အခန်း (၁၂၁)
Vol. 13 Ch. 121
ယန်ကျိအန်း၏ နှုတ်ခမ်းများ အနည်းငယ် လှုပ်ရှားသွားပြီးမှ ခေါင်းခါပြခဲ့သည်။ "မ-မဟုတ်ဘူး... သူ အဲ့ဒီလို ပြောတာ မဟုတ်ဘူး"
ဆရာမလျိုက အခွင့်ကောင်းယူကာ ပြောလိုက်သည်။"တွေ့လား။ မင်းမောင်ကိုယ်တိုင် ဝန်ခံနေပြီ၊ ငါ့သားက သူ့ကို ဘာမှမလုပ်ဘူးဆိုတာ!"
သို့သော် ယန်ရွှယ်သည် ကျိအန်း၏ စကားထဲမှ ဆိုလိုရင်းကို နားလည်လိုက်သည်။ "အဲ့ဒီလို ပြောတာမဟုတ်ဘူး" ဆိုသည်မှာ တကယ်ပြောလိုက်သော စကားမှာ စကားထစ်သည်ဟု လှောင်ပြောင်ခြင်းထက် ပို၍ ဆိုးရွားနေခြင်းကို ဆိုလိုသည်။
သူမ၏ လေသံမှာ ပို၍ နူးညံ့သွားခဲ့သည်။ "ဒါဆို သူ ဘာပြောလိုက်တာလဲ။ အစ်မနဲ့ ဆရာမတွေကို ပြောပြလို့ ရမလား"
ဆူပူခြင်း၊ စစ်မေးခြင်းမျိုး မဟုတ်ဘဲ စိတ်ရှည်မှုနှင့် ယုံကြည်မှုတို့ဖြင့် မေးလိုက်ခြင်းဖြစ်သည်။
ယန်ကျိအန်းက နှုတ်ခမ်းကို တင်းတင်းစေ့ကာ ခေါင်းငုံ့ပြီး ပြောလိုက်သည်။ "သူ ပြောတာက... အစ်မက ဥမဥတဲ့ ကြက်မတဲ့"
သူမကြောင့် ဖြစ်နေတာလား။
ယန်ရွှယ် ခေတ္တမျှ မှင်တက်သွားစဉ် ကျိအန်းက ဆက်ပြောခဲ့သည်။ "အစ်မက လက်ထပ်တာ တစ်နှစ်ရှိပြီ၊ အခုထိ ကလေးမရသေးဘူးလို့ သူပြောတာ"
ရုံးခန်းတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။ ဆရာမလျို၏ စောဒကတက်သံမှာလည်း လည်ချောင်းထဲတွင် တစ်ဆို့သွားတော့သည်။
ဆရာမလျိုက အလိုအလျောက် ငြင်းဆိုခဲ့သည်။ "မဖြစ်နိုင်တာ! ငါတို့ ကောကျုံးက ဒါမျိုးတွေ ဘယ်လိုသိမှာလဲ"
"ဒါဆိုရင်တော့ ဘယ်သူက သူ့ရှေ့မှာ အဲ့ဒီလိုတွေ ပြောနေလဲဆိုတာ ရှင်ပဲ မေးကြည့်လိုက်တော့"
ယန်ရွှယ်က ဆရာမလျိုဘက် လှည့်လိုက်သည်။ "ကျွန်မတို့ကိုယ်တိုင်တော့ ဒီလိုစကားမျိုးတွေကို လုပ်ကြံပြောမှာ မဟုတ်ဘူး မဟုတ်လား"
သူမ အမှန်တကယ် စိတ်တိုသွားခဲ့သည်။ သစ်တောရေးရာစခန်းတွင် အတင်းအဖျင်း ပြောတတ်သူများ ရှိမှန်း သိသော်လည်း ကလေးတစ်ယောက်ရှေ့တွင် ဤသို့သော ကောလာဟလများကို မည်သို့ ဖြန့်ဝေနိုင်ကြသနည်း။
ကလေးကို မေးစရာပင် မလိုဘဲ ဆရာမလျိုသား၏ မျက်နှာပျက်နေပုံကို ကြည့်ရုံနှင့် သိသာလှသည်။ ယန်ရွှယ်က ဆရာမလျိုကို တိုက်ရိုက်ပင် ရင်ဆိုင်လိုက်သည်။
"ဒီခေတ်မှာ ဆရာမတွေက ကလေးတွေကို ဒီလိုတွေပဲ သင်ပေးနေတာလား"
သူမက အေးစက်စွာ ပြုံးလိုက်သော်လည်း မျက်ဝန်းများတွင် နွေးထွေးမှု လုံးဝမရှိချေ။ "ကျောင်းက ဆရာမ ခန့်ထားတဲ့ စံနှုန်းတွေကို ကျွန်မ တကယ် သံသယဝင်မိပြီ။ ရှင့်အတန်းထဲက ကလေးတွေအတွက်လည်း စိတ်ပူမိတယ်"
"သူ ဘယ်ကကြားလာလဲဆိုတာ ငါ ဘယ်လိုသိမှာလဲ"
ဆရာမလျိုသည် ရှောင်လွှဲပြောဆိုသော်လည်း သူမ၏သားမှာ လူကြီးများ၏ စကားကို ပြန်ပြောခြင်းဖြစ်ကြောင်း ဝန်ခံလိုက်သလို ဖြစ်သွားသည်။
"ရှင်က တကယ် မြင့်မြတ်တာပဲ" ယန်ရွှယ် ပြန်ပက်လိုက်သည်။ "ဆရာမ လစာစားပြီး နိုင်ငံတော်အရေးတွေအထိ စိုးရိမ်ပေးနေတယ်ပေါ့၊ လူဦးရေ တိုးပွားနှုန်းကိုတောင် ဝင်ပါနေသေးတယ်"
ယန်ကျိအန်း ထိုစကားများကို ပြောလိုက်သည့် အချိန်မှစ၍ ချီဖန့်၏ မျက်နှာမှာ အေးခဲသွားခဲ့သည်။
"အဲ့ဒီလောက် စိုးရိမ်နေရင်လည်း စာသင်တာ နားလိုက်ပြီး အိမ်မှာပဲ လူဦးရေတိုးအောင် အာရုံစိုက်နေလိုက်ပါလား"
ဆရာမလျိုကို အိမ်ပြန်ပြီး ကလေးမွေးခိုင်းသည့် သဘောသက်ရောက်သော ထိုစကားကြောင့် ရုံးခန်းထဲမှ တစ်စုံတစ်ယောက်မှာ ရယ်သံကို ထပ်အောင့်ထားလိုက်ရပြန်သည်။
ဇနီးမောင်နှံနှစ်ဦးက တစ်လှည့်စီ ပြန်ပြောလိုက်သဖြင့် ဆရာမလျိုမှာ စကားမပြန်နိုင်တော့ချေ။ ထို့နောက် ယန်ရွှယ်က ဆရာမယွမ်ဘက် လှည့်ကာ ပြောလိုက်သည်။ "ဒုက္ခပေးမိတဲ့အတွက် အားနာပါတယ်"
ဆရာမယွမ် ခေါင်းခါလိုက်သည်။ "ကျိအန်းက အမြဲတမ်း လိမ္မာတဲ့သူပါ။ ဒါပေမဲ့ နောက်တစ်ခါကျရင် ရန်ဖြစ်မယ့်အစား ဆရာမကို လာပြောနော်"
နောက်ဆုံးစကားမှာ ယန်ကျိအန်းကို ပြောခြင်းဖြစ်ရာ သူက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်ပြခဲ့သည်။ "ဆ-ဆရာမ၊ တောင်းပန်ပါတယ်"
"အခု သူ့ကို အိမ်ပြန်ခေါ်သွားလို့ ရပြီလား"
ယန်ရွှယ်မှာ သူမ၏မောင်လေးအား ထိုသားအမိကို တောင်းပန်ခိုင်းရန် အစီအစဉ်မရှိချေ။ သူတို့ဘက်က အရင်ရန်စခံရခြင်းဖြစ်ရာ ဘာကြောင့် ခေါင်းငုံ့ပြီး ဒီအရှက်ကွဲမှုကို ခံယူရမည်နည်း။
အိမ်အပြန်လမ်းတွင် ယန်ရွှယ် ကျိအန်းကို မေးလိုက်သည်။ "ဒီလို အတင်းအဖျင်းတွေကို အရင်က ကြားဖူးလို့လား။ အဲ့ဒါကြောင့် နင်က တူလေး လိုချင်နေတာလား"
အရင်က သူမကို အကြည့်ရှောင်နေခဲ့သည်မှာ လျိုဝေပင်း ပြောသလောက်တင် မကကြောင်း သိသာလှသည်။
ယန်ကျိအန်းက သူမကို တစ်ချက်မော့ကြည့်ပြီးမှ ခေါင်းပြန်ငုံ့လိုက်ရာ ၎င်းမှာ ဝန်ခံလိုက်ခြင်းပင် ဖြစ်သည်။
"လူတွေက တကယ်ကို အားနေကြတာပဲ"
ယန်ရွှယ် စကားစလိုက်သော်လည်း ချီဖန့်က ကြားဖြတ်ကာ ကျိအန်း၏ ဆံပင်များကို ဖွပေးလိုက်သည်။ "သူတို့ကို ဂရုမစိုက်နဲ့။ မင်းအစ်မနဲ့ ငါနဲ့တောင် စိတ်မလောတာ၊ သူတို့က ဘာဖြစ်နေကြတာလဲ"
ယန်ရွှယ်လည်း လေသံကို လျှော့ကာ ကျိအန်း၏ ပုခုံးကို ပုတ်ပေးလိုက်သည်။ "ငါတို့ ကျိအန်းက လူကြီးဖြစ်နေပြီပဲ၊ အစ်မကိုတောင် ကာကွယ်ပေးတတ်နေပြီ"
သူ၏ ရှက်ပြုံးကို မြင်သောအခါ သူမက နူးညံ့စွာ ထပ်ပြောသည်။ "ဒါပေမဲ့ နောက်တစ်ခါကျရင် ငါတို့ကို ပြောပြဦး။ ငါတို့ အမှန်ဘက်ကဆိုတော့ ကောင်းကောင်း ဖြေရှင်းလို့ ရတာပေါ့"
ယန်ကျိအန်း ခေါင်းညိတ်လိုက်သည်။ ယန်ရွှယ် မော့ကြည့်လိုက်သောအခါ ချီဖန့်နှင့် အကြည့်ချင်း ဆုံသွားသည်။ ထိုအခါမှသာ ပြင်ပလူကို ပူးပေါင်းတိုက်ခိုက်နေရင်း သူတို့နှစ်ဦး စစ်အေးတိုက်ပွဲ ဖြစ်နေသည်ကို မေ့သွားကြကြောင်း သတိရလိုက်ကြသည်။
အိမ်ပြန်ရောက်သောအခါ အဘွားသည် ဇာတ်ကြောင်းကို ကြားပြီးနောက် အလွန်ဒေါသထွက်သွားခဲ့သည်။ "ဘယ်လိုလူစားတွေမို့လို့ ကလေးတစ်ယောက်ကို ဒီလိုစကားတွေ ပြောရတာလဲ"
သူမက ချီဖန့်နှင့် ယန်ရွှယ်ကို ကြည့်လိုက်ရာ ချီဖန့် အေးဆေးသာ ပြောလိုက်သည်။ "ကျွန်တော်တို့က ငယ်ပါသေးတယ်။ စိတ်မလောပါဘူး"
သူ စိတ်မဆိုးသည်ကို တွေ့မှ အဘွားလည်း စိတ်အေးသွားပြီး အားလုံးကို ထမင်းစားရန် တိုက်တွန်းခဲ့သည်။
သို့သော် ထမင်းဝိုင်းပြင်ပြီးသည်နှင့် ယန်ရွှယ်သည် ရုတ်တရက် နှာခေါင်းကို ပိတ်ကာ ပျို့အန်ချင်စိတ်ကို အောင့်ထားရင်း အကြည့်လွှဲလိုက်သည်။
ချီဖန့်၏ မျက်ဝန်းများ မဲမှောင်သွားခဲ့သည်။ "ဘာဖြစ်လို့လဲ။ ဟိုမိန်းမကြောင့် စားချင်စိတ် ပျက်သွားတာလား"
ယန်ကျိအန်းက စိုးရိမ်တကြီး မော့ကြည့်ခဲ့သည်။ "အ-အစ်မ၊ တောင်းပန်ပါတယ်... နောက်တစ်ခါ ရန်မဖြစ်တော့ပါဘူး"
"အဲ့ဒါကြောင့် မဟုတ်ပါဘူး" ယန်ရွှယ်က လက်ကာပြရင်း တစ်ဖက်သို့ ပြန်လှည့်သွားသည်။
ချီဖန့် နှုတ်ခမ်းကို စေ့ထားလိုက်သည်။ သူတို့ စစ်အေးတိုက်ပွဲ ဖြစ်နေတာကြောင့် စိတ်ဖိစီးမှု များသွားတာလား။
ချီဖန့်သည် သူမ၏ ကျောကို ပုတ်ပေးရင်း အနားကပ်၍ တိုးတိုးလေး ပြောခဲ့သည်။ "ကိုယ် စိတ်မဆိုးတော့ဘူး၊ ဟုတ်ပြီလား။ စိတ်မကောင်း မဖြစ်ပါနဲ့တော့"
အမှန်အတိုင်းဆိုလျှင် အဘွား၏ စကားများကို ကြားပြီးကတည်းက သူ၏ ဒေါသများမှာ စိုးရိမ်စိတ်အဖြစ် ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။
ထိုသို့ ယောက်ယက်ခတ်နေကြစဉ် အဘွားအိုမှာမူ တည်ငြိမ်နေဆဲပင်။ "ဒီလ ရာသီလာပြီးပြီလား"
ချီဖန့်မှာ အစပိုင်းတွင် နားမလည်သော်လည်း ယန်ရွှယ်က မျက်တောင်ခတ်ရင်း ပြောလိုက်သည်။ "မလာသေးဘူး"
"ဘယ်နှစ်ရက် နောက်ကျနေပြီလဲ"
"ခြောက်ရက်၊ ခုနစ်ရက်လောက် ရှိပြီ"
အဘွားအိုသည် ဘာမှထပ်မပြောဘဲ အနံ့ပြင်းသော ပဲငါးပိခွက်ကို ထမင်းဝိုင်းမှ ဖယ်ရှားလိုက်သည်။
"အခုလောလောဆယ် သစ်တောအလုပ်တွေကို နားထားလိုက်တော့"
ထိုအခါမှသာ ချီဖန့် နားလည်သွားတော့သည်။ သူသည် လက်ထဲမှ တူကို တင်းတင်းဆုပ်ကိုင်ရင်း ယန်ရွှယ်၏ ပြားချပ်နေဆဲဖြစ်သော ဝမ်းဗိုက်ကို စိုက်ကြည့်နေမိသည်။
ညစာစားပြီးနောက် သူသည် ခန် ဘေးတွင် ယန်ရွှယ်ကို ခိုးကြည့်နေသဖြင့် သူမပင် အနေခက်လာရသည်။
အလုပ်သွားရမည့် အချိန်နီးလာသောအခါမှ သူ မတ်တတ်ရပ်လိုက်သည်။
"မနက်ဖြန် ကိုယ် ခွင့်ယူမယ်။ ဆေးရုံသွားကြရအောင်"
ယန်ရွှယ်မှာ ကြောင်တောင်တောင် ဖြစ်နေသော်လည်း သူ၏ တုံ့ပြန်ပုံကြောင့် ရယ်ချင်လာခဲ့သည်။
"စိတ်မလောပါနဲ့ဦး။ ရှင့်ရဲ့ အားလပ်ရက်ကျမှ သွားတာပေါ့"
အတည်ပြုနိုင်သည်ဖြစ်စေ၊ မပြုနိုင်သည်ဖြစ်စေ သူမ သစ်တောအလုပ်ကိုတော့ ခေတ္တနားထားမည်ဖြစ်သည်။ အထူးသဖြင့် အတွင်းရေးမှူးလျန်ဆီမှ သတင်းကို စောင့်ဆိုင်းနေချိန်လည်း ဖြစ်သည်။
ထိုနေရာရှိ အိမ်ထောင်သည် အမျိုးသမီးများမှာ ယန်ရွှယ် ဘာကြောင့် အလုပ်မလာတော့လဲဆိုသည်ကို ချက်ချင်းပင် ခန့်မှန်းမိကြသည်။ လျန်ယွဲ့အာမှာ ချက်ချင်း ရောက်လာခဲ့သည်။
"နင့်မှာ ကိုယ်ဝန်ရှိနေပြီ မဟုတ်လား။ သေချာရင်တောင် ဂရုစိုက်ဦး၊ အလေးအပင်တွေ မမနဲ့!"
လီရှု့ဝူ၏ ဇနီးမှာမူ စိတ်ထဲမှ ဝမ်းသာနေသည်။ ယန်ရွှယ် အနည်းဆုံး တစ်နှစ်ခန့် နားရမည်ဆိုလျှင် မှိုစိုက်ပျိုးရန်အတွက် သစ်တုံးများကို သူမထံမှ အလျင်အမြန် ဝယ်ယူပေလိမ့်မည်။
ဒီတစ်ခါတော့ ငါးဆယ်မဟုတ်ဘဲ ရှစ်ဆယ်အထိ တောင်းမည်ဟု သူမ ကြံစည်ထားသည်။
ထိုသို့သော ကိစ္စများကို မသိရှိဘဲ အတွင်းရေးမှူးလျန်သည် အဆိုပြုလွှာကို စစ်ဆေးပြီးနောက် ချူမင်လီထံ ယူသွားခဲ့သည်။
ပါးနပ်စွာပင် သူသည် ချူမင်လီနှင့် ချီဖန့်တို့ ယခင်က သီးသန့်တွေ့ဆုံခဲ့ဖူးကြောင်း သတိပြုမိထားရာ ယန်ရွှယ်၏ အစီအစဉ်ကို တင်ပြရန်အတွက် ၎င်းမှာ အထောက်အကူ ဖြစ်စေလိမ့်မည်။
အောင်မြင်မှုများကို လိုလားနေသော လူငယ်အတွင်းရေးမှူးဖြစ်သူ ချူမင်လီမှာ အသစ်အဆန်းများကို လက်ခံရန် အသင့်ရှိနေသည်။
ချူမင်လီသည် စာရွက်စာတမ်း အပြည့်အစုံကို ဖတ်ပြီးနောက် မော့ကြည့်လိုက်သည်။ "ဒါကို ယန်ရွှယ် ရေးထားတာလား"
အတွင်းရေးမှူးလျန် ခေါင်းညိတ်လိုက်သည်။ "သူမက မနှစ်က စမ်းသပ်ကြည့်ပြီး အောင်မြင်ခဲ့တာပါ။"
သူသည် ယန်ရွှယ် စိုက်ပျိုးထားသော မှိုတစ်အိတ်ကို ထုတ်ပြလိုက်သည်။ "သူမ ရလဒ်တွေရဲ့ သက်သေပါ"
ချူမင်လီ အိတ်ဖွင့်၍ ကြည့်လိုက်သည်။ "အရည်အသွေးက တကယ်ကို ကောင်းတာပဲ—စျေးကွက်တွေမှာ တွေ့ရတဲ့ မှိုတွေထက် အများကြီး သာတယ်။ သူမရဲ့ ထွက်ကုန်အားလုံးက ဒီစံနှုန်းအတိုင်းပဲလား"
အမှန်တကယ်တော့ ဝယ်ယူရေးစခန်းများတွင် မှိုများကို လက်ခံသော်လည်း ယန်ရွှယ်မှာ စျေးနှုန်း အလွန်နည်းလွန်းသဖြင့် ထိုနေရာတွင် မရောင်းခဲ့ခြင်းဖြစ်သည်။ လူအများစုမှာ စျေးကွက်တွင် မရောင်းရသော ပစ္စည်းများ (သားရေ၊ ဆေးဘက်ဝင်အပင်များ သို့မဟုတ် သယ်ရခက်သော ထင်းရှူးစေ့များ) ကိုသာ ဝယ်ယူရေးစခန်းသို့ သွားရောင်းလေ့ရှိကြသည်။
အတွင်းရေးမှူးလျန်မှာ ယန်ရွှယ် မှိုများကို အခြောက်ခံရာတွင် ဤမျှ အားထုတ်ထားမှန်း မသိခဲ့ချေ။
"အဓိကက ဒါတွေက စိုက်ပျိုးထားတာ ဖြစ်လို့ အကောင်းဆုံး အချိန်မှာ ခူးဆည်းနိုင်တာပါ။ မရင့်သေးတဲ့ မှိုတွေကိုတော့ နောက်တစ်သုတ်အတွက် ချန်ထားလို့ ရတာပေါ့"
၎င်းမှာ တောမှိုများထက် သာလွန်သောအချက် ဖြစ်သည်။ ချူမင်လီ အမှန်တကယ် အံ့သြသွားရသည်။ တစ်ချိန်က သူ့ကို "အစ်ကိုကြီး" ဟု တတွတ်တွတ် ခေါ်ခဲ့သော ထိုမိန်းကလေးမှာ သဘောကောင်းပြီး ထက်မြက်ရုံသာမက ဤကဲ့သို့သော အရည်အချင်းလည်း ရှိနေသည် မဟုတ်လား။
သူက အဆိုပြုလွှာကို တစ်ခေါက် ထပ်လှန်ကြည့်လိုပ်သည်။ "ဒါက တကယ် ဖြစ်နိုင်ချေရှိတယ်။ ငါတို့သာ မှိုမစိုက်ရင် ဒီသစ်တုံးတွေနဲ့ သစ်တိုသစ်စတွေက အလကား ဖြစ်ကုန်မှာပဲလေ။ ဒါပေမဲ့..."
ချူမင်လီ၏ လေသံမှာ ပြောင်းသွားခဲ့သည်။ "ဌာနတွင်းမှာ ကန့်ကွက်မှုအချို့ ရှိနိုင်တယ်။ ဒါကို အောင်မြင်အောင် တွန်းအားပေးဖို့ဆိုရင် ခိုင်လုံတဲ့ အကြောင်းပြချက်တွေ လိုလိမ့်မယ်"
စီမံကိန်းသစ်များ ဖော်ဆောင်ရာတွင် အတားအဆီးများ ရှိလာလိမ့်မည်ဟူသော ချူမင်လီ၏ ပြောစကားမှာ ပုံကြီးချဲ့ပြောခြင်း မဟုတ်ပေ။ ဗျူရိုအတွင်း၌ သူ့ကို ဆန့်ကျင်နေသည့် ညွှန်ကြားရေးမှူး လျိုသာ မရှိလျှင်တောင်မှ အပြောင်းအလဲတစ်ခုကို တွန်းအားပေးရန်မှာ ဘယ်သောအခါမှ မလွယ်ကူခဲ့ချေ။
အဆုံးတွင်မူ ကြိုးပမ်းမှုအသစ်ဟူသည် မရေရာမှုကို ဆိုလိုပြီး၊ မရေရာမှုသည် စွန့်စားရမှုကို ဆိုလိုသည်။ အတိတ်ကာလက လူများသည် စွန့်စားမှုကို လုပ်ဆောင်ချင် လုပ်ဆောင်ခဲ့ကြသော်လည်း ယနေ့ခေတ်တွင်မူ မိမိ၏ ပြိုင်ဘက်အား အသာစီးရသွားစေမည့် စွန့်စားမှုမျိုးကို မည်သူမျှ မလုပ်ဝံ့ကြတော့ချေ။
ထို့အပြင် မြို့နယ်ဗျူရိုသို့ ရောက်ရှိလာကတည်းက ဒေသခံ ဌာနအချို့တွင် အသက်ကြီးနေပြီဖြစ်သည့် လူများ၏ ပြဿနာမှာ အလွန်ပြင်းထန်နေသည်ကို သူ သတိပြုမိခဲ့သည်။ အရာရှိအများစုမှာ တာဝန်များ ပိုယူရမည့်အစား အလုပ်ကို နည်းနိုင်သမျှနည်းအောင် သို့မဟုတ် ဘာမှမလုပ်ဘဲနေရန်သာ ပိုနှစ်သက်ကြသည်။
အဘယ်ကြောင့် ဒုက္ခခံကြမည်နည်း။ မည်မျှပင် ကြိုးစားပါစေ လစာမှာ အတူတူပင်ဖြစ်သည်။ ရာထူးတိုးရန် အလားအလာလည်း မရှိ၊ အသက်အရွယ်ကလည်း ကြီးရင့်နေပြီဖြစ်ရာ အဘယ်ကြောင့် ပြဿနာများကို ဖိတ်ခေါ်ကြမည်နည်း။ အလုပ်ပိုလုပ်လေ အမှားများလေသာ ဖြစ်ပေလိမ့်မည်။
မျှော်လင့်ထားသည့်အတိုင်းပင် ထိုအဆိုပြုချက်ကို ဆွေးနွေးသည့်အခါ ကန့်ကွက်မှုများသာ လွှမ်းမိုးခဲ့သည်။ ပုံမှန်အားဖြင့် ကြားနေတတ်သူများပင် သံသယရှိကြောင်း ဖော်ပြခဲ့ကြသည်။
ညွှန်ကြားရေးမှူးလျိုက ချူမင်လီကို စိန်ခေါ်ရန် အချိန်ဆွဲမနေခဲ့ပေ။ "ပထမတော့ ထရက်တာတွေကို ပြုပြင်ချင်တယ်ဆိုလို့၊ အဲ့ဒါတောင် မပြီးသေးဘူး၊ အခုကျတော့ မှိုစိုက်ပျိုးရေးကို တွန်းအားပေးနေပြန်ပြီ။ အတွင်းရေးမှူးချူ သိပ်မြန်လွန်းနေတာ မဟုတ်ဘူးလား"
သူ၏ ဆိုလိုရင်းမှာ ရှင်းပါသည်။ ချူမင်လီသည် စိတ်လိုက်မာန်ပါ လုပ်ဆောင်နေပြီး စိတ်ကူးတစ်ခုပြီးတစ်ခု နောက်သို့ တကောက်ကောက် လိုက်နေသည်ဟူ၍ ဖြစ်သည်။ အခြားသူများက ထုတ်မပြောသော်လည်း အများစုမှာ ထိုကဲ့သို့ပင် ထင်မြင်နေကြပုံရသည်။
ချူမင်လီက ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ပြန်တုံ့ပြန်လိုက်သည်။ "ထပ်ပြီး တစ်ချက်လောက် ကြည့်ကြရအောင်ပါ။ ဒါက တကယ်ကို ဖြစ်နိုင်ခြေရှိတယ်လို့ ကျွန်တော် ယုံကြည်တယ်။"
သူက အဆိုပြုချက်ရှိ အထွက်နှုန်း ခန့်မှန်းချက် စာမျက်နှာကို လှန်လိုက်သည်။ "သစ်လုံးတစ်လုံးကနေ မှိုအစိုလေးငါးကတ်တီလောက် ထွက်နိုင်ပြီး၊ အခြောက်ဆိုရင်တောင် ခြောက်တေး၊ ခုနစ်တေးလောက် ရနိုင်တယ်။ ဒါက သစ်သားကို ထင်းအဖြစ် မီးရှို့လိုက်တာထက် ပိုမကောင်းဘူးလား"
"ရင်းနှီးမြှုပ်နှံမှုကရော" ညွှန်ကြားရေးမှူးလျိုက ဖိအားပေး မေးမြန်းခဲ့သည်။ "မှိုမျိုးစေ့ တစ်ခုတည်းတင် အဆင့်သုံးဆင့် လိုအပ်တာ၊ လုပ်အားခတွေကိုတော့ ထည့်မပြောတော့ဘူး။ ဒီလောက် မြင့်မားတဲ့ အထွက်နှုန်းကို မင်း အာမခံနိုင်လို့လား"
ဤတစ်ကြိမ်တွင်မူ သူက အတွင်းရေးမှူးလျန်ထံသို့ တိုက်ရိုက် လှည့်မေးလိုက်သည်။ "ဒီကိန်းဂဏန်းတွေက ခင်ဗျားတို့ သစ်တောစခန်းကနေ စစ်ဆေးအတည်ပြုထားတာလား၊ ဒါမှမဟုတ် ခင်ဗျားရဲ့ အဲ့ဒီရဲဘော်ဆီကနေ ပြောတဲ့အတိုင်းပဲလား"
အတွင်းရေးမှူးလျန်ကျုံးထင်သည် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားကာ တွန့်ဆုတ်နေခဲ့သည်။ "ယန်ရွှယ်က ယုံကြည်ရတဲ့ ရဲဘော်တစ်ယောက်ပါ။ သူမက ဗျူရိုကို မှားယွင်းတဲ့ အချက်အလက်တွေ တင်ပြမှာ မဟုတ်ပါဘူး"
သူကိုယ်တိုင်လည်း စစ်ဆေးထားခြင်း မရှိသည်မှာ ထင်ရှားနေသည်။ ညွှန်ကြားရေးမှူး လျိုက မျက်မှောင်ကြုတ်လိုက်သည်။
"ဒါက သူမ ယုံကြည်ရလား၊ မရလားဆိုတဲ့ ကိစ္စမဟုတ်ဘူး။ အချက်အလက်ကိစ္စပဲ"
သူက အဆိုပြုချက်ကို လှန်ကြည့်ရင်း နောက်ထပ် ချို့ယွင်းချက်တစ်ခုကို ချက်ချင်း ရှာတွေ့သွားပြန်သည်။
"ပြီးတော့ သူမက စိုက်ပျိုးလာတာ တစ်နှစ်ပဲ ရှိသေးတာ မဟုတ်လား။ အထွက်နှုန်းက သုံးနှစ်အထိ ခံမယ်ဆိုတာကို သူမ ဘယ်လိုသေချာပြောနိုင်တာလဲ"
အတွင်းရေးမှူးလျန်မှာ ပို၍ပင် စကားထစ်သွားရသည်။ "သူမ တောင်ပေါ်မှာ လေ့လာခဲ့တာ ဖြစ်ရမယ်။ တောရိုင်းမှိုတွေက တစ်နှစ်တည်း ပေါက်တာမှ မဟုတ်တာ"
ညွှန်ကြားရေးမှူးလျို စိတ်ထဲမှ လှောင်ပြုံး ပြုံးလိုက်သည်။ ဤကဲ့သို့သော ပုံကြီးချဲ့မှုမျိုးမှာ အသစ်အဆန်း မဟုတ်ပေ။ အတိတ်တွင် သူသည် ဤထက်ပို၍ ထူးဆန်းသော တောင်းဆိုမှုများကို မြင်တွေ့ဖူးခဲ့သည်။
သူက အခွင့်အရေးကို အရယူပြီး ချူမင်လီကို အကျပ်ရိုက်အောင် လုပ်ရန် ပြင်ဆင်နေစဉ်မှာပင်၊ အတွင်းရေးမှူးလျန်က သူ့ကို တောင်းပန်တိုးလျှိုးသည့် အကြည့်ဖြင့် ခိုးကြည့်နေသည်ကို သတိပြုမိလိုက်သည်။
ချူမင်လီက ကြားဖြတ်၍ ချောချောမွေ့မွေ့ ဝင်ပြောလိုက်သည်။ "လျန်ကျုံးထင်ရဲ့ အကြံပြုချက်ကို စဉ်းစားသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ သစ်တောစခန်းက မနှစ်က အများကြီး ကူညီပေးခဲ့တာပဲ"
ဤအကြောင်းပြချက်မှာ ထူးထူးခြားခြား ခိုင်မာမှု မရှိသော်လည်း ညွှန်ကြားရေးမှူးလျိုက တွန့်ဆုတ်သွားသည်။
"ကောင်းပြီလေ... ဒါက လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး"
ဤမမျှော်လင့်ထားသော အလှည့်အပြောင်းကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။ အထူးသဖြင့် သူနှင့် အမြဲတမ်း တစ်ဖက်တည်း ရပ်တည်နေသူများမှာ တစ်ဦးကိုတစ်ဦး နားမလည်နိုင်စွာ ကြည့်လိုက်ကြသည်။
သူတို့၏ တုံ့ပြန်မှုများကို မသိချင်ယောင်ဆောင်ရင်း သူက ထပ်ပြောလိုက်သည်။ "ဒါပေမဲ့ အတွင်းရေးမှူးချူက ဒါကို တွန်းအားပေးချင်တယ်ဆိုတော့ သူပဲ အပြည့်အဝ တာဝန်ယူရလိမ့်မယ်။ ကျွန်တော့်မှာတော့ ဒါကို ကြီးကြပ်ဖို့ အချိန်မရှိဘူး"
ဆိုလိုရင်းမှာ ရှင်းလင်းပါသည်။ အကယ်၍ တစ်ခုခု မှားယွင်းသွားပါက ချူမင်လီ တစ်ယောက်တည်းသာ အပြစ်တင်ခံရမည် ဖြစ်သည်။
ထိုသို့ဆိုလျှင် အခြားသူများမှာလည်း ကန့်ကွက်ရန် မရှိတော့ချေ။ အကယ်၍ စီမံကိန်း ကျရှုံးသွားပါက သူတို့၏ အကြံပေးချက်များကို ဆန့်ကျင်ပြီး ချူမင်လီက အတင်းအကျပ် လုပ်ခိုင်းခြင်းဖြစ်သည်ဟု သူတို့ ပြောနိုင်ပေသည်။
သို့သော် ကန့်ကွက်မှုများ ပျောက်ကွယ်သွားသည့်အခါ ချူမင်လီ ကိုယ်တိုင်ပင် တွန့်ဆုတ်သွားပြီးမှ နောက်ဆုံးတွင် သဘောတူလိုက်ရသည်။
"ကောင်းပြီ။ ကျွန်တော် တာဝန်ယူမယ်"
ညွှန်ကြားရေးမှူးလျိုက သူ့ကို အလွယ်တကူ လွှတ်ပေးရန် ဆန္ဒမရှိဘဲ ထပ်ပြောလိုက်သည်။ "ဒါပေမဲ့ သတိရပါဦး၊ အတွင်းရေးမှူးချူ ဗျူရိုရဲ့ ရန်ပုံငွေတွေကို ထရက်တာ ပြုပြင်တဲ့နေရာမှာ သုံးထားပြီးပြီ။ ချပေးဖို့ ရန်ပုံငွေကတော့ သိပ်မကျန်တော့ဘူး..."
သူက ငွေကြေးထောက်ပံ့မှု ပေးမည်မဟုတ်ကြောင်း ဆိုလိုခြင်း ဖြစ်သည်။ ချူမင်လီ၏ မျက်နှာ ပျက်ယွင်းသွားခဲ့သည်။
"သူတို့ဘာသာ အရှုံးအမြတ်ကို တာဝန်ယူပြီး လုပ်ဆောင်ရမယ်လို့ ခင်ဗျား ဆိုလိုတာလား"
ကိုယ်ပိုင် ရပ်တည်ရခြင်းဆိုသည်မှာ သစ်တောစခန်းသည် ရောင်းရငွေပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုရမည်ဖြစ်ပြီး၊ ရရှိလာသော အမြတ်အစွန်းများကို လုပ်အားမှတ်များပေါ် မူတည်၍ ခွဲဝေယူရမည် ဖြစ်သည်။ စိုက်ပျိုးရေး အဖွဲ့များကဲ့သို့ပင် ဖြစ်သည်။ အခြေအနေကောင်းသည့် နှစ်များတွင် အမြတ်ကို ခွဲဝေယူနိုင်သော်လည်း မနှစ်က ရေကြီးမှုကဲ့သို့ ဆိုးရွားသော နှစ်များတွင်မူ ဝမ်းစာအတွက်ပင် မနည်းရုန်းကန်ရတတ်သည်။
ညွှန်ကြားရေးမှူးလျိုသည် မူလက ဤအချက်ကို မစဉ်းစားခဲ့သော်လည်း ယခုအခါ အခွင့်အရေးတစ်ခု မြင်သွားခဲ့သည်။
"ဗျူရိုအတွက်လည်း ခက်ခဲတဲ့ အချိန်တွေပဲလေ"