← Chapters

ကံမကောင်းတာက၊ မင်းမဟုတ်ခဲ့ဘူး

Vol. 24 Ch. 234

ကံမကောင်းတာက၊ မင်းမဟုတ်ခဲ့ဘူး

Vol. 24 Ch. 234

“စီနီယာ၊ ဘုန်းကြီးလေးက စီနီယာကို နောက်နေတာမဟုတ်ဘူး။ ကျေးဇူးပြုပြီး သေသေချာချာ စဉ်းစားပေးပါ။ တကယ်လို့ စီနီယာသာ လောကီအာရုံတွေကို စွန့်ပယ်ပြီး ကိုယ်တော်တို့ ဗုဒ္ဓလမ်းစဉ်ကို ဝင်ရောက်မယ်ဆိုရင် ဗောဓိသတ္တတစ်ပါး ဖြစ်လာမှာ”

ဘုန်းကြီးသုအယ်သည် အတည်ပေါက်ကြီး ပြောနေသည်။ သူသည် ကျမ်းစာများ ရွတ်ဖတ်နေခြင်း မရှိသော်လည်း သူ့စကားပြောဆိုပုံ လေသံမှာ ထူးဆန်းသော ယုံကြည်သက်ဝင်မှုကို ဖြစ်ပေါ်စေ၏။

စိတ်ဓာတ်ကြံ့ခိုင်မှု မရှိသူတိုင်းမှာ တွန့်ဆုတ်ခြင်းမရှိဘဲ သဘောတူမိကြပေလိမ်မည်။

“ဟက်”

ရွှေလင်းယုန်ဘုရင်သည် တဟားဟား ရယ်မောလိုက်သည်။ ထိုဘုန်းကြီး၏ ပါးစပ်မှထွက်သော “ဗောဓိသတ္တ” ဆိုသည်မှာ သူတော်စင်တစ်ပိုင်း အဆင့်ကို ရည်ညွှန်းခြင်းပင်။

သူက ပြောလိုက်သည်။

“ငါက ဂုဏ်သိက္ခာရှိတဲ့ နတ်ဆိုးဘုရင်တစ်ပါးပဲ၊ သက်တမ်း ရာဂဏန်းလောက်ပဲ ရှိသေးတဲ့ ဘုန်းကြီးလေးလေးတစ်ပါးကို ငါက နောက်ပြောင်နေဖို့ လိုလို့လား။ မင်းတို့ရဲ့ ဗုဒ္ဓဘာသာ စကားနဲ့ ပြောရရင် ငါ့အပေါ်မှာ ရှိနေတဲ့ ကံတရားကို မင်းတို့ရဲ့ နန်ဝူကျောင်းတော်လေး နေနေသာသာ၊ မဟာလဲ့ယင်ကျောင်းတော်ကြီးတောင် မထမ်းရဲဘူး။ မဟာလဲ့ယင် ကျောင်းတော်ကြီးရဲ့ လက်ရှိ ကျောင်းထိုင်ဆရာတော် ဗာဂျရာစစ်မှန်ဗုဒ္ဓ ကိုယ်တိုင် ဒီမှာရှိနေရင်တောင် ငါက စကားလေးခွန်း ပြောလိုက်ရုံနဲ့ ငါ့ကို အတင်းအဓမ္မ ခေါ်သွားရဲမှာ မဟုတ်ဘူး”

“အောမီထောဖော်”

သုအယ်သည် ကြည်ညိုလေးစားစွာ ကြည့်လိုက်၏။

“စီနီယာ၊ စစ်မှန်ဗုဒ္ဓဆိုတဲ့ ဘွဲ့တော်က ပေါ့ပေါ့တန်တန် သဘောထားရမဲ့ အရာမဟုတ်ဘူး။ စကားပြောဆိုရာမှာ သတိထားဖို့ တောင်းဆိုပါတယ်”

“အမှန်အတိုင်း ပြောတာက မရိုသေတာလား”

ရွှေလင်းယုန်ဘုရင်သည် တစ်ဖြည်းဖြည်း စိတ်မရှည် ဖြစ်လာသည်။ သူ့ထံမှ ထွက်ပေါ်နေသော ဖိအားများမှာ ပိုမိုပြင်းထန်လာပြီး အေးစက်စွာ ပြောလိုက်၏။

“ငါ အဲဒီ ဗာဂျရာဘုန်းကြီးအိုကြီးနဲ့ တွေ့တုန်းက မင်းအဖေတောင် မမွေးသေးဘူး။ ငါ စိတ်မတိုခင် ခုချက်ချင်း ထွက်သွားစမ်း”

သုအယ်သည် အခြေအနေကို နားမလည်သူ မဟုတ်ပေ။ သူသည် ချက်ချင်းပင် ဦးညွှတ်လိုက်သည်။

“ဘုန်းကြီးလေးကို ခွင့်ပြုပါဦး”

“ဟမ့် ရွှေတောင်ပံတောင်ပံလင်းယုန်ဘုရင်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ၎င်းကို ဂရုမစိုက်တော့ချေ။

ပတ်ဝန်းကျင်ရှိ ကြေးစားများမှာ ဤမြင်ကွင်းကို ကြည့်ပြီး ရွှေတောင်ပံလင်းယုန်ဘုရင်အပေါ် ပိုမို ကြည်ညိုလေးစားလာကြသည်။

သူတို့အတွက်မူ မဟာလဲ့ယင် ကျောင်းတော်ကြီး၏ ကျောင်းထိုင်ဆရာတော်မှာ မှန်းဆ၍မရနိုင်သော၊ လက်လှမ်းမမီနိုင်သော ပုဂ္ဂိုလ်ကြီးပင်။

သို့သော် သူတို့ရှေ့မှ သူသည် ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီးအကြောင်းကို ပေါ့ပေါ့ပါးပါး ပြောဆိုရဲသည်မှာ အမှန်တကယ်ပင် မှန်းဆ၍မရနိုင်လောက်အောင် အစွမ်းထက်သူ ဖြစ်ရပေမည်။

ယိုယွင်းနေသော ဘုရားကျောင်းအတွင်းဝယ် သူဖုန်းစားလေးတစ်စုမှာ ခန့်ညားထည်ဝါသော ရွှေလင်းယုန်ဘုရင်ကို အံ့ဩတကြီး ငေးကြည့်နေကြပြီး သူတို့မျက်လုံးများမှာ အားကျနှစ်သက်မှုများဖြင့် ပြည့်နှက်နေ၏။

အစွမ်းထက်သူ ဖြစ်လိုသော ပြင်းပြသည့် ဆန္ဒများ သူတို့ နှလုံးသားထဲတွင် တောက်လောင်လာသည်။

အချင်းချင်း အကြည့်ချင်း ဖလှယ်ပြီးနောက် သူတို့ ချူဖုန်းတို့အုပ်စုနောက်သို့ လိုက်လာကြသည်။ အစ်မကြီးဖြစ်သူသာလျှင် ထိုနေရာတွင် ငေးငိုင်လျက် ကျန်ရစ်ခဲ့၏။

မကြာမီတွင် အခြားသူများသည် ချူဖုန်း၏ ရထားလုံးလမ်းကို ပိတ်လိုက်ကြသည်။

ရွှေလင်းယုန်ဘုရင်က ဖယ်ခိုင်းရန် မအော်ဟစ်ရသေးခင်မှာပင် သူဖုန်းစားလေးများအားလုံး မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြသည်။

“ကျွန်တော်တို့ကို တပည့်အဖြစ် လက်ခံပေးဖို့ စီနီယာကို တောင်းပန်ပါတယ်”

ထိုနေရာရှိ ကျန်ရှိနေသူများမှာ သူဖုန်းစားလေးများထံသို့ အကြည့်များ ရောက်သွားကြသည်။

လူငယ်ကြေးစားများမှာမူ ပိန်လှီသော ကလေးငယ်များကို မနာလို ဖြစ်သွားမိသည်။

ဤမျှ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးကို တပည့်အဖြစ် လက်ခံရန် ရှေ့သို့တက်၍ တောင်းပန်ရဲသည့် ထိုကလေးများ၏ သတ္တိကို မနာလိုဖြစ်မိခြင်းပင်။

ကြေးစားများတွင်လည်း ထိုကဲ့သို့သော ဆန္ဒများ ရှိနေသော်လည်း ထိုသို့ မလုပ်ရဲချေ။

ရွှေလင်းယုန်ဘုရင်သည် ခဏမျှ တန့်သွားပြီးနောက် ချူဖုန်းဘက်သို့ လှည့်ကာ တည်ကြည်စွာ ပြောလိုက်သည်။

“ငါက တပည့်လက်မခံဘူး။ မင်းတို့ တပည့်ခံချင်ရင် ငါ့ရဲ့ ညီအစ်ကိုဆီမှာ သွားတောင်းပန်ကြ”

သူဖုန်းစားလေးများသည် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ချူဖုန်းဘက်သို့ လှည့်ကာ ဒူးထောက်လိုက်ကြသည်။

ချူဖုန်းသည် သူ့လက်ကို အသာအယာ မြှောက်ပြီး ဒူးထောက်ခွင့်မပြုဘဲ တားဆီးလိုက်၏။ သူက တည်ငြိမ်စွာ ပြောလိုက်သည်။

“ငါက သန်းပေါင်းများစွာထဲမှာ တစ်ယောက်တည်းရှိတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တွေကိုပဲ တပည့်အဖြစ် လက်ခံတယ်။ တကယ်လို့ မင်းတို့ကိုယ်မင်းတို့ အဲဒီလို ပါရမီရှင်မျိုးလို့ ယုံကြည်ရင် မတ်တတ်ရပ်လိုက်ကြ”

ဤစကားအပေါ် ရွှေလင်းယုန်ဘုရင်နှင့် ပင်းယန်တို့မှာ မည်သည့်တုံ့ပြန်မှုမျှ မပြကြချေ။ သူတို့အမြင်တွင် ချူဖုန်း၏ စကားမှာ လုံးဝ ကျိုးကြောင်းဆီလျော်သည်။

ချူဖုန်းကဲ့သို့ သူတော်စင်တစ်ပိုင်း ထံတွင် တပည့်ဖြစ်ဖို့ နေနေသာသာ၊ ဝမ်တောက်ကျောင်းတော်သို့ ဝင်ခွင့်ရရန်ပင် ထူးကဲသော ပါရမီ လိုအပ်သည်။

ဘုန်းကြီးသုအယ်ရော ကြေးစားများပါ စကားမပြောကြချေ။

‘တာအိုကို ပေါ့ပေါ့တန်တန် မဖြန့်ဝေရ’ ဟူသော အခြေခံသဘောတရားကို သူတို့ နားလည်ကြသည်။

သူဖုန်းစားလေးများထဲမှ တစ်ဦးဦးများ ကံကောင်းသွားမလားဟုသာ စောင့်ကြည့်နေကြ၏။

“ကျွန်တော်... ကျွန်တော်က အဲဒီ သန်းပေါင်းများစွာထဲက တစ်ယောက်ဆိုတဲ့ ပါရမီရှင်ပါ”

ကောက်ရိုးဖိနပ်စီး၊ ဖျင်ကြမ်းအင်္ကျီ နှင့် နောက်ဘက်တွင် ပေါက်ပြဲနေသော ဘောင်းဘီကို ဝတ်ထားသည့် နှုတ်ခမ်းထူထူနှင့် ကောင်လေးတစ်ယောက်က ခိုင်မာသော မျက်လုံးများဖြင့် အားမာန်ပါပါ ကြေညာလိုက်သည်။

ချူဖုန်းသည် ထိုကောင်လေးကို ကမ္ဘာပျက်မျက်ဝန်းဖြင့် တစ်ချက်ကြည့်လိုက်ရာ ထိုကောင်လေးမှာ နေရာတွင်ပင် လဲကျသွားတော့သည်။

“ကံမကောင်းစွာနဲ့ပဲ၊ မင်းက မဟုတ်ဘူး”

ကျန်ရှိနေသော သူဖုန်းစားများမှာ ထိုစကားကို ကြားလိုက်ရသောအခါ မတ်တတ်ရပ်ရန် သတ္တိပင် မရှိတော့ချေ။

ချူဖုန်းက လက်ဝှေ့ယမ်းလိုက်သည်။ “မင်းတို့အားလုံး ဖယ်ပေးကြတော့”

“ဟုတ်ကဲ့ပါ ခင်ဗျာ”

သူဖုန်းစားလေးများက တစ်ပြိုင်နက်တည်း ပြန်ထူးလိုက်ကြပြီး သတိမေ့နေသော နှုတ်ခမ်းထူထူနှင့် ကောင်လေးကို ထမ်း၍ ထွက်သွားကြတော့သည်။

ချူဖုန်းသည် ကမ္ဘာပျက်မျက်ဝန်းဖြင့် ရှိသမျှလူအားလုံးကို ဝေ့ကြည့်လိုက်သည်။

အများစုမှာ သာမန်ဘဝဖြင့်သာ ရှင်သန်ရမည့် ကံပါလာသူများ ဖြစ်ကြသည်။ ဘုန်းကြီးသုအယ်နှင့် လူဝင်စားကလေးငယ်တို့သာ ထိုကံကြမ္မာမှ လွတ်မြောက်သွား၏။

ဟင်...

ချူဖုန်းသည် သူ့အကြည့်ကို ပြန်ရုပ်သိမ်းတော့မည့်အချိန်မှာပင် မြင့်မားလှသော သွေးနီရောင် ကံကြမ္မာအရှိန်အဝါတစ်ခုကို ရုတ်တရက် သတိပြုမိလိုက်၏။

သေချာကြည့်လိုက်သောအခါ ဤအရှိန်အဝါတွင် ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒများ ရောယှက်နေသည်။

ထိုသတ်ဖြတ်ခြင်းစိတ်ဆန္ဒကြောင့်ပင် သူမ၏ ကံကြမ္မာမှာ အထွဋ်အထိပ်သို့ ရောက်နေခြင်း ပင်။

တိတိကျကျ ပြောရလျှင် ဤသည်မှာ သွေးနတ်ဆိုးကံကြမ္မာပင် ဖြစ်၏။ ထိုကံကြမ္မာကို ပိုင်ဆိုင်သူများသည် နောင်တစ်ချိန်တွင် နတ်ဆိုးလမ်းစဉ်ကျင့်ကြံသူများ ဖြစ်လာရန် ကံပါလာသူများ ဖြစ်သည်။

ထို့ပြင် ဤမိန်းကလေး၏ နှလုံးသားမှာ သာမန်လူသားများနှင့် မတူပေ။ သူမတွင် လူသားနှလုံးသားမရှိဘဲ နတ်ဆိုးနှလုံးသား ရှိနေသည်။

‘စိတ်ဝင်စားစရာပဲ’

ချူဖုန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်သွားသည်။

“မိန်းကလေး၊ ဒီကိုလာခဲ့စမ်း၊ ငါ တစ်ချက်လောက် ကြည့်ပါရစေ”

သူက ထိုသို့ပြောလိုက်သည်နှင့် အားလုံး၏ အကြည့်များမှာ ထိုမိန်းကလေးငယ်ထံသို့ ရောက်သွားကြသည်။

သုအယ်သည် သေသေချာချာ ကြည့်လိုက်သောအခါ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

“ဒါ... ဒီမိန်းကလေးက နိမိတ်မကောင်းဘူး”

အနီးနားရှိ ကြေးစားများမှာ မသိစိတ်ဖြင့် အသက်ရှူမှားသွားကြ၏။

ကျင့်ကြံမှု မြင့်မားသော ဘုန်းကြီးတစ်ပါးကပင် နိမိတ်မကောင်းဟု သတ်မှတ်လိုက်သည်ဆိုလျှင် ဤမိန်းကလေးမှာ အမှန်တကယ်ပင် ပြဿနာပင်။

ထိုစကားကို ကြားလိုက်ရသောအခါ အစ်မကြီးဖြစ်သူမှာ မသိစိတ်ဖြင့် ဟောင်းနွမ်းနေသော ဘုရားကျောင်းအတွင်းသို့ ပြန်ပြေးဝင်သွား၏။

ဝူလေးသည် သုအယ်၏ ရှေ့သို့ အမြန်ပိတ်ရပ်လိုက်သည်။

“စီနီယာ၊ ကျေးဇူးပြုပြီး အစ်မကြီးကို နာကျင်အောင်မလုပ်ပါနဲ့”

သုအယ်သည် တစ်ခုခုပြောလိုပုံရသော်လည်း နောက်ဆုံးတွင် ချူဖုန်းဘက်သို့ အကြည့်လွှဲလိုက်သည်။

သူ့ရှေ့မှ လူသား၏ အကြောင်းကို မသိသော်လည်း ရွှေလင်းယုန်ဘုရင်က ညီအစ်ကိုဟု ခေါ်ဝေါ်သောသူမှာ သာမန်လူတစ်ယောက် မဖြစ်နိုင်သည်မှာ သေချာပါ၏။

ချူဖုန်းသည် ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် ဘုရားကျောင်းအတွင်းသို့ ချက်ချင်း ရောက်ရှိသွားသည်။ သူ၏ တစ္ဆေတစ်ကောင်ကဲ့သို့ လျင်မြန်လှသော လှုပ်ရှားမှုကြောင့် ကြေးစားများမှာ ကြက်သီးမွှေးညှင်းများ ထလာကြသည်။

သူတို့ စိတ်ထဲတွင် တွေးမိသည်။

‘မနေ့က ဒီလူကြီးမင်းကို မစော်ကားမိတာ တော်သေးတယ်’

အစ်မကြီးဖြစ်သူမှာ မသိစိတ်ဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး သူမရှေ့မှ လူသားကို ထိတ်လန့်တကြားနှင့် အားကိုးရာမဲ့သော မျက်လုံးများဖြင့် စိုက်ကြည့်နေမိ၏။

သူမသည် သူမကိုယ်သူမ ကောင်းကောင်း ဖုံးကွယ်ထားနိုင်သည်ဟု ထင်ခဲ့သော်လည်း သူမ မည်သူမည်ဝါဖြစ်ကြောင်းကို ဤလူသားက မြင်သွားလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ချေ။

“မကြောက်ပါနဲ့ မိန်းကလေး။ မင်းက လူသားမဟုတ်ဘူးဆိုတာ ငါသိပါတယ်”

ဒုန်း။

အစ်မကြီးဖြစ်သူမှာ ထိတ်လန့်လွန်းသဖြင့် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

သူဖုန်စားအုပ်စုမှာ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏ “အစ်မကြီး”

၎င်းတို့အားလုံး ဘုရားကျောင်းအတွင်းသို့ ပြေးဝင်ရန် ကြိုးစားသော်လည်း သုအယ်က တားဆီးထားလိုက်သည်။

သူသည် ကလေးများကို ကြည့်ကာ ပြောလိုက်သည်။

“စိတ်အေးအေးထားကြစမ်း။ အဲဒီလူကြီးမင်း ဘာလုပ်မလဲဆိုတာ စောင့်ကြည့်ကြရအောင်”

ဝူလေးမှာ စကားပြောလိုသော်လည်း မည်သည့်စကားမျှ ထွက်မလာချေ။

“ရှင်... ရှင် ဘာလိုချင်လို့လဲ”

အစ်မကြီးဖြစ်သူသည် ချူဖုန်းကို ကြည့်ရင်း မသိစိတ်ဖြင့် နောက်သို့ ဆုတ်နေ၏။

ချူဖုန်းက ပြုံးလိုက်ကာ ပြောသည်။

“စိတ်မလှုပ်ရှားပါနဲ့။ ငါက ကလေးတွေကို စားတဲ့သူ မဟုတ်ဘူး။ ငါ မင်းကို မေးချင်တာက ငါ့ရဲ့ တပည့်အဖြစ် ခံယူဖို့ မင်း ဆန္ဒရှိသလား”

အစ်မကြီးဖြစ်သူ “ ….”

ကျန်ရှိနေသူများအားလုံး”….”

ဘုန်းကြီးသုအယ်က ပြောလိုက်သည်။ “စီနီယာ၊ စီနီယာ မလုပ်သင့်ပါဘူး”

ရွှေလင်းယုန်ဘုရင်က ချက်ချင်းပင် စကားဖြတ်လိုက်သည်။ “ပါးစပ်ပိတ်ထားစမ်း”

ဘုန်းကြီးသုအယ် “...”

“တ...တကယ်လား”

အစ်မကြီးဖြစ်သူမှာ သူမ ခုလေးတင် ကြားလိုက်ရသည်ကို ယုံကြည်ရန် ခက်ခဲနေဆဲ ဖြစ်ပြီး ကြောက်ကြောက်လန့်လန့်ဖြင့် မေးလိုက်သည်။

“ဒါပေမဲ့ အရင်တုန်းက လူယောက်က ကျွန်မကို မွေးရာပါ နတ်ဆိုးမျိုးစေ့၊ လောကကြီးကို သွေးချောင်းစီးစေမဲ့သူလို့ ပြောခဲ့ဖူးတယ်။ ဒါကြောင့် ကျွန်မ ဘယ်သူလဲဆိုတာ သိတာနဲ့ လူတွေက ကျွန်မကို သတ်ဖို့ပဲ အမြဲ ကြိုးစားကြတယ်”

ချူဖုန်းက ရယ်မောလိုက်သည်။

“အဲဒါက ငါနဲ့ ဘာဆိုင်လို့လဲ။ မင်းက အခုတော့ ခန္ဓာသန့်စင်ခြင်းအဆင့်ရှိတဲ့ မိန်းကလေးငယ်လေးပဲ ရှိသေးတာ။ နောင်တစ်ချိန်မှာ မင်းက မဟာနတ်ဆိုး ဖြစ်လာရင်တောင် ငါက လက်ဖျောက်တစ်ချက် တီးလိုက်ရုံနဲ့ မင်းကို ဖျက်ဆီးပစ်နိုင်ပါတယ်”

“ဒါဆို... ဒါဆို ဘာလို့ ကျွန်မကို တပည့်အဖြစ် လက်ခံချင်ရတာလဲ”

ချန်ကျင်းကျင်းသည် ထိုသူ ဘာတွေးနေသည်ဆိုသည်ကို နားမလည်နိုင်ချေ။

ချူဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်းက ပါရမီရှင်တစ်ယောက်မို့လို့ပဲ။ ငါ မင်းကို တပည့်အဖြစ် ခေါ်ချင်တယ်။ ဒါ့အပြင် မင်းရဲ့ အနာဂတ်က မင်းရဲ့ လက်ထဲမှာပဲ ရှိတာ။ မင်းက နတ်ဆိုးတစ်ယောက် မဖြစ်ချင်ဘူးဆိုရင် ဖြစ်လာမှာ မဟုတ်ဘူး။ ဒါမှမဟုတ်... မင်းက ဖြစ်ချင်နေတာလား”

ဤစကားများသည် ချန်ကျင်းကျင်း၏ နားထဲသို့ မှောင်မိုက်နေသော နေရာတွင် အလင်းတန်းတစ်ခု ဖြတ်သန်းသွားသကဲ့သို့ ဝင်ရောက်သွားခဲ့၏။

သူမ တစ်သက်တာလုံးတွင် လူအများက သူမကို ဘာကြောင့် နတ်ဆိုးဟု ခေါ်သည်ကို မသိခဲ့ချေ။ သူမ မည်သူမည်ဝါဖြစ်ကြောင်း သိသည်နှင့် လူတိုင်းမှာ သူမကို သတ်ရန်သာ ကြိုးစားခဲ့ကြသည်။

သို့သော် သူမ မည်သည့်အမှားမျှ မလုပ်ခဲ့ဖူးသလို မည်သူ့ကိုမျှလည်း မနာကျင်စေခဲ့ဖူးချေ။

သူမရှေ့မှ ဤလူတစ်ဦးတည်းသာလျှင် သူမ နတ်ဆိုးတစ်ယောက် ဖြစ်လာနိုင်သည်ကို ကောင်းကောင်းသိလျက်နှင့် သူမကို နာကျင်အောင် မလုပ်ရုံသာမက တပည့်အဖြစ်ပင် လက်ခံရန် ဆန္ဒရှိနေသည်။

ဤသည်ကိုတွေးမိရင်း ချန်ကျင်းကျင်းသည် တိတ်ဆိတ်စွာ မျက်ရည်န ဝဲလာတော့၏။ ထို့နောက် ဒူးထောက်ကာ ချူဖုန်းကို ရိုသေစွာ ဂါဝရပြုလိုက်၏။

“ဆရာ၊ တပည့်ဖြစ်သူ ချန်ကျင်းကျင်းရဲ့ ဂါရဝပြုမှုကို လက်ခံပေးပါ”

All Chapters