အခန်း (၅၆၉-၅၇၀)
Vol. 29 Ch. 569-570
အပိုင်း (၅၆၉) ကြောက်မက်ဖွယ်ကောင်းသော အရိပ်မည်းကြီး
မြေမိခင်ဂိုဏ်းက ထိုက်ယန်တောင်၏ အခြေအနေကို စုံစမ်းထားသည်မှာ ကြာလှပြီ ဖြစ်သည်။
ထိုက်ယန်တောင်တွင် အစွမ်းထက်ဆုံးသူ နှစ်ဦးမှာ ဟင်းလင်းပြင်သခင်ဟု တင်စားခေါ်ဝေါ်ကြသော လီချင်းဟွာနှင့် ရေခဲသခင် ကျောက်ခိုင်တို့ပင် ဖြစ်ကြသည်။
သို့သော် ယနေ့ မျက်မြင်ကိုယ်တွေ့ ကြုံရချိန်တွင် ကျောက်ခိုင်၏ အဓိက အရည်အသွေးမှာ ၇၄ မှတ်သာ ရှိသေးသည်ကို တွေ့လိုက်ရသဖြင့် သူတို့အားလုံး အံ့သြကာ လှောင်ပြုံး ပြုံးလိုက်မိကြသည်။
"အော်... မေ့နေလိုက်တာ... မင်းတို့ရဲ့ ထိုက်ယန်တောင် သခင်ဆိုတဲ့ လင်းယွမ် ပြန်ရောက်နေပြီဆို" တရားဟောအဖွဲ့ ဥက္ကဋ္ဌ ချီဟုန်ဝမ်က လှောင်ပြုံးပြုံးလျက် မေးလိုက်သည်။
မြစ်ဝှမ်းအကြီးအကဲ ဟယ်မင်ကျစ်ကလည်း အနီးသို့ ပျံသန်းလာပြီး ထိုစကားကိုကြားသော် ရယ်မောလျက် "လင်း ဆိုတဲ့ကောင် ဘယ်မှာလဲ... လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက သူ့ရဲ့ အဓိကအမှတ်က ၉၀ ကျော်သွားပြီလို့ ကြားတယ်... အမှောင်ဓာတ် ရေပေါ်ကျွန်းပေါ်မှာဆိုတော့ သူ့စွမ်းရည်တွေ တော်တော်လေး တိုးတက်လာလောက်ပြီပေါ့" ဟု ဝင်ပြောသည်။
လင်ထင်းစစ်ကလည်း ပျံသန်းလာကာ သူတို့သုံးယောက်က ကျောက်ခိုင်ကို ဝိုင်းရံလိုက်ကြသည်။
သူက ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် "ကျောက်ခိုင်... လင်းယွမ် ဘယ်မှာ ပုန်းနေတာလဲ" ဟု မေးလိုက်သည်။
သူ၏ မျက်နှာပေါ်တွင် အမုန်းတရားများ အထင်းသား ပေါ်လွင်နေ၏။
ကျောက်ခိုင်က သူ့ကို ဝိုင်းရံထားသော ထိုသုံးယောက်ကို ကြည့်ရင်း အေးစက်စက် တစ်ချက် ပြုံးလိုက်သည်။
"မင်းတို့က ငါတို့ ထိုက်ယန်တောင်ကို အပိုင်စားရပြီလို့ ထင်နေတာလား"
"ဟက်ဟက်... အပေါ်ကို တစ်ချက်လောက် ကြည့်လိုက်ကြဦး"
ထိုစကားကြောင့် သုံးယောက်သား ကြောင်အမ်းသွားကြပြီး ကောင်းကင်ယံသို့ အလိုအလျောက် မော့ကြည့်လိုက်ကြသည်။
ကောင်းကင်ထက်မှ ဧရာမ အရိပ်မည်းကြီးတစ်ခု လွှမ်းခြုံကျဆင်းလာသည်ကို မြင်လိုက်ရသည်။
လေဟာပြင်ထဲတွင် ဧရာမ ရေခဲလွှာကြီးတစ်ခု ပေါ်လောပေါ်နေ၏။
ပေ ၁၀၀၀ နီးပါး ကျယ်ဝန်းသော ဧရာမ ရေခဲလွှာကြီးက နေရောင်ကို ကွယ်ကာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားလေသည်။
အောက်ခြေရှိ မြေမိခင်ဂိုဏ်းမှ အဖွဲ့ဝင်များပင် အာရုံစိုက်မိသွားကြပြီး အပေါ်သို့ အသီးသီး မော့ကြည့်လိုက်ကြသည်။
ဤဧရာမ ရေခဲလွှာကြီး ရွေ့လျားလာသည်နှင့်အမျှ မြေပြင်ပေါ်တွင်လည်း ကြီးမားလှသော အရိပ်မည်းကြီးတစ်ခု ထင်ဟပ်လာတော့သည်။
လင်ထင်းစစ် မျက်မှောင်ကြုတ်သွားသည်။ ထိုရေခဲလွှာကြီးဆီမှ မည်သည့် အန္တရာယ်အငွေ့အသက်ကိုမျှ သူ မခံစားရချေ။
၎င်းက သာမန်ရေခဲတုံးကြီး တစ်တုံးသာဖြစ်ပြီး အရွယ်အစား အနည်းငယ် ကြီးမားနေခြင်းသာ ဖြစ်သည်။
ချီဟုန်ဝမ်နှင့် ဟယ်မင်ကျစ်တို့လည်း အနည်းငယ် အံ့အားသင့်သွားကြပြီး ထိုဧရာမ ရေခဲတုံးကြီးကို မော့ကြည့်လိုက်ကာ ချက်ချင်းပင် ကျောက်ခိုင်ဘက်သို့ ပြန်ကြည့်လိုက်ကြသည်။
"မင်း..."
ချီဟုန်ဝမ် စကားစပြောရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် မျက်နှာပျက်သွားလေသည်။
အရိပ်မည်းကြီး လွှမ်းခြုံလာသည်နှင့် လူအများ၏ မျက်မှောက်တွင်ပင် ကျောက်ခိုင်က ထူးဆန်းစွာ ပြုံးလိုက်ပြီး သူ၏ တစ်ကိုယ်လုံး အရိပ်ထဲသို့ ပျောက်ကွယ်သွားလေတော့သည်။
ထိုမျှမက သူတို့သုံးယောက်စလုံး ပတ်ဝန်းကျင်ရှိ အလင်းရောင်များ ရုတ်ခြည်း မှေးမှိန်သွားသည်ကို တပြိုင်နက်တည်း ခံစားလိုက်ကြရသည်။
ပတ်ဝန်းကျင် တစ်ခုလုံးက မှောင်မိုက်သော ကမ္ဘာတစ်ခုထဲသို့ ရုတ်တရက် ကျဆင်းသွားသကဲ့သို့ ဖြစ်သွား၏။
"မကောင်းတော့ဘူး"
"တစ်ခုခုတော့ လွဲနေပြီ"
"ပြန်ဆုတ်ကြ"
သုံးယောက်သား ချက်ချင်း အသိဝင်လာကြပြီး ထိုနေရာမှ အလျင်အမြန် ထွက်ခွာရန် ပြင်လိုက်ကြသည်။
သို့သော် လှုပ်ရှားရန် ပြင်လိုက်သည်နှင့် တစ်ပြိုင်နက် သူတို့သုံးဦးစလုံး၏ မျက်နှာများ ဆိုးရွားစွာ ပျက်ယွင်းသွားကြသည်။
ပတ်ဝန်းကျင် လေထုထဲတွင် သန္ဓေပြောင်းစွမ်းအင် တစ်စက်မျှပင် မရှိတော့သည်ကို သူတို့ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
သူတို့၏ အစွမ်းများကို အသုံးပြုရန် ကြိုးစားသော်လည်း ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များကို လုံးဝ ဆင့်ခေါ်၍ မရတော့ပေ။
ချီဟုန်ဝမ်က သူ၏ မျက်လုံးထောင့်မှနေ၍ သူတို့သုံးယောက်သာမက အောက်ခြေရှိ ရေခဲတုံး၏ အရိပ်အောက်တွင် ရောက်နေသော မရေမတွက်နိုင်သည့် မြေမိခင်ဂိုဏ်းမှ တပည့်များပါ ပြားချပ်သော အရိပ်များအဖြစ်သို့ ပြောင်းလဲသွားကာ အရိပ်ထဲသို့ အသီးသီး ပျောက်ကွယ်သွားကြသည်ကို တွေ့လိုက်ရသည်။
လင်ထင်းစစ်၏ ရင်ထဲတွင် အလွန်တရာ ထိတ်လန့်သွားပြီး ပတ်ဝန်းကျင်သို့ လှည့်ကြည့်လိုက်ရာ ရုတ်တရက် သူ၏ သူငယ်အိမ်များ ကျုံ့ဝင်သွားလေသည်။
ထိုပေါ်လောပေါ်နေသော ရေခဲတုံးကြီးပေါ်တွင် အရပ်မြင့်မြင့် အမျိုးသားတစ်ယောက် ရပ်နေသည်ကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။
ထိုသူ၏ ကိုယ်ပေါ်မှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေပြီး အစွမ်းထက်သော သန္ဓေပြောင်းစွမ်းအင် လှိုင်းများကလည်း သူ၏ ခန္ဓာကိုယ်ထဲမှ ဖြာထွက်နေ၏။
သူ၏ ပတ်ဝန်းကျင် တစ်ခုလုံးမှာ မည်းမှောင်နေပြီး ကြောက်မက်ဖွယ်ကောင်းသော အမှောင်ဓာတ် စွမ်းအင်များက ပတ်လည် ပေရာနှင့်ချီသော အကွာအဝေးအထိ ပျံ့နှံ့နေသည်။
အဝေးမှ ကြည့်လိုက်လျှင် လူများကို မျိုချတော့မည့် အမှောင်ထု ဧရာမ ပါးစပ်ပေါက်ကြီး တစ်ခုနှင့်ပင် တူနေလေသည်။
"တွင်းနက်အရိပ်ကမ္ဘာ"
ဤသည်မှာ လင်းယွမ်၏ အမှောင်ဓာတ် မျိုးရိုးဗီဇမျိုးစေ့မှ ပါလာသော ပင်ကိုယ်စွမ်းရည်ပင် ဖြစ်သည်။
၎င်းက အရိပ်ကမ္ဘာဆီသို့ ဝင်ပေါက်တစ်ခုကို ဖန်တီးပေးပြီး အရိပ်ရှိသော မည်သည့်နေရာတွင်မဆို ဖွင့်လှစ်နိုင်လေသည်။
ယခုအချိန်တွင် သူက ဧရာမ ရေခဲလွှာကြီးကို လေဟာပြင်ထဲတွင် ပေါ်လောပေါ်စေခြင်းဖြင့် ကြီးမားသော အရိပ်ကြီးတစ်ခုကို ဖန်တီးကာ စစ်မြေပြင်တစ်ခုလုံးကို လွှမ်းခြုံထားလိုက်ခြင်း ဖြစ်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် အရိပ်လွှမ်းမိုးခြင်း ခံလိုက်ရသော အစွမ်းပိုင်ရှင် အားလုံးမှာ တွင်းနက်အရိပ်ကမ္ဘာထဲသို့ ဆွဲသွင်းခြင်း ခံလိုက်ရလေတော့သည်။
အဓိက အရည်အသွေးမှတ် ၉၀ အထိ မြင့်မားသော မြေမိခင်ဂိုဏ်းမှ ထိပ်တန်း အစွမ်းပိုင်ရှင်များပင်လျှင် အနည်းငယ်မျှ ခုခံနိုင်စွမ်း မရှိခဲ့ကြပေ။
မျက်နှာချင်းဆိုင် တွေ့လိုက်ရသည့် တစ်ခဏအတွင်းမှာပင် လင်းယွမ်၏ တွင်းနက်အရိပ်ကမ္ဘာ ထဲသို့ ဆွဲသွင်းခံလိုက်ရခြင်း ဖြစ်သည်။
အောက်ခြေရှိ လူအုပ်ကြီးထဲမှ မြေမိခင်ဂိုဏ်း၏ မြေရိုင်းစောင့်ကြည့်သူ ဖန်ဟောင်က ဤမြင်ကွင်းကို တွေ့လိုက်ရသောအခါ သူ၏ မျက်နှာမှာ စက္ကူအလား ချက်ချင်း ဖြူရော်သွားတော့သည်။
"အရိပ်ကမ္ဘာ... သူက အရိပ်ကမ္ဘာကို ထိန်းချုပ်ထားနိုင်ပြီပဲ"
ဖန်ဟောင်မှာ မယုံနိုင်လောက်အောင် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ဤအခိုက်အတန့်တွင် သူက ထိုရေပေါ်ကျွန်းပေါ်သို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရပြီး ထိုကြောက်မက်ဖွယ်ကောင်းသော အရိပ်ကမ္ဘာ၏ လွှမ်းခြုံခံရမှု ခံစားချက်က သူ့ထံသို့ တစ်ဖန် ပြန်လည် ရောက်ရှိလာလေသည်။
သူက တစ်စက္ကန့်မျှ တုံဆိုင်းမနေဘဲ နောက်သို့ လှည့်ကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
အစကတည်းက သူက ရမ်းသန်းပြီး ဝင်မတိုက်ခိုက်ခဲ့ပေ။ လင်ထင်းစစ်၊ ဟယ်မင်ကျစ်နှင့် ချီဟုန်ဝမ်တို့ သုံးယောက် ပူးပေါင်းလိုက်လျှင် ကျောက်ခိုင်ကို ရာနှုန်းပြည့် ဖိနှိပ်နိုင်မည် ဖြစ်သော်လည်း သူက ဝင်မပါခဲ့ပေ။
ဖန်ဟောင် လုံးဝ ဝင်မတိုက်ခိုက်ခဲ့ဘဲ သူက စောင့်ဆိုင်းနေခဲ့သည်။ ထိုထိုက်ယန်တောင် သခင် လင်းယွမ် ထွက်လာမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
ထိုရေပေါ်ကျွန်းပေါ်မှ လွတ်မြောက်လာနိုင်သူ တစ်ယောက်အနေဖြင့် လုံးဝ ရိုးရှင်းသော လူတစ်ယောက် မဖြစ်နိုင်ကြောင်း သူ အမြဲတမ်း တွေးထင်ထားခဲ့သည်။
သို့သော် လင်းယွမ်က တိုက်ခိုက်လိုက်သည်နှင့် ဤကဲ့သို့သော နည်းလမ်းမျိုးကို အသုံးပြုလာလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။
သူ ထွက်ပြေးရန် အချိန်မမီတော့ဘဲ မျက်တောင်တစ်ခတ်အတွင်းမှာပင် ကောင်းကင်ထက်မှ ရေခဲတုံး၏ အရိပ် လွှမ်းမိုးခြင်းကို ခံလိုက်ရလေသည်။
ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော အမှောင်ဓာတ် စွမ်းအင်များ လှိုင်းလုံးကြီးအလား ရိုက်ခတ်လာပြီး သူ၏ ခန္ဓာကိုယ်မှာ ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ အရိပ်ကမ္ဘာထဲသို့ စုပ်ယူခြင်း ခံလိုက်ရတော့သည်။
ဤနေရာတွင် စိတ်စွမ်းအင်က လင်းယွမ်ထက် မကျော်လွန်သရွေ့ မည်သူမျှ တွင်းနက်အရိပ်ကမ္ဘာ ၏ ဝါးမျိုမှုကို ခုခံနိုင်စွမ်း ရှိမည် မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် ဤ တွင်းနက်အရိပ်ကမ္ဘာ ၏ ဝါးမျိုမှု နည်းလမ်းက ရန်သူ၊ မိတ်ဆွေ ခွဲခြားထားခြင်း မရှိပေ။
မြေမိခင်ဂိုဏ်းမှ လူများသာမက ကျောက်ခိုင်နှင့် အခြားသူများပါ အရိပ်ကမ္ဘာထဲသို့ ဆွဲသွင်းခြင်း ခံလိုက်ရလေသည်။
သို့သော် ကျောက်ခိုင်တို့အဖွဲ့မှာ ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။ အရိပ်ကမ္ဘာထဲမှ လူရိပ်များ တစ်ခုပြီးတစ်ခု လျှပ်တစ်ပြက် ထွက်ပေါ်လာသည်ကို မြင်လိုက်ရ၏။
ဝူယင်က ဦးဆောင်ကာ သူ့အနောက်တွင် အမှောင်ဓာတ် အစွမ်းပိုင်ရှင် နှစ်ဦး သုံးဦးခန့် ထပ်မံ ထွက်ပေါ်လာသည်။
ယခုအချိန်တွင် ဝူယင်၏ အရှိန်အဝါများမှာ လုံးဝ ပြောင်းလဲနေပြီး သူ့ခန္ဓာကိုယ် ပတ်လည်တွင် အမှောင်ဓာတ် စွမ်းအင်များ ရစ်သိုင်းနေ၏။ သူက မျိုးရိုးဗီဇမျိုးစေ့ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။
လင်းယွမ်၏ အကူအညီဖြင့် သူ၏ အမှတ်များက ၅၀ အထိ ရောက်ရှိနေခဲ့ပြီး ယခုအခါတွင်မူ မျိုးရိုးဗီဇမျိုးစေ့ကို အဆုံးတွင် ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။
သူ ထွက်ပေါ်လာသည်နှင့် အလျင်အမြန် ပြောလိုက်သည်။ "အစ်ကိုခိုင်... လူတွေကိုခေါ်ပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့... ခင်ဗျားတို့ကို အပြင်ရောက်အောင် ကျွန်တော် ခေါ်သွားပေးမယ်"
ကျောက်ခိုင်က စကားအပို မပြောတော့ဘဲ ချက်ချင်း ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ"
ချက်ချင်းပင် သူက မိန်တောင်မှ လူများကို ဦးဆောင်ကာ ဝူယင်၏ နောက်သို့လိုက်၍ ဤဧရိယာထဲမှ အလျင်အမြန် ထွက်ခွာသွားလေသည်။
အဝေးရှိ မြေမိခင်ဂိုဏ်းမှ လူများမှာ ယခုအချိန်ထိ ထိတ်လန့်တုန်လှုပ်နေဆဲ ဖြစ်သည်။ ရုတ်တရက် ဖန်ဟောင်က ကျောက်ခိုင်တို့အဖွဲ့ ဆုတ်ခွာသွားသည်ကို သတိထားမိလိုက်သည်။
သူက ချက်ချင်း အော်ဟစ်လိုက်၏။ "သူတို့နောက်ကို အမြန်လိုက်ကြ... သူတို့နောက်က လိုက်မှပဲ ဒီကနေ လွတ်နိုင်မှာ"
လင်ထင်းစစ်၊ ချီဟုန်ဝမ်နှင့် ဟယ်မင်ကျစ်တို့လည်း စကားတစ်ခွန်းမျှ မဆိုတော့ဘဲ ထိုက်ယန်တောင်မှ လူများရှိရာသို့ ချက်ချင်း ပြေးထွက်သွားကြသည်။
သို့သော် သူတို့နှစ်ဦး ခြေနှစ်လှမ်းခန့်သာ လှမ်းရသေးချိန်တွင် ဟယ်မင်ကျစ်၏ ဘေးနား၌ အရိပ်မည်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"မင်း... အား"
ဟယ်မင်ကျစ် အခြေအနေကို နားမလည်နိုင်ခင်မှာပင် မျက်နှာချင်းဆိုင်ရှိ ထိုလူက လက်ကို ပေါ့ပါးစွာ ဖြန့်ကားလိုက်ပြီး ပြင်းထန်စွာ ခုန်အုပ်လာလေသည်။
အရိပ်မည်းတစ်ခု လျှပ်ကနဲ ဖြစ်သွားသည်ကို မြင်လိုက်ရပြီး ဟယ်မင်ကျစ်၏ ပခုံးစွန်းမှ တိုက်ရိုက် ဖြတ်သန်းသွားကာ အရိပ်ဓားတစ်ချက်က သူ၏ လက်တစ်ဖက်ကို ချက်ချင်း ဖြတ်ချပစ်လိုက်လေသည်။
ဤနေရာက အရိပ်များ၏ ကမ္ဘာဖြစ်ရာ ပုံမှန်ဆိုလျှင် ဤမျှလွယ်ကူစွာ တိုက်ခိုက်ခံရမည် မဟုတ်ပေ။
သို့သော် ရောက်လာသူမှာ သာမန် အစွမ်းပိုင်ရှင်တစ်ဦး မဟုတ်ဘဲ အမှောင်ဓာတ် အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်နေလေသည်။
ထိုသူမှာ ဝူယင် ရှာဖွေလေ့ကျင့်ပေးထားသော တပည့်သစ် နှစ်ဦးအနက်မှ တစ်ဦးဖြစ်ပြီး ချန်ကွမ်းမင်ဟု ခေါ်လေသည်။
အဝေးတွင်လည်း မြေမိခင်ဂိုဏ်းမှ အခြားသူများကို ချုံခိုတိုက်ခိုက်နေသော ယင်ကျိုးယွဲ့အမည်ရှိ အရိပ်မည်းတစ်ခု ရှိနေသေးသည်။
ထိုသူနှစ်ဦးစလုံးမှာ အမှောင်ဓာတ် အစွမ်းပိုင်ရှင်များ ဖြစ်ကြပြီး ၎င်းတို့၏ အဓိက အရည်အသွေးများမှာ အမှတ် ၂၀ ကျော်သာ ရှိကြသေးသည်။
အပြင်ဘက်ကမ္ဘာတွင်သာဆိုလျှင် ၎င်းတို့၏ ဤစွမ်းရည်မျိုးမှာ လုံးဝ သာမန်ဖြစ်ပြီး အချိန်မရွေး အသတ်ခံရနိုင်ချေ ရှိလေသည်။
သို့သော် ယခု အရိပ်ကမ္ဘာထဲတွင်မူ သူတို့နှစ်ယောက်မှာ ချောက်နက်ထဲမှ မိစ္ဆာကောင်များကဲ့သို့ အရိပ်အယောင်မပြဘဲ လာနိုင်၊ သွားနိုင်ကာ လူများကို သတိမထားမိခင်မှာပင် သတ်ဖြတ်နိုင်ကြလေသည်။
ဟယ်မင်ကျစ် ဆိုသည်မှာ မြေမိခင်ဂိုဏ်း၏ မြစ်ဝှမ်းအကြီးအကဲ တစ်ယောက်ဖြစ်ပြီး အဓိက အရည်အသွေး ၉၃ မှတ်အထိ မြင့်မားသော အစွမ်းပိုင်ရှင် တစ်ဦး ဖြစ်သည်။
သို့သော် မျက်နှာချင်းဆိုင် တွေ့လိုက်ရသည့် တစ်ခဏအတွင်းမှာပင် မည်သည့် ခုခံနိုင်စွမ်းမျှ မရှိဘဲ ချန်ကွမ်းမင်၏ လက်တစ်ဖက်ကို ဖြတ်တောက်ခြင်း ခံလိုက်ရလေသည်။
စူးစူးဝါးဝါး အော်ဟစ်သံကြီးက ဟယ်မင်ကျစ်၏ ပါးစပ်မှ ထွက်ပေါ်လာသည်။
သူက အလွန်တရာ ထိတ်လန့်တကြားဖြင့် "မကောင်းတော့ဘူး... မကောင်းတော့ဘူး... သူတို့က အမှောင်ဓာတ် အစွမ်းပိုင်ရှင်တွေ... သူတို့က အစွမ်းတွေကို သုံးလို့ရနေတယ်" ဟု အော်ပြောလိုက်သည်။
ပတ်ဝန်းကျင်ရှိ မြေမိခင်ဂိုဏ်းမှ လူများမှာ ထိုစကားကို ကြားသောအခါ ကြောက်လန့်တကြား နောက်သို့ ဆုတ်သွားကြပြီး အရိပ်မည်းများနှင့် အလျင်အမြန် အကွာအဝေး ယူလိုက်ကြသည်။
ချန်ကွမ်းမင်က ဟားတိုက်ရယ်မောလိုက်သည်။ "မြစ်ဝှမ်းအကြီးအကဲ ဆိုလား... ခုနက အပြင်မှာ ခင်ဗျား တော်တော်လေး ရမ်းကားနေတာ ကြားလိုက်တယ်နော်"
"ခင်ဗျားက ခေါင်းဆောင်ကျောက် ကို ကျုပ်တို့ ထိုက်ယန်တောင်မှာ ဘယ်သူတွေ ရှိသေးလဲလို့ မေးနေတာ မဟုတ်လား... ဟားဟားဟား... တခြားလူတွေ လာစရာတောင် မလိုပါဘူး... ကျုပ်ကိုယ်တိုင်ပဲ ခင်ဗျားရဲ့ ခွေးခေါင်းကို ဖြတ်ပေးမယ်"
"ရွှစ်"
သူ၏ ခန္ဓာကိုယ်မှာ အရိပ်များကြားတွင် လျှပ်ကနဲ ဖြစ်သွားပြီး တစ်ဖန် ပြန်ပေါ်လာချိန်တွင် ဟယ်မင်ကျစ်၏ အရှေ့သို့ ရောက်ရှိနေလေပြီ။
"ရွှပ်"
အရိပ်ဓား တစ်ချက် ထပ်မံ ထွက်ပေါ်လာပြီး ပုံသဏ္ဌာန်မဲ့သော ထိုဓားက ဟယ်မင်ကျစ်၏ ခေါင်းကို မျက်တောင်တစ်ခတ်အတွင်း ဖြတ်ပိုင်းသွားလေသည်။
ထိုတစ်ခဏမှာပင် ဟယ်မင်ကျစ်၏ ခေါင်းကြီးမှာ နှစ်ပိုင်း ပြတ်ကျသွားတော့သည်။
စူးစူးဝါးဝါး အော်ဟစ်သံမှာ ရုတ်တရက် ရပ်တန့်သွားပြီး ခန္ဓာကိုယ်ကြီးက လိမ့်ကျသွားကာ အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
အဝေးမှ လင်ထင်းစစ်၊ ချီဟုန်ဝမ်နှင့် ဖန်ဟောင် သုံးယောက်သား ဤမြင်ကွင်းကို မျက်ဝါးထင်ထင် တွေ့လိုက်ရသောအခါ မယုံနိုင်လောက်အောင် ဖြစ်သွားကြပြီး အသက်ရှုမှားသွားကြလေသည်။
"မြစ်ဝှမ်းအကြီးအကဲက... ဒီလိုကြီး သေသွားတာလား"
"မ... မဖြစ်နိုင်ဘူး... ဟယ်မင်ကျစ်က ဘာပဲဖြစ်ဖြစ် အဓိက အရည်အသွေး ၉၃ မှတ်အထိ ရှိတဲ့ ထိပ်တန်း အစွမ်းပိုင်ရှင်ပဲ... ဘယ်လိုလုပ်ပြီး ဒီလောက် လွယ်လွယ်ကူကူ အသတ်ခံလိုက်ရတာလဲ" ချီဟုန်ဝမ်က မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်သည်။
ဖန်ဟောင်ကမူ ဤအရိပ်ကမ္ဘာ၏ ကြောက်မက်ဖွယ်ကောင်းမှုကို အသိဆုံး ဖြစ်သည်။
သူက အလျင်စလိုဖြင့် "သောက်ပေါက်တွေ ပိတ်ထားကြစမ်း... ဒီနေရာက အရိပ်ကမ္ဘာ... ရှုထောင့်နှစ်ခုသာရှိတဲ့ နှစ်ဘက်မြင် ကမ္ဘာကွ... အရိပ်တွေပဲ လှုပ်ရှားလို့ရတာ... အမှောင်ဓာတ် စွမ်းအင်နဲ့ စိတ်စွမ်းအင်ကလွဲလို့ တခြား ဘယ်အစွမ်းမှ သုံးလို့မရအောင် ကန့်သတ်ခံထားရတာ" ဟု ပြောလိုက်သည်။
"မသေချင်ရင် ထိုက်ယန်တောင်က လူတွေနောက်ကို အမြန်လိုက်ကြ... သူတို့ကို မျက်ခြေမပြတ်စေနဲ့"
"ငါတို့လည်း ထွက်လို့မရဘူး... သူတို့လည်း ထွက်လို့မရဘူး... အခု သူတို့ ဒီလောက် အလောတကြီး ထွက်သွားနေတာက အပြင်ဘက်မှာ သူတို့ကို လာကြိုမယ့်သူ ရှိနေလို့ပဲ ဖြစ်ရမယ်"
"သူတို့နောက်က လိုက်မှ ငါတို့ ဒီနေရာကနေ ထွက်သွားနိုင်ဖို့ အခွင့်အရေး ရလိမ့်မယ်"
သူက လေသံတိုးတိုးဖြင့် အော်ဟစ်ရင်း မိန်တောင်မှ လူများရှိရာသို့ အပြေးအလွှား လိုက်သွားလေသည်။
လင်ထင်းစစ်ကလည်း အလျင်အမြန် နောက်မှလိုက်သွားကာ ပါးစပ်မှလည်း "ခွေးမသား... ဘယ်လိုလုပ်ပြီး ဒီလောက် ကြောက်စရာကောင်းတဲ့ အစွမ်းမျိုး ရှိနေရတာလဲ... ဒါက ဘာသောက်အစွမ်းကြီးလဲ" ဟု ကျိန်ဆဲလိုက်သည်။
ဖန်ဟောင်က နောက်သို့လှည့်မကြည့်ဘဲ "အဲ့တာလင်းယွမ်ပဲ... သေချာပေါက် သူပဲ... သူ အမှောင်ဓာတ် ရေပေါ်ကျွန်းပေါ်မှာ တစ်ခုခု ရလာတာ သေချာတယ်... အဲ့ဒီရေပေါ်ကျွန်းရဲ့ အမြူတေကိုတောင် သန့်စင်လိုက်ပြီလား မသိဘူး... ဒါကြောင့် ဒီလိုအစွမ်းမျိုးကို ပိုင်ဆိုင်သွားတာပဲ" ဟု ပြန်ဖြေသည်။
"ဖန်ဟောင်... မင်းက အဲ့ဒီရေပေါ်ကျွန်းထဲကနေ လွတ်လာဖူးတဲ့သူပဲ... မင်းမှာ အတွေ့အကြုံရှိတယ်လေ... မြန်မြန် ပြောစမ်းပါဦး... ဒီသောက်ကျိုးနည်း နေရာကနေ လွတ်ဖို့ ဘာနည်းလမ်းရှိလဲ... မဟုတ်ရင် ငါတို့အကုန် သေကုန်တော့မယ်" ချီဟုန်ဝမ်က အလျင်အမြန် အော်ဟစ်လိုက်သည်။
လင်ထင်းစစ်ကလည်း "ဟုတ်တယ်... ဟုတ်တယ်... ဖန်ဟောင်... အရင်တုန်းက မင်း ဘယ်လို ထွက်လာခဲ့တာလဲ" ဟု ဝင်မေးသည်။
ထိုစကားကို ကြားသော် ဖန်ဟောင်က အလျင်အမြန် ပြန်ဖြေသည်။ "အရင်တုန်းက ငါ လွတ်လာတာ လုံးဝ ကံကောင်းသွားလို့ကွ"
"အဲ့ဒီအချိန်တုန်းက တစ်ယောက်ယောက် တိုက်ခိုက်ရင်းနဲ့ အဲ့ဒီအရိပ်ကမ္ဘာကြီးကို ခွဲထုတ်လိုက်လို့... အဲ့ဒီအခွင့်အရေးကို ယူပြီး ငါ ထွက်ပြေးလာနိုင်ခဲ့တာ"
"ရေနတ်ဘုရားဂိုဏ်းက တိန့်ကျဲ ကို မင်းတို့ သိတယ်မလား... သူဆို အခုချိန်ထိ ထွက်မလာနိုင်သေးဘူး... အဲ့ဒီအရိပ်ကမ္ဘာထဲမှာ သေလောက်ပြီ"
"တောက်... ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်ရတာလဲ... ဟို လင်းယွမ်ဆိုတဲ့ကောင်က ဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းထက်နေရတာလဲ" လင်ထင်းစစ်က မနေနိုင်တော့ဘဲ ကျိန်ဆဲလိုက်သည်။
ချီဟုန်ဝမ်က ထိုစကားကို ကြားသောအခါ သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး အော်ဆဲလိုက်သည်။ "လင်ထင်းစစ်... မင်းကွာ အမုန်းတရားတွေ ဖုံးလွှမ်းပြီး ရူးနေတာပဲ"
"မင်းအဖေ လင်ကွမ်ချွမ်းက လင်းယွမ်လက်ချက်နဲ့ သေသွားတာ ငါတို့နဲ့ဘာဆိုင်လဲ... အခုမင်းက ငါတို့ကိုပါ သေတွင်းထဲ အတင်း ဆွဲခေါ်လာတာပဲ... တောက်"
လင်ထင်းစစ် ထိုစကားကို ကြားသော် ချက်ချင်း ဒေါသထွက်သွားပြီး နောက်သို့လှည့်ကာ အော်ဆဲလိုက်သည်။ "ခွေးမသား... မင်းက ငါ့ကို အပြစ်တင်နေတာလား... ငါက... အား"
သူ စကားပြော၍ မဆုံးခင်မှာပင် သူ့နောက်ကျော၌ လူရိပ်မည်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ချက်ချင်းပင် အနက်ရောင် မြှားရိပ်တစ်ခုက သူ၏ နောက်စေ့ကို မျက်တောင်တစ်ခတ်အတွင်း ဖြတ်သန်းသွားလေသည်။
လင်ထင်းစစ်၏ ပါးစပ်ထဲမှနေ၍ မြှားတစ်စင်း ဖောက်ထွက်လာလေတော့သည်။
သူ၏ တစ်ကိုယ်လုံးမှာ စူးစူးဝါးဝါး အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။
နောက်တစ်ခဏတွင် ထိုဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်နှင့် လူရိပ်က ရုတ်တရက် လှုပ်ရှားလာပြီး လက်ထဲရှိ ဓားဖြင့် ခုတ်ချလိုက်ရာ "ရွှပ်" ဟူသော အသံနှင့်အတူ အမှောင်ဓာတ် စွမ်းအင်များဖြင့် ဖွဲ့စည်းထားသော ဓားသွားက သူ၏ ခေါင်းကို တိုက်ရိုက် ဖြတ်ချပစ်လိုက်လေသည်။
ရောက်လာသူက လင်ထင်းစစ်၏ အရိပ်အလောင်းကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်ပြီး အေးစက်စက် ရယ်မောလိုက်သည်။ "နင့်အဖေဆိုတဲ့အကောင်က အရင်တစ်ခေါက် ငါ့အိမ်ကို ဖျက်ဆီးသွားတဲ့ တိရစ္ဆာန်ကောင်ပဲ... ဒီနေ့ နင့်ကို ငါ့လက်နဲ့ကိုယ်တိုင် သတ်လိုက်ရတာ... ကျွင်းကျွင်း တို့အတွက် ကလဲ့စားချေလိုက်တာပဲ"
သူမ၏ အသံမှာ အေးစက်နေသော်လည်း နားထောင်ကြည့်ရုံဖြင့် အသက်သိပ်မကြီးသေးကြောင်း သိသာလေသည်။
သို့သော် ဖန်ဟောင်နှင့် ချီဟုန်ဝမ်တို့မှာမူ ကြက်သီးမွေးညင်းများ ထသွားကြပြီး အသည်းထိတ်မတတ် ကြောက်လန့်သွားကြလေသည်။
"မြန်မြန် သွားကြ"
သူတို့နှစ်ဦးမှာ လင်ထင်းစစ် သေသည်ရှင်သည်ကို ဂရုမစိုက်ရဲတော့ဘဲ အလျင်အမြန် အသက်လု ထွက်ပြေးကြတော့သည်။
မကြာမီ သူတို့နှစ်ဦးက အရှေ့ဘက်ရှိ ကျောက်ခိုင်တို့အဖွဲ့မှာ အရိပ်မည်းတစ်ခု၏ စီစဉ်ပေးမှုဖြင့် အလင်းရောင် ထွက်ပေါ်နေသော အက်ကွဲကြောင်းတစ်ခုထဲမှတစ်ဆင့် အလျင်အမြန် တိုးထွက်သွားသည်ကို တွေ့လိုက်ရသည်။
ဤမြင်ကွင်းကို တွေ့လိုက်ရသောအခါ ချီဟုန်ဝမ်နှင့် ဖန်ဟောင်တို့ နှစ်ဦးစလုံး၏ မျက်လုံးများ ချက်ချင်း နီရဲသွားကြသည်။
"အက်ကွဲကြောင်း ထွက်ပေါက်ပဲ... အဲ့ဒီထွက်ပေါက်ထဲကို တိုးဝင်သွားတာနဲ့ အပြင်ကို ထွက်လို့ရပြီ"
"အမြန်... အမြန်ပြေးကြ... ထွက်ပေါက်နဲ့ နီးသွားရင် အပြင်ဘက်က တခြား သန္ဓေပြောင်းစွမ်းအင်တွေကို ခံစားမိပြီး အစွမ်းတွေကို ပြန်သုံးလို့ရနိုင်တယ်" ဖန်ဟောင်ကလည်း ဝမ်းသာလုံးဆို့သွားပြီး နောက်မှ လိုက်ပါလာကြသော မြေမိခင်ဂိုဏ်းမှ တပည့်များကို ချက်ချင်း အော်ဟစ်လိုက်လေသည်။
ဆက်ရန်...
အပိုင်း (၅၇၀) ရှင်းလင်းခြင်း
မိန်တောင်ခြေတွင် အရိပ်ကမ္ဘာ ပွင့်လာသည်နှင့်အမျှ တွင်းနက်အရိပ်ကမ္ဘာက အောက်ဘက်ရှိ မြေမိခင်ဂိုဏ်းသား အမြောက်အမြားကို ဝါးမျိုသွားလေသည်။
အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် မြေပြင်ပေါ်ရှိ လူအများစုမှာ ချက်ချင်းဆိုသလို ရှင်းလင်းသွားတော့သည်။
ရေခဲတံတိုင်းကို ခက်ခက်ခဲခဲ ဖောက်ထွင်းပြီး တောင်ခြေသို့ ဝင်ရောက်လာနိုင်ခဲ့သော မြေမိခင်ဂိုဏ်းမှ အစွမ်းပိုင်ရှင်များမှာ...
သူတို့အနောက်တွင် အကူအညီများ ရုတ်တရက် ပျောက်ဆုံးသွားသည်ကို ခံစားလိုက်ရသဖြင့် လူတော်တော်များများက သံသယဖြင့် လှည့်ကြည့်လိုက်ကြသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာများမှာ ချက်ချင်း ဖြူရော်သွားတော့၏။
အလွန် ပြင်းထန်နေသော စစ်ပွဲကြီးမှာ တစ်ခဏအတွင်း ဟာလာဟင်းလင်း ဖြစ်သွားလေသည်။
သူတို့အနောက်မှ လုပ်ဖော်ကိုင်ဖက်များမှာ မျက်စိတစ်မှိတ်အတွင်း ဘယ်ရောက်သွားမှန်းမသိ ပျောက်ကွယ်သွားကြသည်။
တစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ "လူတွေရော... အားလုံး ဘယ်ရောက်သွားကြတာလဲ"
"တစ်ခုခု မှားနေပြီ... မဟန်တော့ဘူး"
"သစ်တောဂိုဏ်းအုပ်၊ မြစ်ဝှမ်းသဘာပတိနဲ့ တရားဟောအဖွဲ့ ဥက္ကဌတို့ရုတ်တရက် ပျောက်သွားတာကို ငါ ခုနလေးတင် မြင်လိုက်တယ်"
"ဟိုမှာ ကြည့်စမ်း... အဲဒါ ဘာကြီးလဲ"
လူအုပ်ကြီးက ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ ဧရာမ ရေခဲပြင်ကြီး ဖုံးလွှမ်းသွားမှုကြောင့် မူလကတည်းက အားနည်းနေသော အလင်းရောင်မှာ ချက်ချင်းပင် ကွယ်ပျောက်သွားလေသည်။
ကြီးမားသော အရိပ်မည်းကြီးတစ်ခု ကျဆင်းလာပြီး လူတိုင်း၏ ရင်ထဲတွင် အုံ့မှိုင်းသော ခံစားချက်ကို ဖုံးလွှမ်းသွားစေသည်။
"သတ်"
ရုတ်တရက် တောင်ပေါ်သစ်တောထဲမှ ဒေါသတကြီး အော်ဟစ်ကာ သတ်ဖြတ်ရန် ချီတက်လာသော အသံများ ထွက်ပေါ်လာသည်။
ထို့နောက် ကျိုးဝမ်ရှီး၊ ကျန်းဟန်လျန်၊ လီချုံမင်နှင့် ရှောင်မင်ထင်း အစရှိသည့် သင်္ဘောခေါင်းဆောင်များသည် ရေတပ်စစ်သင်္ဘောအုပ်စုကို ဦးဆောင်ကာ တောင်ပေါ်သစ်တောထဲမှနေ၍ အတင်းဝင်ရောက် တိုက်ခိုက်လာသည်ကို မြင်လိုက်ရသည်။
သူတို့ရှေ့ရှိ ထိုလူများသည် ယခင်က အရည်အသွေး ၅၀ မှတ်တွင် တစ်ဆို့နေခဲ့သော သင်္ဘောဓားပြများ မဟုတ်ကြတော့ပေ။
သူတို့က ထိုက်ယန်တောင်နှင့် လုံးဝ တစ်သားတည်း ဖြစ်နေကြပြီ ဖြစ်ကာ အချို့ဆိုလျှင် ဤနေရာ၌ အိမ်ထောင်ပြု၍ မိသားစုဘဝကိုပင် ပြန်လည် တည်ဆောက်နေကြပြီ ဖြစ်သည်။
အထူးသဖြင့် သင်္ဘောခေါင်းဆောင်များမှာ တစ်လတာ တာဝန်ထမ်းဆောင်ပြီးနောက် ထိုက်ယန်တောင်အပေါ် လုံးဝ သစ္စာရှိသွားကြပြီး အမှတ်များကိုသာ စိတ်ရောကိုယ်ပါ စုဆောင်းနေခဲ့ကြသည်။
လူအတော်များများက မျိုးရိုးဗီဇမျိုးစေ့များကို လဲလှယ်ရရှိထားပြီး မျိုးရိုးဗီဇမျိုးစေ့ကို အသုံးပြုကာ အဆင့်ချိုးဖျက်ရန် ရွေးချယ်ခဲ့ကြသည်။
ထိုအထဲတွင် ရေဓာတ် အစွမ်းပိုင်ရှင် အမြောက်အမြား ပါဝင်သည်။ လီချင်းဟွာ၏ ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ထဲတွင် ရေဓာတ် မျိုးရိုးဗီဇမျိုးစေ့ ပါရှိသော သန္ဓေပြောင်းသားရဲများ အများဆုံး ရှိနေခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနမှ ထုတ်ယူရရှိသော ရေဓာတ် မျိုးရိုးဗီဇမျိုးစေ့များမှာလည်း သဘာဝကျစွာပင် ပိုမိုများပြားလေသည်။
ထို့ကြောင့် ဤသင်္ဘောခေါင်းဆောင်များသည် မျိုးရိုးဗီဇမျိုးစေ့များကို လဲလှယ်နိုင်ခဲ့ပြီး အဆင့်တက်မှုကို ပြီးမြောက်ခဲ့ကြခြင်း ဖြစ်သည်။
ယခုအခါ ထိုသူများအားလုံးသည် ထိုက်ယန်တောင် ရေတပ်စစ်သင်္ဘောအဖွဲ့သို့ ဝင်ရောက်ခဲ့ကြပြီး ထိုက်ယန်တောင်၏ အလယ်အလတ်တန်းစား ခေါင်းဆောင်များ ဖြစ်လာကြပြီ ဖြစ်သည်။
ယခုအချိန်တွင် အားလုံး ပူးပေါင်း၍ တိုက်ခိုက်လိုက်သောအခါ ကျန်ရစ်နေသော မြေမိခင်ဂိုဏ်းသားများကို ဝိုင်းဝန်းတိုက်ခိုက်ရန်မှာ အလိုအလျောက်ပင် မည်သည့်အခက်အခဲမျှ မရှိတော့ပေ။
သနားစဖွယ် အော်ဟစ်သံများကြားတွင် မိန်တောင်မှ လူများက အသာစီးရသွားပြီး အရပ်မျက်နှာ အနှံ့အပြားသို့ အပြတ်အသတ် သတ်ဖြတ်နေကြတော့သည်။
လင်းယွမ်က ရေခဲပြင်ပေါ်တွင် ရပ်နေပြီး ဤမြင်ကွင်းအတွက် အံ့သြမနေခဲ့ပေ။
"မြေမိခင်ဂိုဏ်းကို ရှင်းလင်းပြီးပြီဆိုတော့... ဒီတစ်ခေါက် ရေနတ်ဘုရားဂိုဏ်းက ဘယ်သူတွေ လာကြလဲ ကြည့်ရသေးတာပေါ့"
လင်းယွမ်က အကြည့်ကို လွှဲလိုက်ပြီး အဝေးရှိ ထိုက်ယန်တောင်ခြေမှ ရေနတ်ဘုရားဂိုဏ်းကို လှမ်းကြည့်လိုက်သည်။
သူ မျက်မှောင်တစ်ချက် ပင့်လိုက်မိသည်။ ရေနတ်ဘုရားဂိုဏ်း၏ တိုက်ခိုက်မှုမှာ မြေမိခင်ဂိုဏ်း၏ တိုက်ခိုက်မှုလောက် မပြင်းထန်ကြောင်း သတိထားမိလိုက်သောကြောင့် ဖြစ်သည်။
အထူးသဖြင့် ရေနတ်ဘုရားဂိုဏ်းမှ ထိပ်တန်းအစွမ်းပိုင်ရှင် သိပ်မများလှပေ။ သူတို့က တစ်ခုခုကို စောင့်ဆိုင်းရင်း အချိန်ဆွဲရန် ရည်ရွယ်ထားပုံရသည်။
လင်းယွမ်က မျက်လုံးများကို အနည်းငယ် မှေးလိုက်ပြီး သူ၏ ခန္ဓာကိုယ်က အရိပ်တစ်ခုသဖွယ် လှုပ်ရှားသွားကာ ဧရာမ ရေခဲပြင်ကြီးကို ထိန်းချုပ်လျက် ရေနတ်ဘုရားဂိုဏ်းရှိရာသို့ တိုက်ရိုက် ပျံသန်းသွားလေသည်။
ရေနတ်ဘုရားဂိုဏ်းဘက်တွင် ဟန်ထိုက်နှင့် ဝူဝမ်ဖန်တို့ နှစ်ဦးက ဤမြင်ကွင်းကို စောစောကတည်းက သတိပြုမိနေကြသည်။
သူတို့နှစ်ဦးအနီးတွင် ရေနစ် ဝိညာဉ်တပ်ဖွဲ့နှင့် ချောက်နက် သူလျှိုများမှ အဆင့်မြင့် ခေါင်းဆောင်အချို့ စုရုံးနေကြသည်။
ထိုသူများမှာ ချွင်းချက်မရှိ အဓိက အရည်အသွေး (၈၅) မှတ်နှင့်အထက် ရှိသူများချည်းသာ ဖြစ်ကြသည်။
"ယဇ်ပုရောဟိတ်ကြီး နှစ်ပါး... ဟိုဘက်ကို မြန်မြန် ကြည့်လိုက်ပါဦး"
"အဲဒါ ဘာကြီးလဲ"
"တော်တော်ကြီးတဲ့ ရေခဲတုံးကြီးပဲ"
"မိန်တောင် ဘက်ကနေ လွင့်လာတာ"
ဟန်ထိုက်နှင့် ဝူဝမ်ဖန်တို့ နှစ်ဦးလုံး မျက်နှာ အနည်းငယ် ပျက်သွားကြပြီး စိတ်ထဲတွင် အခြေအနေမဟန်ကြောင်း တိတ်တဆိတ် ခံစားလိုက်ရသည်။
"အခြေအနေမဟန်ဘူး... အဲဒီရေခဲပြင်ကို တိုက်ခိုက်ကြ"
"မိုးကြိုးအမြောက်တွေ... ပစ်"
ဟန်ထိုက်က ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်ပြီး အမြောက်တပ်ဖွဲ့ဘက်သို့ လှည့်ကာ အော်ဟစ် အမိန့်ပေးလိုက်သည်။
ရေနတ်ဘုရားဂိုဏ်း၏ မိုးကြိုးအမြောက်များကို အစကတည်းက အဝေးပစ်လက်နက်အဖြစ် သင်္ဘောများပေါ်တွင် တပ်ဆင်ထားခဲ့ခြင်း ဖြစ်သည်။
ရေပြင်ကြီး အေးခဲသွားပြီးနောက် သင်္ဘောများ သွားလာ၍ မရတော့သဖြင့် ဖြုတ်ချကာ တိုက်ရိုက် အသုံးပြုခဲ့ရခြင်း ဖြစ်သည်။
ထို့အပြင် ဤတစ်ကြိမ်တွင် သယ်ယူပို့ဆောင်ရန် သင်္ဘောများပင် မလိုအပ်တော့ဘဲ ခွန်အား အမျိုးအစား အစွမ်းပိုင်ရှင်များကို အမြောက်တင်စွတ်ဖားများ ဆွဲခိုင်းကာ နှင်းပြင်ထဲတွင် ဆွဲယူသွားခြင်းဖြစ်ရာ သိပ်ပြီး အားစိုက်ထုတ်စရာ မလိုပေ။
ယခုအချိန်တွင် သူ၏ အမိန့်ပေးသံနှင့်အတူ ရေနတ်ဘုရားဂိုဏ်း၏ အမြောက်ပြောင်းများအားလုံး လှည့်သွားကြပြီး ကောင်းကင်ပေါ်ရှိ ရေခဲတုံးကြီးဆီသို့ ပစ်ခတ်လိုက်ကြတော့သည်။
"ဝုန်း"
လျှပ်စီးရောင်ခြည်များ စုစည်းသွားပြီး ပြင်းထန်သော မိုးကြိုးအမြောက်ဆန်များအဖြစ် ပြောင်းလဲကာ ကောင်းကင်ပေါ်ရှိ ရေခဲပြင်ကို အရူးအမူး ပစ်ခတ်လေသည်။
"ဒုန်း... ဒုန်း... ဒုန်း"
ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ ကောင်းကင်တစ်ခွင်လုံး လျှပ်စီးရောင်ခြည်များ ပျံ့နှံ့လွင့်စင်သွားသည်။
လင်းယွမ်၏ ခြေအောက်ရှိ ရေခဲပြင်မှာ ချက်ချင်းပင် ရေခဲစ သေးသေးလေးများအဖြစ် ပေါက်ကွဲသွားပြီး လေပြင်း၊ နှင်းမုန်တိုင်းများနှင့်အတူ လွင့်စင် ကျဆင်းသွားလေသည်။
သူက ကောင်းကင်တွင် ရှိနေသော်လည်း မျက်နှာပေါ်တွင် မည်သည့် ထိတ်လန့်တုန်လှုပ်မှုမျှ မရှိပေ။
စိတ်စွမ်းအင်ကို တစ်ချက် ဖြန့်ကျက် ကြည့်ရှုလိုက်ရုံဖြင့် ရင်းနှီးနေသော အရိပ်အယောင်တစ်ခုကို ချက်ချင်း ရှာတွေ့သွားသည်။
"ဟင်... မင်းကိုး... ကပ်ရောဂါ ယဇ်ပုရောဟိတ်"
လင်းယွမ်၏ အကြည့်များက ဟန်ထိုက်အပေါ်သို့ ချက်ချင်း ကျရောက်သွားသည်။ ယခင်တုန်းက ထိုက်ယန်တောင်တွင် ကပ်ရောဂါပိုး လွှတ်ခဲ့သူမှာ ဤလူပင် ဖြစ်သည်။
နောက်ပိုင်းတွင် သူ ကိုယ်တိုင် အကြိမ်ကြိမ် လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ခဲ့ရပေ။
ထို့ကြောင့် လင်းယွမ်အနေဖြင့် ဤဟန်ထိုက်အပေါ် အလွန် နက်ရှိုင်းသော မှတ်ဉာဏ် ရှိနေခြင်း ဖြစ်သည်။
"ဝှစ်"
သူ၏ ခန္ဓာကိုယ်က တစ်ချက် လက်ခနဲ ဖြစ်သွားပြီး ဟန်ထိုက်ရှိရာသို့ မျက်တောင်တစ်ခတ်အတွင်း ပျံသန်းသွားလေသည်။
လူက မရောက်သေးသော်လည်း ကြောက်မက်ဖွယ်ကောင်းသော လေပြင်းများက မြေပြင်ဆီသို့ ဖိနှိပ်လာနေပြီ ဖြစ်သည်။
အလျင်က အလွန် မြန်ဆန်လွန်းသဖြင့် လေထုနှင့် ပွတ်တိုက်မိကာ လေလှိုင်းများ အထပ်ထပ် ဖြစ်ပေါ်လာသည်မှာ အလွန် သိသာထင်ရှားနေလေသည်။
ရေနတ်ဘုရားဂိုဏ်းမှ လူများက အလောတကြီး ခေါင်းမော့ကာ ကောင်းကင်ဆီသို့ ကြည့်လိုက်ကြသည်။
"အပေါ်မှာ လူတစ်ယောက် ရှိတယ်"
"သူ့ကို ပစ်ချလိုက်"
မိုးကြိုးအမြောက်များက မြည်ဟည်းသွားပြီး လင်းယွမ်ကို ချိန်ရွယ်လိုက်ကြသည်။
သို့သော် လင်းယွမ်၏ အလျင်က အလွန် မြန်ဆန်လွန်းနေသဖြင့် မိုးကြိုးအမြောက်များက လုံးဝ ချိန်ရွယ်၍ မရနိုင်ခဲ့ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းယွမ်သည် ရေနတ်ဘုရားဂိုဏ်းမှ လူများ၏ ခေါင်းပေါ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
"ဝုန်း"
သူက ဒုံးကျည်တစ်စင်းအလား လူအုပ်ကြီးထဲသို့ တိုက်ရိုက် ပြုတ်ကျလာသည်။
သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်ရှိ စိတ်စွမ်းအင် အကာအကွယ်မှာ ပြင်းထန်စွာ တုန်ခါသွားသည်။
ထူထပ်သော နှင်းပွင့်များ ဖုံးလွှမ်းနေသည့် ရေခဲပြင်ကြီးမှာ ပြင်းထန်စွာ တုန်လှုပ်သွားလေသည်။
ရေခဲတုံး အမြောက်အမြားမှာ အဆက်မပြတ် ပေါက်ကွဲကွဲကြေသွားတော့သည်။
ရေခဲပြင် တစ်ခုလုံး ချက်ချင်း နိမ့်ဆင်းသွားသည်။
သာမန်လူများ ဖောက်ခွဲရန် ခက်ခဲလှသော ရေခဲပြင်သည် ယခုအခါ လင်းယွမ် ပြုတ်ကျလာသော အရှိန်နှင့် ဆွဲငင်အားကြောင့် ဧရိယာအတော်ကျယ်ကျယ် နိမ့်ကျသွားခဲ့လေပြီ။
ထိုအချိန်မှာပင် ရေနတ်ဘုရားဂိုဏ်းမှ လူများစွာမှာ မတ်တတ်မရပ်နိုင်တော့ဘဲ ကွဲကြေနေသော ရေခဲတုံးများနှင့်အတူ ရေထဲသို့ အသီးသီး ပြုတ်ကျသွားကြသည်။
လင်းယွမ်က အရှေ့ဘက်သို့ စူးစိုက်ကြည့်လိုက်ပြီး ဟန်ထိုက်ကို လှမ်းကြည့်လိုက်သည်။
ဟန်ထိုက်၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားသည်။ "လင်းယွမ်... မင်း... မင်း အသက်ရှင်နေသေးတာလား"
လင်းယွမ်က အေးစက်စက် ပြုံးလိုက်သည်။ "မင်းက ဟန်ထိုက်ဆိုတာလား... အရင်တစ်ခေါက်က မင်း ကံကောင်းပြီးလွတ်သွားတယ်... ဒီတစ်ခေါက်တော့ မင်း မလွတ်တော့ပါဘူး"
လင်းယွမ်၏ စကားသံ အဆုံးတွင် ဘေးနားရှိ ဝူဝမ်ဖန်က မျက်မှန်ကို တိတ်တဆိတ် တပ်လိုက်ပြီး လင်းယွမ်၏ အဓိက အရည်အသွေးကို စစ်ဆေးကြည့်လိုက်သည်။
ထိုသို့ တစ်ချက် ကြည့်လိုက်ရုံဖြင့် သူ၏ မျက်နှာမှာ ချက်ချင်း ဖြူရော်သွားတော့သည်။
"အမှတ် တစ်ရာ"
နောက်တစ်ခဏတွင် သူ မည်သို့မျှ တုံ့ဆိုင်းမနေတော့ဘဲ မြေပြင်ကို ခြေထောက်ဖြင့် အားကုန် ဆောင့်နင်းလိုက်သည်။
"ဒုန်း" ဟူသော အသံနှင့်အတူ ပျက်စီးနေပြီးသား ဖြစ်သော ရေခဲတုံးများမှာ ချက်ချင်း အက်ကွဲသွားကာ အပေါက်ကြီး တစ်ပေါက် ဖြစ်သွားလေသည်။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက ရေကြီးနေသော ရေပြင်ထဲသို့ လျင်မြန်စွာ ငုပ်လျှိုးသွားတော့သည်။
လင်းယွမ် မျက်မှောင်တစ်ချက် ပင့်လိုက်မိသည်။ ထိုလူက မည်သူမည်ဝါဖြစ်ကြောင်း သူ မမှတ်မိသော်လည်း တစ်ဖက်လူ ထွက်ပြေးသွားပုံက အလွန် ချောမွေ့လွန်းနေသဖြင့် မနေနိုင်ဘဲ အေးစက်စက် ပြုံးလိုက်မိသည်။
ထိုအချိန်တွင် ဟန်ထိုက်လည်း ချက်ချင်း သတိဝင်လာပြီး နောက်မှနေ၍ ရေထဲသို့ ခုန်ချရန် ပြင်လိုက်သည်။
သို့သော် သူ၏ ခန္ဓာကိုယ်က ခုန်တက်လိုက်သည်နှင့် တစ်ပြိုင်နက် ရုတ်တရက် မျက်စိဖြင့် မမြင်ရသော စွမ်းအားတစ်ခုက သူ့ကို လေဟာပြင်ထဲတွင် တိုက်ရိုက် ချုပ်နှောင်လိုက်လေသည်။
သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်ဒေါသထွက်နေသော အရိပ်အယောင်များ ပေါ်လာပြီး သူ့ခန္ဓာကိုယ်ပေါ်မှ မှိုပွင့်များကဲ့သို့သော မှိုမှုန် အမြောက်အမြား ရုတ်တရက် ထွက်ပေါ်လာကာ အရပ်လေးမျက်နှာသို့ လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။
သို့သော် ထိုမှိုမှုန်များသည် အပြင်ဘက်သို့ အနည်းငယ်မျှသာ ပျံ့နှံ့သွားပြီး လင်းယွမ်၏ စိတ်စွမ်းအင်ဖြင့် ပိတ်ဆို့ချုပ်နှောင်ခံလိုက်ရကာ ဟန်ထိုက်၏ ပတ်လည်တွင်သာ ဝဲလှည့်နေတော့သည်။
လင်းယွမ်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "ဒါက မင်းရဲ့ ကပ်ရောဂါ အစွမ်းလား"
"ဒီလောက် အားနည်းတဲ့ အစွမ်းလေးနဲ့တောင် မင်းက ယဇ်ပုရောဟိတ် ရာထူးကို ရနိုင်တယ်ဆိုတော့... ကြည့်ရတာ ရေနတ်ဘုရားဂိုဏ်းက မစွန်တဲ့ပုံပဲ"
"မင်း..." ဟန်ထိုက်က ထိတ်လန့်ဒေါသထွက်စွာဖြင့် တစ်စုံတစ်ရာ ပြောရန် ပါးစပ်ဟလိုက်သည်။
လင်းယွမ်ကမူ ဆက်ပြီး နားမထောင်ချင်တော့ပေ။
သူ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင် တစ်ခုလုံး အရိပ်များ ဖုံးလွှမ်းသွားပြီး "ရွှစ်" ဟူသော အသံနှင့်အတူ ဟန်ထိုက်မှာ တွင်းနက်အရိပ်ကမ္ဘာထဲသို့ တိုက်ရိုက် ဆွဲသွင်းခံလိုက်ရကာ အမှောင်အရိပ်များ၏ ဝါးမျိုခြင်းကို ခံလိုက်ရတော့သည်။
တစ်ချိန်တည်းမှာပင် လင်းယွမ်၏ ခန္ဓာကိုယ်က အရိပ်တစ်ခုသဖွယ် လှုပ်ရှားသွားပြီး ရေအောက်ကြမ်းပြင်သို့ ငုပ်လျှိုးကာ ထွက်ပြေးသွားသော ဝူဝမ်ဖန် နောက်သို့ လိုက်သွားလေသည်။
"ဗွမ်း"
ရေအောက်ကြမ်းပြင်သို့ ငုပ်လျှိုးသွားသည်နှင့် လင်းယွမ်က သူ၏ စိတ်စွမ်းအင်ကို ဖြန့်ကျက်လိုက်ရာ အဝေးရှိ ရေခူပုံစံ ရေငုပ်သင်္ဘောတစ်စင်း အလျင်အမြန် ထွက်ပြေးနေသည်ကို ချက်ချင်း တွေ့လိုက်ရသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းယွမ်၏ မျက်နှာ အနည်းငယ် တင်းမာသွားပြီး ထိုက်ယန်တောင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
ထင်သည့်အတိုင်းပင် ထိုက်ယန်တောင်ခြေရှိ ရေအောက်ကြမ်းပြင်တွင် ရေခူပုံစံ ရေငုပ်သင်္ဘော အမြောက်အမြား ရေအောက်၌ ဝဲပျံနေသည်ကို တွေ့လိုက်ရသည်။
ရေနတ်ဘုရားဂိုဏ်းမှ လူအများအပြားမှာ ရေအောက်မှတစ်ဆင့် ရေခဲတံတိုင်းကို ဖြတ်ကျော်ကာ တောင်ပေါ်သို့ တိုက်ရိုက် တွယ်တက်နေကြသည်။
လင်းယွမ်၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ပေါ်လာသည်။ "တော်တော် အကြံပိုင်တဲ့ ရေနတ်ဘုရားဂိုဏ်းပဲ... ဒီလိုနည်းလမ်းမျိုးကိုတောင် စဉ်းစားနိုင်တယ်ပေါ့"
လူတိုင်း၏ အာရုံများက ရေခဲပြင်ပေါ်တွင် စုစည်းနေချိန်၌ ရေနတ်ဘုရားဂိုဏ်းက မည်သည့်အချိန်ကတည်းက ရေအောက်မှနေ၍ စတင် တိုက်ခိုက်နေခဲ့မှန်း မသိနိုင်ပေ။
အကယ်၍ သူသာ ရေခဲပြင်ကို မတော်တဆ ခွဲမပစ်ဘဲ ခုနက လူနောက်သို့ လိုက်မသတ်ခဲ့လျှင် ရေနတ်ဘုရားဂိုဏ်း၏ အကြံအစည်ကို သိရှိနိုင်ဦးမည် မဟုတ်ပေ။
ဒါကြောင့်လည်း ရေနတ်ဘုရားဂိုဏ်းမှ လူများက တမင် အချိန်ဆွဲနေခဲ့ခြင်း ဖြစ်မည်။ အပြင်ပန်းတွင် ရေခဲတံတိုင်းကို အချိန်အတော်ကြာသည်အထိ မတိုက်ခိုက်နိုင်သေးသည့်ပုံစံမျိုး ဟန်ဆောင်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် လက်တွေ့တွင်မူ ဤအုပ်စုက ရေအောက်မှတစ်ဆင့် ထိုက်ယန်တောင်ပေါ်သို့ စောစောကတည်းက တက်ရောက်နေခဲ့ကြပြီ ဖြစ်သည်။
"ဝှစ်"
လင်းယွမ်၏ ခန္ဓာကိုယ်က အရိပ်တစ်ခုသဖွယ် လှုပ်ရှားသွားပြီး ဝူဝမ်ဖန်ကို လိုက်လံသတ်ဖြတ်မည့် အစီအစဉ်ကို စွန့်လွှတ်လိုက်ကာ ထိုရေခူပုံစံ ရေငုပ်သင်္ဘောများဆီသို့ လှည့်၍ ပြေးဝင်သွားလေသည်။
"ခွပ်... ခွပ်... ခွပ်"
စိတ်စွမ်းအင်ကို အသုံးပြုလိုက်သည်နှင့် အရှေ့ဘက် ရေအောက်ကြမ်းပြင်ရှိ ရေနတ်ဘုရားဂိုဏ်းမှ အဖွဲ့ဝင်များ၏ ခေါင်းများမှာ ချက်ချင်းပင် အသံမြည်ကာ ပေါက်ကွဲသွားတော့သည်။
လင်းယွမ်၏ အမှတ် ၁၀၀ အထိ မြင့်မားသော စိတ်စွမ်းအင်ကို ဤသာမန် ရေနတ်ဘုရားဂိုဏ်းသားများက လုံးဝ ခုခံနိုင်စွမ်း မရှိကြပေ။
ခဏအကြာတွင် အနီးအနားရှိ ရေနတ်ဘုရားဂိုဏ်းသားများ၏ ခေါင်းများမှာ တွန့်လိမ် ရှုံ့တွသွားပြီး ပါးစပ်နှင့် နှာခေါင်းမှ သွေးများ ပန်းထွက်ကာ အသက်ပျောက်သွားကြပြီး ရေအောက်သို့ ဖြည်းညင်းစွာ နစ်မြုပ်သွားကြလေသည်။
လင်းယွမ်က ပစ္စည်းသိုလှောင်ခန်းကို ဖွင့်ကာ ဤရေခူပုံစံ ရေငုပ်သင်္ဘောများကို တိုက်ရိုက် သိမ်းဆည်းလိုက်သည်။
ထိုအရာအားလုံးကို လုပ်ဆောင်ပြီးနောက် သူက ထိုအလောင်းများနှင့်အတူ ထိုက်ယန်တောင်ဘက်သို့ လှည့်၍ ထွက်ခွာသွားလေသည်။
မကြာမီတွင် သူသည် တောင်ခြေသို့ ရောက်ရှိလာပြီး လမ်းတစ်လျှောက်ရှိ ရေနတ်ဘုရားဂိုဏ်းသားများကို အကုန် သတ်ဖြတ်ခဲ့ကာ သူတို့ ဖောက်လုပ်ထားသော ထိုက်ယန်တောင်၏ ရေအောက် လိုဏ်ခေါင်းကို လျင်မြန်စွာ ရှာတွေ့သွားလေသည်။
ယခုအချိန်တွင် ဤလိုဏ်ခေါင်းမှာ ထိုက်ယန်တောင်၏ အတွင်းပိုင်းသို့ ရောက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
"ကြည့်ရတာ နောက်ဆိုရင် ရေအောက် ကာကွယ်ရေး စောင့်ကြည့်စနစ်တွေကိုပါ အဆင့်မြှင့်ထားမှ ရတော့မယ်" ဤဧရာမ ရေအောက် လိုဏ်ခေါင်းကြီးကို မြင်တွေ့လိုက်ရသဖြင့် လင်းယွမ်၏ မျက်နှာ အမူအရာမှာ လေးနက်သွားသည်။
တစ်ချိန်တည်းမှာပင် သူ ရုတ်တရက် တွေးမိသွားသည်။ "ရေအောက်ကနေ ထိုက်ယန်တောင်ကို တိုက်ခိုက်လို့ ရနေမှတော့... ရေပေါ်ကျွန်းကိုရော ရေအောက်ကနေ ဖောက်ထွင်းပြီး ကျွန်းပေါ်ကို ဝင်တိုက်လို့ မရနိုင်ဘူးလား"
ထိုအတွေး ပေါ်လာသည်နှင့် လင်းယွမ်က ချက်ချင်း ခေါင်းခါလိုက်သည်။ "မဟုတ်သေးဘူး... မဖြစ်နိုင်ဘူး... ရေပေါ်ကျွန်းက တကယ့် ကျွန်းတွေနဲ့ မတူဘူး"
"ရေပေါ်ကျွန်းမှာ ပိုင်ရှင် ရှိတယ်... နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေကို သန့်စင်ထားသရွေ့ ကျွန်းပေါ်က လှုပ်ရှားမှုတိုင်းက ရေပေါ်ကျွန်းပိုင်ရှင်ရဲ့ အာရုံခံနိုင်စွမ်း အောက်မှာပဲ ရှိနေမှာ"
"ရေအောက်ကနေ ကျွန်းကို ခိုးတိုက်မယ် ဆိုရင်တောင် အောင်မြင်ဖို့ သိပ်မလွယ်ဘူး"
သို့သော် ချက်ချင်းပင် သူ မျက်မှောင်ကြုတ်သွားသည်။ လီချင်းဟွာက ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်၏ ဦးနှောက်အမြူတေကို မသန့်စင်ရသေးရာ တစ်ခုခုများ ထိခိုက်နိုင်မလား။
ထိုအကြောင်းကို တွေးမိလိုက်သောအခါ လင်းယွမ်၏ ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွားပြီး အကြောင်းပြချက်မရှိဘဲ မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။
"မဖြစ်ဘူး... ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင် ဘက်ကို ငါ သွားကြည့်မှ ရမယ်"
ထိုသို့တွေးပြီးသည်နှင့် လင်းယွမ်၏ ခန္ဓာကိုယ်က ချက်ချင်း အရိပ်တစ်ခုသဖွယ် လှုပ်ရှားသွားပြီး "ဝုန်း" ဟူသော အသံနှင့်အတူ လိုဏ်ခေါင်းကို ခွဲပစ်လိုက်ကာ တစ်ချိန်တည်းမှာပင် ရေအောက်မှ ထွက်ပေါ်လာပြီး ရေခဲပြင်ကို ဖောက်ထွက်လာခဲ့လေသည်။
"ဆရာလင်း"
ဟန်ရှန်းမန်က လင်းယွမ်ကို မြင်လိုက်ရသဖြင့် ရေစီးကြောင်းကို ထိန်းချုပ်ကာ အလျင်အမြန် ရောက်လာသည်။
လင်းယွမ်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ရေနတ်ဘုရားဂိုဏ်း ခေါင်းဆောင်ကို ငါ ဖမ်းမိထားပြီ... ကျန်တဲ့သူတွေကလည်း သာမန်လူတွေ... ဘာမှမပူနဲ့တော့"
"ဒါပေမဲ့ သူတို့က ထိုက်ယန်တောင်ရဲ့ ရေအောက် လိုဏ်ခေါင်းကနေ ခိုးဝင်နေတာကို ငါ ခုနက တွေ့လိုက်တယ်... ကျွန်းပေါ်က အခြေအနေကို သေချာ စုံစမ်းကြည့်ကြပါဦး... လွတ်သွားတဲ့သူ တချို့ ကျွန်းပေါ် ရောက်နေလောက်ပြီ"
"ငါ အခု ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ကို ချက်ချင်း သွားမှ ရမယ်"
ဟန်ရှန်းမန် ထိတ်လန့်သွားသည်။ "ရေအောက် လိုဏ်ခေါင်း"
လင်းယွမ်က အတိုချုပ် ရှင်းပြလိုက်ပြီးနောက် ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားလေသည်။
ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်သည် လီချင်းဟွာ၏ ထိန်းချုပ်မှုအောက်တွင် ထိုက်ယန်တောင်နှင့် မဝေးလှသော နေရာသို့ စောစောကတည်းက ပျံသန်းလာခဲ့ပြီ ဖြစ်သည်။
လင်းယွမ်၏ အလျင်ဖြင့်ဆိုလျှင် မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိသွားမည်သာ ဖြစ်သည်။
လင်းယွမ် ရောက်ရှိလာသည်နှင့် အဆုံးအစမရှိသော နှင်းပြင်ကြီးပေါ်တွင် စစ်ဝတ်စုံ ဝတ်ဆင်ထားသော စစ်သား အမြောက်အမြား အနီးနား၌ ဝိုင်းရံနေကြသည်ကို သူ အဝေးကပင် မြင်လိုက်ရသည်။
အမြောက်များက တပြိုင်နက်တည်း ပစ်ခတ်နေကြပြီး အဆက်မပြတ် မြည်ဟည်းကာ ကောင်းကင်ဆီသို့ ပစ်ခတ်နေကြသည်။
ကောင်းကင်ယံတွင် သိသာထင်ရှားသော အရေးအကြောင်းများ တွန့်လိမ်မှု အခြေအနေများ ဖြစ်ပေါ်နေသည်။
၎င်းမှာ ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်၏ အကာအရံများ အတင်းအဓမ္မ တိုက်ခိုက်ခံရခြင်းကြောင့် ဖြစ်သည်။
လူရိပ်အချို့က ကောင်းကင်တွင် ရှိနေပြီး အမြောက်တပ်များကို နေရာတစ်ခုတည်းသို့ စုစည်းပစ်ခတ်ရန် အမိန့်ပေးနေကြသည်။
ထိုအထဲမှ တစ်ယောက်ကို လင်းယွမ် အလွန် ရင်းနှီးကျွမ်းဝင်နေသည်။
"တင်းဟွေယိ"
လင်းယွမ် မျက်လုံးများကို အနည်းငယ် မှေးလိုက်သည်။ ဤလူကို မြင်လိုက်ရသောအခါ ဝူမုန့်က တွင်းနက်အရိပ်ကမ္ဘာ ရေပေါ်ကျွန်းအပြင်ဘက်တွင် သူ့ကို ပြောပြခဲ့ဖူးသော အဖြစ်အပျက်ကို ချက်ချင်း သတိရသွားသည်။
"စစ်တပ်ရဲ့ သိန်းငှက်အဖွဲ့က... ထိုက်ယန်တောင်ကို ကွင်းရှောင်ပြီး ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ကို လာတိုက်နေကြတာပဲ"
"ကြည့်ရတာ ဒီလူတွေက ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ကို စောစောကတည်းက မျက်စိကျနေခဲ့တာပဲ"
လင်းယွမ်က အေးစက်စက် ပြုံးလိုက်သည်။ ဤစစ်တပ်မှ လူယုတ်မာများ၏ ဝံပုလွေလို ရည်မှန်းချက်ကြီးမှုက အထင်အရှား ပေါ်လွင်နေလေပြီ။
"ဝုန်း"
ထိုအချိန်မှာပင် ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင် အတွင်းပိုင်း၌ ရုတ်တရက် ကြီးမားသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
ထိုနောက် ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင် အကာအရံ၏ ထက်ဝက်ကျော်ခန့်မှာ ပြိုကျကာ အက်ကွဲသွားတော့သည်။
အထဲရှိ လီချင်းဟွာက အံ့အားသင့်နေသော မျက်နှာဖြင့် ရုတ်တရက် ပျက်စီးသွားသော ဟင်းလင်းပြင် အကာအရံကို မယုံနိုင်စွာ ကြည့်နေလေသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ထိုစဉ် ဟင်းလင်းပြင် အပြင်ဘက်ရှိ တင်းဟွေယိက ချက်ချင်း ရယ်မောလိုက်သည်ကို တွေ့လိုက်ရသည်။ "လီချင်းဟွာ... ဟင်းလင်းပြင် အစွမ်းကို မင်းတစ်ယောက်တည်း ပိုင်ဆိုင်ထားတာ မဟုတ်ဘူးကွ... ငါတို့ စစ်တပ်က ဟင်းလင်းပြင် အစွမ်းတွေနဲ့ ပတ်သက်ပြီး စောစောကတည်းက သုတေသန လုပ်ထားပြီးသား"
"ဒီလို ဟင်းလင်းပြင် အကာအရံ ဖောက်ခွဲရေး နည်းပညာတွေကို ငါတို့ဆီမှာ အစကတည်းက အဆင်သင့် ရှိနေတာ"
"မင်းလို ဖားသူငယ်က ငါတို့ဆီမှာ နည်းပညာတွေ ဘယ်လောက်တောင် များနေလဲ ဆိုတာကို ဘယ်လိုလုပ် သိနိုင်မှာလဲ"
"မင်းကို နောက်ဆုံး အခွင့်အရေး တစ်ကြိမ် ပေးမယ်... ငါတို့ ကွမ်ဖူ စစ်တပ်ကို အညံ့ခံရင် မင်း အသက်ကို ချမ်းသာပေးမယ်... မဟုတ်ရင်တော့..."
"မဟုတ်ရင် ဘာဖြစ်မလဲ"
"ရွှစ်"
လေဟာပြင်ထဲတွင် ဟင်းလင်းပြင် တွန့်လိမ်သွားပြီး လင်းယွမ်၏ ခန္ဓာကိုယ်က လူအားလုံးရှေ့၌ မျက်တောင်တစ်ခတ်အတွင်း ပေါ်လာလေသည်။
သူက လေးနက်အေးစက်သော မျက်နှာနှင့် သတ်ဖြတ်လိုသော အရိပ်အယောင်များဖြင့် အရှေ့တွင် လီချင်းဟွာတို့ကို ခြိမ်းခြောက်နေသော တင်းဟွေယိကို စူးစိုက်ကြည့်လိုက်သည်။
တင်းဟွေယိသည် လင်းယွမ်ကို မြင်လိုက်ရသောအခါ ချက်ချင်း လန့်သွားသည်။
"တကယ် မင်းဖြစ်နေတာပဲ"
ဆက်ရန်...