အခန်း (၁၂၄)
Vol. 13 Ch. 124
ယန်ရွှယ်သည် သူတို့၏ ပထမဆုံး အစည်းအဝေးကို သူမ၏ အိမ်တွင် ပြုလုပ်ခဲ့သည်။
"ယွဲ့အာ၊ ချန်အန်းနဲ့ ဝမ်ဟွေ့တို့က တစ်ဦးနဲ့တစ်ဦး သိပြီးသားဆိုတော့ မိတ်ဆက်ပေးဖို့ မလိုတော့ဘူးနော်"
ယန်ရွှယ်က မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်ကာ ကောချန်အန်းနှင့် ကျိုးဝမ်ဟွေ့တို့အတွက် တာဝန်များကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။
"မှတ်တမ်း ရေးရမှာလား" လျန်ယွဲ့အာက မှတ်စုစာအုပ်ကို ကြည့်ကာ မေးခဲ့သည်။ "အဲ့ဒါကိုတော့ ကျွန်မ လုပ်နိုင်ပါတယ်"
ကောချန်အန်းက ယန်ရွှယ်ကို တစ်လျှောက်လုံး ကူညီပေးခဲ့သည်ကို သူမ သိသလို၊ ကျိုးဝမ်ဟွေ့ကလည်း ဂဏန်းသင်္ချာတွင် ကျွမ်းကျင်သည်။ သူမ တစ်ယောက်သာလျှင် ဤကိစ္စတွင် အသစ်အဆန်း ဖြစ်နေသည်။
ထို့အပြင် အတွင်းရေးမှူးလျန်၏ သမီးဖြစ်သဖြင့် သူမ၏ အနေအထားမှာ အကဲဆတ်လှသည်။ လိုအပ်သည်မှလွဲ၍ စကားမပြောဘဲ နေခြင်းက အကောင်းဆုံး ဖြစ်သည်။
ယန်ရွှယ်က သူမ၏ ရည်ရွယ်ချက်ကို နားလည်သဖြင့် မှတ်စုစာအုပ်နှင့် ဘောပင်ကို ကမ်းပေးလိုက်သည်။ "အရင်ဆုံး တာဝန်တွေကို ရှင်းရှင်းလင်းလင်း သတ်မှတ်ကြရအောင်။ ကျွန်မတို့မှာ လူအင်အား နည်းနေတာပဲလေ"
သူမက ကောချန်အန်းဘက်သို့ တိုက်ရိုက် လှည့်လိုက်သည်။ "ယွဲ့အာ၊ ဝမ်ဟွေ့နဲ့ ကျွန်မတို့က အရင်က ယာယီဝန်ထမ်းတွေချည်းပဲ။ အစ်ကိုတစ်ယောက်ပဲ အမြဲတမ်း ဝန်ထမ်း ရာထူးရှိတာ။ ကျွန်မ သိချင်တာက—အစ်ကိုက အရင်အတိုင်းပဲ နေချင်တာလား၊ ဒါမှမဟုတ်...?"
ကောချန်အန်းက အဖြေပေးမည့်အစား မေးခွန်းတစ်ခု ပြန်မေးလိုက်သည်။ "မင်း ဒါကို လုပ်နေတာက မင်းတစ်ယောက်တည်း ဆက်မစိုက်နိုင်တော့လို့ ခွဲဝေပေးလိုက်ရတာလား၊ ဒါမှမဟုတ် တကယ်ကို တစ်ခုခု ဖြစ်လာအောင် လုပ်ချင်တာလား"
၎င်းက ကိစ္စ၏ အနှစ်သာရကို တိုက်ရိုက် ထိမှန်သွားသည်။ ယန်ရွှယ်၏ မျက်နှာမှာ တည်ကြည်သွားသည်။ "အမှန်အတိုင်း ပြောရရင်၊ ဒါကို ကျွန်မ တစ်ယောက်တည်း အမြဲတမ်း လုပ်သွားနိုင်လိမ့်မယ်လို့ ဘယ်တော့မှ မထင်ခဲ့ပါဘူး"
မည်သည့်အချိန်တွင် နောက်ဆုတ်ရမည်—သို့မဟုတ် နောက်ဆုတ်နိုင်ပါမည်လား ဆိုသည်မှာ မည်သူက ဦးဆောင်နေလဲ ဆိုသည်ပေါ်တွင်သာ လုံးလုံး မူတည်သည်။ မဟုတ်ပါက သူမ၏ ကြိုးစားမှုများမှာ အလဟဿ ဖြစ်သွားနိုင်ပေသည်။
"ဒါပေမဲ့ ကျွန်မကို တာဝန်ပေးလိုက်ပြီဆိုတော့ ကျွန်မတို့ရဲ့ မှိုစိုက်ပျိုးရေး လုပ်ငန်း အောင်မြင်အောင် ကျွန်မ တတ်နိုင်သမျှ အကုန် လုပ်သွားမှာပါ"
ထိုစကားဖြင့် ကောချန်အန်းမှာ သူ၏ အဖြေကို ရရှိသွားသည်။ စခန်းတွင် သူ၏ အခန်းကဏ္ဍမှာလည်း အစားထိုး၍ ရနိုင်သည်သာ ဖြစ်သည်။ "ငါ ပြောင်းလာခဲ့မယ်၊ မင်းနဲ့အတူ အလုပ်လုပ်မယ်"
"ဒါဆိုရင် အစ်ကိုက အရင်အတိုင်းပဲ၊ စိုက်ပျိုးတဲ့ အဆင့်မှာ မှိုမျိုးစေ့ ပျိုးတာနဲ့ လေ့လာမှု မှတ်တမ်းတွေကို အဓိက တာဝန်ယူပေးပါ"
ကောချန်အန်းမှာ အသေးစိတ်ကျပြီး ဉာဏ်ထက်မြက်သူ ဖြစ်သဖြင့် ယန်ရွှယ်သည် သူ့ကို နည်းပညာရှင် တစ်ဦး ဖြစ်လာစေရန် လေ့ကျင့်ပေးနေခဲ့ခြင်း ဖြစ်သည်။
ကောချန်အန်းက သဘောတူသဖြင့် ယန်ရွှယ်က လျန်ယွဲ့အာဘက်သို့ လှည့်လိုက်သည်။ "အစ်မ ယွဲ့အာ၊ အစ်မက ငွေကိုင် တာဝန်ကို ယူပေးပြီး ဝန်ထမ်း စီမံခန့်ခွဲမှုကိုလည်း ကူညီပေးပါ။ အဆင်ပြေပါ့မလား"
ဆိုလိုသည်မှာ သစ်တောစခန်းမှ ချပေးသော ရန်ပုံငွေများကို လျန်ယွဲ့အာထံ အပ်နှံခြင်း ဖြစ်သည်။ ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ လျဲ့ယွဲ့အာက ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ"
ထိုခေတ်အခါက ဌာနဆိုင်ရာ အသုံးစရိတ်များကို အလွန်သတိထား ကိုင်တွယ်ရသည်—ခေါင်းဆောင်၊ စာရင်းကိုင်နှင့် ငွေကိုင် သုံးဦးစလုံး၏ ခွင့်ပြုချက်ရှိမှသာ ငွေထုတ်ယူနိုင်သည်။ သစ်တောစခန်းက ယန်ရွှယ်ကို ကြီးကြပ်ရန် စာရင်းကိုင် သို့မဟုတ် ငွေကိုင် စေလွှတ်မထားခြင်းမှာပင် အလျှော့ပေးထားခြင်း ဖြစ်သည်။ ရှိနေသူ လေးဦးအနက် လျန်ယွဲ့အာမှာ ငွေကြေးကို စီမံရန် အသင့်တော်ဆုံး ဖြစ်သည်။
ကျိုးဝမ်ဟွေ့မှာမူ အနည်းငယ် စိတ်မသက်မသာ ဖြစ်လာသည်။ "ကျွန်မကတော့ ရပါတယ်။ စာရင်းကိုင်တာက သိပ်အလုပ်မများဘူးဆိုတော့ အားတဲ့အခါ လာကူညီပေးပါ့မယ်"
သေချာသည်မှာ သူမသည် လစာယူရန် စိတ်ကူးမရှိပါချေ၊ အထူးသဖြင့် နောက်နှစ်လဆိုလျှင် ကလေးမွေးတော့မည် ဖြစ်သည်။ သူမသည် ယန်ရွှယ်ကို ကူညီရန်သာ ရည်ရွယ်ထားခြင်း ဖြစ်သည်။
"ကျွန်မတို့မှာ ဒီတာဝန်အတွက် သီးသန့်လူ လိုအပ်တယ်"
ယန်ရွှယ် တိုက်တွန်းခဲ့သည်။ "အကယ်၍ မီးဖွားခွင့် လိုရင်လည်း ပုံမှန်အတိုင်း ရက်ပေါင်း ၄၀ ခွင့်ယူလို့ ရပါတယ်"
ကျိုးဝမ်ဟွေ့ တွန့်ဆုတ်နေသည်ကို မြင်သောအခါ သူမ ထပ်ပြောလိုက်သည်။ "ဒါပေမဲ့ အခု လူအင်အား နည်းနေတော့ အချိန်မှတ်တမ်းကိုပါ ကိုင်တွယ်ရလိမ့်မယ်။ အရမ်းပင်ပန်းမယ် ထင်ရင်တော့ စဉ်းစားဖို့ အချိန်ယူပါဦး"
ဘာမှမလုပ်ဘဲ လစာယူနေရမည် မဟုတ်ကြောင်း သိလိုက်ရသဖြင့် ကျိုးဝမ်ဟွေ့မှာ အနည်းငယ် စိတ်သက်သာရာ ရသွားသော်လည်း၊ သူမ၏ မိသားစုနှင့် အရင်တိုင်ပင်ပြီးမှ အဖြေပေးမည်ဟု ပြောခဲ့သည်။
တာဝန်များ သတ်မှတ်ပြီးနောက် နောက်တစ်ဆင့်မှာ လူခေါ်ရန် ဖြစ်သည်။
ယန်ရွှယ် ကျန်သုံးဦးကို ကြည့်လိုက်သည်။ "လူခေါ်တဲ့အခါမှာ ကျွန်မက အမျိုးအစား နှစ်မျိုး ခွဲခေါ်ဖို့ စဉ်းစားထားတယ်—ရေရှည်နဲ့ ရေတို ဝန်ထမ်း"
ရေရှည်ဝန်ထမ်းများမှာ သူတို့ကဲ့သို့ပင် စမ်းသပ်စီမံကိန်းအတွက်သာ သီးသန့် လုပ်ဆောင်ရမည်ဖြစ်ပြီး၊ မှိုရောင်းရငွေပေါ်တွင် မူတည်၍ တစ်နှစ်တစ်ကြိမ် အမြတ်ခွဲဝေယူရမည့် ပုံစံဖြစ်သည်။
ရေတိုဝန်ထမ်းများမှာမူ မိသားစုအဖွဲ့များမှ ရာသီအလိုက် အလုပ်သမားများကဲ့သို့ပင် နေ့စားခ ရရှိမည်ဖြစ်ပြီး ကြိုက်သည့်အချိန်တွင် လာနိုင်၊ ထွက်နိုင်မည် ဖြစ်သည်။
စမ်းသပ်စီမံကိန်းသည် အမြဲတမ်း အလုပ်မများပါချေ—အလုပ်အများဆုံး အချိန်များမှာ မှိုမျိုးစေ့ ပျိုးသည့် အဆင့်၊ မျိုးသွင်းသည့် အဆင့်နှင့် မှိုခူးဆွတ် ခြောက်လှန်းသည့် အဆင့်များ ဖြစ်သည်။
ရေရှည်ဝန်ထမ်းများချည်း ခေါ်ထားလျှင် အလဟဿ ဖြစ်နိုင်သလို၊ သစ်တောစခန်း ဝန်ထမ်းများမှာလည်း မသေချာသေးသော လုပ်ငန်းသစ်တစ်ခုပေါ်တွင် သူတို့၏ ကံကြမ္မာကို ပုံအောချင်မှ အောကြလိမ့်မည်။
အဆုံးတွင်မူ ဤအရာမှာ အသစ်အဆန်း ဖြစ်သည်—မည်သူမျှ ဤကဲ့သို့ မှိုမစိုက်ဖူးကြချေ။ မည်မျှ အမြတ်ထွက်မည်ကို မည်သူ သိနိုင်မည်နည်း။ ယခုနှစ် အထွက်နှုန်း မကောင်းလျှင်ကော?
ယာယီဝန်ထမ်းများမှာမူ စီမံကိန်း အရှုံးအမြတ်နှင့် မဆိုင်ဘဲ နေ့စားခ ရရှိမည်ဖြစ်ရာ၊ သူတို့သည် မိသားစုအဖွဲ့တွင်လည်း အလုပ်လုပ်နိုင်သလို စမ်းသပ်စီမံကိန်းတွင်လည်း ဝင်ရောက် လုပ်ကိုင်နိုင်ပေသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် သစ်တောရှင်းလင်းရေး အလုပ်မှာ ခုနတင်ကမှ ပြီးစီးသွားခဲ့ပြီး၊ ယန်ရွှယ်၏ အဖွဲ့မှာလည်း မှိုမျိုးသွင်းခြင်းကို စတင်တော့မည် ဖြစ်သည်။ မိသားစုအဖွဲ့များတွင် အလုပ်ပါးသွားသည့် အချိန်၌ ဤစီမံကိန်းမှာ စက်တင်ဘာ သို့မဟုတ် အောက်တိုဘာလအထိ ဆက်၍လည်ပတ်နေဦးမည် ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် အလုပ်ခေါ်စာ တင်လိုက်သည်နှင့် စုံစမ်းမေးမြန်းသူများ ဝိုင်းအုံလာကြသည်—အားလုံးမှာ ယာယီဝန်ထမ်း နေရာအတွက်သာ ဖြစ်သည်။
မိသားစုဝင်အချို့ စာမတတ်မည်ကို စိုးရိမ်သဖြင့် ယန်ရွှယ်သည် သစ်တောစခန်း၏ လော်စပီကာမှတစ်ဆင့် အလုပ်အကိုင် အသေးစိတ်၊ လိုအပ်ချက်များနှင့် လစာများကို ကြေညာခိုင်းခဲ့သည်။
မကြာမီမှာပင် သူမနှင့် လျန်ယွဲ့အာတို့သည် လာရောက် လျှောက်ထားသူ ဆယ်ဂဏန်းကျော်ကို စာရင်းသွင်းနိုင်ခဲ့သည်—အားလုံးမှာ ရေတို ဝန်ထမ်းများဖြစ်ကြပြီး ရေရှည် ဝန်ထမ်း လျှောက်ထားသူ တစ်ဦးမျှ မရှိပါချေ။
ယန်ရွှယ်သည် အလုပ်ရှုပ်ပြီးနောက် ရေတစ်ငုံ သောက်လိုက်စဉ်မှာပင် နောက်ထပ် လူတစ်ယောက် ဝင်လာသည်။ သူမ မော့မကြည့်ဘဲ မေးလိုက်သည်။
"အလုပ်လျှောက်ဖို့လား။ ဒီမှာ စာရင်းပေးလို့ ရပါတယ်"
သူမ မော့ကြည့်လိုက်သောအခါတွင်မူ အရပ်ရှည်ရှည်၊ အလွန်ချောမောပြီး ဆွဲဆောင်မှုရှိသော မက်မွန်ပွင့် မျက်ဝန်းပိုင်ရှင် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်—သူ့မျက်နှာမှာ တစ်မျိုးရင်းနှီးနေသလိုပင်။
ရင်းနှီးနေသော ထိုအမျိုးသားမှာ သူမ၏ မေးခွန်းကြောင့် အံ့အားသင့်သွားပုံရသည်။ တံခါးဝတွင် ရပ်ကာ သူက ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့"
လျန်ယွဲ့အာက ရယ်မောကာ မတ်တပ်ရပ်လိုက်သည်။ "ထမင်းစားချိန် နီးပြီဆိုတော့ ကျွန်မ အရင် သွားလိုက်ဦးမယ်"
ယန်ရွှယ် သူမကို မတားပါချေ။"မနက်ဖြန်ကျရင် ကိရိယာတွေ ဝယ်ဖို့ ငွေထုတ်ရမယ်နော်"
လျန်ယွဲ့အာ ထွက်သွားသည်နှင့် ယန်ရွှယ်က ထိုအမျိုးသားဘက်သို့ လှည့်ကာ ချောင်းတစ်ချက် ဟန်ဆောင်ဟန့်လိုက်သည်။
"ဘယ်ရာထူးအတွက် လျှောက်မှာလဲ။ ရေရှည်လား၊ ရေတိုလား"
ချီဖန့်လည်း လိုက်လျောညီထွေစွာပင် သူ၏ မက်မွန်ပွင့် မျက်ဝန်းများကို နှိမ့်ကာ အလေးအနက် စဉ်းစားနေဟန်ဖြင့် မေးလိုက်သည်။
"တစ်သက်တာနေရာရော ရှိလား"
"အဲ့ဒါကတော့ ခက်သွားပြီ" ယန်ရွှယ် စိတ်ညစ်ဟန် ဆောင်လိုက်သည်။
"ဒီလောကမှာ ပြောင်းလဲလို့မရတဲ့ သံယောဇဉ်ဆိုတာ သွေးသားတော်စပ်မှု တစ်ခုပဲ ရှိတာလေ"
"ကိုယ်က ကလေးရဲ့ အဖေဆိုရင်ရော?"
အင်း... မဟုတ်သေးပါဘူး— ပထွေးဆိုတာလည်း ရှိသေးတာပဲလေ။
ဒါပေမဲ့ ယန်ရွှယ်က ပြန်မပြောနိုင်ခင်မှာပင် ချီဖန့်က သူမ၏ နှုတ်ခမ်းကို လက်နှစ်ချောင်းဖြင့် ပိတ်လိုက်တော့သည်။
သူမ၏ နှုတ်ခမ်းကို ဘဲနှုတ်သီးပုံစံဖြစ်အောင် လက်ဖြင့်ညှစ်ပြီး သူ မျက်မှောင်ကြုတ်လိုက်သည်။ "ပြောဖို့ကောင်းတာမရှိရင် ဘာမှမပြောနဲ့တော့။"
ဒါဆို အခု သူမက အမှန်တရားကိုတောင် ပြောခွင့်မရှိတော့ဘူးပေါ့? ယန်ရွှယ် သူ့လက်ကို ပုတ်ထုတ်လိုက်သည်။
ဒါပေမဲ့ အလုပ်ဆင်းချိန်တောင် မရောက်သေးဘူးပဲ။ သူမ နာရီကို ကြည့်လိုက်သည်။
"ရှင် ဒီနေ့ ဘာလို့ ဒီလောက်စောစော ပြန်ရောက်နေတာလဲ?"
ထိုမေးခွန်းကြောင့် သူ၏ မျက်နှာရိပ်က မှောင်ကျသွားသည်။
"ပြုပြင်ပြောင်းလဲဖို့ အပိုပစ္စည်းတွေ အကုန်ရောက်လာပြီ။ ဗျူရိုကလည်း အမြန်အပြီးသတ်ဖို့ ကိုယ့်ကို ဖိအားပေးနေတယ်။"
"အဲ့လောက်တောင် မြန်တာလား?" ယန်ရွှယ် အံ့သြသွားခဲ့သည်။ "အရင်က အများကြီး လိုနေသေးတာ မဟုတ်ဘူးလား?"
"အရင် ဝယ်ယူရေးအရာရှိက အတွင်းရေးမှူး ချူ လက်ထဲ မိသွားပြီး အပြစ်ပေးခံလိုက်ရတယ်။ အသစ်ရောက်လာတဲ့သူက အချိန်ဆွဲဖို့ မဝံ့ရဲတော့ဘူးလေ။"
ချူမင်လီသည် အမှားရှာရာတွင် တော်ရုံသာမက သူချမှတ်သည့် ဒဏ်ငွေကလည်း ပြင်းထန်လှသည်။
အတိအကျမဟုတ်သော်လည်း ထိုဒဏ်ငွေပမာဏမှာ ဝယ်ယူရေးအရာရှိ ယခင်က အပိုပစ္စည်းဝယ်ယူရာတွင် ကြားဖြတ်ခုတ်ထားသည့် ပမာဏနှင့် သံသယဖြစ်ဖွယ် နီးစပ်နေသည်။ မည်သူက မကြောက်ဘဲ နေပါမည်နည်း။
ထိုအရာရှိသည် ညွှန်ကြားရေးမှူးလျို၏ တောင်းဆိုချက်များကို သဘောတူခဲ့မိသည့်အတွက် ယခုအခါ အကြီးအကျယ် နောင်တရနေပြီး အခြားသူများလည်း သတိကြီးစွာ ထားလာကြသည်။
သူ့ဒေါသကို ဖွင့်ထုတ်စရာနေရာမရှိသည့်အခါ ညွှန်ကြားရေးမှူးလျိုက နေရာတကာ အပြစ်လိုက်ရှာနေတော့သည်—ချီဖန့်ကို စက်ပစ္စည်း ပြုပြင်မှုအမြန်လုပ်ရန် ဖိအားပေးခြင်းမှာလည်း တစ်ခုအပါအဝင်ဖြစ်သည်။
အကယ်၍ ချီဖန့် ကျရှုံးလျှင် သို့မဟုတ် အချိန်ကြာမြင့်နေလျှင် ညွှန်ကြားရေးမှူးလျိုက ပြဿနာရှာရန် အခွင့်အရေးကို လက်လွှတ်မည်မဟုတ်ပေ။
သို့သော် ချီဖန့်၏ စိတ်အခြေအနေ မကောင်းခြင်းမှာ အလုပ်လောနေ၍သာ မဟုတ်ကြောင်း ယန်ရွှယ် ရိပ်မိသည်—အမှန်တော့ သူသည် အချိန်ပိုဆင်းရခြင်းနှင့် မစိမ်းလှပေ။
မျှော်လင့်ထားသည့်အတိုင်းပင် တခြားကိစ္စရှိသေးလားဟု သူမ မေးလိုက်သောအခါ သူ၏ မျက်နှာမှာ ပို၍ပင် တည်ကြည်သွားသည်။
"စက်ပြင် အလုပ်ရုံက စက်ကိရိယာတွေက မလုံလောက်ဘူး။ အချို့ အပိုပစ္စည်းတွေကို မြို့ပေါ် သွားလုပ်ရမယ်။"
ယခုမှ သူမ နားလည်သွားသည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူမ တိုက်ရိုက် မေးလိုက်သည်။
"ဘယ်လောက်ကြာမှာလဲ?"
"အနည်းဆုံးတော့ လဝက်လောက်ပဲ။"
ချီဖန့်၏ မျက်နှာမှာ မကောင်းလှချေ။ "တောင်းပန်ပါတယ်၊ ကိုယ် ထပ်ပြီး ခရီးထွက်ရဦးမယ်။"
"ကိစ္စမရှိပါဘူး" ယန်ရွှယ် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"အနည်းဆုံးတော့ ရှင် အိမ်မှာရှိတဲ့အချိန်မှာ ဂီယာတံကို ကိုင်ရသေးတာပဲလေ။"
"ဂီယာတံ" ချီဖန့် ထိုစကားလုံးကို နားမလည်သဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
သူ နားမလည်သဖြင့် ယန်ရွှယ်လည်း သူမ နောက်ပြောင်လိုက်သည့် အဓိပ္ပာယ်ကို မသိဟန်ဆောင်လိုက်သည်။
"မြို့ပေါ် စက်ပြင်အလုပ်ရုံက တစ်ပတ်မှာ တစ်ရက် နားရက်ပေးတယ် မဟုတ်လား?"
"အင်း။"
သစ်ခုတ်အဖွဲ့တုန်းကတော့ အချိန်အကန့်အသတ်ရှိပြီး အလုပ်ဝန်ပိသဖြင့် ခြွင်းချက်ဖြစ်ခဲ့သော်လည်း ထိုခေတ်က အလုပ်ခွင်အများစုမှာ တစ်ပတ် ၆ ရက် အလုပ်လုပ်ကြသည်။
ချီဖန့် ထိုအချက်ကို သိသော်လည်း အချိန်ကိုက် ဖြစ်နေခြင်းက သူ့ကို စိတ်တိုစေသည်။
"ကိုယ် မသွားခင် တစ်ခုခု လုပ်ပေးဖို့ လိုသေးလား?"
"သိပ်မလိုပါဘူး"
ယန်ရွှယ် စဉ်းစားရင်း ပြောလိုက်သည်။ "ပစ္စည်းဝယ်ယူရေး ကိစ္စတွေကို သစ်တောစခန်းရဲ့ ထောက်ပံ့ရေးဌာနကို လွှဲပေးလိုက်ပြီ။"
သူမ၏အဖွဲ့မှာ လူအင်အားနည်းသဖြင့် အပြင်လူကို ခိုင်းစေခြင်းက ပိုလက်တွေ့ကျသည်—သူတို့က သူမကို ဈေးအဆမတန် မတင်သရွေ့တော့ ကော်မရှင်ခ အနည်းငယ်ပေးရခြင်းမှာ တရားမျှတပါသည်။
ချီဖန့် ဆက်မမေးတော့ပေ။ အထုတ်ပြင်ရာတွင်လည်း အကူအညီမတောင်းဘဲ နောက်တစ်နေ့ ခရီးစဉ်အတွက် သူ၏ ပစ္စည်းများကို ကိုယ်တိုင် ပြင်ဆင်လိုက်သည်။
မထွက်ခွာမီ သူသည် ရေစည်ထဲသို့ ရေဖြည့်ပေးပြီး ထင်းများ ခွဲပေးခဲ့သည်။ "လေးတဲ့အရာတွေရှိရင် ကိုယ်ပြန်လာမှ လုပ်မယ်။ ကိုယ့်ကိုယ်ကိုယ် အပင်ပန်းမခံနဲ့။"
သူမက သူ့စကားကို နားမထောင်မှာ စိုးရိမ်သဖြင့် သူ အဖွားဘက်သို့ လှည့်လိုက်သည်။ "အဖွား၊ ယန်ရွှယ်ကို ကျွန်တော့်အတွက် စောင့်ကြည့်ပေးပါဦး။"
အဖွားက သူမရဲ့ အဖွားအရင်ဖြစ်တာကို သူကများ... ယန်ရွှယ် ထိုသို့ တွေးလိုက်စဉ်မှာပင် အဖွားက ပျော်ရွှင်စွာ သဘောတူလိုက်သည်။
"စိတ်မပူနဲ့၊ အကုန်လုံးကို ငါ မင်းကို ပြန်တိုင်မယ်။"
အနားမှာရှိသော ယန်ကျိအန်းလေးလည်း အားတက်သရော လက်ထောင်ပြီး ကူညီချင်ကြောင်း ပြောသည်—ယန်ရွှယ် စိုက်ကြည့်လိုက်သည့်အခါကျမှ သူက လက်ကို အမြန် ပြန်ချလိုက်တော့သည်။
ချီဖန့် ထွက်ခွာတော့မည့် ဆဲဆဲတွင် တစ်ခုခုကို ရုတ်တရက် သတိရသွားကာ အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။
"ယန်ရွှယ်၊ ခဏလောက် ဝင်ခဲ့ပါဦး။ ဆွေးနွေးစရာ တစ်ခုရှိသေးတယ်။"
သူက ဉာဏ်ထက်မြက်သူဖြစ်ရာ အပြင်ရောက်မှ မေ့တတ်သူမျိုး မဟုတ်သော်လည်း ယန်ရွှယ် သူ့နောက်သို့ လိုက်ဝင်သွားခဲ့သည်။
သူမ ဝင်လိုက်သည်နှင့် သူက ပစ္စည်းများကို ချထားပြီး သူမ၏ နောက်မှ တံခါးကို ပိတ်လိုက်သည်ကို တွေ့ရသည်။
၎င်းက သူမကို ပို၍ ဇဝေဇဝါ ဖြစ်စေသည်။ ယန်ကျိအန်းနှင့် ဒုတိယအဖွားတို့ထံမှ ဖုံးကွယ်ပြီး ဘာတွေ ပြောစရာရှိလို့ပါလိမ့်?
"ဘာကိစ္စမို့—"
သူမ စကားမဆုံးခင်မှာပင် သူက သူမ၏ မျက်နှာကို အုပ်ကိုင်ကာ နမ်းလိုက်သည်။
ယန်ရွှယ်တွင် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း အတည်ပြုပြီးကတည်းက သူတို့နှစ်ဦးမှာ အရင်ကထက် ပို၍ ထိန်းသိမ်းနေထိုင်ခဲ့ကြသည်။ သူတို့၏ အနမ်းများမှာ ပေါ့ပါးရုံသာရှိပြီး နှုတ်ခမ်း သို့မဟုတ် နဖူးကိုသာ ခပ်ဖွဖွ နမ်းလေ့ရှိသည်။
သို့သော် ဤတစ်ကြိမ်တွင်မူ သူက နက်နက်ရှိုင်းရှိုင်း နမ်းလိုက်သည်၊ ၎င်းမှာ မဆိုင်းမတွပင် ရုတ်တရက် ရောက်လာသော မုန်တိုင်းတစ်ခုကဲ့သို့ ဖြစ်သည်။
ယန်ရွှယ်မှာ ဝေဝေဝါးဝါး ဖြစ်သွားပြီး တံခါးအပြင်ဘက်တွင် ဒုတိယအဖွားနှင့် ယန်ကျိအန်းတို့ ရှိနေသည်ကို အချိန်အတော်ကြာမှ သတိရတော့သည်။
သူမက သူ့ရင်ဘတ်ကို အမြန်ပုတ်လိုက်သည်၊ အပြင်ကလူတွေ ကြားသွားမှာစိုးသဖြင့် အသံအကျယ်ကြီး မထွက်အောင် သတိထားရသည်။
ကံကောင်းသည်မှာ ချီဖန့်လည်း အနမ်းကို အကြာကြီး မဆွဲချင်ပါပေ။ သူက ချက်ချင်းပင် လွှတ်ပေးလိုက်သော်လည်း လက်များကမူ သူမ၏ မျက်နှာကို အုပ်ကိုင်ထားဆဲဖြစ်သည်။
"အိမ်မှာ ဂရုစိုက်နေနော်။"
သူက သူမကို စူးစိုက်ကြည့်နေပြီး သူမက အလိုလို ခေါင်းညိတ်လိုက်သည့် အခါကျမှ သူက ပစ္စည်းများကို ကောက်ယူကာ ထွက်ခွာသွားတော့သည်။
ချီဖန့် ချန်ရွှေ့ စက်ပြင် အလုပ်ရုံသို့ ပြန်ရောက်လာခြင်းမှာ သူထွက်သွားစဉ်ကနှင့် လုံးဝ ခြားနားလှသည်။
စက်ရုံညွှန်ကြားရေးမှူးက သူ့ကို နွေးထွေးစွာ ကြိုဆိုပြီး အိပ်ဆောင်တစ်ခု ပြင်ဆင်ထားပြီးဖြစ်ကြောင်းနှင့် လုံ့လဝီရိယရှိကာ အရည်အချင်းရှိသော အလုပ်သမားအချို့ကို လက်ထောက်အဖြစ် ခန့်အပ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စီနီယာ နည်းပညာရှင် အချို့မှာ ယခင်က ကျင်းချွမ် စက်ပြက်အလုပ်ရုံတွင် အလုပ်လုပ်ဖူးကြပြီး ချီဖန့်မှာ တကယ့်ကို ကျွမ်းကျင်သူဖြစ်ကြောင်းနှင့် စက်ပစ္စည်းများအပေါ်မှာသာ အာရုံစိုက်သူဖြစ်ကြောင်း သိကြသည်။ ထို့ကြောင့် သူတို့၏ သဘောထားမှာ လေးစားမှု ရှိကြသည်။
အဆုံးတွင်မူ လတ်တလော ဖြစ်ပွားခဲ့သော ပြဿနာကို အချိန်မီ ဖြေရှင်းနိုင်ခဲ့သဖြင့် အထက်လူကြီးများ၏ ချီးကျူးမှုကို ရရှိခဲ့သည်မှာ ချီဖန့်ကြောင့် မဟုတ်ပါလား။
အောက်ခြေအလုပ်သမားများ၊ လျှပ်စစ်သမားများနှင့် အလုပ်သင်များ၊ အထူးသဖြင့် သူ့ကို တစ်ခါမှ မမြင်ဖူးသူများမှာမူ သူ့ကို စူးစမ်းလိုစိတ်ဖြင့် ခိုးကြည့်နေကြသည်။
ချန်ကျိကျုန်း တစ်ယောက်သာ စိတ်မကောင်း ဖြစ်နေသည်။ ဆေးရုံတက်ပြီးနောက် အိမ်တွင် လအတော်ကြာ အနားယူခဲ့ရပြီး အလုပ်ပြန်ဝင်ကာရှိသေး ချီဖန့် ရောက်လာသည်ဟူသော သတင်းကို ကြားလိုက်ရခြင်း ဖြစ်သည်။
၎င်းမှာ ယာယီပြောင်းရွှေ့မှုသာ ဖြစ်သော်လည်း ချီဖန့်သည် ဘူဒိုဇာများနှင့် မြေတူးစက်များကို ပြုပြင်ရန် တာဝန်ပေးအပ်ခြင်း ခံရသည်။ အကယ်၍ သူ အောင်မြင်ခဲ့လျှင် ဗျူရို၏ အသိအမှတ်ပြုမှုကို ပိုရရှိပေလိမ့်မည်။
ဘယ်သူသိနိုင်မည်နည်း? ဗျူရိုက သူ့ကို အခြား ထရက်တာ များ၏ ပြုပြင်မှုများကို ကြီးကြပ်ရန်အတွက်ပါ တာဝန်ပေးလိုက်နိုင်သည်...
ထိုအတွေးကြောင့်ပင် ချန်ကျိကျုန်း စိတ်တိုနေရသည်။ အခြားသူများ၏ သဘောထားကို မြင်ရသည်မှာလည်း သူ၏ ဒေါသကို ပို၍ ဆွပေးသလို ဖြစ်နေသည်။
သို့သော် ချီဖန့်က သူ့ကို တစ်ချက်လေးမျှ လှည့်မကြည့်ပါချေ။
သူသည် အပိုပစ္စည်းများ ထုတ်လုပ်ရန်နှင့် စက်ပစ္စည်းများကို ပြုပြင်ရန် ရောက်လာခြင်းဖြစ်သည်—အရေးမပါသော လူများအတွက် အချိန်ဖြုန်းရန် မဟုတ်ပေ။
သေချာသည်မှာ ထို "အရေးမပါသော လူများ" က အနှောင့်အယှက်ပေးပြီး သူ၏ အလုပ်ကို နှေးကွေးအောင် လုပ်မည်ဆိုလျှင်တော့ ကိစ္စက တစ်မျိုး ဖြစ်သွားပေလိမ့်မည်...
ချီဖန့် အလုပ်ဝတ်စုံလဲပြီး အပိုပစ္စည်းများ ထုတ်လုပ်ရန်အတွက် ချက်ချင်း စတင်ပြင်ဆင်နေစဉ်မှာပင်၊ သစ်တောဗျူရို၌ စားသုံးမှို စိုက်ပျိုးရေး စမ်းသပ်စီမံကိန်း စတင်ကြောင်း ကြေညာသည့် အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့သည်။
"အကယ်၍ ဒီစမ်းသပ်မှု အောင်မြင်ခဲ့ရင် ဒါဟာ ကျွန်တော်တို့ မြို့နယ် သစ်တောဗျူရိုအတွက်သာမက ခရိုင်အတွက်ပါ လုပ်ငန်းသစ်တစ်ခု ဖြစ်လာမှာပါ။ နိုင်ငံတော်အတွက်လည်း ပိုအကျိုးရှိပြီး ပိုပြီး ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်"
အတွင်းရေးမှူး ချူမင်လီသည် သစ်တောစခန်း တစ်ခုချင်းစီမှ အတွင်းရေးမှူးများကို ရှင်းပြခဲ့သည်။
၎င်းမှာ အပြန်အလှန် အကျိုးရှိမည့် အလုပ်ဖြစ်သဖြင့် လူတိုင်းကို ပြန်ရောက်သည့်အခါ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။