← Chapters

အခန်း (၃၁၅-၃၁၆)

Vol. 32 Ch. 315-316

အခန်း (၃၁၅-၃၁၆)

Vol. 32 Ch. 315-316

အခန်း ၃၁၅ - ကြောက်မက်ဖွယ် ဓားအလင်းတန်းနှင့် လူတိုင်းကို လွှမ်းမိုးသွားသော စွမ်းအား

"ဒီအရှိန်အဝါက မြို့တောင်ဘက်က လာတာပဲ... ဒါဆို..."

နဂါးပြာမြို့စားမင်းသည် စောစောက မြို့စောင့် ပြောလိုက်သည့် စကားကို ပြန်သတိရသွားသည်။

ဟိုအဖွဲ့က မြို့တောင်ဘက်ကို သွားတာ မဟုတ်လား။

ချီမိသားစု ပဉ္စမအကြီးအကဲ ရုတ်တရက် ပေါက်ကွဲထွက်လာခြင်းက ထိုလူနှင့် ပတ်သက်ခြင်း ရှိ ၊ မရှိ မသေချာသော်လည်း ဖော်ပြမရနိုင်သော စိုးရိမ်ပူပန်မှုတစ်ခုကတော့ မြို့စားမင်း၏ ရင်ထဲသို့ ဒိုင်းခနဲ ဝင်ရောက်လာခဲ့လေသည်။

ထပ်မစဉ်းစားတော့ဘဲ သူ့အရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီး ခြံဝင်းထဲမှ ပျောက်ကွယ်သွားကာ မြို့တောင်ဘက်သို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်လေသည်။

မွေးရာပါနယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်သည့် မြို့စောင့်သည်လည်း ချီမိသားစု ပဉ္စမအကြီးအကဲထံမှ ပေါက်ကွဲထွက်လာသော အားကောင်းသည့် အရှိန်အဝါကို အာရုံခံမိ၏။

မြို့စားမင်း၏ တုန်လှုပ်သွားသော မျက်နှာထားကို မြင်လိုက်ရသဖြင့် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ချက်ချင်း သိလိုက်သည်။

ထို့ကြောင့် သူသည်လည်း ကိုယ်ဖော့ပညာကို သုံးပြီး အနောက်မှ ထပ်ကြပ်မကွာ လိုက်သွားလိုက်တော့သည်။ သို့သော် သူ့ကျင့်ကြံမှု အဆင့်သည် မြို့စားမင်းနှင့် အလှမ်းကွာလွန်းနေသဖြင့် မြို့စားမင်းအိမ်တော်မှ ထွက်လိုက်သည်နှင့် မြို့စားမင်းကို မျက်ခြည်ပြတ်သွားလေသည်။

သို့ဖြစ်၍ သူသည် ချီမိသားစု ပဉ္စမအကြီးအကဲ၏ အရှိန်အဝါကိုသာ အာရုံခံပြီး မြို့တောင်ဘက်သို့ ဦးတည်သွားရတော့၏။

သူ အလျင်အမြန် သွားနေစဉ်တွင် မြို့ထဲမှ အခြား အားကောင်းသော အရှိန်အဝါ အများအပြားကလည်း တောင်ဘက်သို့ စုဝေးလာနေကြသည်ကို ခံစားမိလိုက်ပါ၏။

"ကြည့်ရတာ အကြီးအကျယ် ပွက်လောရိုက်တော့မယ့်ပုံပဲ"

မြို့စောင့်မှာ တိတ်တဆိတ် ထိတ်လန့်နေပြီး ခြေလှမ်းများကို ပို၍ အရှိန်မြှင့်လိုက်သည်။

သို့သော် လမ်းတစ်ဝက်ခန့် ရောက်သောအခါ၌ ကောင်းကင်ယံသို့ ထိုးတက်သွားသော အေးစက်သည့် ဓားအလင်းတန်းတစ်ခုကို ရုတ်တရက် မြင်လိုက်ရ၏။ ချက်ချင်းဆိုသလိုပင် ချီမိသားစု ပဉ္စမအကြီးအကဲ၏ အားကောင်းသော အရှိန်အဝါသည် နေပူရှိန်အောက်မှ နှင်းများကဲ့သို့ လျင်မြန်စွာ ပြိုကွဲပျက်စီးသွားလေတော့၏။

မျက်တောင် တစ်ခတ်စာ နှစ်ခတ်စာအတွင်းမှာပင် လေထဲ၌ တဖျပ်ဖျပ် လှုပ်ခတ်နေသော ဖယောင်းတိုင်မီးကဲ့သို့နှယ် ငြိမ်းလုနီးပါး အားနည်းသွားလေသည်။

"ဘာဖြစ်တာလဲ"

ဒါကို အာရုံခံမိသော မွေးရာပါနယ်ပယ် ကျင့်ကြံသူ အားလုံးမှာ တုန်လှုပ်သွားကြလေ၏။

အရှိန်အဝါ အခြေအနေအရ ကြည့်လျှင် ချီမိသားစု ပဉ္စမအကြီးအကဲမှာ သေလုမျောပါး ဖြစ်နေပုံရသည်။

သို့သော် သူ ပေါက်ကွဲထွက်လာချိန်မှ ယခုအချိန်ထိ စက္ကန့်ပိုင်းမျှသာ ကြာသေးပါ၏။ ဤမျှ လျင်မြန်စွာ ရှုံးနိမ့်သွားရသည်လား။

ထိုကြောက်မက်ဖွယ် ဓားအရှိန်အဝါကို ဘယ်သူက ထုတ်လွှတ်လိုက်သနည်း။

ထိတ်လန့်မှုများ ပြည့်နှက်နေသော မွေးရာပါနယ်ပယ် ကျင့်ကြံသူများသည် သူတို့၏ စွမ်းအားကို ဖုံးကွယ်မထားနိုင်ကြတော့ပေ။ အားလုံးသည် သူတို့၏ အရှိန်အဝါအပြည့်အဝကို ထုတ်လွှတ်ပြီး ချီမိသားစု ပဉ္စမအကြီးအကဲရှိရာသို့ အမြန်ဆုံးနှုန်းဖြင့် ပြေးသွားကြတော့လေ၏။

"သောက်ကျိုးနည်းကွာ"

အခင်းဖြစ်ပွားရာသို့ အပြေးအလွှား သွားနေသော နဂါးပြာမြို့စားမင်းသည် ထိုကြောက်မက်ဖွယ် ဓားအရှိန်အဝါကို မြင်လိုက်ရပြီး‌နောက်၌ ထိုလူနှင့် ပတ်သက်သည့် မြို့တော်မြတ်မှ သတင်းအချက်အလက်များကို ပြန်သတိရသွားတော့သည်။

သူအဆိုးရွားဆုံး ကြောက်ရွံ့မှုများ တကယ် ဖြစ်လာပြီကို သူ ဘယ်လိုလုပ် မသိဘဲ နေမည်နည်း။

"ချီမိသားစုက အဲဒီ ငတုံး ပဉ္စမအကြီးအကဲ ဘာတွေများ လုပ်လိုက်တာလဲ"

မြို့စားမင်း၏ မျက်နှာမှာ ဖြူဖျော့သွားပြီး သူ့ထံမှ အေးစက်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ သူ၏ အရှိန် ရုတ်တရက် မြင့်တက်လာပြီး အစွမ်းကုန် ရှေ့သို့ ပြေးသွားလေသည်။

"ညီလေး ၅"

ချီမိသားစု နေအိမ်မှ ထွက်ပေါ်လာသော ပုံရိပ်များမှာ ထိတ်လန့်မှုနှင့် ဒေါသများ ပြည့်နှက်နေသည်။ မည်သည့် သဘောတူညီချက်ကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ အစွမ်းကုန် အားထုတ်၍ ပြေးဝင်သွားကြသည်။

မွေးရာပါနယ်ပယ် အရှိန်အဝါများ ပြိုင်တူ ပေါက်ကွဲထွက်လာခြင်းကြောင့် နဂါးပြာမြို့တော်တစ်ခုလုံး ခေတ္တမျှ ရုန်းရင်းဆန်ခတ် ဖြစ်သွားလေ၏။

"ဘာဖြစ်ကြတာလဲ။ ဘာလို့ မွေးရာပါနယ်ပယ် သခင်တွေ အကုန်လုံး အရှိန်အဝါတွေ တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်ကြတာလဲ"

"မြို့ထဲမှာ မွေးရာပါနယ်ပယ် တိုက်ပွဲ ဖြစ်တော့မလို့လား"

"ပုန်းစရာ နေရာ ရှာကြ။ မွေးရာပါနယ်ပယ် ကျင့်ကြံသူတွေရဲ့ တိုက်ပွဲက အပြစ်မဲ့တဲ့ လူတွေကို အလွယ်တကူ ဆွဲထည့်သွားနိုင်တယ်ဟေ့"

...

"ဦးလေး ဝူ"

ဟူကျိကျစ် မိသားစု၏ ခြံဝင်းထဲတွင် ချီဝမ်ကျန့်၏ မျက်လုံးများ ပြူးကျယ်နေလေသည်။

သူ့အမြင်တွင် အလွန် စွမ်းအားကြီးသည်ဟု ထင်ထားသော ဦးလေးဖြစ်သူမှာ ယခုအခါ၌ မြေကြီးပေါ်တွင် လဲကျနေသည်ကို သူ ကြည့်နေမိ၏။ သူ့မျက်လုံးများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေပြီး ဖော်ပြမရနိုင်သော ကြောက်ရွံ့မှုတစ်ခုက သူ့ရင်ထဲ၌ မြင့်တက်လာသည်။

လွန်ခဲ့သော ခဏလေးကမှ မွေးရာပါနယ်ပယ် ဖြစ်သော သူ့ဦးလေးကို ထိုလူငယ်က ခေါင်မိုးပေါ်မှ တစ်ချက်တည်း ရိုက်ချလိုက်သည်ကို သူ မြင်လိုက်ရ၏။

သူ မည်သို့သော ကြောက်မက်ဖွယ် ပုဂ္ဂိုလ်မျိုးကို ရန်စမိကြောင်း တွေးပင် မတွေးရဲတော့ပေ။

"အဟွတ်... အဟွတ်"

ချီမိသားစုမှ ပဉ္စမအကြီးအကဲသည် မသေသေးပေ။ ပါးစပ်ထောင့်မှ သွေးများ စီးကျလျက် မြေကြီးပေါ်မှ ထရန် ရုန်းကန်နေလေ၏။ သူ့ဘယ်ဘက် လက်မောင်းကတော့ ပျောက်ဆုံးနေပြီး သူ့အရှိန်အဝါမှာ မှေးမှိန်လွန်းလှသဖြင့် အချိန်မရွေး ငြိမ်းသွားနိုင်မည့်ပုံ ပေါက်နေလေသည်။

သူ့ခန္ဓာကိုယ် အတွင်းရှိ သွေးကြောများနှင့် ချီလမ်းကြောင်းများသည် ဓားအရှိန်အဝါကြောင့် အများစု ပျက်စီးသွားပြီပင်။

သို့သော် သူ ဒါတွေကို ဂရုမစိုက်နိုင်တော့။ မြေကြီးပေါ်တွင် ဒူးတစ်ဖက်ထောက်လျက် လုချင်းကို ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်လိုက်၏။

လုချင်း စောစောက ထုတ်လွှတ်လိုက်သော ဓားအရှိန်အဝါမှာ အလွန် ကြောက်စရာကောင်းလှပါ၏။ သူ မတုံ့ပြန်နိုင်မီမှာပင် သူ့လက်မောင်း ပြတ်ထွက်သွားခဲ့သည်။

အကယ်၍ ဓားအရှိန်အဝါသာ နောက်ဆုံးအချိန်တွင် လမ်းကြောင်း မလွှဲသွားပါက ယခုအချိန်တွင် သူ နှစ်ပိုင်းပြတ်နေလောက်ပြီသာ။

"မင်းက ဘယ်သူလဲ" ချီမိသားစု ပဉ္စမအကြီးအကဲသည် လုချင်းကို အစွမ်းကုန် စိုက်ကြည့်ရင်း မေးလိုက်၏။

ဓားအရှိန်အဝါ လမ်းကြောင်းလွှဲသွားခြင်းမှာ တမင် လုပ်လိုက်ခြင်းလော သို့မဟုတ် သူ့ကံကောင်းခြင်းလောဆိုတာ သူ မသိသော်လည်း၊ သူ့ရှေ့မှ လူငယ်လေးမှာ တွေးကြည့်လို့ မရလောက်အောင် ကြောက်စရာကောင်းမှန်းကိုတော့ သူ သိလိုက်ပါ၏။

ဓားအရှိန်အဝါ တစ်ချက်တည်းဖြင့် မွေးရာပါနယ်ပယ် အောင်မြင်မှု အသေးစားအဆင့်ကို ရောက်ရှိထားသော သူ့ကိုပင် ဒဏ်ရာ အပြင်းအထန် ရစေခဲ့သည်။ ဤလူငယ်၏ ကျင့်ကြံမှု အတိမ်အနက်သည် သူ့ဉာဏ်ရည်မီသလောက်ထက် လုံးဝ ကျော်လွန်နေလေ၏။

သို့သော် တစ်ချိန်တည်းမှာပင် သူ နားမလည်နိုင်သည်မှာ ဤမျှ ကြောက်မက်ဖွယ် ကောင်းသော လူငယ်တစ်ဦး ကမ္ဘာလောကတွင် ဘယ်တုန်းက ပေါ်လာသနည်း၊ သူတို့ ချီမိသားစုက ဘာကြောင့် သတင်းတစ်စွန်းတစ်စမျှ မရခဲ့သနည်းဆိုသည်ပင်။

လုချင်း စကားပြောရန် ပြင်လိုက်စဉ် သူ ရုတ်တရက် မျက်ခုံးပင့်ကာ ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး သူ့ခန္ဓာကိုယ်မှ မွေးရာပါနယ်ပယ် ဖိအားကို ပြန်ရုတ်သိမ်းလိုက်သည်။

ဖိအား ပျောက်သွားသည်နှင့် တစ်ပြိုင်နက် ချီဝမ်ကျန့်နှင့် အခြားသူများမှာ အသက်ဝဝ ရှူနိုင်သွားပြီး ခြံဝင်း၏ထောင့်များဆီသို့ အလုအယက် ပြေးသွားကြကာ မျက်နှာများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေလေသည်။

နောက်တစ်ခဏတွင်တော့ အားကောင်းသော အရှိန်အဝါရှိသည့် ပုံရိပ်တစ်ခုက အိမ်ခေါင်မိုးပေါ်၌ ပေါ်လာ၏။

ထို့နောက် အခြား အားကောင်းသော အရှိန်အဝါများလည်း အလျင်အမြန် ချဉ်းကပ်လာပြီး ခြံဝင်းကို ဝန်းရံထားသော ခေါင်မိုးများပေါ်သို့ ဆင်းသက်လာကြသည်။

ပုံရိပ်အနည်းငယ်သည် ခြံဝင်းထဲသို့ တိုက်ရိုက် ဆင်းသက်လာပြီး ချီမိသားစု ပဉ္စမအကြီးအကဲ၏ ရှေ့တွင် နေရာယူလိုက်ကြသည်။

မွေးရာပါနယ်ပယ် ကျင့်ကြံသူ အများအပြား စုဝေးရောက်ရှိလာသဖြင့် လေထုမှာ ချက်ချင်းပင် တင်းမာသွားရလေ၏။

ဟူလောင်စန်းကဲ့သို့ သာမန် သိုင်းသမားများမှာ ကြောက်လွန်း၍ ခြေထောက်များပင် ပျော့ခွေကုန်ကြသည်။ သမီးဖြစ်သူသာ တွဲမထားလျှင် သူ မြေကြီးပေါ်သို့ ပုံရက်သားလဲကျသွားပေလိမ့်မည်။

"ညီလေး ၅"

ခြံဝင်းထဲသို့ ဆင်းသက်လာသော ပုံရိပ်များအနက် ချီမိသားစု ပဉ္စမအကြီးအကဲနှင့် ရုပ်ဆင်းသွင်ပြင် ဆင်တူသော သက်ကြီးပိုင်း တစ်ဦးသည် သူ့ညီ၏ သနားစရာအခြေအနေကို ကြည့်ပြီး ထိတ်လန့်ခြင်းနှင့် ဒေါသတို့ ရောထွေးနေသော မျက်နှာဖြင့် အော်လိုက်သည်။

"မင်းကို ဘယ်သူ လုပ်တာလဲ"

အခြား မွေးရာပါနယ်ပယ် ကျင့်ကြံသူများကလည်း ခြံဝင်းထဲမှ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး သိသိသာသာ လှုပ်ရှားသွားကြလေ၏။

ချီမိသားစု ပဉ္စမအကြီးအကဲ၏ ပြတ်သွားသော လက်မောင်းတစ်ဖက်နှင့် သူ့အရှိန်အဝါကို ကြည့်ခြင်းအားဖြင့် အတွင်းဒဏ်ရာ အခြေအနေမှာ ကောင်းမွန်မည့်ပုံ မပေါ်ပေ။

လူတိုင်းကလည်း မွေးရာပါနယ်ပယ် အောင်မြင်မှုအသေးစားအဆင့်သို့ ရောက်ရှိသူတစ်ဦးအား အချိန်တိုအတွင်း ဒဏ်ရာ အပြင်းအထန်ရစေခဲ့သူမှာ ဘယ်သူလဲ ဆိုသည်ကို သိချင်စိတ်ဖြင့် ခြံဝင်း၏ တစ်ဖက်ခြမ်းသို့ လှည့်ကြည့်လိုက်ကြသည်။

သို့သော် သူတို့ သေချာ မခွဲခြားနိုင်မီ လုချင်းက တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ "ကျွန်တော် လုပ်တာ"

ထိုအခါ၌ လူအားလုံး၏မျက်လုံးအလုံးစုံတို့က လုချင်းထံသို့ ချက်ချင်းပင် စုပြုံရောက်ရှိလာတော့လေ၏။

သူတို့၏ အကြည့်များထဲတွင် ထိတ်လန့်မှု၊ သံသယနှင့် မယုံကြည်နိုင်မှုများ ရှိနေလေသည်။

ဤမျှ ငယ်ရွယ်သူတစ်ဦးက ချီမိသားစု ပဉ္စမအကြီးအကဲကို ဒဏ်ရာ အပြင်းအထန် ရစေနိုင်လိမ့်မည်ဟု မည်သူမျှ မယုံကြည်နိုင်ကြပေ။

ထိုစဉ် လုချင်းနှင့် အဖွဲ့ကို မြင်လိုက်ရသော လူတစ်ယောက်တည်းသာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး မယုံကြည်နိုင်သော အမူအရာကို ပြသလေသည်။

သို့သော် ထိုအချိန်တွင် စူးရှသော အသံတစ်သံ ထွက်ပေါ်လာခဲ့၏။ "ဦးလေး... ဦးလေး ၂... သူပဲ... ဦးလေးဝူကို နာအောင် လုပ်တာ အဲ့ဒီကောင်လေးပဲ။ သူ ကျွန်တော့် ခြေထောက်ကိုတောင် ဖြတ်ပစ်လိုက်သေးတယ်။ သူ့ကို လွှတ်မပေးနဲ့"

"ဝမ်ကျန့်... မင်းက ဒီမှာ ဘာလုပ်နေတာလဲ"

ချီမိသားစု၏ အစ်ကိုကြီးနှင့် ဒုတိယအစ်ကိုတို့သည် ထောင့်တစ်နေရာတွင် ကျုံ့ကျုံ့လေး ထိုင်နေသော ချီဝမ်ကျန့်နှင့် မိသားစု အစေခံ၊ အစောင့်များကို နောက်ဆုံးတွင်မှ သတိထားမိလိုက်ကြသည်။

ချီဝမ်ကျန့်၏ စကားကို ကြားသောအခါ၌ လူတိုင်းသည် လုချင်းကို တစ်ဖန် အာရုံစိုက်လိုက်ကြပြန်၏။

ချီမိသားစု ပဉ္စမအကြီးအကဲကို ဒဏ်ရာရစေခဲ့တဲ့သူက တကယ်ပဲ ဒီလူငယ်လေးလား။

ချီမိသားစု အစ်ကိုကြီးမှာလည်း အံ့သြနေသော်ငြား ကိုယ့်ကိုယ်ကိုယ် အတင်း တည်ငြိမ်အောင် လုပ်လိုက်လေ၏။

သူက လေးနက်သော အသံဖြင့် မေးလိုက်သည်။ "မင်းက ဘယ်သူလဲ။ ဘာလို့ ကျုပ်ညီကို ဒီလောက်တောင် ဆိုးဆိုးရွားရွား ဒုက္ခပေးရတာလဲ။ ကျုပ်ညီက နည်းနည်း ရိုင်းပြမိတယ်ဆိုရင်တောင် မင်းလုပ်ရပ်က လွန်လွန်းတယ် မထင်ဘူးလား"

"လွန်လွန်းတယ် ဟုတ်လား။ ကျွန်တော် သူ့အသက်ကို ချမ်းသာပေးခဲ့တာတောင် ခင်ဗျားက လွန်တယ်ထင်နေသေးတာလား" လုချင်းက ခေါင်းခါလိုက်သည်။ "စောစောက သူ ကျွန်တော့်အပေါ် သတ်ဖြတ်လိုစိတ် မပြခဲ့တာပဲ ခင်ဗျားတို့ ကျေးဇူးတင်သင့်တယ်။ လက်မောင်းတစ်ဖက် ဖြတ်လိုက်တာက သတိပေးရုံ သက်သက်ပဲ။ မဟုတ်ရင် သူ အခုချိန်ဆို အလောင်းကောင် ဖြစ်နေလောက်ပြီ"

"မောက်မာလိုက်တာကွာ"

ချီမိသားစု ဒုတိယအစ်ကိုမှာ သိသာထင်ရှားစွာပင် ဒေါသကြီးသူ ဖြစ်ပြီး ပြန်ပြောရန် ပြင်လိုက်စဉ် ပဉ္စမအကြီးအကဲ၏ အားနည်းသော အသံက ဖြတ်ပြောလိုက်၏။ "အစ်ကိုကြီး... အစ်ကို ၂... သူ ပြောတာ အမှန်တွေပါ။ သူ တကယ်ပဲ သက်ညှာပေးခဲ့တာပါဗျ။ မဟုတ်ရင် ကျွန်တော် အခု ဒီမှာ ရှိနေမှာတောင် မဟုတ်တော့ဘူး"

"မင်း ဘာပြောလိုက်တယ်" ချီမိသားစု ဒုတိယအစ်ကိုက ရုတ်တရက် လှည့်ကြည့်လိုက်သည်။

သို့သော် ပဉ္စမအကြီးအကဲက သူ့ကို ကြည့်မနေပေ။ သူသည် လုချင်းကိုသာ စိုက်ကြည့်နေလေ၏။

လုချင်း၏ စောစောက စကားများကို ကြားပြီးနောက်၌ ဓားအရှိန်အဝါကို လုချင်းက တမင် ထိန်းချုပ်လိုက်မှန်း သူ နောက်ဆုံးတွင် သေချာသွားလေတော့သည်။

"သက်ညှာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ စောစောက ကျွန်တော် မှားသွားပါတယ်။ ကျွန်တော် အလေးအနက် တောင်းပန်ပါတယ်ဗျ"

လက်မောင်းပြတ် ဒဏ်ရာနှင့် အတွင်းဒဏ်ရာများကြောင့် နာကျင်နေသော်လည်း ချီမိသားစု ပဉ္စမအကြီးအကဲသည် ကိုယ့်ကိုယ်ကိုယ် အတင်းတွန်းအားပေးကာ အနည်းငယ် ဦးညွှတ်ပြီး လုချင်းကို လက်တစ်ဖက်တည်းဖြင့် ဂါရဝပြုလိုက်လေ၏။

ထိုမြင်ကွင်းကြောင့် အားလုံးကလည်း ကြောင်အသွားကြရှာသည်။

ချီမိသားစု ပဉ္စမအကြီးအကဲက ဤကဲ့သို့ လုပ်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။

ဒဏ်ရာ အပြင်းအထန် ရထားလျက်နှင့် ယခု သူ့ရန်သူကို တက်ကြွစွာဖြင့် ရိုသေမှု ပြသနေလေသည်။

ဘယ်တုန်းကများ အာဏာရှင်ဆန်သော ချီမိသားစုက ဒီလောက် အလိုက်အထိုက် နေတတ်သွားတာလဲ။

လုချင်းပင် အနည်းငယ် အံ့သြသွားရ၏။ ပြီးနောက်၌ သူသည်လည်း ချီမိသားစု ပဉ္စမအကြီးအကဲကို အနည်းငယ် အသိအမှတ်ပြုသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

သို့သော် ပဉ္စမအကြီးအကဲက နောက်ဆုတ်နေသော်လည်း အခြားတစ်ယောက်ကတော့ လက်မခံနိုင်ပေ။

သူ့ဦးလေးက ရန်သူအား အညံ့ခံနေသည်ကို မြင်သောအခါ၌ ချီဝမ်ကျန့်က ချက်ချင်း အော်ဟစ်လိုက်သည်။ "ဦးလေး... ဘာလုပ်နေတာလဲ။ ဦးလေးကြီးနဲ့ ဦးလေး ၂ နှစ်ယောက်လုံး ရှိနေတာပဲ။ ဘာကြောက်နေတာလဲ။ ဒီကောင်လေးက ဦးလေးရဲ့လက်မောင်းနဲ့ ကျွန်တော့်ခြေထောက်ကို ဖြတ်ပစ်လိုက်တာလေ။ သူက ကျွန်တော်တို့ ချီမိသားစုရဲ့ ဂုဏ်သိက္ခာကို စိန်ခေါ်နေတာဗျ။ သူ့ကို လုံးဝ လွှတ်ပေးလို့ မဖြစ်ဘူး။ ကျွန်တော် သူ့ခြေလက်တွေကို ဖြတ်ပြီး ဆယ်ရက် ဆယ်ည နှိပ်စက်ပြီးမှ ကျွန်တော့်ဒေါသကို ဖြေဖျောက်နိုင်မယ်"

"ပါးစပ်ပိတ်ထားစမ်း"

ချီဝမ်ကျန့် ဤမျှ မိုက်မဲနေဆဲ ဖြစ်သည်ကို မြင်သောအခါ ချီမိသားစု ပဉ္စမအကြီးအကဲမှာ ဒေါသထွက်လွန်း၍ မူးမေ့လုနီးပါးပင် ဖြစ်သွားရလေ၏။

အကယ်၍ သူ့ဒဏ်ရာများ ပြင်းထန်လွန်း၍ စွမ်းအင် အနည်းငယ်မျှပင် မထုတ်နိုင် ဖြစ်မနေပါက ဤအရူးကောင်ကို နေရာတင် သတ်ပစ်လိုက်ပြီသာ။

သူတို့ရှေ့မှ လူငယ်လေးသည် သူတို့ ချီမိသားစု ရန်စ၍ မရနိုင်သော ပုဂ္ဂိုလ်မှန်း အဲ့ဒီအရူးက မမြင်ဘူးလား။

ပဉ္စမအကြီးအကဲကို ပို၍ စိတ်ပျက်အားငယ်စေသည်မှာ ချီဝမ်ကျန့်၏ စကားကို ကြားပြီးနောက် အမြဲတမ်း စိတ်လိုက်မာန်ပါ လုပ်တတ်သော သူ့ ဒုတိယအစ်ကိုက သဘောတူကြောင်း ခေါင်းညိတ်လိုက်ခြင်းပင် ဖြစ်၏။

"ဝမ်ကျန့် ပြောတာ မှန်တယ်။ ဒီကောင်လေးက မင်းကို ဒဏ်ရာရအောင် လုပ်ရဲတယ်ဆိုကတည်းက ငါတို့ ချီမိသားစုကို ဆန့်ကျင်နေတာပဲ။ နဂါးပြာမြို့တော်မှာ ဘယ်သူမှ ငါတို့ ချီမိသားစုကို စော်ကားပြီး အကောင်းအတိုင်း ကျန်ခဲ့တာ မရှိဘူး။ သူက မွေးရာပါနယ်ပယ်ကို ခုမှရောက်ထားတဲ့ အသစ်စက်စက်ကောင်လေးပဲ ရှိပါသေးတယ်။ ဘယ်လောက်များ စွမ်းမှာမို့လို့လဲ။ ငါ သူ့ကို အခုပဲ ရှင်းပစ်လိုက်မယ်... ကြည့်နေ"

ပြောပြောဆိုဆိုနှင့် သူ့ထံမှ အားကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး သူကိုင်ထားသော တိုက်ပွဲဝင် ပုဆိန်လက်နက် ပေါ်တွင် အနီရောင် စွမ်းအင်များ ဝဲပျံလာလေသည်။

"အစ်ကို ၂... နေပါဦး"

ချီမိသားစု ပဉ္စမအကြီးအကဲမှာ လန့်သွားသော်လည်း သူ့ထက် အဆင့်တစ်ဆင့် မြင့်သော ဒုတိယအစ်ကိုကို တားဆီးရန်အတွက် သူ အလွန် အားနည်းနေပြီ ဖြစ်သည်။

သို့ဖြစ်ရာ ကြောက်မက်ဖွယ် လူငယ်လေးဆီသို့ ပြေးဝင်သွားသော သူ့အစ်ကိုကို သူ ဘာမှမတတ်နိုင်ဘဲ ကြည့်နေရုံသာ တတ်နိုင်တော့၏။

"အထက်လူကြီး မကောင်းရင် လက်အောက်ငယ်သားတွေလည်း မကောင်းဘူးဆိုတာ တကယ်ပဲကိုး"

လုချင်း ခေါင်းအနည်းငယ် ခါလိုက်သော်လည်း သိသာထင်ရှားသော လှုပ်ရှားမှု မလုပ်ပေ။

သူ့ဘေးပတ်လည်တွင် အလင်းရောင် ဖျော့ဖျော့လေး တစ်ချက် လက်သွားလေ၏။

နောက်တစ်ခဏတွင်တော့ ပတ်ဝန်းကျင်ရှိ ဓာတ်သဘာဝ စွမ်းအင်များ အလွန်အမင်း မြန်ဆန်သော နှုန်းဖြင့် စုဝေးလာသည်ကို လူတိုင်း ထိတ်လန့်စွာ မြင်လိုက်ရသည်။

ချက်ချင်းဆိုသလိုပင် လုချင်းရှေ့တွင် ဧရာမ ဓားအရှိန်အဝါကြီး တစ်ခု ဖြစ်ပေါ်လာပြီး ချီမိသားစု ဒုတိယအစ်ကိုထံသို့ ခုတ်ပိုင်းချလိုက်တော့၏။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ဓားအရှိန်အဝါအတွင်းမှ ကြောက်မက်ဖွယ် စွမ်းအားကို အာရုံခံမိပြီးနောက်တွင် ချီမိသားစု ဒုတိယအစ်ကိုမှာ ထိတ်လန့်သွားလေ၏။ စဉ်းစားချိန်ပင် မရလိုက်ဘဲ ကာကွယ်ရန် သူ၏ဝိညာဉ်လက်နက် ပုဆိန်ကိုသာ မြှောက်လိုက်နိုင်တော့သည်။

ဘုန်း...

ဓားအရှိန်အဝါသည် နတ်ဘုရား ပုဆိန်ကို ဝင်ဆောင့်လိုက်ပြီး စွမ်းအင်များ ပြင်းထန်စွာ ပေါက်ကွဲထွက်လာသောအခါ ချီမိသားစု ဒုတိယအစ်ကိုမှာ ခြေကုပ် မမြဲတော့ဘဲ သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။

ပတ်ဝန်းကျင် ဓာတ်သဘာဝ စွမ်းအင်များဖြင့်သာ ဖွဲ့စည်းထားသော ကြောက်မက်ဖွယ် ဓားအရှိန်အဝါသည် ပုဆိန်ကို ဆက်လက် ဖိနှိပ်ထားပြီး သူ့အား ထိတ်လန့်ဖွယ်နှုန်းထားဖြင့် နောက်သို့ တွန်းထုတ်သွားလေ၏။

"အား..."

ထိုအခိုက်၌ ချီမိသားစု ဒုတိယအစ်ကိုသည် သူ့ချီစွမ်းအင်အားလုံးကို ထုတ်သုံးပြီး အသည်းအသန် ခုခံရန် ကြိုးစားလေတော့သည်။

သို့သော် ယင်းလုပ်ရပ်က အချည်းနှီးသည်သာ။

တားဆီးမရနိုင်သော ဓားအရှိန်အဝါသည် သူ့ကို ခြံဝင်းနံရံများပင် ဖောက်ထွက်ပြီး အပြင်ဘက်ရှိ အခြားအိမ်တစ်လုံးထဲသို့ ရိုက်သွင်းလိုက်လေရာ ဖုန်မှုန့်များ ထောင်းခနဲ ထသွားတော့လေ၏။

ယင်းနောက်၌ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ဖြစ်တည်လာသည်ကတော့....

တိတ်ဆိတ်ခြင်း။

သေလောက်အောင် တိတ်ဆိတ်ခြင်း။

ခြံဝင်းမှသည် အပြင်ဘက် အိမ်အထိ ရှည်လျားသော လမ်းကြောင်းကြီးကို လူတိုင်း အံ့သြတကြီး ကြည့်နေကြ‌လေ၏။

ထိုအချင်းအရာသည် ချီမိသားစု ဒုတိယအစ်ကို အစွမ်းကုန် ခုခံရင်း ကျန်ရစ်ခဲ့သော အမှတ်အသားပင်။

"အစ်ကို ၂"

"ညီလေး ၂"

ခဏအကြာတွင် ထိတ်လန့်တကြားဖြစ်နေလေသောအသံနှစ်သံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

ချီမိသားစု အစ်ကိုကြီးသည် ရှေ့သို့ ပြေးထွက်သွားပြီး တစ်စိတ်တစ်ပိုင်း ပြိုကျနေသော အိမ်ထဲသို့ ဝင်သွားလေ၏။

သို့သော် သူ့ညီကို တွေ့လိုက်ရသောအခါ၌ သူ့ရင်ထဲ ဗြောင်းဆန်သွားတော့သည်။

သူ့ညီလေးမှာ အပျက်အစီးများကြားတွင် သတိလစ် မေ့မြောနေပြီး တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ပြည့်နှက်နေကာ ကြည့်ရဆိုးသော မြင်ကွင်း ဖြစ်နေလေ၏။

သူ့ညီ၏ သွေးခုန်နှုန်းကို အမြန် စမ်းသပ်ကြည့်လိုက်သည့်အခါတွင်တော့ သူ့ရင်ဘတ်ထဲ ပို၍ပင် လေးလံသွားရတော့၏။

သူ့ညီ၏ ခန္ဓာကိုယ်ထဲရှိ သွေးကြောများနှင့် ချီလမ်းကြောင်းများမှာ လုံးဝ ပျက်စီးသွားပြီ ဖြစ်ကာ ကိုယ်တွင်းအင်္ဂါများမှာလည်း ကြေမွလုနီးပါး ဖြစ်သွားရှာသည်။

ပြန်လည် ကုသနိုင်လျှင်တောင် တစ်သက်လုံး မသန်စွမ်းသူ ဖြစ်သွားနိုင်ချေ များသည်။

ဆေးလုံးတစ်လုံးကို သူ့ညီ ပါးစပ်ထဲ ထည့်ပေးပြီးနောက်၌ ချီမိသားစု အစ်ကိုကြီးသည် သူ့ဝမ်းနည်းမှုကို မျိုသိပ်ကာ ခြံဝင်းငယ်လေးထဲသို့ ပြန်လာလိုက်၏။

"အစ်ကိုကြီး... အစ်ကို ၂ ဘယ်လိုနေသေးလဲ"

ချီမိသားစု ပဉ္စမအကြီးအကဲက အလျင်အမြန် မေးလိုက်သည်။

"မင်းအစ်ကို ၂ ရဲ့ သွေးကြောတွေ ပျက်စီးကုန်ပြီ။ ကိုယ်တွင်းအင်္ဂါတွေလည်း ကြေမွလုနီးပါး ဖြစ်နေတယ်။ ပြန်ကောင်းလာရင်တောင် တစ်သက်လုံး မသန်မစွမ်းပဲ ဖြစ်သွားလောက်တယ်" ချီမိသားစု အစ်ကိုကြီးက လေးနက်သောအသံဖြင့် ပြောလိုက်၏။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ချီမိသားစု ပဉ္စမအကြီးအကဲခင်မျာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး အမှန်တရားကို လက်ခံရန် ခက်ခဲနေသဖြင့် မျက်ဝန်းထဲ၌ ဗလာကျင်းသွားလေသည်။

ရောက်ရှိနေသော အခြား စွမ်းအားကြီး ကျင့်ကြံသူများကလည်း ထိုသတင်းကြောင့် တုန်လှုပ်သွားကြလေ၏။

ချီမိသားစု ဒုတိယအစ်ကို ဤမျှ အပြင်းအထန် ဒဏ်ရာရသွားလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။

တစ်ချိန်တည်းမှာပင် သူတို့သည် လုချင်းအပေါ် လေးစားကြောက်ရွံ့မှုများ တိုးပွားလာကြတော့၏။

ဒီလူငယ်လေးက ဘယ်သူလဲ။ စောစောက ဓားအရှိန်အဝါက မွေးရာပါနယ်ပယ် ကျင့်ကြံသူတစ်ဦး သုံးနိုင်တဲ့ အရာမျိုး မဟုတ်တာ သေချာတယ်။ သူ ဘယ်လို လုပ်လိုက်တာလဲ။

"သူက ကောင်းကင်၊ မြေကြီးနဲ့ ပေါင်းစပ်သွားတာပဲ။ ဒီလူငယ်လေးက တကယ်ပဲ အဲ့ဒီလို အဆင့်ကိုတောင် ရောက်နေတာကိုး"

ခေါင်မိုးပေါ်တွင် ရပ်နေသော နဂါးပြာမြို့စားမင်း တစ်ဦးတည်းသာ အမှန်တရား၏ အရိပ်အယောင်ကို မြင်လိုက်သည်။

သို့သော် သူလည်း ထပ်တူထပ်မျှ အံ့သြနေရပါ၏။

သူ့သက်တမ်းတစ်လျှောက်တွင် ဤအဆင့်သို့ ရောက်ရှိသူ သုံးဦးသာ မြင်ဖူးသည်။

ထိုသူများမှာ မြင့်မြတ်သောတောင်တော်ပေါ်မှ သခင်မြတ် သုံးပါးပင်။

လုချင်းကတော့ စတုတ္ထမြောက် ဖြစ်သည်။

ပို၍ အံ့သြစရာကောင်းသည်မှာ ဤလူငယ်သည် အလွန် ငယ်ရွယ်နေခြင်း ဖြစ်၏။

"သူ တတိယသခင်မြတ်ကို အနိုင်ယူနိုင်ခဲ့တာ အံ့သြစရာ မဟုတ်တော့ပါဘူး။ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က ငါတောင် အပြည့်အဝ နားမလည်နိုင်လောက်အောင်အထိ နက်နဲလွန်းတယ်" နဂါးပြာမြို့စားမင်း သူ့ဘာသာတွေးရင်း အကြီးအကျယ် တုန်လှုပ်နေမိလေ၏။

တစ်ချိန်တည်းမှာပင် သူ ဝင်မပါရန် ယာယီ ဆုံးဖြတ်လိုက်သည်။

လုချင်း၏ တိုက်ခိုက်မှုများ ပြင်းထန်သော်လည်း အတိုင်းအတာ တစ်ခု ရှိသည်ကိုတော့ သူ မြင်သည်ပင်။

အနည်းဆုံးတော့ သူ့တိုက်ခိုက်မှု နှစ်ကြိမ်စလုံးတွင် အသက်မသေစေခဲ့ပေ။

ဒါပေမဲ့ "သုံးခါဆိုရင် အောင်မြင်တယ်" ဆိုတဲ့ စကားအတိုင်း... နောက်တစ်ဆင့် ဘာဖြစ်မလဲဆိုတာက ချီမိသားစုရဲ့ သဘောထားအပေါ် မူတည်လိမ့်မယ်။

မြို့တော်မြတ်မှ သတင်းအချက်အလက်များအရ ဤလူငယ်သည် စိတ်ရှည်သည်းခံနိုင်စွမ်း အကန့်အသတ် ရှိပါ၏။

ချီမိသားစုသာ ဘယ်အချိန် ရပ်ရမလဲ မသိရင် သူ့ကို တကယ်ပဲ ရန်စသလို ဖြစ်သွားလိမ့်မယ်။

အဲဒီအခါကျရင်တော့ အခြေအနေတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားလောက်တယ်။

အဲဒီလို ဖြစ်လာမှာကို မမြင်ချင်ပေမဲ့လည်း နဂါးပြာမြို့စားမင်းအနေနဲ့ လုချင်းရဲ့ ဒေါသ မပြေမချင်း သူနဲ့ ထိပ်တိုက်ကြီးတော့ မတွေ့ချင်ဘူးလေ။

လုချင်းရဲ့ ဒေါသကြားမှာသာ ညပ်ပါသွားရင် တကယ်ပဲ မတရား ဖြစ်သွားလိမ့်မယ်။

...

အခန်း ၃၁၆ - အသားပုံဘဝ ရောက်သွားခြင်းနှင့် ကပ်ရောဂါ

လုချင်းသည် ချီစွမ်းအင်ဓား တစ်ချက်တည်းဖြင့် ချီမိသားစု ဒုတိယသခင်ကို မသန်မစွမ်း ဖြစ်သွားစေခဲ့ရာ ရှိနေသူအားလုံးခင်မျာ ချက်ချင်းပင် တုန်လှုပ်သွားကြသည်။ လုချင်းထံသို့ ရောက်လာသော အကြည့်များမှာ ကြောက်ရွံ့ခြင်းနှင့် လေးစားခြင်းတို့ ပြည့်နှက်နေလေ၏။

မွေးရာပါနယ်ပယ်မှ သိုင်းပညာရှင်များစွာပင် ချွင်းချက်မရှိ ပို၍ပင် တုန်လှုပ်နေကြသည်။ မွေးရာပါနယ်ပယ်တွင် ကျင့်ကြံသူများ ဖြစ်ကြသည့်အလျောက် သူတို့သည်လည်း ဓားချီ၊ ဓားသိုင်းချီ ကဲ့သို့သော နည်းစနစ်များကို သဘာဝကျကျ သုံးစွဲနိုင်ကြသည်။

သို့သော် သူတို့၏ စွမ်းအားသည် လုချင်း ယခု ထုတ်ပြလိုက်သည့် စွမ်းအားနှင့် ယှဉ်လျှင် အဆပေါင်းများစွာ ကွာခြားနေလေ၏။

လုချင်း၏ ဓားချီသည် ကောင်းကင်နှင့် မြေကြီး၏ အနှစ်သာရကို စုစည်းထားပြီး အရာအားလုံးကို လွှမ်းမိုးနိုင်သော အင်အားဖြင့် ချေမှုန်းပစ်လိုက်သည်။ ဤမျှ အံ့မခန်းသော နည်းစနစ်သည် သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီး လုချင်း မည်သို့ လုပ်ဆောင်လိုက်သည်ကိုပင် မစဉ်းစားနိုင်ကြပေ။

ပြီးပြည့်စုံသော မွေးရာပါနယ်ပယ်၏ အရိပ်အယောင်ကို အနည်းငယ် သဘောပေါက်ထားသော နဂါးပြာမြို့စားမင်း ကဲ့သို့ လူမျိုးသာလျှင် ၎င်း၏ လျှို့ဝှက်ချက် အရိပ်အမြွက်ကို ပိုင်းခြားသိမြင်နိုင်သည်။

ခြံဝင်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူတိုင်းသည် ချီမိသားစု၏ အစ်ကိုကြီးကို တိတ်ဆိတ်စွာ ကြည့်နေကြပြီး သူ့တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြ၏။

သူ အရှုံးပေးမည်လား၊ သို့မဟုတ် ဆက်လက် ခုခံပြီး ဤလူငယ်နှင့် ရန်ငြိုးကို လက်မလွှတ်ဘဲ နေမည်လား။

ချီမိသားစုနှင့် အငြိုးအတေးရှိသူများ၏ မျက်နှာတွင်တော့ ဝမ်းသာအားရ ဖြစ်နေသော အမူအရာများ ပေါ်နေသည်။ ချီမိသားစုသည် ၎င်းတို့၏ မွေးရာပါနယ်ပယ် အဖွဲ့ဝင် အများအပြားကို အားကိုးပြီး နဂါးပြာမြို့တော်တွင် အချိန်ကြာမြင့်စွာ ဗိုလ်ကျစိုးမိုးခဲ့ကာ အရင်းအမြစ် အများအပြားကို သိမ်းပိုက်ခဲ့ပါ၏။ ယခုတစ်ကြိမ်တွင် လုချင်းကဲ့သို့ သံတံတိုင်းနှင့် တွေ့သောအခါ၌ ချီမိသားစုအနေဖြင့် မောက်မာရဲဦးမည်လားဆိုတာကို သူတို့ ကြည့်ချင်နေကြလေသည်။

ချီမိသားစု အစ်ကိုကြီးကလည်း ပတ်ဝန်းကျင်မှ အကြည့်များ၏ ဖိအားကို ခံစားနေရသည်။ သူသည် သူ့ခံစားချက်များကို တိတ်တဆိတ် ဖိနှိပ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အတင်း တည်ငြိမ်အောင် လုပ်ကာ လုချင်းကို နက်နက်ရှိုင်းရှိုင်း ဦးညွှတ်လိုက်၏။ လုချင်း၏ မျက်နှာထားမှာမူ အရေးမစိုက်သည့် ပုံစံပင် ဖြစ်နေဆဲသာ။

"ဒီက သူရဲကောင်းလူငယ်လေး... စောစောက ကျုပ်တို့ ချီမိသားစုက လူငယ်လေးကို စော်ကားမိတာပါ။ ကျုပ် တကယ်ပဲတောင်းပန်ပါတယ်။ တောင်းပန်တဲ့အနေနဲ့ ကျုပ်တို့ ရက်ရက်ရောရော လက်ဆောင်တွေ ပေးပါ့မယ်"

ချီမိသားစု အစ်ကိုကြီး ဤမျှ ခေါင်းငုံ့ခံလိုက်သည်ကို မြင်သောအခါ၌ အားလုံး ကြောင်အသွားကြသည်။ သူ အရှုံးပေးမည်ဟု ခန့်မှန်းထားသော်လည်း ဤမျှလောက် အောက်ကျို့လိမ့်မည်ဟုတော့ မထင်ထားခဲ့ကြပေ။ ချီမိသားစု၏ မွေးရာပါနယ်ပယ် သိုင်းပညာရှင် နှစ်ဦးကို လုချင်းက မသန်မစွမ်း ဖြစ်စေခဲ့ပြီး ဒုတိယသခင်မှာ ဒဏ်ရာ အပြင်းအထန် ရကာ သေလုမျောပါး ဖြစ်နေသည်။ အသက်ရှင်နိုင်မလားဆိုတာ မသေချာ။

ဤမျှ နက်ရှိုင်းသော ရန်ငြိုးကို အစ်ကိုကြီးဖြစ်သူက သည်းခံနိုင်သည်တဲ့လား။

ခဏတာမျှ လူအုပ်ကြီးမှာ တုန်လှုပ်သွားပြီး သူ့ကို ပို၍ပင် သတိထားလာကြတော့၏။

"စိတ်ဝင်စားစရာပဲ"

လုချင်းလည်း အစ်ကိုကြီး၏ နှိမ့်ချသော ပုံစံအပေါ် အနည်းငယ် အံ့သြသွားသည်။ သူသည် ထိုလူကို တိတ်တဆိတ် လေ့လာကြည့်လိုက်ရာ သူ့အမြင်အာရုံထဲတွင် စာလုံးအချို့ ပေါ်လာ၏။ သို့သော် စာကြောင်းတစ်ကြောင်းကို မြင်လိုက်ရသောအခါ၌ သူ့အကြည့်များ မည်းမှောင်သွားတော့သည်။

ချီမိသားစု အစ်ကိုကြီးသည်လည်း လုချင်း၏ တိတ်ဆိတ်မှုနှင့် အရာအားလုံးကို ဖောက်ထွင်းမြင်နေသကဲ့သို့ စူးရှသော အကြည့်ကို သတိထားမိပါ၏။ လုချင်းက ပြေလည်ရန် ဆန္ဒမရှိဟု ထင်ကာ သူ့ရင်ထဲတွင် စိမ့်ခနဲ ဖြစ်သွားသည်။

အံကို တင်းခနဲကြိတ်လိုက်ပြီး လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လေဟုန်နှင့်အတူ ထောင့်တစ်နေရာမှ ချီဝမ်ကျန့်ကို ရုတ်တရက် ဆွဲယူလိုက်သည်။

"ဦးလေး... ဘာလုပ်တာလဲ"

ချီဝမ်ကျန့်၏ မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်နေပြီး ရုန်းကန်နေသော်လည်း ချီမိသားစု အစ်ကိုကြီးက လျစ်လျူရှုလိုက်သည်။ သူက လုချင်းကို ကြည့်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "သူရဲကောင်းလူငယ်လေး... အရာအားလုံးက ဒီ ကောင်စုတ်လေးက စခဲ့တာဆိုတော့... ကျုပ် အခုပဲ ဖြေရှင်းလိုက်ပါ့မယ်"

ထိုသို့ပြောပြီး သူသည် ညာဘက်လက်ဖဝါးကို မြှောက်လိုက်ကာ မျက်စိဖြင့် မလိုက်နိုင်သော နှုန်းဖြင့် ချီဝမ်ကျန့်၏ နဖူးကို ရိုက်ချလိုက်သည်။ အစ်ကိုကြီး၏ ကျင့်ကြံမှုသည် သာမန် မွေးရာပါနယ်ပယ် သိုင်းသမားတစ်ဦး ဖြစ်သော ချီဝမ်ကျန့် ခံနိုင်ရည်ရှိသည်ထက် များစွာ သာလွန်နေပါ၏။

လက်ဖဝါး ရိုက်ချက် ထိမှန်သည်နှင့် ချီဝမ်ကျန့်၏ ခန္ဓာကိုယ် တောင့်တင်းသွားပြီး မျက်လုံးများ တဖြည်းဖြည်း ဗလာကျင်းသွားကာ မြေကြီးပေါ်သို့ ဖြည်းညှင်းစွာ လဲကျသွားပြီး အသက်ပါ ပျောက်သွားလေသည်။

ဤရုတ်တရက် အလှည့်အပြောင်းသည် လူတိုင်းကို အံ့အားသင့်စေခဲ့သည်။ ချီမိသားစု အစ်ကိုကြီးသည် ကိုယ့်တူအရင်းကိုတောင် မတုံ့ဆိုင်းဘဲ သတ်ပစ်လောက်အောင်အထိ ရက်စက်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။

"ဝမ်ကျန့်" ချီမိသားစု ဒုတိယသခင်သည် ဝမ်းနည်းပက်လက် အော်ဟစ်လိုက်ပြီး သူ့မျက်နှာတွင် မယုံနိုင်မှုများ ပြည့်နှက်နေသည်။ "အစ်ကိုကြီး... ဘာလုပ်လိုက်တာလဲ"

"ပါးစပ်ပိတ်ထားစမ်း" ချီမိသားစု အစ်ကိုကြီးက ဟိန်းဟောက်လိုက်သည်။ "ဒီကောင်စုတ်လေးက ကိုယ့်နေရာကိုယ် မသိဘဲ ဒီ သူရဲကောင်းလူငယ်လေးကို ရန်စပြီး ငါတို့ မိသားစုကို ကပ်ဘေး ဆိုက်စေခဲ့တယ်လေ။ ငါ စောစော ရောက်မလာမိတာကိုပဲ နောင်တရတယ်။ မဟုတ်ရင် ငါ သူ့ကို နေရာတင် သတ်ပစ်လိုက်မှာ။ ဒါဆို မင်းကော ညီလေး ၅ကော ပါဝင်ပတ်သက်စရာ အကြောင်း မရှိတော့ဘူး။ အခု သူ သူရဲကောင်းလူငယ်လေးရဲ့ ရှေ့မှာ သေရတာက သူ့အတွက် အကြီးမားဆုံး ဂုဏ်ယူစရာပဲ"

ဤစကားများသည် လူတိုင်းကို ထပ်မံ တုန်လှုပ်စေခဲ့ပါ၏။ သူသည် လုချင်းကို ကျေနပ်စေရန် ပြောနေမှန်း သိသော်လည်း ဤမျှ တရားသဘောဆန်ဆန် ဒေါသထွက်ပြနေခြင်းက သူတို့ကို အံ့သြစေဆဲပင်။ ဤကဲ့သို့ မျက်နှာပြောင်တိုက်နိုင်ခြင်းသည်ကလည်း တစ်နည်းအားဖြင့် စွမ်းရည်တစ်မျိုးပင် ဖြစ်လေ၏။

ညီဖြစ်သူကို ဆူပူကြိမ်းမောင်းရင်း အစ်ကိုကြီးသည် လုချင်းကို အာရုံစိုက်နေသည်။ အံ့သြစရာကောင်းသည်မှာ လုချင်း၏ မျက်နှာထားသည် သူ့စကားများကို ကြားပြီးနောက်မှာတောင် ပြောင်းလဲခြင်း မရှိခဲ့ပေ။ ထိုအစား သူသည် ချီဝမ်ကျန့်၏ အသက်မဲ့နေသော ခန္ဓာကိုယ်ကို ခံစားချက်မပါဘဲ ကြည့်နေလေ၏။

ဒါကို မြင်တော့ အစ်ကိုကြီးက ကြောက်ရွံ့သွားသည်။ သူက ရိုသေစွာ မေးလိုက်၏။ "သူရဲကောင်းလူငယ်လေး... မကျေနပ်တာ ရှိသေးရင် ပြောပါ။ ရန်လိုမုန်းထားမှုတွေကို မိတ်ဆွေဖွဲ့ခြင်း အဖြစ် ပြောင်းလဲနိုင်သရွေ့ ကျုပ်တို့ ချီမိသားစုက မောင်ရင် တောင်းဆိုသမျှကို ဖြည့်ဆည်းပေးဖို့ အစွမ်းကုန် ကြိုးစားပါ့မယ်"

အစ်ကိုကြီးက ဤမျှ နှိမ့်ချနေသော်လည်း လုချင်း၏ မျက်နှာထားမှာတော့ အေးစက်နေဆဲပင်။ သူ ခေါင်းအနည်းငယ် မော့လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးရေးရေး ပေါ်လာကာ ပြောလိုက်သည်။ "တော်တော် ပြတ်သားတာပဲ။ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့အတွက်နဲ့ ကိုယ့်တူအရင်းကိုတောင် သတ်ပစ်လိုက်တယ်ပေါ့လေ။ ဒါပေမဲ့ ခင်ဗျားရဲ့ နည်းလမ်းတွေက သိပ်နူးညံ့လွန်းနေသေးတယ်။ ကျွန်တော် ကူညီပေးမယ်"

စကားပြောရင်း လုချင်းက လက်ချောင်းများကို တောက်လိုက်ပြီး ချီဝမ်ကျန့်၏ နှလုံးသားဆီသို့ စွမ်းအင်တစ်စ လွှတ်လိုက်သည်။

ချီမိသားစု အစ်ကိုကြီး၏ မျက်နှာထား ပြောင်းလဲသွားပြီး ဓားချီတစ်ခုကို လျင်မြန်စွာ ထုတ်လွှတ်ကာ ထိုစွမ်းအင်ကို ဖြိုခွင်းလိုက်လေ၏။ သူ့မျက်နှာ မည်းမှောင်သွားပြီး လေးနက်စွာဖြင့် ပြောလိုက်၏။ "သူရဲကောင်းလူငယ်လေး... တကယ်ပဲ ဒီလောက်ထိ ရန်လိုနေတော့မှာလား။ သူ့ကို သတ်လိုက်တာနဲ့တင် မလုံလောက်သေးဘူးလား။ မောင်ရင့်ရဲ့ ဒေါသပြေဖို့ မျိုးဆက်သစ် ကလေးတစ်ယောက်ရဲ့ အလောင်းကို စော်ကားမှ ဖြစ်မှာလား"

"ဟင်"

အခြေအနေက ထပ်မံ၍ မမျှော်လင့်သောဘက်သို့ ပြောင်းလဲသွားပြန်သည်။ ဉာဏ်ကောင်းသူများကတော့ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ချက်ချင်းပင် အာရုံခံမိလိုက်ကြ၏။

ချီမိသားစု အစ်ကိုကြီးသည် ချီဝမ်ကျန့်၏ အသက်ကို တောင်းပန်ခြင်းအနေဖြင့် ပေးဆပ်နိုင်လျှင် အဘယ်ကြောင့် သူ့အလောင်းကို ရုတ်တရက် ကာကွယ်ပေးနေရသနည်း။

လျှို့ဝှက်ချက် တစ်ခုခုများ ရှိနေတာလား။

"အလောင်းကို စော်ကားတယ် ဟုတ်လား" လုချင်းက ရယ်မောလိုက်သည်။ "ခင်ဗျားတူ တကယ် သေသွားပြီဆိုတာ သေချာရဲ့လား"

"မောင်ရင်က ဘာကို ဆိုလိုတာလဲ။ ကျုပ် နားမလည်ဘူး။ သံသယ ရှိရင် ဝမ်ကျန့်ရဲ့ခန္ဓာကိုယ်ကို ကိုယ်တိုင် စစ်ဆေးကြည့်လို့ ရပါတယ်။ အသက်ငွေ့ ကျန် ၊ မကျန် စစ်ကြည့်ပေါ့။ ဒါပေမဲ့ သေသူကိုတော့ လေးစားသင့်တယ်လေ။ သူ့ခန္ဓာကိုယ်ကို မစော်ကားဖို့ မေတ္တာရပ်ခံပါတယ်။ မဟုတ်ရင် မောင်ရင့်ဂုဏ်သိက္ခာ ညှိုးနွမ်းပါလိမ့်မယ်"

ချီမိသားစု အစ်ကိုကြီးက တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။

"မလိုပါဘူး" သူ အံ့သြသွားအောင် လုချင်းက ခေါင်းခါလိုက်၏။ "သူ သေ ၊ မသေက ကျွန်တော်နဲ့ မဆိုင်ပါဘူး။ ပြီးတော့ သူ့သေဆုံးမှုက ခင်ဗျားတို့ရဲ့ ပြစ်မှုတွေကို ကျွန်တော် လျစ်လျူရှုပေးမယ်လို့ ဘယ်တုန်းက ပြောလို့လဲ"

"ဘာအဓိပ္ပာယ်လဲ" အစ်ကိုကြီး၏ မျက်နှာက ဖြူဖျော့သွား၏။

"ကျွန်တော် ပြောတဲ့ အဓိပ္ပာယ်အတိုင်းပဲ" လုချင်း၏ အကြည့်များ စူးရှလာသည်။ "ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် ကယ်ဖို့အတွက်နဲ့ ကိုယ့်တူအရင်းကိုတောင် သတ်ခဲ့တယ်လေ။ အဲဒီလို ကောက်ကျစ်ပြီး ရက်စက်တာက ကျွန်တော့်ကို စိတ်မသက်မသာ ဖြစ်စေတယ်လေ။ ခင်ဗျားသာဆိုရင်ရော အဲဒီလို ဖုံးကွယ်ထားတဲ့ အန္တရာယ်ကို မဖြေရှင်းဘဲ ထားပါ့မလား။ ပြီးတော့ ခင်ဗျားတို့ ချီမိသားစု ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ဘယ်သူမှ မသိဘူးလို့များ တကယ် ထင်နေတာလား"

ထိုအခါ၌ အစ်ကိုကြီး၏ မျက်နှာထားက သိသိသာသာကို ပြောင်းလဲသွားသည်။ ထို့နောက်တွင်တော့ စဉ်းစားမနေတော့ဘဲ အော်ဟစ်လိုက်တော့၏။ "တိုက်ကြ"

ထိုသို့ပြောပြီး ကျိုးပဲ့နေသော ဓားတစ်လက်ကို ထုတ်လိုက်ကာ သူ့ချီစွမ်းအင်များ ပြင်းထန်စွာ တောက်လောင်လာသည်။

အားကောင်းသော ဓားသိုင်းအသိက သူ့ထံမှ ပေါက်ကွဲထွက်လာပြီး လုချင်းထံသို့ မြားတစ်စင်း ပစ်လွှတ်လိုက်သကဲ့သို့ ပြေးဝင်သွားတော့လေ၏။

တစ်ချိန်တည်းမှာပင် သူ့နောက်မှ မွေးရာပါနယ်ပယ် အကြီးအကဲ အများအပြားသည်လည်း သူတို့၏ စွမ်းအား အပြည့်အဝကို ထုတ်လွှတ်လိုက်ပြီး စစ်ကစားကွက်တစ်ခု ဖွဲ့စည်းကာ လုချင်းအပေါ် ဖိနှိပ်လိုက်ကြသည်။

ဤရုတ်တရက် အပြောင်းအလဲသည် ဤနေရာ၌ ရှိနေသော သိုငပညာရှင်များကို ထပ်မံ၍ တုန်လှုပ်စေပြန်ခဲ့၏။ စောစောက အလွန် နှိမ့်ချနေသော ချီမိသားစု အစ်ကိုကြီးသည် ရုတ်တရက်ကြီး ဤမျှ ပြင်းထန်သော တိုက်ခိုက်မှုကို စတင်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။ လုချင်းတစ်ယောက် ဤရုတ်တရက်ဆန်သော ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိ ၊ မရှိ သိချင်ဇောဖြင့် သူတို့အားလုံး ကြည့်လိုက်ရာ၌ မျက်လုံးများပင် ပြူးကျယ်သွားကြတော့သည်။

"အရူးပဲ"

နဂါးပြာမြို့စားမင်း တစ်ဦးတည်းသာ ထိုသည်ကို မြင်ပြီး စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ ချီမိသားစု အစ်ကိုကြီးသည် စွမ်းအားကြီးပြီး သူ့အောက် အနည်းငယ်သာ လက်ရည်နိမ့်ကာ မွေးရာပါနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိနေသော်လည်း၊ ဝါရင့် မွေးရာပါနယ်ပယ် အကြီးအကဲများ၏ အကူအညီတို့လည်း ပါသော်လည်း၊ သူတို့သည် လက်နက်မဲ့နေသော လုချင်း၏ ပြိုင်ဘက်တော့ မဟုတ်ကြပေ။

ဒင်းက ရွှမ်ခုန်းဘုရားကျောင်းက ဘုန်းကြီးတွေ စီစဉ်ထားတဲ့ စစ်ကစားကွက်ကိုတောင် လွယ်လွယ်လေး ဖျက်ဆီးနိုင်ခဲ့တဲ့ လူပဲလေ။

"သေစမ်း... မင်း သေလိုက်တော့"

သူ့ချီစွမ်းအင် ပေါက်ကွဲထွက်လာမှုကြောင့် ချီမိသားစု အစ်ကိုကြီးသည် မယုံနိုင်လောက်အောင် မြန်ဆန်သောနှုန်းဖြင့် ရွေ့လျားလိုက်၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် လုချင်း ရှေ့သို့ ရောက်နေပြီ ဖြစ်ပြီး မျက်လုံးများတွင် အဆိပ်ပြင်းသော အငြိုးများ ပြည့်နှက်နေလေသည်။ သူ့လက်ထဲမှ အားကောင်းသော ဓားသိုင်းအသိ ပါဝင်သည့် ကျိုးပဲ့နေသော ဓားသည် ပုံရိပ်ယောင်များစွာ အဖြစ် ပြောင်းလဲသွားပြီး လုချင်းကို ထိုးစိုက်လိုက်တော့၏။

သူ့နောက်မှအကြီးအကဲများကလည်း သူတို့၏ အဆုံးစွန်သော တိုက်ကွက်များကို ထုတ်သုံးပြီး လုချင်းကို လွှမ်းခြုံလိုက်ကြသည်။

သူတို့ ပေါင်းစပ်တိုက်ခိုက်လိုက်သောအခါ၌ စိတ်လှုပ်ရှားမှုတစ်ခုက သူတို့ကို လွှမ်းမိုးသွားသည်။ ပြီးပြည့်စုံသော မွေးရာပါနယ်ပယ် သိုင်းပညာရှင်တစ်ဦးပင် သူတို့၏ တိုက်စစ်ကို ခံနိုင်ရည် ရှိမည် မဟုတ်ဟု သူတို့ ယုံကြည်ထားကြ၏။ လက်နက်မဲ့နေသော လုချင်း အနေဖြင့် ဆိုဖွယ်ရာ မရှိ။

သူ၏ဓားချီ ဘယ်လောက်ပဲ သန်မာပါစေ... သူတို့ရဲ့ ပေါင်းစပ် တိုက်စစ်ကို ဖောက်ထွက်နိုင်စရာ အကြောင်း မရှိဘူး။

ဘေးမှ ကြည့်နေသော သိုင်းပညာရှင်များစွာမှာ ဦးရေပြားများ ကျဉ်တက်လာပြီး ကျောရိုးတစ်လျှောက် စိမ့်ခနဲ ခံစားလိုက်ကြရသည်။ အကယ်၍ သူတို့သာ လုချင်းနေရာတွင် ရှိနေပါက ဤတိုက်ခိုက်မှုမှ အသက်ရှင် လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း သိကြပါ၏။

သို့သော် လုချင်း၏ မျက်လုံးများမှာတော့ တည်ငြိမ်နေပြီး ခံစားချက် လှိုင်းဂယက် အနည်းငယ်မျှပင် မရှိပေ။ သူသည် လက်ကို မြှောက်လိုက်ရုံသာ မြှောက်လိုက်ပြီး သူ့ရှေ့မှ လေထုကို ဆုပ်ကိုင်ကာ စကားတစ်လုံး တိုးတိုးလေး ရေရွတ်လိုက်သည်။ "ရပ်"

ထိုစကားလုံး သူ့နှုတ်ခမ်းမှ ထွက်သည်နှင့် အံ့သြဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာတော့၏။ အရှိန်ပြင်းစွာ ပြေးဝင်လာသော အစ်ကိုကြီး၏ ပုံရိပ် ဖြစ်စေ၊ နောက်မှ အကြီးအကဲများ ဖြစ်စေ၊ အားလုံးသည် ပင့်ကူအိမ်တွင် မိနေသော ပိုးကောင်များကဲ့သို့ ရှိမြဲနေရာတွင်ပင် တောင့်တင်းသွားကြပြီး မလှုပ်ရှားနိုင်တော့ပေ။

ဤမျှ ပြင်းထန်သော လှုပ်ရှားမှုမှ ရုတ်တရက် ငြိမ်သက်သွားခြင်း အကူးအပြောင်းသည် ကြည့်နေသူ အားလုံးကို နေရခက်စေပါ၏။

သူတို့၏ ချီစွမ်းအင်များ ပြင်းထန်စွာ ပြန်ကန်မှုကြောင့် အစ်ကိုကြီးနှင့် အကြီးအကဲများသည် သွေးအန်လိုက်ကြပြီး တစ်ဦးစီတိုင်း ပြင်းထန်သော အတွင်းဒဏ်ရာများ ရရှိသွားကြသည်။ သူတို့၏ မျက်လုံးများတွင်တော့ ကြောက်ရွံ့မှုများဖြင့်သာ ပြည့်နှက်နေလေ၏။

သို့သော် ဤမျှနှင့် မရပ်တန့်သေးပေ။ သူတို့ကို မလှုပ်ရှားနိုင်အောင် လုပ်ပြီးနောက်၌ လုချင်းသည် လက်ကို ထပ်မြှောက်လိုက်ပြီး အောက်သို့ ဖိချလိုက်သည်။

"ဖိနှိပ်စမ်း"

ဤလုပ်ရပ်နှင့် အတူ အစ်ကိုကြီးနှင့် အခြားသူများသည် သူတို့၏ ခန္ဓာကိုယ်များ အဆပေါင်း ဆယ်ချီ လေးလံလာသည်ကို ခံစားလိုက်ရ၏။ အသည်းအသန် ရုန်းကန်ကြသော်လည်း သူတို့ကို ဖိချနေသော ကြီးမားသည့် အင်အားကို မလွန်ဆန်နိုင်ကြပေ။ သို့ဖြစ်ရာ မြေကြီးပေါ်သို့ ပြုတ်ကျသွားရုံသာ ရှိတော့သည်။

ဘုန်း...

ရှိနေသူ အားလုံး၏ မျက်စိရှေ့တွင် ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခု ပေါ်လာသည်။ ချီမိသားစုဝင်များ ရှိနေသော ဧရိယာအနည်းငယ်အတွင်းရှိ မြေကြီးသည် ရုတ်တရက် ပေအနည်းငယ် နိမ့်ဆင်းသွားလေ၏။ သို့သော် ဖုန်မှုန့်တစ်စက်မျှ လေထဲသို့ မလွင့်လာပေ။ ဖုန်မှုန့် အမှုန်တိုင်းသည် မြေကြီးပေါ်တွင် မြဲမြံစွာ ဖိကပ်နေပြီး မပျံဝဲနိုင်ကြပေ။

ချီမိသားစုဝင်များသည် မြေကြီးနှင့် ကပ်လျက် ဖိချေခံလိုက်ရပြီး သူတို့၏ သွေးများ မြေကြီးထဲသို့ စိမ့်ဝင်သွားကာ ခန္ဓာကိုယ်များမှာ "အသားပုံ" ဘဝသို့ ရောက်သွားကြလေသည်။ ထူးဆန်းပြီး ကြောက်မက်ဖွယ် ကောင်းသော ဤမြင်ကွင်းသည် ကြည့်နေသူ အားလုံး၏ ရင်ထဲသို့ အေးစက်မှုကို ပို့လွှတ်လိုက်ပြီး သူတို့၏ ဝိညာဉ်အထိ တုန်လှုပ်သွားစေခဲ့၏။

"အစ်ကိုကြီးးးးးး"

ကပ်ဘေးမှ လွတ်ကင်းအောင် ဝေးဝေးတွင် နေခဲ့သော ချီမိသားစု ပဉ္စမအကြီးအကဲသည် ရက်စက်သော မြင်ကွင်းကို မြင်လိုက်ရသောအခါ၌ ရင်ကွဲမတတ် အော်ဟစ်လိုက်သည်။ သူ့အစ်ကိုနှင့် အကြီးအကဲများ၏ အသက်စွမ်းအင်များ ဖြည်းညှင်းစွာ မှေးမှိန်ပျောက်ကွယ်သွားသည်ကို သူ ခံစားနေရပါ၏။ လုချင်း၏ ထူးဆန်းပြီး ကြောက်မက်ဖွယ် နည်းလမ်းကို သူတို့ မကျော်လွှားနိုင်ခဲ့ကြကြောင်း အသိသာကြီးပင်။

"မကောင်းဆိုးဝါး... မင်းက မကောင်းဆိုးဝါးပဲ။ ငါ့အစ်ကိုရဲ့အသက်ကို ပြန်ပေး"

ပဉ္စမအကြီးအကဲသည် လုချင်းကို စိုက်ကြည့်နေပြီး သူ့မျက်လုံးများမှာ အမုန်းတရားကြောင့် နီရဲနေကာ လုချင်းအား တစ်စစီဆွဲဖြဲပစ်ချင်နေပုံ ပေါက်နေလေ၏။

"မကောင်းဆိုးဝါး ဟုတ်လား" လုချင်းက ရယ်မောလိုက်သည်။ "ခင်ဗျားတို့ ချီမိသားစု လုပ်ခဲ့တာတွေနဲ့ ယှဉ်ရင် ဒါက ဘာမှတောင် မဟုတ်သေးဘူးလေ။ ချီထျန်းချွမ်... ဖန်ကျိုးမှာ ခင်ဗျားတို့ ချီမိသားစု ကျူးလွန်ခဲ့တဲ့ ရက်စက်ယုတ်မာမှုတွေကို ဘယ်သူမှ မသိဘူးလို့ တကယ် ထင်နေတာလား"

"မင်း ဘာပြောလိုက်တယ်"

ဒေါသစိတ် လွှမ်းမိုးနေသော ပဉ္စမအကြီးအကဲသည် ရုတ်တရက် တုန်လှုပ်သွားပြီး သံသယနှင့် ကြောက်ရွံ့မှုအပြည့်ဖြင့် လုချင်းကို ကြည့်လိုက်သည်။

"ဖန်ကျိုး ဟုတ်လား"

လုချင်းက ဘာကြောင့် ဒီနေရာကို ရုတ်တရက် ထည့်ပြောလာမှန်း နားမလည်သဖြင့် လူအုပ်ကြီးမှာ ဇဝေဇဝါ ဖြစ်ကုန်ကြတော့၏။ အတွင်းသတင်း သိသူများသာ တစ်စုံတစ်ခုကို သတိရသွားပုံရပြီး မျက်လုံးများ ပြူးကျယ်သွားလျက် ပဉ္စမအကြီးအကဲကို မယုံနိုင်စွာဖြင့် ကြည့်လိုက်ကြလေသည်။

"မင်း မသိစေချင်ရင် မလုပ်နဲ့လေ။ ချီထျန်းချွမ်... ဖန်ကျိုးမှာ ခင်ဗျားတို့ ချီမိသားစု ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုကြီးတွေကို ကောင်းကောင်း ဖုံးကွယ်ထားနိုင်ပေမဲ့လည်း ကောင်းကင်ရဲ့ အလိုဆန္ဒကိုတော့ လှည့်စားလို့ မရဘူး။ ကံကြမ္မာရဲ့ စီမံမှုကိုတော့ ခင်ဗျားတို့လို ချီမိသားစုအသေးလေးက ဖုံးကွယ်ထားလို့ မရနိုင်ဘူးလေ"

နားထောင်ရင်း ပဉ္စမအကြီးအကဲ၏ ကြောက်ရွံ့မှု ပိုမို နက်ရှိုင်းလာကာ မျက်နှာ ဖြူဖျော့သွားတော့သည်။ "မဖြစ်နိုင်ဘူး။ မင်း သိစရာ အကြောင်း မရှိဘူး။ မင်းက ဘယ်သူလဲ"

ပဉ္စမအကြီးအကဲ၏ တုံ့ပြန်မှုကို မြင်သောအခါ၌ သိုင်းပညာရှင်များက သူ့မှာ ဖုံးကွယ်ထားတာ တစ်ခုခု ရှိနေကြောင်း ချက်ချင်း သိလိုက်ကြသည်။

တစ်ယောက်က အော်မေးလိုက်၏။ "ဖန်ကျိုး ဟုတ်လား... ချီလောင်ဝူ... ဖန်ကျိုးက ကပ်ရောဂါက မင်းတို့ ချီမိသားစု လက်ချက်များလား"

(T/n ။ ။ ချီလောင်ဝူဆိုတာ ချီမိသားစုက ပဉ္စမအကြီးအကဲလို့ ခေါ်တာပါပဲ)

"ဖန်ကျိုး ကပ်ရောဂါလား"

"ကပ်ရောဂါက တကယ်ပဲ ချီမိသားစုလက်ချက်လား"

"အဲဒါ မတော်တဆ ဖြစ်ပွားခဲ့တာ မဟုတ်ဘူးလား"

"ငါ ကပ်ရောဂါကို သံသယ ဖြစ်နေခဲ့တာ။ ဒါဆို ချီမိသားစုက နောက်ကွယ်က ကြိုးကိုင်ခဲ့တာပေါ့"

"အဲဒီ ကပ်ရောဂါကြောင့် လူပေါင်း တစ်သိန်းကျော် သေဆုံးခဲ့တာနော်။ ချီမိသားစုက တကယ် ရက်စက်တာပဲ"

မွေးရာပါနယ်ပယ် သိုင်းပညာရှင်များ အပြင်းအထန် ဆွေးနွေးလာကြသည်။

"ကပ်ရောဂါလား"

ထောင့်တစ်နေရာတွင် ရှောင်ယန်နှင့် အခြားသူများကို တိတ်တဆိတ် ကာကွယ်ပေးနေသော သမားတော်ကြီးမှာလည်း ထိုသည်ကို ကြားသောအခါ၌ မျက်နှာ ဖြူဖျော့သွားတော့၏။

"အားချင်း... မင်းပြောတာ အမှန်ပဲလား"

"ဟုတ်ပါတယ် ဆရာ... အမှန်ပါပဲဗျ။ ဒီ ချီမိသားစုဝင်တွေဆီက အရှိန်အဝါကို အာရုံခံပြီး တွက်ချက်ကြည့်လိုက်တာပါဗျ" လုချင်းက ခေါင်းညိတ်လိုက်သည်။

ထိုစကားသံကြောင့် သမားတော်ကြီး၏ မျက်နှာမှာ မည်းမှောင်သွားတော့၏။ လူပေါင်း တစ်သိန်းကျော် သေဆုံးခဲ့သော ကပ်ရောဂါအကြောင်း သိုင်းပညာရှင်များ ဆွေးနွေးနေသည်ကို ကြားလိုက်ရသောအခါ သူ့မျက်နှာထားသည် ပို၍ပင် လေးနက်သွားတော့သည်။

အစပိုင်းကတော့ လုချင်း၏ လုပ်ရပ်များ လွန်လွန်းသည်ဟု သူ ထင်ခဲ့မိတာပင်။ သို့သော် ချီမိသားစုသာ ကပ်ရောဂါကို အမှန်တကယ် ဖန်တီးခဲ့ပါက မည်သည့် ပြစ်ဒဏ်မဆို သူတို့အတွက် မလွန်ကဲတော့ပေ။

"မင်း ပေါက်ကရတွေ လျှောက်ပြောနေတာပဲ" ချီမိသားစု ပဉ္စမအကြီးအကဲက နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး ဟိန်းဟောက်လိုက်သည်။ "မင်းက ငါ့ချီမိသားစုဝင်တွေ အများကြီးကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး အခု ငါတို့နာမည်ကိုပါ ဖျက်ဖို့ ကြိုးစားနေတာလား။ နဂါးပြာမြို့စားမင်း... ခင်ဗျားက တရားမျှတမှု ရှိအောင်လို့ မလုပ်ပေးတော့ဘူးလား။ ဒီလိုပဲ ဝင်မပါဘဲနဲ့ ဒီအတိုင်းကြီးပဲ ရပ်ကြည့်နေတော့မှာလား"

အရိပ်ထဲတွင် ပုန်းကွယ်လျက် တိတ်တဆိတ် စောင့်ကြည့်နေသော နဂါးပြာမြို့စားမင်းသည် ထိုသည်ကို ကြားသောအခါ၌ မျက်နှာထား ပြောင်းလဲသွားသည်။

သောက်ကျိုးနည်းဟေ့။ အဲ့အရူးကောင်က ငါ့ကိုပါ ဒီပြဿနာထဲ ဆွဲထည့်ရဲတယ်ပေါ့လေ။

သို့သော် သူ ရှောင်လွှဲရန် အချိန်နောက်ကျသွားပြီသာ။

All Chapters