အခန်း (၅၇၅-၅၇၆)
Vol. 29 Ch. 575-576
အပိုင်း (၅၇၅) ဒီရေပင်မဦးနှောက်
ဧရာမ ဒီရေပင်မဦးနှောက်ကြီး၏ ရှေ့သို့ ရောက်ရှိလာသောအခါ ဝူဝမ်ဖန်းက ရိုသေကိုင်းရှိုင်းစွာ ဒူးထောက်လိုက်ပြီး "အသက်ဓာတ် ယဇ်ပုရောဟိတ် ဝူဝမ်ဖန်း... ဒီရေနတ်ဘုရားကို ဂါရဝပြုပါတယ်" ဟု ပြောလိုက်သည်။
ဒီရေပင်မဦးနှောက်ကြီးတွင် ပါးစပ်ပေါက်ကို မမြင်ရသော်လည်း ၎င်း၏အသံကမူ ရှင်းလင်းပြတ်သားစွာ ထွက်ပေါ်လာသည်။ "အစီအစဉ် ပျက်သွားပြီလား"
ဝူဝမ်ဖန်း၏ မျက်နှာအမူအရာက လေးနက်တည်ကြည်နေပြီး "ကျွန်တော် အပြစ်ရှိပါတယ်... ပြစ်ဒဏ်ခံယူဖို့ အသင့်ပါပဲ" ဟု ပြန်ဖြေသည်။
ဒီရေပင်မဦးနှောက်က ခပ်အေးအေးပင် မေးလိုက်သည်။ "ဘာတွေ လွဲချော်သွားတာလဲ"
"ထိုက်ယန်တောင် ခေါင်းဆောင် လင်းယွမ် ပြန်ရောက်လာလို့ပါ"
"သူက အဲ့ဒီ အမှောင်ဓာတ် ရေပေါ်ကျွန်းကို သန့်စင်နိုင်ခဲ့ရုံတင်မကဘဲ အမှောင်ဓာတ် အစွမ်းကိုပါ ပိုင်ဆိုင်သွားခဲ့တယ်... အဲ့ဒီအပြင် သူ့ရဲ့ အဓိက အရည်အသွေး ကလည်း တစ်ပြိုင်နက်တည်းမှာပဲ အမှတ် ၁၀၀အထိ ရောက်ရှိသွားခဲ့တယ်"
"သူ့ရဲ့ အမှောင်ဓာတ် အစွမ်းက အမှောင်ဓာတ် စွမ်းအင်တွေချည်းပဲ ရှိနေတဲ့ နှစ်ဖက်မြင် ဟင်းလင်းပြင် တစ်ခုကို ဖွင့်လှစ်နိုင်စွမ်း ရှိနေတယ်"
"သူ ရုတ်တရက် ပေါ်လာမယ်လို့ ကျွန်တော်တို့ လုံးဝ မထင်ထားခဲ့မိဘူး... လူအားလုံး... တပ်မကြီးတစ်ခုလုံး ပျက်စီးသွားခဲ့ရပြီ"
ထိုနေရာသို့ အရောက်တွင် ဝူဝမ်ဖန်းက အလွန်တရာ ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားသည်။
သို့သော် ဒီရေပင်မဦးနှောက်က မည်သို့မျှ အပြစ်မတင်ဘဲ ဤသို့သာ ပြောလိုက်သည်။ "အမှောင်ဓာတ် ရေပေါ်ကျွန်း... အရိပ်နဂါးကျွန်းလား... အဲ့ဒီရေပေါ်ကျွန်းကို သန့်စင်နိုင်တဲ့သူ တကယ်ပဲ ရှိနေတာလား"
၎င်းက အရိပ်နဂါးကျွန်း ရှိနေကြောင်းကို စောစောကတည်းက သိရှိထားပုံရပေသည်။
ထိုအချိန်မှာပင် အပြင်ဘက်မှ အလျင်စလို လျှောက်လှမ်းလာသော ခြေသံများ ထွက်ပေါ်လာသည်။
မကြာမီမှာပင် လူသုံးယောက် အတူတကွ ဝင်ရောက်လာကြသည်။
၎င်းတို့အနက် တစ်ယောက်မှာ အပြာရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး အဖြူရောင် မုတ်ဆိတ်မွေးများနှင့် ဖြစ်သည်။ အသက် ခြောက်ဆယ် ခုနစ်ဆယ်ခန့် ရှိမည်ဟု ခန့်မှန်းရကာ မျက်နှာတွင် အရေးအကြောင်းများ ပြည့်နှက်နေပြီး မျက်မှန်ကိုလည်း တပ်ဆင်ထား၏။
ကျန်နှစ်ဦးမှာမူ လူလတ်ပိုင်းအရွယ် အမျိုးသားများ ဖြစ်ကြသည်။
ထိုအထဲမှ တစ်ဦးမှာ တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်ရှိပြီး တောက်ပစူးရှသော မျက်လုံးများ ရှိသည်။
နောက်တစ်ဦးကမူ ပညာတတ်ဆန်သော အသွင်အပြင်ရှိကာ အသက် လေးဆယ်ကျော် ဝန်းကျင်ခန့် ရှိပေသည်။
ထိုလူနှစ်ဦးသည်လည်း အပြာရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကြပြီး အဖြူရောင် မုတ်ဆိတ်မွေးနှင့် အဘိုးအို၏ ဝတ်စုံနှင့် တစ်ပုံစံတည်း ချုပ်လုပ်ထားပုံရသည်။
ထိုသုံးဦး ရောက်ရှိလာသည်နှင့် ဝူဝမ်ဖန်း စကားပြောရန် အခွင့်မရခင်မှာပင် အဖြူရောင် မုတ်ဆိတ်မွေးနှင့် အဘိုးအိုက မနေနိုင်ဘဲ လှမ်းမေးလိုက်သည်။ "ဝမ်ဖန်း... လောင်ဟန် ပြန်မလာဘူးလား"
ဝူဝမ်ဖန်းက ဝင်လာသူများကို မြင်သောအခါ အလျင်စလို ပြန်ပြောလိုက်သည်။ "ယဇ်ပုရောဟိတ်ဟူ... ဒီတစ်ခေါက်တော့ ပြဿနာကြီးသွားပြီ"
ဤအဖြူရောင် မုတ်ဆိတ်မွေးနှင့် အဘိုးအိုသည် ယဇ်ပုရောဟိတ်ကြီး လေးပါးအနက် နောက်ဆုံးတစ်ပါး ဖြစ်ပြီး အသိပညာ ယဇ်ပုရောဟိတ် ဟု အမည်တွင်ကာ ရေနတ်ဘုရားဂိုဏ်း၏ ချောက်နက် မှတ်တမ်းတိုက်ကို ကြီးကြပ်အုပ်ချုပ်သူ ဖြစ်သည်။
ရေနတ်ဘုရားဂိုဏ်း၏ တရားဝင်မှုကို ဝါဒဖြန့်ရန်အတွက် သူတို့သည် သမိုင်းမှတ်တမ်းများကို ပြင်ဆင်ရေးသားခဲ့ကြပြီး ကပ်ဘေးဆိုးကြီး ကျရောက်ပြီးနောက် ဖြစ်ပေါ်လာသော အဖြစ်အပျက် အားလုံးကို မှတ်တမ်းတင်ခဲ့ကြသည်။
သမိုင်းကို လိုသလို ပြုပြင်ပြီး အကြောင်းရင်းများကို ဖုံးကွယ်ကာ ရေနတ်ဘုရား ရှိနေကြောင်းကို ကြေညာခဲ့ကြခြင်း ဖြစ်သည်။
ရေပေါ်ကျွန်းများ၏ ဇာစ်မြစ်ကိုပင် သူတို့က လုပ်ကြံဖန်တီးထားခဲ့ကြသေးသည်။
ဤ မီယွမ်မိုးသစ်တောကြီးသည် ရေနတ်ဘုရားက သူတို့ကို ပေးသနားထားသော ခိုလှုံရာ နယ်မြေ ဖြစ်သည်ဟု ဆိုကြလေသည်။
အချုပ်အားဖြင့်ဆိုရသော် ရေနတ်ဘုရားဂိုဏ်း၏ အယူဝါဒများသည် နေရာအနှံ့အပြားသို့ စတင် ပျံ့နှံ့နေပြီ ဖြစ်သည်။
သူတို့သည် တကယ်မရှိသော ရေနတ်ဘုရား တစ်ပါးကို ပုံဖော်ဖန်တီးကာ ယုံကြည်သူ အားလုံး၏ စိတ်ထဲသို့ ထိုအယူဝါဒကို ရိုက်သွင်းပြီး သူတို့၏ အမွေအနှစ် အုတ်မြစ်ကို ချမှတ်ရန် အမှန်တကယ် ရည်ရွယ်ထားကြခြင်း ဖြစ်သည်။
အသိပညာ ယဇ်ပုရောဟိတ် ဟူကျုံးက ပြောလိုက်သည်။ "ဒီရေပင်မဦးနှောက်... တကယ်တမ်း ဘာတွေဖြစ်ခဲ့တာလဲ ဆိုတာ ရှင်းပြပေးပါ"
ထိုအချိန်တွင် ဒီရေပင်မဦးနှောက်၏ အသံ ထွက်ပေါ်လာသည်။ "ထိုက်ယန်တောင် ခေါင်းဆောင် လင်းယွမ်ရဲ့ အဓိက အရည်အသွေးက အမှတ် ၁၀၀ကို ရောက်သွားပြီ... သူက အမှောင်ဓာတ် ရေပေါ်ကျွန်းမှာ ပိတ်မိနေတာ မဟုတ်ဘဲ အဲ့ဒီရေပေါ်ကျွန်းကို သန့်စင်လိုက်တာပဲ"
"ဟန်ထိုက်နဲ့ သူ့တပည့်တွေ အကုန်လုံး အရိပ်ကမ္ဘာထဲကို ဆွဲသွင်းခံလိုက်ရပြီး အဲ့ဒီမှာ ပိတ်လှောင်ခံထားရတယ်... ပြန်ထွက်လာလို့ မရတော့ဘူး"
"ဘာ"
တောင့်တင်းသော လူလတ်ပိုင်း အမျိုးသားမှာ အံ့သြဒေါသထွက်သွားသည်။ သူသည် သန့်စင်ရေစင် တပ်ဖွဲ့၏ ဒုတိယ တပ်မှူး လင်းလုံ ဖြစ်ပြီး ရေနတ်ဘုရားဂိုဏ်းတွင် အဓိက အရည်အသွေး အမှတ် ၁၀၀သို့ အစောဆုံး ရောက်ရှိခဲ့သူ တစ်ဦးလည်း ဖြစ်သည်။
ရေနတ်ဘုရားဂိုဏ်း၏ မီယွမ်မိုးသစ်တောထဲရှိ သယံဇာတ အများစုမှာ သူ့လက်ထဲတွင် ရှိနေသည်ဟု ဆိုနိုင်ပေသည်။
သူသည် ဒီရေပင်မဦးနှောက်က ရွေးချယ်ထားသော အစောင့်အရှောက် ဖြစ်ပြီး သန့်စင်ရေစင် တပ်ဖွဲ့မှာ ညစ်ညမ်းမှု အားလုံးကို သန့်စင်ပေးရန် တာဝန်ယူထားရသည်။
ဘေးနားရှိ ပညာတတ်ဆန်သော လူလတ်ပိုင်း အမျိုးသားသည်လည်း မျက်မှောင်ကြုတ်သွားပြီး မနေနိုင်ဘဲ မေးလိုက်သည်။ "အရိပ်ကမ္ဘာ ဆိုတာ ဘာကြီးလဲ"
သူသည်လည်း သန့်စင်ရေစင် တပ်ဖွဲ့၏ ဒုတိယ တပ်မှူး ဖြစ်ပြီး ကျန့်ယွင်ချောင် ဟု ခေါ်သည်။ လင်းလုံ ကိုယ်တိုင် လေ့ကျင့်ပေးထားသော ထိပ်တန်း အစွမ်းပိုင်ရှင် တစ်ဦး ဖြစ်သည်။
ယခုအခါ သူသည်လည်း အဓိက အရည်အသွေး အမှတ် ၁၀၀ရှိသူများ စာရင်းထဲသို့ ဝင်ရောက်နေပြီ ဖြစ်သည်။
ထူးခြားချက်မှာ ထိုသူ၏ မျိုးရိုးဗီဇမျိုးစေ့မှာ နတ်ရေစင်ဖီးနစ်ငှက် ဖြစ်ပြီး ယခုအခါ မီယွမ်မိုးသစ်တောထဲရှိ ရေဓာတ် အစွမ်းပိုင်ရှင် အများစု၏ အဓိက မျိုးရိုးဗီဇမျိုးစေ့ပင် ဖြစ်လေသည်။
သေချာသည်မှာ နတ်ရေစင်ဖီးနစ်ငှက် မျိုးရိုးဗီဇမျိုးစေ့ချင်း တူညီသော်လည်း အစွမ်းများမှာ လုံးဝ တူညီနေခြင်း မဟုတ်ဘဲ အနည်းငယ် ကွဲပြားမှုများ ရှိနေတတ်သည်။
ဒီရေပင်မဦးနှောက်က ပြန်ဖြေလိုက်သည်။ "အရိပ်ကမ္ဘာ ဆိုတာ အမှောင်ဓာတ် စွမ်းအင်တွေနဲ့ ဖွဲ့စည်းထားတဲ့ နှစ်ဖက်မြင် အရိပ်ကမ္ဘာ တစ်ခုပဲ"
"အဲ့ဒီကမ္ဘာထဲမှာ သုံးဖက်မြင် သဘောတရား မရှိဘူး... သုံးဖက်မြင် ပစ္စည်းတွေ ဘာမှ အဲ့ဒီထဲမှာ ပေါ်လာလို့ မရဘူး... ပေါ်လာရင်တောင် အရိပ်ပုံစံနဲ့ပဲ ပေါ်လာမှာ"
"အသိစိတ် ဝိညာဉ်တစ်ခုတည်းဘဲ လွတ်ကင်းနိုင်တယ်... ဘာလို့လဲဆိုတော့ စိတ်ဝိညာဉ် ဆိုတာက တစ်နည်းအားဖြင့် ပြောရရင် အတိုင်းအတာတောင် မရှိလို့ပဲ"
"အဲ့ဒီလူက သုံးဖက်မြင် သက်ရှိ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး အရိပ်ကမ္ဘာထဲကို ဝင်သွားနိုင်ရတာလဲ" ကျန့်ယွင်ချောင်က အံ့သြတကြီး မေးလိုက်သည်။
ဒီရေပင်မဦးနှောက်က ပြောလိုက်သည်။ "အရိပ်ကမ္ဘာရဲ့ လွှမ်းမိုးမှုအောက်မှာ လူတွေရဲ့ သက်ရှိပုံစံကို နှစ်ဖက်မြင် အရိပ်တစ်ခုအဖြစ် ဖိသိပ်ပစ်လိုက်တာ"
"အရိပ်ကမ္ဘာထဲမှာ အမှောင်ဓာတ် စွမ်းအင်တွေ ပြည့်နှက်နေပြီး တခြား ဘယ်စွမ်းအင်မှ ရှင်သန်လို့ မရတဲ့အတွက် အမှောင်ဓာတ် အစွမ်းပိုင်ရှင် တွေသာ အဲ့ဒီထဲမှာ လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာပြီး ရှင်သန်နေနိုင်တာ"
"တခြား လူတွေ ဒါမှမဟုတ် သက်ရှိတွေ အဲ့ဒီထဲကို ဖိသိပ်ခံလိုက်ရရင် အရိပ်အခြေအနေနဲ့ပဲ တည်ရှိနေနိုင်တော့မှာ"
"အသုံးပြုလို့ရမယ့် တစ်ခုတည်းသော စွမ်းအားက စိတ်စွမ်းအင်ပဲ ရှိတော့တယ်"
ဒီရေပင်မဦးနှောက်၏ စကားများ ဆုံးသွားသောအခါ ထိုနေရာရှိ လူအားလုံး၏ မျက်နှာများ လေးနက်တည်ကြည်သွားကြသည်။
အသိပညာ ယဇ်ပုရောဟိတ်က မနေနိုင်ဘဲ ပြောလိုက်သည်။ "ဒီလောက် ကြောက်စရာကောင်းတဲ့ အစွမ်းမျိုး ရှိနေသေးတာလား"
"အစွမ်းတွေ ပေါ်လာကတည်းက ဒီကမ္ဘာကြီးမှာ လူတွေ တွေးတောင် မတွေးရဲတဲ့ အရာတွေ ပေါ်လာမယ် ဆိုတာ သေချာနေပြီးသားပဲ"
"မင်းတို့ သတိထားကြ... ဒီလင်းယွမ်က အဲ့ဒီလို အစွမ်းမျိုး ရသွားပြီဆိုတော့ ဒီအတိုင်း အေးအေးဆေးဆေး နေမှာ မဟုတ်ဘူး"
"အခု အရေးကြီးတာက ဟန်ထိုက်နဲ့ တိန့်ကျဲကို ဘယ်လို ကယ်ထုတ်မလဲ ဆိုတာထက် ဒီလူ လာတိုက်ခိုက်မှာကို သတိထားဖို့က ပိုအရေးကြီးတယ်"
"အမှောင်ဓာတ် အစွမ်းပိုင်ရှင်တွေက မျက်နှာချင်းဆိုင် တိုက်ခိုက်တာထက် လုပ်ကြံသတ်ဖြတ်တာကို ပိုပြီး ကျွမ်းကျင်ကြတယ်"
ဒီရေပင်မဦးနှောက်၏ စကားကြောင့် ထိုနေရာရှိ လူအားလုံး၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားကြသည်။
"တကယ်လို့ ဒီလူသာ တကယ် လာတိုက်ခိုက်မယ်ဆိုရင် တားဆီးဖို့ ဘာနည်းလမ်းမှ မရှိတော့ဘူးလား" ကျန့်ယွင်ချောင်က မနေနိုင်ဘဲ မေးလိုက်သည်။
အသိပညာ ယဇ်ပုရောဟိတ် ဟူကျုံးက ခေါင်းခါယမ်းလိုက်သည်။ "မရစရာတော့ မရှိဘူး... သူ့အစွမ်းကို ချေဖျက်ဖို့ကလည်း လွယ်ပါတယ်... ငါတို့ဆီမှာ ချိတ်ပိတ် သင်္ကေတ ရှိနေသေးတယ်ဆိုတာ မမေ့နဲ့လေ"
"တကယ်လို့ မရရင် ငါတို့ ချိတ်ပိတ် သင်္ကေတ အစီအရင် ကို ပြင်ဆင်ထားမယ်... သူသာ လာရဲရင် သူ့ကို မသတ်နိုင်ဘူးလို့ ငါတော့ မယုံဘူး"
ဟူကျုံး၏ မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင်များ ပေါ်လာပြီး ထိုသို့ ပြောလိုက်သည်။
ထိုစကားကြောင့် ကျန့်ယွင်ချောင်နှင့် လင်းလုံတို့ နှစ်ဦးစလုံး ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။
ဤအရာသည် အမှောင်ဓာတ် အစွမ်းကို ချေဖျက်ရန် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပေသည်။
တကယ်တမ်းတွင် ချိတ်ပိတ် သင်္ကေတ ရှိနေသရွေ့ ခန္ဓာကိုယ်ကို အသုံးပြုရသော ခွန်အား အမျိုးအစား၊ အလျင် အမျိုးအစား အစွမ်းများမှလွဲ၍ အခြား အစွမ်းများကို အလွယ်တကူ ထိန်းချုပ်နိုင်စွမ်း ရှိပေသည်။
တန်ပြန်ရန် အစီအစဉ် ရှိသွားသဖြင့် သူတို့လေးဦးစလုံး စိတ်အေးသွားကြသည်။
"ပင်မဦးနှောက်... အခု ထိုက်ယန်တောင်မှာ ဒီလိုလူမျိုး ပေါ်လာပြီဆိုတော့ အရင်က ထိုက်ယန်တောင်အပေါ် ချမှတ်ထားတဲ့ ငါတို့ရဲ့ အစီအစဉ်တွေက အဆင်မပြေလောက်တော့ဘူး" ဟူကျုံးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ဟုတ်တယ်... အခု ငါတို့ ထိုက်ယန်တောင် အင်အားစုကို ဘယ်လို ရင်ဆိုင်ကြမလဲ" ကျန့်ယွင်ချောင်ကလည်း ဝင်မေးလိုက်သည်။
ဒီရေပင်မဦးနှောက်ထဲတွင် အလင်းရောင်များ အများအပြား လင်းလက်လာပြီး အားပျော့သော လျှပ်စီးကြောင်းများကဲ့သို့ ဖြစ်ပေါ်လာရာ ၎င်းက အလျင်အမြန် စဉ်းစားတွေးတောနေကြောင်း ပြသနေသကဲ့သို့ ရှိသည်။
၎င်း၏အသံက ထွက်ပေါ်လာပြီး ယခင်အတိုင်း တည်ငြိမ်အေးဆေးနေဆဲ ဖြစ်သည်။ "ထိုက်ယန်တောင် အင်အားကြီးထွားလာတာကို တားဆီးလို့ မရနိုင်တော့ဘူး... ထိုက်ယန်တောင်ကို အတင်းအဓမ္မ ဝင်တိုက်ပြီး သိမ်းပိုက်နိုင်ရင်တောင် လင်းယွမ်လို အမှောင်ဓာတ် အစွမ်းပိုင်ရှင်ကို သတ်ဖို့က အရမ်းကို ခက်ခဲလိမ့်မယ်"
"တကယ်လို့ ဒီလူကို အသေမသတ်နိုင်ဘူး ဆိုရင် သူ ပြန်ပြီး လက်စားချေလာတဲ့အခါ မိုးသစ်တော တစ်ခုလုံးမှာ မင်းတို့ကလွဲရင် သူ့ကို ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်ဘူး"
"အဲ့ဒီလို အခြေအနေထိ ရောက်သွားရင်တော့ သူသေကိုယ်သေတိုက်ပွဲ ဖြစ်သွားလိမ့်မယ်"
ထိုနေရာရှိ လူလေးဦးစလုံး စဉ်းစားကြည့်လိုက်ရာ တကယ်ပင် ထိုသို့ ဖြစ်နိုင်ပေသည်။
အမှောင်ဓာတ် အစွမ်းပိုင်ရှင်များမှာ သွားလာလှုပ်ရှားမှု လျှို့ဝှက်ဆန်းကြယ်ပြီး အစအနပင် မကျန်ခဲ့ပေ။ တကယ်လို့သာ သူတို့က ဘာကိုမှ ဂရုမစိုက်ဘဲ အကြီးအကျယ် လုပ်ကြံသတ်ဖြတ်မှုများ စတင်လာပါက...
သူတို့အနေဖြင့် တကယ်ကို ခုခံရန် ခက်ခဲပေလိမ့်မည်။
လင်းလုံကလည်း မျက်မှောင်ကြုတ်ကာ မနေနိုင်ဘဲ ပြောလိုက်သည်။ "တကယ်လို့ သူသေကိုယ်သေ မလုပ်နိုင်ဘူးဆိုရင် အခု ငါတို့ ဘာတတ်နိုင်ဦးမှာလဲ"
ဝူဝမ်ဖန်းကလည်း သက်ပြင်းချကာ ပြောလိုက်သည်။ "အဓိကက အခု ငါတို့က တစ်ဖက်ကို လုံးဝ ရန်စမိသွားပြီ... ထိုက်ယန်တောင်ကို နှစ်ခါသွားတိုက်တာ ငါတို့ဘက်ကပဲ အရှုံးပေါ်ခဲ့ပေမဲ့ ရန်ငြိုးကတော့ သေချာပေါက် ဖြစ်သွားခဲ့ပြီ"
"သူတို့က ပြန်ပြီး လက်စားမချေဘဲ နေပါ့မလား"
အသိပညာ ယဇ်ပုရောဟိတ် ဟူကျုံးက ဝင်ပြောလိုက်သည်။ "ဒီရေပင်မဦးနှောက်ကိုပဲ မေးကြည့်ကြတာပေါ့... သူ့ရဲ့ ဉာဏ်ရည်နဲ့ဆိုရင် ပိုကောင်းတဲ့ အစီအစဉ်တစ်ခုကို ရှာတွေ့နိုင်လောက်ပါတယ်"
"ပင်မဦးနှောက်... ပြည့်စုံကောင်းမွန်တဲ့ ဖြေရှင်းနည်း တစ်ခုလောက် စဉ်းစားပေးပါ"
ဒီရေပင်မဦးနှောက်ထဲတွင် အပြာရောင် လျှပ်စီးကြောင်းများ စီးဆင်းသွားပြီး ဦးနှောက်သုံးခုက တစ်ပြိုင်နက်တည်း အလျင်အမြန် အလုပ်လုပ်နေကြသည်။
ဒီရေပင်မဦးနှောက်၏ အသံက ခပ်အေးအေးပင် ထွက်ပေါ်လာသည်။ "လောလောဆယ် အကောင်းဆုံး ဖြေရှင်းနည်းက စစ်တပ် သိမ်းငှက်အဖွဲ့၊ ဝိညာဉ်စွမ်းအင်ဂိုဏ်း နဲ့ မြေမိခင်ဂိုဏ်း တို့နဲ့ ပူးပေါင်းပြီး အင်အား အားလုံးကို စုစည်းပြီး... ထိုက်ယန်တောင်က လင်းယွမ်ကို ရင်ဆိုင်ဖို့ နည်းလမ်းရှာတာပဲ"
"စေ့စပ်ဆွေးနွေးလို့ရော မရနိုင်ဘူးလား"
"အရမ်းခက်တယ်... ငါတို့က ထိုက်ယန်တောင်ကို နှစ်ကြိမ်တိုင်တိုင် ကျူးကျော်ခဲ့တာ... ပုံမှန်လူဆို ဘယ်သူမှ ဒါကို သည်းခံနိုင်မှာ မဟုတ်ဘူး"
"ပြီးခဲ့တဲ့ တစ်ခေါက်က ဟန်ထိုက်တို့ကို ရင်ဆိုင်ခဲ့တဲ့ သူ့ရဲ့ နည်းလမ်းတွေကို ကြည့်ရရင် သူက လုံးဝ အရည်အချင်းမရှိတဲ့သူ မဟုတ်ဘူး... ဒီလိုလူမျိုးနဲ့ သူသေကိုယ်သေ ရန်ငြိုးဖွဲ့မိသွားမှတော့ တစ်ဖက်ကလည်း ဒီအတိုင်း အလွတ်ပေးမှာ မဟုတ်ဘူး"
ဒီရေပင်မဦးနှောက်၏ ခွဲခြမ်းစိတ်ဖြာမှုကြောင့် ထိုနေရာရှိ လူလေးဦးစလုံး တိတ်ဆိတ်သွားကြသည်။
တကယ်ပင်... သူတို့သာဆိုလျှင်လည်း နှစ်ကြိမ်တိုင်တိုင် အိမ်တိုင်ရာရောက် အစော်ကားခံရသည်ကို မည်သူက သည်းခံနိုင်မည်နည်း။
တစ်ဖက်လူ အားလုံးကို သတ်ပစ်ပြီး လက်စားချေနေလောက်ပြီ ဖြစ်သည်။
အသိပညာ ယဇ်ပုရောဟိတ် ဟူကျုံးက ပြောလိုက်သည်။ "ဒီရေပင်မဦးနှောက် ပြောတာ ယုတ္တိရှိတယ်... လင်းယွမ် မလှုပ်ရှားသေးတာက သူ သဘောထားကြီးလို့တော့ မဟုတ်ဘူး"
"သူ အခွင့်အရေးကို စောင့်နေတာ ဖြစ်ဖို့ များတယ်... ထိုက်ယန်တောင်မှာ လောလောဆယ် သူ့တစ်ယောက်တည်းပဲ အဓိက အရည်အသွေး အမှတ် ၁၀၀ ပြည့်သေးတာလေ"
"တခြားလူတွေရဲ့ စွမ်းအားတွေပါ မြင့်တက်လာတဲ့ တစ်နေ့ကျရင် သူ လုံးဝ ညှာတာနေမှာ မဟုတ်ဘူး"
ဘေးနားရှိ လင်းလုံက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။ "ဒါဆိုရင်တော့ ငါတို့ဘက်က အရင် လက်ဦးမှု ရယူမှ ဖြစ်တော့မယ်"
"ဒါဆိုရင် စစ်တပ် သိမ်းငှက်အဖွဲ့ နဲ့ တခြား ဂိုဏ်းတွေကို ဆက်သွယ်လိုက်ကြတာပေါ့" သန့်စင်ရေစင် တပ်ဖွဲ့ ဒုတိယ တပ်မှူး ကျန့်ယွင်ချောင်က ချက်ချင်း ပြောလိုက်သည်။
ဟူကျုံးက "ယွင်ချောင်း... ဒီကိစ္စကို မင်း သွားလုပ်လိုက်... ဝမ်ဖန်းက အခုမှ ပြန်ရောက်တာဆိုတော့ သူ့ကို ခဏ နားခိုင်းလိုက်ဦး" ဟု ပြောလိုက်သည်။
ကျန့်ယွင်ချောင်က ချက်ချင်း ခေါင်းညိတ် သဘောတူလိုက်သည်။
ထို့နောက် ကျန့်ယွင်ချောင်သည် လျှို့ဝှက်အခန်းထဲမှ အလျင်အမြန် ထွက်ခွာသွားလေသည်။
ကျန့်ယွင်ချောင် ထွက်သွားပြီးနောက် ဟူကျုံးက လင်းလုံကို ကြည့်ကာ တီးတိုး မေးလိုက်သည်။ "ဒီကိစ္စက တကယ်ရော အဆင်ပြေပါ့မလား"
လင်းလုံက ခေါင်းအနည်းငယ် ညိတ်ပြသည်။ "ဒါက ဒီရေပင်မဦးနှောက် တွက်ချက်ပြီး ထုတ်ပေးထားတဲ့ အကောင်းဆုံး ဖြေရှင်းနည်းပဲ... မမှားနိုင်ပါဘူး"
ဘေးနားရှိ ဝူဝမ်ဖန်းက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး "ဒီလင်းယွမ်က စွမ်းအား အရမ်းကြီးတယ်... နည်းလမ်းပေါင်းစုံကို သုံးပြီး သူ့ကို အရင်ဆုံး သတ်ပစ်သင့်တာ အမှန်ပဲ" ဟု ပြောလိုက်သည်။
"အရင်တုန်းက တိမ်မြူကျွန်းကို လုဖို့အတွက် စစ်တပ်က ငါတို့နဲ့ ပူးပေါင်းခဲ့ဖူးတာပဲလေ"
"နောက်ပိုင်း မြေမိခင်ဂိုဏ်း က မြေဝါနတ်ဘုရားကျွန်းကို လုဖို့ ငါတို့နဲ့ ပူးပေါင်းခဲ့သေးတာပဲ... တစ်ကယ့် ပြဿနာက ဝိညာဉ်စွမ်းအင်ဂိုဏ်း ပဲ"
"အရင်တစ်ခေါက် မြေဝါနတ်ဘုရားကျွန်း လုတုန်းက ငါတို့က မြေမိခင်ဂိုဏ်း နဲ့ပဲ ပူးပေါင်းပြီး ဝိညာဉ်စွမ်းအင်ဂိုဏ်း နဲ့ မပူးပေါင်းခဲ့ဘူးလေ... သူတို့ စိတ်ထဲမှာ အဲ့ဒီကိစ္စကို မှတ်ထားပြီး မပူးပေါင်းချင်တာမျိုး ဖြစ်လာမှာကိုပဲ စိုးရိမ်ရတယ်"
ဟူကျုံးက ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။ "မဖြစ်နိုင်ပါဘူး... ဒီတစ်ခေါက် ထိုက်ယန်တောင်ကို ကျူးကျော်တုန်းက ဝိညာဉ်စွမ်းအင်ဂိုဏ်းလည်း ပါခဲ့တာပဲ... သူတို့နဲ့ လင်းယွမ်က သူသေကိုယ်သေ ရန်ငြိုးရှိနေတာချင်း အတူတူပဲ"
"ဒါပေမဲ့ သတိတော့ ထားရမယ်... သူတို့ရဲ့ အသုံးချခံ ဖြစ်မသွားအောင်တော့ ဂရုစိုက်ရမယ်"
"သေချာတာပေါ့... တကယ်လို့ လင်းယွမ်ရဲ့လက်ကို ငှားပြီး မြေမိခင်ဂိုဏ်း၊ ဝိညာဉ်စွမ်းအင်ဂိုဏ်း နဲ့ စစ်တပ် သိမ်းငှက်အဖွဲ့ တွေဆီက ထိပ်တန်း အစွမ်းပိုင်ရှင်တွေကို ရှင်းထုတ်ပစ်နိုင်ရင်တော့ အကောင်းဆုံးပဲ" ဘေးနားရှိ လင်းလုံက ရုတ်တရက် ဝင်ပြောလိုက်သည်။
"ဘာ အစီအစဉ်ကောင်းများ ရှိလို့လဲ" ဟူကျုံးက မေးလိုက်သည်။
"ဒီရေပင်မဦးနှောက်ကိုပဲ မေးကြည့်ကြတာပေါ့"
သူတို့သုံးဦးစလုံးက ဒီရေပင်မဦးနှောက်ဆီသို့ မနေနိုင်ဘဲ လှမ်းကြည့်လိုက်ကြလေသည်။
ဆက်ရန်...
အပိုင်း (၅၇၆) တစ်ဘက်လှည့်အကြံ
"ဒီရေပင်မဦးနှောက်... လင်း ဆိုတဲ့လူရဲ့ အမှောင်ဓာတ် အစွမ်းကို ချေဖျက်ဖို့ နည်းလမ်းရှိလား"
ဟူကျုံးက လှမ်းမေးလိုက်သည်။
ဒီရေပင်မဦးနှောက်အတွင်း၌ လျှပ်စီးကြောင်းများ လင်းလက်သွားပြီး ဦးနှောက်သုံးလုံးက အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် အလုပ်လုပ်နေ၏။
ခဏအကြာတွင် အသံထွက်လာသည်။ "လက်ရှိ ရေနတ်ဘုရားဂိုဏ်းရဲ့ အခြေအနေတွေနဲ့ တွက်ဆကြည့်မယ်ဆိုရင် တွင်းနက်အရိပ်ကမ္ဘာ ကို ချေဖျက်ဖို့ နည်းလမ်း သုံးခု ရှိပါတယ်"
"ပထမနည်းလမ်းကတော့ အလင်းဓာတ်စွမ်းအင်ကို သုံးပြီး တွင်းနက်အရိပ်ကမ္ဘာကို အတင်းအဓမ္မ ဆွဲဖြဲပစ်တာပါ... ဒါဆိုရင် အရိပ်ကမ္ဘာထဲကို လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာလို့ ရပါပြီ"
"ဒုတိယနည်းလမ်းကတော့ အမှောင်ဓာတ် အစွမ်းပိုင်ရှင်ကို ကြားခံအဖြစ် အသုံးပြုပြီး သူ့အကူအညီနဲ့ တွင်းနက်အရိပ်ကမ္ဘာကို ဖွင့်လှစ်တာပါ"
"တတိယနည်းလမ်းက စွမ်းအင်ချိတ်ပိတ်ကျောက်တုံးကို အသုံးပြုပြီး အမှောင်ဓာတ်စွမ်းအင် လည်ပတ်မှုကို ပိတ်ဆို့ဟန့်တားလိုက်တာပါ... အဲ့ဒီအခါကျရင် အရိပ်ကမ္ဘာမှာ အက်ကွဲကြောင်းတွေ ထွက်ပေါ်လာပါလိမ့်မယ်"
နည်းလမ်းသုံးသွယ်က မတူညီသော သန္ဓေပြောင်းအစွမ်း သုံးမျိုးနှင့် ကိုက်ညီနေသည်။
ထိုနေရာရှိ လူအချို့က တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ဟူကျုံးက သံသယဖြင့် မေးလိုက်သည်။ "ငါတို့ကျွန်းပေါ်မှာ အလင်းဓာတ် အစွမ်းပိုင်ရှင် ရှိလို့လား"
ဒီရေပင်မဦးနှောက်က ပြန်ဖြေသည်။ "တိန့်ကုန်းတောင်ပေါ်က ရေနတ်ဘုရားဂိုဏ်းရဲ့ စာရင်းထဲမှာ တစ်ယောက်ရှိပါတယ်... နာမည်က ယန်ယိချောင်လို့ ခေါ်ပြီး အဓိက အရည်အသွေး ၅၀ မှတ် ရှိတယ်... ဂိုဏ်းမှာ အလင်းဓာတ် မျိုးရိုးဗီဇမျိုးစေ့ မရှိတဲ့အတွက် သူက အခုထိ အဆင့်မတက်နိုင်သေးသလို မီယွမ်မိုးသစ်တောမှာလည်း ဝင်ရောက်နေထိုင်ခွင့် မရသေးပါဘူး... သူ့ကို အစွမ်းကုန် ပြုစုပျိုးထောင်ပေးလို့ ရပါတယ်"
အသိပညာ ယဇ်ပုရောဟိတ် ဟူကျုံးက ချက်ချင်း ဆိုလိုက်သည်။ "ယန်ယိချောင်... တပ်မှူးလင်းလုံ... ခင်ဗျား မှတ်မိလား"
လင်းလုံက ခေါင်းညိတ်ပြသည်။ "မှတ်မိသလိုတော့ ရှိတယ်... အရင်က ရေနတ်ဘုရားမ ကိုယ်ရံတော် ရွေးချယ်တုန်းက တွေ့ဖူးတယ် ထင်တာပဲ... ဒါပေမဲ့ သူက ရေဓာတ် အစွမ်းပိုင်ရှင် မဟုတ်တော့ နောက်ဆုံးမှာ အရွေးမခံရဘူးလေ... သူ တိန့်ကုန်းတောင်ပေါ်မှာ ရှိနေဦးမယ်လို့ တကယ် မထင်ထားမိဘူး"
"ခဏနေရင် သူ့ကို သွားခေါ်ခိုင်းလိုက်မယ်"
ဝူဝမ်ဖန်းက ဝင်ပြောသည်။ "ဒါဆို ဒုတိယမြောက် အမှောင်ဓာတ်ကရော... ငါတို့ ရေနတ်ဘုရားဂိုဏ်းမှာ အဲ့ဒီလို အစွမ်းပိုင်ရှင်မျိုး ရှိသေးလို့လား"
ဒီရေပင်မဦးနှောက်က ချက်ချင်းပင် အမည်စာရင်းတစ်ခုကို ထုတ်ပြန်ပေးလိုက်၏။
"အမှောင်ဓာတ် အစွမ်းပိုင်ရှင် နှစ်ယောက် ရှိပါတယ်... ယန်ကျန့်နဲ့ လီနာလို့ ခေါ်ပါတယ်"
"ယန်ကျန့်ရဲ့ အဓိက အရည်အသွေးက ၄၃ မှတ်ဖြစ်ပြီး လီနာရဲ့ အဓိက အရည်အသွေးက ၄၅ မှတ်ပဲ... သူတို့နှစ်ယောက်လုံး တိန့်ကုန်းတောင်ပေါ်မှာ နေထိုင်ကြတယ်"
"သူတို့နှစ်ယောက်က ပါးဟက်နဲ့ အဆုတ် ပေါင်းစပ်ခွဲစိတ်မှုကို ခံယူထားပြီးသား ဖြစ်ပေမဲ့ လက်ရှိအချိန်ထိ ရေနစ် ဝိညာဉ်တပ်ဖွဲ့နဲ့ ချောက်နက် လုပ်ကြံသူ အဖွဲ့တွေထဲကို မဝင်ရသေးဘူး"
"သူတို့ကအခု ကမ္ဘာဟောင်းက သတ္တုတွေကို ဆယ်ယူပြီး အသက်မွေးဝမ်းကျောင်း ပြုနေကြတယ်"
ဟူကျုံးက ခေါင်းညိတ်လိုက်သော်လည်း ထိုလူနှစ်ယောက်ကို လုံးဝ မှတ်မိခြင်း မရှိပေ။
အမှောင်ဓာတ် အစွမ်းပိုင်ရှင်များမှာ မူလကတည်းက လူသိနည်းလှပြီး အစွမ်းထက်သည့် သူများလည်း မဟုတ်ကြသဖြင့် သူတို့ သတိမထားမိခြင်းမှာ သာမန်သာ ဖြစ်သည်။
ဝူဝမ်ဖန်းက ပြောလိုက်၏။ "အဲ့ဒီနှစ်ယောက်ကို ချက်ချင်း ရှာခိုင်းပြီး အနက်ရှိုင်းဆုံး ရိုက်သွင်းခြင်း လုပ်လိုက်မယ်"
အနက်ရှိုင်းဆုံး ရိုက်သွင်းခြင်း ဆိုသည်မှာ ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ရိုက်သွင်းခြင်းကို ဆိုလိုခြင်း ဖြစ်သည်။
ရေနတ်ဘုရားဂိုဏ်း၏ အသိပညာ ယဇ်ပုရောဟိတ် ဟူကျုံး အကျွမ်းကျင်ဆုံးမှာ ဤအရာပင် ဖြစ်လေသည်။
သူသည် စိတ်စွမ်းအင် အစွမ်းပိုင်ရှင် တစ်ယောက်ဖြစ်ပြီး သူ၏ အစွမ်းကို စိတ်ဝိညာဉ် ရိုက်သွင်းခြင်း ဟု ခေါ်ဆိုသည်။
မျိုးရိုးဗီဇမျိုးစေ့ နိုးထလာပြီးနောက်တွင် ဤအစွမ်းမှာ ပိုမို အားကောင်းလာကာ ကျယ်ပြန့်သော အတိုင်းအတာအထိ စိတ်ပိုင်းဆိုင်ရာ ရိုက်သွင်းခြင်းကို ပြုလုပ်နိုင်နေပြီ ဖြစ်၏။
ရေနတ်ဘုရားဂိုဏ်း ယခုကဲ့သို့ အလျင်အမြန် တိုးချဲ့နိုင်ခဲ့ခြင်းမှာ သူနှင့် ဟန်ထိုက်တို့ နှစ်ယောက်၏ လျစ်လျူရှု၍မရသော ကြိုးပမ်းမှုများကြောင့်ပင် ဖြစ်သည်။
"စွမ်းအင်ချိတ်ပိတ် သင်္ကေတက သန္ဓေပြောင်းစွမ်းအင်တွေကို ချိတ်ပိတ်နိုင်စွမ်း ရှိတယ်... အခြေခံအားဖြင့် အမှောင်ဓာတ်စွမ်းအင်ကို ချိတ်ပိတ်နိုင်တာ အသေအချာပဲ... ဒီနည်းလမ်းကို ကျွန်တော်လည်း တွေးမိသားပဲ" လင်းလုံက ဆိုသည်။
သူက ချက်ချင်းပင် ဆက်မေးလိုက်သည်။ "ငါတို့ဆီမှာ စွမ်းအင်ချိတ်ပိတ် သင်္ကေတ ကျောက်တုံး ဘယ်လောက် ကျန်သေးလဲ"
"ဒီရေပင်မဦးနှောက်... ဂိုဒေါင်ထဲမှာ စွမ်းအင်ချိတ်ပိတ် သင်္ကေတ ကျောက်တုံး ဘယ်လောက် ကျန်သေးလဲ" ဟူကျုံးက အလျင်စလို မေးလိုက်သည်။
ဒီရေပင်မဦးနှောက် "စွမ်းအင်ချိတ်ပိတ် သင်္ကေတ ကျောက်တုံး လက်နက် စုစုပေါင်း ၉၂၂၁ ခု ရှိပါတယ်"
ဟူကျုံးက ထိုစကားကို ကြားသောအခါ ချက်ချင်း သက်ပြင်းချနိုင်သွားပြီး ရယ်မောလိုက်သည်။ "အများကြီး လုံလောက်သေးတာပဲ"
"အားလုံး အဆင်သင့်ဖြစ်နေပြီ... တခြား အဖွဲ့သုံးဖွဲ့နဲ့ ဆက်သွယ်ပြီးတာနဲ့ ထိုက်ယန်တောင်က လင်း ဆိုတဲ့လူကို အပြတ်အသတ် ချေမှုန်းပစ်လို့ ရပြီ"
"သူသာ သေသွားရင် ထိုက်ယန်တောင်က အရင်းအမြစ်တွေ အကုန်လုံး ငါတို့ပိုင် ဖြစ်သွားမှာပဲ" လင်းလုံက မျက်လုံးများ အရောင်လက်သွားကာ ပြောလိုက်သည်။
သူနှင့် ဟူကျုံးတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ပြိုင်နက်တည်း ရယ်မောလိုက်ကြ၏။
သို့သော် ဝူဝမ်ဖန်း တစ်ယောက်သာ စိတ်ထဲလေးလံနေဆဲ ဖြစ်သည်။ သူတို့ သုံးယောက်ထဲတွင် သူ တစ်ယောက်တည်းကသာ လင်းယွမ်နှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်ခဲ့ဖူးခြင်း ဖြစ်သည်။
ဘာကြောင့်မှန်း မသိသော်လည်း လင်း ဆိုသောလူမှာ အလွယ်တကူ ကိုင်တွယ်၍ရမည့်သူ မဟုတ်ဟု သူ အမြဲတမ်း ခံစားနေရသည်။
တကယ့်လက်တွေ့ ရင်ဆိုင်ရချိန်တွင်သာ ထိုကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးကို ခံစားရနိုင်ပေသည်။
တစ်ချိန်တည်းမှာပင် မြေမိခင်ဂိုဏ်း၏ မြေဝါနတ်ဘုရားလွင်ပြင်၌။
အစည်းအဝေးခန်းမအတွင်းရှိ ထိုင်ခုံများပေါ်တွင် လူ ခုနစ်ယောက် ထိုင်နေကြပြီး လူတိုင်း၏ မျက်နှာအမူအရာများမှာ အလွန်တရာ ဆိုးရွားနေကာ လေထုမှာလည်း လေးလံတင်းကျပ်နေ၏။
မြေသြဇာဌာန၊ အမြစ်အာရုံကျောင်းတော်၊ ကြွယ်ဝမှုအသင်းနှင့် ရာသီလေးပါး ယဇ်ပုရောဟိတ်ဟူသော အဓိက လုပ်ငန်းဆောင်တာ ဌာနကြီး လေးခုမှ ခေါင်းဆောင် ခုနစ်ဦး ဤနေရာတွင် စုရုံးနေကြခြင်း ဖြစ်သည်။
မြေသြဇာဌာနသည် ဆောက်လုပ်ရေး အပိုင်းကို တာဝန်ယူရပြီး ခေါင်းဆောင်ဖြစ်သူကို ရှီလျန်ဟိုင်ဟု ခေါ်သည်။
အမြစ်အာရုံကျောင်းတော်မှာ ရေနတ်ဘုရားဂိုဏ်း၏ ချောက်နက်မှတ်တမ်းတိုက်နှင့် အနည်းငယ် ဆင်တူသည်။ သမိုင်းကို ပြင်ဆင်ရေးသားခြင်း၊ မြေမိခင်ဂိုဏ်း၏ ယုံကြည်မှုကို ပုံဖော်ခြင်းအပြင် အဖြစ်အပျက် အမျိုးမျိုးကို မှတ်တမ်းတင်ခြင်း၊ ဘာသာရေး ဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးခြင်း စသည့် ကိစ္စရပ်များကို တာဝန်ယူရသည်။ ဌာနခေါင်းဆောင်မှာ အသက် သုံးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ရွှီကျန်ယွဲ့ဟု အမည်ရသည်။
ကြွယ်ဝမှုအသင်းမှာမူ ရိက္ခာပစ္စည်းများ ခွဲဝေချထားရေး၊ ဂိုဏ်း၏ အထွေထွေ အုပ်ချုပ်ရေး ကိစ္စရပ်များကို စီမံခန့်ခွဲရေး တာဝန်ယူရပြီး သတ်မှတ်ထားသော ဆုံးဖြတ်ပိုင်ခွင့်များလည်း ရှိသည်။ ခေါင်းဆောင်ဖြစ်သူမှာ ကွမ်မောက်ချိုင်ဖြစ်ပြီး ဘဏ္ဍာရေး အာဏာတစ်စိတ်တစ်ပိုင်းကို ဆုပ်ကိုင်ထားသူဟု ဆိုနိုင်ပေသည်။
ရာသီလေးပါး ယဇ်ပုရောဟိတ်၏ ဖွဲ့စည်းပုံမှာမူ ရေနတ်ဘုရားဂိုဏ်းနှင့် အနည်းငယ် ဆင်တူလေသည်။
ထိုရာသီလေးပါး ယဇ်ပုရောဟိတ်များသည် နွေဦး၊ နွေရာသီ၊ ဆောင်းဦးနှင့် ဆောင်းရာသီဟူ၍ ရာသီလေးခု ခွဲခြားထားပြီး အမည်ခံအားဖြင့် ရာသီပွဲတော်များကို ဦးဆောင်ကျင်းပရသော်လည်း လက်တွေ့တွင်မူ ကိုယ်ပိုင် တာဝန်ဝတ္တရားများ အသီးသီး ရှိကြသည်။
ထိုအထဲမှ နွေဦး ယဇ်ပုရောဟိတ် လီချွန်းဟွာသည် စိုက်ပျိုးရေး လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲရပြီး သူ၏ တာဝန်မှာ ထိုက်ယန်တောင်၏ စိုက်ပျိုးရေးဌာနနှင့် ဆင်တူသည်။ သူကိုယ်တိုင်ကလည်း သစ်ဓာတ် အစွမ်းပိုင်ရှင် တစ်ဦး ဖြစ်၏။
နွေရာသီ ယဇ်ပုရောဟိတ် ရှယွီထျန်သည် ကျွန်းပေါ်ရှိ ရေပေးဝေရေး စနစ်များကို ကြီးကြပ်ရပြီး သူက ရေဓာတ် အစွမ်းပိုင်ရှင် ဖြစ်သည်။
ဆောင်းဦး ယဇ်ပုရောဟိတ် ဝူချိုးယွဲ့သည် ယဇ်ပုရောဟိတ်ကြီး လေးပါးထဲတွင် တစ်ဦးတည်းသော အမျိုးသမီးဖြစ်ပြီး မြေဓာတ် အစွမ်းပိုင်ရှင် ဖြစ်သည်။
ဆောင်းရာသီ ယဇ်ပုရောဟိတ် ဝူတုန်းတုန်းသည် ယဇ်ပုရောဟိတ်ကြီး လေးပါးထဲတွင် အလွန် ထူးခြားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူ၏ အစွမ်းမှာ ရေခဲဓာတ် ဖြစ်လေသည်။
အစောပိုင်းက မြူခိုးမြို့တော်သည် ရေခဲဓာတ် ရေပေါ်ကျွန်း ဖြစ်နိုင်ကြောင်း ကြားသိရပြီးနောက် ထိုရေပေါ်ကျွန်းကို သိမ်းပိုက်နိုင်ရန် သူကိုယ်တိုင် တရားဟော အဖွဲ့မှ လူများကို စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ထိုအချိန်က မြေဝါနတ်ဘုရားလွင်ပြင် ရေပေါ်ကျွန်းကို တစ်ပြိုင်နက်တည်း အပြိုင်အဆိုင် လုယူနေရခြင်းမျိုး မရှိခဲ့လျှင် သူကိုယ်တိုင် သွားရောက်ခဲ့မည်မှာ သေချာလှသည်။
ယခုအချိန်တွင် ဤလူ ခုနစ်ဦးသည် မြေမိခင်ဂိုဏ်း၏ အမြင့်ဆုံး ရာထူးများတွင် ရှိနေသော ခေါင်းဆောင် ခုနစ်ဦးကို ကိုယ်စားပြုနေခြင်းပင်။
"ဖတ်လို့ ပြီးကြပြီလား"
နေရာ၏ ထိပ်ဆုံးတွင် ထိုင်နေသော မြေသြဇာဌာန ခေါင်းဆောင် ရှီလျန်ဟိုင်က လေးနက်သော အသံဖြင့် မေးလိုက်သည်။
သူ၏ စကားသံ အဆုံးတွင် အစွန်ဆုံးခုံမှ ဆောင်းရာသီ ယဇ်ပုရောဟိတ် ဝူတုန်းတုန်းက လက်ထဲရှိ စက္ကူပိုင်းလေးကို ချထားလိုက်ပြီး လေးလံသော မျက်နှာအမူအရာဖြင့် မေးလိုက်၏။ "ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်သွားရတာလဲ"
"အပြင်မှာ ဒီလောက်ကြီးမားတဲ့ ကိစ္စတွေ ဖြစ်နေတာတောင် ဘာလို့ အခုချိန်ထိ ငါတို့ဆီ သတင်းမရောက်လာရတာလဲ" ဆောင်းဦး ယဇ်ပုရောဟိတ် ဝူချိုးယွဲ့က ဒေါသတကြီး မေးလိုက်သည်။
အမြစ်အာရုံကျောင်းတော်မှ ရွှီကျန်ယွဲ့က တည်ငြိမ်စွာ ဖြေလိုက်သည်။ "ငါ ရထားတဲ့ သဲလွန်စတွေအရဆိုရင် သစ်တောဂိုဏ်းအုပ် လင်ထင်းစစ်ရဲ့ သားက မြစ်ဝှမ်းသဘာပတိ၊ မြေရိုင်းစောင့်ကြည့်သူနဲ့ တရားဟော အဖွဲ့က ခေါင်းဆောင် သုံးယောက်ကို သွေးထိုးလှုံ့ဆော်ခဲ့တာ ဖြစ်ရမယ်"
"ရည်ရွယ်ချက်ကရော ဘာလဲ... လင်ထင်းစစ်က အရူးလား... စုံစမ်းစစ်ဆေးမှုတွေ မလုပ်ဘူးလား... လင်း ဆိုတဲ့လူက အမှတ် ၁၀၀ကို ကျော်လွန်သွားပြီဆိုတဲ့ ဒီလောက်အရေးကြီးတဲ့ သတင်းကို သူတို့ ဘာလို့ နည်းနည်းလေးတောင် သတိမထားမိကြရတာလဲ" နွေဦး ယဇ်ပုရောဟိတ် လီချွန်းဟွာက မနေနိုင်ဘဲ ဆဲရေးတိုင်းထွာလိုက်သည်။
နွေရာသီ ယဇ်ပုရောဟိတ် ရှယွီထျန်က အေးတိအေးစက် ပြောလိုက်၏။ "ဘာတွေများ ထူးဆန်းနေလို့လဲ... လင်ထင်းစစ်က အရင် သစ်တောဂိုဏ်းအုပ် လင်ကွမ်ချွန်းရဲ့ သားလေ... သူက သူ့အဖေအတွက် လက်စားချေဖို့ပဲ စိတ်စွဲနေတာ... တခြားကိစ္စတွေကို သူ ဂရုစိုက်ပါ့မလား"
"ငါ စဉ်းစားမရတာက ချီဟုန်ဝမ်၊ ဟယ်မင်ကျစ်၊ ဖန်ဟောင်တို့ သုံးယောက်ရဲ့ ဦးနှောက်တွေနဲ့ဆိုရင် ဒီလောက်တောင် မမိုက်မဲသင့်ဘူးလို့ ထင်တာပဲ"
ထိုအချိန်တွင် ကြွယ်ဝမှုအသင်း၏ အကြီးအကဲ ကွမ်မောက်ချိုင်က စကားစလိုက်သည်။
သူသည် ရှစ်ဂဏန်းပုံစံ နှုတ်ခမ်းမွေးကို ထားရှိပြီး ပိန်သွယ်သော ခန္ဓာကိုယ်ရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။
သူက သူ၏ နှုတ်ခမ်းမွေးကို ပွတ်သပ်ရင်း ပြောလိုက်သည်။ "ဒီကိစ္စက ခန့်မှန်းရ သိပ်မခက်ပါဘူး... ရေနတ်ဘုရားဂိုဏ်းနဲ့ ဝိညာဉ်စွမ်းအင်ဂိုဏ်းတို့က အရင် လက်ဦးမှု ရယူသွားပြီ ဆိုတော့ သူတို့အဖွဲ့က ဒီသတင်းကို ကြားပြီးမှ အလောတကြီး ထွက်သွားကြတာ ဖြစ်မယ်"
"ဘာပဲဖြစ်ဖြစ် ထိုက်ယန်တောင်မှာ ရေပေါ်ကျွန်း နှစ်ကျွန်း ရှိနေတာပဲလေ... အထူးသဖြင့် အဲ့ဒီ ဟင်းလင်းပြင် အမျိုးအစား ရေပေါ်ကျွန်းရဲ့ အလားအလာက ငါတို့ရဲ့ မြေဝါနတ်ဘုရားလွင်ပြင်ထက်တောင် ပိုပြီး ကြီးမားနေသေးတာကိုး"
"ဒီကျွန်းက သီးခြား ကောင်းကင်ဘုံလေး တစ်ခုလို ဖြစ်နေတာ... ရေလွှမ်းမိုးမှုဒဏ်ကို မခံရနိုင်သလို အဆက်မပြတ် ရွာသွန်းနေတဲ့ မိုးဒဏ်ကိုလည်း ခံရမှာ မဟုတ်ဘူး"
"ဒီလိုနေရာမျိုးကို ဘယ်သူကများ မက်မောစိတ် မဖြစ်ဘဲ နေမှာလဲ"
"ဒီကိစ္စကနေ ငါတို့ အချက်တစ်ချက်ကို မြင်အောင် ကြည့်ရမယ်"
"ဒါက ငါတို့ မြေဝါနတ်ဘုရားလွင်ပြင်အနေနဲ့ ချန်ဖူတောင်ပေါ်က ဘာသာဝင်တွေအပေါ်မှာ ချုပ်ကိုင်နိုင်စွမ်း အရမ်း အားနည်းနေပြီဆိုတာကို ပြသနေတာပဲ"
"သစ်တောဂိုဏ်းအုပ်၊ မြစ်ဝှမ်းသဘာပတိ၊ မြေရိုင်းစောင့်ကြည့်သူနဲ့ တရားဟော အဖွဲ့... ငါတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေသင့်တဲ့ ဒီအလယ်အလတ်အဆင့် အဖွဲ့အစည်းတွေက သူတို့အချင်းချင်း ပူးပေါင်းပြီး ငါတို့ကိုတောင် လှည့်စားသွားနိုင်ကြတယ်"
"မင်းတို့တွေ ဒီလိုကိစ္စမျိုးက ပိုပြီး ကြောက်စရာကောင်းတယ်လို့ မထင်ကြဘူးလား"
လူအားလုံး ထိုစကားကို ကြားပြီးနောက် ဤအချက်ကို ရုတ်တရက် သဘောပေါက်သွားကြကာ တစ်ယောက်ချင်းစီ၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားလေသည်။
အလယ်အလတ်အဆင့် အဖွဲ့အစည်းများသည် ချန်ဖူတောင်တွင် တပ်စွဲထားကြသည်။ ယခုအခါ ထိုသူများသည် သူတို့အား လျှို့ဝှက်ဖုံးကွယ်ကာ အပြင်ဘက်သို့ ထွက်သွားပြီး တပ်ဖွဲ့တစ်ခုလုံး ကျဆုံးသွားခဲ့လေပြီ။
ကွမ်မောက်ချိုင်သည် လူ ခုနစ်ဦးထဲတွင် အစိုးရဌာန၌ တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် တစ်ဦးတည်းသော ခေါင်းဆောင် ဖြစ်သည်။
ထို့အပြင် သူသည် ထိုခုနစ်ဦးထဲတွင် ဒုတိယ အဆင့်မြင့်ဆုံး ပုဂ္ဂိုလ်ဟုပင် ဆိုနိုင်ပေသည်။
ကြွယ်ဝမှုအသင်းသည် မြေမိခင်ဂိုဏ်း၏ အရင်းအမြစ် အများအပြားကို ထိန်းချုပ်ထားသည်။ မြေသြဇာဌာနမှ ရှီလျန်ဟိုင်သည် သူ၏ ကိုယ်ခံပညာ ပါရမီကြောင့် ဤနေရာတွင် အစွမ်းအထက်ဆုံးသူ ဖြစ်လာခဲ့ခြင်းသာ ဖြစ်သည်။
ကျန်ရှိနေသော လူများထဲတွင်မူ အားလုံး၏ တိုက်ခိုက်ရေး စွမ်းရည်များမှာ သိပ်မကွာခြားလှဘဲ အဓိက အရည်အသွေးများမှာလည်း အမှတ်တစ်ရာသို့ အသီးသီး ရောက်ရှိနေကြပြီ ဖြစ်သည်။
သို့သော် အုပ်ချုပ်ရေး စွမ်းရည်နှင့် စီမံခန့်ခွဲမှု နည်းဗျူဟာများတွင်မူ ဤနေရာရှိ မည်သူကမျှ ကွမ်မောက်ချိုင်ကို မယှဉ်နိုင်ကြပေ။
ယခင်နှစ်များက ဝိညာဉ်စွမ်းအင်ဂိုဏ်း အပါအဝင် အခြားသော အင်အားစုများကြားမှ မြေဝါနတ်ဘုရားလွင်ပြင်ကို လုယူနိုင်ခဲ့ခြင်းမှာ ကွမ်မောက်ချိုင်၏ ကြိုးပမ်းမှုများကို အသိအမှတ် မပြု၍ မရနိုင်ပေ။
သူ၏ သံတမန်ရေးရာ ဆက်သွယ်မှုနှင့် မဟာမိတ်ဖွဲ့ခြင်း နည်းဗျူဟာများကြောင့်သာ နောက်ဆုံးတွင် မြေမိခင်ဂိုဏ်းက မြေဝါနတ်ဘုရားလွင်ပြင်ကို သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ မြေဝါနတ်ဘုရားလွင်ပြင် တစ်ခုလုံး၏ နှလုံးအမြူတေကို ရှီလျန်ဟိုင်က သန့်စင်ထားပြီး ဖြစ်သည်။
ဦးနှောက်အမြူတေကိုမူ ကွမ်မောက်ချိုင်က သန့်စင်ထားလေသည်။
သူတို့နှစ်ဦးသည်သာ မြေဝါနတ်ဘုရားလွင်ပြင်၏ စစ်မှန်သော အုပ်စိုးသူများ ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
ယခုအချိန်တွင် သူ၏ စကားကြောင့် လူတိုင်း အသိတရား ရသွားကြပြီး မျက်နှာအမူအရာများမှာလည်း လေးနက်တည်ကြည်သွားကြသည်။
ကွမ်မောက်ချိုင်ကဲ့သို့ စနစ်တစ်ခုအတွင်း ကျင်လည်ခဲ့ဖူးသူ တစ်ယောက်အတွက် အကြီးမားဆုံး အန္တရာယ်မှာ အများအားဖြင့် ပြင်ပမှ လာခြင်းမဟုတ်ဘဲ အတွင်းပိုင်းမှ လာခြင်း ဖြစ်သည်။
လက်အောက်ငယ်သားများအပေါ် ထိန်းချုပ်မှု ကင်းမဲ့သွားသည့် ဤခံစားချက်မျိုးကသာ သူ့ကို ပို၍ စိုးရိမ်ထိတ်လန့်စေခြင်းပင်။
၎င်းသည် အဆင့်မြင့် ခေါင်းဆောင်အားလုံး စိုးရိမ်ပူပန်ရသည့် ကိစ္စရပ်တစ်ခုလည်း ဖြစ်သည်။
ရှီလျန်ဟိုင်က မေးလိုက်၏။ "လောင်ကွမ်... ဘာအကြံကောင်း ဉာဏ်ကောင်းများ ရှိလို့လဲ"
ကွမ်မောက်ချိုင်က ပြောသည်။ "လင်ထင်းစစ်ရဲ့ လူတွေ ထိုက်ယန်တောင်မှာ သေသွားတာကလည်း ဆိုးရွားတဲ့ ကိစ္စတော့ မဟုတ်ပါဘူး... ငါတို့ အဖွဲ့အစည်းတွေကို ပြန်လည် ဖွဲ့စည်းပြီး လူတွေ နေရာချထားဖို့ အခွင့်ကောင်း ရသွားတာပေါ့... အဲ့ဒီလိုနဲ့ ချန်ဖူတောင်ကို ထိန်းချုပ်လို့ ရသွားတာပေါ့"
"ဒီကိစ္စက သိပ်မခက်ပါဘူး... လဝက်တောင် မကြာခင်မှာ ချန်ဖူတောင်ကို ငါ ပြန်ပြီး ထိန်းချုပ်နိုင်မှာပါ"
ရှီလျန်ဟိုင်က ခေါင်းညိတ်လိုက်ပြီးနောက် ဆက်ပြောသည်။ "ဒါဆို ထိုက်ယန်တောင်က လင်း ဆိုတဲ့လူကို ဘယ်လို ကိုင်တွယ်ရမလဲ"
"ဒီလူကလည်း အဓိက အရည်အသွေး ၁၀၀ မှတ်ကို ရောက်နေပြီ... သူပိုင်တဲ့ နယ်မြေနဲ့ လူဦးရေကလည်း ငါတို့ထက် မနည်းဘူး... သူ့အင်အားက အတောင်အလက် စုံနေပြီဆိုတော့ တားဆီးဖို့ ခက်လောက်တယ်"
"ငါ့အကြံပြုချက်ကတော့ စေ့စပ်ဆွေးနွေးလို့ ရ၊ မရ အရင် စမ်းကြည့်သင့်တယ်... လင်ထင်းစစ်တို့လည်း သူ့လက်ထဲမှာ သေကုန်ပြီဆိုတော့ အကြောင်းပြချက်အရ ပြောရရင် နှစ်ဖက် ရန်ငြိုးတွေက ကျေအေးသွားပြီလို့ ဆိုရမှာပဲ"
"ငါတို့ဘက်က သူတို့ကို ပြဿနာသွားမရှာတာက အကြီးမားဆုံး အလျှော့ပေးလိုက်တာပဲ... သူကလည်း အကောင်းအဆိုးကို နားမလည်တဲ့သူတော့ မဟုတ်လောက်ပါဘူး"
ကွမ်မောက်ချိုင်၏ စကားကြောင့် နေရာရှိ လူအားလုံး မျက်မှောင်ကြုတ်သွားကြပြီး သူ၏ အတွေးကို နားမလည်နိုင် ဖြစ်သွားကြသည်မှာ သိသာထင်ရှားလှသည်။
အမြစ်အာရုံကျောင်းတော်မှ ရွှီကျန်ယွဲ့က တဲ့တိုးပင် ပြောချလိုက်သည်။ "ဆရာကွမ်... ဒါကို ဘယ်လိုလုပ် ဒီတိုင်း ထားလိုက်လို့ရမှာလဲ... လင်ထင်းစစ်တို့ လူစုက စကားနားမထောင်လို့ ရိုက်နှက် သတ်ဖြတ်ရမယ် ဆိုရင်တောင်မှ အဲ့ဒါက ကျွန်မတို့ ကိစ္စလေ... ဘယ်လိုလုပ်ပြီး အပြင်လူကို ဝင်စွက်ဖက်ခွင့် ပေးလိုက်လို့ ရမှာလဲ"
"ဟုတ်တယ်လေ ဆရာကွမ်... ဒီသတင်းသာ အပြင်ရောက်သွားရင် ငါတို့ မြေမိခင်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာက ဘယ်လိုလုပ်မလဲ" နွေဦး ယဇ်ပုရောဟိတ် လီချွန်းဟွာကလည်း မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။
ရှီလျန်ဟိုင်က ဘာမှ ဝင်မပြောသော်လည်း ကွမ်မောက်ချိုင်အား ကြည့်နေသည့် သူ၏ အကြည့်များတွင် သံသယအချို့ ပါဝင်နေလေသည်။
သို့သော် ကွမ်မောက်ချိုင်က အနည်းငယ် ပြုံးလိုက်ပြီး ပြောသည်။ "မင်းပြောတာ အရမ်းမှန်တယ်... ဒါဆိုရင် ဝိညာဉ်စွမ်းအင်ဂိုဏ်းနဲ့ ရေနတ်ဘုရားဂိုဏ်းတို့က ဘယ်လို လုပ်ကြမယ်လို့ ထင်လဲ"
"သေချာပေါက် ဝင်ပါကြမှာပေါ့... လင်း ဆိုတဲ့လူကို သတ်ပြီး ထိုက်ယန်တောင်က အရင်းအမြစ်တွေကို ခွဲယူကြမှာလေ" ရွှီကျန်ယွဲ့က တုံ့ဆိုင်းမနေဘဲ ဖြေလိုက်သည်။
ကွမ်မောက်ချိုင်က ခေါင်းညိတ်ပြလိုက်ပြီး ရယ်မောကာ ပြောလိုက်၏။ "ထိုက်ယန်တောင်ရဲ့ အင်အားက အဲ့ဒီလောက် မရိုးရှင်းမှာကိုပဲ ငါ စိုးရိမ်နေတာ"
"ရေနတ်ဘုရားဂိုဏ်းနဲ့ ဝိညာဉ်စွမ်းအင်ဂိုဏ်းတို့က လူအားလုံးနဲ့ ပူးပေါင်းပြီး ထိုက်ယန်တောင်က လင်းယွမ်ကို တိုက်ခိုက်လာနိုင်ခြေ ရှစ်ဆယ်၊ ကိုးဆယ်ရာခိုင်နှုန်းလောက် ရှိတယ်"
"ငါတို့က ဒီအချိန်မှာ နောက်ဆုတ်နေပြီး ထိုက်ယန်တောင်က လင်းယွမ်နဲ့ ပြေလည်အောင် ဆွေးနွေးနိုင်လို့ မဟာမိတ်ဖွဲ့နိုင်ခဲ့မယ် ဆိုရင်... ဒီတိုက်ပွဲထဲမှာ ရေနတ်ဘုရားဂိုဏ်းနဲ့ ဝိညာဉ်စွမ်းအင်ဂိုဏ်းတို့ကို အထိနာအောင် လုပ်နိုင်မယ်ဆိုရင်... မင်းတို့ စဉ်းစားကြည့်... ငါတို့ ဘာတွေ ရလာမလဲ"
ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် နေရာရှိ လူအားလုံး အလွန်တရာ အံ့အားသင့်သွားကြလေသည်။
လွန်ခဲ့သော စက္ကန့်အနည်းငယ်ကမှ ထိုက်ယန်တောင်ရှိ လင်းယွမ်ကို မည်သို့ တိုက်ခိုက်ရမည်ကို အားလုံး ဆွေးနွေးနေခဲ့ကြသော်လည်း ယခုအခါ ကွမ်မောက်ချိုင်က အတွေးလမ်းစကို ဖွင့်လှစ်ပေးလိုက်ကာ ရေနတ်ဘုရားဂိုဏ်းနှင့် ဝိညာဉ်စွမ်းအင်ဂိုဏ်းတို့ကို တိုက်ခိုက်ရန် ပြင်ဆင်နေလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြပေ။
ဆက်ရန်...