အခန်း (၄၀၄)
Vol. 37 Ch. 404
📝အပိုင်း - ၄၀၄
ဘာသာပြန် - Na Gar🐉
အမွှေးတိုင် နတ်ဘုရားဂိုဏ်းမှ အဖွဲ့ဝင်အချို့ လှုပ်ရှားရန် ပြင်လိုက်ကြသော်လည်း မုန်ချူကျီက တားဆီးလိုက်သည်။
"မုန်ချူကျီ"
ယန်မောက်ရှင်းသည် မုန်ချူကျီ၏ ရှေ့တည့်တည့်သို့ ရောက်လာပြီး "မင်း ရူးသွားပြီလား" ဟု မေးလိုက်သည်။
"ဗိုလ်ချုပ်မုန်က မရူးပါဘူး"
ဝတ်စုံတူ ဝတ်ဆင်ထားသည့် စစ်ဝန်ကြီး ဂေါင်ဘို ပေါ်လာပြီး "ဗိုလ်ချုပ်မုန်... ခင်ဗျား တကယ်ပဲ ပုန်ကန်မှုကို စတင်လိုက်ပြီပေါ့လေ" ဟု ဆိုသည်။
"ဂေါင်ဘို... ကောင်းတယ်၊ မင်း ပုန်ကန်ချင်နေမှန်း ငါ သိတာ ကြာလှပြီ၊ ဒါပေမဲ့..."
ယန်မောက်ရှင်းက မြေကြီးကို ဆောင့်နင်းလိုက်ရင်း "မုန်ချူကျီတစ်ယောက် မင်းတို့လို လူစားတွေနဲ့ ပေါင်းမိလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားခဲ့ဘူး" ဟု ဆိုသည်။
"မင်း မေ့သွားပြီလား။ ငါ့ဖခင်သာ မရှိရင် မင်းလို သိုင်းပညာ ထူးချွန်တဲ့သူက ဘယ်နား ရောက်နေမှာလဲ။ မင်းရဲ့ နာမည် မုန်ချူကျီ ဆိုတာတောင် ငါ့အဖေ ပေးခဲ့တာလေ"
"ချူကျိီ... ချူကျိီ..."
မုန်ချူကျီက ထိုနာမည်ကို ရွတ်ဆိုလိုက်ပြီး "အန်အမတ်ကြီးက ငါ့ကို ဒီနာမည်ပေးခဲ့တုန်းက နန်းတွင်းက နာတာရှည် ရောဂါဆိုးတွေကို ဖယ်ရှားပစ်ဖို့ ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပေးခဲ့တာပါ။ အခုတော့... ခင်ဗျားတို့ကပဲ အဲ့ဒီ ရောဂါဆိုးတွေ ဖြစ်နေပြီ။ ဒါကြောင့် ဒီနေ့ ငါ့ရဲ့ လှုပ်ရှားမှုဟာ တရားမျှတမှု ရှိပါတယ်" ဟု ဆိုသည်။
"တပ်မှုးကျန်း... ထွက်လာခဲ့ပါ၊ ခင်ဗျား အကဲခတ်နေတာ ငါ သိပါတယ်"
"ရှူး—"
ဓားရှည်တစ်စင်း မြေကြီးပေါ်တွင် တရွတ်တိုက် ဆွဲလာသည့် အသံနှင့်အတူ နန်းတွင်းကိုယ်ရံတော် တပ်မှုး၊ စစ်နတ်ဘုရား ကျန်းယွမ်ပို သည် အမှောင်ထဲမှ ထွက်လာသည်။ သူသည် ချက်ချင်း တိုက်ခိုက်ခြင်း မပြုသော်လည်း သူ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် အရှေ့ဘက်တပ်မတော်မှ စစ်သည်အချို့ အသက်ပျောက်ကုန်ကြသည်။
"ဗုန်း.."
လှံနှင့် ဓားရှည်တို့ ထိတွေ့သွားသည်။
ကောင်းကင်ဘုံက စည်ကြီးဗုံကြီးတွေ တီးခတ်လိုက်သလို အသံကြီး ထွက်ပေါ်လာသည်။
စစ်နတ်ဘုရား ချင်း တိုက်ပွဲ စတင်ပြီ ဖြစ်သည်။
"အမတ်ကြီးယန်"
ဂေါင်ဘိုက သူ၏ အက်ျီလက်ကို လိပ်လိုက်ရင်း "ကျွန်တော်လည်း သိုင်း နည်းနည်းပါးပါးတော့ တတ်ပါတယ်ဗျာ" ဟု ဆိုသည်။
"ဘုန်း... ဘုန်း"
လက်သီးနှစ်ချက်ဖြင့် ယန်မောက်ရှင်း ဘေးနားက အစေခံများကို ရိုက်သတ်လိုက်သည်။
ထိုအချိန်တွင်။
စစ်နတ်ဘုရား နှစ်ယောက်မှာ အသည်းအသန် တိုက်ခိုက်နေကြပြီး အရှေ့ဘက်တပ်မတော်နှင့် နန်းတွင်းကိုယ်ရံတော်များမှာလည်း ရုန်းရင်းဆန်ခတ် ဖြစ်နေကြသည်။
ယန်မောက်ရှင်း၏ ကိုယ်ရံတော်များလည်း မရှိတော့ပေ။
သူသည် ချက်ချင်းပင် ထိတ်လန့်သွားပြီး "ရိုင်းစိုင်းလိုက်တာ။ ပညာရှိဆိုတာ လက်နက်ကို နောက်ဆုံးမှ သုံးရတာလေ။ မင်း... မင်း ဘာလုပ်မလို့လဲ" ဟု ဆိုသည်။
"အဲ့ဒီမှာပဲ ရပ်လိုက်စမ်း"
...
ရုန်းရင်းဆန်ခတ် ဖြစ်နေသည့်ကြားမှ။
လူရိပ်အချို့သည် ယာယီနန်းဆောင်ထဲသို့ အောင်မြင်စွာ ဝင်ရောက်သွားပြီး ဧကရာဇ်၏ အိပ်ဆောင်ရှိရာသို့ ဦးတည်သွားကြသည်။
ကျန်းလိုင်ဇီ အဖြစ် အယောင်ဆောင်ထားသော ချန်ဆန်းရှီသည် ချောင်ဖန်၏ ရှေ့တွင် ပေါ်လာသည်။
"သူရဲကောင်းကျန်း"
ချောင်ဖန်သည် ဝမ်းသာအားရ ဖြစ်သွားပြီး "သူတို့တွေ စောပြီး စလိုက်ကြပြီ။ ခင်ဗျားနဲ့ ကျွန်တော် ဒီရုန်းရင်းဆန်ခတ်ကြားမှာ ချန်ဆန်းရှီကို သွားသတ်ကြရင် ဘယ်လိုလဲ" ဟု မေးလိုက်သည်။
"ကောင်လေး"
ချန်ဆန်းရှီက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး "မင်းက သူ့ကို သတ်ဖို့ ဒီလောက်တောင် အလောတကြီး ဖြစ်နေတာလား" ဟု မေးသည်။
"ဒါပေါ့"
ချောင်ဖန်က သွားကြိတ်လျက် ဆိုသည်။ "ချန်ဆန်းရှီနဲ့ ကျွန်တော်က တစ်မိုးအောက်မှာ အတူမနေနိုင်ဘူး။ သူရဲကောင်းကျန်း... ခင်ဗျား ကျွန်တော့်ကို ကတိပေးထားတယ် မဟုတ်လား"
"ဒီသူရဲကောင်းကြီး ကတိပေးထားတာကို သေချာပေါက် လုပ်ပေးပါ့မယ်။ ဒါပေမဲ့ အဲ့ဒီမတိုင်ခင်..."
ချန်ဆန်းရှီက မျက်ခုံးပင့်လိုက်ရင်း "အရင်ဆုံး လုပ်စရာ အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိသေးတယ်။ ငါ ဘိုးဘေးကြီးရဲ့ ရတနာတွေ ရှိမယ့်နေရာကို ရှာတွေ့ထားပြီ။ တကယ်လို့ ငါတို့ ဒီည သွားမယူဘူးဆိုရင် နောက်ထပ် အခွင့်အရေး ရတော့မှာ မဟုတ်ဘူး" ဟု ဆိုသည်။
"သူရဲကောင်းကြီး... ခင်ဗျား ရှာတွေ့သွားပြီလား"
ချောင်ဖန် အံ့ဩတကြီး ရေရွတ်လိုက်သည်။
လူပေါင်းများစွာ ဇီဝေတောင်ပေါ်မှာ တစ်လလုံး ရှာတာတောင် သဲလွန်စ မရခဲ့ကြဘူး။
အခု ဒီဆန်းကြယ်တဲ့ သူရဲကောင်းကျန်းက ရှာတွေ့ပြီလို့ ပြောနေတာလား။
"မှန်တယ်"
ချန်ဆန်းရှီက ပြောပြလိုက်သည်။ "ကောင်လေး... ဘယ်အရာက ပိုအရေးကြီးလဲဆိုတာ တွက်ဆစမ်း။ သေသေချာချာ စဉ်းစားဦး"
"..."
ချောင်ဖန် တိတ်ဆိတ်သွားပြီး ရွေးချယ်မှုအတွက် စဉ်းစားနေမိသည်။
ဒီညဟာ။
အရေးကြီးတဲ့ ကိစ္စတွေကို ဆုံးဖြတ်ရမယ့် ညပဲ။
အောင်မြင်ရင်တော့ တစ်ဘဝလုံး အေးဆေးသွားမယ်။
ရှုံးနိမ့်ရင်တော့ ဖခင်ဖြစ်သူရဲ့ မျိုးဆက်တစ်ခုလုံး ကံဆိုးမိုးမှောင်ကျတော့မှာ ဖြစ်သည်။
တကယ်လို့ ဘိုးဘေးကြီးရဲ့ ရတနာတွေကိုသာ ရခဲ့ရင် ဖခင်ဖြစ်သူကိုတောင် တစ်ဖက်တစ်လမ်းက ကူညီနိုင်လိမ့်မည်။
ချန်ဆန်းရှီ ကိစ္စကတော့...
ဒီအရေးကြီးတဲ့ ကိစ္စတွေ ပြီးမှ သွားသတ်လည်း မနောက်ကျသေးပါဘူး။
"သူရဲကောင်းကျန်း... ဒါဆို ဘယ်လိုလုပ်ရင် ကောင်းမလဲ"
ချောင်ဖန် ဆုံးဖြတ်ချက် ချလိုက်သည်။ "အရင်ဆုံး ရတနာကို သွားယူကြမယ်၊ ပြီးမှ အိပ်ဆောင်မှာရှိတဲ့ ဖခင်ဖြစ်သူကို သွားကူညီမယ်၊ နောက်ဆုံးကျမှ ချန်ဆန်းရှီကို အတူတူ သွားသတ်ကြတာပေါ့"
"ကောင်းပြီလေ"
ချန်ဆန်းရှီက ချီးကျူးလိုက်သည်။ "ကောင်လေး... မင်းမှာ သတ္တိရှိတာကို ငါ မြင်လိုက်ရပြီ"
"ချီးကျူးတာ ကျေးဇူးတင်ပါတယ် သူရဲကောင်းကြီး"
ဘဝရဲ့ အရေးကြီးတဲ့ အခိုက်အတန့်မှာ ချောင်ဖန်ဟာ တစ်ညအတွင်းမှာပဲ အလွန် နှိမ့်ချတတ်လာသည်။
"ဒီညတော့ သူရဲကောင်းကျန်းအပေါ်မှာပဲ မူတည်နေပါပြီ"
သူသည် ရှေ့ကလူကို တတ်နိုင်သမျှ ဖားရန်လည်း စဉ်းစားနေသည်။ တကယ်လို့ ရင်းနှီးသွားခဲ့ရင် နောင်တစ်ချိန်မှာ အားကိုးရမယ့် လူတစ်ယောက် ဖြစ်လာနိုင်သည်လေ။
ပြန်စဉ်းစားကြည့်လျှင်။
သူသည် နန်းတော်ထဲမှာပဲ ကြီးပြင်းခဲ့ပြီး သိုင်းပညာ အရည်အချင်းလည်း ရှိသူဖြစ်သလို ချောင်မိသားစုရဲ့ မြေးဦးလည်း ဖြစ်တာကြောင့် အားလုံးက သူ့ကို မင်းသားလေး လို့ ခေါ်ကြရသည်။ အမြဲတမ်း အထက်စီးကနေ နေလာခဲ့တာကြောင့် သူဟာ အရမ်း မာနကြီးခဲ့မိသည်။
လျန်ကျိုး မှာတုန်းက ချန်ဆန်းရှီနဲ့ ပြိုင်ဆိုင်ခဲ့တာတွေဟာ တကယ့်ကို ကလေးကလားဆန်လှသည်။
တကယ်လို့ သူကသာ မလိုအပ်ဘဲ အကျပ်မကိုင်ခဲ့ရင် သူတို့ သူငယ်ချင်း မဖြစ်နိုင်ရင်တောင် ရန်သူတော့ ဖြစ်လာမှာ မဟုတ်ပေ။
သူ ရင့်ကျက်လာခဲ့ပြီ။
ကံကောင်းတာက ခြံစည်းရိုးခတ်ဖို့ မနောက်ကျသေးခြင်းပင်။
ချန်ဆန်းရှီကို သတ်ပြီး ဒီအန္တရာယ်ကြီးကို ဖယ်ရှားပြီးရင်တော့ သူဟာ လက်အောက်ငယ်သားတွေကို လေးစားမှု ပြသတော့မည် ဖြစ်သည်။
"ကောင်လေး"
ချန်ဆန်းရှီက မေးလိုက်သည်။
"မင်း ငါနဲ့အတူ လူဘယ်နှစ်ယောက် ခေါ်လာဖို့ စီစဉ်ထားသလဲ"
သူက တစ်ဖက်လူကို ဦးဆောင်ခေါ်လာရတဲ့ အကြောင်းရင်းက။
တစ်ဖက်မှာလည်း ချောင်မိသားစုဝင် မဟုတ်တဲ့သူတွေက ရတနာကို ယူနိုင်မှာ မဟုတ်တာကြောင့် ဖြစ်သည်။
နောက်တစ်ဖက်မှာလည်း ချောင်ကျိီနဲ့ မသေမျိုးရှာဖွေရေးမျှော်စင်က လူတွေလည်း လှုပ်ရှားကြတော့မှာ ဖြစ်သည်။
ဂိုဏ်းတစ်ခုတည်းကို ရင်ဆိုင်ရတာထက် အခြေအနေကို အရှုပ်အထွေးဖြစ်အောင် လုပ်လိုက်တာက ပိုပြီး ဘေးကင်းသည်။
သူ့ရဲ့ "ညီအစ်ကို" ချောင်ကျိီကလည်း သူ့ကို လိမ်ညာခေါ်ဖို့ ကြိုးစားနေတာ ဖြစ်သည်။
ဘာထောင်ချောက်တွေ ရှိနေဦးမလဲ ဘယ်သူသိမှာလဲ။
"ဒီလူတွေ ကျွန်တော့်နောက်က လိုက်ခဲ့မယ်"
ချောင်ဖန်က ဆိုသည်။
သူ့နောက်တွင်။
ယွမ်ရှောင်ကျိ၊ လင်းရွှီကျိ၊ ဆွေချုံယီ တို့အပြင် အမွှေးတိုင် နတ်ဘုရားဂိုဏ်းက တပည့် ခုနစ်ယောက်၊ ရှစ်ယောက်ခန့် ရှိနေသည်။
"ဒါဆို လုံလောက်ပါပြီ"
ချန်ဆန်းရှီက လက်ဝှေ့ယမ်းလိုက်သည်။
"အချိန်မဆွဲတော့နဲ့၊ အခုပဲ ထွက်ကြစို့"
သူက ရှေ့ကနေ ဦးဆောင်ပြီး။
ကျန်တဲ့လူ ဆယ်ယောက်ကျော်က နောက်ကနေ လိုက်လာကြသည်။
သူတို့တွေ တောင်နောက်ဘက်က ရေကန်နက်ရှိရာကို လျင်မြန်စွာ ရောက်လာကြသည်။
မသေမျိုးရှာဖွေရေးမျှော်စင်က လူတွေကတော့ တကယ်ပဲ နေရာယူထားကြပြီ ဖြစ်သည်။
မိန်းမစိုးအိုကြီးက ဦးဆောင်နေဆဲဖြစ်သော်လည်း သူသည် ရုပ်ဖျက်ထားသဖြင့် သူမှန်း မသိသာပေ။ ကျန်တဲ့လူတွေလည်း မျက်နှာဖုံး စွပ်ထားကြသဖြင့် ဘယ်သူဘယ်ဝါမှန်း မသိနိုင်ပေ။
"သူရဲကောင်းကျန်း"
မိန်းမစိုးအိုကြီးက မေးလိုက်သည်။
"မင်း ဘာလို့ ရောက်လာတာလဲ"
"သေချာတာပေါ့၊ ငါ တစ်ခုခု လာယူတာလေ"
ချန်ဆန်းရှီက လူဦးရေကို အမြန် တွက်ချက်လိုက်သည်။
မသေမျိုးရှာဖွေရေးမျှော်စင်ဘက်မှာလည်း လူ ဆယ်ယောက်ကျော် ရှိနေသည်။
သူက စုံစမ်းမေးမြန်းလိုက်သည်။ "မိတ်ဆွေ.. ဒီမသေမျိုး သဲလွန်စ ဂူကို ဒီသူရဲကောင်းကြီး ရှာတွေ့ခဲ့တာလေ။ မင်းတို့က ဘာလို့ ဒီမှာ ရောက်နေပြီး တစ်ယောက်တည်း သိမ်းပိုက်ဖို့ လုပ်နေရတာလဲ"
"ဟဲဟဲ~"