အခန်း (၄၀၃)
Vol. 37 Ch. 403
📝အပိုင်း - ၄၀၃
ဘာသာပြန် - Na Gar🐉
....
"လုပ်ကြံသူကိုဖမ်းကြစမ်း"
ဇီဝေတောင်။
တောင်တံခါးဝ။
ပတ်ပတ်လည်ကို ကင်းလှည့်ဖို့ တာဝန်ယူထားရတဲ့ ချန်ဆန်းရှီဟာ နေရာအနှံ့ကနေ ထွက်ပေါ်လာတဲ့ အော်ဟစ်သံတွေကို ရုတ်တရက် ကြားလိုက်ရသည်။
"လုပ်ကြံသူကို ဖမ်းကြစမ်း"
"ရှပ်... ရှပ်—"
"ဗုန်း.."
ကောင်းကင်ပေါ်ကနေ လူရိပ်တစ်ခု ခုန်ဆင်းလာတာကို သူ မြင်လိုက်ရသည်။
"ဗိုလ်ချုပ်မုန်"
ချန်ဆန်းရှီက ဘာမှမသိသလို ဟန်ဆောင်ပြီး မေးလိုက်သည် "ဘာတွေ ဖြစ်ကုန်တာလဲ"
"လုပ်ကြံသူတွေ ရှိနေတယ်၊ တစ်ယောက်တည်း မဟုတ်ဘူး"
မုန်ချူကျီက တည်ကြည်တဲ့ မျက်နှာထားနဲ့ ဆိုသည် "ငါ ရှေ့ကနေ လိုက်သွားမယ်။ ဗိုလ်ချုပ်ချန်... မင်းရဲ့ လူတွေကိုခေါ်ပြီး လမ်းဖြတ်ကနေ ပိတ်ဆို့ထားလိုက်။ မိုင်နှစ်ဆယ်အကွာမှာရှိတဲ့ လမ်းမကြီးပေါ်မှာ သူတို့ကို အမိဖမ်းရမယ်"
"ကောင်းပါပြီ"
ချန်ဆန်းရှီက သဘောတူလိုက်သည် "စစ်သည်တော်တို့... လုပ်ကြံသူတွေကို ရှာဖွေကြစမ်း"
အနက်ရောင်သံချပ်ကာစစ်သည်တော်များ။
သူတို့က အပြင်ဘက် လုံခြုံရေးအတွက်ပဲ တာဝန်ရှိတာ ဖြစ်သည်။
နန်းတွင်းကိုယ်ရံတော်တွေဟာ ဇီဝေတောင်ကနေ အလွယ်တကူ ထွက်ခွာမှာ မဟုတ်ပေ။ သီအိုရီအရဆိုရင်တော့ ပြဿနာတစ်ခုခု ရှိလာရင် အနက်ရောင်သံချပ်ကာစစ်သည်တော်တွေကပဲ ကိုင်တွယ်ဖြေရှင်းရမှာ ဖြစ်သည်။
ဒါပေမဲ့ ချန်ဆန်းရှီကတော့ ရင်ထဲမှာ သိနေသည်။
ဘာလုပ်ကြံသူတွေလဲ။
ဒါဟာ သူ့ရဲ့ စစ်အင်အားတွေကို နေရာဖယ်ခိုင်းလိုက်တဲ့ စစ်ရေးအရ အကွက်ဆင်မှုတစ်ခုထက် မပိုပါဘူး။
"တိန့်ဖုန်း"
ချန်ဆန်းရှီက ညွှန်ကြားလိုက်သည် "ဒီနားက မြေမျက်နှာသွင်ပြင်က ရှုပ်ထွေးတယ်။ ညီအစ်ကိုတွေကို အဖွဲ့ငယ်လေးတွေ ခွဲခိုင်းပြီး သီးသန့် ရှာဖွေခိုင်းလိုက်။ တစ်ခုခု တွေ့တာနဲ့ မြားပစ်ပြီး အချက်ပေး"
"ကောင်းပါပြီ"
မကြာခင်မှာပဲ။
အနက်ရောင်သံချပ်ကာစစ်သည်တော်တွေဟာ လူစုကွဲသွားကြသည်။
ချန်ဆန်းရှီဟာလည်း ပရမ်းပတာ ဖြစ်နေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး အမှောင်ထဲမှာ လူရိပ်ဖျောက်လိုက်သည်။ သူ့ရဲ့ ရုပ်သွင်ကို ကျန်းလိုင်ဇီရဲ့ ပုံစံအတိုင်း ပြောင်းလဲလိုက်ပြီးနောက် တောင်တံခါးကနေ ယုံကြည်မှုအပြည့်နဲ့ ဖြတ်ကျော်ကာ ဇီဝေတောင်ထိပ်က နန်းတော်ဆီကို တိုက်ရိုက် ဦးတည်သွားတော့သည်။
...
ဇီဝေနန်းတော်။
ယွဲ့မိန်တံခါး ။
ဒီတံခါးကနေ ဝင်လိုက်ရင် ဧကရာဇ် ညဘက် အနားယူတဲ့ တိမ်တိုက်နန်းဆောင်ကို တိုက်ရိုက် ရောက်နိုင်ပါတယ်။
ယွဲ့မိန်တံခါး ရှေ့မှာ။
ဒီနေရာကို ကာကွယ်ဖို့ တာဝန်ပေးထားရတဲ့ နန်းတွင်းကိုယ်ရံတော် ဒုဗိုလ်ချုပ် ကျူးကျန့်လျန်က တံခါးဝမှာ ရပ်ရင်း မျက်လုံးမှိတ် အနားယူနေသည်။ သူ့လက်ကတော့ ခါးက ဓားရိုးပေါ်မှာ အမြဲရှိနေပြီး မြို့တော်က သူ့ရဲ့ ဇနီးမယားနဲ့ သားသမီးတွေဆီ ဘယ်တော့ ပြန်ရမလဲဆိုတာကိုပဲ တွေးနေမိသည်။
"ချောက်... ချောက်"
ချပ်ဝတ်တန်ဆာတွေ တစ်ခုနဲ့တစ်ခု ထိခတ်သံ ထွက်ပေါ်လာသည်။
နန်းတွင်းကိုယ်ရံတော် နောက်ထပ် အဖွဲ့တစ်ဖွဲ့ အပြေးအလွှား ချဉ်းကပ်လာသည်။
"ဖန်းအိုကြီးလား"
ကျူးကျန့်လျန်က မျက်လုံးဖွင့်ကြည့်ပြီး ဖော်ရွေစွာ နှုတ်ဆက်လိုက်သည် "ဖန်းအိုကြီး... မင်း ဘာလို့ ဒီကို ရောက်နေတာလဲ။ ကင်းလှည့်ချိန် မပြောင်းသေးဘူး မဟုတ်လား"
"ဒီနေ့တော့ ငါက မင်းနေရာမှာ လဲပေးမလို့ပါ"
ဖန်းချန်က ဆိုသည် "ငါ့မှာ မနက်ဖြန် ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေ ရှိနေလို့။ အဲ့ဒီတော့ မနက်ဖြန်ကျရင် မင်းက ငါ့နေရာမှာ ပြန်လဲပေးပေါ့"
"ဪ..."
ကျူးကျန့်လျန်က ချက်ချင်း သဘောမတူသေးဘဲ "ညီအစ်ကို ဖန်း... အခုတလော ဖြစ်ပျက်နေတဲ့ ကိစ္စတွေအရဆိုရင် အပြောင်းအလဲတွေ မလုပ်တာ အကောင်းဆုံးပဲ မဟုတ်လား။ တစ်ခုခု ဖြစ်လာရင် ငါတို့နှစ်ယောက်လုံး ရှင်းပြလို့ ရမှာ မဟုတ်ဘူး"
"ဘာမှမဖြစ်ပါဘူး"
ဖန်းချန်ရဲ့ လေသံက ပိုပြီး ယဉ်ကျေးလာသည် "ငါ ဗိုလ်ချုပ်ကျန်း ကိုလည်း အကြောင်းကြားပြီးသားပါ။ မင်း မယုံရင် သွားမေးကြည့်လို့ ရတယ်"
"ကောင်းပြီလေ"
ကျူးကျန့်လျန်က သမ်းဝေလိုက်ရင်း သူ့ရဲ့ လက်အောက်ငယ်သားတွေကို ခေါ်ပြီး ထွက်ခွာဖို့ ပြင်လိုက်သည် "ဒါဆိုရင် ငါတို့ အရက်သွားသောက်တော့မယ်"
ဒါပေမဲ့ ဒီလူတွေရဲ့ ဘေးနားက ဖြတ်သွားတဲ့ အချိန်မှာပဲ သူဟာ တစ်ခုခု မှားနေပြီဆိုတာကို အာရုံရလိုက်သည်။
"ဖန်းအိုကြီး"
ကျူးကျန့်လျန်ဟာ တိတ်တဆိတ် ဓားကို ဆွဲထုတ်လိုက်ရင်း "ဒီလူတွေက ဘာလို့ ဒီလောက် စိမ်းနေရတာလဲ။ ဇီဝေတောင်ကို လိုက်လာတဲ့ နန်းတွင်းကိုယ်ရံတော်တွေထဲမှာ လူသစ်တွေ မပါပါဘူး"
"ဘာမှ ထပ်မမေးပါနဲ့တော့"
ဖန်းချန်က မျက်မှောင်ကြုတ်လိုက်သည် "ဒါတွေက ငါတို့နဲ့အတူ သေအတူရှင်မကွာ ဖြတ်သန်းလာတဲ့ ညီအစ်ကိုတွေပါ။ နည်းနည်းလောက် နားလည်ပေးစမ်းပါ။ ငါ မနက်ဖြန် တကယ် ကိစ္စရှိလို့ပါ"
"ဘာကိစ္စလဲ။ အောင်ပွဲခံမယ့် ကိစ္စလား"
"ချွတ်—"
ကျူးကျန့်လျန်ရဲ့ ခါးက ဓားဟာ ဝုန်းခနဲ ထွက်ပေါ်လာပြီး အေးစက်တဲ့ ဓားရောင်ဟာ ရန်သူတွေဆီကို လျှပ်စီးလို မြန်တဲ့ အရှိန်နဲ့ ဦးတည်သွားသည်။
ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ။
နန်းတွင်းကိုယ်ရံတော်အဖြစ် အယောင်ဆောင်ထားတဲ့ လူတစ်ယောက်က သူ့ရဲ့ ခန္ဓာကိုယ်ထဲကနေ ခရမ်းရောင်ချီတွေကို ထုတ်လွှတ်လိုက်သည်။ အဲ့ဒီချီတွေက သူ့ကိုယ်ပေါ်မှာ ချပ်ဝတ်တန်ဆာတစ်ခုလို ဖြစ်ပေါ်လာပြီး ကျူးကျန့်လျန်ရဲ့ အားကုန်သုံးထားတဲ့ ဓားချက်ကို လက်ဗလာနဲ့ ဖမ်းတားလိုက်သည်။
"ဒါ... ဒါက... လျှို့ဝှက်ပညာလား"
ကျူးကျန့်လျန် တစ်ယောက် ထိတ်လန့်နေတဲ့ အချိန်မှာပဲ ဖန်းချန်ရဲ့ လက်ထဲက ဓားဟာ သူ့ရဲ့ နှလုံးသားကို ထိုးဖောက်သွားခဲ့ပြီ ဖြစ်သည်။
"ညီအစ်ကို... ငါ မင်းကို လွှတ်ပေးချင်ခဲ့တာပါ။ တောင်းပန်ပါတယ်"
"ဟက်..."
ကျူးကျန့်လျန်ရဲ့ မျက်လုံးတွေဟာ ပြူးကျယ်သွားပြီး မြေပြင်ပေါ်ကို လဲကျသွားခဲ့သည်။ သူဟာ မျက်စိမမှိတ်ဘဲ သေဆုံးသွားခဲ့ရတာ ဖြစ်သည်။
ဒါပေမဲ့ ဒီဆူညံသံကြောင့်။
နန်းတော်ထဲကို တိတ်တဆိတ် ဝင်ရောက်ဖို့ဆိုတာ မဖြစ်နိုင်တော့ပေ။
အနီးနားမှာရှိတဲ့ ရာနဲ့ချီတဲ့ နန်းတွင်းကိုယ်ရံတော်တွေဟာ ချက်ချင်း တုံ့ပြန်လာကြပြီး "လုပ်ကြံသူတွေ ရှိနေတယ်" လို့ အော်ဟစ်လိုက်ကြသည်။
"ဗုန်း.."
နန်းတော်တစ်ခုလုံး မီးခိုးတွေ ဖုံးလွှမ်းသွားသည်။
ယွဲ့မိန်တံခါး ရှေ့မှာ။
မကြာခင်မှာပဲ ထောင်နဲ့ချီတဲ့ နန်းတွင်းကိုယ်ရံတော်တွေ စုဝေးမိသွားကြသည်။
"ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ"
"ဖန်းချန်... မင်း ဘာလုပ်ဖို့ ကြံစည်နေတာလဲ။ မင်းလည်း လုပ်ကြံသူပဲလား"
"..."
ဖန်းချန်က ပြန်လည် အော်ဟစ်လိုက်သည် "လက်ရှိ ဧကရာဇ်က အိုမင်းမစွမ်း ဖြစ်နေပြီ၊ အကျင့်ပျက် အမတ်တွေ ဝန်းရံနေလို့ တိုင်းပြည်က ပရမ်းပတာ ဖြစ်နေရတာ။ ငါတို့က ကောင်းကင်ဘုံရဲ့ အမိန့်ကို နာခံပြီး ဧကရာဇ်ဘေးနားက အညစ်အကြေးတွေကို သန့်စင်ဖို့ လာခဲ့တာ"
"မင်း ပုန်ကန်ရဲတယ်ပေါ့လေ"
"မင်းရဲ့ နောက်ကွယ်မှာ ဘယ်သူ ရှိနေတာလဲ"
"..."
ဘာအဖြေမှ ထွက်မလာခဲ့ဘူး။
နန်းတွင်းကိုယ်ရံတော် ဗိုလ်ချုပ် ဝေချီလင်းကျဲ က ဒေါသတကြီး အော်ဟစ်လိုက်သည် "လူတွေကို ခေါ်ပြီး သူတို့ကို အမိဖမ်းကြစမ်း"
"ဗိုလ်ချုပ်"
"မကောင်းတော့ဘူး..."
စကားပြောနေတဲ့ အချိန်မှာပဲ။
လက်အောက်ငယ်သားတွေဟာ ပျာပျာသလဲ ပြေးလာပြီး အစီရင်ခံကြသည်။
"အရှေ့ဘက် တပ်စခန်း"
"အရှေ့ဘက် တပ်စခန်းက ပုန်ကန်လိုက်ပြီ"
"..."
"မင်း ဘာပြောလိုက်တာလဲ"
ဗိုလ်ချုပ် ဝေချီလင်းကျဲ ရဲ့ မျက်လုံးတွေဟာ ကြေးစည်ကြီးတွေလို ပြူးကျယ်သွားသည် "ပုန်ကန်တယ် ဟုတ်လား။ လူအင်အား ဘယ်လောက်လဲ"
"မသိပါဘူး..."
"အမှောင်ထဲမှာဆိုတော့ သေသေချာချာ မမြင်ရဘူး"
"နေရာအနှံ့မှာ လူတွေချည်းပဲ"
"..."
"အစီရင်ခံပါတယ်—"
"ဗိုလ်ချုပ်"
"သတင်းရပါပြီ။ လူအင်အား ရှစ်ထောင် ရှိပါတယ်"
"မုန်ချူကျီက လွန်ခဲ့တဲ့ နှစ်နာရီက လူတစ်သောင်းနှစ်ထောင်ကို တခြားနေရာ ပို့လိုက်ပြီး ကျန်တဲ့ လူရှစ်ထောင်နဲ့ ဇီဝေနန်းတော်ကို တိုက်ရိုက် ဦးတည်လာနေပါတယ်"
"..."
"မုန်ချူကျီလား"
ဗိုလ်ချုပ် ဝေချီ က ဆဲဆိုလိုက်သည် "အဲ့ဒီ လိပ်လို နှေးတဲ့ကောင်က ဘယ်လိုတောင် ရဲတင်းရတာလဲ"
"မုန်ချူကျီလှုပ်ရှားပြီဆိုရင် အမြဲတမ်း သတိကြီးသလို အရေးကြီးတဲ့ အချိန်မှာ ပြတ်သားလေ့ရှိတယ်"
မုန်ချူကျီက လှံရှည်ကို ကိုင်ပြီး တိတ်တဆိတ် ပေါ်လာသည် "သူတို့အားလုံးကို အမိဖမ်းလိုက်ကြ"
ဇီဝေနန်းတော် တစ်ခုလုံးမှာ။
နန်းတွင်းကိုယ်ရံတော် သုံးထောင်ပဲ ရှိတာဖြစ်ပြီး သူတို့ဟာ နန်းတော်တံခါး လေးခုမှာ လူခွဲစောင့်နေကြတာ ဖြစ်သည်။
သူတို့ဟာ ရန်သူတွေရဲ့ ဝိုင်းရံမှုကို လျင်မြန်စွာ ခံလိုက်ရသည်။
"လမ်းဖယ်ပေးလိုက်ကြစမ်း"
မုန်ချူကျီရဲ့ ဟိန်းဟောက်သံဟာ ဇီဝေနန်းတော် တစ်ခုလုံးမှာ ပဲ့တင်ထပ်သွားသည် "ငါတို့အားလုံးက ညီအစ်ကိုတွေပါ။ ငါ မုန်ချူကျီကဘယ်သူ့အသက်ကိုမှ မထိခိုက်စေချင်ဘူး။ မင်းတို့သာ ပြန်မတိုက်ဘူးဆိုရင် မိုးလင်းတာနဲ့ အရာအားလုံးက မူလအတိုင်း ပြန်ဖြစ်သွားလိမ့်မယ်"
"မုန်ချူကျီ"
ဗိုလ်ချုပ် ဝေချီ က သူ့ရဲ့ လက်နက်တွေကို မြှောက်ပြီး ဆဲဆိုလိုက်သည် "မင်း ဘာလုပ်နေလဲဆိုတာ မင်းကိုယ်မင်း သိရဲ့လား"
"ပုန်ကန်နေတာလေ"
မုန်ချူကျီက တည်ငြိမ်စွာ ဆိုသည် "ဗိုလ်ချုပ် ဝေချီ... လက်နက်ချလိုက်ပါတော့"
"သေလိုက်စမ်း"
ဗိုလ်ချုပ် ဝေချီ က သူ့ရဲ့ လက်ရုံးတွေကို ဝေ့ယမ်းလိုက်သည် "ညီအစ်ကိုတို့... လက်နက်ကိုင်ကြစမ်း။ ငါ့အတွက် သူတို့ကို သတ်ကြ"
အကြီးအကျယ် တိုက်ပွဲ စတင်လေတော့သည်။
"ရပ်ကြ... ရပ်လိုက်ကြစမ်း"
ညအမှောင်ထဲမှာ။
အနီရောင် ဝတ်စုံဝတ် လူတစ်ယောက်ဟာ အပြေးအလွှား ရောက်ရှိလာသည်။
တောင်အောက်မှာ နေထိုင်တဲ့ ယန်မောက်ရှင်း ဟာ သတင်းရရချင်း အချိန်မီ ရောက်လာတာ ဖြစ်သည်။