← Chapters

အခန်း (၅၆၅-၅၆၆)

Vol. 29 Ch. 565-566

အခန်း (၅၆၅-၅၆၆)

Vol. 29 Ch. 565-566

အပိုင်း (၅၆၅) တင်းဟွေယိနှင့် ယွမ်ရှီကျဲ

"ဝုန်း"

ကွမ်ဖူ... ချန်ချုံးတောင်။

စစ်တပ်စခန်းအတွင်း၌ တင်းဟွေယိ၊ ယွမ်ရှီကျဲနှင့် အခြားလူများက ဓာတ်ခွဲခန်းထဲတွင် စုဝေးနေကြ၏။

အဖြူရောင်ဝတ်စုံဝတ်ထားသူ တစ်စုက အဆက်မပြတ် အလုပ်များနေကြပြီး ဓာတ်ခွဲခန်း၏ အခန်းတိုင်းတွင် သန္ဓေပြောင်းလူသားများ၊ အစွမ်းပိုင်ရှင်များနှင့် သန္ဓေပြောင်း သတ္တဝါများကို သီးခြားစီ ပိတ်လှောင်ထားသည်။

ထိုစမ်းသပ်ခံများ၏ ခန္ဓာကိုယ်များပေါ်တွင် ပိုက်လုံးအမျိုးမျိုးကို စိုက်သွင်းထားပြီး အချို့ဆိုလျှင် အရေပြားတစ်စိတ်တစ်ပိုင်းကိုပင် ဆုတ်ခွာခံထားရသည်။

ယွမ်ရှီကျဲနှင့် တင်းဟွေယိတို့က ဓာတ်ခွဲခန်းတစ်ခု၏ရှေ့တွင် ရပ်တန့်လိုက်ကြရာ အတွင်း၌ ဆံပင်အဖြူရောင်နှင့် မိန်းကလေးတစ်ယောက် ရှိနေသည်။

သူမ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ပိုက်လုံးများ အများအပြား စိုက်သွင်းခံထားရပြီး မျက်မှောင်ကြုတ်ကာ မျက်လုံးများကို မှိတ်ထားရာ အိပ်မက်ဆိုးတစ်ခု မက်နေသည့်အလား ပုံပေါက်နေ၏။

မိန်းကလေး၏ အသားအရေက ဖြူဝင်းနေပြီး မျက်နှာပေါက်မှာလည်း အလွန်လှပကာ ကိုယ်လုံးကိုယ်ပေါက် ပြေပြစ်လှသည်။

အထူးပြုလုပ်ထားသော မှန်ချပ်အပြင်ဘက်မှနေ၍ ယွမ်ရှီကျဲက "ဒေါက်တာအန်း... စမ်းသပ်ခံအမှတ် ၉၃၂ ရဲ့ တိုးတက်မှုအခြေအနေ ဘယ်လိုရှိလဲ" ဟု မေးလိုက်သည်။

သူ၏ဘေးတွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်မှန်တပ်ထားသော ထိပ်ပြောင်ပြောင်နှင့် အဘိုးအိုတစ်ဦးက ထိုစကားကို ကြားသောအခါ ပြုံးလိုက်ပြီး "လမ်းစတော့ ရနေပါပြီ... သူ့ခန္ဓာကိုယ်ထဲက မျိုးရိုးဗီဇ တစ်စိတ်တစ်ပိုင်းကို ကျွန်တော်တို့ ရယူနိုင်ခဲ့ပြီမို့ အခု လောလောဆယ် ပြန်လည်ပြုပြင် တည်ဆောက်ရေးတွေ လုပ်နေပါတယ်" ဟု ဖြေသည်။

"ဒီလို သတ္တဝါအသွင်ပြောင်းတဲ့ အစွမ်းပိုင်ရှင်မျိုးက မများပေမဲ့လည်း ရှားတော့မရှားဘူး... ဒါပေမဲ့ သူ့လို မျိုးစုံအသွင်ပြောင်းနိုင်တဲ့ ပြီးပြည့်စုံတဲ့ အစွမ်းပိုင်ရှင်ကတော့ တကယ်ကို ရှားပါးလွန်းပါတယ်"

ယွမ်ရှီကျဲက "ကျွန်တော် သိချင်တာက သူ့ဆီကနေ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းပုံ လျှို့ဝှက်ချက်ကို ရနိုင်မလား ဆိုတာပဲ" ဟု လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

ဒေါက်တာအန်းက "ဒီလိုမျှော်လင့်ချက်တော့ ရှိပါတယ်... ခေါင်းဆောင်ကြီးလည်း သိတဲ့အတိုင်းပဲ... ရေကြီးမှုကြီး မဖြစ်ခင်တုန်းက ဓာတ်ခွဲခန်းသုံး ပစ္စည်းတွေသာ စုံစုံလင်လင် ရှိမယ်ဆိုရင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းတာတွေက သုတေသနလုပ်ရ သိပ်မခက်ပါဘူး" ဟု အလျင်အမြန် ပြန်ပြောသည်။

"ဒါပေမဲ့ အခု ဓာတ်ခွဲခန်း အခြေအနေက ချို့တဲ့နေပြီး မျိုးရိုးဗီဇအဆင့် သုတေသနတွေက တိကျမှုမြင့်မားတဲ့ ကိရိယာတွေ လိုအပ်နေလို့... ကျွန်တော်တို့လည်း အစွမ်းတွေကို အသုံးပြုပြီး ဒီအားနည်းချက်ကို ဖြည့်ဆည်းနေရတာဆိုတော့ သုတေသန လုပ်ငန်းစဉ်က အခုလို နှေးကွေးနေတာ"

ယွမ်ရှီကျဲကလည်း သိပ္ပံသုတေသနဆိုသည်မှာ လော၍မရကြောင်း သိထားသော်လည်း သူက အမှန်တကယ်ပင် ဆက်၍ မစောင့်ဆိုင်းနိုင်တော့ပေ။

သူ၏ အဓိက အရည်အသွေးမှတ် ၁၀၀ တွင် တစ်ဆို့နေသည်မှာ အချိန်အတန်ကြာနေပြီ ဖြစ်သည်။

လက်အောက်ငယ်သားများက တစ်စထက်တစ်စ တိုးတက်လာပြီး သူ့ထံသို့ တစ်လှမ်းချင်း ချဉ်းကပ်လာနေသည်ကို မျက်မြင်ကိုယ်တွေ့ မြင်နေရရာ သူ မည်သို့လျှင် မလောဘဲ နေနိုင်မည်နည်း။

သို့သော် အဓိက အရည်အသွေးမှတ် ၁၀၀ သို့ ရောက်ရှိပြီးနောက်တွင်မူ မျိုးရိုးဗီဇမြေပုံ၏ အလယ်အလတ်အဆင့်ကို ခန့်မှန်းတွက်ချက်နိုင်စွမ်းနှင့် သက်ဆိုင်လာပြီ ဖြစ်သည်။

၎င်းတို့အနက် အရေးအကြီးဆုံးမှာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းပင် ဖြစ်၏။

မိမိခန္ဓာကိုယ်တွင်းရှိ မျိုးရိုးဗီဇများကို မျိုးရိုးဗီဇမြေပုံနှင့်အညီ ခန့်မှန်းတွက်ချက်ကာ ပြန်လည်ဖွဲ့စည်းပြီးနောက် မျိုးရိုးဗီဇမြေပုံရှိ သတ္တဝါများ၏ ပိုမိုမြင့်မားသော စွမ်းရည်များနှင့် ပိုမိုသန်မာသော ခွန်အားများကို ရယူနိုင်မည် ဖြစ်သည်။

သို့မှသာ အမှတ် ၁၀၀ ကန့်သတ်ချက်ကို ချိုးဖျက်နိုင်ပြီး ဆင့်ကဲပြောင်းလဲမှုများကို ဆက်လက် မြှင့်တင်နိုင်မည် ဖြစ်သည်။

သို့သော် ဤမျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းက မရိုးရှင်းလှပေ။

လူ့ခန္ဓာကိုယ်ထဲတွင် ရေတွက်၍မရနိုင်လောက်အောင် များပြားလှသော မျိုးရိုးဗီဇများ ရှိရာ ထိုမျှ များပြားလှသော မျိုးရိုးဗီဇများထဲမှ မျိုးရိုးဗီဇမြေပုံအတွက် လိုအပ်သော မျိုးရိုးဗီဇ ဖော်ပြချက်ကို ပေါင်းစပ်ရယူရန်ဆိုသည်မှာ အလွန်တရာ ခက်ခဲလှသည်။

ထိုလုပ်ငန်းစဉ်အတွင်း မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းရာတွင် တူညီသော မျိုးရိုးဗီဇများကို ပြန်လည်ပေါင်းစည်းမိပါက ဖွဲ့စည်းပုံ မှားယွင်းသွားလျှင်ပင် အရေးမကြီးလှဘဲ ထူးခြားသော အစွမ်းများကိုပင် ဖော်ထုတ်နိုင်ကောင်း ဖော်ထုတ်နိုင်သေးသည်။

သို့သော် ပြန်လည်ဖွဲ့စည်းသည့် လုပ်ငန်းစဉ်အတွင်း မတူညီသော မျိုးရိုးဗီဇများနှင့် မတော်တဆ ပေါင်းစပ်မိသွားပါက အလွန်ဆိုးရွားသော တန်ပြန်သက်ရောက်မှု ပြဿနာများကို ချက်ချင်း ဖြစ်ပေါ်စေလိမ့်မည်။

ဆိုးရွားပါက မျိုးရိုးဗီဇ ကမောက်ကမဖြစ်ခြင်း၊ မျိုးရိုးဗီဇ ပြိုကွဲခြင်းစသည့် သေဆုံးနိုင်ချေများပင် ရှိလာနိုင်သည်။

လုံခြုံစိတ်ချရသော မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း လမ်းကြောင်းတစ်ခုကို ရှာဖွေနိုင်ရန်အတွက် ယွမ်ရှီကျဲက လူများကို အရှင်လတ်လတ် စမ်းသပ်သည့် နည်းလမ်းကို အသုံးပြုခဲ့ပြီး နည်းပညာအကူအညီဖြင့် မျိုးရိုးဗီဇများကို အပြင်ဘက်မှ ပြန်လည်ဖွဲ့စည်းစေခဲ့သည်။

စမ်းသပ်မှုမှ ထွက်ပေါ်လာသော ပြန်လည်ဖွဲ့စည်းခြင်း နည်းလမ်းသည် အန္တရာယ်ကင်းကြောင်း သေချာသွားမှသာလျှင် သူကိုယ်တိုင် ထိုနည်းလမ်းအတိုင်း လိုက်လံ ကျင့်ကြံမည် ဖြစ်သည်။

မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း လုပ်ငန်းစဉ်တွင် မတူညီသော မျိုးရိုးဗီဇများ များပြားလေလေ... အန္တရာယ်ဖြစ်နိုင်ချေကလည်း အလိုအလျောက်ပင် ပိုမိုမြင့်မားလေလေ ဖြစ်သည်။

ထို့ကြောင့် ယခုအချိန်အထိ ကွမ်ဖူ တစ်ခုလုံးတွင် အဓိက အရည်အသွေးမှတ် ၁၀၀ ၏ ကန့်သတ်ချက်ကို ချိုးဖျက်နိုင်သူ တစ်ယောက်မျှ မရှိသေးပေ။

အမှန်တကယ်ပင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းက အလွန်တရာ ခက်ခဲလွန်းလှသည်။

ယွမ်ရှီကျဲက သက်ပြင်းတစ်ချက်ချလိုက်ပြီး "မတူညီတဲ့ မျိုးရိုးဗီဇတွေကို ဖယ်ရှားတဲ့ စမ်းသပ်မှုကိုလည်း အရှိန်မြှင့်ပြီး လုပ်ရမယ်... နှစ်ဖက်စလုံးကနေ တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်မှ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းရဲ့ အခက်အခဲကို စောစောစီးစီး ဖြေရှင်းနိုင်မှာ" ဟု ပြောလိုက်သည်။

ဒေါက်တာအန်းက "ဒီအတွက် ခေါင်းဆောင်ကြီး စိတ်ချပါ... ကျွန်တော်တို့ အမြဲတမ်း စောင့်ကြည့် လေ့လာနေပါတယ်" ဟု အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။

သူတို့နှစ်ဦး စကားပြောနေစဉ် စစ်သားတစ်ဦးက လျင်မြန်စွာ လျှောက်လာပြီး ယွမ်ရှီကျဲ၏ဘေးရှိ တင်းဟွေယိကို စိုးရိမ်တကြီးဖြင့် လှမ်းကြည့်လိုက်သည်။

တင်းဟွေယိက စစ်သား၏ မျက်နှာအမူအရာကို သတိပြုမိသွားသဖြင့် မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိပြီး ဒေါက်တာအန်းနှင့် ဆွေးနွေးနေဆဲဖြစ်သော ယွမ်ရှီကျဲကို တစ်ချက်ကြည့်လိုက်သည်။

သူက အခြားသူများကို ချက်ချင်း မနှောင့်ယှက်ဘဲ စစ်သားရှေ့သို့ လျှောက်သွားကာ "ဘာကိစ္စလဲ" ဟု မေးလိုက်သည်။

စစ်သားက "ထိုက်ယန်တောင်ဘက်ကနေ သတင်းရပါတယ်... ထိုက်ယန်တောင်ရဲ့ ခေါင်းဆောင် လင်းယွမ် ပြန်ရောက်လာပြီတဲ့" ဟု လေသံတိုးတိုးဖြင့် လျင်မြန်စွာ ပြောလိုက်သည်။

တင်းဟွေယိမှာ ချက်ချင်း မျက်ခုံးပင့်သွားပြီး "သူ အသက်ရှင်နေသေးတာလား" ဟု အံ့သြတကြီး မေးလိုက်သည်။

အရိပ်ကမ္ဘာ၏ ထိတ်လန့်ဖွယ် အတွေ့အကြုံများကို ဖြတ်သန်းခဲ့ဖူးသော တင်းဟွေယိသည် ထိုနေရာ၏ ကြောက်မက်ဖွယ်ကောင်းပုံကို ကောင်းကောင်းကြီး သိထားသည်။

သူ အမှောင်ချောက်နက်ထဲမှ လွတ်မြောက်လာပြီးနောက် စစ်တပ်မှ လူများနှင့် တစ်ခေါက် တိုင်ပင်ဆွေးနွေးခဲ့သည်။

လူတိုင်းက အမှောင်ချောက်နက် ဟူသော ရေပေါ်ကျွန်းကို ဆက်လက် အရယူရန် တန်ဖိုးမကြီးမားလှကြောင်း တညီတညွတ်တည်း ယူဆခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် ထိုနေရာသည် နေရောင်မရဘဲ မှောင်မည်းနေရုံသာမက မည်သည့် အပင်မျှလည်း မရှိသည့်အပြင် အမှောင်ဓာတ် စွမ်းအင်များ ဖုံးလွှမ်းနေမှုအောက်တွင် အခြားသော စွမ်းအင်များကို အသုံးပြုရန် အလွန်ခက်ခဲသောကြောင့် ဖြစ်သည်။

ထို့အပြင် ထိုနေရာတွင် အဓိက အရည်အသွေးမှတ် ၁၀၀ အထိ မြင့်မားသော သန္ဓေပြောင်း သတ္တဝါဆိုး နဂါးနက်ကြီးတစ်ကောင်က စောင့်ကြပ်နေသဖြင့် အန္တရာယ် အလွန်များပြားလှသည်။

ဤရေပေါ်ကျွန်းကို ရရှိရန်အတွက် လူအင်အား၊ ငွေအင်အား အများအပြား ရင်းနှီးမြှုပ်နှံရပါက ရရှိလာမည့် အကျိုးအမြတ်က အလွန်နည်းပါးနိုင်ချေ ရှိသည်။

ထို့ကြောင့် တင်းဟွေယိ ပြန်ရောက်လာပြီးနောက် စစ်တပ်က ထိုနေရာသို့ လူများကို ဆက်လက် စေလွှတ်ခြင်း မပြုတော့ပေ။

ထိုအချိန်မှာပင် ထိုက်ယန်တောင်မှ လီချင်းဟွာက အကူအညီ လာရောက်တောင်းခံခဲ့သဖြင့် တင်းဟွေယိနှင့် ယွမ်ရှီကျဲတို့သည် လီချင်းဟွာ၏ နောက်ကွယ်ရှိ ဟင်းလင်းပြင်အမျိုးအစား ရေပေါ်ကျွန်းအပေါ်သို့ ချက်ချင်း အာရုံစိုက်သွားကြသည်။

လင်းယွမ်သည် အချိန်အတော်ကြာသည်အထိ ပြန်မလာသဖြင့် အမှောင်ချောက်နက် ရေပေါ်ကျွန်းပေါ်တွင် သေချာပေါက် သေဆုံးသွားပြီဟု တင်းဟွေယိက အမြဲတမ်း ထင်မှတ်ထားခဲ့သည်။

ထို့ကြောင့် သူ၏ အမိန့်အောက်တွင် ထိုက်ယန်တောင်ရှိ ကျန်းတာ့ကျစ်နှင့် ကောလန်ကန်းတို့က ထိုက်ယန်တောင်ကို အဆက်မပြတ် စမ်းသပ်နေခဲ့ကြပြီး အချိန်အခါကောင်းကို စောင့်ဆိုင်းကာ ထိုက်ယန်တောင်နှင့်တကွ ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်ကိုပါ အပြီးတိုင် သိမ်းပိုက်ရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်၌ လင်းယွမ် ရုတ်တရက် ပြန်ရောက်လာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။

တင်းဟွေယိ မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိပြီး အမှောင်ချောက်နက် ရေပေါ်ကျွန်း အပြင်ဘက်တွင် လင်းယွမ် ထုတ်ဖော်ပြသခဲ့သော အစွမ်းအစများကို ပြန်တွေးမိသောအခါ သူ အနည်းငယ် စိုးရိမ်ထိတ်လန့်သွားသည်။

သို့သော် ချက်ချင်းပင် သူ ခေါင်းခါယမ်းလိုက်ပြီး မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။

"တစ်လခွဲလောက်တောင် ကြာသွားပြီပဲ... ငါ့ရဲ့ အဓိက အရည်အသွေးမှတ်ကလည်း ၉၈ မှတ်ကို ရောက်နေပြီဆိုတော့ သူ့ကို ဘာလို့ ကြောက်နေရမှာလဲ"

"သူ ဒီအတောအတွင်းမှာ အရိပ်ကမ္ဘာထဲ ပိတ်မိနေပြီး ကံကောင်းလို့ လွတ်လာတာလည်း ဖြစ်နိုင်တာပဲ... သူ့အစွမ်းက အရင်တုန်းက အဆင့်မှာပဲ ရပ်တန့်နေလောက်တယ်"

ထိုအချက်ကို တွေးမိသောအခါ တင်းဟွေယိ၏ စိတ်များ တည်ငြိမ်သွားပြီး တစ်ချိန်တည်းမှာပင် လင်းယွမ် ပြန်ရောက်လာသဖြင့် ထိုက်ယန်တောင်ရှိ လူများ၏ စိတ်ဓာတ်များ တက်ကြွလာနိုင်သည်ဟု တွေးလိုက်မိသည်။

ကြည့်ရသည်မှာ ထိုက်ယန်တောင်ကို သိမ်းပိုက်ရန်အတွက် လင်းယွမ်ကို အရင် ရှင်းလင်းရမည် ဖြစ်သည်။

သူ၏ အတွေးများ အနည်းငယ် ပြောင်းလဲသွားပြီး ဘာသာရေးဂိုဏ်းကြီး သုံးခုကို သတိရသွားသည်။

ဘာသာရေးဂိုဏ်းကြီး သုံးခုကို အသုံးချပြီး အကြံအစည် တစ်ခုခု လုပ်နိုင်ကောင်း လုပ်နိုင်သည်။

သို့သော် သူ၏ အတွေးများ ဆက်မတွေးနိုင်ခင်မှာပင် လာရောက် သတင်းပေးသူက ဆက်၍ "တပ်ရင်းမှူးတင်း... ကျန်းတာ့ကျစ်နဲ့ ကောလန်ကန်းတို့ဆီက သတင်းရပါတယ်... ဒီ လင်းယွမ် ပြန်ရောက်လာပြီးနောက် ထိုက်ယန်တောင်က လူတွေက ကျွန်တော်တို့ရဲ့ စမ်းသပ်မှုတွေကို ပြင်းပြင်းထန်ထန် ပြန် ခုခံလာကြတယ်" ဟု ပြောလိုက်သည်။

"မကြာသေးခင်ကတင် သူတို့က ကျွန်တော်တို့လူ တစ်ယောက်ကိုတောင် ဖမ်းသွားပြီး ဗြောင်ကျကျ စော်ကားခဲ့တယ်... ကျွန်တော်တို့ လူတွေကို လုံးဝ ဂရုမစိုက်တဲ့ ပုံစံမျိုးပဲ"

"ကျန်းတာ့ကျစ်နဲ့ ကောလန်ကန်းတို့က ထိုက်ယန်တောင်မှာ အပြောင်းအလဲတွေ ဖြစ်လာမှာကို စိုးရိမ်လို့ အကူအညီ တောင်းနေပါတယ်"

ထိုစကားကို ကြားသောအခါ တင်းဟွေယိ၏ မျက်နှာ ချက်ချင်း ပျက်သွားသည်။

လင်းယွမ် ထိုက်ယန်တောင်သို့ ပြန်ရောက်လာသဖြင့် ထိုက်ယန်တောင်ရှိ လူများ၏ စိတ်ဓာတ်များ တက်ကြွလာနိုင်သည်ဟု သူ ခုနကမှ ခန့်မှန်းနေခဲ့ခြင်း ဖြစ်သည်။

သို့သော် လင်းယွမ်က ဤမျှ တဇွတ်ထိုး ဆန်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။ ပြန်ရောက်ရောက်ချင်းမှာပင် သူ၏ လက်အောက်ငယ်သားများနှင့် တိုက်ရိုက် မျက်နှာချင်းဆိုင် ရင်ဆိုင်လိုက်ခြင်း ဖြစ်သည်။

သူက စစ်တပ်ကို တကယ်ပဲ နည်းနည်းလေးတောင် မကြောက်တာလား။

ထိုအချက်ကို တွေးမိသောအခါ တင်းဟွေယိက ချက်ချင်းပင် လေးနက်သော လေသံဖြင့် "လင်းယွမ်ရဲ့ အခုလက်ရှိ အဓိက အရည်အသွေးမှတ်က ဘယ်လောက်ကို ရောက်နေပြီလဲဆိုတာ သူတို့ စုံစမ်းသိရပြီလား" ဟု မေးလိုက်သည်။

"မသိရသေးပါဘူး... လင်းယွမ်က တစ်ခေါက်ပဲ မျက်နှာပြပြီး အဲ့ဒီနောက်ပိုင်း ထပ်ပေါ်မလာတော့ပါဘူး"

"အစအဆုံး ထိုက်ယန်တောင်ရဲ့ ဟင်းလင်းပြင်သခင် နဲ့ ရေခဲသခင် တို့ကပဲ ဝင်ပါသွားတာပါ"

တင်းဟွေယိက မျက်ခုံးပင့်လိုက်ပြီး လှောင်ပြောင် သရော်လိုက်ရာ ထိုဘွဲ့နာမည် နှစ်ခုကို သူ လုံးဝ အထင်အမြင်သေးနေကြောင်း သိသာလှသည်။

သူ၏ မျက်လုံးများက အရောင်လက်သွားပြီး "ဒီမှာ စောင့်နေ" ဟု ပြောလိုက်သည်။

သူက လှည့်ကာ ယွမ်ရှီကျဲ၏ဘေးသို့ လျင်မြန်စွာ လျှောက်သွားပြီး နားနားကပ်၍ တီးတိုး စကားအချို့ ပြောလိုက်သည်။

ယွမ်ရှီကျဲ ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး ထိုနေရာတွင်ပင် ဒေါက်တာအန်းနှင့် စကားနှစ်ခွန်း သုံးခွန်းခန့် ပြောဆိုပြီးနောက် တင်းဟွေယိ အပါအဝင် အခြားလူများကို ခေါ်ဆောင်ကာ ဓာတ်ခွဲခန်းထဲမှ လျင်မြန်စွာ ထွက်ခွာသွားလေသည်။

ဒေါက်တာအန်းက ထွက်ခွာသွားသော ယွမ်ရှီကျဲတို့ကို ကြည့်ရင်း မျက်နှာပေါ်တွင် သံသယဖြစ်ဟန် အနည်းငယ် ပေါ်လွင်နေသည်။

ချက်ချင်းပင် သူက ခေါင်းခါယမ်းလိုက်ပြီး ဓာတ်ခွဲခန်းထဲရှိ ဆံပင်အဖြူရောင်နှင့် မိန်းကလေးကို လှည့်ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် စူးရှသော အရောင်တစ်ချက် လက်သွားသည်။

"နည်းနည်းလေးပဲ လိုတော့တယ်... သူ့ရဲ့ မျိုးရိုးဗီဇအစုအဝေးကို ဖော်ထုတ်နိုင်တာနဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းပုံရဲ့ မှန်ကန်တဲ့ အစီအစဉ်ကို ရှာတွေ့နိုင်လောက်ပြီ"

......

အခြားတစ်ဖက်တွင် တင်းဟွေယိသည် ယွမ်ရှီကျဲ၏ နောက်မှလိုက်ကာ အစည်းအဝေးခန်းဆီသို့ လျင်မြန်စွာ ရောက်ရှိလာသည်။

ထိုအချိန်တွင် သိန်းငှက်အဖွဲ့၏ အရေးကြီး ပုဂ္ဂိုလ်များ အသီးသီး ရောက်ရှိနေကြပြီ ဖြစ်သည်။

ယွမ်ရှီကျဲ၏ မျက်နှာက တည်တင်းနေပြီး လေးနက်သော လေသံဖြင့် "အားလုံးပဲ... ထိုက်ယန်တောင်ဘက်ကနေ သတင်းရထားတယ်... ထိုက်ယန်တောင်ရဲ့ ခေါင်းဆောင် လင်းယွမ် ပြန်ရောက်လာပြီ" ဟု ပြောလိုက်သည်။

"ထိုက်ယန်တောင်ကို သိမ်းပိုက်မယ့် ငါတို့ရဲ့ အစီအစဉ်ကို အပြောင်းအလဲ လုပ်ဖို့ လိုအပ်လာပြီ"

"အရင်တုန်းကလို ရေနွေးနဲ့ ဖားပြုတ်တဲ့နည်းက အလုပ်မဖြစ်တော့ဘူး... တိုက်ရိုက် လက်စွမ်းပြဖို့ လိုလာပြီထင်တယ်"

"ဟွေယိ... ကျန်းတာ့ကျစ်တို့ သတင်းပို့လာတဲ့ အခြေအနေကို မင်းပဲ ရှင်းပြလိုက်ပါဦး"

ယွမ်ရှီကျဲ၏ စကားဆုံးသည်နှင့် တင်းဟွေယိက လျင်မြန်စွာ မတ်တတ်ထရပ်လိုက်ပြီး "လင်းယွမ် ပြန်ရောက်လာပြီးနောက် ထိုက်ယန်တောင်က လူတွေက ကျွန်တော်တို့ရဲ့ စမ်းသပ်မှုအပေါ် သဘောထား ချက်ချင်းဆိုသလို တစ်ရာ့ရှစ်ဆယ်ဒီဂရီ လောက် ပြောင်းလဲသွားပါတယ်" ဟု ပြောသည်။

"အရင်တုန်းက လီချင်းဟွာနဲ့ ကျောက်ခိုင်တို့ရဲ့ ကြီးကြပ်မှုအောက်မှာ ထိုက်ယန်တောင်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက ကျွန်တော်တို့ရဲ့ စမ်းသပ်မှုတွေကို သည်းခံတဲ့အပိုင်းက ပိုများတယ်"

"ဒါပေမဲ့ လင်းယွမ် ပြန်ရောက်လာတာနဲ့ သူတို့က ချက်ချင်း အရမ်းကို တင်းမာသွားပြီး... ကျွန်တော်တို့ လူကို ဖမ်းဆီးတဲ့ အခြေအနေမျိုး ပထမဆုံးအကြိမ် ဖြစ်ပေါ်လာတဲ့အထိပါပဲ"

ထိုစကား ထွက်ပေါ်လာသည်နှင့် အခန်းထဲရှိ သိန်းငှက်အဖွဲ့ဝင်များ၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ အသီးသီး ပေါ်ထွက်လာကြသည်။

"ဘာ... ထိုက်ယန်တောင်က လူတွေက ကျားအသည်းများ စားထားလို့လား... ငါတို့ စစ်တပ်က လူတွေကိုတောင် ထိရဲတယ်ပေါ့လေ"

"ခွေးမသားတွေ... ဒီအမှိုက်ကောင်တွေက ငါတို့လူတွေကိုတောင် ထိရဲတယ်ပေါ့... ခေါင်းဆောင်ကြီး... ကျွန်တော် အကြံပြုချင်တာက ချက်ချင်း စစ်တပ်စေလွှတ်ပြီး ထိုက်ယန်တောင်ကို အင်အားသုံး နှိမ်နင်းသင့်တယ်... သူတို့ဆီက ဖြေရှင်းချက် တောင်းရမယ်"

"တော်စမ်းပါ... ဘာဖြေရှင်းချက် တောင်းနေစရာ လိုသေးလို့လဲ... ထိုက်ယန်တောင်ကို တစ်ခါထဲ ချီတက်ပြီး လင်း ဆိုတဲ့ကောင်ကို ဖမ်း... ပြီးရင် လူပုံလယ်မှာ ပစ်သတ်လိုက်... ဘယ်ကောင် မကျေမနပ် ဖြစ်ရဲသေးလဲ ကြည့်ရသေးတာပေါ့"

"ကျွန်တော် ပြောသားပဲ... အရင်အစီအစဉ်က အရမ်း ရှုပ်ထွေးလွန်းတယ်လို့... ဟို လီချင်းဟွာကို တိုက်ရိုက် ဖမ်းလိုက်ရင် အခုလောက်ဆို ဟင်းလင်းပြင်အမျိုးအစား ရေပေါ်ကျွန်းက ငါတို့ပိုင် ဖြစ်နေလောက်ပြီ... ဘယ်မှာ ဒီလောက် ပြဿနာတွေ ရှိလာတော့မလဲ"

အစည်းအဝေးခန်းထဲတွင် သိန်းငှက်အဖွဲ့ဝင် စစ်ဗိုလ်ချုပ်များက အသီးသီး ဆဲဆိုလာကြသည်။

တင်းဟွေယိက မနေနိုင်တော့ဘဲ "တော်ကြတော့... လင်း ဆိုတဲ့လူက အခု ဘယ်လောက် အစွမ်းထက်နေလဲ မသိရသေးဘူး... အရမ်း လှုပ်ရှားလို့မရဘူး" ဟု အော်ဟစ်လိုက်သည်။

"ခေါင်းဆောင်ကြီး... ကျွန်တော် အကြံပြုချင်တာက အရင်ဆုံး အသေအချာ စကားပြောကြည့်ပြီးမှ လိုအပ်ရင် အင်အားသုံးသင့်တယ်... ကျွန်တော်တို့ လူတွေခေါ်သွားပြီး တပ်မကြီးနဲ့ အရင် ဝိုင်းထားမယ်... အဲ့ဒီနောက်မှ သူတို့ကို လက်နက်ချဖို့ ဖိအားပေးမယ်"

"မဖြစ်နိုင်တဲ့ အခြေအနေတချို့ကို တောင်းဆိုကြည့်မယ်... တစ်ဖက်က လက်ခံလား လက်မခံဘူးလား ကြည့်ရတာပေါ့... တကယ်လို့ လက်ခံတယ်ဆိုရင် သူတို့က အသံသာကျယ်ပြီး အလုပ်မဖြစ်တာ... စစ်မတိုက်ရဲဘူးဆိုတာ သေချာသွားပြီ... ကျွန်တော်တို့လည်း အဲ့ဒီအခွင့်အရေးကို ယူပြီး လင်းယွမ်ရဲ့ အစွမ်းကို သေချာ စုံစမ်းလို့ရတာပေါ့"

"အဲ့ဒီအချိန်ရောက်မှ လီချင်းဟွာကို တိုက်ရိုက် စစ်တပ်စေလွှတ် ဖမ်းဆီးပြီး ဟင်းလင်းပြင်အမျိုးအစား ရေပေါ်ကျွန်းကို ရယူလိုက်မယ်"

"တကယ်လို့ တစ်ဖက်က သဘောထား တင်းမာနေပြီး လင်းယွမ်ရဲ့ အစွမ်းကလည်း ကျွန်တော်တို့ မျှော်လင့်ထားတာထက် ကျော်လွန်နေတယ်ဆိုရင်တော့ ကျွန်တော်တို့ အေးအေးဆေးဆေး ပြန်စဉ်းစားကြတာပေါ့"

ယွမ်ရှီကျဲက ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်ပြီး "ဟွေယိရဲ့ စကားက ရင့်ကျက်တဲ့ အကြံဉာဏ်ပဲ... လူကြီးမင်းတို့ရော ဘယ်လိုထင်လဲ" ဟု မေးလိုက်သည်။

လူအားလုံး ပြင်းပြင်းထန်ထန် ဆွေးနွေးလိုက်ကြပြီး အချို့က တင်းဟွေယိ၏ အကြံပြုချက်ကို သဘောတူကြသည်။

အချို့ကမူ ရှုပ်ထွေးလွန်းသည်ဟု ထင်မြင်ကြပြီး တိုက်ရိုက် သွားရောက် တိုက်ခိုက်ကာ လင်းယွမ်ကို သတ်ဖြတ်၍ လီချင်းဟွာကို ဖမ်းဆီးပြီးနောက် ဟင်းလင်းပြင်အမျိုးအစား ရေပေါ်ကျွန်းကို သန့်စင်ကာ ထိုက်ယန်တောင်၏ အရင်းအမြစ်များကို ရယူသင့်သည်ဟု တွေးကြသည်။

သို့သော် နောက်ဆုံးတွင် လူများစု၏ ဆန္ဒကို လိုက်နာကာ တင်းဟွေယိ၏ အကြံပြုချက်ကို အတည်ပြုလိုက်ကြသည်။

ယွမ်ရှီကျဲက နောက်ဆုံးတွင် တင်းဟွေယိကို ကြည့်ကာ "ဟွေယိ... အစီအစဉ်က မင်းအကြံပြုထားတာဆိုတော့ ဒီကိစ္စကို မင်းကိုပဲ လွှဲလိုက်တော့မယ်" ဟု ပြောလိုက်သည်။

"မင်း အခုချက်ချင်း လူတွေခေါ်ပြီး ထိုက်ယန်တောင်ကို သွား... မှတ်ထားနော်... ပွဲကို ကြီးကြီးကျယ်ကျယ် လုပ်ရမယ်... တိုက်စရာမလိုဘဲ ရန်သူကို လက်နက်ချအောင် လုပ်နိုင်ရင် အကောင်းဆုံးပဲ"

တင်းဟွေယိက ရယ်မောလိုက်ပြီး ချက်ချင်း အလေးပြုကာ "ဟုတ်ကဲ့ပါ ခေါင်းဆောင်ကြီး" ဟု ဖြေကြားလိုက်သည်။

တင်းဟွေယိက ထိုနေရာတွင်ပင် တပ်ရင်းမှူးအဆင့်ရှိသူ အချို့ကို ရွေးချယ်လိုက်ပြီး "ကျန်းမင်ယွီ... ဟွမ်ဇီရှန်... လျှိုကျန့်ကော်... မင်းတို့ သုံးယောက် အခုချက်ချင်း ကိုယ့်တပ်ဖွဲ့ကိုယ် ဦးဆောင်ပြီး နာရီဝက်နေရင် ထွက်ခွာကြ" ဟု အော်ဟစ် အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ပါ တပ်ရင်းမှူး"

ဆက်ရန်...

အပိုင်း (၅၆၆) ဝင်ရောက်တိုက်ခိုက်ခြင်း

ကွမ်ဖူစစ်ဒေသတွင် မူလက တပ်ရင်းတစ်ရင်းစာ အင်အားဖြစ်သည့် လူ ၈၀၀ ခန့် ရှိသည်။

သို့သော် ရေလွှမ်းမိုးသည့် ကပ်ဘေးဆိုးကြီး ကျရောက်ပြီးနောက် စစ်ဒေသအထက်ပိုင်း ခေါင်းဆောင်များကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာကာ တစ်စခန်းလုံး အုပ်စုနှစ်စု ကွဲသွားခဲ့သည်။

ထို့ကြောင့် မူလက တပ်ရင်းတစ်ရင်းစာ လူအင်အားမှာ ၄၀၀ ခန့်အထိ သိသိသာသာ လျော့ကျသွားလေသည်။

တပ်ရင်းတစ်ရင်းစာ အင်အားကို ထိန်းသိမ်းထားနိုင်ရန်အတွက် စစ်တပ်က ရေကြီးနေစဉ်အတွင်း အပြင်ဘက်မှ ဒုက္ခသည်များကို စစ်သားများအဖြစ် အသည်းအသန် လိုက်လံ စုဆောင်းခဲ့ကြသည်။

ထိုသို့ တိုးချဲ့လိုက်သော်လည်း တပ်ရင်းအင်အားမှာ လူ ၅၀၀ ခန့်သာ ရှိလာခဲ့သည်။

ခြေလျင်တပ်ရင်းတစ်ရင်း၏ အနိမ့်ဆုံး စံသတ်မှတ်ချက်ကိုတော့ မနည်း ပြည့်မီသွားပေသည်။

ဤသည်မှာလည်း အစောပိုင်းကာလများက စစ်တပ်ဆိုသည်မှာ နိုင်ငံတော်၏ ပြယုဂ်ဖြစ်ပြီး ယုံကြည်စိတ်ချရမှု မြင့်မားသောကြောင့်သာ ဒုက္ခသည်အများစုကို ဆွဲဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် သန္ဓေပြောင်းစွမ်းအင်များ ပေါ်ပေါက်လာသည်နှင့်အမျှ လူအများစုမှာ လက်တွေ့ဘဝ၏ အမှောင်ဘက်ခြမ်းကို နားလည်လာကြပြီး စစ်တပ်ကို အလွယ်တကူ မယုံရဲကြတော့ပေ။

ထို့အပြင် သိန်းငှက်အဖွဲ့မှ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များ၏ အစွန်းရောက်သော လုပ်ရပ်များကြောင့် အပြင်တွင် သတင်းဆိုးများ ထွက်ပေါ်နေသဖြင့် လူအတော်များများက ဘာသာရေးဂိုဏ်းကြီး သုံးခုသို့သာ ဝင်ရောက်ရန် ရွေးချယ်ခဲ့ကြသည်။

ထိုသို့မဟုတ်ဘဲ အစွမ်းအစရှိသူများကမူ ကိုယ်ပိုင်အဖွဲ့အစည်းများ တည်ထောင်ကာ နယ်မြေသတ်မှတ်၍ ဘုရင်လုပ်နေကြလေသည်။

အချုပ်အားဖြင့်ဆိုရလျှင် ကပ်ဘေးဆိုးကြီး ပြီးနောက်တွင် လူဦးရေဆိုသည်မှာ တန်ဖိုးအရှိဆုံး အရာပင် ဖြစ်လာတော့သည်။

အထူးသဖြင့် ရေကြီးမှုစတင်ခဲ့သည်မှာ ယခုဆိုလျှင် တစ်နှစ်ရှိနေပြီဖြစ်ရာ သေဆုံးသွားသော လူသားအရေအတွက်မှာ အလွန်တရာ တုန်လှုပ်ဖွယ် ကောင်းလောက်အောင် များပြားနေပြီ ဖြစ်သည်။

အသက်ရှင်ကျန်ရစ်သူ လူများမှာ ဆယ်ပုံတစ်ပုံပင် မရှိတော့ပေ။

ယခုအချိန်တွင် ကွမ်ဖူစစ်တပ်က လူသစ်စုဆောင်းချင်လျှင်တောင် ရှာ၍မရနိုင်တော့ချေ။

အဘယ်ကြောင့်ဆိုသော် ပြင်ပရှိ အဖွဲ့အစည်းအသီးသီးကလည်း လူအင်အားကို လုနေကြသောကြောင့် ဖြစ်သည်။

ဘာသာရေးဂိုဏ်းကြီး သုံးခုဆိုလျှင် ဥယျာဉ်အိမ်ရာ တစ်ဝိုက်အထိပင် နယ်မြေချဲ့ထွင်လာကြပြီ ဖြစ်သည်။

ထို့ကြောင့် ထိုက်ယန်တောင်မှ လူ ၅၀၀၀၊ ၆၀၀၀ ခန့်ကို အနည်းငယ်မျှသာဟု ထင်ရသော်လည်း လင်ကျောင်းမြို့ တစ်မြို့လုံးနှင့် ယှဉ်ကြည့်လျှင် ထိုအရေအတွက်က အလွန်များပြားသော လူဦးရေဖြစ်နေသည်မှာ အသေအချာပင်။

ပို၍ ရှားပါးသောအချက်မှာ ထိုက်ယန်တောင်ရှိ ထို ၅၀၀၀၊ ၆၀၀၀ သော လူဦးရေထဲတွင် အမျိုးသမီးများနှင့် ကလေးသူငယ်များ သုံးပုံတစ်ပုံအထက် ပါဝင်နေခြင်း ဖြစ်သည်။

ဤကဲ့သို့သော ကပ်ဘေးကာလတွင် အမျိုးသမီးများနှင့် ကလေးများက အနာဂတ်ကို ကိုယ်စားပြုပေသည်။ အမျိုးသမီးများ၏ ပခုံးထက်တွင် မျိုးဆက်သစ်များ မွေးဖွားပေးရန် ကြီးလေးသော တာဝန်ရှိနေပြီး ကလေးများကမူ ထိုက်ယန်တောင်၏ အနာဂတ်များပင် ဖြစ်ကြသည်။

ထိုအချက်က ထိုက်ယန်တောင်၏ တိုက်ခိုက်ရေးအင်အားသည် စုစုပေါင်း လူဦးရေ၏ သုံးပုံနှစ်ပုံခန့်သာ ရှိသည်ဟုလည်း ဆိုလိုနေသည်။

သို့ရာတွင် ထို သုံးပုံနှစ်ပုံ ဆိုသည်မှာပင် လူ ၃၀၀၀၊ ၄၀၀၀ နီးပါး ရှိနေသဖြင့် ဤအရေအတွက်က လုံးဝ မနည်းလှပေ။

စစ်တပ်၏ တပ်ရင်းတစ်ရင်းလျှင် လူ ၅၀၀ ရှိသည်ဟူသော တွက်ချက်မှုအရ ဆိုပါက ထိုက်ယန်တောင်ရှိ လူများဖြင့် တပ်ရင်း ၇ ရင်း၊ ၈ ရင်းခန့် ဖွဲ့စည်းနိုင်ပေသည်။

ယခုအခါ ဤလူအင်အားများက ဌာနအသီးသီးတွင် ပြန့်ကျဲနေကြသည်။

အားလုံးက အစွမ်းပိုင်ရှင်များ မဟုတ်ကြဘဲ သာမန်လူ အများအပြားလည်း ရှိနေသေးသည်။

၎င်းတို့ထဲမှ အချို့မှာ ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်ထဲတွင် ကျန်ရှိနေပြီး စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးကဲ့သို့သော ကိစ္စရပ်များကို တာဝန်ယူထားကြသည်။

လက်ရှိ ထိုက်ယန်တောင်ပေါ်ရှိ တိုက်ခိုက်ရေးအင်အား စုစုပေါင်းမှာ လူ ၂၀၀၀ ခန့် ရှိပေမည်။

ထို လူ ၂၀၀၀ က တောင်ထိပ် သုံးခုပေါ်တွင် ခွဲ၍ နေရာယူထားကြသည်။

လင်းယွင်တောင်စောင်းရှိ တိုက်ခိုက်ရေးအင်အားမှာ အနည်းဆုံးဖြစ်ပြီး စုစုပေါင်း လူ ၃၀၀ ခန့်သာ ရှိကာ တောင်ထိပ်၊ တောင်ခြေနှင့် သစ်တောများထဲရှိ ပုန်းအောင်းရန် ကောင်းသောနေရာများတွင် ပြန့်ကျဲနေကြသည်။

မိန်တောင်တွင်မူ တိုက်ခိုက်ရေးအင်အား ၁၀၀၀ နီးပါး ရှိပြီး ယွင်ချွမ်ဘုရားကျောင်းနှင့် ကျဲ့ဆစ် စာသင်ကျောင်းတို့ကို ဗဟိုပြု၍ တောင်ထိပ်နှင့် တောင်ခြေတို့တွင် အသီးသီး စောင့်ကြပ်နေကြသည်။

ထိုအထဲမှ ကျဲ့ဆစ် စာသင်ကျောင်းဘက်ကို လီရှန်ယန်၊ ရန်ရုံဝေတို့က အဓိက ဦးဆောင်ကြပြီး သူတို့သည် လင်းယွမ်၏ဘက်တွင် ယိမ်းယိုင်ခြင်းမရှိ ရပ်တည်နေကြသူများ ဖြစ်ကြသည်။

အမမေနှင့် ပတ်သက်မှုကြောင့် သူတို့ထဲမှ လူအတော်များများက လင်းယွမ်နှင့် အလိုလို ရင်းနှီးနေကြခြင်း ဖြစ်သည်။

ယွင်ချွမ်ဘုရားကျောင်းဘက်ကိုမူ ကျောက်ခိုင်က ဦးဆောင်ပြီး သူက ယခင်ကတည်းက ဤနေရာ၏ တာဝန်ခံ ဖြစ်ပေသည်။

ယခုအခါ ယွင်ချွမ်ဘုရားကျောင်း၏ အတိုင်းအတာမှာ ထပ်မံ ကျယ်ပြန့်လာခဲ့ပြီ ဖြစ်သည်။ အစောပိုင်းက မြူခိုးမြို့တော်မှ လင်းယွမ် ခေါ်ဆောင်လာခဲ့သော သင်္ဘောခေါင်းဆောင်များမှာ ထိုက်ယန်တောင်ကို လုံးဝ သစ္စာခံသွားကြပြီး ထိုက်ယန်တောင်၏ အဖွဲ့ဝင်များ ဖြစ်လာကြသည်။

အဒေါ်ကြီးလီတို့၏ အမျိုးသမီးအဖွဲ့မှ စီစဉ်ပေးမှုများကြောင့် ထိုလှေသမားခေါင်းဆောင် အချို့မှာ ထိုက်ယန်တောင်တွင် အိမ်ထောင်ဖက်များပင် ရရှိသွားကြပြီ ဖြစ်သည်။

ကျိုးဝမ်ရှီးလို အမြန်နှုန်း မြန်ဆန်သူဆိုလျှင် မိန်းမပင် ကိုယ်ဝန်ရနေလေပြီ။

ထိုသူများကလည်း ထိုက်ယန်တောင်ကို သူတို့၏ အိမ်ဂေဟာအဖြစ် သတ်မှတ်ထားကြသည်မှာ သဘာဝပင် ဖြစ်သည်။

ဤအချက်က မည်သည့် ဘာသာရေး ယုံကြည်မှုမျိုးထက်မဆို ပို၍ ယုံကြည်စိတ်ချရမှု ရှိပေသည်။

လူတိုင်းက ဤနေရာသည် သူတို့၏အိမ်ဟု ရင်ထဲမှ အမှန်တကယ် ယုံကြည်လက်ခံလာစေမှသာ သူတို့ အသက်ကို ပေး၍ ကာကွယ်ကြမည် ဖြစ်သည်။

ထိုက်ယန်တောင်ဘက်ကိုမူ ပြောစရာပင် မလိုတော့ပေ။ လင်းယွမ် ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲနေသဖြင့် စိုးရိမ်ရန် မလိုအပ်ချေ။

လီချင်းဟွာကမူ လူများကို ခေါ်ဆောင်ကာ ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်ဘက်တွင် စောင့်ကြပ်နေသည်။

ယခုအခါ ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်သည် ထိုက်ယန်တောင်၏ အဓိက ခြေကုပ်စခန်းကြီး ဖြစ်လာခဲ့ပြီး ထိုက်ယန်တောင်ရှိ လူအများစု၏ ဆွေမျိုးသားချင်းများမှာ ထိုနေရာတွင် ပုန်းအောင်းနေကြသည်။

ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်၏ ပိုင်ရှင်ဖြစ်သော လီချင်းဟွာက ထိုနေရာတွင် ကြီးကြပ်ကွပ်ကဲနေခြင်းကလည်း အသင့်တော်ဆုံးပင် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင်မှ သူ၏ အစွမ်းအစများကို ၁၂၀ ရာခိုင်နှုန်းအထိ အပြည့်အဝ ထုတ်သုံးနိုင်မည် ဖြစ်သောကြောင့်တည်း။

ယခုအချိန်တွင် ထိုက်ယန်တောင် ကွင်းပြင်၌ ကျန်းတာ့ကျစ်နှင့် ကောလန်ကန်းတို့ကို မြေပြင်ပေါ်တွင် ကြိုးတုပ်ထားသည်။

လင်းယွမ်၊ ဟန်ရှန်းမန်၊ ကျန်းဖန်တို့လည်း ရှိနေကြသည်။

သို့သော် အများ၏ အာရုံကို အဖမ်းစားနိုင်ဆုံးမှာ လင်းယွမ်၏ ဘေးတွင် ရပ်နေသော ရင်စေ့ကွဲ အင်္ကျီရှည် ဝတ်ဆင်ထားသည့် အလှရှင်လေးပင် ဖြစ်သည်။

သူမက အပြာနုနှင့် အဖြူရောင် ရောစပ်ထားသော ရင်စေ့ကွဲ အင်္ကျီရှည်ကို ဝတ်ဆင်ထားပြီး မြင့်မြတ်ကျက်သရေရှိလှကာ သူမ၏ ပြုံးဟန်၊ ရယ်ဟန်တိုင်းက ပြိုင်စံရှားသော အလှတရားများကို သယ်ဆောင်လာသကဲ့သို့ ရှိသည်။

တစ်လကျော်ခန့် မတွေ့ရသည့်တိုင် ကျွမ်းရှုယွမ်၏ ဆွဲဆောင်မှုမှာ ပိုမို ထင်ရှားလာခဲ့သည်။

သူမ၏ ဘုရင်မတစ်ပါးကဲ့သို့သော အငွေ့အသက်များက အာဏာ၏ လွှမ်းမိုးမှုအောက်တွင် ပိုမို ကြီးမားလာပြီး မည်သူမျှ မလေးမစား မလုပ်ရဲလောက်အောင် ဖြစ်လာသည်။

လင်းယွမ်၏ ရှေ့မှောက်တွင်သာ သူမက မိန်းမပျိုလေး တစ်ဦး၏ အသွင်ကို ဖော်ပြတတ်လေသည်။

လင်းယွမ်၏ ဘေးတွင် ရပ်နေချိန်တွင်မူ သူမ၏ မျက်နှာက တည်ငြိမ် လေးနက်နေသည်။

"ဆရာလင်းယွမ်... ဒါတွေက ကျွန်မ စစ်မေးလို့ရလာတဲ့ စစ်တပ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေပါ... ကြည့်လိုက်ပါဦး"

သူမက လက်လှမ်းကာ စာရွက်စာတမ်း တစ်စောင်ကို လင်းယွမ်ထံ ကမ်းပေးလိုက်သည်။

လင်းယွမ် လှမ်းယူလိုက်ချိန်တွင် သူမက လင်းယွမ်၏ လက်ခုံကို တိတ်တဆိတ် ကုတ်ခြစ်လိုက်သည်။

လင်းယွမ် မျက်မှောင်ပင့်သွားပြီး သူမကို တစ်ချက် လှမ်းကြည့်လိုက်သည်။

သို့သော် သူမက ဘာမှမသိသကဲ့သို့ တည်ငြိမ်လေးနက်သော မျက်နှာထားဖြင့် ရှိနေသည်ကို တွေ့လိုက်ရသည်။

လင်းယွမ်က ပြုံးလိုက်ပြီး စာရွက်စာတမ်းကို ယူကာ ဖတ်ကြည့်လိုက်သည်။

"သြော်... သူတို့က စစ်တပ်ရဲ့ သိန်းငှက်အဖွဲ့က လူတွေပေါ့လေ"

"ဟက်ဟက်... ခင်ဗျားတို့လည်း ကြည့်လိုက်ကြဦး"

လင်းယွမ် ဖတ်ပြီးသွားသောအခါ ဘေးရှိလူများကို ထိုထွက်ဆိုချက်များကို ဖတ်ရှုနိုင်ရန် ကမ်းပေးလိုက်သည်။

ဟန်ရှန်းမန်၊ ကျန်းဖန်တို့က စာရွက်စာတမ်းများကို လှမ်းယူလိုက်ပြီး အထဲရှိ အကြောင်းအရာများကို မြင်လိုက်ရသည်နှင့် သူတို့အားလုံး၏ မျက်နှာပေါ်တွင် ဒေါသထွက်နေသည့် အရိပ်အယောင်များ ပေါ်လာကြသည်။

"သူတို့က တကယ်ပဲ စစ်တပ်အထက်ပိုင်းရဲ့ ညွှန်ကြားချက်ကို ရထားပြီး ငါတို့ ထိုက်ယန်တောင်ရဲ့ အရင်းအမြစ်တွေကို သိမ်းပိုက်ချင်နေတာပဲ"

"ဒီအတောအတွင်း သူတို့လုပ်ခဲ့တဲ့ လွန်ကျူးတဲ့ လုပ်ရပ်တွေအကုန်လုံးက တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ကြတာပေါ့"

"ဒီ ခွေးမသားတွေ... တောက်... ချင်းဟွာကတောင် သူတို့ကို ဟင်းလင်းပြင် အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့ အခု ၅၀ ပေးခဲ့သေးတယ်... သောက်ကောင်တွေ... သူတို့က ငါတို့ကို ဒီလိုမျိုး လာကူညီတာလား"

"စစ်ဝတ်စုံကို ခြုံထားတဲ့ ဒီခွေးကောင်တွေက စစ်သားပုံစံ မရှိတော့တာ ကြာပြီ"

"အရှက်မရှိလိုက်တာ... တကယ်ကို အရှက်မဲ့လွန်းတယ်"

လူအားလုံး ဒေါသပေါက်ကွဲသွားကြပြီး အသီးသီး ဆဲရေးတိုင်းထွာ လိုက်ကြသည်။

လင်းယွမ်ကမူ ကြိုတင် တွေးထားပြီးသား ဖြစ်သဖြင့် တည်ငြိမ်နေသည်။ သူက ကျွမ်းရှုယွမ်ကို ကြည့်ကာ မေးလိုက်သည်။ "ဒီနှစ်ယောက်က စစ်တပ်ရဲ့ သန္ဓေပြောင်းစွမ်းအင် နည်းပညာနဲ့ပတ်သတ်ပြီး ထုတ်မပြောဘူးလား"

ကျွမ်းရှုယွမ်က ခေါင်းခါလိုက်သည်။ "နည်းနည်းပါးပါးလောက်ပဲ သိရတယ်... သူတို့က ပညာရှင်တွေ မဟုတ်တော့ လုံးဝ နားမလည်ကြဘူး... ကျွန်မ သူတို့ဆီကနေ သန္ဓေပြောင်းစွမ်းအင် သုံးတဲ့ ပစ္စည်းတချို့ပဲ ရှာတွေ့ခဲ့တယ်... အဲဒါတွေကို အသုံးပြုတဲ့ နည်းလမ်းကိုတော့ သူတို့ဆီကနေ အတင်းအကျပ် မေးထားပြီးပြီ"

"ဒီအချက်အလတ်တွေကို ပါမောက္ခလီတို့ရဲ့ သုတေသနဌာနကို ကျွန်မ ပေးလိုက်ပြီ"

လင်းယွမ် ခေါင်းညိတ်လိုက်ပြီး ဆက်လက် မေးမြန်းရန် ပြင်လိုက်သည်။

ရုတ်တရက် ကိုးဝူမျှော်စင် ဘက်ဆီမှ စူးရှကျယ်လောင်သော ဥသြဆွဲသံ ထွက်ပေါ်လာသည်။

လင်းယွမ် ချက်ချင်း ခေါင်းမော့ကြည့်လိုက်ပြီး ဘေးရှိ ဟန်ရှန်းမန်ကလည်း အော်ဟစ်လိုက်သည်။ "ရန်သူတွေ လာပြီ"

"တစ်ယောက်ယောက်က လေထဲကနေ ခိုးဝင်လာတာပဲ"

"ဆရာလင်းယွမ်... ကျွန်တော် သွားကြည့်လိုက်မယ်"

ထူလုံက ချက်ချင်း အော်ဟစ်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်က လေထဲသို့ ခုန်ပျံတက်သွားကာ ဝေဟင်တွင် ကြီးမားသော လင်းယုန်ကြီး တစ်ကောင်အဖြစ် အသွင်ပြောင်း၍ တောင်ပံခတ်ကာ ကောင်းကင်ယံသို့ ပျံသန်းသွားလေသည်။

သူသည်လည်း မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်ခဲ့ပြီ ဖြစ်ရာ ယခုအခါ သူ၏ တက်တူးဝိညာဉ်အစွမ်းမှာ ပိုမို အစွမ်းထက်လာခဲ့ပြီ ဖြစ်သည်။

အသွင်ပြောင်းလိုက်သော လင်းယုန်ကြီးမှာ အရွယ်အစား ကြီးမားရုံသာမက အမွေးအတောင်များကလည်း အလွန် မာကျောထက်မြက်လာပြီး တိုက်လေယာဉ် တစ်စင်းနှင့်ပင် တူနေလေသည်။

"ဝုန်း"

တစ်ချိန်တည်းမှာပင် တောင်ခြေဆီမှ ပြင်းထန်သော ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာသည်။

လူအားလုံး တောင်ခြေဆီသို့ လှမ်းကြည့်လိုက်ကြသည်။

နှင်းမုန်တိုင်းများကြားတွင် တောင်ခြေမှ ပြင်းထန်သော ပေါက်ကွဲသံများ ထွက်ပေါ်လာပြီးနောက် မီးတောက်မီးလျှံကြီးများ ကောင်းကင်သို့ ထိုးတက်သွားကာ မီးခိုးလုံးကြီးများ လွင့်ပျံလာသည်ကို မြင်လိုက်ရသည်။

ဟန်ရှန်းမန်က အလျင်အမြန် ပြောလိုက်သည်။ "ကော့လီနဲ့ ဟုန်မြန်တို့ စောင့်နေတဲ့ နေရာပဲ"

"ရန်သူတွေ ဝင်လာပြီ... ကိုလင်းယွမ်... ကျွန်မ သွားကြည့်လိုက်မယ်" ဟန်ရှန်းမန်က ချက်ချင်း ပြောလိုက်သည်။

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "သတိထားဦး" ဟု မှာကြားလိုက်သည်။

ဟန်ရှန်းမန် အနည်းငယ် ကြောင်သွားပြီး သူ၏ မျက်လုံးများထဲမှ စိုးရိမ်ပူပန်နေသည့် အရိပ်အယောင်များကို မြင်လိုက်ရသောအခါ သူမ၏ ရင်ထဲတွင် အကြောင်းပြချက်မရှိဘဲ နွေးထွေးသွားသည်။

သူမ၏ ခြေလှမ်းများ အနည်းငယ် ရပ်တန့်သွားပြီးနောက် ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ "အင်း... ကျွန်မ သိပါပြီ"

ထိုသို့ပြောပြီးနောက် သူမက လျင်မြန်စွာ လှုပ်ရှားကာ တောင်အောက်သို့ ပြေးဆင်းသွားတော့သည်။

ဘေးရှိ ကျွမ်းရှုယွမ်က ထိုမြင်ကွင်းကို သတိထားမိသွားပြီး သူမ၏ လှပသော မျက်ဝန်းများထဲတွင် ထူးခြားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူမက ဟန်ရှန်းမန်၏ ရှည်လျားသော ခြေတံများကို တွေးတောစွာ ကြည့်လိုက်ပြီး လင်းယွမ်ကို တစ်ချက် လှမ်းကြည့်ကာ နှုတ်ခမ်းကို တင်းတင်းစေ့၍ တစ်ခုခုကို တွေးမိသွားပုံရသည်။

"သြော်... သူက ဒီလိုပုံစံမျိုးကိုလည်း သဘောကျတာကိုး"

တောင်အောက်နှင့် လေထဲတွင် ပြင်းထန်သော တိုက်ပွဲ အရှိန်အဟုန်များ ဖြစ်ပေါ်လာသည်နှင့်အတူ တိုက်ပွဲမှာ ဤအခိုက်အတန့်တွင် ချက်ချင်း စတင်သွားလေပြီ။

တစ်ချိန်တည်းမှာပင် လင်းယွင်တောင်စောင်းနှင့် မိန်တောင်ဘက်မှလည်း အလားတူ တိုက်ပွဲ၏ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

လင်းယွမ်၏ ဘေးရှိ ကျန်းဖန်တို့ အဖွဲ့ကလည်း တိုက်ပွဲဖြစ်ရာသို့ အပြေးအလွှား သွားကြသည်။

မကြာမီ သူ၏ ဘေးတွင် ကျွမ်းရှုယွမ်၊ ပိုင်ကျစ်လဲ့၊ ဝမ်အန်း စသည့် တိုက်ရိုက် တိုက်ခိုက်နိုင်စွမ်း မရှိသော သူများသာ ကျန်ရှိနေတော့သည်။

လင်းယွမ်က ကျွမ်းရှုယွမ်ကို ပြောလိုက်သည်။ "မင်း သူတို့ကို ခေါ်ပြီး နေရောင်ခြည်ဇုန်ကို ပြန်သွားလိုက်တော့"

ကျွမ်းရှုယွမ်က အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး "ရှင်လည်း သတိထားနော်" ဟု ပြောလိုက်သည်။

နေရောင်ခြည်ဇုန်ဘက်တွင် ယခုအခါ အရေးပေါ် ဆေးကုသရေးဌာနကို ယာယီ တည်ဆောက်ထားပြီး လက်ရှိတွင် ရန်ဆန်းမင်တို့က တာဝန်ယူကာ တိုက်ပွဲတွင် ဒဏ်ရာရသူများကို အထူး ကုသပေးနေသည်။

ယခုအချိန်တွင် နေရာအနှံ့မှ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်နေပြီးနောက် ကောင်းကင်ယံတွင် လူရိပ် ဆယ်ဂဏန်းခန့် ချက်ချင်း ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။

ထူလုံ အသွင်ပြောင်းထားသော လင်းယုန်ကြီးက လေထဲတွင် အလျင်အမြန် လှည့်ပတ်နေပြီး နောက်ကွယ်ရှိ လူဆယ်ကျော်၏ အမျိုးမျိုးသော စွမ်းအင်လက်နက် တိုက်ခိုက်မှုများကို ဆက်တိုက် ရှောင်တိမ်းနေသည်။

အခြေအနေမှာ အလွန် အရေးပေါ်ဖြစ်နေသည်။

လင်းယွမ်၏ နောက်ရှိ ကောကျဲက ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ချက်ချင်း အော်ပြောလိုက်သည်။ "ကိုလင်းယွမ်... ကျွန်မ သွားကူလိုက်ဦးမယ်"

သူမက လေထဲသို့ ခုန်တက်လိုက်ပြီး စိတ်အဝေးထိန်းအစွမ်း၏ ထိန်းချုပ်မှုဖြင့် လေထဲတွင် ခြေချကာ ကောင်းကင်ဆီသို့ အလွန် လျင်မြန်စွာ ပျံသန်းသွားလေသည်။

မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းပြီးနောက်ပိုင်းတွင် ကောကျဲက ယခုအခါ စိတ်အဝေးထိန်းအစွမ်းကိုလည်း တတ်မြောက်သွားပြီ ဖြစ်သည်။

စိတ်အဝေးထိန်းအစွမ်း ရှိလာပြီးနောက် စိတ်စွမ်းအင်ဖြင့် ပျံသန်းရသည်မှာ သဘာဝအားဖြင့် မခက်ခဲတော့ပေ။

သူမ အကျွမ်းကျင်ဆုံးဖြစ်သည့် ပုံရိပ်ယောင်ဖန်တီးခြင်း အစွမ်းပါ ပေါင်းစပ်လိုက်သောအခါ သူမ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အဆများစွာ တိုးတက်လာခဲ့သည်။

ယခုအခါ ထိုက်ယန်တောင်ရှိ သန္ဓေပြောင်းစွမ်းအင်ရှင် အများအပြားကြားတွင်ပင် သူမက နေရာတစ်နေရာ ရရှိနေပြီ ဖြစ်သည်။

သူမ လေထဲသို့ ပျံသန်းသွားသည်နှင့် ကောင်းကင်ယံရှိ လူရိပ် ဆယ်ဂဏန်းခန့်ထဲမှ လူအချို့က ခွဲထွက်လာပြီး သူမကို တိုက်ခိုက်လာကြသည်။

လင်းယွမ်၏ အကြည့်က ထိုလူရိပ်များပေါ်တွင် ကျရောက်သွားပြီး သူတို့၏ ဝတ်စားဆင်ယင်မှုများမှာ မတူညီကြကြောင်းကို သတိပြုမိလိုက်သည်။

သို့သော် ဤလူများအားလုံးက ချွင်းချက်မရှိ သူတို့၏ ခေါင်းပေါ်တွင် ရွှေထည်ပစ္စည်းများကို ဝတ်ဆင်ထားကြသည်ကို တွေ့နိုင်ပေသည်။

ရွှေသည် စိတ်စွမ်းအင်ကို အတိုင်းအတာတစ်ခုအထိ ဟန့်တားနိုင်စွမ်း ရှိသည်ကို ထိုသူများ ကောင်းကောင်း သိနေကြသည်မှာ ထင်ရှားလှသည်။

လင်းယွမ် သတိပြုမိသည်မှာ သူတို့က ပျံသန်းရာတွင် ကိုယ်ပိုင်အစွမ်းကို အားကိုးနေခြင်း မဟုတ်ဘဲ ကျောဘက်တွင် ပျံသန်းရေး ကိရိယာတစ်မျိုးကို လွယ်ထားကြခြင်း ဖြစ်သည်။

ဂျက်လေယာဉ်စနစ်သုံး ပျံသန်းရေး ကိရိယာတစ်မျိုးနှင့် တူသော်လည်း မောင်းနှင်သည့် စွမ်းအင်မှာ သန္ဓေပြောင်းစွမ်းအင် ကျောက်တုံးများ ဖြစ်ပေလိမ့်မည်။

ထိုကိရိယာမျိုးက ပျံသန်းနှုန်း အလွန်မြန်သော်လည်း လျင်မြန်သွက်လက်မှုတော့ အားနည်းလှသည်။

အနည်းဆုံးတော့ ထူလုံကို လိုက်လံ ဖမ်းဆီးချိန်တွင် သွက်လက်မှု အားနည်းနေသည်ကို သိသာစွာ မြင်တွေ့ရသည်။

သို့သော် လေကြောင်းတိုက်ခိုက်ရေး တပ်ဖွဲ့တစ်ခုအနေဖြင့်မူ အတိုင်းအတာတစ်ခုအထိ အားသာချက်တော့ ရှိပေသည်။

လင်းယွမ်က ထိုမြင်ကွင်းကို ကြည့်ကာ ဖြည်းညင်းစွာ ရယ်မောလိုက်ရုံသာ ပြုလိုက်သည်။

သူ၏ ရယ်မောသံ အဆုံးတွင် ကိုးဝူမျှော်စင် ဘက်ဆီမှ ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

"ပစ်"

"ဝုန်း... ဝုန်း... ဝုန်း"

ပေါက်ကွဲသံကြီးများ တသီတတန်း ထွက်ပေါ်လာပြီး ပေါက်ကွဲသံ တစ်ချက် ထွက်ပေါ်လာတိုင်း စွမ်းအင်အမြောက်ဆံ ဆယ်ဂဏန်းခန့်က ကောင်းကင်ယံသို့ ပြင်းထန်စွာ ပစ်ခတ်သွားလေသည်။

လေထဲရှိ လူများက လျင်မြန်သွက်လက်မှု မရှိကြသဖြင့် စွမ်းအင်အမြောက်ဆံများ၏ အထိခံလိုက်ရပြီး ချက်ချင်းပင် သွေးစွန်းသော အသားစများအဖြစ် ပေါက်ကွဲထွက်သွားကြတော့သည်။

ထူလုံက လေထဲတွင် ဟားတိုက် ရယ်မောလိုက်သည်။ "အရူးတွေ... ငါ့ကို လိုက်ဖမ်းချင်တာလား... လာလေ... ဆက်လိုက်ကြလေ"

သူက လေထဲတွင် တစ်ဖက်ရန်သူ၏ အာရုံကို ဆွဲဆောင်ကာ ကိုးဝူမျှော်စင်၏ စွမ်းအင်အမြောက်များ ပစ်ခတ်နိုင်သည့် အကွာအဝေးအတွင်းသို့ ရောက်လာအောင် ဆွဲခေါ်သည့် အခန်းကဏ္ဍတွင် အဓိက ပါဝင်နေခြင်း ဖြစ်သည်။

တစ်ဖက်ရန်သူနှင့် အမှန်တကယ် တိုက်ခိုက်နေခြင်း မဟုတ်ပေ။

ကောင်းကင်သို့ ပျံသန်းသွားသော ကောကျဲသည်လည်း မျက်နှာချင်းဆိုင် တိုက်ခိုက်နေခြင်း မဟုတ်ဘဲ စိတ်ဝိညာဉ် ပုံရိပ်ယောင်ဖန်တီးခြင်း အစွမ်းကို အသုံးပြုကာ ထိုလေကြောင်းမှ ဝင်ရောက်လာသူများ၏ ဦးနှောက်များကို ထိန်းချုပ်နေခြင်း ဖြစ်သည်။

ရန်သူများ အချိန်တိုအတွင်း ပုံရိပ်ယောင်များထဲတွင် နစ်မြုပ်သွားချိန်တွင် ကိုးဝူမျှော်စင်ရှိ စွမ်းအင်အမြောက်များအတွက် ချိန်ရွယ်ပစ်ခတ်နိုင်ရန် အခွင့်အရေး ဖန်တီးပေးခြင်း ဖြစ်သည်။

သူတို့နှစ်ဦး ကောင်းကင်ယံတွင် ဖြတ်သန်းသွားရင်း အဆက်မပြတ် ရယ်မောနေကြသည်။

ထိုအချိန်မှာပင် လေခွဲသံ နှစ်ချက် လျင်မြန်စွာ ထွက်ပေါ်လာသည်။

"သေလိုက်စမ်း"

ထိုလေခွဲသံ နှစ်ချက်ထဲမှ တစ်ချက်က ထူလုံထံသို့ ဦးတည်လာပြီး ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

"ဝုန်း"

ဧရာမ မီးလုံးကြီး တစ်လုံးက လေထုကို ခွဲကာ ပြင်းထန်စွာ ဝင်ရောက်လာပြီး ဟင်းလင်းပြင်ကြီး ချက်ချင်း လိမ်ကောက်သွားကာ ကြောက်မက်ဖွယ်ကောင်းသော အပူချိန်က ကောင်းကင်ယံရှိ နှင်းပွင့်များကို တိုက်ရိုက် အရည်ပျော်သွားစေတော့သည်။

ဆက်ရန်...

All Chapters