အခန်း (၅၇၇-၅၇၈)
Vol. 29 Ch. 577-578
အပိုင်း (၅၇၇) ဆင့်ကဲပြောင်းလဲခြင်း ကောင်စီ
ကွမ်မောက်ချိုင်၏ စကားက လူအများ၏ ခေါင်းထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပေါက်ကွဲသွားသည်။
"ထိုက်ယန်တောင်က လင်းယွမ်ကို မတိုက်ခိုက်ဘဲ... ဝိညာဉ်စွမ်းအင်ဂိုဏ်းနဲ့ ရေနတ်ဘုရားဂိုဏ်းကို တိုက်မယ် ဟုတ်လား"
"ဒါက ဘယ်လို အကြောင်းပြချက်မျိုးလဲ" ရွှီကျန်ယွဲ့က အံ့သြစွာဖြင့် မေးလိုက်သည်။
ရှယွီထျန်ကလည်း မနေနိုင်တော့ဘဲ "ဆရာကွမ်... ဒါက ဘယ်လို အကြံအစည်မျိုးလဲ"
အခြားသူများက နှုတ်မှ မဟကြသော်လည်း သူတို့အားလုံး ကွမ်မောက်ချိုင်ကို စိုက်ကြည့်ကာ ရှင်းပြမည့်အချိန်ကို စောင့်ဆိုင်းနေကြ၏။
ကွမ်မောက်ချိုင်က ပြုံးလိုက်ပြီး "အားလုံးပဲ... ထိုက်ယန်တောင်ရဲ့ လင်းယွမ်က အားနည်းပုံပေါ်ပေမဲ့... ဂိုဏ်းကြီးသုံးဂိုဏ်းက ထိုက်ယန်တောင်ကို နှစ်ကြိမ်တိုင်တိုင် သွားရောက်တိုက်ခိုက်ခဲ့တာတောင် အကျိုးအမြတ် တစ်စက်လေးမှ မရခဲ့တဲ့အပြင် အထိနာခဲ့ကြတယ်"
"ပထမတစ်ကြိမ်တုန်းက လင်းယွမ်ရဲ့ အဓိက အရည်အသွေးက အမှတ် ၁၀၀ ကိုတောင် မရောက်သေးပေမဲ့... ဟန်ထိုက်တို့ကို မောင်းထုတ်နိုင်ခဲ့တယ်"
"အခု တစ်လဆိုတဲ့ အချိန်တိုလေးအတွင်းမှာ သူ့ရဲ့ အမှတ်က ၁၀၀ အထိ ရောက်လာရုံတင်မကဘဲ... အမှောင်ဓာတ် ရေပေါ်ကျွန်း တစ်ကျွန်းကိုပါ သိမ်းပိုက်နိုင်ခဲ့ပြီ"
"ထိုက်ယန်တောင်ရဲ့ ဟင်းလင်းပြင်သခင် ပိုင်ဆိုင်ထားတဲ့ ဟင်းလင်းပြင်အမျိုးအစား ရေပေါ်ကျွန်းနဲ့ပါ ပေါင်းလိုက်ရင်... ထိုက်ယန်တောင်တစ်ခုလုံးမှာ ရေပေါ်ကျွန်း နှစ်ကျွန်းတောင် ရှိနေပြီ"
"သူတို့ကို အချိန်ပေးလိုက်ရင် အနှေးနဲ့အမြန်ဆိုသလို လျင်လျင်မြန်မြန် ကြီးထွားလာလိမ့်မယ်"
ဆောင်းဦးယဇ်ပုရောဟိတ် ဝူချိုးယွဲ့က "ဆရာကွမ်... ဆရာကိုယ်တိုင် သူ အချိန်လိုသေးတယ်လို့ ပြောနေမှတော့... ကျွန်မတို့က ဘာလို့ သူ ခြိမ်းမခြောက်နိုင်ခင်မှာ အရင် သွားမရှင်းလိုက်တာလဲ"
ဆောင်းရာသီယဇ်ပုရောဟိတ် ဝူတုန်းတုန်းကလည်း "ချိုးယွဲ့ရဲ့ အကြံက မဆိုးဘူး... ကျွန်တော်လည်း အဲ့ဒီလိုပဲ ထင်တယ်"
လူအုပ်ကြီးက ဝူတုန်းတုန်းကို ဂရုမစိုက်ကြပေ။ ဤဆောင်းရာသီယဇ်ပုရောဟိတ်က ဆောင်းဦးယဇ်ပုရောဟိတ်အား မျက်နှာလိုမျက်နှာရလုပ်တတ်သူဆိုသည်ကို ဤနေရာရှိ လူတိုင်း သိထားကြသည်။
မြေမိခင်ဂိုဏ်း၏ အထက်တန်းအဆင့် ခေါင်းဆောင်တစ်ယောက် ဖြစ်နေပါလျက်နှင့် မည်သို့သော မိန်းမမျိုးကိုမဆို ရနိုင်သည် မဟုတ်ပါလော။
သို့သော်လည်း သူက အောက်ကျခံကာ ဝူချိုးယွဲ့ကိုသာ တစ်စိုက်မတ်မတ် အလိုလိုက်နေချေသည်။
ဤနေရာရှိ အမျိုးသားအများစု၏ ရင်ထဲတွင် သူ့ကို အထင်အမြင် သေးနေကြသည်။
သို့သော် ဝူတုန်းတုန်း၏ သန္ဓေပြောင်းစွမ်းအင်မှာ ထူးခြားလှပြီး သူ၏စွမ်းရည်က ရှားပါးလှသော ရေခဲဓာတ် သန္ဓေပြောင်းစွမ်းအင် ဖြစ်သောကြောင့် ရေနတ်ဘုရားဂိုဏ်းကို နှိမ်နင်းရာတွင် အလွန် အသုံးဝင်လေသည်။
ထို့အပြင် သူက ရှီလျန်ဟိုင်နှင့်လည်း ဆွေမျိုးတော်စပ်နေသည့်အတွက်ကြောင့်သာ ဆောင်းရာသီယဇ်ပုရောဟိတ် နေရာကို ယူထားနိုင်ခြင်း ဖြစ်သည်။
ရှီလျန်ဟိုင်က သူ၏ အသုံးမကျသော ရပ်ဝေးဆွေမျိုးကို တစ်ချက်မျှသာ ကြည့်လိုက်ပြီး ဘာမှ ဝင်မပြောပေ။
ဆွေမျိုးသံယောဇဉ်ကို ထောက်ထား၍ သူ တစ်ဖက်လူကို ကူညီပေးခဲ့သည်မှာ မနည်းတော့ချေ။
သို့သော်လည်း မြေမိခင်ဂိုဏ်း၏ အင်အားက တဖြည်းဖြည်း ကြီးမားလာပြီဖြစ်ရာ အရာအားလုံးကို စနစ်တကျ ဖြစ်အောင် လုပ်ဆောင်ရမည့်အချိန် ရောက်နေပြီ ဖြစ်သည်။
အကယ်၍ ဤဆွေမျိုးဖြစ်သူက မည်မျှ မြှောက်ပေးမြှောက်ပေး တက်မလာနိုင်သူမျိုး ဖြစ်နေမည်ဆိုပါက သူလည်း ဆက်လက် စောင့်ရှောက်ပေးနေရန် စိတ်ကူးမရှိတော့ပေ။
ထိုအချိန်တွင် ကွမ်မောက်ချိုင်က ရယ်မောလိုက်ပြီး "ဒီတိုင်းသာ ရှင်းပစ်လို့ ရနေမယ်ဆိုရင် အစောကြီးကတည်းက ရှင်းပစ်လိုက်ပြီပေါ့... ဒါပေမဲ့ ဘာလို့ အခုချိန်ထိ ဒီလင်းယွမ်ကို မရှင်းနိုင်သေးတာလဲ"
"ဒီ လင်းယွမ်ဆိုတဲ့ လူက မင်းတို့ ထင်ထားသလောက် မရိုးရှင်းဘူးလို့ရော မတွေးမိကြဘူးလား"
"အင်းပေါ့ ဒါက အချက်တစ်ချက်ပဲရှိသေးတာ... ဒါပေမဲ့ ငါ့ရဲ့ တကယ့် ရည်ရွယ်ချက်က ဒီကိစ္စနဲ့မဆိုင်ဘူး"
ကွမ်မောက်ချိုင်၏ မျက်ဝန်းများတွင် စူးရှသော အရောင်များ လက်လာပြီး မျက်နှာတွင် အပြုံးတစ်ခုကို ချိတ်ဆွဲထားကာ "လင်းယွမ်ကို သတ်ပြီး ထိုက်ယန်တောင်ကို ဖျက်ဆီးလိုက်ရင်တောင် ထိုက်ယန်တောင်ရဲ့ သယံဇာတတွေကို ဝိညာဉ်စွမ်းအင်ဂိုဏ်းနဲ့ ရေနတ်ဘုရားဂိုဏ်းတို့ကို ခွဲဝေပေးရဦးမှာ... ဒါဆို ငါတို့ လက်ထဲ ဘယ်လောက် ကျန်မှာလဲ"
"ဒါပေမဲ့ ထိုက်ယန်တောင်က ရေနတ်ဘုရားဂိုဏ်း ဒါမှမဟုတ် ဝိညာဉ်စွမ်းအင်ဂိုဏ်းကို အကြီးအကျယ် အထိနာအောင် လုပ်နိုင်ခဲ့ရင်... ဘယ်ဂိုဏ်းပဲ ပျက်စီးပျက်စီး... ငါတို့အတွက်တော့ အများကြီး ကွာသွားလိမ့်မယ်"
"ဘာ ကွာသွားမှာလဲ"
အခြားသူများ တွေးတောနေကြစဉ် ဝူချိုးယွဲ့က တိုက်ရိုက်ပင် မေးလိုက်သည်။
"ထိုက်ယန်တောင်က မြို့သစ်ဘက်မှာ ရှိပြီး ကွမ်ဖူနဲ့ အလှမ်းဝေးလွန်းတယ်... ပြီးတော့ မြေမျက်နှာသွင်ပြင်ကလည်း ကွမ်ဖူလောက် မကောင်းဘူး... နောက်နှစ် နွေရာသီရောက်လို့ ရေခဲတွေ အရည်ပျော်သွားရင်... အခု စုပုံနေတဲ့ နှင်းတွေရဲ့ ပမာဏအရ ဆိုရင် အဲ့ဒီနေရာက အစောကြီးကတည်းက ရေလွှမ်းမိုးခံရပြီးသား ဖြစ်နေမှာ"
"ဒါပေမဲ့ ကွမ်ဖူကတော့ မတူဘူး... ငါတို့ရဲ့ အခြေစိုက်စခန်းက ကွမ်ဖူမှာ ရှိနေတာ... ပြီးတော့ ဒီနေရာက ဒီလောက်လေးပဲ ကျယ်ပေမဲ့ ငါတို့ဘေးမှာ ရေနတ်ဘုရားဂိုဏ်း... ဝိညာဉ်စွမ်းအင်ဂိုဏ်းနဲ့ စစ်တပ် ဆိုတဲ့ အင်အားစုကြီး သုံးခုက ဝန်းရံနေတယ်"
"ငါတို့ရဲ့ အခြေခံအုတ်မြစ်ကို ခိုင်မာအောင် မလုပ်ထားနိုင်သေးဘဲနဲ့... အပြင်ဘက်ကို ချဲ့ထွင်ဖို့ ဘာလို့ လောနေရမှာလဲ"
"ရေနတ်ဘုရားဂိုဏ်းနဲ့ ဝိညာဉ်စွမ်းအင်ဂိုဏ်းကို ရှင်းလင်းနိုင်မယ်ဆိုရင်... ငါတို့ရမယ့် အကျိုးအမြတ်က တကယ်တော့ ပိုကြီးတယ်"
"ငါတို့ရဲ့ အခြေခံအုတ်မြစ်က အဆပေါင်းများစွာ ပိုကျယ်ပြန့်လာမယ့်အပြင် လူဦးရေကလည်း အဆများစွာ တိုးလာလိမ့်မယ်"
"အဲ့ဒီအချိန်ရောက်ရင်... ကိုယ့်အိပ်ရာဘေးမှာ တခြားလူ လာအိပ်နေမှာကို စိုးရိမ်စရာ မလိုတော့ဘူးပေါ့"
ထိုစကားများကို ကြားလိုက်ရသောအခါ လူအုပ်ကြီး၏ မျက်လုံးများအတွင်း တဖြည်းဖြည်း အရောင်လင်းလက်လာကြသည်။
တကယ်ပင် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ရေနတ်ဘုရားဂိုဏ်းနှင့် ဝိညာဉ်စွမ်းအင်ဂိုဏ်းကို ဖျက်ဆီးပစ်ခြင်းက ထိုက်ယန်တောင်မှ လင်းယွမ်ကို ရှင်းပစ်ခြင်းထက် အကျိုးအမြတ် ပိုများနေပေသည်။
"ဆရာကွမ်ရဲ့ ဒီအကွက်က တကယ်ကို မိုက်တာပဲ" ရွှီကျန်ယွဲ့က ရုတ်တရက် ရယ်မောလိုက်ပြီး မနေနိုင်ဘဲ လက်ခုပ်တီးကာ ချီးကျူးလိုက်သည်။
လီချွန်းဟွာကလည်း "ဆရာကွမ်က ငါတို့ မြေမိခင်ဂိုဏ်းရဲ့ ဦးနှောက်ဆိုတဲ့အတိုင်းပဲ... ဒီအကြံအစည်လေးတစ်ခုတည်းနဲ့တင် ငါတို့ မြေမိခင်ဂိုဏ်းရဲ့ ကွမ်ဖူမှာရှိတဲ့ အဆင့်အတန်းကို အခိုင်အမာ တည်ဆောက်နိုင်ပြီ"
ရှယွီထျန်က ချက်ချင်းပင် "ဆရာကွမ်... ကျွန်တော် အခုပဲ ထိုက်ယန်တောင်က လင်းယွမ်ကို သွားဆက်သွယ်လိုက်ရမလား"
ကွမ်မောက်ချိုင်က ပြုံးလိုက်ပြီး လက်ခါပြကာ "မလောနဲ့... တစ်ခါတလေ အလုပ်လုပ်တာက စစ်တုရင် ကစားတာနဲ့ တူတယ်... အရင်စကစားတဲ့သူက အမြဲတမ်း နိုင်မယ်လို့ မသေချာဘူး"
"လောလောဆယ်ဆယ်နဲ့ အမြောက်ကို ထိပ်မှာ တင်လိုက်ရုံနဲ့ တစ်ဖက်က နယ်ရုပ်လေးကို သတ်နိုင်မယ်လို့ မသေချာဘူးလေ"
"ငါတို့ အရင်ဆုံး ချန်ဖူတောင်ကို ပြန် စုစည်းရအောင်... လင်ထင်းစစ်တို့ ချန်ထားခဲ့တဲ့ အရှုပ်တွေကို အရင်ရှင်းကြတာပေါ့"
"စောင့်ကြည့်နေလိုက်... ရေနတ်ဘုရားဂိုဏ်းနဲ့ ဝိညာဉ်စွမ်းအင်ဂိုဏ်းတို့ ငြိမ်နေနိုင်မှာ မဟုတ်ဘူး"
ထိုအခါ လူအုပ်ကြီးလည်း ရုတ်တရက် ဝိုင်းဟားလိုက်ကြတော့သည်။
——
မီသွေ့တောင်ရှိ တောနက်ကြီးထဲတွင် ကျေးရွာတစ်ရွာနှင့်တူသော အဆောက်အအုံ မြောက်မြားစွာမှာ တောင်တန်းများကြား၌ တည်ရှိနေသည်။
တောင်တွင်း၌ တူးဖော်ထားသော ဧရာမ မြေအောက်လိုဏ်ခေါင်းကြီးတစ်ခု ရှိပြီး နံရံများပေါ်တွင် တန်းစီတပ်ဆင်ထားသော မီးသီးများက ဤကျယ်ဝန်းလှသော လိုဏ်ခေါင်းကြီးကို လင်းထိန်နေစေသည်။
လိုဏ်ခေါင်းအတွင်းရှိ အပြင်အဆင်မှာ အလွန်ရိုးရှင်းလှသည်။ ကြမ်းပြင်တွင် ကျောက်ပြားများ အထပ်ထပ် ခင်းကျင်းထားပြီး ကျောက်တုံးအိမ်လေးများက တစ်လုံးနှင့်တစ်လုံး ဆက်စပ်တည်ရှိနေ၏။
သို့သော် အလုံးစုံ မြင်ကွင်းမှာ ကြမ်းတမ်းပြီး ရှေးကျသော ခံစားချက်မျိုးကို ပေးစွမ်းနေဆဲ ဖြစ်သည်။
လိုဏ်ခေါင်း၏ အလယ်ဗဟိုတည့်တည့်တွင် ဧရာမ ကျောက်ရုပ်ထုကြီး တစ်ခုကို စိုက်ထူထားသည်။
ကျောက်ရုပ်ထုမှာ ဓားမြှောင်တစ်လက်ကို ထုဆစ်ထားခြင်း ဖြစ်ပြီး သွေးရောင် သွေးကျိုင်းကောင်နှင့်တူသော သန္ဓေပြောင်း သတ္တဝါတစ်ကောင်၏ ရုပ်တုက ထိုဓားမြှောင်ပေါ်တွင် ရစ်ပတ်နေသည်။
အောက်ဘက်တွင် ရေစက်ပုံစံ ထုဆစ်ထားပြီး ရုပ်တုကြီး တစ်ခုလုံးမှာ ရေကန်ငယ်လေးတစ်ခု၏ အလယ်တွင် မားမားမတ်မတ် ရပ်တည်နေသည်။
ပတ်ဝန်းကျင်တွင် ကျယ်ဝန်းသော ကွင်းပြင်ကြီးတစ်ခု ရှိပြီး စနစ်တကျ စိုက်ထူထားသော ကျောက်တိုင်များနှင့်အတူ ယဇ်ပူဇော်ရာတွင် အသုံးပြုသော ဦးခေါင်းခွံကဲ့သို့သော ပစ္စည်းများစွာကို သေသပ်စွာ ပြသထားလေသည်။
ဤနေရာသည်ကား ဝိညာဉ်စွမ်းအင်ဂိုဏ်း၏ အချက်အချာကျသော နေရာဖြစ်သည့် သွေးကျိုင်းကောင် ကွင်းပြင်ပင် ဖြစ်သည်။
ကွမ်ဖူရှိ ဂိုဏ်းကြီးသုံးခုထဲတွင် ဝိညာဉ်စွမ်းအင်ဂိုဏ်း၏ လူဦးရေမှာ အနည်းဆုံး ဖြစ်သည်။
သူတို့၏ ယုံကြည်ကိုးကွယ်မှု အယူအဆမှာ အခြားဂိုဏ်းနှစ်ခုနှင့် လုံးဝ ကွဲပြားခြားနားလေသည်။
ဝိညာဉ်စွမ်းအင်ဂိုဏ်းသားအားလုံးသည် ရှင်သန်မှုအတွက် အားကြီးသူသာ နိုင်ရမည်ဟူသော အယူအဆကို လေးစားယုံကြည်ကြပြီး ခွန်အားကြီးသူကသာ အမှန်တရား ဖြစ်ပေသည်။
ထိုကဲ့သို့သော တောတွင်းဥပဒေသဖြင့် ရှင်သန်လာသူများသည် အတ္တကြီးသော လူစုလူဝေးတစ်ခု ဖြစ်လာရန် ဖန်တီးခံထားရသူများ ဖြစ်ပေသည်။
ထိုကဲ့သို့ အတ္တကြီးသော လူတစ်စုမှာ သဘာဝတရားအရ ကြီးထွားလာရန် မဖြစ်နိုင်သည်က အသေအချာပင်။
ယင်းမှာ ရေပေါ်ကျွန်းကို လုယက်ရာတွင် သူတို့ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရခြင်း၏ အဓိက အကြောင်းရင်းလည်း ဖြစ်သည်။
မျက်စိရှေ့ရှိ ဤဧရာမ ကွင်းပြင်ကြီးသည် ဝိညာဉ်စွမ်းအင်ဂိုဏ်း၏ ယဇ်ပူဇော်ရာ ကွင်းပြင်ကြီး ဖြစ်သည်။
၎င်းကို သားရဲကွင်းပြင်ဟူ၍လည်း ခေါ်ဆိုကြသည်။
ဝိညာဉ်စွမ်းအင်ဂိုဏ်းသို့ ဝင်ရောက်လိုပါက လူသစ်များသည် သွေးစွန်းသော စမ်းသပ်မှု သုံးဆင့်ကို ဖြတ်ကျော်ရမည် ဖြစ်သည်။
ဤ သားရဲကွင်းပြင်က ယင်းစမ်းသပ်မှုများအနက်မှ တစ်ခုပင် ဖြစ်သည်။
ဂိုဏ်းကြီးသုံးခုလုံးကို ယှဉ်ကြည့်လျှင် တစ်ဦးချင်း တိုက်ခိုက်ရေးစွမ်းရည်အရ ဝိညာဉ်စွမ်းအင်ဂိုဏ်းသားများသည် အလွန် သန်မာသည်ဟု ဆိုနိုင်သည်။
သို့သော် တစ်ဦးချင်းစီ၏ စွမ်းရည်က သန်မာလွန်းနေခြင်းကြောင့်ပင် သူတို့သည် အစုအဖွဲ့လိုက် ပူးပေါင်းတိုက်ခိုက်ရာတွင်မူ အားနည်းကြပြန်သည်။
အဖွဲ့လိုက် လှုပ်ရှားနိုင်စွမ်းကို ပြောရမည်ဆိုလျှင် ဝိညာဉ်စွမ်းအင်ဂိုဏ်းက အဆိုးဆုံးဟုပင် ဆိုနိုင်သည်။
ယခုအချိန်တွင် ဝိညာဉ်စွမ်းအင်ဂိုဏ်း၏ ဌာနချုပ်ဖြစ်သော လိုဏ်ခေါင်းအတွင်းရှိ သုံးထပ် အဆောက်အအုံထဲ၌...
ဝိညာဉ်စွမ်းအင်ဂိုဏ်း၏ ဂိုဏ်းချုပ် ဟော်ကော်တုန်း၏ မျက်နှာမှာ မှိုင်းညှို့နေလေသည်။
သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသူများမှာ ဆင့်ကဲပြောင်းလဲခြင်း ကောင်စီ၏ အမတ်ကြီး လေးဦး ဖြစ်သည်။
ဆင့်ကဲပြောင်းလဲခြင်း ကောင်စီတွင် မူလက လူခုနစ်ဦး ရှိပြီး ၎င်းတို့မှာ ကျန်းကောချန်... ကျန်းမိ... လီရှန်းနန်... ကျိုးထင်းတု... ယဲ့ကျိရွှမ်... ဟန်ထင်ကျုံးနှင့် ဖုယွမ်ဟန် တို့ ဖြစ်ကြသည်။
ယင်းတို့အနက် ကျန်းကောချန်မှာ ထိုက်ယန်တောင်ကို ပထမဆုံးအကြိမ် ဝင်ရောက်တိုက်ခိုက်စဉ်ကတည်းက လင်းယွမ်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ဖြစ်သည်။
ထိုအချိန်မှစ၍ ဝိညာဉ်စွမ်းအင်ဂိုဏ်းနှင့် ထိုက်ယန်တောင်မှာ သူသေကိုယ်သေ ရန်ငြိုး ဖွဲ့မိသွားကြသည်။
အမှောင်ချောက်နက် ရေပေါ်ကျွန်းပေါ်တွင် ကျန်းမိသည် နှလုံးအမြူတေကို လုယက်စဉ် လင်းယွမ်၏ အနိုင်ယူခြင်းကို ခံခဲ့ရပြီးနောက်... အရိပ်ကမ္ဘာကို ဆွဲဖြဲကာ ကမောက်ကမဖြစ်အောင် ဖန်တီးပြီး ပျောက်ကွယ်သွားခဲ့သည်။
ယခုအချိန်တွင် သူက ဤနေရာ၌ ထိုင်နေသေးသည်ကို ကြည့်ခြင်းအားဖြင့် သူလည်း ထိုကျွန်းပေါ်မှ ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သိသာလှပေသည်။
လီရှန်းနန်နှင့် ကျိုးထင်းတုတို့ နှစ်ဦးမှာမူ ယမန်နေ့ကပင် သေဆုံးသွားပြီဖြစ်ကြောင်း သတင်းရရှိခဲ့ပြီး ထိုက်ယန်တောင်မှ လင်းယွမ်၏ လက်ချက်ဖြင့် ကျဆုံးသွားခဲ့ကြခြင်း ဖြစ်သည်။
ယခု လက်ရှိ ဤနေရာတွင် ထိုင်နေသော ဆင့်ကဲပြောင်းလဲခြင်း ကောင်စီမှ အမတ်ကြီးများမှာ ကျန်းမိ... ယဲ့ကျိရွှမ်... ဟန်ထင်ကျုံးနှင့် ဖုယွမ်ဟန် ဟူသော လေးဦးသာ ကျန်ရှိတော့သည်။
ဤအချက်ကပင် ဟော်ကော်တုန်းကို ဒေါသထွက်စေသည့် အကြောင်းရင်း ဖြစ်ပေသည်။
"ဆင့်ကဲပြောင်းလဲခြင်း ကောင်စီရဲ့ အမတ်ကြီး ခုနစ်ယောက်ထဲက အခု သေကုန်လို့ မင်းတို့ လေးယောက်ပဲ ကျန်တော့တယ်"
"ထိုက်ယန်တောင်က လင်းယွမ်ကို သတ်ဖို့ အဲ့ဒီလောက်တောင် ခက်ခဲနေတာလား"
ဟော်ကော်တုန်းက ဒေါသတကြီးဖြင့် မေးလိုက်သည်။
ယဲ့ကျိရွှမ်က ထိုစကားကို ကြားသောအခါ "သူက တော်တော်လေး အစွမ်းထက်တဲ့ပုံပဲ... ကျန်းကောချန်ရဲ့ သန္ဓေပြောင်းစွမ်းအင်က မညံ့ပါဘူး... ပတ်ဝန်းကျင်မျိုးစုံနဲ့ လိုက်လျောညီထွေ ဖြစ်အောင် နေနိုင်တဲ့အပြင် သာမန် အစွမ်းပိုင်ရှင်တွေက သူ့ပြိုင်ဘက် လုံးဝ မဟုတ်ခဲ့ဘူး"
"ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက သူတောင် ပြန်မပြေးနိုင်ဘဲ ထိုက်ယန်တောင်မှာ သေသွားခဲ့တယ်ဆိုတော့... ဒီထိုက်ယန်တောင်က လင်းယွမ်ရဲ့ စွမ်းအားက ဘယ်လောက်ရှိလဲဆိုတာ သိသာနေပြီ"
ဟန်ထင်ကျုံးက တိတ်ဆိတ်နေပြီး ဘေးရှိ ဖုယွမ်ဟန်က ကျန်းမိကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ "ကျန်းမိ... ငါတို့ထဲမှာ မင်းတစ်ယောက်ပဲ ဒီထိုက်ယန်တောင် ခေါင်းဆောင်နဲ့ ထိပ်တိုက်တွေ့ဖူးတာ"
"အမှန်တိုင်း ပြောရရင် မင်းက သူ့အကြောင်းကို အသိဆုံး ဖြစ်ရမှာ... သူ့ရဲ့ စွမ်းအားကို မင်း ဘယ်လို ထင်လဲ"
ကျန်းမိက ထိုနေရာတွင် ထိုင်နေပါလျက်နှင့် သူသာ စကားမပြောပါက အားလုံး၏ စိတ်ထဲတွင် သူ့ကို အလွယ်တကူ မေ့လျော့သွားနိုင်ပေသည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အနက်ရောင် အရိပ်တစ်ခု လွှမ်းခြုံထားပြီး သူရှိနေမှန်း သိနိုင်ရန် အလွန် ခဲယဉ်းလှသည်။
သူက လေးနက်သော အသံဖြင့် ပြန်ဖြေလိုက်သည်ကိုသာ ကြားလိုက်ရ၏။ "အတော်လေး စွမ်းတယ်"
"ဘယ်လောက်တောင် စွမ်းတာလဲ" ဖုယွမ်ဟန်က ချက်ချင်း မေးလိုက်သည်။
"ဒီမှာ ထိုင်နေတဲ့ လူတွေအားလုံးထက် ပိုစွမ်းတယ်"
ဤနေရာရှိ လူအချို့မှာ ရုတ်တရက် မျက်မှောင်ကြုတ်သွားကြပြီး ဘာမှ မပြောကြသော်လည်း သိသာစွာဖြင့် ကျေနပ်ပုံမရချေ။
သူတို့သည် ဝိညာဉ်စွမ်းအင်ဂိုဏ်း၏ အထက်တန်း ခေါင်းဆောင်များ ဖြစ်ကြပြီး လူများစွာထဲမှ သွေးသံရဲရဲ တိုက်ခိုက်ပြီး ထွက်ပေါ်လာခဲ့သော အစွမ်းထက်သူများ ဖြစ်ကြသည်။
ထို့ကြောင့် တစ်ခါမျှ တိုက်ခိုက်ဖူးခြင်းမရှိသော သူတစ်ဦးကို အရှုံးပေးရန် သဘာဝကျကျပင် မကျေမနပ် ဖြစ်နေကြခြင်း ဖြစ်သည်။
ဟော်ကော်တုန်းကမူ အလွန် သတိထားနေပုံရပြီး မေးလိုက်သည်။ "ကျန်းမိ... အရင်က မင်းပေးတဲ့ အစီရင်ခံစာကိုလည်း ငါ ဖတ်ပြီးပြီ... မင်းပြောတာက ဒီလူက ရေပေါ်ကျွန်းပေါ် မရောက်ခင်ကတည်းက သူ့ရဲ့ အဓိက အရည်အသွေးက အမှတ် ၉၀ အထက်မှာ ရှိနေပြီး စိတ်စွမ်းအင် အမျိုးအစား အစွမ်းပိုင်ရှင် ဖြစ်နိုင်တယ် ဆို"
"ဒါဆို သူက အမှောင်ချောက်နက် ရေပေါ်ကျွန်းပေါ်ကနေ ဘယ်လိုများ ထွက်ပြေးလွတ်မြောက်လာခဲ့တာလဲ"
ကျန်းမိက လေးနက်စွာဖြင့် ပြန်ဖြေလိုက်၏။ "အဲ့ဒီအချက်ကိုတော့ ကျွန်တော်လည်း နားမလည်ဘူး... ဒီလူ့ဆီမှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတယ်"
"ပြီးတော့ အခု တစ်လခွဲလောက် ကြာပြီးမှ ထိုက်ယန်တောင်ကို ပြန်ရောက်လာတာတောင် အမှတ် ၁၀၀ ဆိုတဲ့ ကြောက်စရာကောင်းတဲ့ အရည်အသွေးကို ပြသလာတာဆိုတော့... သူက အမှောင်ချောက်နက် ရေပေါ်ကျွန်းရဲ့ နှလုံးအမြူတေကို ရသွားလောက်ပြီ ထင်တယ်"
"အဲ့ဒီရေပေါ်ကျွန်းပေါ်က နဂါးနက်ကြီးလည်း သူ့လက်ချက်နဲ့ သေသွားလောက်ပြီ"
"ကျိုးထင်းတုနဲ့ လီရှန်းနန်တို့ သူ့လက်ချက်နဲ့ သေသွားရတာ အလကား မဟုတ်ဘူး"
ကျန်းမိက ထိုကဲ့သို့ မှတ်ချက်ပေးလိုက်သည်။
ဟော်ကော်တုန်းက မျက်မှောင်ကြုတ်သွားပြီး လေးနက်သော အသံဖြင့် မေးလိုက်သည်။ "ဒီလိုဆိုတော့... ဒီထိုက်ယန်တောင် သေးသေးလေးက အခု ရေပေါ်ကျွန်း နှစ်ကျွန်းကိုတောင် ပိုင်ဆိုင်သွားပြီပေါ့"
"ဟို လီချင်းဟွာက ဟင်းလင်းပြင်အမျိုးအစား ရေပေါ်ကျွန်းကို ပိုင်ဆိုင်ထားပြီး... လင်း ဆိုတဲ့လူက အမှောင်ဓာတ် ရေပေါ်ကျွန်းကို ပိုင်ဆိုင်သွားပြီ"
"သူ့မှာလည်း အဓိက အရည်အသွေး အမှတ် ၁၀၀ ဆိုတဲ့ တိုက်ခိုက်ရေးစွမ်းအား ရှိနေသေးတော့... ဒီထိုက်ယန်တောင်က တောင်ပံစုံနေပြီပဲ"
"ငါတို့ ဝိညာဉ်စွမ်းအင်ဂိုဏ်းက ဒီလောက် အထိနာခဲ့တာကို ဒီတိုင်းပဲ လွှတ်ထားလိုက်ရတော့မှာလား"
ဤနေရာရှိ လူအချို့က ချက်ချင်းပင် ဆွေးနွေးသံများ ထွက်ပေါ်လာကြသည်။
"အခုဆို ငါတို့ ဝိညာဉ်စွမ်းအင်ဂိုဏ်းက ရေပေါ်ကျွန်းလုတဲ့နေရာမှာ နှစ်ကြိမ်တိုင်တိုင် ဆက်တိုက် ရှုံးနိမ့်ခဲ့ရပြီဆိုတော့... ကွမ်ဖူက လူတွေက ငါတို့ကို ဘယ်လိုများ မြင်ကြမလဲ မသိဘူး"
"ဒါက ငါတို့ ဝိညာဉ်စွမ်းအင်ဂိုဏ်း ရှေ့ဆက်တရားဟောဖို့အတွက် အတော်လေး အဆင်မပြေတဲ့ ကိစ္စပဲ"
"ဒါတင်မကသေးဘူး... ရေနတ်ဘုရားဂိုဏ်းနဲ့ မြေမိခင်ဂိုဏ်းတို့က ရေပေါ်ကျွန်း တစ်ကျွန်းစီ သိမ်းပိုက်ထားနိုင်ကြပေမဲ့... ငါတို့ ဝိညာဉ်စွမ်းအင်ဂိုဏ်းကတော့ ကိုယ်ပိုင် ရေပေါ်ကျွန်း တစ်ကျွန်းတောင် မရှိသေးဘူး"
"ဒီအတိုင်း ဆက်သွားနေရင် ငါတို့က ဂိုဏ်းကြီးသုံးဂိုဏ်း စာရင်းထဲကနေ လုံးဝ ပြုတ်ထွက်သွားတော့မှာပဲ... နောင်ကျရင် ဒီကွမ်ဖူမှာ ဂိုဏ်းကြီး နှစ်ဂိုဏ်းပဲ ကျန်တော့တာမျိုးတောင် ဖြစ်လာနိုင်တယ်"
လူအများ၏ ဆွေးနွေးသံများကို ကြားရလေလေ... ဟော်ကော်တုန်းမှာ ပို၍ စိတ်ရှုပ်လာလေလေ ဖြစ်သည်။
သူ ဒေါသထွက်တော့မည့်ဆဲဆဲတွင် အပြင်ဘက်မှ အလျင်စလို သတင်းပို့သံတစ်ခု ထွက်ပေါ်လာသည်။
"ဂိုဏ်းချုပ်... အမတ်ကြီးတို့... ရေနတ်ဘုရားဂိုဏ်းက သန့်စင်ရေ တမန်တော်အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ကျန့်ယွင်ချောင်က ဂိုဏ်းချုပ်ကို လာတွေ့ချင်လို့ပါတဲ့"
ဆက်ရန်...
အပိုင်း (၅၇၈) ရှောင်မောင်းတောင် နေထိုင်သူများ
ဆင့်ကဲပြောင်းလဲခြင်း ကောင်စီ ခန်းမအတွင်းရှိ လူအားလုံး ရုတ်တရက် ကြောင်အမ်းသွားကြသည်။
ဂိုဏ်းကြီးသုံးဂိုဏ်းအနက် ဂိုဏ်းချုပ်ရှိသော တစ်ခုတည်းသောဂိုဏ်းမှာ ဝိညာဉ်စွမ်းအင်ဂိုဏ်းသာ ဖြစ်သည်။
အခြား ဂိုဏ်းကြီးနှစ်ခုမှာ အမည်ခံအားဖြင့်သာ ဂိုဏ်းဟုခေါ်သော်လည်း အမှန်တကယ် အုပ်ချုပ်သူများမှာ အဖွဲ့အစည်းတစ်ခုတည်းသာ ဖြစ်သည်။
ဥပမာအားဖြင့် မြေမိခင်ဂိုဏ်းသည် အဓိက ယဇ်ပုရောဟိတ်ဌာနကြီး သုံးခုဖြစ်သော မြေသြဇာဌာန... အမြစ်အာရုံကျောင်းတော်နှင့် ကြွယ်ဝမှုအသင်းတို့ကို ဗဟိုပြုကာ ယဇ်ပုရောဟိတ်ကြီး လေးပါးနှင့် ဌာနလေးခု ပူးပေါင်း အုပ်ချုပ်ကြသည်။
ထိုအထဲတွင် မြေသြဇာဌာနမှ ရှီလျန်ဟိုင်က တိတ်တဆိတ် ဦးဆောင်နေပြီး ကြွယ်ဝမှုအသင်းမှ ကွမ်မောက်ချိုင်က အုပ်ချုပ်ရေးပိုင်းကို အဓိက ကိုင်တွယ်သည်။
ရေနတ်ဘုရားဂိုဏ်းကမူ ရေလှိုင်းအစောင့်အရှောက်ကို ဗဟိုပြုကာ သန့်စင်ရေတပ်ဖွဲ့... ယဇ်ပုရောဟိတ်ကြီး လေးပါးနှင့် ချောက်နက် မှတ်တမ်းတိုက်တို့ကို အထောက်အကူပြုထားသည့် ခေါင်းဆောင်မှုပုံစံဖြင့် ဖွဲ့စည်းထားသည်။
တစ်ဦးချင်း ဩဇာလွှမ်းမိုးမှုအရ ဆိုလျှင်မူ ဝိညာဉ်စွမ်းအင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ ဟော်ကော်တုန်းက အင်အားအကြီးဆုံး ဖြစ်ပေသည်။
ဟော်ကော်တုန်းသည် ဂိုဏ်းချုပ် တစ်ယောက်အနေဖြင့် ဆင့်ကဲပြောင်းလဲခြင်း ကောင်စီ၏ ပထမ ဥက္ကဋ္ဌလည်း ဖြစ်သည်။
ယခုအချိန်တွင် ရေနတ်ဘုရားဂိုဏ်းမှ လူလွှတ်လိုက်သည်ကို ကြားသောအခါ သူ၏ မျက်နှာပေါ်တွင် အံ့သြသည့် အရိပ်အယောင်များ ပေါ်လာသည်။
အဘယ်ကြောင့်ဆိုသော် ဝိညာဉ်စွမ်းအင်ဂိုဏ်းသည် ယခင်က မြေမိခင်ဂိုဏ်းနှင့် မြေဝါနတ်ဘုရားကျွန်းကို လုယက်ရာတွင် ရေနတ်ဘုရားဂိုဏ်းနှင့် ဆက်သွယ်ခဲ့ဖူးခြင်းကြောင့် ဖြစ်သည်။
သို့သော် ထိုအချိန်က ရေနတ်ဘုရားဂိုဏ်း၏ နောက်ကျောကို ဓားနဲ့ထိုးခြင်း ခံခဲ့ရသဖြင့် ဂိုဏ်းကြီးနှစ်ခုကြားတွင် အက်ကြောင်း ကြီးမားနေခဲ့သည်။
ထို့အပြင် မီယွမ်မိုးသစ်တောကျွန်း စတင်ပေါ်ပေါက်လာချိန်ကလည်း ဝိညာဉ်စွမ်းအင်ဂိုဏ်းနှင့် ရေနတ်ဘုရားဂိုဏ်းတို့ အပြိုင်အဆိုင် လုယက်ခဲ့ကြသေးရာ သူတို့နှစ်ဦးကြား ဆက်ဆံရေးမှာ အလွန် ဆိုးရွားနေပြီး တိတ်တဆိတ် ရန်သူများပင် ဖြစ်နေကြပြီ ဖြစ်သည်။
ရေနတ်ဘုရားဂိုဏ်းတွင် လူအင်အား များပြားပြီး အစွမ်းပိုင်ရှင်များ ပေါများနေခြင်းကြောင့်သာ ဝိညာဉ်စွမ်းအင်ဂိုဏ်းဘက်မှ မျက်နှာပြောင်တိုက်၍ ရန်မစရဲခြင်း ဖြစ်သည်။
သို့သော် ဝိညာဉ်စွမ်းအင်ဂိုဏ်းမှ လူတိုင်း၏ စိတ်ထဲတွင်တော့ ရေနတ်ဘုရားဂိုဏ်းမှ လူများအပေါ် မကျေနပ်မှုများ ကိန်းအောင်းနေကြောင်းကို ကောင်းကောင်း သိထားကြသည်။
ဟော်ကော်တုန်းက မျက်လုံးများကို မှေးကာ အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ဟန်ထင်ကျုံးကို ကြည့်ကာ ပြောလိုက်သည်။ "ထင်ကျုံး... မင်း သွားပြီး ကျန့်ယွင်ချောင်နဲ့ တွေ့လိုက်"
"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်" ဟန်ထင်ကျုံးက စကားများများ မပြောဘဲ မတ်တတ်ထရပ်ကာ အပြင်သို့ ထွက်သွားလေသည်။
ယဲ့ကျိရွှမ်က ထိုမြင်ကွင်းကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်... ရေနတ်ဘုရားဂိုဏ်းက ကွမ်မောက်ချိုင်ဆိုတာ အပြုံးနောက်ကွယ်မှာ ဓားဝှက်ထားတဲ့ကောင်ပဲ... တစ်ခုခု အကြံအစည် ရှိနေမှာ သေချာတယ်... သတိတော့ ထားမှရမယ်"
ဟော်ကော်တုန်းက ခေါင်းညိတ်လိုက်ပြီး "သူတို့ ဒီအချိန်ကြီး ရောက်လာတာ အကြောင်းပြချက် တစ်ခုပဲ ရှိတယ်" ဟု ဆိုသည်။
ဖုယွမ်ဟန်က ချက်ချင်း ဝင်ပြောလိုက်သည်။ "ထိုက်ယန်တောင်က လင်းယွမ်လား"
ဟော်ကော်တုန်းက ခေါင်းညိတ်လိုက်သည်။ "ရထားတဲ့ သတင်းတွေအရဆိုရင်... ဒီတစ်ခေါက် သေဆုံးဒဏ်ရာရတာက ငါတို့ ဝိညာဉ်စွမ်းအင်ဂိုဏ်းက လူတွေတင် မကဘူး... ရေနတ်ဘုရားဂိုဏ်းနဲ့ မြေမိခင်ဂိုဏ်းက လူတွေလည်း သေကုန်ကြတယ်"
"ရေနတ်ဘုရားဂိုဏ်းရဲ့ ယဇ်ပုရောဟိတ်ကြီး လေးပါးထဲက ရေလေး ယဇ်ပုရောဟိတ် တိန့်ကျဲနဲ့ ကပ်ရောဂါ ယဇ်ပုရောဟိတ် ဟန်ထိုက်တို့လည်း ထိုက်ယန်တောင်ကို သွားပြီးကတည်းက သတင်းအစအနတောင် မရတော့ဘူး"
"တစ်ခြားအကြောင်း မရှိဘူးဆိုရင်တော့ အဲ့ဒီနှစ်ယောက်လုံး သေလောက်ပြီ"
"အခုဆို ရေနတ်ဘုရားဂိုဏ်းရဲ့ ယဇ်ပုရောဟိတ်ကြီး လေးပါးထဲမှာ အသက်ဓာတ် ယဇ်ပုရောဟိတ် ဝူဝမ်ဖန်းရယ်... အသိပညာ ယဇ်ပုရောဟိတ် ဟူကျုံးရယ်... ပြီးတော့ သန့်စင်ရေတပ်ဖွဲ့ ခေါင်းဆောင် လင်းလုံတို့ပဲ ကျန်တော့တာ"
"ဒီသုံးယောက်ထဲမှာ လင်းလုံက အင်အားအကြီးဆုံးနဲ့ သန့်စင်ရေတပ်ဖွဲ့ကို အုပ်ချုပ်နေတာ... အခု သူ့ရဲ့ ဒုတိယခေါင်းဆောင် ကျန့်ယွင်ချောင် ကိုယ်တိုင် ရောက်လာတာဆိုတော့ ဒီကိစ္စအတွက် ဖြစ်ဖို့များတယ်"
"ဟက်ဟက်... သူတို့ရဲ့ အရှုံးကလည်း ငါတို့ထက် မနည်းပါဘူး"
"ဂိုဏ်းချုပ် ဆိုလိုချင်တာက... သူတို့က ပူးပေါင်းဖို့ လာတာလား" ကျန်းမိက ရုတ်တရက် ဝင်မေးလိုက်သည်။
ဟော်ကော်တုန်းက ခေါင်းညိတ်ပြသည်။ "ဖြစ်နိုင်တယ်"
ဖုယွမ်ဟန်က မနေနိုင်ဘဲ ပြောလိုက်သည်။ "ဂိုဏ်းချုပ်... ရေနတ်ဘုရားဂိုဏ်းကို ယုံလို့မရဘူး... အရင် နှစ်ကြိမ်တုန်းကလည်း မဟာမိတ်ကို သစ္စာဖောက်ပြီး ငါတို့ ဝိညာဉ်စွမ်းအင်ဂိုဏ်းကို အထိနာစေခဲ့တာလေ... အဲ့ဒီ သင်ခန်းစာတွေကို မေ့ထားလို့ မဖြစ်ဘူးနော်"
ဟန်ထင်ကျုံးကလည်း ရေနတ်ဘုရားဂိုဏ်းကို အလွန် ရွံရှာနေသည်မှာ သိသာလှပြီး "ဟုတ်တယ် ဂိုဏ်းချုပ်... ရေနတ်ဘုရားဂိုဏ်းကို ယုံလို့မရဘူး" ဟု ဝင်ပြောသည်။
ဟော်ကော်တုန်းက ခေါင်းခါယမ်းလိုက်ပြီး သူ၏ မျက်လုံးများတွင် စူးရှသော အလင်းရောင်များ တောက်ပလာကာ ပြောလိုက်သည်။ "အခုချိန်မှာ ငါတို့က ဂိုဏ်းကြီးသုံးခုထဲမှာ အင်အား အနည်းဆုံး ဖြစ်နေပြီ... မပူးပေါင်းဘူးဆိုရင် ထိုက်ယန်တောင်က လင်းယွမ်တို့အဖွဲ့ကို ငါတို့ချည်းပဲ ရင်ဆိုင်ရလိမ့်မယ်"
"အဲ့ဒီအချိန်ကျရင် အခြေအနေက ပိုပြီး ခက်ခဲသွားလိမ့်မယ်"
"အဲ့ဒီလို ဖြစ်မယ့်အစား သူတို့နဲ့ တစ်ခေါက်လောက် ပူးပေါင်းလိုက်တာက ပိုကောင်းတယ်"
"ဒီအခွင့်အရေးကို သုံးပြီး အဲ့ဒီဂိုဏ်းနှစ်ခုရဲ့ အင်အားကိုပါ လျှော့ချပစ်နိုင်ရင် ပိုတောင် ကောင်းသေးတယ်"
"သူတို့ အင်အား လျော့မသွားရင်တောင် ထိုက်ယန်တောင်လို နေရာမျိုးကနေ ငါတို့ အကျိုးအမြတ် တစ်ခုခုတော့ ရနိုင်မှာပဲ"
အခန်းထဲရှိ လူများအားလုံး ရုတ်တရက် တိတ်ဆိတ်သွားကြပြီး ရေနတ်ဘုရားဂိုဏ်းနှင့် ပူးပေါင်းရမည်ကို အနည်းငယ် ငြင်းဆန်ချင်နေကြသည်မှာ သိသာလှသည်။
ခဏအကြာတွင် ဟန်ထင်ကျုံးက အပြင်မှ ပြန်ဝင်လာသည်။
သူက ဖိတ်စာတစ်စောင်ကို ကိုင်ကာ ခပ်သုတ်သုတ် ဝင်လာပြီး မျက်နှာပေါ်တွင် လေးနက်သော အရိပ်အယောင်များ အပြည့် ရှိနေသည်။
"ဂိုဏ်းချုပ်... ရေနတ်ဘုရားဂိုဏ်းက ထိုက်ယန်တောင်က လင်းယွမ်ကို ရှင်းဖို့ အခြား အင်အားစုတွေနဲ့ပါ ဆက်သွယ်ဖို့ စီစဉ်နေတယ်"
"ဒါ သူတို့ ပို့လိုက်တဲ့ ဖိတ်စာပဲ... ရော့ ဖတ်ကြည့်ပါဦး"
ထိုသို့ပြောရင်း သူက ဖိတ်စာကို လှမ်းပေးလိုက်သည်။
ဟော်ကော်တုန်းက ဖိတ်စာကို လှမ်းယူလိုက်ပြီး အထဲမှ စာသားများကို လျင်မြန်စွာ ဖတ်ရှုလိုက်သည်။
ထင်ထားသည့်အတိုင်းပင် ရေနတ်ဘုရားဂိုဏ်းသည် ထိုဖိတ်စာထဲတွင် မြေမိခင်ဂိုဏ်းနှင့် စစ်တပ်မှ သိမ်းငှက်အုပ်စုတို့ကိုပါ ဖိတ်ကြားထားပြီး ချန်ချုံးတောင်တွင် စုဝေးကာ ထိုက်ယန်တောင်မှ လင်းယွမ်ကို ရှင်းလင်းမည့် အစီအစဉ်ကို ဆွေးနွေးရန် ချိန်းဆိုထားသည်။
ဟော်ကော်တုန်းက မျက်လုံးများကို မှေးကာ စဉ်းစားခန်း ဝင်နေသည်။
ထို့နောက် ဖိတ်စာကို အခြားသူများထံသို့ လက်ဆင့်ကမ်း ပေးလိုက်သည်။
ကျန်းမိက ဖိတ်စာကို လျင်မြန်စွာ ဖတ်လိုက်ပြီးနောက် ယဲ့ကျိရွှမ်နှင့် ဖုယွမ်ဟန်တို့လည်း အသီးသီး ယူဖတ်လိုက်ကြသည်။
လူတိုင်း၏ မျက်နှာပေါ်တွင် တွေးတောနေသည့် အမူအရာများ ပေါ်လာသည်။
ယဲ့ကျိရွှမ်က "ရေနတ်ဘုရားဂိုဏ်းကို ယုံလို့မရဘူး... ဒီတစ်ခေါက် မဟာမိတ်ဖွဲ့တာလည်း နောက်ကွယ်မှာ တစ်ခုခု ရှိနေလောက်တယ်" ဟု ပြောလိုက်သည်။
ဖုယွမ်ဟန်ကလည်း ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်... အရင်တစ်ခေါက် မြေဝါနတ်ဘုရားကျွန်းကို လုတုန်းကလည်း သူတို့နဲ့ မဟာမိတ်ဖွဲ့ခဲ့တာပဲ... ဒါပေမဲ့ သူတို့ဘက်က သစ္စာဖောက်သွားတာလေ... သူတို့ကို အလွယ်တကူ ယုံလို့မဖြစ်ဘူး"
သို့သော် ကျန်းမိက အသံနိမ့်နိမ့်ဖြင့် "ဒါပေမဲ့ ဒီတစ်ခေါက်က အရင်တုန်းကနဲ့ မတူဘူး... ဒီတစ်ခေါက် ငါတို့ ရင်ဆိုင်ရမှာက ထိုက်ယန်တောင်က အပြင်လူကိုပဲ" ဟု ဆိုသည်။
"ရေနတ်ဘုရားဂိုဏ်းက စစ်တပ်ရဲ့ သိမ်းငှက်အုပ်စုကိုတောင် ဖိတ်ထားသေးတယ်... ဒီတစ်ခေါက်သာ ရေနတ်ဘုရားဂိုဏ်းက စည်းကမ်းမလိုက်နာရင် ငါတို့ရော စစ်တပ်ကိုပါ တစ်ပြိုင်တည်း ရန်စလိုက်သလို ဖြစ်သွားမှာ"
ဟန်ထင်ကျုံးကလည်း "ကျန်းမိ ပြောတာ မှန်တယ်လို့ ငါထင်တယ်... ရေနတ်ဘုရားဂိုဏ်းက ဘယ်လောက်ပဲ တုံးအပါစေ အဲ့ဒီလောက်ထိတော့ ရူးမိုက်မှာ မဟုတ်ဘူး" ဟု ဝင်ပြောသည်။
"ကြည့်ရတာ ရေနတ်ဘုရားဂိုဏ်းက ထိုက်ယန်တောင်က လင်းယွမ်ကြောင့် တကယ်ကို အခက်တွေ့နေတဲ့ပုံပဲ"
ဟော်ကော်တုန်းက စကားစလိုက်သည်။ "ဒီလိုဆိုမှတော့ ငါတို့ ချန်ချုံးတောင်ကို သွားကြည့်ကြတာပေါ့... ရေနတ်ဘုရားဂိုဏ်းက အကွက်ဆင်နေတာလား ဆိုတာ အဲ့ဒီရောက်ရင် သိရမှာပဲ"
"ကောင်းပြီ"
——
ထိုက်ယန်တောင်... ရှင်းမြွေမိစ္ဆာဟင်းလင်းပြင် အတွင်း၌။
လင်းယွမ်က လေထဲတွင် ပျံဝဲနေရင်း လုံးဝ ပြောင်းလဲသွားပြီဖြစ်သော ရှောင်မောင်းတောင်ကို အကဲခတ်ကြည့်လိုက်သည်။
ယခုအခါ ဤနေရာကို ညမအိပ်မြို့ ဟုပင် လူများက ခေါ်ဝေါ်နေကြပြီ ဖြစ်သည်။
ရှောင်မောင်းတောင်ပေါ်တွင် သန္ဓေပြောင်း နေကြာပန်းများကို တောင်တန်းတစ်လျှောက် အပြည့် စိုက်ပျိုးထားသည်ကို တွေ့လိုက်ရသည်။
ရွှေရောင် ဝင်းလက်နေသော သန္ဓေပြောင်း နေကြာပန်းများသည် နေမင်းငယ်လေးများအလား အရပ်လေးမျက်နှာသို့ နွေးထွေးသော နေရောင်ခြည်များကို ဖြာကျပေးနေသည်။
ရှောင်မောင်းတောင် တစ်ခုလုံး နွေးထွေးမှုများဖြင့် ပြည့်နှက်နေပြီး ဤနေရာ၏ အပူချိန်မှာ အခြားနေရာများထက် သိသိသာသာ မြင့်မားနေသည်။
တောင်ခြေရှိ ရေပြင်သည်ပင်လျှင် မြောက်မြားစွာသော သန္ဓေပြောင်း နေကြာပန်းများမှ ထုတ်လွှတ်ပေးသည့် အပူချိန်ကြောင့် ရေခဲများ အရည်ပျော်ကျနေပြီ ဖြစ်သည်။
ဤနေရာသည် ရှင်းမြွေမိစ္ဆာဟင်းလင်းပြင် အတွင်းရှိ ရေမခဲသေးသော ရေပြင်များအနက် ရှားရှားပါးပါး နေရာတစ်ခုပင် ဖြစ်သည်။
ပို၍ ဝေးကွာသော နေရာများရှိ ရေပြင်များမှာမူ ရေခဲများ ဖုံးလွှမ်းနေပြီး ထူထဲသော ရေခဲပြင်ပေါ်တွင် ရေခဲစီးဖိနပ်များ စီးကာ လျှောစီးနေသူ အများအပြား ရှိနေသည်။
လူတိုင်းက ကျောပေါ်တွင် အထုပ်အပိုးများ... သို့မဟုတ် ငါးမျှားတံကဲ့သို့သော ကိရိယာများကို လွယ်ထားကြပြီး ရေခဲပြင်ပေါ်တွင် ပျံသန်းနေသည့်အလား လျှောစီးသွားနေကြသည်။
လင်းယွမ်က ထိုမြင်ကွင်းကို ကြည့်လိုက်ပြီး သူ၏ ကိုယ်က လျှပ်တစ်ပြက် လှုပ်ရှားသွားကာ အဖွဲ့တစ်ဖွဲ့ကို ရွေးချယ်ပြီး နောက်မှ လိုက်သွားလိုက်သည်။
မကြာမီ ထိုအဖွဲ့သည် ရှောင်မောင်းတောင်နှင့် ခပ်လှမ်းလှမ်းရှိ စွန့်ပစ်အဆောက်အအုံ တစ်ခုရှေ့တွင် ရပ်တန့်သွားကြသည်။
ထိုအဆောက်အအုံအတွင်းတွင် မီးရောင်များ ထိန်လင်းနေပြီး လူအများအပြား စုဝေးနေကြသည်ကို တွေ့လိုက်ရသည်။
လင်းယွမ်လည်း ထိုအဆောက်အအုံဆီသို့ လျှောက်သွားလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အံ့သြသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။
"ဒီလူတွေ ဒီမှာစုပြီး ဘာလာလုပ်ကြတာလဲ"
အဆောက်အအုံထဲသို့ ဝင်လိုက်သည်နှင့် လူနေတိုက်ခန်းများဖြစ်သော ဤအဆောက်အအုံ၏ အပေါ်ထပ် အခန်းအချို့ကို လူများ နေရာယူထားကြကြောင်း လင်းယွမ် တွေ့လိုက်ရသည်။
ကြည့်ရသည်မှာ ဤနေရာက ယာယီ ခိုလှုံရာ စခန်းတစ်ခု ဖြစ်နေပုံရသည်။
ထိုအချိန်မှာပင် လူတစ်စုက အခန်းထဲမှ ထွက်လာပြီး လင်းယွမ်နှင့် မျက်နှာချင်းဆိုင် ဆုံသွားကြသည်။
နှစ်ဖက်စလုံး ခြေလှမ်းများ ရပ်တန့်သွားကြသည်။
လင်းယွမ်က ပြုံးလိုက်ပြီး "မင်္ဂလာပါဗျာ"
တစ်ဖက်လူအုပ်ထဲမှ လူလတ်ပိုင်း တစ်ယောက်က လင်းယွမ်ကို ကြည့်ကာ ပြုံး၍ မေးလိုက်သည်။ "မင်္ဂလာပါ ညီလေး... မင်းလည်း ရေခဲပြင်ပေါ်ကနေ ငါးလာမျှားတာလား"
"ရေခဲပြင် ငါးမျှားတာ..."
"ဟုတ်တယ်လေ... ငါတို့တွေ အကုန်လုံးက ဒီရေခဲပြင်ပေါ်ကနေ ငါးလာဖမ်းကြတာပဲ"
"အခုက အရင်တုန်းကနဲ့ မတူတော့ဘူး... အပူချိန်က အရမ်းကျသွားတော့ စိုက်ပျိုးရေးတွေလည်း သိပ်အဆင်မပြေတော့ဘူး... ရေပြင်တွေလည်း ရေခဲဖုံးသွားပြီဆိုတော့ ငါးဖမ်းချင်ရင် ရေခဲကို ထုခွဲပြီးမှ ရတော့တာ"
လင်းယွမ် သဘောပေါက်သွားပြီး ပြုံးလိုက်သည်။ "ကျွန်တော်က လမ်းကြုံလို့ ဝင်လာတာပါ... အနားယူဖို့ နေရာရှာနေတုန်း ဒီက မီးရောင်တွေ့တာနဲ့ လာခဲ့တာ"
လူလတ်ပိုင်းက ရယ်မောလိုက်သည်။ "ဒါဆိုရင်တော့ မင်း လာတာ နေရာမှန်သွားပြီ... ဒီနေရာက ငါတို့လို ငါးမျှားသမားတွေရဲ့ ယာယီနားခိုရာနေရာပဲ... မင်း အထဲဝင်ကြည့်လိုက်လေ... လွတ်တဲ့အခန်းရှိရင် အဲ့ဒီမှာပဲ တည်းလိုက်"
"ငါးမျှားချင်တယ် ဆိုရင်လည်း ငါတို့နဲ့ လိုက်ခဲ့လို့ရတယ်"
လင်းယွမ်က ပြုံးလျက် "ဒါဆို ကျွန်တော်လည်း အစ်ကိုတို့နဲ့ လိုက်ကြည့်ပါရစေ"
ဒီနေရာမှ လူများသည် အပြင်ဘက်မှ လွတ်မြောက်လာသူများကဲ့သို့ လှည့်စားမှုများဖြင့် ပြည့်နှက်မနေဘဲ အလွန် ရင်းနှီးဖော်ရွေပုံပေါ်သည်။
အဘယ်ကြောင့်ဆိုသော် ဤနေရာသည် အပြင်လောကနှင့် အဆက်အသွယ် ပြတ်တောက်နေပြီး သယံဇာတများလည်း အလွန် ပေါကြွယ်ဝသောကြောင့် အစား တစ်လုတ်အတွက် အသေအကြေ သတ်ပုတ်ရသည့် အခြေအနေမျိုးသို့ မရောက်သေးခြင်း ဖြစ်နိုင်သည်။
စားနပ်ရိက္ခာ ဖူလုံမှသာ ယဉ်ကျေးမှုကို သိမည်ဟူသော စကားပုံကဲ့သို့ ပစ္စည်းဥစ္စာ အခက်အခဲ သိပ်မရှိလျှင် လူသတ် မီးရှို့ခြင်းကဲ့သို့သော အန္တရာယ်များသည့် အလုပ်မျိုးကို လုပ်မည့်သူ အလွန် ရှားပါးပေသည်။
လင်းယွမ်သည် ထိုလူအုပ်နှင့်အတူ အနီးနားရှိ ရေခဲပြင်တစ်ခုဆီသို့ ရောက်ရှိသွားသည်။
လမ်းခရီးတွင် ထိုလူလတ်ပိုင်းမှာ ရှောင်မောင်းတောင်မှ ဒေသခံဖြစ်ပြီး နာမည်မှာ ရှန်ကော်ရုံဖြစ်ကြောင်း လင်းယွမ် သိလိုက်ရသည်။
သူက ဤပတ်ဝန်းကျင်ကို အတော်လေး ရင်းနှီးပြီး ရေဘေးကြီး မဖြစ်ခင်ကတည်းက ဤအနီးအနားတွင် နေထိုင်ခဲ့သူ ဖြစ်သည်။
သူတို့ ယခု သွားနေသည့် ရေခဲပြင်နေရာမှာ ရေဘေးကြီး မဖြစ်ခင်က ပန်းခြံတစ်ခု ဖြစ်ခဲ့ဖူးသည်။
"ဒီနေရာက ပန်းခြံထဲက ရေကန်နေရာလေ... ဒီပန်းခြံထဲကို လူတွေ လာပြီး ဘေးမဲ့ငါးလွှတ်လေ့ရှိတာ ငါမှတ်မိတယ်... ဒါကြောင့် တခြားနေရာတွေကိုတော့ အာမမခံရဲဘူး... ဒီနေရာမှာတော့ အကောင်ကြီးကြီးတွေ သေချာပေါက် ရှိတယ်"
လင်းယွမ်က ပြုံးကာ မေးလိုက်သည်။ "ဒီငါးမျှားတဲ့နေရာကို သိတဲ့သူ များလားဗျ"
"ဟဲဟဲ... သိပ်မများပါဘူး... ဒေသခံတွေလောက်ပဲ သိတာ... ညီလေးနဲ့က မြင်မြင်ချင်း ခင်သွားလို့ ပြောပြတာနော်... တခြားသူတွေကို လျှောက်မပြောနဲ့ဦး" ရှန်ကော်ရုံက ပြုံးလျက် ဆိုသည်။
လင်းယွမ်ကလည်း ပြုံးပြီး ခေါင်းညိတ်ကာ ကတိပေးလိုက်သည်။
တစ်ဖက်လူက ကျောပိုးအိတ်ထဲမှ အနက်ရောင် အဝတ်အိတ်တစ်ခုကို ထုတ်ယူလိုက်ပြီး ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အလင်းရောင်များ ထွက်ပေါ်လာသည်။
ထိုအိတ်ထဲတွင် အရွယ်အစား သေးငယ်သော သန္ဓေပြောင်း နေကြာပန်း တစ်ပင် ရှိနေကြောင်း လင်းယွမ် ယခုမှ သတိထားမိလိုက်သည်။
ရှန်ကော်ရုံက ပြုံးလျက် "ဒါက ငါ ပိုက်ဆံအများကြီးပေးပြီး ဝယ်ထားရတာကွ... ငါပြောမယ်... သန္ဓေပြောင်း နေကြာပန်းက ငါတို့ ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်ရဲ့ အဖိုးတန်ဆုံး ရတနာပဲ"
"ငါတို့ရဲ့ ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်က အရင်တုန်းကဆို မှောင်မည်းနေတာပဲ... ဘာမှမမြင်ရဘူး... သွားရလာရတာလည်း ခက်တော့ လူတွေအကုန်လုံး ရှောင်မောင်းတောင်ပေါ်မှာပဲ ပိတ်မိနေခဲ့တာ"
"ဆရာလင်း သန္ဓေပြောင်း နေကြာပန်းကို ယူလာပြီးကတည်းက စိုက်ပျိုးရေးဌာနက တိုးချဲ့စိုက်ပျိုးလိုက်တာ... အချိန် တစ်လတောင် မပြည့်သေးဘူး... ရှောင်မောင်းတောင်က ညမအိပ်တဲ့ မြို့တော်ကြီး ဖြစ်သွားတာပဲ"
"အခုဆို ငါတို့ အပြင်ထွက်ရင် သန္ဓေပြောင်း နေကြာပန်းက မပါမဖြစ်ပဲလေ... ဒါကို မျှော်လင့်ချက်ပန်းလို့ ခေါ်ကြသလို တချို့ကလည်း ထိုက်ယန်တောင်ပန်းလို့ ခေါ်ကြတယ်"
"နှမြောစရာကောင်းတာက ငါ ထိုက်ယန်တောင်ကို မရောက်ဖူးဘူး... သူတို့ပြောတာတော့ ထိုက်ယန်တောင်က ဆရာလင်းနဲ့ ဆရာလီတို့ စတင် ကြီးစိုးခဲ့တဲ့ နေရာတဲ့"
ရှန်ကော်ရုံက ထိုအကြောင်းများကို ပြောပြရင်း ပစ္စည်းများကို ချထားလိုက်ကာ "ခဏနေ ရေခဲပြင်ကို ထုခွဲလိုက်ရင် သန္ဓေပြောင်း နေကြာပန်းရဲ့ အလင်းရောင်က ရေအောက်က သန္ဓေပြောင်း ငါးတွေကို ဆွဲဆောင်လိမ့်မယ်... အဲ့ဒီအချိန်ကျရင် ငါးတွေ အလွယ်လေး ရပြီပေါ့ကွာ"
"ဒါနဲ့... စကားတွေပြောနေတာ အကြာကြီးပဲ ရှိပြီ... မင်း နာမည် ဘယ်လိုခေါ်လဲ"
လင်းယွမ်က ပြုံးလိုက်ပြီး "ကျွန်တော့် မျိုးရိုးကလည်း လင်း ပါပဲ"
"ဟားဟား... တိုက်ဆိုင်လိုက်တာကွာ... ငါတို့ရဲ့ ထိုက်ယန်တောင်သခင်နဲ့ မျိုးရိုးတူနေတာကိုး"
"ညီလေးလင်း... ဒီနားလာခဲ့... ငါ မင်းကို ရေခဲဘယ်လိုခွဲရမလဲ... ပိုက်ဘယ်လိုချရမလဲ သင်ပေးမယ်... မင်း ဒီနည်းလေးကို တတ်ထားရင် ငါတို့ဆီမှာ အနည်းဆုံးတော့ ငတ်မသေနိုင်တော့ဘူး"
"ဒီသန္ဓေပြောင်း ငါးအသားတွေက ဒီရာသီမှာဆိုရင် အမှတ်တော်တော်များများနဲ့ ရောင်းရတယ်ကွ"
လင်းယွမ်က ပြုံး၍ မေးလိုက်သည်။ "အစ်ကိုတို့အကုန်လုံး ထွက်ပြီး ငါးဖမ်းလို့ ရနေတာပဲမဟုတ်လား... အဲ့ဒါကို ဝယ်မယ့်သူတွေက အများကြီး ရှိသေးလို့လား"
"ဟဲဟဲ... ဒါကို မင်း မသိသေးလို့ပါ... ငါတို့ရဲ့ ဒီဟင်းလင်းပြင်ထဲမှာ နှင်းမကျဘူးလေ... ရေခဲလွှာက ထူပေမဲ့ အနည်းဆုံးတော့ တူးလို့ရသေးတယ်... ကြားရတာတော့ အပြင်ဘက်မှာ နှင်းထုက ပေ ၄၀ လောက်တောင် ရှိနေပြီတဲ့... အဲ့ဒါကိုတူးပြီး ငါးဖမ်းဖို့ဆိုတာ ကောင်းကင်ပေါ်တက်ရတာထက်တောင် ခက်ခဲနေသေးတယ်"
"ငါတို့ဆီက ဖမ်းမိတဲ့ငါးတွေကို စက်ရုံမှာ ပြုပြင်မွမ်းမံပြီး အပြင်ကို ရောင်းထုတ်လိုက်ရင် ရောင်းမထွက်ဖို့ လုံးဝ မပူရဘူး"
ဒီနေရာမှ နေထိုင်မှုအကြောင်းများကို ပြောပြနေသည်ကို နားထောင်ရင်း ရှင်းမြွေမိစ္ဆာဟင်းလင်းပြင် အတွင်းရှိ လူများ၏ နေထိုင်မှု ပျော်ရွှင်မှု အညွှန်းကိန်းသည် အပြင်ဘက်ထက် များစွာ ပိုမိုမြင့်မားနေကြောင်း လင်းယွမ် ခံစားလိုက်ရသည်။
ထိုသို့ စကားပြောနေစဉ်မှာပင် ဘေးနားရှိ ဟင်းလင်းပြင်က ရုတ်တရက် တွန့်လိမ်သွားသည်။
ထို့နောက် လီချင်းဟွာက အထဲမှ ထွက်လာပြီး "ဆရာလင်း... ဝူယင်တို့ အရိပ်နဂါးကျွန်းကို ရောက်သွားကြပြီ... အခု ဝိညာဉ်စွမ်းအင် ရေဒီယိုစက်ကို အောင်အောင်မြင်မြင် တပ်ဆင်ပြီးသွားလို့ ဟိုဘက်ကို ဆက်သွယ်လို့ ရနေပါပြီ" ဟု ပြောလိုက်သည်။
ရှန်ကော်ရုံက လီချင်းဟွာကို အံ့သြတကြီး လှမ်းကြည့်လိုက်ပြီးနောက် လင်းယွမ်ကို ထပ်ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်လွင်လာသည်။
"မင်း... မင်းတို့က... မင်းတို့က"
လင်းယွမ်က ပြုံးလိုက်ပြီး သင်္ကေတကျောက်တုံး တစ်တုံးကို ထုတ်ယူကာ "အစ်ကိုကြီး... တစ်လမ်းလုံး ဂရုတစိုက် ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ... စိတ်ချပါ... ထိုက်ယန်တောင်... ရှောင်မောင်းတောင်နဲ့ လူတိုင်းက သေချာပေါက် ပိုပိုပြီး အဆင်ပြေလာကြမှာပါ"
ထို့နောက် သင်္ကေတကျောက်တုံးကို ချထားခဲ့ပြီး လင်းယွမ်နှင့် လီချင်းဟွာတို့ အတူတကွ ဟင်းလင်းပြင်ထဲသို့ လှမ်းဝင်သွားကာ ရေခဲပြင်ပေါ်မှ ပျောက်ကွယ်သွားကြလေသည်။
ထိုနေရာတွင် ရှန်ကော်ရုံ အမည်ရှိ လူလတ်ပိုင်း တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ပြီး တွန့်လိမ်နေသော ဟင်းလင်းပြင် တဖြည်းဖြည်း ငြိမ်သက်သွားသည်ကို ကြည့်နေမိသည်။ သို့သော် သူ၏ စိတ်ထဲတွင်တော့ အချိန်အတော်ကြာသည်အထိ တည်ငြိမ်မှု မရနိုင်တော့ပေ။
လင်းယွမ်နှင့် လီချင်းဟွာတို့ ထပ်မံ ပေါ်လာချိန်တွင်တော့ ရှောင်မောင်းတောင်ပေါ်ရှိ လျှို့ဝှက်ခန်းတစ်ခုအတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
လီချင်းဟွာက "အခုဆိုရင် အရိပ်နဂါးကျွန်း... ထိုက်ယန်တောင်... မိန်တောင်... ကျွယ်ယွင်တောင်စောင်းနဲ့ ရှောင်မောင်းတောင်တွေမှာ ဝိညာဉ်စွမ်းအင် ရေဒီယိုစက်တွေ တပ်ဆင်ပြီးသွားပြီ... အခုလိုဆိုတော့ နှစ်ဖက် သတင်းအချက်အလက် ဖလှယ်ရတာ ပိုပြီး အဆင်ပြေသွားပြီ" ဟု ပြောလိုက်သည်။
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "လုပ်တာ အရမ်းကောင်းတယ်... ပြီးတော့ ဒီ ရှင်းမြွေမိစ္ဆာဟင်းလင်းပြင် ကိုလည်း မင်းတို့ ကောင်းကောင်း တိုးတက်အောင် လုပ်နိုင်ခဲ့တယ်... နောက်ဆက်လုပ်ရမှာကတော့ မင်းတို့ အားလုံး အဓိက အရည်အသွေး အမှတ် ၁၀၀ ကို ပြည့်အောင် အစွမ်းကုန် ကြိုးစားကြ... သုံးရက်ပဲ... သုံးရက်ကြာရင် ငါ ကွမ်ဖူကို တစ်ခေါက် သွားမယ်"
လီချင်းဟွာက မျက်နှာပူသည့် အမူအရာဖြင့် "ကျွန်တော်တို့က ဆရာလင်းကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေမိပြီ... ဆရာလင်းက ကျွန်တော်တို့အတွက် အကောင်းဆုံး သယံဇာတတွေနဲ့ ပတ်ဝန်းကျင်ကို ပံ့ပိုးပေးထားတာတောင် ကျွန်တော်တို့က..."
လင်းယွမ်က ခေါင်းခါလိုက်သည်။ "ငါတို့နဲ့ ကွမ်ဖူဘက်က အစကတည်းက အဆင့်ကွာဟချက် ရှိနေတာပါ... ဒီအချက်ကို အချိန်နဲ့ပဲ အစားထိုးလို့ ရလိမ့်မယ်"
"အနှေးနဲ့အမြန် လူတိုင်း အမီလိုက်နိုင်မယ်လို့ ငါ ယုံကြည်ပါတယ်"
"ဒီသုံးရက်အတွင်း ငါ တရားထိုင်ပြီး လေ့ကျင့်ဖို့ လိုတယ်... မင်းတို့လည်း အနားမယူကြနဲ့ဦး"
"စိတ်ချ... ကျွန်တော်တို့ ဆရာလင်းကို လုံးဝ စိတ်မပျက်စေရဘူး" လီချင်းဟွာက လေးလေးနက်နက် ပြောလိုက်သည်။
လင်းယွမ်က သူ့ကို နောက်ထပ် စကားအနည်းငယ် ထပ်မံမှာကြားပြီးနောက် လျှို့ဝှက်ခန်းထဲသို့ ဝင်သွားလေသည်။
ဤသုံးရက်အတွင်းတွင် သူသည် အမှတ် ၁၀၀ ကို ကျော်လွန်နိုင်ရန် ကြိုးစားပြီး အလယ်အလတ်အဆင့် မျိုးရိုးဗီဇမျိုးစေ့သို့ တရားဝင် တက်လှမ်းကာ အလယ်အလတ်အဆင့် မျိုးရိုးဗီဇမြေပုံကို ရေးဆွဲရမည် ဖြစ်သည်။
ဆက်ရန်...