အခန်း (၃၉၉)
Vol. 37 Ch. 399
📝အပိုင်း - ၃၉၉
ဘာသာပြန် - Na Gar🐉
"ဒါတွေကအရေးမကြီးတော့ပါဘူး"
"ဒါနဲ့ ညီငယ်... ဟူပန်တပ်မတော်ကို တခြားနေရာ ရွှေ့လိုက်ပြီဆိုတော့ မင်းရဲ့ အနက်ရောင်သံချပ်ကာစစ်သည်တော်တွေကအခုဆိုရင် 'နန်းတွင်းစောင့်တပ်' စာရင်းဝင်သွားပြီ။ တကယ်လို့ အခြေအနေတွေသာ ပရမ်းပတာ ဖြစ်လာခဲ့ရင် မင်း ဘာလုပ်ဖို့ ပြင်ဆင်ထားသလဲ။ ငါ့ရဲ့ အကြံပြုချက်ကတော့..."
ချန်ဆန်းရှီက ဖန်ချင်းယွမ်နှင့် တစ်ပြိုင်နက်တည်း ဆိုသလိုပင် ဝင်ပြောလိုက်သည်။ "ဘယ်သူပဲနိုင်နိုင်၊ အနိုင်ရတဲ့သူကိုပဲ ကျွန်တော် ကူညီမှာပါ"
"အဟက်... ငါက မလိုအပ်ဘဲ သတိပေးမိသွားတာပဲ"
ဖန်ချင်းယွမ်သည် ဇီဝေတောင်ရှိရာ အရပ်သို့ လှမ်းကြည့်လိုက်ရင်း "တကယ်တော့ အိမ်ရှေ့စံသာ အနိုင်ရခဲ့ရင် ငါတို့အတွက် ကောင်းလိမ့်မယ်။ သူက တပ်စခန်းရှစ်ခုရဲ့ အကူအညီကို လိုအပ်နေတာလေ။ ဒါပေမဲ့... ဒါဟာ ယာယီဖြေရှင်းချက်ပဲ ဖြစ်ပြီး ရေရှည်အတွက်တော့ မဟုတ်ဘူး။ ဒါကြောင့် အခြေအနေကိုပဲ စောင့်ကြည့်ကြတာပေါ့"
တကယ်လို့ သူတို့နှစ်ယောက်လုံး သေသွားမယ်ဆိုရင်... အကောင်းဆုံးပဲ။
ဤစကားကိုတော့ သူတို့နှစ်ဦးစလုံး အပြင်ထုတ်မပြောခဲ့ကြပေ။
"ဟွတ်...ဟွတ်..."
ဖန်ချင်းယွမ်က ဆိုသည် "မင်း ဆက်ပြီး လေ့ကျင့်နေလိုက်ဦး။ ငါကတော့ စာအချို့ ပြန်ဖတ်ကြည့်ဦးမယ်၊ မကြာခင်က မြက်ခင်းပြင်ဒေသရဲ့ အခြေအနေတွေကိုပေါ့။ လျန်ကျိုး ကို ပြန်ရောက်ရင်တော့ မြောက်ဘက်က လူရိုင်းတွေကို တိုက်ခိုက်မယ့် စစ်ဆင်ရေးအတွက် စတင် ပြင်ဆင်ရတော့မှာ"
မြောက်ဘက် လူရိုင်းများအား နှိမ်နင်းမည့် စစ်ဆင်ရေး။
ဒါဟာ နှစ်ပေါင်းများစွာကတည်းက ပြင်ဆင်လာခဲ့တာ ဖြစ်သည်။
စစ်သည်အင်အား တိုးချဲ့မှုတွေ ပြီးသွားရင်တော့ ဒါဟာ တရားဝင် စတင်ဖို့ အချိန်တန်ပြီ ဖြစ်သည်။
အခုအချိန်မှာ ရှေ့ဘက်၊ တောင်ဘက်နဲ့ အနောက်ဘက်က နိုင်ငံတွေအားလုံး ထိခိုက်မှုတွေ အနည်းနဲ့အများ ရှိနေကြပြီ။ လွန်ခဲ့တဲ့ နှစ်နှစ်ဟာ မြောက်ဘက်စစ်ဆင်ရေးအတွက် အကောင်းဆုံး အခွင့်အရေးပဲ။ တကယ်လို့ လူရိုင်းမျိုးနွယ်စုတွေကိုသာ အကြီးအကျယ် ထိုးနှက်နိုင်ခဲ့ရင် ဒါရှန် ရဲ့ မြောက်ဘက်နယ်စပ်ဟာ နောက်ထပ် နှစ်ပေါင်း နှစ်ဆယ်၊ သုံးဆယ်အထိ ငြိမ်းချမ်းသွားမှာ ဖြစ်သည်။
"ရှူး..."
ချန်ဆန်းရှီသည် အမည်မသိ ထူးခြားသားရဲနှလုံးသား တစ်ဖက်ကို ဝါးမျိုလိုက်သည်။ ထိုအသားမှာ အေးစက်နေသော်လည်း ဝမ်းဗိုက်ထဲ ရောက်သွားသောအခါ မီးတောက်များကဲ့သို့ လောင်မြိုက်လာပြီး ဝမ်းဗိုက်ကို ဓားနှင့် မွှန်းနေသကဲ့သို့ ခံစားလိုက်ရသည်။
လှံရှည်ကို ချက်ချင်း ကောက်ကိုင်လိုက်ပြီး နောက်ဆုံး အဆင့်တက်လှမ်းမှုအတွက် ပြင်ဆင်လိုက်တော့သည်။
မဟာသွေးကြောအဆင့် ပြီးပြည့်စုံခြင်း..
ထူးခြားဆန်းကြယ် သွေးကြောရှစ်သွယ်ကို ဖွင့်လှစ်ခြင်းပင်။
ဤလေ့ကျင့်မှုမှာ ငါးရက်တိတိ ကြာမြင့်ခဲ့သည်။
ခြောက်ရက်မြောက်နေ့သို့ ရောက်သောအခါ။
နောက်ဆုံးတွင် ထိုအတားအဆီးကို စတင် ချိုးဖျက်နိုင်ခဲ့ပြီ ဖြစ်သည်။
အခုဆိုလျှင်။
ချန်ဆန်းရှီ၏ အဓိက သွေးကြောကြီးများမှာ ဆက်သွယ်မိသွားပြီ ဖြစ်သလို သွေးကြောငယ်ပေါင်း တစ်ရာကျော်ကိုလည်း ချဲ့ထွင်နိုင်ခဲ့ပြီ ဖြစ်သည်။ သူသာ ထူးခြားဆန်းကြယ် သွေးကြောရှစ်သွယ်ကို ဖွင့်လှစ်နိုင်ခဲ့လျှင် သွေးချီအပေါ် မှီခိုနေရမှုကို စွန့်ခွာနိုင်ပြီး ခန္ဓာကိုယ်အတွင်း၌ ပိုမိုသန့်စင်သော အတွင်းအားကို ကျင့်ကြံနိုင်တော့မည် ဖြစ်သည်။ ဤအဆင့်သို့ ရောက်မှသာ နောင်တစ်ချိန်တွင် မိမိ၏ ခွန်အားကို အရှိန်အဝါအဖြစ် ပြောင်းလဲနိုင်မည့် အခြေခံကို ရရှိမည် ဖြစ်သည်။
တကယ်တမ်းတွင်။
မဟာသွေးကြောအဆင့်တစ်ခုလုံးသည် နက်နဲပုံရိပ်အဆင့်အတွက် အခြေခံနှင့် အကူးအပြောင်းအဆင့်သာ ဖြစ်သည်။
နက်နဲပုံရိပ်အဆင့်သို့ ရောက်ရှိသွားလျှင် သာမန်သိုင်းသမားများနှင့် သူ၏ကြားမှ ကွာဟချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ဝေးကွာသွားမည် ဖြစ်သည်။
ထူးခြားဆန်းကြယ် သွေးကြောရှစ်သွယ် ဆိုသည်မှာ ဒူသွေးကြော၊ ရန်သွေးကြော၊ ချုန်းသွေးကြော စသည်ဖြင့် ကျန်ရှိသည့် သွေးကြောကြီးငယ်များကို ဆက်သွယ်ပေးသည့် အဓိက လမ်းကြောင်းများ ဖြစ်သည်။
"ချုန်းသွေးကြောဟာ အစာအိမ်၊ နှလုံးနဲ့ ရင်ဘတ်ကို ဖြတ်သန်းပြီး ယင်ဝေသွေးကြောနဲ့ ဆက်သွယ်တယ်..."
"သည်းခြေသွေးကြောဟာ သွေးကြောခက်တွေကို စုစည်းပေးပြီး ယန်ဝေသွေးကြောနဲ့ ဆုံတွေ့တယ်..."
"..."
ချန်ဆန်းရှီသည် စိတ်ထဲမှ ကျမ်းစာလာ မှတ်သားချက်များကို ရွတ်ဆိုနေမိသည်။
အသက်ရှူခြင်းပညာ၊ လှံပညာ၊ ဝိညဥ်စပါး၊ အဖိုးတန်ဆေးဝါးများနှင့် ထူးခြားသားရဲသားများ၏ အာနိသင်အားလုံး ပေါင်းစပ်သွားသောအခါ သူ၏ သွေးကြောလမ်းကြောင်းများမှာ ခွန်အားများ၏ တွန်းကန်မှုကြောင့် တဖြည်းဖြည်း ပွင့်လာသည်ကို ခံစားလိုက်ရသည်။
ဤအရေးကြီးသော အချိန်တွင်ပင်။
သူ၏ သွေးချီမှာ ရုတ်တရက် ထိန်းချုပ်၍ မရတော့ဘဲ အတွင်းအား ကျင့်ကြံရန် အလွန်ပင် ခက်ခဲသွားခဲ့သည်။
အမြဲတမ်း တည်ငြိမ်လှသော ချန်ဆန်းရှီပင်လျှင် ခဏအတွင်းမှာပင် အားအင်ကုန်ခမ်းသလို ခံစားလိုက်ရပြီး သူ၏ ကျန်ရှိသော ခွန်အားအားလုံးကို အသုံးပြုကာ ခန္ဓာကိုယ်အတွင်းရှိ အတွင်းအား အကြွင်းအကျန်များကို ထိန်းချုပ်၍ ဆက်လက် ချိုးဖျက်ရတော့သည်။
အသက်ရှူခြင်းပညာ..
သူ သဘောပေါက်သွားခဲ့သည်။
ဤအချိန်တွင် အသက်ရှူခြင်းပညာသည် ပုံစံတကျ ရပ်တည်လေ့ကျင့်ခြင်းထက်ပင် ပို၍ အရေးကြီးလာခဲ့သည်။
"ချီ.."
ချန်ဆန်းရှီသည် အသက်ရှူခြင်းပညာကို အသုံးပြုကာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များကို ပိုမို နီးကပ်စွာ ခံစားလာရသည်။
ရောထွေးနေသော အညစ်အကြေးချီများ။
သာမန်သိုင်းသမားများမှာ ဤအဆင့်တွင် ခံစားချက်အပေါ်တွင်သာ မှီခိုနိုင်ကြသော်လည်း။
သူ့တွင်မူ အရှိန်အဝါကြည့်ရှု့ခြင်းရှိနေသည်။
ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များမှာ ရောထွေးနေကြသည်။
အသက်ရှူခြင်းပညာဆိုသည်မှာ စွမ်းအင်များကို ခန္ဓာကိုယ်အတွင်းသို့ သွင်းယူပြီး မမြင်ရသော စွမ်းအင်များကို ကျင့်စဉ်များနှင့် ပေါင်းစပ်ကာ ခန္ဓာကိုယ်ကို ပြုပြင်ပြောင်းလဲခြင်း၊ ထိုမှတစ်ဆင့် ခန္ဓာကိုယ်၏ ကန့်သတ်ချက်များကို ချိုးဖျက်ခြင်းပင် ဖြစ်သည်။
သို့သော်လည်း။
စွမ်းအင်အားလုံးမှာ အသုံးမဝင်ပေ။ ရောထွေးနေသော စွမ်းအင်များထဲတွင် အများစုမှာ အသုံးမဝင်သော အညစ်အကြေး စွမ်းအင်များ ဖြစ်ကြပြီး ထိုအရာများကို ရှူသွင်းမိလေလေ ကျင့်ကြံမှုမှာ ထိခိုက်လေလေ ဖြစ်သည်။
သွေးကြောရှစ်သွယ်ကို ဖွင့်လှစ်ရန်အတွက် အသက်ရှူခြင်းပညာကို ပိုမို မြှင့်တင်ရန် လိုအပ်ပြီး အသုံးဝင်သော စွမ်းအင်များကိုသာ သီးသန့် ထုတ်ယူကာ အသုံးမဝင်သည်များကို ဖယ်ထုတ်ရမည် ဖြစ်သည်။
ဒါကို သဘောပေါက်သွားပြီးနောက်။
ချန်ဆန်းရှီသည် လျှို့ဝှက်ချက်ကို လျင်မြန်စွာ ဆုပ်ကိုင်နိုင်ခဲ့သည်။ စမ်းချောင်းကို ပိတ်ထားသော ကျောက်တုံးကြီး ဖယ်ရှားလိုက်သကဲ့သို့ပင် သူ၏ သွေးကြောအတွင်းမှ ခွန်အားများမှာ တားဆီး၍ မရအောင် စီးဆင်းသွားပြီး ဘာအတားအဆီးမှ မရှိတော့ပေ။
ဒူသွေးကြော၊ ရန်သွေးကြော... နောက်ဆုံးတွင် ယန်ချောင်သွေးကြောအထိပင်။
ထိုအချိန်တွင်။
ခန္ဓာကိုယ်၏ သွေးကြောအားလုံးမှာ အချင်းချင်း ဆက်သွယ်သွားခဲ့ပြီ ဖြစ်သည်။
အသက်ရှူခြင်းပညာနှင့်အတူ။
သန့်စင်လှသော ခွန်အားလှိုင်းများမှာ ခန္ဓာကိုယ်အတွင်း စတင် ဖြစ်ပေါ်လာခဲ့သည်။
မဟာသွေးကြောအဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိပြီးနောက်။
ခန္ဓာကိုယ်၏ သွေးချီများမှာ လွတ်လပ်သွားခဲ့ပြီး ခန္ဓာကိုယ်ကို သန်မာအောင် ပြုလုပ်ရာတွင် အားလုံး အသုံးပြုနိုင်တော့သည်။ ထို့ကြောင့် အာရုံငါးပါးနှင့် ပေါက်ကွဲအားမှာ သိသိသာသာ မြင့်တက်လာခဲ့သည်။ တိုက်ပွဲဝင်နေစဉ်တွင်လည်း အသက်ရှူခြင်းဖြင့် ခွန်အားကို ပြန်လည် ဖြည့်တင်းနိုင်သော်လည်း အနည်းငယ်တော့ နှေးကွေးပေလိမ့်မည်။ ဝိုင်းရံခံရပါက ကုန်ခမ်းမှုမှာ ဖြည့်တင်းမှုထက် ပိုများနေဦးမည်ဖြစ်သော်လည်း သွေးချီကို နောက်ဆုံး အရန်အင်အားအဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်။
မဟာသွေးကြောအဆင့် ပြီးပြည့်စုံခြင်း။
[သိုင်းပညာ - တိုင်းပြည်စောင့် နဂါးလှံ (မဟာသွေးကြောအဆင့်-ပြီးပြည့်စုံခြင်း)]
[တိုးတက်မှု့ - ၀]
[စွမ်းဆောင်ရည် - ခွန်အားတစ်ရာ ပေါင်းစည်းခြင်း၊ နဂါးစစ် သောင်းကျန်းခြင်း]
[ခွန်အားတစ်ရာ ပေါင်းစည်းခြင်း၊ နဂါးစစ် သောင်းကျန်းခြင်း - သိုင်းပညာ တစ်ရာကို တတ်မြောက်ပြီး ပေါင်းစပ်ကာ ထိုးဖောက်နိုင်ခြင်း၊ ခွန်အားများ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသောအခါ နဂါးစစ်တစ်ကောင်ကဲ့သို့ သောင်းကျန်းပြီး ဘယ်သူမှ မတားဆီးနိုင်ဘဲ နှလုံးသားကို တိုက်ရိုက် ထိမှန်စေသည်။]
နဂါးစစ်စွမ်းအင်။
အရင် အတွေ့အကြုံအရဆိုလျှင်။
ဒါဟာ နဂါးစစ်စွမ်းအင် ရဲ့ အပြည့်စုံဆုံး အမျိုးအစား ဖြစ်ရမည်။
"တောက်..."
ချန်ဆန်းရှီသည် ကျောက်စရစ်ခဲလေး တစ်လုံးကို ကောက်ကိုင်လိုက်ပြီး ခွန်အားကို ထိန်းချုပ်ကာ ကောင်းကင်ပေါ်မှ အမည်မသိ ငှက်တစ်ကောင်ကို ပစ်ချလိုက်သည်။ ထိုငှက်ကို ဖမ်းမိသောအခါ သူ၏ စွမ်းအင် အနည်းငယ်ကို ငှက်၏ ခန္ဓာကိုယ်ထဲသို့ ထည့်လိုက်သည်။
"ကျိ—"
ထိုငှက်ကလေးမှာ ချက်ချင်းပင် အသည်းအသန် အော်ဟစ်ကာ သေဆုံးသွားခဲ့သည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါအားလုံးမှာ ကြိတ်ခြေခံလိုက်ရသကဲ့သို့ ပျက်စီးသွားခဲ့သည်။
မဟာသွေးကြောအဆင့်ပြီးပြည့်စုံခြင်းသို့ ရောက်ပြီးနောက် ချန်ဆန်းရှီ၏ နဂါးစစ်စွမ်းအင် မှာ ပိုမို အဆင့်မြင့်လာခဲ့သည်။ တိုက်ခိုက်နေစဉ်မှာတင် အသုံးဝင်ရုံတင်မကဘဲ ပြိုင်ဘက်၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားပြီးနောက်တွင်လည်း ခဏမျှ ဆက်လက် တည်ရှိနေနိုင်သည်။
ဆိုလိုတာက လက်မောင်းကို အစင်းရာလေး ထင်အောင် ခြစ်မိရုံမျှဖြင့်ပင် သူ၏ စွမ်းအင်များက ကိုယ်တွင်းအင်္ဂါတွေကို အဆက်မပြတ် တိုက်ခိုက်နေမည်ဖြစ်ရာ ချက်ချင်း မကုသနိုင်ပါက အသက်အန္တရာယ် ရှိနိုင်သည်အထိ ပြင်းထန်လှသည်။
ဤကဲ့သို့သော နဂါးစစ်စွမ်းအင် နှင့်ဆိုလျှင်။
ချန်ဆန်းရှီသည် နက်နဲပုံရိပ်အဆင့် အခြေခံအဆင့်ရှိသော ဗိုလ်ချုပ်တစ်ယောက်နှင့် တွေ့လျှင်ပင် နောက်ဆုတ်စရာ မလိုဘဲ တိုက်ရိုက် ရင်ဆိုင်နိုင်ပြီ ဖြစ်သည်။
ဒါ့အပြင်။
ဓားချီမန္တန်သည်လည်း နောက်ထပ် ရက်အနည်းငယ်အတွင်းမှာ ကျွမ်းကျင်မှု့အဆင့် သို့ ရောက်ရှိတော့မှာ ဖြစ်သည်။