အခန်း (၄၀၂)
Vol. 37 Ch. 402
📝အပိုင်း - ၄၀၂
ဘာသာပြန် - Na Gar🐉
သို့သော်လည်း ကြိုတင်သိုလှောင်ထားသော ခရမ်းရောင်ချီအမြောက်အမြားကို အသုံးပြုရမည် ဖြစ်သည်။
[လျှို့ဝှက်ပညာ - ဓားချီကောင်းကင်မှ သက်ဆင်းခြင်း(ပထမအဆင့်)]
[တိုးတက်မှု့ - ၀/၁၀၀၀]
[စွမ်းဆောင်ရည် - ဓားဆယ်စင်း တစ်ပြိုင်နက် ထုတ်လွှတ်နိုင်ခြင်း]
ဓားဆယ်စင်း။
ချန်ဆန်းရှီသည် ဝိညာဉ်ပုတီးစေ့ ထဲမှ ခရမ်းရောင်ချီများကို ဆက်လက် စုပ်ယူတော့သည်။
ကံမကောင်းသည်မှာ။
ခရမ်းရောင်ချီများ ထပ်မံ ကုန်ခမ်းသွားပြန်သည်။
သူသည် ဓားချီငါးစင်းစာကိုသာ စုစည်းနိုင်ခဲ့ပြီး ခရမ်းရောင်ချီအားလုံး ကုန်ခမ်းသွားခဲ့သော်လည်း ဒါဟာ လုံလောက်လှပြီ ဖြစ်သည်။
ဓားချီငါးစင်းနှင့်အတူ လက်ထဲတွင် မသေမျိုးရတနာ ဆန်းကြယ်မီးတောက် သာ ရှိနေလျှင် လူအများအပြား၏ ဝိုင်းရံတိုက်ခိုက်မှုကို ခံရလျှင်တောင် သူသည် အထိအခိုက်မရှိ ဆုတ်ခွာနိုင်မည်မှာ သေချာသည်။
အချိန်ကလည်း အတော်ကို အံကိုက်ပင်။
ဒီညသည် လှုပ်ရှားရမည့် အချိန်ပင် ဖြစ်သည်။
...
ဇီဝေနန်းဆောင်။
"စတုတ္ထအစ်ကိုတော် ကြောက်စရာ ကိစ္စတစ်ခု ဖြစ်နေပြီ"
ချီမင်းသားသည် စိုးရိမ်တကြီး ဖြစ်နေသော မျက်နှာဖြင့် လျှို့ဝှက်စာတစ်စောင်ကို ကိုင်ကာ ခန်းမထဲသို့ ပြေးဝင်လာသည်။
"အဋ္ဌမညီတော်... ဖြည်းဖြည်းပြောစမ်းပါ"
ချင်မင်းသားက ထရပ်လိုက်ရင်း "ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။
"ကျွန်တော် အခုလေးတင် လျှို့ဝှက်စာ ရထားတာ"
ချီမင်းသားက စာသားများကို လက်ညှိုးထိုးပြရင်း "အစ်ကိုကြီးကနောက်
နှစ်ရက်အတွင်း ကျွန်တော်တို့ကို လှုပ်ရှားတော့မယ်တဲ့" ဟု ဆိုသည်။
"ဒီသတင်းက တကယ်ပဲ ယုံကြည်ရလို့လား"
"ယုံကြည်ရတာပေါ့။ ဒီသူလျှိုကို ကျွန်တော်ကိုယ်တိုင် ပျိုးထောင်ထားတာ၊ အရင်က သူပေးတဲ့ သတင်းတွေကလည်း တစ်ခါမှ မမှားဖူးဘူး"
"ဒါဆိုရင် လီဂုန်း က ပြန်ပြီး ခိုးဝင်လာတာပေါ့လေ"
ချင်မင်းသားက ထိတ်လန့်တကြား ရေရွတ်လိုက်သည်။
"တောင်ပေါ်က လူတွေကော၊ အပြင်ကလူတွေကော အကုန်လုံးက အသုံးမကျတဲ့လူတွေချည်းပဲလား"
"ဒါ... ဒါဆို ဘာဆက်လုပ်ကြမလဲ"
ချီမင်းသားက ပျာပျာသလဲ အသံဖြင့် ဆိုသည်။
"လီဂုန်း ဘယ်မှာ ပုန်းနေမှန်းလည်း ကျွန်တော်တို့ မသိဘူး၊ ကျွန်တော်တို့ကို ကာကွယ်ပေးမယ့် စစ်နတ်ဘုရား လည်း မရှိဘူး။ ခမည်းတော်ရဲ့ အိပ်ဆောင်မှာပဲ သွားပုန်းနေရင် မကောင်းဘူးလား။ ဒီလျှို့ဝှက်စာကိုယူပြီး ခမည်းတော်ကို သွားတိုင်ကြရအောင်"
"အထောက်အထား မရှိဘဲနဲ့တော့ ခမည်းတော်က ဂရုစိုက်မှာ မဟုတ်ဘူး"
ချင်မင်းသားက စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး သုံးသပ်ပြသည်။ "ခမည်းတော်က ပင်ကိုယ်ကတည်းက သံသယကြီးတဲ့သူ။ ငါတို့ကသာ အတင်းအကျပ် သွားပြောရင် ငါတို့ကပဲ သွေးခွဲနေတယ်လို့ သူ ထင်သွားလိမ့်မယ်။ မဟုတ်ဘူး... သူက အဲ့ဒီလို ထင်ပြီးသားတောင် ဖြစ်နေနိုင်တယ်"
"စတုတ္ထအစ်ကိုတော်..."
ချီမင်းသားက စိုးရိမ်တကြီး မျက်မှောင်ကြုတ်လျက် ဆိုသည်။
"ဒါဆို ဘာလုပ်ကြမလဲ။ ဗိုလ်ချုပ်မုန်ကိုပဲ ခေါ်ခိုင်းလိုက်ရမလား"
"မလိုဘူး"
ချင်မင်းသား၏ မျက်လုံးများမှာ တဖြည်းဖြည်း ကြမ်းတမ်းလာသည်။ "သူက အဲ့ဒီလောက်အထိ ရက်စက်နိုင်မှတော့ ငါကလည်း သူ့အပေါ် သစ္စာရှိနေဖို့ မလိုတော့ဘူး"
"ဪ..."
ချီမင်းသားက အသံကို နှိမ့်လိုက်ရင်း "အစ်ကိုတော်... ဘာလုပ်ဖို့ ကြံစည်နေတာလဲ။ အန္တရာယ်က သိပ်မကြီးလွန်းဘူးလား" ဟု မေးသည်။
"အိမ်ရှေ့စံက ရောဂါဝေဒနာတွေ ခံစားနေရတာလေ။ မကြာသေးခင်ကလည်း သိုင်းသမားတစ်ယောက်ရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့သေးတယ်၊ အဲ့ဒီနောက်မှာ တိုင်းပြည်အရေး စီမံခန့်ခွဲခွင့်တွေလည်း ရုပ်သိမ်းခံလိုက်ရတယ်။ ဒီဖြစ်ရပ်တွေ ပေါင်းစပ်သွားတဲ့အခါ သူကဒေါသကြောင့် ရောဂါပိုတိုးလာပြီး ရုတ်တရက် အသက်ဆုံးရှုံးသွားတယ်ဆိုရင် ဒါဟာ ဖြစ်နိုင်ခြေ ရှိတဲ့ ကိစ္စပဲ မဟုတ်လား"
ချင်မင်းသားက ဆက်ပြောသည်။
"သူ့ကို စောင့်ကြည့်နေတဲ့ နန်းတွင်းကိုယ်ရံတော်တွေက ငါတို့လူတွေပဲ။ နန်းတွင်းသမားတော် အချို့ကို ခေါ်ပြီး ချက်ချင်း အကောင်အထည်ဖော်ရမယ်။ သူ အသည်းအသန် ပြန်မတိုက်နိုင်ခင်မှာတင် အားလုံးကို အပြတ်ရှင်းရမယ်"
"ကောင်းပါပြီ... အစ်ကိုတော့်နောက်ကိုပဲ ကျွန်တော် လိုက်ပါ့မယ်"
"အဋ္ဌမ ညီတော် ဒါအောင်မြင်သွားရင် ငါတို့ ဒီတိုင်းပြည်ကြီးကို အတူတူ ခွဲဝေအုပ်ချုပ်ကြတာပေါ့"
...
အိမ်ရှေ့စံ၏ အိပ်ဆောင်။
အိပ်ဆောင်၏ အတွင်းရော အပြင်မှာပါ တံခါးများကို သေသေချာချာ ခတ်ထားသည်။
ချွန်ထက်သော လက်နက်များကို ကိုင်ဆောင်ထားသည့် ချပ်ဝတ်တန်ဆာဝတ် နန်းတွင်းကိုယ်ရံတော်များမှာ အနီးကပ် ကင်းလှည့်နေကြသည်။ အပေါ်ယံတွင် ကာကွယ်ပေးနေသည်ဟု ဆိုသော်လည်း တကယ်တမ်းမှာတော့ တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေခြင်းသာ ဖြစ်သည်။
အိမ်ရှေ့စံသည် လက်ကိုင်တုတ်ကို အားပြုကာ ခြံထဲတွင် ရပ်လျက် ကောင်းကင်က ကြယ်တွေကို ငေးကြည့်နေသည်။ အေးမြသော လေပြေတစ်ချက် တိုးဝင်လာသောအခါ သူသည် အသည်းအသန် ချောင်းဆိုးတော့သည်။
"ဟွတ်... ဟွတ်... ဟွတ်..."
"သခင်ကြီး... ဆေးလေး အမြန် သောက်လိုက်ပါဦး"
အိပ်ဆောင်အတွင်းရှိ တစ်ဦးတည်းသော မိန်းမစိုးအိုကြီးက အငွေ့တလူလူ ထွက်နေသော ဆေးရည်ခွက်ကို ကိုင်ကာ နောက်ကနေ လိုက်လာသည်။ "ကိုယ်ခန္ဓာကို ဂရုစိုက်ရမယ်လေ"
အိမ်ရှေ့စံကတော့ သူ့ကို ဂရုမစိုက်ဘဲ မေးလိုက်သည်။
"အားလုံးကို သေသေချာချာ စီစဉ်ထားပြီးပြီလား"
"စိတ်ချပါ အရှင်မင်းသား"
မိန်းမစိုးအိုကြီးက ဆိုသည်"ဆရာယောင်ကိုယ်တိုင် ကိုင်တွယ်နေတာပဲ၊ အရှင်မင်းသား ဘာကို စိုးရိမ်နေဦးမှာလဲ။ ဒါ့အပြင် အခုဆိုရင် ကျွန်တော်တို့လူတွေက အတွင်းရော အပြင်မှာပါ နေရာယူထားပြီးပြီ။ လှုပ်ရှားမှု စတာနဲ့ ဝါးခြမ်းကို အလယ်က ခြမ်းသလိုမျိုး အလွယ်တကူ အောင်မြင်သွားမှာပါ။ မိုးမလင်းခင်မှာ အားလုံး ပြီးသွားလိမ့်မယ်။"
"ဒါကြောင့် ကျွန်တော်မျိုး ပြောတာပေါ့... အရှင်မင်းသားက ကျွန်တော်တို့ ဒါရှန် ရဲ့ မြို့တော်နဲ့ ပြည်နယ် သုံးဆယ့်ခြောက်ခုလုံးရဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းထားရတဲ့သူလေ၊ လုံးဝ လဲကျသွားလို့ မဖြစ်ဘူး။ အဲ့ဒီတော့ ဆေးလေးကို မြန်မြန် သောက်လိုက်ပါဦး"
"ငါ့ကို ပေး"
အိမ်ရှေ့စံသည် တုန်ရီနေသော လက်များဖြင့် ဆေးခွက်ကို လှမ်းယူလိုက်သည်။
"ဟူး~"
မိန်းမစိုးအိုကြီးက သူ့ကို ဂရုတစိုက် ပြုစုပေးရင်း "အရှင်မင်းသားရဲ့ ဒီရောဂါဟာ တကယ်ကို ထူးဆန်းလှပါတယ်။ နှစ်အတော်ကြာအောင် ကုသခဲ့ပြီး အဖိုးတန်ဆေးတွေ အများကြီး သောက်ခဲ့တာတောင် ဘာလို့ မသက်သာလာရတာလဲ..."
"ရှပ်... ရှပ်—"
သခင်နှင့် အစေခံ စကားပြောနေစဉ်မှာပင်။
ရုတ်တရက် အပြင်ဘက်တွင် ဆူညံသံများ ထွက်ပေါ်လာသော်လည်း ချက်ချင်းပင် ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။
"ဒါ... ဒါက..."
မိန်းမစိုးအိုကြီးက စကားထစ်သွားသည်။ "သူတို့တွေ အစီအစဉ်ကို စောပြီး စလိုက်ကြတာလား"
"မဟုတ်ဘူး... ဒါ မဟုတ်သေးဘူး"
အိမ်ရှေ့စံ၏ မျက်နှာမှာ တည်ကြည်သွားသည်။ "ဒါဟာ ဝန်ကြီးယောင်တို့အဖွဲ့ မဟုတ်ဘူး"
"ဝှစ်—"
အိပ်ဆောင်တံခါးများမှာ ဝုန်းခနဲ ပွင့်သွားခဲ့သည်။
လူ ခုနစ်ယောက်၊ ရှစ်ယောက်ခန့် ခြံထဲသို့ ပြေးဝင်လာကြသည်။
ရှေ့ဆုံးက ဦးဆောင်လာသူမှာ။
တခြားသူမဟုတ်ဘဲ ကိုယ်လုံးကိုယ်ထည် ကြီးမားလှသော စတုတ္ထမင်းသားချင်မင်းသားပင် ဖြစ်သည်။ သူ့ဘေးတွင်လည်း မုတ်ဆိတ်ရှည်နှင့် အဋ္ဌမမင်းသား ချီမင်းသား ပါလာသည်။
သူတို့နောက်တွင်တော့။
နန်းတွင်းသမားတော်ဌာနမှ သမားတော် သုံးဦးနှင့် အစေခံ နှစ်ဦး ပါလာကြသည်။
"စတုတ္ထညီတော်... အဋ္ဌမ ညီတော်"
အိမ်ရှေ့စံသည် လက်ကိုင်တုတ်ကို အားပြုကာ မတ်တတ်ရပ်လိုက်သည်။ "မင်းတို့ ဒီကို ဘာလာလုပ်ကြတာလဲ"
"ကျွန်တော်တို့က အစ်ကိုကြီးကို လာတွေ့တာပေါ့"
ချင်မင်းသားက စိုးရိမ်ဟန်ဆောင်လျက် ဆိုသည်။
"အစ်ကိုကြီးရဲ့ ရောဂါက ရုတ်တရက် ပိုဆိုးလာတယ်လို့ ကြားလို့ သမားတော် ရှဲ့ တို့နဲ့အတူ ကြည့်ပေးဖို့ လာခဲ့တာပါ။ ရောဂါအမျိုးမျိုးကို ကုသနိုင်တယ်လို့ နာမည်ကြီးတဲ့ အဖိုးတန်ဆေးကိုတောင် ကျွန်တော်တို့ ယူလာခဲ့သေးတယ်"
"မင်းသားတို့ ပြန်ကြပါတော့"
မိန်းမစိုးအိုကြီးက အိမ်ရှေ့စံ၏ ရှေ့တွင် ကာကွယ်ရပ်လိုက်ပြီး သတိပေးသည့်လေသံဖြင့် ဆိုသည်။ "အိမ်ရှေ့စံက အခုလေးတင် ဆေးသောက်ထားတာပါ။ ပြီးတော့ မင်းသားတို့က ဘာသတင်းမှ မပေးဘဲ ဒီအတိုင်း ဝင်လာတာဟာ မသင့်တော်ဘူးလို့ ထင်ပါတယ်"
"မင်းလို အောက်တန်းစား အစေခံတစ်ယောက်က"
ချီမင်းသားက အော်ဟစ်ဆဲဆိုလိုက်သည်။ "ငါတို့ အစ်ကိုကြီးဆီ လာတာကို အကြောင်းကြားနေဖို့ လိုလို့လား။ မင်းလို အမှိုက်က ငါ့ကို ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့လေ"
"မင်း... မင်းတို့..."
မိန်းမစိုးအိုကြီးသည် တစ်ခုခု မှားနေပြီမှန်း သိလိုက်ရပြီး ခြိမ်းခြောက်သည့် အနေဖြင့် သတိပေးလိုက်သည်။ "မင်းသားတို့ အခု ချက်ချင်း ထွက်မသွားရင်တော့ ကျွန်တော့်ကို ယဉ်ကျေးမနေဘူးလို့ အပြစ်မတင်ပါနဲ့"
"ဗုန်း.."
ထိုအချိန်တွင်။
ချင်မင်းသားနှင့် ချီမင်းသားတို့၏ နောက်တွင် ရပ်နေသော နန်းတွင်းသမားတော် အချို့က ရုတ်တရက် လှုပ်ရှားလိုက်ကြသည်။
သူတို့ထဲတွင် နက်နဲပုံရိပ်အဆင့် ပညာရှင်တစ်ယောက်တောင် ပါဝင်နေသည်။
သူတို့သည် မိန်းမစိုးအိုကြီးကို လျင်မြန်စွာ ဖမ်းဆီးလိုက်ကြပြီး အိမ်ရှေ့စံ၏ ပါးစပ်ထဲသို့ ဆေးရည်များကို အတင်းအကျပ် လောင်းထည့်ရန် ပြင်ဆင်ကြတော့သည်။
"သမားတော် ရှဲ့"
အိမ်ရှေ့စံသည် ထိုသမားတော်ကို လက်ညှိုးထိုးပြရင်း "မင်း... မင်းက ဒီလိုလုပ်ရဲတယ်ပေါ့လေ" ဟု ဆိုသည်။
"ဟားဟားဟား"
ချင်မင်းသားက အေးစက်စွာ ရယ်မောလိုက်သည်။ "အစ်ကိုကြီး... ဒီနှစ်တွေမှာ ဘာလို့ အစ်ကိုကြီးရဲ့ ရောဂါက မပျောက်တဲ့အပြင် ပိုပြီး ဆိုးလာရသလဲဆိုတာ တစ်ခါမှ မစဉ်းစားဖူးဘူးလား"
"စတုတ္ထညီတော်... အဋ္ဌမညီတော်"
အိမ်ရှေ့စံ၏ အသံမှာ တုန်ရီနေသည်။ "ငါတို့က မယ်တော်တူ မဟုတ်ကြပေမဲ့ ခမည်းတော်ရဲ့ သွေးသားရင်းချာတွေပဲလေ။ မင်းတို့ ဘယ်လိုဖြစ်လို့ ဒီလောက်အထိ ရက်စက်နိုင်ရတာလဲ"
"အစ်ကိုကြီး။ ညီတော်ကတော့ အစ်ကိုကြီး အရမ်းပင်ပန်းနေပုံရလို့ အေးအေးဆေးဆေး အနားယူစေချင်ရုံသက်သက်ပါ"
"ဘာတွေ စောင့်နေကြတာလဲ။ အိမ်ရှေ့စံကို ဆေးသောက်ဖို့ အမြန် ပြုစုပေးကြစမ်း"