အခန်း (၃၁၇-၃၁၈)
Vol. 32 Ch. 317-318
အခန်း ၃၁၇ - မင်းကိုသတ်ဖို့ အကြောင်းပြချက်မလိုဘူး
ချီမိသားစု ပဉ္စမအကြီးအကဲ သူ့နာမည်ကို အော်ခေါ်လိုက်သည့်အချိန်တွင် နဂါးပြာမြို့စားမင်းသည် စိတ်ထဲ၌ မကောင်းသောခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ သူသည် ထိုအခြေအနေကို ရှောင်လွှဲချင်သော်လည်း အချိန်နှောင်းသွားခဲ့ချေပြီပင်။
သူ့ဘေးပတ်လည်ရှိ မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများအားလုံးက သူ့ဘက်သို့ အကြည့်ရောက်လာကြသည်။ လုချင်းသည်ပင် ခေါင်းမော့ကာ သူ့အား စိုက်ကြည့်လာခဲ့၏။
"နဂါးပြာမြို့စားမင်းလား..."
လုချင်းသည် မြို့စားမင်းကို ကြည့်လိုက်သည်။ အစကတည်းက ပထမဆုံးရောက်လာပြီး ရှိရင်းစွဲ မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများထဲတွင် အသန်မာဆုံးဟု ထင်ရသည့် ဤလူလတ်ပိုင်းအရွယ် အမျိုးသားကို လုချင်း လျစ်လျူရှုမထားခဲ့ပါ။ သို့သော် သူသည် ဘေးမှရပ်ကြည့်နေရုံသာဖြစ်ပြီး ဝင်ရောက်စွက်ဖက်ခြင်း မရှိသောကြောင့် လုချင်းက သူ့ကို အာရုံမစိုက်ဘဲ ထားလိုက်ခြင်းဖြစ်သည်။ သူ မထင်မှတ်ထားသည်မှာ ဤလူသည် ကမ္ဘာပေါ်တွင် အခိုင်ခံ့ဆုံး ခံတပ်မြို့ကြီး၏ မြို့စားမင်းဖြစ်နေခြင်းပင်။
လုချင်း၏ အကြည့်ကို ခံစားလိုက်ရသောအခါ၌ နဂါးပြာမြို့စားမင်းသည် တုံ့ဆိုင်းသွားတော့၏။ ဤအခြေအနေကို ရှောင်လွှဲ၍ မရတော့မှန်း သိလိုက်သောအခါမှပဲ ခေါင်မိုးပေါ်မှ မဆင်းချင်ဆင်းချင်ဖြင့် ဆင်းလာခဲ့ရလေသည်။
သူသည် လက်နှစ်ဖက်ကို ယှက်ကာ ရိုသေလေးစားစွာ ဦးညွှတ်ရင်း ပြောလိုက်သည်။
"ကျုပ်က ဒီမြို့ကို စောင့်ရှောက်တဲ့ ကျန်းရိကျိ ပါ... သခင်လေးလုကို ဂါရဝပြုပါတယ်။"
ထိုစကားထွက်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ မျက်နှာထားများမှာ အကြီးအကျယ် ပြောင်းလဲသွားကြလေသည်။
မြို့စားမင်း၏ စကားများက အချက်အလက်များစွာကို ဖော်ပြနေသည်။ ပထမအချက်မှာ သူ၏ သဘောထားပင်ဖြစ်၏။ နဂါးပြာမြို့တော်၏ အရှင်သခင်ဖြစ်သည့်အားလျော်စွာ မြို့ထဲတွင် သူ၏ အဆင့်အတန်းမှာ မေးခွန်းထုတ်စရာ မလိုအောင် မြင့်မားလှပါသည်။ သူ၏ အင်အားသည် ပြိုင်ဘက်ကင်းဖြစ်ပြီး မြို့ထဲတွင် အငြင်းပွားဖွယ်ရာမရှိသော နံပါတ်တစ် အာဏာပိုင်ဖြစ်သည်။
မိသားစုကြီးလေးခုပင်လျှင် သူ့ကို အစွမ်းကုန် လေးစားမှု ပြသရသည်။ သို့သော် ယခုတွင်မူ ဤမျှ မြင့်မားသော အာဏာပိုင် ပုဂ္ဂိုလ်ကြီးက လုချင်း၏ ရှေ့မှောက်တွင် နှိမ့်ချသော အပြုအမူကို ပြသနေလေ၏။ ထို့ပြင် သူသုံးနှုန်းလိုက်သော အာလုပ်စကားကို ကြည့်ခြင်းအားဖြင့် ဤကြောက်မက်ဖွယ်ကောင်းသော လူငယ်လေးက ဘယ်သူဘယ်ဝါဖြစ်သည်ကို သူသိနေပြီး အလွန် ကြောက်ရွံ့လေးစားနေကြောင်း ထင်ရှားနေပေသည်။ ဤအချက်က ဘေးပတ်လည်ရှိ ကျွမ်းကျင်သူများကို အတွေးများစေပြီး အကြောင်းအရာများကို ချိတ်ဆက်မိစေသည်။
မြို့စားမင်းက ဘာစကားမှမပြောဘဲ ဘေးကနေ ရပ်ကြည့်နေခဲ့ခြင်းမှာ အကြောင်းမဲ့ မဟုတ်ကြောင်း ထင်ရှားလှပေ၏။ အခြေအနေက မျက်မြင်ထက် ပို၍ နက်ရှိုင်းနေပုံရသည်။
ချီမိသားစု၏ ပဉ္စမအကြီးအကဲမှာမူ လုံးဝ ကြောင်အသွားသည်။ သူသည် မြို့စားမင်းကို လှုပ်ရှားလာစေရန် ဖိအားပေးသည့်အနေဖြင့် မြို့စားမင်း၏ အထောက်အထားကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ မြို့တော်၏ အရှင်သခင်တစ်ယောက်အနေဖြင့် ပြင်ပလူတစ်ယောက်က မြို့သူမြို့သားများကို သတ်ဖြတ်နေသည်ကို ဝင်ရောက်မစွက်ဖက်ဘဲ ကြည့်နေပါက သူ၏ အာဏာစက်ကို ကြီးစွာသော ထိုးနှက်ချက် ဖြစ်စေလိမ့်မည်သာ။ သို့သော် သူ မထင်မှတ်ထားသည်မှာကတော့ မြို့စားမင်းက လုချင်းအပေါ် အလွန် ယဉ်ကျေးသိမ်မွေ့နေပြီး သူ၏လေသံမှာ နှိမ့်ချရုံသာမက ကြောက်ရွံ့မှု အရိပ်အယောင်များပါ ပါဝင်နေခြင်းပင်။
အခြေအနေ မဟန်တော့ကြောင်း ခံစားမိလိုက်သော ပဉ္စမအကြီးအကဲသည် အလျင်အမြန် အော်ဟစ်လိုက်လေ၏။
"မြို့စားမင်း... ဒီလူက ရက်စက်လွန်းတယ်။ သူက ကျုပ်ရဲ့ အစ်ကိုကြီးနဲ့ အစ်ကို ၂ကို သတ်ခဲ့ပြီး အခု ကျုပ်တို့မိသားစုကိုပါ စွပ်စွဲပုတ်ခတ်နေတယ်... ခင်ဗျားက ချီမိသားစုဘက်ကနေ ရပ်တည်ပေးရမယ်လေ"
သို့သော် နဂါးပြာမြို့စားမင်းသည် သူ့ကို အဖက်ပင်မလုပ်ဘဲ လုချင်းကိုသာ လေးစားစွာ ကြည့်ရင်း ပြောလိုက်သည်။
"သခင်လေးလု ကျုပ်တို့ မြို့ငယ်လေးကို ရောက်နေမှန်း ကျုပ် မသိခဲ့ပါဘူး... သခင်လေးကို သေချာ မကြိုဆိုမိတာ ခွင့်လွှတ်ပေးပါခင်ဗျာ"
"ဪ... မြို့စားမင်းက ကျွန်တော့်ကို သိတာလား" လုချင်းက အံ့သြချင်ယောင်ဆောင်ကာ မေးလိုက်သည်။
"မြို့တော်မြတ်မှာ ဖြစ်ခဲ့တဲ့ သခင်လေးလုရဲ့ တိုက်ပွဲက သူရဲကောင်းတွေကို တုန်လှုပ်စေခဲ့ပြီး သခင်လေးရဲ့ ကျော်ကြားမှုက နေရာအနှံ့ ပျံ့နှံ့နေပါပြီ။ ကျုပ်လည်း သတင်းတချို့ ကြားသိခဲ့ရပြီး သခင်လေးရဲ့ ဂုဏ်သတင်းကြီးမားတဲ့ နာမည်ကို သိခွင့်ရခဲ့တာပါ။ ဒါပေမဲ့ သခင်လေး ဒီလောက်မြန်မြန် ရောက်လာမယ်လို့ မထင်ထားခဲ့မိလို့ သေချာ မကြိုဆိုနိုင်ခဲ့တာပါဗျ။ သခင်လေးလု ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"
နဂါးပြာမြို့စားမင်းသည် စိတ်ရင်းမှန်ဖြင့် ပြောဆိုကာ ထပ်မံ ဦးညွှတ်လိုက်ပြန်၏။
"မြို့တော်မြတ်က သတင်းတွေကြောင့် ဖြစ်နေတာကိုး..." လုချင်းက ရယ်မောလိုက်သည်။ "ဒါဆိုရင် စကားအများကြီး ပြောနေစရာမလိုတော့ဘူးပေါ့။ မြို့စားမင်းကို ကျွန်တော် တစ်ခုပဲ မေးမယ်... ခင်ဗျားက ချီမိသားစုဘက်က ရပ်တည်ဖို့ ရည်ရွယ်ထားလား"
မြို့စားမင်းသည် ချက်ချင်း လန့်ဖျပ်သွားပြီး လက်ကာပြကာ ပြောလိုက်သည်။
"မလုပ်ရဲပါဘူးဗျာ သခင်လေးလု ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့။ ကျုပ်က ဒီနေရာမှာ မွေးရာပါနယ်ပယ် တိုက်ပွဲအငွေ့အသက်ကို ခံစားမိလို့ လာကြည့်ရုံပါ သခင်လေး ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနေမှန်းသာ သိရင် ကျုပ် ဝင်ပါခဲ့မှာတောင် မဟုတ်ပါဘူး ချီမိသားစုက သခင်လေးကို စော်ကားရဲမှတော့ သူတို့ အပြစ်နဲ့ သူတို့ပါပဲ ကျွန်တော် ဝင်ပါဖို့ ဆန္ဒမရှိပါဘူး"
မြို့စားမင်းက ချီမိသားစုနှင့် ပြတ်ပြတ်သားသား ခွာလိုက်သည်ကို မြင်သောအခါ ဘေးပတ်လည်ရှိ ကျွမ်းကျင်သူများမှာလည်း နောက်တစ်ကြိမ် အံ့သြသွားကြပြန်သည်။
ပုံမှန်ဆိုလျှင် ဘယ်သူ့မျက်နှာကိုမှ မထောက်တတ်သော မြို့စားမင်းက ဤမျှ ကြောက်ရွံ့နေရအောင် ဤသခင်လေးလု ဆိုသူက ဘယ်သူများပါလိမ့်။
မြို့တော်မြတ်က တိုက်ပွဲတဲ့လား။ မကြာသေးခင်က မြို့တော်မြတ်မှာ ကမ္ဘာကြီးကို တုန်လှုပ်စေမယ့် ကိစ္စတစ်ခုခုများ ဖြစ်ပျက်ခဲ့သလား။
ကျွမ်းကျင်သူ တစ်ဦးစီတိုင်းတွင် မတူညီသော အတွေးများ ရှိနေကြပြီး ပြန်ရောက်သည်နှင့် မြို့တော်မြတ်တွင် ဘာဖြစ်ခဲ့သလဲ ဆိုသည်ကို စုံစမ်းရန် လူလွှတ်ရမည်ဟု ဆုံးဖြတ်လိုက်ကြသည်။
"မြို့စားမင်း အထင်လွဲနေပြီထင်တယ်။ ကျွန်တော်က ကျွန်တော့်ကို စော်ကားရုံသက်သက်နဲ့တင် ချီမိသားစုကို သတ်ခဲ့တာ မဟုတ်ဘူး ချီမိသားစုက ယုတ်မာတဲ့ ရာဇဝတ်မှုတွေ အများကြီး ကျူးလွန်ထားလို့ သေဒဏ်နဲ့ ထိုက်တန်နေတာ"
လုချင်းက ခေါင်းခါလိုက်သည်။
မြို့စားမင်း၏ စိတ်ထဲတွင် အတွေးများ ပြေးလွှားသွား၏။ "စောစောက သခင်လေး ပြောတဲ့ ဖန်ကျိုးက ကိစ္စနဲ့များ သက်ဆိုင်နေလား မသိဘူး"
"ဒါပေါ့ ဖန်ကျိုးက ကပ်ရောဂါဘေးလေ။ ဒီချီမိသားစုက အဓိက တရားခံပဲ။ လူပေါင်း သောင်းချီ သေဆုံးခဲ့ရတဲ့ ကိစ္စလေ။ မြို့စားမင်းက သူတို့ကို သေဒဏ်နဲ့ မထိုက်တန်ဘူးလို့ ထင်လား"
မြို့စားမင်း ပြန်မဖြေနိုင်ခင်မှာပင် ချီမိသားစု၏ ပဉ္စမအကြီးအကဲက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"လုပ်ကြံစွပ်စွဲနေတာပဲ။ မင်းက ငါတို့ ချီမိသားစုကို ဖန်ကျိုးကပ်ရောဂါ ဖြစ်စေတယ်ဆိုပြီး အလကားသက်သက်ေ စွပ်စွဲနေတာပဲ။ သက်သေဘယ်မှာလဲ"
"သက်သေဘယ်မှာရှိလဲ ကျွန်တော်သိတယ်"
ထိုအချိန်တွင် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး အားလုံး၏ အာရုံကို ဖမ်းစားလိုက်သည်။ လှမ်းကြည့်လိုက်သောအခါ၌ စကားပြောလိုက်သူမှာ ဟူလောင်စန်း ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားကြ၏။
ကြွက်သားနှင့် အရိုးအဆင့်မျှသာရှိသော လူတစ်ယောက်က ဤကဲ့သို့ အချိန်မျိုးတွင် ထွက်ပြီး စကားပြောရဲလိမ့်မည်ဟု ဘယ်သူမှ မထင်ထားခဲ့ကြပေ။
ချီမိသားစု ပဉ္စမအကြီးအကဲသည် ဟူလောင်စန်းကို စိုက်ကြည့်ရင်း တုန်လှုပ်သွားလေ၏။ သူ့မိသားစုက ဒီလိုနိမ့်ကျသည့် လူတစ်ယောက်နှင့် ဘယ်အချိန်ကများ ငြိစွန်းခဲ့သလဲဆိုတာ စဉ်းစားမရ ဖြစ်နေသည်။
"အဖေ..."
ဟူကျိကျစ်ပင်လျှင် အံ့သြသွားပြီး သူမ၏ အဖေကို စကားမပြောနိုင်ဘဲ ကြည့်နေမိသည်။ သို့သော် ဟူလောင်စန်းကတော့ သမီးဖြစ်သူကို ရှင်းပြချိန်မရတော့ပေ။ သူသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်ပြီး လက်သီးဆုပ်ကာ အရိုအသေပြုရင်း ပြောလိုက်၏။
"မြို့တံခါးစောင့် ဟူလောင်စန်းက မြို့စားမင်းကို ဂါရဝပြုပါတယ်"
ချီမိသားစုကို ဆန့်ကျင်ပြီး သက်သေထွက်ဆိုရဲသူမှာ သူ၏ လက်အောက်ငယ်သားတစ်ယောက် ဖြစ်နေလိမ့်မည်ဟု နဂါးပြာမြို့စားမင်း ထင်မထားခဲ့ပေ။ တံခါးစောင့်ကဲ့သို့ နိမ့်ကျသော ရာထူးရှိသူကို သူ မမှတ်မိသော်လည်း ဟူလောင်စန်းက လုချင်း၏ နောက်မှ ထွက်လာသည်ကို မြင်သောအခါ၌ သူ၏ မျက်နှာထား ပျော့ပျောင်းသွားသည်။
"ဒီလောက်ကြီး ရိုသေနေစရာ မလိုပါဘူး။ ချီမိသားစုက ဖန်ကျိုးကပ်ရောဂါ ဖြစ်စေတယ်ဆိုတဲ့ သက်သေ ဘယ်မှာရှိလဲဆိုတာ မင်းသိတယ်လို့ ပြောလိုက်တာလား အဲဒါ အမှန်ပဲလား" မြို့စားမင်းက ညင်သာစွာ မေးလိုက်သည်။
"ဟုတ်ပါတယ် ကျွန်တော် လိမ်ညာမပြောရဲပါဘူးဗျ" ဟူလောင်စန်းက ပြန်ဖြေသည်။
"အဲဒီသက်သေက ဘယ်မှာလဲ"
"သက်သေက ကျီမိသားစုရဲ့ သခင်လေး ၃ ဆီမှာ ရှိပါတယ်" ဟူလောင်စန်းက ပြောလိုက်သည်။
လူအုပ်ကြီးမှာ နောက်တစ်ကြိမ် တုန်လှုပ်သွားကြပြန်၏။
ဒီကိစ္စက ဘယ်လိုလုပ်ပြီး ကျီမိသားစုရဲ့ အငယ်ဆုံးသားနဲ့ ဆက်စပ်သွားရတာလဲ။
"ဖေးအာ...." ရုတ်တရက် အသံတစ်သံ ဟိန်းထွက်လာပြီး ပုံရိပ်တစ်ခုက ခေါင်မိုးပေါ်မှ ဆင်းသက်လာသည်။ "ရဲရင့်တဲ့ စစ်သည်တော် ငါ့သားဘယ်မှာလဲဆိုတာ မင်းသိလား"
လူအုပ်ကြီး ကြည့်လိုက်သောအခါ၌ ခြံဝင်းထဲသို့ ဆင်းသက်လာသူမှာ ကျီမိသားစု ခေါင်းဆောင်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ကျီမိသားစုခေါင်းဆောင်၏ စိုးရိမ်ပူပန်နေသော မျက်နှာထားကို မြင်သောအခါ အားလုံးက နားလည်သွားကြသည်။
ကျီမိသားစု၏ အငယ်ဆုံးသား ပျောက်ဆုံးနေသည်မှာ ကြာပြီဟု ကောလာဟလများ ထွက်နေခဲ့ပါ၏။ သူ့အကြောင်း ရုတ်တရက် သတင်းကြားလိုက်ရသောအခါ၌ ကျီမိသားစုခေါင်းဆောင် စိတ်လှုပ်ရှားနေသည်မှာ အံ့သြစရာ မဟုတ်ပေ။
"သခင်ကြီးကျီ စိတ်ချပါ။ သခင်လေး ၃ အခုလောလောဆယ် ဘေးကင်းလောက်ပါတယ်" ဟူလောင်စန်းက သူ့ကို စိတ်အေးစေရန် ပြောလိုက်လေ၏။
သူ့သား အသက်ရှင်နေသေးကြောင်း ကြားလိုက်ရသောအခါ ကျီမိသားစုခေါင်းဆောင်ခင်မျာ စိတ်သက်သာရာရသွားသော်လည်း ဆက်မေးလိုက်သည်။ "ငါ့သား အခုဘယ်မှာလဲ"
"ခွင့်လွှတ်ပါ သခင်ကြီးကျီ။ အဲဒါကို ကျွန်တော် အခုမပြောပြနိုင်သေးပါဘူး သခင်လေး ၃ အသက်ရှင်နေသေးပေမဲ့ ဒဏ်ရာအပြင်းအထန် ရထားပါတယ်။ သူ့နေရာကို ကျွန်တော် ပေါ့ပေါ့တန်တန် ထုတ်ဖော်လို့ မဖြစ်လို့ပါဘူးဗျ"
"ဟုတ်တယ် ဟုတ်တယ်" သခင်ကြီးကျီက ချက်ချင်း တုံ့ပြန်လိုက်သည်။ ဖန်ကျိုးကပ်ရောဂါနှင့် ပတ်သက်သည့် သက်သေများ သူ့သားလက်ထဲတွင် ရှိနေကြောင်း ဟူလောင်စန်း ပြောခဲ့သည်ကို သတိရသွား၏။ သူ့သား မကြာသေးခင်က ပျောက်ဆုံးနေခြင်းမှာ ဤကိစ္စနှင့် သက်ဆိုင်နေကြောင်း ထင်ရှားသည်ပင်။
အကယ်၍သာ နေရာကို ထုတ်ဖော်လိုက်ပါက အကျိုးဆက်များမှာ တွေးဝံ့စရာပင် မရှိပေ။ သခင်ကြီးကျီ၏ နဖူးတွင် ချွေးစေးများ ထွက်လာတော့၏။ အကယ်၍ ဟူလောင်စန်းသာ သတိမကြီးခဲ့လျှင် သူ့သားကို အန္တရာယ် ဖြစ်စေနိုင်ခဲ့ပေသည်။
သခင်ကြီးကျီသည် ဟူလောင်စန်းကို ကြည့်ရင်း ကျေးဇူးတင်စိတ်များ ဝင်ရောက်လာတော့၏။
"ဟူလောင်စန်း၊ ကျီမိသားစုရဲ့ သခင်လေး ၃ ဆီမှာ ဖန်ကျိုးကပ်ရောဂါရဲ့ သက်သေရှိတယ်လို့ မင်းပြောခဲ့တယ်နော် သေချာရဲ့လား"
နဂါးပြာမြို့စားမင်းက သခင်ကြီးကျီ စိတ်ငြိမ်သွားသည်အထိ စောင့်ပြီးမှ မေးလိုက်လေသည်။
"သခင်လေး ၃ ကိုယ်တိုင် ကျွန်တော့်ဆီမှာ ချန်ထားခဲ့တဲ့ စာထဲမှာ ရေးထားတာပါဗျ။ လုံးဝအမှန်ပါခင်ဗျ" ဟူလောင်စန်းက အတည်ပြုလိုက်၏။
"အဲဒီစာ အခုဘယ်မှာလဲ"
"စာက ဖျက်ဆီးခံလိုက်ရပါပြီ။ ကျွန်တော် စာရပြီး ဖတ်လို့အပြီးမှာပဲ ချီမိသားစုရဲ့ သခင်လေး ၄ က လူတွေခေါ်ပြီး ကျွန်တော့်အိမ်ထဲ ဝင်လာခဲ့တာပါဗျ။ အဲ့တော့ သခင်လေး ၃ ရဲ့ နေရာကို မပေါ်ပေါက်စေဖို့အတွက် စာကို ဖျက်ဆီးပစ်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိခဲ့ပါဘူး"
ဒီစကားကို ကြားလိုက်ရသောအခါ၌ စိုးရိမ်ပူပန်နေသော ချီမိသားစု ပဉ္စမအကြီးအကဲသည် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ သူသည် ချီဝမ်ကျန့်၏ အလောင်းကို ကြည့်ပြီး ဤမျှကြီးကျယ်သော ကိစ္စကို မိသားစုထံ ကြိုတင်မတင်ပြခဲ့သည့်အတွက် စိတ်ထဲမှ ကျိန်ဆဲလိုက်လေ၏။ ထို့နောက် သူက အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
"မြို့စားမင်း ခင်ဗျား ကြားတယ်မလား ဒါတွေအားလုံးက တစ်ဆင့်စကားတွေချည်းပဲ ဒီလူတွေက ကျုပ်တို့ ချီမိသားစုကို လုပ်ကြံဖို့ ကြိုးစားနေတာလေ။ ခင်ဗျား ကျုပ်တို့ဘက်က ရပ်တည်ပေးရမယ်"
ချီမိသားစုဝင်၏ သနားစရာကောင်းသော မျက်နှာထားကို မြင်သောအခါ လုချင်းက သူ့ကို စိတ်ဝင်တစား ကြည့်လိုက်သဖြင့် ပဉ္စမအကြီးအကဲမှာ ပို၍ပင် နေရခက်သွားတော့၏။ ကြောက်ရွံ့နေသော်လည်း ယခုအချိန်တွင် နောက်ဆုတ်၍ မရတော့မှန်း သူသိသည်။ အကယ်၍ ကပ်ရောဂါ ဖြစ်ပွားစေသည့် စွပ်စွဲချက်သာ ခိုင်မာသွားပါက ချီမိသားစုသည် ပျက်စီးသွားပေလိမ့်မည်။
ထို့ကြောင့် သူသည် ကြောက်ရွံ့နေသည့်ကြားမှ အသံကုန်ဟစ်လိုက်သည်။
"ဟေ့ကောင် မင်းဘာကြည့်နေတာလဲ။ မင်းသန်မာတိုင်း ကြိုက်တာလုပ်လို့ရမယ် မထင်နဲ့။ တကယ်လို့ မင်းသာ ငါ့တို့ ချီမိသားစုကို စွပ်စွဲမယ်ဆိုရင် ဒီကိစ္စကို မြင့်မြတ်သောတောင်တော်အထိ တက်ပြီး သခင်ကြီးသုံးပါးဆီမှာ တရားမျှတမှု တောင်းဆိုပစ်မယ်။ မင်းက ဒီမြို့ထဲမှာ မွေးရာပါနယ်ပယ်အဆင့် တိုက်ပွဲကို စတင်ခဲ့တယ်။ ငါ့မိသားစုဝင်တွေကိုလည်း သတ်ဖြတ်ပြီး မြင့်မြတ်သောတောင်တော်ရဲ့ တားမြစ်ချက်ကို ချိုးဖောက်ခဲ့တယ်။ မြင့်မြတ်သောတောင်တော်က ငါတို့အတွက် တရားမျှတမှုကို မဖော်ဆောင်ပေးဘူးဆိုတာ ငါမယုံဘူး။"
ချီမိသားစု ပဉ္စမအကြီးအကဲက မြင့်မြတ်သောတောင်တော် အကြောင်း ထည့်ပြောလိုက်သည်ကို ကြားသောအခါ၌ ဘေးပတ်လည်ရှိ သိုင်းပညာရှင်များ၏ ရင်ထဲတွင် ထိတ်လန့်သွားကြသည်။
မြင့်မြတ်သောတောင်တော်သည် ဝင်ရောက်စွက်ဖက်ခဲသော်လည်း မြို့တွင်း၌ မွေးရာပါနယ်ပယ်အဆင့် တိုက်ပွဲများ မပြုလုပ်ရဟူသော တားမြစ်ချက်မှာ မြင့်မြတ်သောတောင်တော်၏ အမိန့်ဖြစ်သည်။ ချိုးဖောက်သူ မည်သူမဆို မြင့်မြတ်သောတောင်တော်၏ လိုက်လံဖမ်းဆီးခြင်းကို ခံရမည်ဖြစ်ပြီး မည်သည့်နေရာသို့ ထွက်ပြေးစေကာမူ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
သို့သော် ဤစကားများကို ကြားပြီးနောက်တွင် လုချင်းမှာ တည်ငြိမ်နေဆဲဖြစ်ပြီး နဂါးပြာမြို့စားမင်း၏ မျက်နှာထားမှာမူ ထူးဆန်းသွားလေသည်။ ကံဆိုးစွာဖြင့် ချီမိသားစု ပဉ္စမအကြီးအကဲမှာ လုချင်းအပေါ် အာရုံစိုက်ထားလွန်းသဖြင့် မြို့စားမင်း၏ အမူအရာ ပြောင်းလဲသွားသည်ကို သတိမထားမိလိုက်ပေ။
"လူယုတ်မာတွေက အရင်ဆုံး တိုင်တောတတ်ကြတယ်ဆိုတာ တကယ်ပါပဲလား"
လုချင်းက ခေါင်းခါလိုက်ပြီး ထိုလူနှင့် ငြင်းခုံရန် စိတ်မဝင်စားတော့ပေ။ သူ၏ အတွေးတစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် စွမ်းအင်ဓားသွားတစ်လက် ဖြစ်ပေါ်လာပြီး ချီမိသားစု ပဉ္စမအကြီးအကဲထံသို့ ပိုင်းဖြတ်သွားလေသည်။
ချီမိသားစုဝင်၏ မျက်လုံးများ ပြူးကျယ်သွားလေ၏။ လုချင်းက ဒီအချိန်မှာ တိုက်ခိုက်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
ရှောင်တိမ်းချင်သော်လည်း ဒဏ်ရာအပြင်းအထန် ရထားသဖြင့် လုချင်း၏ သေမင်းတမန် ဓားစွမ်းအင်ကို ရှောင်လွှဲရန် မဖြစ်နိုင်တော့ပေ။ သူသည် ချက်ချင်းပင် နှစ်ပိုင်းပြတ်ကာ နေရာတင် ပွဲချင်းပြီး သေဆုံးသွားလေတော့သည်။
"မင်းကိုသတ်ဖို့ ဆုံးဖြတ်လိုက်ကတည်းက မြင့်မြတ်သောတောင်တော်ရဲ့ သဘောထားကို ငါ ဂရုစိုက်နေမယ်လို့ထင်လို့လား"
ချီမိသားစု ပဉ္စမအကြီးအကဲကို ပေါ့ပေါ့ပါးပါး သတ်ဖြတ်ပြီးနောက်၌ လုချင်း၏ အသံမှာ တည်ငြိမ်စွာ ထွက်ပေါ်လာသည်။
"ဘာ...."
လုချင်း၏ ရုတ်တရက် လုပ်ရပ်က လူတိုင်းကို တုန်လှုပ်သွားစေခဲ့ပါ၏။ ကျွမ်းကျင်သူများအားလုံး သူ့ကို မယုံနိုင်စွာ စိုက်ကြည့်နေကြသည်။ ချီမိသားစု ပဉ္စမအကြီးအကဲက မြင့်မြတ်သောတောင်တော်ကို ကိုးကားပြီး ပြောဆိုနေသည့်တိုင် လုချင်းက သူ့ကို နေရာမှာတင် သတ်ပစ်ရဲလိမ့်မည်ဟု ဘယ်သူမှ ထင်မထားခဲ့ကြပေ။ ဒါက သူသည် မြင့်မြတ်သောတောင်တော်ကို လုံးဝ ဂရုမစိုက်ကြောင်း ပြသနေခြင်းပင်။
နဂါးပြာမြို့စားမင်းတစ်ယောက်သာလျှင် ရင်ထိတ်သွားသော်လည်း တည်ငြိမ်နေဆဲဖြစ်ပြီး ဤရလဒ်ကို မအံ့သြသည့်ပုံပင်။
"မြို့စားမင်း၊ ကျီမိသားစု သခင်လေး ၃ လက်ထဲမှာ သက်သေရှိတယ်ဆိုမှတော့ ကျွန်တော်လည်း အချိန်မဖြုန်းတော့ဘူး။ ခင်ဗျား သံသယရှိနေသေးရင် ကိုယ့်ဘာသာ စုံစမ်းလိုက်တော့။ ကျွန်တော် ဆက်မနေတော့ဘူး"
ချီမိသားစု ပဉ္စမအကြီးအကဲကို သတ်ပြီးနောက်တွင် လုချင်း၏ မျက်နှာထားမှာ ပိုးမွှားတစ်ကောင်ကို ဖိသတ်လိုက်သကဲ့သို့ အနည်းငယ်မျှပင် ပြောင်းလဲခြင်း မရှိပေ။ သူသည် ဒီနေရာတွင် ဆက်နေရန် ဆန္ဒမရှိတော့။
"သခင်လေးလုကလည်း နောက်နေပါပြီ။ စောစောက ချီမိသားစု ပဉ္စမအကြီးအကဲရဲ့ ခြိမ်းခြောက်မှုက အားကိုးရာမဲ့ပြီး လုပ်မိလုပ်ရာလုပ်ခဲ့တယ်ဆိုတာ သိသာပါတယ်။ ချီမိသားစုက ဖန်ကျိုးကပ်ရောဂါရဲ့ တရားခံအစစ် မဟုတ်ရင်တောင် သေချာပေါက် ပတ်သက်နေမှာပါ။ ကျုပ် ဒီကိစ္စကို စေ့စေ့စပ်စပ် စုံစမ်းပြီး ချီမိသားစုကို တရားဥပဒေကနေ လွတ်မြောက်ခွင့် မပေးပါဘူး"
ဒီစကားကို ကြားလိုက်ရသောအခါ အားလုံး ရင်ထိတ်သွားကြသည်။
ဘုရားရေ မြို့စားမင်း ပြောပုံအရဆိုရင် ချီမိသားစု အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီးသားပုံပါပဲလား။
ပုံမှန်ဆို တရားမျှတပါတယ်ဆိုတဲ့ မြို့စားမင်းက သူ့ရဲ့ မူဝါဒတွေကိုတောင် စွန့်လွှတ်ပြီး ဒီလူငယ်လေးကို မျက်နှာလိုမျက်နှာရ လုပ်နေရအောင် ဒီလူငယ်လေးက ဘယ်သူများလဲ။
"ဒါဆိုရင် ကျွန်တော့်ကိုသွားခွင့်ပြုပါဦး"
လုချင်းက လှည့်လိုက်ပြီး ဟူကျိကျစ်ကို ပြောလိုက်၏။ "မိန်းကလေးဟူ၊ ဦးလေးဟူ၊ ခင်ဗျားတို့ နဂါးပြာမြို့တော်မှာ ဆက်နေလို့ ဖြစ်တော့မယ့်ပုံ မပေါ်ဘူး လောလောဆယ် ကျွန်တော်တို့နဲ့အတူ မြို့ကနေ ထွက်လိုက်ကြမလား"
"ကောင်းပါပြီ"
ဟူကျိကျစ်က တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်သည်။
ဟူလောင်စန်းမှာမူ တစ်ခဏမျှ တုံ့ဆိုင်းနေသော်လည်း ငြင်းဆန်ခြင်း မပြုပေ။ ဒီတစ်ခါ သူတို့ ချီမိသားစုကို လုံးဝ စော်ကားမိသွားပြီ။ ဒီကိစ္စပြီးရင် ချီမိသားစု ပြိုလဲမလား မသိသော်လည်း သူနှင့် သူ့သမီးကတော့ မြို့ထဲမှာ ဆက်နေလို့ မဖြစ်တော့တာ သေချာသည်။ မဟုတ်လျှင် တစ်နေ့နေ့ ကိုယ့်အိမ်မှာတင် အသတ်ခံရနိုင်ပါ၏။
"အဖေ ပစ္စည်းတွေ သွားသိမ်းရအောင်"
ကျုံးကျိုး ခရီးစဉ်အပြီးတွင် ဟူကျိကျစ်သည် အတွေ့အကြုံ ပိုများလာခဲ့ပြီပင်။ ရှိနေသေးသော ကျွမ်းကျင်သူများကို ဂရုမစိုက်ဘဲ ဖခင်ဖြစ်သူကို တွဲကာ အိမ်ထဲဝင်ပြီး ပစ္စည်းသိမ်းရန် ပြင်ဆင်လေသည်။
မကြာမီ သူတို့နှစ်ဦးသည် တန်ဖိုးရှိသော ပစ္စည်းများကို ထုပ်ပိုးပြီး အထုတ်အပိုး အနည်းငယ်ဖြင့် ပြန်ထွက်လာကြ၏။
"သခင်လေးလု ကျွန်မတို့ အဆင်သင့်ပါပဲ"
"ကောင်းပြီ" လုချင်းက ခေါင်းညိတ်ပြီး ထွက်ခွာရန် ပြင်လိုက်၏။ "သွားကြစို့"
"သခင်ကြီးကျီ သခင်လေး ၃ ရှိတဲ့နေရာကို ဒီစာရွက်ပေါ်မှာ ရေးထားပါတယ်ဗျ သူ ဒဏ်ရာအပြင်းအထန် ရထားလို့ သခင်ကြီး မြန်မြန်သွားမှ ဖြစ်မယ် ကြန့်ကြာနေရင် အသက်မမီမှာ စိုးရိမ်ရတယ်" ဟူလောင်စန်းက စာရွက်တစ်ရွက်ကို သခင်ကြီးကျီထံ ပေးရင်း ပြောလိုက်သည်။
သခင်ကြီးကျီအား စာရွက်ကို ပေးပြီးနောက် ဟူလောင်စန်းသည် သူဆယ်စုနှစ်များစွာ နေထိုင်ခဲ့သော ခြံဝင်းလေးကို တစ်ချက်ကြည့်လိုက်ပြီး သမီးဖြစ်သူ၏ တွဲကူမှုဖြင့် လုချင်းနောက်သို့ လိုက်ပါသွားလေတော့၏။
လုချင်းနှင့်အဖွဲ့သည် တစ်ခါမှမရှိသကဲ့သို့နှယ် အမြန် ထွက်ခွာသွားကြရာ မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း တိတ်ဆိတ်နေကြသည်။ ဘယ်သူမှ သူ့ကို တားရဲခြင်း မရှိပေ။
လုချင်း၏ အငွေ့အသက် ပျောက်ကွယ်သွားမှသာ လူတစ်ယောက်က နဂါးပြာမြို့စားမင်းထံ ချဉ်းကပ်လာခဲ့သည်။
"မြို့စားမင်း ကျွန်တော်တို့ သူတို့ကို ဒီတိုင်း ပေးသွားလိုက်တော့မှာလား"
"ဒါဆို မင်းက တားချင်လို့လား"
သက်ပြင်းချကာ စိတ်သက်သာရာ ရသွားသော မြို့စားမင်းက အခြေအနေနားမလည်သော ထိုလူကို စိုက်ကြည့်လိုက်၏။
"မြို့စားမင်း ခင်ဗျားတောင် သတိထားနေရအောင် အဲဒီလူက ဘယ်သူမို့လို့လဲ။ သူက မြို့ထဲမှာ မွေးရာပါနယ်ပယ် တိုက်ပွဲကို စခဲ့ပြီး ချီမိသားစုဝင်တွေကို သတ်ဖြတ်ခဲ့တာတောင် ကျွန်တော်တို့ ဘာမှမလုပ်ခဲ့ဘူး။ မြင့်မြတ်သောတောင်တော်ကသာ တာဝန်ယူခိုင်းရင် ကျွန်တော်တို့ ပြစ်ဒဏ်က လွတ်မှာ မဟုတ်ဘူးနော်"
နောက်တစ်ယောက်က ဝင်ပြောသည်။
"မပူပါနဲ့ မြင့်မြတ်သောတောင်တော်က ငါတို့ကို အပြစ်တင်မှာ မဟုတ်ဘူး" နဂါးပြာမြို့စားမင်း၏ လေသံမှာ ခန့်မှန်းရခက်နေလေ၏။
"ဘာလို့လဲဆိုတော့ အဲဒီလူက မြင့်မြတ်သောတောင်တော် ကိုယ်တိုင်တောင် ရန်မစချင်တဲ့ လူတစ်ယောက်မို့လို့ပဲ"
....
အခန်း ၃၁၈ - မိစ္ဆာကျင့်ကြံသူလမ်းစဉ်နှင့် အဆိပ်ငွေ့အမှတ်အသား
"မြို့စားမင်းကြီး အခုဘာပြောလိုက်တာလဲဗျ"
အားလုံး ကြောင်အသွားကြပြီး နဂါးပြာမြို့စားမင်းဘက်သို့ အကြည့်များ ရောက်သွားကြသည်။ သူတို့က မြို့စားမင်း၏ မျက်နှာပေါ်တွင် ဟာသလုပ်နေသည့် အရိပ်အယောင်များ ရှိမလားဟု ကြည့်ချင်နေကြခြင်းဖြစ်သည်။
ဟာသပဲ ဒီကမ္ဘာပေါ်မှာ မြင့်မြတ်သောတောင်တော်တောင် ရန်မစရဲတဲ့ အင်အားစု ရှိသေးလို့လား။
ဒဏ္ဍာရီလာ လျှို့ဝှက်နယ်မြေကြီးလေးခုတောင်မှ အများဆုံး မြင့်မြတ်သောတောင်တော်နဲ့ ရင်ဘောင်တန်းနိုင်ရုံပဲ ရှိတာလေ။ မြင့်မြတ်သောတောင်တော် ရန်မစရဲလောက်အောင် ခြိမ်းခြောက်နိုင်တဲ့ အဆင့်တော့ ဘယ်ဟုတ်ပါ့မလဲ။
"ငါနောက်နေတယ်လို့မထင်နဲ့။ ဒီသခင်လေးလုက မကြာသေးခင်က မြို့တော်မြတ်မှာ ဘာလုပ်ခဲ့သလဲဆိုတာ မင်းတို့ သိကြရဲ့လား"
နဂါးပြာမြို့စားမင်းက သက်ပြင်းချရင်း ပြောလိုက်၏။
"မြို့တော်မြတ်မှာ ဘာအရေးကြီးကိစ္စ ဖြစ်ခဲ့လို့လဲ"
မြို့စားမင်း စောစောက ပြောခဲ့သည်များကို ပြန်သတိရပြီး အားလုံး၏ စိတ်နှလုံးများ လှုပ်ရှားသွားကြသည်။ မြို့စားမင်း၏ စံအိမ်တွင် အံ့ဖွယ်သိုင်းကွက်တစ်ခု ရှိသည်ကို သူတို့ သိကြပါ၏။ ထိုအရာက မိုင်ပေါင်းထောင်ချီ ဝေးကွာသော မြို့တော်မြတ်နှင့် အတားအဆီးမရှိ ဆက်သွယ်နိုင်ပြီး သတင်းစကားများကို လျင်မြန်စွာ ပေးပို့နိုင်သည်။
ကြည့်ရတာ မြို့စားမင်းကြီး တုန်လှုပ်စရာ သတင်းတစ်ခုခု ရထားပုံပဲ။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကောင်းကင်နဲ့မြေကြီးရဲ့ တာအိုစည်းချက်တွေ နောက်တစ်ကြိမ် မြည်ဟည်းခဲ့တဲ့နေ့မှာ ဒီသခင်လေးလုက မြို့တော်မြတ်မှာ သူ့ရဲ့ ရုပ်ခန္ဓာကိုယ်ကို အသုံးပြုပြီး အတိဒုက္ခတိမ်တိုက်တွေကို ဆင့်ခေါ်ခဲ့တယ်
သူက မိုးကြိုးအတိဒုက္ခ ကိုးချက်ကိုတောင် ခံနိုင်ရည်ရှိခဲ့တယ်လေ။ ကမ္ဘာကြီးပြောင်းလဲပြီး ဝိညာဉ်စွမ်းအင်တွေ ပြန်လည်နိုးထလာချိန်ကစလို့ အတိဒုက္ခကို ဖြတ်ကျော်နိုင်ခဲ့တဲ့ ပထမဆုံးလူ ဖြစ်လာခဲ့တာပေါ့။
အတိဒုက္ခကျော်ပြီးတဲ့နောက်မှာ ရွှမ်ခုန်းဘုရားကျောင်းက မွေးရာပါနယ်ပယ် ဘုန်းကြီးအများကြီးကိုလည်း အင်အားသုံးပြီး သတ်ဖြတ်ခဲ့တယ်လေ။ သူ့ကို တားဆီးဖို့ ဝင်ရောက်စွက်ဖက်တဲ့ တတိယသခင်မြတ်တောင်မှ သူ့ရဲ့ ဓားချက်အောက်မှာ ရှုံးနိမ့်ခဲ့ရတယ်။
သူက မြို့တော်မြတ်တစ်ခုလုံးကို တုန်လှုပ်စေခဲ့ပြီး ဘယ်သူမှ သူ့ရဲ့အစွမ်းကို မယှဉ်ပြိုင်ရဲခဲ့ကြဘူး
နောက်ဆုံးကျတော့ မြင့်မြတ်သောတောင်တော်တောင်မှ သူ့ကို အပြစ်မပေးခဲ့ဘူးလေ။
အဲဒီလို လူမျိုးကို နဂါးပြာမြို့တော်က ရန်စနိုင်မယ်လို့ မင်းတို့က ထင်နေကြတာလား"
ကမ္ဘာကြီးပြောင်းလဲပြီးနောက်ပိုင်း အတိဒုက္ခကို ပထမဆုံး ဖြတ်ကျော်နိုင်သူတဲ့လား။
ရွှမ်ခုန်းဘုရားကျောင်းက ဘုန်းကြီးတွေကို သတ်ပြီး တတိယသခင်မြတ်ကိုတောင် အနိုင်ယူခဲ့တယ်တဲ့လား။
နဂါးပြာမြို့စားမင်း ပြောလိုက်သည့် စကားတစ်ခွန်းချင်းစီက မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများ၏ နှလုံးသားများကို တုန်လှုပ်စေသည်။ အထူးသဖြင့် တတိယသခင်မြတ်ကို အနိုင်ယူခဲ့သည်ဆိုသော အချက်က လူတိုင်းကို နက်ရှိုင်းစွာ တုန်လှုပ်သွားစေခဲ့ပါ၏။
အဘယ်ကြောင့်ဆိုသော် သူတို့၏ စိတ်ထဲတွင် မြင့်မြတ်သောတောင်တော်မှ သခင်မြတ်သုံးပါးသည် ပြိုင်ဘက်ကင်းသော တည်ရှိမှုများ ဖြစ်နေသောကြောင့်ပင်။ ယခုတွင် သူတို့ထဲမှ တစ်ယောက်က လူငယ်လေးတစ်ယောက်၏ လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့သည်ဟု ဆိုနေလေ၏။
ယုံရခက်နေသည်မှာ မဆန်းပေ။
"မြို့စားမင်းကြီး တကယ်ပြောနေတာလား။ အဲဒီသခင်လေးက ကောင်လေးအရွယ်ပဲ ရှိသေးတာကို အဲဒီလောက် ကြောက်စရာကောင်းတဲ့ အစွမ်းတွေ ပိုင်ဆိုင်ထားတာလား"
တစ်ယောက်က မယုံနိုင်စွာ မေးလိုက်သည်။
"မင်းတို့ စောစောက မမြင်လိုက်ဘူးလား မင်းတို့နဲ့ ကျင့်ကြံခြင်းအဆင့်ထက် မနိမ့်တဲ့ ချီမိသားစုခေါင်းဆောင်တောင် အဲဒီလူငယ်လေးရဲ့ တိုက်ကွက်တစ်ခုတည်းနဲ့ အသားစတွေ ဖြစ်သွားတာလေ။ မင်းတို့ထဲက ဘယ်သူက အဲဒီလို သိုင်းကွက်မျိုးကို ခံနိုင်ရည်ရှိလို့လဲ"
လုချင်း ပြသခဲ့သော ထူးဆန်းသည့် သိုင်းကွက်ကို ပြန်သတိရပြီး အားလုံး တိတ်ဆိတ်သွားကြသည်။ ခံနိုင်ရည်ရှိဖို့ မပြောနှင့်၊ လုချင်း ဘယ်လိုစွမ်းအားမျိုး သုံးလိုက်သလဲ ဆိုတာတောင် သူတို့ နားမလည်ခဲ့ကြပေ။
"ဒါ့အပြင် သခင်လေးလုတင် မဟုတ်ဘူး သူ့ရဲ့ဆရာ၊ မင်းတို့ စောစောက မြင်လိုက်ရတဲ့ အဘိုးကြီးကလည်း သာမန်လူ မဟုတ်ဘူး။ မြင့်မြတ်သောတောင်တော်မှာတုန်းက သူက ဓားသိုင်းပိုင်နက်တစ်ခုကို ထုတ်သုံးပြခဲ့ဖူးတယ်။ အဲဒီစွမ်းအားက ပြင်းထန်လွန်းလို့ လျှို့ဝှက်နယ်မြေကြီးလေးခုက ထိပ်တန်းကျွမ်းကျင်သူတွေတောင် အံ့သြခဲ့ရတယ်လေ။
မွေးရာပါနယ်ပယ် အထွတ်အထိပ်အောက်မှာ သူ့ကို ယှဉ်နိုင်တဲ့သူ မရှိဘူးလို့ သူတို့က ပြောခဲ့ကြတယ်။"
ဓားသိုင်းပိုင်နက်လား။
ဒီစကားကို ကြားလိုက်ရတော့ အားလုံး ထပ်ပြီး တိတ်ဆိတ်သွားကြပြန်သည်။
ပိုင်နက်ဆိုတာက သူတို့ အိပ်မက်ထဲမှာပဲ မက်နိုင်တဲ့ အဆင့်အတန်းတစ်ခုလေ။
ပိုင်နက်ကို ပိုင်ဆိုင်ထားသည့် မွေးရာပါနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်က မွေးရာပါနယ်ပယ် အထွတ်အထိပ် ရောက်နေသူတွေထက်တောင် ရှားပါးသေးသည်။ ပြီးတော့ ဓားသိုင်းပိုင်နက် ဆိုတာက ပိုင်နက်တွေ အများကြီးထဲမှာ ဖျက်ဆီးအား အကောင်းဆုံးဟုလည်း ဆိုကြလေ၏။
သာမန်ဟု ထင်ရသော အဘိုးကြီးက အဲဒီလောက် ကြောက်စရာကောင်းသည့် သိုင်းပညာရှင် ဖြစ်နေတာလား။
ယခုမှသာ ဤကျွမ်းကျင်သူများသည် မြို့စားမင်း ဘာကြောင့် စောစောက ဒီလောက် နှိမ့်ချနေရသလဲဆိုတာ နားလည်သွားကြတော့သည်။ ထူးခြားဆန်းကြယ်ပြီး မကောင်းဆိုးဝါး ပါရမီရှင်မျိုးနှင့် ရင်ဆိုင်ရသည့်အခါမျိုး၌ နှိမ့်ချရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။
တစ်ဖက်လူက ရွှမ်ခုန်းဘုရားကျောင်းက လူတွေကိုတောင် သတ်ရဲတယ်ဆိုမှတော့ နဂါးပြာမြို့စားမင်းလောက်ကို သူက ဘယ်ဂရုစိုက်ပါ့မလဲ။ တကယ်လို့ သူသာ စိတ်ဆိုးသွားရင် သူတို့အားလုံး သေလမ်း မြင်နေရပြီ။
ဒါကို တွေးမိတော့ စောစောက နဂါးပြာမြို့စားမင်းအပေါ် ထားခဲ့သည့် အထင်သေးမှုတွေ ချက်ချင်းလက်ငင်းကို ပျောက်ကွယ်သွားတော့လေ၏။ တကယ်တမ်းကျတော့ ကျေးဇူးတင်စိတ်တောင် ဖြစ်မိလာသေးသည်။
ကံကောင်းလို့ မြို့စားမင်းက အဲဒီသခင်လေးလုကို ကျေနပ်အောင် လုပ်ပေးနိုင်ခဲ့လို့ပေါ့။ မဟုတ်ရင် သူတို့ မသိနားမလည်ဘဲနဲ့ အဲဒီလူကို သွားပြစ်မှားမိရင် ဒုက္ခ။
"မြို့စားမင်းကြီး၊ အခု ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ"
တစ်ယောက်က မေးလိုက်သည်။
"ပထမဆုံး ချီမိသားစုကိစ္စကို စေ့စေ့စပ်စပ် စုံစမ်းကြမယ်" နဂါးပြာမြို့စားမင်းက မဲ့ပြုံးပြုံးလိုက်သည်။
"ဖန်ကျိုးကပ်ရောဂါက သတိပေးချက် ဘာမှမရှိဘဲ ရုတ်တရက်ကြီး ဖြစ်ပွားခဲ့လို့ မြင့်မြတ်သောတောင်တော်က သံသယဖြစ်နေပြီးသား။ အခုကြည့်ရတာ နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေတဲ့ပုံပဲ"
အားလုံးက အသက်မဲ့နေသော ချီမိသားစု မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများကို ကြည့်လိုက်ကြပြီး မြို့စားမင်း၏ ဒီအမိန့်က ချီမိသားစု သွားပြီဆိုတာကို ဆိုလိုကြောင်း နားလည်လိုက်ကြသည်။ ချီမိသားစုက တကယ်ပဲ တရားခံ ဟုတ်၊မဟုတ် အရေးမကြီးတော့။ သူတို့က ထိုပုဂ္ဂိုလ်ကို ရန်စမိခဲ့မှတော့ မြို့စားမင်းကလည်း ထိုပုဂ္ဂိုလ်၏ ဒေါသပြေအောင် သူတို့ကို လွယ်လွယ်နှင့် လွှတ်ပေးမှာ မဟုတ်တော့ချေ။
"သခင်ကြီးကျီ ဟူလောင်စန်း ပြောတာတော့ ခင်ဗျားရဲ့သားငယ်ဆီမှာ ချီမိသားစုက ကပ်ရောဂါ ဖြစ်ပွားစေခဲ့တယ်ဆိုတဲ့ သက်သေရှိတယ်ဆိုပဲ။ သက်သေကို သွားယူပေးပါ။ ကျန်တဲ့လူတွေ ငါနဲ့အတူ ချီမိသားစုဆီ လိုက်ခဲ့ကြ။ ချီမိသားစုထဲမှာ ကျန်နေတဲ့ လူတိုင်းကို လောလောဆယ် ဖမ်းဆီးထားမယ်"
နဂါးပြာမြို့စားမင်းက ပြတ်သားသူတစ်ယောက် ဖြစ်သည်။ ဆုံးဖြတ်ချက် ချပြီးသည်နှင့် အမိန့်ပေးလိုက်၏။
"ဟုတ်ကဲ့ နားလည်ပါပြီ"
ဒီလိုအချိန်မျိုးမှာ ဘယ်သူမှ သူ့ကို ဆန့်ကျင်မှာ မဟုတ်ချေ။ အားလုံးက ချက်ချင်းပင် သဘောတူလိုက်ကြ၏။
အထူးသဖြင့် ချီမိသားစုနှင့် အရင်က ပဋိပက္ခ ရှိဖူးသူတွေက ပိုပြီးတော့တောင် စိတ်လှုပ်ရှားနေကြသည်။ ချီမိသားစုက သူတို့၏ မွေးရာပါနယ်ပယ် ကျွမ်းကျင်သူတွေ များပြားခြင်းနှင့် ကြီးမားသော သြဇာအာဏာကို အားကိုးပြီး မြို့ထဲမှာ အမြဲတမ်း ဗိုလ်ကျလေ့ရှိသည်။ မြို့ထဲက အင်အားစုအတော်များများက သူတို့နှင့် ထိပ်တိုက်တွေ့ဖူးကြပါ၏။
ဒီတော့ ချီမိသားစု ပျက်စီးတော့မယ်ဆိုတာ မြင်ရတဲ့အခါကျ ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေမလဲ။
ချက်ချင်းပင် ကျီမိသားစုခေါင်းဆောင်သည် သူ၏ မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများကို ဦးဆောင်ပြီး ဟူလောင်စန်း ပေးလိုက်သော စာရွက်အတိုင်း သူ့အငယ်ဆုံးသားကို သွားခေါ်လေသည်။ ကျန်သည့်လူတွေကတော့ နဂါးပြာမြို့စားမင်း ဦးဆောင်မှုနှင့်အတူ ချီမိသားစုဆီကို ကြီးကျယ်ခမ်းနားစွာ ချီတက်သွားကြလေသည်။
"အဲဒီအချိန်တုန်းက သခင်လေးကျီက ချီမိသားစုရဲ့ ပစ်မှတ်ထားတာကို ခံခဲ့ရတဲ့ပုံပဲ။ ချီမိသားစုက သူ့ကို အဆိပ်ငွေ့အမှတ်အသား တစ်ခုခုနဲ့ အမှတ်အသားလုပ်ထားတယ်လို့ ပြောတယ်။ တကယ်လို့ သူသာ မြို့ထဲဝင်လာရင် သူ့ကို တွေ့သွားမယ့် အန္တရာယ်ရှိရုံတင်မကဘူး အဆိပ်ငွေ့ကို မြို့ထဲ သယ်လာမိပြီး မြို့သူမြို့သားတွေကိုပါ အန္တရာယ် ဖြစ်စေနိုင်တယ်တဲ့။ ဒါကြောင့် သူက မြို့ပြင်မှာပဲ ပုန်းနေနိုင်ခဲ့တာလေ။
ကျွန်တော် မြို့တံခါးမှာ တာဝန်ကျနေတုန်း ကလေးတစ်ယောက်က ရုတ်တရက်ကြီး စာလာပေးခဲ့တာ။ ချီမိသားစုက ရိပ်မိသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ကျွန်တော် အရမ်းသတိထားခဲ့ပေမဲ့ တစ်နည်းနည်းနဲ့ သူတို့ သိသွားကြတယ်လေ"
မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများ ချီမိသားစုဆီ သွားနေစဉ် လုချင်းနှင့် သူ့အဖွဲ့သည်လည်း မြို့တံခါးဘက်သို့ ဦးတည်နေကြသည်။ လမ်းတစ်လျှောက်တွင် ဟူလောင်စန်းက သူတို့မရောက်မီ ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြနေလေ၏။ သမားတော်ကြီး ပေးသောဆေးကို သောက်ပြီးနောက်၌ သူ၏ ဒဏ်ရာများမှာ အတော်အတန် သက်သာသွားပြီး ပြဿနာ မရှိတော့ပေ။
"အဆိပ်ငွေ့တဲ့လား" လုချင်း အတွေးထဲ နစ်မျောသွားသည်။
ခဏကြာတော့ သူက ပြောလိုက်၏။ "ချီမိသားစုက ဦးလေးရဲ့ လှုပ်ရှားမှုတွေကို တွေ့သွားတာက ဦးလေးနဲ့ ဘာမှမဆိုင်လောက်ဘူး။ ပြဿနာက အဲဒီစာမှာ ရှိနေတာ ဖြစ်နိုင်တယ်။"
"စာမှာလား" ဟူလောင်စန်းက နားမလည်နိုင် ဖြစ်သွားလေသည်။
"ဟုတ်တယ် တကယ်လို့ သခင်လေးကျီသာ အဆိပ်ငွေ့အမှတ်အသား အလုပ်ခံထားရတယ်ဆိုရင် သူထိတွေ့လိုက်တဲ့ ဘယ်အရာမဆို အဆိပ်ငွေ့ နည်းနည်းလေးချင်းစီ ကပ်ပါသွားလိမ့်မယ်။ မှေးမှိန်ပေမဲ့ ချီမိသားစုမှာသာ သင့်တော်တဲ့ ဝိညာဉ်လက်နက် ဒါမှမဟုတ် နည်းလမ်းရှိမယ်ဆိုရင် အကွာအဝေး နီးကပ်တာနဲ့ သူတို့ အာရုံခံနိုင်လိမ့်မယ်လေ"
"ဝိညာဉ်လက်နက်လား" ဟူလောင်စန်း ပို၍ပင် မျက်စိလည်သွားတော့၏။
"ထူးခြားတဲ့ စွမ်းအားတွေရှိတဲ့ ပစ္စည်းတစ်ခုခုလို့ မှတ်ယူလို့ရပါတယ်။ ဒါပေမဲ့ သူတို့သုံးတဲ့ ဝိညာဉ်လက်နက်က သိပ်ပြီး အစွမ်းထက်ပုံ မပေါ်ပါဘူး။ မဟုတ်ရင် ချီမိသားစုဝင်တွေ စောစောကတည်းက သုံးမှာပေါ့"
လုချင်းက အတိုချုံး ရှင်းပြလိုက်သော်လည်း သူကိုယ်တိုင်လည်း အတွေးများနေ၏။ ဟူလောင်စန်း ပြောပြချက်အရ သခင်လေးကျီ၏ အခြေအနေမှာ ထင်ထားသည်ထက် ပိုဆိုးရွားနိုင်သည်။
အဆိပ်ငွေ့အမှတ်အသား ဆိုသည်မှာ သာမန်အရာ မဟုတ်ပေ။ မိစ္ဆာကျင့်စဉ်ကို ကျွမ်းကျင်ပိုင်နိုင်ထားသော မိစ္ဆာကျင့်ကြံသူ အစစ်အမှန်ကသာ ပြုလုပ်နိုင်သည်။
စောစောက ချီမိသားစုခေါင်းဆောင်၏ ခေါင်းပေါ်မှ စာတန်းအရ ချီမိသားစုသည် ဖန်ကျိုးကပ်ရောဂါ၏ နောက်ကွယ်မှ လက်သည်ဖြစ်ကြောင်း လုချင်း သိခဲ့ရသည်။ သို့သော် သူတို့အသုံးပြုခဲ့သော နည်းလမ်းအတိအကျကိုတော့ မရှင်းလင်းခဲ့ပေ။ ယခု ဟူလောင်စန်း ပြောတာကို ကြားရတော့ တစ်ခုခု မှားယွင်းနေကြောင်း သူအာရုံခံမိလိုက်ပါ၏။
ဒါကို တွေးမိပြီး သူက ရုတ်တရက် လှမ်းအော်လိုက်သည်။ "ဆရာမာ မြင်းလှည်း ခဏရပ်ပေးပါဦး"
မာကူးက မြင်းလှည်းကို ရပ်လိုက်သည်။
"အားချင်း ဘာဖြစ်လို့လဲ" သမားတော်ကြီးက မေးလိုက်သည်။
"ဆရာ တကယ်လို့ သခင်လေးကျီသာ အဆိပ်ငွေ့အမှတ်အသား အလုပ်ခံထားရတယ်ဆိုရင် ကိစ္စတွေက သိပ်ရိုးရှင်းမှာ မဟုတ်ဘူး" လုချင်း၏ မျက်နှာထားမှာ လေးနက်သွားသည်။
"အဆိပ်ငွေ့အမှတ်အသားကို မိစ္ဆာကျင့်ကြံသူ အစစ်အမှန်ကပဲ ကျင့်ကြံနိုင်တာ။ အဲဒီလို မိစ္ဆာကျင့်ကြံသူတွေက ဘေးအန္တရာယ်နဲ့ ကပ်ဘေးတွေရဲ့ ရှေ့ပြေးနိမိတ်တွေပဲ။ သူတို့သွားတဲ့ နေရာတိုင်းမှာ သေဆုံးခြင်းတွေ လိုက်ပါလာတတ်တယ်။ ပြင်းထန်တဲ့ အခြေအနေမျိုးဆိုရင် ပျက်စီးခြင်းတွေ ယူဆောင်လာပြီး ကပ်ရောဂါတွေ အလွယ်တကူ ပျံ့နှံ့စေတတ်တယ်။"
"မင်းပြောချင်တာက မိစ္ဆာကျင့်ကြံသူတစ်ယောက် ရှိနေတယ်ပေါ့လေ"
သမားတော်ကြီး၏ မျက်နှာထားလည်း ပြောင်းလဲသွားသည်။ လုချင်းက ကျောက်စိမ်းပြားပေါ်တွင် ရေးမှတ်ပေးထားသော ရှေးဟောင်း ကျင့်ကြံခြင်းဂိုဏ်းများနှင့် ပတ်သက်သည့် အချက်အလက်များကို သူဖတ်ဖူးသည်။ ထိုအထဲတွင် မိစ္ဆာကျင့်ကြံသူများအကြောင်း အသေးစိတ် ပါဝင်ပါ၏။ ထို့ကြောင့် မိစ္ဆာကျင့်ကြံသူ အစစ်အမှန်တစ်ယောက်က မည်မျှ ကြောက်မက်ဖွယ် ကောင်းနိုင်ကြောင်း သူသိသည်။
"အားချင်း မင်းပြောချင်တာက မိစ္ဆာကျင့်ကြံသူက ချီမိသားစုထဲမှာ ရှိနေတာလား" သမားတော်ကြီး၏ မျက်နှာထားမှာ တင်းမာသွားသည်။
အကယ်၍သာ အဲဒါသာအမှန်ဆိုရင် လူနေထူထပ်တဲ့ မြို့ကြီးထဲမှာ မိစ္ဆာကျင့်ကြံသူတစ်ယောက် ပုန်းခိုနေတာက နဂါးပြာမြို့သူမြို့သားတွေအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုကြီးပဲ။
"ဖြစ်နိုင်ချေ သိပ်မရှိပါဘူး။ တကယ်လို့ မိစ္ဆာကျင့်ကြံသူသာ မြို့ထဲမှာ ပုန်းနေရင် ကျွန်တော့်အာရုံခံနိုင်စွမ်းကနေ လွတ်မြောက်မှာ မဟုတ်ဘူးလေ" လုချင်းက ခေါင်းခါလိုက်သည်။
ထိုအချက်ကိုတော့ သူ ယုံကြည်မှုရှိသည်။
ဂါထာမန္တန်လမ်းစဉ်နှင့် မွေးရာပါနယ်ပယ်ကို ခြေချလိုက်သည်နှင့် ဝိညာဉ်မန္တန်က 'ယန်မန္တန်' အဖြစ် ပြောင်းလဲသွားသည်။ လုချင်း၏ ဝိညာဉ်စွမ်းအားမှာ အလွန် အားကောင်းလာပြီး အခြား မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများပင် သူ့ကို မော့ကြည့်ရမည့် အခြေအနေဖြစ်သည်။ မြို့ထဲတွင်သာ မိစ္ဆာကျင့်ကြံသူ ရှိနေပါက သူသတိမထားမိအောင် ပြီးပြည့်စုံစွာ ပုန်းအောင်းနေနိုင်ဖို့ မဖြစ်နိုင်ပေ။
ထို့အပြင် အဆိပ်ငွေ့နှင့် အဆိပ်အတောက် နည်းလမ်းတွေကို ကျင့်ကြံသည့် မိစ္ဆာကျင့်ကြံသူဟာ သဘာဝအလျောက် ကံဆိုးခြင်း၏ ဇာစ်မြစ်ဖြစ်နေတတ်ပါ၏။ သူတို့က လူရှုပ်သည့်နေရာတွေမှာ အကြာကြီး မနေနိုင်ကြချေ။ မဟုတ်လျှင် သူတို့၏အငွေ့အသက်တွေ စိမ့်ထွက်ပြီး ကပ်ရောဂါတွေ ပျံ့နှံ့ကာ လူတွေ၏ အာရုံစိုက်မှုကို ခံရတတ်သည်။ မြို့ထဲမှာ မွေးရာပါနယ်ပယ် ကျွမ်းကျင်သူတွေ အများကြီးရှိတော့ သူတို့၏အထောက်အထားကို ဖော်ထုတ်ဖို့ လွယ်ကူနေလိမ့်မည်ပင်။
ထို့ကြောင့် မိစ္ဆာကျင့်ကြံသူ မြို့ထဲမှာ ပုန်းနေဖို့ သိပ်မဖြစ်နိုင်။ ဖြစ်နိုင်ချေ အရှိဆုံးကတော့ မြို့ပြင် တစ်နေရာရာမှာ ပုန်းပြီး တိတ်တဆိတ် ကျင့်ကြံနေတာမျိုး ဖြစ်လိမ့်မည်။
ဒါကို တွေးမိပြီး လုချင်းက ရုတ်တရက် မေးလိုက်၏။ "ဦးလေးဟူ သခင်လေးကျီ ပုန်းနေတဲ့နေရာကို မှတ်မိလား"
ဟူလောင်စန်း လန့်သွားသည်။ "သေချာပေါက် မှတ်မိတာပေါ့ ဒါပေမဲ့ စောစောက ကျီမိသားစုခေါင်းဆောင်ကို ပြောလိုက်ပြီးပြီလေ"
"အချိန်ဖြုန်းလို့မရတော့ဘူး ကျွန်တော်တို့ အရင်သွားရှာကြတာပေါ့ နောက်ကျသွားရင် သခင်လေးကျီရဲ့ အသက်အန္တရာယ် စိုးရိမ်ရတယ်"
"ဒါဆို မြန်မြန်သွားကြစို့"
ဟူလောင်စန်းက အလျင်အမြန် ပြန်ဖြေလိုက်သည်။ သူလည်း သခင်လေးကျီ၏ ဘေးကင်းရေးကို အလွန် စိတ်ပူနေသည်ပင်။
ဘာပဲပြောပြော သူတို့က မြို့တံခါးကို အတူတူ စောင့်ခဲ့ကြဖူးတာပဲလေ။
သခင်လေးကျီက ဘဝအတွေ့အကြုံ ယူဖို့ လာလုပ်တာ ဖြစ်ပေမဲ့ သူတို့ကြားမှာ သံယောဇဉ် ဖြစ်ခဲ့ကြပါဟ။
"မြို့တံခါးက ထွက်တာနဲ့ ဦးလေး လမ်းညွှန်ပေးရုံပဲ"
ထို့နောက် လုချင်းက မာကူးကို မြင်းလှည်း ပြန်မောင်းဖို့ ချက်ချင်း အမိန့်ပေးလိုက်သည်။ မြို့တံခါးမှ ထွက်ခွာပြီး ဟူလောင်စန်း လမ်းညွှန်လိုက်သည်နှင့် လေပြေတစ်ခု တိုက်ခတ်လာကာ မြင်းလှည်းသည် အစိမ်းရောင် အလင်းတန်းအဖြစ် ပြောင်းလဲပြီး အရှေ့သို့ လျင်မြန်စွာ ပြေးထွက်သွားလေသည်။
ဟူလောင်စန်း တစ်ခါမှ ဒီလိုမျိုး မကြုံဖူးပေ။ ပြတင်းပေါက် အပြင်ဘက်မှ ရှုခင်းများ ဝါးတားတား ဖြစ်သွားသည်ကို ကြည့်ပြီး သူ့မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားလေ၏။ မြင်းလှည်း ဘယ်လောက်မြန်မြန် သွားနေသလဲ ဆိုတာ သူ မယုံနိုင်အောင် ဖြစ်နေလေသည်။
မြင်းလှည်း၏ အမြန်ဆုံး အရှိန်ဖြင့် သွားနေသဖြင့် လုချင်းနှင့်အဖွဲ့သည် ဟူလောင်စန်း ပြောသောနေရာသို့ ရောက်ရန် အချိန်သိပ်မကြာလိုက်ပေ။
ထိုနေရာသည် လူသူကင်းမဲ့နေသော တောင်ပေါ်ရွာလေး တစ်ရွာဖြစ်ပြီး နေရာတိုင်းတွင် ပြိုပျက်နေသော နံရံများ ရှိနေကာ စွန့်ပစ်ထားသည်မှာ ကြာပြီဖြစ်ပုံရ၏။
မြင်းလှည်းပေါ်မှ ဆင်းလိုက်သောအခါ၌ ဟူလောင်စန်း ကြောင်အသွားသည်။ သူပြောခဲ့သော နေရာသည် နဂါးပြာမြို့တော်နှင့် မိုင်ပေါင်းများစွာ ဝေးကြောင်း သူသိပါ၏။ သို့သော် သူတို့ မြို့ထဲက ထွက်လာတာ သိပ်မကြာသေး။ ဒီနေရာကို ရောက်ဖို့ ၁၅ မိနစ်တောင် မကြာလိုက်ခဲ့ပါချေ။
ဒီအမြန်နှုန်းက တကယ်ကို ကြောက်စရာ ကောင်းလွန်းလှပါ၏။
"ဦးလေးဟူ ဒီနေရာလား" လုချင်းက မေးလိုက်သည်။
ဟူလောင်စန်း သတိပြန်ဝင်လာပြီး အလျင်အမြန် ခေါင်းညိတ်လိုက်၏။ "ဟုတ်ပါတယ် ဒီရွာက တစ်ချိန်တုန်းက အနာကြီးရောဂါကြောင့် လူတွေအများကြီး သေဆုံးခဲ့ဖူးတဲ့ ကပ်ရောဂါရွာပါ။ကျွန်တော် မြို့စောင့်တပ်နဲ့အတူ ဒီနေရာကို တစ်ခါလာဖူးတယ်ဗျ"
လုချင်း ခေါင်းညိတ်လိုက်သည်။ ရွာထဲတွင် အားနည်းသော အငွေ့အသက်အချို့ ရှိနေကြောင်း သူ အာရုံခံမိနေပြီဖြစ်သည်။ ရွာထဲတွင် လူအချို့ ပုန်းအောင်းနေထိုင်နေကြဆဲ ဖြစ်ပုံရ၏။
အငွေ့အသက်တစ်ခုမှာ အတော်လေး အားကောင်းပြီး သာမန်လူထက် များစွာ သာလွန်နေသဖြင့် သိုင်းသမားတစ်ယောက် ဖြစ်ကြောင်း ထင်ရှားသည်။ ထို့ပြင် ဒီအငွေ့အသက်က ရင်းနှီးသလို ခံစားနေရပါ၏။
အဲ့ဒါက သခင်လေးကျီပဲ။
သို့သော် ဒီအငွေ့အသက်က အခြေအနေ သိပ်မကောင်းလှ။ အားကောင်းလိုက် အားနည်းလိုက် ဖြစ်နေပြီး အသက်ဓာတ်က မှေးမှိန်နေကာ လူနာတစ်ယောက်လို ဖြစ်နေလေသည်။
သူက ချက်ချင်း ပြောလိုက်သည်။ "ကျွန်တော် သခင်လေးကျီရဲ့ အငွေ့အသက်ကို အာရုံခံမိပြီ။ ဝင်ကြရအောင်"
ရွာငယ်လေးသည် ပြိုပျက်နေသော အဆောက်အဦးများဖြင့် ပြည့်နှက်နေသဖြင့် မြင်းလှည်း ဝင်ရန် ခက်ခဲသည်။ ထို့ကြောင့် မာကူးနှင့် ဝေ့ကျိအန်းတို့က မြင်းလှည်းကို စောင့်ရင်း ကျန်ရစ်ခဲ့ပြီး လုချင်းနှင့် အခြားသူများကတော့ ရွာထဲသို့ ဝင်သွားကြသည်။
ရွာထဲ လျှောက်သွားနေစဉ် လမ်းဘေးတစ်ဖက်တစ်ချက်ရှိ ပြိုပျက်နေသော အိမ်များထဲမှ သူတို့ကို ချောင်းကြည့်နေသော မျက်လုံးများကို ခံစားနေရသည်။ သို့သော် ထိုဘက်သို့ လှမ်းကြည့်လိုက်တိုင်း ထိုအကြည့်တွေက ချက်ချင်း ရှောင်ဖယ်သွားကြ၏။
လုချင်းက ၎င်းကို ဂရုမစိုက်ဘဲ သခင်လေးကျီ၏ အငွေ့အသက် အာရုံခံရသော နေရာသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်လေသည်။
ထိုနေရာက ဟောင်းနွမ်းစုတ်ပြတ်နေသော သက်ကယ်တဲအိမ်လေး တစ်လုံးပင်။ လုချင်း တံခါးကို တွန်းဖွင့်လိုက်သောအခါ၌ အထဲမှ အံ့သြသံတစ်ခု ထွက်ပေါ်လာသော်လည်း မိန်းကလေးငယ် တစ်ယောက်၏ အသံဖြစ်သည်။
"ညီမလေး မကြောက်ပါနဲ့။ ကျွန်တော်တို့တွေက ဒီသခင်လေးကို ကယ်ဖို့ လာတာပါ"
တဲအိမ်ထဲတွင် အလင်းရောင် မှိန်ဖျဖျသာ ရှိသော်လည်း အမှောင်ထဲတွင် မြင်နိုင်သော လုချင်းအတွက် ပြဿနာ မဟုတ်ပေ။ သူက ဆယ်နှစ်ဝန်းကျင် မိန်းကလေးတစ်ယောက် သစ်သားတုတ်တစ်ချောင်း ကိုင်ပြီး သူတို့ကို သတိထားကာ ကြည့်နေသည်ကို လျင်မြန်စွာ တွေ့လိုက်ရသည်။ သူမ၏ အနောက်ဘက် သစ်သားခုတင်ပေါ်တွင် လူတစ်ယောက် လဲလျောင်းနေလေ၏။
လုချင်း၏ လေသံက နူးညံ့သိမ်မွေ့သော်လည်း ကောင်မလေးက သူ့ကို မယုံကြည်ကြောင်း ထင်ရှားသည်။ သူမသည် တုတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး လုချင်းနှင့်အဖွဲ့ကို မလှုပ်မယှက် စိုက်ကြည့်နေဆဲပင်။
ထိုအချိန်တွင် အပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာသည်။ စုတ်ပြတ်နေသော အဝတ်အစားများ ဝတ်ဆင်ထားပြီး သစ်သားတုတ်များ၊ သံခက်ရင်းများ ကိုင်ဆောင်ထားသော လူတစ်စု လုချင်းတို့ အဖွဲ့နားသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာကြသည်။
သေချာတာပေါ့။ လုချင်းက ဒီလိုအားနည်းတဲ့ ရွာသားတွေကို ခြိမ်းခြောက်မှုလို့ မသတ်မှတ်ပါဘူး။
သို့ပေမဲ့ သူက ဘာအပိုအလုပ်ကိုမှလည်း မလုပ်ပါချေ။
ထိုအစား သူက လှမ်းခေါ်လိုက်သည်။
"သခင်လေးကျီ နိုးနေပြီလား ကျွန်တော်တို့ ခင်ဗျားကို ကူညီဖို့ ရောက်လာတာပါ"
ဟူလောင်စန်းကလည်း လှမ်းအော်လိုက်သည်။ "သခင်လေးကျီ ကျွန်တော်ပါ။ ဦးလေးဟူလေ သခင်လေးကို ကယ်ဖို့ လူတွေ ခေါ်လာတယ်"
ဟူလောင်စန်း၏ အသံကို ကြားလိုက်ရသောအခါ အထဲတွင် လဲလျောင်းနေသော လူက နောက်ဆုံးတွင် လှုပ်ရှားလာသည်။
အားနည်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ "ရှောင်ရို မကြောက်နဲ့ နောက်ဆုတ်လိုက် သူတို့က ငါ့မိတ်ဆွေတွေပါ ငါတို့ကို ကူညီဖို့ လာကြတာ"
ဒါကိုကြားတော့ ရှောင်ရိုက သစ်သားခုတင်ဘေးသို့ ဖြည်းဖြည်းချင်း ဆုတ်သွားသည်။ အပြင်ဘက်က စုတ်ပြတ်နေသော ရွာသားများလည်း ခြေလှမ်းတန့်သွားကြ၏။
ထိုအခါမှသာ လုချင်းနှင့်အဖွဲ့တို့ တဲအိမ်ထဲသို့ ဝင်သွားကြတော့သည်။ သို့သော် သခင်လေးကျီ၏ ပုံစံကို မြင်လိုက်ရသောအခါ၌ သူတို့ခန္ဓာကိုယ်များ အနည်းငယ် တုန်သွားကြသည်။