← Chapters

ပြန်လည်မွေးဖွားလာသည့် ဝိညာဉ်ကလေး

Vol. 24 Ch. 232

ပြန်လည်မွေးဖွားလာသည့် ဝိညာဉ်ကလေး

Vol. 24 Ch. 232

“ဘယ်သူလဲ”

ကြေးစားတစ်ယောက် တံခါးဝသို့ ကြည့်ကာ လှမ်းခေါ်လိုက်၏။ ထိုသည်ကို ကြားသော် ကြေးစားခေါင်းဆောင်၏အမူအရာ ပြောင်းလဲသွားသည်။ သူ ပိတ်ဟောက်လိုက်၏။ “ပိတ်ထားစမ်း။ ငါမင်းကို ဘာတွေသင်ပေးထားလဲဆိုတာ မေ့သွားပြီလား”

ကြေးစားက ရှက်ရွံ့စွာ ပါးစပ်ပိတ်သွားပြီး ခေါင်းငုံ့သွားတော့သည်။ ကြေးစားခေါင်းဆောင်သည် တောထဲတောင်ထဲ၌ စခန်းချသည့်အခါ အပြင်ဘက်မှ အသံများကို မတုံ့ပြန်ရန် မကြာခဏ မှာကြားလေ့ရှိသည်။ သို့သော် သူ့စိတ်လှုပ်ရှားသွားသဖြင့် မေ့လုနီးပါးဖြစ်သွားရ၏။

‘သေစမ်း။ ငါတော့ အရိုက်ခံရသင့်တယ်’

သို့သော် အပြင်ဘက်မှ ညင်သာသည့် အသံတစ်သံ ထွက်လာ၏။ “ကိုယ်တော်က လေတွေနှင်းတွေထဲ ဒုက္ခရောက်နေလို့ ဒီနေရာမှာ တည်းဖို့ လာခဲ့တာပါ။ ဒကာလေးတို့ကို အနှောင့်အယှက်ပေးမိသလိုများ ဖြစ်သွားလား”

သူ့အသံအဆုံးတွင် တံခါးကပွင့်သွားပြီး ဘုန်းကြီးတစ်ပါး ဝင်လာသည်။ သူဝင်လာသည့်အခါမှ ဘုရားကျောင်းထဲမှ လူများ သက်ပြင်းချနိုင်တော့၏။ ဘုန်ကြီးသည် ကြင်နာသနားတတ်သည့် အရောင်အဝါကို ပိုင်ဆိုင်ထားပြီး သူ၏လှုပ်ရှားမှုတိုင်းသည် ဗုဒ္ဓဘာသာဝင်တို့၏ ဘုန်းတန်ခိုးအာနုဘော်တို့ကို သယ်ဆောင်ထားသည့်အတွက် လူအများကို ကြည်ညိုသဒ္ဓါပွားစိတ်များ ဖြစ်လာစေသည်။

“ဆရာတော် လွတ်လွတ်လပ်လပ်နေပါ”

ကြေးစားခေါင်းဆောင် မတ်တပ်ထပြီး ဘုန်းကြီးကို ဦးတိုက်လိုက်သည်။

“ကျေးဇူးပါ ဒကာလေး”

ဘုန်းကြီးက ပြန်ဖြေလိုက်ပြီးနောက် နေရာတစ်ခု၌ ကြုံသလိုထိုင်လိုက်ပြီး ဗုဒ္ဓကျမ်းစာများကို ရွတ်ဖတ်တော့သည်။ သူဖုန်စားကလေးများနှင့် ကြေးစားများသည် ထိုအသံကို နားထောင်ရင်း အိပ်ပျော်သွားတော့၏။ ချူဖုန်းသည် ပင်းယန် နှိပ်‌ပေးသည်ကို ပျော်ရွှင်စွာ ခံယူနေသည်။ သူ ရွတ်ဖတ်သံများကိုတော့ နောက်ခံဂီတတစ်ခုပမာ ခံယူထား၏။ နာရီဝက်ခန့်ကြာပြီးနောက် ဗုဒ္ဓအလင်းရောင်းများ ရုတ်တရက်ပေါ်လာသည်။ အသံတွင် မှိန်းမော နေကြသူများသည် အလင်းထွက်ပေါ်ရာထံသို့ အာရုံရောက်သွားကြတော့၏။

သူတို့ ရှစ်နှစ် ကိုးနှစ်ခန့်ရှိသော သူဖုန်စားကလေးတစ်ဦးသည် ‌ရွှေရောင်ဗုဒ္ဓအလင်းများ၌ နစ်ဝင်နေသည်။ သူ၏ယခင်က ညစ်ပတ်ပေရေနေသော ပုံစံမှ ချက်ချင်း သန့်ရှင်းသွားတော့သည်။ သူ့စုတ်ပြဲနေသော အဝတ်အစားများကို အလင်းရောင်က သန့်စင်ပေးသွားက သန့်ရှင်းသပ်ရပ်သွား၏။

“ဝူ‌လေး၊ အစ်မကြီး၊ ဝူလေး ဘာဖြစ်နေတာလဲ”

နံပါတ်ခြောက်က အလောတကြီးမေးသည်။အကြီးဆုံးအစ်မကြီးက ကြောင်အနေပြီး ဘာပြောရမှန်းမသိဖြစ်နေ၏။ သူမက မိသားစုကောင်းမှလာသော်လည်း ငယ်ရွယ်လွန်းလှပြီး ဤကဲ့သို့ မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးပေ။ သူမ သိသည်မှာ ဝူလေးသည် သူတို့ထံမှ ထွက်သွားတော့မည်ဆိုသည်ကိုပင်။

ကြေးစားခေါင်းဆောင်က သက်ပြင်းချလိုက်သည်။ “ဒါ လူဝင်စားကလေးပဲ”

“အော်မီထောဖော်”

ဘုန်ကြီးက လေးနက်စွာ ပြန်ဖြေသည်။ “ဒကာလေးက သိတာပဲ။ ဟုတ်တယ်။ ဒီကလေးက ဗုဒ္ဓလမ်းစဉ်ရဲ့ လူဝင်စားပဲ။ ကိုယ်တော် ဒီကို ဖြတ်တော့ ဘုရားကျောင်းအတွင်းကနေ ဗုဒ္ဓရောင်ခြည်တော်ကို မှိန်ဖျော့ဖျော့လေး အာရုံခံမိလိုက်တယ်။ အဲတာနဲ့ ဟုတ်မဟုတ် စစ်ဆေးဖို့ ဝင်လာတာ”

သူဖုန်စားကလေးများသည် ဝူလေးကို ဝိုင်းအုံကြည့်လိုက်ကြသည်။ ဝူလေးကိုယ်တိုင်လည်း ရှုပ်ထွေးနေ၏။ သူသည် အခုမှ အိပ်မက်မှ လန့်နိုးလာခြင်းဖြစ်သော်လည်း လူတိုင်းက သူ့ကို ကြည့်နေကြ၏။ သူ အလိုလို အစ်မကြီးနားသို့ တိုးလိုက်သည်။ “အစ်မကြီး သားကြောက်တယ်”

အစ်မကြီးက ဝူလေးကို နှစ်သိမ့်ပေးလိုက်၏။ “မကြောက်ပါနဲ့။ ဘာမှမဖြစ်ဘူးနော်”

ဝူလေး၏ ကိုယ်က တုန်နေသည်ကို ခံစားမိသောကြောင့် သူမ အဝေးက ဘုန်းကြီးကို အလိုလို လှမ်းကြည့်လိုက်သည်။ ထို့နောက် ထရပ်ကာ မေးလိုက်၏။ “ကိုယ်တော်လေး ဝူလေးကို အဝေးကို ခေါ်သွားတော့မှာလား”

“အောမီထောဖော်”

ဘုန်ကြီးက ပြုံးကာ ပြောသည်။ “စိတ်အေးအေးထားပါ ဒကာမလေး။ ကိုယ်တော်က ဒကာမလေးရဲ့မောင်ကို ဒုက္ခမပေးပါဘူး။ ကိုယ်တော် သူ့ကို သေချာစောင့်ရှောက်မှာပါ။ အစားအစာရော အဝတ်အစားရော ထောက်ပံ့ပေးမှာ။ လူဝင်စားကလေးက ကျင့်ကြံခြင်းတွေ ပြန်ရသွားရင်တော့ ဒကာမလေးတို့အားလုံး ကုသိုလ်ရမှာပါ”

အစ်မကြီးက ဘာမှမပြောပေ။ သူမ အားနည်းကာ တုန်ရီနေသည့် မောင်ဖြစ်သူကို ကြည့်ရင်း စိတ်မကောင်းဖြစ်သွားသည်။ သို့သော် သူတို့နှင့်အတူနေထိုင်လျှင် ထိုကောင်လေးအတွက် အနာဂတ်မရှိမှန်း သူမ သိသည်။ သူမ နူးညံ့စွာ မေးလိုက်သည်။ “ဝူလေး ကိုယ်တော်နဲ့ လိုက်သွားချင်လား”

ဝူလေးက သူမ အဝတ်အစားကို ဆွဲလိုက်ပြီး တီးတိုးမေးသည်။ “အစ်မကြီး သားမလိုက်သွားလို့ရလား”

ထိုသည်ကို ကြားသော် သူမ နှလုံးသားထဲ၌ ဝမ်းနည်းရိပ်များ သန်းသွားတော့သည်။ သူမ အံကြိတ်လိုက်သည်။ “အစ်မကြီးက မင်းကို ဖိအားမပေးပါဘူး။ မင်းနေချင်ရင် ငါတို့နဲ့ တစ်သက်လုံးနေလို့ရတယ်”

ကြေးစားများက ထိုကဲ့သို့ရင်းနှီးမှုကို မြင်လိုက်ရသည့်အခါ ဘုန်ကြီးကို အလိုလို ကြည့်လိုက်မိကြသည်။

“အော်မီထောဖော်”

ဘုန်ကြီးက ဆိုသည်။ “ဝူလေး၊ မင်းက လူဝင်စားကလေးပဲ။ ဗုဒ္ဓလမ်းစဉ်ကို မလိုက်နာဘဲ လောကီသံယောဇဉ်တွေကို မဖြတ်တောက်ရင် မင်းအနားကလူတွေအားလုံး ဒုက္ခရောက် လိမ့်မယ်။ သုံးနှစ်အတွင်းမှာ မင်းကိုယ်ထဲက ဗုဒ္ဓသဘာဝတွေ အပြည့်အဝထွက်ပေါ်လာလိမ့်မယ်။ အဲလိုသာဖြစ်ရင် နတ်ဆိုးတွေနဲ့ အမှောင်ကျင့်ကြံသူတွေက မင်းကို လာခေါ်ကြလိမ့်မယ်။ မင်း ငါနဲ့မလိုက်ရင် သူတို့က မင်းကို ခေါ်သွားကြလိမ့်မယ်။ လိုက်မလိုက်တော့ မင်းပဲ ဆုံးဖြတ်ပါ”

ဝူလေး၏မျက်နှာက ထိုစကားများကိုကြားသော် အခက်တွေ့သွားတော့သည်။ သူ ဤလူများနှင့် မခွဲခွာလိုပေ။ ဘဝက ကြမ်းတမ်းသော်လည်း မိတ်ဆွေအပေါင်းအသင်းများ ရှိပါ၏။ သို့သော် ဆက်နေခြင်းက သူတို့ကို ဒုက္ခဖြစ်စေလျှင် သူဆက်မနေနိုင်ပေ။ မည်သူမျှ ဘုန်းကြီးပင် ကလေး၏ဆုံးဖြတ်ချက်ကို မနှောင့်ယှက်ပေ။ ရွှေတောင်ပံလင်းယုန်ဘုရင်နှင့် ပင်းယန်တို့ ချူဖုန်းကို ကြည့်လာကြသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့ ခရီးထွက်လာသည်မှာ ချူဖုန်းသည် ဝမ်တောက်ကျောင်းတော်၌ သင့်တော့်သည့် တပည့်ကို ရှာမတွေ့၍ပေ။

ယခု လူဝင်စားကလေး ပေါ်လာပြီဖြစ်၍ ချူဖုန်း လှုပ်ရှားတော့မည်လား။ ချူဖုန်း မျက်လုံးများသည် ကလေးအပေါ် တစ်ခဏ ရပ်တန့်သွားသည်။ ကောင်လေးတွင် ဗုဒ္ဓအရှိန်အဝါများ ရှိနေသော်လည်း သူ့တပည့်ဖြစ်ရန် လိုအပ်ပါသေးသည်။

ထို့အပြင် ဗုဒ္ဓအရှိန်အဝါကလည်း ထိုဘုန်းကြီးကြောင့် နိုးထလာခြင်းပေ။ ချူဖုန်းတွင် တစ်ပါးသူ၏တပည့်ကို လုတတ်သည့် အလေ့အထမရှိပေ။ ခဏကြာပြီးနောက် ဝူလေးက ပြောသည်။ “ဆရာ ကျွန်တော် မသွားခင် ရက်နည်းနည်းလောက် အချိန်ပေးပါ။ ကျွန်တော် အစ်မကြီးတို့ကို နှုတ်ဆက်ချင်တယ်။ ပြီးတော့ သူတို့အတွက် တစ်ခုခု စီစဉ်ပေးဖို့‌ မျှော်လင့်ပါတယ်”

ဘုန်းကြီးက ပြုံးကာ ပြောသည်။ “သေချာတာပေါ့။ မင်း စိတ်အေးချမ်းသာစွာနဲ့ လိုက်နိုင်ဖို့ ကိုယ်တော်စီစဉ်ပေးမယ်”

ဘုန်း။

ရုတ်တရက် ဘုရားကျောင်းတံခါးသည် အပြင်ဘက်မှ ကန်ဖွင့်ခံလိုက်ရသည်။

ဝေါ...

မောက်မာသည့် အသံတစ်သံက ဆီးနှင်းလေပြင်းနှင့်အတူ အခန်းထဲသို့ မိုးခြမ်းသံပမာ ကျယ်လောင်စွာ ဝင်ရောက်လာသည်။

“ငါ့အထင်တော့ မင်းတို့ ဘယ်သူမှ မထွက်သွားသင့်ဘူး”

ဘုရားကျောင်းထဲက လူတိုင်း အမူအရာပြောင်းသွားသည်။ ကြေးစားများက အော်ဟစ်လိုက်သည်။ “ဘယ်သူလဲ”

“သန်မာလိုက်တဲ့ နတ်ဆိုးချီ”

“....”

“နားညီးတယ်”

အေးစက်သည့်အသံတစ်သံက ဘုရားကျောင်းထဲ၌ ပဲ့တင်ထပ်လာသည်။ နောက်တစ်ခဏတွင် ကြေးစားများက နောက်သို့ လွင့်ထွက်သွားပြီး အနောက်က နံရံနှင့် ပြင်းထန်စွာ ရိုက်မိသွား၏။ ထိုသည်ကို ကြည့်ရင်း ချူဖုန်း၏နှုတ်ခမ်းထောင့်များ ညင်သာစွာ ကွေးတက်သွားသည်။ မျှော်လင့်ထားသည့်အတိုင်း ဘုရား‌ကျောင်းပျက်ကြီး၌ ထူးဆန်းသည့်အရာများ ဖြစ်လာ၏။

သူ တည်းခိုရန် ပေါ့ပေါ့ပါးပါးရွေးချယ်ခဲ့သော နေရာသည် ဖရိုဖရဲ ဗရမ်းဗတာဖြစ်လာသည်။

“အောမီထောဖော်”

ဘုန်းကြီးက လေးနက်စွာ ရွတ်ဖတ်လိုက်သည့်အခါ သူ့ကိုယ်မှ ဗုဒ္ဓအလင်းတန်းများ ထွက်လာ၏။

ဘုရားကျောင်းအတွင်း၌ တစ်ခဏအတွင်း ဆီးနှင်းများ အရည်ပျော်သွားတော့သည်။ သူ့အကြည့်က ဘုရားကျောင်းဝင်ပေါ်သို့ ရောက်သွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ “ဒကာလေး မင်းကရောက်နေပြီဆိုမှတော့ ဘာလို့ လူလုံးထွက်မပြတာလဲ။ ဒါမှမဟုတ် မင်းတို့ နတ်ဆိုးတွေက အားနည်းတဲ့သူတွေကိုပဲ အနိုင်ကျင့်ရဲတာလား”

“ဟားဟား”

ရူးသွပ်နေသည့်ရယ်မောသံက ဘုရား‌ကျောင်းအပြင်ဘက်မှ ထွက်လာသည်။ ထိုလူးဆန်းသည့် အသံက လူတိုင်းကို မှင်တက် မိန်းမောသွားစေ၏။ ဘုန်းကြီး၏ကိုယ်ပေါ်မှ ဗုဒ္ဓအလင်းတန်းများဖြင့် ကာကွယ်ထားသော်လည်း သူတို့ နာကျင်သွားရသည်။

“ဘုန်းကြီးကတုံး၊ ဒီစစ်သူကြီးက အားနည်းတဲ့သူတွေကို အနိုင်ကျင့်တယ်ထင်တာလား။ ဒါဆို ဒီနေ့ ငါက မင်းလိုအားနည်းတဲ့ကတုံးကို အနိုင်ကျင့်ပေးမယ်”

အသံမဆုံးခင်မှာ ဖားပြုတ်ခေါင်း လူခန္ဓာဖြင့် နတ်ဆိုးစစ်သူကြီးတစ်ဦး နတ်ဆိုးစစ်သည်တော်များ ခြံရံလျက် ဘုရားကျောင်းထဲသို့ ဝင်လာသည်။ သူ့ကိုယ်ပေါ်မှ ထွက်ပေါ်နေသော ပြင်းထန်သည့် နတ်ဆိုးချီက လူတိုင်းကို ထိတ်လန့်သွားစေသည်။ အားနည်းသူအချို့ဆို ထိုနေရာ၌ သတိလစ်သွားကြတော့၏။ တုအယ်သည် ထိုသတ္တဝါကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

“နတ်ဆိုးရွှယ်ချန်း မင်း ဘာလို့ ဒီကိုရောက်နေတာလဲ”

နတ်ဆိုးရွယ်ချန်းက ရယ်မောကာ ပြောသည်။ “အံ့ဩသွားတယ်မလား။ မင်းတို့ နန်းဝူကျောင်းတော်က ဘုန်းကြီးတွေ ဒီလူဝင်စားကလေးကို မတွေ့ခင်ကတည်းက ငါ့စစ်သူကြီးက သိထားပြီးသား။ သူက ကလေးကိုဖမ်းဖို့ ငါ့ကို လွှတ်လိုက်တာ”

“မင်းနဲ့ လာဆုံတာကတော့ အပိုဆုလာဘ်လေးပေါ့”

“ငါ နန်းဝူကျောင်းတော်က ဘုန်းကြီးသားတွေ မစားရတာကြာပြီ။ ဒီနေ့တော့ ဒီစစ်သူကြီးက အခွင့်အရေးရပြီ။ ပြင်စရာရှိတာ ပြင်ထားစမ်းကတုံး”

All Chapters