← Chapters

အခန်း (၃၁၉-၃၂၀)

Vol. 32 Ch. 319-320

အခန်း (၃၁၉-၃၂၀)

Vol. 32 Ch. 319-320

အခန်း ၃၁၉ - ရောဂါကုသခြင်းနှင့် ကပ်ရောဂါဘူးသီးခြောက်

သက်ကယ်တဲအိမ်လေးထဲတွင် သခင်လေးကျီသည် သစ်သားခုတင်ပေါ်တွင် လဲလျောင်းနေပြီး ခန္ဓာကိုယ်ပတ်လည်တွင် မီးခိုးရောင် အငွေ့အသက်များ ရစ်ပတ်နေကာ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေလေ၏။

အထူးသဖြင့် သူ၏ ဘယ်ဘက်ခြမ်း မျက်နှာနှင့် ဖော်ထားသော ဘယ်ဘက်လက်တွင် ပြည်တည်နေသော အနာများဖြင့် ဖုံးလွှမ်းနေပြီး ကြောက်မက်ဖွယ်ကောင်းသော ပုံစံပေါက်နေသည်။

တစ်ချိန်က တက်ကြွလန်းဆန်းပြီး မာန်ပါသော ဂုဏ်သရေရှိ သခင်လေးတစ်ယောက် ဖြစ်ခဲ့ဖူးသည့် သခင်လေးကျီကို ယခုလို အသက်ငင်နေသည့် ပုံစံဖြင့် မြင်လိုက်ရသောအခါ၌ ဟူလောင်စန်းမှာ ကိုယ့်မျက်လုံးကိုယ်ပင် မယုံနိုင်အောင် ဖြစ်နေရသည်။

ဒါက တကယ်ပဲ မကြာသေးခင်ကမှ အသက်ဓာတ်တွေ ပြည့်ဝနေခဲ့တဲ့ ဂုဏ်သရေရှိ မိသားစုကြီးက သခင်လေးကော ဟုတ်ရဲ့လား။

သခင်လေးကျီက သတိရနေသေးသော်လည်း လုချင်းနှင့် အခြားသူများကို မြင်သောအခါ ခေတ္တမျှ ကြောင်သွားသည်။

"သခင်လေး ၃ နေရထိုင်ရတာ ဘယ်လိုလဲ" ဟူလောင်စန်းက စိုးရိမ်တကြီး မေးလိုက်သည်။

"မသေသေးပါဘူးဗျာ" သခင်လေးကျီက အားမရှိသော အသံဖြင့် ပြန်ဖြေလာ၏။ "ဦးလေးဟူ ဒီလူတွေက ဘယ်သူတွေလဲ"

"ဒါက သခင်လေးလုနဲ့ အဘိုးချန်လေ။ လွန်ခဲ့တဲ့ ရက်နည်းနည်းက မြို့တံခါးမှာ တွေ့ခဲ့ကြသေးတယ်လေ"

သခင်လေးကျီက လုချင်း၏ မျက်နှာကို စိုက်ကြည့်ရင်း အပြင်းအထန် ပြန်စဉ်းစားနေသည်။ နောက်ဆုံးတော့ အမှတ်တရ တချို့ကို သတိရသွား၏။ သို့သော် ဟူလောင်စန်းက ဘာကြောင့် ဒီလူတွေကို ခေါ်လာသလဲဆိုတာ သူ နားမလည်သေးပေ။

သူက ကျီမိသားစုကို အကြောင်းကြားဖို့ လူလွှတ်လိုက်တာ မဟုတ်ဘူးလား။

လုချင်းက တိတ်ဆိတ်နေပြီး သူ့မျက်နှာတွင် အံ့သြသည့် အရိပ်အယောင် အနည်းငယ် ပေါ်လာသည်။

သခင်လေးကျီ၏ ခန္ဓာကိုယ်ထဲတွင် ကပ်ရောဂါအမှတ်အသား စတင် လှုပ်ရှားနေပြီဖြစ်ကြောင်း သူသတိထားမိလိုက်သည်။ လက်နှင့် မျက်နှာပေါ်မှ ပြည်တည်နာများက ဒါကို သက်သေပြနေပါ၏။

သို့ပေမဲ့ ထူးဆန်းတာက အမှတ်အသားက တစ်ဝက်လောက်ပဲ အလုပ်လုပ်ရသေးပြီး ဖိနှိပ်ခံထားရသည်။ ယုတ္တိနည်းအရဆိုရင် ကိုယ်တွင်းအင်္ဂါအဆင့်သာရှိသော သခင်လေးကျီအနေဖြင့် ဤကဲ့သို့ ခုခံနိုင်စွမ်း ရှိမနေသင့်ပေ။

လုချင်းက သူ့၏ နတ်မျက်စိစွမ်းရည်ကို အသုံးပြုပြီး သခင်လေးကျီ၏ ခန္ဓာကိုယ်ကို တိတ်တဆိတ် လေ့လာလိုက်သည်။ မကြာမီမှာပဲ စာတန်းအချို့ ပေါ်လာလေ၏။

【 ကျီဖေး - နဂါးပြာမြို့တော် ကျီမိသားစု၏ တတိယသခင်လေး၊ ဖြောင့်မတ်ပြီး ကြင်နာတတ်သူ။ 】

【 ကျင့်ကြံခြင်းအဆင့် - မွေးဖွားပြီးနယ်ပယ် ကိုယ်တွင်းအင်္ဂါအဆင့်၊ အစပျိုးအဆင့်။ 】

【 မိစ္ဆာကျင့်ကြံသူ၏ ကပ်ရောဂါအမှတ်အသား ကပ်ငြိခံထားရသည်၊ ကပ်ရောဂါက ရိုးတွင်းခြင်ဆီအထိ ထိုးဖောက်ဝင်ရောက်နေသည်။ 】

【 ယခင်က ယွင်မေ့အသီးဖြူကို စားသုံးခဲ့ဖူးသဖြင့် သာမန်လူထက် များစွာပို၍ ခံနိုင်ရည်ရှိသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ 】

ဪ အဲဒါကြောင့်ကိုး။

သခင်လေးကျီ၏ အခြေအနေကို စစ်ဆေးပြီးနောက် လုချင်း၏ မျက်နှာတွင် သဘောပေါက်သွားသော အမူအရာ ပေါ်လာသည်။

သခင်လေးကျီက ကံကောင်းထောက်မစွာဖြင့် ယွင်မေ့အသီးဖြူ ဟုခေါ်သော ရှားပါးသစ်သီးတစ်မျိုးကို စားသုံးခဲ့ဖူးခြင်း ဖြစ်သည်။ ထိုအသီးက သူ၏ ရုပ်ခန္ဓာကို ပြောင်းလဲစေခဲ့ပြီး ကပ်ရောဂါအမှတ်အသား ပေါက်ကွဲထွက်ခြင်းကို ခံနိုင်ရည်ရှိစေခဲ့ခြင်း ဖြစ်၏။

သခင်လေးကျီ၏ မျက်လုံးထဲမှ ဝေခွဲမရဖြစ်နေမှုကို မြင်သောအခါ လုချင်းက ပြုံးလိုက်သည်။

"သခင်လေးကျီ ခင်ဗျားရဲ့ ခန္ဓာကိုယ်မှာ ကပ်ရောဂါအမှတ်အသား ကပ်ငြိနေတယ်။ အခု အမှတ်အသားက အရိုးတွေထဲထိ နက်ရှိုင်းစွာ စွဲမြဲနေပြီး ကပ်ရောဂါစွမ်းအင်တွေ မွေးမြူဖို့ ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ခံစစ်အဖြစ် အသုံးပြုနေတာ။

ကျွန်တော်တို့ အမှတ်အသားကို ဖိနှိပ်ပြီး အပြီးတိုင် ဖယ်ရှားပစ်မှ ရမယ်။

မဟုတ်ရင် အဲဒါ အပြည့်အဝ ပေါက်ကွဲထွက်လာတဲ့အခါကျ ကပ်ရောဂါစွမ်းအင်တွေ ပျံ့နှံ့သွားပြီး ဒီနေရာက ကပ်ရောဂါမြေ ဖြစ်သွားလိမ့်မယ်"

လုချင်း၏ စကားကို ကြားလိုက်ရသောအခါ၌ သခင်လေးကျီ၏ မှေးမှိန်နေသော မျက်လုံးများထဲတွင် မျှော်လင့်ချက် ရောင်ခြည်သန်းလာသည်။ "သခင်လေးလု ကျွန်တော့်ခန္ဓာကိုယ်ထဲက ကပ်ရောဂါအမှတ်အသားကို ဖယ်ရှားပေးမယ့် နည်းလမ်းရှိလို့လား"

"ယုံကြည်မှုတော့ ရှိပါတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ ပူးပေါင်းဆောင်ရွက်မှုတော့ လိုတယ်" လုချင်းက ခေါင်းညိတ်လိုက်သည်။

"ကျွန်တော် ဘာလုပ်ပေးရမလဲ။ ဒီအမှတ်အသားကို ဖယ်ရှားနိုင်ပြီး ပေါက်ကွဲထွက်တာကို တားဆီးနိုင်မယ်ဆိုရင် ကျွန်တော့်အသက် ပေးရရင်တောင် ဘာမဆို လုပ်ပါ့မယ်"

သခင်လေးကျီ၏ မျက်နှာတွင် ပြတ်သားသော အမူအရာ ပေါ်လာသည်။ သူ၏ သန္နိဋ္ဌာန်ကို မြင်သောအခါ၌ လုချင်းက သဘောကျစွာ ခေါင်းညိတ်လိုက်၏။

"ခင်ဗျား သိပ်အများကြီး လုပ်စရာမလိုပါဘူး ကျွန်တော့်ကို ယုံကြည်ပြီး စိတ်ကိုလျှော့ထားပါ။ ကျွန်တော့်ရဲ့ ကုသမှုကို မခုခံပါနဲ့"

"ဒါပဲလား" သခင်လေးကျီ အံ့သြသွားသည်။

"ဒါပါပဲ"

ထို့နောက် လုချင်းက သမားတော်ကြီးဘက် လှည့်ပြောလိုက်၏။ "ဆရာ ကျွန်တော် သခင်လေးကျီဆီက အမှတ်အသားကို ဖိနှိပ်ပြီး ဖယ်ရှားပေးတော့မယ်။ ခဏလောက် တခြားအရာတွေကို အာရုံစိုက်နိုင်မှာ မဟုတ်တော့ဘူး။ တကယ်လို့ တစ်ခုခုဖြစ်ခဲ့ရင် ဆရာ့အကူအညီ လိုအပ်ပါလိမ့်မယ်။"

"အားချင်း၊ တစ်ယောက်ယောက် ရောက်လာနိုင်တယ်လို့ ဆိုလိုတာလား" သမားတော်ကြီးက သူ့စကား၏ အဓိပ္ပာယ်ကို သဘောပေါက်လိုက်သည်။

"အာမတော့မခံနိုင်ဘူး ဒါပေမဲ့ ဒီကပ်ရောဂါအမှတ်အသားက အဲဒါကို ထည့်ပေးလိုက်တဲ့လူနဲ့ ချိတ်ဆက်နေတာလေ။ တကယ်လို့ သူတို့ ဒီနားမှာ ရှိနေရင် ကျွန်တော် အမှတ်အသားကို ဖိနှိပ်လိုက်တဲ့အခါကျ သူတို့ အာရုံခံမိသွားနိုင်တယ်"

"ငါနားလည်ပြီ မင်းက သခင်လေးကျီဆီက အမှတ်အသားကို ဖယ်ရှားဖို့ပဲ အာရုံစိုက်ထား။ ကျန်တာ ငါကြည့်ထားလိုက်မယ်" သမားတော်ကြီးက လေးနက်စွာ ပြောလိုက်၏။

သာမန်ကပ်ရောဂါဆိုရင် သူ့မှာ ကုသဖို့ နည်းလမ်း ရှိကောင်းရှိနိုင်ပေမဲ့ ကျင့်ကြံခြင်းနှင့် သက်ဆိုင်လာရင်တော့ သူ့အရည်အချင်းက အကန့်အသတ် ရှိနေသည်။

"ဦးလေးဟူ သခင်လေးကျီကို အိပ်ရာနဲ့အတူ အပြင်ဘက် သယ်ထုတ်ပေးပါ နေရောင်ခြည်က ကပ်ရောဂါကို ဖိနှိပ်ရာမှာ အထောက်အကူ ဖြစ်စေတယ်။ ဒါပေမဲ့ သူ့ပေါ်က မီးခိုးရောင် အငွေ့အသက်တွေကိုတော့ မထိမိအောင် သတိထားနော်"

ဟူလောင်စန်း၏ အကူအညီဖြင့် လုချင်းနှင့် သူသည် သခင်လေးကျီကို အိပ်ရာပါမကျန် တဲအိမ်အပြင်ဘက်သို့ ရွှေ့ထုတ်လိုက်ကြသည်။ ကောင်မလေးက သစ်သားတုတ်ကို ကိုင်လျက် ဘေးကနေ စောင့်ကြပ်ရင်း သူတို့နောက်မှ လိုက်လာလေ၏။

ထိုအချိန်မှာ ကောင်မလေး၏ မျက်နှာပေါ်တွင် အမာရွတ်များ ပြည့်နှက်နေသည်ကို အားလုံး သတိထားမိလိုက်ကြသည်။ သူမသည် တစ်ချိန်က အနာကြီးရောဂါ ခံစားခဲ့ရဖူးသော မိန်းကလေးတစ်ယောက်ပင်။

တကယ်တော့ စောစောက လုချင်းတို့နား စုဝေးလာကြသော ရွာသားများ၏ မျက်နှာနှင့် လက်များတွင်လည်း အမာရွတ်များ ရှိနေကြပါ၏။ ဒီရွာသားတွေက အတိတ်က အနာကြီးရောဂါ ဖြစ်ပွားမှုကနေ အသက်ရှင်ကျန်ရစ်ခဲ့သူတွေ ဖြစ်ပုံရသည်။

"ညီမလေး၊ ဒီသခင်လေးကို ကုပေးရမှာမို့ နည်းနည်းလောက် နောက်ဆုတ်ပေးနိုင်မလား။ မပူပါနဲ့ အစ်ကိုတို့ သူ့ကို နာအောင်မလုပ်ပါဘူး" ကောင်မလေး၏ သတိထားနေသော မျက်လုံးများကို သတိပြုမိသဖြင့် လုချင်းက နူးညံ့စွာ ပြုံးရင်း ပြောလိုက်သည်။

ကောင်မလေးက မလှုပ်ပေ။

"ရှောင်ရို၊ ရပါတယ်။ သူတို့က ငါ့မိတ်ဆွေတွေပါ ငါ့ကို နာအောင်မလုပ်ပါဘူး" သခင်လေးကျီက ဖြည်းဖြည်းချင်း ပြောလိုက်သည်။

လုချင်းနှင့် သမားတော်ကြီး၏ စကားများကို ကြားလိုက်ရသောအခါ၌ လုချင်းမှာ သူ့ကိုကယ်တင်နိုင်မည့် နည်းလမ်း တကယ်ရှိကြောင်း သခင်လေးကျီ နားလည်လိုက်ပြီး သူ့ရင်ထဲတွင် မျှော်လင့်ချက်များ ကြီးထွားလာတော့သည်။

သေရမှာကို မကြောက်ဘူးဆိုပေမဲ့ အသက်ရှင်တာကတော့ ပိုကောင်းတာပေါ့။

ကောင်မလေးက သခင်လေးကျီကို ကြည့်ပြီးနောက် သစ်သားခုတင်ဘေးမှ ဖြည်းဖြည်းချင်း ဖယ်ပေးလိုက်သည်။ သို့သော် သူမသည် လုချင်းနှင့် အခြားသူများကို ဆက်လက် စောင့်ကြည့်နေဆဲဖြစ်ပြီး စိတ်မချနိုင်သေးသည့်ပုံပင်။

သူမ၏ တုံ့ပြန်မှုကို မြင်သောအခါ လုချင်း နားလည်လိုက်သည်။ သခင်လေးကျီနှင့် ဒီကောင်မလေးကြားမှာ ဇာတ်လမ်းတစ်ခု ရှိပုံရသည်။

ကောင်မလေး ဖယ်ပေးပြီးနောက်၌ လုချင်းသည် ထင်းတစ်ချောင်းကို ကောက်ယူပြီး မြေကြီးပေါ်တွင် သခင်လေးကျီ၏ ဘေးပတ်လည်၌ မန္တန်တစ်ခုကို စတင် ရေးဆွဲလိုက်လေသည်။ သူ၏ လှုပ်ရှားမှုများမှာ လျင်မြန်ပြီး မကြာမီ နက်နဲသောမန္တန်တစ်ခုက မြေကြီးပေါ်တွင် ပေါ်လာကာ သခင်လေးကျီ၏ ခုတင်မှာ အလယ်တည့်တည့်တွင် ရောက်နေသည်။

မန္တန်ရေးဆွဲပြီးနောက်၌ လုချင်းသည် ကျောက်စိမ်းပြား အချို့ကို ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ရာ မြေကြီးထဲသို့ မြုပ်ဝင်သွားပြီး မြေကမ္ဘာစွမ်းအင်ကို စုပ်ယူလိုက်သည်။

နောက်တစ်ခဏတွင် မှိန်ဖျဖျ အလင်းရောင်တစ်ခု ပေါ်လာပြီး လုချင်းနှင့် သခင်လေးကျီ နှစ်ယောက်စလုံးကို လွှမ်းခြုံထားသော အကာအကွယ် အတားအဆီးတစ်ခု ဖြစ်ပေါ်လာသည်။

လုချင်း၏ မသေမျိုး နည်းစနစ်များကို တစ်ခါမှ မမြင်ဖူးသော ဟူလောင်စန်းနှင့် အခြားသူများမှာ ထိုကဲ့သို့ အံ့ဖွယ်မြင်ကွင်းကို ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ အထူးသဖြင့် ရွာသားများက သူတို့သည် နတ်ဘုရား၏ တန်ခိုးပြာဋိဟာကို မြင်တွေ့နေရသည်ဟု ထင်မှတ်ကာ ရိုသေလေးစားစွာဖြင့် ဒူးထောက်လိုက်ကြသည်။

သခင်လေးကျီလည်း ထပ်တူထပ်မျှ အံ့သြနေသော်လည်း သူ့မျှော်လင့်ချက်များ ပို၍ ခိုင်မာလာသည်။ လုချင်း၏ နည်းလမ်းများက ထူးခြားလေလေ၊ သူပျောက်ကင်းနိုင်ခြေ မြင့်မားလေလေ ဖြစ်ပြီး အသက်ရှင်နိုင်ခြေ ပိုများလေလေ ဖြစ်သည်။

သို့သော် လုချင်းမှာ ထိုတုံ့ပြန်မှုများကို ဂရုစိုက်ရန် အချိန်မရှိပေ။ သူ၏ မျက်နှာထားမှာ လေးနက်နေပြီး သခင်လေးကျီကို ကြည့်လိုက်သည်။ သိုင်းကွက်၏ စွမ်းအားကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ သခင်လေးကျီ၏ ခန္ဓာကိုယ်ပေါ်မှ မီးခိုးရောင် အငွေ့အသက်များ စတင် လှုပ်ရှားလာပြီး ကျန်ရှိနေသော တစ်ဖက်ခြမ်းသို့ ဖြည်းဖြည်းချင်း ပျံ့နှံ့လာတော့သည်။

ဒါကိုမြင်တော့ လုချင်းက ချက်ချင်း ချဉ်းကပ်သွားပြီး လက်ချောင်းများဖြင့် မန္တန်လက်ကွက်များ ဖော်ကာ ဝိညာဉ်မန္တန်တစ်ခုကို လျင်မြန်စွာ ဖွဲ့စည်းပြီး သခင်လေးကျီ၏ ခန္ဓာကိုယ်ပေါ်သို့ ဖိချလိုက်သည်။

မန္တန်က သခင်လေးကျီ၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားပြီး မီးခိုးရောင် အငွေ့အသက်များက အစပိုင်းတွင် ခုခံရန် ကြိုးစားလေသည်။ သို့သော် မန္တန်မှ ဖျော့တော့သော အဖြူရောင် အလင်းတန်း ထွက်ပေါ်လာသောအခါ၌ မီးခိုးရောင် အငွေ့အသက်များသည် သေမင်းတမန် ခြိမ်းခြောက်မှုနှင့် ကြုံတွေ့လိုက်ရသကဲ့သို့ နောက်သို့ ဆုတ်သွားကြပြီး မန္တန်ကို သခင်လေးကျီ၏ ရင်ဘတ်ထဲသို့ မြုပ်ဝင်ခွင့် ပေးလိုက်ရတော့၏။

မန္တန် ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ပြောင်းလဲမှုများ ချက်ချင်း ဖြစ်ပေါ်လာသည်။

ခန္ဓာကိုယ် ပတ်လည်တွင် ပျံ့လွင့်နေသော မီးခိုးရောင် အငွေ့အသက်များသည် တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် လျင်မြန်စွာ ကျုံ့ဝင်သွားကာ ဘယ်ဘက်ခြမ်းတွင် စုစည်းသွားကြသည်။

ဒါကိုမြင်တော့ လုချင်းက ပြုံးလိုက်ပြီး နောက်ထပ် လက်ကွက်တစ်ခု ဖော်ကာ မန္တန်အသစ်တစ်ခု ဖွဲ့စည်းပြီး သခင်လေးကျီ၏ ဦးခေါင်းထက်သို့ ဦးတည်လိုက်သည်။ မန္တန်က နဖူးထဲသို့ ဝင်ရောက်သွားသောအခါ၌ ဘယ်ဘက်မျက်နှာမှ မီးခိုးရောင် အငွေ့အသက်များသည် လျင်မြန်စွာ ဆုတ်ခွာသွားပြီး လည်ပင်းအောက်သို့ ထွက်ပြေးသွားကြသည်။

လုချင်း၏ လက်များက မရပ်မနား လှုပ်ရှားနေပြီး မန္တန်များကို ဆက်တိုက် ဖွဲ့စည်းကာ အသုံးပြုနေသည်။ ဒီနည်းအားဖြင့် သူ မန္တန်ငါးခု အသုံးပြုပြီးသောအခါ သခင်လေးကျီ၏ ခန္ဓာကိုယ်ပေါ်မှ မီးခိုးရောင် အငွေ့အသက်များသည် နောက်ဆုံးတွင် နေရာတစ်ခုတည်းသို့ စုစည်းသွားကြတော့၏။

နောက်ဆုံးတွင် ထိုအငွေ့အသက်များသည် နှလုံးအထက်တွင် ထူးဆန်းသော မီးခိုးရောင် အမှတ်အသားတစ်ခုအဖြစ် စုစည်းသွားလေသည်။

ထိုအချိန်၌ပင် ရွာနှင့် မိုင်အနည်းငယ် ဝေးသော ဂူတစ်ခုထဲတွင် တင်ပျဉ်ခွေ ထိုင်နေသော ပုံရိပ်တစ်ခု၏ မျက်လုံးက ရုတ်တရက် ပွင့်လာသည်။

"တစ်ယောက်ယောက်က အဲဒီကျီမိသားစု ကောင်လေးဆီမှာ ငါထည့်ပေးထားတဲ့ ကပ်ရောဂါအမှတ်အသားကို ဖယ်ရှားဖို့ ကြိုးစားနေတာလား"

ထိုလူ၏ ခန္ဓာကိုယ် ပတ်လည်တွင် မီးခိုးရောင် အငွေ့အသက်များ ရစ်ပတ်နေပြီး ကျောဘက်တွင် ကြီးမားသော မီးခိုးရောင် ဘူးသီးခြောက်ကြီးတစ်ခု လွယ်ထားသည်။

"ငါထည့်ပေးထားတဲ့ ကပ်ရောဂါအမှတ်အသားကို ဖယ်ရှားနိုင်တဲ့ စွမ်းရည် ဘယ်သူ့မှာ ရှိလို့လဲ"

ဘူးသီးခြောက်နှင့် ထူးဆန်းသော အမျိုးသား၏ မျက်နှာတွင် သံသယနှင့် မယုံသင်္ကာ ဖြစ်မှုများ ပေါ်လာသည်။ ကျီမိသားစု ကောင်လေးဆီက ကပ်ရောဂါအမှတ်အသားသည် သူ့ကျောပေါ်က ကပ်ရောဂါဘူးသီးခြောက်၏ စွမ်းအားကို အသုံးပြုပြီး ထည့်ပေးထားခြင်း ဖြစ်သည်။

မွေးရာပါနယ်ပယ် အထွတ်အထိပ် ရောက်နေသူတစ်ယောက်တောင်မှ အဲဒါကို ဖယ်ရှားနိုင်စွမ်း မရှိသင့်ဘူးလေ။ အခု အဲဒါကို တစ်ယောက်ယောက်က ဝင်ရောက်စွက်ဖက်နေတယ်ပေါ့။ ဘယ်သူ့မှာများ အဲဒီလို စွမ်းရည်မျိုး ရှိနေတာလဲ။

ထိုလူက တုံ့ဆိုင်းနေသည်။ သူ သွားစစ်ဆေးကြည့်ချင်သော်လည်း သတိလည်း ထားနေမိပါ၏။ ကပ်ရောဂါအမှတ်အသားကို ဝင်ရောက်စွက်ဖက်နိုင်သူသည် သာမန်လူ မဖြစ်နိုင်ပေ။

ရှေးဟောင်း အမွေအနှစ် ရရှိထားသော အခြားကျင့်ကြံသူ တစ်ယောက်လည်း ဖြစ်နိုင်သည်ဟု တွေးမိသည်။ အကယ်၍ အဲဒါသာ အမှန်ဆိုရင် ကိစ္စတွေက ပိုပြီး ရှုပ်ထွေးသွားလိမ့်မည်သာ။

စိတ်ထဲတွင် ရုန်းကန်နေပြီးနောက် ထိုလူက သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ကျီမိသားစု ကောင်လေးမှာ သူ့အတွက် အလွန်အသုံးဝင်သော ထူးခြားသည့် ခန္ဓာကိုယ်မျိုး ရှိသည်။ တကယ်လို့ သူသာ ထိုကောင်လေးကို အဆိပ်ပြင်း ကပ်ရောဂါရုပ်သေးအဖြစ် အောင်မြင်စွာ သန့်စင်နိုင်ခဲ့လျှင် သူ၏ အနာဂတ် ကျင့်ကြံခြင်းအတွက် ကြီးမားသော အထောက်အကူ ဖြစ်လာလိမ့်မည်။ လက်လွှတ်ဆုံးရှုံးခံဖို့ရာ အရေးကြီးလွန်းပါ၏။

ဒါ့အပြင် သူက ကပ်ရောဂါဘူးသီးခြောက်ကို စတင် သန့်စင်နေပြီဖြစ်ပြီး သူ့အင်အားကလည်း အများကြီး တိုးတက်လာခဲ့ပြီပင်။ မွေးရာပါနယ်ပယ် အထွတ်အထိပ် ရောက်နေသူတောင် သူ့ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်တော့မည်။ တကယ်လို့ အခြေအနေ ပြောင်းလဲသွားရင်တောင် သူထွက်ပြေးချင်လျှင် ကမ္ဘာပေါ်မှာ ဘယ်သူမှ သူ့ကို တားဆီးနိုင်မှာ မဟုတ်ဟု သူယုံကြည်ထားပါ၏။

ဒီအတွေးဖြင့် ထိုလူသည် လက်ကွက်ကို ချက်ချင်း ဖော်လိုက်ပြီး သူ့ပတ်လည်ရှိ မီးခိုးရောင် အငွေ့အသက်များကို ဘူးသီးခြောက်ထဲသို့ သိမ်းဆည်းလိုက်ရာ ဖြူဖပ်ဖြူရော် မျက်နှာတစ်ခု ပေါ်လာသည်။

"ငါရွေးထားတဲ့ သားကောင်ကို ဘယ်သူကများ လာထိရဲသလဲဆိုတာ ကြည့်ရသေးတာပေါ့"

ရက်စက်သော အကြည့်ဖြင့် ထိုလူသည် လားရာကို အာရုံခံလိုက်ပြီး ဂူထဲမှ ပျောက်ကွယ်သွားလေသည်။

ထိုလူသည် ရွာဘက်သို့ ဦးတည်လာနေစဉ် လုချင်းဘက်တွင် မမျှော်လင့်ထားသော အခြေအနေတစ်ခု ဖြစ်ပေါ်လာ၏။

ရွာအပြင်ဘက်မှ အသံတစ်သံက ရုတ်တရက် လှမ်းအော်လိုက်သည်။ "ဖေးအာ မင်းဘယ်မှာလဲ။ မင်းအဖေ မင်းကို လာခေါ်ပြီ"

ထို့နောက် အားကောင်းသော အငွေ့အသက်အချို့ ရွာအပြင်ဘက်တွင် ပေါ်လာကြ၏။

"ကျီမိသားစုခေါင်းဆောင် ခဏလောက် စောင့်ပေးပါ"

ထိုအချိန်တွင် မာကူး၏ အသံ ထွက်ပေါ်လာသည်။ ကျီမိသားစုခေါင်းဆောင်၏ အငွေ့အသက်က ချက်ချင်းပင် ရပ်တန့်သွား၏။ မာကူးသည် နဂါးပြာမြို့စားမင်းတောင် ကြောက်ရသည့် သခင်လေးလု၏ မြင်းလှည်းမောင်းသူ ဖြစ်ကြောင်း သူမှတ်မိလိုက်လေသည်။

သူ့နောက်မှ မွေးရာပါနယ်ပယ် ကျွမ်းကျင်သူ အနည်းငယ်လည်း တုန်လှုပ်သွားကြ၏။ မာကူး ရှိနေတယ်ဆိုရလျှင် သူတို့အားလုံး ကြောက်ရသည့် ထိုပုဂ္ဂိုလ်လည်း အနီးအနားမှာ ရှိနေသည် ဆိုသော အဓိပ္ပာယ်ပဲပင်။ မြို့ထဲမှာ ထိုပုဂ္ဂိုလ် ပြသခဲ့သော ကြောက်မက်ဖွယ် နည်းလမ်းတွေကို ပြန်သတိရပြီး သူတို့၏အငွေ့အသက်တွေကို အမြန် ပြန်ရုတ်သိမ်းလိုက်ကာ မဆင်မခြင် မလုပ်ရဲကြတော့ပေ။

ကျီမိသားစုခေါင်းဆောင်က လက်နှစ်ဖက် ယှက်ကာ အရိုအသေပြုလိုက်၏။ "သခင်လေးလုကော ဒီမှာ ရှိနေတာလားဗျ"

"ဟုတ်ပါတယ် ကျွန်တော့်သခင်လေးက အထဲမှာ သခင်လေးကျီကို ကုသပေးနေပါတယ်ဗျ။ သူ့ကို အနှောင့်အယှက် မဖြစ်စေဖို့ ဘာအသံမှ မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်" မာကူးက ပြန်ဖြေသည်။

ဒါကိုကြားတော့ ကျီမိသားစုခေါင်းဆောင် သက်ပြင်းချလိုက်ပြီး စိတ်သက်သာရာ ရသွားသည်။

သူ့သား အသက်ရှင်နေသေးတာပဲ။

သူက ယဉ်ကျေးစွာ ဆက်ပြောလိုက်သည်။ "ကျုပ်သားက သခင်လေးလုရဲ့ အကူအညီကို ရဖို့အထိ ကံကောင်းလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ မိသားစုကိုယ်စား ကျေးဇူးတင်ပါတယ် ကျုပ် ရွာထဲ ဝင်လို့ရမလား"

"အဲဒါက...." မာကူး တုံ့ဆိုင်းနေသည်။ သို့သော် ထိုအချိန်တွင် သမားတော်ကြီး၏ အသံ ထွက်ပေါ်လာသည်။ "သူတို့ကို ဝင်ခွင့်ပေးလိုက်ပါ"

မာကူးက ချက်ချင်း ပြန်ပြောလိုက်၏။ "အဘိုးက ခင်ဗျားတို့ကို ဝင်ခွင့်ပြုလိုက်ပါပြီ"

"ကျေးဇူးတင်ပါတယ်"

မာကူးနှင့် ဝေ့ကျိအန်းတို့သည် မွေးဖွားပြီးနယ်ပယ် အဆင့်သာ ရှိသော်လည်း ကျီမိသားစုခေါင်းဆောင်က သူတို့ကို လိုက်လျောညီထွေစွာ လေးစားမှု ပြသသည်။ သူတို့ကို ဦးညွှတ်ပြီးနောက် သူ့လူများကို ဦးဆောင်ကာ ရွာထဲသို့ ဝင်သွားလေ၏။

ရောက်သွားသောအခါ လုချင်းနှင့် သခင်လေးကျီတို့ သိုင်းကွက် အကာအကွယ် အလင်းတန်းထဲတွင် ရှိနေသည်ကို မြင်လိုက်ရသဖြင့် အံ့သြသွားကြသည်။ တစ်ဖက်တွင် သိုင်းကွက်၏ အံ့ဖွယ်မြင်ကွင်းကြောင့် အံ့သြရပြီး တစ်ဖက်တွင် ကျီဖေး၏ ပုံစံကြောင့် ထိတ်လန့်သွားကြလေသည်။

အထူးသဖြင့် ကျီမိသားစုခေါင်းဆောင်သည် သူ့သားကို ဒီလိုပုံစံနှင့်မြင်လိုက်ရသဖြင့် ရင်ကွဲမတတ် ခံစားလိုက်ရသည်။ ဒီလောက် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားဖို့ သူ့သား ဘယ်လောက်တောင် နာကျင်မှုကို ခံစားခဲ့ရမလဲဆိုတာ သူ မတွေးရဲပေ။

ဒါပေမဲ့ ကံကောင်းတာက သူ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နိုင်ခဲ့သည်။ ဝမ်းနည်းနေသော်လည်း လုချင်းက သူ့သားကို ကုသပေးဖို့ အာရုံစိုက်နေသည်ကို မြင်သဖြင့် မနှောင့်ယှက်ရဲပေ။

သူက သမားတော်ကြီးကို တိတ်တဆိတ် ဦးညွှတ်လိုက်၏။ "အကြီးအကဲကို ဂါရဝပြုပါတယ်"

"ရပါတယ် အားနာစရာ မလိုပါဘူး" သမားတော်ကြီးက ပြန်လည် ဦးညွှတ်လိုက်သည်။ "အားချင်းက ခင်ဗျားသားဆီက ကပ်ရောဂါအမှတ်အသားကို ဖယ်ရှားပေးနေတာပါ။ မကြာခင် အောင်မြင်တော့မှာမို့ စိတ်မပူပါနဲ့"

ကျီမိသားစုခေါင်းဆောင်က ကပ်ရောဂါအမှတ်အသားက ဘာလဲဆိုတာ နားမလည်သော်လည်း စကားပြောပုံအရ အခြေအနေ တိုးတက်နေကြောင်း သူသိလိုက်သည်။ သူ အနည်းငယ် စိတ်အေးသွားပြီး သိုင်းကွက်ထဲမှ အခြေအနေကို စောင့်ကြည့်နေလိုက်၏။

အလင်းတန်း အကာအကွယ်ထဲတွင် လုချင်းသည် သခင်လေးကျီ၏ ခန္ဓာကိုယ်ထဲမှ မီးခိုးရောင် အငွေ့အသက် အားလုံးကို နေရာတစ်နေရာတည်းသို့ စုစည်းပြီး အမှတ်အသားတစ်ခု ဖြစ်လာအောင် ဖိအားပေးနိုင်ခဲ့ပြီဖြစ်သည်။

ဒါပေမဲ့ ဒီလောက်နဲ့ မလုံလောက်သေးဘူး။

ကပ်ရောဂါအမှတ်အသားက နှလုံးအထက်မှာ ရှိနေပြီး နှလုံးသွေးကြောတွေနှင့်ပင် ပေါင်းစပ်လုနီးပါး ဖြစ်နေသည်။

ဒါကြောင့် နောက်တစ်ဆင့် အနေနဲ့ ကပ်ရောဂါအမှတ်အသားကို လုံးဝ ဆွဲထုတ်နိုင်ဖို့ လုချင်းက ပိုပြီး အားစိုက်ထုတ်ရတော့မည်။

ဒါကို တွေးပြီး လုချင်းက သူ့ဝတ်ရုံထဲမှ အပ်အိတ်တစ်ခုကို ထုတ်လိုက်သည်။ သူက ဝိညာဉ်စွမ်းအင်ကို စီးဆင်းစေပြီး သခင်လေးကျီ၏ နှလုံးပတ်လည်တွင် ငွေအပ် ၁၈ ချောင်းကို လျင်မြန်စွာ စိုက်လိုက်၏။ ကပ်ရောဂါအမှတ်အသား ထွက်မပြေးနိုင်အောင် နှလုံးသွေးကြောများနှင့် အမှတ်အသားကို ပိတ်ဆို့လိုက်ခြင်း ဖြစ်သည်။

ထွက်ပေါက် ပိတ်သွားသည်ကို ခံစားလိုက်ရသော ကပ်ရောဂါအမှတ်အသားသည် အန္တရာယ်ကို အာရုံခံမိသကဲ့သို့ ပြင်းထန်စွာ စတင် ရုန်းကန်တော့လေ၏။

မခံမရပ်နိုင်အောင် နာကျင်မှုကြောင့် သခင်လေးကျီခင်မျာ ညည်းညူလိုက်သည်။ သူ့မျက်နှာပေါ်တွင် ချွေးသီးချွေးပေါက်များ ကျလာပြီး ပြည်တည်နာများကို ပို၍ ရုပ်ဆိုးသွားစေသည်။

သခင်လေးကျီ၏ နှလုံးပေါ်မှ ထူးဆန်းသော မီးခိုးရောင် အမှတ်အသားသည် သက်ရှိသတ္တဝါတစ်ကောင်ကဲ့သို့ တွန့်လိမ်နေလေ၏။

ထိုမြင်ကွင်းက ကြည့်နေသူများအား ကျောချမ်းသွားစေသည်။ အထူးသဖြင့် ကျီမိသားစုခေါင်းဆောင်၏ ရင်ထဲတွင် ဓားနှင့် မွှန်းသကဲ့သို့ နာကျင်နေရပါ၏။ သူ့သားနေရာတွင် သူသာ အစားဝင်ခံလိုက်ချင်သည်။

သို့သော် လုချင်းမှာမူ သခင်လေးကျီ၏ မျက်နှာပေါ်မှ နာကျင်မှုကို ဂရုမစိုက်ပေ။ နှလုံးတစ်ခုကဲ့သို့ တွန့်လိမ်နေသော ကပ်ရောဂါအမှတ်အသားကို စိုက်ကြည့်ရင်း သူ့လက်များက ဝိညာဉ်မန္တန်တစ်ခုကို လျင်မြန်စွာ ဖွဲ့စည်းလိုက်သည်။

သူ့လက်ထဲတွင် ဖျော့တော့သော ရွှေရောင်အလင်းတန်း ထွက်ပေါ်နေသည့် မန္တန်တစ်ခု ဖြစ်ပေါ်လာသောအခါ၌ ရှိနေသူများ၏ စိတ်ထဲတွင် ငြိမ်းချမ်းမှုတစ်ခု ဝင်ရောက်လာသည်။

ဆန့်ကျင်ဘက် အနေဖြင့် သခင်လေးကျီ၏ နှလုံးပေါ်မှ ကပ်ရောဂါအမှတ်အသားကတော့ ပို၍ ပြင်းထန်စွာ ရုန်းကန်လာလေသည်။

...

အခန်း ၃၂၀ - ချီမိသားစုရဲ့ စတုတ္ထအကြီးအကဲ၊ သမားတော်ကြီးရဲ့ သတ်ဖြတ်ခြင်းအငွေ့အသက်

လုချင်းက ဖျော့တော့သော ရွှေရောင်အလင်းတန်း ဖြာထွက်နေသည့် မန္တန်တစ်ခုကို ဖွဲ့စည်းလိုက်သောအခါ၌ သခင်လေးကျီ၏ နှလုံးထဲရှိ ကပ်ရောဂါအမှတ်အသားသည် မမြင်ရသော ခြိမ်းခြောက်မှုတစ်ခုကို အာရုံခံမိသကဲ့သို့ ပို၍ ပြင်းထန်စွာ ရုန်းကန်လာလေသည်။

သို့သော် လုချင်းသည် သခင်လေးကျီ၏ နှလုံးသွေးကြောကို ဝိညာဉ်အပ်များဖြင့် ကြိုတင်ပိတ်ဆို့ထားပြီး ဖြစ်သည်။ ကပ်ရောဂါအမှတ်အသား ဘယ်လောက်ပဲ ရုန်းကန်ပါစေ၊ ထွက်ပြေးလို့မရ၊ နေရာပြောင်းလို့လည်း မရပေ။ လုချင်းက မန္တန်ကို သခင်လေးကျီ၏ ရင်ဘတ်ပေါ်သို့ ဖြည်းဖြည်းချင်း ဖိချလိုက်သည်။

မန္တန် နိမ့်ဆင်းလာသည်နှင့်အမျှ ကပ်ရောဂါအမှတ်အသားသည် အန္တရာယ်ကို နောက်တစ်ကြိမ် အာရုံခံမိလိုက်ပြန်၏။ ၎င်းသည် ပိုမိုပြင်းထန်စွာ ရုန်းကန်ရုံသာမက မီးခိုးရောင် အငွေ့အသက်များကို ထုတ်လွှတ်ပြီး မန္တန် ဆင်းမလာနိုင်အောင် တားဆီးရန် ကြိုးစားသည်။

သို့သော် အချည်းနှီးသာပင်။ မီးခိုးရောင် အငွေ့အသက်များသည် မန္တန်၏ ရွှေရောင်အလင်းတန်းနှင့် ထိတွေ့သည်နှင့် တစ်ပြိုင်နက် ပူပြင်းသော နေရောင်အောက်မှ နှင်းများကဲ့သို့ ချက်ချင်း အရည်ပျော်ကျသွားပြီး မန္တန်ကို အနည်းငယ်မျှပင် နှောင့်နှေးစေခြင်း မရှိဘဲ လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။

ဒါကိုမြင်တော့ လုချင်း၏ မျက်နှာပေါ်တွင် အပြုံးနုနု ပေါ်လာသည်။ သူဖွဲ့စည်းလိုက်သော ရွှေရောင်မန္တန်သည် အဆိပ်ငွေ့နှင့် အဆိပ်အတောက်များကို ချေဖျက်နှိမ်နင်းရန် အထူးစီမံထားသော နာမည်ကျော် 'ကောင်းကင်သန့်စင်မန္တန်' ပင်။

ကောင်းကင်သန့်စင်မန္တန်သည် အဆင့်မြင့် မန္တန်တစ်ခုဖြစ်၏။ ရှေးဟောင်း မသေမျိုးကျင့်ကြံခြင်းခေတ်ကာလတွင် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူများသာ သန့်စင်နိုင်လေ့ရှိသည်။ သို့သော် လုချင်းသည် မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်းမှ နက်နဲသော အမွေအနှစ်ကို ကျွမ်းကျင်ထားပြီး ကောင်းကင်အတိဒုက္ခကို ဖြတ်ကျော်ထားသူ ဖြစ်သဖြင့် သူ၏ ဝိညာဉ်မန္တန်များသည် 'ယန်မန္တန်' အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူ၏ ဝိညာဉ်စွမ်းအားသည် သာမန် ကျင့်ကြံသူများထက် များစွာ သာလွန်နေသဖြင့် ကောင်းကင်သန့်စင်မန္တန်ကို သန့်စင်ရန် သူ့အတွက် သိပ်မခက်ခဲလှပေ။

မည်သို့ပင်ဆိုစေကာမူ ကောင်းကင်သန့်စင်မန္တန်နှင့် ကပ်ရောဂါအမှတ်အသားတို့၏ အားပြိုင်မှုကြောင့် သခင်လေးကျီ၏ မျက်နှာမှာ နာကျင်မှုကြောင့် ပို၍ ရှုံ့မဲ့သွားပြီး လုံးဝ တွန့်လိမ်နေသည်။ သူ့အသက်ကို ထိန်းထားရန် လုချင်း ကြိုတင်ထည့်သွင်းပေးထားသော မန္တန်သာ မရှိပါက မခံမရပ်နိုင်အောင် နာကျင်မှုကြောင့် သူသေဆုံးသွားလောက်ပြီသာ။

ကပ်ရောဂါအမှတ်အသားသည် ကောင်းကင်သန့်စင်မန္တန်ကို ခုခံရန် ထူထပ်သော မီးခိုးရောင် အငွေ့အသက်များကို ဆက်လက် ထုတ်လွှတ်နေလေ၏။ အငွေ့အသက်အချို့သည် လေထဲသို့ ပျံ့လွင့်သွားပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ညစ်ညမ်းစေရန် ပြန့်နှံ့သွားလေသည်။

သို့သော် အပြင်ဘက်ရှိ မန္တန်အကာအကွယ် အတားအဆီးက ထွက်ပြေးလာသော အငွေ့အသက်များကို လျင်မြန်စွာ ကြားဖြတ်ဟန့်တားပြီး သန့်စင်ပစ်လိုက်၏။

လုချင်းက ဒါကို မအံ့သြပေ။ ဒီလိုဖြစ်လာနိုင်မှန်း သိ၍ ကာကွယ်ရန် မန္တန်အကာအရံကို သူ အထူးစီစဉ်ထားခြင်း ဖြစ်သည်။ သူက အဆိပ်ငွေ့၏ တိုက်စားမှုကို ခံနိုင်ရည်ရှိသော်လည်း ရွာသားများမှာမူ ကံကောင်းချင်မှ ကံကောင်းမည်။ အကယ်၍ ကပ်ရောဂါအမှတ်အသားသာ ထွက်ပြေးလွတ်မြောက်သွားပါက အခြားသူများဆီသို့ ကူးစက်သွားနိုင်ပြီး ဒုက္ခပိုရောက်စေနိုင်ပါ၏။

ပျံ့လွင့်သွားသော အဆိပ်ငွေ့များ လုံးဝ ပိတ်ဆို့ခံလိုက်ရသည်ကို မြင်သောအခါ၌ လုချင်းလည်း စိတ်အေးသွားတော့သည်။ သူ့စိတ်အာရုံ အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် ဝိညာဉ်စွမ်းအားကို တွန်းပို့လိုက်ရာ ဖြည်းဖြည်းချင်း ဆင်းသက်နေသော ကောင်းကင်သန့်စင်မန္တန်သည် ရုတ်တရက် အရှိန်မြှင့်သွားပြီး သခင်လေးကျီ၏ နှလုံးသွေးကြောပေါ်သို့ လျင်မြန်စွာ ကျရောက်သွားလေသည်။

ရွှေရောင်အလင်းတန်းများ တောက်လောင်လာပြီး ကပ်ရောဂါအမှတ်အသားကို လွှမ်းခြုံကာ ပျော်ဝင်ချေဖျက်ရန် ကြိုးစားလိုက်သည်။ မပျက်စီးလိုသော အမှတ်အသားသည် ပြင်းထန်စွာ ရုန်းကန်ပြီး မကောင်းဆိုးဝါး၏ အော်သံနှင့်တူသော အသံလှိုင်းများကို ထုတ်လွှတ်လိုက်သည်။ ဤထူးဆန်းသော မြင်ကွင်းကြောင့် ဘေးပတ်လည်ရှိ လူအားလုံး ကြောက်လန့်တကြားဖြစ်သွားကြကာ မျက်နှာများပင် ဖြူဖပ်ဖြူရော် ဖြစ်သွားကြတော့၏။

အထူးသဖြင့် ကျီမိသားစုခေါင်းဆောင်၏ မျက်နှာတွင် ထိတ်လန့်မှုနှင့် ဒေါသများ ပြည့်နှက်နေသည်။ ဒီလို မကောင်းဆိုးဝါး အရာတစ်ခုက သူ့သားခန္ဓာကိုယ်ထဲမှာ ကပ်ပါးပြုလုပ်နေချိန်တွင် သူ့သား ဘယ်လို ညှဉ်းပန်းနှိပ်စက်မှုကို ခံစားခဲ့ရမလဲဆိုတာ သူ တွေးပင်မတွေးရဲပေ။

ကံကောင်းစွာဖြင့် ကပ်ရောဂါအမှတ်အသားက ဘယ်လောက်ပဲ အသည်းအသန် ရုန်းကန်ပါစေ၊ ကောင်းကင်သန့်စင်မန္တန်က သူ့ရဲ့ သဘာဝ ရန်သူ ဖြစ်နေသည်။ ရွှေရောင်အလင်းတန်း၏ သန့်စင်မှုအောက်တွင် အမှတ်အသားသည် တဖြည်းဖြည်း ကျုံ့ဝင်သွားပြီး ဖြည်းဖြည်းချင်း ကြိတ်ချေခံနေရ၏။

မကြာမီ ကပ်ရောဂါအမှတ်အသားသည် လက်သည်းခွံ အရွယ်အစားလောက်ထိ ကျုံ့ဝင်သွားပြီး ပျက်စီးလုနီးပါး ဖြစ်နေချိန်တွင် ရုတ်တရက် အပြင်ဘက်မှ မီးခိုးရောင် အလင်းတန်းတစ်ခု ပျံသန်းဝင်ရောက်လာပြီး လုချင်းထံသို့ အရှိန်ပြင်းပြင်းဖြင့် တိုးဝင်လာတော့သည်။

မန္တန် အကာအကွယ် အတားအဆီးကို ဖောက်ဝင်တော့မည့်ဆဲဆဲတွင် အဖြူရောင် ဓားစွမ်းအင်တစ်ခုက ကြားဖြတ်ဟန့်တားလိုက်ပြီး လေထဲတွင်ပင် ပျော်ဝင်ပျောက်ကွယ်သွားစေသည်။

သို့သော် ထိုအချိန်၌ပင် မမြင်ရသော လှိုင်းတစ်ခု ဖြတ်သန်းသွားပြီး သခင်လေးကျီ၏ နှလုံးသွေးကြောထဲရှိ ကပ်ရောဂါအမှတ်အသားသည် အားဖြည့်မှု တစ်စုံတစ်ရာ ရရှိလိုက်သကဲ့သို့ ရုတ်တရက် ဖောင်းပွလာပြီး ပြန်လည် ရုန်းကန်လာသဖြင့် လုချင်းမှာ ၎င်းကို ဆက်လက် ချေဖျက်ရန် ပို၍ အာရုံစိုက်လိုက်ရ၏။

"ဘယ်သူလဲ"

ရုတ်တရက် အပြောင်းအလဲကြောင့် အားလုံး တုန်လှုပ်သွားကြသည်။ အထူးသဖြင့် ကျီမိသားစုခေါင်းဆောင်၏ မျက်နှာတွင် ဒေါသများ ပြည့်နှက်နေပြီး မီးခိုးရောင် အလင်းတန်း လာရာလမ်းကြောင်းကို သတ်ဖြတ်လိုစိတ်ဖြင့် စိုက်ကြည့်နေသည်။

လုချင်းသည် ထူးဆန်းသော အမှတ်အသားကို ဖယ်ရှားရန် အရေးကြီးသော အချိန်ရောက်နေကြောင်း လူတိုင်း မြင်နိုင်သည်။

ဒီအချိန်မှာ နှောင့်ယှက်တာက သူ့သားကို သတ်ဖို့ ကြိုးစားတာပဲလေ။

ကျီမိသားစုခေါင်းဆောင်က ဘယ်လိုလုပ် သည်းခံနိုင်မည်လဲ။

"မဆိုးဘူးပဲ ငါသဘောကျနေတဲ့ 'ဆေးပေါင်းဖို' ကို မင်းက ထိရဲတာ မဆန်းပါဘူး"

ယုတ်မာသော အသံတစ်ခု ထွက်ပေါ်လာပြီး အနီးနားရှိ သက်ကယ်တဲအိမ် ခေါင်မိုးပေါ်တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုလူသည် မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်နှာမှာ သေလူကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်နေကာ ကျောဘက်တွင် မီးခိုးရောင် ဘူးသီးခြောက်ကြီးတစ်ခုကို လွယ်ထားသဖြင့် အလွန် ထူးဆန်းနေသည်။

မီးခိုးရောင် ဝတ်ရုံနှင့် လူကို မြင်လိုက်ရသောအခါ သမားတော်ကြီး၏ မျက်လုံးအိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ ထိုလူထံမှ ထွက်ပေါ်နေသော အငွေ့အသက်မှာ သိပ်မပြင်းထန်သော်လည်း သမားတော်ကြီးသည် သူ့ထံမှ နက်ရှိုင်းသော ခြိမ်းခြောက်မှုကို ခံစားနေရသည်။ ကြည့်ရတာ ဒီလူက အပြင်ပန်း မြင်ရသလောက် မရိုးရှင်းပုံပင်။ သို့သော် ကျီမိသားစုခေါင်းဆောင်မှာမူ ထိုကဲ့သို့ စူးရှသော အာရုံခံစားမှု မရှိပေ။ သူသည် မီးခိုးရောင် ဝတ်ရုံနှင့် လူထံမှ အန္တရာယ်ကို အာရုံမခံမိဘဲ သူ့ကို မှတ်မိလိုက်သောအခါ အံ့သြသွားသည်။

"ချီချန်ဖုန်း မင်းပဲလား"

"ကျီမိသားစုခေါင်းဆောင်ပဲ။ ဘယ်သူများလဲလို့။ မတွေ့တာတောင် ကြာပြီပဲ"

မီးခိုးရောင် ဝတ်ရုံနှင့် လူသည်လည်း ကျီမိသားစုခေါင်းဆောင်ကို မြင်ရသဖြင့် အနည်းငယ် အံ့သြသွားသည်။ ကျီမိသားစုနှင့် ဒီမှာတွေ့ရလိမ့်မည်ဟု ထင်မထားခဲ့ပုံရသည်။ မည်သို့ပင်ဆိုစေကာမူ အံ့သြသွားသော်လည်း သူက မတုန်မလှုပ် ရှိနေဆဲပင်။

သူက အရင်ကလူ မဟုတ်တော့ဘူးလေ။ နဂါးပြာမြို့စားမင်း ကိုယ်တိုင် ရောက်လာရင်တောင် သူက မကြောက်ပါဘူး၊ ကျီမိသားစုခေါင်းဆောင်လောက်ကတော့ ပြောမနေနဲ့တော့။

"ချီချန်ဖုန်း မင်းတကယ်ပဲကိုး မင်းတို့ ချီမိသားစုက ဖန်ကျိုးကပ်ရောဂါ ဖြစ်စေခဲ့ရုံတင်မကဘူး။ ငါ့သားကိုပါ ယုတ်မာတဲ့ မိစ္ဆာအတတ်တွေနဲ့ လုပ်ရဲတယ်ပေါ့လေ။ မင်းသေချင်နေပြီနဲ့ တူတယ်"

ကျီမိသားစုခေါင်းဆောင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ မီးခိုးရောင် ဝတ်ရုံနှင့်လူ၏ စကားများကို သူရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီးနောက်၌ သူ့သားခန္ဓာကိုယ်ပေါ်က ထူးဆန်းသော အမှတ်အသားကို ထိုချီမိသားစု၏ စတုတ္ထအကြီးအကဲက ထည့်ပေးခဲ့တာဆိုတာ နားလည်သွားခဲ့ပြီပင်။

"ဖန်ကျိုးကပ်ရောဂါအကြောင်းကို မင်းက ဘယ်လိုလုပ် သိနေတာလဲ"

အခုတော့ ချီချန်ဖုန်း အံ့သြရမည့် အလှည့် ရောက်သွားပြီဖြစ်၏။

ဖန်ကျိုးကိစ္စကို သူ တော်တော်လေး လျှို့ဝှက်ထားခဲ့တာလေ။ အဲဒါက ချီမိသားစုရဲ့ လက်ချက်ဆိုတာ ဘယ်သူမှ မသိသင့်တဲ့ကိစ္စ။ အောက်က 'ဆေးပေါင်းဖို' ကများ သူ့ကို သစ္စာဖောက်လိုက်တာများလား။

"မင်း ဘယ်သူမှ မသိစေချင်ရင် မလုပ်နဲ့လေ။ ကမ္ဘာကြီးမှာ လုံခြုံတဲ့ နံရံဆိုတာ မရှိဘူး။ နံရံတိုင်းမှာ နားတွေရှိတယ်။

ချီချန်ဖုန်း၊ မင်းတို့ ချီမိသားစုက မင်းတို့ရဲ့ လုပ်ရပ်တွေကို ဖုံးကွယ်ထားနိုင်မယ်လို့ ထင်နေတာလား။ ကောင်းကင်ကြီးကို လှည့်စားလို့ ရမယ်လို့များ တကယ်ထင်နေတာလား။ အမှန်တရားကို ငါပြောပြမယ်။ ဖန်ကျိုးမှာ မင်းတို့ ချီမိသားစု ကျူးလွန်ခဲ့တဲ့ ယုတ်မာတဲ့ ရာဇဝတ်မှုတွေ အကုန် ပေါ်သွားပြီ။

မင်းရဲ့ အစ်ကိုကြီး၊ အစ်ကို ၂နဲ့ ညီလေး ၅တို့ အားလုံး အသတ်ခံလိုက်ရပြီ။ ဪ ပြီးတော့ မင်းရဲ့သားလည်း ပါတယ်။ သူလည်း နေရာမှာတင် အသတ်ခံလိုက်ရတယ်။ အခု နဂါးပြာမြို့စားမင်းက မင်းတို့ ချီမိသားစုကို စစ်ဆေးဖို့ ဦးဆောင်ပြီး သွားနေပြီ။ ငါမင်းကို ပြောလိုက်မယ် မင်းတို့ ချီမိသားစုတော့ သွားပြီပဲ"

ကျီမိသားစုခေါင်းဆောင်သည် စကားလုံးတိုင်းကို အားပါးတရ ပြောလိုက်လေ၏။

"မဖြစ်နိုင်ဘူး"

ဒီစကားများကို ကြားလိုက်ရသောအခါ ချီချန်ဖုန်း၏ ခန္ဓာကိုယ် ယိမ်းယိုင်သွားပြီး သူ့မျက်လုံးထဲတွင် ထိတ်လန့်မှု အရိပ်အယောင်များ ပေါ်လာသည်။ သို့သော် သူက ချက်ချင်း ပြန်လည် တည်ငြိမ်အောင် လုပ်လိုက်ပြီး မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

"မြင့်မြတ်သောတောင်တော်ရဲ့ အမိန့်မပါဘဲ မင်းတို့ ချီမိသားစုကို ရှာဖွေရဲမှာ မဟုတ်ဘူး။ ကျီထင်ထောင်၊ ငါ့စိတ်ကို လှုပ်ရှားအောင်လုပ်ပြီး မင်းအတွက် အခွင့်အရေး ဖန်တီးလို့ရမယ် မထင်နဲ့"

"ဟားဟား မင်းမယုံရင် နဂါးပြာမြို့တော်ကို ပြန်သွားပြီး မင်းတို့ ချီမိသားစု ပျက်စီးသွားပြီလား၊ မပျက်စီးသေးဘူးလားဆိုတာ ကိုယ့်ဘာသာ သွားကြည့်လိုက်လေ။

အဲဒါကလည်း မင်း အသက်ရှင်လျက် ပြန်ရောက်နိုင်မှပါ"

ကျီမိသားစုခေါင်းဆောင် စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူ့လက်ထဲတွင် ဓားရှည်တစ်လက် ပေါ်လာပြီး လေးညှို့မှ လွှတ်လိုက်သော မြှားတစ်စင်းကဲ့သို့ ချီချန်ဖုန်းထံသို့ ပြေးဝင်သွားလေသည်။

သမားတော်ကြီး လန့်သွားပြီး အလျင်အမြန် လှမ်းအော်လိုက်သည်။ "ကျီမိသားစုခေါင်းဆောင် စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။ ဒီလူက မရိုးရှင်းဘူး"

သို့ပေမဲ့ နောက်ကျသွားပြီပင်။ အင်အားအပြည့် ထုတ်သုံးထားသော မွေးရာပါနယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ အမြန်နှုန်းမှာ မယုံနိုင်လောက်အောင် မြန်ဆန်လှ၏။ သမားတော်ကြီး စကားမဆုံးခင်မှာပင် ကျီမိသားစုခေါင်းဆောင်သည် ချီချန်ဖုန်းထံသို့ ရောက်ရှိနေပြီဖြစ်ပြီး သူ့ဓားရှည်သည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များကို ရယူကာ ထိုးစိုက်လိုက်တော့သည်။

သို့သော် ကျီမိသားစုခေါင်းဆောင်၏ ပြင်းထန်သော တိုက်ခိုက်မှုကို ရင်ဆိုင်ရသည့်တိုင် ချီချန်ဖုန်းသည် ထိတ်လန့်သည့် ပုံစံမပြပေ။

သူ့မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ရှိနေဆဲဖြစ်ပြီး ကျီမိသားစုခေါင်းဆောင်၏ ဓားက သူ့ကို ထိခါနီးအချိန်တွင် မီးခိုးရောင် အငွေ့အသက် ကြိုးမျှင်များ ပေါ်ထွက်လာပြီး ဓားကို တင်းကြပ်စွာ ရစ်ပတ်လိုက်ကာ ရပ်တန့်သွားစေသည်။

မီးခိုးရောင် အငွေ့အသက်များသည် အလွန်တရာ တိုက်စားနိုင်စွမ်း ရှိပုံရသည်။ ကျီမိသားစုခေါင်းဆောင်၏ ဓားနှင့် ထိတွေ့လိုက်သည်နှင့် တပြိုင်နက် ဓားသွားပေါ်တွင် အစက်အပြောက်များ ပေါ်လာပြီး ဖြည်းဖြည်းချင်း တိုက်စားခံနေရလေ၏။

"ဘာ"

ကျီမိသားစုခေါင်းဆောင်၏ မျက်နှာတွင် မယုံနိုင်မှုများ ပေါ်လာသည်။

သူ့ဓားကို ပန်းပဲဆရာ အများအပြားက နှစ်ပေါင်းများစွာ ကြာအောင် သွန်းလုပ်ခဲ့ရတာလေ။ သံကိုတောင် ရွှံ့လို ဖြတ်နိုင်တဲ့ ထိပ်တန်း ဝိညာဉ်လက်နက် တစ်ခုလေ။

အဲဒါကို မီးခိုးရောင် အငွေ့အသက် ကြိုးမျှင် နည်းနည်းလောက်က ချက်ချင်း တိုက်စားပစ်လိုက်တာလား။

သူ့ရင်ထဲတွင် နာကျင်မှုရော တုန်လှုပ်မှုပါ ပြည့်နှက်သွားတော့‌လေသည်။

မီးခိုးရောင် အငွေ့အသက် ကြိုးမျှင်များက ဓားပေါ်မှတစ်ဆင့် သူ့လက်မောင်းဆီသို့ အဆိပ်ပြင်းမြွေများကဲ့သို့ တွားသွားလာသည်ကို မြင်သောအခါ၌ ကျီမိသားစုခေါင်းဆောင် တုံ့ဆိုင်းမနေရဲတော့ပေ။ နှမြောသော်လည်း သူ၏ တန်ဖိုးထားရသော ဓားကို လွှတ်ချလိုက်ပြီး အလျင်အမြန် နောက်ဆုတ်လိုက်ရ၏။

"မင်း လွတ်နိုင်မယ်များ ထင်လို့လား"

ချီချန်ဖုန်း၏ မျက်လုံးများ အေးစက်သွားပြီး အတွေးတစ်ချက်ဖြင့် သူ့ကျောပေါ်က ဘူးသီးခြောက်ကြီးထဲမှ မီးခိုးရောင် အလင်းတန်းတစ်ခု ပစ်ထွက်လာကာ နောက်ဆုတ်နေသော ကျီမိသားစုခေါင်းဆောင်ထံသို့ တိုးဝင်သွားတော့၏။

"သွားပြီ။ ငါတော့ သွားပြီ"

လအနည်းငယ်အတွင်းမှာပဲ တစ်ချိန်က သူ့ထက်အားနည်းခဲ့သော ချီချန်ဖုန်းသည် ဤကဲ့သို့ ယုတ်မာပြီး ထူးဆန်းသော နည်းစနစ်ကို ရရှိထားလိမ့်မည်ဟု ကျီမိသားစုခေါင်းဆောင် ထင်မထားခဲ့ပေ။

အရှိန်ပြင်းပြင်း လာနေသော မီးခိုးရောင် အလင်းတန်းထဲမှ သေမင်းတမန် အငွေ့အသက်ကို အာရုံခံမိပြီး လေထဲတွင် ရှောင်တိမ်းရန် ခြေကုပ်မရှိသဖြင့် သူ့မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်လာသည်။

မီးခိုးရောင် အလင်းတန်းက သူ့ကို ရိုက်ချတော့မည့်ဆဲဆဲတွင် အဖြူရောင် ဓားစွမ်းအင်တစ်ခုက သူ့နောက်ကျောဘက်မှ ပျံသန်းထွက်ပေါ်လာပြီး မီးခိုးရောင် အလင်းတန်းကို ထိပ်တိုက် တွေ့ဆုံလိုက်သည်။ ဝုန်းခနဲ အသံနှင့်အတူ စွမ်းအားနှစ်ခုစလုံး လေထဲတွင် ပျောက်ကွယ်သွားကြသည်။

"ကံကောင်းလိုက်တာ"

သေဘေးမှ သီသီလေး လွတ်မြောက်သွားသည်ကို မြင်သောအခါ၌ ကျီမိသားစုခေါင်းဆောင်၏ မျက်နှာ ဝင်းပသွားတော့သည်။ သူသည် လေထဲတွင် ဂျွမ်းတစ်ပတ်ထိုးကာ မြေကြီးပေါ်သို့ လျင်မြန်စွာ ဆင်းသက်လိုက်ပြီးနောက် အလျင်အမြန် နောက်ဆုတ်လိုက်လေ၏။

"မင်းပဲလား"

သူ့ရဲ့ သေချာပေါက် သတ်နိုင်မယ့် တိုက်ခိုက်မှု ပျက်စီးသွားသဖြင့် ချီချန်ဖုန်း အံ့သြသွားပြီး ဓားစွမ်းအင် လာရာဘက်သို့ ချက်ချင်း လှမ်းကြည့်လိုက်သည်။ သူ့ရဲ့ အရင်တုန်းက မီးခိုးရောင် အလင်းတန်းကိုလည်း ဒီဓားစွမ်းအင်ကပဲ တားဆီးခဲ့တာ သူမှတ်မိပါ၏။ သမားတော်ကြီးကို မြင်လိုက်ရသောအခါ၌ သူခေတ္တမျှ ကြောင်သွားသည်။

သမားတော်ကြီး၏ မျက်နှာက စိမ်းနေသည်။

အရင်က တစ်ခါမှ မမြင်ဖူးသလိုပဲ။

"မိသားစုခေါင်းဆောင် အဆင်ပြေရဲ့လား"

ကျီမိသားစုခေါင်းဆောင် ပြန်ရောက်လာသောအခါ ကျီမိသားစု မွေးရာပါနယ်ပယ် ကျင့်ကြံသူများ ဝိုင်းအုံလာကြပြီး စိုးရိမ်တကြီး မေးလာကြသည်။ အခြေအနေက မြန်ဆန်လွန်းလှ၍ သူတို့ ဝင်ကူချိန်‌တောင် မရလိုက်ကြပေ။

"ငါအဆင်ပြေတယ်။ ကျေးဇူးတင်ပါတယ် အကြီးအကဲ။ ကျွန်တော့်အသက်ကို ကယ်ပေးခဲ့လို့ ကျေးဇူးပါဗျာ"

ကျီမိသားစုခေါင်းဆောင် ပြန်ရောက်သည်နှင့် သမားတော်ကြီးကို ဦးညွှတ်ပြီး ကျေးဇူးတင်လိုက်သည်။ စောစောက လှည့်မကြည့်ခဲ့ပေမဲ့ သူ့သားကို ကုသပေးနေသော လုချင်းကလွဲလျှင် ဒီနေရာမှာ သူ့ကို ကယ်နိုင်သည့် အရည်အချင်းရှိတာ သမားတော်ကြီးပဲ ရှိသည်ပင်။

"ဒီလူရဲ့ နည်းလမ်းတွေက ထူးဆန်းတယ်။ သူ့ကို မဆင်မခြင် မတိုက်ခိုက်နဲ့"

သမားတော်ကြီးက စကားအများကြီး မပြောဘဲ ချီချန်ဖုန်းကို စိုက်ကြည့်နေသည်။ ပိုပြီးတိတိကျကျ ပြောရလျှင် ချီချန်ဖုန်း ကျောပေါ်က ဘူးသီးခြောက်ကြီးကိုပေါ့။

ချီချန်ဖုန်း၏ အငွေ့အသက်က သိပ်မပြင်းထန်ပေမဲ့ သူ့ကျောပေါ်က ဘူးသီးခြောက်က သမားတော်ကြီးကို နက်ရှိုင်းသော အန္တရာယ် အငွေ့အသက် ပေးနေလေ၏။ ဒါက လုချင်း သူ့ကို ပြောပြခဲ့ဖူးသော ဝိညာဉ်လက်နက် ဖြစ်လောက်တယ်ဆိုတာ သူ နားလည်လိုက်သည်။

"ဆရာ ကျွန်တော် သခင်လေးကျီဆီက ကပ်ရောဂါအမှတ်အသားကို လုံးဝ ဖယ်ရှားပစ်ဖို့ အချိန်နည်းနည်း လိုသေးတယ်။ ကျေးဇူးပြုပြီး သူ့ကို ခဏလောက် ထိန်းထားပေးပါ"

ထိုအချိန်တွင် လုချင်း၏ အသံက သမားတော်ကြီး၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။

"စိတ်မပူနဲ့ သခင်လေးကျီကို ကုသဖို့ပဲ အာရုံစိုက်ထား" သမားတော်ကြီးက စိတ်ဝိညာဉ်ချင်း ဆက်သွယ်ပြီး ပြန်ပြောလိုက်သည်။

"အဘိုးကြီး၊ ခင်ဗျားက ဘယ်သူလဲ နဂါးပြာမြို့တော်မှာ ခင်ဗျားလိုလူ ရှိပုံမပေါ်ပါဘူး"

ချီချန်ဖုန်းက သမားတော်ကြီးကို မျက်လုံးမှေးကြည့်ရင်း သံသယ ဝင်လာသည်။

အဘိုးကြီးရဲ့ ကျင့်ကြံခြင်းအဆင့်က သူနဲ့တူတူလောက်ပဲ ရှိတယ်လေ။

သို့ပေမဲ့ သူ့ဆီမှာ ဖော်ပြလို့မရသည့် အန္တရာယ် အငွေ့အသက်ကို ခံစားရစေသော အရာတစ်ခုခု ရှိနေသည်။

ထိုအန္တရာယ် အငွေ့အသက်က သူ့စိတ်က လာတာမဟုတ်ဘဲ သူ့ကျောပေါ်မှ ကပ်ရောဂါဘူးသီးခြောက်ဆီက လာသည်ပင်။ ကပ်ရောဂါဘူးသီးခြောက်က သတိပေးချက် ထုတ်ပြန်တယ်ဆိုတာကပဲ ထိုအဘိုးကြီး ဘယ်လောက် အန္တရာယ်များလဲ ဆိုတာ ပြသဖို့ လုံလောက်နေပြီဖြစ်၏။

မသိစိတ်အရ ချီချန်ဖုန်း နောက်ဆုတ်ဖို့ စဉ်းစားလာသည်။ ကျီမိသားစု ကောင်လေးက ရှားပါးတဲ့ 'ဆေးပေါင်းဖို' ဖြစ်ပေမဲ့ သူ့လုံခြုံရေးနှင့် လဲရလောက်အောင်အထိ မတန်ပါ‌ချေ။ ကပ်ရောဂါဘူးသီးခြောက်ကို ပိုင်ဆိုင်ထားသရွေ့ သူစိတ်ရှည်ရှည်နှင့် ကျင့်ကြံလျှင် သူ၏ အနာဂတ် ကျင့်ကြံခြင်းလမ်းစဉ်က အကန့်အသတ်မရှိ ဖြစ်လာမည်သာ။ ဒီလို သေးငယ်သည့် အမြတ်အစွန်းလေးအတွက် သူ့အနာဂတ်ကို စွန့်စားရလောက်အောင်အထိ မတန်ရာ။

"ဒီအဘိုးကြီးက ခရီးသွားတစ်ယောက်ပါပဲ" သမားတော်ကြီး၏ အကြည့်က ချီချန်ဖုန်းဆီမှာပဲ ရှိနေသည်။ "ဒါပေမဲ့ မင်းကျောပေါ်က ဘူးသီးခြောက်က မကောင်းဆိုးဝါး အငွေ့အသက်တွေ ထွက်နေတယ်။ ဖန်ကျိုးကပ်ရောဂါက အဲဒီအရာကြောင့် ဖြစ်ရတာလို့ ငါသံသယရှိတယ်။ ငါပြောတာ ဟုတ်တယ်မဟုတ်လား"

ချီချန်ဖုန်း အနည်းငယ် လန့်သွားပြီး ပြုံးလိုက်သည်။ "အဘိုးကြီး ခင်ဗျားမှာ အမြင်ရှိသားပဲ။ အဲ့လိုဆိုလည်း ဘာဖြစ်လဲ။ ခင်ဗျားလည်း ကျုပ်ဘူးသီးခြောက်ရဲ့ စွမ်းအားကို မြည်းစမ်းချင်လို့လား"

"တကယ်လို့ ဖန်ကျိုးကပ်ရောဂါက မင်းကြောင့် ဖြစ်ရတာ အမှန်ဆိုရင် မင်းကို အရှင်ထားထားလို့ မဖြစ်တော့ဘူး"

သမားတော်ကြီး၏ မျက်နှာထား လေးနက်သွားပြီး မျက်လုံးထဲတွင် အေးစက်သော အလင်းရောင် လက်သွားသည်။ ဖန်ကျိုးကပ်ရောဂါက လူပေါင်း တစ်သောင်းကျော်၏ အသက်ကို တစ်ခဏအတွင်း နှုတ်ယူသွားခဲ့သည်ပင်။ သေဆုံးမှု အရေအတွက် များလွန်းသဖြင့် သူ့လို ပုံမှန်ဆို တည်ငြိမ်တတ်သည့် စိတ်နှလုံး ရှိသူကို‌တောင်မှ သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်လာစေခဲ့ပါ၏။

ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုကို ကျူးလွန်ခဲ့တဲ့သူက အကြိမ်တစ်ထောင်မက သေသင့်တယ်လေ။

ဓားရိုးကို ဆုပ်ကိုင်ရင်း သမားတော်ကြီးသည် ဓားကို အိမ်ထဲမှ ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်တော့၏။ သူက လက်နက် သိပ်မသုံးတတ်ပေမဲ့ သူ့ရှေ့က မီးခိုးရောင် ဝတ်ရုံနှင့်လူက လေးလံသည့် အန္တရာယ်အငွေ့အသက် ပေးနေသဖြင့် ဓားစွမ်းအင် သက်သက်နှင့် မသတ်နိုင်မှာ စိုးရိမ်မိသည်။

သမားတော်ကြီး ဓားကို တစ်လက်မချင်း ဆွဲထုတ်လိုက်သည်နှင့်အမျှ မယုံနိုင်လောက်အောင် စူးရှသော အငွေ့အသက်များက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ဘေးပတ်လည်ရှိ လူအားလုံးကို မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားစေသည်။

"ဒီဓားအသိက....."

ကျီမိသားစု မွေးရာပါနယ်ပယ် ကျင့်ကြံသူများသည် သမားတော်ကြီးကို ကြောက်ရွံ့စွာ ကြည့်နေကြသည်။ အဘိုးကြီးဆီက ထွက်ပေါ်လာသော ဓားအသိသည် သန့်စင်ပြီး နက်ရှိုင်းလွန်းသဖြင့် ဝါရင့်ကျင့်ကြံသူများ ဖြစ်ကြသော သူတို့ပင် လေးလံသော ဖိအားကို ခံစားနေရပါ၏။ အထူးသဖြင့် ဓားသိုင်း လေ့ကျင့်သော ကျီမိသားစုခေါင်းဆောင်၏ ရင်ထဲတွင် တုန်လှုပ်မှုများ ပြည့်နှက်နေသည်။

သမားတော်ကြီးထံမှ ထွက်ပေါ်နေသော ဓားအသိသည် ကျယ်ပြောပြီး အဆုံးအစ မရှိပုံရကာ သူနားလည်သဘောပေါက်ထားသော ဓားအသိ အနည်းငယ်မှာ ထိုအရာနှင့် ယှဉ်လျှင် ဘာမှ မဟုတ်တော့သလို ခံစားရစေ၏။

"ကြောက်စရာကောင်းလိုက်တဲ့ ဓားအသိပါလား"

တစ်ဖက်တွင် ချီချန်ဖုန်းသည်လည်း သမားတော်ကြီး၏ ဓားအသိကြောင့် တုန်လှုပ်သွားသည်။ သူက ဓားအသိ၏ ပြင်းအားကြောင့် အံ့သြရုံတင်မကဘဲ သူ့ကျောပေါ်က ကပ်ရောဂါဘူးသီးခြောက်ဆီက ပြင်းထန်သော သတိပေးချက်ကြောင့်ပါ အံ့သြနေရလေသည်။ သူ့ရှေ့က အဘိုးကြီးမှာ သူတို့ကို ခြိမ်းခြောက်နိုင်သော စွမ်းအား ရှိနေတာ ထင်ရှားပါ၏။

"ဆုတ်မယ်"

ကပ်ရောဂါဘူးသီးခြောက်ဆီက ပိုမိုပြင်းထန်လာသော သတိပေးချက်များကို အာရုံခံမိပြီးနောက်၌ ချီချန်ဖုန်း ဆုံးဖြတ်ချက်ချရန် မတုံ့ဆိုင်းတော့ပေ။ အတွေးတစ်ချက်ဖြင့် သူ့ကျောပေါ်က ဘူးသီးခြောက်သည် မီးခိုးရောင် အငွေ့အသက် အများအပြားကို စတင် ထုတ်လွှတ်လိုက်တော့သည်။ ထိုအငွေ့အသက်များသည် သူ့ပုံရိပ်ကို ဖုံးကွယ်လိုက်ရုံသာမက ရှိနေသူ အားလုံးကိုပါ လွှမ်းခြုံရန် လျင်မြန်စွာ ပျံ့နှံ့သွားသည်။

ထိုအချိန်၌ပင် ချီချန်ဖုန်း၏ ပုံရိပ်သည် မီးခိုးရောင် အငွေ့အသက်များထဲတွင် ရောနှောသွားပြီး လျင်မြန်စွာ ဆုတ်ခွာလိုက်တော့၏။

သမားတော်ကြီးသည် ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု ထင်မှတ်ပြီး ကြင်နာတတ်သော စိတ်ရှိသူ ဖြစ်ပုံရကြောင်း သူသတိထားမိသည်။ သူက တခြားသူတွေကို ကယ်မှာလား သူ့ကို တားမှာလား ဆိုတာ ကြည့်ချင်သေးပါ၏။

"မင်း ထွက်ပြေးလို့ ရမယ်ထင်နေတာလား"

သမားတော်ကြီးသည် ချီချန်ဖုန်း၏ အငွေ့အသက်ကို ချိန်ရွယ်ထားပြီးသား ဖြစ်သည်။ တစ်ခဏအတွင်းမှာပင် သူ့ရည်ရွယ်ချက်ကို မြင်လိုက်သည်။ သူ့မျက်လုံးများ ပြူးကျယ်သွားပြီး အတွေးတစ်ချက်ဖြင့် ထူးဆန်းသော အငွေ့အသက်တစ်ခုက သူ့ခန္ဓာကိုယ်မှ ပျံ့နှံ့သွားကာ အချင်းဝက် မီတာပေါင်းများစွာအထိ လျင်မြန်စွာ ကျယ်ပြန့်သွားပြီး မီးခိုးရောင် အငွေ့အသက် အားလုံးကို လွှမ်းခြုံလိုက်သည်။

နောက်တစ်ခဏတွင် မရေမတွက်နိုင်သော သေးငယ်သည့် အဖြူရောင် ဓားစွမ်းအင်များ လေထဲတွင် ရုတ်တရက် ပေါ်ပေါက်လာပြီး မီးခိုးရောင် အငွေ့အသက်များကို ပိုင်းဖြတ်လိုက်ကြသည်။

ထို့နောက် 'ပိုင်နက်' ပေါ်ထွက်လာပြီး ဓားစွမ်းအင်များ မွေးဖွားလာပြီပင်။

သမားတော်ကြီး၏ ဓားသိုင်းပိုင်နက် ဖြန့်ကျက်လိုက်သည်နှင့် ချီချန်ဖုန်း ဆင့်ခေါ်ထားသော မီးခိုးရောင် အငွေ့အသက်များသည် လျင်မြန်စွာ ဆုတ်ခွာသွားကြတော့သည်။ ချက်ချင်းပင် သမားတော်ကြီး၏ ပုံရိပ်သည် လျှပ်စီးလက်သကဲ့သို့ ရှေ့သို့ ပြေးထွက်သွားပြီး ဒီရေလှိုင်းတစ်မျှ ကြီးမားသော ဓားစွမ်းအင်များကို သယ်ဆောင်လျက် ချီချန်ဖုန်းထံသို့ တိုးဝင်သွားလေသည်။

"ဒါ မဖြစ်နိုင်ဘူး"

နောက်ဆုတ်နေသော ချီချန်ဖုန်းခင်မျာ ရုတ်တရက် မျက်လုံးများပင် ပြူးကျယ်သွားပြီး ထိတ်လန့်တုန်လှုပ်သွားတော့လေသည်။

All Chapters