← Chapters

ကစားကွင်းသရဲ (၃)

Vol. 5 Ch. 251

ကစားကွင်းသရဲ (၃)

Vol. 5 Ch. 251

ဧပြီလ၊ ဒုတိယအပတ်ထဲဝင်လာပြီ။

မနက်ကိုးနာရီအချိန် နက်ဆန်ဆီကနေ ဖုန်းဝင်လာတဲ့ အတွက်ကြောင့် အိပ်ရာထဲ ဆက်ကွေးနေမယ့်အကြံကို ကျွန်မလစ်လျူရှုလိုက်ရပြီ။

“ဟေး၊ ရှင်က မနက်ဖက်အိပ်တာမဟုတ်ဘူးလား။ ဘာလို့အစောကြီး သူများဆီဖုန်းဆက်နေတာလဲ။”

မနေ့ညက ကစားကွင်းထဲကလျှောကို သွားလေ့လာပြီး သူတို့အိမ်မှာဆွေးနွေးပြီးမှပြန်တာဖြစ်လို့ မနက်ဝေလီ ဝေလင်းမှ ကျွန်မဟိုတယ်ကိုပြန်ရောက်တာ။ ဒီတော့ အနည်းအပါး လူလိုသိတတ်သင့်တယ်မဟုတ်လား။

“နတ်ဆိုးဖမ်းဖို့အတွက် ပြင်ဆင်ရဦးမှာမမေ့နဲ့။ ပြီးတော့ မနက်ကိုးနာရီဆိုတာ မစောဘူးမဟုတ်လား။”

“ဟုတ်တော့ဟုတ်တယ်လေ... ဒါပေမဲ့ ကျွန်မမနေ့ညက အိပ်ရေးပျက်ထားတယ်။”

“ငါအခုထိ မအိပ်ရသေးဘူး...”

“.....”

သူ့ဆီကနေ အတက်အကျမရှိတဲ့လေသံနဲ့ဒီစကားကို ကြားရပြီးနောက် ဆက်ငြင်းချင်စိတ်မရှိတော့ဘူး။ ဖုန်းကို တူခနဲချ၊ အိပ်ရာထဲက ခုန်ထွက်လိုက်ပြီး ရေမိုးချိုး အဝတ်အစားလဲရတော့တာပဲ။

ဆိုင်ကယ်ပေါ်တက်ပြီး ဆယ့်ငါးမိနစ်လောက် မနှေးမမြန်မောင်းပြီးနောက် နက်ဆန်တည်းနေတဲ့ စပိန်စံအိမ်ကြီးဆီကို ရောက်လာခဲ့ပါပြီ။ စိတ်တိုတိုနဲ့ တံခါးနှစ်ချပ်ပါ အိမ်တံခါးကြီးကိုတွန်းဖွင့်ပြီးဝင်တော့ စားပွဲခုံပေါ်မှာ မျက်ကွင်းအညိုသားနဲ့ထိုင်နေတဲ့ နက်ဆန်ကို သနားစရာပုံစံနဲ့မြင်လိုက်ရရော။

မော်လီကတော့ သူ့နောက်မှာရပ်နေပြီး ကော်ဖီတွေ ခွက်ကြီးကြီးထဲဖြည့်ပေးနေတယ်။ အနီးကပ်ကြည့်တော့ ဘလက်ကော်ဖီဖြစ်ပြီး သူက သကြားတောင် ထည့်မနေဘူး။

“ရှင်... ရှင်တကယ်ကြီး မအိပ်ရသေးတာလား။”

ကျွန်မ အံ့ဩသွားပြီးမေးတော့ ခေါင်းကို အသာညိတ် ပြတယ်။ အခန်းထဲ မျက်စိကစားမိတော့ နတ်ဆိုးနဲ့ သက်ဆိုင်တဲ့စာအုပ်ပေါင်းသောင်းခြောက်ထောင် ပြန့်ကျဲနေတာပဲ။ သူတော်တော်ကြိုးစားထားပါလား ဆိုတဲ့အသိစိတ်နဲ့တင် ဒေါသထွက်နေတာတွေတောင် ဘယ်ရောက်သွားမှန်းမသိတော့ဘူး။

“ဒီတော့ ရှင်အခုအချိန်ထိမအိပ်ဘဲ နတ်ဆိုးဖမ်းဖို့ အစီအစဥ်ချနေတာလား။ အိပ်ရေးပျက်ပြီးသေမှာ မကြောက်ဘူးလား။”

နက်ဆန်ပြုံးလိုက်တယ်။ “အဲဒီလိုဆိုပေမဲ့ အိပ်ရေးပျက်တာက ငါ့အတွက်ပုံမှန်လိုပါပဲ။”

မော်လီကလည်း ကျွန်မနားရောက်လာပြီးတော့ ရွှေနားကွပ်ကြွေလက်ဖက်ရည်ခွက်ကိုချပေးကာ ဘလက်ကော်ဖီငှဲ့ပေးတယ်။

“သခင်က မမလေးဆယ်ဗီကြောင့် မနက်ပိုင်းတွေ မအိပ်ရတော့တာကြာပြီလေ။ ညစောစောပိုင်း အစားပြန်အိပ်ရင်း အိပ်ချိန်ပျက်နေတာသတိထားမိပေမဲ့ သခင်က အဆင်ပြေတယ်ပြောလို့ ကျွန်မမတားတော့တာပါ။”

ကျွန်မ အလိုမကျစွာနဲ့ မဲ့လိုက်မိတယ်။ စကားတောင် လေးခွန်းထက်ပိုမပြောတဲ့ ဒီလိုလူမျိုးက မိန်းကလေး တစ်ယောက်ကို ဒီအဆင့်ထိသည်းခံရတယ်လို့။

တခြားတစ်ခုအနေနဲ့ပြောရရင်တော့ မော်လီက ကျွန်မနောက်ကနေထွက်မသွားသေးဘူး။ သူရှိနေတဲ့ အကျိုးဆက်အနေနဲ့ ကျွန်မအနားက အခန်းအပူချိန် ကျဆင်းသွားပြီး ကျောရိုးထဲအထိအေးစိမ့်လာတယ်။ ပြီးတော့ အခန်းထဲမှာရှိသမျှပြတင်းပေါက်တွေကို လိုက်ကာနဲ့ပိတ်ဆို့ထားတာမလို့ မှောင်မှောင်ကြီးနဲ့ နေရခက်တယ်။

“သခင်က အိပ်ရေးပျက်လို့ ဘလက်ကော်ဖီသီးသန့် သောက်နေတာဆိုပေမဲ့ မီးလျှံသခင်မအနေနဲ့ နွားနို့ထည့်ချင်ရင်လည်းရှိပါတယ်။”

“အပိုတွေမလုပ်ဘဲ ကျွန်မနားကနေ နည်းနည်း ဖယ်ပေးလို့ရမလား။ ကျန်တာက သကြားရှိရင် အဆင်ပြေပြီ။”

ကျွန်မ စားပွဲပေါ်မှာရှိနေတဲ့ သကြားခဲတချို့ကို ဘလက်ကော်ဖီခွက်ထဲထည့်လိုက်တယ်။ ဒါပေမဲ့ မော်လီက ကျွန်မနားက ထွက်မသွားသေးဘဲနဲ့ ပိုပြိးနီးကပ်လာသလိုပဲ။ သူဝတ်ထားတဲ့ဂါဝန်စနဲ့ ကျွန်မခန္ဓာကိုယ်နဲ့တောင်ထိနေပြီ။

“မီးလျှံသခင်မ၊ ဒီဝက်အူချောင်းခြောက်လေးတွေက ဒေသခံတွေဆီကဝယ်လာတာ။ ဆားဓာတ်များလို့ ဘလက်ကော်ဖီနဲ့လိုက်မယ်ထင်ပါတယ်။”

မော်လီက ကျွန်မပန်းကန်ထဲ မုန့်တွေ လာထည့်ပေးတယ်။ တမင်လုပ်တာလားမသိပေမဲ့ သူ့အေးစက်စက်လက်က ကျွန်မလက်ဖျံကိုလာထိတယ်။ သူ့ဆီကနေ ကြောက်စရာ အရှိန်အဝါတွေပါ ထွက်နေသေးတာ။ ကျွန်မတစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေပြီ။

“မော်လီ... သူ့ကိုစနေတာ တော်လောက်ပြီလို့ မထင်ဘူးလား။”

နက်ဆန်က ဝင်ပြောမှပဲ မော်လီက ကျွန်မအနားကနေ ခွာသွားတယ်။ အဲဒီနောက်တော့ ခပ်တည်တည်နဲ့ပဲ ကျွန်မကိုစိတ်ချင်းဆက်သွယ်ပြီးပြောတယ်။

“ မိန်းကလေးတွေအကြောင်း ငါသိသလောက်တော့ ခါးခါးသီးသီးမုန်းတီးမိထားရင် ပိုပြီးနှစ်နှစ်ကာကာ ချစ်တတ်ကြတယ်တဲ့။ သခင့်ရဲ့နှလုံးသားထဲမှာ မမလေးဆယ်ဗီနဲ့မိုနီကာက နေရာယူထားလို့ နင့်အတွက်နေရာ မရှိတော့ဘူး။ ဒါကြောင့် စိတ်ကူးယဥ်မနေဘဲ ကိစ္စပြီးတာနဲ့ မြန်မြန်ပြင်သစ်ကို ဒိုးလိုက်တော့။”

“......” သောက်ကျိုးနည်း။ ဒီအဒေါ်ကြီးက သခင်ကွယ်ရာကျ ယဥ်ကျေးချင်ယောင်တောင် ဆောင်မနေတော့ဘူး။

...

မနက်စာစားလို့ပြီးသွားတော့ အရေးမပါတာတွေကို ဘေးဖယ်ထားလိုက်နိုင်ပြီ။ နတ်ဆိုးဖမ်းမယ့်ကိစ္စနဲ့ ပတ်သက်ပြီးတော့ဆွေးနွေးဖို့ ဖြစ်လာတယ်။

“ဒီတော့ ရှင်ကဘယ်လိုစီစဥ်ထားတာလား။”

ကျွန်မက မေးလိုက်တော့ နက်ဆန်ရဲ့အရိပ်ထဲကနေ ဆံပင်အညိုရောင်ကောက်ကောက်နဲ့မျက်လုံးစိမ်းတွေ ရှိနေတဲ့ ချစ်စရာဆယ်ကျော်သက်ကောင်မလေး ထွက်လာရော။ သစ်သားကျောင်းတော်ရဲ့နောက်ဆုံး ရှင်ကျန်သူဖြစ်တဲ့ အိုလီရာနာပါ။

“ကိုကိုသခင်၊ သမီးကိုချီ။” ကောင်မလေးက အပြင်ရောက်လာတာနဲ့ ကြောင်တစ်ကောင်လိုမျိုး သခင်ကိုကြည့်ပြီးချီခိုင်းတော့တာ။ နက်ဆန်ကလည်း ကောင်မလေးကို ပေါင်ပေါ်တင်ထားလိုက်တယ်။

“ငါလေ့လာထားသလောက်တော့ အဲဒီမိုလော့ခ်ဆိုတဲ့ နတ်ဆိုးက ကလေးမလေးတွေကို အလိုလိုက်ပြီးတော့ မိဘတွေဆီမပြန်ချင်တော့အောင်လုပ်တာပဲ။ ပြုစားတယ် ဆိုတာကလည်း ကျိန်စာဆိုးတော့မဟုတ်ဘူး။ ကလေးတွေ အသက် (၁၄) နှစ်အရွယ်ကနေစပြီး ဆက်အရပ်ရှည်မလာတော့သလိုမျိုး။”

“ကြားရတာ လိုလီကွန်းတစ်ကောင်ရဲ့လုပ်ရပ်လိုပဲ။” ကျွန်မ အဲဒီစကားကိုပြောရင်း အိုလီရာနာကိုချီထားတဲ့ နက်ဆန်ကိုမြင်တော့ တစ်မျိုးကြီးခံစားရရော။ နက်ဆန်က ကျွန်မအကြည့်ကိုဂရုမစိုက်ဘဲ ဆက်ပြော နေတာကလွဲလို့ပေါ့။

“ပုံမှန်ဆိုရင်တော့ ငါတို့လိုအရွယ်ရောက်ပြီးတဲ့သူတွေ မိုလော့ခ်ရဲ့နယ်မြေထဲရောက်သွားရင် သူချက်ချင်း သတိထားမိမှာပဲ။ သူမနိုင်နိုင်တဲ့ရန်သူဆိုရင် ရင်မဆိုင်ဘဲ ရှောင်သွားတာမျိုးလည်းဖြစ်နိုင်တယ်။ ဒီတော့...”

နက်ဆန်က သူ့အစီအစဥ်ကို ထုတ်ဖော်ပြသတဲ့အနေနဲ့ အိုလီရာနာကို ချိုင်းကြားကနေမြှောက်ပြီး လူတိုင်းမြင်အောင် ပြလိုက်တယ်။

“ ငါ့အကြံက အိုလီရာနာကို ကလေးကဗျာထဲက အစီအရင်အတိုင်းလုပ်ခိုင်းပြီး ရန်သူ့နယ်မြေထဲ အင်အားအပြည့်နဲ့ ဖောက်ဝင်ဖို့ပဲ။ ဒီစစ်ဆင်ရေးကို ထရိုးဂျန်မြင်းရုပ်စစ်ဆင်ရေးလို့ နာမည်ပေးမယ်။”

“သခင်က လောကမှာအတော်ဆုံးပဲ။” မော်လီက လက်ခုပ်တီးပြီး ချီးကျူးပေမဲ့လို့ ကျွန်မကတော့ ကျွန်မရှေ့ကလူကို မျက်လုံးသေကြီးတွေနဲ့ကြည့်မိ နေပါပြီ။

“ဆိုးလိုက်တဲ့ဟာသဉာဏ်... ဆိုးလိုက်တဲ့ နာမည်ပေးနည်း” ဒီလိုကောင်မျိုးကို ဘယ်လိုလုပ်ပြီး မိန်းကလေးတွေအများကြီးက ဝိုင်းကြိုက်နေတယ်မသိ။

...

ကျွန်မတို့ဆိုင်ကယ်ပေါ်ရောက်တော့ လူကသုံးယောက် ဖြစ်နေပါပြီ။ ကျွန်မက ဆိုင်ကယ်မောင်းမှာဖြစ်ပြီး နက်ဆန်က နောက်ကနေလိုက်မှာ။ အိုလီရာနာက အလယ်မှာဖြစ်ပြီး သူတို့နှစ်ယောက်လုံးမှာ ဆိုင်ကယ်ဦးထုပ်အသစ်လေးတွေနဲ့။

“ညတွင်းချင်းဆိုင်ကယ်ဦးထုပ်မှာလိုက်တာလား။”

“မော်လီက ဝယ်ထားသင့်တယ်ပြောလို့ ဒလီနဲ့မှာလိုက်တာ။”

“အခုဘယ်သွားကြမလဲ...”

“အရုပ်ဆိုင်သွားကြမယ်... အိုလီရာနာအတွက် အစီအရင်လုပ်ဖို့ အမွှေးပွရုပ်လိုတယ်မဟုတ်လား။”

ကျွန်မ သက်ပြင်းရှည်ကြီးချလိုက်မိပြီ။ ဒီလူက ဆိုင်ကယ်ဦးထုပ်ဝယ်ပြီး အရုပ်ကျမဝယ်ထားဘူး။

“ဘာလို့ အဲဒါပါတစ်ခါတည်းမမှာလိုက်တာလဲ။”

“အိုလီရာနာက ကိုယ်တိုင်အရုပ်ရွေးချင်တယ်ဆိုလို့။”

နောက်ဆယ့်ငါးမိနစ်လောက်နေတော့ ကျွန်မတို့တွေ ဘာစီလိုနာဗဟိုကုန်သည်စျေးကိုရောက်နေကြပြီ။ ကုန်တိုက်ကြီးက စက်ဝိုင်းပုံစံဆောက်ထားတာဖြစ်ပြီး အုတ်နီနီတွေနဲ့မလို့ ရီနေးဆန့်ခေတ်က ကုန်တိုက်ကြီးလို့ ထင်ချင်စရာပဲ။ အချိန်သိပ်မရတာမလို့ တွေ့ရာအရုပ်ဆိုင် ဝင်လိုက်ပြီးတော့ အရုပ်ရွေးဖြစ်ကြတယ်။

“ဒီယုန်ကြီးက ရုပ်ဆိုးတယ်... ယုန်ကိုချစ်စရာလေး လိုချင်တာ” အိုလီရာနာဆိုတဲ့ ကလေးလူကြီးမကတော့ ဆူဆူပူပူလုပ်နေပြီ။

“ပြီးရင် အကုန်ဖောက်ထုတ်ပြီး ဆံပင်တွေ ထည့်မယ့်ဟာကို ဘာလို့အလေးအနက်ထား ရွေးနေပါလိမ့်။”

နတ်ဆိုးက ဘယ်မှထွက်ပြေးမှာမဟုတ်ပေမဲ့လို့ အိုလီရာနာ ချေးများနေတာနာရီဝက်ကြာလာချိန် ကျွန်မပျင်းလာပြီး ကိုယ်တိုင်အရုပ်တွေလိုက်ကြည့် မိတော့တာပဲ။

အန်းဂရီးဘတ်ထဲက အနီရောင်ငှက်ရုပ်လေးကို မြင်ရတဲ့အချိန်မှာတော့ ကျွန်မအလိုလိုနေရင်း ရပ်ကြည့်မိတော့တာပဲ။ အချိန်တွေကြာခဲ့ပြီ ဆိုပေမဲ့လို့ ဒီအကောင်လေးတွေကို ကျွန်မသဘောကျပါတယ်။ ငယ်ငယ်က အိမ်တော်အစေခံတွေမသိအောင် ဂိမ်းခိုးကစားတိုင်း ဝက်စိမ်းတွေကိုတိုက်ခိုက်ရတဲ့ ဒေါသထွက်နေတဲ့ငှက်တွေပါတဲ့ အန်းဂရီးဘတ်ကိုပဲ ရွေးနေကျ။ ဒါပေမဲ့မိသားစုက တင်းကျပ်ခဲ့တယ်လေ။

‘မမလေး၊ အရေးမပါတဲ့ဂိမ်းတွေ ဆော့မနေဘဲ စာလုပ်ပါတော့။’ ဒီလိုနဲ့ကျွန်မအရွယ်ရောက်လာပြီး ကိုယ်ကြိုက်တဲ့ဂိမ်းကိုယ်ကစားနိုင်တဲ့အရွယ်ရောက်တော့ အဲဒီဂိမ်းကိုပြန်ရှာဖြစ်ခဲ့ပေမဲ့ မရှိတော့ပါဘူး။

“ဒီအရုပ်လေးကို မင်းကြိုက်တာလား....” ရုတ်တရက် ကျွန်မအနားကို နက်ဆန်ရောက်လာတဲ့အတွက် ထိတ်လန့်မိသွားပြီး ခေါင်းညိတ်လိုက်မိတယ်။ လိုချင်မိပေမဲ့ လူကြီးတစ်ယောက်အနေနဲ့ အမွှေးပွရုပ်တွေကို မကြိုက်သင့်တော့ဘူးမဟုတ်လား။ ဒါပေမဲ့ ကျွန်မမတားနိုင်ခင်မှာပဲ နက်ဆန်က ငှက်ရုပ်ကို လှမ်းယူလိုက်ပြီးပြီ။

“ဒီမနက် မင်းအိပ်ရေးပျက်အောင်လုပ်မိတဲ့အတွက် ငါပိုက်ဆံရှင်းပါ့မယ်။” သူက ကျွန်မကိုစောင့်မနေဘဲ ငွေရှင်းကောင်တာကိုလျှောက်သွားတယ်။ အိုလီရာနာက ငွေရှင်းကောင်တာမှာရောက်နှင့်နေပြီဖြစ်ပြီး လက်ထဲမှာ ဒေါ်နယ်ဒက်အရုပ်ကိုင်ထားတယ်။ ယုန်ဝယ်မယ်ဆိုပြီး ဘယ်လိုစိတ်ကူးပြောင်းသွားတယ်မသိ။

ကုန်တိုက်ထဲက ပြန်ထွက်လာတော့ ကျွန်မလက်ထဲမှာ ငှက်အနီရုပ်လေးတစ်ရုပ်ရှိနေပြီ။ အဲဒီနောက်မှာတော့ ကျွန်မနက်ဆန်ကို ခိုးကြည့်လိုက်မိတယ်။

“ဒီလူက မုန်းရခက်လိုက်တာ။”

...

မနေ့က ပန်းခြံကို ကျွန်မတို့တွေရောက်တော့ EUOC အဖွဲ့က ပတ်ဝန်းကျင်ကို ပိတ်ဆို့ထားပြီးပါပြီ။ နှစ်လွှာထပ်ဝန်းရံထားတာဖြစ်ပြီးပထမအလွှာကတော့ ဂတ်စ်ပိုက်လိုင်းပေါက်လို့ပြင်နေတာဆိုပြီး သာမန်တာဝန်ရှိသူတွေဟန်ဆောင်ထားတဲ့ အေးဂျင့်တွေက သာမန်ပြည်သူတွေကို အာရုံလွှဲတဲ့ အလွှာ။

ဒုတိယအလွှာကတော့ စစ်ဆင်ရေးတပ်ဖွဲ့တွေက နေရာယူထားတဲ့အလွှာပါ။ ပစ်မှတ်ကနတ်ဆိုးမလို့ EUOCက သတိထားနေပုံရပြီး စစ်ဆင်ရေးတပ်ဖွဲ့ တစ်ခုမကရောက်နေတယ်။

ပန်းခြံထဲက ကစားကွင်းနားကိုရောက်တော့ ခုံတန်းရှည်ပေါ်မှာထိုင်နေတဲ့စစ်ဆင်ရေးဌာနမှူး အယ်မာကိုကျွန်မတို့တွေ့လိုက်ရတယ်။

“ရောက်လာကြပြီလား၊ ငါက နင်တို့တွေ ညနေစောင်းမှ လာမယ်ထင်နေတာ။”

ကျွန်မဖုန်းက နာရီကိုကြည့်လိုက်တယ်။ ဆယ့်နှစ်နာရီ။ နက်ဆန်က ညအရှင်မလို့ ညပိုင်းလာတာ ပုံမှန်ပဲ။ ကျွန်မတို့က စောနေတာ။ အယ်မာ့မျက်နှာပေါ်မှာ ကျွန်မတို့စောစောစီးစီးလာလို့ အံ့ဩနေတဲ့အရိပ်အ​ယောင်သန်းလို့ရယ်။

လောလောဆယ်တော့အယ်မာက ယူနီဖောင်းဝတ်စုံကို ဝတ်ထားပြီး အဲဒီဝတ်စုံက သူ့ရဲ့ငါးလကိုယ်ဝန်ကို ဖုံးဖိမထားနိုင်တော့ဘူး။ အနက်ရောင်စတော့ကင်ကို ခါတိုင်းလိုဝတ်ထားတုန်းဆိုပေမဲ့ အပေါ်က ဂျာကင်ကို ကြယ်သီးတပ်မထားတော့ဘဲ ဒီအတိုင်းခြုံရုံခြုံထားတယ်။ အရင်လို ပေါင်ချိတ်ထိုင်မယ့်အစား ခြေသလုံးကိုစေ့ပြီး ထိုင်လို့ပေါ့။

လက်ထဲမှာတော့ တူနာဆန်းဝှစ်တစ်ခုနဲ့ နွားနို့ဘူးကိုင်ထားပြီး နေ့လယ်စာစားနေပုံရတယ်။

“တစ်ခုခုမေ့နေတယ်ထင်တာ နေ့လယ်စာစားဖို့ မေ့နေတာပဲ။” ကျွန်မက ဆယ်ဗီမဟုတ်ပေမဲ့ အစာလွန်လို့မူးနောက်နောက်ဖြစ်နေပြီ။

ကုန်တိုက်ကပြန်လာပြီးနောက် လမ်းကြောပိတ်နေလို့ ဘာမှမစားလိုက်ရဘူး။ ကုန်တိုက်ထဲမှာမုန့်ဝယ်ဖို့ မေ့ခဲ့သေးတယ်။

“အချိန်တွေ ရှိသေးတာပဲ။ ဒီနားမှာ ဘာဂါကင်းရှိတယ်။ ငါတစ်ယောက်ယောက်လွှတ်လိုက်မယ်လေ။”

အယ်မာက ကျွန်မတို့ကိုပြောလိုက်ပြီး သူ့ ငယ်သားတစ်ယောက်ကို လက်ခုပ်တီးခေါ်ကာ စားစရာတွေသွားဝယ်ခိုင်းတယ်။ အဲဒီနောက်တော့ ခုံတန်းရှည်ဘေးက လွတ်နေတဲ့နေရာကိုလက်ပုတ်ပြပြီး ထိုင်ခိုင်းတယ်။

ကျွန်မ အယ်မာဘေးမှာဝင်ထိုင်လိုက်ပြီး နက်ဆန်က ကျွန်မဘေးမှာဝင်ထိုင်တယ်။ အယ်မာဆီကနေ သိပ်အနံမပြင်းတဲ့ ရေမွှေးနံကိုရနေပြီး သူက ကျွန်မကို ကြင်နာစွာပြုံးပြတယ်။

“တကယ်ပြောရရင် နက်ဆန်က ဒီနတ်ဆိုးကို ညဖက် ဝင်တိုက်ချင်မယ်ထင်နေတာ။”

အယ်မာက ဆန်းဝှစ်ကိုလက်စသတ်လိုက်ရင်းနဲ့ ပြောပါတယ်။ ပြောရရင် သူမနက်ပိုင်းဖုန်းခေါ်တဲ့ အချိန်တုန်းကလည်း ကျွန်မအဲဒီလိုတွေးမိသေးတယ်။ နက်ဆန်ကတော့ နောက်ကွယ်ကအကြောင်းအရင်းကို စရှင်းပြတယ်။

“ညအချိန်ဆိုတာက ငါနဲ့ပဲဆက်စပ်နေတာမဟုတ်ဘူး။ ငရဲနဲ့လည်းဆက်စပ်နေတာ။ ငရဲသတ္တဝါတွေကလည်း ညပိုင်းမှာ ပိုအစွမ်းထက်လာတတ်တယ်။ လပြည့်ဝန်း မျက်နှာဖုံးကိုရပြီးနောက် နေရောင်ကို အတိုင်းအတာတစ်ခုအထိ ခံနိုင်လာလို့ မနက်ပိုင်းသူ့ကိုနှိမ်နင်းတာက ငါ့အတွက် အားသာချက်ရှိတယ်။”

ဒီလိုကျတော့လည်း အဓိပ္ပါယ်ရှိသားပဲ။ နောက်တော့ နက်ဆန်က ကျွန်မတို့ကို သူ့ဗျူဟာအသေးစိတ်ကို ထပ်ရှင်းပြတယ်။

“အိုလီရာနာက အမွှေးပွရုပ်ကိုကိုင်ပြီး လျှောထဲဝင်မယ်။ ငါနဲ့ရိုစယ်လီယာက အိုလီရာနာရဲ့အရိပ်ထဲမှာပုန်းပြီး လိုက်သွားမယ်။ အတွင်းကိုရောက်တာနဲ့ ဒီနတ်ဆိုးက သုံးယောက်တစ်ယောက်ယှဥ်ချတာခံရပြီး လျှောကို ဝင်ပူးနေရာကနေ အတင်းအကျပ်ခွာပြေးရမှာပဲ။

အဲဒီအချိန်က သူ့ရဲ့အားအနည်းဆုံးအချိန်ဖြစ်လို့ ချိပ်ပိတ်ဖို့အကောင်းဆုံးအချိန်ပဲ။ ဒါကိုတော့ မစ်အယ်မာက တာဝန်ယူပေးပါ။”

အယ်မာက နက်ဆန်ရဲ့အစီအစဥ်ကိုကြားတော့ ခေါင်းညိတ်လိုက်တယ်။ ဒါပေမဲ့ သူ့မှာလည်း စိုးရိမ်မှုတချို့ရှိနေတုန်းပဲ။

“ညအရှင်ရဲ့အစီအစဥ်က ပြီးပြည့်စုံပေမဲ့ ရန်သူက လူဘယ်လောက်စားပြီးပြီလဲ ဘယ်သူမှမသိဘူး။ EUOCက ဆက်စပ်မိတဲ့အမှုတချို့ရှိပေမဲ့ မဆက်စပ်မိတဲ့ အမှုတွေလည်းရှိနိုင်တာပဲ။”

အယ်မာရဲ့စဥ်းစားပုံစဥ်းစားနည်းက လေးနက်တယ်။ ကျွန်မ၊ နက်ဆန်၊ အိုလီရာနာနဲ့အယ်မာတို့က သန်မာပေမဲ့ နတ်ဆိုးတွေက ဝိညာဥ်တွေစုဆောင်းမိလေပိုစွမ်း​လေပဲ။ ငရဲကလွတ်လာပြီးနောက် ပြီးပြည့်စုံတဲ့စွမ်းအားကိုသာ ပြန်ရရင် မြို့ကြီးတွေကိုတောင် ဖျက်ဆီးနိုင်ပြီး နတ်ဘုရားတွေနဲ့ ယှဥ်တိုက်နိုင်တယ်။ ဒါကြောင့်လည်း အယ်မာနဲ့EUOCက စိုးရိမ်နေကြတာ။

စကားပြောလို့ပြီးသွားတော့ ငယ်သားကောင်လေးက စားစရာတွေနဲ့အတူပြန်ရောက်လာတယ်။ အဲဒီနောက် ကျွန်မတို့စကားစပြတ်သွားတယ်။

All Chapters