အခန်း (၃၀၃-၃၀၄)
Vol. 31 Ch. 303-304
အခန်း ၃၀၃ - ရရှိလာတဲ့ အကျိုးကျေးဇူးများ၊ ပြန်လည်မွေးဖွားခြင်းနဲ့ မွေးရာပါ မိုးမြေဝိညာဉ်စွမ်းရည်နှစ်ခု
ညဥ့်နက်သန်းခေါင်ယံအချိန်။
လုချင်းသည် ခုတင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ရင်း မျက်လုံးများကို မှိတ်ကာ အာရုံစူးစိုက်ထားလေသည်။ နေ့ခင်းဘက်က အတိဒုက္ခကို ကျော်ဖြတ်ပြီးသည့်နောက် သူက အပြင်မထွက်တော့ဘဲ ဆရာတို့နှင့်အတူ မျှော်စင်ထဲမှာပဲ နေခဲ့သည်။ ညနေစောင်း၍ ထျန်းကျီမျှော်စင်က အပြင်ဘက်မှ ရှုပ်ပွနေတာတွေကို ရှင်းလင်းပြီးသည့်အချိန်ရောက်မှသာ လင်းကျိယွဲ့ စီစဉ်ပေးသော ခြံဝင်းအသစ်မှာ နေရာချဖြစ်ကြသည်။
ဒီအချိန်မှာတော့ ရှောင်ယန်လေးက သူ့ဘေးနားမှ ခုတင်ငယ်လေးပေါ်မှာ အိပ်မောကျနေပြီ ဖြစ်သည်။ ရှောင်လီကတော့ ကမ္ဘာ့မူလအစ ချီစွမ်းအင် အမျှင်တန်းလေးကို စုပ်ယူပြီးကတည်းက အခုထိ နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲပင်။ လုချင်း၏ အတိဒုက္ခကြောင့် ဖြစ်ပေါ်လာသည့် ဆူညံသံတွေကတောင် သူ့ကို မနိုးထစေနိုင်ခဲ့ပါချေ။
လုချင်းက သူ၏နတ်မျက်စိစွမ်းရည်ဖြင့် စစ်ဆေးကြည့်လိုက်လို့သာ ရှောင်လီတစ်ယောက် အရေးကြီးသည့် ပြောင်းလဲမှုတစ်ခုကို လုပ်ဆောင်နေမှန်းသိရပြီး စိတ်အေးသွားရပါ၏။ ရှောင်လီ ဘေးကင်းကြောင်း သေချာပြီဆိုမှပဲ လုချင်းလည်း စိတ်လက်ပေါ့ပါးသွားတော့လေသည်။
ထို့နောက် သူက စိတ်ကိုစုစည်းပြီး သူ့ခန္ဓာကိုယ်ကို အာရုံခံကြည့်လိုက်သည်။
ယခုအချိန်၌ သူ့သွေးကြောတွေထဲတွင် သွေးနှင့်ချီစွမ်းအင်တို့က မြစ်ရေကြီးသလို ဟိန်းသံတွေနှင့် တိုးဝှေ့စီးဆင်းနေလေ၏။
ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်း၊ အသားစိုင်တိုင်း၌ ကြီးမားလှသည့် စွမ်းအားတွေ ကိန်းအောင်းနေသလိုပါပဲပင်။
ကိုယ်တွင်းအင်္ဂါတွေကလည်း အသက်စွမ်းအင်တွေ ပြည့်ဝရင်း လန်းဆန်းနေကြသည်။ ဒျန်ထျန်နှင့် ချီ အပ်စိုက်မှတ်တွေထဲမှာလည်း မွေးရာပါ ချီစွမ်းအင်အစစ်တွေနှင့် ပြည့်နှက်နေလေ၏။ ဒါက ပြီးပြည့်စုံသည်ဟူ၍ တင်စားနိုင်ပါသော ခန္ဓာကိုယ်တစ်ခုပင်။
"ဒီနေ့ အတိဒုက္ခသင့်ချိန်မှာ ကျရောက်ခဲ့တဲ့ မိုးကြိုးကိုးချက်က ငါ့ရဲ့ မွေးဖွားပြီးနယ်ပယ် ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို သန့်စင်ပေးလိုက်ရုံတင်မကဘဲ မွေးရာပါ ခန္ဓာကိုယ်အဖြစ်ပါ ဖွဲ့စည်းပေးလိုက်တာပဲ။ ပြီးတော့ ကမ္ဘာ့မူလအစ ချီစွမ်းအင်ကိုလည်း ခန္ဓာကိုယ်ထဲမှာ လုံးဝ ပေါင်းစပ်သွားစေခဲ့တယ်။ အခုဆိုရင် ခန္ဓာကိုယ်ကြံ့ခိုင်မှုသက်သက်နဲ့တင် မွေးရာပါနယ်ပယ် အထွတ်အထိပ်ရောက်နေတဲ့သူတွေတောင် ငါ့ကို ယှဉ်နိုင်မယ်မထင်ဘူး။"
လုချင်းက သူ့ခန္ဓာကိုယ် အခြေအနေကို ဆန်းစစ်ရင်း တွေးတောနေမိသည်။ သူ့အတွေးက အခြေအမြစ်မရှိ တွေးနေတာမျိုးတော့ မဟုတ်ပါချေ။
ဒီနေ့ တတိယသခင်မြတ်ရဲ့ ရုပ်သေးရုပ်နဲ့ တိုက်ခိုက်တုန်းက သူ့ရဲ့ ခန္ဓာကိုယ်ခွန်အားသက်သက်နဲ့တင် ပြိုင်ဘက်ကို ဖိအားပေးနိုင်ခဲ့တာကိုး။ ပြိုင်ဘက်က သူ့ထက် ကျင့်ကြံခြင်းအဆင့် နှစ်ဆင့်လောက် ပိုမြင့်နေပြီး ကောင်းကင်နဲ့မြေကြီး စွမ်းအင်ကို ထိန်းချုပ်နိုင်စွမ်းမှာ ပိုသာလွန်နေလို့သာ သရေကျတဲ့အခြေအနေ ဖြစ်သွားခဲ့ရတာလေ။
လီဟော်ဂိုဏ်းရဲ့ မှတ်တမ်းတွေအရဆိုရင် အနိမ့်ဆုံးအဆင့် ရုပ်သေးရုပ်တွေတောင်မှ အဖိုးတန်ပစ္စည်းတွေ အများကြီးနဲ့ ဖန်တီးထားတာမို့ သာမန်အဆင့်တူ ကျင့်ကြံသူတွေထက် ခွန်အားအများကြီး ပိုကြီးတတ်ကြတယ်။
မွေးရာပါနယ်ပယ် အထွတ်အထိပ်အဆင့်ရှိသည့် ရုပ်သေးရုပ်ကိုတောင် ခွန်အားချင်း ယှဉ်နိုင်သည်ဆိုကတည်းက လုချင်း၏ ခန္ဓာကိုယ်က ဘယ်လောက်တောင် စွမ်းအားကြီးနေပြီလဲဆိုတာ ထင်ရှားနေပါပြီပင်။
ဒါ့အပြင် ဒါက အစပဲရှိသေးသည်ဟု လုချင်း ခံစားနေရပါ၏။
မိုးကြိုးအတိဒုက္ခ၏ သန့်စင်ပေးမှုနှင့် ကမ္ဘာ့မူလအစ ချီစွမ်းအင် ပေါင်းစပ်မှုတို့ကြောင့် သူ့ခန္ဓာကိုယ်က အကန့်အသတ်မဲ့ အလားအလာတွေကို ပိုင်ဆိုင်ထားလေပြီပင်။ နောင်မှာ တစ်ဆင့်ချင်းစီ ဆက်လက်ကျင့်ကြံသွားမယ်ဆိုလျှင် သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အရှိန်အဟုန်နှင့် တိုးတက်လာဦးမှာ အသေအချာပင်ဖြစ်၏။
ဘာပဲပြောပြော သူက အခုမှ မွေးရာပါနယ်ပယ်ကို စတင် ဝင်ရောက်ခါစပဲ ရှိသေးတာမဟုတ်လား။ အကန့်အသတ်ကို ရောက်ဖို့ ဝေးပါသေးတယ်လေ။
"ခန္ဓာကိုယ် ခွန်အားတင်မကဘူး၊ ဝိညာဉ်စွမ်းအားလည်း တိုးလာသေးတယ်။"
လုချင်းက မျက်ခုံးကြားရှိ စွမ်းအင်အချက်အချာနေရာဆီသို့ အာရုံပြောင်းလိုက်သည်။ အဆိုပါ နေရာလွတ်သည် ကြီးမားသော ပြောင်းလဲမှုကြီး ဖြစ်ပေါ်ထားလေ၏။ ယင်းနေရာလွတ်က ပိုမိုကျယ်ဝန်းလာပြီး ခိုင်ခံ့လာရုံသာမက အနားသတ်တွေမှာ ခရမ်းရောင်အလင်းတန်းတွေ သန်းနေပြီး ဆန်းကြယ်လှသော အငွေ့အသက်တွေ ထွက်ပေါ်နေသည်။ အလယ်ဗဟိုမှာတော့ ခရမ်းရောင် ဝိညာဉ်အဆောင်က ခန့်ညားထည်ဝါစွာဖြင့် တည်ရှိနေလေပြီး စွမ်းအင်အချက်အချာနယ်မြေတစ်ခုလုံးကို ထိန်းချုပ်ထားလေသည်။
လုချင်းက နယ်မြေအစွန်းနားက ခရမ်းရောင်အလင်းကို စစ်ဆေးကြည့်ပေမဲ့ ကောင်းကောင်း နားမလည်နိုင်ဖြစ်နေသည်။ ထူးဆန်းသည့် စွမ်းအင်တစ်ခု ပါဝင်နေသည်ဆိုတာလောက်သာ ခံစားမိပြီး လက်ရှိအဆင့်နှင့်တော့ သဘောပေါက်ဖို့ ခက်ခဲနေဆဲပင်။
"ငါ့ရဲ့ မျက်ခုံးကြားက နေရာလွတ်က ဗီဇပြောင်းလဲမှု တစ်ခုခု ဖြစ်သွားတဲ့ပုံပဲ။ ဘာပဲဖြစ်ဖြစ် ကောင်းတဲ့ ပြောင်းလဲမှု ဖြစ်လောက်ပါတယ်လေ"
လုချင်းက နားမလည်တာကို ခဏထားပြီး အလယ်က ဝိညာဉ်အဆောင်ကို အာရုံစိုက်လိုက်သည်။
အတိဒုက္ခက ခန္ဓာကိုယ်ကိုတင်မက ဝိညာဉ်စွမ်းအားကိုပါ အခြေခံကျကျ ပြောင်းလဲပေးခဲ့ပါ၏။ မိုးကြိုးဒဏ် ခံယူပြီးသည့်နောက်၌ သူ၏ဝိညာဉ်စွမ်းအားက ယင်ဓာတ်သဘာဝ ပျောက်ကွယ်သွားပြီး မွေးဖွားပြီးနယ်ပယ်အဆင့်ကနေ မွေးရာပါနယ်ပယ်အဆင့်ကို ကူးပြောင်းကာ လုံးဝဥဿုံ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်လည်း မြို့တော်မြတ်၏ဖိနှိပ်မှုတွေကြားမှာတောင် မီတာရာချီဝေးသည့် သူ့ဆရာဆီကို အသံပေးပို့နိုင်ခဲ့ခြင်းဖြစ်၏။
အထူးသဖြင့် ဝိညာဉ်အဆောင်သည် မိုးကြိုးဒဏ်ကို ခံနိုင်ရည်ရှိခဲ့ရုံသာမက ပိုပြီးတော့တောင် သန်မာလာခဲ့သည်။ စွမ်းအင်အချက်အချာနယ်မြေကို ထောက်ကူပေးနိုင်စွမ်းကလည်း ပိုမြင့်လာပြီး စွမ်းရည်တွေကို ပိုမိုလွယ်ကူစွာ ထိန်းချုပ်နိုင်စေသည်။ ထို့အပြင် ဂါထာမန္တန်လမ်းစဉ်နှင့် ပတ်သက်သော သူ၏ နားလည်သဘောပေါက်မှုကလည်း အဆင့်သစ်တစ်ခုကို ရောက်ရှိသွားခဲ့ပြီပင်။
လုချင်း လက်ကိုဆန့်ထုတ်လိုက်သောအခါ၌ အလင်းစက်လေးတစ်ခု ပေါ်လာပြီး ပတ်ဝန်းကျင်က ကောင်းကင်နှင့်မြေကြီး စွမ်းအင်တွေက အလျင်အမြန် စုစည်းသွားကြသည်။ မကြာခင်မှာပဲ သူ့လက်ထဲမှာ ယွမ်ချီမန္တန်တစ်ခုဖြစ်သော "မြေကမ္ဘာရွေ့လျားမန္တန်" ဖွဲ့စည်းပြီးသား ဖြစ်သွားလေသည်။ မွေးရာပါနယ်ပယ် ရောက်သွားပြီးသည့်နောက်၌ ဒီလို အခြေခံမန္တန်မျိုး ဖန်တီးရသည်မှာ လုချင်းအတွက် ထမင်းစားရေသောက်လောက်ပဲ ရှိတော့လေ၏။ လက်ဟန်တွေတောင် လုပ်စရာမလိုတော့ဘဲ စိတ်ကူးလိုက်ရုံနှင့် ဖြစ်ပေါ်လာနိုင်ပြီ ဖြစ်သည်။
လက်ထဲက မန္တန်၏ စွမ်းအင်လှိုင်းတွေကို အာရုံခံပြီးနောက် လုချင်းက လက်သီးကို ဆုပ်လိုက်ကာ မန္တန်ကို ပြန်ဖျက်လိုက်သည်။ ပြီးနောက်၌ စိတ်အာရုံကို အနည်းငယ်ပြောင်းပြီး နောက်ထပ် အလင်းစက်တစ်ခုကို ထပ်ဖန်တီးလိုက်သည်။ ဒီတစ်ခါမှာတော့ ကောင်းကင်နှင့်မြေကြီး စွမ်းအင်ကို စုပ်ယူတာမဟုတ်ဘဲ ပိုမိုနက်ရှိုင်းသည့် နေရာလွတ်အလွှာတစ်ခုထဲမှာရှိသော ပိုပြီးအားကောင်းသည့် ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူလိုက်ခြင်း ဖြစ်သည်။
လက်ဟန်မသုံးဘဲ စုစည်းတာချင်း တူပေမဲ့ ဝိညာဉ်စွမ်းအင်ကို စုစည်းရတာက အများကြီး ပိုကြာလေ၏။ အသက်ရှူချိန် ဒါဇင်နှင့်ချီ ကြာမှသာ ဝိညာဉ်စွမ်းအင်နှင့်ဖွဲ့စည်းထားသော "မြေကမ္ဘာရွေ့လျားမန္တန်" တစ်ခု ဖြစ်ပေါ်လာသည်။ သို့သော် ဝိညာဉ်စွမ်းအင်နှင့် လုပ်ထားသော မန္တန်က ယွမ်ချီမန္တန်ထက် အဆပေါင်းများစွာ ပို၍စွမ်းအားထက်မြက်လေ၏။
"ထင်တဲ့အတိုင်းပဲ ယွမ်ချီမန္တန်နဲ့ ဝိညာဉ်စွမ်းအင်မန္တန်တို့ရဲ့ ကွာခြားချက်က မိုးနဲ့မြေလိုပဲကိုး။ ဟိုးအရင်တုန်းက ဝိညာဉ်စွမ်းအင်တွေ ခန်းခြောက်သွားလို့သာ မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်းက ယွမ်ချီနဲ့ အစားထိုးသုံးခဲ့ရတာ။ ဒါပေမဲ့ ယွမ်ချီမန္တန် ဖွဲ့စည်းရတာက ပိုလွယ်ကူတာတော့ အမှန်ပဲ။ ဂါထာမန္တန်လမ်းစဉ် လိုက်သူတွေက မွေးဖွားပြီးနယ်ပယ်မှာတင် လုပ်နိုင်ကြတယ်။ ဝိညာဉ်စွမ်းအင်မန္တန်ကျတော့ ဝိညာဉ်အဆောင်က ယင်ကနေ ယန်အဖြစ် ပြောင်းလဲပြီး 'ယန်အဆောင်' အဆင့်ရောက်မှ ဖန်တီးနိုင်တဲ့ အခွင့်အရေး ရှိတာကိုး။"
လုချင်းက ကျန်လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး ယွမ်ချီနှင့်လုပ်သော "မြေကမ္ဘာရွေ့လျားမန္တန်" ကို ထပ်ဖန်တီးလိုက်သည်။ မန္တန်နှစ်ခုကို ယှဉ်ကြည့်ပြီး ကွာခြားချက်တွေကို သေချာလေ့လာလိုက်၏။ အားသာချက်၊ အားနည်းချက်တွေက ထင်ရှားနေသည်။ ဝိညာဉ်စွမ်းအင်မန္တန်က စွမ်းအားအရမ်းကြီးပေမဲ့ ဖန်တီးရခက်သည်ပင်။ ယွမ်ချီမန္တန်ကျတော့ မွေးဖွားပြီးနယ်ပယ် "ယင်အဆောင်" အဆင့်နှင့်တင် လုပ်နိုင်ပြီး ပတ်ဝန်းကျင် အကန့်အသတ် သိပ်မရှိပါချေ။ ဝိညာဉ်စွမ်းအင် ရှားပါးသည့်ခေတ်မှာတောင် သုံးလို့ရပါ၏။
လောကကြီးက ယွမ်ချီတွေနှင့် ဖွဲ့စည်းထားတာကြောင့် ကောင်းကင်နှင့်မြေကြီး စွမ်းအင်တောင် မသုံးနိုင်တော့ဘူးဆိုလျှင်တော့ ကမ္ဘာပျက်ကပ် ရောက်နေပြီဟုပဲ ဆိုရတော့မည်သာ။
"ဝိညာဉ်စွမ်းအင်တွေ ပြန်လည်နိုးထလာပြီဆိုပေမဲ့ သူတို့က ကောင်းကင်နဲ့မြေကြီး စွမ်းအင်နဲ့ မရောနှောဘဲ ပိုမြင့်တဲ့ နေရာလွတ်အလွှာတစ်ခုမှာ သီးသန့်ရှိနေတာမျိုးပေါ့။ ဝိညာဉ်စွမ်းအား ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူတွေမှပဲ ခံစားလို့ရနိုင်မယ်။ ဒါပေမဲ့ ခံစားမိရုံနဲ့ အသုံးပြုလို့ရတာတော့ မဟုတ်သေးဘူး။ အဲဒီအလွှာက စွမ်းအင်ကို ကိုယ့်ခန္ဓာကိုယ်ထဲ ရောက်အောင်လို့ ဆွဲယူရဦးမှာလေ။ အဲ့ဒါလုပ်နိုင်ဖို့အရေး ဝိညာဉ်စွမ်းအား အများကြီး ကောင်းဖို့လည်း လိုသေးတယ်။ ကိုယ့်ကိုယ်ထဲ ရောက်လာရင်တောင် ကိုယ်ပိုင် ဝိညာဉ်စွမ်းအားအဖြစ် ပြန်ပြီးသန့်စင်ဖို့က သိပ်လွယ်မနေပြန်ဘူး။"
လုချင်းက ကောင်းကင်နှင့်မြေကြီး တံတားကို ချိုးဖျက်ပြီး မွေးရာပါနယ်ပယ်ကို ရောက်ရှိသွားပြီဖြစ်တာကြောင့် စွမ်းအင်နှစ်မျိုးလုံးကို ထိတွေ့ခွင့်ရကာ သူတို့၏ ကွာခြားချက်ကို ပိုနားလည်လာခဲ့သည်။ ဘာကြောင့်များ မြင့်မြတ်သောတောင်ကို သွားပြီး နည်းလမ်းရှာကြသည့်သူတွေထဲမှာ ဝိညာဉ်စွမ်းအင်ကို သန့်စင်နိုင်သူ ဒီလောက်ရှားရသလဲ ဆိုတာကိုလည်း သဘောပေါက်သွားတော့၏။
ပထမအဆင့်ဖြစ်သော ဝိညာဉ်စွမ်းအင်ကို ခန္ဓာကိုယ်ထဲ ဆွဲယူဖို့ကတင် မလွယ်ကူချေ။
ဝိညာဉ်စွမ်းအားလည်းကောင်းဖို့လိုသလို ကောင်းကင်နှင့်မြေကြီး၏နိယာမတွေကိုလည်း အတိုင်းအတာတစ်ခုထိ နားလည်ထားမှ ရမည်။ မွေးရာပါနယ်ပယ် အစောပိုင်းအဆင့် ရောက်နေသူ ၉၉ ရာခိုင်နှုန်းလောက်က ဒီအဆင့်မှာတင် ရှေ့ဆက်မတိုးနိုင် ဖြစ်နေကြပါ၏။ မွေးရာပါနယ်ပယ် အသေးစား အောင်မြင်မှုအဆင့်ရောက်နေရင်တောင်မှ ခက်ခဲနေဆဲသာ။ အကြီးစားအောင်မြင်မှုအဆင့်လောက်ရောက်မှပဲ မျှော်လင့်ချက် ရှိလာနိုင်လောက်ပါသည်။
ဒါမှမဟုတ် သူ့ဆရာလိုမျိုး မွေးရာပါနယ်ပယ် အစောပိုင်းအဆင့်မှာတင် ပိုင်နက် သဘောတရားကို အရိပ်အယောင်လောက် ဖမ်းဆုပ်နိုင်သော ပါရမီရှင်မျိုး၊ ဒါမှမဟုတ် အသေးစား အောင်မြင်မှုအဆင့်မှာတင် ပိုင်နက်တစ်ခုလုံးကို ပိုင်နိုင်စွာ နားလည်ထားသည့် ပါရမီရှင်မျိုးဆိုရင်တော့ တစ်မျိုးတစ်ဖုံပင်။
ထိုသို့သောလူမျိုးတွေက ကောင်းကင်နှင့်မြေကြီး လည်ပတ်ပုံကို နက်နက်ရှိုင်းရှိုင်း နားလည်ထားကြတာကြောင့် ဒီပထမအဆင့်ကို လွယ်လွယ်လေးနှင့် ကျော်ဖြတ်နိုင်ကြမည်သာ။
"ဒါပေမဲ့ ဆရာ့လို ပြိုင်ဘက်ကင်း ပါရမီရှင်မျိုးက လောကမှာ ဘယ်နှယောက်လောက် ရှိမှာမို့လို့လဲ"
မြင့်မြတ်သောတောင်ကို သွားရောက် လေ့လာကြသူတွေ များပြားပေမဲ့ ဝိညာဉ်စွမ်းအား၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်သူ နည်းပါးရခြင်းမှာ အချိန်ကာလ တိုတောင်းလွန်းတာကြောင့်လည်း ပါဝင်နိုင်ပါ၏။ အချိန်တစ်ခု ပေးလိုက်လျှင်တော့ ထိပ်သီးသိုင်းပညာရှင်တွေက အဓိကအချက်ကို တဖြည်းဖြည်း သဘောပေါက်လာကြလိမ့်မည်။ ထိုအချိန်၌ လောကကြီးမှာ အဆင့်တက်သွားသူတွေ ဒုနဲ့ဒေး ပေါ်ထွက်လာတော့မည်ပင်။ ဝိညာဉ်စွမ်းအင် ရှားပါးသည့်ခေတ်မှာတောင် မွေးရာပါနယ်ပယ် ရောက်အောင် ကျင့်ကြံနိုင်သည်ဟု ဆိုကတည်းက သာမန်လူတွေ မဟုတ်ကြပေ။ သူတို့ကို အချိန်ပေးလိုက်လျှင် အောင်မြင်မှု ရလာကြမှာ အသေအချာပဲပင်။
"ဒါပေမဲ့ ဒါကမှ ပိုစိတ်ဝင်စားဖို့ကောင်းတာလေ။ ထူးချွန်ပြောင်မြောက်တဲ့ ခေတ်ကြီးတစ်ခု ဖြစ်လာမှပဲ မပျင်းရတော့မှာပေါ့။"
လုချင်းက သူ့လက်ဖဝါးပေါ်မှာ ဝဲပျံနေသည့် မန္တန်နှစ်ခုကို ကြည့်ရင်း ပြုံးလိုက်၏။ ပြီးနောက် ယွမ်ချီမန္တန်ကို ဖျက်လိုက်ပြီး ဝိညာဉ်စွမ်းအင်နှင့်ဖွဲ့စည်းထားသော "မြေကမ္ဘာရွေ့လျားမန္တန်" ကို မျက်ခုံးကြားရှိ စွမ်းအင်အချက်အချာနေရာထဲ သိမ်းဆည်းထားလိုက်တော့၏။
နေ့ခင်းက အတိဒုက္ခကျရောက်ချိန်တုန်းက သူသိမ်းထားသည့် ယွမ်ချီမန္တန်တွေအကုန်လုံးမှာ မိုးကြိုးပစ်ခံရပြီး ပျက်စီးကုန်ပြီပင်။ အခုက အားလုံးကို ဝိညာဉ်စွမ်းအင်မန္တန်တွေနှင့် အစားထိုးဖို့ အခွင့်ကောင်းတစ်ခုဖြစ်၏။
လုချင်းက ဆက်တိုက်ဆိုသလို ကောင်းကင်နှင့်မြေကြီး ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူပြီး မန္တန်တွေ ဖွဲ့စည်းကာ သိမ်းဆည်းလိုက်သည်။ မျက်ခုံးကြားထဲရှိ နေရာလွတ်ထဲတွင် မန္တန်တွေက အလင်းလုံးလေးတွေအဖြစ် ပြောင်းလဲသွားပြီး ဝိညာဉ်အဆောင်ကို လှည့်ပတ်နေကြသည်။ "ယန်အဆောင်" အဆင့်ရောက်သွားချိန်၌ သိမ်းဆည်းနိုင်သော မန္တန်အရေအတွက်ကလည်း နှစ်ဆတိုးလာပြီး ၁၀ ခုထိ သိမ်းလို့ရသွားပြီ ဖြစ်၏။ မန္တန် ၅ ခုလောက် ဖွဲ့စည်းသိမ်းဆည်းပြီးသည့်အချိန်မှာတော့ ဘာမန္တန်တွေ ဆက်သိမ်းရမလဲ မဆုံးဖြတ်ရသေးသည်နှင့် လုချင်းလည်း ခဏရပ်လိုက်တော့သည်။
လုချင်း ဝိညာဉ်စွမ်းအင်မန္တန်တွေ ဖွဲ့စည်းနေတာကို ဘေးခန်းက သမားတော်ကြီးချန်သည်လည်း အာရုံခံမိပါ၏။ သို့သော် လုချင်း ကျင့်ကြံနေမှန်းသိသဖြင့် မနှောင့်ယှက်ဘဲ နေနေလိုက်သည်။ ထိုအစား သူကလည်း သူ၏ မွေးရာပါနယ်ပယ် ပိုင်နက်ကို တိတ်တဆိတ် ဖြန့်ကျက်ပြီး ကျင့်ကြံအားထုတ်နေလိုက်လေသည်။
လုချင်း၏ အတိဒုက္ခကျော်ဖြတ်မှုက လူအိုကြီးကိုပါ စိတ်ဓာတ်တက်ကြွစေခဲ့သည့်ပုံပင်။
သမားတော်ကြီးချန်က သူ့တပည့်ကို မနာလိုဖြစ်နေတာ မဟုတ်ချေ။
တကယ်တမ်းကျတော့ လုချင်း မိုးကြိုးဒဏ်ကြောင့် သေလုမျောပါးဖြစ်နေချိန်မှာ ဆရာတစ်ယောက်အနေနှင့် ဝင်မကူညီနိုင်ခဲ့သဖြင့် ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ ဖြစ်ပြီး စိတ်မကောင်းဖြစ်နေခဲ့ခြင်းသာ။
သူ့မှာသာ ဒီ့ထက်ပိုတဲ့ စွမ်းအားတွေရှိရင် လုချင်းကို ကူညီပေးနိုင်ခဲ့မှာလေ။
"ဟမ် ဆရာလည်း ကျင့်ကြံနေတာလား"
သမားတော်ကြီးချန် သူ့ပိုင်နက်ကို ဖြန့်ကျက်လိုက်ချိန်၌ လုချင်းလည်း အာရုံခံမိသွားသည်။ သူ အနည်းငယ် အံ့သြသွားပြီးနောက်၌ ပြုံးလိုက်မိ၏။ "ကြည့်ရတာ ဆရာလည်း ကျင့်ကြံခြင်းဘက်ကို ပိုပြီး လုံ့လစိုက်ထုတ်လာပုံပဲ"
လုချင်းက သူ့အာရုံကို ပြန်ရုတ်သိမ်းလိုက်ပြီး ဒီအတိဒုက္ခကနေ ရရှိလိုက်သော အကျိုးကျေးဇူးတွေကို ဆက်လက်ဆန်းစစ်နေလိုက်တော့၏။ ဒီတစ်ခါမှာ မွေးရာပါ ခန္ဓာကိုယ်ရရှိခြင်းနှင့် မွေးရာပါနယ်ပယ်ကို တရားဝင် ဝင်ရောက်နိုင်ခြင်းတို့အပြင် အကြီးမားဆုံးသော ဆုလာဘ်ကတော့ အတိဒုက္ခတိမ်တိုက် မကွဲသွားခင် ပေးသနားခဲ့သော "မွေးရာပါ မိုးမြေဝိညာဉ်စွမ်းရည်" နှစ်ခုဖြစ်သည်။
" မိုးမြေဝိညာဉ်စွမ်းရည်နှစ်ခု။ တစ်ခုက ခန္ဓာကိုယ်အတွက်၊ နောက်တစ်ခုက ဝိညာဉ်အတွက်။ ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ် အခြေခံ ခိုင်မာလွန်းလို့ ကောင်းကင်နဲ့မြေကြီးက ဒါကို ဆုချလိုက်တာများလား"
လုချင်း ရရှိခဲ့သော စွမ်းရည်နှစ်ခုက လုံးဝကို ကွဲပြားခြားနားနေပါ၏။
ပထမတစ်ခုက ခန္ဓာကိုယ်ပိုင်းဆိုင်ရာ မိုးမြေဝိညာဉ်စွမ်းရည် "မဟာခွန်အား" ဖြစ်သည်။ ဤစွမ်းရည်ကို သုံးလိုက်သည်နှင့် ခန္ဓာကိုယ်က "ဗရမ်းဗတာ အခြေအနေ" ကို ရောက်သွားပြီး ခွန်အားနှင့် ခံနိုင်ရည်က ၁၀ ဆတိတိ တိုးလာမှာပင်။ အသုံးပြုပြီးရင်လည်း ခန္ဓာကိုယ် နည်းနည်း ပင်ပန်းသွားတာကလွဲလျှင် တခြား ဘေးထွက်ဆိုးကျိုးဆိုတာက မရှိသလောက်ပင်ဖြစ်၏။ ထို့ကြောင့် ဘေးထွက်ဆိုးကျိုးမရှိဘဲ ပေါက်ကွဲအားပြင်းသော လျှို့ဝှက်နည်းစနစ်တစ်ခုဟု ပြောရင်လည်း မမှားပါချေ။
နောက်တစ်ခုကတော့ ဝိညာဉ်ပိုင်းဆိုင်ရာ မိုးမြေဝိညာဉ်စွမ်းရည် "ပုံရိပ်ယောင်" ဖြစ်သည်။ ဤစွမ်းရည်ကို သုံးလိုက်လျှင် ကိုယ့်ထက် ဝိညာဉ်စွမ်းအား နည်းသည့်သူမှန်သမျှက အာရုံထွေပြားပြီး လုချင်း ပြန်ဖြေပေးမချင်း သို့မဟုတ် သေဆုံးသည်အထိ ထိုပုံရိပါယောင်ကမ္ဘာထဲမှာပဲ ပိတ်မိနေမှာ ဖြစ်၏။
ထွက်ပြေးလွတ်မြောက်ဖို့ဆိုသည်က မဖြစ်နိုင်သလောက်ပါပဲပင်။ လုချင်းထက် ဝိညာဉ်စွမ်းအား သာသည့်သူတွေတောင် မထင်မှတ်ဘဲ ခံလိုက်ရလျှင် ရုန်းထွက်ဖို့အတွက် အတော်အချိန်ယူရမယ့် သဘောရှိလေ၏။ ဤသည်က သေရေးရှင်ရေးအခြေအနေတွေမှာ အသက်ကယ်ပေးနိုင်မယ့် စွမ်းရည်မျိုးဖြစ်လေသည်။
ဒီစွမ်းရည်နှစ်ခုက တစ်ခုက "မာကျောခြင်း"၊ တစ်ခုက "ပျော့ပျောင်းခြင်း"။
တစ်ခုက ထင်ရှားတယ်၊ တစ်ခုက လျှို့ဝှက်တယ်။
လောကကြီးကို တုန်လှုပ်စေလောက်သော စွမ်းရည်မျိုး မဟုတ်ပေမဲ့လည်း လက်ရှိ လုချင်းနှင့်တော့ အတော်လေးကို လိုက်ဖက်ညီလှပေသည်။
နေ့ခင်းတုန်းက သူက "မဟာခွန်အား" စွမ်းရည်ကို ခဏလေးပဲ သုံးခဲ့ရသေးသည်။ ကောင်းကောင်း ကျွမ်းကျင်မှု မရှိသေးတာတောင် တတိယသခင်မြတ်၏ ရုပ်သေးရုပ်ကို ဒဏ်ရာရစေခဲ့ပြီး အရှုံးပေးအောင် လုပ်နိုင်ခဲ့ပါ၏။
တကယ်လို့များ စွမ်းရည်နှစ်ခုလုံးအား တစ်ပြိုင်နက်တည်း သုံးခဲ့မယ်ဆိုလျှင်တော့ တတိယသခင်မြတ်ကို ချက်ချင်းပင် အနိုင်ယူနိုင်လောက်ပါသည်။
ဘာပဲပြောပြော ဝိညာဉ်ကို တိုက်ခိုက်တဲ့ စွမ်းရည်ဆိုတာ ရှားပါးပြီး ကြောက်စရာကောင်းတာကိုး။
တတိယသခင်မြတ်က အဆင့်မြင့်သော်လည်း အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အထွတ်အထိပ်အဆင့် သိုင်းပညာရှင်တွေတောင် ဒီလိုစွမ်းရည်မျိုးနှင့် တိုးလျှင် ခံဖက်ကချည်းပဲဖြစ်နေလိမ့်မည်။
ဒါပေမဲ့ လုချင်းကတော့ ထိုသို့ မလုပ်ခဲ့ပါချေ။ ပထမအချက်ကတော့ စွမ်းရည်နှစ်ခုလုံး တစ်ပြိုင်နက်တည်းသုံးလျှင် အခုမှ အဆင့်တက်ခါစ သူ့ခန္ဓာကိုယ်အတွက် ဝန်ပိသွားနိုင်ပါ၏။ ဒုတိယအချက်ကတော့ မလိုအပ်သေးသောကြောင့်ဖြစ်သည်။
တစ်ဖက်က ပြိုင်ဘက်က ရုပ်သေးရုပ်ပဲလေ။ ချက်ချင်း ဖျက်ဆီးပစ်လိုက်ရင် တတိယသခင်မြတ်ကို ဒေါသထွက်စေရုံကလွဲပြီး ဘာအကျိုးမှ ရှိလာမှာမှ မဟုတ်တာ။ ကိုယ့်ဝှက်ဖဲကို ချန်ထားတာက ပိုကောင်းပါတယ်လေ။
ထို့အပြင် ကောင်းကင်နှင့်မြေကြီးက ပေးသနားသည့် စွမ်းရည်ဆိုသည်မှာ ဒီလောက်ထိ ရိုးရှင်းမည် မဟုတ်။ တကယ်တမ်းကျတော့ လုချင်းရရှိထားသည့် ဒီစွမ်းရည်နှစ်ခုက "ကြီးထွားနှုန်း" အမျိုးအစားတွေ ဖြစ်နေသည်။
ဆိုလိုသည်ကတော့ ကျင့်ကြံအားထုတ်လျှင် အဆင့်မြှင့်တင်နိုင်သည်ဟု အဓိပ္ပာယ်ရလေ၏။ ကျင့်ကြံရမယ့် နည်းလမ်းတွေကိုလည်း လုချင်း၏ စိတ်ထဲမှာ တပါတည်း ရိုက်နှိပ်ပေးထားပြီးသားပင်။
အခန်း ၃၀၄ - မိုးမြေဝိညာဉ်စွမ်းရည် အဆင့်များ၊ ဝိညာဉ်လက်နက် ကျောက်စိမ်းပုလင်း
မွေးရာပါ မိုးမြေဝိညာဉ်စွမ်းရည်နှစ်ခုသည် စွမ်းအားကြီးမားရုံသာမက လုချင်းနှင့်လည်း အလွန်လိုက်ဖက်ညီနေခဲ့ပါသည်။ ပိုပြီးအရေးကြီးသည်မှာ ထိုစွမ်းရည်နှစ်ခုလုံးသည် အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲနိုင်သည့် အရာများဖြစ်နေခြင်းပင်။
နေ့အချိန်က အတိဒုက္ခတိမ်တိုက် ပျောက်ကွယ်သွားသည့်အခါ ထိုအရာက လုချင်းအား မိုးမြေဝိညာဉ်စွမ်းရည်များကို ပေးအပ်ခဲ့ရုံသာမက ၎င်းတို့ကို ဆက်လက်ကျင့်ကြံအားထုတ်ရန်နှင့် အဆင့်မြှင့်တင်ရန် နည်းလမ်းများကိုပါ ပေးသနားခဲ့လေသည်။
လုချင်းသည် သူ၏စိတ်အာရုံထဲရှိ မိုးမြေဝိညာဉ်စွမ်းရည် ကျင့်ကြံခြင်းနည်းလမ်းများကို အာရုံခံကြည့်လိုက်သည်။ မကြာမီမှာပင် သူမျက်လုံးဖွင့်ကြည့်လိုက်သောအခါ၌ နားလည်သဘောပေါက်သွားသည့် အရိပ်အယောင်များ သူ၏မျက်ဝန်းထဲ၌ တောက်ပနေခဲ့သည်။
"အော်... အဲ့ဒီလိုကိုး။ မိုးမြေဝိညာဉ်စွမ်းရည်တွေကလည်း အဆင့်အမျိုးမျိုး ခွဲခြားထားတာပဲ။ အငယ်စား၊ အကြီးစား၊ အထွတ်အထိပ် နဲ့ တာအိုအဆင့် မိုးမြေဝိညာဉ်စွမ်းရည်ဆိုပြီး အမျိုးမျိုး ရှိနေတာကိုး။ စွမ်းရည် အဆင့်တစ်ခုနဲ့တစ်ခုကြားက ကွာဟချက်ကလည်း ကြီးမားလွန်းလိုက်တာ...
ဖြတ်ကျော်လို့မရနိုင်တဲ့ ချောက်ကမ်းပါးကြီးတစ်ခုလိုပါပဲလား။
စွမ်းရည်တစ်ခုကို အဆင့်မြှင့်တင်ဖို့ဆိုတာက ကောင်းကင်ပေါ်တက်ရသလိုမျိုး တော်တော့်ကို ခက်ခဲတာပဲ။ နားလည်သဘောပေါက်ဖို့နဲ့ ကျင့်ကြံဖို့လိုအပ်တဲ့အချိန်ကလည်း ကြောက်စရာကောင်းလောက်အောင် ကြာလွန်းတယ်။ တစ်ရက်နှစ်ရက်လောက်နဲ့ ပြီးမြောက်နိုင်မယ့်ကိစ္စမျိုးတော့ လုံးဝမဟုတ်ဘူး"
သူ့စိတ်ထဲရှိ မိုးမြေဝိညာဉ်စွမ်းရည်များနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို နားလည်ပြီးနောက် လုချင်း အံ့အားသင့်သွားခဲ့ရသည်။ မိုးမြေဝိညာဉ်စွမ်းရည်များကြားတွင် အဆင့်ပေါင်းများစွာ ရှိနေလိမ့်မည်ဟု သူလုံးဝထင်မထားခဲ့မိပါ။ ထို့အပြင် အဆင့်တစ်ခုချင်းစီ၏ ကွာခြားချက်မှာလည်း ကြီးမားလွန်းလှပြီး ၎င်းတို့၏ စွမ်းအားများမှာ နှိုင်းယှဉ်၍ပင် မရနိုင်ပေ။
ယခုတစ်ကြိမ် အတိဒုက္ခတိမ်တိုက်က ပေးသနားလိုက်သည့် မွေးရာပါ မိုးမြေဝိညာဉ်စွမ်းရည်နှစ်ခုမှာ 'အငယ်စား မိုးမြေဝိညာဉ်စွမ်းရည်' အမျိုးအစားထဲတွင် ပါဝင်လေသည်။ သို့သော် အငယ်စားဟုဆိုကာ သာမန်ကာလျှံကာဟု အထင်မမှားလိုက်ပါနှင့်။
လက်တွေ့တွင် မည်သည့် မိုးမြေဝိညာဉ်စွမ်းရည်မဆို အလွန်ရှားပါးလှသည်။ အငယ်စား မိုးမြေဝိညာဉ်စွမ်းရည်တစ်ခုသည်ပင်လျှင် မရေမတွက်နိုင်သော ကျင့်ကြံသူများ အိပ်မက်မက်ကြရသည့် အရာဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် မိုးမြေဝိညာဉ်စွမ်းရည်တိုင်းသည် ဆန်းကြယ်ပြီး ခန့်မှန်းရခက်သော 'တာအို' ၏ စည်းမျဉ်းများ ပါဝင်ပတ်သက်နေသောကြောင့်ပင်။ ထိုအရာသည် တစ်ကိုယ်ရေ ကျင့်ကြံအားထုတ်မှု သက်သက်ဖြင့် လွယ်လွယ်ကူကူ နားလည်သဘောပေါက်ပြီး ကျွမ်းကျင်ပိုင်နိုင်နိုင်သည့်အရာ မဟုတ်ပေ။
မူလဝိညာဉ်အဆင့်အောက်ရှိ မည်သည့်ကျင့်ကြံသူမဆို အငယ်စား မိုးမြေဝိညာဉ်စွမ်းရည်တစ်ခုကို ပိုင်ဆိုင်ထားပါက စစ်မှန်သော ဝှက်ဖဲတစ်ခုကို ကိုင်ဆောင်ထားသည်ဟု ဆိုနိုင်ပေ၏။ ထို့အပြင် မိုးမြေဝိညာဉ်စွမ်းရည်တစ်ခု ရရှိရန်မှာ အလွန်ခက်ခဲလှသည်။
ယေဘုယျအားဖြင့် အထူးသွေးမျိုးဆက် ရှိသူများ သို့မဟုတ် ကြီးမားသော ကံကောင်းမှုများနှင့် ကြုံတွေ့ရသူများသာလျှင် မိုးမြေဝိညာဉ်စွမ်းရည်ကို ပိုင်ဆိုင်နိုင်ကြသည်။
လုချင်းသည် ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထလာပြီး ကောင်းကင်နှင့်မြေကြီး ပြောင်းလဲသွားပြီးနောက်၌ ပထမဆုံး အတိဒုက္ခဒဏ်ကို ခံနိုင်ရည်ရှိသူဖြစ်သည့်အတွက် ကောင်းကင်အလိုတော်၏ မျက်နှာသာပေးမှုကို ခံခဲ့ရကာ အခွင့်အရေးနှင့် မိုးမြေဝိညာဉ်စွမ်းရည်များကို ရရှိခဲ့ခြင်းဖြစ်သည်။ ဤကဲ့သို့သော အဖြစ်အပျက်မျိုးသည် အလွန်ရှားပါးလှပြီး ခေတ်တစ်ခေတ်တွင် တစ်ကြိမ်ပင် ဖြစ်ခဲလှပါ၏။ ထို့အပြင် သူရရှိခဲ့သော အငယ်စား မိုးမြေဝိညာဉ်စွမ်းရည်များကို ကျင့်ကြံခြင်းအားဖြင့် အဆင့်မြှင့်တင်နိုင်ပြီး ပိုမိုမြင့်မားသော အဆင့်များသို့ ရောက်ရှိနိုင်သည့် အလားအလာလည်း ရှိနေလေသည်။
"ဒါပေမဲ့ 'မဟာ မိုးမြေဝိညာဉ်စွမ်းရည်' တွေရဲ့ စွမ်းအားကတော့ ကြီးမားလွန်းတယ်။ လက်ရှိ ငါမျှော်မှန်းလို့ရတဲ့ အတိုင်းအတာထက် အများကြီး ကျော်လွန်နေတယ်လေ။ အခုချိန်မှာ အဲဒါတွေကို နားလည်ဖို့ ကြိုးစားရင်တောင်မှ တာအိုစည်းမျဉ်းတွေရဲ့ ကြီးမားတဲ့စွမ်းအားကြောင့် ငါ့ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်"
သူ့စိတ်ထဲရှိ အချက်အလက်များအရ 'မဟာ မိုးမြေဝိညာဉ်စွမ်းရည်' များကို နားလည်သဘောပေါက်ရန် ကြိုးပမ်းလိုပါက အနည်းဆုံးတော့ 'မူလဝိညာဉ်အဆင့်' ရှိရန် လိုအပ်လေသည်။
သို့မဟုတ်ပါက လုံလောက်သော ကျင့်ကြံမှုအဆင့်နှင့် ဝိညာဉ်စွမ်းအား မရှိဘဲ အတင်းအကျပ် နားလည်ရန် ကြိုးစားပါက 'တာအို' စွမ်းအား၏ ပြန်လည်ရိုက်ခတ်မှုကို ခံရပေလိမ့်မည်ပင်။ လုချင်းကဲ့သို့ လူမျိုးပင်လျှင် ခံနိုင်ရည်ရှိမည် မဟုတ်ဘဲ ဝိညာဉ်တစ်ခုလုံး ပျက်စီးသွားနိုင်ပါ၏။
အငယ်စား မိုးမြေဝိညာဉ်စွမ်းရည်များသည်ပင်လျှင် မူလဝိညာဉ်အဆင့်အောက် ကျင့်ကြံသူများအတွက် အပြည့်အဝ နားလည်သဘောပေါက်ရန်နှင့် စွမ်းရည်ပြည့် အသုံးပြုနိုင်ရန် ခက်ခဲလှပေသည်။ အကယ်၍ တစ်စုံတစ်ယောက်ကသာ အပြည့်အဝ နားလည်ကျွမ်းကျင်သွားပါက ထိုသူသည် ပြိုင်ဘက်ကင်း ပါရမီရှင်၊ အထွတ်အထိပ် ဉာဏ်ကြီးရှင်တစ်ဦးဟု သတ်မှတ်ခံရမည်ပင်။
"ကြည့်ရတာ ဒီနေ့ကစပြီး ငါ့ကျင့်ကြံမှုအဆင့်ကို မြှင့်တင်တာအပြင် ဒီမိုးမြေဝိညာဉ်စွမ်းရည် နှစ်ခုကို နားလည်သဘောပေါက်ဖို့လည်း ပိုပြီး အာရုံစိုက်ရတော့မယ်။ တကယ်လို့ ငါသာ ဒါတွေကို အပြည့်အဝ ကျွမ်းကျင်သွားရင် တတိယ သခင်မြတ် ကိုယ်တိုင် ရောက်လာရင်တောင်မှ ကြောက်စရာမလိုတော့ဘူး"
မိုးမြေဝိညာဉ်စွမ်းရည်များ၏ အရေးပါမှုကို သိရှိသွားပြီးနောက်၌ လုချင်းသည် သူ၏ အနာဂတ် ကျင့်ကြံမှုအစီအစဉ်ကို ချက်ချင်း ပြုပြင်ပြောင်းလဲလိုက်သည်။ သူ၏ မွေးရာပါ စွမ်းရည်များကြောင့် သူသည် နားလည်သဘောပေါက်မှု မြန်ဆန်သူဖြစ်၏။ မကြာမီအချိန်အတွင်း ဤမွေးရာပါ မိုးမြေဝိညာဉ်စွမ်းရည်နှစ်ခုကို သူအပြည့်အဝ နားလည်ကျွမ်းကျင်သွားလိမ့်မည်ဟု ယုံကြည်ထားသည်။
အတိဒုက္ခကို ကျော်ဖြတ်ပြီးနောက် သူ၏ ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုများကို စီမံပြီးသည့်အခါ လုချင်းသည် သူပိုင်ဆိုင်ထားသော အခြားပစ္စည်းများကို စတင်ရှင်းလင်းလေသည်။ သူ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ပစ္စည်းများစွာ သူ့ရှေ့၌ ပေါ်လာသည်။ အထင်ရှားဆုံးမှာတော့ အလယ်၌ရှိသော မြေကမ္ဘာဝိညာဉ်ပုလဲ ပင်။ ယခင်က အတိဒုက္ခကို ကျော်ဖြတ်ရန်အတွက် သူသည် ဤမြေဓာတ်ရတနာကို ဟင်းလင်းပြင်ချီအိတ်ထဲတွင် သိမ်းဆည်းထားခဲ့ပါ၏။ ယခုအခါတွင်တော့ ၎င်းကို သူ၏ မျက်ခုံးနှစ်ခုကြားရှိ နေရာလွတ်ထဲသို့ ပြန်လည်ပို့ဆောင်နိုင်ပြီဖြစ်သည်။
စိတ်အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် မြေကမ္ဘာဝိညာဉ်ပုလဲသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်သွားလေသည်။ ထို့နောက် ဝိညာဉ်အဆောင်သည် ထုံးစံအတိုင်း မြေကမ္ဘာဝိညာဉ်ပုလဲ၏ အလယ်ဗဟိုသို့ ဝင်ရောက်ကာ သူ့ကိုယ်သူ အားဖြည့်နေလိုက်သည်။ သို့သော် ယခုတစ်ကြိမ်တွင် လုချင်းသည် အနည်းငယ် ကွာခြားမှုကို သတိထားမိလိုက်သည်။
သူ၏ အဆင့်တက်လှမ်းမှုပြီးနောက် သူ၏ ဝိညာဉ်စွမ်းအားသည် ယခင်ကထက် ဆယ်ဆကျော် ပိုမိုအားကောင်းလာခဲ့သည်။ မြေကမ္ဘာဝိညာဉ်ပုလဲကို သန့်စင်သည့် အမြန်နှုန်းမှာလည်း များစွာတိုးတက်လာခဲ့၏။ သုံးရက်အတွင်း ဤမြေဓာတ်ရတနာကို အပြည့်အဝ သန့်စင်ထိန်းချုပ်နိုင်လိမ့်မည်ဟု သူခန့်မှန်းလိုက်သည်။ ထိုအချိန်ရောက်လျှင် သူ့တွင် နောက်ထပ် ဝှက်ဖဲတစ်ခု ရှိလာတော့မည်ပင်။
မြေကမ္ဘာဝိညာဉ်ပုလဲကို သိမ်းဆည်းပြီးနောက်၌ လုချင်းသည် အခြားပစ္စည်းများကို အာရုံစိုက်လိုက်သည်။ သူ့ရှေ့ရှိ ပစ္စည်းများကို အမျိုးအစား နှစ်ခုခွဲခြားထား၏။
အများစုမှာ ရွှမ်ခုန်းဘုရားကျောင်းမှ ဘုန်းကြီးများ၏ အလောင်းများမှ ရရှိခဲ့သော ပစ္စည်းများဖြစ်သည်။ ကျန်ပစ္စည်းများမှာမူ မိစ္ဆာကိုယ်ခွဲနည်းပညာကို အသုံးပြုပြီးနောက် ဝတ်ရုံနက်နှင့် အမျိုးသားထံမှ ပြုတ်ကျကျန်ရစ်ခဲ့သော ပစ္စည်းများဖြစ်သည်။
တစ်ချက်ကြည့်လိုက်ပြီးနောက် လုချင်းသည် အရေးမကြီးသော ပစ္စည်းအများစုကို သိမ်းဆည်းလိုက်ပြီး အနည်းငယ်ကိုသာ ချန်ထားလိုက်သည်။ ရွှေရောင်သပိတ်၊ ဝရဇိန်လက်နက်၊ ဝတ်ရုံနီတစ်ထည်နှင့် အနက်ရောင်နှင့် အဖြူရောင် ကျောက်စိမ်းပုလင်းနှစ်လုံးတို့ ဖြစ်သည်။
ပထမဆုံးအနေဖြင့် လုချင်းသည် ကျောက်စိမ်းပုလင်းနှစ်လုံးကို အာရုံစိုက်လိုက်၏။ အဖြူရောင် ကျောက်စိမ်းပုလင်းကို ရွှမ်မင်းထံမှ တွေ့ရှိခဲ့ပြီး အနက်ရောင် ကျောက်စိမ်းပုလင်းမှာမူ ဝတ်ရုံနက်နှင့် အမျိုးသားထံမှ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။ စိတ်ဝင်စားစရာကောင်းသည်မှာ ပုလင်းနှစ်လုံးစလုံးတွင် သူတို့၏ အရှိန်အဝါကို ဖုံးကွယ်ထားနိုင်စွမ်း ရှိနေခြင်းပင်။ ဤအချက်က လုချင်းအား အတွင်းထဲ၌ ဘာရှိနေသည်ကို ချက်ချင်း အာရုံမခံနိုင်အောင် တားဆီးထားလေ၏။
သူသည် ပုလင်းတစ်လုံးကို ကောက်ယူပြီး အာရုံစိုက်၍ စစ်ဆေးကြည့်လိုက်သည်။ မကြာမီပင် သူ၏ နတ်မျက်စိစွမ်းရည်မှ ရွှေရောင်အလင်းမှိန်မှိန်လေးတစ်ခု ပုလင်းပေါ်တွင် ပေါ်လာတော့၏။
[ ဝိညာဉ်လက်နက် ကျောက်စိမ်းပုလင်း - ထူးခြားသော လက်နက်သွန်းလုပ်နည်းကို အသုံးပြုထားသည့် ဤကျောက်စိမ်းပုလင်းသည် ရတနာများနှင့် ဆေးလုံးများကို ကာလကြာရှည်စွာ သိမ်းဆည်းထားနိုင်ပြီး ၎င်းတို့၏ အရှိန်အဝါ ယိုစိမ့်ခြင်းမှ ကာကွယ်ပေးနိုင်သည်။ ဤကျောက်စိမ်းပုလင်းထဲတွင် အလွန်တန်ဖိုးကြီးသော သဘာဝရတနာများ ပါဝင်နေပုံရသည်။
ကျောက်စိမ်းပုလင်း၌ အတွင်းပိုင်း နေရာလွတ်ငယ်တစ်ခု ပါရှိပြီး ၎င်း၏ ရုပ်ပိုင်းဆိုင်ရာ အရွယ်အစားထက် များစွာကြီးမားသော ပစ္စည်းများကို ထည့်သွင်းနိုင်သည်။ ဆန်းကြယ်သော သင်္ကေတများဖြင့် ကာကွယ်ထားသဖြင့် ပုလင်းအတွင်းရှိ ဆေးလုံးများ၏ ဆေးစွမ်းကို နှစ်ပေါင်းတစ်ထောင်တိုင်အောင် မပျက်မစီး ထိန်းသိမ်းထားနိုင်သည်။ ]
လုချင်းသည် အခြားကျောက်စိမ်းပုလင်းကို ကောက်ယူကြည့်ရှုလိုက်ရာ အလားတူ သတင်းအချက်အလက်များကို ရရှိလေသည်။
သူ အတော်လေး အံ့သြသွားပါ၏။ ဤကျောက်စိမ်းပုလင်းနှစ်လုံးသည် မှော်လက်နက်အဆင့်သို့ ရောက်ရှိနေသည့် ရှားပါးရတနာများ ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။ အတွင်းပိုင်း နေရာလွတ်ငယ်များ ပါဝင်ရုံသာမက အရှိန်အဝါကို ဖုံးကွယ်ပေးပြီး ဆေးစွမ်းကိုပါ တံဆိပ်ခတ် ထိန်းသိမ်းပေးနိုင်လေသည်။ ယခင်က ယွင်လွိုက်မြို့တွင် သူဖန်တီးခဲ့သော ကျောက်စိမ်းပုလင်းထက် များစွာသာလွန်ပေသည်။
ပုလင်းများမှရသော သတင်းအချက်အလက်များအရ အတွင်း၌ အန္တရာယ်မရှိကြောင်း လုချင်း သိလိုက်သည်။ သူသည် အထဲတွင် ဘာရှိသည်ကို သိလိုစိတ်ဖြင့် အနက်ရောင် ကျောက်စိမ်းပုလင်းကို ကောက်ယူလိုက်၏။
ပုလင်းပေါ်တွင် တံဆိပ်ခတ်နှောင်ဖွဲ့ထားမှုတစ်ခုရှိနေသည်။
သို့သော် ၎င်းသည် လုချင်းအတွက် ပြဿနာမဟုတ်ပေ။ သူ၏ လက်ရှိ ဝိညာဉ်စွမ်းအားနှင့် တံဆိပ်ခတ်နည်းပညာအပေါ် နားလည်မှုတို့ဖြင့် သူ့အဆင့်ထက် များစွာသာလွန်သော ကျင့်ကြံသူတစ်ဦးက ပြုလုပ်ထားခြင်း မဟုတ်လျှင် သူချိုးဖျက်နိုင်လေသည်။ ထို့ကြောင့် အချိန်အနည်းငယ် ပေးလိုက်ပြီးနောက်၌ လုချင်းသည် ပုလင်းမှ တံဆိပ်ကို ဖယ်ရှားလိုက်တော့၏။
လုချင်း တံဆိပ်ကို ချိုးဖျက်လိုက်သည့်အချိန်မှာပင် မြို့တော်မြတ်၏ အပြင်ဘက် မိုင်ပေါင်းများစွာဝေးသော တောအုပ်နက်တစ်ခုထဲ၌ ဝတ်ရုံနက်နှင့်ထားသော ပုံရိပ်တစ်ခုသည် ရုတ်တရက် သူ့စိတ်ထဲ၌ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး ညည်းညူလိုက်မိသည်။ သူသည် အမုန်းတရားများ ပြည့်နှက်နေသော မျက်လုံးများဖြင့် မျက်စိဖွင့်ကြည့်လိုက်ပြီး
"သောက်ကျိုးနည်း... ငါ့တံဆိပ် ချိုးဖျက်ခံလိုက်ရပြီ။ အဲ့ဒီကောင်လေး လက်မြန်သားပဲ"
သို့သော် လုချင်းက တံဆိပ်ကို ချိုးဖျက်လိုက်မှန်း သိနေသော်လည်း ဝတ်ရုံနက်နှင့် အမျိုးသားမှာ ဘာမျှမတတ်နိုင်ပေ။
သူသည် စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးများကိုမှိတ်ကာ ဒဏ်ရာများကို ကုသရန်သာ အာရုံစိုက်လိုက်ရ၏။ မိစ္ဆာကိုယ်ခွဲနည်းပညာကို အသုံးပြုခဲ့ရသဖြင့် သူ၏ ဇီဝစွမ်းအားများ ပြင်းထန်စွာ ထိခိုက်ခဲ့ရပြီး လောလောဆယ် လှုပ်ရှားရန်ပင် ခက်ခဲနေသည်။ ထွက်ပြေးပုန်းရှောင်နိုင်ရန်အတွက် သူ၏ ဇီဝစွမ်းအားအချို့ကို ဦးစွာ ပြန်လည်ရယူရန် လိုအပ်နေသည်။
ဝတ်ရုံနက်နှင့် အမျိုးသားမှာ ဝေးဝေးလံလံ ထွက်မပြေးနိုင်သေးမှန်း မသိရှာသော လုချင်းမှာမူ ကျောက်စိမ်းပုလင်းထဲမှ ထွက်ပေါ်လာသော အရှိန်အဝါကို အာရုံခံရင်း စိတ်ဝင်စားနေလေ၏။
သူ၏ မျက်လုံးများမှာ ဝမ်းသာပီတိဖြင့် တောက်ပသွားပြီး
"ငါထင်တဲ့အတိုင်းပဲ။ ပုလင်းထဲမှာ 'ကမ္ဘာ့မူလအစ ချီစွမ်းအင်' တွေ ရှိနေတာပဲ"