မင်းကသာ ငါနဲ့ရေစက်ရှိတာကွ
Vol. 24 Ch. 233
ဘုရားကျောင်းအတွင်းဝယ် နတ်ဆိုးစွမ်းအင်များ မိုးကောင်းကင်တိုင်အောင် လွှမ်းခြုံနေလေ၏။ ပတ်ဝန်းကျင် လီတစ်ရာအတွင်း၌လည်း လေနှင့်နှင်းများ အဆက်မပြတ် တိုက်ခတ်နေသည်။
နတ်ဆိုးစစ်သူကြီးရွှယ်ချန်းသည် သူ့ရှေ့က ဘုန်းကြီးတုအယ်ကို အထင်အမြင်သေးသော မျက်နှာထားဖြင့် ကြည့်နေပြီး တစ်ချက်တစ်ချက်တွင် လျှာဖြင့် နှုတ်ခမ်းထောင့်များကို လျက်နေ၏။
“အောမီထောဖော်။ ဆိုရိုးစကားအတိုင်းပဲ။ ငါငရဲကို မဆင်းရင် ဘယ်သူက ဆင်းမှာလဲ။ ဒကာလေး ရွှယ်ချန်းက ကိုယ်တော်နဲ့ ယှဉ်ပြိုင်ချင်ရင် ကိုယ်တော်က သင့်ဆန္ဒကို ဖြည့်ဆည်းပေးမယ်”
တုအယ်သည် စကားပြောရင်း တင်ပျဉ်ခွေထိုင်ချလိုက်ရာ သူ့ခန္ဓာကိုယ်မှ ဗုဒ္ဓရောင်ခြည်တော်များ ထွက်ပေါ်လာသည်။
သူသည် မျက်လွှာကို ဖြည်းညှင်းစွာချ၊ လက်အုပ်ချီကာ ဗုဒ္ဓကျမ်းစာများကို ရွတ်ဖတ်လေတော့၏။
ရွတ်ဖတ်သံ စတင်သည်နှင့် ဘုရားကျောင်းအတွင်း၌ တောက်ပသော ဗုဒ္ဓရောင်ခြည်တော်များ ပေါ်ထွက်လာသည်။
“သတ္တဝါအပေါင်းကို ကယ်တင်ခြင်း”
ထိုစကားလုံးနှစ်လုံးကို ဆိုလိုက်သည်နှင့် ဘုရားကျောင်းအတွင်းရှိ နတ်ဆိုးငယ်များမှာ စူးစူးဝါးဝါး အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာတော့သည်။
“အားးးးးး”
အလွန်အမင်း သက်သောင့်သက်သာမရှိလှသော ဗုဒ္ဓရောင်ခြည်ကို ခံစားလိုက်ရသည့် နတ်ဆိုးစစ်သူကြီးရွှယ်ချန်းသည် မျက်လုံးကို လှန်ကြည့်လိုက်ပြီး အေးစက်သော အာငွေ့တစ်ချက်ကို မှုတ်ထုတ်လိုက်၏။
ဟူးးးး...
အေးစက်သောအငွေ့သည် ဗုဒ္ဓရောင်ခြည်ကို ဟန့်တားရုံသာမက တုအယ်ရှိရာသို့ပါ ဝှေ့ယမ်းသွားသည်။
ဗုဒ္ဓရောင်ခြည်နှင့် အေးစက်သောအာငွေ့တို့သည် လေထုထဲတွင် အပြန်အလှန် ရင်ဆိုင်နေကြပြီး ဘုရားကျောင်းတစ်ခုလုံးမှာလည်း ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။
အာငွေ့များနှင့် သူဖုန်းစားလေးများအားလုံး အသက်ရှူအောင့်ထားကြပြီး ဆရာတော်တုအယ်အတွက် လက်ဖျားခြေဖျားများ အေးစက်နေကြသည်။
ဝူလေးသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မိမိကိုယ်ကိုယ် အလွန်သေးသိမ်လှသည်ဟု ခံစားလိုက်ရ၏။
မူလက တွန့်ဆုတ်ကာ ဝေခွဲမရဖြစ်နေသော်လည်း ယခုအခါတွင်မူ ကျင့်ကြံခြင်းပြီးမြောက်ပါက သူ့သူငယ်ချင်းလေးများကို ကာကွယ်နိုင်ရန် ဆရာတော်တုအယ်နောက်သို့ လိုက်၍ ကျင့်ကြံအားထုတ်ရန် ဆုံးဖြတ်လိုက်လေတော့သည်။
ချူဖုန်းသည် နတ်ဆိုးနှင့်ဘုန်းကြီးတို့၏ တိုက်ပွဲကိုကြည့်ကာ မသိမသာ ခေါင်းခါလိုက်သည်။
အလွန်အားနည်းလွန်း၏။
ဤနှစ်ယောက်မှာ ရှောင်ချန်း သို့မဟုတ် ချောင်ရို့ချန်ကဲ့သို့ ပါရမီရှင်များကို ရင်ဆိုင်ဖို့ နေနေသာသာ၊ ဝမ်တောက်ကျောင်းတော်မှ အခြားပါရမီရှင်များနှင့် ရင်ဆိုင်ရလျှင်ပင် မိမိထက် ကျင့်ကြံဆင့်နိမ့်သော ပြိုင်ဘက်များကို ရှုံးနိမ့်သွားကြလိမ့်မည်။
ရွှေတောင်ပံလင်းယုန်ဘုရင်သည် သူ့နှုတ်သီးကို တောင်ပံဖြင့်ပွတ်ကာ အိပ်ငိုက်နေသည့်ပုံ ပေါက်နေသည်။
အကြီးအကဲပင်းမှာ ဘေးနားတွင် မီးမွှေး၍ ရေနွေးအိုး တည်နေ၏။ သခင်လေးချူအတွက် ညပိုင်း ခြေထောက်ဆေးဖို့ ရေကို သူမ မပြင်ဆင်ရသေးချေ။
အချိန်သည် မိနစ်၊ စက္ကန့်နှင့်အမျှ ကုန်ဆုံးသွားပြီးနောက် တုအယ်သည် ပင်ပန်းနွမ်းနယ်သော လက္ခဏာများ စတင်ပြသလာပြီး ပတ်ဝန်းကျင်မှ ဗုဒ္ဓရောင်ခြည်တော်မှာလည်း အေးစက်သောအငွေ့များ၏ ဝါးမြိုခြင်းကို တဖြည်းဖြည်း ခံလာရသည်။
နတ်ဆိုးရွှယ်ချန်း၏ မျက်လုံးများတွင် လှောင်ပြောင်သော အရိပ်အယောင်များ ပြည့်နှက်နေ၏။ သူ့အမြင်တွင် ဤဘုန်းကြီးတုအယ်မှာ ပန်းကန်ထဲမှ အစာတစ်ခုမျှသာ။
သူ့ဝမ်းဗိုက်သည် ရှုံ့သွားပြီး ပါးစပ်မှ နှင်းပုံဆောင်ခဲ နတ်ဆိုးအမြုတေ တစ်ခု ထွက်ပေါ်လာသည်။
ထိုအမြုတေ ပေါ်လာသည်နှင့်တစ်ပြိုင်နက်...
တုအယ်၏ မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားတော့၏။
သူသည် လက်နှစ်ဖက်ကို ရှေ့သို့တွန်းထုတ်ကာ အော်ဟစ်လိုက်သည်။
“အတိုင်းအဆမဲ့ ဗုဒ္ဓရောင်ခြည်”
ဝုန်းးး
ကြီးမားသော မြည်ဟီးသံကြီးနှင့်အတူ ဘုရားကျောင်းတစ်ခုလုံးမှာ နောက်တစ်စက္ကန့်တွင် ပြိုကျတော့မည့်အလား ပြင်းထန်စွာ လှုပ်ခါသွားသည်။
သူဖုန်းစားလေးများမှာလည်း တုန်တုန်ယင်ယင်ဖြင့် တစ်ဦးကိုတစ်ဦး ဖက်ထားကြ၏။
ကြေးစားအစောင့်များမှာလည်း လက်နက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကြပြီး ခြေဖျားလက်ဖျားများမှာ ထိန်းမနိုင်သိမ်းမရ တုန်ယင်နေကြ၏။
မည်သူမျှ သတိမပြုမိခင်မှာပင် လူရိပ်တစ်ခု နောက်သို့ လွင့်ထွက်သွားသည်ကို မြင်လိုက်ရသည်။
ဒုန်းးး
ထိုလူရိပ်သည် နံရံကို ပြင်းထန်စွာ ရိုက်မိပြီးနောက် မြေပြင်ပေါ်သို့ လိမ့်ကျသွားသည်။
အားလုံးမှာ သတိပြန်ဝင်လာပြီး လှည့်ကြည့်လိုက်သောအခါ ချက်ချင်းပင် အံ့ဩတကြီး ရေရွတ်သံများ ထွက်ပေါ်လာတော့၏။
“ဆရာတော်”
“စီနီယာ”
“...”
ဤအချိန်တွင် တုအယ်၏ မျက်နှာမှာ လူသေကောင်အလား ဖြူလျော့နေပြီး နှုတ်ခမ်းများတွင် သွေးအရောင် မရှိတော့ချေ။
တစ်ကိုယ်လုံးမှာလည်း နှင်းခဲများ ဖုံးလွှမ်းနေပြီး ရွှံ့ပုံတစ်ခုအလား မြေပြင်ပေါ်တွင် လဲလျောင်းနေလေသည်။
“ဟားဟားဟား...”
၎င်းကိုမြင်သော် ရွှယ်ချန်း အကျယ်ကြီး ရယ်မောလိုက်သည်။
“ဘုန်းကြီးတုအယ်၊ မင်းလည်း ဘာမှမဟုတ်ပါလား။ ဗုဒ္ဓဓာတ်တော် မရှိရင် မင်းက ဒီစစ်သူကြီးရဲ့ ပြိုင်ဘက်မဟုတ်ဘူး။ ဒါပေမဲ့ စိတ်ချပါ၊ ငါ မင်းကို အရင်မစားသေးဘူး။ မင်းရှေ့မှာတင် ဒီလူသားတွေကို တစ်ယောက်ပြီးတစ်ယောက် စားပြမယ်၊ မင်းရဲ့ ဗုဒ္ဓအပေါ် ထားတဲ့ စိတ်ဓာတ်ကို ချိုးနှိမ်ပြီးမှ မင်းကို ငါ စားမယ်။”
ထိုစကားကို ကြားလိုက်ရသောအခါ တုအယ်၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ယင်သွားသည်။
သူသည် မတ်တတ်ရပ်၍ ဆက်လက်တိုက်ခိုက်လိုသော်လည်း ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာ နတ်ဆိုးအာငွေ့ကြောင့် ချိပ်ပိတ်ခံထားရ၏။
နတ်ဆိုးစစ်သူကြီးရွှယ်ချန်းကို တိုက်ခိုက်ဖို့ နေနေသာသာ၊ စကားပြောရန်ပင် အလွန်ခက်ခဲနေသည်။
နတ်ဆိုးစစ်သူကြီးရွှယ်ချန်းသည် အခန်းထဲက လူတိုင်းကို ဝေ့ဝဲကြည့်ရှုပြီး မည်သူ့ကို အရင်စားရမလဲဆိုသည်ကို စဉ်းစားနေ၏။
မကြာမီတွင် တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိသွားသည်။ ဘုရားကျောင်းအတွင်းဝယ် မီးတစ်ပုံ တောက်လောင်နေဆဲပင်။
သူ့ကို အမျက်အထွက်ဆုံးဖြစ်စေသည့်အရာမှာ ပြင်းထန်သည့် နတ်ဆိုးအရှိန်အဝါကို ထုတ်ဖော်ပြသထားသော်လည်း လူသားအမျိုးသမီးတစ်ဦးမှာ ဘာမှမဖြစ်သကဲ့သို့ ရေနွေးအိုး တည်နေခြင်းပင်။
ဤသည်မှာ သံသယဖြစ်ဖွယ်မရှိသော ရန်စမှု တစ်ခုဖြစ်၏။
“ငါ ဆုံးဖြတ်လိုက်ပြီ။ အဲဒါ မင်းပဲ၊ လူသားမလေး။”
စကားသံ ဆုံးရုံရှိသေး၊ အေးစက်လှောင်ပြောင်သော အသံတစ်သံ လွင့်ပျံ့လာသည်။
“အသက်ရှင်ရတာ မကောင်းဘူးလား၊ မျိုးဆက်သစ်လေး ငါ့ရဲ့ အစ်မကြီးက မင်း လွတ်လွတ်လပ်လပ် ကြည့်လို့ရတဲ့သူ ထင်နေတာလား”
ထိုစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် တစ်နေရာလုံး တိတ်ဆိတ်သွားတော့သည်။
“နောက်ထပ် ပညာရှင် တစ်ယောက် ရှိသေးတာလား”
နတ်ဆိုးစစ်သူကြီးရွှယ်ချန်းသည် တစ်ကိုယ်တည်း ရေရွတ်ရင်း ပြောသူကို ရှာဖွေလေ၏။
သို့သော် ဘုရားကျောင်းအတွင်းရှိ လူအားလုံးမှာ ၎င်း၏ အမြင်အာရုံအတွင်းရှိနေပြီး မည်သူ စကားပြောသည်ကို မမြင်ရချေ။
နောက်ဆုံးတွင် ၎င်း၏ အကြည့်သည် လူသားအမျိုးသမီးပေါ်သို့ ကျရောက်သွားသည်။
ဖြန်းးး
ပြင်းထန်သော ပါးရိုက်သံနှင့်အတူ နတ်ဆိုးစစ်သူကြီးရွှယ်ချန်းမှာ လွင့်ထွက်သွားပြီး ဘုရားကျောင်းနံရံကို အပေါက်ကြီး ဖြစ်သွားစေသည်။
မည်သူက ရိုက်လိုက်သည်ကို မသိမီမှာပင် ထိုအသံမှာ ထပ်မံထွက်ပေါ်လာပြန်၏။
“မင်းက ဘယ်လိုတောင် ဆက်ကြည့်ရဲသေးတာလဲ”
“ဘယ်သူလဲ ဘယ်သူက ငါ့ကို ချောင်းမြောင်းတိုက်ခိုက်တာလဲ”
နတ်ဆိုးစစ်သူကြီးရွှယ်ချန်းသည် သူ့မျက်နှာကို အုပ်ကာ မတ်တတ်ရပ်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
အကြည့်ဖြင့် လူသတ်၍ရပါက ချောင်းမြောင်းတိုက်ခိုက်သူမှာ အပိုင်းပိုင်း ပြတ်သွားလောက်ပြီ ဖြစ်သည်။
“ဒီဘုရင်က မင်းရဲ့ ခေါင်းပေါ်တည့်တည့်မှာ ရပ်နေတာကို မမြင်ဘူးလား”
အထင်အမြင်သေးသော အသံမှာ အမိုးပေါ်မှ ထွက်ပေါ်လာသည်။ ဘုရားကျောင်းအတွင်းရှိ လူသားနှင့် နတ်ဆိုးအားလုံး အပေါ်သို့ မော့ကြည့်လိုက်ကြ၏။
တစ်ပေခန့်မြင့်သော လင်းယုန်တစ်ကောင်သည် အေးအေးဆေးဆေးပင် သူ့အမွှေးအတောင်များကို နှုတ်သီးဖြင့် ရှင်းလင်းနေသည်ကို မြင်လိုက်ရ၏။
“မင်းကိုး”
နတ်ဆိုးစစ်သူကြီးရွှယ်ချန်းသည် ဒေါသအဟုန်ကြောင့် စဉ်းစားဆင်ခြင်နိုင်စွမ်း ကင်းမဲ့နေပြီ ဖြစ်သည်။
၎င်းသည် ရှေ့မှ လင်းယုန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ကာ ပြောသည်။
“ငါ မင်းကို အရင်ဆုံး စားမယ်”
“ငါ့ကို စားမလို့လား မင်း သေချာရဲ့လား”
ရွှေတောင်ပံလင်းယုန်ဘုရင် စကားပြောလိုက်သည်နှင့် သူ့ခန္ဓာကိုယ်မှာ ကြီးမားလာသည်။
ထို့ပြင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားများက ယိုယွင်းနေသော ဘုရားကျောင်းတစ်ခုလုံးကို လွှမ်းခြုံသွားတော့၏။
နတ်ဆိုးရွှယ်ချန်းသည် တစ်ဖက်လူ၏ ဖိအားကို ခံစားလိုက်ရသောအခါ မျက်နှာပျက်သွားသည်။ ဤလင်းယုန်နတ်ဆိုး၏ အရှိန်အဝါမှာ သူတို့ ခြေတစ်ထောင်မဟာဘုရင်ထက် အနည်းငယ်မျှပင် မနိမ့်ကျချေ။
“နား... နားလည်မှု လွဲတာပါ၊ မဟာဘုရင်... ဒါက နားလည်မှုလွဲတာပါ”
“နားလည်မှုလွဲစရာ ဘာမှမရှိပါဘူး။ မင်းက ငါ့ကို စားချင်နေမှတော့ ငါက မင်းကို အရင်စားလိုက်တာကလည်း ကျိုးကြောင်းဆီလျော်ပါတယ် မဟုတ်လား”
ရွှေတောင်ပံလင်းယုန်ဘုရင်သည် စကားပြောရင်း ပါးစပ်ကို အကျယ်ကြီး ဖွင့်လိုက်ရာ အတွင်းမှ ပြင်းထန်သော လေဝဲကြီးတစ်ခု ထွက်ပေါ်လာသည်။
“မလုပ်ပါနဲ့”
နတ်ဆိုးစစ်သူကြီးရွှယ်ချန်းမှာ စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်မှာ လျင်မြန်စွာ ကျုံ့သွားကာ ရွှေတောင်ပံလင်းယုန်ဘုရင်၏ ပါးစပ်အတွင်းသို့ ချက်ချင်းပင် ဝင်ရောက်သွားတော့သည်။
“ဂေ့...”
ရွှေတောင်ပံလင်းယုန်ဘုရင်မှာ လေတက်သံတစ်ချက် ထွက်လာသည်။
“ဒီရွှယ်ချန်းက တကယ် အရသာရှိတာပဲ။ ထူးခြားတဲ့ သွေးမျိုးဆက်ရှိတဲ့ နတ်ဆိုးမျိုးနွယ် ဖြစ်ရမယ်”
ဘုရားကျောင်းတစ်ခုလုံးမှာ နောက်တစ်ကြိမ် လုံးဝဥဿုံ တိတ်ဆိတ်သွားပြန်သည်။
တုအယ်ပင်လျှင် ဤအချိန်တွင် သူ့ရှေ့က ရွှေတောင်ပံလင်းယုန်ကြီးကို ကြည်ညိုလေးစားသော အကြည့်ဖြင့် ကြည့်နေမိသည်။ လင်းယုန်၏ တောင်ပံများမှ ထွက်ပေါ်နေသော ဗုဒ္ဓချီများကို မြင်လိုက်ရသောအခါ သူ့မျက်လုံးများမှာ ဝင်းလက်သွားပြီး စိတ်ထဲတွင် ဝမ်းသာအားရ ဖြစ်သွားလေသည်။
“အသက်ကိုချမ်းသာပေးပါ မဟာဘုရင်၊”
“ကျေးဇူးပြုပြီး ကျွန်တော်တို့ကို မစားပါနဲ့။ ကျွန်တော်တို့အားလုံးက အဲဒီနတ်ဆိုးရွှယ်ချန်းရဲ့ အတင်းအကျပ် ခိုင်းစေမှုကို ခံခဲ့ရတာပါ”
“...”
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဘုရားကျောင်းအတွင်း ကျန်ရှိနေသော နတ်ဆိုးငယ်များမှာ ဒူးထောက်ကာ အသက်ချမ်းသာပေးရန် တောင်းပန်ကြတော့၏။
သူတို့သည် နတ်ဆိုးစစ်သူကြီးရွှယ်ချန်းကဲ့သို့ ကံကြမ္မာမျိုး မကြုံလိုကြချေ။
ရွှေတောင်ပံလင်းယုန်ဘုရင်သည် နတ်ဆိုးအုပ်စုကို အထင်အမြင်သေးစွာ ကြည့်လိုက်၏။
“မင်းတို့က ဘယ်လောက်အဆင့်ရှိလို့လဲ။ ငါ့ရဲ့ အစာဖြစ်ဖို့တောင် တန်လို့လား။ ထွက်သွားကြစမ်း နောက်တစ်ခါ ငါ့မျက်စိရှေ့ မလာစေနဲ့”
“ကျေးဇူးတင်ပါတယ် မဟာဘုရင်”
“ကျေးဇူးတင်ပါတယ် မဟာဘုရင်”
နတ်ဆိုးစစ်သည်များမှာ ဝရုန်းသုန်းကား ထွက်ပြေးသွားကြပြီး အံ့အားသင့်နေသော ကြေးစားအဖွဲ့နှင့် သူဖုန့်စားလေးများသာ ကျန်ရစ်တော့သည်။
ရွှေတောင်ပံလင်းယုန်ဘုရင်သည် သူ့အတောင်ပံကို ခါလိုက်ရာ ဘုရားကျောင်းတံခါးမှာ ဒုန်းခနဲ အသံနှင့်အတူ ပိတ်သွားပြီး အားလုံးကို လက်တွေ့ကမ္ဘာသို့ ပြန်လည်ရောက်သွား၏။
လင်းယုန်ကြီးမှာ ယခင်ပုံစံအတိုင်း ပြန်လည်ပြောင်းလဲသွားသည်ကို မြင်လိုက်ရသောအခါ အားလုံးမှာ တစ်ဦးကိုတစ်ဦး ကြောင်တောင်တောင်ဖြင့် ကြည့်နေကြသည်။
ခဏအကြာတွင် ကြေးစားခေါင်းဆောင်သည် မတ်တတ်ရပ်ကာ ရွှေတောင်ပံလင်းယုန်ဘုရင်ကို ဦးညွှတ်လိုက်သည်။
“ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ။ စီနီယာရဲ့ ကြီးမားလှတဲ့ ကျေးဇူးတရားကို...”
“တော်စမ်း။ ငါ မင်းတို့ကို ကယ်ဖို့ ရည်ရွယ်ချက်မရှိဘူး။ အဲဒီရွှယ်ချန်းက သူ့ဘာသာ လာရှာတာ။ မသေချင်ရင် ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်နေကြ”
ရွှေတောင်ပံလင်းယုန်ဘုရင်သည် တစ်ဖက်လူကို စကားပြောခွင့်ပင် မပေးချေ။
တာအိုတည်ဆောက်ခြင်းအဆင့်မျှသာရှိသော သာမညလူသားများမှာ ပုံမှန်နေ့ရက်များတွင် သူ၏ အညစ်အကြေးကိုပင် သယ်ယူရန် မထိုက်တန်ချေ။
ကြေးစားခေါင်းဆောင်မှာ စိတ်ပျက်သွားသော်လည်း ဘာမှ ထပ်မပြောရဲတော့။
သူ့အမြင်တွင် ဤကဲ့သို့သော လောကပြင်ပ ပညာရှင်များသည် အလွန်ထူးဆန်းသော စိတ်နေစိတ်ထားရှိကြပြီး တစ်ဖက်လူကို စိတ်အနှောင့်အယှက်ဖြစ်စေပါက သူ့အသက်မှာ ပါသွားနိုင်ပေသည်။
ရုတ်တရက် ဘုရားကျောင်းအတွင်းမှာ ပြန်လည်ငြိမ်သက်သွားသည်။
“သခင်လေး၊ ခြေထောက်ဆေးဖို့ အချိန်တန်ပါပြီ”
အကြီးအကဲပင်း၏ ကြည်လင်အေးစက်သော အသံမှာရုတ်တရက် ထွက်ပေါ်လာရာ လူတိုင်းမှာ သူမကို မသိစိတ်ဖြင့် လှည့်ကြည့်မိမလို ဖြစ်သွား၏။
သို့သော် နတ်ဆိုးစစ်သူကြီးရွှယ်ချန်း၏ ကံကြမ္မာကို သတိရသွားကာ အားလုံးပင် ခေါင်းကို အမြန် ပြန်လွှဲလိုက်ကြရသည်။
“ပင်ပန်းသွားပြီ”
ချူဖုန်းမှာ ဘာမှမဖြစ်သကဲ့သို့ပင် ခြေထောက်ဆေးလေတော့သည်။
ညသည် တိတ်ဆိတ်နေ၏။
နောက်တစ်နေ့ နံနက်စောစောတွင် ချူဖုန်းတို့ နိုးလာပြီး ခရီးဆက်ရန် ပြင်ဆင်နေစဉ် တုအယ်မှာ နှုတ်ဆက်ရန် ရှေ့သို့ ရောက်လာသည်။
“အောမီထောဖော်၊ စီနီယာ၊ ဘုန်းကြီးလေးက စီနီယာလင်းယုန်ကို စကားတစ်ခွန်း ပြောလိုပါတယ်။ စီနီယာအနေဖြင့် ခွင့်ပြုပေးပါ”
ချူဖုန်းက ပြုံးလိုက်သည်။
“ပြောပါဦး”
ရွှေတောင်ပံလင်းယုန်ဘုရင်သည် ရှေ့ရှိ ဘုန်းကြီးကို နားမလည်နိုင်သော အမူအရာဖြင့် ကြည့်လိုက်၏။
“မြန်မြန်ပြော။ ငါက လူမစားဘူးဆိုပေမဲ့ လူမသတ်ဘူးလို့ မဆိုလိုဘူးနော်”
တုအယ်က ရိုသေစွာ ပြောလိုက်သည်။
“အောမီထောဖော်၊ စီနီယာလင်းယုန်၊ စီနီယာက ဗုဒ္ဓနဲံ ရေစက်ရှိပါတယ်။ ကျေးဇူးပြုပြီး စီနီယာ ဗုဒ္ဓလမ်းစဉ်ကို စောစော လျှောက်လှမ်းပါတော့”
“ဟားဟားဟား...”
ရွှေတောင်ပံလင်းယုန်ဘုရင်သည် အကျယ်ကြီး ရယ်မောလိုက်သည်။
“ဘုန်းကြီးလေး၊ မင်းက ငါ့ကို ဗုဒ္ဓနဲ့ ရေစက်ရှိတယ်လို့ ပြောတာလား မဟုတ်သေးပါဘူး၊ မင်းကသာ ငါနဲ့ ရေစက်ရှိတာပါ။ ဒီလိုလုပ်ပါလား၊ ဘုန်းကြီး ဆက်မလုပ်နဲ့တော့။ ငါ့အတွက် အညစ်အကြေးသယ်ပေးပြီး အမွှေးအမျှင်တွေ ဆေးပေးဖို့ လာခဲ့ပါ။ မင်းကို အနှစ်တစ်ရာအတွင်းမှာ အစွမ်းထက်တဲ့ နီဗာနားရှင်သန်ခြင်းအဆင့် ပညာရှင်တစ်ယောက် ဖြစ်လာစေရမယ်လို့ ငါ အာမခံတယ်”
ဘုန်းကြီးတုအယ် “...”