အခန်း (၅၇၃-၅၇၄)
Vol. 29 Ch. 573-574
အပိုင်း (၅၇၃) ထိတ်လန့်ဒေါသထွက်သွားသော ယွမ်ရှီကျဲ
"ဒုန်း"
ချန်ချုံးတောင်၊ ကွမ်ဖူ စစ်စခန်း၏ မြေအောက်လျှို့ဝှက်ခန်း။
"ရှူး"
ပြင်းထန်သော အသက်ရှူသံကြီး ထွက်ပေါ်လာပြီးနောက် မှောင်မည်းနေသော အခန်းတွင်း၌ သွေးကဲ့သို့ နီရဲနေသော မျက်လုံးအစုံက ရုတ်တရက် လက်ခနဲ တောက်ပသွား၏။
"ဝုန်း" ဟူသော လေးလံသည့် အသံကြီးနှင့်အတူ ထူထဲသော ကျောက်တံခါးကြီးမှာ ချက်ချင်းပင် အထဲသို့ ပိန်ချိုင့်သွားလေသည်။
သံမဏိအပ်များကဲ့သို့ မာကျောသော အမွေးအမျှင်များ ဖုံးလွှမ်းနေသည့် သားရဲလက်သည်းကြီးတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။
အလင်းရောင်အောက်တွင် ထိုသားရဲလက်သည်းကြီးရှိ အမွေးများနှင့် ချွန်ထက်သော လက်သည်းများက မျက်စိတစ်မှိတ်အတွင်းမှာပင် လျင်မြန်စွာ ပျောက်ကွယ်သွား၏။
နောက်ဆုံးတွင်မူ ခြောက်သွေ့နေသော လူသားလက်ဖဝါး တစ်ဖက်အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
"သုံးမိနစ်"
"ဒီတစ်ခါ သုံးမိနစ်တိတိ တောင့်ခံထားနိုင်တယ်... ပြီးတော့ သွေးသားတွေ ပျက်စီးသွားတာမျိုးလည်း မရှိဘူး... ကြည့်ရတာ ဒီတစ်ခေါက် လက်မောင်းနေရာကို မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းတဲ့ နည်းလမ်းက မှန်သွားတဲ့ပုံပဲ"
လျှို့ဝှက်ခန်းထဲမှ ယွမ်ရှီကျဲ၏ အက်ကွဲကွဲ အသံကြီး ထွက်ပေါ်လာသည်။ ထိုအသံက အက်ရှနေသော်လည်း ထိန်းချုပ်မရသော ဝမ်းသာပျော်ရွှင်မှုများ ပါဝင်နေ၏။
"ခုနက မျိုးရိုးဗီဇကို ပြန်လည်ဖွဲ့စည်းပြီးသွားတဲ့နောက်... ငါ့ရဲ့ အဓိက အရည်အသွေးက သေချာပေါက် မှတ် ၁၀၀ ကို ကျော်လွန်သွားလောက်ပြီ"
"ငါထင်တဲ့အတိုင်းပဲ... မျိုးရိုးဗီဇမြေပုံရဲ့ တစ်စိတ်တစ်ပိုင်း ပေါ်လာတာနဲ့တင် သန္ဓေပြောင်းမျိုးစေ့ အလယ်အလတ်အဆင့်ကို ကျော်ဖြတ်နိုင်ပြီး မှတ် ၁၀၀ ကန့်သတ်ချက်ကို ချိုးဖျက်နိုင်သွားတာပဲ"
"ဟားဟားဟား... ကောင်းတယ်... အရမ်းကောင်းတယ်... ဒီလက်မောင်းတစ်ဖက်လုံးရဲ့ မျိုးရိုးဗီဇကိုသာ အောင်အောင်မြင်မြင် ပြန်လည်ဖွဲ့စည်းနိုင်ပြီဆိုရင်... ငါ့ရဲ့ လက်ရှိ သန္ဓေပြောင်းစွမ်းအင်နဲ့ဆို (၁၀) မိနစ်ကျော်လောက် အသွင်ပြောင်းထားနိုင်ပြီ"
"အဲ့ဒီအချိန်ကျရင် ဖုန်းကျန့်ကုန်းနဲ့ကျန်းယွီကျန်းးဆိုတဲ့ ကောင်တွေအားလုံး ငါ့ခြေဖဝါးအောက် ရောက်လာရလိမ့်မယ်"
"ငါက တိမ်မြူကျွန်းကို မဖြစ်မနေ ပြန်လုယူပြမယ်"
မှောင်မည်းနေသော အခန်းတွင်းမှ ယွမ်ရှီကျဲ၏ အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်သံကြီး ထွက်ပေါ်လာလေသည်။
ခဏကြာသော် အပြင်ဘက်မှ သတိပေး ခေါင်းလောင်းသံ ရုတ်တရက် ထွက်ပေါ်လာ၏။
ယွမ်ရှီကျဲက အပေါ်ပိုင်းဗလာကျင်းဖြင့် လျှို့ဝှက်ခန်းထဲမှ ထွက်လာခဲ့သည်။
လျှို့ဝှက်ခန်းထဲတွင် အသွင်ပြောင်းလိုက်စဉ်ကတည်းက သူ၏ အင်္ကျီမှာ စုတ်ပြဲပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
လက်ရှိတွင် အသက်ငါးဆယ်ကျော်အရွယ် ရှိနေပြီဖြစ်သော ယွမ်ရှီကျဲ၏ ခန္ဓာကိုယ်၌ အိုမင်းရင့်ရော်နေသည့် အရိပ်အယောင် အနည်းငယ်မျှပင် မတွေ့ရချေ။
သူ၏ ကြွက်သားများမှာ ကျစ်လစ်တုတ်ခိုင်နေပြီး အရေပြားများကလည်း တင်းရင်းနေကာ ရင်အုပ်ကြွက်သားများနှင့် ဝမ်းဗိုက်ကြွက်သားများမှာ အလွန် သိသာထင်ရှားနေလေသည်။
မျက်နှာပေါ်တွင် အရေးအကြောင်း အနည်းငယ် ရှိနေသော်လည်း သွေးသားခွန်အားများကမူ အလွန် ပြည့်ဝနေ၏။
ရေကြီးမှုကပ်ဘေးကြီး မတိုင်မီက ယွမ်ရှီကျဲတွင် သွေးတိုး၊ သွေးချို၊ ဆီးချိုစသည့် ရောဂါဝေဒနာ အများအပြား ရှိခဲ့သည်ကို မည်သူက ယုံကြည်နိုင်မည်နည်း။
"ဒီအစွမ်းတွေက ငါ့ကို ထာဝရအသက်ရှင်အောင် မလုပ်ပေးနိုင်ရင်တောင်... အနည်းဆုံးတော့ ငါ့ခန္ဓာကိုယ်ကို အကောင်းဆုံး အခြေအနေဆီ ပြန်ရောက်သွားအောင်တော့ လုပ်ပေးနိုင်တယ်"
"ငါက ရောဂါဝေဒနာတွေရဲ့ နှိပ်စက်မှုကို ခံရတော့မှာ မဟုတ်ဘူး... သံမဏိလို မာကျောခဲ့တဲ့ ငါ့ခန္ဓာကိုယ်ကြီး တစ်နေ့တခြား အိုမင်းယိုယွင်းလာတာကိုလည်း ထိုင်ကြည့်နေစရာ မလိုတော့ဘူး"
ယွမ်ရှီကျဲက ပြုံးလိုက်ပြီး "ဒီဆင့်ကဲပြောင်းလဲခြင်း လမ်းစဉ်ရဲ့ အဆုံးသတ်မှာ ထာဝရအသက်ရှင်နိုင်မယ့် လျှို့ဝှက်ချက်တွေ ရှိနေနိုင်တယ်"
"ဆင့်ကဲပြောင်းလဲဖို့အတွက် အရေးမပါတဲ့ အသက်တချို့ကို စတေးရတာက ဘာများ ပြဿနာရှိလို့လဲ"
"ကျန်းယွီကျန်း... ဖုန်းကျန့်ကုန်း... မင်းတို့ရဲ့ ပျော့ညံ့တဲ့ ဆုံးဖြတ်ချက်တွေက မှားယွင်းနေတယ်ဆိုတာကို ငါ သက်သေပြမယ်"
သူက ကြိုတင် ပြင်ဆင်ထားသော အင်္ကျီကို ကောက်ဝတ်လိုက်ပြီး အပြင်ဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်လာခဲ့သည်။
လျှို့ဝှက်ခန်း အပြင်ဘက်သို့ ရောက်သည်နှင့် တင်းမာနေသော မျက်နှာထားဖြင့် အလျင်စလို လျှောက်လာသော သက်တော်စောင့် တစ်ယောက်ကို တွေ့လိုက်ရ၏။
ထိုမြင်ကွင်းကြောင့် ယွမ်ရှီကျဲက မျက်မှောင်ကြုတ်လိုက်ကာ "ဘာကိစ္စလဲ"
"ဗိုလ်ချုပ်... ပြဿနာတက်ပြီ... ထိုက်ယန်တောင်ကို တိုက်ခိုက်ဖို့ ကျွန်တော်တို့ လွှတ်လိုက်တဲ့ လူတွေအကုန်လုံး သေကုန်ပြီ"
"ဘာ"
ယွမ်ရှီကျဲ၏ မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားပြီး သက်တော်စောင့်ကို ဒေါသတကြီး စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။ "မင်း ထပ်ပြောစမ်း"
သက်တော်စောင့်မှာ ချက်ချင်းပင် ချွေးစေးများ ပြန်လာပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် "ဗိုလ်... ဗိုလ်ချုပ်..."
ယွမ်ရှီကျဲက သူ့ကို ဆောင့်ဆွဲလိုက်ပြီး ဒေါသတကြီး မေးလိုက်၏။ "တင်းဟွေယိရော"
"သူပါ သေသွားပြီလို့တော့ ငါ့ကို လာမပြောနဲ့နော်"
သက်တော်စောင့်က အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။ "မသေပါဘူး... တပ်ရင်းမှူးတင်းက အသက်မသေပေမဲ့ ဒဏ်ရာအပြင်းအထန် ရလာလို့ အခု ဆေးဌာနမှာ ကုသမှု ခံယူနေပါတယ်... ဒေါက်တာအန်း ကိုယ်တိုင် လာကြည့်ပေးနေတာပါ"
"တပ်ရင်းမှူးတင်းသာ အေအန်-၃ အမျိုးအစား ရွှေရောင်အကာအကွယ် ချပ်ဝတ်ကို ဝတ်မထားဘူးဆိုရင် သေချာပေါက် အသတ်ခံလိုက်ရလောက်ပြီလို့ သူက ပြောပါတယ်"
"အခုလို အသက်ရှင်လျက် ပြန်ရောက်လာတာကလည်း ဒဗလျူအမ်-၁ အမျိုးအစား ကုသရေးဆေးရည်ရဲ့ အာနိသင်ကြောင့်ပါတဲ့"
ထိုစကားကို ကြားလိုက်ရသဖြင့် ယွမ်ရှီကျဲ၏ မျက်နှာမှာ ပိုမို မှောင်မိုက်သွားပြီး "တင်းဟွေယိရဲ့ အဓိက အရည်အသွေးနဲ့ အေအန်-၃ ရွှေရောင်ချပ်ဝတ် အကာအကွယ်ကိုပါ ပေါင်းလိုက်ရင်... သူ့ရဲ့ ကာကွယ်နိုင်စွမ်းက အနည်းဆုံး အရည်အသွေးမှတ် ၁၀၀ အထိ ရှိရမှာလေ" ဟု ပြောလိုက်သည်။
"ဘယ်သူကများ သူ့ကို ဒီလောက်ထိ ဖြစ်သွားအောင် လုပ်လိုက်နိုင်တာလဲ... ထိုက်ယန်တောင်မှာ ဒီလိုမျိုး အစွမ်းထက်တဲ့သူ ရှိနေတာလား"
သက်တော်စောင့်က အလျင်အမြန် ဝင်ပြောသည်။ "တပ်ရင်းမှူးတင်းက ဗိုလ်ချုပ်ကို တွေ့ချင်တယ်လို့ ပြောပါတယ်... အရေးကြီး သတင်းပေးစရာ ရှိလို့တဲ့"
ယွမ်ရှီကျဲလည်း ချက်ချင်းပင် "ငါ့ကို အဲ့ဒီကို အမြန် ခေါ်သွားစမ်း" ဟု အမိန့်ပေးလိုက်၏။
"ဟုတ်ကဲ့ပါ ဗိုလ်ချုပ်"
သက်တော်စောင့်က အရှေ့မှ အလျင်စလို လမ်းပြခေါ်ဆောင်သွားပြီး ဆေးဘက်ဆိုင်ရာ ဌာန၏ အထူးလူနာခန်းဆီသို့ ရောက်ရှိလာကြသည်။
အခန်းအပြင်ဘက်တွင် စစ်သားများစွာက လုံခြုံရေး ယူထားကြ၏။
ယွမ်ရှီကျဲကို မြင်သည်နှင့် စစ်သားများက တလေးတစားဖြင့် အလေးပြု နှုတ်ဆက်ကြသည်။
ယွမ်ရှီကျဲကမူ သူတို့ကို ဂရုစိုက်နေရန် စိတ်မပါသဖြင့် ဖြစ်သလိုသာ ပြန်လည် အသိအမှတ်လိုက်ပြီး လူနာခန်းထဲသို့ အလျင်အမြန် ဝင်သွားလေသည်။
အခန်းထဲသို့ ဝင်လိုက်သည်နှင့် ဖြူလွှလွှ ဆရာဝန်ကုတ်အင်္ကျီကို ဝတ်ဆင်ထားသော ဒေါက်တာအန်းက ကွန်ပျူတာရှေ့တွင် ရပ်ကာ အခြေအနေများကို စစ်ဆေးနေသည်ကို တွေ့လိုက်ရသည်။
ယွမ်ရှီကျဲ ဝင်လာသည်ကို မြင်သောအခါ ဒေါက်တာအန်းက အလျင်အမြန် မတ်တတ်ရပ်လိုက်ပြီး "ဗိုလ်ချုပ်ယွမ်... ရောက်လာပြီကိုး" ဟု နှုတ်ဆက်လိုက်၏။
ယွမ်ရှီကျဲက ကုတင်ပေါ်တွင် သတိလစ်နေသော တင်းဟွေယိကို ကြည့်ကာ "အခြေအနေ ဘယ်လိုရှိလဲ... သူ ဘယ်နေရာကို ဒဏ်ရာရလာတာလဲ" ဟု မေးလိုက်သည်။
ဒေါက်တာအန်းက တင်းဟွေယိ၏ ရင်ဘတ်မှ အင်္ကျီကို လှန်ပြလိုက်ပြီး "အခြေအနေက သိပ်မကောင်းဘူး... ဒီမှာ ကြည့်ပါဦး" ဟု ပြန်ဖြေသည်။
"သူ့ရဲ့ ရင်အုပ်ရိုးတွေက တစ်စစီ ကြေမွနေပြီ"
"နံရိုးတွေ အကုန်လုံးနီးပါးလည်း ကျိုးသွားတယ်"
"အရိုးစ တော်တော်များများက အဆုတ်နဲ့ ကလီစာတွေထဲကို စိုက်ဝင်နေတာ"
"သူသာ ဒဗလျူအမ်-၁ ပြန်လည်ကောင်းမွန်စေတဲ့ ဆေးရည်ကို သောက်မထားဘူးဆိုရင်... ဒီကိုပြန်ရောက်တဲ့အထိတောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး"
ယွမ်ရှီကျဲ လှမ်းကြည့်လိုက်ရာ တင်းဟွေယိ၏ ရင်အုပ်ရိုးကြီး ချိုင့်ဝင်နေပြီး တစ်ပြင်လုံး ညိုမည်းနေသည်ကို မြင်လိုက်ရ၏။
အပြင်ပန်းမှ ကြည့်ရုံဖြင့်ပင် အရိုးများ ကျိုးကြေကာ ပုံပျက်ပန်းပျက် ဖြစ်နေသည်ကို သိသာထင်ရှားစွာ တွေ့မြင်နေရသည်။
ဒေါက်တာအန်းက ဆက်ပြောသည်။ "ကျွန်တော် ခုနကပဲ သူ့ကို ရင်ခေါင်း ခွဲစိတ်မှု လုပ်ပေးခဲ့တယ်... အရိုးစတွေကို ဖယ်ရှားပြီး အရိုးတွေကို နေရာတကျ ပြန်ဆက်ပေးထားတယ်... ပြီးတော့ ဒဗလျူအမ်-၁ ဆေးရည် တစ်လုံး ထပ်ထိုးပေးထားတယ်"
"သူ အသက်ရှင်နိုင်မလား ဆိုတာကတော့ သူ့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုအပေါ်မှာပဲ မူတည်တော့တယ်"
ယွမ်ရှီကျဲက မျက်မှောင်ကြုတ်လိုက်ပြီး "သူ တစ်ခုခု ပြောသေးလား" ဟု မေးလိုက်သည်။
"မပြောဘူး... ထိုက်ယန်တောင် တိုက်ပွဲမှာ ကျွန်တော်တို့ ရှုံးနိမ့်သွားပြီ... လူတွေအကုန်သေပြီး ရေငုပ်သင်္ဘောတွေရော လူတွေပါ အကုန် ဆုံးရှုံးသွားပြီလို့ပဲ ပြောသွားတယ်"
ယွမ်ရှီကျဲ၏ မျက်နှာမှာ မှောင်မိုက်သွားပြီး ရုတ်တရက် "သူ့ရဲ့ အေအန်-၃ ရွှေရောင်ချပ်ဝတ်ကရော" ဟု မေးလိုက်၏။
ဒေါက်တာအန်းက ဤမေးခွန်းကို ကြိုသိနေသည့်အလား လူနာခန်းရှိ ဘီရိုထဲမှ အကြီးအကျယ် ပျက်စီးနေသော ရွှေရောင်ချပ်ဝတ် တစ်ခုကို ချက်ချင်း ထုတ်ယူလာသည်။
ဤရွှေရောင်ချပ်ဝတ်မှာ ကျည်ကာအင်္ကျီနှင့် ဆင်တူသော်လည်း အရောင်မှာမူ ရွှေရောင် တောက်ပနေ၏။
အရှေ့နှင့် အနောက် နှစ်ဖက်စလုံးကို သန္ဓေပြောင်း သတ္တဝါတစ်မျိုး၏ အရိုးများဖြင့် ပြုလုပ်ထားပြီး အပေါ်တွင် ရွှေရောင် သင်္ကေတများစွာ ရေးထွင်းထားကာ ရွှေဓာတ် သန္ဓေပြောင်း စွမ်းအင်ကျောက်တုံး မြောက်မြားစွာကိုလည်း စီခြယ်ထားလေသည်။
သို့သော် ယခုအချိန်တွင် ထိုစွမ်းအင်ကျောက်တုံးများမှာ အရောင်မှိန်ဖျော့နေပြီး စွမ်းအင်ကုန်ခမ်းသွားပုံရကာ အက်ကွဲကြောင်း များစွာလည်း ဖြစ်ပေါ်နေသည်။
ထို့ပြင် သန္ဓေပြောင်း သတ္တဝါ၏ အရိုးများဖြင့် ပြုလုပ်ထားသော ရွှေရောင်ချပ်ဝတ်၏ ရင်အုပ်ပိုင်းမှာလည်း အပေါက်ကြီး တစ်ပေါက် ဖြစ်နေအောင် ထိုးဖောက်ခံထားရ၏။
လက်သီးရာထင်နေသော ထိုအပေါက်ကြီးကို ကြည့်ရင်း... ဤလက်သီးပိုင်ရှင်သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားမည်လဲ ဆိုသည်ကို ယွမ်ရှီကျဲ ကောင်းကောင်း ခံစားလိုက်ရသည်။
သူက သက်ပြင်းတစ်ချက်ကို ရှူသွင်းလိုက်ပြီး "ဒေါက်တာအန်း... ခင်ဗျားအမြင်အရဆိုရင် ဒီ အေအန်-၃ ရွှေရောင်ချပ်ဝတ်ကို ဖောက်ထွင်းနိုင်ဖို့ ဘယ်လို ခွန်အားမျိုး လိုအပ်မလဲ" ဟု မေးလိုက်သည်။
ဒေါက်တာအန်းက လေးနက်သော မျက်နှာထားဖြင့် "သီအိုရီအရ ပြောရရင်တော့ အေအန်-၃ ရွှေရောင်ချပ်ဝတ်ကို ရွှေဓာတ် သန္ဓေပြောင်း သတ္တဝါတွေရဲ့ အရိုးနဲ့ ပြုလုပ်ထားတာပါ"
"သူ့ရဲ့ ကာကွယ်နိုင်စွမ်းက ရွှေဓာတ် သန္ဓေပြောင်း သတ္တဝါရဲ့ အဓိက အရည်အသွေးအပေါ် မူတည်ပြီး မြင့်တက်လာတာ ဖြစ်တယ်"
"တပ်ရင်းမှူးတင်း ဝတ်ဆင်ထားတဲ့ ဒီရွှေရောင်ချပ်ဝတ်က လက်နက်စက်ရုံက အထူးမှာယူထားတာပါ... အဓိက အရည်အသွေး မှတ် ၉၈ ရှိတဲ့ အကာအကွယ်အမျိုးအစား ရွှေဓာတ် သန္ဓေပြောင်း သတ္တဝါတစ်ကောင်ရဲ့ အရိုးကို အသုံးပြုပြီး ဖန်တီးထားတာ ဖြစ်ပါတယ်"
"ဆိုလိုတာက ဒီချပ်ဝတ်ကို ဖောက်ထွင်းနိုင်ဖို့ဆိုရင် တိုက်ခိုက်မှုစွမ်းအားက အနည်းဆုံး မှတ် ၉၈ အထက်မှာ ရှိရပါမယ်"
"ဒါပေမဲ့ ဒီအထဲမှာ တပ်ရင်းမှူးတင်းရဲ့ စိတ်စွမ်းအင် အကာအကွယ်နံရံနဲ့ သူ ရှောင်တိမ်းလိုက်တဲ့အခါ လျော့ကျသွားမယ့် တိုက်ခိုက်မှုစွမ်းအားကိုလည်း ထည့်တွက်ရဦးမယ်"
"ခြုံငုံပြီး ပြောရရင်တော့ ဒီရွှေရောင်ချပ်ဝတ်ကို ဖောက်ထွင်းနိုင်ရုံတင်မကဘူး တပ်ရင်းမှူးတင်းကိုပါ ဒီလောက်အထိ ဒဏ်ရာရသွားစေတဲ့ တိုက်ခိုက်မှုစွမ်းအားက အနည်းဆုံး မှတ် ၁၂၀ ကျော်လောက်တော့ ရှိလိမ့်မယ်"
"ရှီး"
ယွမ်ရှီကျဲက ကြိုတင် ခန့်မှန်းထားပြီး ဖြစ်သော်လည်း မှတ် ၁၂၀ ဟူသော ကြောက်မက်ဖွယ် တိုက်ခိုက်မှုစွမ်းအားကို ကြားလိုက်ရချိန်တွင် သက်ပြင်းတစ်ချက်ကို အေးစက်စွာ ရှူသွင်းလိုက်မိသည်။
ထိုက်ယန်တောင်မှာ ဒီလောက်တောင် ကြောက်စရာကောင်းတဲ့ အစွမ်းပိုင်ရှင်မျိုး ရှိနေတာလား။
ဘယ်သူများလဲ။
ဟင်းလင်းပြင်သခင် လီချင်းဟွာများလား။
မဟုတ်ဘူး... မဖြစ်နိုင်ဘူး။
အဲ့ဒီ လီချင်းဟွာကို သူ ကိုယ်တိုင် မြင်ဖူးတယ်... ဒီလောက်အထိ စွမ်းဆောင်နိုင်ရည် လုံးဝ မရှိဘူး။
ဒါမှမဟုတ် ရေခဲသခင် ကျောက်ခိုင်များလား။
ပိုတောင် မဖြစ်နိုင်သေးတယ်... အဲ့ဒီကောင်က လီချင်းဟွာကိုတောင် ယှဉ်နိုင်တာ မဟုတ်ဘူး။
ဒါဆို ဘယ်သူလဲ။
ရုတ်တရက် သူ့ခေါင်းထဲတွင် နာမည်တစ်ခု ဖြတ်ပြေးသွား၏။
"လင်းယွမ်"
ဤနာမည်ကို သူ ကြားဖူးသည်မှာ တစ်ကြိမ်တည်း မဟုတ်တော့။
ထိုသူမှာ ထိုက်ယန်တောင်၏ အရှင်သခင် ဖြစ်ပြီး လွန်ခဲ့သော တစ်လခွဲခန့်ကတည်းက ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်း တင်းဟွေယိက အမှောင်ဓာတ် ရေပေါ်ကျွန်းမှ ပြန်ရောက်လာပြီးနောက် ဤလူအကြောင်းကို ပြောပြခဲ့ဖူးသည်။
ထိုအချိန်က ဤကိစ္စကို သူ အလေးထားခဲ့သေး၏။
သို့သော် ထိုက်ယန်တောင်သို့ လူလွှတ်၍ စုံစမ်းကြည့်ရာတွင် ထိုသူသည် အမှောင်ဓာတ် ရေပေါ်ကျွန်းမှ လွတ်မြောက်လာခြင်း မရှိကြောင်း သိခဲ့ရသည်။
ထို့ကြောင့် ထိုသူ သေဆုံးသွားပြီဟုသာ သူ မှတ်ယူထားခဲ့သည်။
ထင်သည့်အတိုင်းပင် တစ်လခွဲ အချိန်ကာလတစ်ခု ကြာမြင့်သွားသော်လည်း ထိုသူ၏ သတင်းအစအနမျှ မကြားရချေ။
ဤတစ်ကြိမ် တင်းဟွေယိတို့အဖွဲ့ မထွက်ခွာမီအချိန်လေးတွင်မှ ထိုသူ ပြန်ရောက်လာပြီဟူသော သတင်းကို ရရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤတစ်လခွဲတာကာလအတွင်း အမှောင်ဓာတ် ရေပေါ်ကျွန်း၌ ပိတ်မိနေခဲ့သော ထိုသူ၏ စွမ်းအားက ဤမျှ ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်ထိ တိုးတက်လာနိုင်ပါမည်လား။
ယွမ်ရှီကျဲကတော့ လုံးဝ မဖြစ်နိုင်ဟု ထင်မြင်မိသည်။
ထို အမှောင်ဓာတ် ရေပေါ်ကျွန်း၏ အခြေအနေကို တင်းဟွေယိက သူ့ထံ အစီရင်ခံထားပြီး ဖြစ်သည်။
ထိုကျွန်းပေါ်တွင် အဓိက အရည်အသွေး မှတ် ၁၀၀ အထိ ရှိသော ကြောက်မက်ဖွယ် အမှောင်ဓာတ် သန္ဓေပြောင်း သတ္တဝါကြီး တစ်ကောင် ရှိနေလေသည်။
ထို့ပြင် ထိုကျွန်းပေါ်တွင် အမှောင်ဓာတ်မှလွဲ၍ အခြား သန္ဓေပြောင်းစွမ်းအင်များမှာ အလွန် ရှားပါးလှ၏။
ထိုကဲ့သို့သော နေရာမျိုးတွင် လင်း ဆိုသည့်လူက စွမ်းအားများ မည်သို့ တိုးတက်လာနိုင်မည်နည်း။
တစ်ခုပဲ ရှိသည်...
ရုတ်တရက် သူ ဖြစ်နိုင်ချေ တစ်ခုကို တွေးမိသွားသည်။
ယွမ်ရှီကျဲ၏ မျက်နှာမှာ ချက်ချင်းပင် မှောင်မိုက်သွားလေသည်။
"သူက အဲ့ဒီရေပေါ်ကျွန်းရဲ့ နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေကိုများ သန့်စင်လိုက်တာလား"
ရေပေါ်ကျွန်း တစ်ကျွန်း၏ နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေကို သန့်စင်လိုက်သည်နှင့် မည်သို့ ဖြစ်သွားမည် ဆိုသည်ကို ယွမ်ရှီကျဲ ကောင်းကောင်း နားလည်ထားသည်။
ထိုအရာက ရေပေါ်ကျွန်း၏ လက်ဆောင် အားလုံးကို လက်ခံရရှိလိုက်သည်နှင့် အတူတူပင် ဖြစ်၏။
အချိန်တိုအတွင်းမှာ သိသာထင်ရှားမှု မရှိနိုင်သော်လည်း... နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေကို အပြည့်အဝ သန့်စင်ပြီးသွားပါက ထိုသူ၏ စွမ်းအားမှာ အလွန်တရာ မြင့်မားသွားမည်မှာ သေချာလှသည်။
စစ်တပ်၏ တိမ်မြူကျွန်းကို သန့်စင်ခဲ့သူ ဖုန်းကျန့်ကုန်းကလည်း ဤနည်းလမ်းဖြင့် စစ်တပ်၏ နံပါတ်တစ် အစွမ်းပိုင်ရှင် ဖြစ်လာခဲ့ခြင်း မဟုတ်ပါလော။
"ဒါဆိုရင် လင်းယွမ်က အမှောင်ဓာတ် ရေပေါ်ကျွန်းမှာ တစ်လခွဲကြာအောင် ပိတ်မိနေခဲ့တာ မဟုတ်ဘူးပေါ့"
"သူက အဲ့ဒီရေပေါ်ကျွန်းရဲ့ နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေကို သန့်စင်ဖို့ တစ်လခွဲ အချိန်ယူခဲ့တာများလား"
ယွမ်ရှီကျဲက ထိုသို့ တွေးမိလိုက်ပြီး သက်ပြင်းတစ်ချက် ရှိုက်လိုက်မိသည်။
ဒီတစ်ခါတော့ ပြဿနာ ကြီးသွားပြီ။
ရေပေါ်ကျွန်းကို သန့်စင်ထားတဲ့ အစွမ်းပိုင်ရှင် တစ်ယောက်ရဲ့ စွမ်းအားက အနည်းဆုံးတော့ မှတ် ၁၀၀ ကန့်သတ်ချက်ကို ကျော်လွန်နေပြီဆိုတာ သေချာသည်။
"ထူးဆန်းတယ်... လင်းယွမ်က စိတ်စွမ်းအင် အစွမ်းပိုင်ရှင်လို့ တင်းဟွေယိ ပြောခဲ့တာပဲ... ဘယ်လိုလုပ်ပြီး အမှောင်ဓာတ် ရေပေါ်ကျွန်းကို သန့်စင်နိုင်သွားတာလဲ"
ယွမ်ရှီကျဲ စိတ်ရှုပ်ထွေးနေစဉ်မှာပင် သူ၏ စိတ်ထဲ၌ ထိုမေးခွန်းများ ဖြစ်ပေါ်လာခဲ့သည်။
သို့သော် လက်ရှိအချိန်တွင် ဤအရာများက အကြီးမားဆုံး ပြဿနာတော့ မဟုတ်သေးပေ။
အဓိက အရည်အသွေး မှတ် ၁၀၀ ပြည့်နေသူ တစ်ယောက်ကို သာမန် အစွမ်းပိုင်ရှင် ခေါင်းဆောင်တစ်ယောက်လို သဘောထား၍ မရတော့ချေ။
ထိုကဲ့သို့သော သူနှင့် ရန်သူဖြစ်သွားပါက... တစ်ဖက်လူက အတားအဆီးမရှိ လျှို့ဝှက်လုပ်ကြံမှုများ စတင်လာလျှင် စစ်တပ်အနေဖြင့် လူဘယ်လောက်တောင် အသေခံရဦးမည်နည်း။
"ကြည့်ရတာ ဒီအခြေအနေကို ချက်ချင်း ပြန်ထိန်းနိုင်မယ့် နည်းလမ်းတစ်ခုခုတော့ ရှာရတော့မယ်"
သူက မျက်မှောင်ကြုတ်လိုက်သည်။ တစ်ဖက်လူကို ကြောက်ရွံ့သွားခြင်းကြောင့်တော့ မဟုတ်ပေ။
ဤကဲ့သို့သော သူနှင့် သူသေကိုယ်သေ ရန်ငြိုးဖွဲ့လိုက်ပါက တစ်ဖက်လူသည် ချိုးငှက်အဖွဲ့၏ လက်အောက်သို့ ရောက်သွားနိုင်ချေ ရှိနေသောကြောင့် ဖြစ်သည်။
ထိုသို့ဖြစ်သွားပါက သူတို့သိန်းငှက်အဖွဲ့အတွက် အလွန် ဆိုးရွားသော အခြေအနေ ဖြစ်သွားလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ချိုးငှက်အဖွဲ့တွင် အဓိက အရည်အသွေး မှတ် ၁၀၀ ပြည့်နေသည့် ဖုန်းကျန့်ကုန်းနှင့် ကျန်းယွီကျန်း ဆိုသော အစွမ်းပိုင်ရှင် နှစ်ယောက် ရှိနေပြီးသား ဖြစ်သောကြောင့်တည်း။
အကယ်၍ လင်းယွမ်ပါ ထပ်ပေါင်းပါလာမည် ဆိုလျှင် နောက်ဆက်တွဲ အကျိုးဆက်မှာ တွေးကြည့်၍ပင် မရနိုင်တော့ပေ။
ထို့ပြင် ကျန်းယွီကျန်း၏ အကျင့်စရိုက်ကို သူ ကောင်းကောင်း သိထားသဖြင့်... လင်းယွမ်၏ စွမ်းအားကိုသာ ကျန်းယွီကျန်း သိသွားခဲ့လျှင်...
သူကိုယ်တိုင် ထွက်ပြီး လင်းယွမ်ကို ဆွဲဆောင်စည်းရုံးမည်မှာ မြေကြီးလက်ခတ် မလွဲပင်တည်း။
ဆက်ရန်...
အပိုင်း (၅၇၄) ချိုးငှက်အဖွဲ့၏ တုံ့ပြန်မှု
ချန်ချုံးတောင်... တိမ်မြူကျွန်း။
"ဟားဟားဟား... ဒါဆို ယွမ်ရှီကျဲ ဒီတစ်ခါ အကြီးအကျယ် အထိနာသွားတာပေါ့"
စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ငွေရောင်ဆံပင်နှင့် ခန့်ညားသော မျက်နှာသွင်ပြင်ရှိသည့် ကျန်းယွီကျန်းက သူ၏ ရန်ဘက်ဟောင်း အရှုံးပေါ်သွားကြောင်း ကြားလိုက်ရသဖြင့် စားပွဲကိုပုတ်ကာ မနေနိုင်ဘဲ ဟားတိုက်ရယ်မောလိုက်လေသည်။
ဘေးနားရှိ စစ်ဝတ်စုံနှင့် ကတုံးပြောင် အမျိုးသားတစ်ဦးကလည်း စပ်စုချင်သော မျက်နှာဖြင့် မေးလိုက်သည်။ "ဒီ ထိုက်ယန်တောင် ခေါင်းဆောင်က တကယ်ပဲ အဲ့ဒီလောက်တောင် စွမ်းတာလား"
"တင်းဟွေယိရဲ့ အစွမ်းအစကို ငါသိတယ်... သူ့ရဲ့ အဓိက အရည်အသွေးက ၁၀၀ မှတ် မပြည့်သေးပေမဲ့ စစ်တပ်က စီစဉ်ပေးထားတဲ့ လက်နက်ကိရိယာ မျိုးစုံနဲ့ဆိုရင် သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက ၁၀၀ မှတ်ရှိတဲ့သူထက် မလျော့ဘူး"
"ဒါ့အပြင် လက်နက်ကိရိယာတွေရဲ့ အကူအညီနဲ့ အဓိက အရည်အသွေး အမှတ် ၁၀၀ ရှိတဲ့ တိုက်ခိုက်နိုင်စွမ်းကို ထုတ်သုံးနိုင်တဲ့ တပ်ရင်းမှူးအဆင့် လူတချို့လည်း ရှိသေးတယ်"
"ဒါမှမဟုတ်ရင် သိမ်းငှက်အဖွဲ့ကို ငါတို့ ဖြုတ်ချပစ်နိုင်တာ ကြာပြီပေါ့"
ထိုအချိန်တွင် အောက်ဘက်ရှိ အမျိုးသမီးတစ်ဦးက ဝင်ပြောလိုက်သည်။ "ကျွန်မကတော့ ဒါကို အခွင့်အရေးတစ်ခုလို့ မြင်တယ်"
ထိုအမျိုးသမီးသည် စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ပခုံးအထိရှိသော ဆံပင်တိုလေးကို ပိုင်ဆိုင်ထားသည်။ မိတ်ကပ် လိမ်းခြယ်ထားခြင်း မရှိသော်လည်း အလွန်လှပသော မျက်နှာသွင်ပြင်၊ ဖြူဝင်းနုဖတ်သော အသားအရေနှင့် စင်းလုံးချော နှာတံလေး ရှိလေသည်။
သူမ စကားပြောလိုက်သည့် အသံမှာ အလွန် ကြည်လင်ချိုသာနေပြီး ဖုန်းကျန့်ကုန်းနှင့် ကျန်းယွီကျန်းတို့က သူမကို လှမ်းကြည့်လိုက်ကြသည်။
ကျန်းယွီကျန်းက နူးညံ့စွာ ပြုံး၍ မေးလိုက်သည်။ "ရဲဘော် ကျန်းဝမ်ကျင်း... မင်းမှာ ဘယ်လို အကြံဉာဏ်ကောင်းတွေ ရှိလို့လဲ"
ကျန်းဝမ်ကျင်းက ပြုံးကာ ပြန်ဖြေလိုက်သည်။ "အပြင်က လူတွေကတော့ ကျွန်မတို့ ချိုးငှက်အဖွဲ့ဟာ သိမ်းငှက်အဖွဲ့လောက် အင်အားမကြီးဘူးလို့ ပြောနေကြတယ်... ဒါပေမဲ့ အခုချိန်မှာ စစ်တပ်ပိုင်တဲ့ တစ်ခုတည်းသော ရေပေါ်ကျွန်းက ကျွန်မတို့ လက်ထဲမှာပဲ ရှိတာလေ"
"ကျွန်မတို့ရဲ့ ရေဒီယိုစခန်းကနေ သင်္ကေတပညာရပ် နည်းပညာတွေ... ကပ်ဘေးကာလ ရေပြင်ပေါ်မှာ အသက်ရှင်သန်နိုင်မယ့် နည်းစနစ်တွေ အများကြီးကို ထုတ်လွှင့်ပေးခဲ့လို့ လူဘယ်နှယောက်ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့လဲဆိုတာတောင် မသိနိုင်ဘူး"
"ကျွန်မတို့ကသာ ရေကြီးမှုကြီး မဖြစ်ခင်က ပြည်သူ့တပ်မတော်ရဲ့ ယုံကြည်ချက်တွေကို လက်ဆင့်ကမ်း သယ်ဆောင်လာပြီး ပြည်သူတွေကို တကယ် ရင်ဘတ်ထဲ ထည့်ထားတဲ့ ပြည်သူ့စစ်တပ်အစစ်ပဲ"
"ယွမ်ရှီကျဲ လို အခွင့်အရေးသမား... အစွန်းရောက်သမားမျိုးက ဘယ်တော့မှ အောင်မြင်နိုင်မှာ မဟုတ်ဘူး"
"သူ အနှေးနဲ့အမြန် ပျက်စီးသွားလိမ့်မယ်လို့ ကျွန်မ အရင်ကတည်းက ပြောခဲ့ဖူးတယ်"
"အခုချိန်က သူ ပျက်စီးရမယ့် အချိန်ရောက်ပြီလို့ ကျွန်မ ထင်တယ်"
ဖုန်းကျန့်ကုန်းက ဝင်မေးလိုက်သည်။ "ရဲဘော် ဝမ်ကျင်း... အသေးစိတ် ရှင်းပြပါဦး"
ကျန်းယွီကျန်းသည်လည်း သူ၏ သမီးဖြစ်သူကို လှမ်းကြည့်လိုက်သည်။
ကျန်းဝမ်ကျင်း၏ မျက်ဝန်းများ အရောင်လက်သွားပြီး စကားစလိုက်သည်။ "ဒီ ထိုက်ယန်တောင်က လင်းယွမ်အကြောင်း ကျွန်မ စုံစမ်းကြည့်ပြီးပြီ"
"သူက ပြည်သူတွေကြားမှာ ဂုဏ်သတင်း အရမ်းကြီးတယ်... သူ့ရဲ့ ထိုက်ယန်တောင်ဟာ စည်းကမ်းပိုင်းမှာဖြစ်ဖြစ်... နေချင့်စဖွယ် ပတ်ဝန်းကျင် အနေအထားမျိုးမှာပဲဖြစ်ဖြစ် လင်ကျောင်းမှာရှိတဲ့ ခိုလှုံရေးစခန်း အားလုံးထဲမှာ နာမည်အကောင်းဆုံးပဲလို့ အပြင်မှာ သတင်းတွေ ပြန့်နေတာ"
"ဒီလို ခေါင်းဆောင်မျိုးရဲ့ ခိုလှုံရေးစခန်း ဖွံ့ဖြိုးတိုးတက်ရေး အယူအဆက ကျွန်မတို့ ချိုးငှက်အဖွဲ့ရဲ့ ကယ်တင်ရှင် ဥပဒေသတွေနဲ့ အရမ်းကို နီးစပ်တယ်"
"သူ့ကို ကျွန်မတို့ဘက် ပါလာအောင် စည်းရုံးသင့်တယ်လို့ မြင်တယ်"
"ထိုက်ယန်တောင်ကိုသာ ကျွန်မတို့နဲ့ လာပူးပေါင်းအောင် ဆွဲဆောင်နိုင်မယ်ဆိုရင် သိမ်းငှက်အဖွဲ့ရဲ့ ခြိမ်းခြောက်မှုက အလိုလို ပျက်သုဉ်းသွားလိမ့်မယ်"
ဖုန်းကျန့်ကုန်းက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ "မင်းက ဒီလူ့ကို အဲ့ဒီလောက်တောင် အထင်ကြီးနေတာလား"
ကျန်းဝမ်ကျင်းက စာရွက်စာတမ်း တစ်စောင်ကို ထုတ်ယူကာ သူတို့နှစ်ဦးထံ ကမ်းပေးရင်း ပြောလိုက်သည်။ "ဒါက ကျွန်မ စုဆောင်းထားတဲ့ သတင်းအချက်အလက်တွေပါ"
"ထိုက်ယန်တောင်က သာမန်အဖွဲ့အစည်းတစ်ခု မဟုတ်တော့ဘူး... ကျွန်မ ရထားတဲ့ သတင်းအရ ဒီ လင်းယွမ်ဆိုတဲ့သူက အဓိက အရည်အသွေး ၁၀၀ မှတ်ကိုတောင် ကျော်လွန်သွားလောက်ပြီ"
"ဒါတင်မကသေးဘူး... သူက လွန်ခဲ့တဲ့ တစ်လခွဲလောက်က အမှောင်ဓာတ် ရေပေါ်ကျွန်းပေါ်မှာ ပျောက်ဆုံးသွားခဲ့တာ... အခု ပြန်ပေါ်လာချိန်မှာ ချက်ချင်းဆိုသလို ဒီလောက် ကြီးမားတဲ့ အစွမ်းအစတွေကို ထုတ်ပြလာတယ်"
"သူ အဲ့ဒီ အမှောင်ဓာတ် ရေပေါ်ကျွန်းကို သန့်စင်လိုက်ပြီလို့ ကျွန်မ သံသယရှိတယ်"
ဖုန်းကျန့်ကုန်းနှင့် ကျန်းယွီကျန်းတို့ ထိုစကားကို ကြားလိုက်ရသောအခါ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားကြသည်။
ဖုန်းကျန့်ကုန်းက အသံကိုနှိမ့်၍ ပြောလိုက်သည်။ "တကယ်လို့ ရေပေါ်ကျွန်း တစ်ကျွန်းကိုသာ သန့်စင်နိုင်ခဲ့တာဆိုရင် သူက ငါတို့နဲ့ ပူးပေါင်းဖို့ အရည်အချင်း ပြည့်မီနေပါပြီ"
သူကိုယ်တိုင်ကလည်း တိမ်မြူကျွန်း၏ ဦးနှောက်အမြူတေ၊ နှလုံးအမြူတေတို့ကို သန့်စင်ထားသူဖြစ်ရာ ထိုကဲ့သို့ ရေပေါ်ကျွန်းကို သန့်စင်ပြီးနောက် မည်မျှကြီးမားသော အလားအလာနှင့် အရင်းအမြစ်များကို ပိုင်ဆိုင်နိုင်မည်ကို အလိုလို နားလည်ထားလေသည်။
ကျန်းယွီကျန်းသည်လည်း ဤကိစ္စက မည်သည်ကို ကိုယ်စားပြုကြောင်း ကောင်းစွာ သိရှိထားသဖြင့် မျက်နှာအမူအရာ ပို၍ လေးနက်သွားသည်။
"သတင်းက ခိုင်လုံရဲ့လား" ဟု သူက မေးလိုက်သည်။
ကျန်းဝမ်ကျင်းက ခေါင်းညိတ်ပြလိုက်သည်။ "ရှစ်ဆယ်... ကိုးဆယ်ရာခိုင်နှုန်းလောက် သေချာတယ်... တကယ်တော့ ကျွန်မတို့ ထိုက်ယန်တောင်က လူတွေနဲ့ စောစောကတည်းက အဆက်အသွယ် လုပ်ခဲ့သင့်တာ"
"ထိုက်ယန်တောင်က ဟင်းလင်းပြင်အစွမ်းပိုင်ရှင် လီချင်းဟွာ ဆိုရင်လည်း ဟင်းလင်းပြင် အမျိုးအစား ရေပေါ်ကျွန်း တစ်ကျွန်းကို သန့်စင်ထားတာပဲ... ဒါက ကျွန်မတို့တောင် ယှဉ်လို့မရတဲ့ အရာပဲ"
"ဒီတစ်ချက်တည်းနဲ့တင် ကျွန်မတို့ ဆွဲဆောင်စည်းရုံးသင့်နေပြီ"
"အရင်တုန်းက သူ စစ်တပ်စခန်းကို အကူအညီ လာတောင်းတော့ ကျွန်မတို့ တစ်လှမ်းနောက်ကျသွားပြီး ချန်ချုံးတောင်က ယွမ်ရှီကျဲရဲ့ လက်ဦးမှု ရယူတာကို ခံလိုက်ရတယ်"
"အခု ယွမ်ရှီကျဲရဲ့ ရက်စက်ယုတ်မာတဲ့ ရည်မှန်းချက်တွေ ပေါ်လာပြီဆိုတော့ ထိုက်ယန်တောင်က လူတွေလည်း သူ့ရဲ့ သရုပ်မှန်ကို ရှင်းရှင်းလင်းလင်း သိနေလောက်ပြီလို့ ယုံကြည်တယ်... ကျွန်မတို့ အခုသွားပြီး စည်းရုံးမယ်ဆိုရင် အရမ်းကြီး ခက်ခဲတော့မှာ မဟုတ်ဘူး"
အမှန်တကယ်တော့ ချိုးငှက်အဖွဲ့က အစောဆုံးကာလတည်းက ဆွဲဆောင်စည်းရုံးချင်ခဲ့သူမှာ လီချင်းဟွာ ပင်ဖြစ်သည်။
ယခုအခါ အဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များအားလုံး၏ အသိအမြင်တွင် ရေပေါ်ကျွန်းကို ပိုင်ဆိုင်ထားမှသာ တစ်နေရာရာတွင် အမှန်တကယ် အခြေချနိုင်ပြီး ဤရေလွှမ်းမိုးမှု ကမ္ဘာကြီးထဲတွင် ရှင်သန်နိုင်မည့် အခြေအနေများကို ပြည့်စုံစေနိုင်မည်ဟု ယေဘုယျအားဖြင့် မှတ်ယူထားကြသည်။
ထို့အပြင် အနာဂတ်ကာလသည် အမှန်တကယ်ပင် ယခင်နှင့် မတူညီတော့ကြောင်းကိုလည်း လူတိုင်း ရှင်းရှင်းလင်းလင်း သိရှိထားကြသည်။
ရေပေါ်ကျွန်းများ ပေါ်ထွက်လာခြင်းသည် ရွှေ့ပြောင်းနိုင်သော နိုင်ငံပိုင်နက်များ အဖြစ် ကိုယ်စားပြုနေလေသည်။
ထိုသို့ဖြစ်လာပါက အမှန်တကယ် တည်ရှိသော နိုင်ငံပိုင်နက် နယ်နိမိတ်မျဉ်းများသည် မှုန်ဝါး၍ မထင်မရှား ဖြစ်လာပေလိမ့်မည်။
နိုင်ငံ ဟူသော အယူအဆသည်လည်း မကြာမီ အချိန်အတွင်း ဤနေရာတွင်ပင် တကယ် ပျောက်ကွယ်သွားလိမ့်မည်ဟု ခန့်မှန်းရသည်။
အနာဂတ်၏ ရေလွှမ်းမိုးမှု ကမ္ဘာကြီးတွင် ရေပေါ်ကျွန်း တစ်ကျွန်းချင်းစီကို အခြေခံယူနစ်အဖြစ် သတ်မှတ်ကာ အဖွဲ့အစည်း အသီးသီးကို ဖွဲ့စည်းလာကြမည် ဖြစ်သည်။
သို့သော် လီချင်းဟွာ ရောက်လာသည့်အချိန်တွင် သိမ်းငှက်အဖွဲ့ စစ်တပ်၏ တိုက်ရိုက် ကြားဖြတ် တားဆီးခြင်းကို ခံခဲ့ရလေသည်။
လီချင်းဟွာသည် စစ်တပ်၏ အတွင်းရေး အခြေအနေများကို မသိရှိခဲ့သဖြင့် ယွမ်ရှီကျဲကို စစ်တပ်၏ ခေါင်းဆောင်အဖြစ် သတ်မှတ်လိုက်မိခြင်း ဖြစ်သည်။
သူသည် စစ်တပ်တွင် ချိုးငှက်အဖွဲ့ဟူ၍ နောက်တစ်ဖွဲ့ ရှိနေသေးကြောင်းကိုပင် မသိခဲ့ရှာပေ။
လင်းယွမ် ကိုယ်တိုင်ပင်လျှင် စစ်တပ်၏ အခြေအနေများကို ဝူမုန့် ပြောပြ၍သာ သိခဲ့ရခြင်း ဖြစ်သည်ကို သတိပြုရမည်။
"အင်း... မင်းပြောတာ အဓိပ္ပာယ်ရှိတယ်... သူတို့က တစ်ပြိုင်နက်တည်းမှာ ရေပေါ်ကျွန်း နှစ်ကျွန်းကို ပိုင်ဆိုင်ထားမှတော့ သေချာပေါက် အလေးထားသင့်တာပေါ့" ဖုန်းကျန့်ကုန်းက ခေါင်းညိတ် ထောက်ခံလိုက်သည်။
ကျန်းယွီကျန်းက "ဝမ်ကျင်း... ဒီကိစ္စကို နင့်ကိုပဲ လွှဲလိုက်တော့မယ်" ဟု ပြောလိုက်သည်။
"ဟုတ်ကဲ့... ကျွန်မ အခုပဲ လူလွှတ်ပြီး သူတို့နဲ့ သွားဆက်သွယ်ခိုင်းလိုက်မယ်"
...
"ဝုန်း"
ဆီးနှင်းပြင် တစ်နေရာတွင် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
နှင်းပြင်ကြီး ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး ဧရာမ ဆီးနှင်းပြင်ကြီး နစ်မြုပ်သွားကာ ကြီးမားသော ရေပြင်ကျယ်ကြီး ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။
လူရိပ်တစ်ခုက ရေထဲမှ တစ်ဟုန်ထိုး ခုန်ထွက်လာပြီးနောက် "ဗွမ်း" ခနဲ အသံနှင့်အတူ ရေပြင်ပေါ်သို့ ပေါ်ထွက်လာသည်။
ဝူဝမ်ဖန်းက ရင်ဘတ်ကို ဖိထားရင်း သွေးများ အန်ချလိုက်သည်။
သို့သော် သူ၏ ခန္ဓာကိုယ်တွင်းရှိ သန္ဓေပြောင်းစွမ်းအင်များ လည်ပတ်လာပြီး မြူခိုးအစုအဝေးများက သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားကြသည်။
ခဏအကြာမှာပင် သူ့မျက်နှာပေါ်ရှိ အရောင်အသွေးများ ပြန်လည် စိုပြည်လာပြီး ခန္ဓာကိုယ်တွင်းရှိ ဒဏ်ရာများမှာလည်း လျင်မြန်စွာ ပြန်လည် သက်သာလာလေသည်။
ဝူဝမ်ဖန်းသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး တစ်စက္ကန့်မျှပင် ရပ်တန့်မနေရဲဘဲ တိန့်ကုန်းတောင်ဘက်သို့ တစ်ဟုန်ထိုး ပြေးလွှားသွားတော့သည်။
တိန့်ကုန်းတောင်မှာ ရေနတ်ဘုရားဂိုဏ်း၏ အစောဆုံး သိမ်းပိုက်ခဲ့သော အခြေစိုက်စခန်း တစ်ခုဖြစ်သည်။
မီယွမ်မိုးသစ်တော ရေပေါ်ကျွန်းကို မရရှိခင် အချိန်အထိ ဤနေရာသည် ရေနတ်ဘုရားဂိုဏ်း၏ အဓိက ဗဟိုချက်မ နေရာတစ်ခု ဖြစ်ခဲ့သည်။
ရေနတ်ဘုရားဂိုဏ်းမှ မီယွမ်မိုးသစ်တော ရေပေါ်ကျွန်းကို လုယူရရှိပြီးနောက်ပိုင်းတွင် အဆင့်မြင့် အဖွဲ့အစည်းများ အားလုံးမှာ မီယွမ်မိုးသစ်တောပေါ်သို့ ပြောင်းရွှေ့သွားခဲ့ကြပြီ ဖြစ်သည်။
ရေနတ်ဘုရားဂိုဏ်း၏ အင်အားအကြီးမားဆုံးသော ဒီရေပင်မဦးနှောက် သည်လည်း မီယွမ်မိုးသစ်တောပေါ်သို့ ပြောင်းရွှေ့သွားခဲ့လေပြီ။
ဗဟို အထွတ်အမြတ် အာဏာပိုင်အဖွဲ့အစည်းများ အားလုံးသည်လည်း မီယွမ်မိုးသစ်တောသို့ ပြောင်းရွှေ့သွားခဲ့ကြသည်။
တိန့်ကုန်းတောင်တွင် ရေနစ် ဝိညာဉ်တပ်ဖွဲ့ နှင့် ချောက်နက် လုပ်ကြံသူ တပ်ဖွဲ့တို့ကိုသာ စောင့်ကြပ်ရန် ချန်ထားခဲ့ခြင်း ဖြစ်သည်။
ယဇ်ပုရောဟိတ်ကြီး လေးပါးသည် ဗဟို အထွတ်အမြတ် အာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းထားသော အစိတ်အပိုင်းတစ်ခုပင် ဖြစ်သည်။
ဗဟို အထွတ်အမြတ် အာဏာပိုင်အဖွဲ့ တစ်ခုလုံးတွင် ဒီရေပင်မဦးနှောက်၊ သန့်စင်ခြင်း တရားဟောအဖွဲ့၊ ယဇ်ပုရောဟိတ်ကြီး လေးပါး နှင့် ချောက်နက် မှတ်တမ်းတိုက် ဟူသော အဖွဲ့အစည်း လေးခု ပါဝင်သည်။
ယခုအခါ ယဇ်ပုရောဟိတ်ကြီး လေးပါးထဲမှ ကပ်ရောဂါ ယဇ်ပုရောဟိတ် ဟန်ထိုက်နှင့် ရေလေး ယဇ်ပုရောဟိတ် တိန့်ကျဲတို့မှာ လင်းယွမ်၏ အရိပ်ကမ္ဘာထဲသို့ ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရပြီ ဖြစ်သည်။
ကျန်ရှိနေသော အသက်ဓာတ် ယဇ်ပုရောဟိတ် ဝူဝမ်ဖန်းမှာ တစ်လမ်းလုံး အသက်လု ထွက်ပြေးလာခဲ့ပြီး ကွမ်ဖူ သို့ အနားမယူတမ်း ပြန်လည် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်တွင် ဝူဝမ်ဖန်းက တိန့်ကုန်းတောင်သို့ တိုက်ရိုက် မပြန်ဘဲ မီယွမ်မိုးသစ်တောဘက်သို့ တစ်ဟုန်ထိုး ပြေးလွှားသွားခဲ့သည်။
"မြန်မြန်... မီယွမ်မိုးသစ်တောကို အမြန်ဆုံး ပြန်သွားပြီး သန့်စင်ခြင်း တရားဟောအဖွဲ့ကို သတင်းပို့ရမယ်... ဒီတစ်ခါတော့ ပြဿနာ အကြီးကြီး တက်ပြီ"
လင်းယွမ်ဆိုသည့် ထိုလူက အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းလှသဖြင့် ဝူဝမ်ဖန်း၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။
အမှောင်ဓာတ် စွမ်းအင်များကို ပိုင်ဆိုင်ပြီးနောက် ဖွင့်လှစ်လိုက်သည့် အမှောင်ရိပ်ကမ္ဘာမှာ လုံးဝကို ပြိုင်ဘက်ကင်းလွန်းလှသည်။
ယခုအချိန်အထိ တစ်ဖက်လူ၏ တွင်းနက်အရိပ်ကမ္ဘာ အစွမ်းကို မည်သို့ ချေဖျက်ရမည်ဆိုသည့် နည်းလမ်းကို သူ စဉ်းစား၍ မရသေးပေ။
ထိုအရာက သူ့ကို အမှန်တကယ်ပင် အံ့သြ ထိတ်လန့်သွားစေခဲ့သည်။
"ဒီ လင်း ဆိုတဲ့လူက သေချာပေါက် ဟို ရေပေါ်ကျွန်းရဲ့ နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေကို သန့်စင်လိုက်လို့သာ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက ၁၀၀ မှတ်အထိ တက်သွားတာဖြစ်ရမယ်"
"တိန့်ကျဲလည်း သူ့လက်ထဲမှာ သေချာပေါက် သေသွားလောက်ပြီ"
"အခုတော့ သန့်စင်ခြင်း တရားဟောအဖွဲ့ကို ဝင်ပါဖို့ အကူအညီ တောင်းမှပဲ ရတော့မယ်"
တိန့်ကုန်းတောင်ကို ကွေ့ပတ်သွားပြီးနောက် ရှေ့ဘက်ရှိ ဧရာမ ဆီးနှင်းပြင်ကြီးထဲတွင် ကြီးမားလှသော ရေပေါ်ကျွန်းကြီး တစ်ကျွန်း ပေါ်ထွက်လာသည်။
သို့သော် ထူးဆန်းသည်မှာ ထိုဧရာမ ရေပေါ်ကျွန်းကြီးပေါ်တွင် သစ်ပင်ပန်းမန်များ အုပ်ဆိုင်းနေပြီး စိမ်းလန်းစိုပြည်နေခြင်းပင် ဖြစ်သည်။
ထို့အပြင် ထိုအပင်များမှာ ယေဘုယျအားဖြင့် အလွန် မြင့်မားကြီးမားကြပြီး အရွက်ကျယ်သော သစ်ပင် အမျိုးအစားများကို အဓိကထား၍ ပေါက်ရောက်နေကြသည်။
အပူပိုင်း သစ်တောကြီး တစ်ခုနှင့် အလွန် တူညီနေလေသည်။
ပို၍ အံ့သြစရာ ကောင်းသည်မှာ မိုးသစ်တော တစ်ခုလုံးကို အပြာရောင် အကာအကွယ် အလွှာတစ်ခုက ရစ်ပတ်ဖုံးလွှမ်းထားသကဲ့သို့ ဖြစ်နေခြင်းပင်။
ကောင်းကင်ထက်မှ ဆီးနှင်းပွင့်များ ကျဆင်းနေသော်လည်း ဤမိုးသစ်တောထဲသို့ ကျရောက်မလာပေ။
ဆန့်ကျင်ဘက်အနေဖြင့် အပြာရောင် အကာအကွယ်နှင့် ထိတွေ့မိပြီးနောက် ရေပေါက်လေးများအဖြစ် ပြောင်းလဲသွားကာ ထိုအကာအကွယ်ထဲသို့ စိမ့်ဝင်သွားကြသည်။
ထိုအကာအကွယ်အတွင်း၌ အချိန်ရလျှင်ရသလို မိုးသည်းထန်စွာ ရွာသွန်းလေ့ရှိပြီး အကာအကွယ်အတွင်းရှိ ပိုလျှံနေသော ရေဓာတ်များကို စားသုံးဖျောက်ဖျက်ပစ်လေသည်။
ဝူဝမ်ဖန်းသည် ထိုအကာအကွယ်ပါရှိသော မိုးသစ်တောကို မြင်လိုက်ရသောအခါ မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။
ဤနေရာမှာ ရေနတ်ဘုရားဂိုဏ်း၏ ရေပေါ်ကျွန်း ဖြစ်သော မီယွမ်မိုးသစ်တော ပင်တည်း။
၎င်းသည် ရေနတ်ဘုရားဂိုဏ်းဝင် အားလုံး၏ ရင်ထဲမှ အထွတ်အမြတ်ထားရာ နေရာလည်း ဖြစ်သည်။
ရေနတ်ဘုရားဂိုဏ်းသားများ အားလုံး၏ စိတ်ထဲတွင် ဤမီယွမ်မိုးသစ်တော အတွင်း၌ နေထိုင်ရခြင်းကို ဂုဏ်ယူဝင့်ကြွားစရာ တစ်ခုအဖြစ် သတ်မှတ်ထားကြသည်။
သူတို့ တစ်သက်လုံး ကြိုးစားရုန်းကန်ခဲ့ကြပြီး အသက်ကိုပင် စတေးခဲ့ကြသည်မှာ ဤနေရာသို့ ပြောင်းရွှေ့နေထိုင်ခွင့် ရရှိရန်အတွက်သာ ဖြစ်ပေသည်။
"ဝုန်း"
ဝူဝမ်ဖန်း အနီးသို့ ချဉ်းကပ်သွားသည်နှင့်အမျှ သူ့ခန္ဓာကိုယ်ပေါ်တွင် ရေဓာတ်များက ဖုံးလွှမ်းလာပြီး အကာအကွယ်နှင့် လျင်မြန်စွာ ပေါင်းစပ်သွားကာ အသံတိတ် လှမ်းဝင်သွားလေသည်။
သို့သော် သူ အထဲသို့ ဝင်ရောက်သွားသည်နှင့် အကာအကွယ်၏ တစ်နေရာမှ တုန်ခါသံများ ချက်ချင်း ထွက်ပေါ်လာသည်။
မိုးသစ်တောထဲမှ ရေစီးကြောင်း တစ်ခုက ချက်ချင်း ပစ်ခတ်လာသည်။
"ဝှစ်"
ရေစီးကြောင်းက ချွန်ထက်သော မြှားတစ်စင်းအဖြစ် ပြောင်းလဲသွားပြီး လေခွင်းသံနှင့်အတူ ပြေးဝင်လာသည်။
သို့သော် ဝူဝမ်ဖန်းက အသံကိုနှိမ့်၍ အော်ဟစ်လိုက်သည်။ "အတင့်ရဲလှချည်လား"
သူက သင်္ကေတအရိုး တစ်ချောင်းကို ထုတ်ယူကာ လေထဲသို့ ပစ်တင်လိုက်သည်။
ချက်ချင်းပင် သင်္ကေတအရိုးမှ သင်္ကေတတစ်ခု လင်းလက်လာပြီး ရေမြှား၏ ရှေ့တွင် ကာကွယ်လိုက်သည်။
"ဝုန်း" ခနဲ အသံနှင့်အတူ ရေမြှားက ပေါက်ကွဲထွက်သွားပြီး သင်္ကေတအရိုးမှ အလင်းရောင်များ တောက်ပလာသည်။
ချက်ချင်းပင် အဝေးရှိ သစ်တောအုပ်ထဲမှ စမ်းချောင်းအတွင်းတွင် ခြုံထည်ဝတ်ဆင်ထားသော လူရိပ်တစ်ခု ထွက်ပေါ်လာသည်။
"အသက်ဓာတ် ယဇ်ပုရောဟိတ်ကြီးပါလား"
ရောက်လာသူသည် ဝူဝမ်ဖန်းကို မြင်လိုက်ရသောအခါ လန့်သွားပြီး အလျင်အမြန် ရှေ့တိုးလာကာ အရိုအသေပေး နှုတ်ဆက်လိုက်သည်။
ဝူဝမ်ဖန်းတွင် သူ့အား စကားအပို ပြောနေရန် အချိန်မရှိသဖြင့် ပြောလိုက်သည်။ "ငါ သမ္ဗာန်တော် ကို သွားမယ်... ဒီရေပင်မဦးနှောက်ကို တွေ့ရမယ်... သန့်စင်ခြင်း တရားဟောအဖွဲ့က လူတွေရယ် ချောက်နက် မှတ်တမ်းတိုက်က အသိပညာ ယဇ်ပုရောဟိတ် ရယ်ကို သွားပင့်ပေး"
ခြုံထည်ဝတ်ဆင်ထားသူမှာ အံ့သြသွားပြီး လက်နှစ်ဖက်ကို ယှက်ကာ အမြန် ဖြေလိုက်သည်။ "ဟုတ်ကဲ့ပါ"
သူတို့နှစ်ဦး ချက်ချင်း လမ်းခွဲလိုက်ကြသည်။
ဝူဝမ်ဖန်းသည် တစ်လမ်းလုံး ရေစီးကြောင်း တစ်ခုအလား လျင်မြန်စွာ ရွေ့လျားကာ ဗဟို အထွတ်အမြတ် အာဏာပိုင်အဖွဲ့ ရှိရာသို့ အပြေးအလွှား သွားခဲ့သည်။
မကြာမီ သူသည် တောအုပ်၏ ထက်ဝက်ကျော်ကို ဖြတ်သန်းလာခဲ့ပြီးနောက် ရုတ်တရက် ရှေ့တွင် ရှင်းလင်းကျယ်ပြန့်သော နေရာတစ်ခု ပေါ်လာသည်။
မိုးသစ်တောထဲတွင် ကြက်ဥပုံစံ အခုံးရှိပြီး အလွန် ကြီးမားလှသော အဆောက်အအုံကြီး တစ်ခု ထွက်ပေါ်လာသည်။
ထိုအဆောက်အအုံ အနီးတွင် ရေနစ် ဝိညာဉ်တပ်ဖွဲ့ များက ကင်းလှည့်နေကြပြီး အမှောင်ထဲတွင်လည်း ချောက်နက် လုပ်ကြံသူ များက စောင့်ကြည့်နေကြသည်။
ဝူဝမ်ဖန်းကို မြင်လိုက်ရသောအခါ ဖြတ်သွားဖြတ်လာ လုပ်နေသူများက ရိုသေလေးစားစွာဖြင့် အရိုအသေပေးကြသည်။
အဆောက်အအုံ အဝင်ဝသို့ ရောက်ရှိသွားသည့် အချိန်မှသာ ရေနစ် ဝိညာဉ်တပ်ဖွဲ့ဝင် တစ်ဦးက မျက်နှာမထောက်ဘဲ သူ့အား အဖွဲ့ဝင်ကတ် ပြသရန် တောင်းဆိုလေသည်။
"ခွင့်လွှတ်ပါ အသက်ဓာတ် ယဇ်ပုရောဟိတ်ကြီး"
ဝူဝမ်ဖန်းက လက်ကို ဝှေ့ယမ်းပြလိုက်သည်။ "သမ္ဗာန်တော် အထွတ်အမြတ်မြေဆိုတော့ ဒီလောက်တော့ သတိထားရမှာပေါ့... မင်း လုပ်တာ ကောင်းပါတယ်"
ထိုစကားကို ပြောပြီးနောက် သူက ခြေလှမ်းကျဲကျဲဖြင့် အထဲသို့ ဝင်သွားလေသည်။
ဤ ကြက်ဥခွံပုံစံ အဆောက်အအုံအတွင်းတွင် အလွန် ခမ်းနားလှပပြီး အနာဂတ် နည်းပညာရပ်များဖြင့် ပြည့်နှက်နေလေသည်။
အဖြူရောင် လျှောက်လမ်းများမှာ ကြမ်းပြင်နှင့် နံရံ တစ်ဆက်တည်း ဖြစ်နေသည်။
မီးသီး မီးချောင်းများ မရှိသော်လည်း ဤနေရာရှိ နံရံများမှ သဘာဝ အဖြူရောင် အလင်းတန်းများ ထွက်ပေါ်နေပြီး မီးချောင်းများကဲ့သို့ အရာအားလုံးကို လင်းထိန်နေစေသည်။
လမ်းတစ်လျှောက်တွင် ဂျူတီကုတ် အဖြူရောင်များ ဝတ်ဆင်ထားသော သုတေသီ အမြောက်အမြား ဖြတ်လျှောက်သွားကြပြီး ဝူဝမ်ဖန်းကို မြင်လိုက်ရသောအခါ အသီးသီး နှုတ်ဆက်ကြလေသည်။
ဝူဝမ်ဖန်းက ရပ်မနေဘဲ ဧရာမ လျှောက်လမ်းကြီး တစ်ခုရှေ့သို့ တိုက်ရိုက် ရောက်လာခဲ့သည်။
"ငါ ဒီရေပင်မဦးနှောက်ကို တွေ့ချင်တယ်"
တံခါးဝရှိ တာဝန်ကျ ဝန်ထမ်းက ထိုစကားကို ကြားသောအခါ ဝူဝမ်ဖန်းကို ကြည့်၍ ပြောလိုက်သည်။ "ယဇ်ပုရောဟိတ်ကြီး ခဏလောက် စောင့်ပါ... ကျွန်တော်တို့ လူကြီးမင်းရဲ့ အမှတ်အသားကို စစ်ဆေးဖို့ လိုအပ်ပါတယ်"
ဝူဝမ်ဖန်းက အမှတ်အသား သင်္ကေတအရိုးကို ထုတ်ပေးကာ တစ်ဖက်လူအား စစ်ဆေးစေလိုက်သည်။
မကြာမီ တာဝန်ကျ ဝန်ထမ်းက အချက်အလက်များကို အတည်ပြုပြီးနောက် ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။ "ဝင်ပါခင်ဗျာ"
သူက လမ်းဖယ်ပေးလိုက်ရာ ဝူဝမ်ဖန်းလည်း လျင်မြန်စွာ ခြေလှမ်းကျဲကျဲဖြင့် အထဲသို့ ဝင်သွားလေသည်။
ဥမင်လိုဏ်ခေါင်းမှာ အလွန် ကျယ်ဝန်းပြီး အပူချိန် အနည်းငယ် နိမ့်ကျနေသော်လည်း အပြင်ဘက်ရှိ ရေခဲနှင်းပြင်ကြီးထက်စာလျှင် အလွန် ကောင်းမွန်နေသေးသည်။
ဥမင်လိုဏ်ခေါင်းကို ဖြတ်သန်းသွားပြီးနောက် ရှေ့တွင် ဧရာမ လိုဏ်ဂူခန်းမကြီး တစ်ခု ပေါ်ထွက်လာသည်။
အလယ်ဗဟိုတွင် စက်ဝိုင်းပုံစံ ရေကန်တစ်ခု ရှိပြီး ထိုရေကန်ထဲ၌ ဖောက်ထွင်းမြင်နိုင်သော စက်လုံးကြီးဖြင့် ဖုံးအုပ်ထားသည့် အရာတစ်ခုက ပေါလောပေါ်နေသည်။
ထိုစက်လုံးကြီး၏ အတွင်းဘက်တွင် ဦးနှောက်နှင့်တူသော အင်္ဂါအစိတ်အပိုင်း သုံးခုက ဖြည်းညင်းစွာ ခုန်လှုပ်နေပြီး ၎င်းတို့ထံမှ များပြားလှသော စုပ်ခွက်လက်တံများက အာရုံကြောကွန်ရက်များကဲ့သို့ အရပ်မျက်နှာ အသီးသီးသို့ ဖြန့်ကြက်ထားကာ တုတ်ခိုင်သော စုပ်ခွက်လက်တံ ဆယ်ဂဏန်းခန့်က ရေကန်ထဲသို့ ထိုးစိုက်ဝင်နေကြသည်။
ဤအရာကပင် ရေနတ်ဘုရားဂိုဏ်း၏ အနက်နဲဆုံးနှင့် အလျှို့ဝှက်ဆုံးဖြစ်သော ဒီရေပင်မဦးနှောက် ပင် ဖြစ်လေတော့သည်။
ဆက်ရန်...