အခန်း (၅၆၁-၅၆၂)
Vol. 29 Ch. 561-562
အပိုင်း(၅၆၁) လီချင်းဟွာ ရောက်လာခြင်း
"သေစမ်း... သောက်ကျိုးနည်း... ထိုက်ယန်တောင်က ခွေးမသားတွေ... ငါ ဒီကလဲ့စားကို မချေနိုင်ရင် လူမဟုတ်ဘူးကွ"
စစ်တပ်စခန်းထဲတွင် ကောလန်ကန်းက အသံကုန်ဟစ်ကာ ဆဲရေးတိုင်းထွာနေသည်။
သူက ခြေဆိုင်းနေပြီး ခန္ဓာကိုယ်အတွင်းရှိ စိတ်စွမ်းအင်များကို လှုံ့ဆော်ကာ ထိုကြောက်မက်ဖွယ် ကောင်းလှသော အအေးဓာတ်ကို ကြိုးစားဖိနှိပ်နေ၏။
သို့သော် သူ၏ စိတ်စွမ်းအင်က မည်မျှပင် အစွမ်းထက်နေပါစေ ထိုအအေးဓာတ်ကိုမူ အပြီးတိုင် ဖယ်ရှားပစ်နိုင်ခြင်း မရှိသေးပေ။
ခဏချင်းမှာပင် ကျောက်ခိုင်အပေါ် ထားရှိသော သူ၏ အမုန်းတရားက ပိုမို နက်ရှိုင်းသွားတော့သည်။
ကျန်းတာ့ကျစ်က အသံနှိမ့်ကာ ပြောလိုက်သည်။ "စကား သိပ်မပြောနဲ့တော့... မင်းရဲ့ အခုအခြေအနေက သိပ်မကောင်းဘူး... မြန်မြန်ပြန်သွားပြီး မီးဓာတ် အစွမ်းပိုင်ရှင် တစ်ယောက်ယောက်ကို ရှာကြည့်ဦး... ဒီအအေးဓာတ်ကို အပြင်ထုတ်လို့ ရမလားလို့"
"နောက်ပြီး ထိုက်ယန်တောင်ဘက်က အခြေအနေတွေကိုလည်း ငါတို့ ကွမ်ဖူဘက်ကို အမြန်ဆုံး သတင်းပို့ရမယ်"
ကောလန်ကန်းက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။ "ငါတို့ တကယ် ဆုတ်ခွာရတော့မှာလား"
"မဆုတ်ဘဲ ဘာလုပ်ရမှာလဲ... ဟိုဘက်က ငါတို့ကို နှင်ထုတ်နေတာ သိသာနေတာပဲဟာကို"
ကောလန်ကန်းက ပြောလိုက်သည်။ "ဒါပေမဲ့ ငါတို့က အထက်က အမိန့်ရထားလို့ ဒီမှာ လာတပ်စွဲထားရတာလေ"
"ဒီလိုမျိုး အရှက်တကွဲနဲ့ ပြန်သွားရင် အပြစ်ပေးခံရမှာ မဟုတ်ဘူးလား"
ကျန်းတာ့ကျစ်၏ မျက်ဝန်းများ အရောင်လက်သွားပြီး ပြောလိုက်သည်။ "ဆုတ်တော့ ဆုတ်ရမှာပဲ... ဒါပေမဲ့ ဘယ်အချိန် ဆုတ်မယ်ဆိုတာကို ငါတို့ မပြောရသေးဘူးလေ"
"ငါ ကွမ်ဖူဘက်ကို လူလွှတ်လိုက်ပြီ... အမြန်ဆုံး ပြေးရင်တောင် သတင်းရဖို့က နှစ်နာရီ သုံးနာရီလောက်တော့ ကြာဦးမှာပဲ"
"ငါတို့ အချိန်နည်းနည်းလောက် ဆွဲထားလိုက်မယ်... ကွမ်ဖူဘက်က အတိအကျ အမိန့်ကျလာတဲ့ အချိန်ကျမှ ဆက်လုပ်မယ့် အစီအစဉ်ကို ဆုံးဖြတ်ကြတာပေါ့"
ထိုစကားကို ကြားသောအခါ ကောလန်ကန်းလည်း သက်ပြင်းချနိုင်သွားပြီး ပြောလိုက်သည်။ "ဒီနည်းလမ်းက မဆိုးဘူးပဲ"
ကွမ်ဖူနှင့် မြို့သစ်ကြားတွင် ခရိုင်တစ်ခုသာ ခြားပြီး အကွာအဝေးအားဖြင့် မိုင် ၃၀ ကနေ ၄၀ ခန့်သာ ကွာဝေးသည်။
ယခုအချိန်တွင် နှင်းများ ထူထပ်စွာ ကျဆင်းနေပြီး လမ်းများ ပိတ်ဆို့နေသော်လည်း အစွမ်းပိုင်ရှင်များအတွက်မူ ယင်းက အခက်အခဲကြီး တစ်ခုတော့ မဟုတ်ပေ။
အလျင်အမျိုးအစား အစွမ်းပိုင်ရှင် တစ်ယောက်က အမြန်ဆုံး အလျင်ဖြင့် သွားမည်ဆိုလျှင် အသွားအပြန်အတွက် နှစ်နာရီ၊ သုံးနာရီခန့်ဆိုလျှင် လုံလောက်ပြီ ဖြစ်သည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး မကြာမီမှာပင် မွန်းတည့်ချိန်သို့ ရောက်ရှိလာလေသည်။
ကျန်းတာ့ကျစ်နှင့် ကောလန်ကန်းတို့မှာ မျှော်နေသော်လည်း နေ့လယ်စာ လာပို့သည်ကို မတွေ့ရပေ။
ကျန်းတာ့ကျစ်က မနေနိုင်တော့ဘဲ တဲအပြင်ဘက်ရှိ စစ်သားကို လှမ်းမေးလိုက်သည်။ "ရှောင်လီ... ဒီနေ့ နေ့လယ်စာကရော... ဘာလို့ ခုထိ လာမပို့သေးတာလဲ"
ရှောင်လီ အမည်ရှိသော အစောင့်စစ်သားက အလျင်အမြန် ခေါင်းပြူ၍ ပြန်ဖြေသည်။ "ခေါင်းဆောင်... ထိုက်ယန်တောင်ဘက်က ထမင်းလာပို့တဲ့သူ မရှိဘူး... ကျွန်တော်တို့လူတွေလည်း အခု ဟိုဘက်ကို သွားလို့မကောင်းဘူးလေ... အခု အပြင်ဘက်က ညီအစ်ကိုတွေ အကုန်လုံး ဗိုက်ဆာနေကြပြီ... တချို့ဆို တောင်အောက်ဆင်းပြီး ရေခဲခွဲ ငါးဖမ်းနေကြပြီ"
ထိုစကားကို ကြားလိုက်ရသဖြင့် ကျန်းတာ့ကျစ်နှင့် ကောလန်ကန်းတို့ နှစ်ယောက်လုံး၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
ထိုအခါမှသာ ထိုက်ယန်တောင်ဘက်တွင် ရိက္ခာ ထောက်ပံ့ရေးကို ထိုက်ယန်တောင်မှ လူများကသာ အမြဲ တာဝန်ယူပေးနေခဲ့ခြင်း ဖြစ်ကြောင်း သူတို့ သတိထားမိလိုက်ကြသည်။
ယခု နှစ်ဖက် အဆင်မပြေ ဖြစ်သွားကြသဖြင့် ထိုက်ယန်တောင်မှ လူများက ရိက္ခာထောက်ပံ့မှုကို တိုက်ရိုက် ဖြတ်တောက်လိုက်ခြင်းပင်။
"တောက်... ခွေးမသားတွေ... တော်တော် ရက်စက်ကြတာပဲ" ကောလန်ကန်းက ဆဲရေးလိုက်သည်။
ကျန်းတာ့ကျစ်၏ မျက်ဝန်းများ အရောင်လက်သွားသည်။ "ဒါ ငါတို့ကို ထွက်သွားအောင် အတင်း ဖိအားပေးနေတာပဲ"
သူက မေးလိုက်သည်။ "ငါတို့ဆီမှာ ရိက္ခာ အပိုရှိသေးလား"
"စစ်သားတွေ ကိုယ်စီ ယူလာတဲ့ စစ်သုံးရိက္ခာတွေတော့ နည်းနည်း ကျန်သေးတယ်... ဒါပေမဲ့ ခရီးဝေးသွားပြီး တာဝန်ထမ်းဆောင်ရတာမျိုး မရှိဖူးတော့ စစ်သုံးရိက္ခာတွေ သိပ်မများဘူး... အကုန်လုံးကို ဝေပေးဖို့တော့ လောက်မှာ မဟုတ်ဘူး"
ကျန်းတာ့ကျစ်က အသက်ကို ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး မျက်ဝန်းများ အရောင်လက်လာသည်။ "တောင်ပေါ်တက်ပြီး သားကောင်လေး ဘာလေး ရအောင်ရှာဖို့ နည်းလမ်းမရှိဘူးလား"
"ခေါင်းဆောင်... အခု တောင်သုံးလုံးစလုံးကို တက်လို့ မရတော့ဘူး... ထိုက်ယန်တောင်က လူတွေက ကျွန်တော်တို့လူတွေ နေရာမှာ အကုန် အစားထိုးလိုက်ပြီး ကျွန်တော်တို့ကို တောင်ပေါ် ပေးမတက်တော့ဘူး"
သူတို့နှစ်ယောက် စကားပြောနေစဉ်မှာပင် အပြင်ဘက်မှ အရေးပေါ် သတင်းပို့သံ ထွက်ပေါ်လာသည်။
"ခေါင်းဆောင်... ခေါင်းဆောင်... တပ်ကြပ် ရှန်းကျစ်ကျဲဆီက သတင်းရပါတယ်... ကျွန်တော်တို့ တိတ်တဆိတ် တူးနေတဲ့ သတ္တုတွင်း နှစ်ခုကို ထိုက်ယန်တောင်က လူတွေက ပိတ်သိမ်းလိုက်ပြီတဲ့... ပြီးတော့ ဒီလဝက်အတွင်း ကျွန်တော်တို့ တူးထားတဲ့ သန္ဓေပြောင်း စွမ်းအင်ကျောက်တုံးတွေကိုလည်း သူတို့ အတင်းအဓမ္မ သိမ်းသွားကြတယ်တဲ့"
"နောက်ပြီး သူတို့က... သူတို့က ပြောသေးတယ်... အရင်လတွေက ကျွန်တော်တို့ ခိုးတူးထားတဲ့ စွမ်းအင်ကျောက်တုံးတွေကို ချက်ချင်း ပြန်ပေးရမယ်တဲ့... မပေးရင် တပ်ကြပ် ရှန်းကျစ်ကျဲတို့ကို ဖမ်းထားမယ်တဲ့"
"ဘာပြောတယ်"
ကျန်းတာ့ကျစ်၏ မျက်နှာမှာ ရုတ်တရက် မည်းမှောင်သွားပြီး ချက်ချင်း မတ်တတ်ထရပ်လိုက်သည်။
ကောလန်ကန်းလည်း မျက်နှာပျက်သွားပြီး ဆဲရေးလိုက်၏။ "တောက်... သူတို့ ဘယ်လိုသတ္တိနဲ့ လုပ်ရဲတာလဲ"
ကျန်းတာ့ကျစ် မျက်မှောင်ကြုတ်လိုက်မိပြီး ထိုက်ယန်တောင်မှ လူများ၏ သဘောထားက မည်မျှ တင်းမာနေပြီလဲ ဆိုသည်ကို ပို၍ပင် ခံစားလိုက်ရသည်။
အဓိကပြဿနာမှာ လွန်ခဲ့သောလက ရရှိခဲ့သည့် စွမ်းအင်ကျောက်တုံးများကို ကွမ်ဖူသို့ ပို့ဆောင်ပြီးသွားပြီ ဖြစ်ရာ ထိုက်ယန်တောင်မှ လူများကို မည်သို့လုပ်၍ ပြန်ပေးနိုင်ပါတော့မည်နည်း။
"ဟမ့်... သူတို့ကို ခဏလောက် ထပ်ပြီး မောက်မာခွင့် ပေးထားလိုက်ဦးမယ်... ကွမ်ဖူဘက်က လူတွေ ရောက်လာရင် သူတို့ ဆက်ပြီး တင်းမာနိုင်ဦးမလား ဆိုတာ စောင့်ကြည့်ရသေးတာပေါ့"
ကျန်းတာ့ကျစ်က အေးစက်စက် ရယ်မောလိုက်ရာ ဘေးနားရှိ ကောလန်ကန်းက ကြားပြီး လိုက်ရယ်ကာ ပြောလိုက်သည်။ "ဒီတစ်ခေါက် ကွမ်ဖူဘက်က ဘယ်သူ့ကို လွှတ်လိုက်မလဲ မသိဘူးနော်"
"တပ်ရင်းမှူးတင်း ကိုယ်တိုင်များ လာမလား"
"ပြောရခက်တယ်... တပ်ရင်းမှူးတင်းက ပြီးခဲ့တဲ့အကြိမ်ကမှ ရေပေါ်ကျွန်း တာဝန်ကို သွားထမ်းဆောင်ထားတာ... သူ့လက်အောက်က လူတွေ အများကြီး သေဆုံးထားတော့ သိပ်လာချင်မှာ မဟုတ်ဘူး"
"ဒါဆို တပ်ရင်းမှူးတုံများ ဖြစ်မလား"
"ဖြစ်နိုင်တယ်... ကြားရသလောက်တော့ တပ်ရင်းမှူးတုံက လွန်ခဲ့တဲ့လကတင် အဓိက အရည်အသွေး ၉၀ မှတ်ကို ကျော်သွားပြီတဲ့... အခုဆိုရင် သေချာပေါက် ၉၀ မှတ် ကျော်နေလောက်ပြီ... သူသာ ဒီကိုလာရင် သေချာပေါက် အခြေအနေကို ထိန်းချုပ်နိုင်မှာပဲ"
"ဟို လီချင်းဟွာဆိုတဲ့ကောင်တောင် တပ်ရင်းမှူးတုံနဲ့ တွေ့ရင် ရိုရိုသေသေ ဆက်ဆံရမှာပဲ"
"ဟားဟား... လွန်ခဲ့တဲ့ တစ်လတုန်းက တပ်ရင်းမှူးတုံ ထိုက်ယန်တောင်ကို လာတုန်းက မှတ်မိသေးလား... အဲ့ဒီ လီချင်းဟွာက ရိုရိုကျိုးကျိုးနဲ့ ထွက်ကြိုခဲ့ရတာ မဟုတ်လား"
"ဟမ့်... ဒီတစ်ခေါက် တပ်ရင်းမှူးတုံ လာတာကိုပဲ ငါက ပိုကြိုက်လားတယ်... တစ်ချိန်တုန်းက ခွေးကလေးတစ်ကောင်လို လိမ်မာခဲ့တဲ့ ထိုက်ယန်တောင်က အခု ဘယ်လိုပုံစံ ဖြစ်နေပြီလဲ ဆိုတာကို တပ်ရင်းမှူးတုံ မြင်သွားအောင်လို့"
"တပ်ရင်းမှူးတုံသာ လက်စွမ်းပြပြီး ဒီခွေးကောင်တွေကို အကုန် သတ်ပစ်လိုက်ရင် ကောင်းမှာပဲ"
သူတို့နှစ်ဦး တစ်ယောက်တစ်ခွန်း ပြောဆိုနေကြပြီး သူတို့၏ စကားလုံးများထဲတွင် ထိုက်ယန်တောင်မှ လူများအပေါ် ရွံရှာမုန်းတီးမှုများ အပြည့်အဝ ပါဝင်နေသည်။
အမှန်တကယ်တွင် သူတို့ကသာ အပြင်မှ လာသူများ ဖြစ်ကြောင်း သူတို့ကိုယ်တိုင် မေ့လျော့နေကြသည်။
အစောပိုင်းက ထိုက်ယန်တောင်သည် ကြီးမားသော တန်ဖိုးများကို ပေးဆပ်ကာ သူတို့ကို ဖိတ်ခေါ်ခဲ့ရသော်လည်း ယခုအခါတွင်မူ သူတို့က ထိုက်ယန်တောင်ကို ၎င်းတို့၏ ပိုင်ဆိုင်မှုတစ်ခုအဖြစ် သတ်မှတ်ထားကြပြီ ဖြစ်သည်။
ထို့ကြောင့် ထိုက်ယန်တောင်မှ သူတို့အပေါ် မနာခံသည့် မည်သည့် လုပ်ရပ်ကိုမဆို သူတို့က ဒေါသတကြီးဖြင့် မုန်းတီးငြိုးသူနေကြခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင်... ထိုက်ယန်တောင်ဘက်၌မူ။
လင်းယွမ်သည် လက်ရှိ ထိုက်ယန်တောင်၏ အပြောင်းအလဲများကို ကိုယ်တိုင်ကိုယ်ကျ လိုက်လံ စစ်ဆေးနေသည်။
ထိုက်ယန်တောင်သည် စစ်ဘက်ဆိုင်ရာ စီမံအုပ်ချုပ်မှု စနစ်အောက်သို့ အပြည့်အဝ ရောက်ရှိနေပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
ထိုက်ယန်တောင်တွင် ကျန်ရှိနေသေးသော ဌာနများမှာ ညွှန်ကြားရေးမှူးရုံး၊ ရေတပ်၊ သတ္တုတူးဖော်ရေးအဖွဲ့၊ စိုက်ပျိုးရေးဌာန၊ ဆေးဘက်ဆိုင်ရာဌာန၊ အထွေထွေအုပ်ချုပ်ရေးဌာနနှင့် စစ်ဆေးရေးဌာနစသည့် အရေးကြီး ဌာနများသာ ဖြစ်သည်။
စက်ရုံ အလုပ်ရုံများ၊ မွေးမြူရေး ဌာနများနှင့် ရေထွက်ပစ္စည်း ဌာနများမှ လူအင်အား အချို့ကို ချန်ထားခဲ့သော်လည်း ဌာနချုပ်များမှာမူ မြွေမိစ္ဆာ ဟင်းလင်းပြင်ဘက်သို့ ပြောင်းရွှေ့သွားကြပြီ ဖြစ်သည်။
လင်းယွမ်က မေးလိုက်သည်။ "မြွေမိစ္ဆာ ဟင်းလင်းပြင်ဘက်က အခြေအနေ ဘယ်လိုလဲ"
ကျောက်ခိုင်က ပြန်ဖြေသည်။ "ဟိုဘက်က အခြေအနေက ထိုက်ယန်တောင်ထက် အများကြီး ပိုကောင်းတယ်... သီးခြား ဟင်းလင်းပြင်တစ်ခု ဖြစ်နေလို့ အဲ့ဒီမှာ နှင်းမကျဘူး... အပူချိန်ကလည်း အပြင်ဘက်ထက် နည်းနည်း ပိုမြင့်တယ်... ဒါပေမဲ့လည်း အပူချိန်မြင့်တာက အတိုင်းအတာ တစ်ခုထိပဲဆိုတော့... ရေခဲသင့်တဲ့ နေရာတွေကတော့ ရေခဲနေတုန်းပဲ"
လင်းယွမ်က မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး မေးလိုက်သည်။ "နှင်းမကျဘဲနဲ့ ရေခဲနေတာလား"
"ဟုတ်တယ်... ချင်းဟွာ ပြောပုံအရဆိုရင် မြွေမိစ္ဆာ ဟင်းလင်းပြင်က သီးခြား ဟင်းလင်းပြင် ဖြစ်ပေမဲ့ ဒီကမ္ဘာကြီးထဲမှာပဲ ရှိနေသေးတာတဲ့"
"ပြီးတော့ အေးခဲတဲ့ ရာသီဥတုကို ဟင်းလင်းပြင် အကာအရံက တစ်စိတ်တစ်ပိုင်း တားဆီးပေးထားနိုင်ပေမဲ့ အပြင်ဘက် တစ်ခုလုံးက အပူချိန် ကျဆင်းနေတဲ့ အခြေအနေမှာ သီးခြား ဟင်းလင်းပြင်ရဲ့ အပူချိန်ကလည်း သေချာပေါက် လိုက်ကျသွားမှာပဲလေ"
"ကွာခြားချက်က နှစ်ဘက်စလုံးမှာ အပူချိန် ကွာဟမှုလေး နည်းနည်း ရှိနေရုံပါပဲ... ဒါပေမဲ့ သိပ်အများကြီးတော့ မကွာပါဘူး"
ထိုသို့ပြောနေစဉ် ဘေးနားရှိ တင်းယန်ကလည်း ပြုံးလျက် ဝင်ပြောသည်။ "လီချင်းဟွာက ကျွန်မကို ဥပမာတစ်ခု ပေးပြီး ဒီအကြောင်း ရှင်းပြဖူးတယ်... အဲ့ဒါက ကြက်ဥပြုတ်သလိုမျိုးတဲ့"
"ကြက်ဥမှာ အခွံ ဖုံးအုပ်ထားပေမဲ့ အပြင်ဘက်က ရေအပူချိန် ၁၀၀ ဒီဂရီကို ရောက်သွားတဲ့ အခြေအနေမျိုးမှာ အခွံထဲက ကြက်ဥက ကျက်သွားမှာပဲလေ"
"ဓာတ်ကူးပြောင်းမှုကို ဟင်းလင်းပြင်က အပြည့်အဝ တားဆီးမထားနိုင်ဘူး... အချိန် လုံလုံလောက်လောက် ကြာသွားရင်တော့ အအေးဓာတ်က ဟိုဘက်ကို ကူးသွားမှာပဲ"
လင်းယွမ်က ခေါင်းညိတ်ပြလိုက်သည်။ ဤသဘောတရားကို သူ ကောင်းကောင်း နားလည်ပါသည်။
ထို့နောက် သူက ပြုံးလျက် ပြောလိုက်သည်။ "နှင်းမကျဘဲ ရေခဲရုံသက်သက်ဆိုရင်တော့ တော်ပါသေးတယ်... အားလုံးက ဟိုဘက်မှာ နေရတာ အသားကျလောက်ပြီ မဟုတ်လား"
"ဟိုဘက်က အပြင်ဘက်ထက် သေချာပေါက် ပိုလုံခြုံတာပေါ့... မိုးမရွာဘူး... နှင်းမကျဘူး... ပြီးတော့ သန္ဓေပြောင်း နေကြာပန်းတွေနဲ့ လုပ်ထားတဲ့ လူလုပ် နေရောင်ခြည်ဇုန်လည်း ရှိတော့ အားလုံးရဲ့ နေထိုင်မှု အဆင့်အတန်းက အများကြီး မြင့်တက်လာပြီလေ"
"ရှင် မြွေမိစ္ဆာ ဟင်းလင်းပြင်ထဲ သွားကြည့်ရင် သိလိမ့်မယ်" တင်းယန်က ပြုံး၍ ပြောသည်။
လင်းယွမ်က ခေါင်းခါယမ်းလိုက်ပြီး "ငါ လောလောဆယ် ဒီကနေ ထွက်သွားလို့ မရသေးဘူး... စစ်တပ်က လူတွေလည်း သတင်းရလောက်ပြီ... ကွမ်ဖူဘက်ကနေ လူတွေ ချက်ချင်း လွှတ်လိုက်လောက်တယ်"
ထိုစကားကို ကြားသောအခါ ကျောက်ခိုင်က ချက်ချင်း နှာခေါင်းရှုံ့လိုက်ပြီး "သေချာပေါက် လာမှာပဲ... ဒီကောင်တွေက ထိုက်ယန်တောင်ကို မျက်စိကျနေတာ ကြာပြီ... ဒီလောက် လွယ်လွယ်နဲ့ လက်လျှော့သွားမှာ မဟုတ်ဘူး"
တင်းယန် အနည်းငယ် တုံဆိုင်းသွားပြီးနောက် မေးလိုက်သည်။ "လင်းယွမ်... ရှင် ဖြစ်ပါ့မလား... ကျွန်မ ကြားတာတော့ စစ်တပ်မှာ အစွမ်းထက်တဲ့လူတွေ အများကြီးပဲတဲ့... အဓိက အရည်အသွေး အမှတ် ၉၀ ကျော်တဲ့ သူတွေတောင် အများကြီး ရှိတယ်တဲ့"
လင်းယွမ်က ပြုံးလိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ "လာမယ့်သူတွေက အမှတ် ၉၀ လောက်ပဲ ဆိုရင်တော့ စိတ်ပျက်ရတော့မှာပဲ... သူတို့ဆီက ဘာအံ့သြစရာတွေများ ကြုံရမလဲလို့ ငါက တော်တော်လေး မျှော်လင့်ထားတာ"
ကျောက်ခိုင်နှင့် တင်းယန်တို့ ထိုစကားကို ကြားသောအခါ အံ့သြသွားသည့် မျက်နှာအမူအရာများကို ဖုံးကွယ်မထားနိုင်ကြပေ။
တင်းယန်က မနေနိုင်ဘဲ မေးလိုက်သည်။ "ရှင့်ရဲ့ အဓိက အရည်အသွေးက အခု ဘယ်လောက်တောင် ရောက်နေပြီလဲ"
ကျောက်ခိုင်လည်း စပ်စုချင်စိတ်ဖြင့် လင်းယွမ်ကို လှမ်းကြည့်လိုက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး ဘာမှ ဖုံးကွယ်မထားဘဲ ဖြေလိုက်သည်။ "အမှတ် ၁၀၀ ပြည့်သွားပြီ"
"ဟိုက်"
"ဘာ"
ကျောက်ခိုင်မှာ လေအေးတစ်ချက်ကို ရှိုက်သွင်းလိုက်မိပြီး ဘေးနားရှိ တင်းယန်လည်း ချက်ချင်း အာမေဍိတ်သံ ထွက်သွားလေသည်။
"အမှတ် ၁၀၀... အစ်ကိုလင်း... အစ်ကိုက တကယ့်ကို ကြမ်းတာပဲ" ကျောက်ခိုင်က အံ့သြတကြီး အော်ပြောလိုက်သည်။
တင်းယန်က မနေနိုင်ဘဲ ဆက်မေးလိုက်သည်။ "အဓိက အရည်အသွေး အမှတ် ၁၀၀ ဆိုတော့ ဘယ်လို ခံစားရလဲ"
လင်းယွမ် ပြုံးလိုက်သည်။ "အမှတ် ၁၀၀ဆိုတာက ဆင့်ကဲပြောင်းလဲခြင်း လမ်းစဉ်ရဲ့ ဒုတိယမြောက် အတားအဆီးပဲ"
"အမှတ် ၁၀၀ ကျော်သွားရင် မျိုးရိုးဗီဇမြေပုံရဲ့ အလယ်အလတ်အဆင့်ကို ရောက်သွားပြီ... ဒီအချိန်ရောက်ရင် ငါတို့က မျိုးရိုးဗီဇမြေပုံကို အခြေခံပြီး ကိုယ့်ရဲ့ မျိုးရိုးဗီဇ စီစဉ်ပုံတွေကို ပြန်လည် ဖွဲ့စည်းရမယ်... ပြီးတော့ မျိုးရိုးဗီဇမြေပုံ လမ်းကြောင်းအတိုင်း ဆင့်ကဲပြောင်းလဲမှုကို အပြီးသတ်ရမှာ"
"တစ်ချိန်တည်းမှာပဲ... ဒီအဆင့်မှာ မျိုးရိုးဗီဇမြေပုံက ကိုယ်စားပြုတဲ့ သန္ဓေပြောင်းသားရဲတွေရဲ့ အစွမ်းတွေကို တဖြည်းဖြည်း ထိန်းချုပ်နိုင်လာလိမ့်မယ်... ကိုယ့်ရဲ့ ခန္ဓာကိုယ်ပေါ်မှာတောင် ထင်ထင်ရှားရှား ပေါ်လာနိုင်တယ်"
"အင်းပေါ့... ဒီလိုမျိုး ကိုယ်စားပြု သန္ဓေပြောင်းသားရဲအသွင်ပြောင်းတဲ့ ဖြစ်စဉ်က ပြောင်းပြန်လှန်လို့ ရတယ်... သန္ဓေပြောင်းသားရဲအသွင် ပြောင်းသွားပြီး လူအသွင်ပြန်မဖြစ်နိုင်တာမျိုးတော့ မဟုတ်ဘူး"
"မင်းတို့လည်း ဒီအဆင့်ကို ရောက်လာရင် နားလည်သွားမှာပါ"
တင်းယန်နှင့် ကျောက်ခိုင်တို့မှာ နားထောင်ရင်း တွေဝေ မိန်းမောသွားကြသည်။
အကယ်၍ အမှတ် ၁၀၀ကို ကျော်လွန်ပြီး မျိုးရိုးဗီဇမြေပုံ၏ အလယ်အလတ်အဆင့်သို့ ဝင်ရောက်ကာ မျိုးရိုးဗီဇမြေပုံက ကိုယ်စားပြုသည့် သန္ဓေပြောင်းသားရဲများ၏ စွမ်းရည်များကို ရရှိနိုင်မည်ဆိုပါက မည်မျှတောင် စွမ်းအားကြီးမားလိုက်မည်နည်း။
"အစ်ကိုလင်း..."
သူတို့သုံးယောက် စကားပြောနေစဉ်မှာပင် အဝေးမှ ဝမ်းသာအားရ ခေါ်လိုက်သော အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။
လင်းယွမ်က ခေါင်းလှည့်ကြည့်လိုက်ရာ ဧရာမ မျောက်ဝံနက်ကြီး တစ်ကောင်က တောင်ကြားတွင် အလွန် လျင်မြန်စွာ ခုန်ပေါက် ပြေးလွှားလာသည်ကို တွေ့လိုက်ရသည်။
ထိုမျောက်ဝံကြီး၏ ပခုံးပေါ်တွင် မိန်းကလေး တစ်ယောက်က မတ်တတ်ရပ်လျက် သူ့ကို စိတ်လှုပ်ရှားစွာဖြင့် လက်လှမ်းပြနေ၏။
ထိုမိန်းကလေး၏ ဘေးတွင် အချိုးအစား ပြေပြစ်လှပသော မိန်းမပျို အချို့လည်း ပါလာသည်။
မျောက်ဝံနက်ကြီး၏ ရှေ့တွင်တော့ အပြာရောင် အလင်းတန်း တစ်ခုက လေဟာပြင်ထဲတွင် တဖျပ်ဖျပ် လက်လျက် အလွန် လျင်မြန်စွာ ပြေးဝင်လာနေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းယွမ် တစ်ယောက် ပြုံးလိုက်မိသည်။
"ယန်ယန်... အမမေ... ဝမ်ဝမ်"
သူ၏ ခန္ဓာကိုယ်က တစ်ချက် လှုပ်ရှားသွားပြီး နောက်တစ်ခဏတွင် ရှေ့ရှိ မျောက်ဝံနက်ကြီး၏ အရှေ့၌ ရုတ်တရက် ပေါ်လာလေသည်။
ထိုတဖျပ်ဖျပ် လက်နေသော အလင်းတန်းကလည်း ချက်ချင်း ရပ်တန့်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် "ဆရာလင်း..." ဟု ခေါ်လိုက်သည်။
လင်းယွမ်သည် မိန်းကလေးများနှင့် စကားမပြောနိုင်သေးဘဲ သူ့ရှေ့ရှိ လီချင်းဟွာကို ကြည့်လိုက်သည်။
လီချင်းဟွာမှာ သိသိသာသာကို ပိန်ကျသွားပြီး မျက်လုံးထဲတွင်လည်း သွေးကြောနီများ အများအပြား ပေါ်နေသည်။ ဤတစ်လကျော် ကာလအတွင်း သူ မည်မျှ ဖိအားများကို ခံစားခဲ့ရမည်ကို တွေးကြည့်၍ ရနိုင်ပေသည်။
လင်းယွမ်က ရှေ့သို့တိုးကာ သူ့ပခုံးကို ပုတ်လျက် ပြောလိုက်သည်။ "ချင်းဟွာ... မင်း တော်တော် ပင်ပန်းသွားပြီ"
ထိုစကားတစ်ခွန်းတည်းနှင့်ပင် လီချင်းဟွာ၏ မျက်ဝန်းများ နီရဲလာပြီး အသက်ကို ပြင်းပြင်းရှူကာ ပြောလိုက်သည်။ "ဆရာလင်း တစ်ယောက်တည်း ထိုက်ယန်တောင်က လူအများကြီးကို ဦးဆောင်နေရတာ... ပခုံးပေါ်မှာ ဖိအားတွေ ဘယ်လောက်တောင် ရှိနေလဲ ဆိုတာ ကျွန်တော် အခုမှပဲ သဘောပေါက်တော့တယ်"
လင်းယွမ်က ပြုံးလိုက်သည်။ "အခု မင်းတို့ အကုန်လုံး တိုးတက်လာကြပြီ မဟုတ်လား"
"ဒီအတောအတွင်း မင်း လုပ်ခဲ့တဲ့ ကိစ္စတွေကို ငါ ကြားပြီးပြီ... မင်း တော်တော် ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်"
လီချင်းဟွာက ပါးစပ်ဟလိုက်ပြီး ခါးသီးစွာဖြင့် ပြန်ပြောသည်။ "ဝံပုလွေကို အိမ်ထဲ ခေါ်သွင်းသလို ဖြစ်သွားတာပါ... စစ်တပ်ရဲ့ ရည်ရွယ်ချက်ကို ကျွန်တော် အထင်သေးမိသွားတယ်"
လင်းယွမ်က ပြုံးလိုက်သည်။ "ကျားကိုသုံးပြီး ဝံပုလွေကို ကိုက်ခိုင်းတာက တော်တော်ကောင်းတဲ့ ဗျူဟာပါပဲ... သူတို့ရဲ့ ယုတ်မာတဲ့ ရည်ရွယ်ချက်တွေကိုတော့... ဟက်ဟက်... ငါ ပြန်လာပြီဆိုမှတော့ သူတို့ရဲ့ ရည်ရွယ်ချက်တွေက အလကား ဖြစ်သွားပြီပေါ့"
"ကျန်တဲ့ ကိစ္စတွေကို မင်း စိတ်ထဲထည့်မနေနဲ့တော့... ငါ အားလုံး တာဝန်ယူတယ်"
လီချင်းဟွာ တစ်ခုခု ပြောချင်၍ ပါးစပ်ဟလိုက်သော်လည်း လင်းယွမ်က ရန်မေတို့ဘက်သို့ အကြည့် ရောက်သွားသည်ကို မြင်လိုက်ရသဖြင့် အခြေအနေကို နားလည်စွာဖြင့် နှုတ်ဆိတ်နေလိုက်သည်။
"ဆရာလင်း... ခင်ဗျားတို့ စကားပြောကြပါဦး... ကျွန်တော် နောက်မှပဲ အခြေအနေတွေကို အစီရင်ခံတော့မယ်" လီချင်းဟွာက ပြုံး၍ ပြောလိုက်သည်။
ထို့နောက် သူက မြေပြင်ပေါ်သို့ လျင်မြန်စွာ ဆင်းသက်သွားလေသည်။
ကျောက်ခိုင်ကလည်း အတူပါလာသော လျှိုဖိန်ဖိန်ကို သွားကြိုလိုက်သည်။
လျှိုဖိန်ဖိန်သည်လည်း ရန်မေတို့နှင့်အတူ ပါလာခဲ့ခြင်း ဖြစ်သည်။
အချိန်ကြာမြင့်စွာ ခွဲခွာနေခဲ့ရသော ဤလူငယ်စုံတွဲအတွက် ပြောစရာစကားများ အများအပြား ရှိနေမည်မှာ သဘာဝပင် ဖြစ်သည်။
လင်းယွမ်သည် ရွှေနက်မျောက်ဝံကြီး၏ ပခုံးပေါ်သို့ ဆင်းသက်လိုက်ပြီး မျက်ဝန်းများ နီရဲနေကြသော မိန်းကလေးများကို ကြည့်ကာ ကြင်နာယုယသည့် အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။
"အမမေ... ဝမ်ဝမ်... ယန်ယန်... ကျွန်တော် ပြန်လာပြီ"
မိန်းကလေး သုံးယောက်လုံးမှာ ရင်ထဲရှိ ခံစားချက်များကို ဆက်လက်၍ မထိန်းချုပ်နိုင်ကြတော့ဘဲ သူ၏ ရင်ခွင်ထဲသို့ ချက်ချင်း ပြေးဝင်လာကာ ရှိုက်ကြီးတငင် ငိုကြွေးကြလေတော့သည်။
ဆက်ရန်...
အပိုင်း(၅၆၂) မိန်းကလေးများ၏ မျိုးရိုးဗီဇမြေပုံများ
"မောင်လေး..."
အမမေက လင်းယွမ်၏ ခါးကို တင်းကြပ်စွာ ဖက်ထားလိုက်ရာ သူမ၏ မျက်ရည်များက သူ၏ ရင်ဘတ်အင်္ကျီစကို စိုရွှဲသွားစေ၏။
ဤသည်က လင်းယွမ်နှင့် ဤမျှ ကြာရှည်စွာ ပထမဆုံးအကြိမ် ခွဲခွာဖူးခြင်းပင် ဖြစ်သည်။
အထူးသဖြင့် လင်းယွမ်၏ အသက်အန္တရာယ် ဘေးကင်းခြင်း ရှိမရှိကို မသိရသည့် အခြေအနေမျိုးတွင် သူမမှာ နေ့စဉ်နှင့်အမျှ စိုးရိမ်ထိတ်လန့်နေခဲ့ရပြီး အခြေအနေကို စုံစမ်းရန် လူများကို နေ့တိုင်း စေလွှတ်ခဲ့ရသည်။
တုံယန်နှင့် ဆုန့်ဝမ်တို့ကသာ တားဆီးမထားခဲ့လျှင် သူမကိုယ်တိုင်ပင် လင်းယွမ်ကို ထွက်ရှာချင်နေခဲ့မိသည်။
ယခု လင်းယွမ် ပြန်ရောက်လာပြီဟု ကြားလိုက်ရသည်နှင့် သူမက ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ လီချင်းဟွာနှင့်အတူ ချက်ချင်း လိုက်လာခဲ့ခြင်း ဖြစ်သည်။
တုံယန်နှင့် ဆုန့်ဝမ်တို့သည်လည်း ထိုနည်းတူပင်။
အထူးသဖြင့် ဆုန့်ဝမ်သည် လင်းယွမ်နှင့် တရားဝင် လက်ထပ်ခြင်း အခန်းအနားကို ဖြတ်သန်းဖူးသော တစ်ဦးတည်းသော မိန်းကလေး ဖြစ်ပေသည်။
သူမ၏ ရင်ထဲတွင် လင်းယွမ်က သူမ၏ ခင်ပွန်းပင် ဖြစ်သည်။
သို့သော်လည်း ဆုန့်ဝမ်က ကပ်ဘေးဆိုးကြီး မတိုင်မီက အိမ်ပြင်မထွက်တတ်သော တိုက်ရိုက်ထုတ်လွှင့်သူ ကောင်မလေး မဟုတ်တော့ပေ။
သူမက စိုက်ပျိုးရေးဌာန၏ ဝန်ကြီးတာဝန်ကို ထမ်းဆောင်နေပြီး ကိစ္စရပ်များစွာကို ကြုံတွေ့ဖြတ်သန်းခဲ့ရသလို သူမ၏ အသိအမြင် ဗဟုသုတများကိုလည်း လေ့ကျင့်ပေးနိုင်ခဲ့သည်။
ထို့ကြောင့်သာ သူမက စိတ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ပြီး ရန်မေကို နှစ်သိမ့်ပေးရင်း အပြင်ဘက်သို့ သတင်းစုံစမ်းရန် လူများကို အဆက်မပြတ် စေလွှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
သေချာပေါက် သူမ ရင်ထဲမှ လင်းယွမ်အပေါ် စိုးရိမ်ပူပန်မှုက ရန်မေထက် အလျဉ်း နည်းပါးနေခြင်းတော့ မဟုတ်ပေ။
မိန်းကလေး သုံးယောက်ထဲတွင် တုံယန် တစ်ယောက်တည်းကသာ အသက်အငယ်ဆုံး ဖြစ်ပြီး လင်းယွမ်အပေါ် အထင်ကြီး လေးစားမှု အပြည့်ရှိကာ လင်းယွမ်၏ စွမ်းဆောင်ရည်ကို အကြွင်းမဲ့ ယုံကြည်ထားသူ ဖြစ်သည်။
အစ်ကိုလင်းယွမ်က တစ်နေရာရာတွင် သေချာပေါက် လေ့ကျင့်နေလိမ့်မည်ဟု သူမက ခိုင်မာစွာ ယုံကြည်ထား၏။
မကြာမီမှာပဲ သူတို့အားလုံးနှင့် ပြန်လည် ဆုံတွေ့နိုင်လိမ့်မည်ဟု တွေးထားသည်။
ထို့ကြောင့် သူမက လင်းယွမ်အတွက် စိုးရိမ်နေသော်လည်း သူ ဘေးကင်းကင်း ပြန်ရောက်လာမည် ဆိုသည့်အပေါ် အမြဲတမ်း ကြီးမားသော ယုံကြည်မှု ရှိနေခဲ့သည်။
လင်းယွမ်က မိန်းကလေး သုံးယောက်ကို ဖက်ထားရင်း သူတို့နှင့် ရင်ဖွင့်စကားများ ဆိုကာ အပြင်ဘက်တွင် တစ်လကျော်ကြာ ကြုံတွေ့ခဲ့ရသည့် အခြေအနေများကို ရှင်းပြလိုက်သည်။
ထို့အတူ သူတို့ သုံးယောက်ကို မည်မျှ လွမ်းဆွတ်နေခဲ့ကြောင်းကိုလည်း ပြောပြခဲ့၏။
တကယ်ကိုပဲ မိန်းကလေးများဆိုတာ နားဖြင့် ခံစားတတ်သည့် သတ္တဝါများ ဖြစ်ကြရာ လင်းယွမ်၏ ချော့မော့မှုကြောင့် မကြာမီမှာပင် မျက်ရည်များကြားမှ ပြုံးရယ်လာကြတော့သည်။
မလှမ်းမကမ်းတွင် ရှိနေသော တင်းယန်က ထိုမြင်ကွင်းကို မြင်သောအခါ မျက်စောင်းထိုးလိုက်ပြီး "မိန်းမတွေကို ချော့ဖို့လောက်ပဲ သိတယ်" ဟု တီးတိုး ရေရွတ်လိုက်သည်။
လင်းယွမ်၏ နားက မည်မျှ အကြားအာရုံ ကောင်းလိုက်သနည်းဆိုလျှင် တင်းယန်၏ တီးတိုးရေရွတ်သံကို သူက ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရသည်သာ ဖြစ်သည်။
သူ လှည့်၍ တင်းယန်ကို တစ်ချက် ကြည့်လိုက်ပြီး ပြုံးကာ သူမကိုပါ လက်ယပ်ခေါ်လိုက်၏။
တင်းယန်က သူ့ကို မကျေမနပ်ဖြင့် မျက်စောင်းတစ်ချက် ထိုးလိုက်သော်လည်း သူ၏ အနားသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
မိန်းကလေးများက သူ့ကို ဝန်းရံထားကြပြီး ဤတစ်လကျော်ကာလအတွင်း သူ့အပေါ် လွမ်းဆွတ်ခဲ့ရမှုများနှင့် လက်ရှိ ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်၏ အခြေအနေ အများအပြားကို ဝိုင်းဝန်း ပြောပြနေကြသည်။
မိမိ၏ မိန်းကလေးများထံမှတဆင့် ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်၏ လက်ရှိ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို လင်းယွမ်က အကြမ်းဖျင်းအားဖြင့် ရှင်းလင်းစွာ နားလည်သွားခဲ့သည်။
ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်က ထိုက်ယန်တောင်ထက် နေထိုင်ရန် ပိုမို သင့်တော်သည်မှာ အမှန်ပင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် ရေကြီးမှု ပမာဏ များများစားစား မရှိဘဲ အိမ်အချို့ ရေမြုပ်သွားသော်လည်း အိမ်အများစုကို ဆက်လက် အသုံးပြု၍ ရနေသေးသောကြောင့်တည်း။
ထို့ကြောင့် ရှောင်မောင်းတောင်ကို ဗဟိုပြု၍ အနီးအနားရှိ အိမ်များကို ဆောက်လုပ်ရေးဌာနက တစုတစည်းတည်း စီမံခန့်ခွဲကာ လူဦးရေအလိုက် အိမ်များ ခွဲဝေချထားပေးခဲ့သည်။
ရှောင်မောင်းတောင်ကမူ မြို့လယ်ခေါင် ကဲ့သို့သော နေရာတစ်ခု ဖြစ်လာပြီး အနီးအနားရှိ ဒေသခံများ၏ နေထိုင်မှု ဗဟိုချက် ဖြစ်လာခဲ့သည်။
အထွေထွေ စီမံခန့်ခွဲရေးဌာန အစရှိသည့် အရေးကြီး ဌာနများကိုလည်း ရှောင်မောင်းတောင်ပေါ်တွင် တည်ဆောက်ထားကြသည်။
ကျိုက်ကော်ဖုန်း၊ ရွှယ်ကောဟွာ အစရှိသော ဆောက်လုပ်ရေးဌာနမှ အစွမ်းပိုင်ရှင်များက လူများကို ဦးဆောင်ကာ ရှောင်မောင်းတောင် ဈေးဝယ်စင်တာကို ပြန်လည် တည်ဆောက်ခဲ့ကြသည်။
အသစ်တည်ဆောက်ထားသော ဈေးဝယ်စင်တာမှာ ထိုက်ယန်တောင်ရှိ အဆောက်အအုံထက် ပိုမို ကြီးကျယ်ခမ်းနားပြီး ပို၍လည်း ပြည့်စုံမှု ရှိပေသည်။
ထို့ပြင် ရှင်းမြွေမိစ္ဆာဟင်းလင်းပြင် အတွင်းပိုင်းရှိ အမှောင်ထု ပြဿနာကို ဖြေရှင်းရန်အတွက် ရှောင်မောင်းတောင်ပေါ်တွင် ယခုအခါ သန္ဓေပြောင်း နေကြာပန်းများကို အပြည့် စိုက်ပျိုးထားလေသည်။
ယခုဆိုလျှင် ရှောင်မောင်းတောင်ကိုပင် နာမည်ပြောင်းလိုက်ပြီး ညမအိပ်မြို့ ဟု ခေါ်ဆိုနေကြပြီ ဖြစ်သည်။
ထို့ထက် ပို၍ ပြောစရာကောင်းသည့် အချက်မှာ ရေအောက် ရတနာရှာဖွေရေးအဖွဲ့က ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်ထဲတွင် ရေမြုပ်နေသော ဆေးဘက်ဆိုင်ရာ စက်မှုဇုန်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ခြင်းပင်။
ထိုနေရာရှိ ဆေးဘက်ဆိုင်ရာ စက်မှုဇုန်အတွင်း၌ ခေတ်မီ ဆေးဘက်ဆိုင်ရာ စက်ကိရိယာများနှင့် ပစ္စည်းကိရိယာများ အများအပြား ရှိနေသည်။
ဤကြီးမားသော တွေ့ရှိမှုကြောင့် ဆေးဘက်ဆိုင်ရာဌာနနှင့် သုတေသနဌာနမှ လူများ အလွန် ဝမ်းသာပျော်ရွှင်သွားကြပြီး ပါမောက္ခ လီဟန်ကျုံး ကိုယ်တိုင် လူများကို ဦးဆောင်ကာ စက်မှုဇုန်အတွင်းရှိ ဆေးဘက်ဆိုင်ရာ စက်ကိရိယာများကို သွားရောက် တူးဖော် ကယ်ဆယ်ခဲ့ကြသည်။
ယခုအခါ ရှောင်မောင်းတောင်တွင် ဘက်စုံ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဆောက်အအုံကြီး တစ်ခုကိုလည်း အထူးတလည် တည်ဆောက်ထားလေသည်။
လက်နက် ကိရိယာများမှစ၍ ဆေးဘက်ဆိုင်ရာ ကိရိယာများနှင့် အမျိုးမျိုးသော သုတေသန ကိရိယာများအထိ အားလုံးကို ဤအဆောက်အအုံထဲတွင် စုစည်းထားခြင်း ဖြစ်သည်။
ဤအဆောက်အအုံမှာ ယခုအခါ ရှောင်မောင်းတောင်၏ အရေးအကြီးဆုံး နေရာများထဲမှ တစ်ခု ဖြစ်လာခဲ့ပြီ။
လီချင်းဟွာက ဤအဆောက်အအုံကို ကာကွယ်စောင့်ရှောက်ရန်အတွက် သီးသန့် လက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့ကိုပင် ဖွဲ့စည်းထားခဲ့သည်။
မသက်ဆိုင်သူများ ဤအဆောက်အအုံအတွင်း ဝင်ထွက်သွားလာခြင်းကိုပင် တားမြစ်ထား၏။
ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်၏ လက်ရှိ ဖွံ့ဖြိုးတိုးတက် ပြောင်းလဲမှုများအတွက် လင်းယွမ် အလွန် ဝမ်းသာပျော်ရွှင်သွားမိပြီး ယခုချက်ချင်းပင် သွားရောက် ကြည့်ရှုချင်စိတ်များ ပေါ်လာတော့သည်။
"ဒါနဲ့ မောင်လေး... အမတို့တွေ အိမ်ကိုလည်း အဲ့ဒီဘက်ကို ပြောင်းရွှေ့ထားလိုက်ပြီ"
"ထိုက်ယန်တောင်ဘက်က အိမ်ကိုတော့ ချန်ထားသေးတယ်... ဒါပေမဲ့ ပရိဘောဂတွေ အကုန်လုံးကိုတော့ အမတို့ ရွှေ့ထားလိုက်ပြီ"
ရန်မေက ရုတ်တရက် တစ်ခုခုကို သတိရသွားကာ လင်းယွမ်ကို သတိပေး ပြောဆိုလိုက်သည်။
လင်းယွမ်က ကြားသောအခါ ပြုံးလိုက်ပြီး "ပြောင်းသင့်နေပါပြီ... ကျွန်တော့်အတွက်တော့ အမတို့ရှိတဲ့ နေရာက အိမ်ပါပဲ" ဟု ပြောလိုက်သည်။
မိန်းကလေးများမှာ ချက်ချင်းပင် ရင်ထဲ လှုပ်ခတ်သွားကြပြီး မျက်နှာပေါ်တွင် ဝမ်းသာပီတိများ အပြည့် ပေါ်လွင်လာကြသည်။
လင်းယွမ်က မိန်းကလေး သုံးယောက်ကို ချက်ချင်း လှည့်ကြည့်လိုက်ပြီး "နင်တို့ရဲ့ အငွေ့အသက်တွေက ပိုအားကောင်းလာတာပဲ... မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်သွားကြပြီလား" ဟု မေးလိုက်သည်။
မိန်းကလေး သုံးယောက်က ကြားသောအခါ ချက်ချင်း ခေါင်းညိတ်ပြကြသည်။
ဆုန့်ဝမ်က စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။ "ကျွန်မ မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်သွားပြီ... ကံကောင်းလို့ ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်ထဲမှာ အရင်က ရှင် အနိုင်ယူထားခဲ့တဲ့ သစ်ပင်ဓာတ် သန္ဓေပြောင်းဝါးနွယ် သတ္တဝါ တစ်ကောင် ရှိနေတာ... လီချင်းဟွာက အချိန်မှန် သွားပြီး သူ့ဆီက သွေးဖောက်ယူပေးတယ်"
တုံယန်ကလည်း ပျော်ရွှင်စွာဖြင့် ပြောလိုက်၏။ "အစ်ကိုလင်းယွမ်... ကျွန်မရဲ့ အဓိက အရည်အသွေးအမှတ် အခု ဘယ်လောက် ရောက်နေပြီလဲ ခန့်မှန်းကြည့်ပါဦး"
လင်းယွမ်က လက်လှမ်း၍ သူမ၏ လက်ဖဝါးကို ဆုပ်ကိုင်လိုက်ပြီး သူမ ခန္ဓာကိုယ်အတွင်းရှိ သန္ဓေပြောင်းစွမ်းအင် လှုပ်ရှားမှုကို ခံစားကြည့်လိုက်သည်။
သူက ပြုံးလိုက်ပြီး "အမှတ် ၆၀ လောက်လား" ဟု မေးလိုက်သည်။
တုံယန် ချက်ချင်း အလွန် အံ့အားသင့်သွားသည်။ "ဝိုး... အစ်ကို ဘယ်လိုလုပ် ဒီလောက် အတိအကျ ခန့်မှန်းနိုင်ရတာလဲ... ကျွန်မ လွန်ခဲ့တဲ့ နှစ်ရက်ကမှ အမှတ် ၆၀ ကို ကျော်သွားတာလေ"
လင်းယွမ်က ရယ်မောလိုက်သည်။ "နင့် ခန္ဓာကိုယ်ထဲက သန္ဓေပြောင်းစွမ်းအင်တွေက ငါ့ကို ပြောပြနေတာလေ... ကြည့်ရတာ ဒီရက်ပိုင်း နင် တော်တော် ကြိုးစားထားပုံပဲ... ဒီလောက် မြန်မြန်ဆန်ဆန်ကို အဆင့်တက်သွားတာကိုး"
တုံယန်က သူ၏ ချီးကျူးမှုကို ရရှိသောအခါ မျက်နှာတစ်ခုလုံး ပျော်ရွှင်မှုများ ပြည့်နှက်သွားပြီး ပြောလိုက်သည်။ "ကျွန်မက အခုချိန်မှာ ရွှေနက်မျောက်ဝံကြီးအပြင် ကျောက်နက်ပုရွက်ဆိတ်ဘုရင်မ ကိုပါ တပြိုင်တည်း ပြုစုပျိုးထောင်ပေးနေရတော့ စိတ်စွမ်းအင် ကုန်တာ အရမ်းများတယ်လေ... ကုန်သွားတာတွေကို ပြန်ဖြည့်တင်းနိုင်ဖို့ နေ့တိုင်း ပြင်းပြင်းထန်ထန် လေ့ကျင့်နေရတာ ဆိုတော့ တိုးတက်နှုန်း မြန်နေတာပေါ့"
လင်းယွမ်က သူမ၏ နှာခေါင်းထိပ်လေးကို ဖွဖွလေး ပွတ်ဆွဲလိုက်ပြီး "နင်က တကယ်တော်တာပဲ" ဟု ရယ်မောရင်း ပြောလိုက်သည်။
သူက ရန်မေကို ပြုံးလျက် ကြည့်လိုက်ပြီး "အမမေ... အမလည်း အဆင့်တက်သွားပြီလား" ဟု နူးညံ့သောအသံဖြင့် မေးလိုက်သည်။
ရန်မေက ညင်သာစွာ ပြုံးလိုက်ပြီး ခေါင်းညိတ်ကာ "အင်း... အမ လေ့ကျင့်တာ နှေးတယ်ဆိုတာ မောင်လေးလည်း သိသားပဲ... တလောကမှ အဆင့်တက်သွားတာ" ဟု ဆိုသည်။
တုံယန်က လျှို့ဝှက်ဆန်းကြယ်သော အမူအရာဖြင့် "အစ်ကိုလင်းယွမ်... အမမေရဲ့ မျိုးရိုးဗီဇမျိုးစေ့က ဘာအမျိုးအစားလဲဆိုတာ ခန့်မှန်းကြည့်ပါဦး" ဟု ပြောလိုက်သည်။
လင်းယွမ်က ရယ်မောရင်း "စိတ်စွမ်းအင် မဟုတ်လား" ဟု ဖြေလိုက်သည်။
"ဟာ... အစ်ကို ဘယ်လိုလုပ် သိတာလဲ" တုံယန်က အလွန် အံ့အားသင့်သွားသည်။
ရန်မေသည်လည်း လင်းယွမ်ကို အံ့သြစွာ ကြည့်လိုက်ပြီး "မောင်လေး ဘယ်လို ခန့်မှန်းလိုက်တာလဲ" ဟု မေးလိုက်သည်။
သိထားသင့်သည်မှာ ရန်မေ၏ အစွမ်းက အလွန် ထူးခြားလှပြီး အစပိုင်းက ထုတ်ဖော်ပြသခဲ့သည်မှာ ရှုထောင့်နှစ်ခုမှ လက္ခဏာရပ်များ ဖြစ်သည်။
၎င်းတို့မှာ စိတ်စွမ်းအင်နှင့် ရေခဲဓာတ်တို့ အသီးသီး ဖြစ်ကြသည်။
သူမ အသုံးပြုသော စိတ်စွမ်းအင်က ရေခဲအလား အေးစက်နေပြီး စိတ်ဝိညာဉ်ကိုပင် အေးခဲသွားစေနိုင်စွမ်း ရှိသည်။
လင်းယွမ်က ပြုံးလိုက်ပြီး "အမရဲ့ စိတ်စွမ်းအင် ပြင်းအားကို ကျွန်တော် ခံစားမိနေလို့ပေါ့" ဟု ဖြေလိုက်သည်။
"အမမေ... အမ နိုးထလာတဲ့ မျိုးရိုးဗီဇမြေပုံက ဘာလဲ"
ရန်မေက ကြားသောအခါ " နှင်းအိပ်မက်ဆိုးစုန်းမ လို့ခေါ်တဲ့ သန္ဓေပြောင်း သတ္တဝါ တစ်မျိုးပဲ" ဟု ပြန်ဖြေသည်။
"နှင်းအိပ်မက်ဆိုးစုန်းမ" လင်းယွမ် ကြောင်သွားပြီး "ဒါက ဘယ်လိုအမျိုးအစား သန္ဓေပြောင်း သတ္တဝါလဲ" ဟု သံသယဖြင့် မေးလိုက်မိသည်။
"အမလည်း မသိဘူး... မျိုးရိုးဗီဇ အမွေဆက်ခံတာကနေ ရလိုက်တဲ့ အချက်အလက်တွေအရဆိုရင် ဒီသန္ဓေပြောင်း သတ္တဝါရဲ့ မူလပုံစံက လူသားတွေနဲ့ အရမ်းတူတယ်... ဒါပေမဲ့ လူသားမျိုးနွယ်ထဲမှာတော့ မပါလောက်ဘူး"
"ဒါနဲ့... အမဆီမှာ ပင်ကိုယ်အစွမ်း တစ်ခုလည်း နိုးထလာသေးတယ်"
"ဘာ ပင်ကိုယ်အစွမ်းလဲ"
"အိပ်မက်ဆိုး အေးခဲအစွမ်းတဲ့... အမက စိတ်စွမ်းအင်ကို အသုံးပြုပြီး ရန်သူကို သွေးဆောင် ညှို့ယူနိုင်တယ်... ပြီးတော့ သူ့ရဲ့ အိပ်မက်ကို ထိန်းချုပ်ပြီး သူ့ရဲ့ စိတ်ပင်လယ်ကို အေးခဲပစ်လိုက်လို့ ရတယ်"
လင်းယွမ် ဤစကားကို ကြားသောအခါ အံ့အားသင့်သွားသော အမူအရာ ပေါ်ထွက်လာသည်။
ဤအစွမ်းက ရန်မေ၏ မူလအစွမ်းနှင့် ဆင်တူပုံရပြီး အဆင့်မြင့် အမျိုးအစား ဖြစ်ဟန်တူသည်။
ကြည့်ရသည်မှာ ပင်ကိုယ်အစွမ်း တစ်ခုတည်းသာ ဖြစ်သော်လည်း သေချာ ခွဲခြမ်းစိတ်ဖြာကြည့်လျှင် အမှန်တကယ်တော့ ဤပင်ကိုယ်အစွမ်းတွင် သွေးဆောင်ညှို့ယူခြင်း၊ အိပ်မက်ထဲ ဝင်ရောက်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် စိတ်စွမ်းအင်ကို အေးခဲစေခြင်း ဟူသော ရှုထောင့်လေးခု ပါဝင်နေလေသည်။
ထို့အပြင် ပို၍ အရေးကြီးသော အချက်မှာ ရန်မေက ဤမျိုးရိုးဗီဇမျိုးစေ့ကို နိုးထလာချိန်၌ ပထမဆုံး အကြိမ်မှာပင် ပင်ကိုယ်အစွမ်းကို ရရှိခဲ့ခြင်း ဖြစ်သည်။
ဤမျိုးရိုးဗီဇမြေပုံက သံကြိုးနှစ်ထပ် အမျိုးအစား ဖြစ်ဖို့ များပေသည်။
သံကြိုးနှစ်ထပ် အမျိုးအစား မျိုးရိုးဗီဇမြေပုံမှသာ ပထမဆုံးအကြိမ်မှာပင် ပင်ကိုယ်အစွမ်းကို ထုတ်ဖော်ပြသနိုင်မည် ဖြစ်သည်။
သံကြိုးတစ်ထပ် မြေပုံဆိုလျှင် အနည်းဆုံး အလယ်အလတ်အဆင့်သို့ ရောက်ရှိပြီးနောက်မှသာ ပင်ကိုယ်အစွမ်း ထွက်ပေါ်လာမည် ဖြစ်သည်။
ကြည့်ရသည်မှာ ရန်မေ၏ ဤမျိုးရိုးဗီဇမြေပုံ၏ အလားအလာက မနိမ့်ကျလှပေ။
"အစ်ကိုလင်းယွမ်... ကျွန်မလည်း ပင်ကိုယ်အစွမ်း နိုးထလာတယ်"
ဆုန့်ဝမ်ကလည်း ဘေးမှနေ၍ ဝင်ပြောလိုက်သည်။
လင်းယွမ်က ဆုန့်ဝမ်ကို အလျင်အမြန် ကြည့်လိုက်ပြီး "ဝမ်ဝမ်... နင့်ရဲ့ မျိုးရိုးဗီဇမျိုးစေ့က ဘာနာမည်လဲ" ဟု မေးလိုက်သည်။
"သက်တမ်းရစ် သက်စောင့်ဝါး လို့ခေါ်တဲ့ အပင်အမျိုးအစား သန္ဓေပြောင်း သတ္တဝါ တစ်မျိုးပဲ"
"မျိုးရိုးဗီဇ အမွေဆက်ခံတဲ့ အချက်အလက်တွေအရ ကျွန်မဆီမှာ အသက်ဗိုင်းငင်အစွမ်း လို့ခေါ်တဲ့ ပင်ကိုယ်အစွမ်း တစ်ခု နိုးထလာတယ်"
"အသက်ဗိုင်းငင်အစွမ်း"
လင်းယွမ် သံသယဖြစ်သွားပြီး "အဲ့တာက ဘယ်လိုအစွမ်း ရှိတာလဲ" ဟု မေးမြန်းလိုက်သည်။
ဆုန့်ဝမ်က ပြုံးလျက် "အသက်ဗိုင်းငင် ပင်ကိုယ်အစွမ်းက ကျွန်မကို ပတ်ဝန်းကျင်က အပင်တွေရဲ့ အသက်စွမ်းအင်ကို စုပ်ယူပြီး ဒဏ်ရာတွေကို ကုသလို့ရတယ်... ပြီးတော့ ဒီအသက်ဗိုင်းငင်အစွမ်း အစွမ်းက ကျွန်မ ထိန်းချုပ်ပြီး ကြီးထွားလာစေတဲ့ အပင်တွေရဲ့ ကြံ့ခိုင်မှုကိုလည်း အားဖြည့်ပေးနိုင်တယ်" ဟု ပြောသည်။
"အဲ့ဒါက အပင်တွေကို အတိုင်းထက်အလွန် မာကျောသွားစေနိုင်သလို ပျော့ပျောင်းနူးညံ့တဲ့ နွယ်ပင်တွေအဖြစ်လည်း ပြောင်းလဲသွားစေနိုင်တယ်"
လင်းယွမ်၏ မျက်လုံးများ အရောင်လက်သွားမိသည်။ "ကုသရေး အမျိုးအစား ပင်ကိုယ်အစွမ်းလား... ပြီးတော့ ကုသရေး အမျိုးအစား သက်သက် မဟုတ်ဘဲ တိုက်ခိုက်နိုင်စွမ်းလည်း အတိုင်းအတာ တစ်ခုထိ ပါဝင်နေတာပဲ"
"ဒီလို ကုတာက ကိုယ့်ကိုယ်ကိုယ်ပဲ ကုသလို့ရတာလား... ဒါမှမဟုတ် တခြားလူတွေကိုရော ကုသပေးလို့ ရလား"
လင်းယွမ်က အလျင်အမြန် မေးလိုက်သည်။ ဤအချက်က အလွန် အရေးကြီးပေသည်။
ကုသပေးသူ တစ်ယောက်အနေဖြင့် ကိုယ့်ကိုယ်ကိုယ်သာ ကုသနိုင်မည် ဆိုပါက အရည်အချင်း မပြည့်မီသည်မှာ သေချာပေါက်ပင်။
ဆုန့်ဝမ်က ပြုံး၍ ဖြေသည်။ "နှစ်မျိုးလုံး ရတယ်... ဒါပေမဲ့ ကွာခြားချက် နည်းနည်းတော့ ရှိတယ်... တခြားလူတွေကို ကုသပေးတဲ့အခါ စွမ်းအင် အသွင်ပြောင်းတဲ့ လုပ်ငန်းစဉ်မှာ ဆုံးရှုံးတာတွေ ရှိတတ်လို့ ကိုယ့်ကိုယ်ကိုယ် ကုသတာထက် အကျိုးသက်ရောက်နှုန်း ပိုနည်းတယ်... ခန့်မှန်းခြေ ၇၀% လောက်ပဲ အာနိသင် ရှိမှာ"
လင်းယွမ်၏ မျက်လုံးများ အနည်းငယ် အရောင်လက်သွားပြီး "၇၀% ဆိုရင်လည်း မဆိုးပါဘူး" ဟု ပြောလိုက်သည်။
"ဒါဆိုရင် နင်တို့ထဲမှာ နင်ရှိနေသရွေ့ ဒဏ်ရာရမှာကို စိုးရိမ်စရာ မလိုတော့ဘူးပေါ့"
တုံယန်က မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။ "အစ်ကိုလင်းယွမ်... ဘာလို့ အမမေနဲ့ အမဝမ်တို့ဆီမှာကျတော့ ပင်ကိုယ်အစွမ်းတွေ ရှိနေပြီး ကျွန်မနဲ့ အမတင်းတို့ဆီမှာကျတော့ ပင်ကိုယ်အစွမ်း မရှိရတာလဲ"
တင်းယန်သည်လည်း အကြည့်များကို လွှဲပြောင်းလာကာ "ကျွန်မလည်း အဲ့ဒါကို သံသယဖြစ်နေတာ... လင်းယွမ်... ဒါက ဘယ်လိုဖြစ်တာလဲ... ရှင်သိလား" ဟု မေးလိုက်သည်။
လင်းယွမ်က ခေါင်းညိတ်လိုက်သည်။ "ဒါက နင်တို့ နိုးထလာတဲ့ မျိုးရိုးဗီဇမြေပုံနဲ့ သက်ဆိုင်တယ်... တကယ်လို့ သံကြိုးနှစ်ထပ် မျိုးရိုးဗီဇမြေပုံဆိုရင် နိုးထလာတဲ့ အစပိုင်းမှာတင် ပင်ကိုယ်အစွမ်း တန်းရတယ်"
"ဒါပေမဲ့ သံကြိုးတစ်ထပ် မျိုးရိုးဗီဇမြေပုံဆိုရင်တော့... မျိုးရိုးဗီဇမြေပုံက အလယ်အလတ်အဆင့်ကို ရောက်တဲ့အချိန်အထိ စောင့်မှ... ပင်ကိုယ်အစွမ်း နိုးထလာမှာ"
တင်းယန်၏ မျက်နှာထား တည်ကြည်သွားပြီး "ဒါက ဘယ်လိုကွာတာလဲ... သံကြိုးနှစ်ထပ်က သံကြိုးတစ်ထပ်ထက် ပိုစွမ်းတယ်လို့ ဆိုလိုချင်တာလား" ဟု ချက်ချင်း မေးလိုက်သည်။
တုံယန်သည်လည်း မနေနိုင်ဘဲ လင်းယွမ်ကို လှမ်းကြည့်လိုက်သည်။
တင်းယန်က လွယ်လွယ်နှင့် လက်မလျှော့တတ်မှန်းကို လင်းယွမ် သဘာဝကျကျပင် သိထားသည်။
သူ အနည်းငယ် စဉ်းစားလိုက်ပြီး ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းကာ ပြောလိုက်သည်။ "ဘယ်သူက ဘယ်သူ့ထက် ပိုစွမ်းတယ်ဆိုတာတော့ မရှိလောက်ဘူး... မျိုးရိုးဗီဇမြေပုံ အခြေခံအဆင့်မှာတော့ သံကြိုးနှစ်ထပ်က ပင်ကိုယ်အစွမ်း ပါလာတဲ့အတွက် တိုက်ခိုက်ရေးဘက်မှာ အားသာချက် အတိုင်းအတာ တစ်ခုတော့ ရှိနိုင်တယ်"
"ဒါပေမဲ့ ဒီအားသာချက်က သံကြိုးတစ်ထပ် မျိုးရိုးဗီဇမြေပုံ အလယ်အလတ်အဆင့်ကို ရောက်သွားရင်တော့ ပျောက်သွားနိုင်တယ်"
"နောက်ပိုင်း တကယ်တမ်း ဘယ်လိုဆက်ဖြစ်မလဲ ဆိုတာကိုတော့... ငါလည်း သိပ်မသေချာဘူး"
လင်းယွမ်က အမှန်တိုင်း မပြောခဲ့ပေ။ တကယ်တော့ သံကြိုးနှစ်ထပ် မျိုးရိုးဗီဇမြေပုံက သံကြိုးတစ်ထပ် မျိုးရိုးဗီဇမြေပုံထက် ရာခိုင်နှုန်းများစွာ ပို၍ စွမ်းနိုင်ကြောင်းကို သူ ရှင်းရှင်းလင်းလင်း သိထားပေသည်။
အဘယ်ကြောင့်ဆိုသော် စနစ်ထဲတွင် ကြည့်လိုက်ရုံဖြင့် သံကြိုးတစ်ထပ် မျိုးရိုးဗီဇမြေပုံ၏ ဈေးနှုန်းက သံကြိုးနှစ်ထပ် မျိုးရိုးဗီဇမြေပုံ၏ ဈေးနှုန်းလောက် မမြင့်မားသည်ကို မြင်တွေ့နိုင်သောကြောင့် ဖြစ်သည်။
ယင်းမှာ ပင်ကိုယ်အစွမ်းနှင့် သက်ဆိုင်နေမည်ဟု လင်းယွမ်က ခန့်မှန်းထားသည်။
သို့သော် တင်းယန်က ယှဉ်ပြိုင်လိုစိတ် ပြင်းထန်သူ ဖြစ်ကြောင်း ထည့်သွင်းစဉ်းစားကာ လင်းယွမ်က သူမကို သဘာဝကျကျပင် စိတ်ဓာတ်မကျစေလိုပေ။
လင်းယွမ်က စကားလမ်းကြောင်းကို မသိမသာ ပြောင်းလဲလိုက်ပြီး "ယန်ယန်... နင်ရော... နင့်ရဲ့ မျိုးရိုးဗီဇမြေပုံက ဘာလဲ" ဟု မေးလိုက်သည်။
တုံယန်က သိပ်မကွာခြားလှကြောင်း ကြားလိုက်ရသဖြင့် ချက်ချင်း ပျော်ရွှင်သွားကာ "ကျွန်မရဲ့ မျိုးရိုးဗီဇမျိုးစေ့က စိတ်စွမ်းအင် အမျိုးအစားပဲ... မျိုးရိုးဗီဇမြေပုံ နာမည်က ဆိုင်မိုကော့စ် ပင်လယ်ဇီးကွက် တဲ့" ဟု ဖြေလိုက်သည်။
"ကျွန်မဆီမှာ ပင်ကိုယ်အစွမ်း မနိုးထလာပေမဲ့ ကျွန်မရဲ့ စိတ်ချင်းဆက်သွယ်နိုင်စွမ်း အကွာအဝေးက အဆပေါင်းများစွာ ပိုကျယ်ပြန့်လာတာကို တွေ့ရတယ်"
"အရင်တုန်းက ကျွန်မရဲ့ စိတ်ချင်းဆက်သွယ်နိုင်စွမ်း အကွာအဝေးက... စိတ်စွမ်းအင်ရဲ့ ၃ ဆကနေ ၅ ဆလောက်ပဲ ရှိတာ... အခုတော့ ၆ ဆကနေ ၁၀ ဆနီးပါးအထိ တိုးတက်လာပြီ"
"ဥပမာ အခု ကျွန်မမှာ ၅၄ မှတ် ရှိတယ်ဆိုပေမဲ့... တကယ်တမ်း အစွမ်းကုန် ထုတ်သုံးလိုက်ရင် ကျွန်မရဲ့ စိတ်ချင်းဆက်သွယ်နိုင်စွမ်း အကွာအဝေးက ပေ ၁၇၇၀ လောက်အထိ ရောက်နိုင်တယ်"
"ဒါတင် မကသေးဘူး... အခု ကျွန်မက သန္ဓေပြောင်း သတ္တဝါတွေနဲ့ စိတ်ချင်းဆက်သွယ်တဲ့အခါ ပိုပြီး ချောချောမွေ့မွေ့ ဆက်သွယ်နိုင်လာပြီ... သူတို့ရဲ့ ဆိုလိုရင်းကို ရှင်းရှင်းလင်းလင်း ခံစားသိရှိနိုင်သလို ကျွန်မရဲ့ အတွေးတွေကိုလည်း လွှဲပြောင်းပေးပို့နိုင်နေပြီ"
သူမက မိမိ၏ တိုးတက်မှုများကို လင်းယွမ်အား ဝေမျှရန် မစောင့်ဆိုင်းနိုင်လောက်အောင် ဖြစ်နေရှာသည်။
မူကြိုကျောင်းမှ ကလေးငယ်လေး တစ်ယောက် အောင်မြင်မှု အနည်းငယ် ရရှိလာသောအခါ မိဘများထံ ချက်ချင်းပြန်လာ၍ ဂုဏ်ယူဝင့်ကြွားစွာ ပြောပြပြီး မိဘများ၏ ချီးကျူးမှုကို မျှော်လင့်နေသကဲ့သို့ပင်။
လင်းယွမ် ဤစကားကို ကြားသောအခါ မနေနိုင်ဘဲ ရယ်မောလိုက်မိပြီး သူမ၏ ခေါင်းလေးကို ပွတ်သပ်ကာ ပြောလိုက်သည်။ "ဒါဆို အခု နင်က ရွှေနက်မျောက်ဝံကြီးနဲ့ ကျောက်နက်ပုရွက်ဆိတ်ဘုရင်မ တို့ကို တပြိုင်တည်း ဆက်သွယ် ပြောဆိုလို့ ရနေပြီပေါ့"
"ဟုတ်တယ်... ဟုတ်တယ်... အခု ကျွန်မက သန္ဓေပြောင်း သတ္တဝါ တော်တော်များများနဲ့ တပြိုင်တည်း ဆက်သွယ် ပြောဆိုနိုင်နေပြီ... အမဟွမ်ဟန်ရဲ့ စပါးအုံးမြွေကြီးတောင် ကျွန်မနဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်နေကြပြီ"
"အရမ်းတော်တာပဲ... နောက်ဆို ငါတို့ ထိုက်ယန်တောင်မှာ နင်က သားရဲသခင်မ ဖြစ်လာတော့မယ်ထင်တယ်" လင်းယွမ်က ပြုံးရယ်ကာ ချီးကျူးလိုက်သည်။
တုံယန် ဤစကားကို ကြားသောအခါ ပျော်ရွှင်လွန်း၍ မျက်နှာတစ်ခုလုံး ပြုံးဖြီးသွားတော့သည်။
"ဒီနေရာက စကားပြောဖို့ ကောင်းတဲ့ နေရာမဟုတ်ဘူး... သွားကြမယ်... ကျွန်တော်တို့ အရင်ဆုံး ခေါင်းဆောင်စံအိမ်ဘက် သွားရအောင်... ထိုက်ယန်တောင်ဘက်မှာ ကိစ္စတချို့ ဖြစ်ထားတော့ နောက်ပိုင်း ဘယ်လို ဖြေရှင်းကြမလဲ ဆိုတာကို တိုင်ပင်ဖို့ လိုတယ်"
လင်းယွမ်က အောက်ဘက်တွင် စောင့်ဆိုင်းနေသော လီချင်းဟွာကို လှမ်းကြည့်လိုက်ပြီး မနေနိုင်ဘဲ ပြုံးလိုက်ကာ မိန်းကလေးများကို ပြောလိုက်သည်။
မိန်းကလေးများက ချက်ချင်း ခေါင်းညိတ်လိုက်ကြပြီး ရန်မေက "ဒါဆို အမတို့ အရင် အိမ်ပြန်ပြီး အိမ်ကို ပြန် ပြင်ဆင်ထားလိုက်မယ်... ဒီအတောအတွင်းတော့ အမတို့ ထိုက်ယန်တောင်ဘက် ပြန်လာပြီး မောင်လေးနဲ့ အတူနေပေးပါ့မယ်" ဟု ပြောလိုက်သည်။
လင်းယွမ်က ပြုံး၍ ခေါင်းညိတ် သဘောတူလိုက်၏။
ထို့နောက် အားလုံး ခေါင်းဆောင်စံအိမ်သို့ ပြန်လာကြရာ လီချင်းဟွာက ကျောက်ခိုင်တို့လည်း ရှိနေသည်ကို တွေ့လိုက်ရသဖြင့် အချင်းချင်း နှုတ်ဆက်လိုက်ကြသည်။
လင်းယွမ်က လီချင်းဟွာကို စကားစပြောလိုက်သည်။ "စစ်တပ်က လူတွေကို ဆက်ထားလို့ မရတော့ဘူး... သူတို့ကို ချက်ချင်း နှင်ထုတ်ပစ်ရမယ်"
လီချင်းဟွာက တုံ့ဆိုင်းနေခြင်း မရှိဘဲ ခေါင်းညိတ်လိုက်ပြီး "ကျွန်တော်လည်း အစကတည်းက အဲ့ဒီလို ရည်ရွယ်ထားတာ... ဒါပေမဲ့ ဆရာလင်းက ပြန်မလာသေးတော့ ကျွန်တော်လည်း အတင်းမလုပ်ရဲဘူး... သူတို့ကိုများ သွားရန်စမိရင် အဲ့ဒီအချိန်ကျ ရင်ဆိုင်ရမှာက ဂိုဏ်းကြီးသုံးဂိုဏ်းထဲ မဟုတ်တော့မှာကို စိုးရိမ်လို့လေ" ဟု ပြောသည်။
လင်းယွမ်က ခေါင်းညိတ်လိုက်သည်။ "မင်း လုပ်တာ အရမ်းမှန်တယ်... ဒါပေမဲ့ အခု ငါ ပြန်ရောက်လာပြီ ဆိုတော့လည်း အခြေအနေက အလိုလို ပြောင်းလဲသွားရမှာပေါ့... အခုချိန်က ငါတို့ ဂိုဏ်းကြီးသုံးဂိုဏ်းနဲ့ စစ်တပ်ကို စိုးရိမ်နေရမယ့် အချိန် မဟုတ်တော့ဘူး... ငါတို့ဘက်က စတင်ပြီး ထိုးစစ်ဆင်ရတော့မယ့် အချိန်ပဲ"
သူ၏ မျက်လုံးများထဲတွင် အေးစက် ရက်စက်သော အရိပ်အယောင်များ ပေါ်ထွက်လာပြီး ပြောလိုက်သည်။ "ဂိုဏ်းကြီးသုံးဂိုဏ်းက ငါတို့ ထိုက်ယန်တောင်ကို ဖျက်ဆီးချင်တဲ့ စိတ်က မသေသေးဘူး... ဒီတစ်ခေါက်တော့ သူတို့ကို အရိုးထိစွဲပြီး မှတ်သွားအောင် လုပ်ရမယ်... ငါတို့ ဘယ်လောက် စွမ်းလဲဆိုတာကို သေသေချာချာ သိသွားစေရမယ်"
လူအားလုံး၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ အသီးသီး ပေါ်ထွက်လာကြသည်။
လီချင်းဟွာက "ဆရာလင်း... ခင်ဗျားဆီမှာ အကြံကောင်း ရှိလို့လား" ဟု မေးလိုက်သည်။
လင်းယွမ်က ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်ပြီး မျက်လုံးများ အရောင်လက်သွားကာ "အကြံကောင်းတော့ ရှိတယ်" ဟု ပြောလိုက်သည်။
"ဒါပေမဲ့ ဒီအစီအစဉ်အတွက် စစ်တပ်ရဲ့ လူအင်အားကို အရင် အသုံးချရလိမ့်မယ်"
လူအားလုံးမှာ ချက်ချင်းပင် အလွန်တရာ အံ့အားသင့်သွားကြပြီး လင်းယွမ်ကို ဝိုင်းကြည့်ကာ သူ ဆက်ပြောမည့် စကားကို စောင့်ဆိုင်းနေကြလေသည်။
ဆက်ရန်...