အခန်း (၃၂၃-၃၂၄)
Vol. 33 Ch. 323-324
အခန်း ၃၂၃ - နှစ်ပေါင်းသောင်းချီ အသက်ရှင်ကျန်ရစ်ခဲ့သော တည်ရှိမှု၊ ညှိနှိုင်းမှုနှင့် ခြိမ်းခြောက်မှုများ
နေ့လယ်ပိုင်းတွင် မာကူးသည် သစ်တောအုပ်တစ်ခုကို ရှာပြီး မြင်းလှည်းကို ရပ်လိုက်သည်။ ထိုအချိန်တွင် လုချင်းသည် အနီးနားရှိ ကျောက်တုံးကြီးတစ်တုံးကို ရှာဖွေပြီး ခုန်တက်ကာ တင်ပလ္လင်ခွေ ထိုင်လိုက်သည်။
ထို့နောက် သူ့စိတ်အာရုံသည် ချီအိတ်အတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားသည်။
သမားတော်ကြီးက ဘေးတွင် ရပ်ကာ သူ့ကို စောင့်ကြပ်ပေးနေသည်။
ယခုအချိန်တွင် ချီအိတ်အတွင်း၌ ကပ်ရောဂါဘူးသီးခြောက်သည် ချုပ်နှောင်မှုမှ လွတ်မြောက်ရန် ကြိုးပမ်းသည့်အနေဖြင့် စွမ်းအားလှိုင်းများ ထုတ်လွှတ်နေသည်။
သို့သော် ချီအိတ်သည် ဟင်းလင်းပြင်နှင့် လေဓာတ်သဘာဝများနှင့် ချိန်ညှိထားသော ဝိညာဉ်လက်နက်တစ်ခု ဖြစ်သည့်အားလျော်စွာ ၎င်း၏ အပြင်းထန်ဆုံး စွမ်းရည်တစ်ခုမှာ ဖိနှိပ်ခြင်းနှင့် ချုပ်နှောင်ခြင်း ဖြစ်၏။
ကပ်ရောဂါဘူးသီးခြောက်ကိုယ်တိုင်က ပျက်စီးနေပြီး ပိုင်ရှင်မဲ့ဖြစ်ကာ ထိန်းချုပ်ရန် သို့မဟုတ် အသက်သွင်းရန် မည်သူမျှ မရှိသည့်အတွက် အခြေအနေ ကောင်းမွန်နေလျှင်ပင် ပြင်ပအကူအညီ မပါဘဲ လွတ်မြောက်ရန် ရုန်းကန်ရမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ လုချင်းသည် ချီအိတ်အတွင်း၌ ပစ္စည်းအများအပြား သိမ်းဆည်းထားပါ၏။ သူ စတင်ထည့်သွင်းစဉ်က ကပ်ရောဂါဘူးသီးခြောက်ကို သီးခြားနေရာတစ်ခုတွင် ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်ထားခဲ့သော်လည်း ၎င်းသာ သောင်းကျန်းလာပါက အတွင်းရှိ အခြားပစ္စည်းများကို ထိခိုက်ပျက်စီးစေနိုင်သည်ပင်။
"အဘိုးကြီး၊ ခင်ဗျားရဲ့ အားအင်တွေကို မဖြုန်းတီးပါနဲ့။ ကျွန်တော့်ရဲ့ ရတနာအိတ်ထဲမှာ ခင်ဗျား ဘာပြဿနာမှ ရှာနိုင်မှာ မဟုတ်ဘူး"
လုချင်း၏ စိတ်အာရုံ ဝင်ရောက်လာသည်နှင့် ချီအိတ်အတွင်းရှိ ဖိနှိပ်စွမ်းအားများ ရုတ်တရက် တိုးလာတော့သည်။
အနည်းငယ် ရုန်းကန်နေသော ကပ်ရောဂါဘူးသီးခြောက်သည် ချက်ချင်းပင် ဖိချခံလိုက်ရပြီး လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
လွတ်မြောက်ရန် မျှော်လင့်ချက် မရှိတော့သည်ကို မြင်သောအခါ၌ ကပ်ရောဂါဘူးသီးခြောက်သည် ရုန်းကန်ခြင်းကို ရပ်တန့်လိုက်ပြီး ငြိမ်သက်သွားလေသည်။
သို့သော် သက်မဲ့ပစ္စည်း ဖြစ်သွားသကဲ့သို့ တိတ်ဆိတ်နေလေ၏။
လုချင်းက ဝိညာဉ်စွမ်းအားလှိုင်းတစ်ခု ပို့လွှတ်လိုက်သည်။ "အဘိုးကြီး၊ စောစောက ခင်ဗျားက ကျွန်တော်အာရုံစိုက်လာအောင်လို့ အသည်းအသန် ရုန်းကန်နေတာလေ။ အခုကျမှ ဘာလို့ သေချင်ယောင်ဆောင်နေတာလဲ"
ကပ်ရောဂါဘူးသီးခြောက်သည် လုချင်း၏ စကားကို မကြားသကဲ့သို့ တိတ်ဆိတ်နေဆဲပင်။
ထိုအရာကို မြင်သောအခါ လုချင်းက သူ့ကို အလိုလိုက်မနေတော့ပေ။
"ခင်ဗျားက သေချင်ယောင်ဆောင်ဦးမယ်ဆိုရင်တော့ ဒီထဲမှာ ဆယ်နှစ်၊ နှစ်ဆယ်လောက် ပိတ်လှောင်ခံထားလိုက်တော့"
ထိုသို့ပြောပြီးနောက် သူ၏စိတ်အာရုံကို ပြန်ရုတ်သိမ်းရန် ပြင်လိုက်လေတော့၏။
ထိုအချိန်တွင် ကပ်ရောဂါဘူးသီးခြောက်အတွင်းမှ တည်ရှိမှုသည် ဆက်လက်တိတ်ဆိတ်မနေနိုင်တော့ပေ။
လုချင်းက သူ့ကို ဒီနေရာတွင် ဆယ်နှစ်၊ နှစ်ဆယ်လောက် တကယ် ပိတ်လှောင်ထားလိုက်လျှင် ဝိညာဉ်စွမ်းအင် အာဟာရ မရရှိဘဲ သူ၏ ဝိညာဉ်အစစ်အမှန်သည် တကယ်ပင် ပျက်စီးသွားပေလိမ့်မည်။
နှစ်ပေါင်းသောင်းချီ သည်းခံစောင့်ဆိုင်းခဲ့ပြီးနောက် ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထလာသည့် နေ့ရက်သို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီဖြစ်ရာ သူ့ကြိုးစားမှုများကို အချည်းနှီး အဖြစ်မခံနိုင်ပေ။
"နေပါဦး လူငယ်လေး၊ ငါတို့ ဖြည်းဖြည်းချင်း ဆွေးနွေးလို့ ရပါတယ်။ ဒီလောက် အလျင်လိုစရာ မလိုပါဘူး"
"အဘိုးကြီး၊ ခင်ဗျား စကားပြောဖို့ ဆုံးဖြတ်လိုက်ပြီပေါ့" လုချင်း အပြုံးပျော့ပျော့လေး ပြုံးလိုက်သော်လည်း သူ့လေသံမှာ ဖော်ရွေခြင်း မရှိပေ။ "ခင်ဗျားက မာန်တက်လွန်းလို့ သေချင်ယောင်ဆက်ဆောင်နေဦးမယ် ထင်တာ"
"လူငယ်လေး၊ ဒီလောက် ရန်လိုနေစရာ မလိုပါဘူး။ ငါက မင်းနဲ့ ရန်ငြိုးမရှိပါဘူး၊ ဒါပေမဲ့ မင်းကတော့ ဒီလောက် ရန်လိုတဲ့ စကားလုံးတွေ ဆက်ပြောနေတုန်းပဲ။ ဒါက ကျင့်ကြံသူတစ်ယောက်ရဲ့ အမူအကျင့် မဟုတ်ဘူးမလား"
"ရန်ငြိုးမရှိဘူး ဟုတ်လား" လုချင်း အေးစက်စွာ ရယ်မောလိုက်၏။ "အဘိုးကြီး၊ ခင်ဗျားက ဒီဘူးသီးခြောက်အပျက်ထဲမှာ ပိတ်မိနေတာ ကြာလွန်းလို့ ဦးနှောက်ကကောင်းကောင်းအလုပ်မလုပ်တော့တာလား။ စောစောက ခင်ဗျားပဲ ကျွန်တော်တို့ကို ဆန့်ကျင်တိုက်ခိုက်နေတာ မဟုတ်ဘူးလား၊ ကျွန်တော့်ဆရာကိုတောင် ဒဏ်ရာရလုနီးပါး ဖြစ်စေခဲ့တာလေ"
"အဲဒါက မလွှဲသာမရှောင်သာလို့ပါကွာ။ ငါက မင်းရဲ့ရန်သူ မဖြစ်ချင်ပါဘူး၊ ဒါပေမဲ့ ဝိညာဉ်လက်နက်တစ်ခုအနေနဲ့ ငါ့လုပ်ရပ်တွေက ငါ့သဘော မဟုတ်ဘူးလေ။ ငါ့အသက်နဲ့ သေခြင်းက ငါ့သခင်ရဲ့ စိတ်အလိုအတိုင်းပဲ။ အဲဒီ ချီချန်ဖုန်းက မင်းနဲ့ ရန်သူဖြစ်ချင်တာ၊ ဝိညာဉ်လက်နက်သက်သက်ဖြစ်တဲ့ ငါက ဘယ်လိုလုပ်ပြီး သူ့အမိန့်ကို မနာခံဘဲ နေနိုင်မှာလဲ" ဘူးသီးခြောက်အတွင်းမှ တည်ရှိမှုက သက်ပြင်းချလိုက်သည်။
"ဟုတ်လား" လုချင်း၏ အေးစက်သော အပြုံးက ပိုပြီးနက်ရှိုင်းသွားလေ၏။ "ခင်ဗျားက အပြစ်ကင်းချင်ယောင်ဆောင်တဲ့နေရာမှာ တော်သားပဲ၊ ဒါပေမဲ့ ကပ်ရောဂါသရဲအိုကြီး၊ ဘယ်သူမှ ခင်ဗျားကို ထိုးဖောက်မမြင်နိုင်ဘူးလို့ တကယ် ထင်နေတာလား။
ခင်ဗျားက ကိုယ့်ခန္ဓာကိုယ်ကို စွန့်လွှတ်ပြီး ကိုယ့်ရဲ့ဝိညာဉ်လက်နက်ရဲ့ အသက်ဝိညာဉ်ကိုတောင် သိမ်းပိုက်ခဲ့တယ်လေ၊ ဝိညာဉ်စွမ်းအင် ပြန်ပြီးနိုးထလာမယ့်အချိန်ကို စောင့်ဆိုင်းဖို့ နှစ်ပေါင်းသောင်းချီ အသက်ရှင်နေခဲ့တာ။ သာမန် မွေးရာပါနယ်ပယ် ကျင့်ကြံသူလေးတစ်ယောက်ကို ခင်ဗျားကို သန့်စင်ခွင့် လိုလိုလားလား ပေးလိုက်မယ်လို့ တကယ် ယုံကြည်စေချင်တာလား။ ကျွန်တော့်အမြင်မှာတော့ ချီချန်ဖုန်းက ခင်ဗျား ကြိုးဆွဲရာကတဲ့ ရုပ်သေးရုပ်လေးတစ်ရုပ်ပဲ။
ခင်ဗျားက သူ့ကို သန့်စင်ခွင့်ပြုသယောင် ဟန်ဆောင်ခဲ့တယ်၊ ပြီးတော့ သူ့ကိုယ်သူ ပြန်လည်ထူထောင်ဖို့ ကပ်ရောဂါစွမ်းအင် မွေးမြူနိုင်အောင် ဖန်ကျိုးမှာ ကပ်ရောဂါဖြန့်ဖို့ ချီမိသားစုကို လှည့်စားပြီး အခွင့်ကောင်းယူခဲ့တာ။ ကျွန်တော်ပြောတာ မှန်လား မှားလား"
"မင်း ဘယ်လို သိတာလဲ..."
ဤစကားကြောင့် ကပ်ရောဂါဘူးသီးခြောက် အနည်းငယ် တုန်ခါသွားသည်။
အတွင်းမှ တည်ရှိမှုမှာ လုံးဝ တုန်လှုပ်သွားရသည်။
လုချင်းက သူ့အစီအစဉ် တစ်ခုလုံးကို အသေးစိတ် မလွတ်တမ်း ဖော်ထုတ်ပြလိုက်ရုံသာမက သူ့ရဲ့ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း သိနေသည်။
သူ့လက်နက်၏ အသက်ဝိညာဉ်ကို သူကိုယ်တိုင် သိမ်းပိုက်ခဲ့စဉ်က ဘယ်သူမှ မမြင်ခဲ့ဘူးဆိုတာ သတိပြုမိပါ၏။
အဲဒီလောက် နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်ကို ရုတ်တရက် တစ်ယောက်ယောက်က ဖော်ထုတ်လိုက်တော့ သူ ဘယ်လိုလုပ် မကြောက်ဘဲ နေနိုင်ပါ့မလဲ။
"မင်းက တကယ်တော့ ဘယ်သူလဲ" ဘူးသီးခြောက်အတွင်းမှ တည်ရှိမှုသည် တည်ငြိမ်မနေနိုင်တော့ဘဲ အရေးတကြီး မေးလိုက်သည်။
"ကျွန်တော် ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက ကပ်ရောဂါသရဲအိုကြီး၊ ခင်ဗျားအကြောင်း အကုန်လုံးကို ကျွန်တော် သိနေတာပဲ။ ခင်ဗျား ဘယ်လောက်ပဲ လျှို့ဝှက်ဆန်းကြယ်ချင်ယောင်ဆောင်နေပါစေ၊ ကျွန်တော့်အပေါ် သက်ရောက်မှု ရှိမှာ မဟုတ်ဘူး" လုချင်းက လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့် ပြောလိုက်သည်။
သို့သော် သူ့စကားများ ရှိနေသည့်တိုင် ဘူးသီးခြောက်အတွင်းမှ တည်ရှိမှုအပေါ် ဖိအားမှာ ကြီးမားလှပါ၏။
သူ့ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ မည်သူမည်ဝါဖြစ်ကြောင်းနဲ့ နှစ်ပေါင်းသောင်းချီ အတွေ့အကြုံတွေနဲ့ဆိုရင် လုချင်းလို ကောင်လေးတစ်ယောက်ကို ကစားဖို့ဆိုတာ မုန့်စားသလောက်ကို လွယ်ကူမယ်လို့ သူ မူလက ထင်ထားခဲ့တာ။
သို့ပေမဲ့ အခုတော့ သူ့လျှို့ဝှက်ချက်တိုင်း ဖွင့်ချခံလိုက်ရပြီး ပြိုင်ဘက်အကြောင်းကျတော့ သူ ဘာမှမသိရဘူးဆိုတာ သိလိုက်ရသည့်အခါ၌ သူ့စိတ်နှလုံး တုန်လှုပ်လာသည်။
သို့သော် ဘာပဲဖြစ်ဖြစ် သူသည် နှစ်ပေါင်းသောင်းချီ အသက်ရှင်ခဲ့သော ရှေးဟောင်းပုဂ္ဂိုလ်တစ်ဦးပင်။
ဘူးသီးခြောက်အတွင်းမှ တည်ရှိမှုသည် ခဏတာ တွန့်ဆုတ်သွားပြီးနောက် လျင်မြန်စွာ ပြန်လည်တည်ငြိမ်သွားသည်။
ခဏစဉ်းစားပြီးနောက် သူ တည်ငြိမ်စွာ ပြောလိုက်သည်။ "လူငယ်လေးက ငါ့အကြောင်းအမှန်ကို သိနေမယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဟုတ်တယ်၊ ငါက တကယ်ပဲ ကပ်ရောဂါအဘိုးအိုပါ။ မင်းဘေးမှာ ငါ့မိတ်ဆွေဟောင်းတွေထဲက ဘယ်သူများ ရှိနေသလဲ သိချင်မိတယ်။ ငါတို့ အတိတ်ကို ပြန်ပြောင်းပြောနိုင်အောင် သူတို့ကို ထွက်လာခိုင်းလို့ ရမလား"
တကယ်တော့ ကပ်ရောဂါအဘိုးအိုသည် လုချင်းဘေးတွင် သူ့လိုလူတစ်ယောက် ရှိရမည်ဟု အလျင်အမြန် ကောက်ချက်ချလိုက်သည်
သတ္တဝါအလုံးစုံတို့၏ ပျက်စီးခြင်းတရားငါးပါး ကြောက်မက်ဖွယ် ဘေးအန္တရာယ်မှ လွတ်မြောက်ပြီး ယနေ့ထက်တိုင် အသက်ရှင်ကျန်ရစ်ခဲ့သော သူတစ်ဦးဦးပေါ့။
သို့မဟုတ်ပါက လုချင်းလို သာမန် ကောင်လေးတစ်ယောက်က သူ့သဘောသဘာဝအမှန်ကို ထိုးဖောက်မြင်နိုင်ပြီး သူ့သမိုင်းကြောင်းကို ဒီလောက် ကောင်းကောင်း သိနေလိမ့်မယ်လို့ ယုံကြည်ဖို့ သူ့အတွက် ခက်ခဲသည်။
ချီအိတ်ရဲ့ အသက်ဝိညာဉ်များလား၊ ဒါမှမဟုတ် ငါ့လိုပဲ ရှေးဟောင်းဝိညာဉ် တစ်ခုလား။
"ကျွန်တော့်ကို လှည့်စားဖို့ ကြိုးစားနေတာလား၊ ကပ်ရောဂါသရဲအိုကြီး။ အိပ်မက်မမက်စမ်းပါနဲ့" ကပ်ရောဂါအဘိုးအို တစ်ခုခု အထင်လွဲနေသည်ကို လုချင်း မြင်လိုက်သော်လည်း သူ့ကို ပြင်ပေးမည့်အစား လှောင်ပြောင်လိုက်သည်။
"အဲဒီလူကို ထွက်ပြခိုင်းဖို့ ခင်ဗျားမှာ အရည်အချင်းတောင် မရှိဘူးလေ"
"ကောင်လေး၊ မာန်မတက်စမ်းနဲ့"
လုချင်းက သူ့ကို သရဲအိုကြီးဟု ထပ်ခါတလဲလဲ ခေါ်နေသည်ကို ကြားသောအခါ ကပ်ရောဂါအဘိုးအိုလည်း သည်းမခံနိုင်တော့ပေ။
"ငါ ဘယ်သူလဲဆိုတာ မင်းသိရဲ့သားနဲ့ ဘယ်လိုလုပ် ဒီလောက်တောင် ရိုင်းစိုင်းရဲရတာလဲ။ မင်းဘေးကလူက ဟိုးအရင်တုန်းက ငါ့ကျော်ကြားမှုကို မင်းကို မပြောပြဘူးလား"
"ဪ... ခင်ဗျားက ဒေါသထွက်ဖို့ အခွင့်အရေး ရှိသေးတယ် ထင်နေတာလား" လုချင်း ပေါ့ပါးစွာ ရယ်မောလိုက်သည်။ "ကပ်ရောဂါသရဲအိုကြီး၊ ဒီက အခြေအနေကို နားမလည်တာ ခင်ဗျားလို့ပဲ ကျွန်တော် ထင်တယ်။
ကျွန်တော့်ကို ခြိမ်းခြောက်ဖို့ အခွင့်အရေး ရှိသေးတယ်လို့ ခင်ဗျား တကယ် ထင်နေတာလား"
ကပ်ရောဂါအဘိုးအို တိတ်ဆိတ်သွားသည်။
ကပ်ရောဂါဘူးသီးခြောက်ပေါ်မှ ဖိနှိပ်စွမ်းအားကို သူ အာရုံခံမိပြီး လုချင်းပြောတာ မှန်သည်ကို သိလိုက်သည်။
လက်ရှိအခြေအနေအရ သူ့ပြိုင်ဘက်ကို ခြိမ်းခြောက်ဖို့ သူ့မှာ ဘာအားသာချက်မှ မရှိပေ။
သို့ပေမဲ့ သူကလည်း အားနည်းချက် ပြမယ့်သူ မဟုတ်။
ခဏတာ တိတ်ဆိတ်ပြီးနောက် သူ ပြန်ပြောလိုက်၏။ "ကောင်လေး၊ မင်း တကယ်တမ်း ဘာလိုချင်တာလဲ"
"ရိုးရိုးလေးပါပဲ။ ခင်ဗျားရဲ့ ဝိညာဉ်အစစ်အမှန်ကို ထုတ်ပေးပြီး ကျွန်တော့်ရဲ့ ဝိညာဉ်စွမ်းအားနဲ့ အမှတ်တံဆိပ်ခတ်နှိပ်ခွင့် ပြုလိုက်" လုချင်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။
"မဖြစ်နိုင်တာ"
ကပ်ရောဂါအဘိုးအိုက တုံ့ဆိုင်းမနေဘဲ ငြင်းပယ်လိုက်သည်။
ရယ်စရာကောင်းလိုက်တာ၊ အမှတ်တံဆိပ် ခတ်နှိပ်ခံရဖို့ ဝိညာဉ်အစစ်အမှန်ကို ထုတ်ပေးရမယ်တဲ့။ အဲဒီလိုသာ ဖြစ်သွားရင် သူက အပြည့်အဝ သန့်စင်ခံလိုက်ရပြီး သူ့အသက်နဲ့ သေခြင်းက လုချင်း ထိန်းချုပ်မှုအောက် ရောက်သွားလိမ့်မယ်လေ။
နှစ်ပေါင်းသောင်းချီ အသက်ရှင်ခဲ့သော ရှေးဟောင်းပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ကပ်ရောဂါအဘိုးအိုက ထိုသို့သောကံကြမ္မာမျိုးကို ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။
"လူငယ်လေး၊ ငါ့ရဲ့ ဝိညာဉ်အစစ်အမှန်ကို ထုတ်ပေးဖို့ ပြောတာကတော့ ဆွေးနွေးစရာ မလိုတဲ့ ကိစ္စပဲ။ ဒီလိုလုပ်ရင်ရော။ မင်း ငါ့အကြောင်း သိထားတော့ ကျင့်ကြံခြင်းလောကမှာ ငါ့ကျော်ကြားမှုကိုလည်း ကြားဖူးမှာပါ။
ငါက မရေမတွက်နိုင်တဲ့ ကျင့်ကြံခြင်း လျှို့ဝှက်ချက်တွေနဲ့ ဆန်းကြယ်တဲ့ နည်းစနစ်တွေကို သိထားတယ်။ အဲဒီထဲက တစ်ခုလောက်ဆိုရင်တောင် အရည်အချင်းအရှိဆုံး ကျင့်ကြံသူတွေ သေမတတ် တိုက်ခိုက်လုယူဖို့ လုံလောက်နေပြီ။
ငါ မင်းနဲ့ သဘောတူညီမှု တစ်ခု လုပ်မယ်။ မင်းသာ ငါ့ကို လွှတ်ပေးရင် အဲ့ဒီမြင့်မြတ်တဲ့ နည်းစနစ်တွေအကုန်လုံးကို ငါ သင်ပေးမယ်။ ဘယ်လိုလဲ"
"သဘောမတူဘူး ကပ်ရောဂါသရဲအိုကြီး။ ဒီအခြေအနေရောက်နေတာတောင်မှ ခင်ဗျားက ကျွန်တော့်ကို လှည့်စားဖို့ ကြိုးစားနေတုန်းပဲနော်။ ခင်ဗျားရဲ့ မိစ္ဆာပညာရပ်တွေကို ကျင့်ကြံပြီး ခင်ဗျား ထိန်းချုပ်မှုအောက် ရောက်သွားတဲ့ ချီမိသားစု အရူးကောင်လို ကျွန်တော်က မိုက်မဲတယ်လို့ ထင်နေတာလား။ ခင်ဗျား ဒီကနေ ထွက်သွားချင်ရင် နည်းလမ်းတစ်ခုပဲ ရှိတယ်။ ခင်ဗျားရဲ့ ဝိညာဉ်အစစ်အမှန်ကို ထုတ်ပေးပြီး ကျွန်တော့်ကို သန့်စင်ခွင့် ပြုလိုက်။
ဒီလိုမှမဟုတ်ရင်တော့ ခင်ဗျား ကျွန်တော့်ရဲ့ ချီအိတ်ထဲမှာပဲ သေရလိမ့်မယ်
နှစ်ပေါင်းသောင်းချီ ရှင်သန်ခဲ့ပြီးနောက်ပိုင်းမှာ ခင်ဗျားရဲ့ ဝိညာဉ်အစစ်အမှန်ကို ခင်ဗျား မနည်း ထိန်းထားရတာ။ ဝိညာဉ်စွမ်းအင် အာဟာရ မရဘဲ ခင်ဗျား ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာ သိချင်မိသား"
လုချင်းက ဆွဲဆောင်မှုများကြောင့် စိတ်လှုပ်ရှားခြင်း မရှိဘဲ သူ့ကို တိုက်ရိုက် ခြိမ်းခြောက်လိုက်လေ၏။
"မင်း စိတ်ပျက်ရမှာကို စိုးရိမ်မိတယ်။ မကြာသေးခင်က လူပေါင်းသောင်းချီရဲ့ သက်စောင့်စွမ်းအားကနေ စုစည်းထားတဲ့ ကပ်ရောဂါစွမ်းအင်နဲ့ ငါ့ဝိညာဉ်အစစ်အမှန်ကို အားဖြည့်ထားပြီးပြီ။ အခု အပြည့်အဝ ပြန်ကောင်းသွားပြီ။ နောက်ထပ် နှစ်တစ်ထောင်လောက် အသက်ရှင်ဖို့က လွယ်လွယ်လေးပဲ။
ငါ့ထက်အရင် မင်းကပဲ သေသွားနိုင်တယ်၊ ငါကတော့ အသက်ရှင်နေဦးမှာပဲ။
ကောင်လေး၊ မင်း ငါ့ကို ခြိမ်းခြောက်နိုင်မယ် ထင်နေရင်တော့ မင်း အရမ်းနုနေပါသေးတယ်ကွာ"
လုချင်းက ဆွဲဆောင်ခံရခြင်း မရှိသလို ဖိအားလည်း မဝင်သည်ကို မြင်သောအခါ ကပ်ရောဂါအဘိုးအိုသည် ဤကောင်လေးက ချီချန်ဖုန်းဆိုသော ရိုးအသည့်ကောင်ထက် ပိုမိုကောက်ကျစ်သည်ကို နောက်ဆုံးတွင် သဘောပေါက်သွားတော့၏။
သူ ဟန်ဆောင်မနေတော့ဘဲ ဘူးသီးခြောက်၏ အတွင်းပိုင်းသို့ ဆုတ်ခွာသွားပြီး တိတ်ဆိတ်သွားလေသည်။
သူ စကားပြော ရပ်သွားသည်ကို လုချင်း မြင်သောအခါ၌ စိတ်ကို စုစည်းလိုက်ပြီး ချီအိတ်အတွင်းရှိ ဟင်းလင်းပြင်က ပြောင်းလဲသွားသည်။
ရုတ်တရက် ပြင်းထန်သော လေပြင်းများစွာ ကပ်ရောဂါဘူးသီးခြောက်ပတ်လည်တွင် ပေါ်လာပြီး ၎င်းကို ရိုက်ခတ်လေသည်။
ထိုအရာကို အာရုံခံမိသောအခါ ဘူးသီးခြောက်အတွင်းမှ ကပ်ရောဂါအဘိုးအိုက လှောင်ပြောင်လိုက်၏။
"ကောင်လေး၊ မင်းရဲ့ အားထုတ်မှုတွေကို မဖြုန်းတီးပါနဲ့။ ချီအိတ်က ကြောက်စရာကောင်းပေမယ့် သူ့လေပြင်းတွေက ငါ့ရဲ့ ကပ်ရောဂါဘူးသီးခြောက်ကို ထိခိုက်စေမှာ မဟုတ်ဘူး။
မင်း အလေးအနက်ထားတယ်ဆိုရင် ငါ့အဆိုပြုချက်ကိုပဲ သေချာ စဉ်းစားသင့်တယ်။
ငါက ငါ့ကတိကို အမြဲတည်တယ်။ မင်းသာ ငါ့ကို လွှတ်ပေးရင် ပြိုင်ဘက်ကင်း မြင့်မြတ်တဲ့ နည်းစနစ်တွေကို ငါ သင်ပေးမယ်။ အနာဂတ်မှာ ရွှေအမြုတေ စုစည်းဖို့ ဒါမှမဟုတ် သန္ဓေသားဝိညာဉ်အဆင့်ကို ရောက်ဖို့က လွယ်ကူသွားလိမ့်မယ်"
"ဟုတ်လား သရဲအိုကြီး။ ကျွန်တော် ခင်ဗျားကို ဘာမှမလုပ်နိုင်ဘူးလို့ တကယ် ထင်နေတာလား။ ဒါဆိုရင် စောင့်ကြည့်နေလိုက်"
လေပြင်းများက ကပ်ရောဂါဘူးသီးခြောက်အား မထိခိုက်နိုင်သည်ကို မြင်သောအခါ၌ လုချင်းလည်း သူ၏ အချည်းနှီး ကြိုးပမ်းမှုများကို ရပ်တန့်လိုက်တော့သည်။
ဘာပဲဖြစ်ဖြစ် ချီအိတ်ရဲ့ စွမ်းအားအပြည့်ကို ထုတ်သုံးတာက သူ့စိတ်ကိုလည်း ထိခိုက်စေတယ်လေ။
သို့ပေမဲ့ ကပ်ရောဂါအဘိုးအိုက သူ့အောင်ပွဲအပေါ် ယုံကြည်မှု ရှိနေပုံရတာ မြင်ရတော့ လုချင်း စိတ်ဆိုးလာတော့၏။
လေပြင်းများကို ဖယ်ရှားပြီးနောက်၌ ချီအိတ်ထဲမှ သူ့စိတ်အာရုံကို ရုတ်သိမ်းလိုက်ပြီး သူ့ကို စကားပြောရင်း အချိန်မဖြုန်းချင်တော့ပေ။
လုချင်း ရုတ်သိမ်းလိုက်သည်နှင့် ချီအိတ်အတွင်းရှိ ဟင်းလင်းပြင်သည် တည်ငြိမ်မှုသို့ ပြန်လည်ရောက်ရှိသွားသည်။
ကပ်ရောဂါအဘိုးအိုသည် အချိန်အကြာကြီး စောင့်ဆိုင်းနေပြီး လုချင်း တကယ် ထွက်သွားပြီဖြစ်ကြောင်း အာရုံခံမိလိုက်၏။
သူ ပြင်ပကမ္ဘာကို ဂရုတစိုက် အာရုံခံကြည့်လိုက်ရာ ကပ်ရောဂါဘူးသီးခြောက်ပေါ်ရှိ ဖိနှိပ်စွမ်းအား ရှိနေဆဲဖြစ်ပြီး သူ့အတွက် အနည်းငယ်မျှပင် လှုပ်ရှားရန် ခက်ခဲနေကြောင်း တွေ့လိုက်ရသည်။
လုချင်းက သူ့အကာအရံကို လျှော့မချထားကြောင်း သိလိုက်ရသဖြင့် ကပ်ရောဂါအဘိုးအို စိတ်ပျက်သွားသော်လည်း ဘာမှမတတ်နိုင်ပေ။
ဟိုးအရင်တုန်းက ဝိညာဉ်လက်နက်၏ အသက်ဝိညာဉ်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး သတ္တဝါအလုံးစုံတို့၏ ပျက်စီးခြင်းတရားငါးပါးမှ လွတ်မြောက်ခဲ့ကာ သက်တမ်းကို များစွာ တိုးချဲ့နိုင်ခဲ့ပြီး ဝိညာဉ်အစစ်အမှန် မငြိမ်းသတ်သွားအောင် ထိန်းထားနိုင်ခဲ့သော်လည်း ဝိညာဉ်စွမ်းအင် ကုန်ခန်းသွားသောခေတ်ကို ရှင်သန်ကျော်ဖြတ်ရာတွင် ကြီးမားသော ပေးဆပ်မှု ရှိခဲ့သည်။
ပထမအချက်မှာ လက်နက်၏ အသက်ဝိညာဉ်ကို သိမ်းပိုက်ပြီးနောက် သူသည် ကပ်ရောဂါဘူးသီးခြောက်၏ အသက်ဝိညာဉ်ဖြစ်လာပြီး တစ်ချိန်က သူပိုင်ဆိုင်ခဲ့သော ကမ္ဘာကို တုန်လှုပ်စေမည့် ကျင့်ကြံခြင်းစွမ်းအား အားလုံးကို ဆုံးရှုံးလိုက်ရသည်။ သူ့ဝိညာဉ်အစစ်အမှန်ကို အကောင်းအတိုင်း ထိန်းသိမ်းထားနိုင်ခြင်းမှလွဲ၍ သူ့တွင် ဘာမှ မကျန်တော့ပေ။
ဒုတိယအချက်မှာ လက်နက်၏ အသက်ဝိညာဉ်တစ်ခုအနေဖြင့် သူသည် ကပ်ရောဂါဘူးသီးခြောက်၏ စွမ်းအားကို ထိန်းချုပ်နိုင်သော်လည်း ကိုယ်တိုင် ကျင့်ကြံနိုင်စွမ်းကိုတော့ ဆုံးရှုံးသွားခဲ့သည်။
သူ့အဆင့်ကို မြှင့်တင်ရန် ပြင်ပအကူအညီ လိုအပ်ပါ၏။
ထို့ကြောင့် သူက ချီချန်ဖုန်းကို ရွေးချယ်ခဲ့ပြီး ကပ်ရောဂါဘူးသီးခြောက်ကို စတင်သန့်စင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
ဘာကြောင့်လဲဆိုတော့ သူတစ်ယောက်တည်းပဲ သူ့အခြေအနေကို ပြန်ပြီးကောင်းမွန်အောင် လုပ်နေရင် အရမ်းနှေးကွေးနေမှာမို့လို့လေ။
ဒါက ဝိညာဉ်လက်နက်တွေရဲ့ အားနည်းချက်ပေါ့။
ထာဝရအသက်၏ အရိပ်အယောင် ပါဝင်သော ဝိညာဉ်လက်နက်များသည် မသေမျိုးအဖြစ် အဆင့်တက်လှမ်းခြင်းနယ်ပယ်အောက်ရှိ မည်သည့် ကျင့်ကြံသူထက်မဆို ပိုမို ကြာရှည်စွာ အသက်ရှင်နိုင်သည်။
သို့သော် တစ်ချိန်တည်းမှာပင် ၎င်းတို့၏ မသေမျိုးဖြစ်မှုသည် ၎င်းတို့၏ ချုပ်နှောင်မှု ဖြစ်လာသည်။
သူတို့သည် သူတို့၏ ကန့်သတ်ချက်များကို ဖြတ်ကျော်နိုင်ခြင်း သို့မဟုတ် ကိုယ်တိုင် အဆင့်တက်နိုင်ခြင်း မရှိကြပေ။
ပြင်ပအကူအညီဖြင့်သာ တိုးတက်နိုင်ပါ၏။
ဒါပေမဲ့ ကပ်ရောဂါအဘိုးအိုအတွက် သန့်စင်ခံရဖို့ လက်ခံတယ်ဆိုတာကတော့ မဖြစ်နိုင်တဲ့ ကိစ္စပဲပင်။
ထိုသို့သာ ဖြစ်သွားလျှင် သူ့အသက်နှင့် သေခြင်းက တခြားသူ ထိန်းချုပ်မှုအောက် ရောက်သွားမှာဖြစ်ပြီး ၎င်းက သေတာထက်တောင် ပိုဆိုးပါသေး၏။
ထို့ကြောင့် လုချင်း ဘယ်လောက်ပဲ ခြိမ်းခြောက်ပါစေ၊ ကပ်ရောဂါအဘိုးအိုက သူ့ဝိညာဉ်အစစ်အမှန်ကို ဘယ်တော့မှ ထုတ်ပေးမှာ မဟုတ်ချေ။
လောလောဆယ်တွင် လုချင်းက သူ့ကို ဘာမှမလုပ်နိုင်မှန်း သိလာမည့်အချိန်နှင့် အစစ်အမှန် ညှိနှိုင်းမှု စတင်နိုင်မည့်အချိန်ကိုသာ သူ စောင့်ဆိုင်းရမည် ဖြစ်သည်။
ထိုအချက်နှင့် ပတ်သက်လျှင် ကပ်ရောဂါအဘိုးအိုက တော်တော်လေးကို ယုံကြည်မှု ရှိပါ၏။
သူ ချီအိတ်ကို ကိုယ်တိုင် မရင်ဆိုင်ဖူးပေမယ့် သူ့စွမ်းအားကိုတော့ မြင်ဖူးပါသည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူ၏အထွတ်အထိပ်အချိန်တုန်းက ဒီရတနာက သူ၏ ကပ်ရောဂါဘူးသီးခြောက်ထက် မလျော့ချေ။
သို့သော် ဟင်းလင်းပြင်နှင့် လေဓာတ် နိယာမများ ပါဝင်သော ဝိညာဉ်လက်နက်တစ်ခုအနေဖြင့် ၎င်း၏ အားသာချက်မှာ ရန်သူများကို သတ်ဖြတ်ခြင်းနှင့် ဖိနှိပ်ခြင်းတွင် ရှိသည်။
သို့သော် သူ့ကို သန့်စင်ရန်အတွက် ကပ်ရောဂါဘူးသီးခြောက်၏ ကာကွယ်မှုကို အတင်းအဓမ္မ ထိုးဖောက်ဖို့ ဆိုတာကတော့ မဖြစ်နိုင်ပါချေ။
ထို့ကြောင့် ကပ်ရောဂါအဘိုးအိုမှာ လုချင်း ညှိနှိုင်းဖို့ အဆင်သင့်ဖြစ်သည်အထိ စောင့်ဖို့ လုံလောက်သော သည်းခံစိတ် ရှိလေသည်။
သူ့ကို အနည်းငယ် စိုးရိမ်စေသည့် တစ်ခုတည်းသော အရာမှာ ဖန်ကျိုးတွင် ကပ်ရောဂါတစ်ခု ဖြစ်ပွားစေရန် ချီချန်ဖုန်းကို လှည့်စားပြီး စုဆောင်းခဲ့သော၊ လူပေါင်းသောင်းချီ၏ သက်စောင့်စွမ်းအားဖြင့် မွေးမြူထားသော ကပ်ရောဂါစွမ်းအင်သည် သူ့ဝိညာဉ်အစစ်အမှန် ယိုယွင်းမှုကို ယာယီသာ တားဆီးထားနိုင်ခြင်း ဖြစ်သည်။
သို့သော် အပြည့်အဝ ပြန်ကောင်းမွန်လာခြင်း မရှိသေးပေ။
သုံးနှစ်အတွင်း ပြင်ပဝိညာဉ်စွမ်းအင် အာဟာရ မရရှိပါက သူ့ဝိညာဉ်အစစ်အမှန် ပြန်လည် ယိုယွင်းလာလိမ့်မည်။
အခု သူ့မျှော်လင့်ချက်တစ်ခုတည်းက လုချင်းမှာ ထိုမျှလောက်ကြာကြာ စောင့်ဖို့ သည်းခံစိတ် မရှိလောက်ဘူးဆိုတာကိုပင်။
"သာမန် ကောင်လေးတစ်ယောက်မှာ ငါ့ကို ဒီမှာ သုံးနှစ်လောက် ပိတ်ထားဖို့ သည်းခံစိတ် ရှိလိမ့်မယ်လို့ ငါမယုံဘူး"
ကပ်ရောဂါအဘိုးအိုက သူ့ရင်ထဲမှ သတ်ဖြတ်လိုစိတ်ကို ဖိနှိပ်ရင်း သူ့ကိုယ်သူ အားတင်းလိုက်လေ၏။
သူသာ လွတ်မြောက်ခဲ့လျှင် ဒီနေ့ သူ့ကို အကြီးအကျယ် အရှက်ခွဲခဲ့သော ထိုလူငယ်လေးကို လက်စားချေဖို့ သူ တတ်နိုင်သမျှ လုပ်မည်ဟု ကျိန်ဆိုလိုက်လေသည်။
ထိုအမုန်းတရား မပြေမချင်း သူလွတ်မြောက်ပြီး သူ့ရတနာကိုယ်ထည်ကို ပြန်ရကာ သူ့လွတ်လပ်ခွင့် ပြန်ရလျှင်တောင်မှ သူ့စိတ်ကတော့ ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်။
"အားချင်း၊ အခြေအနေ ဘယ်လိုလဲ"
ကျောက်တုံးကြီးပေါ်တွင် လုချင်း နိုးလာသည်ကို သမားတော်ကြီး မြင်သောအခါ၌ အမြန်မေးလိုက်သည်။
"အခြေအနေက ယာယီတော့ ပြေလည်သွားပါပြီ" လုချင်း ပြန်ဖြေလိုက်သည်။
သို့ပေမဲ့ သူ့မျက်လုံးထဲမှာ သတ်ဖြတ်လိုစိတ် အရိပ်အယောင်တော့ ရှိနေလေ၏။
"ဆရာ... ကျိုးလီရွာကို မြန်မြန် ပြန်ကြရအောင်။ ကျွန်တော် အမြန်ဆုံး ရှင်းပစ်ချင်တဲ့ အဘိုးကြီးတစ်ယောက် ရှိနေတယ်"
....
အခန်း ၃၂၄ - အပြန်ခရီး၊ ဝေ့ရှန်ဟိုင်၏ တုန်လှုပ်မှု
"ငါတို့ ချန်းခရိုင်ကို နောက်ဆုံးတော့ ပြန်ရောက်ပြီ"
ချန်းခရိုင် မြို့တံခါးဝတွင် မာကူးနှင့် ဝေ့ကျိအန်းတို့သည် ရှေ့သို့ ကြည့်လိုက်ကြပြီး သူတို့မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
ကျုံးကျိုးဒေသတစ်ခွင် သူတို့၏ ခရီးစဉ်က မသေမျိုးဘုံများကဲ့သို့ ထင်ရသော ရှေးဟောင်းအံ့ဖွယ် နဂါးပြာမြို့တော်နှင့် မြို့တော်မြတ် အပါအဝင် ကြီးကျယ်ခမ်းနားသော မြို့ကြီးများစွာနှင့် ထိတွေ့စေခဲ့သော်လည်း သူတို့ရှေ့မှ မြို့ငယ်လေးသည် သူတို့ လွမ်းဆွတ်ပြီး တန်ဖိုးအထားရဆုံးအရာဖြစ်လေသည်။
"အဲဒါ ဝေ့မိသားစုရဲ့ သခင်လေးနဲ့ သူ့ဆရာ မာကူး မဟုတ်ဘူးလား"
"ဝေ့မိသားစုရဲ့ သခင်လေး ပြန်လာပြီဟေ့။ ဆရာနဲ့ တပည့် ခရီးထွက်နေကြတယ်လို့ ပြောတာ မဟုတ်ဘူးလား"
"အဲဒီမြင်းတွေက ဘာတွေလဲ။ ကြည့်ရတာ အရမ်း ထူးခြားတာပဲ"
"စွမ်းအားပြင်းတဲ့ အရှိန်အဝါတွေပဲ။ အဲဒီမြင်းနှစ်ကောင်ဆီက သွေးစွမ်းအင်က ငါတို့ထက်တောင် အများကြီး ပိုအားကောင်းနေပါလား"
လုချင်း၏ မြင်းလှည်းသည် သဘာဝကျကျပင် အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်၊ အထူးသဖြင့် ပိုမိုထင်ရှားသော နဂါးသွေးမြင်း နှစ်ကောင်ကြောင့် ဖြစ်သည်။ ၎င်းတို့သည် အသွင်အပြင် ခမ်းနားထည်ဝါရုံသာမက ထုတ်လွှတ်သော အရှိန်အဝါသည်လည်း အရိုးနှင့်ကြွက်သားအဆင့် ကျွမ်းကျင်သူများကိုပင် ကျော်လွန်ကာ ကြည့်ရှုသူများကို အံ့သြသွားစေသည်။
ထိုသို့သော မြင်ကွင်းသည် မြို့တံခါးမှ သူလျှိုများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး မကြာမီ ဝေ့ကျိအန်းနှင့် မာကူး မြင်းလှည်းပေါ်မှ ဆင်းလာသည်ကို မြင်လိုက်ရသည်။ ဤနှစ်ဦးနှင့် ရင်းနှီးပြီးသားဖြစ်သော သူလျှိုများသည် ဝေ့မိသားစု သခင်လေးနှင့် သူ့ဆရာ ပြန်ရောက်လာသည့် သတင်းကို မြို့အနှံ့ အလျင်အမြန် ဖြန့်လိုက်ကြသည်။
"ဒါက သခင်လေးလုရဲ့ အိမ်လား" ဟူလျန်နှင့် အားဟူတို့ မြင်းလှည်း ပြတင်းပေါက်မှ စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ကြသည်။
"ကျွန်တော်နဲ့ ဆရာက မြို့ထဲမှာ မနေဘူး။ ကျိအန်းနဲ့ ဆရာမာက ဒီမှာနေတာ" လုချင်းက ပြုံးပြီး ရှင်းပြလိုက်သည်။
"သမားတော်ကြီး၊ ညီလေးလု...ငါတို့ မြို့ထဲ အရင်ဝင်မလား၊ ကျိုးလီရွာကို တန်းပြန်မလား" မြို့သို့ ရောက်နေပြီဖြစ်သော်လည်း မာကူးက မေးလိုက်သည်။
လုချင်း ခဏစဉ်းစားပြီး "မြို့ထဲ အရင်ဝင်ရအောင်။ ဝေ့ချန်ပေ့နဲ့ ဆွေးနွေးစရာ ကိစ္စတချို့ ရှိတယ်"
"ကောင်းပြီလေ၊ ဒါဆို ကျွန်တော့်အိမ်ကို အရင်သွားကြတာပေါ့" ဝေ့ကျိအန်းက ပျော်ရွှင်စွာ ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ၌ ရှောင်ယန်လည်း ပျော်ရွှင်သွားပုံရသည်။ သူ့ဒေါ်လေးကို မတွေ့ရတာ ကြာပြီဖြစ်ပြီး သူမကို အရမ်းလွမ်းနေခဲ့သည်။
ထို့ကြောင့် မာကူးသည် မြင်းလှည်းကို မြို့ထဲသို့ ဖြည်းညှင်းစွာ မောင်းနှင်သွားပြီး ဝေ့မိသားစု၏ အမှတ်တံဆိပ် ပါရှိသည်ကို သိသဖြင့် တံခါးစောင့်များက မြင်းလှည်းကို ရှာဖွေရဲခြင်း မရှိပေ။ ဝေ့မိသားစုမှ မြင်းလှည်းကို မည်သူမျှ မတားရဲကြ။
မြင်းလှည်းသည် ဝေ့မိသားစု၏ ဘိုးဘွားပိုင်အိမ်တော်သို့ ချောမွေ့စွာ ရောက်ရှိလာပြီး ဦးလေးဟိုင်သည် အိမ်စေတစ်စုကို စုစည်းကာ တံခါးဝတွင် စောင့်နေပြီဖြစ်သည်။ မြို့တံခါးတွင် သူလျှိုများ များပြားသဖြင့် လုချင်းနှင့် အခြားသူများ မရောက်မီ ဝေ့မိသားစုက သတင်းရရှိထားပြီး ဖြစ်မည်မှာ သဘာဝကျသည်။
"ဦးလေးဟိုင်... ကျွန်တော် ပြန်ရောက်ပြီ" ဝေ့ကျိအန်းက စိတ်လှုပ်ရှားစွာဖြင့် ထိုင်ခုံမှ ခုန်ဆင်းလိုက်သည်။
"ပြန်ရောက်လာတာ ဝမ်းသာပါတယ် သခင်လေး။ သခင်လေးက အရပ်ရှည်ပြီး သန်မာလာသလိုပဲ" ဦးလေးဟိုင်က ဝေ့ကျိအန်းကို နှစ်သိမ့်သောအပြုံးဖြင့် ကြည့်ကာ ပြောလိုက်သည်။ သို့သော် ဝေ့ကျိအန်း၏ အရှိန်အဝါကို အာရုံခံမိသောအခါ၌ အနည်းငယ် အံ့သြသွားရလေ၏။ သခင်လေး၏ ကျင့်ကြံခြင်းအဆင့်ကို သူ မသိမြင်နိုင်တော့ပေ။ သူ့အရှိန်အဝါတစ်ခုလုံး မြူနှင်းထဲ ဖုံးကွယ်ထားသကဲ့သို့ ဖြစ်နေသည်။ အံ့သြသွားသော်လည်း ဦးလေးဟိုင်က ထုတ်မပြဘဲ မြင်းလှည်းဘက်သို့ ရိုသေစွာ ကြည့်လိုက်လေသည်။
"မင်္ဂလာပါ သမားတော်ကြီးချန်၊ သခင်လေးလု" လုချင်းနှင့် အခြားသူများ မြင်းလှည်းပေါ်မှ ဆင်းလာသောအခါ၌ သူက နှုတ်ဆက်လိုက်သည်။
" ကိုယ့်လူအချင်းချင်းတွေပဲ ဒီလို ဧည့်ဝတ်ပျူဌာနေဖို့ မလိုပါဘူးဗျာ။ ကျုပ်တို့ ခင်ဗျားတို့ကို ခဏလောက် ထပ်ပြီး ဒုက္ခပေးရဦးမယ် ထင်တယ်" သမားတော်ကြီးက ပြုံးပြီး ပြောလိုက်သည်။
"သမားတော်ကြီး၊ ရောက်လာတာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါ။ သခင်ကြီးနဲ့ သခင်မတို့က သမားတော်ကြီးတို့ကို တွေ့ရင် သေချာပေါက် ဝမ်းသာကြမှာပါ" ဦးလေးဟိုင်က အလျင်အမြန် ပြန်ပြောလိုက်သည်။
ထို့နောက် ဝေ့ကျိအန်းက အားဟူနှင့် သူ့သမီးကို အတိုချုံး မိတ်ဆက်ပေးလိုက်၏။ သူတို့က နဂါးပြာမြို့တော်မှ ဧည့်သည်များ ဖြစ်ကြောင်း သိလိုက်ရသောအခါ၌ ဦးလေးဟိုင် တုန်လှုပ်သွားသော်လည်း မလေးမစား မလုပ်ရဲဘဲ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
ယဉ်ကျေးသော စကားဝိုင်းအပြီးတွင် သူတို့အားလုံး အိမ်တော်ထဲသို့ ဝင်ရောက်လာကြ၏။ ဝေ့မိသားစု အိမ်စေများသည် မြင်းလှည်း ချောမွေ့စွာ ဖြတ်သန်းနိုင်ရန် တံခါးခုံကို ဖယ်ရှားပေးထားပါ၏။
သို့သော် နဂါးသွေးမျိုးဆက် မြင်း နှစ်ကောင်ကို မြင်လိုက်ရသောအခါ၌ ဦးလေးဟိုင် ထပ်မံ အံ့သြသွားရပြန်သည်။ သူတို့ စထွက်ခွာစဉ်က မြင်းလှည်းနှင့် မြင်းများကို သူ စီစဉ်ပေးခဲ့ခြင်းဖြစ်ပြီး ကောင်းမွန်သော မြင်းနှစ်ကောင်ကို ကိုယ်တိုင် ရွေးချယ်ပေးခဲ့သည်။ သို့သော် တိုတောင်းသောအချိန်အတွင်း ထိုမြင်းများသည် ကျောက်စိမ်းကဲ့သို့ ချိုများ ပါရှိပြီး သူတို့ထက် သာလွန်သည်ဟု ခံစားရစေသော လွှမ်းမိုးသည့် အရှိန်အဝါကို ထုတ်လွှတ်နေသည့် ခမ်းနားသော သားရဲများအဖြစ် ပြောင်းလဲသွားခဲ့လေသည်။
မြင်းများပေါ်ရှိ အမှတ်အသားများကိုသာ သူ မမှတ်မိပါက သူ ကိုယ်တိုင် ရွေးချယ်ပေးခဲ့သော မြင်းများဖြစ်ကြောင်း ယုံကြည်မည် မဟုတ်ပေ။ ကျုံးကျိုးဒေသသို့ သူတို့၏ ခရီးစဉ်သည် စိတ်ကူး၍ပင် မရနိုင်သော အတွေ့အကြုံများဖြင့် ပြည့်နှက်နေခဲ့သည်မှာ ထင်ရှားပြီး မြင်းများ၏ ပြောင်းလဲမှုများကို ကြည့်ရုံဖြင့် သူ ကောက်ချက်ချနိုင်ခဲ့သည်။
"ဦးလေးဟိုင်၊ ကျွန်တော့်အဖေနဲ့ အမေ ဘယ်မှာလဲ။ ပြီးတော့ ဘိုးဘေးကော" ဝေ့ကျိအန်းသည် သူတို့ ပြန်ရောက်ကတည်းက သူ့စိတ်ထဲ ရှိနေသော မေးခွန်းကို နောက်ဆုံးတွင် မေးလိုက်သည်။
"သခင်ကြီးက လွန်ခဲ့တဲ့ ရက်အနည်းငယ်က နိမိတ်တစ်ခု ရခဲ့ပြီး တံခါးပိတ်ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်တယ်။ သူ အပြင်ထွက်မလာသေးဘူး။ သခင်မကတော့ ဒီနေ့ သီချင်းနားထောင်ဖို့ ချင်းယွဲ့ဆောင်ကို သွားတယ်။ သခင်လေး ပြန်ရောက်တဲ့အကြောင်း သတင်းပို့လိုက်ပါပြီဗျ၊ သူ မကြာခင် ပြန်ရောက်လာမှာပါ" ဦးလေးဟိုင်က ပြန်ဖြေလိုက်သည်။
သူပြောပြီးသည်နှင့် အပြင်ဘက်မှ အလျင်အမြန် လျှောက်လာသော ခြေသံများ ထွက်ပေါ်လာပြီးနောက် ဝေ့သခင်မ ရောက်ရှိလာကာ သူမ၏ မျက်နှာတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေပြီး အခန်းထဲသို့ အမြန် ဝင်လာလေသည်။
"အမေ" ဝေ့ကျိအန်းမှာ ထိုင်ခုံမှ ခုန်ထလိုက်ပြီး သူမ၏ ရင်ခွင်ထဲသို့ ပြေးဝင်ရန် ပြင်လိုက်သော်လည်း သူ ကြီးပြင်းလာပြီဖြစ်ကြောင်းနှင့် ကလေးဆန်စွာ မပြုမူသင့်ကြောင်း သတိရသွားသဖြင့် ရပ်တန့်လိုက်သည်။
သူ့အံ့သြမှုအတွက် သူ့အမေက သူ့ကို ဖြတ်ကျော်လျှောက်သွားပြီး ရှောင်ယန်ကို ပွေ့ဖက်လိုက်သည်။
"ရှောင်ယန်၊ သမီး ပြန်လာပြီပဲ။ သမီးကို သေချာ ကြည့်ပါရစေဦး။ အသားတွေ မဲသွားလား။ ဟိုမှာ ဒုက္ခတွေ ခံစားခဲ့ရလား" ဝေ့သခင်မ၏ ရုတ်တရက် ပွေ့ဖက်မှုက ရှောင်ယန်ကို ခဏတာ ကြောင်သွားစေသော်လည်း သူမအသံထဲမှ စိုးရိမ်ပူပန်မှုက ရှောင်ယန်၏ မျက်လုံးများကို မျက်ရည်ဝိုင်းစေခဲ့သည်။
"ဒေါ်လေး... ရှောင်ယန် အသားမမဲပါဘူး၊ ကိုကိုနဲ့ အတူရှိနေတော့ သမီး လုံးဝ ဒုက္ခမရောက်ပါဘူး" သူမက တိုးတိုးလေး ပြန်ဖြေလိုက်သည်။
ဝေ့သခင်မက သူမကို ခဏတာ စစ်ဆေးကြည့်လိုက်ပြီး အသားမမဲသည်ကို မြင်သောအခါ ပြုံးလိုက်သည်။ "ဒေါ်လေး သိသားပဲ။ ရှောင်ယန်က သမီးအစ်ကိုနောက် လိုက်သွားတာမို့ ဒုက္ခရောက်မှာ မဟုတ်ပါဘူးလို့။ ဒါပေမဲ့ အကြာကြီး ဝေးနေပြီးမှ ဒေါ်လေးကို လွမ်းရဲ့လား"
"ဟုတ်ကဲ့၊ ရှောင်ယန်လည်း ဒေါ်လေးကို အများကြီး လွမ်းနေခဲ့တာ။ ဒေါ်လေးအတွက် လက်ဆောင်တောင် ဝယ်လာခဲ့သေးတယ်" ရှောင်ယန်က ချိုသာစွာ ပြန်ဖြေလိုက်သည်။
"တကယ်လား။ ဒေါ်လေး နောက်မှ သေချာ ကြည့်ရမယ်"
ဝေ့သခင်မက ရှောင်ယန်ကို ပြုံးပြနေစဉ် ဘေးမှ စိတ်ပျက်လက်ပျက် အသံတစ်ခု ထွက်ပေါ်လာသည်။ "အမေ... သား ပြန်ရောက်ပြီ"
ဝေ့သခင်မက လှည့်ကြည့်လိုက်ပြီး အနည်းငယ် စိတ်ကောက်နေသော အမူအရာဖြင့် သူမ၏ အငယ်ဆုံးသားကို တွေ့လိုက်ရသည်။ သူမက အသိအမှတ်ပြုသော အကြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။ "မဆိုးပါဘူး။ ခရီးထွက်ပြီးတော့ သားက ပိုပြီး ရင့်ကျက်လာတာပဲ"
အရင်ကဆိုရင် သူက တွန့်ဆုတ်မနေဘဲ ပြေးလာမှာလေ။
ဝေ့ကျိအန်း စကားမပြောနိုင် ဖြစ်သွားရ၏။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း သူ့အမေက ကျိုးလီရွာရှိ ခြံဝင်းသို့ မကြာခဏ လာရောက်လည်ပတ်ခဲ့ပြီး အဓိကအားဖြင့် သူမ သမီးအရင်းကဲ့သို့ သဘောထားသော ရှောင်ယန်ကို လာတွေ့ခြင်း ဖြစ်သည်ကို သူ မေ့နေခဲ့သည်။ တစ်ခါတစ်ရံ သူမက သူ့ထက် ရှောင်ယန်နှင့် ပိုရင်းနှီးပုံရသည်။ သူ့အမေက သူ့ကို လျစ်လျူရှုလိုက်လျှင် တကယ်ကို အနေခက်သွားမည် ဖြစ်သောကြောင့် သူ ပြေးမသွားမိသည့်အတွက် သက်သာရာရသွားသည်။
ဝေ့သခင်မသည် သူမ၏သားကို လေ့လာကြည့်လိုက်ရာ အနည်းငယ် မဲသွားသည်မှလွဲ၍ ထိခိုက်မှုမရှိပုံရပြီး ပိုမိုသန်မာလာသည်ကို သတိပြုမိ၏။ သူ ခရီးသွားစဉ်အတွင်း ကြီးကြီးမားမား ဒုက္ခများနှင့် မကြုံတွေ့ခဲ့ရကြောင်း သူမ သိလိုက်ပြီး စိတ်အေးသွားကာ တည်ငြိမ်အောင် ပြန်လုပ်လိုက်သည်။
ထို့နောက် သူမက သမားတော်ကြီးနှင့် လုချင်းကို ကျက်သရေရှိစွာ ဦးညွှတ်လိုက်သည်။ "မင်္ဂလာပါ သခင်လေးလု နဲ့ သမားတော်ကြီး။ ကျွန်မသားရဲ့ တိုးတက်မှုက လမ်းတစ်လျှောက်လုံး ရှင်တို့ရဲ့ ဂရုစိုက်မှုကြောင့်ပါ"
"ဟားဟား... ဒီလောက် ယဉ်ကျေးစရာ မလိုပါဘူး ဝေ့သခင်မ။ ဒီအဘိုးကြီးက တခြားသူတွေကို ဂရုစိုက်တတ်တဲ့သူ မဟုတ်ပါဘူး။ တကယ်တော့ ကျိအန်းကသာ ကျုပ်ကို ပြုစုစောင့်ရှောက်ခဲ့တာပါ" သမားတော်ကြီးက ရယ်မောကာ ပြန်ပြောလိုက်သည်။
"သမားတော်ကြီး၊ ရှင်ကတော့ အရမ်း နှိမ့်ချလွန်းနေပါပြီ။ ကျွန်မသားရဲ့ စိတ်သဘောထားကို ကျွန်မ ကောင်းကောင်း သိပါတယ်။ သူက တခြားသူတွေကို ဂရုစိုက်တတ်လာတယ်ဆိုရင် ဒါက ရှင့်ရဲ့ လမ်းညွှန်မှုကြောင့်ပါ" သမားတော်ကြီးက ယဉ်ကျေးနေသည်ဟု ထင်ကာ ဝေ့သခင်မက အပြည့်အဝ မယုံကြည်ဘဲ ပြောလိုက်သည်။
သမားတော်ကြီး ရယ်မောလိုက်သော်လည်း ဆက်မငြင်းတော့ပေ။ ဝေ့ကျိအန်း၏ ပြောင်းလဲမှုများကို ဝေ့မိသားစု မကြာမီ သိသာထင်ရှားစွာ မြင်တွေ့ရလိမ့်မည်ဟု သူသိ၏။
သာကြောင်းမာကြောင်း ပြောပြီးနောက် လုချင်းက ရုတ်တရက် မေးလိုက်သည်။ "ဝေ့သခင်မ၊ ဝေ့ချန်ပေ့ ဘယ်မှာလဲဗျ။ ကျွန်တော်တို့ သူ့ကို မတွေ့ရလို့"
"ဘိုးဘေးလား။ ရှင်တို့ ခရီးထွက်သွားကတည်းက သူက ကျိုးလီရွာမှာပဲ နေနေတာ။ ခရိုင်မြို့ကို ပြန်လာခဲတယ်" ဝေ့သခင်မက ပြန်ဖြေလိုက်၏။
ထိုအရာကြောင့် လုချင်း၏ နှလုံးသား တုန်ခါသွားသည်။ ကျိုးလီရွာကို စောင့်ရှောက်ပေးမည်၊ ဘာမှမဖြစ်စေရဘူးဟု သူတို့အား ပေးထားသော ကတိကို ဝေ့ရှန်ဟိုင် တည်နေကြောင်း သူသိလိုက်သည်။
"သခင်လေးလု၊ ဘိုးဘေးနဲ့ အရေးတကြီး ကိစ္စရှိလို့လား။ သူ့ကို လာခိုင်းဖို့ လူလွှတ်လိုက်ရမလား" လုချင်း၏ တွေးတောနေသော အမူအရာကို မြင်သောအခါ၌ ဝေ့သခင်မက မေးလိုက်သည်။
လုချင်း ခဏစဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့ ကျေးဇူးပြုပြီး။ ဝေ့ချန်ပေ့နဲ့ ဆွေးနွေးစရာ အရေးကြီးကိစ္စ ရှိတယ်လို့ သူ့ကို ပြောပေးပါ"
လုချင်း၏ လေးနက်သော အမူအရာကို မြင်သောအခါ၌ ဝေ့သခင်မ စိုးရိမ်လာသည်။ လုချင်းက ဒီလောက် လေးနက်နေရင် အရေးကြီးတဲ့ကိစ္စ ဖြစ်ရမယ်လို့ သူမ သဘောပေါက်လိုက်၏။ နှောင့်နှေးမနေဘဲ သူမက ပြောလိုက်၏။ "ကောင်းပါပြီ၊ ကျွန်မ သတင်းစကား ပို့ဖို့ ချက်ချင်း စီစဉ်လိုက်ပါ့မယ်"
သဘာဝကျကျပင် ဝေ့သခင်မ ကိုယ်တိုင်သွားစရာ မလိုပေ။ သူမ၏ စကားတစ်ခွန်းဖြင့် ဦးလေးဟိုင်က အလျင်အမြန် စီစဉ်လိုက်သည်။
မကြာမီ သိမ်းငှက်တစ်ကောင် ဝေ့အိမ်တော်မှ ပျံတက်သွားပြီး တစ်ပတ်ဝဲကာ ကျိုးလီရွာဘက်သို့ လျင်မြန်စွာ ပျံသန်းသွားလေသည်။
ထိုကိစ္စကို ကိုင်တွယ်ပြီးနောက်၌ လုချင်းက အားဟူနှင့် သူ့သမီးကို ဝေ့သခင်မနှင့် မိတ်ဆက်ပေးလိုက်သည်။ သူတို့က နဂါးပြာမြို့တော်မှ ဖြစ်ကြောင်း သိလိုက်ရသောအခါ၌ ဝေ့သခင်မက သူတို့ကို အလွန်ရိုသေစွာ ဆက်ဆံသည်။ သူမက မြို့ငယ်လေးတစ်မြို့မှ ဖြစ်သော်လည်း ဝေ့မိသားစု၏ သခင်မတစ်ဦးအနေဖြင့် ဝေ့မိသားစု၏ စာအုပ်များစွာကို ဖတ်ရှုဖူးပြီး ကျော်ကြားသော နဂါးပြာမြို့တော်အကြောင်း ကြားဖူးသည်။
သူတို့ ဆက်လက်စကားပြောနေကြစဉ်၌ နာရီဝက်ခန့်အကြာတွင် ရိပ်ဝင်းထဲ၌ ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။
"သခင်လေးလုနဲ့ သမားတော်ကြီးတို့ ပြန်ရောက်ပြီလား"
သူ အခန်းထဲမဝင်ခင်မှာပင် ဝေ့ရှန်ဟိုင်၏ ပျော်ရွှင်မှုများ ပြည့်နှက်နေသော ကျယ်လောင်သည့်အသံကို အပြင်ဘက်မှ ကြားလိုက်ရသည်။
"ဘိုးဘေး" ဝေ့မိသားစု အိမ်စေများအားလုံး ရိုသေစွာ ဦးညွှတ်လိုက်ကြလေ၏။
"ဘိုးဘေး၊ ပြန်ရောက်လာပြီပဲ" ဝေ့သခင်မလည်း ဝမ်းသာအားရ နှုတ်ဆက်လိုက်သည်။
"ဟုတ်တယ်၊ သခင်လေးလုနဲ့ တခြားသူတွေ ပြန်ရောက်ပြီဆိုတဲ့ သတင်းစကား အိမ်တော်ကနေ ရလိုက်လို့ ငါ အမြန်ပြန်လာခဲ့တာ" ဝေ့ရှန်ဟိုင်က ရယ်မောကာ ပြောလိုက်သည်။
"ဝေ့ချန်ပေ့"
"အကြီးအကဲဝေ့"
"အဘိုးဝေ့"
လုချင်းနှင့် သမားတော်ကြီးတို့က ပြိုင်တူ နှုတ်ဆက်လိုက်ကြသည်။
ဟူလျန်နှင့် သူ့အဖေကတော့ တိတ်တဆိတ် တုန်လှုပ်နေကြသည်။
ဒီလောက် ဝေးလံခေါင်သီသည့် မြို့လေးမှာ မွေးရာပါနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ရှိနေလိမ့်မယ်ဟု သူတို့ မထင်ထားခဲ့ကြပါချေ။
"သမားတော်ကြီး၊ ခင်ဗျားတို့ ကျုံးကျိုးကနေ ပြန်လာဖို့ အနည်းဆုံး တစ်နှစ်လောက်တော့ ကြာမယ်လို့ ကျွန်တော် ထင်ထားတာ။ သုံးလတောင် မပြည့်သေးဘူး၊ ခင်ဗျားတို့ ပြန်ရောက်နေပြီလား" ဝေ့ရှန်ဟိုင်သည် ပျော်ရွှင်နေသော်လည်း လုချင်းနှင့် သမားတော်ကြီးကို ကြည့်ရင်း နားမလည်နိုင် ဖြစ်နေသည်။ ကျင့်ကြံခြင်းတွင် မကြာသေးမီက သူ တိုးတက်မှု ရှိခဲ့သော်လည်း သူတို့၏ ကျင့်ကြံခြင်းအဆင့်များကို သူ အာရုံမခံနိုင်သေးပေ၊ သူတို့၏ အရှိန်အဝါများ ပိုမိုနက်ရှိုင်းလာသည်ကိုသာ ခံစားမိသည်။
"မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တချို့ ကြုံခဲ့ရလို့ စောစောပြန်လာခဲ့တာပါဗျ" လုချင်းက ပြုံးပြီး ပြန်ဖြေလိုက်သည်။
"ဪ... သိပါပြီ" ဝေ့ရှန်ဟိုင် ခေါင်းညိတ်လိုက်ပြီး ထိုအဖြစ်အပျက်များ၏ သဘောသဘာဝကို ဆက်မမေးတော့ပေ။ ထိုအစား သူက မေးလိုက်၏။ "သခင်လေးလု၊ သတင်းစကားထဲမှာ ကျုပ်နဲ့ ဆွေးနွေးစရာ အရေးကြီးကိစ္စ ရှိတယ်လို့ ပြောထားတယ်။ ဘာကိစ္စလဲ"
ထိုအရာကို ကြားသောအခါ လုချင်း၏ အမူအရာ ပိုမိုလေးနက်လာသည်။ "အတော်လေးကို အရေးကြီးတဲ့ ကိစ္စပါဗျ ဝေ့ချန်ပေ့။ ကျွန်တော်တို့ သီးသန့် ပြောလို့ရမလား"
လုချင်း၏ လေးနက်သော အမူအရာကို မြင်သောအခါ၌ ဝေ့ရှန်ဟိုင်လည်း လေးနက်သွားပြီး ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ၊ လျှို့ဝှက်ခန်းထဲမှာ ပြောကြတာပေါ့"
ထို့နောက် သူက လုချင်းနှင့် သမားတော်ကြီးကို သူ၏ လေ့ကျင့်ရေးခန်းမဆောင်သို့ ခေါ်ဆောင်သွားလေသည်။ သူတို့ အတွင်းသို့ ရောက်သည်နှင့် ကျောက်တံခါးကို ပိတ်လိုက်ပြီး ဝေ့ရှန်ဟိုင်က ပြောလိုက်၏။ "သခင်လေးလု၊ ဒီခန်းမက ကျုပ် ပုံမှန် တံခါးပိတ်ကျင့်ကြံတဲ့နေရာပါ။ ကျုပ်တို့ဆီမှာ လုံခြုံမှုအရှိဆုံး နေရာပဲမို့ အခု လွတ်လွတ်လပ်လပ် ပြောလို့ရပါပြီ"
သို့သော် လုချင်းက ရုတ်တရက် ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားသော လျှို့ဝှက်ဆန်းကြယ်သည့် အရှိန်အဝါတစ်ခုအား ထုတ်လွှတ်လိုက်သည်။
"ပိုင်နက်တစ်ခုလား။ သခင်လေးလု၊ မင်း ဒီလိုနည်းစနစ်ကိုပါ ကျွမ်းကျင်သွားပြီလား။ မင်း မွေးရာပါနယ်ပယ်ကို ဖောက်ထွက်နိုင်ခဲ့ပြီလား" ဝေ့ရှန်ဟိုင်၏ မျက်နှာတွင် ချက်ချင်းပင် တုန်လှုပ်မှုများ ပြည့်နှက်သွားသည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း သူသည် သမားတော်ကြီးနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ပြီး မကြာခဏ လက်ရည်ယှဉ်ကာ ပိုင်နက်၏ အံ့ဖွယ်များကို ကိုယ်တွေ့ကြုံဖူးပါ၏။ လုချင်း ထုတ်ပြနေသော နည်းစနစ်မှာ တကယ်ပင် ပိုင်နက်တစ်ခု ဖြစ်ကြောင်း သူ ချက်ချင်း မှတ်မိလိုက်သည်။
ဤအသိကြောင့် ဝေ့ရှန်ဟိုင် လုံးဝ အံ့အားသင့်သွားရလေ၏။ လုချင်း မွေးရာပါနယ်ပယ်သို့ ရောက်ရှိသွားသည်ကို သူ မအံ့သြပါ၊ ဘာကြောင့်လဲဆိုတော့ လုချင်းက ကျုံးကျိုးသို့ မထွက်ခွာမီကတည်းက မွေးရာပါနယ်ပယ်အောက်အဆင့်၏ အထွတ်အထိပ်သို့ ရောက်နေခဲ့ပြီးဖြစ်သည်။ လုချင်း အချိန်မရွေး ဖောက်ထွက်နိုင်သည်ကို သူ အံ့သြမည်မဟုတ်ပေ။ သူ့ကို တကယ်တမ်း တုန်လှုပ်စေသည်မှာ လုချင်းက ပိုင်နက်တစ်ခုကို နားလည်သဘောပေါက်ရုံသာမက ပြီးပြည့်စုံစွာ ကျွမ်းကျင်နေခြင်း ဖြစ်သည်။
ဝေ့ရှန်ဟိုင်ကိုယ်တိုင်လည်း ပိုင်နက်ကို နားလည်ရန် ကြိုးစားခဲ့ဖူးသော်လည်း သမားတော်ကြီးက သူ့အတွက် သရုပ်ပြသခဲ့လျှင်တောင် ဘာတိုးတက်မှုမှ မရှိခဲ့ပေ။ သဲလွန်စ အနည်းငယ်မျှပင် သူ နားမလည်နိုင်ခဲ့။ သို့သော် တိုတောင်းသောအချိန်အတွင်း လုချင်းကတော့ ပိုင်နက်ကို နားလည်ရုံသာမက ပြီးပြည့်စုံစွာ ကျွမ်းကျင်နေပြီ ဖြစ်သည်။ လုချင်းက ကြီးကျယ်ခမ်းနားမှုအတွက် ရည်မှန်းထားသော ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်ကြောင်း သူ အမြဲသိခဲ့သော်လည်း လုချင်း၏ တိုးတက်မှု အရှိန်အဟုန်မှာ ယုံကြည်ရန် ခက်ခဲနေဆဲပင်။
"မကြာသေးခင်က ကျွန်တော် ကံကောင်းပြီး ဖောက်ထွက်နိုင်ခဲ့တယ် ဝေ့ချန်ပေ့။ ခင်ဗျားကို အံ့သြသွားစေမိတဲ့အတွက် ခွင့်လွှတ်ပါ" လုချင်းက ပြုံးပြီး ပြောလိုက်သည်။ "ကျွန်တော် ဆွေးနွေးချင်တဲ့ ကိစ္စက အရမ်းအရေးကြီးလို့ သတိထားတာ အကောင်းဆုံးလို့ ထင်မိလို့ပါဗျ"
"သခင်လေးလု၊ မင်း ဒီလောက်တောင် သတိထားဖို့ လိုအပ်တာဆိုတော့ ဘယ်လိုကိစ္စမျိုးကများ အရေးကြီးနေလို့လဲ" ဝေ့ရှန်ဟိုင် အသက်ပြင်းပြင်းရှူကာ သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ပြီး လေးနက်စွာ မေးလိုက်၏။
"ကိစ္စက ဟိုးအရင်တုန်းက ခင်ဗျား ပြန်သယ်လာခဲ့တဲ့ ဒယ်အိုးကြီးနဲ့ ပတ်သက်ပါတယ်ဗျ" လုချင်း လေးနက်စွာ ပြောလိုက်သည်။