အခန်း (၃၉၇)
Vol. 37 Ch. 397
📝အပိုင်း - ၃၉၇
ဘာသာပြန် - Na Gar🐉
ချန်ဆန်းရှီသည်ဘုရားကျောင်းဟောင်းအတွင်းရှိ လူစုကို အကဲခတ်ကြည့်လိုက်သည်။ ဤနေရာတွင် ရောက်ရှိနေသူများသည် လင်းကျိုးနယ်မြေ၏ အင်အားစု ၇၀ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုနေခြင်း ဖြစ်သည်။
"အိမ်ရှေ့စံမင်းသားက အခုအချိန်မှာ အရှေ့နန်းဆောင်မှာ ပိတ်လှောင်ခံထားရပြီး တင်းတင်းကြပ်ကြပ် စောင့်ကြည့်ခံနေရတယ်။ ဒါကြောင့် ဒီတစ်ကြိမ်မှာတော့ ဒီဘုန်းကြီးကပဲ အစစအရာရာကို ဦးဆောင်ညွှန်ကြားသွားမှာ ဖြစ်တယ်" ဟု ဝတ်စုံနက်ဝတ် ဘုန်းကြီးက ဆိုသည်။
"ဧကရာဇ်မင်းမြတ်က အခုမြို့တော်မှာ မဟုတ်ဘူး။"
"ဒါကြောင့် သူ့ရဲ့နောက်ကွယ်က ဆန်းကြယ်တဲ့ မသေမျိုး ပုဂ္ဂိုလ်အတွက် စိုးရိမ်နေဖို့ မလိုတော့ဘူး။"
"အချိန်တန်တဲ့အခါ ငါတို့ရဲ့ ပထမဆုံးတာဝန်က တောင်ပေါ်မှာ ကျန်ရှိနေတဲ့ နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့ သုံးထောင်နဲ့ သူတို့ရဲ့ တပ်မှူး ဗိုလ်ချုပ်ကျန်းယွမ်ပို ကို ထိန်းချုပ်ဖို့ပဲ။ ဗိုလ်ချုပ်မုန်.. ဒါကို ခင်ဗျား လုပ်နိုင်ပါ့မလား"
ဝတ်စုံနက်ဝတ် ဘုန်းကြီးက သူ၏ အစီအစဉ်များကို အေးဆေးစွာပင် ချပြလိုက်သည်။
"အင်း"
မုန်ချူကျီက ဆိုသည်။ "ငါ့ရဲ့ လက်အောက်မှာ အစွမ်းထက်တဲ့ စစ်သည် ရှစ်ထောင် ရှိတယ်။ အချိန်တန်တဲ့အခါ ကျန်တဲ့သူတွေကို အကြောင်းပြချက်တစ်ခုပေးပြီး တခြားကို လွှတ်လိုက်မယ်။ အဲ့ဒီ ရှစ်ထောင်ကို သုံးပြီး နန်းတွင်းကိုယ်ရံတော်တွေကို ရှင်းပစ်မယ်။ ကျန်းယွမ်ပို ကိုတော့ ငါတစ်ယောက်တည်း ကိုင်တွယ်နိုင်ပါတယ်"
"အော်မီထော်ဖော်... ဗိုလ်ချုပ်မုန်တာဝန်ယူပေးမယ်ဆိုရင်တော့ ငါ စိတ်အေးရပါပြီ" ဟု ဘုန်းကြီးက ဆိုသည်။
ဘုန်းကြီးက ဆက်ပြောသည်။ "နောက်တစ်ယောက်ကတော့ ကျင်းယီအစောင့်သေနာပတိဟောင်း ကျန်းဆွန်းရွှီစိမ့် ပဲ။ ဒီလူက နန်းတွင်းကနေ အနားယူသွားတာ ကြာပြီဖြစ်ပေမဲ့ သူ့တူဖြစ်သူ မင်းသားဆယ့်နှစ်ကို ကာကွယ်ဖို့အတွက် ပြန်လာခဲ့တာ။ ဗိုလ်ချုပ်ဖန်ထျန်ဖား.. ခင်ဗျားကော သူ့ကို ရင်ဆိုင်ဖို့ အဆင်သင့်ပဲလား"
"ငါက မနက်ဖြန် စစ်ထွက်ရမှာလေ" ဖန်ထျန်ဖားက သူ၏ အစီအစဉ်ကို ပြောပြသည်။
"အဲ့ဒီအချိန်ကျရင် ငါ့ရဲ့ လူယုံတစ်ယောက်ကို ငါ့အသွင်ဆောင်ခိုင်းထားပြီး ငါကတော့ ဇီဝေတောင်ကို လျှို့ဝှက် ပြန်လာခဲ့မယ်။ လှုပ်ရှားရမယ့်အချိန်ကျရင် ကျန်းဆွန်းရွှီစိမ့် ကို တားဆီးဖို့ ငါ အစွမ်းကုန် ကြိုးစားသွားပါ့မယ်"
"နောက်ထပ် တစ်ယောက် ရှိသေးတယ်..."
ဘုန်းကြီး၏ အသံမှာ ပို၍ လေးနက်သွားသည်။ "ဝတ်ပြုရေးဌာန မိန်းမစိုးချုပ် ဟွမ်ဟုန် ပဲ။ သူက စစ်နတ်ဘုရား ဖြစ်နေတာ နှစ်အတော်ကြာပြီဖြစ်လို့ သူ့ရဲ့ ခွန်အားကို ခန့်မှန်းရ ခက်တယ်။ သူက ဧကရာဇ်ရဲ့ အရင်းနှီးဆုံးလူဖြစ်သလို ကိုယ်ရံတော်လည်း ဖြစ်တာကြောင့် သူ့ကိုတော့ ကျော်လွှားလို့ မရနိုင်ဘူး"
"ဒီလူကို ငါ့ဆီပဲ လွှတ်ထားလိုက်ပါ" ဟု လူကျိီက အသံနက်ကြီးဖြင့် ဆိုသည်။
"ကောင်းပြီ" ဟု ဘုန်းကြီးက ဆိုသည်။
"ဒါ့အပြင် ဧကရာဇ် လျှို့ဝှက် မွေးမြူထားတဲ့ အသေခံတပ်သား ကိုယ်ရံတော် ၁၂ ယောက် ရှိသေးတယ်။ သူတို့က အရည်အချင်းရှိတဲ့ သာမန်လူတွေထဲကနေ ရွေးချယ်ထားတာဖြစ်ပြီး အခုမှ ကြီးထွားလာတဲ့ အဆင့်မှာပဲ ရှိသေးတယ်၊ စစ်နတ်ဘုရား အဆင့်တော့ မဟုတ်သေးဘူး။ သူတို့ကိုတော့ ခင်ဗျားတို့ မိန်းမစိုးတွေနဲ့ ဗိုလ်ချုပ်တွေကပဲ ကိုင်တွယ်လိုက်ကြပါ"
"စိတ်ချပါ" ဟု ကျင်းယီအစောင့်များနှင့် တခြားသူများက တညီတညွတ်တည်း ကတိပေးကြသည်။
"နောက်ဆုံးအနေနဲ့..."
ဘုန်းကြီးက ခဏမျှ ရပ်လိုက်သည်။ "ဧကရာဇ်မင်းမြတ် အကြောင်းပဲ။ အရှင်မင်းမြတ် ကျင့်ကြံနေတာ ကြာပြီဖြစ်ပေမဲ့ ဘယ်သူမှ သူ တိုက်ခိုက်တာကို မမြင်ဖူးကြဘူး။ သူ ဘယ်လောက်အထိ အစွမ်းထက်သလဲဆိုတာ ဆင်
ဂိုဏ်း က လူတွေပဲ သိနိုင်လိမ့်မယ်။ သူကတော့ ကိုင်တွယ်ရ အခက်ဆုံးပဲ။
"ဒါပေမဲ့ မင်းတို့ စိုးရိမ်စရာ မလိုပါဘူး။"
"ငါကိုယ်တိုင် အိမ်ရှေ့စံမင်းသားနဲ့ ပူးပေါင်းပြီး ဧကရာဇ်ကို ဖျောင်းဖျသွားမှာပါ။"
"သူရဲကောင်းကျန်း... ခင်ဗျားလည်း အဲ့ဒီအချိန်ကျရင် ငါတို့နဲ့အတူ လိုက်ခဲ့ရမယ်။ အဲ့ဒီမတိုင်ခင်မှာ ဘိုးဘေးကြီးရဲ့ ရတနာတွေကိုလည်း သေသေချာချာ ရှာဖွေထားစေချင်တယ်။ အဲ့ဒါတွေကို အချောသပ် ရှာတွေ့နိုင်ရင် အကောင်းဆုံးပဲ၊ မဟုတ်ရင် အဲ့ဒါတွေက ငါတို့အတွက် အန္တရာယ် ဖြစ်လာနိုင်တယ်"
"ဒါကတော့ ပြဿနာ မရှိပါဘူး" ဟု ချန်ဆန်းရှီက တည်ငြိမ်စွာ ဆိုသည်။
"နောက်ထပ် သတိထားရမယ့် အချက်တစ်ခု ရှိသေးတယ်"
ဝတ်စုံနက်ဝတ် ဘုန်းကြီးသည် ပုတီးကို စိပ်ရင်း ခန်းမထဲတွင် လမ်းလျှောက်နေသည်။ "အဖွဲ့အသီးသီးရဲ့ အင်အားတွေကို တွက်ချက်ထားပြီးပြီ။ ဒါပေမဲ့ မမေ့ပါနဲ့ဦး... ဇီဝေတောင်ပေါ်မှာ နောက်ထပ် အင်အားစုတစ်ခု ကျန်သေးတယ်"
"အရှင် ပြောတာက..." ဖန်ထျန်းဖာက မေးသည်။
"အနက်ရောင်သံချပ်ကာစစ်သည် သုံးထောင် ကိုလား"
"ဒါကတော့ စိုးရိမ်စရာ မရှိပါဘူး" ဟု ဆွေချုံယီက ဆိုသည်။
"အနက်ရောင်သံချပ်ကာစစ်သည်တွေက လူငယ်တွေချည်းပဲ။ ချန်ဆန်းရှီ က စစ်တိုက်ရာမှာ တော်ပေမဲ့ သူဟာ မဟာသွေးကြောအဆင့် ပဲ ရှိသေးတာလေ။ သူ ဝင်ပါချင်တယ်ဆိုရင်တောင် ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး"
"ဒါတောင်မှ" ဘုန်းကြီးက ကန့်ကွက်လိုက်သည်။
"အနက်ရောင်သံချပ်ကာစစ်သည် သုံးထောင် ဆိုတာ လျှော့တွက်လို့ မရတဲ့ အင်အားပဲ။ ပြီးတော့ အဲ့ဒီထဲမှာ နက်နဲပုံရိပ်အဆင့် အထွတ်အထိပ် ရောက်နေတဲ့ တိန့်ဖုန်း ဆိုတဲ့လူလည်း ရှိသေးတယ်။ ဒီလို အရေးကြီးတဲ့အချိန်မှာ ဘာအမှားအယွင်းမှ အဖြစ်ခံလို့ မရဘူး"
"ဒါဆို သူ့ကို သတ်ပစ်လိုက်ရင်ရော" ဖန်ထျန်ဖားက တည်ကြည်စွာ ဆိုသည်။
"အရင်ကတော့ အိမ်ရှေ့စံက အရှုပ်အထွေးတွေ မဖြစ်ချင်လို့ သူ့ကို မထိခိုင်းခဲ့ဘူး။ ဒါပေမဲ့ အခု ငါတို့ လှုပ်ရှားတော့မယ့် အတူတူ သူ့ကို အရင်ဆုံး ရှင်းပစ်သင့်တယ်"
"ကောင်းပြီ" ဟု ချောင်ဖန်က သဘောတူသည်။
"ငါတို့ သူ့ကို သိမ်းသွင်းလို့ မရရင် ရန်သူလိုပဲ သဘောထားလိုက်ရုံပေါ့"
"မရဘူး... အဲ့ဒီလို မလုပ်ရဘူး" လူကျိီက ရုတ်တရက် ဝင်ပြောလိုက်သည်။ "သူက ငါ့ရဲ့ ဆရာတူညီငယ်ပဲ"
"အစ်ကိုကြီး" ချောင်ဖန် အံ့ဩသွားသည်။
"ကျွန်တော်က စိတ်သဘောထား သေးသိမ်လို့ ပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူက တကယ့်ကို ရက်စက်တဲ့သူဗျ။ ကျွန်တော်တို့သာ အခု အခွင့်အရေးကို အသုံးမချရင် ကျွန်တော်လည်း ဗိုလ်ချုပ်ရှာလို ဖြစ်သွားမှာ ကြောက်တယ်"
"ဘယ်လိုပဲဖြစ်ဖြစ် သူက ငါ့ရဲ့ ညီငယ်ပဲ" လူကျိီ၏ မျက်နှာမှာ ဘာခံစားချက်မှ မရှိသော်လည်း အလေးအနက် ပြောလိုက်သည်။
"ငါ့ရဲ့ ဆရာ့ကို ငါ ကတိပေးခဲ့ဖူးတယ်။ ငါ့ရဲ့ ညီအစ်ကိုတွေကို ငါ စောင့်ရှောက်ပါ့မယ်လို့။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် သူ့အသက်ကိုတော့ အန္တရာယ် မပြုရဘူး"
"..." ချောင်ဖန် ဘာမှ ထပ်မပြောတော့ပေ။
"အချိန်တန်တဲ့အခါ ငါ့ညီကို အဝေးကို လှည့်ဖြားပြီး ခေါ်ထုတ်သွားမယ့် နည်းလမ်းတစ်ခု ရှာလိုက်မယ်" လူကျိီက အေးဆေးစွာ ဆိုသည်။
"မင်းနဲ့ သူ့ကြားက ရန်ငြိုးတွေကိုတော့ ငါတို့ အောင်မြင်သွားတဲ့အခါ သူကအိမ်ရှေ့စံရဲ့ အစေခံ ဖြစ်လာမှာပဲလေ။ သူ့ရင်ထဲမှာ ဘယ်လောက်ပဲ နာကျည်းနေပါစေ သူ ဘာလုပ်နိုင်မှာလဲ"
"ဒါဆိုရင်တော့ အစ်ကိုကြီးရဲ့ သဘောအတိုင်းပါပဲ" ချောင်ဖန်က အပေါ်ယံတွင် သဘောတူလိုက်သော်လည်း ကျန်းလိုင်ဇီကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ချန်ဆန်းရှီကလည်း သူ့ကို ပြန်ကြည့်ကာ နှစ်ယောက်သား တစ်ခုခုကို နားလည်သွားသလို ခေါင်းငြိမ့်ပြလိုက်ကြသည်။
"..."
ချန်ဆန်းရှီ စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
သူသည် ဤကိစ္စများတွင် မပါဝင်ချင်ခဲ့ပေ။
သို့သော် ပတ်ချာလည်ပြီးနောက်တွင်တော့။
အနက်ရောင်သံချပ်ကာစစ်သည်တော်များသည်လည်း အရေးပါသည့် အင်အားစုတစ်ခု ဖြစ်လာခဲ့သည်။
ပြီးတော့ သူ အံ့ဩသွားတာတစ်ခုက။
သူ့ရဲ့ စီနီယာအစ်ကိုကြီးက ဒီလို အခြေအနေမျိုးမှာတောင် သူ့ကို ကာကွယ်ပေးနေခြင်းပင်။
အစောပိုင်းက လှံပညာကို ခိုးသင်တာတွေ၊ နောက်တော့ တစ်စုံတစ်ယောက်ကို လွှတ်ပြီး သူ အမွေရခဲ့သလားဆိုတာ စောင့်ကြည့်ခိုင်းတာတွေ...
အခုတော့လည်း ဒီလိုမျိုးပေါ့။
လူသားတွေဟာ တကယ်ကို ရှုပ်ထွေးလှသည်။
ဒါဟာ ဆရာရဲ့တပည့်တွေကြားက သံယောဇဉ် ဘယ်လောက်နက်သလဲဆိုတာကို ပြနေတာပဲ။ ပုံမှန် အခြေအနေမျိုးမှာဆိုရင် သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် သေတွင်းထဲအထိ ပို့မယ့်သူတွေ မဟုတ်ကြပေ။
မကြာခင်မှာပင် ပုန်ကန်မည့် အစီအစဉ်အားလုံးကို အသေးစိတ် ဆွဲပြီးသွားခဲ့သည်။
"အားလုံးပဲ"
ဝတ်စုံနက်ဝတ် ဘုန်းကြီးက ဆိုသည်။ "ရှုံးနိမ့်ခြင်းနဲ့ အောင်မြင်ခြင်းဟာ ဒီတိုက်ပွဲအပေါ်မှာပဲ မူတည်နေတယ်။ ငါတို့သာ အောင်မြင်သွားခဲ့ရင် ခင်ဗျားတို့ အားလုံးဟာ ဒါရှန် ရဲ့ ထာဝရ မင်းဆက်ကို တည်ထောင်ပေးခဲ့တဲ့ သူရဲကောင်းကြီးတွေ ဖြစ်လာကြမှာပါ။ ဒါရှန် ဟာ နောက်ထပ် နှစ်ပေါင်း ထောင် သောင်းမက ဆက်လက် တည်တံ့နိုင်မလားဆိုတာ ခင်ဗျားတို့အပေါ်မှာပဲ မူတည်နေပါတယ်"
အမွှေးတိုင် နတ်ဘုရားဂိုဏ်း က တပည့်တစ်ဦးက ပြင်းထန်သော အရက်အိုးတစ်လုံးကို ယူလာသည်။
စုဝေးနေသူအားလုံး ဖလားများကို မြှောက်ကာ အတူတူ သောက်လိုက်ကြသည်။
ချန်ဆန်းရှီသည်လည်း ဘာပြဿနာမှ မရှိမှန်း သေချာအောင် စစ်ဆေးပြီးမှ သောက်လိုက်သည်။
"နောက် ၇ ရက်အကြာမှာ"
"ဇီဝေနန်းဆောင် မှာ မီးရှို့ပြီး အချက်ပြရမယ်"
"..."
ထို့နောက် သူတို့သည် အုပ်စုခွဲကာ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။
"သူရဲကောင်းကျန်း.. ခဏလောက် နေပါဦး"
ဝတ်စုံနက်ဝတ် ဘုန်းကြီးက အပြာရောင်ဝတ်စုံနှင့် သူရဲကောင်းကို လှမ်းတားလိုက်သည်။
"ဘုန်းကြီး... ဘာကိစ္စလဲ"