစ်နိုင်တာပဲ’
သို့သော် အကွက် ၂၀ ခန့် ရောက်သောအခါ မိုယုယန် အနည်းငယ် မောဟိုက်လာသည်။ နတ်ဘုရားလက်နက်ကို အသုံးပြုရခြင်းမှာ အားအင်ကုန်ခမ်းလွန်းလှပြီး သူမ၏ ကျင့်စဉ်အဆင့်ကလည်း လုံလောက်စွာ မမြင့်မားသေးပေ။
ထို့ကြောင့် သူမက လှောင်ပြောင်လိုက်သည် - “ဒီအဘိုးကြီး... ကျွန်မလို အောက်ခြေအဆင့် သိုင်းသမားလေးကိုတောင် မနိုင်ဘူး။ ရှင့်ရဲ့ ကောင်းကင်အဆင့် ဘွဲ့ထူးက နာမည်ကြီးပြီး အနှစ်မရှိတာပဲ ဖြစ်ရမယ်”
တာအိုဆရာကြီးမှာ အရှက်ရော ဒေါသပါ ဖြစ်သွားကာ - “မိစ္ဆာမ... လျှောက်မပြောနဲ့။ မင်းမှာရှိတဲ့ လက်နက်ကို အားမကိုးရင် ငါ မင်းကို မနိုင်ဘဲ နေမလား။ သတ္တိရှိရင် လက်နက်ကို ချထားပြီး မပြေးဘဲ ရင်ဆိုင်ရဲသလား ”
“လက်နက်ဆိုတာလည်း ကိုယ့်အစွမ်းပဲလေ။ ရှင်ကရော ကျင့်စဉ်အဆင့် မြင့်တာကို အားကိုးပြီး ကျွန်မကို အနိုင်ကျင့်နေတာ မဟုတ်ဘူးလား။ သတ္တိရှိရင် ကောင်းကင်အဆင့် စွမ်းအားကို မသုံးဘဲ ကျွန်မနဲ့ အကွက် ၃၀၀ လောက် ယှဉ်တိုက်ကြည့်ပါလား”
တာအိုဆရာကြီးမှာ စိတ်တိုလွန်းသဖြင့် - “မင်း... မင်းကတော့ အကျိုးအကြောင်းမရှိ ပြောနေတာပဲ။ ငါ မင်းနဲ့ စကားမပြောချင်တော့ဘူး”
မိုယုယန်က အော်ဟစ်လိုက်သည် - “အဘိုးကြီး... ပြင်ထားပေတော့။ ကျွန်မရဲ့ နောက်ဆုံးသတ်ကွက်ကို သုံးတော့မယ်။ ဒါက အခုမှ အသစ်စက်စက် လေ့ကျင့်ထားတဲ့ ‘မြေကမ္ဘာ တစ်ခွင်လုံးမှာ ငါ့ဓားသာ အမြင့်ဆုံး’ ဆိုတဲ့ သိုင်းကွက်ပဲ။ ဒီတစ်ချက်နဲ့ပဲ ရှုံးရှုံးနိုင်နိုင်၊ သေသေရှင်ရှင် ဆုံးဖြတ်လိုက်ကြရအောင်”
တာအိုဆရာကြီးမှာ ထိတ်လန့်သွားပြီး ထိုသိုင်းကွက်၏ အရှိန်အဝါက ထူးခြားလှသည်ဟု ခံစားလိုက်ရသည်။ သူသည် မပေါ့ဆရဲဘဲ အနောက်သို့ ပေအနည်းငယ် ဆုတ်ခွာကာ အစွမ်းကုန် ခုခံရန် ပြင်ဆင်လိုက်သည်။
သို့သော် ထိုအချိန်တွင် မိုယုယန်မှာ အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားလေတော့သည်။
တာအိုဆရာကြီး : “...”
ခေတ္တအကြာတွင်မှ တာအိုဆရာကြီး သတိဝင်လာပြီး နောက်က လိုက်လေတော့သည်။
“မပြေးနဲ့... ပြန်လာခဲ့”
မိုယုယန်က ပြေးရင်းနှင့် ရယ်မောကာ - “မနိုင်ရင် ပြေးမှာပေါ့... ဘယ်သူက အရူးလိုမျိုး ရပ်စောင့်နေမှာလဲ”
“ဒီတစ်ခါတော့ မင်း မလွတ်စေရဘူး”
တာအိုဆရာကြီးက အော်ဟစ်ကာ - “ငါက တာအိုဂိုဏ်းရဲ့ ထိပ်တန်းကိုယ်ဖော့ပညာကို တတ်ထားတာ။ တစ်နေ့ကို မိုင်ပေါင်းထောင်ချီ ခရီးနှင်နိုင်တာမို့ မင်း ငါ့လက်က လွတ်မှာမဟုတ်ဘူး”
“ဟွန်း... လက်တွေ့ကျကျ ကြည့်ကြတာပေါ့” မိုယုယန်က သူမ၏ အရှိန်ကို ထပ်မြှင့်လိုက်သည်။
ကိုယ်ဖော့ပညာ လေ့ကျင့်ထားသော တာအိုဆရာကြီးသည် အမှန်တကယ်ပင် တိုးတက်လာသည်ဟု ဆိုရပေမည်။ ယခင်က မိုင် ၃၀၀ ခန့် လိုက်ပြီးလျှင် သူမကို မျက်ခြေ ပြတ်သွားလေ့ ရှိသော်လည်း ယခုမူ မိုင် ၆၀၀ ကျော်အထိ လိုက်နိုင်ခဲ့သည်။ သို့သော် နောက်ဆုံးတွင်တော့ သူမကို မျက်ခြေပြတ်သွားခဲ့ပြန်သည်။
လွတ်မြောက်သွားပြီးနောက် မိုယုယန်သည် ‘တိုက်ခိုက်ပြီးလျှင် ပြေးခြင်း’ ဟူသော နည်းဗျူဟာကို အသုံးပြုနေဆဲပဲဖြစ်သည်။ မြို့တစ်မြို့တွင် အရာရှိတစ်ဦးကို သတ်ဖြတ်ပြီးနောက် မိုင်ရာနှင့်ချီ ဝေးသော တခြားမြို့တစ်မြို့သို့ ရုတ်တရက် ရွှေ့ပြောင်းကာ သုတ်သင်မှုများကို ဆက်လုပ်သဖြင့် တာအိုဆရာကြီးမှာ လိုက်ရလွန်း၍ လူရယ်စရာ ဖြစ်နေတော့သည်။
သတ်ဖြတ်မှုများ များပြားလာသည်နှင့်အမျှ မဟာလော့အင်ပါယာသည် ဒေသအသီးသီးကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ နိုင်ငံတစ်ဝန်းလုံးတွင် ပုန်ကန်မှုများ တစ်ကျော့ပြန် ဖြစ်ပွားလာခဲ့သည်။ နန်းတော်အတွင်းရှိ မဟာလော့ဧကရာဇ်မှာမူ ဒေါသများ ပေါက်ကွဲနေသော်လည်း ဘာမှမတတ်နိုင်ဘဲ ဖြစ်နေလေသည်။