← Chapters

အခန်း (၅၆၃-၅၆၄)

Vol. 29 Ch. 563-564

အခန်း (၅၆၃-၅၆၄)

Vol. 29 Ch. 563-564

အပိုင်း (၅၆၃) ရန်သူကို မျှားခေါ်မည့် အကြံအစည်

"ဆရာလင်း... စစ်တပ်ကလူတွေက မအဘူး... ကျွန်တော်တို့က သူတို့ကို အသုံးချလို့ ရပါ့မလား" ရှီဟိုင်ကျူးက မနေနိုင်ဘဲ မေးလိုက်သည်။

လင်းယွမ်က ရယ်မောလိုက်ပြီး "သူတို့ မအတာတော့ မှန်တယ်... ဒါပေမဲ့ သူတို့ကို အသုံးချဖို့က သူတို့ သဘောတူဖို့ မလိုပါဘူး"

"အခုလောလောဆယ် ဂိုဏ်းကြီးသုံးဂိုဏ်းက ငါတို့ ထိုက်ယန်တောင်ကို ဝင်မတိုက်ရဲသေးတာ စစ်တပ်က ဒီမှာ တပ်စွဲထားလို့ပဲ"

"ငါတို့က စစ်တပ်နဲ့ မျက်နှာပျက်တဲ့ ပုံစံမျိုး လုပ်ပြလိုက်တာနဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းက အခွင့်ကောင်းယူပြီး သေချာပေါက် ဝင်လာလိမ့်မယ်"

"အထူးသဖြင့် ထိုက်ယန်တောင်နဲ့ စစ်တပ်တို့ ပြဿနာ ဖြစ်ပြီးတဲ့နောက် ငါတို့ဘက်က အင်အားတွေ အများကြီး ထိခိုက်သွားတဲ့ ပုံစံမျိုး ပြနိုင်မှ ရမယ်"

"အခု ကွမ်ဖူစစ်တပ်ရဲ့ ယုတ်မာတဲ့ ရည်ရွယ်ချက်တွေကို မင်းရော ငါပါ အသိဆုံးပဲ... သူတို့နဲ့ မျက်နှာပျက်ဖို့ဆိုတာ ဟန်ဆောင်နေစရာတောင် မလိုဘူး... အစကတည်းက ဒီလိုလုပ်ဖို့ စီစဉ်ထားပြီးသားပဲ"

"ဒါနဲ့ ကျောက်ခိုင်... စစ်တပ်ကလူတွေ ထိုက်ယန်တောင်ကနေ ထွက်သွားကြပြီလား"

ထိုစကားကို ကြားသောအခါ ကျောက်ခိုင်က ချက်ချင်း ခေါင်းခါလိုက်ပြီး "မထွက်သေးဘူး... အဲ့ဒီလူတွေက တောင်ခြေမှာ နေနေတုန်းပဲ... ကျွန်တော် သူတို့ကို ဘာရိက္ခာမှမပေးဘဲ ဖြတ်တောက်ခိုင်းထားတာတောင် သူတို့က မလှုပ်ကြသေးဘူး"

"သတ္တုတွင်းဘက်မှာဆိုရင် ကျွန်တော့်လူတွေကို လှုပ်ရှားခိုင်းပြီး သူတို့ရဲ့ တရားမဝင် သတ္တုတူးတဲ့လူ တချို့ကိုတောင် ဖမ်းထားလိုက်ပြီ... ဒါပေမဲ့ အခုချိန်ထိ ကျန်းတာ့ကျစ်နဲ့ ကောလန်ကန်းတို့ဆီက ဘာတုံ့ပြန်မှုမှ မရသေးဘူး"

လင်းယွမ်က မျက်မှောင်တစ်ချက် ပင့်လိုက်ပြီး အေးစက်စက် ရယ်မောကာ "သူတို့က တော်တော် သည်းခံနိုင်တာပဲ... ကြည့်ရတာ ကွမ်ဖူဘက်က လူလာမယ့်အချိန်ကို စောင့်နေကြတာ ဖြစ်မယ်"

လီချင်းဟွာက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။ "ဆရာလင်း... စစ်တပ်မှာက အစွမ်းပိုင်ရှင်တွေ အများကြီးပဲ... သူတို့ကို အထင်သေးလို့တော့ မရဘူးနော်"

"ကျွန်တော် သိထားသလောက်ဆို သူတို့ဆီက တပ်ရင်းမှူးအဆင့် ရှိတဲ့သူတွေဆိုရင် အနည်းဆုံး အဓိက အရည်အသွေးက အမှတ် ၈၀ အထက် ရှိမှ တာဝန်ယူခွင့် ရတာ"

"အဲ့ဒါက လွန်ခဲ့တဲ့ တစ်လက စံနှုန်းနော်... အခုဆိုရင် အဲ့ဒီ တပ်ရင်းမှူးတွေရဲ့ အဓိက အရည်အသွေးက ၈၅ မှတ် အထက်ကိုတောင် ရောက်နေလောက်ပြီ"

လင်းယွမ်က ပြုံးလိုက်ပြီး "ကိစ္စမရှိပါဘူး... အမှတ် ၁၀၀ အောက်ကလူတွေက ဘာအန္တရာယ်မှ မပေးနိုင်ပါဘူး"

လီချင်းဟွာ ကြောင်သွားပြီးနောက် ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားကာ တစ်စုံတစ်ခုကို နားလည်သွားသည်။

သူသည် သက်ပြင်းကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်မိပြီး တိတ်တဆိတ် တုန်လှုပ်သွားလေ၏။

ဆရာလင်းရဲ့ အဓိက အရည်အသွေးက အမှတ် ၁၀၀ တောင် ပြည့်သွားပြီလား။

ဒါက အရမ်း မြန်လွန်းမနေဘူးလား။

လင်းယွမ်က "သူတို့ကို အခွင့်အရေး ထပ်မပေးနဲ့တော့... ချင်းဟွာ... မင်း ချက်ချင်း လူခေါ်သွားပြီး ကိုယ်တိုင် သွားမောင်းထုတ်လိုက်"

လီချင်းဟွာမှာ ထိုစကားကြောင့် သတိပြန်ဝင်လာပြီး "အကြောင်းပြချက် တစ်ခုခု ရှာဖို့ လိုသေးလား" ဟု မေးလိုက်သည်။

လင်းယွမ်က ရယ်မောလိုက်ပြီး "အကြောင်းပြချက် ဟုတ်လား... အများကြီး ရှိနေတာပဲ မဟုတ်ဘူးလား... ကျောက်ခိုင် မှတ်တမ်းတင်ထားတဲ့ ဖိုင်တွေထဲမှာ သူတို့ ပြစ်မှုကျူးလွန်ထားတာတွေ ဘယ်လောက်တောင် ရှိနေပြီလဲ"

"နောက်ပြီး သူတို့က ပါမောက္ခလီ တီထွင်ထားတဲ့ နည်းပညာတွေကိုလည်း အများကြီး ခိုးသွားသေးတယ် မဟုတ်လား... စစ်တပ်ရဲ့ နည်းပညာတချို့ကို ပြန်အန်ချလာအောင် သူတို့ကို ဖိအားပေးလိုက်"

လီချင်းဟွာ၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားသည်။ စစ်တပ်၏ နည်းပညာများက ထိုက်ယန်တောင်ဘက်ထက် များပြားသည့်အပြင် ထိုက်ယန်တောင်ထက်လည်း ပို၍ အဆင့်မြင့်လှပေသည်။

အခြားအရာများကို ထားလိုက်ဦး... စစ်တပ်၏ စွမ်းအင်သုံး သေနတ်များ ထုတ်လုပ်သည့် နည်းပညာ တစ်ခုတည်းကပင် ထိုက်ယန်တောင်ရှိ နည်းပညာများထက် များစွာ သာလွန်နေသည်။

မည်သို့ပင်ဆိုစေကာမူ စစ်တပ်တွင် ပြည့်စုံသော ခေတ်မီ လက်နက်ထုတ်လုပ်ရေး စက်ရုံများ ရှိနေသည် မဟုတ်ပါလော။

အနည်းငယ် ပြုပြင်မွမ်းမံလိုက်ရုံဖြင့် လက်နက်များနှင့် သန္ဓေပြောင်းစွမ်းအင်များကို ပေါင်းစပ်အသုံးပြု၍ ရနိုင်မည် ဖြစ်သည်။

"ကျွန်တော် အခုပဲ သွားလိုက်မယ်"

လီချင်းဟွာသည် ချက်ချင်း မတ်တတ်ထရပ်ကာ အစီအစဉ်ကို အကောင်အထည်ဖော်ရန် ပြင်ဆင်လိုက်သည်။

ကျောက်ခိုင်ကလည်း ဝင်၍ "ငါလည်း လိုက်ခဲ့မယ်" ဟု ပြောလိုက်သည်။

ထိုက်ယန်တောင်၏ အဓိက တိုက်ခိုက်ရေးအင်အား နှစ်ခုလုံး ကိုယ်တိုင် လှုပ်ရှားမည်ဆိုပါက ကျန်းတာ့ကျစ်နှင့် ကောလန်ကန်းတို့ မည်မျှပင် ရမ်းကားနေစေကာမူ ဘာမှ တတ်နိုင်မည် မဟုတ်တော့ပေ။

လင်းယွမ်က ခေါင်းညိတ် သဘောတူလိုက်ရာ သူတို့နှစ်ဦးသည် လူတစ်စုကို ဦးဆောင်လျက် စစ်တပ် စခန်းချထားရာ နေရာသို့ ချက်ချင်း ထွက်ခွာသွားကြသည်။

လင်းယွမ်က ထူလုံ၊ ကျန်းဖန်နှင့် အခြားသူများကို ကြည့်ကာ "ခင်ဗျားတို့က လူတွေကို လျှို့ဝှက် ဦးဆောင်ပြီး ချုံခိုစောင့်နေကြ... ကျွန်တော်တို့က စစ်တပ်နဲ့ မျက်နှာပျက်ပြီး အကြီးအကျယ် တိုက်ခိုက်တော့မယ့် ပုံစံမျိုး ပြလိုက်တာနဲ့... ဂိုဏ်းကြီးသုံးဂိုဏ်းက အချိန်မရွေး အခွင့်ကောင်းယူပြီး ဝင်လာနိုင်တယ်" ဟု သတိပေး မှာကြားလိုက်သည်။

"အဲ့ဒီအချိန်ကျရင် ကျွန်တော်တို့က သူတို့ကို အလစ်အငိုက် ဝင်တိုက်လို့ ရပြီ"

ထူလုံက ချက်ချင်း ခေါင်းညိတ်လိုက်ပြီး "ဟုတ်ကဲ့ပါ ဆရာလင်း"

ကျန်းဖန်ကလည်း "ကျွန်တော် မိန်တောင်က ကျိုးဝမ်ရှီးနဲ့ လီချုံမင်တို့ကို သွားအကြောင်းကြားလိုက်ပါ့မယ်" ဟု ပြောသည်။

"ဆရာလင်း... လင်းယွင်တောင်စောင်း ဘက်ကိုတော့ ကျွန်တော် တာဝန်ယူလိုက်မယ်" ဝူယင်က ကိုယ်တိုင် တာဝန်ယူရန် တောင်းဆိုလိုက်သည်။

လင်းယွမ်က ခေါင်းခါလိုက်ပြီး "ခင်ဗျား ခဏနေခဲ့ဦး... ကျွန်တော် ခင်ဗျားကို ပြောစရာ ရှိတယ်... လင်းယွင်တောင်စောင်း ဘက်ကို တခြားလူတွေကို အရင် ယာယီ တာဝန်ယူခိုင်းထားလိုက်ပါ"

ဝူယင် ကြောင်သွားသော်လည်း ချက်ချင်း ခေါင်းညိတ်လိုက်ပြီး "ဟုတ်ကဲ့ပါ ဆရာလင်း"

ဆရာလင်းက သူ့ကို မည်သည့်ကိစ္စအတွက် ချန်ထားခဲ့မှန်း မသိသော်လည်း သူက အမိန့်ကို ပြတ်ပြတ်သားသား နာခံလိုက်သည်။

လင်းယွမ်၏ စီစဉ်ညွှန်ကြားမှုအောက်တွင် အမိန့်များ တစ်ခုပြီးတစ်ခု လျင်မြန်စွာ ထွက်ပေါ်လာလေသည်။

အမိန့်ရရှိသူများမှာလည်း အသီးသီး ထွက်ခွာသွားကြ၏။

လင်းယွမ် ပြန်ရောက်လာပြီးနောက် ထိုက်ယန်တောင် တစ်ခုလုံးသည် လျင်မြန်စွာ စတင် လှုပ်ရှားလာတော့သည်။

အဖွဲ့ဝင်အားလုံးသည်လည်း ယခင်ကဲ့သို့ တက်ကြွမှုများနှင့် အသက်ဝင်မှုများကို ပြန်လည် ရရှိလာကြသည်။

လူအများ၏ ယုံကြည်ကိုးစားမှုကို ရရှိထားသော ခေါင်းဆောင်တစ်ယောက်သည် အဖွဲ့အစည်းတစ်ခုအတွက် လုံးဝ ကွဲပြားခြားနားသော စိတ်ဓာတ်ခွန်အားများကို ယူဆောင်လာပေးနိုင်သည်။

လင်းယွမ်က ဤအချက်ကို ကောင်းစွာ သက်သေပြနေခြင်းပင် ဖြစ်သည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက် ထိုက်ယန်တောင်၏ တောင်ခြေတွင် ပြင်းထန်သော ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာသည်။

ဒေါသတကြီး အော်ဟစ်သံများလည်း တစ်ဆက်တည်း ထွက်ပေါ်လာ၏။

ထို့နောက် လူရိပ်အချို့ လေထဲသို့ ထိုးတက်သွားပြီး အလွန် လျင်မြန်သော အလျင်ဖြင့် ထွက်ပြေးသွားကြသည်ကို မြင်လိုက်ရသည်။

သို့သော် ထိုလူရိပ်များ အဝေးသို့ မရောက်ခင်မှာပင် ဟင်းလင်းပြင်က ရုတ်တရက် တွန့်လိမ်သွားသည်။

နောက်တစ်ခဏတွင် ထိုလူများသည် ဟင်းလင်းပြင်ထဲသို့ တစ်ရှိန်ထိုး ဝင်တိုက်မိသွားပြီး အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားကြလေသည်။

လီချင်းဟွာ၏ အရိပ်တစ်ခုသာ လျှပ်တစ်ပြက် ပေါ်လာပြီး သူက ဟင်းလင်းပြင်ထဲမှ ထွက်လာကာ မျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ခုကို ချိတ်ဆွဲထားလေသည်။

သူက အောက်ဘက်ရှိ မရေမတွက်နိုင်သော စစ်သားများကို လှမ်း၍ "ကျန်းတာ့ကျစ်နဲ့ ကောလန်ကန်းတို့ကို ဖမ်းမိသွားပြီ... မင်းတို့က ခုခံရဲသေးတာလား" ဟု အော်ဟစ်လိုက်သည်။

ကျောက်ခိုင်က လေထဲတွင် ဝဲပျံနေသော ရေခဲဓားနှစ်လက်ပေါ်တွင် ရပ်နေရင်း အသံသြသြဖြင့် အော်လိုက်သည်။ "လက်နက်ချရင် အသက်ချမ်းသာပေးမယ်"

"ဆက်ပြီး ခုခံရဲရင် အသေသတ်မယ်"

"သတ်"

အောက်ဘက်မှ လိုက်ပါလာသော ထိုက်ယန်တောင်မှ စစ်သည်များကလည်း မိုးခြိမ်းသံအလား ဟိန်းဟောက်လိုက်ကြသည်။

ဤမြင်ကွင်းကြောင့် စစ်တပ်မှ စစ်သားများမှာ ချက်ချင်း မျက်နှာများ ဖြူရော်သွားပြီး ထိတ်လန့်ကြောက်ရွံ့သည့် အမူအရာများ ပေါ်ထွက်လာကြသည်။

သူတို့ထဲမှ အများစုမှာ စစ်သားအစစ်များ မဟုတ်ကြဘဲ ကပ်ဘေးရေကြီးပြီးနောက်မှ စစ်တပ်က လူသစ်စုဆောင်းခေါ်ယူထားသူများသာ ဖြစ်ကြသည်။

သူတို့တွင် စစ်သားတစ်ယောက်၏ ခိုင်မာသော စိတ်ဓာတ်မျိုး မရှိကြဘဲ စစ်ဝတ်စုံကိုသာ ဟန်ပြ ဝတ်ဆင်ထားကြခြင်း ဖြစ်သည်။

ဤကဲ့သို့သော တိုက်ပွဲကြီးမျိုးကို မည်သည့်အချိန်ကများ ကြုံဖူးခဲ့ပါမည်နည်း။

စစ်တပ်ထဲ ဝင်ပြီးကတည်းက ဤကဲ့သို့သော အခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းလည်း ဖြစ်သည်။

ယခင်က သူတို့သာ အမြဲတမ်း အနိုင်ရခဲ့ပြီး ရန်သူများကို အရပ်မျက်နှာ အနှံ့သို့ ထွက်ပြေးအောင် တိုက်ခိုက်နိုင်ခဲ့ကြသည်။

ယခုလို သူတို့ကိုယ်တိုင် ဖိနှိပ်ခံရပြီး အိမ်ပျောက်နေသော ခွေးများကဲ့သို့ ဖြစ်သွားလိမ့်မည်ဟု ဘယ်တုန်းကမှ တွေးမထားခဲ့ကြပေ။

"မင်းတို့ လုပ်ရဲလား"

ကျေနပ်မှု မရှိသော စစ်မှုထမ်းဟောင်း တစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

သို့သော် နောက်တစ်ခဏတွင် လေထဲမှ ရေခဲဓားတစ်လက်က ဟင်းလင်းပြင်ကို ခွဲဖြတ်၍ ထွက်ပေါ်လာ၏။

"စွပ်" ဟူသော အသံနှင့်အတူ ထိုစစ်မှုထမ်းဟောင်း၏ ရင်ဘတ်ကို လျှပ်တစ်ပြက် ဖောက်ထွင်းသွားကာ ပွဲချင်းပြီး သတ်ဖြတ်လိုက်လေသည်။

ကျောက်ခိုင်က အေးစက်စက် ရယ်မောလိုက်ပြီး "ဆန့်ကျင်တဲ့သူကို အသေသတ်မယ်" ဟု အော်လိုက်သည်။

ဤမြင်ကွင်းကြောင့် သာမန် စစ်သားများမှာ ချက်ချင်း ကြောက်လန့်သွားကြပြီး ပါးစပ်များ ပိတ်သွားကြတော့သည်။

သတ္တိကြောင်သူ အချို့က သူတို့၏ လက်ထဲမှ သေနတ်နှင့် လက်နက်ကိရိယာများကို ချက်ချင်း ချထားလိုက်ကြသည်။

တစ်ယောက်က လက်နက်ချလိုက်သည်နှင့် သဘာဝကျကျပင် ဒုတိယတစ်ယောက် ထပ်ပေါ်လာတော့သည်။

ထိုသို့ဖြင့် စစ်ရှုံးသူများမှာ တောင်ပြိုသကဲ့သို့ ဖြစ်သွားပြီး မကြာမီမှာပင် လူအများစု လက်နက်ချ အရှုံးပေးလိုက်ကြသည်။

ထိုက်ယန်တောင်ဘက်မှ လူများက ချက်ချင်း ပြေးဝင်သွားကြကာ လက်နက်များကို စတင် သိမ်းဆည်းကြပြီး ယခင်က စည်းကမ်းဖောက်ဖျက်ကာ ပြစ်မှုကျူးလွန်ထားသော စစ်သားဆိုးများကို လိုက်လံ ဖမ်းဆီးကြလေသည်။

ဤမြင်ကွင်းကို စောင့်ကြည့်နေသူ အများအပြားက တွေ့မြင်သွားကြသည်။

ထိုသူများထဲတွင် ဂိုဏ်းကြီးသုံးဂိုဏ်းမှ သူလျှိုများလည်း ပါဝင်နေပေသည်။

ထိုအချိန်၌ လူအုပ်ထဲမှ လူရိပ်အချို့သည် တိတ်ဆိတ်စွာ ဆုတ်ခွာသွားကြပြီး နှင်းမုန်တိုင်းထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားကြလေသည်။

ကျောက်ခိုင်နှင့် လီချင်းဟွာတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ထိုလူရိပ်များကို ဂရုမစိုက်တော့ဘဲ အကြည့်များကို နားလည်မှုရှိရှိ ရုပ်သိမ်းလိုက်ကြသည်။

"နောက်ဆိုရင် ဂိုဏ်းကြီးသုံးဂိုဏ်းက ငတုံးတွေ ငါးစာဟပ်လာမယ့် အချိန်ကို စောင့်နေရုံပဲ" ဟု လီချင်းဟွာက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

ကျောက်ခိုင်ကလည်း ခေါင်းညိတ်လိုက်ပြီး မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင်များ ပေါ်လာကာ "ဒီတစ်ခေါက်တော့ ဂိုဏ်းကြီးသုံးဂိုဏ်းကို သေချာပေါက် ပညာပေးရမယ်... သူတို့ အထိနာသွားတဲ့အထိကို လုပ်ပစ်ရမယ်" ဟု ပြောလိုက်သည်။

လီချင်းဟွာက "ကျွန်တော် လူတွေကို စီစဉ်ပြီး စစ်တပ်ရဲ့ လျှို့ဝှက်ချက်တွေကို စစ်မေးခိုင်းလိုက်မယ်... နောက်ပြီး သိမ်းဆည်းရမိတဲ့ လက်နက်ကိရိယာတွေကိုလည်း ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်ထဲက သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဌာနဆီ ချက်ချင်း ပို့ပေးလိုက်မယ်... ပါမောက္ခလီတို့က အဲ့ဒါတွေကို ဖြုတ်ပြီး လေ့လာကြလိမ့်မယ်" ဟု ပြောသည်။

ကျောက်ခိုင်ကလည်း ခေါင်းညိတ်လိုက်ပြီး "စစ်မေးတဲ့ ကိစ္စတွေကိုတော့ ဌာနမှူးကျွမ်း ကို လွှဲပေးလိုက်ပါ... သူက အဲ့ဒီကိစ္စတွေကို ပိုပြီး ကျွမ်းကျင်တယ်"

"အင်း... သူ အခု လာနေပြီ... အရင်က ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်ထဲမှာ ဆရာလင်း ပြန်ရောက်လာပြီ ဆိုတာကို ကြားကြားချင်း သူက ချက်ချင်းကို လာချင်နေတာ" ဟု လီချင်းဟွာက ထူးဆန်းသော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။

ဌာနမှူး ကျွမ်းရှုယွမ် တစ်ယောက် ဆရာလင်းအပေါ် အလွန်အမင်း စိတ်ဝင်စားနေသည်ကို သူလည်း ရိပ်မိနေကြောင်း သိသာလှသည်။

ကျောက်ခိုင်ကမူ ဘာမှပြန်မပြောဘဲ မကြားလိုက်သကဲ့သို့သာ နေလိုက်သည်။

သူတို့နှစ်ဦးလည်း အသီးသီး အလုပ်ရှုပ်သွားကြလေတော့သည်။

သတင်းအချက်အလက် အသီးသီးသည် ယခုအခါ နှင်းပွင့်များကဲ့သို့ အရပ်မျက်နှာ အနှံ့အပြားသို့ လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။

ကွမ်ဖူနယ်မြေ၊ ချန်ဖူတောင်။

ဤနေရာသည် မြေမိခင်ဂိုဏ်း၏ ဌာနချုပ် ဖြစ်သည်။ မြေမိခင်ဂိုဏ်းသည် ရေပေါ်ကျွန်း ဖြစ်သော မြေဝါနတ်ဘုရားလွင်ပြင် ကို မရရှိမီက ဤနေရာသည်သာ မြေမိခင်ဂိုဏ်း၏ အခြေစိုက်နယ်မြေ ဖြစ်ခဲ့သည်။

သူတို့သည် မြေဝါနတ်ဘုရားလွင်ပြင် ရေပေါ်ကျွန်းကို ရရှိပြီးနောက် အဓိက ဌာနအများစုကို မြေဝါနတ်ဘုရားလွင်ပြင် သို့ ပြောင်းရွှေ့ခဲ့သော်လည်း ဤချန်ဖူတောင်ကိုမူ ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။

ယခုအချိန်အထိ ဤချန်ဖူတောင်သည် မြေမိခင်ဂိုဏ်း၏ အရေးပါသော အခြေစိုက်စခန်း တစ်ခုအဖြစ် ရှိနေဆဲပင်။

လက်ရှိအချိန်တွင် ချန်ဖူတောင်၏ အလယ်အလတ်အဆင့် အဖွဲ့အစည်း အများစုသည် ဤနေရာတွင် တည်ရှိနေကြသည်။

သစ်တောဂိုဏ်းအုပ်၊ တရားဟောအဖွဲ့၊ မြစ်ဝှမ်းသဘာပတိနှင့် မြေရိုင်းစောင့်ကြည့်သူ ဟူသော အဖွဲ့အစည်းကြီး လေးခုက ဤနေရာတွင် အခြေစိုက်ထားပြီး မြေဝါနတ်ဘုရားလွင်ပြင် ပေါ်ရှိ ဘာသာရေးဌာနကြီး သုံးခု၏ ဦးဆောင်မှုအောက်တွင် ရှိနေကြသည်။

ဆွေးနွေးပွဲ ခန်းမအတွင်း၌ သစ်တောဂိုဏ်းအုပ် အသစ်ဖြစ်သော လင်ထင်းစစ်က စိတ်လှုပ်ရှားစွာဖြင့် "အားလုံးပဲ... ခင်ဗျားတို့က ဘာကို တွေဝေနေကြတာလဲ... လင်း ဆိုတဲ့လူ ဒီတစ်ခေါက် ပြန်လာတာ စစ်တပ်နဲ့ ပြဿနာတက်မှာသေချာတယ်" ဟု ပြောလိုက်သည်။

"ထိုက်ယန်တောင်မှာ စစ်တပ်က ဘာတွေလုပ်နေလဲ ဆိုတာကို ကျွန်တော်တို့ရဲ့ သူလျှိုတွေက အစောကြီးကတည်းက သတင်းပို့ထားပြီးသားပဲ... သူတို့ရဲ့ ယုတ်မာတဲ့ ရည်ရွယ်ချက်တွေကို ကွမ်ဖူမှာ ရှိနေတဲ့ ကျွန်တော်တို့တောင် ခန့်မှန်းမိနေတာ... လင်း ဆိုတဲ့လူက မခန့်မှန်းမိဘဲ နေပါ့မလား"

"လင်း ဆိုတဲ့လူနဲ့ ဒီစစ်တပ်ကလူတွေ သေချာပေါက် ပြဿနာတက်ကြမယ်လို့ ကျွန်တော် ရဲရဲကြီး အာမခံရဲတယ်... သူတို့ စတိုက်တာနဲ့ ကျွန်တော်တို့ ထိုက်ယန်တောင်ကို သိမ်းပိုက်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ"

မြေရိုင်းစောင့်ကြည့်သူ အဖွဲ့၏ ခေါင်းဆောင် ဖန်ဟောင်က သူ့ကို တိတ်ဆိတ်စွာ တစ်ချက်ကြည့်လိုက်ပြီး "အစ်ကိုထင်းစစ်... အရမ်း မလောပါနဲ့... မင်းနဲ့ လင်းယွမ်ကြားက နက်ရှိုင်းတဲ့ ရန်ငြိုးကို ငါ နားလည်ပါတယ်"

"ဒါပေမဲ့ ငါတို့ နည်းနည်းတော့ သတိထားရမယ်... ဒီတစ်ခေါက် အမှောင်ဓာတ် ရေပေါ်ကျွန်းပေါ်မှာ အဲ့ဒီ ထိုက်ယန်တောင် သခင်ရဲ့ အစွမ်းကို ငါ ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်ခဲ့ရတာ"

"ပွင့်ပွင့်လင်းလင်း ပြောရရင် ငါက သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး... ပြီးခဲ့တဲ့ တစ်ခေါက်ကတောင် ကံကောင်းလို့ ပြန်ရောက်လာတာ... အသက်တစ်ချောင်း ကောက်ရလိုက်တာနဲ့ အတူတူပဲ"

"သူ အဲ့ဒီကျွန်းပေါ်မှာ သေသွားပြီလို့ ငါ ထင်နေတာ... ခုလို ပြန်ရောက်လာလိမ့်မယ်လို့ လုံးဝ မထင်ထားဘူး... ငါ့အမြင်တော့ သူ အဲ့ဒီကျွန်းပေါ်ကနေ ဘာတွေ ရလာခဲ့လဲ ဆိုတာကို အရင်ဆုံး စုံစမ်းတာ အကောင်းဆုံးပဲ"

"ဒီ တစ်လခွဲ အချိန်အတွင်းမှာ သူက အဲ့ဒီ အမှောင်ဓာတ် ရေပေါ်ကျွန်းပေါ်မှာ ပိတ်မိနေပြီး ဘာမှ တိုးတက်မလာဘဲ နေပါ့မလား"

"တစ်ခုသိထားရမှာက... ဒီလူက လွန်ခဲ့တဲ့ တစ်လခွဲကတည်းက အဓိက အရည်အသွေး အမှတ် ၉၀ ကျော်နေပြီ... ဒီတစ်လခွဲအတွင်းမှာ သူ့ရဲ့ အစွမ်းတွေ ပိုပြီး တက်လာမှာကိုပဲ ငါ စိုးရိမ်နေတာ"

"ထိုက်ယန်တောင်ကို ရင်ဆိုင်ဖို့ဆိုရင် ငါတို့ အချိန်ယူပြီး သေချာ စဉ်းစားသင့်တယ်လို့ ထင်တယ်... အကောင်းဆုံးကတော့ သေချာ စုံစမ်းကြည့်တာပဲ"

ထိုစကားကို ကြားသောအခါ လင်ထင်းစစ်၏ နဖူးမှ သွေးကြောများ ထောင်ထလာပြီး မနေနိုင်ဘဲ အော်လိုက်သည်။ "ဖန်ဟောင်"

"မင်းက အရမ်း တွေဝေလွန်းတယ်... အဓိက အရည်အသွေး အမှတ် ၉၀ ရှိတော့ရော ဘာဖြစ်လဲ... ငါတို့အုပ်စုထဲမှာ ဘယ်သူက အမှတ် ၉၀ မရှိလို့လဲ"

"ဒီတစ်လခွဲ အချိန်အတွင်းမှာ ငါတို့ အားလုံးလည်း အစွမ်းတွေ တိုးတက်လာခဲ့ကြတာပဲ... ပြီးတော့ မင်း ကိုယ်တိုင် ပြန်ရောက်လာတုန်းက ပြောခဲ့တယ် မဟုတ်လား... အဲ့ဒီ အမှောင်ဓာတ် ရေပေါ်ကျွန်းပေါ်မှာ တခြား ဘာ စွမ်းအင်မှ မရှိဘူးဆိုတာလေ"

"လင်း ဆိုတဲ့လူက အဲ့ဒီအပေါ်မှာ ဒီလောက်ကြာအောင် ပိတ်မိနေတာ... ဘယ်လိုလုပ် ပိုတက်လာနိုင်မှာလဲ"

"သူ့အစွမ်းတွေတောင် လျော့ရင် လျော့ကျသွားလောက်ပြီ"

"အခုက ငါတို့ ဝင်တိုက်ဖို့ အကောင်းဆုံး အချိန်ပဲ"

"တကယ်လို့များ သူ့ကို ထိုက်ယန်တောင်မှာ အနားယူ အားမွေးခွင့် ပေးလိုက်ပြီး အားအင်တွေ ပြန်ပြည့်သွားရင်... အဲ့ဒါကမှ တကယ့်ပြဿနာကြီး ဖြစ်သွားမှာ"

"မြစ်ဝှမ်းသဘာပတိ... တရားဟောအဖွဲ့ ခေါင်းဆောင်... ခင်ဗျားတို့ကရော ဘယ်လိုမြင်လဲ"

လင်ထင်းစစ်၏ အကြည့်များက အခြားသူ နှစ်ဦးထံသို့ ရောက်ရှိသွားသည်။

ထိုနှစ်ဦးထဲတွင် မြစ်ဝှမ်းသဘာပတိ ဟု ဆိုသော်လည်း အမှန်တကယ်တွင် ၎င်းမှာ ရာထူးအခေါ်အဝေါ် တစ်ခုသာ ဖြစ်ပြီး ထိုသူမှာ အသက်သုံးဆယ်စွန်းစွန်း လူရွယ်တစ်ယောက်သာ ဖြစ်သည်။

မြစ်ဝှမ်းသဘာပတိ နေရာတွင် ထိုင်နေသော လူငယ်လေး၏ အမည်မှာ ဟယ်မင်ကျစ် ဖြစ်ပြီး သူ၏ အစွမ်းအစမှာ သာမန်မဟုတ်ဘဲ မြေမိခင်ဂိုဏ်း တစ်ခုလုံးတွင်လည်း ထိပ်တန်းစာရင်းဝင်သူ တစ်ဦး ဖြစ်ပေသည်။

အခြားတစ်ဦး ဖြစ်သော တရားဟောအဖွဲ့ ခေါင်းဆောင်မှာမူ အသက် လေးဆယ်ကျော်အရွယ် လူလတ်ပိုင်း တစ်ဦးဖြစ်ပြီး နှုတ်ခမ်းမွေး ကားကားဖြင့် သူ၏ အမည်မှာ ချီဟုန်ဝမ် ဖြစ်သည်။

ဤတရားဟောအဖွဲ့ ခေါင်းဆောင်သည် ယခင်က လူအင်အားကို ဦးဆောင်ကာ မြူခိုးမြို့တော်သို့ သွားရောက် တိုက်ခိုက်ခဲ့ဖူးသူ ဖြစ်သည်။

ချန်ယွင်တောက်၏ လက်ထဲမှ ထို မြူခိုးမြို့တော် ရေပေါ်ကျွန်းကို လုယူနိုင်ရန် အနည်းငယ်သာ လိုတော့သည့် အခြေအနေအထိ ရောက်ခဲ့ဖူးသည်။

ထို့ကြောင့် ဤပုဂ္ဂိုလ်မှာ ထိုမျှ လွယ်လွယ်ကူကူ လှည့်စား၍ ရမည့်သူမျိုး လုံးဝ မဟုတ်ပေ။

မြစ်ဝှမ်းသဘာပတိ ဟယ်မင်ကျစ်က ရယ်မောလိုက်ပြီး "ထင်းစစ်ရယ်... မင်းလည်း သိသားပဲ... ငါက ဂိုဏ်းတွင်း ရိက္ခာထောက်ပံ့ရေး ကိစ္စတွေကိုပဲ တာဝန်ယူတာ... စစ်တိုက်တဲ့ ကိစ္စတွေက ငါ မြစ်ဝှမ်းသဘာပတိ ကျွမ်းကျင်တဲ့ အရာမှ မဟုတ်တာ" ဟု ပြောသည်။

"ငါ့အမြင် ပြောရရင်တော့ မင်းတို့ပဲ တိုင်ပင်လိုက်ကြပါလား... နောက်တန်း ထောက်ပံ့ရေး အပိုင်းကိုတော့ ငါ တာဝန်ယူပေးမယ်လေ... ဘယ်လိုလဲ"

လင်ထင်းစစ်၏ မျက်လုံးများ အရောင်လက်သွားပြီး ချက်ချင်းပင် "ဒါဆိုလည်း ကောင်းတာပေါ့... မြစ်ဝှမ်းသဘာပတိရဲ့ အကူအညီရရင် ရိက္ခာပိုင်းအတွက် ငါ စိတ်ပူစရာ မလိုတော့ဘူး" ဟု ပြောလိုက်သည်။

"ဖန်ဟောင်... မင်းတို့ မြေရိုင်းစောင့်ကြည့်သူ အဖွဲ့က တကယ် မပါတော့ဘူးလား... တရားဟောအဖွဲ့ ခေါင်းဆောင်... ခင်ဗျားတို့ဘက်ကရော ဘယ်လိုလဲ"

တရားဟောအဖွဲ့ ခေါင်းဆောင် ချီဟုန်ဝမ်က ခဏမျှ တွေးတောလိုက်ပြီးနောက် "မင်း ခုနက ပြောခဲ့တာတွေ အားလုံးက မင်းရဲ့ ခန့်မှန်းချက်တွေချည်းပဲ... ငါ ကိုးကားဖို့အတွက် တိကျသေချာတဲ့ သတင်းအချက်အလက် လိုတယ်" ဟု ပြောလိုက်သည်။

လင်ထင်းစစ်က ချက်ချင်းပင် "တကယ်လို့ တိကျတဲ့ သတင်းအချက်အလက် ရမယ်ဆိုရင်ရော... တရားဟောအဖွဲ့က ဝင်ပါမှာလား" ဟု မေးလိုက်သည်။

ချီဟုန်ဝမ်မှာမူ ဘာမှပြန်မပြောဘဲ နေလိုက်ရာ သူ့ကို သေချာသည့် အဖြေမပေးလိုကြောင်း သိသာလှပေသည်။

ဆက်ရန်...

အပိုင်း (၅၆၄) ဂိုဏ်းကြီးသုံးဂိုဏ်း ရောက်လာခြင်း

"သတင်းပို့ပါတယ်"

ရုတ်တရက် ဆွေးနွေးပွဲခန်းမအပြင်ဘက်မှ အလျင်စလို သတင်းပို့သံတစ်ခု ထွက်ပေါ်လာသည်။

ထိုနေရာရှိ မြေမိခင်ဂိုဏ်းမှ အလယ်အလတ်အဆင့် ခေါင်းဆောင်များအားလုံး မျက်မှောင်ကြုတ်သွားကြ၏။

ပုံမှန်အားဖြင့် သူတို့ အစည်းအဝေးလုပ်နေချိန်တွင် အလွန်အရေးကြီးသော ကိစ္စမဟုတ်ပါက လက်အောက်ငယ်သားများက လုံးဝ ဝင်ရောက် နှောင့်ယှက်လေ့မရှိမှန်း အားလုံး သိထားကြသည်။

ယခုကဲ့သို့ အလျင်စလို ဖြစ်နေပုံထောက်လျှင် အရေးကြီးကိစ္စတစ်ခုခု ဖြစ်ပျက်နေသည်မှာ သေချာလှသည်။

"ဘာကိစ္စ ဖြစ်လို့လဲ" တည်ငြိမ်ရင့်ကျက်သော ချီဟုန်ဝမ်က အလျင်အမြန် မေးလိုက်သည်။

ကျန်သုံးယောက်ကလည်း အာရုံစိုက် ကြည့်လာကြသည်။

ဝင်လာသော မြေမိခင်ဂိုဏ်း တပည့်ဖြစ်သူက အလျင်အမြန် လျှောက်တင်လေသည်။ "ထိုက်ယန်တောင်ဘက်က ကင်းထောက်ဆီကနေ အရေးပေါ် သတင်း ရောက်လာပါတယ်"

"ထိုက်ယန်တောင်နဲ့ စစ်တပ်ကြားမှာ ပဋိပက္ခဖြစ်နေပါပြီ... အခု ထိုက်ယန်တောင်ရဲ့ ဟင်းလင်းပြင်သခင်နဲ့ ရေခဲသခင် နှစ်ယောက်ကိုယ်တိုင် ဝင်ပါလာပြီး စစ်တပ်ကလူတွေရဲ့ လက်နက်တွေကို သိမ်းလိုက်တဲ့အပြင် ကျန်းတာ့ကျစ်နဲ့ ကောလန်ကန်း နှစ်ယောက်စလုံးကိုပါ ဟင်းလင်းပြင်သခင်က ဖမ်းထားလိုက်ပါပြီ"

ထိုစကားကို ကြားလိုက်ရသဖြင့် အခန်းထဲရှိ လူအားလုံး အံ့အားသင့်သွားကြသည်။

လင်းထျန်စစ်က ချက်ချင်းပင် အလွန်အမင်း ဝမ်းသာသွားသည့်ဟန်ဖြင့် အော်ပြောလိုက်သည်။ "လူတစ်ယောက်ကို ကောင်းကင်ဘုံက ဖျက်ဆီးတော့မယ်ဆိုရင် အရင်ဆုံး ရူးသွပ်သွားအောင် လုပ်လေ့ရှိတယ်ဆိုတာ အမှန်ပဲ"

"လင်း ဆိုတဲ့ကောင် ရူးသွားပြီပဲ... စစ်တပ်ကိုတောင် တကယ်ကြီး ပြန်ချရဲတယ်ပေါ့"

"လူကြီးမင်းတို့... ဒါက ကျွန်တော်တို့အတွက် အခွင့်ကောင်းကြီးပဲ"

ဖန်ဟောင်က မျက်မှောင်ကြုတ်လျက် မနေနိုင်ဘဲ မေးလိုက်၏။ "ဒီသတင်းက သေချာရဲ့လား"

မြေမိခင်ဂိုဏ်း တပည့်ဖြစ်သူက အမြန် ပြန်ဖြေသည်။ "လုံးဝ သေချာပါတယ်... ကင်းထောက်က သူ့မျက်စိနဲ့တပ်အပ် မြင်ခဲ့ရတာပါ"

"ဒါနဲ့... ရေနတ်ဘုရားဂိုဏ်းထဲက ကျွန်တော်တို့ရဲ့ သူလျှိုဆီကလည်း သတင်းရထားပါတယ်... ရေနတ်ဘုရားဂိုဏ်းရဲ့ ကပ်ရောဂါ ယဇ်ပုရောဟိတ်နဲ့ အသက်ဓာတ် ယဇ်ပုရောဟိတ်တို့က ရေနစ် ဝိညာဉ်တပ်ဖွဲ့နဲ့ ချောက်နက် လုပ်ကြံသူတွေကို ကိုယ်တိုင်ဦးဆောင်ပြီး ထိုက်ယန်တောင်ကို ထွက်သွားကြပြီတဲ့"

ထိုစကားကြောင့် လင်းထျန်စစ်မှာ ချက်ချင်း စိတ်လှုပ်ရှားသွားလေသည်။ "ရေနတ်ဘုရားဂိုဏ်းက စလှုပ်ရှားနေပြီ... လူကြီးမင်းတို့... ကျွန်တော်တို့ မြေမိခင်ဂိုဏ်းကရော ဘယ်အချိန်ထိ စောင့်နေကြဦးမှာလဲ"

"ရေနတ်ဘုရားဂိုဏ်းက ဒီလောက်တောင် လောနေတာလား" ဖန်ဟောင်က သံသယဖြင့် မေးလိုက်သည်။

ဘေးနားရှိ မြစ်ဝှမ်းသဘာပတိ ဟယ်မင်ကျစ်က အသံကို နှိမ့်၍ ပြောလိုက်၏။ "သူတို့ရဲ့ ရေလေး ယဇ်ပုရောဟိတ်က အခုထိ ပြန်မရောက်လာသေးလို့ နေမှာပေါ့... လင်း ဆိုတဲ့လူနဲ့များ ပတ်သက်နေမလားဆိုပြီး သူတို့ သံသယ ဝင်နေလောက်တယ်"

(ဒီ ရေလေး ယဇ်ပုရောဟိတ် ဆိုတာက Heavy water ကို ရေလေး လို့ပြန်ထားတာပါ။ ရိုးရိုးရေက H2O ဖြစ်ပြီး Heavy water က D2O ဖြစ်ပါတယ်။ Heavy water ကလည်း သူ့အသုံးဝင်တဲ့နေရာတွေအများကြီးရှိပါတယ်။ မြန်မာအခေါ်က မရှိတဲ့အတွက် တိုက်ရိုက်ပဲ ပြန်ထားတာပါ။ ဒါက သိုင်းဝတ္ထုတွေထဲကလို ဘွဲ့နာမည်တွေဆိုတော့ လေးလံသောရေတို့ အလေးချိန်စီးရေတို့က အဆင်မပြေတဲ့အတွက် ရေလေး လို့ပဲ ပြန်လိုက်တာ။ နောက်ကျ သင့်လျော်တဲ့နာမည်စဉ်းစားမိရင် ပြင်ပေးမယ်နော်)

ဖန်ဟောင်က ခေါင်းယမ်းလိုက်သည်။ "အဲ့ဒါကတော့ သိပ်ပတ်သက်မယ် မထင်ဘူး"

သူကိုယ်တိုင်က အမှောင်ချောက်နက် ရေပေါ်ကျွန်း အဖြစ်အပျက်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ဖြစ်သဖြင့် ထိုအမှောင်ချောက်နက်ထဲရှိ ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါကြီးသာလျှင် အဓိက တရားခံဖြစ်ကြောင်း သဘာဝကျစွာ နားလည်ထားပေသည်။

ထိုစဉ်က သူတို့ အရိပ်ကမ္ဘာထဲမှ လွတ်မြောက်လာနိုင်ခဲ့ခြင်းမှာ လင်းယွမ်နှင့် ဝိညာဉ်စွမ်းအင်ဂိုဏ်းမှ အရိပ်ကောင်စီ ဥက္ကဋ္ဌ ကျန်းမိတို့ တိုက်ခိုက်မှုကြောင့် မမျှော်လင့်ဘဲ အရိပ်ကမ္ဘာ ပြိုကွဲသွားကာ သူတို့အတွက် အခွင့်အရေး ရသွားခဲ့၍သာ ဖြစ်သည်။

ထို့ကြောင့် ရေနတ်ဘုရားဂိုဏ်းမှ ရေလေး ယဇ်ပုရောဟိတ် တိန့်ကျဲသည် ကံမကောင်းစွာဖြင့် ထိုအချိန်က အရိပ်ကမ္ဘာ အက်ကွဲကြောင်းနှင့် ဝေးလွန်းနေသဖြင့် အချိန်မီ မထွက်လာနိုင်ခဲ့ခြင်းသာ ဖြစ်လောက်မည်ဟု ဖန်ဟောင် ယူဆထားသည်။

တစ်လခွဲတောင် ကြာနေပြီဖြစ်ရာ သေချာပေါက် သေဆုံးသွားလောက်ပြီဟု သူ ခန့်မှန်းမိသည်။

တရားဟော အဖွဲ့မှ ချီဟုန်ဝမ်က ခေါင်းယမ်းလိုက်၏။ "ရေနတ်ဘုရားဂိုဏ်းက အဲ့ဒီ အမှောင်ဓာတ် ရေပေါ်ကျွန်းမှာ ဘာတွေဖြစ်ခဲ့လဲ ဆိုတဲ့ အသေးစိတ်ကိုမှ မသိတာ... လင်း ဆိုတဲ့လူ ပြန်ရောက်လာတာကို မြင်တော့ အတင်းအကျပ် စစ်မေးချင်တဲ့ စိတ်ကူးလည်း ရှိနေမှာပေါ့"

"ရေနတ်ဘုရားဂိုဏ်းကတော့ လှုပ်ရှားနေပြီ... ဝိညာဉ်စွမ်းအင်ဂိုဏ်းဘက်ကရော ဘာတုံ့ပြန်မှု ရှိလဲ" ဟယ်မင်ကျစ်က မေးလိုက်သည်။

ချီဟုန်ဝမ်က လေးနက်သောလေသံဖြင့် ပြောလိုက်သည်။ "သူတို့လည်း စလှုပ်ရှားလောက်ပါပြီ... ဒါပေမဲ့ ဝိညာဉ်စွမ်းအင်ဂိုဏ်းရဲ့ အယူဝါဒက အစွန်းရောက်ပြီး အဓိကအဖွဲ့ဝင်တွေကလည်း အစကတည်းက နည်းတယ်လေ... သူတို့ရဲ့ တိုက်ပွဲဝင်ပုံစံက လူနည်းနည်းနဲ့ ထိရောက်အောင် လုပ်နိုင်တယ်လို့ နာမည်ကြီးတာဆိုတော့ ဒီတစ်ခေါက် ထိုက်ယန်တောင်ကို သွားမယ့် လူအရေအတွက် သိပ်များမှာတော့ မဟုတ်ဘူး"

"လူအရေအတွက် မများပေမဲ့ အစွမ်းကုန်တော့ သေချာပေါက် တိုက်ခိုက်လိမ့်မယ်"

"ဘာဖြစ်လို့လဲ"

"ဟက်ဟက်... ရေပေါ်ကျွန်းကြောင့်ပေါ့" ချီဟုန်ဝမ်က အေးစက်စက် ရယ်မောလိုက်သည်။

ဟယ်မင်ကျစ်၊ ဖန်ဟောင်နှင့် လင်းထျန်စစ်တို့မှာ ချက်ချင်း သဘောပေါက်သွားကြသည်။

ဝိညာဉ်စွမ်းအင်ဂိုဏ်းတွင် ရေပေါ်ကျွန်း မရှိပေ။ သို့သော် ထိုက်ယန်တောင်မှ ထိုဟင်းလင်းပြင်သခင်ဆိုသူထံတွင် အသင့်ရှိနေသော ဟင်းလင်းပြင် အမျိုးအစား ရေပေါ်ကျွန်း တစ်ကျွန်း ရှိနေသည် မဟုတ်ပါလော။

အကယ်၍ ထိုက်ယန်တောင်မှ ဟင်းလင်းပြင်သခင် လီချင်းဟွာကိုသာ ဖမ်းမိလိုက်မည်ဆိုလျှင် ရေပေါ်ကျွန်းတစ်ကျွန်းကို ရရှိလိုက်သည်နှင့် အတူတူပင် ဖြစ်သွားမည်။

ထိုအချက်ကို တွေးမိလိုက်သောအခါ အခန်းထဲရှိ လူအားလုံးမှာ ချက်ချင်းပင် လောဘတက်သွားကြတော့သည်။

ထိုက်ယန်တောင် တစ်တောင်လုံးတွင်ပင် သန္ဓေပြောင်းစွမ်းအင် ကျောက်တုံးသတ္တုကြော အများအပြား ရှိနေပြီး ဖြစ်သည်။

အကယ်၍ ဟင်းလင်းပြင် အမျိုးအစား ရေပေါ်ကျွန်း တစ်ကျွန်းကိုပါ ထပ်ပေါင်းလိုက်မည် ဆိုပါက ဤတစ်ခေါက် ခရီးစဉ်တွင် အန္တရာယ်အနည်းငယ် ရှိနေလျှင်တောင် စွန့်စားရကျိုး လုံးဝ နပ်ပေသည်။

ထိုသို့ တွေးမိသည်နှင့် မြေမိခင်ဂိုဏ်းမှ အလယ်အလတ်အဆင့် ခေါင်းဆောင်လေးဦးလုံး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်ကြလေသည်။

"သွားမယ်"

ချီဟုန်ဝမ်၏ စကားတစ်ခွန်းကြောင့် လင်းထျန်စစ်မှာ ချက်ချင်း စိတ်လှုပ်ရှားသွားလေသည်။

သစ်တောဂိုဏ်းအုပ် အသစ်ဖြစ်သူက ချက်ချင်း အော်ပြောလိုက်သည်။ "ကျွန်တော် အခုချက်ချင်း လူအင်အား သွားစုလိုက်မယ်... အားလုံးပဲ... အမြန်ဆုံး စထွက်ကြရအောင်"

ဖန်ဟောင်က ခေါင်းညိတ်လိုက်သည်။ "မြေရိုင်းစောင့်ကြည့်သူတွေဘက်ကလည်း ချက်ချင်း ထွက်လာခဲ့မယ်... ဒါပေမဲ့ အရင်တစ်ခေါက် အမှောင်ဓာတ် ရေပေါ်ကျွန်း ခရီးစဉ်မှာ ငါ့ဘက်က လူအင်အား တော်တော်များများ ဆုံးရှုံးထားလို့ ဒီတစ်ခေါက်တော့ လူသိပ်များများ စေလွှတ်နိုင်မှာ မဟုတ်ဘူး"

ချီဟုန်ဝမ်က ဖန်ဟောင်ကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။ "ထုံးစံအတိုင်းပဲလေ... အချိန်တန်ရင်တော့ ရလာတဲ့ အကျိုးအမြတ်ကို ကိုယ်စေလွှတ်လိုက်တဲ့ အင်အားအလိုက် ခွဲဝေကြတာပေါ့"

ဖန်ဟောင်မှာ ခေတ္တမျှ တိတ်ဆိတ်သွားသော်လည်း ဘာမှ ထပ်မပြောတော့ဘဲ ခေါင်းကိုသာ ညိတ်ပြလိုက်သည်။

ဘေးနားရှိ ဟယ်မင်ကျစ်က ပြုံးလျက်... "ဒါဆိုလည်း ဒီလိုပဲ သတ်မှတ်လိုက်ကြတာပေါ့... သွားကြစို့"

"မြေဝါနတ်ဘုရားလွင်ပြင်ကိုရော သတင်းပို့ဖို့ လိုဦးမလား" ဖန်ဟောင်က မေးလိုက်သည်။

ချီဟုန်ဝမ်က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး "ကိစ္စပြီးမှပဲ ပြောကြတာပေါ့" ဟု ဆိုသည်။

ဤသည်မှာ သူတို့၏ ထုံးစံပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် လစဉ်လတိုင်း မြေဝါနတ်ဘုရားလွင်ပြင်ရှိ ယဇ်ပုရောဟိတ် ဌာနကြီးသုံးခုထံသို့ အကျိုးအမြတ်များ ပေးသွင်းရသောကြောင့် ဖြစ်သည်။

မြေဝါနတ်ဘုရားလွင်ပြင်တွင် မြေမိခင်ဂိုဏ်း၏ အဓိက ယဇ်ပုရောဟိတ် ဌာနကြီး သုံးခုရှိပြီး ၎င်းတို့မှာ မြေသြဇာဌာန၊ အမြစ်အာရုံကျောင်းတော်နှင့် ကြွယ်ဝမှုအသင်းတို့ ဖြစ်ကြသည်။

မြေသြဇာဌာနသည် ဆောက်လုပ်ရေးဌာနနှင့် ဆင်တူပြီး ကြွယ်ဝမှုအသင်းကမူ စီမံခန့်ခွဲရေးဌာန ဖြစ်ကာ ထောက်ပံ့ရေးပစ္စည်း ခွဲဝေမှုစသည့် ကိစ္စရပ်များကို တာဝန်ယူရသည်။

အမြစ်အာရုံကျောင်းတော်သည် ယဇ်ပုရောဟိတ်များကို လေ့ကျင့်သင်ကြားပေးခြင်း၊ အောက်ခြေဝန်ထမ်းများကို စိတ်ဓာတ်ရိုက်သွင်းခြင်းများ ပြုလုပ်ပေးရုံသာမက အဆင့်မြင့် အစွမ်းပိုင်ရှင်များကို ပြုစုပျိုးထောင်ပေးရာ ဌာနချုပ်လည်း ဖြစ်သည်။

သို့သော် မြေမိခင်ဂိုဏ်း၏ အမည်ခံအောက်တွင် အတူတကွ ရှိနေကြသော်လည်း အလယ်အလတ်အဆင့် အဖွဲ့အစည်းများဖြစ်သော သစ်တောဂိုဏ်းအုပ်၊ မြစ်ဝှမ်းသဘာပတိ၊ မြေရိုင်းစောင့်ကြည့်သူနှင့် တရားဟော အဖွဲ့ စသည့် အဖွဲ့အစည်းလေးခု၏ လှုပ်ရှားမှုတိုင်းကို ဌာနကြီးသုံးခုထံ အမြဲတမ်း သတင်းပို့လေ့ မရှိကြပေ။

အဘယ်ကြောင့်ဆိုသော် မည်သည့် လှုပ်ရှားမှုမျိုးမဆို ရရှိလာသော အကျိုးအမြတ်များကို သူတို့ကိုယ်တိုင် တွက်ချက်ပြီးမှသာ အထက်သို့ ပေးသွင်းလေ့ရှိသောကြောင့် ဖြစ်သည်။

အကယ်၍ အထက်ဌာနများထံ ကြိုတင်အကြောင်းကြားလိုက်ပါက အလွန် ပြဿနာ များသွားပေလိမ့်မည်။

အချိန်တန်၍ အထက်ဌာနများမှ အဆင့်မြင့် အစွမ်းပိုင်ရှင်များကို စေလွှတ်ကာ စစ်မြေပြင် အခြေအနေကို စောင့်ကြည့်ပြီး အကျိုးအမြတ်များကို စာရင်းလာစစ်မည်ဆိုလျှင် ဒုက္ခရောက်ကုန်မည် ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရလျှင် ဤကိစ္စတွင် အကျိုးစီးပွားများ ပါဝင်ပတ်သက်နေသဖြင့် အခန်းထဲရှိ လေးယောက်သားမှာ အလိုအလျောက်ပင် နားလည်မှုဖြင့် ဆက်မပြောကြတော့ပေ။

ဖန်ဟောင်က ထိုအကြောင်းကို ထည့်ပြောရခြင်းမှာ လင်းယွမ်သည် အမှောင်ချောက်နက် ရေပေါ်ကျွန်းမှ လွတ်မြောက်လာနိုင်ခဲ့သည်ဖြစ်ရာ သူ့အစွမ်းများက သာမန်မဟုတ်မည်ကို အနည်းငယ် စိုးရိမ်နေ၍ ဖြစ်သည်။

သူတို့ ဒီတစ်ခေါက် သွားလိုက်မှ မထင်မှတ်ဘဲ ဒုက္ခရောက်သွားမည်ကို စိုးရိမ်မိခြင်း ဖြစ်သည်။

သို့သော် သူ သေချာပြန်တွေးကြည့်လိုက်သောအခါ ကိုယ့်ကိုယ်ကိုယ် အပိုတွေ စိုးရိမ်လွန်နေမိသည်ဟု ခံစားလိုက်ရသည်။

ဤတစ်ခေါက်တွင် သူတို့ မြေမိခင်ဂိုဏ်းဘက်က ဝင်ပါရုံသာမက ရေနတ်ဘုရားဂိုဏ်းနှင့် ဝိညာဉ်စွမ်းအင်ဂိုဏ်းတို့ကလည်း သေချာပေါက် ဝင်ပါလာကြမည် မဟုတ်ပါလော။

ထို့အပြင် ထိုက်ယန်တောင်သည် စစ်တပ်ကိုပါ ရန်စထားပြီးဖြစ်ရာ ဤတစ်ခေါက်တွင် ထိုက်ယန်တောင်သည် မည်သို့မျှ ရှင်သန်နိုင်စရာ လမ်းမရှိတော့ဘဲ သေချာပေါက် ပျက်စီးရတော့မည် ဖြစ်သည်။

ယခုအချိန်တွင် အဆုံးအစမရှိ ကျယ်ပြောလှသော ရေခဲပြင်ကြီးပေါ်၌ လူရာချီ ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် စွတ်ဖားများကို စီးနင်းကာ ကွမ်ဖူခရိုင်မှနေ၍ ထိုက်ယန်တောင်ဘက်သို့ အရှိန်ပြင်းပြင်းဖြင့် ဦးတည်ထွက်ခွာလာကြသည်။

သူတို့၏ စွတ်ဖားများပေါ်ရှိ အလံများကို ကြည့်လိုက်လျှင် ရေနတ်ဘုရားဂိုဏ်း၏ အလံများဖြစ်ကြောင်း ထင်ရှားစွာ တွေ့ရလေသည်။

ဧရာမ သန္ဓေပြောင်း သားရဲကြီး နှစ်ကောင်က ဧရာမ သင်္ဘောကြီးနှင့်တူသော စွတ်ဖားကြီးတစ်ခုကို ဆွဲငင်နေကြသည်။

သင်္ဘောကုန်းပတ်ပေါ်တွင်မူ အပြာရောင် ဝတ်ရုံရှည်များကို ဝတ်ဆင်ထားသော ရေနတ်ဘုရားဂိုဏ်းသား အများအပြား ရပ်နေကြသည်။

သူတို့အထဲမှ အများစုမှာ မျက်နှာဖုံးများ တပ်ဆင်ထားကြပြီး လူအနည်းငယ်ခန့်သာ မျက်နှာကို ဖော်ထားကြသည်။

ထိုအထဲမှ ခေါင်းဆောင်ဖြစ်သူ မျက်နှာဖုံးတပ်ထားသော အမျိုးသားက အသံကို နှိမ့်၍ ပြောလိုက်သည်။ "လင်း ဆိုတဲ့ကောင် ရူးသွားပြီလို့ မင်းတို့ ထင်လား... ဒီကောင်က စစ်တပ်နဲ့ ပြဿနာ သွားရှာရဲတယ်"

ကပ်ရောဂါ ယဇ်ပုရောဟိတ် ဟန်ထိုက်က ရယ်မောလိုက်၏။ "သူ ရူးသွားတာ မဟုတ်ဘူး... လောသွားတာ"

"အစ်ကိုဟန်... ဘယ်လို မြင်လို့လဲ" မျက်နှာဖုံးနှင့် အမျိုးသားက အံ့သြစွာ မေးလိုက်သည်။

"ညီလေးဝူ... မင်းက မီယွမ်မိုးသစ်တောထဲမှာပဲ အမြဲနေနေတော့ အပြင်ဘက် အခြေအနေတွေကို သိပ်မသိလို့ပါ"

ဟန်ထိုက်က ဖြည်းညင်းစွာ စကားစလိုက်သည်။ "မင်း မသိလောက်ဘူး... ဒီတစ်ခေါက် စစ်တပ်က လွှတ်လိုက်တဲ့ အဖွဲ့က အမည်ခံအနေနဲ့ကတော့ ထိုက်ယန်တောင်နဲ့ မဟာမိတ်ဖွဲ့ဖို့ သွားတာ... ဒါပေမဲ့ ဒီလောကကြီးမှာ အဲ့ဒီလောက် ကောင်းတဲ့ ကိစ္စမျိုး ဘယ်လိုလုပ်ရှိမှာလဲ"

"ဒီတစ်ခေါက် လွှတ်လိုက်တာက စစ်တပ်ထဲက သိမ်းငှက်အုပ်စုပဲ... ဒီလူတွေရဲ့ စရိုက်ကို တခြားသူတွေ မသိရင်တောင် ငါတို့ ဂိုဏ်းကြီး သုံးဂိုဏ်းက လူတွေက မသိဘဲ နေပါ့မလား"

"ဒီလူတွေက သဘောကောင်းတဲ့သူတွေ မဟုတ်ဘူး... ရေလွှမ်းမိုး ကပ်ဘေးကြီး မတိုင်ခင်က ပြည်သူ့စစ်တပ်ဆိုတာမျိုး ပိုလို့တောင် မဟုတ်သေးတယ်... သူတို့က ကပ်ဘေးကြီး ပြီးတဲ့နောက်ပိုင်းမှ စစ်တပ်က ပြန်လည် စုဖွဲ့ထားတဲ့လူတွေ... ဝိညာဉ်စွမ်းအင်ဂိုဏ်းက ကောင်တွေနဲ့ သိပ်မကွာဘူး... အစွမ်းအစကိုပဲ ကြည့်ပြီး ဆင့်ကဲပြောင်းလဲဖို့ကိုပဲ လိုလားကြတဲ့သူတွေ"

"ထိုက်ယန်တောင်က လူတွေက အဲ့ဒီလောက် ကောင်းတဲ့ သယံဇာတတွေကို သိမ်းပိုက်ထားကြတာ... ဟင်းလင်းပြင်သခင်လို့ နာမည်ကြီးနေတဲ့ လီချင်းဟွာဆိုရင် ဟင်းလင်းပြင် အမျိုးအစား ရေပေါ်ကျွန်း တစ်ကျွန်းကိုတောင် ပိုင်ဆိုင်ထားသေးတယ်"

"မင်းဆိုရင်ရော... စိတ်မလှုပ်ရှားဘဲ နေနိုင်ပါ့မလား"

ဟင်းလင်းပြင် အမျိုးအစား ရေပေါ်ကျွန်းအကြောင်း ပြောလိုက်ချိန်တွင် မျက်နှာဖုံးတပ်ထားသော အသက်ဓာတ် ယဇ်ပုရောဟိတ်၏ မျက်နှာပေါ်တွင်လည်း လောဘရိပ် အနည်းငယ် ပေါ်လာလေသည်။

"စစ်တပ်ကလည်း ဒီရေပေါ်ကျွန်းကို လိုချင်နေတယ်လို့ ခင်ဗျား ပြောချင်တာလား... သူတို့က ထိုက်ယန်တောင်ကို ကူညီဖို့ သွားတယ်ဆိုပေမဲ့ တကယ်တမ်းကျတော့ ကျွန်တော်တို့ကို ခြိမ်းခြောက်ပြီး ထိုက်ယန်တောင်ကို တစ်ယောက်တည်း အပိုင်စီးချင်နေတာပေါ့"

ကပ်ရောဂါ ယဇ်ပုရောဟိတ် ဟန်ထိုက်က ချက်ချင်း ရယ်မောလိုက်သည်။ "မှန်တယ်... ဒါကမှ သိမ်းငှက်အုပ်စုရဲ့ အလုပ်လုပ်ပုံပဲ... သူတို့က ရိုးသားဖြောင့်မတ်တဲ့ ချိုးငှက်အုပ်စုမှ မဟုတ်တာ"

"ဒီလို အခြေအနေမျိုးမှာ လင်း ဆိုတဲ့ကောင် ပြန်ရောက်လာပြီး သူကိုယ်တိုင် ပင်ပင်ပန်းပန်း တည်ဆောက်ထားတဲ့ နယ်မြေကို စစ်တပ်ကလူတွေက တစ်စတစ်စ ဝါးမျိုနေတာကို မြင်တော့ သူ ဘယ်လိုလုပ် သည်းခံနိုင်တော့မလဲ"

"သူ့အစွမ်းအစနဲ့ဆို လုံးဝ သည်းခံနေမှာ မဟုတ်ဘူး... ပထမဆုံး အချိန်ရရချင်းမှာတင် ဒီစစ်တပ်က လူတွေကို ရှင်းပစ်မှာ သေချာတယ်"

"ဒါပေမဲ့ ငါ့ခန့်မှန်းချက်အရဆိုရင် သူက ဒီလူတွေကို မောင်းထုတ်ရုံလောက်ပဲ လုပ်မယ်ထင်ထားတာ... ဒီလောက်ထိ ကြမ်းတမ်းမယ်လို့ မထင်ထားမိဘူး... သူတို့ရဲ့ လက်နက်တွေကို တိုက်ရိုက် သိမ်းလိုက်တဲ့အပြင် စစ်သားတွေကိုပါ ဖမ်းချုပ်ပြီး ကျန်းတာ့ကျစ်နဲ့ ကောလန်ကန်းလို တပ်ခွဲမှူးအဆင့် ရှိတဲ့သူတွေကိုတောင် ဖမ်းထားလိုက်သေးတယ်"

"ဒါက စစ်တပ်နဲ့ လုံးဝကို ဆန့်ကျင်လိုက်တာပဲ"

"သူ ဘာကို အားကိုးပြီး ဒီလောက် ယုံကြည်ချက် ရှိနေလဲ မသိဘူး" အသက်ဓာတ် ယဇ်ပုရောဟိတ်က မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။

ဟန်ထိုက်က အေးစက်စက် ရယ်မောလိုက်သည်။ "သူက အပြင်လောကကြီးကို လွန်ခဲ့တဲ့ တစ်လခွဲတုန်းက အခြေအနေလို့ ထင်နေတုန်းပဲလေ"

"လွန်ခဲ့တဲ့ တစ်လခွဲတုန်းကတော့ သူ တကယ်ကို ကြောက်စရာကောင်းလောက်အောင် စွမ်းအားကြီးခဲ့တယ်ဆိုတာကို ငါ ဝန်ခံတယ်... အဓိက အရည်အသွေး ၉၀ မှတ်နဲ့ အဲ့ဒီအချိန်တုန်းက အမှောင်ဓာတ် ရေပေါ်ကျွန်းအပြင်ဘက်မှာ သူ့ကို ဘယ်သူမှ မယှဉ်ရဲလောက်တဲ့ အထိပဲ"

"ဒါပေမဲ့ ဒီတစ်လခွဲ အချိန်ကုန်သွားပြီးတဲ့ နောက်မှာ အပြင်ဘက်က အစွမ်းပိုင်ရှင်တွေရဲ့ အစွမ်းတွေကလည်း သိသိသာသာကို တိုးတက်သွားတယ်လေ"

"သူက အရိပ်ကမ္ဘာထဲမှာ အကြာကြီး ပိတ်မိနေခဲ့တာဆိုတော့ တစ်ချက်လေးတောင် တိုးတက်လာမှာ မဟုတ်ဘူး"

"ဟက်ဟက်... ကမ္ဘာကြီးက ပြောင်းလဲသွားတာ ကြာပြီ... သူ ဒီတစ်ခေါက်တော့ သေချာပေါက် သေရတော့မှာပဲ"

ဟန်ထိုက်၏ သုံးသပ်ချက်များမှာ ယုတ္တိတန်လှသဖြင့် ဘေးနားရှိ သူ၏ လုပ်ဖော်ကိုင်ဖက်ကလည်း မနေနိုင်ဘဲ ခေါင်းညိတ် ထောက်ခံလိုက်မိသည်။

"ဒီတစ်ခေါက် သူ့ကို ဖမ်းမိရင်တော့ အကောင်းဆုံးပဲ... အဲ့ဒီ အမှောင်ဓာတ် ရေပေါ်ကျွန်းမှာ ဘာတွေဖြစ်ခဲ့လဲ ဆိုတာရယ်... တိန့်ကျဲ ဘာဖြစ်သွားလဲ ဆိုတာရယ်ကို သူ့ပါးစပ်ကနေ အတင်းအကျပ် စစ်မေးလို့ရတာပေါ့"

"ဒါပေါ့... ငါတို့ ပထမဆုံး ဖမ်းရမှာက ထိုက်ယန်တောင်က ဟင်းလင်းပြင်သခင်ဆိုတဲ့ကောင်ကိုပဲ"

"ဟင်းလင်းပြင် အမျိုးအစား ရေပေါ်ကျွန်းကို ငါတို့ လက်ထဲ ရောက်အောင် မဖြစ်မနေ လုယူရမယ်"

"ဟင်းလင်းပြင် အမျိုးအစား ရေပေါ်ကျွန်း တစ်ကျွန်းက ငါတို့ဂိုဏ်း လင်ကျောင်းမြို့ကို သိမ်းပိုက်ပေါင်းစည်းတဲ့ နေရာမှာ အလွန်ကြီးမားတဲ့ အထောက်အကူ ဖြစ်စေလိမ့်မယ်"

... ...

ထိုက်ယန်တောင်ဘက်တွင်မူ လင်းယွမ်သည် မီးဝါးတော တောင်စောင်းရှိ သူ၏ အိမ်သို့ ပြန်ရောက်လာခဲ့သည်။

ရန်မေတို့ အဖွဲ့က တောင်စောင်းပေါ်ရှိ ထိုအိမ်လေးကို ပြန်လည် ပြင်ဆင်မွမ်းမံထားကြသည်။

သူ့ရှေ့မှ နွေးထွေးလှသော အခန်းလေးကို ကြည့်ရင်း လင်းယွမ် စိတ်ထဲတွင် အလွန် ကျေနပ်သွားမိသည်။

ရန်မေက မီးဖိုချောင်ထဲတွင် ထမင်းဟင်း ချက်ပြုတ်ရန် အလုပ်များနေဆဲဖြစ်ပြီး ဆုန့်ဝမ်နှင့် တုံယန်တို့က ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ထဲရှိ လှပသော မြင်ကွင်းများအကြောင်း လင်းယွမ်ကို စီစီညံညံ ပြောပြနေကြသည်။

ဆုန့်ဝမ်က မနေနိုင်ဘဲ ပြောလိုက်သည်။ "အစ်ကိုလင်းယွမ်... အစ်ကို မသိဘူး... ဟိုဘက်မှာက အလင်းရောင် မရှိဘဲ ကိုယ်တိုင် အလင်းရောင် ထုတ်လွှတ်နိုင်တဲ့ အပင်မျိုးစုံပဲ ရှိတော့ ကြည့်ရတာ တော်တော်လေးကို ဆန်းကြယ်တယ်"

"နောက်တော့ ကျွန်မတို့က ရှောင်မောင်းတောင်ပေါ်မှာ သန္ဓေပြောင်း နေကြာပန်းခင်းကြီး စိုက်လိုက်တာ... ရှောင်မောင်းတောင်က အဲ့ဒီမှာ အလင်းရောင် ထွက်နေတဲ့ တောင်တစ်လုံး ဖြစ်သွားတော့တာပဲ"

"အဲ့ဒီလို လင်းထိန်နေလို့ အခုဆို ရှောင်မောင်းတောင်ကို ညမအိပ်မြို့လို့တောင် ခေါ်နေကြပြီ"

"ပြီးတော့ ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ထဲမှာ ပြန့်ကျဲနေတဲ့ အသက်ရှင်ကျန်ရစ်သူ အများကြီးကလည်း ပြေးလာကြတယ်လေ... အခု ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ထဲမှာ လူဦးရေ ဘယ်လောက်ရှိနေပြီလဲ ဆိုတာ အစ်ကို ခန့်မှန်းကြည့်ပါဦး"

လင်းယွမ်က ပြုံးလိုက်ပြီး "ဒါကို ငါ ဘယ်လိုလုပ် ခန့်မှန်းနိုင်မှာလဲ" ဟု ပြောလိုက်သည်။

"ဟီးဟီး... ရေအောက်မှာ နေတဲ့လူတွေကို မထည့်သွင်းဘဲတောင် စုစုပေါင်း လူသုံးထောင် နီးပါးလောက် ရှိတယ်"

လင်းယွမ် အံ့သြသွားသည်။ "ဟမ်... ရေအောက်မှာ နေတဲ့လူတွေလည်း ရှိသေးတာလား"

"ရှိတာပေါ့... ဂျိရှောင်ယွီတို့ရဲ့ ရေအောက်ခိုလှုံရေးစခန်းက လူတွေကို အစ်ကို မေ့သွားပြီလား" တုံယန်က ချက်ချင်း သတိပေးလိုက်သည်။

ထိုအခါမှ လင်းယွမ်လည်း ထိုလူစု ရှိနေသေးကြောင်း ပြန်အမှတ်ရသွားသည်။

သူက သံသယဖြင့် မေးလိုက်၏။ "အဲ့ဒါက လူသိပ်မများပါဘူး... ဂျိရှောင်ယွီတို့ဆီမှာ ရေအောက်ကလူတွေ စုစုပေါင်းမှ လူနည်းနည်းလေးပဲ ရှိတာမလား"

"မနည်းဘူးနော်... လူတစ်ရာနီးပါးလောက် ရှိတယ်... ဂျိရှောင်ယွီတို့က ရေအောက်ခိုလှုံရေးစခန်း ဖွင့်ထားရုံတင် မကဘူး... ညမအိပ်မြို့ ပေါ်လာတာနဲ့အတူ တခြားနေရာတွေက ရေအောက်ခိုလှုံရေးစခန်းက လူတွေလည်း ထွက်လာကြတာလေ"

"ဒီအတောအတွင်း ဆွေးနွေးမှုတွေ လုပ်ပြီးတဲ့နောက် အားလုံးက ရှောင်မောင်းတောင် ညမအိပ်မြို့ကို ဗဟိုပြုပြီး သူတို့ဘာသာ လာရောက် အခြေချနေထိုင်ကြတော့တာပဲ"

"အခု ကုန်းပေါ်မှာက အပူချိန် အရမ်းကျနေတော့ ငါးလူသားနဲ့ ရေသူမ အစွမ်းပိုင်ရှင်တွေက ရေအောက်ထဲမှာပဲ နေရတာကို ပိုသဘောကျကြတယ်"

"ဒါနဲ့ အစ်ကိုလင်းယွမ်... အစ်ကို မရှိတဲ့အချိန်အတွင်း လီချင်းဟွာနဲ့ ကျောက်ခိုင်တို့တောင် သူတို့ကိုယ်ပိုင် ဘွဲ့နာမည်တွေ ရနေကြပြီနော်"

"ဟမ်... ဘာနာမည်တွေလဲ"

"ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်က လူတွေက လီချင်းဟွာကို ဟင်းလင်းပြင်သခင် လို့ ခေါ်ကြပြီး ကျောက်ခိုင်ကိုတော့ မိန်တောင်ဘက်က လူတွေက ရေခဲသခင် လို့ ခေါ်ကြတယ်"

ဤနေရာသို့ ရောက်သောအခါ ဆုန့်ဝမ်၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု အရိပ်အယောင် အနည်းငယ် ပေါ်လာသည်။

"အစ်ကိုလင်းယွမ်... သူတို့ရဲ့ သြဇာလွှမ်းမိုးမှုကလည်း မသေးဘူးနော်... ဒီလိုဆိုရင် အစ်ကို့ရဲ့ နေရာကိုများ ထိခိုက်လာနိုင်မလား"

လင်းယွမ် အံ့သြသွားသည်။ ဆုန့်ဝမ်ကဲ့သို့ ကောင်မလေးက ဤအဆင့်အထိ တွေးတောတတ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သူ မနေနိုင်ဘဲ ရယ်မောလိုက်ပြီး "စိတ်ချပါ... အဲ့ဒီလို မဖြစ်ပါဘူး" ဟု ပြောလိုက်သည်။

သူ့မျက်လုံးများ အရောင်လက်သွားသည်။ ထိုက်ယန်တောင်ရှိ သူ၏ အဆင့်အတန်းအရဆိုလျှင် မည်သူမျှ အစားထိုး၍ မရနိုင်လောက်ပေ။

သို့သော် "ဟင်းလင်းပြင်သခင်" နှင့် "ရေခဲသခင်" ကဲ့သို့သော ဘွဲ့အမည်များကတော့ လင်းယွမ်၏ စိတ်ထဲတွင် အတွေးတစ်ချို့ကို ဖြစ်ပေါ်လာစေခဲ့သည်။

"ငါ ထိုက်ယန်တောင်ရဲ့ ထိပ်တန်း အစွမ်းပိုင်ရှင်အဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်ရင် ကောင်းမယ်... ဒါမှ အားလုံးအတွက် ကျင့်ကြံဖို့ တွန်းအားဖြစ်စေသလို မသမာသူတွေကိုလည်း ခြိမ်းခြောက်ပြီးသား ဖြစ်သွားမှာ"

ထိုအရာက ဂိုဏ်းကြီးသုံးဂိုဏ်းမှ ရှုပ်ယှက်ခတ်နေသော အဖွဲ့အစည်း ဖွဲ့စည်းပုံများ ပြုလုပ်ထားသကဲ့သို့ပင် ဖြစ်သည်။

ဥပမာအားဖြင့် ရေနတ်ဘုရားဂိုဏ်းဆိုလျှင် ယဇ်ပုရောဟိတ်ကြီး လေးပါးဆိုပြီး ဖွဲ့စည်းထားသည်။

ဝိညာဉ်စွမ်းအင်ဂိုဏ်းဆိုလျှင်လည်း ဆင့်ကဲပြောင်းလဲခြင်း ကောင်စီဆိုပြီး ဖွဲ့စည်းထားသေးသည်။

ကြားလိုက်ရုံဖြင့် အလွန် ခြိမ်းခြောက်နိုင်စွမ်း ရှိပြီး နက်နဲဆန်းကြယ်လှကာ သူတို့၏ ဂိုဏ်းများအတွက် နက်နဲသော အငွေ့အသက်များကို ပေါင်းထည့်ပေးထားသဖြင့် လူအများအပြားကို ဆွဲဆောင်ကာ အသုံးချနိုင်ခဲ့ကြသည်။

ထိုက်ယန်တောင်ဘက်တွင် ဂိုဏ်းဖွဲ့သော လမ်းကြောင်းကို မလိုက်ဘဲ ဘာသာရေး လွှမ်းမိုးမှုပုံစံမျိုး မလုပ်ဆောင်သော်လည်း...

တစ်သီးပုဂ္ဂလ သူရဲကောင်းဝါဒကိုတော့ တကယ်တမ်း မြှင့်တင်ပေး၍ ရနိုင်ပေသည်။

ယခုအချိန်သည် အရင်ကနှင့် မတူတော့ပေ။ ကပ်ဘေးကြီး မတိုင်မီကာလက တရုတ်နိုင်ငံတွင် အဖွဲ့အစည်း ဟူသော သဘောတရားကို ပိုမို အလေးထားခဲ့ကြပြီး သူရဲကောင်းဆိုသည်မှာ အသက်စွန့်ပြီးမှသာ ပေါ်ထွက်လာလေ့ ရှိသည်။

သို့သော် ရေလွှမ်းမိုး ကပ်ဘေးကြီး ကျရောက်လာပြီးနောက် အစွမ်းပိုင်ရှင်များ ပေါ်ထွက်လာမှုကြောင့် သူရဲကောင်းဝါဒ ပေါ်ပေါက်လာရန် သေချာသွားခဲ့ပြီ ဖြစ်သည်။

အင်အားကြီးမားသော အဖွဲ့အစည်းတစ်ခုတွင် ခွန်အားကြီးသော သူရဲကောင်းတစ်ဦး၏ ဦးဆောင်မှု မရှိမဖြစ် လိုအပ်ပေသည်။

ထိုသို့မှသာ အဖွဲ့အစည်း၏ စည်းလုံးညီညွတ်မှုနှင့် လူများ၏ စိတ်ဓာတ်ခွန်အားကို တိုးပွားလာစေနိုင်မည် ဖြစ်သည်။

လက်ရှိ ထိုက်ယန်တောင်တွင် အမြင့်ဆုံး သူရဲကောင်းအဖြစ် သတ်မှတ်ခံထားရသူမှာ သူကိုယ်တိုင်ပင် ဖြစ်သည်။

သို့သော် ဤမျှနှင့် မလုံလောက်သေးပေ။ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသော အန္တရာယ်များအရ ထိုက်ယန်တောင်တွင် သူရဲကောင်းများ ပိုမို ပေါ်ထွက်လာရန် လိုအပ်နေကြောင်းကို သိသာထင်ရှားစွာ မြင်တွေ့နိုင်လေသည်။

ထိုသို့ဆိုလျှင် သူကိုယ်တိုင် ထိုက်ယန်တောင်၌ မရှိသည့်တိုင်အောင် အခြားသော သူရဲကောင်းများက ပြည်သူများကို စည်းလုံးညီညွတ်စေမည့် အခန်းကဏ္ဍမှ ပါဝင်နိုင်မည် ဖြစ်သည်။

အနည်းဆုံးတော့ ဖရိုဖရဲ ဖြစ်မသွားဘဲ တခြားသူများ၏ အလွယ်တကူ ထိုးဖောက်တိုက်ခိုက်ခြင်းကို ခံရတော့မည် မဟုတ်ပေ။

"ထိုက်ယန်တောင်က လူတွေရဲ့ အစွမ်းအစတွေပေါ် မူတည်ပြီး သူရဲကောင်းတွေပါဝင်တဲ့ အဖွဲ့တစ်ခု ဖွဲ့စည်းလိုက်ရင် ကောင်းမယ်"

"ဟင်းလင်းပြင်သခင်နဲ့ ရေခဲသခင်ကတော့ ရှိနေပြီဆိုတော့... နောက်ထပ် နှစ်ယောက် ထပ်ပေါင်းပြီး ထိုက်ယန်တောင်ရဲ့ သခင်လေးပါး ဆိုပြီး ဖွဲ့လိုက်ရင် ကောင်းမလား"

လင်းယွမ်၏ စိတ်ထဲတွင် ကတ်သီးကတ်သတ် အတွေးတစ်ခု ဖြတ်ပြေးသွားပြီး သူ့ကိုယ်သူပင် မနေနိုင်ဘဲ ရယ်မောလိုက်မိတော့သည်။

ဆက်ရန်...

All Chapters