← Chapters

လေနှင့်နှင်းတောင်

Vol. 24 Ch. 231

လေနှင့်နှင်းတောင်

Vol. 24 Ch. 231

“ခင်ဗျား...ခင်ဗျား သိလား။ ကျုပ် ဒီနေ့ကို စောင့်နေတာ ကြာလှပြီ”

ရွှေတောင်ပံလင်းယုန်ဘုရင်သည် ခံစားလှိုင်းလုံးများကြောင့် ဒူးထောက်မိလုံးနီးပါးဖြစ်သွားပြီး ချူဖုန်းအပေါ် သူ့လေးစားမှုကို ဖော်ပြရန် မွေးစားအဖေဟု ခေါ်မိလုနီးပါးပင်။

ချူဖုန်း ပြုံးကာ ပြောသည်။ “အလျင်မလိုပါနဲ့။ ဟင်းကောင်းတစ်ခွက်ဆိုတာ စောင့်ရတာ တန်ပါတယ်။ ကျုပ် အချိန်လိုသေးတယ်။ အကြီးအကဲပင်းကို တာအိုကျမ်း ရေးပေးမယ်လို့ အရင်ကတိပေးထးတယ်။ ခင်ဗျားရဲ့ ဗုဒ္ဓကျမ်းက ခဏနေဦး”

ရွှေတောင်ပံလင်းယုန်ဘုရင် “....”

သူ အပျော်စောသွား၏။ စိတ်ပျက်သွားရသော်လည်း ရန်ငြိုးတော့ မထားမိပါပေ။

မည်သို့ပင်ဆိုစေကာမူ အပြင်လူများ၏အမြင်တွင် အကြီးအကဲပင်းနှင့် ဌာနမှူးချူတို့တွင် ထူးခြားသည့်ဆက်ဆံရေးမျိုး ရှိပေသည်။ သူတို့နှစ်ဦးက ညတိုင်း အတူတကွ အချိန်ကုန်ဆုံးကြသည့်အတွက် အပြင်လူများ အထူးသဖြင့် တွေ့ဆုံသည်မှာ မကြာသေးသော လင်းယုန်တစ်ကောင် မယှဉ်နိုင်သည်က သဘာဝပေ။

ချူဖုန်း လင်းစပြုလာသော ကောင်းကင်ယံကို ကြည့်ပြီး ပြောသည်။ “ကောင်းပြီ။ အထုပ်အပိုးသိမ်းတော့။ သွမ်ယွမ်နန်းမြို့ကနေ သွားဖို့ အချိန်တန်ပြီ”

“ဟုတ်ကဲ့”

လူတိုင်း တစ်ပြိုင်နက် ပြန်ဖြေလိုက်ပြီး အခန်းသို့ ပြန်ကာ အထုပ်အပိုးများ ပြင်ဆင်တော့သည်။ နေက မြင့်တက်လာပြီ မြင်းလှည်းလေးသည် သွမ်ယွမ်နန်းမြို့တော်မှ တရွေ့ရွေ့ ထွက်လာတော့၏။ မြင်းလှည်းသည် တောင်အရပ်သို့ ခရီးဆက်တော့သည်။ ရက်ပေါင်းများစွာ ကြာပြီးနောက် နေဝင်ရီတရောအချိန်တွင် ယိုယွင်းပျက်စီးနေသောဘုရားကျောင်းတစ်ခုသို့ ရောက်လာကြ၏။

ချူဖုန်း ပြောလိုက်သည်။ “ဒီညတော့ ဒီမှာပဲ နားလိုက်ကြတာပေါ့”

“ဟုတ်ကဲ့”

ရွှေတောင်ပံလင်းယုန်ဘုရင် လီတစ်ထောင်မြင်းကို ရပ်တန့်ရန် အချက်ပြလိုက်၏။ ချူဖုန်း မြင်းလှည်းပေါ်မှ ဆင်းပြီး ဘုရားကျောင်းပျက်ထဲသို့ ဝင်သွားတော့သည်။ သူဝင်သွားပြီးသည်နှင့် အလယ်ခေါင်က ကွဲကြေနေသည့် တောင်စောင့်နတ်ရုပ်တုဆီသို့ အကြည့်ရောက်သွား၏။

ထိုနေရာတွင် အားကောင်းသည့် နတ်ဆိုးချီများ ရှိနေသည်။ သို့သော် ချူဖုန်း များစွာ ဂရုမစိုက်မိပေ။ သူ့ခွန်အားဖြင့်ဆိုလျှင် ထိုကဲ့သို့ သတ္တဝါမှာ အရေးမပါလှပေ။ သူ့ကို မနှောင့်ယှက်သရွေ့ အဆင်ပြေပါသည်။

ချူဖုန်း စုတ်တံ၊ မင်၊ မင်တုံး၊ စာရွက်တို့ကို ထုတ်ကာ ကြမ်းပြင်ပေါ် ထိုင်ချလိုက်၏။ ထို့နောက် တာအိုကျမ်းကို စတင်ရေးသားတော့သည်။ နာရီဝက်ခန့်ကြာပြီးနောက် အပြင်မှ ခြေသံများ ထွက်ပေါ်လာ၏၊ ချူဖုန်း ထိုအသံကို ဂရုမစိုက်မိပေ။ ရွှေတောင်ပံလင်းယုန်ဘုရင်သည် လင်းယုန်ငယ်လေးတစ်ကောင်အသွင် ပြောင်းထားသည်။ သူက အပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်ရာ သူဖုန်စားကလေးခုနစ်ဦး ရှစ်ဦးခန့် ဘုရားကျောင်းထဲသို့ ဝင်လာကြောင်း တွေ့လိုက်ရ၏။ အကြီးဆုံးက ဆယ့်တစ်၊ ဆယ့်နှစ်လောက်သာ ရှိပြီး အငယ်ဆုံးက လေးငါးနှစ်သာ ရှိလောက်မည်။ သူတို့က စုတ်ပြတ်နွမ်းပါးသည့် ဝတ်စုံများကို ဝတ်ဆင်ထားပြီး ညစ်ပတ်ပေရေနေသည်။ ချူဖုန်းတို့ကို မြင်သည့်အခါ သူတို့က တံခါးဝတွင် စပ်စုစွာ ရပ်နေကြပြီး အနားကပ်မလာရဲတော့ပေ။ ပင်းယန် သူတို့ကို တစ်ချက်ကြည့်ပြီး တည်ငြိမ်စွာ ပြောသည်။ “ကိုယ်လုပ်စရာ ရှိတာ လုပ်ကြ။ ငါတို့ကို မနှောင့်ယှက်နဲ့”

“ကျေးဇူးတင်ပါတယ် သခင်မလေး”

အကြီးဆုံးသူဖုန်စားလေးသည် အကြီးအကဲပင်းကို လေးစားစွာ ဦးညွှတ်လိုက်သည်။ ထို့နောက် အခြားသူများကို ချူဖုန်းတို့နှင့် မျက်နှာချင်းဆိုင် နေရာသို့ စုဝေးကာ ထွက်သွားကြ၏။ သူတို့ မီးစမွှေးပြီး တစ်ယောက်က ကျိုးပဲ့နေသည့် ရုပ်တုအောက်မှ အိုးအကွဲတစ်လုံးကို ယူကာ မီးဖိုပေါ်သို့ တင်လိုက်သည်။ ထို့နောက် ရေနွေးတည်လိုက်၏။

မီးတောက်သည် တဖြည်းဖြည်း ကြီးထွားလာသည်။ ကလေးများ အလုပ်ရှုပ်နေစဉ် အပြင်ဘက်မှ မြင်းခွာသံများ ရုတ်တရက် ထွက်လာ၏။ ခေါင်းဆောင်ကလေးက ပြောလိုက်သည်။ “နံပါတ်ခြောက်၊ ဘုရားကျောင်းအဝင်ဝကို သွားကြည့်စမ်း။ ဘယ်သူတွေရောက်နေတာလဲ”

“ဟုတ်ကဲ့ပါ အစ်မကြီး”

နံပါတ်ခြောက်ဟုခေါ်သူက ပြန်ဖြေလိုက်ပြီး ပြေးထွက်သွားသည်။ ခဏကြာသော် သူပြန်ရောက်လာပြီး ဖြေသည်။ “အစ်မကြီး ကြေးစားအဖွဲ့တစ်ဖွဲ့ပဲ”

ထိုသည်ကို ကြားသော် အစ်မကြီးက သက်ပြင်းချလိုက်၏။ “မှတ်ထား။ ဘာပဲဖြစ်ဖြစ် သည်းခံထားကြ။ သူတို့ကို မစော်ကားမိစေနဲ့”

“ဟုတ်”

သူဖုန်စားကလေးများက သူတို့အစ်မကြီးကို လေးစားသည်မှ သိသာလှသည်။ သူတို့အားလုံး နာခံစွာ ခေါင်းညိတ်လိုက်ကြ၏။

ချူဖုန်း သူတို့စကားကို မကြားသည့်အလား စာဆက်ရေးနေသည်။ သိပ်မကြာခင် အပြင်မှ အသံကျယ်ကြီး ထွက်ပေါ်လာ၏။ “ခေါင်းဆောင်၊ အထဲမှာ အန္တာရာယ်ကင်းပါတယ်။ ကျောင်းတော်သားရယ်၊ သူ့ဇနီးရယ်နဲ့ သူဖုန်စားကလေးတချိူ့ပါ”

ထိုစကားနှင့်အတူ ဗလတောင့်တောင့်လူသန်ကြီးတစ်ဦးက လူတစ်စုကို ဦးဆောင်ပြီး ဘုရားကျောင်းထဲသို့ ဝင်လာတော့သည်။ ခေါင်းဆောင်ဖြစ်သူက ချူဖုန်းကို လက်သီးဆုပ်ပြီး ပြောလိုက်သည်။ “နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်”

“လုပ်စရာ ရှိတာသာလုပ်ပါ”

ချူဖုန်း အသစ်ရောက်လာသူများကို တစ်ချက်ကလေးပင် မကြည့်ဘဲ တည်ငြိမ်စွာ ပြောသည်။ သူတို့အမြင်တွင် ချူဖုန်းက သူတို့ကို ဂရုမစိုက်ပေ။

ထိုအပြုအမူအက အနောက်ကသူများကို အမူအရာ ပြောင်းလဲသွားစေ၏။ အဖွဲ့ထဲမှ လူငယ်လေးက ဒေါသထွက်သွားပြီး ချူဖုန်းကို စူးရဲစွာ ကြည့်လိုက်သော်လည်း ခေါင်းဆောင်ဖြစ်သူက တားဆီးသည်။ “နောက်ဆုတ်စမ်း။ မင်း လုပ်စရာ ရှိတာသွားလုပ်”

“ဟုတ်”

ကြေးစားတပ်ဖွဲ့က စိတ်ရှုပ်ထွေးသွားသော်ငြား ခေါင်းဆောင်၏အမိန့်ကိုလည်း မနာခံဘဲ မနေရဲကြပေ။ မည်သို့ပင်ဆိုစေကာမူ ခေါင်းဆောင်သည် တာအိုတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူဖြစ်ပြီး ကျန်သည့်သူများက ခန္ဓာသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများသာဖြစ်ပြီး ကျင့်ကြံသူများပင် မဟုတ်သေးပေ၊။

အဖွဲ့ထဲမှ လူငယ်လေးက မေးလိုက်သည်။ “ခေါင်းဆောင်။ ခင်ဗျားက တာအိုတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူပဲလေ။ ဘာလို့ ကျောင်းတော်သားတစ်ယောက်ကို လေးစားပြနေတာလဲ”

ခေါင်းဆောင်က ပြန်ဖြေသည်။ “တခြားမဟုတ်ဘူး။ သူက ဒီလို လူသူကင်းမဲ့တဲ့နေရာမှာတောင် ငါတို့လိုလူအုပ်ကြီးကိုတွေ့ပြီး မျက်နှာတစ်ချက် မပြောင်းဘူး။ အဲ့တော့ ဖြစ်နိုင်ချေက တစ်ခုတည်းရှိတယ်။ သူက ငါတို့ကို လက်တစ်ဖက်တည်းနဲ့ ရှင်းထုတ်ပစ်နိုင်တယ်”

ပတ်ဝန်းကျင်က ကြေးစားများသည် ထိုသည်ကို ကြားသော် အသက်ပြင်းပြင်း ရှူလိုက်ကြ၏။ သူတို့မျက်လုံးများက ချူဖုန်းကို လေးစားစွာ ကြည့်လိုက်ကြသည်။

ထိုသည်ကို မြင်သော် ရွှေတောင်ပံလင်းယုန်ဘုရင်သည် စိတ်ရှုပ်ထွေးသွား၏။ ‘ဒီကောင်လေးတွေက ဘာလို့ စဉ်းစားဉာဏ်ရှိနေရတာလဲ။ ငါ လူတိုင်းရှေ့မှာ ကြွားလုံးထုတ်ဖို့ အခွင့်အရေးကို ဆုံးရှုံးသွားပြီ’

ကြေးစားအဖွဲ့သည် နေရာယူပြီးသည့်အခါ ညကလည်း တဖြည်းဖြည်း နက်လာတော့၏။

ဝေါ...ဝေါ.....

အပြင်ဘက်၌ လေများထန်လာသောကြောင့် ခေါင်မိုးအုပ်ကြွပ်ပြားများပင် မြည်ဟိန်းလာသည်။

ဘုရားကျောင်းအတွင်း၌ မီးများလင်းထိန်နေပြီး သုံးဖွဲ့လုံးက တိတ်ဆိတ်နေသည်။ ပထမဆုံး သူဖုန်စားကလေးများဘက်မှ တိတ်ဆိတ်မှုကို ချိုးဖြတ်လိုက်သည်။ “အစ်မကြီး...သားကြောက်တယ်”

ထိုအခါ အစ်မကြီးက နှစ်သိမ့်ပေးလိုက်၏။ “မကြောက်ပါနဲ့။ အပြင်မှာ လေတိုက်နေရုံပါ။ ဘာမှမဟုတ်ဘူး”

“ခေါင်းဆောင် ကျွန်တော် အခုချိန်ကြီး လေတိုက်တာ ပုံမှန်မဟုတ်ဘူးလို့ထင်တယ်” ကြေးစားတစ်ယောက်က ပြောလိုက်သည်။ ခေါင်းဆောင်ဖြစ်သူက ခေါင်းအသာ ညိတ်သည်။ “တစ်ခုခုတော့ ထူးဆန်းနေတယ်။ တိုက်ပွဲစဖို့ အသင့်ပြင်ထားကြ”

သူပြောပြီးသည်နှင့် ချူဖုန်းဘက်သို့ တစ်ချက်လှည့်ကြည့်လိုက်၏။ သူ့ကို အံ့ဩသွားစေသည်မှာ ကျောင်းတော်သားက စာဆက်ရေးနေသည်။ ထိုအမျိုးသားက နာရီပေါင်းများစွာ မလှုပ်ယှက်နေနိုင်သည်ပင်။ “ခေါင်းဆောင် နှင်းကျနေပြီ”

ကြေးစားတစ်ယောက် တုန်ရင်စွာ ပြောလိုက်သည်။ “နှစ်လယ်လကြီး(ဇွန်လ)ကို နှင်းတွေကျနေတယ်ပေါ့။ သေစမ်း။ ငါတို့တော့ ပြဿနာတက်ပြီထင်တယ်”

ခေါင်းဆောင်ကြေးစား မျက်မှောင်ကြုတ်လိုက်သည်။

ဝေါ....

ချူဖုန်း သူ့စုတ်တံကို ချလိုက်ပြီ တီးတိုး ရေရွတ်သည်။ “ပင်ပန်းလိုက်တာ”

ပင်းယန် ထိုသည်ကို ကြားပြီး ပြောလိုက်၏။ “သခင်လေး ကျွန်မ ပခုံးတွေ နှိပ်ပေးရမလား”

“နှိပ်ပေးလေ”

ချူဖုန်း ခဏကြောင်သွားပြီး ပင်းယန်ဘက်သို့ လှည့်ကာ မေးသည်။ “ခင်ဗျား ဘယ်လိုသိတာလဲ”

ပင်းယန် ခေါင်းအသာညိတ်သည်။ “ကျွန်မ တခြားသူတွေ ဒီလိုလုပ်ပေးတာ မြင်ဖူးတယ်”

ချူဖုန်း “....”

ပင်းယန် ချူဖုန်း၏အမူအရာကို သတိမထားမိသည့်အလား သူ့နောက်ကျောတွင် ရပ်ပြီး ပခုံးကြောများကို လက်ကလေးဖြင့် ညင်သာစွာ နှိပ်ပေးလိုက်၏။ ချုဖုန်း မျက်လုံးအသာပိတ်ပြီး ဇိမ်ခံနေလိုက်သည်။ ကြေးစားခေါင်းဆောင်ပြောခဲ့သည်များကို မကြားခဲ့သည့်အလားပင်။

ကြေးစားများက ထိုမြင်ကွင်းကို ကြည့်ပြီး သူတို့ ခေါင်းဆောင်တွေးခဲ့သည်များကို သတိရသွား၏။ ‘သူ့ကို သတိထားရမယ်လို့ ပြောတာ မအံ့ဩတော့ပါဘူး။ သူ့ရှေ့မှာ တောင်ကြီး ပြိုကျသွားရင်တောင် မျက်နှာတစ်ချက် ပျက်မဲ့သူ မဟုတ်ဘူး’

ထိုစဉ် တံခါးခေါက်သံတစ်ချက်ထွက်လာပြီး လူတိုင်း၏အတွေးယဉ်ကြောကို ဖြတ်တောက်လိုက်သည်။

All Chapters