အခန်း (၃၀၁-၃၀၂)
Vol. 31 Ch. 301-302
အခန်း ၃၀၁ - အနိုင်အရှုံး အဆုံးအဖြတ်၊ အလောင်းများအား ရှာဖွေခြင်းနှင့် မိစ္ဆာအရိပ်မည်း၏ အသွင်အပြင်
"ပြီးသွားပြီလား"
"ဘယ်သူနိုင်သွားတာလဲ"
လူရိပ်တစ်ခု အဝေးသို့လွင့်စင်သွားပြီး အဆောက်အဦးတစ်ခုကို ဝင်တိုက်ကာ ပြိုကျသွားသည်ကို မြင်လိုက်ရသောအခါ၌ အားလုံးမှာ အံ့အားသင့်သွားကြကာ အသက်ရှူဖို့ပင် မေ့သွားကြလေသည်။
ကံဆိုးစွာပင် ဖုန်လုံးကြီးများ ထကာ ဖုံးကွယ်သွားသဖြင့် မည်သူ ထိခိုက်သွားသည်ကို ကွဲကွဲပြားပြား မမြင်ရပေ။
ဖုန်မှုန့်များ ငြိမ်ကျသွားပြီး မြင်ကွင်းရှင်းလင်းသွားသောအခါ အားလုံး၏ မျက်လုံးများ ပြူးကျယ်သွားကြတော့၏။
လုချင်းမှာ ကွင်းပြင်အလယ်တွင် တည်ငြိမ်စွာ ရပ်နေပြီး တတိယ သခင်မြတ်မှာမူ ပြိုကျနေသော အဆောက်အဦးအပျက်အစီးများကြားတွင် လဲလျောင်းနေလေသည်။ သူ၏ ရင်ဘတ်ပေါ်ရှိ သိသာထင်ရှားသော ဓားဒဏ်ရာမှ ငွေရောင်အလင်းတန်းများ မှိန်ဖျော့ဖျော့ ထွက်ပေါ်နေသည်ကို ကြည့်ခြင်းအားဖြင့် သူဝတ်ဆင်ထားသော အတွင်းခံသံချပ်ကာမှာ ဆန်းကြယ်သော ရတနာတစ်ခုဖြစ်ကြောင်း သိသာစေပါ၏။
"တတိယသခင်မြတ် ရှုံးသွားတာလား"
အားလုံး၏ အကြည့်များက တတိယသခင်မြတ်၏ ရင်ဘတ်မှ ဒဏ်ရာဆီသို့ ရောက်သွားကြပြီး မယုံကြည်နိုင် ဖြစ်နေကြသည်။
ဤရလဒ်ကို မည်သူမျှ မျှော်လင့်မထားခဲ့ကြပေ။
လုချင်း နှင့် တတိယသခင်မြတ်တို့သည် တိတ်ဆိတ်စွာပင် အကြည့်ချင်း ဖလှယ်နေကြသည်။ အချိန်အတန်ကြာမှ တတိယသခင်မြတ်က မယုံကြည်နိုင်သောလေသံဖြင့် စကားစပြောလာလေ၏။
"မင်းရဲ့ အင်အားက ဘယ်လိုလုပ် ဒီလောက်တောင် တိုးတက်လာရတာလဲ"
တတိယသခင်မြတ် အမှန်တကယ် နားမလည်နိုင် ဖြစ်နေလေ၏။
လုချင်းသည် မွေးရာပါနယ်ပယ်သို့ ယခုမှ ခြေချလိုက်ရုံသာ ရှိသေးသော်လည်း သူ၏အင်အားမှာ အကန့်အသတ်မရှိသကဲ့သို့ တရိပ်ရိပ် တက်လာနေသည်။ လုချင်းသည် အတိဒုက္ခတိမ်တိုက်များကို ဆင့်ခေါ်နိုင်သော ထူးခြားသူတစ်ယောက် ဖြစ်နေပါစေဦး၊ ဤအခြေအနေက ယုတ္တိမရှိလှပေ။
သူသည် မွေးရာပါနယ်ပယ် အစောပိုင်းအဆင့်သာ ရှိသေးသူ ဖြစ်သည်။ ကောင်းကင်အတိဒုက္ခ၏ နှစ်ခြင်းခံယူမှုကို ခံယူပြီးသည့်တိုင် ဤမျှလောက်အထိတော့ အစွမ်းထက်မနေသင့်ပေ။
သို့သော် တိုက်ပွဲအတွင်း တတိယသခင်မြတ်သည် လုချင်း၏ လွှမ်းမိုးထားသော အင်အားကို အထူးသဖြင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို ကောင်းကောင်းကြီး ခံစားလိုက်ရသည်။ အဖိုးတန်ပစ္စည်းများစွာဖြင့် ဖန်တီးထားသော သူ၏ ရုပ်သေးရုပ်ခန္ဓာကိုယ်ပင်လျှင် လုချင်း၏ ရုပ်ပိုင်းဆိုင်ရာ အားအင်သက်သက်ဖြင့် ဖိနှိပ်ခြင်းကို ခံလိုက်ရလေသည်။
"ဒါက ကျွန်တော် ကျင့်ကြံနေတဲ့ လျှို့ဝှက်နည်းလမ်းတစ်ခုကြောင့်ပါ၊ နည်းနည်းတော့ ဆန်းကြယ်မှုတွေ ရှိနေတာပေါ့ သခင်မြတ်ကို မလေးမစား ဖြစ်သွားရင် ခွင့်လွှတ်ပေးပါ" လုချင်းက လျစ်လျူရှုထားသော လေသံဖြင့် ပြန်ဖြေလိုက်သည်။ "ကဲ သခင်မြတ်၊ ကျွန်တော်တို့ ဆက်ကြမလား"
ထိုစကားကို ကြားသောအခါ လုချင်းသည် သူ၏ လျှို့ဝှက်ချက်ကို ထုတ်ပြောလိုခြင်း မရှိကြောင်း တတိယသခင်မြတ် နားလည်လိုက်သည်။
သူ မအံ့သြမိပါ၊ မည်သူကမျှ ကိုယ့်ကျင့်ကြံခြင်းဆိုင်ရာ လျှို့ဝှက်ချက်များကို အလွယ်တကူ ထုတ်ပြောမည် မဟုတ်ပေ။
ဘေးပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ရင်း တတိယသခင်မြတ် ခေါင်းခါလိုက်သည်။ "မလိုတော့ပါဘူး မင်းက ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့မှတော့ ဒီတိုက်ပွဲက မင်းနိုင်တာပါပဲ"
"ဒါပေမဲ့ ငါ မင်းကို တစ်ခုတော့ သတိပေးလိုက်မယ်။ ရွှမ်ခုန်းတောင်မှာ ရွှမ်မင်းရဲ့ အဆင့်အတန်းက သာမန်မဟုတ်ဘူး။ မင်းသာ သူ့ကို တကယ်သတ်ချင်တယ်ဆိုရင် ရွှမ်ခုန်းတောင်ရဲ့ အငြိုးအတေး ဒေါသတွေကို ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားလိုက်ပါ"
ထိုသို့ပြောပြီးသည်နှင့် တတိယသခင်မြတ်၏ ခန္ဓာကိုယ်သည် ရုတ်တရက် လေပေါ်သို့ မြောက်တက်သွားပြီး အမိုးများကို ပေါ့ပါးစွာ နင်းလျက် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေတော့၏။ ရွှမ်ခုန်းတောင်မှ ကျန်ရစ်သော အဖွဲ့သားများကိုပင် လှည့်မကြည့်တော့ပေ။
တတိယသခင်မြတ် ပြတ်ပြတ်သားသား ထွက်ခွာသွားသည်ကို မြင်သောအခါ လုချင်း မျက်ခုံးပင့်လိုက်မိသည်။
ဒီလူ၏ စိတ်နေစိတ်ထားကို အနည်းငယ် နားလည်လိုက်ရသလိုပင်။
တတိယသခင်မြတ်၏ သတိပေးစကားကိုမူ လုချင်း အလေးမထားခဲ့ပေ။ ဤအခြေအနေသို့ ရောက်နေမှတော့ သူနှင့် ရွှမ်ခုန်းတောင်ကြားက ရန်ငြိုးမှာ ပြေလည်နိုင်စရာ မရှိတော့။ ရွှမ်မင်းသည် အထူးအဆင့်အတန်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရွှမ်ခုန်းတောင် ဂိုဏ်းချုပ်ကိုယ်တိုင် ရောက်လာလျှင်တောင် လုချင်းက ရွှမ်မင်းကို သတ်ရန် ဝန်လေးနေမည် မဟုတ်ပေ။
လုချင်း ငြိမ်သက်စွာ ရပ်နေပြီး အတွေးထဲ နစ်မြောနေသော်လည်း မည်သူမျှ သူ့ကို မနှောင့်ယှက်ရဲကြ။ ခဏအကြာတွင် သူသည် အပျက်အစီးများကြားတွင် တစ်ပိုင်းတစ်စ မြုပ်နေသော ရွှမ်မင်း ရှိရာသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။
ရွှမ်မင်း၏ ကံတရားမှာ မဆိုးလှဟု ဆိုရမည်။ လုချင်းနှင့် တတိယသခင်မြတ်တို့၏ ပြင်းထန်သော တိုက်ပွဲကြားတွင် ဓားချက်များ၊ စွမ်းအင်များ ပလူပျံနေခဲ့သော်လည်း အများစုမှာ သူ့ကို ရှောင်လွှဲသွားကြ၏။ အနားသို့ ကပ်လာသော စွမ်းအင်အချို့ကိုလည်း သူဝတ်ဆင်ထားသည့် အနီရောင်သင်္ကန်းက ကာကွယ်ပေးထားခဲ့သည်။
သို့သော် ရွှမ်ခုန်းတောင်မှ အခြားဘုန်းကြီးများမှာမူ ထိုမျှ ကံမကောင်းခဲ့ကြဘဲ တိုက်ပွဲ၏ ဂယက်ရိုက်ခတ်မှုကြောင့် သေဆုံးကုန်ကြသည်။ ဤသည်မှာလည်း တတိယသခင်မြတ် ရုတ်တရက် ထွက်ခွာသွားရသည့် အကြောင်းရင်းတစ်ခု ဖြစ်လေသည်၊
ဘုန်းကြီးအချို့၏ သေဆုံးမှုမှာ သူ၏ လက်ချက်လည်း ပါနေသောကြောင့်ပင်။
ရွှမ်မင်း၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော်နေသည်။ တတိယသခင်မြတ် ထွက်ခွာသွားသည်ကို မြင်လိုက်ရချိန်ကတည်းက သူ့ကံကြမ္မာ အဆုံးသတ်ပြီဖြစ်ကြောင်း သူသိလိုက်၏။
ထို့ကြောင့် လုချင်း အနားရောက်လာသောအခါ၌ အသက်ချမ်းသာပေးရန် တောင်းပန်ခြင်းမပြုတော့ဘဲ အမုန်းတရားများ ပြည့်နှက်နေသော မျက်လုံးများဖြင့် စူးစိုက်ကြည့်ကာ ကျိန်ဆဲလေတော့သည်။
"ဟေ့ကောင် မိစ္ဆာကောင် မင်း သိပ်မဘဝင်မြင့်နဲ့ဦး တစ်နေ့ကျရင် ရွှမ်ခုန်းတောင်က ငါတို့အတွက် လက်စားချေပြီး ဒီလောကကြီးထဲကနေ မင်းကို ရှင်းထုတ်ပစ်မှာ။"
လုချင်း ဘာမှ ပြန်မပြောပေ။ သူ၏ မျက်နှာထားက ခံစားချက်ကင်းမဲ့နေပြီး ဓားကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သည်။
ရွှမ်မင်း ဝတ်ဆင်ထားသော အနီရောင်သင်္ကန်းမှ အလင်းတန်းများ ထွက်ပေါ်လာသော်လည်း အသုံးမဝင်တော့ပေ။ ဓားချက်က အလွယ်တကူပင် ဖြတ်တောက်သွားပြီး နောက်တစ်ခဏ၌ ရွှမ်မင်း၏ခေါင်း ပြတ်ထွက်သွားကာ ရွှမ်ခုန်းတောင်မှ အထက်တန်းစား ဘုန်းကြီးတစ်ပါး၏ ဘဝနိဂုံးချုပ်သွားလေသည်။
ရွှမ်မင်းကို သတ်ပြီးနောက် လုချင်းက မြေကြီးကို ခြေထောက်ဖြင့် ခပ်ဖွဖွ နင်းလိုက်ရာ မြေပြင်တုန်ခါသွားပြီး ရွှမ်မင်း၏ အလောင်းမှာ မြေကြီးထဲမှ ပေါ်ထွက်လာသည်။ ဓားဖြင့် တစ်ချက် ပင့်တင်လိုက်ပြီး ရွှမ်မင်း၏ အနီရောင်သင်္ကန်းကို ကောက်ယူကာ အလောင်းအား စစ်ဆေးရှာဖွေခြင်းကို စတင်လေတော့သည်။
စုဝေးနေကြသော ကျွမ်းကျင်သိုင်းပညာရှင်များမှာ လုချင်းက မျက်စိရှေ့တွင်ပင် အလောင်းများထံမှ ပစ္စည်းများ လုယက်ရှာဖွေနေသည်ကို မြင်သောအခါ၌ အံ့သြသွားကြသည်။
မွေးရာပါနယ်ပယ်မှ ဝါရင့်သိုင်းပညာရှင်ကြီးများပင်လျှင် ဤမြင်ကွင်းကြောင့် မျက်ခုံးလှုပ်မိကြသည်။
ထိပ်သီးသိုင်းပညာရှင်တစ်ယောက် ဖြစ်ပါလျက်နှင့် လုချင်းက ဂုဏ်သိက္ခာကို ဂရုမစိုက်ဘဲ ဤသို့ပြုလုပ်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။
မကောင်းသော ရည်ရွယ်ချက်သူအချို့မှာမူ စိတ်ပျက်သွားကြသည်။ ရွှမ်မင်း၏ အနီရောင်သင်္ကန်း အစွမ်းကို မြင်ဖူးကြသဖြင့် ထိုအရာသည် လုချင်း၏ ဓားချက်ကိုပင် ခံနိုင်ရည်ရှိသော ရှားပါးရတနာတစ်ခု ဖြစ်ကြောင်း အားလုံးသိကြသည်။
လုချင်း ထွက်သွားလျှင် ကျန်ရစ်သော ပစ္စည်းများကို ကောက်ယူရန် ကြံစည်ထားသော်လည်း လုချင်း၏ ပြောင်ပြောင်တင်းတင်း လုပ်ရပ်ကြောင့် မျှော်လင့်ချက်များ ပျက်သုဉ်းသွားရတော့၏။
သူ၏ လုပ်ရပ်မှာ သမားရိုးကျ မဟုတ်သော်လည်း မည်သူမျှ ဝေဖန်ရဲခြင်း မရှိပေ။ လျှို့ဝှက်နယ်မြေများထဲမှ တစ်ခုဖြစ်သော ချင်းယန်ဘုရားကျောင်းမှ တာအိုဆရာ ယန်မင်းပင်လျှင် နှုတ်ဆိတ်နေလေ၏။
ဘာပဲပြောပြော လုချင်းသည် တတိယသခင်မြတ်ကို ထိပ်တိုက်တိုက်ပွဲတွင် အနိုင်ယူခဲ့သူ ဖြစ်သည်။ လျှို့ဝှက်နည်းလမ်းကို သုံးသည်ဖြစ်စေ၊ အခြားနည်းကို သုံးသည်ဖြစ်စေ ဤအောင်ပွဲက သူ့အား ကမ္ဘာ့ထိပ်သီး သိုင်းပညာရှင်များစာရင်းတွင် နေရာတစ်နေရာ ရရှိစေခဲ့ပြီ ဖြစ်သည်။ ရှိနေကြသော သိုင်းပညာရှင်များထဲတွင် မည်သူမျှ သူ့ဓားချက်ကို ယှဉ်နိုင်သူ မရှိပေ။
ရွှမ်မင်းနှင့် ရွှမ်ခုန်းတောင်မှ အခြားအကြီးအကဲများ၏ အလောင်းများကို သေသေချာချာ ရှာဖွေပြီးနောက် လုချင်းသည် ပစ္စည်းအတော်များများကို ရရှိလိုက်သည်။ အထူးသဖြင့် အနီရောင်သင်္ကန်း၊ ရွှေရောင်သပိတ်နှင့် ဆန်းကြယ်သော အဖြူရောင် ကျောက်စိမ်းပုလင်းတို့မှာ သူ့အတွက် အလွန်တန်ဖိုးရှိသော ပစ္စည်းများ ဖြစ်သည်။
ပစ္စည်းအားလုံးကို အနီရောင်သင်္ကန်းထဲတွင် ထုပ်ပိုးလိုက်ပြီး လုချင်းသည် မည်သူ့ကိုမျှ စကားမပြောဘဲ တည်ငြိမ်စွာပင် ထွက်ခွာသွားသည်။ အခြားသော မွေးရာပါနယ်ပယ် သိုင်းပညာရှင်များက သူ့ကို တားဆီးရဲခြင်း မရှိပေ။ ဖြစ်ပျက်ခဲ့သည်များကို ကြည့်ခြင်းအားဖြင့် ဤလူငယ်သည် ထူးကဲသော မာန်မာနရှိသူဖြစ်ကြောင်း အားလုံးနားလည်သဖြင့် မည်သူကမျှ သူ့ဒေါသကို မဆွရဲကြပေ။
ထွက်ခွာသွားရင်းမှ လုချင်းသည် နံရံတစ်ခုရှေ့တွင် ရုတ်တရက် ရပ်တန့်လိုက်ပြီး မှောင်ရိပ်ကျနေသော ထောင့်တစ်နေရာသို့ စူးစိုက်ကြည့်လိုက်သည်။
ထိုနေရာတွင် ပုန်းအောင်းနေသော အရိပ်မည်းမှာလည်း ရုတ်တရက် ကြောက်ရွံ့သွားလေ၏။ "သူ ငါ့ကို သတိထားမိတာလား။ မဖြစ်နိုင်တာ ငါ့ရဲ့ ပုန်းကွယ်ခြင်းနည်းစနစ်က အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရောက်နေသူတွေတောင် ရှာမတွေ့နိုင်ဘူးလေ သူက မွေးရာပါနယ်ပယ်အဆင့်ပဲ ရှိသေးတာ ဘယ်လိုလုပ် သတိထားမိမှာလဲ။"
သို့သော် လုချင်းက ထိုနေရာကို ဆက်လက် စိုက်ကြည့်နေသဖြင့် အရိပ်မည်း၏ စိုးရိမ်စိတ်များ တိုးပွားလာတော့၏။ နောက်ဆုံးတွင် လုချင်း၏ မျက်နှာ၌ သဘောပေါက်သွားသော အရိပ်အယောင် ပေါ်လာသည်။
"ငါ ထင်သားပဲ။ စောစောကတည်းက တစ်ယောက်ယောက် ငါ့ကို ချောင်းကြည့်နေသလို ခံစားနေရတာ မင်းဖြစ်နေတာကိုး"
"သူ တကယ်ပဲ ငါ့ကို မြင်နေရတာပဲ"
မိမိ ပေါ်သွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် အရိပ်မည်းမှာ ထိတ်လန့်သွားတော့၏။ လုချင်း မည်သို့ သိရှိသွားသည်ကို တွေးတောနေရန်ပင် အချိန်မရလိုက်ဘဲ ထက်ရှသော ဓားစွမ်းအင်တစ်ခုက သူ့ဆီသို့ တဟုန်ထိုး ဝင်ရောက်လာသည်။
ဝုန်း
လုချင်း၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်မှာ ကြောက်ခမန်းလိလိ ဖြစ်နေပြီဖြစ်သည်။ သာမန် ဓားချက်တစ်ချက်ကပင် ကြီးမားသော စွမ်းအင်များ သယ်ဆောင်လာပြီး ထောင့်နေရာတစ်ခုလုံးကို ချက်ချင်း ပြိုပျက်သွားစေကာ အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်ကို ပုန်းခိုရာမှ ထွက်လာရန် ဖိအားပေးလိုက်နိုင်လေသည်။
"ဘာဖြစ်သွားတာလဲ"
"အဲဒါ ဘယ်သူလဲ"
"ဒီနေရာမှာ လူတစ်ယောက် ပုန်းနေတာ ဒီလောက်ကြာတာတောင် ငါတို့ သတိမထားမိပါလား"
"သူက မိစ္ဆာလမ်းစဉ်ကျင့်တဲ့ သူပဲ"
ရုတ်တရက် အပြောင်းအလဲကြောင့် စုဝေးနေကြသော မွေးရာပါနယ်ပယ် သိုင်းပညာရှင်များ လန့်ဖျပ်သွားကြသည်။ လုချင်းက သာမန် ဓားချက်တစ်ချက်ဖြင့် လျှို့ဝှက်လူတစ်ယောက်ကို ဖော်ထုတ်လိုက်နိုင်သည်ကို မြင်သောအခါ၌ ပို၍ပင် အံ့အားသင့်သွားကြတော့၏။
တာအိုဆရာ ယန်မင်း တစ်ဦးတည်းသာလျှင် ထိုလူ၏ အရှိန်အဝါကို မှတ်မိလိုက်ပြီး သူ၏ မျက်လုံးများတွင် စူးရှသော အကြည့်များ ပေါ်လာသည်။ "သခင်လေးလု ၊ အဲဒီလူက မိစ္ဆာလမ်းစဉ်ကျင့်တဲ့သူပဲ။ သူ့ကို လွတ်မသွားစေနဲ့"
ထိုသို့ပြောပြီးသည်နှင့် သူသည် ရှေ့သို့ ခုန်ဝင်လိုက်သည်။
မိစ္ဆာလမ်းစဉ်
ထိုစကားလုံးကို ကြားလိုက်ရသည်နှင့် အားလုံး၏ ခန္ဓာကိုယ်များ အေးစက်သွားပြီး ထွက်ပြေးနေသော အနက်ရောင်လူရိပ်ကို စိုက်ကြည့်လိုက်ကြသည်။ သူတို့ မြင်လိုက်ရသော မြင်ကွင်းကြောင့် အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
"မြန်လိုက်တာ"
အနက်ရောင် ဝတ်စုံနှင့်လူသည် အလွန်လျင်မြန်စွာ ရွေ့လျားသွားသဖြင့် အမြန်နှုန်းတွင် နာမည်ကြီးသော မွေးရာပါနယ်ပယ် သိုင်းပညာရှင်များပင်လျှင် ဖုန်မှုန့်များကိုသာ ငေးကြည့်ကျန်ရစ်ခဲ့ရသည်။
"မင်းက ပြေးလို့ လွတ်မယ်ထင်နေလား"
လွန်ခဲ့သော ရက်အနည်းငယ်က လမ်းမပေါ်တွင် သူတို့ကို ချောင်းမြောင်းကြည့်ရှုခဲ့သူနှင့် ဟူကျိကျစ်၏ ကပ်ဘေးကို ဖြစ်စေသူမှာ ဤလူပင်ဖြစ်ကြောင်း မှတ်မိလိုက်သဖြင့် လုချင်းသည် ချက်ချင်းပင် ဓားစွမ်းအင်ကို ထုတ်လွှတ်ကာ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားသည်။
သို့သော် အနက်ရောင်ဝတ်စုံနှင့်လူသည် မည်မျှပင် လျင်မြန်ပါစေ၊ ဓားစွမ်းအင်၏ အမြန်နှုန်းကိုတော့ မယှဉ်နိုင်ပေ။ တစ်ခဏအတွင်းမှာပင် လုချင်း၏ ဓားစွမ်းအင်က သူ့ကို မှီသွားသည်။
ဓားစွမ်းအင်အတွင်းမှ ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိလိုက်သဖြင့် ထိုလူ၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပေါ်လာသည်။
လုချင်းသာ သူ့ကို ဖမ်းမိသွားပါက သေချာပေါက် သေလမ်းသာ ရှိတော့သည်။ သူသည် မွေးရာပါနယ်ပယ်သို့ ဝင်ရောက်ထားသော်လည်း သူ၏ မိစ္ဆာခန္ဓာကိုယ်မှာ အပြည့်အဝ မဖြစ်ပေါ်သေးဘဲ သူ၏ အစစ်အမှန် စွမ်းအားမှာ သာမန် မွေးရာပါနယ်ပယ် သိုင်းပညာရှင်အဆင့်လောက်သာ ရှိသေးသည်။ တတိယသခင်မြတ်ကိုပင် အနိုင်ယူခဲ့သော လုချင်းကဲ့သို့ မကောင်းဆိုးဝါး ပါရမီရှင်မျိုးနှင့် ရင်ဆိုင်ရပါက သူ့တွင် အနိုင်ရရန် အခွင့်အရေး လုံးဝမရှိပေ။
ဤအချက်ကို သဘောပေါက်လိုက်သဖြင့် ထိုလူသည် လက်နက်လျှို့ဝှက်ထား၍ မဖြစ်တော့ကြောင်း သိလိုက်သည်။ အံကိုတင်းတင်းကြိတ်လျက် သူ၏ မိစ္ဆာစွမ်းအင်များကို ထုတ်လွှတ်လိုက်ရာ ခန္ဓာကိုယ် တုန်ခါသွားပြီး ထပ်တူညီသော ခန္ဓာကိုယ် သုံးခုအဖြစ် ကွဲထွက်သွားကာ လုချင်း၏ ဓားစွမ်းအင်ကို သီသီလေး ရှောင်လွှဲလိုက်နိုင်လေသည်။
"ဟမ်"
ထိုလူ၏ ဆန်းကြယ်ပြီး လျင်မြန်သော လှုပ်ရှားမှုကို မြင်လိုက်ရသောအခါ၌ လုချင်းသည် တွေဝေမနေဘဲ ဓားချက်ပေါင်းများစွာကို ဆက်တိုက် ထုတ်လွှတ်လိုက်ရာ အနက်ရောင်ဝတ်စုံနှင့်လူ ရှိနေသော ဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့၏။
ယခုတစ်ကြိမ်တွင် လုချင်း၏ ဓားစွမ်းအင်မှာ အလွန်ကျယ်ပြန့်ပြီး ဧရိယာအနှံ့ ဖြန့်ကျက်သွားသဖြင့် ထိုလူအနေဖြင့် ကိုယ်ပွားခွဲလိုက်လျှင်တောင် လွတ်မြောက်ရန် နေရာမရှိတော့ပေ။
"တောက်"
သေမင်း၏ အရိပ်အယောင် နီးကပ်လာသည်ကို ခံစားမိလိုက်သဖြင့် ထိုလူ၏ မျက်လုံးများမှာ ယောင်ယမ်းခြင်းများဖြင့် နီရဲလာသည်။ အသက်ရှင်ရန်အတွက် အစွမ်းကုန် တိုက်ခိုက်ရတော့မည်ကို သိလိုက်ပြီး မိစ္ဆာစွမ်းအင်များကို ရူးရူးမူးမူးနှင့် ထုတ်လွှတ်လိုက်သည်။
ဝုန်း
လုချင်း၏ ဓားစွမ်းအင်က ထိုလူကို ဆုတ်ဖြဲတော့မည့်ဆဲဆဲတွင်
သွေးရောင်မြူခိုးများက ထူထပ်စွာ ထိုလူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။ ထိုမြူခိုးများသည် ဓားစွမ်းအင်ကို ဖြိုခွင်းလိုက်ရုံသာမက ထိုလူ၏ အမြန်နှုန်းကိုလည်း စိတ်ကူးမယဉ်နိုင်လောက်အောင် မြှင့်တင်ပေးလိုက်သည်။ တစ်ခဏအတွင်းမှာပင် သူသည် လုချင်း၏ ဓားစွမ်းအင် အကွာအဝေးမှ လွတ်မြောက်သွားပြီး လမ်းကြားထဲသို့ ပျောက်ကွယ်သွားတော့သည်။ ပြန့်ကျဲနေသော ပစ္စည်းအချို့နှင့် လေထဲတွင် ပဲ့တင်ထပ်နေသော အာဃာတစကားသံကိုသာ ချန်ထားရစ်ခဲ့လေ၏။
"ဟေ့ကောင်လေး မှတ်ထားလိုက် ဒီကိစ္စအတွက် ငါ လက်စားမချေရရင် ငါ့ကို မိစ္ဆာလို့ မခေါ်နဲ့တော့"
"ဘာ"
ရုတ်တရက် အပြောင်းအလဲကြောင့် လုချင်းပင် အံ့အားသင့်သွားသည်။ ထိုလူ့တွင် အမြန်နှုန်းကို ဒီလောက်အထိ မြှင့်တင်ပေးနိုင်ပြီး လိုက်မမီနိုင်အောင် ပြုလုပ်နိုင်သော လျှို့ဝှက်နည်းလမ်း ရှိလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
သို့သော် ထိုနည်းလမ်းအတွက် ပေးဆပ်ရမှုမှာ ကြီးမားပုံရသည်။ သွေးရောင်မြူခိုးများ ထုတ်လွှတ်လိုက်ချိန်တွင် ထိုလူ၏ လက်မောင်းတစ်ခု ပေါက်ကွဲသွားသည်ကို လုချင်း မြင်လိုက်ရသည်။ ဤစွမ်းအားကို ရရှိရန်အတွက် ကိုယ့်ကိုယ်ကို ဖျက်ဆီးသော နည်းလမ်းကို အသုံးပြုခဲ့ရခြင်း ဖြစ်ပေမည်။
သို့သော် အမြန်နှုန်းမှာမူ အမှန်တကယ့်ကို အံ့မခန်းပင်။ လုချင်းအနေဖြင့် သူ၏ ဝိညာဉ်စွမ်းအင်ကိုသာ ထပ်မံ အသုံးမပြုလျှင် လိုက်မီနိုင်တော့မည် မဟုတ်။ သို့သော် ယနေ့တွင် တစ်ကြိမ် အသုံးပြုထားပြီးဖြစ်၍ ထပ်မံအသုံးပြုပါက ခန္ဓာကိုယ်ကို ဝန်ပိစေပြီး အခြေခံအုတ်မြစ်ကို ထိခိုက်စေနိုင်ပါ၏။
ရွေးချယ်စရာများကို စဉ်းစားပြီးနောက် လုချင်း ဆက်မလိုက်ရန် ဆုံးဖြတ်လိုက်သည်။ ထိုလူ၏ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ရန် အချိန်မရလိုက်သည်မှာ နှမြောစရာပင်။ ဤအချက်က ထိုလူ၏ နောက်ခံမှာ သာမန်မဟုတ်ကြောင်း ညွှန်ပြနေ၏လေ၏။
"ဟမ်"
ဆက်မလိုက်ရန် ဆုံးဖြတ်ပြီးနောက် လုချင်း၏ အာရုံသည် အနက်ရောင်ဝတ်စုံနှင့်လူ ချန်ထားရစ်ခဲ့သော ပစ္စည်းများဆီသို့ ရောက်သွားသည်။ သဲလွန်စတစ်ခုခု ရလိုရငြား ရှာဖွေကြည့်ရာ အပျက်အစီးများကြားတွင် သေးငယ်ပြီး လက်ရာမြောက်သော အနက်ရောင် ကျောက်စိမ်းပုလင်းလေးကို တွေ့လိုက်ရ၏။ ထိုပုလင်းမှ ထွက်ပေါ်နေသော ထူးခြားသည့် အရှိန်အဝါကို အာရုံခံမိသဖြင့် လုချင်း စိတ်ဝင်စားသွားသည်။ ဓားဖြင့် ဂရုတစိုက် ကောက်ယူလိုက်ပြီးနောက်၌ သူ၏ ချီအိတ်)ထဲသို့ တိတ်တဆိတ် ထည့်လိုက်လေသည်။
"တောက် ဒီမိစ္ဆာက တကယ်ကို မရိုးပါလား ကောင်းကင်မိစ္ဆာ ခန္ဓာခွဲစိတ်နည်းကိုတောင် တတ်ထားသေးတယ်"
တာအိုဆရာ ယန်မင်းသည် လုချင်းဘေးသို့ ရောက်လာပြီး အနက်ရောင်ဝတ်စုံနှင့်လူ ထွက်ပြေးသွားရာ လမ်းကြောင်းကို ပျက်ယွင်းနေသော မျက်နှာဖြင့် စိုက်ကြည့်နေသည်။
"ကောင်းကင်မိစ္ဆာ ခန္ဓာခွဲစိတ်နည်းတဲ့လား" လုချင်း မျက်ခုံးပင့်ကာ တာအိုဆရာ ယန်မင်းကို ကြည့်လိုက်သည်။
"သခင်လေးလု သခင်လေး မသိရင်လည်း မဆန်းပါဘူး ကောင်းကင်မိစ္ဆာ ခန္ဓာခွဲစိတ်နည်း ဆိုတာက မိစ္ဆာလမ်းစဉ်ရဲ့ အဆင့်အမြင့်ဆုံး ထွက်ပြေးနည်းလမ်းတွေထဲက တစ်ခုပါ။ အသန့်စင်ဆုံး မိစ္ဆာစွမ်းအင်ကို ကျင့်ကြံထားသူတွေမှပဲ သင်ယူနိုင်တာမျိုးပေါ့။ အဲ့ဒီမိစ္ဆာက အဲဒီပညာကို သုံးနိုင်တယ်ဆိုတော့ သူက မိစ္ဆာလမ်းစဉ်ရဲ့ ရှေးအကျဆုံး ဂိုဏ်းက ဖြစ်ရမယ်။ လွတ်သွားတာ နှမြောစရာပဲ" တာအိုဆရာ ယန်မင်းက ရှင်းပြလာလေသည်။
"ကျွန်တော် ပေါ့ဆသွားမိလို့ပါဗျ" လုချင်းက နောင်တရသည့် လေသံဖြင့် ပြောလိုက်သည်။
"ကိုယ့်ကိုယ်ကို အပြစ်တင်နေစရာ မလိုပါဘူး သခင်လေးလုရေ။ အဲ့ဒီမိစ္ဆာက ကောင်းကင်မိစ္ဆာ ခန္ဓာခွဲစိတ်နည်းကို တတ်ထားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ အဲဒီနည်းကို သုံးလိုက်ရင် ခံစစ်ရော အမြန်နှုန်းရော ဆယ်ဆလောက် တက်လာတာလေ။ သခင်လေး မဖမ်းမိလိုက်တာ နားလည်ပေးလို့ ရပါတယ်ဗျာ" တာအိုဆရာ ယန်မင်းက လုချင်းကို နှစ်သိမ့်ပေးလိုက်၏။
"ဒါ့အပြင် ကောင်းကင်မိစ္ဆာ ခန္ဓာခွဲစိတ်နည်းကို သုံးရတဲ့ တန်ဖိုးက အရမ်းကြီးတယ်လေ။ အဲဒီမိစ္ဆာက အခုဆိုရင် အပြင်းအထန် ဒဏ်ရာရနေလောက်ပြီ။ နောက်ထပ် နှစ်အတော်ကြာတဲ့အထိတော့ ခေါင်းပြူထွက်လာရဲတော့မှာကို မဟုတ်ဘူး။"
အနက်ရောင်ဝတ်စုံနှင့်လူ၏ လက်မောင်း ပေါက်ကွဲသွားသည့် မြင်ကွင်းကို ပြန်သတိရလိုက်ပြီး လုချင်း ခေါင်းညိတ်လိုက်သည်။ ပေးဆပ်ရမှုက တကယ်ကို ကြီးမားလှပေ၏။
"နောက်တစ်ခါ တွေ့ရင်တော့ လွတ်ခွင့်ပေးမှာ မဟုတ်ဘူး" လုချင်း ပြတ်ပြတ်သားသား ပြောလိုက်သည်။
"ဟားဟား ဒါတော့ ယုံတာပေါ့ကွာ။ သခင်လေးလု ၊ မင်းက ကမ္ဘာကြီး ပြောင်းလဲပြီးနောက်ပိုင်း ကောင်းကင်အတိဒုက္ခကို ကျော်ဖြတ်နိုင်တဲ့ ပထမဆုံးလူပဲ။ မင်းရဲ့ အနာဂတ်က အကန့်အသတ် မရှိဘူး။ သာမန် မိစ္ဆာတစ်ကောင်လောက်က မင်းကို ဘယ်ယှဉ်နိုင်ပါ့မလဲ"
တာအိုဆရာ ယန်မင်းက သဘောကျစွာ ရယ်မောရင်း လုချင်းကို ချီးကျူးလိုက်သည်။
"ချန်ပေ့ကတော့ မြှောက်ပြောလွန်းနေပါပြီဗျာ" လုချင်းက နှိမ့်ချစွာ ပြန်ပြောလိုက်၏။
"နှိမ့်ချနေစရာ မလိုပါဘူးကွ။ ဒါနဲ့ ငါက ချင်းယန်ဘုရားကျောင်းက ယန်မင်းပါ။ အချိန်ရရင် ငါတို့ဆီ လာလည်ပါဦး။ မင်းက ဒီနေ့ ရွှမ်ခုန်းတောင်ကို အကြီးအကျယ် ပညာပေးလိုက်နိုင်တော့ ငါတို့ကျောင်းထိုင်ဆရာတော်က မင်းကို သေချာပေါက် သဘောကျမှာပါ"
"ယန်မင်းချန်ပေ့ စောစောက သတိပေးခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်ဗျ။ ချန်ပေ့သတိပေးခဲ့လို့သာ ကျွန်တော်လည်း သတိကပ်နိုင်ခဲ့တာပါ"
တာအိုဆရာ ယန်မင်း၏ စေတနာကို ခံစားမိသဖြင့် လုချင်းက ရင်းနှီးစွာ ဆက်ဆံရန် ဆုံးဖြတ်လိုက်သည်။ ဘာပဲပြောပြော တာအိုဆရာ ယန်မင်းသည် အခြေခံအုတ်မြစ်ခိုင်မာသည့် လျှို့ဝှက်နယ်မြေ လေးခုထဲမှ တစ်ခုဖြစ်သော ချင်းယန်ဘုရားကျောင်းမှ မဟုတ်ပါလော။
မဟာမိတ်ဖွဲ့ထားခြင်းက လုချင်းအတွက် အကျိုးရှိနိုင်သည်။ ထို့အပြင် တာအိုဆရာ ယန်မင်းနှင့် ရွှမ်ခုန်းတောင်တို့ ဆက်ဆံရေး မကောင်းသည်မှာ ထင်ရှားသည်။
'ရန်သူ၏ ရန်သူသည် မိတ်ဆွေ' ဆိုသည့် မူအရ လုချင်းအနေဖြင့် ယာယီမဟာမိတ်ဖွဲ့ရန် ဝန်လေးစရာ မရှိပေ။
အခန်း ၃၀၂ - ကံဆိုးမိုးမှောင်ကျသွားသော ဝတ်ရုံနက်၊ ပြေပျောက်သွားသော ကပ်ဘေး
လုချင်းနှင့် တာအိုဆရာ ယန်မင်းတို့ စကားပြောနေကြချိန်တွင် မြို့တော်မြတ်အပြင်ဘက်ရှိ တောအုပ်တစ်ခုထဲ၌ အနက်ရောင် လူရိပ်တစ်ခု ရုတ်တရက် ပေါ်လာပြီး မြေပြင်ပေါ်သို့ ပြိုလဲကျသွားရာ ပေါင်းပင်များ ပြားဝပ်သွားလေသည်။
ထို ဝတ်ရုံနက်နှင့်လူ၏ အခြေအနေမှာ အတော်လေး ဆိုးရွားပုံရသည်။ လက်မောင်းတစ်ဖက် ပြတ်သွားရုံသာမက သူ၏ အနက်ရောင်ဝတ်ရုံမှာလည်း စုတ်ပြဲနေပြီး သွေးကွက်များဖြင့် ပေကျံနေကာ အသားများ အရည်ပျော်ကျနေသည့် ဒဏ်ရာများကိုလည်း မြင်နေရသည်။
သို့သော် သူသည် သူ၏ ဒဏ်ရာများကို ဂရုစိုက်နေရန် အချိန်မရှိပေ။ ချက်ချင်းပင် သူ့ခန္ဓာကိုယ်ပေါ်ရှိ ပစ္စည်းများကို စစ်ဆေးကြည့်လိုက်သည်။
မကြာမီ သူ့မျက်နှာ မဲချိတ်သွားလေ၏။ ကမ္ဘာ့မူလအစ ချီစွမ်းအင်ပါဝင်သည့် ရင်ဘတ်ထဲတွင် သေချာ သိမ်းဆည်းထားသော အနက်ရောင်ကျောက်စိမ်းပုလင်း ပျောက်ဆုံးနေသည်ကို သိလိုက်ရသောကြောင့်ပင်။
သိသာပါသည်၊ စောစောက ကောင်းကင်မိစ္ဆာ ခန္ဓာခွဲစိတ်နည်းကို အသုံးပြုလိုက်စဉ်က လွင့်စင်ထွက်သွားခြင်း ဖြစ်ရမည်။
"တောက် အဲဒီကောင်လေး ယူသွားတာ ဖြစ်မယ်"
ဆုံးရှုံးမှုကြီးကြောင့် ထိုလူ၏ ဝိညာဉ်ထဲမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။
အဲ့ဒါက ဒီကမ္ဘာကြီးရဲ့ ကမ္ဘာ့မူလအစ ချီစွမ်းအင်လေ
တန်ဖိုးမဖြတ်နိုင်အောင် ရှားပါးတဲ့ မဟာကံတရားကြီးပဲ။
ကမ္ဘာ့မူလအစ ချီစွမ်းအင် သုံးမျှင်သာ ရှိလျှင် သူသည် အထွတ်အထိပ် မိစ္ဆာခန္ဓာကိုယ်ကို စတင်ပုံဖော်နိုင်ရုံသာမက၊ ထိုထဲမှာ ပါဝင်သည့် မွေးရာပါ တာအိုစည်းချက်တွေကို အသုံးပြုပြီး သူ၏ ဝင်စားခြင်းကနေ ဖြစ်ပေါ်လာသော လျှို့ဝှက်အန္တရာယ်တွေကိုပါ လုံးဝ ဖယ်ရှားပစ်နိုင်မှာ ဖြစ်သည်။
ထိုသို့ဆိုလျှင် ကောင်းကင်တာအို၏ အလိုဆန္ဒက သူ့ကို ပစ်မှတ်ထားမှာကို စိုးရိမ်စရာမလိုတော့ဘဲ ဒီကမ္ဘာကြီးနှင့် ပိုပြီး သဟဇာတဖြစ်အောင် နေထိုင်နိုင်တော့မည်။
ဒါပေမဲ့ အခုတော့ အားလုံး ဆုံးရှုံးသွားပြီ။
ထိုလူ၏ မျက်နှာသည် ဒေါသကြောင့် ရှုံ့မဲ့နေပြီး မြို့တော်မြတ်သို့ ပြန်သွားကာ သူ့ပစ္စည်းကို ပြန်ယူချင်စိတ်များ တားမနိုင်ဆီးမရ ပေါ်လာသည်။
သို့သော် နောက်ဆုံးတွင် အသိစိတ်က ထိုရူးမိုက်သော အတွေးကို ဖိနှိပ်လိုက်နိုင်လေ၏။
အဲဒီကောင်လေးက အရမ်းကိုထူးဆန်းတယ်။ ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဉ်းတွေက အခုမှ စပြီးပြောင်းလဲလာတာကို သူက အတိဒုက္ခတိမ်တိုက်တွေကိုတောင် ဆင့်ခေါ်နိုင်နေပြီလေ။ ဒါ့အပြင် သူက မိုးကြိုးအတိဒုက္ခ ကိုးချက်ကို ခံယူပြီးတာတောင် ဘာမှအားနည်းသွားတာမျိုး မရှိဘူး။
ဒီလိုမျိုး မကောင်းဆိုးဝါး ပါရမီရှင်မျိုးဆိုတာ သူ့ရဲ့ မူလနေရာဖြစ်တဲ့ မသေမျိုးတွေနဲ့နှင့် မိစ္ဆာတွေ ပြည့်နေတဲ့ လောကကြီးမှာတောင် ထိပ်သီးဂိုဏ်းကြီးတွေရဲ့ တာအိုမျိုးစေ့အဆင့် ပါရမီရှင်တွေလို့ သတ်မှတ်ခံရမယ့်သူမျိုး။
ဝိညာဉ်စွမ်းအင်များ ပြန်ပြီးနိုးထလာခါစ ဒီလို ဝေးလံခေါင်သီတဲ့ ကမ္ဘာငယ်လေးမှာ အဲဒီလိုလူမျိုးနဲ့ တွေ့ရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ
ဒီလိုအဆင့်နှင့် ပါရမီရှင်မျိုးက ခေတ်တစ်ခေတ်ကို လွှမ်းမိုးနိုင်သူတွေ ဖြစ်သည်။ သူ အပြည့်အဝ မရင့်ကျက်သေးဘူး ဆိုရင်တောင် မိစ္ဆာခန္ဓာကိုယ် မဖွဲ့စည်းရသေးသည့် သူ့လိုလူမျိုး ယှဉ်နိုင်မယ့် အနေအထားထက် အများကြီး သာလွန်နေပြီ ဖြစ်သည်။
စိတ်ကို အတော်ကြာ ငြိမ်သက်အောင် ထိန်းပြီးမှ နောက်ဆုံးတွင် ထိုလူသည် သူ၏ စိတ်လိုက်မာန်ပါ အတွေးများကို ဖိနှိပ်လိုက်နိုင်ပြီး တည်ငြိမ်မှု ပြန်ရလာတော့၏။
"ကောင်လေး မင်း စောင့်နေလိုက်။ တစ်နေ့ကျရင် ငါ့ပိုင်ဆိုင်မှုတွေ အားလုံးကို ငါပြန်လာယူမယ်"
မြို့တော်မြတ်ရှိရာဘက်သို့ နက်ရှိုင်းစွာ လှမ်းမျှော်ကြည့်လိုက်ပြီး ထိုလူသည် နောက်ဆုံးတွင် သူ၏ ရွေ့လျားမှုနည်းစနစ်ကို အသုံးပြုကာ ယိုင်တိုင်တိုင်ဖြင့် တောနက်ထဲသို့ ထွက်ပြေးပုန်းရှောင်သွားလေတော့သည်။
ထွက်ခွာသွားရင်းဖြင့်ပင် သူ၏ နှလုံးသားထဲတွင် နာကျင်မှုများ ပြည့်နှက်နေဆဲပင်။
ဒီတစ်ခေါက် မြို့တော်မြတ် ခရီးစဉ်ကတော့ လုံးဝကို ကျဆုံးခန်းပဲပင်။ ရရှိထားသည့် မဟာကံတရားကြီးကို ဆုံးရှုံးလိုက်ရရုံသာမက၊ ကောင်းကင်မိစ္ဆာ ခန္ဓာခွဲစိတ်နည်းကို အသုံးပြုလိုက်ရတာကြောင့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ပါ အကြီးအကျယ် ထိခိုက်ပျက်စီးသွားခဲ့ရပါ၏။ ထို့အတွက်ကြောင့် မိစ္ဆာခန္ဓာကိုယ် ဖွဲ့စည်းနိုင်မည့် နေ့ရက်များမှာ အဝေးကြီးသို့ ရွှေ့ဆိုင်းသွားရချေပြီသာ။
"ငါ့ရဲ့ မူလအစီအစဉ်အတိုင်းပဲ လုပ်ရတော့မယ် ထင်တယ်။ ပါရမီရှင် တချို့ကို ဖမ်းပြီးတော့ သူတို့ရဲ့ စွမ်းအင်တွေကို စုပ်ယူပြီး ငါ့ရဲ့ အခြေခံအုတ်မြစ်ကို ပြန်ဖြည့်ရမယ်။ ဒါ့အပြင် အဲဒီ အဖြူရောင် ဝဲဂယက်ကြီးထဲကနေ ကမ္ဘာ့အရပ်လေးမျက်နှာဆီ လွင့်စင်သွားတဲ့ ကမ္ဘာ့မူလအစ ချီစွမ်းအင် တစ်မျှင် နှစ်မျှင်လောက်ကို ရှာတွေ့နိုင်မယ့် အခွင့်အရေးလည်း ရှိသေးတာပဲ"
"သခင်လေးလု ဒီကျောက်စိမ်းပြားလေးကို ယူထားပါ။ တကယ်လို့ အနောက်ပိုင်းပြည်နယ်ဘက် ရောက်ခဲ့ရင် ချင်းယန်တောင်မှာ ဒီကျောက်စိမ်းပြားလေးကို ပြလိုက်တာနဲ့ သခင်လေးကို ဧည့်သည်အဖြစ် ကြိုဆိုမယ့်သူတွေ အဆင်သင့် ရှိနေပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ကျောင်းထိုင်ဆရာတော်က သဘောထားကြီးပြီး ထူးချွန်တဲ့ လူငယ်တွေကိုဆိုရင် အထူးချစ်ခင်တတ်သူပါ။ သခင်လေးနဲ့ တွေ့ရင် သေချာပေါက် သဘောကျမှာ သေချာပါတယ်"
ထျန်းကျီမျှော်စင်တည်ရှိရာ နေရာတွင် တာအိုဆရာ ယန်မင်းနှင့် လုချင်းတို့ နှစ်လိုဖွယ်ရာ စကားပြောဆိုနေကြသည်။ နောက်ဆုံးတွင် တာအိုဆရာက ထူးဆန်းသော သင်္ကေတများ ထွင်းထုထားသည့် အဖြူရောင် ကျောက်စိမ်းပြားတစ်ခုကို ထုတ်၍ လုချင်းအား ပေးလာခဲ့လေ၏။
"ကောင်းပါပြီဗျာ။ ကျွန်တော့်ရဲ့ လက်ရှိကိစ္စတွေ ပြီးသွားလို့ အခွင့်အရေးရရင် သေချာပေါက် လာလည်ပါ့မယ်ဗျ"
ကျောက်စိမ်းပြားပေါ်ရှိ ပုံစံများကို ကြည့်ရင်း လုချင်းသည် လင်းကျိယွဲ့က သူ့ဆရာအား ပေးခဲ့ဖူးသော၊ အထူးလုပ်ဆောင်ချက် အချို့ပါဝင်သည့် ကျောက်စိမ်းပြားနှင့် ဆင်တူကြောင်း သတိထားမိလိုက်သည်။ သူ မငြင်းဆန်တော့ဘဲ ကျောက်စိမ်းပြားကို လက်ခံလိုက်ကာ ယဉ်ကျေးစွာ ကျေးဇူးတင်စကား ပြောလိုက်သည်။
လုချင်း မငြင်းသည်ကို တွေ့ရသဖြင့် တာအိုဆရာ ယန်မင်းလည်း ပြုံးလိုက်သည်။ သို့သော် ချက်ချင်းပင် သူ့မျက်နှာထားက တည်ကြည်သွားလေ၏။ "သခင်လေးလု ၊ သခင်လေးရဲ့ ပါရမီက ပြိုင်ဘက်ကင်းတယ်ဆိုပေမဲ့ ကျွန်တော် သခင်လေးကို အကြံပေးချင်တာ တစ်ခုတော့ ရှိတယ်"
"ပြောပါခင်ဗျ။ ကျွန်တော် နားထောင်နေပါတယ်" လုချင်း၏ မျက်နှာထားလည်း လေးနက်သွားသည်။
"ရွှမ်မင်းရဲ့နောက်ခံက သာမန်မဟုတ်ဘူး။ သူက ရွှမ်ခုန်းတောင် ကျောင်းထိုင်ဆရာတော်ရဲ့ တပည့်ရင်းပဲ။ သခင်လေးက သူ့ကို သတ်လိုက်မိတော့ ရွှမ်ခုန်းတောင်က ဒီကိစ္စကို လွယ်လွယ်တော့ လွှတ်ပေးမှာ မဟုတ်ဘူး။ အခု ကောင်းကင်နဲ့ မြေကြီး ပြောင်းလဲသွားပြီး စည်းမျဉ်းတွေလည်း တော်တော်လေး တည်ငြိမ်လာပြီဆိုတော့ မွေးရာပါနယ်ပယ်အထက်က သိုင်းပညာရှင်တွေအပေါ် ကန့်သတ်ချက်တွေလည်း အများကြီး လျော့နည်းသွားပြီ။
ရွှမ်ခုန်းတောင် ဂိုဏ်းက အမြဲတမ်း သဘောထားသေးသိမ်တတ်တယ်။ ကျောင်းထိုင်ဆရာတော်က လောလောဆယ် ထွက်မလာနိုင်သေးဘူးဆိုရင်တောင် ပိုစွမ်းအားကြီးတဲ့ လူတွေကို လွှတ်ပြီး သခင်လေးကို လက်စားချေဖို့ ကြိုးစားလာနိုင်တယ်။ အဲ့ဒါကြောင့် ဒီက ကိစ္စတွေ ပြီးသွားရင် သခင်လေးအနေနဲ့ ခဏလောက် ပုန်းအောင်းနေတာ ကောင်းလိမ့်မယ်။
သခင်လေးက ကမ္ဘာကြီး စပြီးပြောင်းလဲလာချိန်ကစပြီးတော့ အတိဒုက္ခကို ကျော်ဖြတ်နိုင်တဲ့ ပထမဆုံးလူပဲ၊ သခင်လေးရဲ့ ကံတရားက အရမ်းအားကောင်းတယ်။ သာမန် ဗေဒင်တွက်နည်းတွေနဲ့တော့ သခင်လေးရဲ့ ကံကြမ္မာကို မမြင်နိုင်ဘူး။ သခင်လေးသာ သေချာ ပုန်းနေမယ်ဆိုရင် ရွှမ်ခုန်းတောင်အနေနဲ့ သခင်လေးကို ရှာတွေ့ဖို့ ခက်ခဲပါလိမ့်မယ်"
တာအိုဆရာ ယန်မင်း၏ စေတနာမှန်ကန်မှုကို မြင်တွေ့ရသဖြင့် လုချင်းသည် မကြောက်ရွံ့သော်လည်း ကျေးဇူးတင်စိတ် ဖြစ်မိကာ ခေါင်းညိတ်လိုက်သည်။ "အကြံဉာဏ်ပေးတာ ကျေးဇူးတင်ပါတယ် ချန်ပေ့။ ခုကိစ္စတွေ ရှင်းပြီးတာနဲ့ ကျွန်တော် မြို့တော်မြတ်ကနေ ထွက်ပြီး ရွှမ်ခုန်းတောင်က လူတွေကို ရှောင်နေလိုက်ပါ့မယ်ဗျ"
"ကောင်းပြီ ဂရုစိုက်နော်။ တကယ်လို့ ဒုက္ခရောက်လာရင် အနောက်ပိုင်းပြည်နယ်ဘက်ကို လာခဲ့လို့ ရတယ်။ အဲဒါက ကျွန်တော်တို့ ချင်းယန်ဘုရားကျောင်းရဲ့ နယ်မြေပဲ။ ရွှမ်ခုန်းတောင်ရဲ့ လက်တံတွေက အဲဒီအထိတော့ မရောက်နိုင်ဘူးလေ။ ကဲ ကျွန်တော်တို့ သွားရတော့မယ်။ သခင်လေးလု နှုတ်ဆက်ပါတယ်"
လုချင်းကို မှာကြားပြီးနောက် တာအိုဆရာ ယန်မင်းသည် သူ့နေရာသို့ ပြန်သွားပြီး ဆရာတူညီငယ်များနှင့်အတူ ထွက်ခွာသွားလေသည်။
ဒီတစ်ခေါက် မြို့တော်မြတ် ခရီးစဉ်က အဖြစ်အပျက်တွေ စုံလှသည်။ ကမ္ဘာ့မူလအစ ချီစွမ်းအင် ရှိနေခြင်းပဲဖြစ်ဖြစ်၊ မိစ္ဆာကျင့်ကြံသူတွေ ပေါ်လာတာပဲဖြစ်ဖြစ်၊ သူ အမြန်ဆုံး ပြန်ပြီး အစီရင်ခံရမည်။ အထူးသဖြင့် လုချင်း ဆိုသည့် ထူးခြားဆန်းကြယ်သူအကြောင်းက အရေးကြီးဆုံးပင် ဖြစ်သည်။
တာအိုဆရာ ယန်မင်းနှင့် အဖွဲ့ အလျင်အမြန် ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် လုချင်းသည် အကြည့်လွှဲကာ မြင့်မားသော မျှော်စင်ဆီသို့ ဦးတည်လိုက်သည်။
အခြားသော မွေးရာပါနယ်ပယ် သိုင်းပညာရှင်များသည်လည်း လုချင်းနှင့် မိတ်ဆက်ချင်နေကြသော်လည်း လုချင်းက ရွှမ်မင်းနှင့် အခြားသူများကို သတ်ဖြတ်ကာ ရွှမ်ခုန်းတောင်နှင့် ရန်သူဖြစ်သွားသည်ကို သတိရလိုက်ကြပြီး တွန့်ဆုတ်သွားကြ၏။ အနာဂတ်တွင် ရွှမ်ခုန်းတောင်က မည်သို့ တုံ့ပြန်လာမည်ကို မည်သူသိနိုင်မည်နည်း။ ယခုအချိန်တွင် လုချင်းနှင့် ပတ်သက်မိပါက ရွှမ်ခုန်းတောင်၏ အငြိုးကို ခံရနိုင်သဖြင့် စွန့်စားရကျိုးမနပ်ပေ။
ထိုအချက်ကို တွေးမိကြပြီး လုချင်းထံ ချဉ်းကပ်လိုသူများမှာ နောက်ဆုတ်သွားကြကာ လုချင်း ထွက်ခွာသွားသည်ကိုသာ ငေးကြည့်ကျန်ရစ်ခဲ့ကြတော့၏။
"ကိုကို"
လုချင်း မျှော်စင်ထဲသို့ ဝင်လိုက်သည်နှင့် ခန္ဓာကိုယ် သေးသေးလေးတစ်ခု သူ့ဆီသို့ ပြေးဝင်လာသည်။ သူ လှမ်းဖမ်းလိုက်ရာ ရှောင်ယန်၏ ခန္ဓာကိုယ်လေး တုန်ရီနေပြီး ခေါင်းကို သူ့ရင်ခွင်ထဲ အတင်းတိုးဝှေ့ထားကာ မော့မကြည့်ရဲဖြစ်နေသည်ကို ခံစားလိုက်ရသည်။
"အဆင်ပြေသွားပါပြီ ကိုကို ဘာမှမဖြစ်ဘူးလေ"
လုချင်းက ကလေးမလေး၏ ကျောပြင်ကို ခပ်ဖွဖွလေး ပုတ်ပေးရင်း နူးညံ့သော အသံဖြင့် နှစ်သိမ့်ပေးလိုက်သည်။
"ကိုကို ၊ ညီမလေး စောစောက အရမ်းကြောက်သွားတာ"
ရှောင်ယန်က လုချင်းရင်ခွင်ထဲ ခေါင်းမြှုပ်ထားရင်း အသံတိုးတိုးဖြင့် ပြောလေသည်။ သူမ၏ လေသံထဲတွင် ငိုသံလေးနှင့် ပြည့်နှက်နေသည်။ သူမ ဘာကို ကြောက်နေသလဲ ဆိုတာ ရှင်းပြနေစရာပင် မလိုပေ။
လုချင်း၏ လက်မှာ အနည်းငယ် ရပ်တန့်သွားပြီးမှ ကလေးမလေး၏ ကျောပြင်ကို ဆက်လက် ပွတ်သပ်ပေးလိုက်သည်။
နွေးထွေးသော အသံဖြင့် သူက ပြောလိုက်၏။ "ဒီတစ်ခါက မတော်တဆ ဖြစ်သွားတာပါ။ နောက်ဆို ကိုကို ဒီလောက် အန္တရာယ်များတာတွေ မလုပ်တော့ဘူးလို့ ကတိပေးတယ်၊ ဟုတ်ပြီလား"
"လက်သန်းချင်း ချိတ်ပြီး ကတိပေး" ရှောင်ယန်က ခေါင်းငုံ့ထားလျက်ပင် ပြောလာ၏။
"ကောင်းပါပြီဗျာ လက်သန်းချင်း ချိတ် ကတိပေးကြတာပေါ့"
ကတိပေးပြီးမှသာ ရှောင်ယန်လေး ပြုံးရွှင်လာတော့သည်။ လုချင်းက ရှောင်ယန်ကို နှစ်သိမ့်ပြီးသည်ကို မြင်မှ အခြားသူများ သူ့အနားသို့ ရောက်လာကြသည်။
လုချင်းက ထျန်းကျီမျှော်စင်၏ မျှော်စင်သခင်ကို ချက်ချင်း ဦးညွှတ်ကာ တောင်းပန်လိုက်သည်။ "မျှော်စင်သခင် ကျွန်တော် ပေါ့ဆမိပြီး ခြံဝင်းကို ဖျက်ဆီးမိသွားပါတယ် ခွင့်လွှတ်ပေးပါခင်ဗျ။ ဆုံးရှုံးမှုတွေ အားလုံးအတွက် ကျွန်တော် လျော်ကြေးပေးပါ့မယ်"
"ဟားဟား ခြံဝင်းသေးသေးလေးတစ်ခုပဲဟာ။ ပျက်သွားတော့ ဘာဖြစ်လဲ"
မျှော်စင်သခင်က ဒေါသထွက်သည့် အရိပ်အယောင် လုံးဝမပြဘဲ နွေးထွေးစွာ ပြုံးနေသည်။
"ဆန့်ကျင်ဘက်အနေနဲ့ ပြောရရင် မောင်ရင့်ကြောင့် ကျုပ်တို့ ကောင်းကင်အတိဒုက္ခဆိုတဲ့ ထူးခြားဆန်းပြားတဲ့ ဖြစ်စဉ်ကြီးကို မျက်ဝါးထင်ထင် မြင်ခွင့်ရလိုက်တာလေ။ တကယ်တော့ ကျုပ်က ကိုယ့်ကိုယ်ကို ကံကောင်းတယ်လို့တောင် မှတ်ယူထားတာ"
မျှော်စင်သခင်က ယဉ်ကျေးမှုအရ ပြောနေခြင်း မဟုတ်ပေ။ သူ အမှန်တကယ် ဝမ်းမြောက်နေခြင်း ဖြစ်သည်။ ဗေဒင်ပညာကို အထူးပြုလေ့လာသူတစ်ယောက်အနေဖြင့် ဒဏ္ဍာရီလာ အတိဒုက္ခတိမ်တိုက်များကို အနီးကပ် မြင်တွေ့ခွင့်ရပြီး အတိဒုက္ခ၏ အရှိန်အဝါကို ခံစားခွင့်ရခြင်းသည် ကြီးမားသော အခွင့်အရေးကြီးပင်။
ဗေဒင်ပညာ ဆိုသည်မှာ ကပ်ဘေးများကို ကြိုတင်ဟောကိန်းထုတ်ပြီး ရှောင်ရှားရာတွင် အကျွမ်းကျင်ဆုံး ပညာရပ်ဖြစ်သည်။ ကောင်းကင်အတိဒုက္ခဆိုသည်မှာ ကမ္ဘာ့စည်းမျဉ်းများနှင့် ဆက်နွယ်နေသော လောက၏ အစွမ်းအထက်ဆုံး ကပ်ဘေးများထဲမှ တစ်ခုဖြစ်သည်။
လုချင်း၏ အတိဒုက္ခကို အစမှအဆုံး စောင့်ကြည့်လေ့လာခြင်းအားဖြင့် မျှော်စင်သခင်သည် ကောင်းကင်စည်းမျဉ်းများ၏ အလုပ်လုပ်ပုံ အစစ်အမှန်ကို ထိုးထွင်းသိမြင်ခဲ့ပြီး များစွာ အကျိုးဖြစ်ထွန်းခဲ့ပါသည်။ နှစ်ပေါင်းများစွာ တန့်နေခဲ့သော သူ၏ ကျင့်ကြံခြင်းအဆင့်သည်ပင် ပြန်လည် လှုပ်ခတ်လာသည့် လက္ခဏာများ ပြသလာသည်ကို သူ ခံစားလိုက်ရ၏။
ဤအခြေအနေမျိုးတွင် သူက လုချင်းကို မည်သို့ အပြစ်တင်နိုင်ပါမည်နည်း။
မျှော်စင်သခင်၏ ရှင်းပြချက်ကို ကြားလိုက်ရသဖြင့် လုချင်းမှာလည်း အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ သို့သော် သူထွက်ခွာချိန်တွင် ထျန်းကျီမျှော်စင်အတွက် လျော်ကြေးတစ်ခုခု ချန်ထားခဲ့ရန် ဆုံးဖြတ်လိုက်သည်။
"ခင်ဗျားတို့ ဒီမှာ ခဏနေကြဦး။ ကျုပ် အပြင်ထွက်ပြီး အခြေအနေ သွားရှင်းလိုက်ဦးမယ်"
လုချင်း၏ အတိဒုက္ခကြောင့် အတော်လေး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ ထို့အပြင် ရွှမ်ခုန်းတောင်မှ လူများလည်း ဤနေရာတွင် သေဆုံးခဲ့ကြသည်။ သေချာ မကိုင်တွယ်ပါက ထျန်းကျီမျှော်စင်ပါ ဒုက္ခရောက်နိုင်လေ၏။
မျှော်စင်သခင်က လုချင်းနှင့် အခြားသူများကို မျှော်စင်ထဲတွင် ပုန်းနေစေပြီး သူကိုယ်တိုင် အပြင်ထွက်ကာ နောက်ဆက်တွဲ ကိစ္စများကို ရှင်းလင်းရန် စီစဉ်လိုက်သည်။
မျှော်စင်သခင် ထွက်သွားပြီးနောက် လုချင်းက သမားတော်ကြီးဘက်သို့ လှည့်လိုက်သည်။ "ဆရာ ဒီတပည့်က ညံ့ဖျင်းလို့ ဆရာ့ကို စိတ်ပူစေမိပါပြီ"
စောစောက မျှော်စင်သခင်သာ ဝင်မပါခဲ့လျှင် သူ့ဆရာက သူ့ကို ကာကွယ်ရန် အကြိမ်ကြိမ် ဝင်ရောက်စွက်ဖက်မည့် အနေအထားရှိကြောင်း လုချင်း အာရုံခံမိခဲ့သည်။
"မင်း ဘေးကင်းရင် ပြီးတာပါပဲကွာ" သမားတော်ကြီးက ခေါင်းညိတ်ကာ စကားသိပ်မပြောပေ။
မာကူးနှင့် ဝေ့ကျိအန်းတို့ကတော့ စိတ်လှုပ်ရှားနေသော မျက်နှာများဖြင့် လုချင်းကို ဝိုင်းအုံကာ စောစောက သူတို့ မည်မျှ လန့်သွားကြောင်း၊ စိတ်ပူသွားကြောင်း ပြောမဆုံး ဖြစ်နေကြသည်။
ဟူကျိကျစ်ကတော့ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေပြီး လုချင်းနှင့် အခြားသူများကို ပြုံး၍ ကြည့်နေသည်။
မာကူးနှင့် စကားပြောနေရင်း လုချင်း၏ အကြည့်က ဟူကျိကျစ် အပေါ်သို့ ကျရောက်သွားပြီး ရုတ်တရက် အံ့အားသင့်သွားသည်။ "သခင်လေးကျိယွဲ့ ၊ မိန်းကလေးဟူရဲ့ နဖူးက အနက်ရောင်အရှိန်အဝါကို ကြည့်ပါဦး"
ထိုအခါ၌ သမားတော်ကြီးနှင့် လင်းကျိယွဲ့တို့လည်း ဟူကျိကျစ်၏ နဖူးကို ကြည့်လိုက်ကြကာ မှင်သက်သွားကြတော့သည်။ သူတို့ သတိမထားမိလိုက်မီမှာပင် ဟူကျိကျစ်၏ မျက်ခုံးနှစ်ခုကြားရှိ အနက်ရောင်အရှိန်အဝါမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
"သခင်လေးလု ကျွန်မဆီက အနက်ရောင်အရှိန်အဝါက ပိုဆိုးလာလို့လားဟင်"
သူတို့သုံးယောက် စိုက်ကြည့်နေသည်ကို မြင်ပြီး ဟူကျိကျစ်ခင်မျာ ထိတ်လန့်သွားရရှာ၏။
"မဟုတ်ပါဘူး" သူမ ထိတ်လန့်နေသည်ကို မြင်ပြီး လုချင်း အမြန်ရှင်းပြလိုက်သည်။ "မိန်းကလေးရဲ့ မျက်ခုံးကြားက အနက်ရောင်အရှိန်အဝါ လုံးဝ ပျောက်သွားလို့ပါဗျ"
"ပျောက်သွားတယ် ဟုတ်လား" ဟူကျိကျစ် မယုံနိုင် ဖြစ်သွားသည်။
"တကယ် ပျောက်သွားတာပဲ" သမားတော်ကြီးကလည်း ခေါင်းညိတ်ကာ အတည်ပြုလိုက်၏။
"ဒါပေမဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မိန်းကလေးဟူရဲ့ ကပ်ဘေးက ဘာလဲ၊ ဘယ်လိုလုပ် ရုတ်တရက် ပျောက်သွားတာလဲ" လင်းကျိယွဲ့ နားမလည်နိုင် ဖြစ်နေသည်။
စောစောက ထွက်ပြေးသွားသော ဝတ်ရုံနက်နှင့်လူကို ပြန်သတိရလိုက်ပြီး လုချင်း ရုတ်တရက် သဘောပေါက်သွားသည်။
သူက ဖြည်းညှင်းစွာ ပြောလိုက်၏။ "ကျွန်တော် ထင်တာတော့ မိန်းကလေးဟူရဲ့ ကပ်ဘေးက အကြောင်းရင်း နှစ်ခုကြောင့် ဖြစ်လာတာဗျ"
အားလုံး သူ့ကို ဝိုင်းကြည့်လိုက်ကြသည်။
လုချင်း ဆက်ပြောသည်။ "ပထမတစ်ခုက အဖြူရောင် ဝဲဂယက်ထဲက ရလာတဲ့ ကံတရားကြောင့် ဖြစ်မယ်။ ဝဲဂယက်ထဲက ထွက်လာတဲ့ ကံတရားက သူ့ကို လက်ခံဖို့ ကံပါတဲ့သူကို အလိုလို ရှာဖွေသွားတာလေ။ ဒါပေမဲ့ ဒါက ကောင်းချီးရော ကျိန်စာရော ဖြစ်နိုင်တယ်။ လုံလောက်တဲ့ အင်အားမရှိရင် ကံတရားကို ပိုင်ဆိုင်ထားရင်တောင် ထိန်းသိမ်းထားနိုင်မှာ မဟုတ်ဘူး။ သူတစ်ပါးရဲ့ အာရုံစိုက်မှုကို ခံရပြီး ကပ်ဘေးတောင် ဆိုက်နိုင်တယ်"
ထိုအခါ၌ လူအားလုံးသည် ကံတရား ကျရောက်လာချိန်က သူတို့ခြံဝင်းထဲသို့ အတင်းဝင်ရောက်လာကြသော မွေးရာပါနယ်ပယ် သိုင်းပညာရှင် တစ်ဒါဇင်ကျော်ကို ပြန်သတိရလိုက်ပြီး သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။ လုချင်းနှင့် သမားတော်ကြီးတို့၏ ကြောက်မက်ဖွယ် အင်အားသာ မရှိခဲ့ရင် ဟူကျိကျစ်၏ ကံကြမ္မာ ဘယ်လိုဖြစ်သွားမလဲဆိုတာ တွေးကြည့်ရုံနှင့်တင် သိနိုင်ပါ၏။
အထူးသဖြင့် ဟူကျိကျစ်မှာ ထိုအကြောင်း တွေးမိပြီး မျက်နှာဖြူဖပ်သွားလေ၏။
"နောက်တစ်ခုကရော" လင်းကျိယွဲ့ မေးလိုက်သည်။
"နောက်တစ်ခုက ကျွန်တော် စောစောက ဒဏ်ရာရအောင် လုပ်လိုက်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဝတ်ရုံနက်နဲ့လူပဲ" လုချင်း ပြန်ဖြေလိုက်သည်။
"ကျွန်တော် အဲဒီလူနဲ့ အရင်က ဆုံဖူးတယ်။ ကျွန်တော်တို့ ကောင်းကင်လှေကားဆီ သွားတုန်းကလည်း သူ့ရဲ့ အရှိန်အဝါကို အာရုံခံမိခဲ့တယ်။ ဒါပေမဲ့ သူက အရမ်းသတိကြီးပြီး တစ်ခုခု မဟန်ဘူးလို့ ထင်တာနဲ့ ထွက်ပြေးသွားတယ်လေ။
ဒါပေမဲ့လည်း သူက လက်မလျှော့ဘဲ မှောင်ရိပ်ထဲကနေ ကျွန်တော်တို့ကို ဆက်ပြီး စောင့်ကြည့်နေခဲ့တာ။ အခု ပြန်စဉ်းစားကြည့်မှ သူက မိန်းကလေးဟူကို ပစ်မှတ်ထားနေတာ ဖြစ်လောက်တယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ အရှိန်အဝါက မိန်းကလေးဟူရဲ့ နဖူးပေါ်က အနက်ရောင်အရှိန်အဝါနဲ့ အရမ်းတူနေလို့ပဲ"
"ဒါဆိုရင် အခု မင်း ရှိနေတော့ ဘယ်သူမှ မိန်းကလေးဟူရဲ့ ကံတရားကို မလိုချင်ရဲကြတော့ဘူး။ ပြီးတော့ ဝတ်ရုံနက်နဲ့လူကလည်း အပြင်းအထန် ဒဏ်ရာရပြီး အဝေးကြီး ထွက်ပြေးသွားပြီဆိုတော့ မိန်းကလေးဟူကို ခြိမ်းခြောက်နိုင်တော့မှာ မဟုတ်ဘူး အဲ့ဒါကြောင့်မို့ သူ့ရဲ့ ကပ်ဘေးကလည်း လုံးဝ ပြေပျောက်သွားတာပေါ့"
လင်းကျိယွဲ့က စဉ်းစားခန်းဖွင့်ရင်း သုံးသပ်လိုက်သည်။
"ကျွန်တော် ရာနှုန်းပြည့် မသေချာပေမဲ့ ၇၀၊ ၈၀ ရာခိုင်နှုန်းလောက်တော့ ဖြစ်နိုင်ခြေ ရှိပါတယ်ဗျ" လုချင်း ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ဟူကျိကျစ် စိတ်သက်သာရာ ရသွားပြီး လုချင်းကို ကျေးဇူးတင်သော အကြည့်များဖြင့် ကြည့်လိုက်သည်။
"ချင်းယန်ဘုရားကျောင်းက ချန်ပေ့က အဲဒီ ဝတ်ရုံနက်နဲ့လူကို မိစ္ဆာလမ်းစဉ်ကျင့်ကြံသူလို့ ပြောသွားတာ ကြားလိုက်တယ်" လင်းကျိယွဲ့ မေးလိုက်သည်။
"ဟုတ်တယ် ယန်မင်းချန်ပေ့ ပြောတာတော့ အဲ့ဒီလူက အသန့်စင်ဆုံး မိစ္ဆာလမ်းစဉ် နည်းလမ်းတွေကို ကျင့်ကြံထားပြီး သူ ထုတ်လွှတ်လိုက်တဲ့ မိစ္ဆာအရှိန်အဝါက ယုံနိုင်စရာမရှိလောက်အောင် သန့်စင်တယ်တဲ့" လုချင်း အတည်ပြုလိုက်သည်။
"အရင်ဆုံး ဝူကျန့်မျှော်စင် ပေါ်လာတယ်။ အခု မိစ္ဆာလမ်းစဉ်က လူတွေတောင် ပြန်ပေါ်လာကြပြီ။ ကျွန်တော့်ဆရာရဲ့ တွက်ချက်မှုတွေ မှန်ကန်နေပုံပဲ။ ဒီကမ္ဘာကြီးရဲ့ ပြောင်းလဲမှုက ဝိညာဉ်စွမ်းအင်တွေ ပြန်လည်နိုးထလာတာ တစ်ခုတည်း မဟုတ်ဘူး။ ယုတ်ညံ့တဲ့ သတ္တဝါတွေပါ ပြန်နိုးထလာကြတာပဲ။ လောကကြီး ငြိမ်းချမ်းဖို့ မလွယ်တော့ဘူး ထင်ပါရဲ့" လင်းကျိယွဲ့က စိုးရိမ်ပူပန်သော မျက်နှာဖြင့် သက်ပြင်းချလိုက်သည်။
"အခြေအနေအရ ကြည့်ရင် ဒါက ကမ္ဘာကြီး ပြန်လည်နိုးထခြင်းရဲ့ ရှောင်လွှဲမရတဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။ ဘာလို့ အလွန်အကျွံ ပူပန်နေရမှာလဲ။ ဘာပဲဖြစ်ဖြစ် လာသမျှ အခက်အခဲကို ရင်ဆိုင်ကျော်ဖြတ်ရုံပဲပေါ့။ ယုတ်ညံ့တဲ့ သတ္တဝါတွေ ဘယ်လောက်ပဲ ရှိနေပါစေ ကျွန်တော်တို့ရဲ့ ဓားတွေကို ထက်မြနေအောင် သွေးထားသရွေ့တော့ သူတို့ ဖန်တီးလာမယ့် လှိုင်းလုံးတွေကို ဘာကြောက်စရာ လိုမှာလဲဗျာ" လုချင်းက ပြုံး၍ ပြောလိုက်၏။
လင်းကျိယွဲ့မှာ ရုတ်တရက် အသိဝင်လာပြီး လုချင်းကို ကြည့်လိုက်သည်။
လုချင်း၏ မျက်နှာပေါ်မှ ယုံကြည်မှု ပြည့်ဝနေသော အပြုံးကို မြင်လိုက်ရသောအခါ၌ လင်းကျိယွဲ့ ရုတ်တရက် သဘောပေါက်သွားသည်။
"မင်း ပြောတာ မှန်တယ်။ ကျွန်တော်က အပေါ်ယံ အသွင်အပြင်တွေမှာပဲ သာယာပြီး စိုးရိမ်နေမိတာကိုး။ ယုတ်ညံ့တဲ့ သတ္တဝါတွေ ဘယ်လောက်ပဲ များများ၊ ကျွန်တော်တို့ ကျင့်ကြံသူတွေ ဓားကို ကိုင်ဆွဲထားတာ အလကားမှ မဟုတ်တာ။ ဖြစ်လာတော့လည်း ရှေးဘိုးဘေးတွေကို အတုယူပြီး မိစ္ဆာတွေကို ပြန်သတ်ကြတာပေါ့ဗျာ"