← Chapters

အခန်း (၃၁၃-၃၁၄)

Vol. 32 Ch. 313-314

အခန်း (၃၁၃-၃၁၄)

Vol. 32 Ch. 313-314

အခန်း ၃၁၃ - မြို့ထဲသို့ ဝင်ရောက်ခြင်းနှင့် မမျှော်လင့်ထားသော တွေ့ဆုံမှု

"အပြင်လောကမှာ အဲဒီလောက် စွမ်းအားကြီးတဲ့ သားရဲတွေ ပေါ်လာလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး။ ဝိညာဉ်စွမ်းအားတွေ ပြန်လည် နိုးထလာကတည်းက ကမ္ဘာကြီးရဲ့ ပြောင်းလဲမှုတွေက ငါတို့ မှန်းဆထားတာထက် ပိုမြန်နေပုံရတယ်" သမားတော်ကြီးက လေးနက်စွာ ပြောလိုက်သည်။

"ဟုတ်တယ် ဆရာ။ ခုနက ဦးလေးနှစ်ယောက် ပြောစကားအရဆိုရင် အဲဒီ သားရဲနှစ်ကောင်က သာမန်လူတွေထက် မနိမ့်ကျတဲ့ ဉာဏ်ရည်ဉာဏ်သွေး ရှိနေတာ သေချာတယ်" လုချင်းက ဖြည့်စွက်ပြောလိုက်၏။

"ကမ္ဘာပေါ်မှာ အဲဒီလို သားရဲတွေ ဘယ်နှကောင်လောက် ပေါ်နေပြီလဲ၊ ဘယ်နှကောင်က လူတွေအပေါ် သဘောကောင်းမလဲ ဆိုတာ ငါတို့ မသိနိုင်ဘူး" သမားတော်ကြီးက စိုးရိမ်ပူပန်စွာ ပြောလေသည်။

ဝံပုလွေဖြူအကြောင်းကို သူ ကြားထားပြီး ဖြစ်သည်။ ဝံပုလွေအုပ်ကို ဦးဆောင်ပြီး မြို့ကို တိုက်ခိုက်ခြင်းက ဝံပုလွေဖြူသည် လူသားများအပေါ် ရန်လိုကြောင်း ထင်ရှားနေပါ၏။

"ဒါက ရှောင်လွှဲလို့ မရတဲ့ ရေစီးကြောင်းပါ ဆရာ။ ရှေးဟောင်း ကျင့်ကြံခြင်း ခေတ်ကာလတုန်းက လူသားတွေကပဲ ကြီးစိုးခဲ့တာ မဟုတ်ပါဘူး။ တခြား မျိုးနွယ်စုတွေလည်း ရှိခဲ့တာပဲ။ ဒါကြောင့် ဒါက လောကနိယာမပါပဲ။ သိပ်စိတ်ပူနေစရာ မလိုပါဘူးဗျ" လုချင်းက ဆရာဖြစ်သူကို နှစ်သိမ့်လိုက်သည်။

"အေးပါ... ငါ နားလည်ပါတယ်" သမားတော်ကြီးက ခေါင်းညိတ်လိုက်၏။

"မြို့တံခါး ပွင့်ပြီဟေ့"

ထိုအချိန်တွင် လူတစ်ယောက်က အော်ပြောလိုက်သည်။ မြို့တံခါးမှ လူများသည် စတင် လှုပ်ရှားလာကြပြီး တန်းစီလိုက်ကြသည်။

ထို့နောက်တွင်တော့ ဧရာမ တံခါးကြီး နှစ်ချပ် ဘေးဘက်သို့ ဖြည်းညှင်းစွာ ပွင့်သွားသည်။

"အစ်မ ဟူ... အစ်မ အိမ်ပြန်ရတော့မယ်နော်" ရှောင်ယန်က ဟူကျိကျစ်ကို ပျော်ရွှင်စွာ ပြောလိုက်သည်။

"အင်း" ဟူကျိကျစ်က ခေါင်းညိတ်လိုက်သည်။ သူမ၏ မျက်နှာတွင် ဝမ်းသာမှုနှင့် စိုးရိမ်မှု ရောထွေးနေသော ခံစားချက်များ ပေါ်နေလေ၏။

မြို့ထဲသို့ ဝင်ရန် ဝင်ကြေးပေးရသည်။ မာကူးက ငွေအိတ်ကို ယူပြီး သွားပေးလိုက်သည်။

ဝင်ကြေး ကောက်ခံနေသူမှာ ပြီးခဲ့သည့်အခါက တွေ့ခဲ့ရသော အရပ်ရှည်ရှည် ထွားထွားကြိုင်းကြိုင်း လူကြီးပင် ဖြစ်သည်။

ယခင် အတွေ့အကြုံအရ မာကူးသည် ယခုတစ်ကြိမ်တွင်တော့ ဉာဏ်များရန် မကြိုးစားတော့ဘဲ ရိုးရိုးသားသားပင် ပေးလိုက်လေ၏။

ထိုလူကြီးက ငွေကို လက်ခံလိုက်ပြီး မှတ်တမ်းတင်လိုက်သည်။ သို့သော် မာကူးကို ပြန်မော့ကြည့်လိုက်သောအခါ၌ အံ့အားသင့်သွားလေသည်။

"ငါ မင်းကို မှတ်မိတယ်။ မင်းတို့အဖွဲ့ ပြီးခဲ့တဲ့ လကမှ မြို့ထဲ ဝင်သွားတာ မဟုတ်လား"

မာကူး အနည်းငယ် လန့်သွားသော်လည်း အမြန် ပြုံးလိုက်ပြီး "သခင်ကြီးက မှတ်ဉာဏ် ကောင်းတာပဲဗျ။ ဟုတ်ပါတယ်... ကျွန်တော်တို့ ပြီးခဲ့တဲ့ လကမှ ဝင်ခဲ့တာပါ"

ထိုလူကြီးသည် မာကူးကို ကျော်ကြည့်လိုက်ရာ လုချင်းကို တွေ့သောအခါ၌ အနည်းငယ် အံ့အားသင့်သွားသည်။ သို့သော် သူ၏ မျက်လုံးထဲမှ ထူးခြားသော အကြည့်ကို အမြန် ထိန်းချုပ်လိုက်ပြီး တည်ငြိမ်စွာ ပြုံးလိုက်၏။

"မင်းတို့ ပြန်လာတာ တော်တော် မြန်တာပဲ။ ကျုံးကျိုးမှာ လည်ပတ်ရတာ အဆင်ပြေခဲ့ရဲ့လား"

"သခင်ကြီးရဲ့ ကျေးဇူးကြောင့် ကျွန်တော်တို့ ခရီးစဉ် ချောမွေ့ခဲ့ပါတယ်။ ခမ်းနားတဲ့ မြင်ကွင်းတွေ အများကြီး တွေ့ခဲ့ရပြီး ဗဟုသုတတွေ တိုးခဲ့ရပါတယ်"

"ကောင်းတာပေါ့။ ဝင်ကြေးကိစ္စ ပြဿနာ မရှိဘူး။ မင်းတို့ ဝင်သွားလို့ ရပြီ"

လုချင်းနှင့် အဖွဲ့ မြို့ထဲသို့ ဝင်သွားသောအခါ ထိုလူကြီး၏ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး လေးနက်သော အမူအရာဖြင့် အစားထိုးသွားတော့သည်။ သူသည် စားပွဲအောက်မှ စာလိပ်တစ်ခုကို ထုတ်ယူပြီး ဖြန့်ကြည့်လိုက်၏။ စာလိပ်ထဲတွင် ဓားကို ကိုင်ဆောင်ထားသော စိတ်ဓာတ်ကြံ့ခိုင်သည့် လူငယ်တစ်ဦး၏ ပုံပါရှိပြီး လုချင်းနှင့် အလွန် တူနေလေသည်။

"တကယ်ပဲ သူကိုး။ ဒါပေမဲ့ သူ မြို့တော်မြတ်ကနေ လွန်ခဲ့တဲ့ သုံးရက်ကမှ ထွက်လာတယ်လို့ သတင်းရထားတာ။ ဘယ်လိုလုပ် ဒီလောက် မြန်မြန် ပြန်ရောက်လာတာလဲ"

လွန်ခဲ့သော ရက်ပိုင်းက မြို့စားမင်း မှာကြားထားသည်ကို သတိရပြီး ထိုလူကြီးသည် အချိန်မဆွဲရဲတော့ပေ။ သူ၏ လက်ထောက်ကို တာဝန်လွှဲပေးခဲ့ပြီး စာလိပ်ကို ကိုင်ကာ အမြန် ထွက်ခွာသွားလေသည်။

"သခင်လေး လု... ခုနက မြို့စောင့်က သခင်လေးကို မှတ်မိသွားပုံရတယ်နော်" လမ်းလျှောက်နေရင်း ဟူကျိကျစ်က မေးလိုက်သည်။

"ဪ... ဘာလို့ အဲဒီလို ပြောတာလဲ" လုချင်းက မျက်ခုံးပင့်လိုက်၏။

"သူ သခင်လေးကို မြင်တော့ အံ့သြသွားသလိုပဲလေ။ သူ သခင်လေးကို သိတဲ့ပုံပဲ" ဟူကျိကျစ်က ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

လုချင်းလည်း အနည်းငယ် အံ့သြသွားသည်။ ဟူကျိကျစ် သတိထားမိလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ သို့သော် သူက ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်၏။ "ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။ စိတ်ထဲ ထားမနေပါနဲ့"

"သခင်လေး လု... ဒီည ဘယ်မှာ တည်းမှာလဲ။ ကျွန်မက ဒီမြို့မှာ ကြီးလာတာဆိုတော့ နေရာကောင်းတွေ သိတယ်။ လိုက်ပို့ပေးမယ်လေ" ဟူကျိကျစ်က ကမ်းလှမ်းလိုက်သည်။

"စောပါသေးတယ်။ ကျွန်တော်တို့ မြို့ထဲမှာ မတည်းတော့ပါဘူး။ မင်းကို အိမ်ပြန်ပို့ပြီးရင် ကျွန်တော်တို့ ခရီးဆက်တော့မှာပါ" လုချင်းက ပြုံး၍ ပြန်ဖြေသည်။

"ရှင်... ဒီလောက် မြန်မြန် သွားတော့မလို့လား" ဟူကျိကျစ် တုန်လှုပ်သွားပြီး လုချင်းကို ငေးကြည့်နေမိသည်။

"ဟုတ်တယ်။ ကျွန်တော်တို့ အိမ်နဲ့ ဝေးနေတာ ကြာပြီလေ။ အိမ်ပြန်ချင်လှပြီ..."

လုချင်း ပြောသော စကားများကို ဟူကျိကျစ် ကောင်းကောင်း မကြားရတော့ပေ။ သူမ၏ စိတ်ထဲတွင် ရှုပ်ထွေးနေပြီး ကြောင်တောင်တောင်ဖြင့် ရပ်နေမိလေ၏။

"မိန်းကလေး ဟူ..."

လုချင်းက သူမ ပုံမှန် မဟုတ်သည်ကို သတိထားမိပြီး အကြိမ်ကြိမ် ခေါ်လိုက်မှ ဟူကျိကျစ် သတိပြန်ဝင်လာသည်။

"အော်... ဘာမှ မဖြစ်ပါဘူး။ ဘာကိစ္စလဲဟင်"

"မိန်းကလေး ဟူ... ရှေ့မှာ လမ်းခွဲ နှစ်ခု ရှိတယ်။ ဘယ်လမ်းက ညီမလေးတို့ အိမ်သွားတဲ့ လမ်းလဲ"

"အာ... ဘယ်ဘက်လမ်းပါ" ဟူကျိကျစ်က အမြန် ပြောလိုက်ပြီး သူမ၏ ခံစားချက်များကို ဖုံးကွယ်ရန် ရှေ့မှ သုတ်ခြေတင် လျှောက်သွားလေသည်။

သူမ၏ ခြေလှမ်းများ ကစဉ့်ကလျား ဖြစ်နေသည်ကို မြင်သောအခါ၌ လုချင်း ခေါင်းခါလိုက်သော်လည်း ဘာမျှ မပြောဘဲ နောက်မှ လိုက်သွား‌လိုက်သည်။ သမားတော်ကြီးမှာမူ မိန်းကလေးငယ်၏ ခံစားချက်ကို သဘောပေါက်ပြီး ပြုံးရုံသာ ပြုံးနေလိုက်၏။

နောက်ဆုံးတွင် ရင်းနှီးသော အိမ်ဝင်ပေါက်ကို မြင်လိုက်ရသောအခါ ဟူကျိကျစ်၏ စိတ်လှုပ်ရှားမှုများ အထွတ်အထိပ်သို့ ရောက်သွားတော့သည်။ သူမသည် စိတ်မထိန်းနိုင်တော့ဘဲ ပြေးဝင်သွားလိုက်တော့လေ၏။

ခြံဝင်းတံခါး ပွင့်နေသည်ကို ဟူကျိကျစ် ထူးဆန်းသည်ဟု ထင်မိသော်လည်း စိတ်လှုပ်ရှားလွန်းသဖြင့် သိပ်မတွေးမိပေ။ သူမ အထဲသို့ ပြေးဝင်သွားပြီး အော်လိုက်လေ၏။ "အဖေ... သမီး ပြန်ရောက်ပြီ..."

သို့သော် နောက်တစ်ခဏတွင်တော့ သူမ၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"ရှင်တို့က ဘယ်သူတွေလဲ။ အဖေ့ကို လွှတ်လိုက်စမ်း"

ဟူကျိကျစ်၏ မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။ ခြံဝင်းထဲတွင် ရုပ်ဆိုးဆိုး လူတစ်စု ရပ်နေကြပြီး သူမ၏ ဖခင် ဟူလောင်စန်းမှာမူ ရင်ဘတ်တွင် သွေးများ စွန်းထင်းလျက် မြေကြီးပေါ်တွင် လဲကျနေသည်။ သူ့ကို မျက်နှာထားဆိုးဆိုးနှင့် လူငယ်တစ်ဦးက ခြေထောက်ဖြင့် နင်းထားလေသည်။

"ရှောင်လျန်... သမီး ပြန်ရောက်လာပြီလား။ သမီး အဆင်ပြေရဲ့လား" ဟူလောင်စန်းသည် သမီးဖြစ်သူကို မြင်လိုက်ရသောအခါ၌ မယုံနိုင်ခြင်းနှင့် ဝမ်းသာခြင်းတို့ ရောထွေးကာ မျက်လုံးများ တောက်ပလာသည်။ သို့သော် ဝမ်းသာမှုက အရေးတကြီး စိုးရိမ်မှုအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး အော်ဟစ်လိုက်လေ၏။ "အမြန်ပြေးတော့... ဒါတွေက လူဆိုးတွေ"

ကံဆိုးစွာပင် အချိန်နောက်ကျသွားပြီ ဖြစ်သည်။

ထိုလူငယ်၏ မျက်လုံးများမှာ ဟူကျိကျစ်ကို မြင်လိုက်ရသောအခါ၌ နှစ်သက်သဘောကျသွားသည်။ သူ အမိန့်ပေးစရာ မလိုဘဲ သူ့နောက်မှ လူနှစ်ယောက်သည် သူမကို ဖမ်းရန် ချက်ချင်း ခုန်ဝင်လာကြသည်။

"မင်းတို့ ဘယ်လိုလုပ်ရဲတာလဲ"

သမီးဖြစ်သူ လူဆိုးလက်ထဲ ကျရောက်တော့မည်ကို မြင်သောအခါ ဟူလောင်စန်း၏ မျက်လုံးများ နီရဲလာပြီး ရုန်းကန်လိုက်သည်။

သို့သော် သူသည် ဒဏ်ရာ အပြင်းအထန် ရထားပြီးဖြစ်သလို ထိုလူငယ်၏ ကျင့်ကြံမှုအဆင့်ကလည်း သူ့ထက် များစွာ သာလွန်နေလေ၏။ ထိုလူငယ်က သူ့ကို ကြည့်ပင် မကြည့်ဘဲ ခြေထောက်ဖြင့် ဖိအားအနည်းငယ် ပေးလိုက်ရာ ဟူလောင်စန်းသည် သွေးတစ်လုပ် အန်ထုတ်လိုက်ပြီး ဆက်မရုန်းနိုင်တော့ပေ။

မျက်နှာထားဆိုးနှင့် လူငယ်၏ အကြည့်သည် ဟူကျိကျစ်ထံတွင်သာ စူးစိုက်နေသည်။ သူ့လူများ သူမကို ဖမ်းမိတော့မည်ကို မြင်သောအခါ၌ သူ့မျက်နှာပေါ်တွင် အပြုံးရေးရေးလေး ပေါ်လာ၏။ သို့သော် နောက်တစ်ခဏတွင် သူ့အပြုံးက အေးခဲသွားတော့လေသည်။

အနက်ရောင် တုတ်ရှည်တစ်ချောင်းသည် ဟူကျိကျစ်၏ နောက်ကျောမှ ရုတ်တရက် ထွက်ပေါ်လာပြီး လူနှစ်ယောက်၏ ရင်ဘတ်ကို ရိုက်ချလိုက်သည်။

ဒုန်း... ဒုန်း...

ကြီးမားသော စွမ်းအားနှင့်အတူ ထိုလူနှစ်ယောက်သည် ချက်ချင်း သွေးအန်ပြီး နောက်သို့ လွင့်စင်သွားကြသည်။ ခြံဝင်းထဲရှိ ပစ္စည်းများကို ဝင်တိုက်မိပြီး ရပ်တန့်သွားသောအခါ၌ သတိလစ်မေ့မြောနေကြပြီပင်။

"ဘာဖြစ်တာလဲ"

မမျှော်လင့်ထားသော အလှည့်အပြောင်းကြောင့် ခြံဝင်းထဲရှိ လူတိုင်း ကြောင်အသွားကြသည်။ မျက်နှာထားဆိုးနှင့် လူငယ်မှာ ဟူကျိကျစ် နောက်မှ ပေါ်လာသော အနက်ရောင် တုတ်ရှည် သို့မဟုတ် ထိုတုတ်ကို ကိုင်ဆောင်ထားသူ ဝေ့ကျိအန်းကို မျက်‌မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။

"မင်းက ဘယ်သူမို့လို့ ချီမိသားစုရဲ့ ကိစ္စကို ဝင်ပါရဲတာလဲ" လူငယ်က အေးစက်စွာ မေးလိုက်သည်။

သို့သော် ဝေ့ကျိအန်းက သူ့ကို လျစ်လျူရှုပြီး ဟူကျိကျစ်ကို စိုးရိမ်စွာ ကြည့်လိုက်သည်။ "ညီမ ဟူ... အဆင်ပြေရဲ့လား"

"အဆင်ပြေပါတယ်" ဟူကျိကျစ်က ခေါင်းခါလိုက်သည်။ သူမ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အပြည့်ရှိနေ၏။ "ဒါပေမဲ့ အဖေက အဖမ်းခံထားရတယ်"

"ငါ့ကို လျစ်လျူရှုရဲတယ်ပေါ့လေ"

ဝေ့ကျိအန်းက သူ့ကို မမြင်သလို ပြုမူနေသည်ကို မြင်သောအခါ၌ လူငယ်၏ မျက်နှာကလည်း ပို၍ပင် အေးစက်သွားတော့လေသည်။ သူ လက်ချောင်းများကို မသိမသာ လှုပ်ရှားလိုက်ရာ နောက်တစ်ခဏတွင်တော့ သူ့နောက်မှ နောက်ထပ် လူနှစ်ယောက် ခုန်ထွက်လာကြသည်။

ယခုတစ်ကြိမ် ပြေးထွက်လာသူနှစ်ဦးမှာ ယခင်လူများထက် များစွာ ပိုပြီး သန်မာပါ၏။ သူတို့၏ အားကောင်းသော ချီနှင့် သွေးစွမ်းအားကြောင့် ခြံဝင်းထဲရှိ လေထုပင် လေးလံသွားသလို ခံစားရသည်။ သူတို့နှစ်ဦးစလုံးသည် ကိုယ်တွင်းအင်္ဂါအဆင့်သို့ ရောက်ရှိထားသော မဟာသခင်များ ဖြစ်ကြသည်။

မဟာသခင် နှစ်ဦးကို ရင်ဆိုင်နေရသော်လည်း ဝေ့ကျိအန်းကတော့ မတုန်လှုပ်ပေ။ သူသည် လှုပ်ပင် မလှုပ်ဘဲ တုတ်ကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ လှောင်ပြောင်သရော်သော အမူအရာဖြင့် ကြည့်နေလေ၏။

"ဒီကောင်လေး သေချင်နေတာလား"

ထိုလူငယ် စိတ်ထဲတွင် ထူးဆန်းသလို ခံစားလိုက်ရချိန်မှာပင် ထိတ်လန့်ဖွယ်ရာ တစ်စုံတစ်ရာ ဖြစ်ပျက်သွားသည်။ လူတစ်ယောက်သည် ဝေ့ကျိအန်းဘေးတွင် ရုတ်တရက် ပေါ်လာပြီး ဓားတစ်ချက် ဝင်းလက်သွားလေ၏။ မဟာသခင် နှစ်ဦး မတုံ့ပြန်နိုင်မီမှာပင် ဓားချက်ထိမှန်ပြီး နောက်သို့ လွင့်စင်သွားကြတော့လေသည်။

ဘုန်း... ဘုန်း...

မဟာသခင် နှစ်ဦး မြေကြီးပေါ်သို့ ပြန်ကျလာသောအခါ၌ သူတို့၏ ရင်ဘတ်ပေါ်တွင် အရိုးထိအောင် နက်ရှိုင်းသော ဒဏ်ရာနှစ်ခု ပေါ်လာသည်။

သူတို့၏ ရင်ဘတ်မှ ကြောက်မက်ဖွယ် ဒဏ်ရာများကို ကြည့်ရင်း အစောင့်နှစ်ဦး၏ မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေပြီး ရင်ထဲတွင် အေးစက်သော ကြောက်ရွံ့မှုများ ဝင်ရောက်လာသည်။ သူတို့သည် မာကူးကို အလွန် သတိထားကာ ကြည့်နေကြသည်။ အကယ်၍ သူတို့ ဝတ်ဆင်ထားသော သံချပ်ကာသာ မရှိပါက ယခုအချိန်တွင် နှစ်ပိုင်းပြတ်နေပြီပင်။

ဒီ ဓားသမားက ဘယ်က ရောက်လာတာလဲ။ သူ့ရဲ့ ဓားသိုင်းက အရမ်း ထူးဆန်းလွန်းလို့ သူတို့တောင် မကာကွယ်နိုင်ခဲ့ဘူး။

"ခင်ဗျားကရော ဘယ်သူလဲ"

ယခုတစ်ကြိမ်တွင်တော့ မျက်နှာထားဆိုးနှင့် လူငယ်လည်း မတည်ငြိမ်နိုင်တော့ပေ။ သူ၏ ကိုယ်တွင်းအင်္ဂါအဆင့် အစောင့်နှစ်ဦးကို ဓားတစ်ချက်တည်းနှင့် ဒဏ်ရာ အပြင်းအထန် ရစေခြင်းက မာကူး၏ စွမ်းအားသည် အနည်းဆုံး ကိုယ်တွင်းအင်္ဂါအဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိနေသော ကျွမ်းကျင်ပညာရှင် ဖြစ်ရမည်။ ထိုကဲ့သို့ စွမ်းအားကြီးသူသည် နဂါးပြာမြို့တော် အတွင်း၌ပင် ဆရာတစ်ဆူအဖြစ် သတ်မှတ်ခံရပြီး လျစ်လျူရှုထား၍ ရသောသူ မဟုတ်တော့ပေ။

သို့သော် လူငယ်၏ မျက်နှာထားကို ပျက်စေသည်မှာ မာကူးကလည်း သူ့မေးခွန်းကို လျစ်လျူရှုလိုက်ခြင်းကြောင့်ပင်။ ထိုအစား မာကူးသည် ဒဏ်ရာရနေသော ဟူလောင်စန်း ကို ငုံ့ကြည့်ပြီး အေးစက်စွာ ပြောလိုက်၏။ "သူ့ကို လွှတ်လိုက်"

"ကောင်းပြီလေ... ကောင်းပြီ"

မာကူး၏ သဘောထားကြောင့် လူငယ်သည် ဒေါသထွက်ကာ ရယ်မောလိုက်‌လေ၏။ သူသည် အမြဲတမ်း သူတစ်ပါးကို အမိန့်ပေးနေကျ ဖြစ်ပြီး ဤကဲ့သို့ ပြောဆိုခံရဖူးခြင်း မရှိပေ။ ဒေါသအလျောက် စဉ်းစားမနေတော့ဘဲ သူ၏ချီနှင့် သွေးများကို စုစည်းကာ ဟူလောင်စန်း၏ ရင်ဘတ်ကို ခြေထောက်ဖြင့် ဖိချေရန် ပြင်လိုက်တော့သည်။

သို့သော် သူ အားစိုက်လိုက်သည်နှင့် ခြေထောက်အောက်မှ မြေကြီး ပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။ နောက်တစ်ခဏတွင် မခံမရပ်နိုင်သော နာကျင်မှုတစ်ခုက သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွားပြီး အော်ဟစ်မိရင်း မြေကြီးပေါ်သို့ လှိမ့်ကျသွားလေသည်။

ထိုအချိန်မှပင် သူ၏ ခြေသလုံးသည် ခပ်လှမ်းလှမ်းတွင် ပြတ်ကျနေသည်ကို မြင်လိုက်ရသည်။ သူ့ခြေထောက် ပြတ်သွားခဲ့ပြီ ဖြစ်သည်။

"ငါ့ခြေထောက်... ငါ့ခြေထောက်"

လူငယ်သည် ပြတ်နေသော သူ့ခြေထောက်ကို မယုံနိုင်စွာ ကြည့်ပြီး ရူးသွပ်မတတ် အော်ဟစ်လိုက်လေသည်။

"သခင်လေး... သခင်လေး"

ဘေးတွင် ရပ်နေသော အစောင့်များနှင့် အစေခံများမှာ ကစဉ့်ကလျား ဖြစ်ကုန်ကြသည်။ တချို့က သွေးတိတ်အောင် လုပ်ပေးကြပြီး တချို့က နောက်ထပ် အန္တရာယ် မဖြစ်စေရန် ကာကွယ်ပေးကြသည်။

"သတ်ကြ... သူတို့ အကုန်လုံးကို သတ်ပစ်ကြ"

နာကျင်မှုနှင့် ရူးသွပ်မှုများကြားတွင် လူငယ်၏ ဆင်ခြင်တုံတရားများ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ။ သူက စူးရှသော အသံဖြင့် ဝေ့ကျိအန်း နှင့် မာကူး တို့ကို သတ်ရန် အမိန့်ပေးလိုက်သည်။ သို့သော် မာကူး၏ ဓားသိုင်းကို မြင်ပြီးနောက် ကျန်ရှိသော အစောင့်များမှာ တုံ့ဆိုင်းနေကြပြီး ရှေ့မတိုးရဲကြပေ။

သူတို့ တွန့်ဆုတ်နေသည်ကို မြင်သောအခါ၌ လူငယ်က ပို၍ပင် ဒေါသထွက်လာတော့၏။ "မင်းတို့ မတိုက်ရင် ငါ့အဖေကို ပြောပြီး မင်းတို့‌တွေရဲ့ တစ်မိသားစုလုံးကို သတ်ခိုင်းပစ်မယ်"

ထိုစကားကို ကြားသောအခါ အစောင့်များနှင့် အစေခံများ၏ မျက်နှာ ဖြူဖျော့သွားသည်။ ဆက်ပြီး တွန့်ဆုတ်မနေရဲတော့ဘဲ အံကြိတ်ကာ မျက်လုံးများ နီရဲလျက် ဝေ့ကျိအန်း နှင့် မာကူး တို့ဆီသို့ ပြေးဝင်ရန် ပြင်လိုက်ကြသည်။ ဒဏ်ရာရထားသော အစောင့်နှစ်ဦးပင်လျှင် လက်နက်များ ထုတ်ယူပြီး ယိုင်တိယိုင်တိုင်ဖြင့် ရှေ့တိုးလာကြသည်။

သို့သော် ထိုအချိန်တွင် မမြင်ရသော ဖိအားတစ်ခုက ရုတ်တရက် ကျရောက်လာပြီး လူတိုင်းကို နေရာတွင်ပင် တောင့်တင်းသွားစေခဲ့၏။ အစောင့်များနှင့် အစေခံများသည် လုံးဝ မလှုပ်ရှားနိုင်တော့ဘဲ သူတို့၏ မျက်နှာအမူအရာများမှာလည်း တောင့်တင်းသွားကာ ကြွက်သားတစ်စပင် မလှုပ်နိုင်တော့ပေ။

"မွေးရာပါနယ်ပယ် ဖိအားပဲ... ဘယ် မွေးရာပါနယ်ပယ် သိုင်းပညာရှင်က မြို့ထဲမှာ စွမ်းအား ထုတ်သုံးရဲတာလဲ"

ထိုဖိအား ပေါ်လာသည်နှင့် အနီးနားရှိ ခမ်းနားထည်ဝါသော အိမ်ကြီးတစ်အိမ်တွင် တရားထိုင်နေသော ပုဂ္ဂိုလ်တစ်ဦးက ချက်ချင်းပင် သတိပြုမိလိုက်လေသည်။

...

အခန်း ၃၁၄ - ချီမိသားစု၏ မွေးရာပါနယ်ပယ်နှင့် နဂါးပြာမြို့စားမင်း၏ ဆုတောင်း

ခြံဝင်းအတွင်း၌ အိမ်စေများနှင့် အစောင့်များမှာ မလှုပ်မယှက် ရပ်တန့်နေကြရသည်။

သူတို့အားလုံးသည် ဖြည်းညှင်းစွာ လျှောက်လှမ်းလာနေသော လူငယ်လေးတစ်ဦးကို အံ့သြမှင်သက်စွာ ငေးကြည့်နေမိကြ၏။

ထိုလူငယ်လေးထံမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် ဖိအားကို ခံစားလိုက်ရပြီး မယုံကြည်နိုင် ဖြစ်နေကြလေသည်။

နဂါးပြာမြို့တော်သားများ ဖြစ်ကြသည့်အလျောက် အိမ်စေများပင်လျှင် အတော်အတန် ဗဟုသုတ ရှိကြသည်။

သူတို့ရှေ့မှ လူငယ်လေးသည် ဒဏ္ဍာရီလာ မွေးရာပါနယ်ပယ် အရှိန်အဝါကို ထုတ်ဖော်နေမှန်း သဘာဝကျကျပင် သိလိုက်ကြပါ၏။

သို့သော် ထိုအချက်ကြောင့်ပင် သူတို့၏ ကြောက်ရွံ့မှုမှာ ပိုမို နက်ရှိုင်းလာခဲ့သည်။

ဤမျှ ငယ်ရွယ်သော အရွယ်နှင့် မွေးရာပါနယ်ပယ် ကျင့်ကြံသူတစ်ဦး ဖြစ်နေသည် ဆိုတော့...

သူ့နောက်ခံက သာမန် မဟုတ်တန်ရာ။

"မွေးရာပါနယ်ပယ် ဟုတ်လား"

နုနယ်ပြီး မျက်နှာထားဆိုးသော လူငယ်လေးမှာ ယခုအချိန်တွင် သူ့နာကျင်မှုကိုပင် မေ့သွားလေသည်။

သူသည် လုချင်းကို အံ့သြစွာ ကြည့်နေမိ၏။ ဤမျှ ငယ်ရွယ်သူတစ်ဦး မွေးရာပါနယ်ပယ်တွင် ရှိနေသည်ကို မယုံနိုင်အောင် ဖြစ်နေသလို တစ်ချိန်တည်းမှာပင် ထိုလူငယ်ထံမှ ကြောက်မက်ဖွယ် ဖိအားကြောင့် အလွန်အမင်း ထိတ်လန့်နေရပါ၏။

ဤလူငယ် ထုတ်လွှတ်နေသော အရှိန်အဝါသည် သူ့အိမ်တော်ရှိ မွေးရာပါနယ်ပယ် အကြီးအကဲများထက်ပင် ပိုပြီး ကြောက်စရာ ကောင်းနေသလို ခံစားရသည်။

"အဖေ... အဆင်ပြေရဲ့လား"

လုချင်းက ထိုလူဆိုးများအား နှိမ်နင်းလိုက်သည်ကို ဟူကျိကျစ် မြင်သောအခါ၌ ဟူလောင်စန်းကို ထူမပေးရန် အမြန် ပြေးသွားလိုက်သည်။

ယခုအချိန်တွင် ဟူလောင်စန်း၏ စိတ်ထဲတွင် ဗလာကျင်းနေ၏။

သူ့ကို တွဲထူလိုက်သော်လည်း စကားပင် မပြောနိုင်ဘဲ ကြောင်တောင်တောင် ဖြစ်နေရှာသည်။

ဒါက ဟူကျိကျစ်ကို လန့်သွားစေသည်။ "အဖေ... တစ်နေရာရာ ထိခိုက်သွားသေးလားဟင်"

သမီးဖြစ်သူ၏ ခေါ်သံအောက်တွင် ဟူလောင်စန်းတစ်ယောက် နောက်ဆုံး၌ သတိပြန်ဝင်လာတော့၏။

သူက အလျင်အမြန်ပင် "အဖေ... အဖေ အဆင်ပြေပါတယ်။ ဒဏ်ရာ နည်းနည်းပဲ ရတာပါ... မစိုးရိမ်ပါနဲ့။ ရှောင်လျန်... ဒီလူတွေက ဘယ်သူတွေလဲ"

"ဦးလေးဟူ... ကျွန်တော်တို့တွေ‌ လွန်ခဲ့တဲ့ ရက်ပိုင်းကမှ မြို့တံခါးမှာ တွေ့ခဲ့ကြသေးတယ်လေ။ အဲဒီလောက် မြန်မြန် မေ့သွားပြီလား" လုချင်းက ပြုံး၍ ပြောလိုက်သည်။

ဟူလောင်စန်း၏ ခန္ဓာကိုယ် တုန်သွား၏။ လုချင်းနှင့် အခြားသူများကို ရင်းနှီးသလို ရှိနေသည်ဟု သူ ထင်နေခဲ့မိသည်။ ယခု သတိပေးလိုက်မှ ရုတ်တရက် သတိရသွားတော့၏။

သူ့မျက်လုံးထဲတွင် မယုံနိုင်သော အရိပ်အယောင်များ ပေါ်လာပြီး "မင်းက ပြီးခဲ့တဲ့ အခေါက်က မြို့ထဲ ဝင်လာတဲ့ သခင်လေးလား"

"ဟုတ်ပါတယ်... ကျွန်တော်ပါပဲ"

ဟူလောင်စန်း ချက်ချင်း မှင်သက်သွားသည်။

ထိုနေ့က သာမန် ခရီးသွားများဟု ထင်ရသော သူများသည် ဤမျှ စွမ်းအားကြီးသော ပုဂ္ဂိုလ်များ ဖြစ်နေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။

အထူးသဖြင့် မာကူးပင်လျှင် မြို့ဝင်ကြေး ပေးတုန်းက အလွန် နှိမ့်ချပြီး သူ့ကို တိတ်တဆိတ် လာဘ်ထိုးခဲ့သည်ကို သူ မှတ်မိနေသည်။

ထိုသူကလည်း ထူးကဲသော စွမ်းအားကြီး သိုင်းပညာရှင်တစ်ဦး ဖြစ်နေလိမ့်မည်ဟု ဘယ်သူ ထင်မည်နည်း။

ချီမိသားစု၏ ကိုယ်တွင်းအင်္ဂါအဆင့် အစောင့်များပင် သူ့ပြိုင်ဘက် မဟုတ်ပေ။

ပို၍ အရေးကြီးသည်မှာ သူ့သမီးက ထိုသို့သော လူများနှင့် မည်သို့ ရင်းနှီးသွားသနည်း။

သူမ ရွှမ်ရှင်းဂိုဏ်း၏ တပည့် ရွေးချယ်ပွဲ အခမ်းအနားကို မတက်ရောက်ခဲ့ရခြင်းမှာ ဒီလူများနှင့် အတူ ရှိနေခဲ့သောကြောင့်လော။

သို့သော် ဟူလောင်စန်း ထပ်မံ မမေးမြန်းနိုင်မီ လုချင်းက ဝင်ပြောလိုက်သည်။ "ဦးလေးဟူ... ဒီလူတွေက ဘယ်သူတွေလဲ။ ဘာလို့ ဦးလေးတို့ကို ရန်လိုနေကြတာလဲ"

"ဟုတ်တယ် အဖေ... ဒီလူတွေက ဘယ်သူတွေလဲ။ ဘာလို့ အဖေ့ကို ဖမ်းဖို့ ကြိုးစားနေကြတာလဲ" ဟူကျိကျစ်လည်း နားမလည်နိုင် ဖြစ်နေသည်။

သူမ၏ ဖခင်သည် အနည်းငယ် အကျင့်ပျက်သော်လည်း သူ မတတ်နိုင်သော သူများကို မစော်ကားမိအောင် နေတတ်သူပင်။

ယခုတစ်ကြိမ် မျက်နှာထားဆိုး လူငယ်လေးကဲ့သို့ ပုဂ္ဂိုလ်ကို အဘယ်ကြောင့် ရန်စမိသနည်း။

"ဒါတွေက ချီမိသားစုက လူတွေ။ ပြီးတော့ သူက ချီမိသားစုရဲ့ စတုတ္ထသခင်လေးပဲ" ဟူကျိကျစ်က ခါးသီးစွာ ပြုံး၍ ပြောသည်။ "အကြောင်းရင်းကတော့ ကျီမိသားစုရဲ့ တတိယသခင်လေးနဲ့ ပတ်သက်နေတယ်"

"ချီမိသားစုက လူတွေ ဟုတ်လား" ဟူကျိကျစ် လန့်သွားသည်။

ချီမိသားစုသည် နဂါးပြာမြို့တော်ရှိ အဓိက မိသားစုကြီးလေးခုအနက် တစ်ခုဖြစ်သည်။ သူမ၏ ဖခင်သည် ထိုမျှ အင်အားကြီးသော အဖွဲ့အစည်းကို ရန်စမိလိမ့်မည်ဟု သူမ မယုံနိုင်အောင် ဖြစ်နေသည်။

"အဖေ... အဖေ ဘာလုပ်ခဲ့လို့လဲ" ဟူကျိကျစ် မမေးဘဲ မနေနိုင်တော့ပေ။

ထိုအချိန်တွင် လုချင်းက လက်ကို အနည်းငယ် မြှောက်လိုက်သည်။ "ဒါကို နောက်မှ ဆွေးနွေးကြတာပေါ့။ ဧည့်သည် ရောက်လာပြီ"

သူ စကားဆုံးသည်နှင့် အိမ်ခေါင်မိုးပေါ်တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။

ရောက်လာသူမှာ ခမ်းနားသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်း အရွယ်၊ အသားအရေ စိုပြည်ပြီး နှုတ်ခမ်းမွေး အမည်းတိုတို ရှိသူ ဖြစ်သည်။

ခြံဝင်းထဲမှ အခြေအနေကို မြင်သောအခါ သူ့မျက်နှာထားက ပြောင်းလဲသွားသည်။ "ဝမ်ကျန့်... မင်း ဒီမှာ ဘာလုပ်နေတာလဲ။ မင်းခြေထောက်က ဘာဖြစ်သွားတာလဲ"

"ဦးလေး ဝူ"

မျက်နှာထားဆိုး လူငယ်လေးသည် ရောက်လာသူကို မြင်သောအခါ၌ မျက်လုံးထဲတွင် ဝမ်းသာရိပ်များ ပေါ်လာသည်။

သူ အကူအညီ တောင်းချင်သော်လည်း လုချင်း၏ ဖိအားပေးထားမှုကြောင့် လုံးဝ မလှုပ်ရှားနိုင်ဘဲ ဖြစ်နေသည်။ စကားပင် မပြောနိုင်ဘဲ လူလတ်ပိုင်း အမျိုးသားကို အသနားခံသော မျက်လုံးများဖြင့်သာ ကြည့်နေရသည်။

ခမ်းနားစွာ ဝတ်ဆင်ထားသော လူလတ်ပိုင်း အမျိုးသားသည် ပြဿနာကို အမြန် သဘောပေါက်လိုက်ပါ၏။

သူသည် လုချင်းဘက်သို့ လှည့်ကြည့်လိုက်ပြီး ထိုလူငယ်ထံမှ အရှိန်အဝါကို ခံစားလိုက်ရသည်။

လူငယ်၏ အသက်အရွယ်ကြောင့် အံ့သြသွားသော်လည်း သူ လေးလေးနက်နက် ဦးညွှတ်လိုက်လေ၏။

"သခင်လေး... ဝမ်ကျန့်က ဘာအပြစ်တွေ ကျူးလွန်ခဲ့လဲဆိုတာ မသိပေမဲ့ ကျေးဇူးပြုပြီး ကျွန်တော်တို့ ချီမိသားစု မျက်နှာကို ထောက်ထားပြီးတော့ သူ့ကို သနားငဲ့ညာပြီး လွှတ်ပေးပါဗျာ။ ကျွန်တော်တို့ ချီမိသားစုက နောင်ကျရင် သေချာပေါက် ကျေးဇူးဆပ်ပါ့မယ်"

"သူ ကျွန်တော့်ကို မစော်ကားခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော့်မိတ်ဆွေကို စော်ကားခဲ့တယ်။ ခင်ဗျား သူ့ကို လွှတ်ပေးစေချင်ရင် ကျွန်တော့်မိတ်ဆွေကို မေးကြည့်ရလိမ့်မယ်"

လုချင်းက တည်ငြိမ်စွာ ပြန်ပြောလိုက်၏။

"မိတ်ဆွေ ဟုတ်လား"

လူလတ်ပိုင်း အမျိုးသားမှာ လုချင်း ဘယ်သူ့ကို ရည်ညွှန်းမှန်း မသိဘဲ ခဏတာ ဇဝေဇဝါ ဖြစ်သွားသည်။

"ဦးလေးဟူ... ဒီလူတွေကို ဘယ်လို စီရင်ရင် ကောင်းမလဲ"

လုချင်းက လှည့်ပြီး ဟူလောင်စန်းကို မေးလိုက်သည်။

"ငါ့ကို ဆုံးဖြတ်ခိုင်းတာလား"

ဟူလောင်စန်း ရုတ်တရက် အကျပ်ရိုက်သွားသည်။

သူသည် ချီဝမ်ကျန့်၏ ခြေထောက်ကို တစ်ချက် ကြည့်လိုက်၏။ ချီဝမ်ကျန့်၏ စရိုက်အရ ခြေထောက်တစ်ဖက် ဆုံးရှုံးရပြီးနောက် သေချာပေါက် အငြိုးထားတော့မည်ကို သူ သိသည်။

သူ ပြန်ရောက်သွားသည်နှင့် လက်စားချေရန် မည်သည့်နည်းလမ်းမဆို သုံးပေလိမ့်မည်။

သို့သော် ချီဝမ်ကျန့်ကို ချက်ချင်း သတ်ပစ်လိုက်ကြစို့ ဟု ပြောရန်မှာလည်း မဖြစ်နိုင်ပေ။

ချီမိသားစုသည် နဂါးပြာမြို့တော်တွင် အလွန် အင်အားကြီးမားပြီး မွေးရာပါနယ်ပယ် အကြီးအကဲ အများအပြား ရှိသည်။

လုချင်းနှင့် အဖွဲ့ အင်အားကြီးသော်လည်း ထိုမျှ ကြီးမားသော အင်အားစုကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ဟူလောင်စန်း အလွန် ဗျာများနေရလေ၏။

အတော်ကြာ စဉ်းစားပြီးနောက်၌ နောက်ဆုံးတွင် သူ အံကြိတ်ကာ "ကျေးဇူးရှင် သခင်လေး... ဒီလူတွေကို လွှတ်ပေးလို့ မဖြစ်သေးဘူး။ ချီမိသားစုက အင်အားကြီးပြီး သိုင်းပညာရှင်တွေ အများကြီး ရှိတယ်။ ချီဝမ်ကျန့်ကို ဓားစာခံအဖြစ် မထားရင် ငါတို့ထဲက ဘယ်သူမှ ဒီကနေ အသက်ရှင်လျက် ထွက်သွားရမှာ မဟုတ်ဘူး"

လုချင်းသည် ဟူလောင်စန်း၏ ဆုံးဖြတ်ချက်ကို အနည်းငယ် အံ့သြသွားသည်။ ဤကြောက်တတ်သော လူကြီးထံမှ ဤမျှ ပြတ်သားမှုကို မမျှော်လင့်ထားခဲ့ပေ။

သူသည် ခေါင်မိုးပေါ်မှ လူလတ်ပိုင်း အမျိုးသားကို မော့ကြည့်လိုက်၏။

"ကျွန်တော့်မိတ်ဆွေ ပြောပြီးပြီ။ သူတို့ကို လွှတ်ပေးလို့ မရသေးဘူး"

လူလတ်ပိုင်း အမျိုးသားသည် ဟူလောင်စန်း၏ စကားကို သေချာပေါက် ကြားလိုက်ပါ။

ဟူလောင်စန်းသည် မြို့ခံတစ်ဦး ဖြစ်ကြောင်း သူ ရိပ်မိသည်။

သာမန် အရပ်သားတစ်ဦးက ချီမိသားစု၏ ဆက်ခံသူ မျိုးဆက်တစ်ဦးကို ဓားစာခံ အဖြစ် ထားရန် ပြောရဲသည်ကို မြင်သောအခါ လူလတ်ပိုင်း အမျိုးသား၏ မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားလေ၏။ "အဲဒါဆိုရင်တော့ သခင်လေးမှာ ဘယ်လောက် စွမ်းရည် ရှိလဲ ဆိုတာ ကျွန်တော် ကိုယ်တိုင် စမ်းသပ်ကြည့်ရတော့မှာပေါ့"

ထိုသို့ပြောပြီး သူ့ထံမှ အားကောင်းသော ဖိအားတစ်ခု ထွက်ပေါ်လာကာ လုချင်းနှင့် အခြားသူများအပေါ် ဖိအားပေးလိုက်လေသည်။

လုချင်းနှင့် အဖွဲ့တို့ ဟူကျိကျစ်၏ အိမ်သို့ မရောက်မီ အချိန်လေးတွင်...

အရပ်ရှည်ပြီး ထွားကြိုင်းသော လူတစ်ဦးသည် မြို့စားမင်းအိမ်တော်သို့ အလျင်အမြန် လျှောက်သွားနေသည်။

သူ ဝင်ပေါက်သို့ ရောက်သောအခါ၌ အစောင့်များက လက်ကာပြီး တားလိုက်သည်။

"သခင်ကြီးကျုံး... ခဏ စောင့်ပါဦး"

"ငါ့မှာ အရေးကြီးသတင်း တင်ပြစရာ ရှိလို့ မြို့စားမင်းကို အကြောင်းကြားပေးပါလား" အရပ်ရှည်ရှည် လူကြီးက တောင်းဆိုလိုက်သည်။

အစောင့်နှစ်ဦး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ "ခဏ စောင့်ပါ သခင်ကြီးကျုံး"

ထို့နောက် တစ်ယောက်က အိမ်တော်ထဲသို့ ဝင်သွားသည်။

မကြာမီ အိမ်တော်ထိန်းပုံပေါက်သော လူလတ်ပိုင်း အမျိုးသားတစ်ဦးနှင့် အတူ ပြန်ထွက်လာသည်။

"အိမ်တော်ထိန်းချုပ်လျို... မြို့စားမင်း ဘယ်မှာလဲ" အရပ်ရှည်ရှည် လူကြီးက အရေးတကြီး မေးလိုက်သည်။

"မြို့စားမင်းက ခြံဝင်းထဲမှာ မနက်ခင်း လေ့ကျင့်ခန်း လုပ်နေပါတယ်ဗျ။ သခင်ကြီးကျုံး... ဘာကိစ္စ ရှိလို့ပါလဲ"

"သူနဲ့ ဆွေးနွေးစရာ အရေးကြီးကိစ္စ ရှိလို့ပါ။ ဒီကိစ္စကို သူတစ်ယောက်တည်းဆီ လာတင်ပြဖို့ မြို့စားမင်းကိုယ်တိုင် အထူးတလည် မှာကြားထားတာပါ" အရပ်ရှည်ရှည် လူကြီးက လေးနက်စွာ ပြောလိုက်သည်။

အိမ်တော်ထိန်းချုပ်လျိုက ခေါင်းညိတ်လိုက်ပြီး အသေးစိတ် မမေးတော့ဘဲ "ဒါဆိုရင် သခင်ကြီးကျုံး... ကျွန်တော့်နောက် လိုက်ခဲ့ပါ"

သူတို့နှစ်ဦး အိမ်တော်ထဲသို့ ဝင်ရောက်သွားပြီး စင်္ကြံလမ်း အများအပြားကို ကွေ့ပတ်သွားပြီးနောက်၌ ခြံဝင်းတစ်ခုသို့ ရောက်ရှိလာသည်။

ခြံဝင်းထဲ ဝင်လိုက်သည်နှင့် အရပ်ရှည်ရှည် လူကြီးသည် သူ့ကို တုန်လှုပ်သွားစေသည့် အေးစက်မှုကို ခံစားလိုက်ရသည်။

ခြံဝင်းတစ်ခုလုံးသည် အပြင်ဘက်ထက် များစွာ ပိုအေးနေပြီး လေအေးများ ဝဲပျံနေကာ ပန်းများနှင့် အပင်များပေါ်တွင် နှင်းခဲများပင် ဖုံးလွှမ်းနေလေသည်။

အပြင်ဘက်မှ နွေးထွေးသော နေရောင်ခြည်နှင့် လုံးဝ ခြားနားနေလေ၏။

မြူခိုးများကြားတွင် ပုံရိပ်တစ်ခုသည် ရတနာဓားတစ်လက်ကို ကိုင်ဆောင်ကာ ဓားသိုင်းကွက်များ လေ့ကျင့်နေသည်။

သူ၏ ဓားကွက်များက လေအေးများကို လမ်းကြောင်းပေးလိုက်သောအခါ၌ ငွေရောင် မြွေများ ကခုန်နေသကဲ့သို့ ဖြစ်ပေါ်လာပြီး အံ့မခန်း မြင်ကွင်းကို ဖန်တီးနေလေ၏။

လေအေးများထဲတွင် ပါဝင်သော ကြီးမားလှသည့် စွမ်းအားကို ခံစားလိုက်ရပြီး အရပ်ရှည်ရှည် လူကြီး၏ မျက်လုံးများတွင် လေးစားအားကျမှုများ ပြည့်နှက်နေသည်။

မြို့စားမင်း လေ့ကျင့်နေသည်ကို မြင်ရခြင်းမှာ ပထမအကြိမ် မဟုတ်သော်လည်း မြင်ရတိုင်း သူ အလွန် တုန်လှုပ်ရသည်သာ။

မြို့စားမင်း၏ ဓားသိုင်းကွက်များသည် နက်နဲသော လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေပြီး မွေးရာပါနယ်ပယ် အစောပိုင်းအဆင့်သာ ရှိသော သူ့အဖို့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေကြောင်း ခံစားမိသည်။

အရပ်ရှည်ရှည် လူကြီးနှင့် အိမ်တော်ထိန်း နှစ်ဦးစလုံးသည် မြို့စားမင်း၏ လေ့ကျင့်မှုကို မနှောင့်ယှက်ရဲသဖြင့် တိတ်ဆိတ်စွာ စောင့်နေကြသည်။

ခဏအကြာတွင် ခြံဝင်းထဲရှိ လေအေးများ စုစည်းလာပြီး နောက်ဆုံးတွင် မြို့စားမင်း၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် စုပ်ယူသွားကာ လုံးဝ ပျောက်ကွယ်သွားလေသည်။

ထိုအခါမှ အိမ်တော်ထိန်းလျိုက ရှေ့တိုးသွားပြီး ရိုသေစွာဖြင့် ပြောလိုက်၏။ "သခင်ကြီး... သခင်ကြီးကျုံးမှာ တင်ပြစရာ ရှိလို့ပါတဲ့"

"အင်း" နဂါးပြာမြို့စားမင်းက ခေါင်းညိတ်ပြီး အရပ်ရှည်ရှည် လူကြီးကို ကြည့်လိုက်သည်။

"သခင်ကြီး... သခင်ကြီး စောင့်ကြည့်ခိုင်းထားတဲ့ လူအုပ်စု အကြောင်းပါ။ သူတို့ ဒီမနက်ပဲ မြို့ထဲ ဝင်လာကြပါပြီ"

"ဘာပြောလိုက်တယ်" မြို့စားမင်း၏ ခန္ဓာကိုယ် အနည်းငယ် တုန်သွားပြီး နောက်တစ်ခဏတွင် သူသည် အရပ်ရှည်ရှည် လူကြီး ရှေ့သို့ ရောက်နေပြီပင်။ "မင်း သေချာလို့လား"

မြို့စားမင်း၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် လန့်သွားသော်လည်း အရပ်ရှည်ရှည် လူကြီးက လေးနက်စွာ ပြန်ဖြေလိုက်သည်။

"သေချာပါတယ်ဗျ။ ဒီမနက် မြို့တံခါး ဖွင့်တော့ မြင်းလှည်းတစ်စီး မြို့ထဲ ဝင်လာပါတယ်။ အဲ့အဖွဲ့ထဲက လူငယ်တစ်ယောက်က လွန်ခဲ့တဲ့ ရက်ပိုင်းက သခင်ကြီး ပေးထားတဲ့ ပုံတူနဲ့ ကိုက်ညီပါတယ်ဗျ။ ပြီးတော့ အဖွဲ့ထဲမှာ အဖိုးအို တစ်ယောက်နဲ့ မိန်းကလေးငယ် တစ်ယောက် ပါတယ်ဆိုတဲ့ သခင်ကြီးရဲ့ ဖော်ပြချက်နဲ့လည်း ကိုက်ညီပါတယ်။ မြင်းလှည်းကို ဆွဲလာတဲ့ မြင်းတွေကလည်း ရှားပါးတဲ့ ကျောက်စိမ်းရောင် ဦးချိုပါတဲ့ မြင်းတွေပါဗျ"

"ဒါဆို တကယ်ပဲ သူတို့ပေါ့" မြို့စားမင်း ရေရွတ်လိုက်သည်။ "ဒါပေမဲ့ ဘာလို့ ဒီလောက် မြန်မြန် ရောက်လာတာလဲ။ ဪ... ဟုတ်သားပဲ။ မြို့တော်မြတ်က သတင်းစကားမှာ သူတို့ စီးလာတဲ့ ရထားက ဒဏ္ဍာရီလာ လေဟုန်စီးမြင်းလှည်း လို့ ပါတာပဲ။ တစ်နေ့ကို မိုင်ထောင်ချီ ခရီးသွားနိုင်တာဆိုတော့ နဂါးပြာမြို့တော်ကို နှစ်ရက် သုံးရက်လောက်နဲ့ ရောက်လာတာ ဖြစ်နိုင်တာပဲ။ သူတို့ ဒီလောက် မြန်မြန် ရောက်လာတယ်ဆိုရင် အပြင်ဘက်ဒေသက လာတယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းက မှန်တဲ့ပုံပဲ"

ထိုသို့ တွေးမိပြီး မြို့စားမင်းက ချက်ချင်း မေးလိုက်သည်။ "သူတို့ မြို့ထဲ ဝင်ပြီး ဘယ်သွားလဲဆိုတာ မင်း သိလား"

"မသိပါဘူး သခင်ကြီး။ သခင်ကြီးက သူတို့ကို နောက်ယောင်မခံဖို့ မှာထားတော့ သူတို့မှန်း အတည်ပြုပြီးတာနဲ့ ကျွန်တော် ချက်ချင်း လာသတင်းပို့တာပါ" အရပ်ရှည်ရှည် လူကြီးက ရိုသေစွာ ပြန်ဖြေသည်။

"ကောင်းတယ်။ မင်း လုပ်တာ မှန်တယ်။ အဲဒီလူကို ဘယ်လို အခြေအနေမျိုးမှာမှ သွားမစော်ကားမိစေနဲ့။ မဟုတ်ရင် သူ စိတ်ဆိုးသွားရင် နဂါးပြာမြို့တော်

တစ်ခုလုံး ကပ်ဘေးဆိုက်သွားလိမ့်မယ်"

မြို့စားမင်းက သူ့ကို ချီးကျူးလိုက်၏။

လွန်ခဲ့သော ရက်အနည်းငယ်က ရရှိခဲ့သော သတင်းစကားကို သူ ပြန်သတိရမိပြီး ရင်တုန်သွားသည်။

ထိုလူသည် တတိယသခင်မြတ်ကိုပင် အနိုင်ယူနိုင်ပြီး ရွှမ်ခုန်းတောင်မှ ဘုန်းကြီးများကို မတုံ့ဆိုင်းဘဲ သတ်ဖြတ်ခဲ့သော ကြောက်မက်စရာကောင်းသည့် ပုဂ္ဂိုလ်ဖြစ်သည်။

နဂါးပြာမြို့တော်သည် ကြီးမားကျယ်ပြန့်သော်လည်း ထိုကဲ့သို့ ပြိုင်ဘက်ကင်း အန္တရာယ်ကောင်ကိုတော့ ရန်စနိုင်စွမ်း မရှိပေ။

မြို့စားမင်း၏ စကားကို ကြားသောအခါ၌ အရပ်ရှည်ရှည် လူကြီးမှာ မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။

သူ့စိတ်ထဲတွင်လည်း အံ့သြနေမိပါ၏။

အမှန်အတိုင်း ပြောရလျှင် ဤတာဝန်ကို စတင် လက်ခံရရှိစဉ်က သူ နားမလည်ခဲ့ပေ။

မြို့စားမင်းက လုချင်းနှင့် အဖွဲ့ကို အလွန် အလေးထားနေမှတော့ ဘာကြောင့် နောက်ယောင် မခံခိုင်းရသနည်း။

လုချင်းနှင့် အဖွဲ့ကို ကြောက်ရွံ့နေသည့်ပုံ ပေါက်နေသည်။

ယခုတော့ ရှင်းသွားပြီ။ မြို့စားမင်းသည် သတိထားနေရုံမက ကြောက်ပင် ကြောက်နေပုံရပါ၏။

နဂါးပြာမြို့တော်၏ အာဏာစက်ပြင်းလှသော မြို့စားမင်းကိုတောင် ဤမျှ ကြောက်ရွံ့စေရန် ထိုလူငယ်လေးတွင် မည်သို့သော နောက်ခံ ရှိနေသနည်း။

အရပ်ရှည်ရှည် လူကြီး၏ လုချင်းနှင့် အဖွဲ့အပေါ် စိတ်ဝင်စားမှု ပိုမို ပြင်းထန်လာသည်။

အဘယ်ကြောင့်ဆိုသော် သူ့အမြင်တွင် ထိုလူငယ်လေးသည် ချီနှင့်သွေးအဆင့်မျှသာ ရှိသေးသောကြောင့်ပင်။

သာမန် ချီနှင့်သွေးအဆင့် ကျင့်ကြံသူ တစ်ဦး၊ ဒဏ္ဍာရီလာ လျှို့ဝှက်နယ်မြေတစ်ခုမှ ဆက်ခံသူ ဖြစ်နေလျှင်တောင် မြို့စားမင်းကို ဤမျှ စိုးရိမ်စေနိုင်ပါမည်လော။

စပ်စုချင်စိတ်ဖြင့် သူ မမေးဘဲ မနေနိုင်တော့ပေ။ "သခင်ကြီး... သခင်ကြီးကို ဒီလောက်ထိ အလေးထားစေရအောင် အဲဒီလူငယ်လေးက ဘယ်သူမို့လို့လဲဗျ"

"မမေးသင့်တာ မမေးနဲ့" မြို့စားမင်းက သူ့ကို မျက်စိ‌စွေ၍ကြည့်လိုက်သည်။ "သူ့နောက်ခံက မင်း စုံစမ်းလို့ ရတဲ့အရာ မဟုတ်ဘူး။ မှတ်ထား... ဘယ်လို အခြေအနေမျိုးမှာမှ သူ့ကို မစော်ကားမိစေနဲ့။ မင်းသာ စော်ကားမိရင် ငါတောင် မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး"

မြို့စားမင်း၏ လေးနက်သော အမူအရာကို မြင်သောအခါ အရပ်ရှည်ရှည် လူကြီးခင်မျာ လန့်သွားပြီး သူ စည်းကျော်မိမှန်း သိလိုက်လေ၏။

သူ ချက်ချင်းပင် "နားလည်ပါပြီ" ဟု ပြန်ပြောလိုက်ရသည်။

"ဒါနဲ့... သူတို့ မြို့ထဲမှာ ဘယ်ဘက်ကို သွားတာ တွေ့လိုက်လဲ။ ဒီနေ့ မြို့ထဲကနေ ထွက်မယ့် အစီအစဉ် ရှိလားဆိုတာရော သိလား"

"မြို့တောင်ဘက်ကို သွားတာတော့ တွေ့လိုက်ပါတယ်ဗျ။ ဒါပေမဲ့ ဒီနေ့ ထွက်မလားဆိုတာတော့ မသေချာဘူးဗျ" အရပ်ရှည်ရှည် လူကြီးက ခေါင်းခါလိုက်သည်။

"ဟူး... သူတို့ မြို့ထဲက မြန်မြန် ထွက်သွားပြီး ဒီမှာ အကြာကြီး မနေရင် ကောင်းမှာပဲ" မြို့စားမင်းက ဆုတောင်းလိုက်သည်။

သူတို့ကို မောင်းထုတ်ရန် အကြံမျိုး သူ့ခေါင်းထဲတွင် လုံးဝ မရှိပေ။ သူ နောက်ထပ် နှစ်အနည်းငယ်လောက်တော့ အသက်ရှင်ချင်သေးပါ၏။

တစ်ချိန်တည်းမှာပင် သူသည် ထိုလူနှင့် မပတ်သက်ရဲပေ။

ထိုလူသည် မယုံနိုင်လောက်အောင် စွမ်းအားကြီးသော်လည်း သူ့ဘဝသည် ပြဿနာများဖြင့် ပြည့်နှက်နေလေ၏။

ရွှမ်ခုန်းတောင်နှင့် ရန်ငြိုးတစ်ခုတည်းကပင် သူနှင့် ပတ်သက်ချင်သူ မည်သူ့ကိုမဆို နှစ်ခါပြန် စဉ်းစားစေလောက်သည်။

ထို့ကြောင့် ယခု မြို့စားမင်း မျှော်လင့်နိုင်သည်မှာ လုချင်းနှင့် အဖွဲ့ မြို့ထဲမှ အမြန်ဆုံး ထွက်ခွာသွားရန်ပင် ဖြစ်တော့၏။

သို့မဟုတ်ပါက ထိုကဲ့သို့ ကြောက်မက်ဖွယ် စွမ်းအားကြီးပြီး ပြဿနာကောင် ဖြစ်သူ မြို့ထဲတွင် ရှိနေခြင်းသည် သူ့ကို ဆူးခင်းလမ်းပေါ် ထိုင်နေရသလို စိတ်အေးချမ်းမှု မရနိုင်အောင် ဖြစ်စေလိမ့်မည်။

နဂါးပြာမြို့စားမင်း လုချင်း ထွက်သွားရန် ဆုတောင်းနေစဉ်မှာပင် မြို့ထဲ၌ အားကောင်းသော ဖိအားတစ်ခု ရုတ်တရက် မြင့်တက်လာသည်။

ထိုဖိအားနှင့်အတူ တစ်မြို့လုံး ဟိန်းထွက်သွားစေမည့် အော်သံကြီးတစ်ခု ပါလာသည်။ "ဒါဆိုရင်တော့... သခင်လေးရဲ့ စွမ်းရည်ကြီးကို သင်ယူကြည့်ရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူးပေါ့"

ချက်ချင်းပင် မြို့ထဲရှိ သိုင်းပညာရှင် အများအပြား ထိတ်လန့်သွားကြသည်။

"မွေးရာပါနယ်ပယ် အရှိန်အဝါလား။ မြို့ထဲမှာ မွေးရာပါနယ်ပယ် အဆင့် စွမ်းအားကို ဘယ်သူက ထုတ်သုံးရဲတာလဲ"

"အဲဒီအသံက... ချီမိသားစုရဲ့ ပဉ္စမသခင်ကြီးအသံနဲ့ တူတယ်"

"ချီမိသားစုကို ရန်စရဲတဲ့သူ ရှိတယ်ပေါ့လေ။ သွားကြည့်ကြရအောင်"

မကြာမီ အင်အားကြီး ပုဂ္ဂိုလ်အများအပြား သူတို့ နေအိမ်များမှ ထွက်ခွာလာပြီး မွေးရာပါနယ်ပယ် အရှိန်အဝါ ထွက်ပေါ်ရာ နေရာသို့ ဦးတည်လာကြသည်။

"ဒါ ငါတို့ ပဉ္စမဘိုးဘေးရဲ့ အသံပဲ။ မြန်မြန်... စစ်ကူ လွှတ်လိုက်"

"အဘိုး ၅က တစ်ယောက်ယောက်နဲ့ တိုက်နေတာလား"

မြို့ထဲရှိ ကြီးမားကျယ်ပြန့်သော အိမ်တော်ကြီးတစ်ခုအတွင်းမှလည်း အင်အားကြီး ပုဂ္ဂိုလ်များစွာ ပြေးထွက်လာကြသည်။

"ဘာဖြစ်တာလဲ။ အဘိုး ၅က ဘာဖြစ်သွားတာလဲ"

မြို့စားမင်း အိမ်တော်တွင်လည်း နဂါးပြာမြို့စားမင်းတစ်ယောက် အံ့သြသွားလေ၏။

သို့သော် နောက်တစ်ခဏတွင် ထိုအရှိန်အဝါ လာရာအရပ်ကို အာရုံခံမိလိုက်သောအခါ၌ သူ့မျက်နှာထားမှာ လုံးဝကို ပြောင်းလဲသွားတော့လေသည်။

All Chapters