အခန်း (၄၀၅)
Vol. 37 Ch. 405
📝အပိုင်း - ၄၀၅
ဘာသာပြန် - Na Gar🐉
မိန်းမစိုးလျောင်က ငြင်းဆိုလိုက်သည်။ "ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါ ရေထဲကို မဆင်းဘဲ အချိန်ဆွဲနေတာက မိတ်ဆွေကို စောင့်နေလို့ပါဗျာ။ တကယ်လို့ မိတ်ဆွေသာ ရောက်မလာဘူးဆိုရင် လူလွှတ်ပြီး ဖိတ်ခေါ်ဖို့အထိ ပြင်ဆင်ထားတာ။ ဒါပေမဲ့..."
သူက သတိကြီးစွာဖြင့် ဆက်မေးလိုက်သည်။
"မိတ်ဆွေက ဘာလို့ လူတွေအများကြီး ခေါ်လာရတာလဲ။ ဘာရည်ရွယ်ချက် ရှိလို့လဲ"
"ဒါကတော့ လက်ရှိ ဧကရာဇ်ရဲ့ မြေးတော် မင်းသားလေးပဲ"
တစ်ဖက်လူ သိနေမှန်း ချန်ဆန်းရှီ သိသော်လည်း ပရိယာယ်ဖြင့် မိတ်
ဆက်ပေးလိုက်သည်။
"ငါ့ရဲ့ ခန့်မှန်းချက်အရဆိုရင် ဘိုးဘေးကြီးရဲ့ ရတနာတွေကို ရယူဖို့အတွက် တော်ဝင်မိသားစုဝင် တစ်ယောက်ယောက် ပါမှဖြစ်မယ်၊ ဒါကြောင့် သူရဲ့ အကူအညီကို တောင်းခံခဲ့တာပဲ"
"ဒီက အကြီးအကဲ..."
ချောင်ဖန်က ကြားဖြတ်ပြောဆိုလာသည်။
"ဒီအောက်မှာ ရှိနေတာက ငါ့ရဲ့ ချောင်မိသားစု ဘိုးဘေးတွေ ထားရစ်ခဲ့တဲ့ ရတနာတွေပဲ။ ခင်ဗျားတို့ အခုလို ပြုမူနေတာဟာ... နည်းနည်းတော့ မသင့်တော်ဘူးလို့ မထင်ဘူးလား"
ဆွေချုံယီ နှင့် ယွမ်ရှောင်ကျိ တို့အပါအဝင် လူများကလည်း တိုက်ပွဲဖြစ်ရန် အသင့်အနေအထားဖြင့် ပြင်လိုက်ကြသည်။
"အို"
မိန်းမစိုးလျောင်က လှောင်ပြုံး ပြုံးလိုက်သည်။
"မင်းသားလေးက ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ ပြင်နေတာလား"
"ကောင်လေး"
ချန်ဆန်းရှီက သတိပေးလိုက်သည်။
"လျှို့ဝှက်အခန်းရဲ့ ဝင်ပေါက်မှာ ကျောက်တံခါး ရှိတယ်။ ဒီမိတ်ဆွေက အဲ့ဒါကို ဖွင့်နိုင်တယ်။ အချိန်က သိပ်မရှိတော့ဘူး၊ ဒီသူရဲကောင်းကြီး အကြံပေးချင်တာကတော့ ဒီမှာ အချိန်ဖြုန်းမနေကြဖို့ပဲ"
"ဟဲဟဲ~"
နောက်ဆုံးတွင် ချောင်ဖန် ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။
"အကြီးအကဲတို့ အထင်မလွဲပါနဲ့၊ အားလုံးက မရှိမဖြစ် လိုအပ်နေကြမှတော့ ငါတို့ မိတ်ဆွေတွေအဖြစ် ပူးပေါင်းကြတာပေါ့"
"အင်း... မင်းသားလေးက စိတ်သဘောထား ပြည့်ဝတာပဲ"
မိန်းမစိုးလျောင်က စမ်းသပ်ကြည့်လိုက်သည်။
"ဒါပေမဲ့... လူတွေအများကြီး အတူတူ ဆင်းသွားဖို့ကျတော့ သိပ်မကောင်းဘူး မဟုတ်လား"
အဆုံး၌ အားလုံး၏ အကြည့်များသည် အဖြေကို စောင့်ဆိုင်းနေသည့်အလား ကျန်းလိုင်ဇီ ဆီသို့ ကျရောက်သွားကြသည်။
"ဒီလိုလုပ်ကြရအောင်"
ချန်ဆန်းရှီက ချောင်းတစ်ချက် ဟန့်လိုက်ပြီး မေးစေ့ကို အနည်းငယ် မြှင့်ကာ ပြောလိုက်သည်။
"ငါရယ်၊ မိတ်ဆွေရယ်၊ ပြီးတော့ ချောင်ဖန်ရယ်... ငါတို့ သုံးယောက်ပဲ ဆင်းကြမယ်။ ကျန်တဲ့လူတွေက ဒီမှာ စောင့်နေပါ။ ဒီလို စီစဉ်တာက အားလုံးအတွက် လုံခြုံမှု ရှိသလို၊ တစ်ခုခု ဖြစ်လာခဲ့ရင်လည်း ကူညီပေးမယ့်သူတွေ ရှိနေတာပေါ့"
"ငါကတော့ ကန့်ကွက်စရာ မရှိဘူး"
မိန်းမစိုးလျောင်က ဝမ်းမြောက်စွာ ဆိုသည်။
"ဒီမိတ်ဆွေနဲ့ ငါက သေအတူရှင်မကွာ သူငယ်ချင်းတွေလို့ ပြောလို့ရတယ်။ ပြီးခဲ့တဲ့တစ်ခေါက်ကသာ ဒီမိတ်ဆွေမပါရင် ငါ အဲ့ဒီအောက်မှာ သေသွားလောက်ပြီ။ ငါ ဒီမိတ်ဆွေကို ယုံကြည်တယ်"
"မင်းသားလေး..."
အမွှေးတိုင် နတ်ဘုရားဂိုဏ်းက လူများမှာမူ အနည်းငယ် စိုးရိမ်နေကြသည်။ သူတို့အတွက် ရော၊ မသေမျိုးရှာဖွေရေးမျှော်စင် က လူတွေပါ သူစိမ်းများသာ ဖြစ်သည်။ ကျန်းလိုင်ဇီနှင့် ပူးပေါင်းရခြင်းမှာလည်း သူ၏ လျှို့ဝှက်ချက်များကို သိရှိမှုအပေါ် ကြောက်ရွံ့ခြင်းနှင့် သူ၏ အရည်အချင်းကို အကဲမခတ်နိုင်ခြင်းကြောင့်သာ ဖြစ်သည်။
"ပြဿနာ မရှိပါဘူး"
ချောင်ဖန်က ပြတ်သားစွာ ဆုံးဖြတ်လိုက်သည်။ "ငါ သူတို့နဲ့အတူ ဆင်းသွားမယ်။ ဗိုလ်ချုပ်ဆွေ... ခင်ဗျားတို့ ဒီမှာပဲ အရင်စောင့်နေကြ"
"ရရှိလာမယ့် ပစ္စည်းတွေနဲ့ ပတ်သက်ရင်တော့ ဒီလိုလုပ်ကြတာပေါ့"
မိန်းမစိုးလျောင်က အကြံပြုသည်။ "တကယ်လို့ အညီအမျှ ခွဲလို့ရရင် ခွဲမယ်၊ ခွဲလို့မရရင်တော့ အတူတူ ပိုင်ဆိုင်ကြတာပေါ့"
"ဒါဆိုရင် ဘာစောင့်နေဦးမှာလဲ"
ချန်ဆန်းရှီက ထိုနှစ်ယောက်ကို အရင်ဆင်းရန် အချက်ပြလိုက်ပြီး သူကိုယ်တိုင်လည်း ရေကန်နက်ထဲသို့ အေးအေးလူလူ လမ်းလျှောက်ဝင်ကာ ပျောက်ကွယ်သွားတော့သည်။
"မင်းသားလေးက အပြောင်းအလဲကြီး ပြောင်းလဲသွားတာပဲ"
မိန်းမစိုးဖုန်းက ရေပြင်ကို ကြည့်ရင်း ပြောလိုက်သည်။ "အရင်တုန်းကဆိုရင် သူက ဒီလိုမျိုး အလျှော့ပေးမှာ မဟုတ်ဘူး။ ဒါက ဘိုးဘေးကြီး ထားရစ်ခဲ့တဲ့ ပစ္စည်းတွေလေ... သူစိမ်းတွေကို ဘယ်လိုလုပ် ခွဲပေးနိုင်မှာလဲ"
"မင်းသားလေး လုပ်တာ မှန်ပါတယ်၊ ဒါပေမဲ့ ဒါဟာ ခေတ္တယာယီ နည်းဗျူဟာပဲ ရှိပါသေးတယ်"
ဆွေချုံယီက တည်ကြည်စွာ ဆိုသည်။ "လက်ရှိ အခြေအနေက အချိန်ဖြုန်းနေလို့ မရဘူး၊ ပြီးတော့ ဒီလူတွေရဲ့ နောက်ကြောင်းနဲ့ အစွမ်းကိုလည်း ငါတို့ မသိရသေးဘူး။ အနည်းဆုံးတော့ ပစ္စည်းတွေ ရလာတဲ့အထိ စောင့်ရမယ်။ အချိန်ရှိတုန်းမှာ မိန်းမစိုးဖုန်း... ခင်ဗျားသွားပြီး ဗိုလ်ချုပ်ဖန် ကိုပါ ဒီကို လာခဲ့ဖို့ ပြောလိုက်ပါ။ ဘိုးဘေးကြီးရဲ့ ရတနာတွေက အရမ်း အရေးကြီးတယ်၊ သူစိမ်းတွေလက်ထဲ အကျမခံနိုင်ဘူး"
"ငါ အခုပဲ သွားလိုက်မယ်"
....
"အတိုင်းအဆမဲ့ ကောင်းကင်ဘုံ အရှင်သခင်..."
ယွမ်ရှောင်ကျိီက ဂါထာရွတ်လိုက်ရင်း "ဒီည ပြီးသွားရင်တော့ မင်းသားလေးဟာ ကြီးကျယ်တဲ့ အပြောင်းအလဲကြီး ဖြစ်ပေါ်လာပြီး နောင်တစ်ချိန်မှာ ထူးချွန်ထက်မြက်တဲ့ အုပ်ချုပ်သူ ဖြစ်လာမှာ အသေအချာပါပဲ" ဟု ဆိုသည်။
သို့ဖြင့် မသေမျိုးရှာဖွေရေးမျှော်စင် နှင့် အမွှေးတိုင် နတ်ဘုရားဂိုဏ်း... အဖွဲ့နှစ်ဖွဲ့သည် ရေကန်ဘေးတွင် တစ်ဖက်နှင့်တစ်ဖက် အကဲခတ်ရင်း ရင်ဆိုင်စောင့်ဆိုင်းနေကြတော့သည်။
...
လျှို့ဝှက်အခန်း။
ကျောက်တံခါး။
"ဝုန်း... ကြိမ်း—"
မိန်းမစိုးလျောင်က လျှို့ဝှက်ပညာကို အသုံးပြုကာ ကျောက်တံခါးကို ချောမွေ့စွာ ဖွင့်လှစ်လိုက်သည်။ ထို့နောက် လမ်းလျှောက်လမ်းတလျှောက်ရှိ မီးတိုင်များမှာ တစ်ခုပြီးတစ်ခု အလိုအလျောက် လင်းထိန်လာခဲ့သည်။
သူနှင့် ချန်ဆန်းရှီတို့သည် အထဲသို့ ချက်ချင်း တိုးမဝင်ကြသေးပေ။ လက်ဖက်ရည်တစ်ခွက် သောက်စာခန့် အချိန်အထိ တံခါးဝတွင် စောင့်ဆိုင်းပြီးမှ ဘေးချင်းယှဉ်လျက် အထဲသို့ လှမ်းဝင်ခဲ့ကြသည်။
မကြာမီတွင် ကျယ်ဝန်းသော စင်္ကြံလမ်းသို့ ရောက်ရှိလာပြီး ပြီးခဲ့သည့်
တစ်ခေါက်က သူတို့အသက်ကို ယူလုနီးပါး ဖြစ်ခဲ့သည့် ချောင်ရှဲ့ ၏ သစ်သားရုပ်ထုများကို မြင်လိုက်ရသည်။
မြင်းထိန်းကာလနှင့် ဂိုဏ်းဂဏကာလမှ သစ်သားရုပ်ထုများမှာ ဆွေးမြည့်နေသော သစ်သားပုံများအဖြစ် ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေသော်လည်း ကျန်ရှိနေသော နယ်ပယ်ချဲ့ထွင်ချိန်၊ မသေမျိုးရှာဖွေချိန်နှင့် ပလ္လင်တက်စ ကာလများမှ ရုပ်ထုများမှာမူ မူလနေရာများတွင် ပြန်လည် တည်ရှိနေကြသည်။
"ဘိုးဘေးကြီး"
အသစ်ရောက်လာသော ချောင်ဖန်သည် ဤသစ်သားရုပ်ထုများနှင့် ကျောက်စာတိုင်များကို မြင်လိုက်ရသောအခါ အကြီးအကျယ် တုန်လှုပ်သွားတော့သည်။ နောက်ဆုံးရုပ်ထုကို မြင်လိုက်ရချိန်တွင်မူ သူသည် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"ဒါ... ဒါက ဘာလဲ"
'ဘယ်သူကများ ငါ့ရဲ့ ချောင်မိသားစု ဘိုးဘေးကို ဒီလောက်အထိ ရိုင်းရိုင်းစိုင်းစိုင်း လုပ်ရဲတာလဲ...'
ထိုစကားများကို ချောင်ဖန်က အပြင်သို့ ထုတ်မပြောခဲ့ပေ။ ကျန်းလိုင်ဇီ တို့အဖွဲ့ ဤနေရာသို့ အရင်ရောက်နှင့်နေပြီး ဖြစ်သော်လည်း ဘာမှ ယူမသွားနိုင်သောကြောင့် သူ့ကို တစ်ခေါက် ပြန်ခေါ်လာခြင်း ဖြစ်မည်ဟု သူ ခန့်မှန်းလိုက်သည်။
"ဒုန်း... ဒုန်း... ဒုန်း"
ချောင်ဖန်သည် ဝတ်စုံကို ပြုပြင်လိုက်ပြီး စနစ်တကျ ဂါရဝပြုကာ မြေပြင်ပေါ် ဒူးထောက်လျက် သုံးကြိမ်တိုင်တိုင် လေးလေးနက်နက် ဦးချလိုက်သည်။ "ဘိုးဘေးကြီး... မိုက်မဲတဲ့ မြေးတော်ဟာ အဘိုးကို နှောင့်ယှက်မိတဲ့အတွက် အပြစ်ရှိပါတယ်"
ထိုသို့ပြုလုပ်ပြီးနောက် သူသည် ပြတ်တောက်နေသော ခေါင်းပြတ်ကို ဂရုတစိုက် မယူကာ နဂါးပလ္လင်ပေါ်တွင် ရိုသေစွာ ပြန်လည် တင်ထားပေးလိုက်သည်။
"လူကြီးမင်းတို့... ဆက်သွားကြရအောင်"
သူတို့သည် ခြေလှမ်း ရာဂဏန်းခန့် ဆက်လျှောက်လာပြီးနောက် ကျောက်စင်တစ်ခုဆီသို့ ရောက်လာကြပြန်သည်။
"နဂါးချောက်နက်ဓား"
ချောင်ဖန်က ချက်ချင်း မှတ်မိသွားသည်။
"ဒါက ဘိုးဘေးကြီး လူနှစ်ထောင်ကို အနိုင်ယူခဲ့တုန်းက သုံးခဲ့တဲ့ နတ်ဘုရားဓားပဲ။ ဘေးနားက သစ်သားသေတ္တာထဲမှာ... ဘိုးဘေးကြီး ချန်ထားရစ်ခဲ့တဲ့ မသေမျိုး အခွင့်အလမ်း ရှိရမယ်။ အင်း... လူကြီးမင်းတို့ ဘာလို့ အနားကို မလာကြတာလဲ"
သူ နောက်လှည့်ကြည့်လိုက်သောအခါ ကျန်းလိုင်ဇီ နှင့် မိန်းမစိုးလျောင်တို့က အကွာအဝေးတစ်ခုတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
"လူငယ်လေး"
ချန်ဆန်းရှီက အသိပေးလိုက်သည်။ "မင်းရဲ့ ဘိုးဘေးရုပ်ထုက ငါတို့ကို တိုက်ခိုက်လိမ့်မယ်။ မင်း အဲ့ဒီပစ္စည်းကို သွားယူနိုင်မလားဆိုတာ ကြည့်ကြည့်ဦး၊ ဒါပေမဲ့ သတိထားနော်"
"ဝှစ်—"
စကားဆုံးသည်နှင့် တစ်ပြိုင်နက်။
နဂါးချောက်နက်ဓား သည် စတင် တုန်ခါလာတော့သည်။
ကြည်လင်သော ဆန်းကြယ်စွမ်းအင်များသည် ဓားထဲသို့ တိုးဝင်သွားပြီးနောက် မိုးပေါက်များအလား သစ်သားရုပ်ထု သုံးခုပေါ်သို့ ကျရောက်သွားခဲ့သည်။
ထိုအခါ သစ်သားရုပ်ထုများမှာ အသက်ဝင်လှုပ်ရှားလာတော့သည်။