← Chapters

အခန်း (၄၃၅-၄၃၆)

Vol. 40 Ch. 435-436

အခန်း (၄၃၅-၄၃၆)

Vol. 40 Ch. 435-436

အပိုင်း (၄၃၅)

မျက်တောင်တစ်ခတ်အတွင်းမှာပင် လဝက်ခန့်လောက်က လျှင်မြန်စွာပဲ ကုန်လွန်သွားခဲ့လေပြီ။

ဒီရက်ပိုင်းအတွင်းမှာ မိုယုယန်ဟာ သူမရဲ့ သိုင်းပညာ တိုးတက်ဖို့အတွက် သတ်ဖြတ်ခြင်းနဲ့ မီးရှို့ဖျက်ဆီးခြင်းတွေကိုသာ တစိုက်မတ်မတ် လုပ်ဆောင်နေခဲ့သည်။ တာအိုဆရာကြီး ယွီမင်နဲ့ အကြိမ်ကြိမ် ရင်ဆိုင်တွေ့ပြီးနောက်မှာတော့ သူမရဲ့ ခွန်အားဟာ အရင်ကထက် ပိုမို တိုးတက်လာခဲ့သည်။

ယခုဆိုလျှင် မြို့တော်ဆီကနေ အတိုးအချို့ သွားရောက် တောင်းခံရန် အချိန်တန်ပြီဟု သူမ ခံစားလိုက်ရသည်။ သူမသည် နန်းတော်သို့ ရောက်ရှိလာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။

“မဟာလော့ရဲ့ ခွေးဧကရာဇ်... အပြင်ထွက်ခဲ့စမ်း။ ရှင့်ရဲ့ သေနေ့က ရောက်လာပြီ”

ထိုအသံမှာ မြို့တစ်ပြင်လုံးသို့ ချက်ချင်း ပျံ့နှံ့သွားပြီး လူတိုင်း ထိတ်လန့် တုန်လှုပ်ကုန်ကြသည်။

“မိုယုယန် လာနေပြီဟေ့”

“ဒီမိစ္ဆာမက တကယ် ကြောက်စရာကောင်းတာပဲ... အသက်ရှင်ချင်သေးရင် ပြေးကြတော့”

တာအိုဆရာကြီး ယွီရွှီသည် နန်းဆောင်အတွင်းမှ ထွက်လာပြီး မိုယုယန်ကို မြင်သောအခါ ဒေါသတကြီးဖြင့် - “မိစ္ဆာမ... မင်းက ငါတို့ဆီကို တစ်ခါ ထပ်ပြီး လာဆူပူရဲသေးတယ်ပေါ့လေ”

မိုယုယန်က မထေမဲ့မြင် ပြုလျက် - “ကျွန်မက ဘာလို့ မလာရဲရမှာလဲ။ အရင်က လက်ဝါးချက်တစ်ချက်ရဲ့ ရန်ကြွေးကို ကျွန်မ ဘယ်တော့မှ မမေ့ဘူး။ ဒီနေ့ ကျွန်မ လာတာ ရှင့်အတွက်ပဲ”

“ကောင်းပြီလေ...”

တာအိုဆရာကြီး ယွီရွှီမှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရင်နေပြီး - “အရင်တုန်းက မင်းရဲ့ အလောင်းကို အကောင်းပကတိအတိုင်း ထားခဲ့ဖို့ကို ငါ သဘောထား ပျော့ပျောင်းခဲ့မိတယ်။ မင်း အသက်ရှင်နေပြီး ငါ့ကို အခုလို ပြဿနာတွေ ပြန်ပေးလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ တကယ် နောင်တရမိတယ်... ဒီနေ့တော့ မင်းကို သေချာပေါက် အပြတ်ရှင်းပစ်မယ်”

“စကားတွေ အများကြီး ပြောမနေနဲ့တော့... ကောင်းကင်သတ် ဓားထုတ်သိုင်း” မိုယုယန်က ပြင်းထန်သော ဓားချက်တစ်ချက်ကို ထုတ်ဖော်လိုက်သည်။

အဘိုးအို တာအိုဆရာကြီးက ထိုဓားချက်ကို ရှောင်တိမ်းလိုက်သော်လည်း သူ၏ နောက်ကွယ်မှ နန်းဆောင်မှာမူ အပိုင်းပိုင်းအပြတ်ပြတ် ကွဲကြေသွားခဲ့သည်။ ပျက်စီးသွားသော နန်းဆောင်ကို ကြည့်ကာ တာအိုဆရာကြီးက မျက်မှောင်ကြုတ်ရင်း - “မြို့ပြင်ထွက်ပြီး တိုက်ကြရအောင်”

“မရဘူး... ဒီမှာပဲ တိုက်မယ်” မိုယုယန်က နောက်ထပ် ဓားတစ်ချက် ထပ်မံ ထုတ်လိုက်ပြန်သည်။

“ချွမ်း”

“ဝုန်း”

နောက်ထပ် နန်းဆောင်တစ်ခု ထပ်မံ ပျက်စီးသွားခဲ့ပြန်သည်။ တာအိုဆရာကြီးမှာ တစ်ဖက်လူသည် မသမာသော စိတ်ထားဖြင့် ဖျက်ဆီးရန် သက်သက် ရည်ရွယ်လာခြင်း ဖြစ်ကြောင်း သတိထားမိလိုက်သည်။ ထို့နောက် သူတို့နှစ်ဦးသည် နန်းတော်ကို စစ်တလင်းအဖြစ် အသုံးပြုကာ တိုက်ပွဲ စတင်ကြတော့သည်။

“ဝုန်း... ဝုန်း”

မိုယုယန်၏ ဓားချက်တစ်ခုစီ တိုင်းမှာ နန်းဆောင်တစ်ခုစီ ပျက်စီးသွားစေခဲ့သည်။ သူမသည် ကလဲ့စားချေရန် လာခြင်းထက် အဆောက်အအုံတွေကို လာရောက် ဖျက်ဆီးနေသကဲ့သို့ပင်။ တာအိုဆရာကြီးမှာ သူမကို တားဆီးချင်သော်လည်း အင်အားချင်း မမျှသဖြင့် ဘာမှ မတတ်နိုင် ဖြစ်နေရသည်။

အကွက်ပေါင်း ၃၀ ခန့် တိုက်ခိုက်ပြီးနောက် နန်းတော်မှာ လုံးဝ ပြာပုံဖြစ်သွားကာ မိုယုယန်မှာ အလွန်ပင် ကျေနပ်သွားတော့သည်။ သူမက အော်ဟစ်လိုက်သည် - “နံစော်နေတဲ့ အဘိုးကြီး... ဒီနေ့တော့ ဒီမှာပဲ တော်ကြဦးစို့။ နောက်နေ့မှ ထပ်တိုက်ကြတာပေါ့”

ထို့နောက် ကိုယ်ဖော့သိုင်းကို အသုံးပြုကာ သူမသည် အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားလေတော့သည်။ တာအိုဆရာကြီး ယွီရွှီက နောက်က လိုက်ချင်သော်လည်း မဟာလော့ဧကရာဇ်၏ ဘေးကင်းရေးကို စိုးရိမ်သဖြင့် ထိုအကြံကို လက်လွှတ်လိုက်ရသည်။

လက်ဖက်ရည်တစ်ခွက် သောက်စာခန့် အချိန်ကြာပြီးနောက်တွင်မှ မဟာလော့ဧကရာဇ်သည် ဘေးကင်းရာ နေရာတစ်ခုမှ ထွက်လာခဲ့သည်။ မမှတ်မိနိုင်တော့လောက်အောင် ပျက်စီးနေသော နန်းတော်ကို ကြည့်ကာ သူသည် ဒေါသကြောင့် တုန်ရင်လျက် သွေးတစ်လုပ် အန်ထုတ်လိုက်ပြီး နာကျည်းစွာ အော်ဟစ်လိုက်တော့သည်။

“မိုယုယန်... မင်းနဲ့ ငါနဲ့ကတော့ ဘယ်တော့မှ မပြေလည်နိုင်တဲ့ ရန်သူတွေပဲ”

ဤတိုက်ပွဲသတင်းသည် တစ်နိုင်ငံလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး မဟာလော့နိုင်ငံနှင့် တာအိုဂိုဏ်းတို့မှာ တစ်လောကလုံး၏ လှောင်ပြောင်စရာ ဖြစ်သွားတော့သည်။

“သူရဲကောင်းမိုရဲ့ လုပ်ရပ်က တကယ်ကို ကျေနပ်စရာပဲ”

“သူမက မဟာလော့ အရာရှိတွေကို သတ်ရုံတင်မကဘဲ နန်းတော်ကိုပါ ဖျက်ဆီးပစ်လိုက်တာပဲ။ မဟာလော့ဧကရာဇ်နဲ့ တာအိုဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို နင်းခြေလိုက်တာပဲ”

“လောကမှာရှိတဲ့ အမျိုးသမီးတွေထဲမှာ မိုယုယန် တစ်ယောက်ပဲ စစ်မှန်တဲ့ သူရဲကောင်းလို့ ခေါ်ထိုက်တယ်”

“ကျွန်တော် ပြောချင်တာကတော့... သူရဲကောင်းမိုက တကယ်ကို အစွမ်းထက်တာပဲ”

.........

မဟာရှနိုင်ငံ နန်းတော်အတွင်းမှာတော့ ယောင်ယောင်က လင်းပိုင်ဖန်နဲ့ ဒီအကြောင်းကို ဆွေးနွေးနေကြသည်။

“တာအိုဂိုဏ်းကတော့ နောက်တစ်ခါ အထိနာပြန်ပြီ”

ယောင်ယောင်မှာ ဝမ်းသာအားရဖြင့် - “သူတို့ ရွေးချယ်ထားတဲ့ နိုင်ငံက ဒီမိန်းကလေး လက်ထဲမှာတင် နှစ်ခါတောင် ပျက်စီးသွားပြီ။ ဒီလောက် ကြီးကျယ်တဲ့ တာအိုဂိုဏ်းကြီးက မိန်းကလေးတစ်ယောက်ရဲ့ လက်ထဲမှာ အရှက်ကွဲနေခဲ့ရတယ်...။ ဒါက နှစ်တစ်ရာမှာ တစ်ခါတောင် မြင်ရခဲတဲ့ မြင်ကွင်းပဲ။ ငါတို့ မိစ္ဆာဂိုဏ်းကတော့ နောင်မျိုးဆက်တွေ သိအောင် ဒါကို ဂိုဏ်းမှတ်တမ်းထဲမှာ ရေးထိုးထားရမယ်၊ ဟီးဟီး….”

လင်းပိုင်ဖန်က မခံစားနိုင်တော့သလိုဖြင့် - “ဒါတော့ မလုပ်ပါနဲ့လား”

“ဘာဖြစ်လို့လဲ... ရှင်က ဘယ်တုန်းက ဒီလောက် စိတ်ပျော့သွားတာလဲ။ ဟို တာအိုဂိုဏ်းက မိန်းမကို စိုးရိမ်နေတာလား” ယောင်ယောင်မှာ လင်းပိုင်ဖန်ရဲ့ ရင်ဘတ်ကို ပွတ်သပ်ရင်း မေးလိုက်သည်။

“ယောင်ယောင်... မင်း နားလည်မှု လွဲနေပြီ။ ငါ ဆိုလိုတာက ဒီကိစ္စကို မိစ္ဆာဂိုဏ်းသားတွေပဲ သိနေရင် ဘယ်ကောင်းပါ့မလဲ။ တစ်လောကလုံး သိသွားအောင် ဖြန့်ဝေသင့်တယ် မဟုတ်ဘူးလား”

ယောင်ယောင် : “...”

ထိုအချိန်တွင် လင်းပိုင်ဖန်က သူမအနားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောလိုက်သည် - “ငါ ဒီကိစ္စကို ပုံပြင်စာအုပ်အနေနဲ့ ရေးခိုင်းပြီးပြီ။ အလှည့်အပြောင်းတွေ အများကြီးနဲ့ တကယ် စိတ်ဝင်စားဖို့ ကောင်းတာ... မင်း ဖတ်ကြည့်ချင်လား”

ယောင်ယောင် : “... ရှင်ကတော့ တကယ့်ကို လူလည်ပဲ”

စကားဝိုင်းက မိုယုယန်ဆီသို့ ပြန်ရောက်သွားသည်။ ယောင်ယောင်က အထင်ကြီးလေးစားစွာဖြင့် - “မိုယုယန်က တကယ့်ကို ထက်မြက်တဲ့ သူရဲကောင်းပဲ။ တာအိုဂိုဏ်းတစ်ခုလုံးကို တစ်ယောက်တည်း ရင်ဆိုင်ရဲတယ်။ ကျွန်မဘဝမှာ အလေးစားရဆုံး အမျိုးသမီး နှစ်ယောက်ပဲ ရှိတယ်... တစ်ယောက်က ကျွန်မရဲ့ဆရာ၊ နောက်တစ်ယောက်က သူမပဲ။ ဒါပေမဲ့ တာအိုဂိုဏ်းတစ်ခုလုံးကို ရန်စလိုက်တော့ သူမရဲ့ ရှေ့ဆက်ရမယ့် လမ်းတွေက တော်တော် ခက်ခဲတော့မှာပဲ”

“သိပ်ပြီး စိုးရိမ်စရာ မလိုပါဘူး။ သူမက ဒီလို လုပ်ရဲတယ်ဆိုရင် အားကိုးစရာ တစ်ခုခု ရှိလို့နေမှာပေါ့။ ငါတို့ကတော့ ပွဲကြည့်ရုံပဲလေ”

လင်းပိုင်ဖန်က ပြုံးလိုက်ရင်း စိတ်ထဲတွင်တော့ ‘ငါ့ရဲ့ အထောက်အပံ့ ရှိနေသရွေ့ တာအိုဂိုဏ်းတစ်ခုလုံးက သူမကို သတ်ချင်ရင်တောင် သူမ သေမှာ မဟုတ်ဘူး’ ဟု တွေးနေမိသည်။

သူသည် မိုယုယန် ပြန်ရောက်လာမလားဆိုတာကို သိနိုင်ဖို့ အင်ပါယာမြေပုံထဲသို့ အသိစိတ်ဖြင့် ကြည့်လိုက်သည်။ သို့သော် လင်းပိုင်ဖန်မှာ အံ့အားသင့်သွားရသည်။ မိုယုယန်သည် ကျားဖြူတောင်တန်းဆီသို့ မပြန်ဘဲ မဟာရှနိုင်ငံရဲ့ မြို့တော်ဆီသို့ ရောက်ရှိနေသောကြောင့် ဖြစ်သည်။

ယခုအချိန်တွင် မိုယုယန်သည် မြို့တော်၏ လမ်းမများပေါ်တွင် လမ်းလျှောက်နေလေသည်။

......

မူလက သူမသည် မဟာလော့နန်းတော်ကို ဖျက်ဆီးပြီးနောက် သိုင်းပညာ ဆက်လက် လေ့ကျင့်ရန်အတွက် ကျားဖြူတောင်တန်းဆီသို့ ပြန်ရန် ရည်ရွယ်ခဲ့သည်။ သို့သော် သူမအား ကူညီပေးနေသော စီနီယာ မည်သူမည်ဝါဖြစ်ကြောင်းကို တွေးနေမိရင်း သတိမထားမိဘဲ မြို့တော်ဆီသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

‘အဲဒီ စီနီယာကြီးနဲ့ လင်းပိုင်ဖန်ကြားမှာ တစ်ခုခု ဆက်စပ်နေသလိုပဲ။ ဒါမှမဟုတ် သူတို့က တစ်ယောက်တည်းများလား... ဒီတစ်ခေါက်တော့ ငါ တစ်ခုခုကို သိအောင် စုံစမ်းမှရမယ်’

သူမသည် နန်းတော်တံခါးဝသို့ ရောက်ရှိလာပြီး ကျယ်လောင်စွာ အော်လိုက်သည် - “ကျွန်မ မိုယုယန်... မဟာရှဧကရာဇ်နဲ့ တွေ့ခွင့် တောင်းပါတယ်”

ခေတ္တအကြာတွင် သူမအား နန်းတော်အတွင်းသို့ ဝင်ခွင့်ပေးခဲ့ပြီး လင်းပိုင်ဖန်ကို နောက်တစ်ကြိမ် ပြန်တွေ့ခဲ့ရသည်။ လင်းပိုင်ဖန်မှာ အရင်အတိုင်းပင် မပြောင်းလဲသေးဘဲ လူငယ်တစ်ယောက်ကဲ့သို့ ခန့်ညားလျက် ရှိနေပြီး ကျင့်စဉ်အဆင့်ရှိသည့် အရိပ်အယောင်လည်း လုံးဝ မရှိပေ။

သူ၏ အကြည့်များမှာ သူမအား သူစိမ်းတစ်ယောက်ကဲ့သို့ ကြည့်နေသည်။ သို့သော် မိုယုယန်မှာမူ သူ၏ထံမှ ရင်းနှီးနေသော လုံခြုံမှုမျိုးကို ခံစားနေရပြန်သည်။ သူမ၏ အသက် ၃၅ နှစ်အတွင်း ထိုသို့သော လုံခြုံမှုမျိုးကို စီနီယာကြီးထံမှသာ ခံစားဖူးခဲ့ခြင်း ဖြစ်သဖြင့် သူမကို အလွန်ပင် ဆွဲဆောင်နေခဲ့သည်။

ထိုအချိန်တွင် လင်းပိုင်ဖန်က ခန့်ညားတည်ကြည်စွာဖြင့် အော်ဟစ်လိုက်သည် - “မိုယုယန်... မင်းက တကယ် သတ္တိရှိတာပဲ။ မဟာလော့နိုင်ငံတစ်ခုလုံးကို ဖရိုဖရဲ ဖြစ်အောင် လုပ်ပြီးတာတောင် ဒီကို လာရဲသေးတယ်ပေါ့။ မင်းကို ဖမ်းပြီး တာအိုဂိုဏ်းဆီ အပ်လိုက်မှာကို မကြောက်ဘူးလား”

“အရှင်မင်းကြီး... လောကကြီးမှာ လူတိုင်းက ကျွန်မကို ဖမ်းချင်ရင် ဖမ်းလိမ့်မယ်၊ ဒါပေမဲ့ အရှင်မင်းကြီးကတော့ ဖမ်းမှာ မဟုတ်ဘူး” မိုယုယန်က အေးဆေးစွာဖြင့် ပြောလိုက်သည်။

“ဘာလို့ အဲဒီလို ပြောရတာလဲ” လင်းပိုင်ဖန်က မေးလိုက်သည်။

“ဘာလို့လဲဆိုတော့ မဟာရှနဲ့ မဟာလော့က ရန်သူတွေလေ။ ကျွန်မက မဟာလော့မှာ ဆူပူအောင် လုပ်တာက အရှင့်အတွက် ဝမ်းသာစရာပဲ မဟုတ်လား။ ကျွန်မ ရှိနေသရွေ့ မဟာလော့နိုင်ငံက ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ဘူး... ဒါက အမှန်ပဲ မဟုတ်လား” မိုယုယန်က ပြုံးလျက် ပြောလိုက်သည်။

“ပြောတာ ကောင်းပါတယ်။ ဒါပေမဲ့ မင်း ငါ့နယ်မြေထဲ ရောက်လာပြီဆိုရင်တော့ ဒီက စည်းကမ်းတွေကို လိုက်နာရမယ်။ ဘာပြဿနာမှ မရှာနဲ့... အကယ်လို့ မင်းသာ မိုက်မိုက်ကန်းကန်း လုပ်မယ်ဆိုရင်တော့ ငါ မင်းကို ဖမ်းဆီးပြီး အပြစ်ပေးရလိမ့်မယ်” လင်းပိုင်ဖန်က ပြောလိုက်သည်။

“အရှင်မင်းကြီး စိတ်ချပါ... ကျွန်မ မဟာရှရဲ့ စည်းကမ်းတွေကို သေချာပေါက် လိုက်နာပါ့မယ်” မိုယုယန်က ပြန်လည် ဖြေကြားလိုက်သည်။

“ဒါဆိုရင် မင်း ဒီကို လာတဲ့ ရည်ရွယ်ချက်ကို ပြောနိုင်ပြီ”

“ကျွန်မ ဒီကို လာတာက အမြော်အမြင်ရှိပြီး ရဲစွမ်းသတ္တိရှိတဲ့ ဧကရာဇ်ကို တွေ့ချင်ရုံတင် မကပါဘူး။ နောက်ထပ် ရည်ရွယ်ချက် တစ်ခုလည်း ရှိပါသေးတယ်။ ကျွန်မရဲ့ ဓားသိုင်းပညာ ပိုမို ပြောင်မြောက်လာအောင် ဓားအဘိုးအိုနဲ့ ယှဉ်ပြိုင် လေ့ကျင့်ချင်ပါတယ်။ ဒါကို အရှင်မင်းကြီး ခွင့်ပြုပေးဖို့ တောင်းဆိုပါတယ်” မိုယုယန်က ဦးညွှတ်လျက် ပြောလိုက်သည်။

လင်းပိုင်ဖန်က ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်ကာ - “ခွင့်ပြုတယ်။ ဓားအဘိုးအို... အချိန်ရရင် သူမနဲ့အတူ ဓားသိုင်း လေ့ကျင့်ပေးလိုက်ပါဦး”

“ဟုတ်ကဲ့ပါ ဆရာ ” ဓားအဘိုးအိုက ခေါင်းညိတ်ကာ လက်ခံလိုက်သည်။

“ခွင့်ပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး”

အပိုင်း (၄၃၆)

ဓားအဘိုးအိုမှာလည်း အားလပ်နေသဖြင့် မိုယုယန်နှင့် ယှဉ်ပြိုင်ရန် မြို့ပြင်သို့ ထွက်လာခဲ့သည်။

ထိုတိုက်ပွဲမှာ မြေကမ္ဘာတုန်ဟည်းမတတ် ပြင်းထန်လှသည်။ မိုယုယန်သည် သူမ၏ စွမ်းဆောင်နိုင်သမျှ သိုင်းကွက်ပေါင်းများစွာနှင့် နည်းပညာအားလုံးကို ထုတ်သုံးခဲ့သော်လည်း ဓားအဘိုးအိုနှင့် သာတူညီမျှသာ ယှဥ်နိုင်ခဲ့သည်။ အမှန်စင်စစ်ပင် ဓားအဘိုးအိုဘက်ကသာ အလျှော့ပေးထားခြင်း မရှိပါက မိုယုယန်မှာ ရှုံးနိမ့်နေသည်မှာ ကြာလှပြီဖြစ်သည်။

အကွက်ပေါင်း ၅၀၀ ခန့် တိုက်ခိုက်ပြီးနောက်တွင်တော့ မိုယုယန်မှာ အသက်ကို ပြင်းပြင်းရှူရင်း ရပ်တန့်လိုက်ကာ နှုတ်ဆက်ရင်း ပြောလိုက်သည်။

“ စီနီယာ... အခုလို အလျှော့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ဓားအဘိုးအိုက ပြုံးလျက် ခေါင်းညိတ်ပြကာ - “မင်းရဲ့ ဓားသိုင်းက တကယ်ကို ချီးကျူးစရာပဲ။ ငါ့ရဲ့ ခွန်အား ငါးဆယ်ရာခိုင်နှုန်းလောက်အထိ ထုတ်သုံးအောင် မင်းက ဖိအားပေးနိုင်ခဲ့တယ်။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီအဆင့်အထိ ရောက်နေပြီဆိုတော့ နောင်တစ်ချိန်မှာ တကယ့် ကောင်းကင်အဆင့် ဖြစ်လာဖို့ မျှော်လင့်ချက် ရှိတယ်”

“ကျွန်မလည်း အဲဒီလိုပဲ ယုံကြည်ပါတယ်” မိုယုယန်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

ဓားအဘိုးအိုက ကျယ်လောင်စွာ ရယ်မောရင်း ချီးကျူးလိုက်သည်။

“ကောင်းတယ်။ လူငယ်ဆိုတာ ဒီလို စိတ်ဓာတ်မျိုး ရှိရမယ်။ ဒါမှသာ ရှေ့ဆက်ပြီး တိုးတက်မှုတွေ ရှိမှာ”

“ စီနီယာ... ကျွန်မရဲ့ စိတ်ထဲမှာ အမြဲတမ်း သံသယဖြစ်နေတဲ့ အချက်တစ်ခု ရှိနေပါတယ်”

“ဘာမဆို မေးနိုင်ပါတယ်” ဓားအဘိုးအိုက ပြုံးလျက် ပြောလိုက်သည်။ သူ၏ အမူအရာမှာ တည်ငြိမ်အေးဆေးနေပြီး မျိုးဆက်သစ် လူငယ်တွေအပေါ်တွင်လည်း အမြဲတမ်း သဘောထားကြီးတတ်သူ ဖြစ်သည်။

“ကျေးဇူးတင်ပါတယ် စီနီယာ”

မိုယုယန်က စိတ်ထဲမှာ ဝမ်းသာသွားပြီး မေးလိုက်သည်။

“စီနီယာ... သိုင်းလောကထဲမှာ သတင်းတွေ ကြားနေရတာက အရှင်မင်းကြီးက စီနီယာရဲ့ ဆရာဖြစ်ပြီး အရှင်မင်းကြီးရဲ့ လမ်းညွှန်မှုကြောင့်ပဲ စီနီယာက ကောင်းကင်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာလို့ ပြောကြတယ်။ ဒါက တကယ်ပဲလား”

ဓားအဘိုးအိုက ခေါင်းညိတ်ပြရင်း - “ဟုတ်တယ်။ အရှင်မင်းကြီးက ငါ့ရဲ့ ဆရာဖြစ်သလို ငါ့ရဲ့ ကျင့်စဉ်တွေမှာလည်း အမြဲတမ်း လမ်းညွှန်ပေးလေ့ ရှိတယ်”

မိုယုယန်က လျင်မြန်စွာ ထပ်မေးလိုက်သည်။

“ဒါဆို အရှင်မင်းကြီးက သိုင်းပညာ တတ်လား”

ဓားအဘိုးအိုက ခေါင်းခါပြရင်း - “ဟင့်အင်း... မတတ်ဘူး”

မိုယုယန်က ထပ်မံ မေးမြန်းလိုက်ပြန်သည်။

“သိုင်းပညာ မတတ်ဘဲနဲ့ စီနီယာ့ကို ဘယ်လိုများ သင်ပေးတာလဲ”

ဓားအဘိုးအိုက ရယ်မောလိုက်ကာ - “ဆရာ အမြဲတမ်း ပြောလေ့ရှိတယ်။ အရာရာတိုင်းဟာ တာအိုကနေ စတင်ပြီး တာအိုမှာပဲ ဆုံးခန်းတိုင်တယ်လို့ပေါ့။ ဓားကလည်း တာအိုပဲ၊ ဓားမြှောင်ကလည်း တာအိုပဲ၊ ပန်းချီဆွဲတာ ဒါမှမဟုတ် စာရေးတာကအစ တာအိုပဲလေ။ တာအိုတွေအားလုံးက အချင်းချင်း ဆက်စပ်နေကြတာ။ ဒါကြောင့် ဆရာက သိုင်းပညာ မတတ်ပေမဲ့ မြင့်မားတဲ့ ရှုထောင့်ကနေ အရာရာကို နှိုင်းယှဉ်ပြပြီး အမြင်သစ်တွေ ပေးနိုင်တယ်။ ဆရာ့ရဲ့ လမ်းညွှန်မှုတွေကြောင့်ပဲ ငါ အခုလို အဆင့်အထိ ရောက်လာခဲ့တာ”

“ဩော်... ဒီလိုကိုး” မိုယုယန်က အနည်းငယ် စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။

ခေတ္တမျှ စဉ်းစားပြီးနောက် သူမက ထပ်မေးလိုက်ပြန်သည်။

“အရှင်မင်းကြီးက မကြာသေးခင်က အဝေးတစ်နေရာကို ခရီးသွားခဲ့တာမျိုး ရှိလား။ ဥပမာ... ကျားဖြူတောင်တန်းဆီကို သွားခဲ့တာမျိုးပေါ့”

ဓားအဘိုးအိုက သူမကို ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်ကာ - “ဆရာက ဘယ်လိုလုပ်ပြီး အဝေးကြီးကို ခရီးသွားနိုင်မှာလဲ။ သူက နိုင်ငံတစ်ခုရဲ့ အရှင်သခင်လေ။ လောကကြီးရဲ့ ကိစ္စရပ်တွေ အားလုံးက သူ့ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်နေတာ။ သူက တစ်လောကလုံးရဲ့ ဝန်ကို ပုခုံးပေါ်မှာ ထမ်းထားရတဲ့သူ။ အဝေးကြီးကို ခရီးသွားဖို့ နေနေသာသာ မြို့တော်ကနေတောင် တစ်ခါမှ အပြင်မထွက်ဖူးဘူး။ ကျားဖြူတောင်တန်းကို သူက ဘာသွားလုပ်မှာလဲ”

မိုယုယန်မှာ နောက်တစ်ကြိမ် စိတ်ပျက်သွားရပြန်သည်။

အရှင်မင်းကြီးက မြို့တော်ကနေ တစ်ခါမှ အပြင်မထွက်ဖူးဘူးဆိုရင်တော့ လျှို့ဝှက်တဲ့ စီနီယာကြီးနဲ့ ပတ်သက်မှု ရှိမှာ မဟုတ်တော့ပေ။ သို့သော် သူမ၏ ပင်ကိုယ်အသိစိတ်ကမူ သူမကို လမ်းမှားပြလိမ့်မည် မဟုတ်ဟု သူမက ယုံကြည်နေဆဲ ဖြစ်သည်။

သူမက ဆက်ပြီး မေးလိုက်သည်။

“ဒါဆို စီနီယာ့အမြင်မှာ အရှင်မင်းကြီးက ဘယ်လိုလူမျိုးလဲ။ သူက လူတွေအပေါ်မှာ ဘယ်လိုမျိုး ဆက်ဆံတတ်သလဲ”

ဓားအဘိုးအိုမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ မိုယုယန်က ဘာလို့ ဆရာ့အကြောင်းကို ဒီလောက်အထိ တစိုက်မတ်မတ် စုံစမ်းနေရတာလဲ။ ဒီကိစ္စတွေက သူမနဲ့ ဘာဆိုင်လို့လဲ။

သို့သော် မိုယုယန်ရဲ့ စိတ်လှုပ်ရှားနေတဲ့ မျက်လုံးလေးတွေနဲ့ ရှက်ကိုးရှက်ကန်း ဖြစ်နေတာတွေကို မြင်လိုက်ရတဲ့အခါမှာတော့ ဓားအဘိုးအိုက ရုတ်တရက် နားလည်သွားတော့သည်။ သူဟာ စိတ်ထဲမှာ ကျိတ်ပြီး ရယ်လိုက်မိသည်။

‘ဆရာ... ဆရာ... ဆရာကတော့ မသိလိုက်ဘဲနဲ့ နောက်ထပ် မိန်းကလေးတစ်ယောက်ကိုပါ ဖမ်းစားလိုက်ပြန်ပြီ’

တကယ်တော့ ဆရာ့လို အာဏာအရှိဆုံး နေရာမှာ ရှိနေပြီး ခန့်ညားထည်ဝါလှတဲ့ ယောကျ်ားတစ်ယောက်ကို ဘယ်မိန်းကလေးက မနှစ်သက်ဘဲ နေမှာလဲ။ အကယ်လို့ ဆရာသာ ကြင်ယာတော် လက်ခံမယ့် စည်းကမ်းတွေကို လျှော့ပေါ့ပေးလိုက်ရင် နန်းတော်ထဲမှာတောင် နေရာဆန့်မှာ မဟုတ်တော့ပေ။

ဓားအဘိုးအိုက "ဆရာ့ရဲ့ ကြင်ယာတော်" ဖြစ်လာနိုင်ခြေရှိသူကို ကြည့်သလိုမျိုး မိုယုယန်ကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ငယ်ငယ်ရွယ်ရွယ်နဲ့ လှပတဲ့အပြင် ကောင်းကင်အဆင့် သိုင်းပညာရှင် အဆင့်ကိုတောင် တက်လှမ်းတော့မယ့်သူပဲ။ အကယ်လို့ သူမကို ဆရာနဲ့ လက်ထပ်ဖို့ စည်းရုံးနိုင်ရင် မဟာရှနိုင်ငံမှာ နောက်ထပ် ကောင်းကင်အဆင့် တစ်ယောက် ထပ်တိုးလာမှာပဲ။

ဓားအဘိုးအိုက ရုတ်တရက် တက်ကြွသွားကာ - “ဆရာလား... သူကတော့ တကယ့်ကို အနှိုင်းမဲ့တဲ့ လူစွမ်းကောင်းကြီးပေါ့...”

ထို့နောက် ဓားအဘိုးအိုသည် သူ၏ စကားပြောစွမ်းရည်ကို အသုံးပြုကာ လင်းပိုင်ဖန်ကို ကောင်းကင်ပေါ် ရောက်သွားအောင်အထိ ချီးကျူးစကားတွေ ဆိုလေတော့သည်။ လောကမှာ မီးအိမ်ထွန်းရှာရင်တောင် တွေ့နိုင်မှာ မဟုတ်တဲ့ လူတော်လူကောင်းတစ်ယောက်အဖြစ် ပုံဖော်လိုက်သည်။

မိုယုယန်မှာ အံ့အားသင့်သွားပြီး - “အရှင်မင်းကြီးက တကယ်ပဲ အဲဒီလောက်အထိ ပြည့်စုံတာလား”

“မင်း စိတ်ကူးထားတာထက်တောင် ပိုပြီး ပြည့်စုံပါသေးတယ်။ အားနည်းချက်တစ်ခုပဲ ရှိတာ... အဲဒါကတော့ သူက မိန်းကလေးတွေအပေါ်မှာ နည်းနည်း စိတ်အားထက်သန်တာပဲ။ ဒါပေမဲ့ ဆရာက သူ့ရဲ့ အမျိုးသမီးတွေအပေါ်မှာတော့ အရမ်းကောင်းတယ်။ အကယ်လို့ မင်းသာ သူ့ကို လက်ထပ်လိုက်ရင် သူက မင်းကို တကယ်ပဲ မြတ်မြတ်နိုးနိုး ထားမှာပါ”

မိုယုယန်က မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး စကားတွေ ထစ်ငေါ့ကာ - “စီနီယာ... စီနီယာက ဘယ်တွေကို တွေးနေတာလဲ။ ဘယ်သူက... ဘယ်သူက အရှင်မင်းကြီးကို လက်ထပ်မယ်လို့ ပြောလို့လဲ”

ဓားအဘိုးအိုက အံ့သြသွားဟန်ဖြင့် - “မင်းက ဆရာ့ကို စိတ်မဝင်စားဘူးဆိုရင် ဘာလို့ သူ့အကြောင်းတွေပဲ ထပ်ခါတလဲလဲ မေးနေရတာလဲ”

“ကျွန်မက... ကျွန်မက...”

မိုယုယန်မှာ ပြောစကားမထွက်နိုင်တော့ဘဲ ခြေဆောင့်ကာ - “အား... ဘာပဲဖြစ်ဖြစ် စီနီယာ ထင်သလို မဟုတ်ပါဘူး။ ကျွန်မမှာ တခြားကိစ္စတွေ ရှိသေးလို့ အရင်သွားနှင့်ပြီ”

သူမသည် ကိုယ်ဖော့သိုင်းကို အသုံးပြုကာ အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားလေတော့သည်။

ဓားအဘိုးအိုက ကျယ်လောင်စွာ ရယ်မောလိုက်ကာ - “ရှက်နေတာ သိသာနေတာပဲ။ ဒါက ဖြစ်လေ့ဖြစ်ထရှိပါတယ်လေ... ဟားဟား..”

ဝေးကွာသွားတဲ့ သူမရဲ့ ကျောပြင်ကို ကြည့်ရင်း သူက သက်ပြင်းချလိုက်ပြန်သည်။

“အင်း... ငယ်ရွယ်မှုဆိုတာ အားကျစရာပါလား”

.........

နောက်ထပ် နှစ်ရက်အတွင်းမှာ မိုယုယန်ဟာ ဓားအဘိုးအိုနဲ့အတူ ဓားသိုင်းကို ဆက်လက် လေ့ကျင့်နေခဲ့သည်။ တစ်ချိန်တည်းမှာပဲ လင်းပိုင်ဖန်ရဲ့ သတင်းတွေကိုလည်း သိမ်သိမ်မွေ့မွေ့ စုံစမ်းနေခဲ့သည်။

ဓားအဘိုးအိုကလည်း အလွန်ပင် ပူးပေါင်းဆောင်ရွက်ပြီး သူမမေးသမျှကို သေသေချာချာ ဖြေကြားပေးသည့်အပြင် စကားလမ်းကြောင်းကိုလည်း လက်ထပ်ရေးဘက်သို့ အမြဲတမ်း လွှဲပေးလေ့ ရှိသည်။

မိုယုယန်မှာ အနည်းငယ် ရှက်ရွံ့နေပြီး စိတ်အနှောင့်အယှက် ဖြစ်ရသော်လည်း လင်းပိုင်ဖန်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုတော့ ပိုမို ရရှိခဲ့သည်။

တူလိုက်တာ... တကယ်ကို တူလွန်းနေတယ်။ လင်းပိုင်ဖန်ရဲ့ ကိစ္စရပ်တွေ ကိုင်တွယ်ပုံနဲ့ စကားပြောပုံတွေက စီနီယာကြီးနဲ့ အရမ်းကို တူညီနေသည်။ လူမှုဆက်ဆံရေးတွေမှာတောင် ဆင်တူမှုတွေက အံ့သြစရာပင် ဖြစ်နေတော့သည်။

ဒါပေမဲ့ တကယ်တမ်းတော့ သူတို့ဟာ တစ်ယောက်တည်း ဖြစ်ဖို့ မဖြစ်နိုင်ပေ။ ကျားဖြူတောင်တန်းက စီနီယာကြီးက သိုင်းပညာမှာ အတိုင်းအဆမရှိ မြင့်မားပြီး ကောင်းကင်အဆင့် သိုင်းပညာရှင်ကြီးတွေရဲ့ ထိပ်ဆုံးအဆင့်အထိ ရောက်နေသူ ဖြစ်နိုင်ပေသည်။ အဲဒီအဆင့်အထိ ရောက်ဖို့ဆိုရင် အနည်းဆုံး နှစ်ပေါင်း ၇၀ ကနေ ၈၀ လောက်အထိ ကျင့်ကြံရမှာပဲ ဖြစ်သည်။

ဒါပေမဲ့ လင်းပိုင်ဖန်က အသက် ၂၀ ကျော်ပဲ ရှိသေးသည်။ အကယ်လို့ သူက အမိဝမ်းထဲကနေ စပြီး ကျင့်ကြံလာခဲ့ရင်တောင်မှ ကောင်းကင်အဆင့်ကို မရောက်နိုင်ပေ။ ဒါ့အပြင် သူ သိုင်းကျင့်နေတာကို တစ်ခါမှလည်း မတွေ့ဖူးပေ။ သိုင်းမလေ့ကျင့်ဘဲနဲ့ ဘယ်လိုလုပ်ပြီး ဒီလောက်အထိ အစွမ်းထက်နိုင်မှာလဲ။

နောက်ပြီး ခိုင်လုံတဲ့ အထောက်အထားတစ်ခုလည်း ရှိသေးသည်။ စီနီယာကြီးက ကျားဖြူတောင်တန်းမှာ အမြဲရှိနေပြီး လင်းပိုင်ဖန်ကတော့ နန်းတော်ထဲမှာပဲ အမြဲ ရှိနေခဲ့တာ ဖြစ်သည်။ ဒီနေရာ နှစ်ခုက မိုင်ပေါင်း ထောင်ချီဝေးသည်။ သွားလိုက်ပြန်လိုက် လုပ်ရင်တောင် နှစ်ရက်လောက် ကြာမှာကို... သူတို့က ဘယ်လိုလုပ်ပြီး တစ်ယောက်တည်း ဖြစ်နိုင်မှာလဲ။

ဒါကြောင့် မိုယုယန်မှာ စိတ်တွေ ရှုပ်ထွေးနေခဲ့တော့သည်။ အချက်အလက်တွေအရ လင်းပိုင်ဖန်က စီနီယာကြီး မဟုတ်ဘူးလို့ ပြောနေပေမဲ့ သူမရဲ့ အသိစိတ်ကတော့ သူပဲလို့ ပြောနေပြန်သည်။

ထိုအချိန်မှာပင် ယောင်ယောင်မှာ ပြေးထွက်လာခဲ့သည်။

“နင်က မဟာလော့မှာ ဆူပူအောင် လုပ်ခဲ့တဲ့ မိုယုယန်လား။ ဟီးဟီး... နောက်ဆုံးတော့ လူချင်း တွေ့လိုက်ရပြီ”

မိုယုယန်က မျက်မှောင်ကြုတ်ရင်း - “မင်းက ဘယ်သူလဲ”

ယောင်ယောင်က သူမရဲ့ ရင်ဘတ်ကို ဂုဏ်ယူစွာ ပုတ်ပြရင်း - “ငါက မိစ္ဆာဂိုဏ်းရဲ့ မြင့်မြတ်သမီးတော် ယောင်ယောင်ပဲ”

မိုယုယန်မှာ လန့်သွားပြီး - “မင်းက မိစ္ဆာဂိုဏ်းရဲ့ မြင့်မြတ်သမီးတော်လား။ ကျွန်မ လူမှားသွားတဲ့အတွက် တောင်းပန်ပါတယ်”

“တောင်းပန်ဖို့ မလိုပါဘူး”

ယောင်ယောင်က စိတ်လှုပ်ရှားစွာဖြင့် - “နင် တစ်ယောက်တည်းနဲ့ မဟာလော့မှာ ဒီလောက်အထိ ဆူပူအောင် လုပ်ပြီး တာအိုဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ်ခဲ့တာ တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ။ ငါတောင် အဲဒီလို မလုပ်နိုင်ဘူး... နင့်ကို တကယ်ပဲ လေးစားတယ်”

သူမရှေ့က စိတ်လှုပ်ရှားနေတဲ့ မိန်းကလေးကို ကြည့်ရင်း မိုယုယန်ရဲ့ စိတ်ထဲမှာ အကြံတစ်ခု ရသွားသည်။ မိစ္ဆာဂိုဏ်းမှာ ရှေးဟောင်း မှတ်တမ်းတွေ အများကြီး ရှိနိုင်တယ်... အဲဒီ လျှို့ဝှက်တဲ့ စီနီယာကြီးအကြောင်း သူတို့ဆီမှာ သတင်း ရှိကောင်း ရှိလိမ့်မည်။

“မြင့်မြတ်သမီးတော်...”

“ယောင်ယောင်လို့ပဲ ခေါ်ပါ”

“ယောင်ယောင်...”

မိုယုယန်က အနည်းငယ် အနေခက်စွာဖြင့် - “မိစ္ဆာဂိုဏ်းက လောကရဲ့ အကြီးဆုံး ဂိုဏ်းသုံးဂိုဏ်းထဲက တစ်ခုဆိုတော့ မှတ်တမ်းတွေလည်း အများကြီး ရှိမှာပေါ့နော်။ ကျွန်မ မင်းဆီကနေ သိုင်းပညာရှင်ကြီး တစ်ယောက်အကြောင်း မေးချင်လို့ ရမလား”

ယောင်ယောင်က ခေါင်းညိတ်ပြကာ - “မေးလိုက်လေ။ သိုင်းပညာရှင်ကြီးတွေ အကြောင်းဆိုရင် ငါ မသိတာ မရှိစေရဘူး”

မိုယုယန်မှာ အလွန် ဝမ်းသာသွားပြီး - “ကျေးဇူးတင်ပါတယ် ယောင်ယောင်”

All Chapters