အခန်း (၃၀၇-၃၀၈)
Vol. 31 Ch. 307-308
အခန်း ၃၀၇ - ဝိညာဉ်တုန်ခါမှု၊ မြို့မှထွက်ခွာခြင်း
ထျန်းကျီမျှော်စင်သခင်၏ လက်ထဲရှိ ကျောက်စိမ်းပုလင်းတွင် နက်နဲသော သင်္ကေတများ ထွင်းထုထားသည်။ ဖျော့တော့သော ထူးဆန်းသည့် အရှိန်အဝါတစ်ခု ၎င်းမှ ထွက်ပေါ်နေပြီး အတွင်းရှိ အရာဝတ္ထုများသည် သာမန်မဟုတ်ကြောင်း ညွှန်ပြနေလေ၏။
လင်းကျိယွဲ့သည်လည်း ကျောက်စိမ်းပုလင်း၏ ထူးခြားမှုကို သတိထားမိပြီး မေးလိုက်၏။ "ဆရာ... ပုလင်းထဲမှာ ဘာရှိတာလဲဗျ"
ထျန်းကျီမျှော်စင်သခင်သည် ကျောက်စိမ်းပုလင်းကို ဖွင့်လိုက်ရာ သိမ်မွေ့ပြီး နက်နဲသော အရှိန်အဝါတစ်ခု လေထုထဲ စတင်ပျံ့နှံ့သွားသည်။ ပြီးနောက်၌ ဆရာနှင့် တပည့်နှစ်ဦးစလုံး၏ မျက်နှာထားများ ချက်ချင်း ပြောင်းလဲသွားတော့၏။
"ဒါက..."
လင်းကျိယွဲ့သည် ၎င်းမှ ထွက်ပေါ်လာသော အားကောင်းသည့် ဆွဲဆောင်မှုကို ခံစားလိုက်ရပြီး အံ့အားသင့်စွာဖြင့် မျက်လုံးပြူးသွာတော့၏။
ထျန်းကျီမျှော်စင်သခင်သည် ပုလင်းကို ပြန်ပိတ်လိုက်ပြီး သူ၏ အကြည့်များကို လုချင်းနှင့် အဖွဲ့ ထွက်ခွာသွားရာ အရပ်သို့ ရွှေ့လိုက်သည်။
"လုချင်း ပေးတဲ့ ဒီလက်ဆောင်က နည်းနည်းတော့ များလွန်းနေတယ် မဟုတ်လား"
မြင်းလှည်းသည် ဖြည်းညှင်းစွာ ရွေ့လျားရင်း ထျန်းကျီမျှော်စင်၏ ဝင်းအတွင်းမှ ထွက်ကာ လမ်းမပေါ်သို့ ရောက်ရှိလာသည်နှင့် သူလျှိုမြောက်မြားစွာ၏ အာရုံစိုက်မှုကို ချက်ချင်း ဖမ်းစားလိုက်သည်။
ထျန်းကျီမျှော်စင်သည် လက်ရှိအချိန်တွင် မြို့တော်မြတ် တစ်ခုလုံး၌ စောင့်ကြည့်ခံရဆုံး ဂိုဏ်းဖြစ်ကြောင်း သံသယရှိစရာ မလိုပေ။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထလာပြီး ကမ္ဘာကြီး ပြောင်းလဲမှုများ ဖြစ်ပေါ်လာကတည်းက အတိဒုက္ခတိမ်တိုက်ကို အစပျိုးခဲ့ပြီး အတိဒုက္ခကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည့် လူငယ်လေး ရှိနေသောကြောင့်ပင်။
ဤလူငယ်သည် ရွှမ်ခုန်းဘုရားကျောင်းမှ အထက်တန်းစား ဘုန်းကြီးများစွာကိုလည်း လွယ်ကူစွာဖြင့် သတ်ဖြတ်ခဲ့ပြီး တတိယသခင်မြတ်ကိုပင် အနိုင်ယူခဲ့သည့် ပြိုင်ဘက်ကင်း ကျွမ်းကျင်သူဖြစ်သည်။ မည်သည့်အဖွဲ့အစည်းကမျှ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်၏ တည်ရှိမှုကို လျစ်လျူမရှုရဲကြပေ။ ရလဒ်အနေဖြင့် ထျန်းကျီမျှော်စင် အပြင်ဘက် ဧရိယာသည် အဖွဲ့အစည်းအသီးသီးမှ သူလျှိုများဖြင့် ပြည့်နှက်နေပြီး အတွင်းမှ လှုပ်ရှားမှုတိုင်းကို အနီးကပ် စောင့်ကြည့်နေကြသည်။
ထျန်းကျီမျှော်စင်မှ မြင်းလှည်းတစ်စီး ထွက်လာသည်ကို မြင်လိုက်ရသည်နှင့် သူလျှိုအားလုံး ချက်ချင်းပင် နိုးကြားသွားကြတော့၏။
"တစ်ယောက်ယောက် ထွက်လာပြီဟေ့"
"အဲဒါ မမှားနိုင်ဘူး... ကျောက်စိမ်းဦးချိုပါတဲ့ မြင်းတွေ ဆွဲတဲ့လှည်းပဲ။ အဲဒါ သူ့လှည်းပဲ"
"မနက်စောစောစီးစီး သူ ဘယ်သွားမလို့ပါလိမ့်"
"သူတို့ မြို့တော်မြတ်ကနေ ထွက်ခွာတော့မလို့များလား"
...
မနေ့က တိုက်ပွဲပြီးနောက် မြို့တော်ရှိ အဓိကအဖွဲ့အစည်းအားလုံးသည် လုချင်းကို ချက်ချင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။ သို့သော် တစ်ညလုံး ကြာပြီးသည့်တိုင် သူ၏ တိကျသော ဇာစ်မြစ်ကို ဆုံးဖြတ်နိုင်ခြင်း မရှိသေးပေ။ သို့သော် မြို့ထဲသို့ ဝင်ရောက်ပြီးနောက်၌ သူတို့အဖွဲ့၏ လှုပ်ရှားမှုများကိုမူ ဖုံးကွယ်မထားနိုင်ခဲ့ပေ။
ထို့ကြောင့် လုချင်းနှင့် အဖွဲ့ မြို့ထဲသို့ ဝင်ရောက်လာစဉ်က ထူးခြားသော မြင်းလှည်းတစ်စီးကို စီးနင်းလာကြောင်း၊ အထူးသဖြင့် ၎င်းကို ဆွဲသော ရှားပါးပြီး ခံ့ညားထည်ဝါသော ထူးခြားသည့် မြင်းနှစ်ကောင်ကို အဖွဲ့အားလုံး သိရှိထားကြသည်။
ထျန်းကျီမျှော်စင်မှ ထိုမြင်းလှည်း ထွက်လာသည်ကို မြင်သောအခါ၌ သူလျှိုများ စတင်ခန့်မှန်းကြသည်။ သို့သော် မည်မျှပင် သိချင်နေကြပါစေ၊ မည်သူမျှ မြင်းလှည်းကို စုံစမ်းစစ်ဆေးရန် မဝံ့ရဲကြပေ။ သူတို့သည် အနားကပ်ရန်ပင် မဝံ့ရဲဘဲ အဝေးမှသာ စောင့်ကြည့်နေကြပြီး မြင်းလှည်း၏ လှုပ်ရှားမှုများကို မျက်စိဒေါက်ထောက်ကြည့်ကာ သက်ဆိုင်ရာ အဖွဲ့အစည်းများထံ သတင်းများ အမြန်ပေးပို့နေကြသည်။
လုချင်းနှင့် သမားတော်ကြီးချန်တို့သည် သူတို့ကို စောင့်ကြည့်နေသူများအား အာရုံခံမိသော်လည်း ဂရုမစိုက်ဘဲ အေးဆေးစွာ စကားစမြည် ပြောဆိုနေကြသည်။
"အားချင်း... စောစောက ထျန်းကျီမျှော်စင်သခင်ကို မင်းပေးလိုက်တဲ့ ကျောက်စိမ်းပုလင်းပေါ်က အကွက်တွေကို ကြည့်ရတာ ရင်းနှီးနေသလိုပဲ။ အဲဒါ ယွင်လွိုက်မြို့မှာ မင်း သန့်စင်ခဲ့တဲ့ ပုလင်းနဲ့ တူတယ်နော်" သမားတော်ကြီးချန်က မှတ်ချက်ချလိုက်သည်။
"ဟုတ်ပါတယ် ဆရာ။ အဲဒါ ယွင်လွိုက်မြို့မှာ ကျွန်တော် သန့်စင်ခဲ့တဲ့ ကျောက်စိမ်းပုလင်းပါပဲဗျ" လုချင်းက ခေါင်းညိတ်လိုက်သည်။ "မျှော်စင်သခင်ကို ကျွန်တော် ပေးလိုက်တဲ့ လက်ဆောင်က ထူးခြားတယ်။ သာမန်ပုလင်းတွေက အဲဒါကို မထိန်းထားနိုင်ဘူးလေ"
"သာမန်ပစ္စည်းတွေ မထိန်းထားနိုင်ဘူးဆိုတော့... ဖြစ်နိုင်တာက..."
သမားတော်ကြီးချန်သည် စောစောက သူအာရုံခံမိလိုက်သော ထူးခြားသည့် အရှိန်အဝါကို ပြန်သတိရသွားသည်။
"ကျွန်တော် မျှော်စင်သခင်ကို 'ကမ္ဘာ့မူလအစ ချီစွမ်းအင်' တစ်ခု ပေးလိုက်တာပါဗျ" လုချင်းက ပြောလိုက်သည်။
သမားတော်ကြီးချန် မအံ့သြပေ။ ကျောက်စိမ်းပုလင်းမှ ထူးဆန်းသော အရှိန်အဝါကို အာရုံခံမိကတည်းက သူရိပ်မိပြီးဖြစ်သည်။ သို့သော် သူ့တပည့်၏ ရက်ရောမှုကိုမူ အံ့သြနေဆဲပင်။
'ကမ္ဘာ့မူလအစ ချီစွမ်းအင်' မည်မျှ တန်ဖိုးရှိကြောင်း သူသိသည်၊ အထူးသဖြင့် သူကိုယ်တိုင် တစ်ခုကို သန့်စင်ပြီးနောက် ၎င်း၏ ဆန်းကြယ်သော သဘောသဘာဝကို နားလည်ထားသောကြောင့် ဖြစ်သည်။
မြို့တော်ရှိ မွေးရာပါနယ်ပယ် ကျွမ်းကျင်သူအများအပြားသည် မနေ့က ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြသော်လည်း 'ကမ္ဘာ့မူလအစ ချီစွမ်းအင်' အစအနတစ်ခုကိုပင် မရရှိခဲ့ကြပေ။ မမျှော်လင့်ဘဲ လုချင်းက တစ်ခုလုံးကို အလွယ်တကူ ပေးလိုက်သည်။
သူ့ဆရာ၏ အံ့သြမှုကို အာရုံခံမိသော လုချင်းသည် ရှင်းပြချက် အများကြီး မပေးပေ။ 'ကမ္ဘာ့မူလအစ ချီစွမ်းအင်' ကို ပေးလိုက်ရန် မဆုံးဖြတ်မီ သူသေချာ စဉ်းစားခဲ့ပြီးဖြစ်သည်။
'ကမ္ဘာ့မူလအစ ချီစွမ်းအင်' အများအပြားကို သန့်စင်ပြီးနောက်၌ သူ၏ ရုပ်ခန္ဓာကို ရောင်ခြည်ဖြာထွက်သည့် အခြေအနေသို့ တွန်းပို့ပြီးသည့်တိုင် သူ့တွင် ငါးခု ကျန်ရှိနေသေးပါ၏။
'ကမ္ဘာ့မူလအစ ချီစွမ်းအင်' အများအပြားကို သန့်စင်ခြင်းမှတစ်ဆင့် ကျင့်ကြံသူ အများစုသည် အများဆုံး တစ်ခုသာ သန့်စင်နိုင်ကြောင်း လုချင်း သဘောပေါက်လိုက်သည်။ ကောင်းကင်ဘုံကပ်ဘေးများဖြင့် သန့်စင်ခံထားရပြီး သာမန် ကျင့်ကြံသူများထက် များစွာသာလွန်သော သူကဲ့သို့ ခန္ဓာကိုယ်ပိုင်ရှင်များသာ 'ကမ္ဘာ့မူလအစ ချီစွမ်းအင်' အများအပြားကို သန့်စင်ပြီး ထိန်းသိမ်းနိုင်မည်ဖြစ်သည်။
ထို့ကြောင့် သူ့ဆရာရော ရှောင်ယန်ပါ နောက်ထပ် 'ကမ္ဘာ့မူလအစ ချီစွမ်းအင်' မလိုအပ်တော့သဖြင့် ကျန်ရှိနေသော ငါးခုကို သူအလိုရှိသလို စီမံခန့်ခွဲရန် လွတ်လပ်သွားသည်။
ထျန်းကျီမျှော်စင် တွင် နေထိုင်စဉ် သူတို့ရရှိခဲ့သော ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်သည့်အနေဖြင့် ထျန်းကျီမျှော်စင်သခင်ကို တစ်ခုပေးရန် သူဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
အထူးသဖြင့် မျှော်စင်သခင်၏ အချိန်မီ အသိပေးမှုနှင့် ခြံဝင်းကို စောင့်ရှောက်ပေးမှု၊ ရှောင်ယန်နှင့် အခြားသူများကို ဂရုစိုက်ပေးမှုများ မရှိပါက လုချင်း စိတ်ပူနေရပေလိမ့်မည်။
အကယ်၍သာ ထိုအရာများ မရှိခဲ့ပါက သူ့ဆရာ အတင်းအကျပ် ရုပ်သေးအဖြစ် ပြောင်းလဲခံရနိုင်ရုံသာမက ရှောင်ယန်နှင့် အခြားသူများလည်း အန္တရာယ် ကြုံတွေ့နိုင်ပါ၏။
ဤကျေးဇူးများကို ထည့်သွင်းစဉ်းစားလိုက်လျှင် 'ကမ္ဘာ့မူလအစ ချီစွမ်းအင်' အပိုတစ်ခု ပေးလိုက်ရခြင်းသည် ကြီးကြီးမားမား မဟုတ်ဟု ထင်မိသည်။ သို့သော် ထျန်းကျီမျှော်စင်သခင်က 'ကမ္ဘာ့မူလအစ ချီစွမ်းအင်' ကို မည်သို့ စီမံမည်နည်း - သူကိုယ်တိုင် သန့်စင်မလား သို့မဟုတ် သူ့တပည့်များကို ပေးမလား ဆိုသည်မှာမူ မသိနိုင်ပေ။
မြင်းလှည်းသည် မြို့တော်မြတ်ကို ဖြတ်၍ ဆက်လက် ရွေ့လျားနေသည်။ သူလျှိုများထံမှ သတင်းစကား ရရှိသော အဖွဲ့အစည်းများစွာသည် ထိုနေရာသို့ စတင်ပြေးလွှားလာကြသည်။ လမ်းဘေးတစ်ဖက်တစ်ချက်တွင် အင်အားကြီး ပုဂ္ဂိုလ်များ ပိုမိုများပြားလာသည်။ သို့သော် ခြွင်းချက်မရှိ လူတိုင်းသည် မြင်းလှည်းကို တိတ်ဆိတ်စွာ ကြည့်နေကြရုံသာ၊ မည်သူမျှ တားဆီးရန် မဝံ့ရဲကြပေ။
တစ်ဖက်တစ်ချက်စီမှ အားကောင်းသော အရှိန်အဝါများ၏ ပြင်းထန်သော ဖိအားကို အာရုံခံမိသော မွေးဖွားပြီးနယ်ပယ် ၌သာ ရှိသေးသော မာကူးသည် ရင်ဘတ်တင်းကျပ်လာပြီး နဖူးပေါ်တွင် ချွေးများ စီးကျလာသည်ကို ခံစားလိုက်ရသည်။ မြင်းလှည်းကို ဆွဲနေသော နဂါးသွေးမျိုးဆက် မြင်းနှစ်ကောင်ပင်လျှင် ဂနာမငြိမ် ဖြစ်လာကြလေ၏။
"ဟွန်းးးး"
ထိုအချိန်တွင် မြင်းလှည်းအတွင်းမှ အေးစက်သော နှာခေါင်းရှုံ့သံတစ်သံ ထွက်ပေါ်လာပြီး လူတိုင်း၏ နှလုံးသားများကို လေးလံသော တူဖြင့် ထုလိုက်သကဲ့သို့ ပဲ့တင်ထပ်သွားခဲ့လေ၏။
ကျင့်ကြံမှု နက်ရှိုင်းသူများသည် မျက်ခုံးကြား၌ စူးရှသော နာကျင်မှုကိုသာ ခံစားရပြီး အနည်းငယ် မူးဝေသွားကာ သက်သာရာရလိုက်ကြသည်။ သို့သော် မွေးရာပါနယ်ပယ် ကျင့်ကြံမှု အားနည်းသူများမှာမူ ကမ္ဘာကြီးအား ရိုက်ခတ်လိုက်သလို ခံစားလိုက်ရပြီး နှလုံးသားများကလည်း နာကျင်ကိုက်ခဲကာ ချီစွမ်းအင်များ ဖရိုဖရဲ ဖြစ်ကုန်ကြသည်။ အချို့ဆိုလျှင် သွေးတစ်လုပ်ပင် အန်ထုတ်လိုက်ရပြီး ပြင်းထန်သော အတွင်းဒဏ်ရာများ ရရှိသွားကြလေ၏။
အင်အားကြီး ပုဂ္ဂိုလ်အားလုံး ကြောက်လန့်တကြား ဖြစ်သွားကြပြီး သူတို့၏ အရှိန်အဝါများကို အလျင်အမြန် ပြန်ရုတ်သိမ်းလိုက်ကြကာ အနည်းငယ်မျှပင် ထုတ်ဖော်ရန် မဝံ့ရဲကြတော့ပေ။
ပတ်ဝန်းကျင်မှ ဖိအားများ ပျောက်ကွယ်သွားသည်နှင့် မာကူးသည် ကြီးမားသော သက်သာရာရမှုကို ခံစားလိုက်ရပြီး သူ့နှလုံးသား သိသိသာသာ အေးချမ်းသွားသည်။ တစ်ချိန်တည်းမှာပင် ဂုဏ်ယူဝင့်ကြွားမှုတစ်ခု သူ့ရင်ထဲတွင် မြင့်တက်လာသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ညီလေးလုချင်းက အေးစက်သော နှာခေါင်းရှုံ့သံလေး တစ်ချက်တည်းဖြင့် မြို့တော်မြတ်ရှိ မွေးရာပါနယ်ပယ် ကျွမ်းကျင်သူအားလုံးကို နှိမ်နင်းနိုင်ခဲ့ပြီး သူတို့ကို မဆင်မခြင် မလုပ်ရဲအောင် ဖြစ်စေခဲ့သည်။
ဒီလောက် အံ့သြဖွယ်ကောင်းတဲ့ စွမ်းအား...
ကမ္ဘာပေါ်မှာ ဘယ်သူကများ ယှဉ်နိုင်မှာလဲ
ဝိညာဉ်စွမ်းအင်လှိုင်းကို အသုံးပြုပြီး အနည်းငယ် အပြစ်ပေးကာ နှိမ်နင်းပြီးနောက် လုချင်း ထပ်မံ အရေးယူခြင်း မပြုတော့ပေ။
သူ၏ လက်ရှိ ကျင့်ကြံမှုနှင့်ဆိုလျှင် သာမန် မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများသည် သူ့အာရုံစိုက်မှုကို ခံထိုက်တော့သည့်အရာများ မဟုတ်တော့ပေ။ မွေးရာပါနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိနေသူများ၊ အဆုံးစွန်အဆင့်ကို နားလည်ထားသူများ၊ သို့မဟုတ် သူ့ဆရာကဲ့သို့ ပိုင်နက် သဘောတရားကို သဘောပေါက်ထားသူများသာလျှင် သူ့စိတ်ဝင်စားမှုကို အနည်းငယ် ဖမ်းစားနိုင်ပေသည်။
သို့သော် မွေးရာပါနယ်ပယ် အထွတ်အထိပ်နှင့် ပိုင်နက်ကို နားလည်ထားသူ နှစ်မျိုးစလုံးသည် ဖီးနစ်ငှက်၏ အမွှေးအတောင်ကဲ့သို့ အလွန်ရှားပါးလှသည်။
အထူးသဖြင့် မွေးရာပါနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိထားသူများသည် များသောအားဖြင့် လူ့လောကနှင့် အဆက်အသွယ်ဖြတ်ပြီး ပိုမြင့်မားသော နယ်ပယ်များသို့ ထိုးဖောက်ရန် အာရုံစိုက်နေတတ်သဖြင့် ကမ္ဘာလောကတွင် တွေ့ရခဲလှပါ၏။
ဥပမာအားဖြင့် ယခုတစ်ကြိမ် မြို့တော်မြတ်တွင် မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများစွာ ရှိသော်လည်း တတိယသခင်မြတ် မှလွဲ၍ လုချင်းသည် အခြား မွေးရာပါနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူ မည်သူ့ကိုမျှ မတွေ့ခဲ့ရပေ။ သူမြင်ခဲ့ရသော အမြင့်ဆုံးအဆင့်မှာ 'မွေးရာပါနယ်ပယ် အောင်မြင်မှုအကြီးစားအဆင့်' မျှသာဖြစ်သည်။
ထို့အပြင် တတိယသခင်မြတ်သည်ပင်လျှင် စစ်မှန်သော မွေးရာပါနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူ မဟုတ်ဘဲ ရုပ်သေးကိုယ်ခည်ကို ထိန်းချုပ်ရန် သူ၏ အားကောင်းသော ဝိညာဉ်စွမ်းအားကို အသုံးပြုထားခြင်းသာ ဖြစ်သည်။ စစ်မှန်သော မွေးရာပါနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူနှင့် နှိုင်းယှဉ်လျှင် သိသာထင်ရှားသော ကွာခြားချက် ရှိနေသေးပါ၏။
"ဆရာမာ... အရှိန်တင်လိုက်တော့။ အရမ်း ဖြည်းဖြည်းသွားစရာ မလိုတော့ဘူး" ရောင့်တက်နေသော မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများကို နှိမ်နင်းပြီးနောက်၌ လုချင်း တည်ငြိမ်စွာ ပြောလိုက်သည်။
"ဟုတ်ပြီ ညီလေးလု"
မာကူးက ကြာပွတ်ကို ဝှေ့လိုက်ရာ နဂါးသွေးမျိုးဆက် မြင်းနှစ်ကောင်သည်လည်း ဒုန်းစိုင်းပြေးကြတော့၏။ မွေးရာပါနယ်ပယ် ကျွမ်းကျင်သူအုပ်စုကို လျင်မြန်စွာ နောက်ကောက်ချန်ထားခဲ့သည်။
မြင်းလှည်း အမြင်အာရုံမှ ပျောက်ကွယ်သွားသည်နှင့် မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများသည် တုန်လှုပ်နေဆဲ အခြေအနေဖြင့် တစ်ယောက်ကိုတစ်ယောက် ခါးသီးစွာ ပြုံးပြလိုက်ကြသည်။
"ငါတို့ အရမ်း လောသွားတယ်။ အဲဒီတစ်ယောက်မှာ ဒီလိုဒေါသမျိုး ရှိလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"
"ငါ မင်းတို့ကို ပိုပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ ပြောသားပဲ။ သူက ရွှမ်ခုန်းဘုရားကျောင်းက လူတွေကို ဟင်းသီးဟင်းရွက် လှီးသလို သတ်ရဲတဲ့လူလေ... မင်းတို့က သူ့ရှေ့မှာ အရှိန်အဝါ ထုတ်ရဲသေးတယ်ပေါ့။ သေချင်နေကြတာလား"
"သူ ဒီလောက် အကျိုးအကြောင်း မဆီလျော်ဘူးလို့ ဘယ်သူက ထင်မှာလဲ။ ငါကဖြင့် သူ့ကို ဘာမှတောင် မလုပ်ရသေးဘူးကိုး"
"စစ်မှန်တဲ့ ကျွမ်းကျင်သူတစ်ယောက်ကို ရင်ဆိုင်ရတဲ့အခါကျ စကားပြောတာရော လုပ်ဆောင်ချက်ကိုရော သတိထားသင့်တယ်ကွ။ မဟုတ်ရင် နောက်ကျရင် ခံရလိမ့်မယ်"
"ငါတို့ ဆက်လိုက်ကြမလား"
"မင်းမေကြီးတော်မို့ လိုက်ရမှာလားကွ။ တကယ်လို့ ငါတို့သာ သူ့ကို ထပ်ပြီး စိတ်ဆိုးအောင်လုပ်မိလို့ သူကလည်း ဓားဆွဲထုတ်ဖို့ ဆုံးဖြတ်လိုက်ရင် ငါတို့အားလုံး သေကုန်မှာပေါ့ဟ"
...
မြင်းလှည်းသည် ဆက်လက် ဒုန်းစိုင်းမောင်းနှင်လာရာ မကြာမီမှာပဲ မြို့တံခါးသို့ ရောက်ရှိလာသည်။ ထိုနေရာတွင်လည်း အဖွဲ့အစည်းအသီးသီးမှ သူလျှိုများဖြင့် ပြည့်နှက်နေ၏။ မြင်းလှည်း လာနေသည်ကို မြင်သောအခါ သူတို့အားလုံး အလိုအလျောက် ဘေးဖယ်ပေးလိုက်ကြပြီး လမ်းပိတ်မိမည်ကို ကြောက်ရွံ့နေကြသည်။
မာကူးကတော့ သူတို့ကို ဂရုမစိုက်ပေ။ မြင်းလှည်း မြို့တံခါးမှ အပြည့်အဝ ထွက်ခွာသွားသည်နှင့် သူသည် စူးရှသော အသံမြည်အောင် ကြာပွတ်ကို ထပ်မံ ဝှေ့လိုက်ပြန်၏။
"ဟီးးးးး"
အချက်ပြသံကို ကြားလိုက်ရသောအခါ၌ နဂါးသွေးမြင်း နှစ်ကောင်ကလည်း စိတ်လှုပ်ရှားသွားကြပြီး ခွာများကို မြှောက်ကာ မြေကြီးကို ဆောင့်နင်းလိုက်ကြသည်။ မြို့ထဲတွင် လှောင်ပိတ်ခံထားရသည်မှာ ကြာပြီဖြစ်၍ သူတို့ ဂနာမငြိမ် ဖြစ်နေကြပြီပင်။ သူတို့သည် ချက်ချင်းပင် အရှိန်မြှင့်လိုက်ကြပြီး အစွမ်းကုန် ဒုန်းစိုင်းပြေးကြတော့၏။
တစ်ချိန်တည်းမှာပင် မြင်းလှည်းမှ အစိမ်းရောင် စွမ်းအင်စီးကြောင်းတစ်ခု ထွက်ပေါ်လာပြီး မြင်းများနှင့် လှည်းကို လွှမ်းခြုံလိုက်သည်။ နောက်တစ်ခဏတွင်တော့ မြင်းလှည်းသည် အစိမ်းရောင် အလင်းတန်းတစ်ခုကဲ့သို့ ရှေ့သို့ ပစ်လွှတ်လိုက်သလို ထွက်သွားကာ မြို့တော်မြတ်ကို လျင်မြန်စွာ ချန်ထားခဲ့ပြီး အဝေးသို့ ပျောက်ကွယ်သွားလေသည်။
"ဘာ... ဘာကြီးလဲ"
မြို့တံခါး၌ ဤမြင်ကွင်းကို မြင်လိုက်ရသူတိုင်း အလွန်အံ့အားသင့်သွားကြလေ၏။
"လေဟုန်စီးမြင်းလှည်းလား... သူစီးသွားတဲ့လှည်းက တကယ်ပဲ ဒဏ္ဍာရီလာ လေဟုန်စီးမြင်းလှည်း ဖြစ်နေတာလား"
မြို့ရိုးပေါ်ရှိ အင်အားကြီး ပုဂ္ဂိုလ်အချို့သည်လည်း သူတို့မြင်လိုက်ရသည့်အရာကြောင့် အလားတူ အံ့အားသင့်နေကြရှာသည်။
"အဲ့ဒီလုချင်းက တကယ်ပဲ ဘယ်သူများပါလိမ့်။ သူ့နောက်ခံက ဆန်းကြယ်ရုံတင်မကဘူး၊ လေဟုန်စီးမြင်းလှည်းလို ရှေးဟောင်းရတနာမျိုးကိုတောင် ထုတ်သုံးနိုင်တယ်"
ထျန်းကျီမျှော်စင်တွင် လင်းကျိယွဲ့သည် သူ့လက်ထဲရှိ ကျောက်စိမ်းပြားကို ကြည့်ပြီး "ဆရာ... လုချင်းတို့တွေ မြို့က ထွက်သွားကြပြီ"
"အင်း" ထျန်းကျီမျှော်စင်သခင်က ခေါင်းညိတ်လိုက်ပြီး သူ့လက်ထဲရှိ ကျောက်စိမ်းပုလင်းကို လင်းကျိယွဲ့ထံ ကမ်းပေးလိုက်သည်။ "ကျိယွဲ့... ဒီအခွင့်အရေးကို သန့်စင်မယ့်သူက မင်းဖြစ်သင့်တယ်"
"ကျွန်တော်လား... ကျွန် ကျွန်တော်က သန့်စင်ရမှာလား" လင်းကျိယွဲ့ အံ့သြသွားပြီး အမြန် ခေါင်းခါလိုက်၏။ "ဆရာရယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီအခွင့်အရေးကို လုချင်း က ဆရာ့ကို ပေးခဲ့တာလေ။ တကယ်လို့ ဆရာသာ ဒါကို သန့်စင်လိုက်ရင် မွေးရာပါနယ်ပယ် အထွတ်အထိပ်ကိုတောင် ရောက်သွားနိုင်တယ်ဗျ"
"လုချင်းရဲ့ ရည်ရွယ်ချက်ကို ငါ အတိုင်းအတာတစ်ခုထိ ခန့်မှန်းလို့ရတယ်။ သူက ဒါကို မင်းဆီ လက်ဆင့်ကမ်းပေးဖို့ စိတ်ကူးနဲ့ ငါ့ကို ပေးခဲ့တာလေ။ သူ မင်းကို တိုက်ရိုက်ပေးရင် မင်း လက်ခံမှာ မဟုတ်ဘူးဆိုတာ သူသိလို့ ဒီလို ကြားခံနည်းလမ်းကို သုံးခဲ့တာ။ အဆုံးကျတော့ ဒီအရာက မင်းအတွက် ရည်ရွယ်တာပါပဲ" ထျန်းကျီမျှော်စင်သခင်က ပြုံး၍ ပြောလိုက်သည်။
သူ့တပည့်အကြောင်း သူကောင်းကောင်းသိပါ၏။ မိတ်ဆွေဖွဲ့ရာတွင် သူတို့၏ ဆက်ဆံရေးကို အခြားအရာများနှင့် ရောထွေးနေသည်ကို လင်းကျိယွဲ့ ဘယ်တုန်းကမှ မကြိုက်ခဲ့ပေ။ လုချင်း က ကျိယွဲ့ရဲ့ စိတ်နေသဘောထားကို သိထားလို့သာ မျှော်စင်သခင်ကို ကြားခံအဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်ရပေမည်။ လူငယ်လေးတစ်ယောက် ဖြစ်သော်လည်း သူ၏သိမ်မွေ့သော တွေးခေါ်မှုကတော့ အံ့သြစရာကောင်းသည်ဟုပဲ ပြောရမည်သာ။
လင်းကျိယွဲ့ကတော့ ကျောက်စိမ်းပုလင်းကိုပဲ ငေးကြည့်နေမိသည်။ ထက်မြက်သူတစ်ယောက်ဖြစ်သည့်အားလျော်စွာ သူ့ဆရာ ယခုပြောလိုက်သည်ကို သူသဘာဝကျကျ နားလည်လိုက်သည်။
သို့သော် ပြန်လည်တည်ငြိမ်သွားပြီးနောက် သူ ပြတ်ပြတ်သားသားပဲ ခေါင်းခါလိုက်၏။
"ဆရာ... ဆရာကသာ ဒါကို သန့်စင်သင့်တဲ့သူပါဗျ။ ကမ္ဘာကြီးက ဖရိုဖရဲ ဖြစ်နေပြီး မြို့တော်မြတ်ရဲ့ အခြေအနေကလည်း ဘာမှန်းညာမှန်းမသိရဘူးလေ။ မုန်တိုင်း ဘယ်အချိန် ဝင်လာမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ တကယ်လို့ ဆရာသာ ဒီအခွင့်အရေးကို သန့်စင်လိုက်ရင် ဆရာ သေချာပေါက် မွေးရာပါနယ်ပယ် အထွတ်အထိပ်ကို ရောက်သွားမှာဗျ။ ကျွန်တော်တို့ ထျန်းကျီမျှော်စင်အနေနဲ့ လာမယ့်အရာတွေကို ရင်ဆိုင်ဖို့ ပိုပြီးကောင်းတဲ့ အနေအထား ရှိလာမှာပါ"
"ဟားဟား... အဲဒါအတွက် မင်း စိတ်ပူစရာ မလိုပါဘူး။ ငါ မွေးရာပါနယ်ပယ် အထွတ်အထိပ်ကို ရောက်ဖို့အတွက် ဒါကို မလိုအပ်ပါဘူး" ထျန်းကျီမျှော်စင်သခင်က တခစ်ခစ်ရယ်လိုက်သည်။
လင်းကျိယွဲ့ မှင်သက်သွား၏။ "ဆရာ... ဘာကို ဆိုလိုတာလဲဗျ"
"မနေ့က လုချင်း အတိဒုက္ခကို ကျော်ဖြတ်နေတာကို ကြည့်ရင်း အတိဒုက္ခအရှိန်အဝါရဲ့ နက်နဲမှုအချို့ကို ငါ ထိုးထွင်းသိမြင်မှု အသစ်တွေ ရခဲ့တယ်လေ။ နိမိတ်ဖတ်ခြင်းပညာမှာ ငါ သဘောပေါက်မှုအသစ်တွေ ရခဲ့တယ်။ အဲဒီ အရေးကြီးတဲ့ အဆင့်ကို တက်လှမ်းဖို့ သိပ်မလိုတော့ဘူး" ထျန်းကျီမျှော်စင်သခင်က ဖွင့်ဟလိုက်ရာ လင်းကျိယွဲ့မှာလည်း အလွန်ပင် ဝမ်းသာသွားတော့၏။
"ဆရာ... အဲဒါက ဆရာ မကြာခင် အဆင့်တက်တော့မယ်လို့ ဆိုလိုတာလားဗျ"
"ဒါပေါ့... အဲဒီတော့ မင်း ဒီအခွင့်အရေးကို ယူမှာလား၊ မယူဘူးလား"
လင်းကျိယွဲ့သည် သူ့ဆရာလက်ထဲရှိ ကျောက်စိမ်းပုလင်းကို ကြည့်ရင်း ခဏတာ တွေဝေနေမိ၏။ ရုတ်တရက် တစ်စုံတစ်ခုကို ပြန်သတိရလိုက်သကဲ့သို့ သူ့မျက်နှာထားက ပြတ်သားသွားလေတော့သည်။
...
ထျန်းကျီမျှော်စင်သခင်နှင့် သူ့တပည့်တို့ 'ကမ္ဘာ့မူလအစ ချီစွမ်းအင်' ကို ဟိုလူယူရမလို ဒီလူယူရမလို တွန်းထိုးနေကြစဉ် မြင့်မြတ်သောတောင်ရှိ ဆန်းကြယ်သော နေရာတစ်ခု၌ ပုံရိပ်သုံးခုကတော့ တရားထိုင်နေကြသည်။ သူတို့အထဲမှ တစ်ဦးမှာ လုချင်းနှင့် တိုက်ခိုက်ခဲ့သော တတိယသခင်မြတ် ဖြစ်သည်။
"အဲဒီကောင်လေး မြို့တော်မြတ်ကနေ ထွက်သွားပြီ" မီးခိုးရောင် ပုံရိပ်တစ်ခုက ပြောလိုက်သည်။
"ငါ ပြောသားပဲ ဒုတိယအစ်ကို... မင်းရဲ့ ကြိုးပမ်းမှုတွေ အလဟဿ ဖြစ်သွားပြီလို့" တတိယသခင်မြတ်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ "အဲဒီကောင်လေးက တောင်ပေါ်ကို ဒီလောက်လွယ်လွယ် တက်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူက သတိကြီးလွန်းတယ်"
"ဒါပေမဲ့ မင်း မနေ့က ပြောတဲ့အတိုင်းဆိုရင် အဲဒီကောင်လေးက မွေးရာပါနယ်ပယ် အစောပိုင်းအဆင့်မှာပဲ ရှိသေးတာလေ၊ ဒါပေမဲ့ သူက မင်းကို စိန်ခေါ်ရဲတယ်မလား။ ဒီလောက် မဆင်မခြင်နိုင်တဲ့သူက ဘယ်လိုလုပ် သတိကြီးနိုင်မှာလဲ" မီးခိုးရောင် ပုံရိပ်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
"သူ ကျွန်တော့်ကို ရင်ဆိုင်ရဲတာက သူ့ကိုယ်သူ လုံးဝယုံကြည်မှု ရှိလို့လေ။ ပြီးတော့ ရလဒ်ထွက်လာတော့ ကျွန်တော် သူ့ကို ရှုံးသွားတယ် မဟုတ်လား" တတိယသခင်မြတ်က ပြန်ဖြေသည်။
"ဒါပေမဲ့ အဲဒါက ကောင်လေး မဆင်မခြင်နိုင်ဘူးဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူး။ ပြန်စဉ်းစားကြည့်ရင် မနေ့က ကျွန်တော် ပေါ်လာတဲ့အချိန်ကစပြီး အဲဒီကောင်လေး ဘယ်တုန်းကမှ ထိတ်လန့်တဲ့ အရိပ်အယောင် မပြခဲ့ဘူး။ ကောင်းကင်နဲ့မြေကြီး ပေါင်းစပ်တဲ့ နည်းစနစ်ကို ကျွန်တော် သုံးလိုက်တဲ့အချိန်မှာတောင် သူ့မျက်နှာထားက မပြောင်းလဲဘူးလေ။ အဲဒါက ကျွန်တော့်ရဲ့ ဝိသေသကို သူမြင်သွားပြီး ကျွန်တော့်အင်အားကို သိနေသလိုမျိုးပဲ။ ကျွန်တော့်ရဲ့ ရုပ်သေးကိုယ်ခန္ဓာက စစ်မှန်တဲ့ ကိုယ်ခန္ဓာ မဟုတ်မှန်းတောင် သူသိပြီးသားလို့ ကျွန်တော် သံသယရှိတယ်"
တတိယသခင်မြတ်သည် လုချင်းနှင့် တိုက်ပွဲကို ပြန်လည်သုံးသပ်ရင်း တွေးလေလေ ပိုပြီး နေမထိထိုင်မသာ ဖြစ်လေလေပင်။ အစမှအဆုံးထိ လုချင်းသည် အလွန်တည်ငြိမ်လွန်းခဲ့ပြီး လူငယ်တစ်ယောက်ထက် များစွာသာလွန်သော တည်ငြိမ်မှုအဆင့်ကို ပြသခဲ့လေ၏။
"မင်းရဲ့ ရုပ်သေးကိုယ်ခန္ဓာကို မြင်သွားတယ် ဟုတ်လား။ အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" မီးခိုးရောင် ပုံရိပ်က မယုံကြည်နိုင်စွာ ခေါင်းခါလိုက်သည်။ "မွေးရာပါနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူတွေတောင် ရုပ်သေးကိုယ်ခန္ဓာကို မမြင်နိုင်ကြဘူးလေ။ မွေးရာပါနယ်ပယ်ကို အခုမှ ရောက်လာတဲ့သူက ဘယ်လိုလုပ် အဲ့ဒီလို ထိုးထွင်းသိမြင်မှုမျိုး ရှိနိုင်မှာလဲ"
...
အခန်း ၃၀၈ - အခွင့်အရေးပေးအပ်ခြင်း၊ ပိုင်နက်ကို လျင်မြန်စွာ နားလည်သဘောပေါက်ခြင်း
မီးခိုးရောင် ပုံရိပ်မှာ မယုံနိုင်ဖြစ်နေသည်။
မွေးရာပါနယ်ပယ်ထဲ ခုမှ ရောက်လာတဲ့ လူငယ်လေးတစ်ယောက်က ရုပ်သေးကိုယ်ခွဲရဲ့ သဘောသဘာဝအမှန်ကို ဘယ်လိုလုပ် မြင်နိုင်မှာလဲ။ သူတို့ညီအစ်ကိုသုံးယောက် ဖန်တီးထားတဲ့ ဒီရုပ်သေးကိုယ်ခွဲတွေကို ရှေးဟောင်း ကောင်းကင်ရုပ်သေးဂိုဏ်းရဲ့ နည်းပညာနဲ့ သေသေချာချာ သန့်စင်ထားတာလေ။
အရင် မသေမျိုးကျင့်ကြံတဲ့ခေတ်မှာတောင် ဒါတွေကို သတိထားမိဖို့ဆိုရင် အနည်းဆုံး 'အခြေတည်အဆင့်' ကျင့်ကြံသူတစ်ယောက် ဖြစ်ဖို့ လိုအပ်တယ်။
လုချင်း ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ၊ သူက မွေးရာပါနယ်ပယ်ကို ရောက်ကာစ လူသစ်တစ်ယောက်ပဲ ရှိသေးတာ။ သူက ဒီလို ထိုးထွင်းသိမြင်မှုမျိုးကို ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်နိုင်မှာလဲ။
"ဒီကောင်လေးက သာမန်လူငယ် မဟုတ်ဘူး။ ကမ္ဘာကြီး စပြီးပြောင်းလဲတဲ့အချိန်မှာတင် အတိဒုက္ခတိမ်တိုက်ကို အစပျိုးနိုင်ပြီး စည်းမျဉ်းတွေ တိုးတက်ပြောင်းလဲမှု အစောပိုင်းအဆင့်မှာတင် အတိဒုက္ခကို အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်နိုင်တယ်ဆိုတော့... သူ့မှာ ကျွန်တော်တို့ စိတ်ကူးလို့မရနိုင်တဲ့ ထူးခြားချက် တစ်ခုခု ရှိကိုရှိရမယ်။ ကျွန်တော့်ရဲ့ ရုပ်သေးကိုယ်ခွဲကို သူမြင်နိုင်တာ ဘာများ ဆန်းလို့လဲ"
တတိယသခင်မြတ်က ခေါင်းခါရင်း သူ့ဒုတိယအစ်ကို၏ အတွေးကို သဘောမတူကြောင်း ပြလိုက်သည်။
မနေ့က လုချင်းနှင့် တိုက်ခိုက်ခဲ့တာကို သူပြန်သတိရမိ၏။ အထူးသဖြင့် ကောင်လေး၏ တည်ငြိမ်ပြီး မလှုပ်မယှက်ဖြစ်နေသော မျက်လုံးတွေကိုပင်။ သူ၏ အရာရာတိုင်းကို ဖုံးကွယ်ထားလို့ လည်းမရသလို၊ လုံးဝ အမြင်ခံလိုက်ရသလို ခံစားချက်မျိုးကိုလည်း ပေးစွမ်းနေလေ၏။ ထိုခံစားချက်ကြီးက အခုထိ သူ့ကျောရိုးထဲ စိမ့်တက်နေတုန်းပဲပင်။
အဲဒီလူငယ်က အရမ်း ဆန်းကြယ်လွန်းတယ်။ သူ့ဘဝသက်တမ်း ရာစုနှစ်ပေါင်းများစွာအတွင်းမှာ တစ်စုံတစ်ယောက်က သူ့ကို ဒီလိုမျိုး အကုန်မြင်နေရသလို သူ ဘယ်တုန်းကမှ မခံစားခဲ့ရဖူးဘူး။ ဒီနေရခက်တဲ့ ခံစားချက်က အဲ့လူငယ်လေး ပြခဲ့တဲ့ ကြောက်စရာကောင်းတဲ့ အင်အားထက်တောင် ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းသေးတယ်။
"ကမ္ဘာကြီး ပြောင်းလဲပြီးနောက်ပိုင်း ပထမဆုံး အတိဒုက္ခကို ကျော်ဖြတ်နိုင်သူပေါ့လေ" မီးခိုးရောင် ပုံရိပ်က တွေးတောလိုက်၏။ "ဒီကလေးမှာ လျှို့ဝှက်ချက်ကြီးကြီးမားမားတစ်ခုခု ရှိနေမှာ သေချာတယ်။ ကံဆိုးတာက သူက သတိကြီးလွန်းပြီး တောင်ပေါ်ကို မလာခဲ့ဘူးလေ။ တကယ်လို့ သူသာ လာခဲ့ရင် သူဘယ်လောက်ပဲ တော်နေပါစေ၊ ငါတို့လက်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ပြီးခဲ့တဲ့တစ်ခေါက် သူတောင်ပေါ်လာတုန်းက ငါတို့ သီးသန့်ကျင့်ကြံနေတဲ့အချိန် ဖြစ်သွားတာ နှမြောစရာပဲ။ အဲဒီတုန်းကသာ သူ့ကို ဖမ်းထားနိုင်ခဲ့ရင် သူ့ရဲ့ လျှို့ဝှက်ချက်ကို ငါတို့ သိနိုင်လောက်တယ်"
တတိယသခင်မြတ်က တိတ်ဆိတ်နေပြီး သူ့ဒုတိယအစ်ကို၏ အကြံပြုချက်ကို လုံးဝ သဘောမတူပေ။ တကယ်တော့ လူငယ်လေး တောင်ပေါ် မလာခဲ့သည့်အတွက် သူ အနည်းငယ် စိတ်သက်သာရာရမိ၏။ ကမ္ဘာ့ထိပ်ဆုံးမှာ ရပ်တည်နေသော ဂုဏ်သိက္ခာရှိသည့် သခင်မြတ်တစ်ပါးအနေဖြင့် သာမန်လူငယ်လေးတစ်ယောက်ကို လုပ်ကြံဖို့ သူ စိတ်မပါပေ။ သူ့မာနက ခွင့်မပြု။
"တော်လိုက်တော့ ဒုတိယညီလေး။ အဲ့ဒီလိုအတွေးတွေ မတွေးနဲ့တော့။ ငါတို့က ဒီမှာ ကျင့်ကြံဖို့ မြင့်မြတ်သောတောင်ရဲ့ အလိုတော်အရ အခွင့်အရေး ရထားပြီးသား။ ဒါက ဒီကမ္ဘာမှာ အကြီးမားဆုံး ကံကောင်းမှုပဲ။ ငါတို့ အဆင့်ဆင့် ကျင့်ကြံနေသရွေ့ အနာဂတ်မှာ ငါတို့ရဲ့ ချည်နှောင်မှုတွေကနေ လွတ်မြောက်ဖို့ မျှော်လင့်ချက် ရှိနေဦးမှာပဲ။ အဲဒီလူငယ်လေးက ကောင်းကင်နဲ့ မြေကြီးရဲ့ မျက်နှာသာပေးမှုကို သိသိသာသာ ရထားတဲ့သူ၊ ဒီခေတ်ရဲ့ ထူးခြားဖြစ်စဉ်တစ်ခုပဲ။ သူ့ကို မလိုအပ်ဘဲ ရန်သွားစဖို့ မလိုပါဘူး၊ မဟုတ်ရင် နောင်တရမယ့် ပြဿနာတွေကို ဖိတ်ခေါ်သလို ဖြစ်နေလိမ့်မယ်"
တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော အနက်ရောင် ပုံရိပ်က နောက်ဆုံးတွင် ဝင်ပြောလိုက်၏။ သူ့လေသံက တည်ငြိမ်သော်လည်း အမိန့်ဆန်သည်။
မီးခိုးရောင် ပုံရိပ်က မပေါ့ဆရဲဘဲ သူ့မျက်နှာထား လေးနက်သွားကာ လေးလေးနက်နက် ပြန်ပြောလိုက်သည်။ "ကောင်းပါပြီ၊ ကျွန်တော် နားလည်ပါတယ်။ တတိယညီလေး အထိနာသွားလို့ ကျွန်တော်က စိတ်ပူသွားရုံပါ။ အဲဒီလူငယ်လေးမှာ ဘာများ အဲဒီလောက် ထူးခြားနေလဲဆိုတာ ကြည့်ချင်ရုံ သက်သက်ပါပဲဗျ။ သူ့ကို ဘာမှလုပ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ အခု သူမှ မလာချင်တာ၊ ဒီကိစ္စကို ထားလိုက်ပါတော့"
အနက်ရောင် ပုံရိပ်က ခေါင်းခါလိုက်သည်။ သူ့ဒုတိယညီလေး အမှန်အတိုင်း အကုန်ပြောနေတာ မဟုတ်မှန်း သူသိသည်။ မနေ့ညက ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းသစ် ပြောင်းလဲမှုတွေကို နားလည်ဖို့ သူသီးသန့်ကျင့်ကြံနေခဲ့ရ၍သာ ဒုတိယညီလေး မြင့်မြတ်သော အမိန့်တော်ထုတ်ပြန်တာကို မတားဆီးနိုင်ခဲ့တာပင်။
လူငယ်လေးက သံသယ ဝင်သွားပြီလားဆိုတာ သူမသိ။
ကြည့်ရတာတော့ နောက်ပိုင်းမှ အဆင်ပြေအောင် ပြန်လုပ်ဖို့ အခွင့်အရေး ရှာရတော့မယ် ထင်ပါရဲ့။
စိတ်ထဲတွင် သက်ပြင်းချလိုက်ရင်း အနက်ရောင် ပုံရိပ်က မျက်လုံးများကိုမှိတ်ကာ ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းများကို ဆက်လက် ဆင်ခြင်သုံးသပ်လိုက်သည်။
ဒီကိစ္စတွေက သူတို့၏ ကျင့်ကြံမှု တိုးတက်ရေးနှင့် ယှဉ်လျှင် သေးငယ်သော ကိစ္စတွေပဲပင်။ သူတို့က မြင့်မြတ်သောတောင်၏အလိုတော်အားဖြင့် အသိအမှတ်ပြုခံရပြီး ကြီးမားသောအခွင့်အရေး ရရှိထားပေမယ့် ထိုအခွင့်အရေးက ချည်နှောင်မှုတစ်ခုလည်း ဖြစ်နေလေ၏။ အကယ်၍ သူတို့သာ လုံလောက်သည့် အမြင့်ဆုံးနယ်ပယ်ကို မရောက်နိုင်လျှင်၊ သူတို့သက်တမ်းအတွင်း ဒီလှောင်အိမ်ကြီးကို မဖောက်ထွက်နိုင်လျှင် သူတို့အားလုံး မြင့်မြတ်သောတောင်မှာပဲ ထာဝရ ပိတ်မိနေပြီး လွတ်မြောက်နိုင်တော့မှာ မဟုတ်တော့။
…
လုချင်းနှင့် သူ့အဖွဲ့သည် အဆောင်များ၏ အကူအညီဖြင့် အရှိန်ပြင်းစွာ မောင်းနှင်နေသော မြင်းလှည်းပေါ်တွင် လိုက်ပါလာကြသည်။ ညနေစောင်းမှသာ သူတို့ ရပ်နားလိုက်ကြ၏။ မြို့တော်မြတ်မှ မိုင်ပေါင်းထောင်ချီ ခရီးပေါက်ခဲ့ပြီး ခမ်းနားသော မြို့ကြီးနှင့် အမှန်တကယ် ဝေးကွာသွားပြီဖြစ်သည်။
"မင်းတို့ သကောင့်သားနှစ်ကောင်... ကျေနပ်ကြပြီလား" မာကူးက ရယ်မောရင်း အားအင်ပြည့်နေကာ နှာမှုတ်နေကြသော နဂါးသွေးမျိုးဆက် မြင်း နှစ်ကောင်ကို ဆူလိုက်သည်။
ဒီသတ္တဝါနှစ်ကောင်က မြို့တော်မြတ် မှာ လှောင်ပိတ်ခံထားရတာ ကြာလွန်းသွားပုံရသည်။ မြို့ထဲက ထွက်လာသည်နှင့် ဘယ်လောက်မြန်မြန် ပြေးသလဲဆိုရင် မာကူး မြင်းလှည်းကို မထိန်းချုပ်နိုင်လောက်အောင် ဖြစ်လုနီးပါးပင်။ ထို့ကြောင့် သူတို့ကို ငြိမ်သွားအောင် ကြာပွတ်နှင့် နှစ်ချက်လောက် ရိုက်လိုက်ရပါ၏။ မဟုတ်လျှင် သူတို့က အကန့်အသတ်မရှိ အရိုင်းဆန်စွာ ပြေးနေကြတော့မှာပင်။
သကောင့်သားနှစ်ကောင်ကို ဇက်ကြိုးဖြုတ်ပေးပြီး လွှတ်ကျောင်းပေးလိုက်ပြီးနောက် လုချင်းနှင့် အခြားသူများသည် စခန်းချရန်နှင့် ညစာပြင်ဆင်ရန် စတင်လုပ်ဆောင်ကြသည်။
အလုပ်များသော ညနေခင်းနှင့် ထမင်းစားပြီးနောက် သူတို့သည် မီးပုံဘေးတွင် စုဝေးထိုင်လိုက်ကြသည်။ လုချင်းက ကျောက်စိမ်းပုလင်းတစ်ခုကို ထုတ်လိုက်ပြီး "ဆရာမာ... ကျိအန်း... ကျွန်တော် ခင်ဗျားတို့နှစ်ယောက်အတွက် ပေးစရာရှိတယ်"
"ဘာများလဲဗျ" မာကူးနှင့် ဝေ့ကျိအန်းတို့က လှမ်းကြည့်လိုက်ကြသည်။
"ဒီကျောက်စိမ်းပုလင်းထဲမှာ ရွှမ်ခုန်းဘုရားကျောင်းက ဘုန်းကြီးတွေဆီက ကျွန်တော်ရလာတဲ့ 'ကမ္ဘာ့မူလအစ ချီစွမ်းအင်' တွေ ပါတယ်။ ကျွန်တော် တချို့သုံးလိုက်ပေမယ့် အများကြီး ကျန်နေသေးတယ်ဗျ။ ခင်ဗျားတို့ လိုချင်လား"
မာကူးနှင့် သူ့တပည့်မှာ မှင်သက်သွားပြီး လုချင်းလက်ထဲရှိ ကျောက်စိမ်းပုလင်းကို စိုက်ကြည့်နေမိသည်။ ခဏကြာမှ မာကူးက တံတွေးမျိုချလိုက်ပြီး ခက်ခဲစွာ မေးလိုက်သည်။ "ညီလေးလုချင်း... မြို့တော်မြတ်က မွေးရာပါနယ်ပယ် ကျွမ်းကျင်သူတွေ အသေအလဲ လုယူနေကြတဲ့ 'ကမ္ဘာ့မူလအစ ချီစွမ်းအင်' ကို ငါတို့ကို ပေးချင်တယ်လို့ ပြောနေတာလား"
"ဟုတ်တယ်ဗျ။ ဒီ 'ကမ္ဘာ့မူလအစ ချီစွမ်းအင်' ကို ပုံမှန်အားဖြင့် လူတစ်ယောက်က တစ်ခုပဲ သန့်စင်လို့ ရတာ။ ကျွန်တော်တို့အထဲမှာ ခင်ဗျားနဲ့ ကျိအန်း ပဲ မရသေးတာ ရှိတော့တယ်။ ပိုနေတာလည်း ရှိတော့ တစ်ယောက်ကို တစ်ပိုင်းစီ ယူပြီး သန့်စင်လိုက်ကြ"
လုချင်း စကားဆုံးသည်နှင့် သူအလိုရှိသည့်အတိုင်း 'ကမ္ဘာ့မူလအစ ချီစွမ်းအင်' နှစ်ခု ကျောက်စိမ်းပုလင်းထဲမှ ထွက်ပေါ်လာပြီး မာကူးနှင့် ဝေ့ကျိအန်းဆီသို့ မျောလွင့်သွားကာ သူတို့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ ထို့နောက် သူက ကျောက်စိမ်းပြားနှစ်ခု ထုတ်ပြီး သူတို့ကို ကမ်းပေးလိုက်၏။
"ခင်ဗျားတို့ရဲ့ လက်ရှိအင်အားနဲ့ဆိုရင် 'ကမ္ဘာ့မူလအစ ချီစွမ်းအင်' ကို ကိုယ်တိုင် သန့်စင်နိုင်မှာ မဟုတ်ဘူး။ ဒီကျောက်စိမ်းအဆောင်တွေကို သန့်စင်ပြီး ချည်နှောင်လိုက်။ ပြီးတော့ ခန္ဓာကိုယ်မှာ အမြဲဆောင်ထားသင့်တယ်နော်။ အဲဒါတွေက ခင်ဗျားတို့ရဲ့ ကံကောင်းမှုကို ဖုံးကွယ်ပေးထားပြီး မွေးရာပါနယ်ပယ် ကျွမ်းကျင်သူတွေ အာရုံမခံနိုင်အောင် ကာကွယ်ပေးလိမ့်မယ်"
မာကူးနှင့် ဝေ့ကျိအန်းတို့သည် ကျောက်စိမ်းအဆောင်များကို ယူလိုက်ကြသည်။ သူတို့လက်ထဲရှိ အဆောင်များ၏ နွေးထွေးမှုကို ခံစားနေရသော်လည်း စိတ်ထဲတွင်တော့ ဝေခွဲမရ ဖြစ်နေဆဲပင်။ အခုလေးတင် ဖြစ်ပျက်သွားတာကို ယုံရခက်နေလေ၏။
မြို့တော်မြတ် တွင် 'ကမ္ဘာ့မူလအစ ချီစွမ်းအင်' အတွက် မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများ ရူးသွပ်စွာ တိုက်ခိုက်ကြသည်ကို မာကူးနှင့် ဝေ့ကျိအန်း တို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ ထိုနေ့က သူတို့၏ ခြံဝင်းငယ်လေးထဲသို့ မွေးရာပါ ကျွမ်းကျင်သူ တစ်ဒါဇင်ကျော် ဝင်ရောက်စီးနင်းလာစဉ်က ကြောက်မက်ဖွယ် အရှိန်အဝါကို သူတို့ ကွက်ကွက်ကွင်းကွင်း မှတ်မိနေကြဆဲပင်။ လုချင်းနှင့် သမားတော်ကြီးချန် တို့၏ အင်အားသာ မရှိခဲ့လျှင် သူတို့သည် 'ကမ္ဘာ့မူလအစ ချီစွမ်းအင်' ကို ဆုံးရှုံးရရုံသာမက သူတို့အသက်ပါ ပါသွားနိုင်ခြေ ရှိခဲ့သည်။
နောက်ပိုင်းတွင် ထျန်းကျီမျှော်စင်သခင် ပြောပြချက်အရ ထိုနေ့က မြို့တော်မြတ် တွင် 'ကမ္ဘာ့မူလအစ ချီစွမ်းအင်' အတွက် တိုက်ခိုက်ရင်း မွေးရာပါ ကျွမ်းကျင်သူ အယောက် ၂၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးခဲ့ရသော မွေးဖွားပြီးနယ်ပယ် ကျင့်ကြံသူ အရေအတွက်မှာ ပို၍ပင် များပြားပြီး ရေတွက်၍ပင် မရနိုင်ပေ။ မြို့တော်မြတ် တွင် 'ကမ္ဘာ့မူလအစ ချီစွမ်းအင်' အတွက် တိုက်ပွဲ မည်မျှ ပြင်းထန်ခဲ့ကြောင်း မှန်းဆ၍ပင် မရနိုင်ပါ။
ယခုတော့ စွမ်းအားကြီး ကျင့်ကြံသူများစွာ လိုချင်တပ်မက်နေကြသော ဤရှားပါးပြီး တန်ဖိုးမဖြတ်နိုင်သည့် အခွင့်အရေးကြီးက သူတို့ရင်ခွင်ထဲသို့ လွယ်ကူစွာ ကျရောက်လာခဲ့ပြီပင်။
မာကူးနှင့် ဝေ့ကျိအန်းတို့အတွက်တော့ ဒါက အိပ်မက်တစ်ခုလိုပါပဲ... တကယ့်ကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေတဲ့ အိပ်မက်တစ်ခုပေါ့။
သူတို့ မှင်သက်နေသည်ကို မြင်သောအခါ၌ လုချင်း သူတို့ကို မနှောင့်ယှက်ဘဲ သတင်းစကားကို ဖြည်းဖြည်းချင်း နားလည်အောင်အချိန်ပေးလိုက်၏။ သူတို့ကို 'ကမ္ဘာ့မူလအစ ချီစွမ်းအင်' တစ်ပိုင်းစီ ပေးရန် သူဆုံးဖြတ်ထားသည်မှာ ကြာပြီဖြစ်သည်။
သူတို့အားလုံး ကျုံးကျိုး ခရီးစဉ်တစ်လျှောက် အတူတူ ဒုက္ခခံခဲ့ကြပြီး အကောင်းအဆိုး အတူမျှဝေခဲ့ကြသည်ပင်။ အထူးသဖြင့် မာကူးဆိုလျှင် ညည်းညူခြင်းမရှိဘဲ သူတို့၏ မြင်းလှည်းမောင်းသမားအဖြစ် တာဝန်ယူခဲ့ပြီး မကျေမနပ် စကားတစ်ခွန်းမှ မဆိုဘဲ သူ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်။ ကျန်သူများအားလုံး ကြီးမားသော အခွင့်အရေးများ ရရှိထားကြပြီဖြစ်ရာ လုချင်းအနေဖြင့် သဘာဝကျကျပင် ကပ်စေးနည်းနေမည် မဟုတ်ပေ။ 'ကမ္ဘာ့မူလအစ ချီစွမ်းအင်' သည် သူ့အတွက် သိပ်အသုံးမဝင်တော့သဖြင့် သူတို့ကို ဝမ်းမြောက်ဝမ်းသာ မျှဝေပေးလိုက်ခြင်းဖြင့် အားလုံး ကျေနပ်သွားစေသည်။
အချိန်အတော်ကြာပြီးနောက် မာကူး နောက်ဆုံးတွင် သတိပြန်ဝင်လာသည်။ သူ့လက်ထဲရှိ ကျောက်စိမ်းအဆောင်ကို ကြည့်ပြီး ရှက်ရွံ့စွာ မေးလိုက်သည်။ "ညီလေးလုချင်း... ဒီအဆောင်ကို ဘယ်လို သန့်စင်ရမလဲဟင်"
"ခင်ဗျားနဲ့ ကျိအန်း သွေးတစ်စက်လောက် အဲဒီပေါ် ချလိုက်ရုံပါပဲ" လုချင်းက ပြန်ဖြေသည်။
တုံ့ဆိုင်းမနေဘဲ သူတို့သည် လက်ချောင်းများကို ဖောက်ပြီး သွေးတစ်စက်ကို အဆောင်များပေါ်သို့ ညှစ်ချလိုက်သည်။ အဆောင်များနှင့် ဆက်နွှယ်မှုကို ချက်ချင်း အာရုံခံမိပြီး အတွင်းရှိ စွမ်းအားကို မည်သို့အသုံးပြုရမည်ကို နားလည်သွားကြသည်။ အံ့သြဝမ်းသာစွာဖြင့် သူတို့သည် အဆောင်များကို စတင် ကစားကြည့်နေကြ၏။
သူတို့ စိတ်ဝင်စားနေသည်ကို မြင်သောအခါ လုချင်းလည်း ပြုံးလိုက်ပြီး ထိုမြင်ကွင်းကို အပြုံးဖြင့် ကြည့်နေသော သမားတော်ကြီးချန် ဘက်သို့ လှည့်လိုက်သည်။ "ဆရာ... ဆရာ့ကို လမ်းညွှန်မှု တောင်းခံချင်တဲ့ ကိစ္စတချို့ ရှိလို့ပါဗျ"
"ဘာကိစ္စလဲ" သမားတော်ကြီးချန်က စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။
"ဆရာ... ကျွန်တော့်ရဲ့ အသိက ပြီးပြည့်စုံလုနီးပါး ဖြစ်နေပြီဗျ၊ ဒါပေမဲ့ 'ပိုင်နက်'နဲ့ပတ်သက်ပြီး ဘာမှ သဲလွန်စ မရသေးဘူး။ ပိုင်နက်နဲ့ပတ်သက်တဲ့ ဆရာ့ရဲ့ နားလည်မှုက အလွန်နက်နဲတယ်လေ... ဆရာ အဲဒါကို ဘယ်လို နားလည်သဘောပေါက်ခဲ့တာလဲ"
'ပိုင်နက်' သည် မွေးရာပါနယ်ပယ် အတွင်းရှိ အလွန်ထူးခြားသော အဆင့်တစ်ခုဖြစ်သည်။ မွေးရာပါနယ်ပယ် ကျင့်ကြံသူတိုင်း ပိုင်နက်ကို နားလည်သဘောပေါက်နိုင်သည် မဟုတ်ပေ။ အမှန်တကယ်တွင် မွေးရာပါနယ်ပယ်ကို အပြည့်အဝ ကျွမ်းကျင်ထားသူများ အပါအဝင် အများစုသည်ပင်လျှင် ၎င်းကို သဘောပေါက်ရန် ရုန်းကန်ကြရသည်။ ပိုင်နက်တစ်ခုကို ပိုင်ဆိုင်သော မွေးရာပါ ကျွမ်းကျင်သူများသည် မွေးရာပါနယ်ပယ် အပြည့်အဝ အောင်မြင်သူများကဲ့သို့ပင် ရှားပါးလှသည်။
လုချင်းသည် [စိတ်ဆန္ဒ] နယ်ပယ်ကို နက်နက်ရှိုင်းရှိုင်း လေ့လာခဲ့ပြီး မွေးရာပါ ကျွမ်းကျင်သူ အများစုထက် များစွာကျော်လွန် နားလည်ထားသော်လည်း ပိုင်နက်အကြောင်း နားလည်မှု လုံးဝမရှိသေးသလို ထိုနယ်ပယ်သို့ ဝင်ရောက်ရန် နည်းလမ်းပင် မတွေ့သေးပေ။
"မင်းပြောတာ ပိုင်နက် လား" သမားတော်ကြီးချန်သည် လုချင်း၏ မေးခွန်းကြောင့် အံ့အားသင့်သွားပြီး နက်နက်ရှိုင်းရှိုင်း စဉ်းစားခန်း ဝင်သွားသည်။ ခဏကြာမှ သူက တွန့်ဆုတ်စွာဖြင့် ပြောလိုက်၏။
"အားချင်း... ဆရာ မင်းကို ဒါ မသင်ပေးနိုင်လောက်ဘူး ထင်တယ်။ ဆရာ ပထမဆုံး ကိုယ့်ပိုင်နက်ကို နားလည်ခဲ့တုန်းက အခွင့်အရေးတစ်ခု ကြုံတုန်း ရုတ်တရက် ဉာဏ်ပွင့်သွားတာမျိုး။ အဲဒါ ဘယ်လိုဖြစ်သွားလဲဆိုတာ ရှင်းပြနိုင်မယ် မထင်ဘူး"
"ကျွန်တော် နားလည်ပါပြီ" လုချင်း ရေရွတ်လိုက်ပြီး စဉ်းစားနေလိုက်သည်။
ကြည့်ရတာ ပိုင်နက်ဆိုတာက တကယ့်ကို ခက်ခဲပြီး နားလည်ရခက်တဲ့အရာ ဖြစ်လောက်တယ်။ သူ့ဆရာတောင် သူဘယ်လို နားလည်ခဲ့သလဲဆိုတာ မရှင်းပြနိုင်လောက်အောင်ပဲလေ။
ခဏလောက် စဉ်းစားပြီးနောက် သူ ဆက်ပြောလိုက်၏။ "ဒါဆိုရင် ဆရာ... ဆရာ့ရဲ့ ပိုင်နက် ဘယ်လို အလုပ်လုပ်သလဲဆိုတာ ကျွန်တော့်ကို ပြပေးနိုင်မလားဗျ။ အဲဒါကို ကြည့်ပြီး ကျွန်တော် ထိုးထွင်းသိမြင်မှုတချို့ ရကောင်းရနိုင်လောက်တယ်"
"ရတာပေါ့" သမားတော်ကြီးချန်က လွယ်ကူစွာပင် သဘောတူလိုက်ပြီး လက်ကို ဆန့်ထုတ်လိုက်သည်။ နောက်တစ်ခဏတွင်တော့ အလင်းစက်ဝန်းတစ်ခုက သူ့လက်ဖဝါးအထက်တွင် ဖြစ်ပေါ်လာပြီး အတွင်း၌ မရေမတွက်နိုင်သော ဓားချီစွမ်းအင်မျှင်များ ပေါ်လာကာ ရှုပ်ထွေးဆန်းကြယ်သောပုံစံဖြင့် ရက်လုပ်ယှက်နွယ်နေကြလေ၏။ အနီနှင့် အဖြူ အရောင်ပြောင်းလဲနေသော ဓားချီစွမ်းအင်သည် ဖမ်းစားနိုင်သောအလှတရားဖြင့် စီးဆင်းနေလေသည်။
ဤထူးခြားသော မြင်ကွင်းသည် လူတိုင်း၏ အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်ပါ၏။ သူတို့အားလုံး သမားတော်ကြီးချန် လက်ထဲရှိ အလင်းစက်ဝန်းကို အံ့သြတကြီး ငေးကြည့်နေကြသည်။
"ဆရာ့ရဲ့ ပိုင်နက်အပေါ် ထိန်းချုပ်နိုင်စွမ်းက ဒီအဆင့်ထိ ရောက်နေတာလား" လုချင်းပင်လျှင် တိတ်တဆိတ် အံ့သြနေမိသည်။
သူ့ဆရာက လွယ်ကူပြီး အားစိုက်ထုတ်စရာမလိုသကဲ့သို့ လုပ်ပြခဲ့သော်လည်း အမှန်တကယ်တွင် မိမိပိုင်နက်အပေါ် အလွန်မြင့်မားသော ထိန်းချုပ်နိုင်စွမ်း ရှိသူမှသာ လက်ကို ဝှေ့ယမ်းလိုက်ရုံဖြင့် ဤကဲ့သို့ သိမ်မွေ့ပြီး ရှုပ်ထွေးသော ပိုင်နက်အသေးစားလေးကို ဖန်တီးနိုင်မည်ပင်။
သေးငယ်သော်လည်း ထိုစက်ဝန်းအတွင်း၌ ကြီးမားသော စွမ်းအားများ စုစည်းနေသည်ကို လုချင်း ခံစားမိပါ၏။ အကယ်၍ ထုတ်လွှတ်လိုက်ပါက မွေးရာပါ သခင်တစ်ဦးအတွက်ပင် ခံနိုင်ရည်ရှိရန် ခက်ခဲပေလိမ့်မည်။
တတိယသခင်မြတ်နှင့် တိုက်ခိုက်စဉ်အတွင်း ပတ်ဝန်းကျင်ရှိ ဓာတ်ကြီးစွမ်းအင်များကို လွယ်ကူစွာ ထိန်းချုပ်ပြီး ကမ္ဘာလောကနှင့် ပေါင်းစပ်လိုက်သော သခင်မြတ်၏ နည်းစနစ်ကို လုချင်း သဘောကျခဲ့သည်။ သို့သော် ယခု သူ့ဆရာ၏ ဓားချီပိုင်နက် အသေးစားလေးကို မြင်လိုက်ရသောအခါ၌ သူ အလားတူ အံ့သြသွားမိပြန်၏။ သူ့ဆရာ၏ စွမ်းရည်မှာ တတိယသခင်မြတ်နှင့် ယှဉ်လျှင်ပင် လျော့နည်းခြင်း မရှိပေ။
ဆရာက တကယ့်ကို ပါရမီရှင်ပဲ။ ကျင့်ကြံမှုအပေါ် သူ့ရဲ့ နားလည်မှုက ငါ့ထက် အများကြီး သာလွန်တာပဲ
လုချင်း စိတ်ထဲမှ ချီးကျူးလိုက်သည်။ သူ အချိန်မဆွဲရဲတော့ဘဲ သူ့နတ်မျက်စိစွမ်းရည်ကို အမြန် အသက်သွင်းလိုက်ကာ သူ့ဆရာလက်ထဲရှိ ဓားချီပိုင်နက်အသေးစားလေးကို အပြည့်အဝ အာရုံစိုက်လိုက်တော့၏။
လုချင်း၏ လေးနက်သော မျက်နှာထားကို မြင်သောအခါ၌ သမားတော်ကြီးချန်သည် ဘာမျှ ချန်မထားဘဲ သူ့လက်ထဲရှိ ဓားချီပိုင်နက် အသေးစားလေး၏ ပြောင်းလဲမှုများမှတစ်ဆင့် ပိုင်နက်များနှင့် ပတ်သက်သော သူ၏ ထိုးထွင်းသိမြင်မှု အားလုံးကို ထုတ်ဖော်ပြသလိုက်သည်။
လုချင်းကလည်း ပိုင်နက်၏ ပြောင်းလဲမှုများကို အနီးကပ် စောင့်ကြည့်နေလေ၏။ မကြာမီ စာသားဖော်ပြချက်များစွာက သူ့အမြင်အာရုံတွင် ပေါ်လာသည်။
[ ဓားချီပိုင်နက် - ချန်စုန့်ချင်သည် ကမ္ဘာလောက၏ ဓာတ်ကြီးစွမ်းအင်များကို ထိန်းချုပ်ရန် သူ့ဝိညာဉ်ကို အသုံးပြု၍ စုစည်းသန့်စင်ထားသော ဓားချီပိုင်နက် အသေးစား။ ]
[ သေးငယ်သော်လည်း ပိုင်နက်အတွင်း ကြီးမားသော စွမ်းအားများ ပါဝင်သည်။ တစ်ကြိမ် ထုတ်လွှတ်လိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းလှသည်။ ]
[ ပိုင်နက်သည် ရေနှင့် မီး စွမ်းအားများကို ပေါင်းစပ်ထားပြီး ယင်း၏ အစွမ်းထက်မှုကို မြှင့်တင်ပေးသည်။ ]
[ အမွေအနှစ်ကို တွေ့ရှိသည်။ ဒေါင်းလုဒ်ဆွဲပြီး သရုပ်ဖော်မလား ]
နောက်ဆုံး အချက်ပြမှုကို မြင်လိုက်ရသောအခါ၌ လုချင်း၏ နှလုံးသားသည် ဝမ်းသာမှုဖြင့် ခုန်ပေါက်သွားတော့လေ၏။ သူ့နည်းလမ်း အောင်မြင်ကြောင်း သူသိလိုက်သည်။ သူ့နတ်မျက်စိစွမ်းရည်က ကျန်းမာရေးအာဟာရဖြည့်လက်သီးသိုင်းကို ကျင့်ကြံစဉ်က သူ့ဆရာ၏ နည်းစနစ်များကို ဒေါင်းလုဒ်ဆွဲပြီး သရုပ်ဖော်ခွင့်ပြုခဲ့သကဲ့သို့ ယခုလည်း လုပ်ဆောင်နိုင်ပြီဖြစ်သည်။
တုံ့ဆိုင်းမနေဘဲ လုချင်းသည် စိတ်ထဲမှပဲ "ဟုတ်ကဲ့" ကို ရွေးချယ်လိုက်တော့၏။
[ ဒေါင်းလုဒ်ဆွဲနေသည်... လက်ရှိ တိုးတက်မှု - ၁%၊ ၂%၊ ၃%... ၉၈%၊ ၉၉%၊ ၁၀၀%။ ]
[ ဒေါင်းလုဒ် ပြီးဆုံးပါပြီ။ သရုပ်ဖော်လိုပါသလား ]
လုချင်း "ဟုတ်ကဲ့" ကို ဆက်လက် ရွေးချယ်လိုက်၏။
[ သရုပ်ဖော်နေသည်... လက်ရှိ တိုးတက်မှု - ၁%၊ ၂%၊ ၃%... ၉၈%၊ ၉၉%၊ ၁၀၀%။ ]
[ သရုပ်ဖော်မှု ပြီးဆုံးပါပြီ။ သင်ယူလိုပါသလား ]
"ဆရာ... တော်ပါပြီ။ ဆရာ့ ပိုင်နက်ကို ပြန်သိမ်းလို့ ရပါပြီဗျ" သူ့နတ်မျက်စိစွမ်းရည်က ဒေါင်းလုဒ်နှင့် သရုပ်ဖော်မှု အောင်မြင်စွာ ပြီးဆုံးသွားသည်နှင့် လုချင်း ပြောလိုက်သည်။
"မင်း နားလည်မှုတချို့ ရပြီလား" သမားတော်ကြီးချန်က မေးလိုက်သည်။
"ထိုးထွင်းသိမြင်မှုတချို့တော့ ရပါပြီဗျ၊ ဒါပေမဲ့ အဲဒါတွေကို ဆင်ခြင်သုံးသပ်ဖို့ အချိန်လိုတယ်။ ဆရာ့ ပိုင်နက်ကို ပြန်သိမ်းလိုက်ပါတော့ ဆရာ"
သမားတော်ကြီးချန် ခေါင်းညိတ်ပြီး ပိုင်နက်ကို ဖြိုခွဲလိုက်သည်။
ပိုင်နက်တစ်ခုကို ထိန်းသိမ်းထားခြင်းသည် အသေးစားလေး ဖြစ်သည့်တိုင် လွယ်ကူသော ကိစ္စမဟုတ်ပေ။ ကံကောင်းသည်မှာ သူက ပိုင်နက်အသေးစားလေးကိုသာ ဖန်တီးခဲ့ခြင်းဖြစ်သည်။
အကယ်၍ အပြည့်အဝ ဖြန့်ကျက်ခဲ့လျှင် ပင်ပန်းပေလိမ့်မည်။
ပိုင်နက်ကို ထိန်းသိမ်းထားခြင်းသည် စိတ်စွမ်းအင် အများအပြားကို ကုန်ဆုံးစေပြီး သူ့အဆင့်ဖြင့်ပင် ကြာရှည် မထိန်းထားနိုင်ပေ။
သူ့ဆရာက ပိုင်နက်ကို ပြန်သိမ်းလိုက်သည်နှင့် လုချင်းလည်း အချိန်မဖြုန်းတော့ပေ။ သူရောက်နေသောနေရာ၌ပင် တင်ပလ္လင်ခွေထိုင်လိုက်ပြီး မျက်လုံးများမှိတ်ကာ စိတ်ထဲမှ "သင်ယူမည်" ကို ရွေးချယ်လိုက်တော့၏။
နောက်တစ်ခဏတွင် ပိုင်နက်များနှင့် ပတ်သက်သော ဗဟုသုတ အများအပြားက သူ့စိတ်ထဲ ပေါ်ထွက်လာပြီး သူ့ဝိညာဉ်ကို တုန်လှုပ်သွားစေခဲ့သည်။
"ဒါဆို... ဒါက ပိုင်နက် ဆိုတာပဲကိုး"