အခန်း (၃၂၉-၃၃၀)
Vol. 33 Ch. 329-330
အခန်း ၃၂၉ - ဒေါသထွက်နေသော ဂျင်ဆင်း၊ တောင်နက်ကြီးထဲမှ အပြောင်းအလဲများ
ကျိုးလီရွာ အဝင်ဝတွင် လေထုက သက်ဝင်လှုပ်ရှားနေသည်။
လုချင်းနှင့် သူ့အဖွဲ့ ပြန်ရောက်လာသည့် သတင်းကြားသည်နှင့် ရွာသားများအားလုံး ရွာထဲမှ အပြေးအလွှား ထွက်လာကြသည်။
"တကယ်ပဲ အားချင်းတို့ ပြန်ရောက်လာကြတာပဲ"
"လအနည်းငယ်ကြာသွားတော့ အားချင်းက နည်းနည်း ပြောင်းလဲသွားသလိုပဲ"
"ရှောင်ယန်လည်း ပြောင်းလဲသွားတယ်၊ သူ နည်းနည်း ပိုကြီးလာတယ်"
"အဲဒီ မြင်းနှစ်ကောင်က ဘာအမျိုးအစားလဲ။ ဘာလို့ ခေါင်းပေါ်မှာ ဦးချိုတွေ ပါနေတာလဲ"
"ဟို မိန်းကလေးက ဘယ်သူလဲ။ အရမ်း လှတာပဲ"
"ငါတို့ရွာအနီးတစ်ဝိုက်ဆယ်မိုင်အတွင်းမှာတောင် ဒီလောက်လှတဲ့ မိန်းကလေးမျိုး တစ်ခါမှ မမြင်ဖူးဘူး"
ရွာသားများက မရပ်မနား ပြောဆိုနေကြပြီး အချို့က လုချင်းနှင့် အဖွဲ့၏ ပြောင်းလဲမှုများကို ဆန်းစစ်နေကြသလို အချို့ကလည်း နဂါးသွေးမျိုးဆက် မြင်းနှစ်ကောင်ကို စိတ်ဝင်စားနေကြ၏။ အများစုမှာမူ ဟူကျိကျစ်၏ ရုပ်ရည်ကို အံ့သြနေကြလေသည်။ ဆွေးနွေးသံများကြားတွင် လုချင်းက အဘိုးကျန်းထံ လျှောက်သွားလိုက်သည်။
"အဘိုးကျန်း... ကျွန်တော် ပြန်ရောက်ပါပြီ"
"မင်း ဘေးကင်းကင်းနဲ့ ပြန်ရောက်လာရင် ပြီးတာပါပဲကွာ"
အဘိုးကျန်း၏ မျက်လုံးများ စိုစွတ်နေပြီး ခံစားချက်ကြောင့် ခန္ဓာကိုယ် တုန်ရီနေသည်။
"ဒီခရီးစဉ်မှာ အန္တရာယ် တစ်ခုခုများ ကြုံခဲ့ရသေးလား"
"မကြုံခဲ့ပါဘူး၊ အရာအားလုံး အေးဆေးပါပဲဗျ။ ဆရာက ကျွန်တော်တို့ကို စောင့်ရှောက်ပေးနေတာ၊ ပြီးတော့ ကျွန်တော်တို့ကလည်း ပြဿနာမှ မရှာတာ... ဘယ်လိုလုပ် အန္တရာယ် ရှိမှာလဲ" လုချင်းက ပြုံးလိုက်သည်။
ဘေးနားတွင် ရပ်နေသော သမားတော်ကြီးချန် : "…"
သို့သော် အဘိုးကျန်းက အတည်ယူပြီး သမားတော်ကြီးကို အမြန် ဦးညွှတ် ဂါရဝပြုလိုက်သည်။
"အားချင်းနဲ့ ရှောင်ယန်ကို ဒီခရီးမှာ စောင့်ရှောက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် သမားတော်ကြီး။ မဟုတ်ရင် အားချင်းရဲ့ စိတ်မြန်လက်မြန်နဲ့ ဘာပြဿနာတွေ သွားရှာခဲ့မလဲ ဘယ်သူသိမှာလဲ"
"ခင်ဗျားက ပိုပြောနေပါပြီ အဘိုးကျန်းရာ။ လမ်းတစ်လျှောက်လုံး အားချင်းနဲ့ ရှောင်ယန်ကသာ ကျွန်တော့်ကို ပြုစုစောင့်ရှောက်ခဲ့ကြတာပါ။ ဒီလူကြီးက ဘာမှ သိပ်လုပ်ပေးခဲ့ရတာ မဟုတ်ပါဘူး"
"ဒါက တပည့်တစ်ယောက် လုပ်သင့်လုပ်ထိုက်တာပါ"
"အဘိုးကျန်း... ရွာထဲ အရင် ဝင်ကြရအောင်"
အဘိုးကျန်းက နောက်ထပ် ကျေးဇူးတင်စကားများ ဆက်လက် ပြောတော့မည့်ပုံ ပေါက်နေသဖြင့် လုချင်းက အမြန် ဖြတ်ပြောလိုက်သည်။
"ဟုတ်သားပဲ... ငါကလည်း မေ့တတ်နေပြီ။ ခရီးဝေးသွားရတာ မင်းတို့ ပင်ပန်းနေမှာပဲ။ ရွာထဲ အရင်သွားပြီး နားလိုက်ကြဦး"
အဘိုးကျန်းက သဘောပေါက်သွားပြီး သူ့ခေါင်းသူ ပုတ်လိုက်သည်။
"ကျွန်တော် ကြိုးနီတွေ သွားဖြုတ်လိုက်ဦးမယ်"
လုချင်းက မြင့်မြတ်သောသစ်ပင်ဆီ လျှောက်သွားပြီး မထွက်ခွာမီက သူ ချည်နှောင်ထားခဲ့သော ကြိုးနီသုံးချောင်းကို ဖြည်းညှင်းစွာ ဖြေလိုက်သည်။ လအနည်းငယ်ကြာ လေဒဏ်မိုးဒဏ် ခံခဲ့ရသဖြင့် ကြိုးနီများ အရောင်လွင့်နေပြီ ဖြစ်သော်လည်း လုချင်းက လေးလေးနက်နက်ဖြင့် ကျောက်ပြားတစ်ခုအောက်တွင် ဖိထားလိုက်သည်။
ရွာသားများက ကြည့်ရင်း ပြုံးလိုက်ကြ၏။
အိမ်ပြန်ရောက်သောအခါ လုချင်းက ခြံဝင်းထဲတွင် ပေါင်းမြက်များ ရှင်းလင်းထားပြီး အိမ်မှာလည်း ဖုန်တစ်စက်မျှ မရှိဘဲ သန့်ရှင်းနေသည်ကို တွေ့လိုက်ရသည်။ လအနည်းငယ်ကြာ လူမနေခဲ့သည့် အိမ်နှင့် မတူဘဲ သူနှင့် ရှောင်ယန်တို့ ထွက်ခွာမသွားမီကထက်ပင် ပို၍ သန့်ရှင်းနေသေးသည်။ အဘိုးကျန်းနှင့် အခြားသူများ နေ့စဉ်လာရောက်၍ သန့်ရှင်းရေး လုပ်ပေးထားမှန်း လုချင်း သိလိုက်လေသည်။
"အားချင်း... မင်း အခုမှ ပြန်ရောက်တာဆိုတော့ ဘာအစားအသောက်မှ ပြင်ဆင်ဖို့ အချိန်ရမှာ မဟုတ်ဘူး။ ငါ မင်းရဲ့ဦးလေးကျန်းကို ခဏနေရင် တချို့တစ်ဝက် လာပို့ခိုင်းလိုက်မယ်" အဘိုးကျန်းက ဟိုဟိုဒီဒီ ကြည့်ရင်း ပြောလိုက်သည်။
လုချင်း ပြန်ဖြေရန် ဟန်ပြင်စဉ်မှာပင် အပြင်ဘက်မှ ဆူညံသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။
အသံတစ်ခုက လှမ်းအော်လိုက်သည်။ "သခင်လေးလု... ဆရာမာ ကိုယ်စား ကျွန်တော် ပစ္စည်းတချို့ လာပို့တာပါ"
"အစ်ကိုရှောင်ထျန်း... အစ်ကိုလား"
လုချင်း အပြင်ထွက်ကြည့်လိုက်သောအခါ မတွေ့ရသည်မှာ ကြာပြီဖြစ်သော ရှောင်ထျန်း ဖြစ်နေသည်။ သူက ခြံဝင်းအပြင်ဘက်တွင် အခြားလူအချို့နှင့်အတူ ရပ်နေပြီး ပခုံးပေါ်၌ ဝန်ပိုးများကို ထမ်းထားကြသည်။
"အစ်ကိုရှောင်ထျန်း... ဈေးကြီးဘက်က လာတာလား"
"ဟုတ်တယ်ဗျ... ကျွန်တော် ဆရာမာဆီက စာပို့ခိုနဲ့ သတင်းရပြီး သခင်လေးတို့ ပြန်ရောက်နေပြီလို့ သိရလို့ပါ။ ဆရာမာက သခင်လေးနဲ့ သမားတော်ကြီးချန်အတွက် လိုအပ်တာတချို့ ယူသွားပေးဖို့ ကျွန်တော့်ကို မှာလိုက်လို့ပါ" ရှောင်ထျန်းက လေးလေးစားစား ပြောသည်။
"ဆရာမာက အမြဲတမ်း အရမ်း စိတ်ထားပြည့်ဝတာပဲ။ အထဲ ယူလာခဲ့ပါ"
ရှောင်ထျန်းနှင့် သူ့လူများက တခြားအရာများကို ခြံဝင်းထဲ သယ်လာကြသည်။ ဆန်၊ ဂျုံ၊ အသား၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများနှင့် နေ့စဉ်သုံး ပစ္စည်းများပါမကျန် အရာအားလုံး အဆင်သင့် ပါလာသည်။
"သခင်လေးလု... ဘာလိုသေးလဲ ကြည့်ပါဦး။ ကျွန်တော် အခုချက်ချင်း လာပို့ခိုင်းလိုက်ပါ့မယ်"
"မလိုပါဘူးဗျာ... ခုဟာနဲ့တင် အားလုံး ပြည့်စုံလွန်းနေပါပြီဗျ။ ကျေးဇူးပါပဲ အစ်ကိုရှောင်ထျန်း"
မည်သည့်အရာမျှ မလိုတော့သည်ကို မြင်သောအခါ လုချင်း ခေါင်းညိတ်၍ ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ဒါဆိုရင် သခင်လေးလုကို ဆက်မနှောင့်ယှက်တော့ပါဘူး"
ရှောင်ထျန်းက လေးစားစွာ ဦးညွှတ်ပြီးနောက် သူ့လူများနှင့်အတူ ထွက်ခွာသွားတော့၏။
ရှောင်ထျန်း ထွက်သွားသည်ကို ကြည့်ရင်း လုချင်း ခေါင်းခါလိုက်သည်။
သူ ပြန်ရောက်လာကတည်းက ရှောင်ထျန်းသည် များစွာ ပိုမို ရိုကျိုးလာပုံရသည်။ ဆရာမာက သူ့ထံသို့ မည်သည့်စာများ ရေးလိုက်သည်ကို မည်သူ သိနိုင်မည်နည်း။
"အဘိုးကျန်း တွေ့တဲ့အတိုင်းပဲ... ကျွန်တော့်မှာ အစားအသောက်တွေ မလိုတော့ပါဘူး။ အဘိုးကို ဒုက္ခမပေးတော့ပါဘူး"
လုချင်း လှည့်ပြီး ပြုံးလိုက်သည်။
အဘိုးကျန်းက ပစ္စည်းတွေကို ကြည့်ပြီး ပြုံးလိုက်သည်။ "အားချင်း... မင်းမှာ အဆက်အသွယ်တွေ အများကြီး ရှိတာပဲ။ အခုမှ ပြန်ရောက်တာကို လူတွေက လက်ဆောင်တွေ လာပေးနေကြပြီ"
ထို ရှောင်ထျန်းဆိုသည့် ဘဏ္ဍာထိန်းကို လွန်ခဲ့သော နှစ်နှစ်အတွင်း အဘိုးကျန်း အကြိမ်ကြိမ် တွေ့ဖူးသည်။ ရံဖန်ရံခါ သူက ကိုယ်တိုင်ကိုယ်ကျ လုချင်းအိမ်သို့ နေ့စဉ်သုံး ပစ္စည်းများ လာပို့ပေးတတ်သည်။ သို့သော် သူ၏သတင်းက ဤမျှ မြန်ဆန်စွာ ရောက်သွားမည်ဟု ထင်မှတ်မထားခဲ့ပေ။ လုချင်း ပြန်ရောက်သည်နှင့် ရှောင်ထျန်းက ချက်ချင်း နောက်က လိုက်လာခဲ့ခြင်းဖြစ်သည်။
"ဒါနဲ့ အဘိုးကျန်း... ကျွန်တော် ဒီနေ့အတွက် ဘာမှ မပြင်ဆင်ရသေးလို့ လူတိုင်းကို ထမင်းဖိတ်ကျွေးလို့ မရသေးဘူး။ တစ်ရက် နှစ်ရက်လောက်နေရင် လူတိုင်းနဲ့အတူ ကောင်းကောင်းမွန်မွန် ပျော်ပွဲစားလုပ်ဖို့ စားပွဲဝိုင်း ဆယ်ဝိုင်းလောက် ပြင်ဆင်ပေးမယ်လို့ တခြားလူတွေကို ပြောပေးပါဦး"
"ရပါတယ်... မင်းဆီမှာ ဧည့်သည်တွေ ရောက်နေတာဆိုတော့ ငါ ဆက်မနှောင့်ယှက်တော့ပါဘူး။ မင်း ဧည့်သည်တွေကိုပဲ သွားဧည့်ခံလိုက်ပါဦး"
လုချင်းအတွက် ငွေကြေးအနည်းငယ်ဆိုသည်မှာ ဘာမျှ မဟုတ်မှန်း သိသဖြင့် အဘိုးကျန်းက အတင်း မငြင်းဆန်တော့ပေ။
ရွာသားများ ထွက်သွားပြီးနောက် လုချင်းက ဟူကျိကျစ်နှင့် သူမ၏အဖေဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "ရွာသားတွေက ကျွန်တော်နဲ့ ရှောင်ယန်အပေါ် အရမ်း ဂရုစိုက်ကြလို့ နည်းနည်း ဆူညံသွားတယ်။ စိတ်မရှိကြပါနဲ့နော်"
"ရပါတယ်ဗျာ... ဒီက လူတွေက အရမ်း ရိုးသားဖြူစင်ကြတာပဲ။ ကျွန်တော်နဲ့ သမီးအတွက် ဒီမှာ ခိုလှုံခွင့်ရတာ ကံကောင်းတာပါပဲ" ဟူလောင်စန်းက အမြန် ပြန်ပြောလိုက်သည်။
"ဒါနဲ့ ကျွန်တော်တို့ ပြန်မရောက်ခင်က ဝေ့ချန်ပေ့နဲ့ ပြောပြီးသားမို့ ဦးလေးဟူတို့က ဝေ့မိသားစုရဲ့ ခြံဝင်းထဲမှာ ယာယီ တည်းခိုလို့ ရပါတယ်။ အခန်းလွတ်တွေ အများကြီး ရှိသလို စောင့်ရှောက်ပေးမယ့်သူတွေလည်း ရှိတော့ အဆင်ပြေမှာပါ"
"ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် သခင်လေးလု" ဟူကျိကျစ်က ကျေးဇူးတင်စကား ဆိုသည်။
ထို့နောက် လုချင်းက သားအဖနှစ်ဦးအား ဝေ့မိသားစု ခြံဝင်းဆီသို့ လိုက်ပို့ပေးလိုက်သည်။ နေရာချပေးပြီးနောက် သူသည် တောင်ကုန်းပေါ်မှ အိမ်ဆီသို့ ပြန်လာကာ သူ၏ဆရာအား သန့်ရှင်းရေး ကူညီလုပ်ပေးရန် ရည်ရွယ်လိုက်သည်။ သို့သော် ရောက်ရှိသွားသောအခါ နေရာတစ်ခုလုံးမှာ သန့်ရှင်းသပ်ရပ်နေပြီ ဖြစ်သည်။ ရွာသားများကပင် လုပ်ပေးထားခြင်းလော၊ သို့မဟုတ် ဇီးသီးလက်ဖက်ခြောက် လာရောက်ခူးလေ့ရှိသော ဝေ့ရှန်ဟိုင်ကပင် လူလွှတ်၍ သန့်ရှင်းရေး လုပ်ခိုင်းထားခြင်းလောဟု သူ တွေးတောနေမိသည်။
"အားချင်း... ဒီဘက် လာပါဦး"
သမားတော်ကြီး၏ အသံက အိမ်နောက်ဘက်မှ ထွက်ပေါ်လာသည်။
"ဘာဖြစ်လို့လဲ ဆရာ"
လုချင်း အနောက်ဘက်သို့ လျှောက်သွားကာ မေးရန် ဟန်ပြင်စဉ် ရုတ်တရက် ကြက်သေသေသွားလေသည်။
သမားတော်ကြီး၏ ဘေးတွင် ခြံစည်းရိုး ခတ်ထားသော ဥယျာဉ်လေးတစ်ခု ရှိပြီး စိမ်းလန်းစိုပြည်သည့် အသက်ဓာတ်များ ဖြာထွက်နေသည်။ ၎င်းမှာ သူတို့ အရင်က စိုက်ပျိုးခဲ့သော ဆေးဖက်ဝင်အပင် စိုက်ခင်းလေးပင် ဖြစ်သည်။
"ဒီဆေးဖက်ဝင်အပင် စိုက်ခင်းက..."
လုချင်း အနားတိုးသွားကာ ရှင်သန်ကြီးထွားနေသော ဆေးဖက်ဝင်အပင်များကို ကြည့်ရှုရင်း အံ့သြသွားလေသည်။ လအနည်းငယ်သာ ကြာသေးသော်လည်း ဤအပင်များသည် ဆယ်နှစ်ခန့် ကြီးထွားထားသကဲ့သို့ ဖြစ်နေသည်။ ဆေးစွမ်းအင်များမှာ ပြည့်ဝနေပြီး အပြည့်အဝ အသုံးပြု၍ ရနေပြီဖြစ်သည်။
ပို၍ အရေးကြီးသည်မှာ ဤနေရာတွင် မြေကြီးစွမ်းအင်များ အလွန် ထူထပ်နေကြောင်း လုချင်း ခံစား၍ ရနေသည်။ မိုင်ပေါင်းများစွာ ပတ်လည်မှ စွမ်းအင်များသည် ဤနေရာ၌ အမြဲတမ်း လာရောက် စုဝေးနေသကဲ့သို့ပင်။ မြေပြင်အောက်တွင် ဖုံးကွယ်ထားသော အားကောင်းသည့် အသက်စွမ်းအား တစ်ခု ရှိနေလေသည်။
"ဟို နှစ်တစ်ထောင် ဂျင်ဆင်း... သူ ထွက်မပြေးဘူးလား"
လုချင်းက ထိုအသက်စွမ်းအား၏ အရင်းအမြစ်ကို ချက်ချင်း မှတ်မိလိုက်ပြီး အံ့သြသွားတော့သည်။ ၎င်းမှာ သူ ဖမ်းမိဖူးသော နှစ်တစ်ထောင် ဂျင်ဆင်းပင် ဖြစ်သည်။ သမားတော်ကြီးက မြေကြီးစွမ်းအင်ကို ထိန်းညှိပေးနိုင်ရန် ဆေးဖက်ဝင်အပင် စိုက်ခင်းထဲတွင် ထည့်ထားခဲ့ခြင်းဖြစ်သည်။ ဂျင်ဆင်းမှာ ဉာဏ်ရည် ဖွံ့ဖြိုးလာပြီးဖြစ်ကာ သူတို့ ကျုံးကျိုးသို့ ထွက်သွားစဉ်က လုချင်း ထင်မှတ်ခဲ့သည်မှာ သူ ထွက်ပြေးသွားလောက်ပြီ ဟူ၍ပင်။ သို့သော် အံ့သြစရာကောင်းသည်မှာ သူ ဤနေရာတွင် ရှိနေဆဲဖြစ်ကာ ဆေးဖက်ဝင်အပင် စိုက်ခင်းကို ကြိုးကြိုးစားစား စီမံလျက် ပြုစုပျိုးထောင်နေဆဲပင် ဖြစ်သည်။
အပြင်ဘက်မှ လှုပ်ရှားမှုကို အာရုံခံမိသောအခါ မြေကြီးအောက်မှ အသက်စွမ်းအားမှာ စတင် လှုပ်ရှားလာလေသည်။ ဖြည်းညှင်းစွာပင် အရွက်အနည်းငယ်က မြေကြီးထဲမှ ပြူထွက်လာသည်။
၎င်းကို မြင်သောအခါ လုချင်း မရယ်ဘဲ မနေနိုင်တော့ပေ။ "မင်းက တော်တော် သတ္တိကောင်းတာပဲ။ ထပ် အဖမ်းခံရမှာ မကြောက်ဘူးလား"
ထိုသို့ ပြောလိုက်သောအခါ အရွက်များသည် မြေကြီးထဲသို့ အမြန် ပြန်လည် ကျုံ့ဝင်သွားသည်။ သို့သော် အတန်ကြာသောအခါ နှစ်တစ်ထောင် ဂျင်ဆင်းသည် တစ်ခုခု မှားယွင်းနေမှန်း သတိထားမိသွားပုံရ၏။ သူက မြေကြီးထဲမှ ရုတ်တရက် ထွက်လာကာ သမားတော်ကြီးအနားသို့ ကပ်သွားလေသည်။ သူ၏ ဖိုင့်ဖိုင့်ခန္ဓာကိုယ် တစ်ဝက်ခန့် ပေါ်နေပြီး ခေါင်းပေါ်ရှိ အရွက်များက စိတ်လှုပ်ရှားစွာ ယိမ်းနွဲ့နေသည်မှာ တစ်ခုခုကို တိုင်တောနေသည့်အလားပင်။
"ဒီကောင်လေးက ပိုပြီး ဉာဏ်ကောင်းလာပုံရတယ်" လုချင်းက အံ့သြစွာ မှတ်ချက်ချသည်။
ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထလာမှုကြောင့်လော။
"ကဲပါ ကဲပါ... ငါ ကတိဖျက်မိမှန်း သိပါတယ်။ အခု မင်းကို ပြန်ပေးဆပ်ပါ့မယ်"
သမားတော်ကြီးက ထပ်ခါတလဲလဲ တောင်းပန်လိုက်ပြီး ကျောက်စိမ်းပုလင်းတစ်လုံး ထုတ်ကာ နို့နှစ်ရောင် အရည်တစ်စက်ကို ဂျင်ဆင်းပေါ်သို့ ချပေးလိုက်သည်။
ဂျင်ဆင်းသည် တစ်ချက်ခန့် တောင့်သွားပြီးနောက် အရည်ကို တပြွတ်ပြွတ် စုပ်ယူလိုက်လေသည်။ ခေါင်းပေါ်ရှိ အရွက်များမှာ ကျေနပ်အားရမှုကြောင့် တုန်ခါသွားသည်။ နောက်တစ်ခဏတွင် အရည်ကို စုပ်ယူရန်အတွက် မြေကြီးအောက်သို့ ကွယ်ပျောက်သွားကာ ကတိဖျက်ခဲ့ခြင်းအပေါ် စိတ်မဆိုးတော့ပေ။
"ဆရာ... ဆရာက တော်တော် ရက်ရောတာပဲ။ သူ့ကို မြေကမ္ဘာသွေးကြော ဝိညာဉ်အရည်တစ်စက်လုံး ပေးလိုက်တာလား" လုချင်းက တခစ်ခစ် ရယ်မောလိုက်သည်။
"သူက ဆက်နေဖို့ ရွေးချယ်ပြီး ဆေးဖက်ဝင်အပင် စိုက်ခင်းကို ဒီလောက် ကောင်းကောင်း စီမံပေးထားတာဆိုတော့ လျော်ကြေးတချို့ ရသင့်တာပေါ့"
ဆေးဖက်ဝင်အပင် စိုက်ခင်းကို စတင် ဖန်တီးစဉ်က သမားတော်ကြီးသည် ဂျင်ဆင်းနှင့် သဘောတူညီချက် တစ်ခု ပြုလုပ်ခဲ့သည်။ မြေကြီးစွမ်းအင်ကို ထိန်းညှိပေးရာတွင် နေ့စဉ် ကူညီပေးသည့်အတွက် သုံးရက်တစ်ကြိမ် ရောစပ်ထားသော မြေကမ္ဘာသွေးကြော ဝိညာဉ်အရည် တစ်စက် ပေးမည်ဟုပင်။ သူတို့ ကျုံးကျိုးသို့ ထွက်သွားသောအခါ ဤအစီအစဉ်ကို ရပ်ဆိုင်းထားခဲ့ရသည်။ သူတို့
ထင်မှတ်ခဲ့သည်မှာ ဂျင်ဆင်း ထွက်သွားလိမ့်မည်ဟူ၍ ဖြစ်သည်။ သို့သော် သူသည် ကျန်ရစ်ခဲ့လေသည်။
"သူက ဆက်နေဖို့ ဆန္ဒရှိတယ်ဆိုတော့ ကောင်းတာပေါ့။ ကျွန်တော် အစီအရင်တွေကို အချိန်ပေးပြီး လေ့လာဖို့ စိတ်ကူးရှိတယ်။ အစီအရင်တွေကို သုံးပြီး မြေကြီးစွမ်းအင်ရော ဝိညာဉ်စွမ်းအင်ပါ စုစည်းပြီး စစ်မှန်တဲ့ ဝိညာဉ်ဆေးပင် ဥယျာဉ်တစ်ခု ဖန်တီးနိုင်မလား ကြည့်ချင်တယ်" လုချင်းက လေးနက်စွာ ပြောလိုက်သည်။
ဤအကြံဉာဏ်မှာ သူ၏ ခေါင်းထဲတွင် ရှိနေသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ကမ္ဘာကြီး ပြောင်းလဲနေပြီ၊ ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထမှုသည် စတင်နေပြီ၊ ထူးဆန်းသော ဖြစ်စဉ်များသည်လည်း စတင် ဖြစ်ပေါ်နေပြီဖြစ်သည်။ အနာဂတ်တွင် ရှေးဟောင်း ဒဏ္ဍာရီများထဲတွင်သာ ရှိသော ရှားပါး ဝိညာဉ်သားရဲများနှင့် ဝိညာဉ်ဆေးပင်များ ပြန်လည် ပေါ်ထွန်းလာနိုင်ပေ၏။ သို့သော် လုချင်းအတွက်မူ သဘာဝအတိုင်း ဖြစ်လာမည့်အရာကို ထိုင်စောင့်နေခြင်းမှာ အလွန် ကြာလွန်းလှသည်။ သူ၏ အသိပညာကို အသုံးပြု၍ ဝိညာဉ်ဆေးပင်များကို ကြိုတင် စိုက်ပျိုးကာ အခွင့်အရေးကို အရယူနိုင်မည်လောဟု ကြည့်ရှုလိုသည်။
"အဲဒါ ကောင်းတဲ့ အကြံဉာဏ်ပဲ။ ကမ္ဘာကြီးက ဒီလောက် ပြင်းပြင်းထန်ထန် ပြောင်းလဲနေတော့ ရောဂါတွေလည်း မှန်းဆမရတဲ့ နည်းလမ်းတွေနဲ့ ပြောင်းလဲလာနိုင်တယ်။ ငါတို့သာ ဝိညာဉ်ဆေးပင်တွေ စိုက်ပျိုးနိုင်ရင် အနာဂတ်မှာ ခက်ခဲတဲ့ ရောဂါတွေနဲ့ ရင်ဆိုင်ရတဲ့အခါ လက်နက်မဲ့ ဖြစ်မနေတော့ဘူးပေါ့"
သမားတော်ကြီး ဝမ်းသာသွားလေသည်။ ကြင်နာတတ်သော ကုသသူတစ်ဦးအနေဖြင့် လက်ရှိ ကမ္ဘာကြီး၏ ပြောင်းလဲမှုအပေါ် သူ စိုးရိမ်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ လုချင်း၏ အစီအစဉ်မှာ အနာဂတ် ဆေးပညာ စိန်ခေါ်မှုများအတွက် ပြင်ဆင်ရန် အကောင်းဆုံးပင်ဖြစ်သည်။
"ပြီးတော့ ဆရာ... ကျွန်တော် မနက်ဖြန် တောင်ပေါ်တက်ပြီး အခြေအနေ သွားကြည့်ဖို့ စိတ်ကူးရှိတယ်။ အဲဒီအချိန်ကျရင် ရှောင်ယန်နဲ့ တခြားသူတွေကို ဂရုစိုက်ပေးပါဦး"
"သွားပါ... ငါတို့အတွက် စိတ်မပူနဲ့။ ဂရုစိုက်နော်" သမားတော်ကြီးက လေးနက်စွာ ပြောလိုက်သည်။
သူ၏ တပည့်ဖြစ်သူ၏ စိုးရိမ်မှုများကို သူ နားလည်ပေသည်။ သူတို့၏ ကျုံးကျိုးခရီးစဉ်မှာ များစွာ အကျိုးရှိခဲ့ပြီး တစ်ဦးစီ အခွင့်အရေးကောင်းများ ရရှိခဲ့ကြသော်လည်း လမ်းတစ်လျှောက်တွင် ရန်သူများစွာလည်း ရခဲ့ကြသည် မဟုတ်ပါလော။
အထူးသဖြင့် ရွှမ်ခုန်းတောင်သည် ယခုအခါ ကျမ်းကျိန် ရန်သူတော်ကြီး ဖြစ်နေလေပြီ။ မြင့်မြတ်သောတောင်တော်သည် ဘက်လိုက်မှု မရှိဟု ကျော်ကြားသော်လည်း လူသားများမှာ ကိုယ်ကျိုးစီးပွားဖြင့် မောင်းနှင်ခံရသည်သာ ဖြစ်သည်။ တတိယသခင်မြတ်သည် အင်အားကြီး ပုဂ္ဂိုလ်များစွာ၏ ရှေ့မှောက်တွင် လုချင်းအား ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ သူ အငြိုးမထားဟု မည်သူက အာမခံနိုင်မည်နည်း။
ထို့ပြင် လုချင်း ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့သော လျှို့ဝှက်ဆန်းကြယ် မိစ္ဆာကျင့်ကြံသူနှင့် ချီမိသားစု၏ လက်ကျန် အင်အားစုများလည်း ရှိနေသေးပါ၏။ ဤလူများ အားလုံးမှာ အလားအလာရှိသော ခြိမ်းခြောက်မှုများပင် ဖြစ်သည်။
သူတို့သည် လေဟုန်စီးမြင်းလှည်းကို စီးနင်းကာ မယုံနိုင်လောက်သည့် အမြန်နှုန်းဖြင့် ပြန်လည် ထွက်ပြေးလာခဲ့ကြသော်လည်း ခြေရာလက်ရာများမှာ အမြဲ ကျန်ရစ်ခဲ့စမြဲဖြစ်သည်။ မကြာမီဖြစ်စေ နောက်ပိုင်းဖြစ်စေ တစ်စုံတစ်ယောက်က သူတို့ကို လာရောက် ရှာဖွေလိမ့်မည်။ သတိထားခြင်းသည်သာ အကောင်းဆုံးပင်။
"ကျွန်တော် ဂရုစိုက်ပါ့မယ်" လုချင်း ခေါင်းညိတ်လိုက်သည်။
နောက်တစ်နေ့တွင် မိဘများ၏ အုတ်ဂူကို ရှောင်ယန်နှင့်အတူ ကန်တော့ပြီးနောက် လုချင်းက သူမနှင့် ရှောင်လီကို ဆရာ့အိမ်သို့ ပို့ပေးခဲ့ပြီး တောင်တန်းထဲသို့ တစ်ယောက်တည်း ဝင်ရောက်ခဲ့လေသည်။
လမ်းလျှောက်နေရင်း လုချင်းက တောင်တန်းများ၏ ပြောင်းလဲမှုကို ဂရုတစိုက် လေ့လာနေသည်။ သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းနှင့် မြှင့်တင်ထားသော စွမ်းရည်များ ပေါင်းစပ်လိုက်သည့်အခါ သိသာထင်ရှားသော ပြောင်းလဲမှုများကို သူ တွေ့ရှိလိုက်ရလေသည်။
ပထမအချက်မှာ အပင်များဖြစ်သည်။ တောင်ပေါ်ရှိ အပင်များသည် သိသိသာသာ ပိုမို စိမ်းလန်းစိုပြည်လာပြီး သစ်သားစွမ်းအင်များမှာ အထူးသဖြင့် ထူထပ်နေသည်။ သစ်သားဓာတ် စစ်မှန်သောချီ သို့မဟုတ် ဝိညာဉ်စွမ်းအင် ကျင့်ကြံသူများသာ ဤနေရာတွင် ကျင့်ကြံပါက သူတို့၏ တိုးတက်မှုမှာ ပို၍ မြန်ဆန်ပေလိမ့်မည်။
နောက်တစ်ချက်မှာ တိရစ္ဆာန်များဖြစ်သည်။ တောင်ပေါ်ရှိ သတ္တဝါများသည်လည်း ပြောင်းလဲလာကြပြီး၊ အထူးသဖြင့် အဆိပ်ရှိသော အင်းဆက်များနှင့် မြွေများပင်ဖြစ်သည်။ ၎င်းတို့သည် ပိုမို ရန်လိုလာရုံသာမက ၎င်းတို့ ခန္ဓာကိုယ်ထဲရှိ အဆိပ်ပြင်းအားမှာလည်း သိသိသာသာ တိုးလာလေသည်။ ဤအကောင်များ အကိုက်ခံရသည့် သာမန်လူများဆိုလျှင် ချက်ချင်း သေဆုံးသွားနိုင်ပြီး၊ မွေးဖွားပြီးနယ်ပယ်သိုင်းပညာရှင်များပင်လျှင် အဆိပ်မိပါက အချိန်မီ ကုသမှု မရလျှင် ကြာရှည်စွာ အသက်ရှင်နိုင်မည် မဟုတ်ပေ။
"ရွာရဲ့ ကာကွယ်ရေးတွေကို စောစောစီးစီး စပြီးလုပ်မှ ဖြစ်မယ်ထင်တယ်"
အခြေအနေ၏ ပြင်းထန်မှုကို သဘောပေါက်လိုက်သောအခါ လုချင်းမှာ အရေးတကြီး လုပ်ဆောင်ရမည့် ခံစားချက်မျိုးကို ရရှိလိုက်သည်။ အဆိပ်ရှိသော သတ္တဝါများသည် သူ့အတွက် ခြိမ်းခြောက်မှု မရှိသော်လည်း ရွာသားများအတွက်မူ အလွန် အန္တရာယ် များလှသည်။ တစ်ချက် ကိုက်ခံရရုံမျှဖြင့် အသက်ဆုံးရှုံးသွားနိုင်ပေသည်။
ဤအတွေးများ ဝင်နေစဉ်မှာပင် လုချင်းမှာ မိမိကိုယ်ကိုယ် ရင်းနှီးနေသော နေရာတစ်ခုသို့ ရောက်ရှိနေမှန်း သိလိုက်လေသည်။
"ဒီနေရာက သိပ်မပြောင်းလဲဘူးပဲ"
ရှေ့မှ ပန်းများ ဝေဝေဆာဆာ ပွင့်နေသော ချောက်ကမ်းပါးကို ကြည့်ရင်း လုချင်း ပြုံးလိုက်သည်။
တောင်တန်းများ၏ အခြေအနေကို စစ်ဆေးခြင်းအပြင် သူ ဤနေရာသို့ လာရသည့် အဓိက ရည်ရွယ်ချက်မှာ ယွီဟွာဂူတွင် ပြောင်းလဲမှုများ ရှိ ၊ မရှိ သိလိုသောကြောင့်ပင်။ သိသာသည့် ပြောင်းလဲမှုများ မရှိသည်ကို ကြည့်လျှင် အရင်အတိုင်းပင် ရှိနေပုံရသည်။
လီဝေ့ထျန်း ၏ ဂူကို ခဏတာ ဂါရဝပြုပြီးနောက် လုချင်းသည် ရေတံခွန်ကို ဖြတ်ကျော်ကာ တောင်ကုန်း၏ အတွင်းပိုင်းထဲသို့ ဝင်ရောက်သွားလေသည်။
...
အခန်း ၃၃၀ - ဂူခန်းမဆောင် ပြောင်းလဲမှုများ၊ မထင်မှတ်ထားသော ဝမ်းမြောက်ဖွယ်ရာ၊ မျောက်ပြရန် ကြက်သတ်ခြင်း
"ထင်ထားတဲ့အတိုင်းပဲ... ဒီနေရာမှာ ပြောင်းလဲမှုတချို့ ရှိနေတာပဲ"
လုချင်းသည် လမ်းကြောင်းအတိုင်း လျှောက်သွားရင်း တောင်၏ ဝမ်းဗိုက်ထဲသို့ ဆက်လက် ဝင်ရောက်သွားသည်။
လမ်းကြောင်းထဲရှိ မြေကြီးစွမ်းအင်များ ထူထပ်နေရုံသာမက ဝိညာဉ်စွမ်းအင်များလည်း ဤနေရာတွင် အဆက်မပြတ် လာရောက် စုဝေးနေသည်ကို သူ သတိထားမိသည်။
မကြာမီ ရှေ့ခရီးကို ပိတ်ဆို့ထားသော အစီအရင် အလင်းတန်းတစ်ခုကို သူ တွေ့လိုက်ရသည်။
"ကာကွယ်ရေး အစီအရင်ကတောင် သူ့စွမ်းအားတချို့ ပြန်ရနေပြီလား"
လုချင်း အနည်းငယ် အံ့သြသွား၏။
ယွီဟွာဂူခန်းမဆောင်ကို ကာကွယ်ထားသော ကာကွယ်ရေး အစီအရင် အမြဲတမ်း ရှိခဲ့သည်။
လွန်ခဲ့သောနှစ်များစွာက လီဝေ့ထျန်း ဤနေရာကို တွေ့ရှိချိန်တွင် ကာကွယ်ရေးအစီအရင်မှာ မှေးမှိန်စွာ လည်ပတ်နေဆဲ ဖြစ်သည်။
အစီအရင်၏ ကာကွယ်မှုကို ထိုးဖောက်ရန် ကြိုးစားခဲ့သောကြောင့်သာ သူ၏ စွမ်းအင်များ များစွာ ကုန်ခမ်းသွားခဲ့ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
သူ၏ သက်တမ်းကုန်ဆုံးရန် နီးကပ်လာခြင်းနှင့် ပေါင်းစပ်လိုက်သောအခါ၌ သူ့အတွက် ရွေးချယ်စရာမရှိတော့ဘဲ စွန့်စားကာ အဆင့်တက်ရန် ကြိုးစားခဲ့ရပြီး နောက်ဆုံးတွင် ယွီဟွာဂူခန်းမဆောင်အတွင်း၌ပင် သေဆုံးခဲ့ရလေသည်။
ယခုအခါ ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထလာပြီးနောက် ဤနေရာရှိ ကာကွယ်ရေးအစီအရင်သည် ဝိညာဉ်စွမ်းအင်များကို ပြန်လည်စုပ်ယူလာကာ တဖြည်းဖြည်း ပြန်လည်အသက်ဝင်လာပြီး အစီအရင်အလင်းတန်းကိုပင် ထုတ်လုပ်နိုင်နေပြီ ဖြစ်သည်။
ယွီဟွာဂူခန်းမဆောင်ကို ဖန်တီးခဲ့သော လျှို့ဝှက်ဆန်းကြယ်ပုဂ္ဂိုလ်မှာ တကယ်ပင် မှန်းဆ၍မရနိုင်သော သူတစ်ဦး ဖြစ်ပေသည်။
ဤမျှလောက် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည်တိုင်အောင် ဝိညာဉ်စွမ်းအင် ဖြည့်တင်းမှုမရှိဘဲ အစီအရင်သည် ပုံမှန် အလုပ်လုပ်နိုင်ဆဲ ဖြစ်သည်။
စိတ်အာရုံတစ်ချက်ဖြင့် ဝိညာဉ်စွမ်းအင်တစ်မျှင်သည် လုချင်း၏ မျက်ခုံးကြားရှိ နေရာမှ ဆန့်ထွက်လာပြီး ရှေ့မှ အစီအရင်အလင်းတန်းထဲသို့ စူးစမ်းဝင်ရောက်သွားသည်။
မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်း၏ အမွေအနှစ်ကို ဆက်ခံထားပြီး ဝိညာဉ်ဂါထာမန္တန်များကို သန့်စင်ထားသူတစ်ယောက်အနေဖြင့် သူသည် ဤအစီအရင်၏ တိုက်ခိုက်မှုများကို သဘာဝအလျောက် ခုခံနိုင်စွမ်း ရှိသည်။
ထိုဝိညာဉ်စွမ်းအင် အငွေ့အသက်ကို အာရုံခံမိသည်နှင့် အစီအရင် အလင်းတန်းသည် နောက်ဆုတ်သွားပြီး လုချင်းကို ဖြတ်သန်းခွင့် ပြုလိုက်သည်။
သူ ဖြည်းညှင်းစွာ ဖြတ်လျှောက်သွားပြီးနောက် အစီအရင် အလင်းတန်းသည် သူ့နောက်တွင် ပြန်ပိတ်သွားလေသည်။
လုချင်း ကျေနပ်သွားသည်။ ဤသို့ဆိုလျှင် နောင်တစ်ချိန် သူ ဤနေရာသို့လာရောက်၍ သီးသန့်ကျင့်ကြံသောအခါ များစွာ ပို၍ လုံခြုံသွားပြီ ဖြစ်သည်။
အချိန်တိုင်း ကာကွယ်ပေးရန် ရှောင်လီကို အားကိုးနေစရာ မလိုတော့ပေ။
ယွီဟွာဂူခန်းမဆောင်အတွင်းသို့ ဝင်လိုက်သောအခါ လုချင်း ပို၍ ဝမ်းသာသွားလေသည်။
ခန်းမဆောင်အတွင်း၌ ဝိညာဉ်စွမ်းအင် ပြင်းအားသည် အပြင်ဘက်ထက် များစွာ ပို၍ ထူထပ်နေသည်။
တကယ်တမ်း ဆိုရလျှင် နဂါးပြာမြို့တော်တွင် ခံစားခဲ့ရသည်နှင့် သိပ်မကွာခြားတော့ပေ။
"ဒီကနေစပြီး ငါ ဒီကို မကြာခဏလာပြီး သီးသန့်ကျင့်ကြံလို့ ရပြီပဲ"
လုချင်းသည် ဂူနံရံပေါ်ရှိ အစီအရင် ဂါထာမန္တန်များကို ကြည့်ရင်း တွေးနေမိသည်။
ယွီဟွာဂူခန်းမဆောင်ကို ဖန်တီးခဲ့သော လျှို့ဝှက်ဆန်းကြယ်ပုဂ္ဂိုလ်သည် အတွင်းပိုင်း၌ ထူးကဲသော အစီအရင်တစ်ခုကို တပ်ဆင်ထားခဲ့ခြင်း ဖြစ်သည်။
၎င်းသည် ကာကွယ်ရေး၊ ဝိညာဉ်စွမ်းအင် စုစည်းခြင်းနှင့် ခန်းမဆောင်၏ အရှိန်အဝါကို ဖုံးကွယ်ခြင်းအပါအဝင် ရည်ရွယ်ချက် မျိုးစုံအတွက် အသုံးဝင်ပေသည်။
ဂူအတွင်း၌ ဝိညာဉ်စွမ်းအင် ထူထပ်နေခြင်းမှာ အစီအရင်၏ ဝိညာဉ်စုစည်းခြင်း အကျိုးသက်ရောက်မှုကြောင့်ပင် ဖြစ်သည်။
"မြေကမ္ဘာသွေးကြော ဝိညာဉ်အရည်တွေလည်း အခု ပိုမြန်မြန် စုစည်းနေပြီပဲ"
လုချင်းသည် ဝိညာဉ်စွမ်းအင်များ ထူထပ်စွာ ပြည့်ဝနေသော အလယ်ရှိ ကျောက်စိမ်းရောင် ကျောက်တုံးစင်မြင့်ဆီသို့ ကြည့်လိုက်သည်။ ထိုနေရာတွင် နောက်ထပ် မြေကမ္ဘာသွေးကြော ဝိညာဉ်အရည် တစ်စက် စုစည်းနေပြီပင်။
၎င်းအပေါ်ရှိ ကျောက်စက်ပန်းဆွဲ၏ ထိပ်ဖျားတွင်လည်း ဝိညာဉ်စွမ်းအင်များ စုပုံနေပြီး နောက်ထပ် ဝိညာဉ်အရည် တစ်စက် ဖြစ်လာရန် သိပ်မလိုတော့ပေ။
"အရင်တုန်းက မြေကမ္ဘာသွေးကြော ဝိညာဉ်အရည် တစ်စက် စုစည်းဖို့ နှစ်ပေါင်းနှစ်ဆယ် ကြာခဲ့ပေမဲ့ အခု ကမ္ဘာကြီး ပြောင်းလဲပြီးနောက်ပိုင်း တစ်နှစ်လောက်ပဲ ကြာတော့တာလား"
လုချင်းသည် ကျောက်စက်ပန်းဆွဲအတွင်း စုဆောင်းမှုနှုန်းကို ခန့်မှန်းကာ အမြန် တွက်ချက်ကြည့်လိုက်သောအခါ သူ၏မျက်နှာပေါ်တွင် ဝမ်းသာအံ့သြသော အမူအရာ ပေါ်လာလေသည်။
တကယ်သာ ထိုသို့ဖြစ်ခဲ့လျှင် သူ့အတွက် သတင်းကောင်းပင် ဖြစ်သည်။
မြေကမ္ဘာသွေးကြော ဝိညာဉ်အရည် ဆိုသည်မှာ ထူးကဲသော ရတနာတစ်ခုပင် ဖြစ်၏။
လူတစ်ယောက်၏ ပါရမီကို တိုးတက်ပြောင်းလဲစေကာ အလားအလာကို များစွာ မြင့်တက်စေရုံသာမက သေလူကို ပြန်ရှင်စေနိုင်သော စွမ်းအင်နှင့် အရိုးအသားများကို ပြန်ဆက်စေနိုင်သောကြောင့် မယုံနိုင်လောက်အောင် အစွမ်းထက်သော ကုသဆေးတစ်လက်လည်း ဖြစ်ပေသည်။
သဘာဝကျစွာပင် ဤသို့သော ဝိညာဉ်ပစ္စည်းများသည် တန်ဖိုးဖြတ်၍ မရနိုင်ပေ။
ယခင်က ဝိညာဉ်စွမ်းအင် လျော့နည်းမှုကြောင့် တစ်စက် စုစည်းရန် အနှစ်နှစ်ဆယ် ကြာမြင့်ခဲ့ခြင်းမှာ လုချင်းအတွက် များစွာ ကြာမြင့်လွန်းလှသည်။
သို့သော် ယခုအခါ တစ်နှစ်ခန့်ဖြင့် စုစည်းနိုင်သည် ဆိုလျှင်မူ ၎င်း၏တန်ဖိုးသည် အဆမတန် တက်သွားပြီ ဖြစ်သည်။
ထို့ပြင် ဤသည်မှာ ကမ္ဘာကြီး၏ ပြောင်းလဲမှု အစပိုင်းသာ ရှိသေးပြီး ဝိညာဉ်စွမ်းအင်များ ယခုမှ ပြန်လည် နိုးထကာစသာ ရှိသေးသည် မဟုတ်ပါလော။
ဝိညာဉ်စွမ်းအင်များ ပိုမိုထူထပ်လာပြီး ကျုံးကျိုး၏ အဆင့်များအထိ ရောက်လာလျှင် မြေကမ္ဘာသွေးကြော ဝိညာဉ်အရည် စုစည်းချိန်မှာ ပို၍ တိုတောင်းသွားရန်သာ ရှိပေသည်။
ထိုသို့သာ ဖြစ်လာလျှင် ဤအဖိုးတန် အရည်သည် လုချင်းအတွက် အဓိက အရင်းအမြစ် ဖြစ်လာနိုင်ပေသည်။
"ဒါက တကယ်ပဲ မထင်မှတ်ထားတဲ့ ဝမ်းမြောက်စရာကိစ္စပဲ"
လုချင်းသည် သူ၏ အတွင်းစိတ်လှုပ်ရှားမှုကို ငြိမ်သက်စေပြီး သူ ပုံမှန် ကျင့်ကြံလေ့ရှိသော အခန်းတွင်းသို့ ဝင်သွားလေသည်။ ထို့နောက် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ကာ ဒယ်အိုးငယ်တစ်လုံးကို ထုတ်ယူလိုက်သည်။
ထိုဒယ်အိုးငယ်သည် မြေကြီးပေါ်သို့ ကျသွားပြီး လေနှင့်အတူ ကြီးထွားလာကာ လျင်မြန်စွာပင် လူတစ်ဝက်အရွယ်အစားခန့် ဒယ်အိုးကြီးအဖြစ် ပြောင်းလဲသွားလေသည်။ ၎င်းမှာ လီဟော်ဒယ်အိုးကြီးမှလွဲ၍ တခြား မဟုတ်ပေ။
"ကောင်လေး... မင်း သိပ်ရက်စက်တာပဲ ဘာလို့ ဒီအချိန်အကြာကြီး ငါ့အာရုံခံစားမှုတွေကို ပိတ်ဆို့ထားရတာလဲ"
လီဟော်ဒယ်အိုးကြီး အတွင်းမှ ဒေါသထွက်ကာ အရှက်ရနေသော ဝိညာဉ်လှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ဤသည်မှာ ဒယ်အိုးဝိညာဉ် 'ယန်' ၏ အသံပင် ဖြစ်သည်။
"ကျွန်တော့်မှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိတယ်၊ ချန်ပေ့ကို သိပ်အများကြီး မသိစေချင်လို့ပါ"
လုချင်းက အေးဆေးစွာ ပြောလိုက်၏။
လီဟော်ဒယ်အိုးကြီးကို သန့်စင်ပြီးကတည်းက ယန်၏ အာရုံခံစားမှုများကို ပိတ်ဆို့ရန် ဒယ်အိုးအတွင်းရှိ ကန့်သတ်ချက်များကို သူ အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ဤသည်က ယန်ကို ဒယ်အိုး၏ အတွင်းပိုင်း နေရာလပ်၌သာ ပိတ်လှောင်ထားပြီး အပြင်လောကတွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို အာရုံမခံနိုင်စေရန် တားဆီးထားလိုက်ခြင်း ဖြစ်သည်။
လုချင်း၏ ပွင့်လင်းသော တုံ့ပြန်မှုသည် ယန်ကို ခဏတာ စကားမပြောနိုင်အောင် ဖြစ်သွားစေသည်။
လုချင်းသည် ဆင်ခြေပေးရန်ပင် မကြိုးစားဘဲ ဤမျှ တိုက်ရိုက်ပြောဆိုလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သို့သော် ဤအချက်သည် ယန်၏ ဒေါသကို ပို၍ ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားလေသည်။
"ဒါပေမဲ့ မင်းက လီဟော်ဒယ်အိုးကြီးကို လုံးဝ ပိတ်ထားလိုက်တာလေ ငါက ဝိညာဉ်စွမ်းအင်ကို ဘယ်လို စုပ်ယူပြီး ပြန်ကောင်းမွန်အောင် လုပ်ရမှာလဲ။ မမေ့နဲ့နော်... ငါ စွမ်းအား ပိုပြန်ရလေလေ မင်းကို ပိုကူညီနိုင်လေလေပဲ"
"ဒါကြောင့် အခု ကျွန်တော် ချန်ပေ့ကို လွှတ်ပေးလိုက်ပြီလေ။ ဒီက ဝိညာဉ်စွမ်းအင်တွေက ချန်ပေ့ ပြန်ကောင်းမွန်လာဖို့ လုံလောက်တယ် မဟုတ်လား"
ယန်သည် ညည်းညူနေသော်လည်း လုချင်းမှာမူ တည်ငြိမ်နေဆဲပင် ဖြစ်သည်။
သူ၏ ဂရုမစိုက်သော လေသံသည် ယန်ကို ဒေါသကြောင့် အံကြိတ်သွားစေပါ၏။
ဤလူငယ်နှင့် စတင်တွေ့ဆုံစဉ်ကတည်းက သူသည် ကိုင်တွယ်ရလွယ်ကူသောသူ မဟုတ်မှန်း ယန် သိရှိခဲ့ပြီး ဖြစ်ကာ၊ ထို့ကြောင့်ပင် သူ၏ သန့်စင်ခြင်းကို ခံရမည့်အရေးအား ခုခံခဲ့ခြင်း ဖြစ်သည်။
သို့သော် အခြေအနေသည် သူ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ဘဲ နောက်ဆုံး၌ ဤအကျပ်အတည်းထဲသို့ ရောက်ရှိသွားခဲ့ရလေသည်။
ယခုမူကား ဒေါသထွက်နေ၍ ဘာမျှ ထူးခြားလာမည် မဟုတ်မှန်း သိရှိသဖြင့် ယန်အတွက် ရွေးချယ်စရာမရှိတော့ဘဲ သူ၏စိတ်ပျက်မှုကို ဖိနှိပ်ကာ ပတ်ဝန်းကျင်ကို လေ့လာလိုက်ရတော့သည်။
ထိုသို့ လေ့လာလိုက်သောအခါ သူ အံ့အားသင့်သွားလေသည်။
"ဟမ်... ဒီမှာ ဝိညာဉ်စွမ်းအင်တွေက ဘာလို့ ဒီလောက်တောင် ထူထပ်နေရတာလဲ။ ကောင်လေး... ဒီနေရာက ဘယ်နေရာလဲ"
"ချန်ပေ့... မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်းအကြောင်း ကြားဖူးလား"
လုချင်းသည် မေးလိုက်သည်။
အံ့သြဖွယ်ကောင်းသည်မှာ ထိုနာမည်ကို ကြားလိုက်ရသောအခါ၌ ယန်သည် သိသိသာသာ လှုပ်လှုပ်ရှားရှား ဖြစ်သွားလေသည်။
သူ၏အသံက တုန်ရီနေသည်။
"မင်း ဘာပြောလိုက်တာလဲ။ မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်း ဟုတ်လား"
"ဟုတ်တယ်... မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်းပါ။ ချန်ပေ့ လေသံကို နားထောင်ရတာ ဒီဂိုဏ်းကို သိတဲ့ပုံပဲ"
ဝိညာဉ်၏ ပြင်းထန်သော တုံ့ပြန်မှုကြောင့် လုချင်း စိတ်ဝင်စားသွားသည်။ မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်းသည် ရှေးဟောင်း ကျင့်ကြံခြင်းခေတ်အခါက အလွန် ထူးခြားသော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ခဲ့သလောဟု တွေးမိလိုက်သည်။
"သိတာပေါ့ ရှေးဟောင်း ကျင့်ကြံခြင်းခေတ်တုန်းက မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်းက အင်အားအကြီးဆုံး ဂိုဏ်းတွေထဲက တစ်ခုပဲကိုး"
"အဲဒီလောက်တောင် အင်အားကြီးတာလား" လုချင်း အံ့သြသွားလေသည်။
သို့သော် ဤတုံ့ပြန်မှုသည် ယန်ကို တစ်စုံတစ်ရာ သတိထားမိသွားစေသည်။
"ကောင်လေး... မင်း ပြောပုံအရဆိုရင် မင်းမှာ မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်းနဲ့ ပတ်သက်မှု တစ်ခုခု ရှိနေတာလား။ နေဦး... ငါ မြင်ပြီ။ မင်းရဲ့ ဝိညာဉ်စွမ်းအားက သာမန်ထက် ပိုသန်မာနေတာပဲ။ မင်းက ချီသန့်စင်ခြင်း အစပိုင်းအဆင့်ပဲ ရှိသေးတာ ထင်ရှားနေပေမဲ့ မင်းရဲ့ ဝိညာဉ်စွမ်းအားက အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ ယှဉ်လို့ ရနေတယ်။ ရှေးဟောင်းခေတ်တုန်းက မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်းရဲ့ တပည့်တွေက သူတို့ရဲ့ စွမ်းအားကြီးတဲ့ ဝိညာဉ်တွေကြောင့် နာမည်ကြီးခဲ့တာ။ ဖြစ်နိုင်တာက... မင်းက တကယ်ပဲ မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်းရဲ့ ဆက်ခံသူလား"
ယန်သည် စဉ်းစားလေလေ သူ၏ခန့်မှန်းချက်ကို သေချာလေလေ ဖြစ်လာတော့သည်။
သို့သော် သူ တွန့်ဆုတ်သွားလေ၏။
"နေဦး... ဒါ အဓိပ္ပာယ်မရှိဘူး။ ဝိညာဉ်စွမ်းအင်တွေ လျော့နည်းသွားပြီး ကောင်းကင်နဲ့လူသား ယိုယွင်းခြင်းငါးပါးအတိဒုက္ခ ကျရောက်ပြီးတဲ့နောက်ပိုင်းမှာ ရွှေအမြုတေအဆင့်အထက် ဘယ်မဟာသခင်ကျင့်ကြံသူကမှ အသက်မရှင်နိုင်တော့ဘူးလေ။ မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်းတောင်မှ နှစ်ပေါင်းထောင်ချီ ကြာအောင် မတည်မြဲနိုင်ဘူးလေ"
"ခန့်မှန်းမနေပါနဲ့တော့။ ကျွန်တော်က မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်းရဲ့ တပည့် မဟုတ်ပါဘူး။ သူတို့ရဲ့ အမွေအနှစ်တချို့ကို မတော်တဆ ရရှိခဲ့ရုံပါ"
လုချင်းသည် ဆက်လက် ပြောဆိုလိုက်သည်။
"ကျွန်တော်တို့ လက်ရှိ ရောက်နေတဲ့ နေရာကတော့ ဘယ်အချိန်တုန်းကမှန်း မသိရဘဲ မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်းက ချန်ထားခဲ့တဲ့ ဂူငယ်လေး တစ်ခုပါပဲ"
"မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်းရဲ့ အမွေအနှစ် နည်းနည်းလေးနဲ့ မင်းက ဒီကျင့်ကြံခြင်းအဆင့်ကို ရောက်လာတယ်လို့ ပြောချင်တာလား"
ယန်သည် လုချင်းကို သတ္တဝါဆန်းတစ်ကောင်ကဲ့သို့ ကြည့်လိုက်လေ၏။
ရှေးဟောင်းခေတ်အခါက မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်းသည် ပါရမီအတွက် စံချိန်စံညွှန်း အလွန်မြင့်မားသည်ဟု နာမည်ကြီးခဲ့ပေသည်။
အခြားဂိုဏ်းများတွင် ပါရမီရှင်ဟု သတ်မှတ်ခံရသော တပည့်တော်တော်များများသည် မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်းသို့ ဝင်ခွင့်ရရန် အခွင့်အရေးပင် မရှိခဲ့ကြပေ။
ရလဒ်အနေဖြင့် မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်းသည် ကျယ်ကျယ်ပြန့်ပြန့် လူသိများသော်လည်း အခြား ထိပ်တန်းဂိုဏ်းများနှင့် ယှဉ်လျှင် တပည့်ဦးရေမှာ အတော်ပင် နည်းပါးလေသည်။
သို့သော် ဝင်ခွင့်ရရှိသွားသူများမှာမူ သူတို့၏ ခွန်အားနှင့် ဆန်းကြယ်သော နည်းလမ်းများကြောင့် နာမည်ကျော်ကြားကြပြီး အခြားဂိုဏ်းမှ တပည့်များကို အပြတ်အသတ် ကျော်တက်သွားလေ့ရှိကြသည်။
ကျင့်ကြံခြင်း ရွှေခေတ်တွင်ပင်လျှင် မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်းသို့ ဝင်ခွင့်ရရန်ဆိုသည်မှာ ရှားပါးလှသော ဖြစ်ရပ်တစ်ခုဖြစ်ပြီး ဂိုဏ်းဝင်ရန် မည်မျှ ခက်ခဲကြောင်းကို ပေါ်လွင်စေပေသည်။
သို့သော် ယခုမူ လုချင်းသည် သူတို့၏ အမွေအနှစ် အပိုင်းအစငယ် တစ်ခုတည်းဖြင့် ဤမျှမြင့်မားသော အဆင့်အထိ ကျင့်ကြံနိုင်ခဲ့ပြီ ဖြစ်သည်။
ဤသို့သော ကျင့်ကြံခြင်းပါရမီမျိုးကို ပါရမီရှင်ဟု တင်စား၍ မရနိုင်တော့ပေ။ ဤသည်မှာ မကောင်းဆိုးဝါးဆန်လွန်းလှပေ၏။
ဤလူငယ်သည် ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထပြီး မကြာမီမှာပင် အတိဒုက္ခတိမ်တိုက်များကို ဖိတ်ခေါ်ကာ ကောင်းကင်ဘုံအတိဒုက္ခကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။
လုချင်း မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ယန် နောက်ဆုံးတွင် နားလည်သွားလေပြီပင်။
"ယန်ချန်ပေ့.. စောစောက ကောင်းကင်နဲ့ လူသား ယိုယွင်းခြင်းငါးပါး အကြောင်း ပြောလိုက်တယ်နော်။ အဲဒါ ဘာလဲဟင်"
ဝိညာဉ်လက်နက်သည် ထုတ်ဖော်ပြောဆိုလိုက်သော သတင်းအချက်အလက်များကြောင့် လုချင်း စိတ်ဝင်စားသွားလေ၏။
"ကောင်းကင်နဲ့ လူသား ယိုယွင်းခြင်းငါးပါး... အင်း..."
ယန်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားလေ၏။
"ကောင်လေး... မင်း ငါ့ဆီက သတင်းအချက်အလက် လိုချင်ရင် အဲဒီလောက်တော့ မလွယ်ဘူး။ ငါတို့ အပေးအယူ တစ်ခု လုပ်မလား"
"ဘယ်လို အပေးအယူလဲ"
ဒယ်အိုးကြီးကို ကြည့်ရင်း လုချင်းသည် အေးဆေးစွာ မေးလိုက်သည်။
"မင်းက ရှေးဟောင်း ကျင့်ကြံခြင်းခေတ်အကြောင်း သိချင်တယ်၊ ငါကလည်း အဲ့တာကို ပြောပြပေးနိုင်တယ်။ ဒါပေမဲ့ မင်း ငါ့ရဲ့ အချက်တချို့ကို လိုက်လျောရမယ်။ ဥပမာ... ဒီတစ်ခါ လုပ်သလိုမျိုး ငါ့ရဲ့ အာရုံခံစားမှုတွေကို ပိတ်ဆို့တာ ရပ်တန်းကရပ်ပြီး အပြင်လောကမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာ ငါ့ကို သိခွင့်ပေးရမယ်။ အဲဒါ သဘောတူရင် ကောင်းကင်နဲ့ လူသား ယိုယွင်းခြင်းငါးပါး အတိဒုက္ခအကြောင်း ငါ အကုန် ပြောပြမယ်"
ယန်သည် ထပ်မံ၍ ညှိနှိုင်းရန် ကြိုးစားနေသည်ကို မြင်သောအခါ၌ လုချင်းသည် အပြုံးပါးပါးလေး ပြုံးလိုက်လေသည်။
"အဲဒီအကြောင်း နောက်မှ ပြောကြတာပေါ့။ အခုလောလောဆယ် ကျွန်တော် ချန်ပေ့ကို ဆင့်ခေါ်လိုက်တာက ကိစ္စတစ်ခု အကူအညီ လိုလို့"
လုချင်းသည် သူ၏ တောင်းဆိုချက်များကို သဘောမတူသဖြင့် ယန် စိတ်ပျက်သွားသော်လည်း သူ၏ စူးစမ်းလိုစိတ်က ပိုများနေလေသည်။
"မင်း ဘာလိုချင်လို့လဲ"
"ဒါလေ"
လုချင်းသည် သူ၏ခါးကြားမှ ကောင်းကင်နှင့်မြေကြီး ချီအိတ်ကို ထုတ်ယူလိုက်ပြီး စိတ်အာရုံကို သုံးကာ ဝိညာဉ်လက်နက် နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း ထိန်းချုပ်လိုက်သည်။ ချီအိတ်ကို ချဲ့ကားလိုက်ပြီး အတွင်းမှ မီးခိုးရောင် ဘူးသီးခြောက်တစ်လုံးကို လွှတ်ထုတ်လိုက်လေသည်။
ထို့နောက် လီဟော်ဒယ်အိုးကြီး၏ ပါးစပ်ပေါက်ကျယ်ကြီး ပွင့်လာပြီး ဘူးသီးခြောက်ကို မျိုချလိုက်ကာ အတွင်း၌ ဖိနှိပ်ထားလိုက်သည်။
ကပ်ရောဂါဘူးသီးခြောက်အတွင်းရှိ အဘိုးအိုမှာ မူလက သူ့ပတ်လည်ရှိ ချုပ်နှောင်မှုများ ပျောက်ကွယ်သွားသည်ဟု ခံစားလိုက်ရပြီး အလွန်အမင်း ဝမ်းသာစပြုလာချိန်တွင် ရုတ်ချည်းပင် နောက်ထပ် နေရာလပ်တစ်ခုထဲသို့ ရောက်ရှိသွားသည်ကို တွေ့လိုက်ရသည်။
ဤနေရာလပ်သည် ကောင်းကင်နှင့်မြေကြီး ချီအိတ်အတွင်းနှင့် မတူဘဲ မီးဖိုတစ်ခုထဲ ရောက်နေသကဲ့သို့ ပူပြင်းသော အပူချိန်များဖြင့် ပြည့်နှက်နေသည်။
"ဒါ ဘယ်နေရာလဲ။ နောက်ထပ် ဝိညာဉ်လက်နက်တစ်ခုရဲ့ နေရာလပ်လား။ မဖြစ်နိုင်ဘူး အဲဒီကောင်လေးက ဝိညာဉ်လက်နက် နှစ်ခုကို တစ်ပြိုင်နက်တည်း ပိုင်ဆိုင်ထားဖို့ ဆိုတာ မဖြစ်နိုင်ဘူး သူ့ကံက ကောင်းကင်ဘုံကို အာခံနိုင်တယ် ဆိုရင်တောင်မှ အဲဒါတွေကို ထိန်းချုပ်ရုံနဲ့တင် သူ့စွမ်းအင်တွေ ကုန်ခမ်းသွားမှာ"
ကပ်ရောဂါအဘိုးအိုသည် စိတ်မသက်မသာ ဖြစ်သွားသော်လည်း မိမိကိုယ်ကိုယ် ပြန်လည် နှစ်သိမ့်ရန် ကြိုးစားလိုက်၏။
သူသည် ဤနေရာလပ်၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ရန် မျှော်လင့်ချက်ဖြင့် ပတ်ဝန်းကျင်ကို ဂရုတစိုက် စူးစမ်းလိုက်လေသည်။
သို့သော် သူ မည်မျှပင် ကြိုးစားစေကာမူ ဘာမျှမရှိသော လေဟာနယ်မှလွဲ၍ အခြား မည်သည့်အရာကိုမျှ မတွေ့ရပေ။
သူ အာရုံခံစားမိသော တစ်ခုတည်းသော အရာမှာမူ ကပ်ရောဂါဘူးသီးခြောက်ကို ဖိနှိပ်ထားပြီး သူ့အား လုံးဝ မလှုပ်ရှားနိုင်စေရန် ချုပ်နှောင်ထားသည့် မမြင်ရသော စွမ်းအားတစ်ခုပင် ဖြစ်၏။
ဤသည်ကို သိလိုက်ရသောအခါ ကပ်ရောဂါအဘိုးအို၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားလေသည်။
သူသည် မကောင်းသော ခံစားချက်ကို ရရှိနေသည်။
လက်မြှောက်အရှုံးပေးရန် ဝန်လေးနေဆဲဖြစ်သဖြင့် သူသည် စိတ်အာရုံဖြင့် ဆက်လက် ရှာဖွေနေကာ ဤနေရာလပ်၏ သဘောသဘာဝနှင့် ပတ်သက်၍ သဲလွန်စ တစ်စုံတစ်ရာ ရှာတွေ့ရန် ကြိုးစားနေလေသည်။
ဤအချိန်၌ ကပ်ရောဂါအဘိုးအိုသည် သူ၏ အကျပ်အတည်းကို ဖြေရှင်းရန် ရုန်းကန်နေချိန်တွင် လုချင်းနှင့် ယန်တို့သည် သူ၏ အာရုံခံစားမှုနယ်ပယ် အပြင်ဘက် တစ်နေရာမှနေ၍ ကပ်ရောဂါဘူးသီးခြောက်ကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။
"ဒီဘူးသီးခြောက်က... အဲဒီ ကပ်ရောဂါအဘိုးအိုရဲ့ ကပ်ရောဂါဘူးသီးခြောက် မဟုတ်လား"
ဖိနှိပ်ခံထားရသော မီးခိုးရောင် ဘူးသီးခြောက်ကို မြင်လိုက်ရသောအခါ ယန် အံ့သြသွားလေ၏။
"ချန်ပေ့... ဒီဘူးသီးခြောက်ကို မှတ်မိလား" လုချင်းသည် မေးလိုက်သည်။
"မှတ်မိတာပေါ့ ရှေးဟောင်းခေတ်တုန်းက ကပ်ရောဂါအဘိုးအိုက တော်တော် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ပုဂ္ဂိုလ်ပဲ။ သူ့ရဲ့ ကျင့်ကြံခြင်းက ဝိညာဉ်သန္ဓေသားအဆင့်ကိုပဲ ရောက်ခဲ့ပေမဲ့ ကံကောင်းထောက်မစွာနဲ့ ဝိညာဉ်လက်နက်တစ်ခုကို သန့်စင်နိုင်ခဲ့တယ်လေ... အဲဒါက အသက်နဲ့ဆက်နွယ်နေတဲ့ လက်နက်ပဲ။ အဲဒီလက်နက်က ဒီကပ်ရောဂါဘူးသီးခြောက်ပေါ့။ အဲဒါနဲ့ဆို သူ့ရဲ့ ခွန်အားက အများကြီး တိုးလာပြီး ဝိညာဉ်သန္ဓေသား အလယ်အလတ်အဆင့် ကျင့်ကြံသူတွေကိုတောင် ယှဉ်ပြိုင်နိုင်ခဲ့တယ်လေ။ သူ့ရဲ့ သတိကြီးတဲ့ သဘောသဘာဝနဲ့ ဆန်းကြယ်တဲ့ နည်းလမ်းတွေ ပေါင်းစပ်လိုက်တော့ စွမ်းအားကြီး ကျင့်ကြံသူတွေနဲ့ ပြည့်နှက်နေတဲ့ ခေတ်မှာတောင် သူက နာမည်တစ်ခု ရခဲ့တာပေါ့။ ဂိုဏ်းအများစုက ဒီမိစ္ဆာကောင်ကို မပြစ်မှားရဲကြဘူး"
ယန်သည် ဤတစ်ကြိမ်တွင်မူ မည်သည့်အချက်ကိုမျှ မတောင်းဆိုတော့ဘဲ ရှည်ရှည်ဝေးဝေး ပြောပြကာ ကပ်ရောဂါဘူးသီးခြောက်၏ ဇာစ်မြစ်ကို ရှင်းပြလေသည်။
သို့သော် သူ စဉ်းစား၍မရ ဖြစ်နေဆဲပင်။
"ဒါပေမဲ့ ဒီကပ်ရောဂါဘူးသီးခြောက်က မင်းလက်ထဲ ဘယ်လိုလုပ် ရောက်နေတာလဲ"
"မကြာသေးခင်က ကိစ္စတချို့ ဖြေရှင်းရင်း ကောက်ရခဲ့တာပါဗျ"
လုချင်းက ပေါ့ပေါ့ပါးပါးပင်ဖြေကြားလိုက်၏။
ယန်သည် သူ့အား ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။
ဤလူငယ်၏ ကံတရားမှာ တကယ်ပင် လွန်ကဲလွန်းနေချေပြီ။
ဝိညာဉ်လက်နက် သုံးခုကို တစ်ပြိုင်နက် ပိုင်ဆိုင်ထားသည်ဆိုခြင်းမှာ ရှေးဟောင်းခေတ်အခါကပင် မစဉ်းစားရဲစရာ ကိစ္စတစ်ရပ် ဖြစ်ပေသည်။
ဝိညာဉ်သန္ဓေသားအဆင့် အထက်ရှိ မဟာကျင့်ကြံသူ တစ်ဦး မဟုတ်လျှင် ဝိညာဉ်လက်နက် သုံးခု ပိုင်ဆိုင်ရန်ဆိုသည်မှာ မဖြစ်နိုင်ပေ။
သတင်းသာ ပေါက်ကြားသွားပါက အစွမ်းထက်ဆုံးသော ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများပင်လျှင် ဤသို့သော ရတနာကို လိုချင်တပ်မက်ကြမည် ဖြစ်သည်။
ယန်သည် သူ၏ အံ့သြမှုကို ထိန်းချုပ်ရန် အချိန်အတော်ကြာ ယူလိုက်ရလေသည်။
"ဒါဆို မင်းက ဒီကပ်ရောဂါဘူးသီးခြောက်နဲ့ ပတ်သက်ပြီး ငါ့အကူအညီ လိုတာပေါ့"
လုချင်း ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်။ ဒီဘူးသီးခြောက်ထဲမှာ ကပ်ရောဂါအဘိုးအိုရဲ့ လက်ကျန်ဝိညာဉ်ရှိနေတုန်းပဲ။ သူ့ကို သန့်စင်ဖို့ ချန်ပေ့ရဲ့ အကူအညီ လိုတယ်"
"ကပ်ရောဂါအဘိုးအိုရဲ့ လက်ကျန်ဝိညာဉ် ဟုတ်လား။ မဖြစ်နိုင်တာ"
ယန် နောက်တစ်ကြိမ် ထပ်မံ အံ့သြသွားပြန်သည်။
"ကပ်ရောဂါအဘိုးအိုက ကောင်းကင်နဲ့လူသား ယိုယွင်းခြင်းငါးပါး အတိဒုက္ခကနေ ဘယ်လိုလုပ် အသက်ရှင် ကျန်ရစ်နိုင်မှာလဲ။ နေပါဦး... သူက သူ့ရဲ့ အသက်နဲ့ဆက်နွယ်နေတဲ့ လက်နက်ရဲ့ ဝိညာဉ်ကို ဝင်ပူးထားတာများလား"
ရှေးဟောင်း ဝိညာဉ်တစ်ခုဖြစ်သော ယန်သည် လုချင်း၏ စကားအနည်းငယ်မျှဖြင့်ပင် အဖြစ်မှန်ကို ချက်ချင်း ဆက်စပ်တွေးမိလိုက်လေသည်။
"အဲဒီလို ဖြစ်မယ့်ပုံပဲ။ ကပ်ရောဂါအဘိုးအိုကိုယ်တိုင်လည်း ဝန်ခံခဲ့တာပဲ။ သူက ပိတ်ဆို့ထားတော့ ကျွန်တော့်အတွက် ကပ်ရောဂါဘူးသီးခြောက်ကို သန့်စင်ဖို့ အရမ်း ခက်ခဲနေတယ်လေ။ အဲ့ဒါကြောင့် သူ့ကို လုံးဝ ဖျက်ဆီးပစ်ဖို့ လီဟော်ဒယ်အိုးကြီးရဲ့ စွမ်းအားကို ငှားချင်တာ"
ကပ်ရောဂါဘူးသီးခြောက်သည် လီဟော်ဒယ်အိုးကြီးနှင့် မတူပေ။
လုချင်းတွင် ၎င်းကို အပြည့်အဝ ကိုင်တွယ်ရန် လိုအပ်သော ထိန်းချုပ်နည်းများ မရှိသေးပေ။
ထို့ကြောင့် လီဟော်ဒယ်အိုးကြီးကဲ့သို့ ယန်၏ ခုခံမှုကို ဖိနှိပ်၍ရသည်မျိုး မဟုတ်ဘဲ၊ ကပ်ရောဂါအဘိုးအို၏ လက်ကျန်ဝိညာဉ် ရှိနေသမျှ ကာလပတ်လုံး ကပ်ရောဂါဘူးသီးခြောက်ကို သန့်စင်ရန်ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
အဘိုးအို၏ လက်ကျန်ဝိညာဉ်ကို လုံးဝ ဖျက်ဆီးပစ်လိုက်မှ သို့မဟုတ် သန့်စင်ပစ်လိုက်မှသာ လုချင်းသည် ဤအစွမ်းထက်လက်နက်ကို အမှန်တကယ် ထိန်းချုပ်နိုင်မည် ဖြစ်သည်။
"မင်း သေချာလို့လား။ မင်းသာ ကပ်ရောဂါအဘိုးအိုရဲ့ လက်ကျန်ဝိညာဉ်ကို သတ်လိုက်ရင် ဘူးသီးခြောက်က ဝိညာဉ် ဆုံးရှုံးသွားပြီး ဝိညာဉ်လက်နက်အဖြစ် မသတ်မှတ်နိုင်တော့တဲ့အထိတောင် ဖြစ်သွားနိုင်တယ်နော်"
ယန်သည် တုံ့ဆိုင်းနေလေ၏။
"ကိစ္စမရှိပါဘူး။ ကျွန်တော်က နောက်ထပ် ဝိညာဉ်လက်နက်တစ်ခု မလိုအပ်ပါဘူး။ အဲဒီ တစ္ဆေအိုကြီးက အရင်တုန်းက ကျွန်တော့်ကို လှောင်ပြောင်ခဲ့တယ်လေ။ ကျွန်တော်သာ သူ့ကို သင်ခန်းစာ မပေးရင် ကျွန်တော်က သိပ်ပျော့တယ်လို့ သူ ထင်နေဦးမှာပဲ။ သူ့ကို အပြတ် သန့်စင်ပစ်လိုက်မယ်။ ဘူးသီးခြောက်အတွက် ဝိညာဉ်အသစ် မွေးမြူဖို့ နည်းလမ်းကို နောက်မှ ရှာလို့ ရတာပဲ"
လုချင်း၏ အေးစက်သော လေသံသည် ယန်၏ ကျောရိုးတစ်လျှောက် စိမ့်ခနဲ ဖြစ်သွားစေသည်။
သူ၏စကားများထဲတွင် သွယ်ဝိုက်သော သတိပေးချက်တစ်ခု ပါဝင်နေသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် ယန် ဆက်လက်၍ မစဉ်းစားရသေးမီမှာပင် လုချင်းသည် သူ၏ဘေးမှနေ၍ ပျောက်ကွယ်သွားကာ ကပ်ရောဂါဘူးသီးခြောက်၏ ရှေ့၌ ပြန်လည်ပေါ်လာလေသည်။
၎င်းနောက် အသံတစ်သံသည် နေရာလပ်တစ်ခုလုံး၌ ပဲ့တင်ထပ်သွားလေသည်။
"ကပ်ရောဂါအဘိုးအို... ဆက်ပြီး စမ်းသပ်နေစရာ မလိုတော့ဘူး။ ခင်ဗျားပဲ ပြောခဲ့တာလေ... လွန်ခဲ့တဲ့ တစ်ခေါက်တုန်းက ကျွန်တော် ခင်ဗျားကို ဘာမှ လုပ်လို့ မရဘူးဆို။ အခု ခင်ဗျား ပါးစပ်က အပြောကောင်းနိုင်သေးသလားလို့ ကြည့်ကြရအောင်"