← Chapters

အခန်း (၁၂၆)

Vol. 13 Ch. 126

အခန်း (၁၂၆)

Vol. 13 Ch. 126

ကိစ္စအားလုံး ပြီးမြောက်သွားမှ ယန်ရွှယ်က ထိုလူ၏ နာမည်ကို မေးဖြစ်တော့သည်။ သူ့နာမည်မှာ ရှုဝမ်ချန်း ဖြစ်ပြီး သမီးဖြစ်သူမှာ ရှုရှောင်လီ ဖြစ်သည်။ သူ့ကို ပထမဆုံးရက် လုပ်ခပင် မပေးရသေးခင်မှာပင် သူတို့က ထင်းများ အရင်လာပေးကြသည်မှာ သူမကို အံ့အားသင့်စေသည်။ ထိုမိန်းကလေးမှာ မနေ့က အိမ်ပြန်ရောက်ကတည်းက ဤထင်းများကို စုဆောင်းနေခဲ့ခြင်း ဖြစ်လိမ့်မည်။ သစ်စခန်းတွင် ထင်းမရှားပါဟု ယန်ရွှယ် မပြောတော့ပေ။ ဦးလေးသုံးလည်း ဤအချက်ကို သိပုံရသော်လည်း ထိုမိန်းကလေး၏ ကျေးဇူးတရားကို ဖော်ပြခွင့် ပေးသည့်အနေဖြင့် သူတို့ ထိုထင်းများကို လက်ခံလိုက်ကြသည်။

မူလက ယန်ရွှယ်သည် ရှုဝမ်ချန်းအတွက် ဝှီးချဲတစ်စီး လုပ်ပေးချင်သော်လည်း မည်သို့ ပြုလုပ်ရမည်ကို သူမ မသိပေ။ ထို့အစား ဆရာ ကျားကို သစ်သားလှည်းအနိမ့်လေး တစ်စီး လုပ်ခိုင်းလိုက်သည်။ ၎င်းမှာ ခိုင်ခံ့သော သစ်သားပြားတွင် ဘေးတစ်ဖက်စီ၌ သစ်သားဘီး နှစ်လုံးစီ တပ်ထားခြင်း ဖြစ်ကာ သစ်သားတုံးများကို လက်ဖြင့် မြေပြင်ကို တွန်း၍ သွားရခြင်း ဖြစ်သည်။

သို့သော် ရှုဝမ်ချန်းအတွက်မူ တစ်နေ့လုံး အိပ်ရာပေါ်တွင် လဲနေရသည်ထက် ဤလှည်းလေးက ပို၍ ကောင်းမွန်နေသည်။ သူသည် ၎င်းကို အသုံးပြုပုံကို အလျင်အမြန် ကျွမ်းကျင်သွားပြီး သွားရင်းလာရင်း ပစ္စည်းများ တင်ဆောင်ရန်ပင် သင်ယူနိုင်ခဲ့သည်။ သူတစ်ပါးကို ဝန်မပိစေရန်အတွက် သူသည် အလုပ်လုပ်ချိန်တွင် ရေကို အနည်းငယ်သာ သောက်ပြီး အိမ်မှ ထမင်းချိုင့်ကိုသာ အမြန်စားကာ အလုပ်ပြန်လုပ်လေ့ရှိသည်။

သို့သော် ယန်ရွှယ် ခြေပြတ်နေသူ နောက်တစ်ဦးကို လက်ခံလိုက်သည်ဟူသော သတင်းမှာ သစ်စခန်းတစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။ ရက်အနည်းငယ်အတွင်းမှာပင် အခြားသူတစ်ဦးက အကူအညီလိုအပ်နေသူ တစ်ဦးကို ထပ်၍မိတ်ဆက်ပေးလာခဲ့သည်။

ပထမဆုံး အသက် ၁၈၊ ၁၉ အရွယ် ဆွံ့အနားမကြား မိန်းကလေးတစ်ဦးကို ခေါ်လာကြသည်။ သူမမှာ ငယ်စဉ်က ဖျားရာမှ နားမကြားဖြစ်သွားခြင်းဖြစ်ကြောင်း ရှင်းပြကြသည်။ ယန်ရွှယ်က ထိုမိန်းကလေးမှာ သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားပြီး လက်များတွင်လည်း အလုပ်လုပ်ထားသည့် အမာရွတ်များ ရှိနေသည်ကို သတိပြုမိလိုက်သည်။

ယန်ရွှယ် သူမအား စာရေး၊စာဖတ် တတ်လားဟု မေးလိုက်သည်။ သူမမှာ မူလတန်း တက်ခဲ့သော်လည်း မပြီးဆုံးခဲ့ဘဲ စာလုံးအနည်းငယ်သာ သိသည်ဟု ကြားသောအခါ ယန်ရွှယ်သည် သူမကို အဘိဓာန်စာအုပ်တစ်အုပ် ပေးလိုက်ပြီး တတ်နိုင်သမျှ စာရေး၍ ဆက်သွယ်ရန် ပြောကာ အလုပ်ခန့်ထားရန် ဆုံးဖြတ်လိုက်သည်။

ယန်ရွှယ်သည် သူမ၏ အတိတ်ဘဝ အတွေ့အကြုံများကြောင့် မသန်စွမ်းသူများကို ကူညီချင်စိတ် ရှိသော်လည်း သူမသည် အကူအညီများကို အလဟဿ ပေးကမ်းနေသည့် လူအ မဟုတ်ပေ။ သူမရှေ့တွင် ကြောင်တောင်တောင်နှင့် ဟိုကြည့်ဒီကြည့် လုပ်နေသည့် မိန်းကလေးကို ကြည့်ရင်း ယန်ရွှယ်၏ အပြုံးမှာ ပျောက်ကွယ်သွားသည်။

"ဒေါ်လေး... ခုနက ဘာပြောလိုက်တာလဲ။ နောက်တစ်ခေါက်လောက် ပြန်ပြောပေးပါဦး။"

သူမသည် ပြောစကားများကို ရှင်းရှင်းလင်းလင်း ကြားရပြီး နားလည်ပြီးသား ဖြစ်သော်လည်း တစ်ဖက်လူအနေဖြင့် သူတို့၏ တောင်းဆိုချက်ကို ပြန်ရုပ်သိမ်းနိုင်စေရန် လမ်းစပေးလိုက်ခြင်း ဖြစ်သည်။

သို့သော် ထိုသူမှာ ယန်ရွှယ်၏ အရိပ်အကဲကို နားလည်လောက်အောင် သတိမရှိလှပေ။ ယခင်က ကောချန်အန်းနှင့် သူမ၏ တူမကို ပေးစားရန် ကြိုးစားခဲ့သော အမျိုးသမီးမှာ ယန်ရွှယ်၏ ခြံဝင်းထဲတွင် ရပ်နေဆဲပင်။

"ညည်းက လူခေါ်နေတာ မဟုတ်လား။ ငါ့တူမ ချိုင်ရှလည်း အိမ်မှာ ဒီတိုင်း ထိုင်နေတာပဲလေ၊ သူ့ကို အလုပ်တစ်ခုခု ပေးလိုက်ပါလား။"

သူမ၏ လေသံမှာ အမိန့်ပေးနေသည့်အလား ဖြစ်နေရုံမက ယန်ရွှယ်ကိုပင် အပြစ်တင်နေသေးသည်။

"ညည်းက ဘယ်သူမဆို လက်ခံတယ်လို့ မပြောထားဘူးလေ။ ငါသာ စောစောသိရင် သူ့ကို စောစော လွှတ်လိုက်မှာပေါ့။"

ယန်ရွှယ်သည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နိုင်သူ ဖြစ်သော်လည်း ဤအပြုအမူကြောင့် မယုံနိုင်လောက်အောင် ရယ်ချင်သွားသည်။

"ဒါဆို ရှင့်တူမက ဘာလုပ်နိုင်လဲ"

"ညည်းက ဒီလိုလူတွေကို အလုပ်ပေးနေတာ မဟုတ်လား"

ထိုအမျိုးသမီးက ပြန်ပြောခဲ့သည်။ "စိတ်မပူပါနဲ့၊ သူ ဘာပြဿနာမှ မရှာပါဘူး။ သူ့ကို နေစရာ နေရာလေးတစ်ခုလောက် ပေးထားလိုက်ရင် ရပါပြီ။"

"ဒါဆိုရင် သစ်တောစခန်းကို သွားပြီး နေရာရှာခိုင်းပါလား။ ဒါမှမဟုတ် ဌာနကို သွားပြီး နေရာချပေးဖို့ တောင်းဆိုလိုက်လေ"

ယန်ရွှယ်၏ အပြုံးက မျက်ဝန်းဆီသို့ မရောက်ခဲ့ပေ။ "ဒေါ်လေး ကျွန်မကို အနိုင်ကျင့်လို့ရတဲ့သူလို့ ထင်နေတာလား။ ကျွန်မ စခန်းကို သွားမေးကြည့်ရမလား၊ ကျွန်မက ဒီမှာ ပရဟိတဂေဟာ ဖွင့်ထားတာလားလို့။"

တကယ်လို့ ထိုမိန်းကလေးက ဉာဏ်နည်းသော်လည်း အခြေခံ ဆက်သွယ်မှုနှင့် အလုပ်ကို လုပ်နိုင်စွမ်း ရှိလျှင် ယန်ရွှယ် စဉ်းစားပေးကောင်း စဉ်းစားပေးလိမ့်မည်။ သို့သော် ရိုးရှင်းသည့် စကားလုံးများကိုပင် နားမလည်ဘဲ အရွယ်ရောက်သည့်တိုင် အဝတ်ထဲ ဆီးသွားနေဆဲသူကို လက်ခံရန်မှာမူ ဤနေရာသည် ဂေဟာ မဟုတ်ပေ။ ထိုအမျိုးသမီး ပြန်မပြောနိုင်ခင်မှာပင် ယန်ရွှယ် လှည့်ထွက်သွားလိုက်သည်။

"သစ်ထုတ်ရေးအဖွဲ့တွေ တောင်ပေါ်က ပြန်ဆင်းလာပြီဆိုတော့၊ အတွင်းရေးမှူး လျန်နဲ့ ညွှန်ကြားရေးမှူး နင် တို့ကို ဒီကိစ္စ သွားမေးကြည့်လိုက်ပါ့မယ်။"

ထိုအမျိုးသမီး အလိုမရှိဆုံးအရာမှာ ဤအချက်ပင်ဖြစ်သည်။ သစ်တောစခန်းသည် ထူးချွန်သော သစ်ထုတ်လုပ်ရေးရာသီကို ယခုလေးတင် အောင်မြင်စွာ အဆုံးသတ်ထားနိုင်ခဲ့ပြီး စခန်းရုံးတွင် ဆုပေးပွဲအခမ်းအနား ကျင်းပနေခြင်းဖြစ်သည်။

တကယ်လို့ ယန်ရွှယ်သာ အဲဒီကိုသွားပြီး စကားနာထိုးလိုက်ရင် လူကြီးတွေ ဒေါသထွက်ကုန်ကြမှာဖြစ်သလို သူမရဲ့ခင်ပွန်းလည်း မျက်နှာပျက်ရပေလိမ့်မည်။

ထိုအမျိုးသမီးသည် သူမ၏ တူမကို ဆွဲကာ ဒေါသတကြီးဖြင့် ထွက်သွားတော့သည်။ "တော်ပြီ၊ ငါတို့သွားမယ်! ညည်းမလိုချင်ရင်လည်း နေပေါ့!"

သူမသည် စိတ်မကျေမနပ်ဖြင့် တိုးတိုးလေး ကျိန်ဆဲလိုက်သည်။ "သူ့ကိုယ်သူ စိတ်ထားကောင်းတယ် ထင်နေတာ။ ငါတို့က လက်ဆောင်မပါလို့ စိတ်ဆိုးနေတာ ဖြစ်မှာပါ။ သူ့ကလေးလည်း ချိုင်ရှလိုပဲ ဖြစ်ပါစေလို့ ဆုတောင်းတယ်—"

သူမ စကားမဆုံးခင်မှာပင် နောက်ဘက်မှ တံမြက်စည်းတစ်ချောင်း ဝဲပျံလာပြီး သူမကို ရိုက်လိုက်သည်။ ဒုတိယအဖွားမှာ အလွန်အမင်း ဒေါသထွက်နေခဲ့သည်။

"နင့်ရဲ့ ညစ်ညမ်းတဲ့ပါးစပ်ကို ပိတ်ထားစမ်း!"

အဖွားအိုမှာ တုန်နေအောင် စိတ်ဆိုးနေသည်။ ယန်ရွှယ်မှာ ကိုယ်ဝန်ရှိနေချိန်တွင် ဤအမျိုးသမီးက မမွေးသေးသော ကလေးကို ကျိန်ဆဲရဲသည်မှာ မယုံနိုင်စရာပင်။

ယန်ရွှယ်၏ မျက်နှာအမူအရာလည်း အေးစက်သွားခဲ့သည်။ သူမ ဘာမှထပ်မပြောတော့ဘဲ စခန်းရုံးဆီသို့ တန်းတန်း လျှောက်သွားတော့သည်။ ထိုအမျိုးသမီးက သူမကို တားရန် ကြိုးစားသော်လည်း ဒုတိယအဖွားက တံမြက်စည်းဖြင့် ထပ်‌၍ရိုက်နှက်လိုက်သည်။

"နင်က လူလို မပြောတတ်ဘူးလား။ ပါးစပ်ကထွက်တာ အမှိုက်တွေချည်းပဲ!"

ယန်ရွှယ်သည် စခန်း၏ ရင်ပြင်လေးဆီသို့ လျှောက်လာခဲ့ရာ ဆုပေးပွဲအခမ်းအနားမှာ ကျင်းပဆဲပင် ရှိသေးသည်။ အတွင်းရေးမှူး လျန်သည် ယခုနှစ်၏ ထူးချွန်အလုပ်သမားစာရင်းကို ကြေညာနေသည်။

မျှော်လင့်ထားသည့်အတိုင်း ချီဖန့်မှာ သစ်ထုတ်ရေးအဖွဲ့တွင် မပါဝင်တော့သော်လည်း ခရိုင်တစ်ခုလုံးအတွက် သူ၏စွမ်းဆောင်မှုများကြောင့် ဂုဏ်ပြုခြင်းခံရသည်။ သူသည် မြို့ပေါ်တွင် ရှိနေသဖြင့် လျိုဝေကောက သူ၏ကိုယ်စား ကြွေရည်သုတ်ခွက်နှင့် တိုင်ပတ်ပုဝါကို လက်ခံပေးခဲ့သည်။

အခမ်းအနားအပြီးတွင် လျိုဝေကောက ယန်ရွှယ်ကို မြင်သဖြင့် ၎င်းတို့ကို အမြန်လှမ်းပေးလိုက်သည်။

"စောစောလာရမှာ၊ သူ့ကိုယ်စား မင်းကို တက်ယူခိုင်းမလို့။"

ယန်ရွှယ်က ပြုံးပြသော်လည်း ဘာမှမပြောပေ။ အခမ်းအနားပြီးဆုံးသည်အထိ စောင့်ဆိုင်းပြီးမှ အတွင်းရေးမှူး လျန်ထံသို့ ချက်ချင်း ချဉ်းကပ်သွားသည်။ သူ၏ မိုက်ခရိုဖုန်းမှာ ပွင့်နေဆဲဖြစ်သဖြင့် လူတိုင်းက ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

"ဘာ? တစ်ယောက်ယောက်က ဉာဏ်မမှီတဲ့ မိန်းကလေးတစ်ယောက်ကို မင်းဆီ အတင်းထိုးထည့်ပြီး မမွေးသေးတဲ့ကလေးကို ကျိန်ဆဲသွားတယ် ဟုတ်လား"

လူအုပ်ကြီးမှာ မှင်သက်သွားရသည်။ ယန်ရွှယ်နှင့် ရင်းနှီးသော သူငယ်ချင်းအချို့မှာ ဒေါသကြောင့် ချက်ချင်း မျက်နှာဖြူလျော့ကုန်ကြသည်။

အတွင်းရေးမှူးလျန်၏ မျက်နှာမှာလည်း မကောင်းလှပေ။ သူသည် မျက်မှောင်ကြုတ်ကာ လူအုပ်ကို ကြည့်ပြီး မေးလိုက်သည်။

“ဘယ်ရဲဘော်ဖန်မှာ ဉာဏ်ရည်မမှီတဲ့ တူမရှိတဲ့ ဇနီးသည်ရှိတာလဲ?”

ဖန်တကောသည် လူအုပ်ထဲတွင် ရပ်နေသည်။ ခုနကစကားကို ကြားကတည်းက ပြဿနာတက်တော့မည်ကို သူရိပ်မိနေပြီး ယခုအခါ ဘေးပတ်ဝန်းကျင်မှ လူများက သူ့ကို ဝိုင်းကြည့်နေကြပြီဖြစ်သည်။

အတွင်းရေးမှူး လျန်က နာမည်တပ်မပြောဘဲ ဆက်ပြောလိုက်သည်။ “ရဲဘော်ယန်ရွှယ်က စိတ်ထားကောင်းပြီး မသန်စွမ်းသူတွေကို အခွင့်အရေးပေးချင်တာပါ။ ဒါပေမဲ့ သူမရဲ့စေတနာကို အခွင့်ကောင်းယူလို့ရတယ်လို့ တကယ် ထင်နေကြတာလား။ ပြီးတော့ ထပ်ပြောပါရစေ— မှိုစိုက်ပျိုးရေးဟာ ငါတို့သစ်တောစခန်းတင်မကဘဲ ဌာနအတွက်ပါ အရေးကြီးတဲ့ စီမံကိန်းတစ်ခုပါ။ အကူအညီမပေးနိုင်ရင်တောင် ဒုက္ခမပေးကြနဲ့။”

နာမည်မဖော်ပြသော်လည်း ဘယ်သူ့ကို ဆိုလိုသည်ကို လူတိုင်းသိကြသည်။ ဖန်တကော၏ မျက်နှာမှာ ဖြူလျော့သွားပြီးနောက် ရှက်လွန်း၍ နီမြန်းလာကာ ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားချင်စိတ် ပေါက်နေတော့သည်။

အတွင်းရေးမှူးလျန်သည် စကားကို အရှည်မဆွဲတော့ပေ။ ပြစ်တင်စကား ပြောပြီးနောက် စမ်းသပ်စိုက်ပျိုးကွင်း၏ ဆောက်လုပ်ရေး လုပ်ငန်းများအတွက် လူတိုင်း ဝိုင်းဝန်းကူညီကြရန် တိုက်တွန်းကာ အဆုံးသတ်လိုက်သည်။

ယန်ရွှယ်သည် ဤကိစ္စက ဤမျှအထိ ကြီးကျယ်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမက အတွင်းရေးမှူးလျန်ကို လူပုံအလယ်တွင် ပြောလိုက်ခြင်းမှာ သတိပေးချက်တစ်ခု ထုတ်ပြန်စေချင်ရုံသာ ဖြစ်သည်။

ယခုအခါ သူမထံသို့ မလိုချင်သော ဆွေမျိုးများကို အတင်းလာထိုးထည့်ချင်သူများရှိပါက သူမ သို့မဟုတ် သစ်တောစခန်းက သည်းခံမည် မဟုတ်သည်ကို ထည့်သွင်းစဉ်းစားရတော့မည် ဖြစ်သည်။

သို့သော် သူမက ဤကိစ္စကို ထိုမျှနှင့် ရပ်မပစ်ပေ။ အတွင်းရေးမှူးလျန်ကို ကျေးဇူးတင်ပြီး ပြန်လာပြီးနောက် ဖန်တကော၏ ဇနီးနှင့် ပတ်သက်သူအားလုံးကို နာမည်ပျက်စာရင်း သွင်းလိုက်သည်။

ဖန်တကောနှင့် သူ၏ညီမှာ သစ်တောစခန်းတွင် အတူအလုပ်လုပ်ကြပြီး သူ၏ခယ်မမှာ ယန်ရွှယ်ထံတွင် အချိန်ပိုင်းအလုပ် လုပ်ရန် စာရင်းပေးထားသူဖြစ်သည်။

သစ်ထုတ်ရေးအဖွဲ့ တောင်ပေါ်မှ ပြန်ဆင်းလာပြီး အိမ်ထောင်သည် အမျိုးသမီးများအဖွဲ့၏ သန့်ရှင်းရေးလုပ်ငန်းများ ပြီးဆုံးခါနီးဖြစ်၍ သူမသည် ယန်ရွှယ်၏ စီမံကိန်းတွင် အလုပ်စရတော့မည် ဖြစ်သည်။ သို့သော် ယခုအခါ ယန်ရွှယ်က သူမကို အလုပ်ခန့်ရန် ငြင်းဆန်လိုက်သည်။

ထိုခယ်မသည် ဖန်တကော၏ ဇနီးကြောင့် သူမ အလုပ်ပြုတ်သွားရသည်ကို သိသောအခါ သူမထံ သွားရောက်၍ ဒေါသတကြီး ရန်ဖြစ်တော့သည်။

တစ်စုံတစ်ဦး၏ ဝမ်းစာရေးကို ပိတ်ပင်ခြင်းသည် မိဘကို သတ်ခြင်းနှင့် တူပေသည်။ တစ်နေ့လျှင် တစ်ယွမ်ကျော်ရသော အလုပ်ကောင်းတစ်ခုကို ဆုံးရှုံးလိုက်ရခြင်းမှာ ကြီးမားသော နာကျည်းမှုတစ်ခု ဖြစ်စေသည်။ သူမသည် သတိရတိုင်း ဖန်တကော၏ ဇနီးကို ကျိန်ဆဲတော့သည်။

ယန်ရွှယ်၏ ပြတ်သားသော စံနမူနာက ထိရောက်လှသည်။ ဤဖြစ်ရပ်ပြီးနောက် မည်သူမျှ သူမကို မနှောင့်ယှက်ရဲကြတော့ဘဲ အလုပ်ရုံဆောက်လုပ်ခြင်းနှင့် မှိုမျိုးစေ့များ ထည့်သွင်းခြင်းလုပ်ငန်းမှာ ချောမွေ့စွာ ပြီးမြောက်ခဲ့သည်။

စိုက်ပျိုးခန်းအတွင်းရှိ အပူချိန် မညီမျှမှုကြောင့် အစပိုင်းတွင် မှိုမျှင်များ ကြီးထွားနှုန်း မတူညီသော်လည်း ၎င်းမှာ ပို၍ အသုံးဝင်သွားသည်။ သူတို့သည် အသုတ်လိုက် မျိုးစေ့ထည့်နိုင်သွားပြီး အရင်ကြီးထွားလာသည့်အရာများကို အရင်ယူကာ ကျန်ရှိသည်များကို အစီအစဉ်အတိုင်း ရွှေ့ပြောင်းနိုင်ခဲ့သည်။

ဧပြီလလယ်တွင် ယန်ရွှယ်သည် မှိုမျိုးစေ့ထည့်ခြင်းလုပ်ငန်း အားလုံးကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့သည်။ ဖန်ပုလင်းများကို သန့်ရှင်းရေးလုပ်ပြီး သိမ်းဆည်းရန် ရက်အနည်းငယ် ထပ်အသုံးပြုပြီးနောက် သူမ အနည်းငယ် အားလပ်သွားချိန်တွင် ချီဖန့်မှာ ရုတ်တရက် ပြန်ရောက်လာခဲ့သည်။

သူ၏ပြန်လာမှုမှာ ထင်မှတ်မထားသော အခြေအနေဖြစ်သည်။ တကယ်လို့ သူ မြို့ပေါ် စက်ပြင်အလုပ်ရုံမှာ အလုပ်ပြီးသွားတာဆိုရင် ကိရိယာတွေ ဒါမှမဟုတ် ပစ္စည်းတွေ ပါလာရမည်။ အားလပ်ရက်ယူပြီး ပြန်လာတာဆိုရင်လည်း စက်ရုံရဲ့ အလုပ်ပိတ်ရက် မဟုတ်ပေ။

ပိုဆိုးသည်မှာ သူက ရထားငယ်နှင့် ပြန်မလာဘဲ ဌာန၏ စက်ခေါင်းဖြင့် ကြုံသလို လိုက်လာခြင်းဖြစ်သည်။ ဤအချက်ကြောင့် တစ်ခုခု မှားယွင်းနေပြီဟု ယန်ရွှယ် သံသယဝင်မိသည်။

သူမ မေးမြန်းသောအခါ သူက ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ သူမကို ကြည့်ကာ ပြောလိုက်သည်။ “ဟိုက်ဒရောလစ် စနစ်ကို လဲ၊ မလဲ ဆုံးဖြတ်ဖို့ စစ်ဆေးရေးမှူးတွေ ဆင်းလာကြတယ်”

ထိုဟိုက်ဒရောလစ်စနစ်ကို စတင်တပ်ဆင်စဉ်က စွမ်းဆောင်ရည်ကောင်းမွန်ပြီး လောင်စာဆီ သက်သာကြောင်း ကြွားလုံးထုတ်ခဲ့ကြသည်။ သို့သော် သစ်ထုတ်လုပ်ရေးလုပ်ငန်း စတင်သည်နှင့် ပြဿနာများ ပေါ်ပေါက်လာတော့သည်။

ချီဖန့်သည် လုပ်ငန်းမပြတ်စေရန် ယာယီပြုပြင်ပေးခဲ့သော်လည်း အစိတ်အပိုင်းများမှာ ယခင် စနစ်ဟောင်းထက် ပိုမြန်ဆန်စွာ ပျက်စီးနေပြီး အားအပြည့်ဖြင့်ပင် အလုပ်မလုပ်နိုင်ကြပေ။

ယခင်က သစ်ထုတ်ရေးအဖွဲ့မှာ အလုပ်များနေသဖြင့် သတိမမူမိသော်လည်း ယခု တောင်ပေါ်မှ ပြန်ဆင်းလာပြီး စက်ပစ္စည်းများကို သိမ်းဆည်းချိန်တွင် သစ်တောဌာနက ဤပြဿနာကို စတင်စဉ်းစားလာခြင်း ဖြစ်သည်။

လပေါင်းများစွာ ကြာသွားပြီဖြစ်သော်လည်း ဝူရှင်းသဲ့က မည်သည့် အဖြေမှ ထုတ်မပေးနိုင်သေးသည်မှာ ထင်ရှားသည်။ သစ်တောဌာနကလည်း သူ့အပေါ် မျှော်လင့်ချက် မထားတော့ပေ။ ယန်ရွှယ်သည် ချီဖန့် မျက်မှောင်ကြုတ်နေမှုကို သတိပြုမိပြီး သူ၏နဖူးကို လက်ချောင်းလေးများဖြင့် အသာအယာ ပွတ်သပ်ပေးလိုက်သည်။

“တကယ်လို့ ဒီဟိုက်ဒရောလစ်စနစ်တွေကို လဲလိုက်မယ်ဆိုရင် ဝူရှင်းသဲ့ရဲ့ စီမံကိန်းက ရပ်ဆိုင်းသွားမှာလား?”

“မသေချာဘူး။”

ချီဖန့်က သူမကို အကြာကြီး အနှိပ်မခံဘဲ သူမ၏လက်ကို ပြန်ဆွဲကိုင်လိုက်သည်။

“စနစ်လဲဖို့ ဆုံးဖြတ်ရင်တောင် ချက်ချင်းကြီးတော့ မဖြစ်နိုင်ဘူး။ စနစ်တစ်ခုလုံးကို ပြောင်းလဲဖို့ ကုန်ကျစရိတ်က အတော်လေး များတယ်လေ။”

အမှန်တကယ်ပင် ချီဖန့် စက်ပြင်ရုံသို့ သွားသောအခါ အထက်မှ စစ်ဆေးရေးမှူးများ လာရောက်ကြည့်ရှုပြီး မေးခွန်းများစွာ မေးမြန်းခဲ့သော်လည်း စနစ်လဲခြင်း ရှိ၊ မရှိကိုမူ အတည်မပြုဘဲ ပြန်သွားကြသည်။ ထိုညက မီးမပိတ်ခင်တွင် ချီဖန့်မှာ ပုံမှန်ထက် ပို၍ တိတ်ဆိတ်နေပြီး စားပွဲတွင်ထိုင်ကာ ပုံစံကားချပ်များကို အကြာကြီး ဆွဲနေခဲ့သည်။

ယန်ရွှယ်သည် ကိုယ်ဝန်ရှိကတည်းက သိသိသာသာ အိပ်ငိုက်တတ်လာသည်။ သူမသည် သမ်းဝေရင်း သူ့ကို ကြည့်နေမိသည်။

“ရှင် နောင်တရနေတာလား”

သူမက အသေးစိတ် မမေးသော်လည်း ဟိုက်ဒရောလစ်စနစ်ဆိုင်ရာ သုတေသနကို အဆုံးမသတ်ဘဲ ထားခဲ့ခြင်းအတွက် နောင်တရလားဟု မေးခြင်းဖြစ်ကြောင်း ချီဖန့် နားလည်သည်။ ထိုမေးခွန်းကြောင့် သူ၏ဘောပင်မှာ ခေတ္တရပ်သွားခံ့သည်။

“မရဘူး။ အဲဒီနည်းပညာက ဒီအချိန်မှာ မိတ်ဆက်ဖို့ မသင့်သေးဘူးလေ။”

သို့သော် ဝူရှင်းသဲ့၏ စနစ်မှာ စုချန်ချင်း၏ အခြေခံအပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ၎င်းကို ပယ်ချခံရခြင်းနှင့် သံသယဝင်ခံရခြင်းများအတွက် ဝူရှင်းသဲ့မှာ ထိုနေ့က ဝေဖန်မှုများစွာ ခံခဲ့ရလိမ့်မည်ဟု ချီဖန့် ခန့်မှန်းမိသည်။

ယန်ရွှယ် ခေတ္တစဉ်းစားပြီးနောက် ချူမင်လီ၏ ရုံးခန်းတွင် သူမ ကြားခဲ့ရသော ဖုန်းပြောသံအကြောင်းကို ပြောပြလိုက်သည်။

“သူက ပြည်နယ်အစိုးရက အရာရှိနဲ့ အတော်လေး ရင်းနှီးပုံရတယ်။ သူ့ရဲ့ အဆက်အသွယ်တွေက အတော်လေး နက်ရှိုင်းပုံပဲ။”

ချီဖန့် သူမ ဆိုလိုသည်ကို နားလည်သည်။ “စောင့်ကြည့်ရမှာပေါ့။”

ချီဖန့်သည် သူမ ထပ်၍သမ်းဝေလိုက်သည်ကို မြင်သောအခါ မတ်တတ်ရပ်လျက် ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။

“ကိုယ့်ကြောင့် မင်း အိပ်ရေးပျက်ကုန်ပြီ။”

“ရပါတယ်။ အလုပ်တွေများနေပြီး အခုမှ နားလိုက်ရတော့ ပိုပင်ပန်းသလို ခံစားရလို့ပါ။”

ယန်ရွှယ် စောင်ထဲသို့ အရင်ဝင်သွားခဲ့သည်။ ခဏအကြာတွင် ချီဖန့်သည် မီးပိတ်ကာ သူမဘေးတွင် လဲလျောင်းလာပြီး သူမ၏ ဝမ်းဗိုက်ပေါ်သို့ လက်တင်လိုက်သည်ကို ခံစားလိုက်ရသည်။ အစပိုင်းတွင် အသာအယာ ထိတွေ့ရုံမျှသာ ဖြစ်သော်လည်း နောက်တွင် တစ်ခါ၊ နှစ်ခါ အသာအယာ ပွတ်သပ်လိုက်သည်။

“ဆရာဝန် စုန့် ခန့်မှန်းတာ မှားနေတာလား? အခုဆို သုံးလကျော်ပြီလေ။”

ဆိုလိုသည်မှာ သုံးလကျော်ပြီဆိုလျှင် တစ်ခုခု သိသိသာသာ ခံစားရသင့်သည် မဟုတ်လား ဟူ၍ ဖြစ်သည်။

ယန်ရွှယ် မနေနိုင်ဘဲ ရယ်မောလိုက်သည်။ “သုံးလအရွယ်မှာ ကလေးက သံပုရာသီး တစ်လုံးစာလောက်ပဲ ရှိသေးတာ။ တစ်ခုခု ခံစားရတယ်ဆိုရင် အဲဒါ ကျွန်မ ဝလာလို့ပဲ ဖြစ်မှာ။”

ချီဖန့် တိတ်ဆိတ်သွားခဲ့သည်။ အတန်ကြာမှ သူက မေးလိုက်သည်။ “မင်းက သံပုရာသီးအကြောင်း သိတယ်လား?”

အိပ်ပျော်လုနီးပါး ဖြစ်နေသော ယန်ရွှယ်မှာ ထိုမေးခွန်းကြောင့် လန့်နိုးသွားသည်။ ဤခေတ်တွင် မြောက်ပိုင်းဒေသ၌ ငှက်ပျောသီးပင် ရှားပါးလှသည်၊ သူမက သံပုရာသီးကို ဘယ်မှာ မြင်ဖူးမှာလဲ? သူမ အိပ်ငိုက်ပြီး စကားမှားသွားခြင်း ဖြစ်သည်။ သို့သော် သူမ မထိတ်လန့်ဘဲ အကြောင်းပြချက် ပေးလိုက်သည်။“တစ်ယောက်ယောက် ပြောတာ ကြားဖူးလို့ပါ”

ချီဖန့် ခဏမျှ ထပ်၍တိတ်ဆိတ်သွားခဲ့သည်။ “မင်း ယန်ကျားရွာကို ရောက်တော့ အသက်ဘယ်လောက်လဲ”

“ရိုးရာအရ တွက်ရင် ကိုးနှစ်လောက်ပေါ့။”

သူ ဘာလို့ ရုတ်တရက် မေးသည်ကို မသိသော်လည်း သူမထပ်ဖြည့်ပြောလိုက်သည်။

“ကျောင်းစတက်ရမယ့် အရွယ်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မတက်ဖြစ်ခဲ့ဘူး။”

ရွှေ့ပြောင်းနေထိုင်ရခြင်းနှင့် သူမ၏အမေ ယန်မိသားစုရွာသို့ နောက်အိမ်ထောင်ပြုပြီးနောက် ကြုံတွေ့ရသော ငတ်မွတ်ခေါင်းပါးမှုဒဏ်ကြောင့် ယန်ကျိအန်းမှာ သေလုမျောပါး ဖြစ်ခဲ့ရသည်။ သူမ၏ ပထွေးဖြစ်သူက အပြင်နှင့် အဆက်အသွယ်ရပြီး ငါးနှင့် ပုစွန်များ အမြဲယူလာပေးနိုင်၍သာ မိသားစုမှာ ကံကောင်းထောက်မစွာ အသက်ဆက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ချီဖန့်ကမူ ကိုးနှစ်သားအရွယ်ဆိုလျှင် အတော်များများ မှတ်မိနေသင့်သည်ဟု တွေးနေမိသည်။ ယန်ရွှယ်က ဉာဏ်ကောင်းသူဖြစ်ရာ သူမ၏ မှတ်ဉာဏ်မှာလည်း သူနှင့်မခြား ကောင်းမွန်ပေလိမ့်မည်။ သူမ ဤအရာအားလုံးကို တကယ်ကြီး သူမ၏ ဖခင်ရင်းဘက်မှ သင်ယူခဲ့တာလား။ အနည်းဆုံးတော့ ယန်ကျားရွာက လူနေမှုဘဝက သူမကို ဤမျှ ကျယ်ပြန့်သော ဗဟုသုတမျိုး ပေးစွမ်းနိုင်မည် မဟုတ်ပေ…

ချီဖန့် ခေတ္တစဉ်းစားပြီး ထပ်မေးရန် ပြင်သော်လည်း ယန်ရွှယ်သည် အတိတ်အကြောင်းကို ထပ်မပြောချင်တော့ပေ။

All Chapters