အခန်း (၅၇၉-၅၈၀)
Vol. 29 Ch. 579-580
အပိုင်း(၅၇၉) မျိုးရိုးဗီဇများကို ပြန်လည်ဖွဲ့စည်းခြင်းနှင့် ချိုးငှက်အုပ်စုမှ လူရောက်လာခြင်း
လျှို့ဝှက်အခန်းထဲတွင် လင်းယွမ်က မျက်လုံးများကို မှိတ်ထားပြီး ကျယ်ဝန်းလှသော အခန်းလွတ်ကြီးထဲ၌ ရပ်နေသည်။
ပတ်ဝန်းကျင် တစ်ခုလုံးတွင် သန္ဓေပြောင်း နေကြာပန်းမှ ထွက်ပေါ်နေသော အလင်းရောင်များသာ လင်းလက်နေပြီး အခန်းတွင်းကို လင်းထိန်စေသည်။
လင်းယွမ်က သူ၏ ခန္ဓာကိုယ်အတွင်းရှိ မျိုးရိုးဗီဇမြေပုံ၏ မျိုးရိုးဗီဇ အစီအစဉ်များကို တိတ်တဆိတ် အာရုံခံနေ၏။
သူက မျိုးရိုးဗီဇမြေပုံ အစီအစဉ်အတိုင်း ကိုယ်ပိုင် မျိုးရိုးဗီဇများကို လှုပ်ရှားစေရန် ကြိုးစားရင်း အသစ်ပြန်လည် ဖွဲ့စည်းရန် စတင်လိုက်သည်။
"မျိုးရိုးဗီဇတွေ သယ်ဆောင်လာတဲ့ အချက်အလက်တွေအရဆိုရင်... ငါက မျိုးရိုးဗီဇမြေပုံရဲ့ မျိုးရိုးဗီဇအစီအစဉ်ကို တစ်စုံလောက်လေးပဲဖြစ်ဖြစ် ပုံဖော်နိုင်ခဲ့ရင်တောင် မျိုးရိုးဗီဇမြေပုံ အလယ်အလတ်အဆင့်ကို တရားဝင် ရောက်သွားပြီလို့ သတ်မှတ်လို့ရတယ်"
"မျိုးရိုးဗီဇမျိုးစေ့ အခြေခံအဆင့်ဆိုတာက မျိုးရိုးဗီဇမြေပုံ အစပြုလာတာကို ပြောတာပဲ"
"အဲဒီလိုဆိုရင် မျိုးရိုးဗီဇမျိုးစေ့ အလယ်အလတ်အဆင့်ဆိုတာက ခန္ဓာကိုယ်ထဲက မျိုးရိုးဗီဇတွေက မြေပုံအတိုင်း အသစ်ပြန် စီစဉ်ဖွဲ့စည်းပြီး ဗီဇမြေပုံ အသက်ဝင်လာတဲ့ ဖြစ်စဉ်ကို ဆိုလိုတာဖြစ်မယ်"
"တကယ်တော့ မျိုးရိုးဗီဇမျိုးစေ့ အခြေခံအဆင့်က ခန္ဓာကိုယ်ထဲက မျိုးရိုးဗီဇတွေကို သန့်စင်ပေးရုံ သက်သက်ပဲ... အဓိက အရည်အသွေးတွေ ဆက်တိုက် တိုးတက်လာတာနဲ့အမျှ မျိုးရိုးဗီဇမြေပုံနဲ့ ကိုက်ညီတဲ့ မျိုးရိုးဗီဇတွေက အဆက်မပြတ် အားကောင်းလာမှာ"
"အဓိက အရည်အသွေးက အမှတ် တစ်ရာ ပြည့်သွားတဲ့ အချိန်အထိ ရောက်သွားရင်တော့... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းနိုင်ဖို့အတွက် အခြေခံ လိုအပ်ချက် ပြည့်မီသွားပြီပေါ့"
"အဲဒီနောက်ပိုင်းကတော့ ကစားစရာ သစ်သားတုံးလေးတွေ ဆင့်သလိုမျိုးပဲ... အဆင့်ဆင့်နဲ့ မျိုးရိုးဗီဇတွေကို အဆက်မပြတ် စီစဉ်ဖွဲ့စည်းပြီး မြေပုံကို အသက်သွင်းနိုင်ရင်... ဗီဇမြေပုံ အလယ်အလတ်အဆင့်ကို ရောက်သွားမှာပဲ"
"မှတ်ဉာဏ်တွေအရဆိုရင်တော့ ရာခိုင်နှုန်း ငါးဆယ်နဲ့အထက် ပြီးမြောက်နိုင်မှ... မျိုးရိုးဗီဇမြေပုံ အဆင့်မြင့် အဆင့်ကို ခြေလှမ်းနိုင်ပြီလို့ သတ်မှတ်လို့ရမှာ"
"ဒီအထဲမှာ အခက်ခဲဆုံးကတော့... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းတဲ့ ဖြစ်စဉ်မှာ... လူ့ခန္ဓာကိုယ်ထဲက အများပြားလှတဲ့ မျိုးရိုးဗီဇတွေထဲကနေ... မှန်ကန်တဲ့ မျိုးရိုးဗီဇကို ဘယ်လို ရွေးချယ်ပြီး ပြန်လည်ဖွဲ့စည်းမလဲ ဆိုတာပဲ"
"တစ်ကြိမ် ရွေးချယ်မှု မှားယွင်းသွားတာနဲ့ မျိုးရိုးဗီဇ ဖောက်ပြန်တာ... မျိုးရိုးဗီဇ ပြိုကွဲတာ... ဒါမှမဟုတ် မျိုးရိုးဗီဇ ရုတ်တရက် ပြောင်းလဲသွားတာလိုမျိုး အန္တရာယ်များတဲ့ အခြေအနေတွေ ဖြစ်လာနိုင်ချေ အရမ်းများတယ်"
"ဒီလိုအချိန်မျိုးမှာ ရောနှောနေတဲ့ မျိုးရိုးဗီဇ အမျိုးအစားတွေ... နည်းလေလေ အားသာချက် ပိုများလေလေပဲ"
"နောက်တစ်ခုကတော့ စိတ်စွမ်းအင် ပိုအားကောင်းလေလေ... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းရာမှာ ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ထိန်းချုပ်နိုင်စွမ်း ပိုအားကောင်းလေလေပဲ"
"ကြည့်ရတာ ဒီအခြေအနေက စိတ်စွမ်းအင် အမျိုးအစား အစွမ်းပိုင်ရှင်တွေအတွက် အားသာမယ့် အခြေအနေမျိုး ဖြစ်နေပြန်ပြီ"
လင်းယွမ်က တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းနေစဉ်အတွင်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိသည်နှင့် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ဖြစ်စဉ်ကို ချက်ချင်း ရပ်တန့်ပစ်ရန် လိုအပ်သောကြောင့် ဖြစ်သည်။
ဤအချက်က မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း စတင်သည်နှင့် ချက်ချင်း ဆုံးဖြတ်ချက်ချနိုင်ရန် အလွန် ကြီးမားအားကောင်းသော စိတ်စွမ်းအင်ကို လိုအပ်လေသည်။
လင်းယွမ်က မျက်လုံးများကို မှိတ်လိုက်ပြီး ခန္ဓာကိုယ်အတွင်းရှိ မျိုးရိုးဗီဇများကို စတင် အာရုံခံလိုက်သည်။
လူ့ခန္ဓာကိုယ်၏ မျိုးရိုးဗီဇများသည် ကပ်ဘေးဆိုးကြီး မတိုင်မီကတည်းက လူသားမျိုးရိုးဗီဇ လေ့လာရေး အစီရင်ခံစာများအရ ခန့်မှန်းခြေအားဖြင့် နှစ်သောင်းမှ နှစ်သောင်းခွဲကြားတွင် ရှိသည်ဟု ကောက်ချက်ချခဲ့ကြသည်။
ဤမျှလောက်သော မျိုးရိုးဗီဇ အရေအတွက်သည် သက်ရှိအားလုံးထဲတွင် နည်းပါးသည်ဟု မဆိုနိုင်ပေ။
သို့သော်လည်း လူသားများ၏ သက်တမ်းတစ်လျှောက်တွင် အသုံးပြုရန် လိုအပ်သော မျိုးရိုးဗီဇများမှာ ထိုအထဲမှ အလွန် သေးငယ်သော အစိတ်အပိုင်းလေး တစ်ခုသာ ဖြစ်သည်။
ထို့အပြင် သုတေသနပြုချက်များအရ တိရစ္ဆာန်များ၏ မျိုးရိုးဗီဇ အချို့သည် လူသားများ၏ မျိုးရိုးဗီဇများနှင့် ထပ်တူကျနေကြောင်းကိုလည်း တွေ့ရှိခဲ့ရသည်။
လင်းယွမ်က ထိုသို့သော သတင်းအစီရင်ခံစာများကို မဖတ်ဖူးသော်လည်း ယခုအခါတွင်မူ အချက်အလက် အချို့ကို အကြမ်းဖျင်း ခန့်မှန်းနိုင်နေပြီ ဖြစ်သည်။
ဤကမ္ဘာပေါ်ရှိ သက်ရှိအားလုံးသည် လွန်ခဲ့သော နှစ်ပေါင်း ဘီလီယံချီက သတ္တဝါများ၏ ကြီးမားသော ဆင့်ကဲပြောင်းလဲမှုမှ စတင်ဆင်းသက်လာကြပြီးနောက် ပတ်ဝန်းကျင် အပြောင်းအလဲများနှင့် လိုက်လျောညီထွေ ဖြစ်စေရန်အတွက် မတူညီသော မျိုးစိတ်များအဖြစ် မတူညီသော လမ်းကြောင်းများဆီသို့ စတင် ဆင့်ကဲပြောင်းလဲရန် ရွေးချယ်ခဲ့ကြသည်ဟု ဆိုရပေမည်။
ထိုသို့ဆိုလျှင် ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းရှိ မျိုးရိုးဗီဇများသည် အစောပိုင်းကာလများကတည်းက တိကျသော လမ်းကြောင်းတစ်ခုဆီသို့ စတင် ဦးတည်နေခဲ့ပြီ ဖြစ်သည်။
ဥပမာအားဖြင့် ငါးတို့၏ ဘိုးဘေးများသည် ရေအောက် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်စေရန်အတွက် ပါးဟက်ဖြင့် အသက်ရှူခြင်းကို အဓိကထား၍ ဆင့်ကဲပြောင်းလဲခဲ့ကြသည်။
လူသားတို့၏ ဘိုးဘေးများကမူ သမုဒ္ဒရာထဲမှ ထွက်ခွာပြီး ကုန်းမြေပေါ်သို့ တက်လှမ်းရန် ဆုံးဖြတ်ခဲ့ကြကာ ခြေလက်အင်္ဂါများအဖြစ် ဆင့်ကဲပြောင်းလဲလာခဲ့ကြသည်။
ကမ္ဘာပျက် ရေလွှမ်းမိုးမှုကြီး ရောက်ရှိလာချိန်တွင် ဤကဲ့သို့သော မျိုးစိတ်များ ပေါက်ကွဲထွက်လာမှုနှင့် သက်ရှိအားလုံး၏ ကြီးမားသော ဆင့်ကဲပြောင်းလဲမှု ခေတ်ကာလကြီးက တစ်ဖန် ပြန်လည် အစပြုလာခဲ့သည့်ပုံပင်။
လူတိုင်းသည် ထူးခြားသော တစ်သီးပုဂ္ဂလများ ဖြစ်ကြပြီး လူတိုင်း၏ ခန္ဓာကိုယ်အတွင်း၌ မျိုးရိုးဗီဇ ရတနာသိုက်ကြီး တစ်ခုစီ ရှိနေကြသည်။
မည်သို့ ရွေးချယ်ရမည်... မည်သို့ ဆင့်ကဲပြောင်းလဲရမည် ဆိုသည်မှာ လူတစ်ဦးချင်းစီ၏ စိတ်ကူးတစ်ခုတည်းအပေါ်တွင်သာ မူတည်နေလေသည်။
လင်းယွမ်က ဆင့်ကဲပြောင်းလဲမည့် လမ်းကြောင်းကို စောစောစီးစီးကပင် အတည်ပြု သတ်မှတ်ထားပြီး ဖြစ်သည်။
အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ၏ မျိုးရိုးဗီဇမြေပုံကိုလည်း အစကတည်းက အတည်ပြုထားပြီး မျိုးရိုးဗီဇမျိုးစေ့ကိုပင် ပုံဖော် ဖန်တီးထားပြီး ဖြစ်သည်။
ထို့ကြောင့် ဤအရာများ အားလုံးအတွက် တုံ့ဆိုင်းနေစရာ အကြောင်း မရှိတော့ပေ။
သူက မျိုးရိုးဗီဇများကို ရွေးချယ်ပြီး မျိုးရိုးဗီဇမြေပုံအတိုင်း စီစဉ်ဖွဲ့စည်းရန်သာ လိုအပ်သည်။
"အစမ်းလုပ်တဲ့ အနေနဲ့ ဆံပင်မွေးညင်းတွေကနေ အရင် စမ်းကြည့်တာပေါ့"
လင်းယွမ်က စိတ်ထဲတွင် တွေးလိုက်ပြီး စိတ်အာရုံကို ခန္ဓာကိုယ်အတွင်းသို့ စူးစိုက်ချလိုက်ကာ မွေးညင်းပေါက်များအတွင်းရှိ မျိုးရိုးဗီဇများကို ထိန်းချုပ်ရန် ကြိုးစားရင်း မျိုးရိုးဗီဇများကို ရွေးချယ်ကာ ပြန်လည်ဖွဲ့စည်းရန် စတင်လိုက်သည်။
သတိပြုရန် အချက်မှာ မျိုးရိုးဗီဇများသည် ဆဲလ်အနုမြူအတွင်း၌သာ ရှိတတ်ပြီး ဆဲလ်အားလုံးတွင် မျိုးရိုးဗီဇများ ပါရှိနေခြင်း မဟုတ်ပေ။
အမွေးအမျှင်များ ကိုယ်တိုင်က အမှန်တကယ်တော့ သေဆုံးသွားသော ကယ်ရာတင် ဆဲလ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ထိုဆဲလ်များသည် အမွေးအမျှင်များအဖြစ် ဖွဲ့စည်းရာ ဖြစ်စဉ်အတွင်းမှာပင် ဆဲလ်အနုမြူများနှင့် ဆဲလ်အင်္ဂါစု အများစုကို ဆုံးရှုံးသွားခဲ့ပြီး မျိုးရိုးဗီဇများလည်း ပါဝင်သွားခဲ့သည်။
ထို့ကြောင့် အမွေးအမျှင်များကို ထိန်းချုပ်လိုပါက အမွေးအမျှင် ကိုယ်တိုင်ကို တိုက်ရိုက် ထိန်းချုပ်ရန် မသင့်ဘဲ မွေးညင်းပေါက်များအတွင်းရှိ ဆဲလ်များ၏ မျိုးရိုးဗီဇများကိုသာ ခြယ်လှယ် ထိန်းချုပ်သင့်သည်။
အမှန်တကယ်တွင် မွေးညင်းပေါက်များအတွင်းရှိ ဆဲလ်မျိုးရိုးဗီဇများတွင် ပြီးပြည့်စုံသော ဆဲလ်အနုမြူများနှင့် မျိုးရိုးဗီဇများ ပါဝင်ပြီး ဤမျိုးရိုးဗီဇများက အမွေးအမျှင်များ ကြီးထွားမှု၊ အရောင်အသွေး၊ ဖွဲ့စည်းပုံ စသည်တို့ကို ဆုံးဖြတ်ပေးလေသည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီးနောက် လင်းယွမ်၏ လက်ပေါ်ရှိ အမွေးအမျှင်များသည် တဖြည်းဖြည်း ပြောင်းလဲလာသည်။
အစောဆုံး အချိန်တုန်းက အမည်းရောင် ဖြစ်နေသော အမွေးအမျှင်များသည် သူ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းလိုက်သည့် အခိုက်အတန့်တွင် ချက်ချင်းပင် အရူးအမူး ရှည်ထွက်လာသည်။
မူလ အမွေးအမျှင်များ ကျွတ်ကျသွားပြီး မွေးညင်းပေါက်များအတွင်းမှ အမွေးအမျှင်သစ်များ ထွက်ပေါ်လာသည်။
အမည်းရောင် အမွေးအမျှင်များသည် သံမဏိအပ်တစ်ချောင်းလို မာကျောပြီး မှင်ရည်ကဲ့သို့ ချောမွေ့နေသည်။
သို့သော် ချက်ချင်းဆိုသလိုပင် လင်းယွမ်က မျက်မှောင်ကြုတ်သွားပြီး တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။
သူက ဖွဲ့စည်းခြင်းကို ပြတ်သားစွာ ရပ်တန့်လိုက်ရာ ချက်ချင်းပင် ထိုအမွေးအမျှင်သည် လျင်မြန်စွာ ကျွတ်ကျသွားလေသည်။
"မဟုတ်ဘူး... အသွင်တစ်ရာ မျောက်ဝံမိစ္ဆာရဲ့ မျိုးရိုးဗီဇမြေပုံက ပြောင်းလဲခြင်းကို အဓိကထားတာ... အကာအကွယ်ကို မဟုတ်ဘူး"
"ဒီလို ဖွဲ့စည်းပုံမျိုးရှိတဲ့ အမွေးအမျှင်က သိပ်မမှန်ဘူး"
လင်းယွမ်က ခေါင်းခါယမ်းလိုက်ပြီး နောက်ထပ် မျိုးရိုးဗီဇသစ် တစ်ခုကို ထပ်မံ ရွေးချယ်ကာ ပြန်လည်ဖွဲ့စည်းရန် စတင်လိုက်ပြန်သည်။
ဤတစ်ကြိမ်တွင် အမွေးအမျှင်များက ထပ်မံ ကြီးထွားလာပြီး ရွှေရောင် သေးငယ်နူးညံ့သည့် အမွေးမျှင်လေးများ ထွက်ပေါ်လာသည်။
ဤအမွေးမျှင်လေးသည် နူးညံ့ပျော့ပျောင်းသော ဖွဲ့စည်းပုံ ရှိသော်လည်း ကြံ့ခိုင်မှုကမူ အပြည့်အဝ ရှိနေသည်။
လင်းယွမ်၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး ထိုအမွေးမျှင် တစ်ချောင်းကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။
သူ၏ စိတ်အာရုံ လှုပ်ရှားသွားသည်နှင့်အမျှ အမွေးမျှင်သည် သူ့အလိုလို အရောင်ပြောင်းလဲသွားသည်။
ရွှေရောင်မှနေ၍ အဖြူရောင်သို့ တိုက်ရိုက် ပြောင်းလဲသွားခြင်းပင်။
"အောင်မြင်ပြီ"
လင်းယွမ်၏ မျက်လုံးများ အရောင်လက်သွားပြီး သူက မှန်ကန်သော မျိုးရိုးဗီဇကို ရွေးချယ်မိသွားပြီ ဖြစ်ကြောင်း ချက်ချင်း ခံစားလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် ဤမျိုးရိုးဗီဇအတွဲ၏ အခြေခံ သဘောသဘာဝမှာ မပြောင်းလဲသွားသော်လည်း အမွေးအမျှင်ကမူ သူ၏ စိတ်ဆန္ဒအတိုင်း အရောင် ပြောင်းလဲနိုင်သောကြောင့် ဖြစ်သည်။
ဤအရာက အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ၏ ပင်ကိုယ်အစွမ်း သတ္တိနှင့် ကိုက်ညီနေပေသည်။
"ဒုတိယအကြိမ် စမ်းသပ်ရုံလေးနဲ့တင် ငါက လမ်းကြောင်းမှန်ကို ရှာတွေ့သွားပြီပဲ"
"ကြည့်ရတာ ငါ အစကတည်းက သန္ဓေပြောင်းငါးတွေကို မစားဘဲ... ရောနှောနေတဲ့ မျိုးရိုးဗီဇတွေကို ခန္ဓာကိုယ်ထဲ မသွင်းခဲ့တာ... တကယ်ကို မှန်ကန်တဲ့ ရွေးချယ်မှုပဲ"
"ငါ့ခန္ဓာကိုယ်ထဲမှာ အခုရှိနေတဲ့ မျိုးရိုးဗီဇတွေက အခြေခံအားဖြင့် အမြင့်ဆုံး သန့်စင်မှုအဆင့်ကို ရောက်နေပြီ"
"ဒါကြောင့်လည်း ငါ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းဖို့ ကြိုးစားတဲ့ အချိန်မှာ... ဒီလောက် မြန်မြန်ဆန်ဆန် မှန်ကန်အောင် ယှဉ်တွဲနိုင်ခဲ့တာ"
လင်းယွမ် ပြုံးလိုက်မိသည်။ ဤမျှ ကြာရှည်စွာ သန္ဓေပြောင်းငါးများကို မစားဘဲ တောင့်ခံခဲ့ခြင်းက အမှန်တကယ်ပင် မှန်ကန်သော ရွေးချယ်မှု တစ်ခု ဖြစ်ခဲ့ပေသည်။
"သန္ဓေပြောင်းငါးတွေ စားခဲ့တဲ့သူတွေ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းတဲ့ အချိန်ကျရင်... ဘယ်လိုတွေ ဖြစ်လာမလဲ မသိဘူး"
လင်းယွမ်က အတိအကျ မသိနိုင်သဖြင့် စိတ်ကို တည်ငြိမ်အောင်ထားကာ ဆက်လက်၍ လေ့ကျင့်ရန် စတင်လိုက်သည်။
အချိန်များက တရွေ့ရွေ့ ကုန်ဆုံးသွားပြီး မသိလိုက်မသိဘာနှင့်ပင် သုံးရက်တာ အချိန်ကာလက လျှပ်တစ်ပြက်အတွင်း ကုန်လွန်သွားခဲ့သည်။
ဤနေ့တွင် လျှို့ဝှက်အခန်း၏ တံခါး ပွင့်လာခဲ့သည်။
လင်းယွမ်က အခန်းထဲမှ ထွက်လာခဲ့ပြီး သူ၏ မျက်နှာက အနည်းငယ် ဖြူရော် ပင်ပန်းနေပုံ ပေါ်သည်။
မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို အချိန်ကြာမြင့်စွာ စမ်းသပ်လုပ်ဆောင်ရခြင်းက စိတ်စွမ်းအင်ကို အလွန်အမင်း ကုန်ဆုံးစေသဖြင့် စိတ်ပိုင်းဆိုင်ရာ နွမ်းနယ်နေခြင်းမှာ သာမန် ဖြစ်ရိုးဖြစ်စဉ်ပင် ဖြစ်သည်။
တံခါးပေါက်နားတွင် ဂျိရှောင်ယွီက ဟိုဟိုဒီဒီ လျှောက်သွားနေပြီး လင်းယွမ် ထွက်လာသည်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် သူမ၏ လှပသော မျက်နှာလေးပေါ်တွင် အံ့သြဝမ်းသာသွားသည့် အရိပ်အယောင်များ ပေါ်လာသည်။
"အစ်ကိုလင်း... အစ်ကို ထွက်လာပြီပဲ"
လင်းယွမ်က သိချင်စိတ်ဖြင့် မေးလိုက်သည်။ "ရှောင်ယွီ... နင်က ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ"
ရေသူမအဖြစ် အသွင်ပြောင်းနိုင်သည့် အစွမ်းရှိသော ဤကောင်မလေးကို လင်းယွမ် အတော်လေး အထင်ကြီး မှတ်မိနေခဲ့သည်။
အစတုန်းကသာ သူမက သူတို့ကို ရှောင်မောင်းတောင်ပေါ်သို့ ခေါ်မသွားခဲ့လျှင် သူကိုယ်တိုင် ဤနေရာကို ရှာဖွေတွေ့ရှိရန် အားထုတ်မှုများစွာ ပြုလုပ်ခဲ့ရပေလိမ့်မည်။
ဂျိရှောင်ယွီက အလျင်စလို ပြောလိုက်သည်။ "ကျွန်မက အခု ရေတပ်အဖွဲ့ဝင် တစ်ယောက် ဖြစ်နေပြီလေ... ဒီနေ့က ကျွန်မ တာဝန်ကျတဲ့ရက် ဖြစ်နေတာနဲ့ အစ်ကို ချင်းဟွာက အစ်ကို ထွက်လာမယ့် အချိန်ကို စောင့်နေခိုင်းလို့ပါ"
"အစ်ကို ထွက်လာတာနဲ့ အစည်းအဝေးခန်းမဘက်ကို ချက်ချင်း ခေါ်လာခဲ့ဖို့ ပြောလိုက်ပါတယ်... အရေးကြီး ကိစ္စရှိလို့တဲ့"
လင်းယွမ်က မျက်မှောင်တစ်ချက် ပင့်လိုက်ပြီး မေးလိုက်သည်။ "ဘာကိစ္စလဲဆိုတာ နင် သိလား"
သူက အပြင်ဘက်သို့ လျင်မြန်စွာ လျှောက်သွားရင်း တစ်ဖက်မှလည်း မေးမြန်းလိုက်သည်။
ဂျိရှောင်ယွီက ခေါင်းခါပြလိုက်ပြီး ပြောသည်။ "ကျွန်မလည်း မသိဘူး... ဒါပေမဲ့ အစ်ကို ချင်းဟွာတို့ တော်တော်လေး လောနေကြတာကိုတော့ မြင်လိုက်ရတယ်... စစ်ဆေးရေးအဖွဲ့ရဲ့ ထောက်လှမ်းရေးဌာနက အပြင်ကနေ သတင်းတစ်ခုခု ရလာပုံပေါ်တယ်"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ပြာယာခတ်သွားခြင်း မရှိဘဲ ပုံမှန်အတိုင်းပင် ပြောလိုက်သည်။ "ငါ အရင်သွားနှင့်မယ်... နင် ငါ့ကို လမ်းပြပေးစရာ မလိုဘူး"
ထိုသို့ပြောပြီးနောက် သူ၏ ခန္ဓာကိုယ်က တစ်ချက် လှုပ်ရှားသွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ဟင်းလင်းပြင်ထဲသို့ ပျော်ဝင်သွားကာ ပျောက်ကွယ်သွားလေတော့သည်။
ဂျိရှောင်ယွီ တစ်ယောက် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မနေနိုင်ဘဲ အလွန်တရာ အံ့အားသင့်သွားရသည်။
"အစ်ကိုလင်းက ဟင်းလင်းပြင်ကိုပါ ရွှေ့ပြောင်းနိုင်တာလား... ဒါပေမဲ့ ဘာလို့ အပြင်ကလူတွေက သူ့ကို ရေခဲဓာတ် အစွမ်းပိုင်ရှင်လို့ ပြောနေကြတာလဲ"
ဂျိရှောင်ယွီက သံသယဖြင့် တွေးတောနေမိသလို တစ်ချိန်တည်းမှာပင် အပြင်ဘက်တွင် အမှန်တကယ် ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုသည်ကိုလည်း သိချင်နေမိသည်။
နှမြောစရာ ကောင်းသည်မှာ သူမတို့ ရေသူမအဖွဲ့သည် ရေတပ်ဖွဲ့ထဲသို့ ထည့်သွင်းခံထားရသော်လည်း အမ ကွမ်ယွဲ့ တစ်ယောက်သာ အဆင့်မြင့် အစည်းအဝေးများသို့ တက်ရောက်ခွင့် ရှိနေခြင်းပင်။
ရှောင်မောင်းတောင်၊ အစည်းအဝေးခန်းမ။
လင်းယွမ်၏ ခန္ဓာကိုယ်သည် ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။
ဤအချိန်တွင် အစည်းအဝေးခန်းမအတွင်း၌ လူအများအပြား စုရုံးနေကြပြီ ဖြစ်သည်။
လင်းယွမ် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ငြင်းခုံနေသော အသံများ ချက်ချင်း ရပ်တန့်သွားပြီး လူအားလုံးက လင်းယွမ်ကို လှမ်းကြည့်ကာ အလျင်အမြန် မတ်တတ်ထရပ်လိုက်ကြသည်။
လင်းယွမ်က တစ်ချက် ဝေ့ကြည့်လိုက်ရာ လီချင်းဟွာ ရှိနေရုံသာမက ကျောက်ခိုင်၊ တင်းယန်၊ ရှီဟိုင်ကျူး၊ ကျန်းဖန်၊ ထူလုံ၊ ကျွမ်းရှုယွမ် အစရှိသော အထက်ပိုင်း ခေါင်းဆောင်များ အားလုံး ရှိနေကြသည်ကို တွေ့လိုက်ရသည်။
လင်းယွမ်က အမှန်တကယ် အရေးကြီးသော ကိစ္စရပ်တစ်ခု ရှိနေပြီ ဖြစ်ကြောင်း ချက်ချင်း နားလည်လိုက်သည်။ သို့မဟုတ်ပါက ဤတိုက်ခိုက်ရေး ဌာနများမှ လူများအားလုံး ဤနေရာတွင် လာရောက် စုရုံးနေမည် မဟုတ်ပေ။
"ဆရာလင်း"
"ဆရာလင်း ထွက်လာပြီပဲ"
"ဆရာလင်း... ဆရာ အခုမှ ရောက်လာတော့တယ်... အပြင်မှာ ပြဿနာကြီး တက်နေပြီ"
"ဆရာလင်း... ဂိုဏ်းသုံးဂိုဏ်းက လူတွေနဲ့ စစ်တပ်က ပူးပေါင်းသွားကြပြီ"
လူတိုင်းက တစ်ယောက်တစ်ပေါက်ဖြင့် အသီးသီး အော်ဟစ်လိုက်ကြသည်။
လင်းယွမ်က ဝင်လာရင်း လက်ကို လေထဲတွင် အသာအယာ နှိမ့်ချပြလိုက်ပြီး မေးလိုက်သည်။ "အားလုံး တိတ်တိတ်နေကြဦး... ချင်းဟွာ... မင်း ဘာတွေဖြစ်နေတာလဲ ပြောပြစမ်း"
လီချင်းဟွာက မတ်တတ်ထရပ်လိုက်ပြီး လျင်မြန်စွာ ပြောလိုက်သည်။ "ဆရာလင်း... လွန်ခဲ့တဲ့ နှစ်ရက်က ချန်ချုံးတောင်ကနေ လူတစ်ယောက် ထိုက်ယန်တောင်ကို ရောက်လာခဲ့တယ်... သူက စစ်ဝတ်စုံ ဝတ်ထားပြီး သူ့ကိုယ်သူ တိမ်မြူကျွန်း စစ်တပ်က ယွိပေါ် လို့ မိတ်ဆက်တယ်"
"ဒီလူက သူ့ကိုယ်သူ စစ်တပ်က ချိုးငှက်အုပ်စုဝင် တစ်ယောက်လို့ ပြောတယ်... ချိုးငှက်အုပ်စုရဲ့ နံပါတ်တစ် အစွမ်းပိုင်ရှင် ဖုန်းကျန့်ကုန်းက သူ့ကို တိမ်မြူကျွန်းမှာ မဟာမိတ်ဖွဲ့ဖို့ ဆရာ့ကို လာဖိတ်ခိုင်းတာတဲ့"
"ချိုးငှက်အုပ်စု... မဟာမိတ်ဖွဲ့မယ်..."
လင်းယွမ်က စိတ်ဝင်စားသွားပြီး မေးလိုက်သည်။ "သူတို့က ငါနဲ့ ဘာလို့ မဟာမိတ် ဖွဲ့ချင်ရတာလဲ"
"ကျွန်တော် မေးကြည့်ပြီးပြီ... ယွိပေါ်က ကျွန်တော့်ကို လျှို့ဝှက်သတင်းတစ်ခု ပြောပြတယ်... ရေနတ်ဘုရားဂိုဏ်းက မြေမိခင်ဂိုဏ်း၊ ဝိညာဉ်စွမ်းအင်ဂိုဏ်းနဲ့ စစ်တပ်ရဲ့ သိမ်းငှက်အုပ်စု စတဲ့ အင်အားစု သုံးခုကို ဆက်သွယ်နေတယ်တဲ့... သူတို့အားလုံး ချန်ချုံးတောင်ပေါ်မှာ စုရုံးပြီး ထိုက်ယန်တောင်ကို တိုက်ခိုက်ဖို့ တပ်မကြီးတစ်ခု ဖွဲ့စည်းတော့မယ်လို့ ဆိုတယ်"
လင်းယွမ်က ချက်ချင်း မျက်မှောင်တစ်ချက် ပင့်လိုက်ပြီး မေးလိုက်သည်။ "ဒီသတင်းက ယုံရရဲ့လား"
ဘေးနားရှိ ကျွမ်းရှုယွမ်က အလျင်အမြန် ပြန်ဖြေလိုက်သည်။ "ဝူယင်ဘက်က ထောက်လှမ်းရေးဌာနလည်း သတင်းရထားတယ်... မကြာသေးခင်က ချန်ချုံးတောင်မှာ လူအများအပြား စုရုံးနေကြတာ အမှန်ပဲ"
"ပြီးတော့ အဲဒီလူတွေထဲမှာ ရေနတ်ဘုရားဂိုဏ်းက လူတွေ ပါသလို မြေမိခင်ဂိုဏ်းနဲ့ ဝိညာဉ်စွမ်းအင်ဂိုဏ်းက လူတွေလည်း ပါတယ်... ကြည့်ရတာ အတုအယောင်တော့ မဟုတ်လောက်ဘူး"
လင်းယွမ်က ဆက်မေးလိုက်သည်။ "ဂိုဏ်းသုံးဂိုဏ်းထဲမှာ ငါတို့ရဲ့ သူလျှိုတွေ ရှိတယ်မလား... သတင်း တစ်ခုခုများ စုံစမ်းလို့ ရသေးလား"
ကျွမ်းရှုယွမ်က အနည်းငယ် အခက်တွေ့နေဟန်ဖြင့် ပြောလိုက်သည်။ "ဂိုဏ်းသုံးဂိုဏ်းထဲမှာ အထူး ရိုက်သွင်းတဲ့ လုပ်ငန်းစဉ်တွေ ရှိတယ်... ကျွန်မတို့ရဲ့ သူလျှိုတွေ အရင်က ဝင်သွားတုန်းကတော့ သတင်းတွေ ပို့ပေးသေးတယ်... ဒါပေမဲ့ အခုနောက်ပိုင်း သတင်း မပို့တာ အတော်လေး ကြာနေပြီ"
လင်းယွမ်မှာ ချက်ချင်း မျက်မှောင်ကြုတ်သွားလေသည်။
သူတို့ဘက်တွင်လည်း ဂိုဏ်းသုံးဂိုဏ်းနှင့် စစ်တပ်မှ သူလျှိုများ သေချာပေါက် ရှိနေမည်ကို သူ ရဲရဲဝံ့ဝံ့ အာမခံရဲသည်။
အထက်ပိုင်း ခေါင်းဆောင်များ၏ ကိစ္စရပ်များကို တစ်ဖက်လူများက ရှင်းရှင်းလင်းလင်း မစုံစမ်းနိုင်သော်လည်း သာမန် ကိစ္စရပ်များကမူ တစ်ဖက်လူ၏ နားနှင့် မျက်စိများကို လှည့်စား၍ ရနိုင်မည် မဟုတ်ပေ။
သို့သော် သူတို့ဘက်ကမူ တစ်ဖက်လူ၏ နယ်မြေနှင့် ပတ်သက်၍ ဘာမှ နားမလည်ဘဲ ဖြစ်နေသဖြင့် ဤအခြေအနေက အလွန် ခံစစ်ဆန်လွန်းနေသည်။
သို့သော် ရိုက်သွင်းခြင်း လုပ်ငန်းစဉ် ကဲ့သို့သော အရာမျိုးကို သာမန်လူများအနေဖြင့် အမှန်တကယ်ပင် ခုခံနိုင်စွမ်း မရှိကြပေ။
လင်းယွမ်က လက်ကာပြလိုက်ပြီး ပြောသည်။ "ထားလိုက်တော့... လောလောဆယ်တော့ အမှန်လို့ပဲ သတ်မှတ်ထားလိုက်ကြတာပေါ့"
"ဆရာလင်း... ဂိုဏ်းသုံးဂိုဏ်းနဲ့ စစ်တပ်က လူတွေကို အနိုင်ကျင့်လွန်းတယ်... ကျွန်တော်တို့ကို တစ်ကြိမ်ပြီး တစ်ကြိမ် ဆက်တိုက် ရန်စနေကြတာ"
"အခုဆိုရင် နှစ်ကြိမ်တောင် ရှိနေပြီ... ဒီတစ်ခါ သူတို့က ပူးပေါင်းပြီးတော့တောင် လုပ်ကြဦးမယ် ဆိုတော့ ကျွန်တော်တို့ ထိုင်ပြီး အသေခံနေလို့ မဖြစ်ဘူး"
"ဆရာလင်း... ဟို စစ်တပ်က ချိုးငှက်အုပ်စု ကိစ္စကိုလည်း ချင်းဟွာ ပြောပြလို့ ကျွန်တော်တို့ ကြားပြီးပါပြီ... သူကတော့ သိမ်းငှက်အုပ်စုနဲ့ ချိုးငှက်အုပ်စု ဆိုပြီး တကယ် ရှိတယ်လို့ ပြောတာပဲ... ဒီချိုးငှက်အုပ်စုကို ကျွန်တော်တို့ ယုံကြည်လို့ ရနိုင်ပါ့မလား"
လူတိုင်းက တစ်ယောက်တစ်ပေါက်ဖြင့် လင်းယွမ်အား အသီးသီး မေးမြန်းလာကြသည်။
လင်းယွမ်က အနည်းငယ် စဉ်းစားလိုက်ပြီး မေးလိုက်သည်။ "ဟို ချိုးငှက်အုပ်စုက လူရော ဘယ်မှာလဲ"
လီချင်းဟွာက ပြန်ဖြေသည်။ "ကျွန်တော် သူ့ကို ကျွန်တော်တို့ရဲ့ ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ထဲ ပေးမဝင်ထားဘူး... ထိုက်ယန်တောင်မှာပဲ ရှိသေးတယ်"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ပြောသည်။ "အင်း... မင်း လုပ်တာ အရမ်းကောင်းတယ်"
ယခုအခါ ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ကြီးသည် ဖွံ့ဖြိုးတိုးတက်ပြီး အင်အားကြီးမားနေပြီ ဖြစ်ကာ အတွင်းရှိ အသက်ရှင်ကျန်ရစ်သူများသည်လည်း အေးချမ်းသာယာစွာ နေထိုင်အလုပ်လုပ်ကိုင်နေကြသဖြင့် ဤနေရာသည် လောကပြင်ပမှ နိဗ္ဗာန်ဘုံလေး တစ်ခုနှင့်ပင် တူနေတော့သည်။
အပြင်မှ မည်သည့် ဧည့်သည်မဆို ဤနေရာ၏ အခြေအနေကို မြင်တွေ့သွားပါက ဤနေရာကို သိမ်းပိုက်ပြီး သူတို့ကိုယ်တိုင် အခြေချ နေထိုင်ချင်ကြမည်မှာ သေချာသလောက်ပင်။
ထို့ကြောင့် လီချင်းဟွာ၏ သတိထားမှုသည် အမှန်တကယ် လိုအပ်ပေသည်။
ထိုက်ယန်တောင်ဘက်တွင်မူ စောင့်ကြပ်နေသော တပ်မကြီး ရှိနေသဖြင့် ထိုယွိပေါ် တစ်ယောက်တည်းအတွက် စိုးရိမ်စရာ မလိုအပ်ပေ။
"ဒီလိုလုပ်... အဲဒီလူကို ငါ ကိုယ်တိုင် သွားတွေ့လိုက်မယ်... တကယ်လို့ လိုအပ်ရင်တော့ ငါ အဲ့ဒီ တိမ်မြူကျွန်းကို တစ်ခေါက်လောက် သွားရလိမ့်မယ်"
လင်းယွမ်၏ မျက်လုံးများထဲတွင် စူးရှသော အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီးနောက် လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားလေတော့သည်။
ဆက်ရန်...
အပိုင်း (၅၈၀) ခင်ဗျား ဘာလိုချင်တာလဲ
ထိုက်ယန်တောင်... ဖြူလွှလွှ နှင်းပွင့်ကြီးများက သစ်ကိုင်းများပေါ်တွင် အပြည့်အမောက် ဖုံးလွှမ်းနေသည်။
တောင်ပေါ်ရှိ ထင်းရှူးပင်များစွာမှာလည်း ဆီးနှင်းများ၏ ဒဏ်ကြောင့် ကိုင်းညွှတ်နေကြရ၏။
သို့သော် မျက်မှောက်ရှိ အပင်များသည် သာမန် ထင်းရှူးပင်များ မဟုတ်ကြတော့ချေ။
သန္ဓေပြောင်း ဆင့်ကဲဖြစ်စဉ် လှိုင်းလုံးကြီးများကြားတွင် ၎င်းတို့သည် ပိုမို ခိုင်မာတောင့်တင်းလာရုံသာမက အမြစ်များပါ ပိုမို ကြီးထွားလာကာ ရေလွှမ်းမိုးမှုဒဏ်ကို ခံနိုင်ရည်ရှိသည့်အပြင် သန္ဓေပြောင်းသတ္တဝါများ၏ ကိုက်ဖြတ်စားသောက်ခြင်းကိုလည်း ကာကွယ်နိုင်စွမ်း ရှိလာကြသည်။
သာမန် နှင်းမုန်တိုင်းလောက်က ၎င်းတို့ကို အမှန်တကယ် ကျိုးကျသွားစေနိုင်စွမ်း မရှိပေ။
စစ်ဝတ်စုံကို ဝတ်ဆင်ထားသော ယွိပေါ်က တောင်ကမ်းပါးယံရှိ အခန်းတစ်ခန်းထဲတွင် ရပ်နေပြီး တောင်ခြေတွင် ကင်းလှည့်နေသော ထိုက်ယန်တောင်မှ တပ်ဖွဲ့ကို လှမ်းကြည့်ကာ မျက်ဝန်းထဲတွင် စဉ်းစားတွေးတောနေသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။
"ဒီထိုက်ယန်တောင်က လူတွေရဲ့ စိတ်ဓာတ်အခြေအနေက... အရင်တုန်းက တွေ့ခဲ့ဖူးတဲ့ တခြားခိုလှုံရေးစခန်းတွေက အသက်ရှင်ကျန်ရစ်သူတွေနဲ့ လုံးဝကို ကွာခြားနေပါလား"
"ပြီးတော့ ထိုက်ယန်တောင်ရဲ့ လူဦးရေ ပမာဏကလည်း... ငါထင်ထားတာထက် နည်းနည်း ပိုများနေတယ်"
"အစွမ်းပိုင်ရှင်တွေ နည်းနေတာကလွဲရင် ဒီက သယံဇာတတွေကတော့ တော်တော်လေး ကောင်းတယ်... တစ်တောင်လုံးရဲ့ ဓာတ်သတ္တုကြောတွေက အရမ်းပေါများပြီး သန္ဓေပြောင်းစွမ်းအင် စစ်ဆေးတဲ့ အိမ်မြှောင်နဲ့ တိုင်းကြည့်တော့လည်း စွမ်းအင်သိပ်သည်းဆက ချန်ချုံးတောင်ထက် နည်းနည်းလေးတောင် မလျော့ဘူးပဲ"
ဤထိုက်ယန်တောင်က လင်ကျောင်းမြို့၏ ဒုတိယ အမြင့်ဆုံးတောင် ဖြစ်နေသည်မှာ အံ့သြစရာတော့ မဟုတ်ပါချေဟု သူ ရင်ထဲမှ ရေရွတ်လိုက်မိသည်။
ဤရှုထောင့်မှ ကြည့်လျှင် ထိုက်ယန်တောင်သည် စစ်တပ်နှင့် ပူးပေါင်းရန် အရည်အချင်း ပြည့်မီသည်ကတော့ အသေအချာပင်။
သို့သော် အစွမ်းပိုင်ရှင် အရေအတွက်က နည်းလွန်းနေပြီး အလုံးစုံ စွမ်းဆောင်ရည်မှာ ဂိုဏ်းကြီးသုံးဂိုဏ်းကို လုံးဝ မယှဉ်နိုင်ပေ။
သူနှင့် မဆုံဖူးသေးသော လင်းယွမ်ကလွဲလျှင် အခြားသော ဟင်းလင်းပြင်သခင် လီချင်းဟွာ... ရေခဲသခင် ကျောက်ခိုင် စသူတို့မှာ သူ့အမြင်တွင် အလွန် ညံ့ဖျင်းလွန်းလှသည်။
အဓိက အရည်အသွေးမှတ် ၉၀ မပြည့်သူများကို သူ့ရှေ့တွင် အစွမ်းပိုင်ရှင်ဟု ခေါ်ဆိုရန် အရည်အချင်း မရှိပေ။
"ဒေါက်... ဒေါက်... ဒေါက်"
တံခါးဝမှ တံခါးခေါက်သံနှင့်အတူ ကျိဖုန်း၏ အသံ ထွက်ပေါ်လာသည်။
"တပ်ရင်းမှူးယွိ... ဆရာလင်းယွမ် ပြန်ရောက်နေပါပြီ... ခင်ဗျားကို ခေါင်းဆောင်စံအိမ်ဆီ လာခဲ့ဖို့ ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်"
ယွိပေါ် သတိဝင်လာပြီး မျက်မှောင်တစ်ချက် ပင့်လိုက်ကာ မျက်နှာပေါ်တွင် အပြုံးယောင်တစ်ခု ပေါ်လာ၏။
"နောက်ဆုံးတော့ အဲဒီ လျှို့ဝှက်ဆန်းကြယ်လှတဲ့ လင်းယွမ်နဲ့ တွေ့ရတော့မှာပေါ့လေ"
မည်သည့်အကြောင်းကြောင့်မှန်း မသိသော်လည်း သူ၏ ရင်ထဲတွင် အကြောင်းမဲ့ မာနတစ်ခွဲသား ဝင်ရောက်လာသည်။
ဤမျှ ကြီးမားလှသော သယံဇာတများကို ပိုင်ဆိုင်ထားနိုင်သည့် ထိုက်ယန်တောင်၏ ခေါင်းဆောင် လင်းယွမ်တွင် မည်မျှလောက် အစွမ်းအစရှိသလဲ ဆိုသည်ကို သူ မြင်တွေ့ချင်နေသည်။
"လာပြီ"
သူက လေးနက်သော အသံဖြင့် ပြန်ပြောလိုက်ပြီး တံခါးကို ဖွင့်လိုက်သည်။
တံခါးဝရှိ ကျိဖုန်းက သူ့ကို ပြုံး၍ ကြည့်ကာ "ကျွန်တော်နဲ့ လိုက်ခဲ့ပါ"
လေပြင်းတပ်ရင်း၏ တပ်ရင်းမှူးတစ်ယောက်အနေဖြင့် ကျိဖုန်း ကိုယ်တိုင် လာရောက် ဖိတ်ခေါ်ခြင်းက တစ်ဖက်လူကို အတော်လေး မျက်နှာသာ ပေးထားခြင်းပင် ဖြစ်သည်။
ကျိဖုန်း၏ ကိုယ်နေဟန်ထားက ရုတ်တရက် လှုပ်ရှားသွားပြီး သူ၏ အမြင့်ဆုံး အလျင်ကို ထုတ်သုံးလိုက်ကာ "နောက်က လိုက်ခဲ့ပါ" ဟု ပြောလိုက်သည်။
စစ်တပ်၏ ချိုးငှက်အုပ်စုမှ ဤအစွမ်းပိုင်ရှင်၏ စွမ်းရည်ကို သူ စမ်းသပ်ချင်နေသဖြင့် စစချင်းမှာပင် အမြန်ဆုံး နှုန်းဖြင့် ပြေးလွှားလိုက်ခြင်း ဖြစ်သည်။
လက်ရှိ သူ၏ အဓိက အရည်အသွေးမှတ်များအရ ရေလွှမ်းမိုးနေသည့် အချိန်ကာလမျိုးတွင်ပင် ရေလှိုင်းများပေါ်၌ လမ်းလျှောက်နိုင်နေပြီ ဖြစ်သည်။
ဤနှင်းလွှာများက ကြည့်ရသည်မှာ ပျော့အိနေပြီး ခြေတစ်လှမ်း နင်းလိုက်သည်နှင့် ကျွံဝင်သွားမည် ဖြစ်သည်။
သို့သော် သူ၏ အလျင်က အလွန်မြန်ဆန်လွန်းသဖြင့် နှင်းပြင်ပေါ်တွင် ခြေရာပင် မထင်သည့် အဆင့်ထိ လုပ်ဆောင်နိုင်နေပြီ ဖြစ်၏။
"ဝှစ်"
ကျိဖုန်းသည် အမှန်တကယ်ပင် လေဆင်နှာမောင်းတစ်ခုကဲ့သို့ သစ်တောနှင့် ဝါးတောများကို အလွန် လျင်မြန်စွာ ဖြတ်သန်းသွားလေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ယွိပေါ်၏ မျက်ဝန်းထဲတွင် အပြုံးယောင်တစ်ခု ဖြတ်ပြေးသွားပြီး ကျိဖုန်း၏ အတွေးကို သူ နားလည်သွားသည်။
ချက်ချင်းပင် ဘာမှ ထုတ်မပြောတော့ဘဲ သူ၏ ကိုယ်နေဟန်ထားက ရုတ်တရက် လှုပ်ရှားသွားကာ တိမ်ခိုးမြူငွေ့များသဖွယ် ပြောင်းလဲသွားပြီး လေချွန်သံနှင့်အတူ ကောင်းကင်ယံသို့ လျင်မြန်စွာ ပျံတက်သွားပြီး အဝေးသို့ အရှိန်အဟုန်ဖြင့် လွင့်မျောသွားတော့သည်။
မြေပြင်ပေါ်ရှိ ကျိဖုန်းက မော့ကြည့်လိုက်ပြီး ထိုမြင်ကွင်းကို မြင်သောအခါ ရုတ်တရက် မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
"အသွင်ပြောင်းတဲ့ အစွမ်းလား"
ဤစစ်တပ်မှ အစွမ်းပိုင်ရှင် ယွိပေါ်က အသွင်ပြောင်း အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်နေသည်ပင်။
ဤအစွမ်းက လီချင်းဟွာအနားရှိ သွေးမြူအစွမ်းပိုင်ရှင် ကျိုးချင်းမင်၏ အစွမ်းနှင့် အနည်းငယ် ဆင်တူနေသည်။
ကွာခြားချက်မှာ တစ်ဖက်လူက တိမ်ခိုးမြူငွေ့နှင့် ရေခိုးရေငွေ့ ဖြစ်ပြီး ကျိုးချင်းမင်မှာ သွေးမြူငွေ့ ဖြစ်နေခြင်းပင်။
ထို့အပြင် ကြည့်ရသည်မှာ ယွိပေါ်၏ တိမ်မြူအစွမ်းက အခြားသော ပုံသဏ္ဌာန်များအဖြစ်ပါ ပြောင်းလဲနိုင်သေးပုံ ရသည်။
သူက ပို၍ အဆင့်မြင့်သည့် ပုံပေါက်နေသည်။
ယခုအချိန်တွင် ထိုတိမ်မြူစုကြီးက ငှက်တစ်ကောင်အသွင် ပြောင်းလဲသွားပြီး တောင်ပံများကို တစ်ချက် ခတ်လိုက်ရာ အိပ်မက်ဆန်ဆန်ပင် ဝါးတောအထက်မှ လျင်မြန်စွာ ဖြတ်သန်းသွားပြီး မီးဝါးတောဆီသို့ ပျံသန်းသွားလေသည်။
မီးဝါးတောအတွင်းရှိ ကွင်းပြင်ကို လူများ မကြာခဏ လာရောက် ရှင်းလင်းလေ့ရှိသဖြင့် နှင်းများ စုပုံနေခြင်း မရှိပေ။
မှန်လုံအိမ်ထဲတွင်မူ အပူချိန်က ပို၍ပင် နေလို့ကောင်းသေး၏။
ခေါင်းဆောင်စံအိမ်ဘက်တွင်လည်း သန္ဓေပြောင်း နေကြာပန်းများကို အမြောက်အမြား စိုက်ပျိုးထားသဖြင့် ဤနေရာရှိ အပူချိန်က အပြင်ဘက်ထက် အဆပေါင်းများစွာ ပို၍ နွေးထွေးနေလေသည်။
ယွိပေါ်က မြေပြင်ပေါ်သို့ ဆင်းသက်လာကာ လူပုံစံ ပြန်လည်ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်ရှိ သန္ဓေပြောင်း နေကြာပန်းများကို ကြည့်ရင်း မျက်နှာပေါ်တွင် မနေနိုင်ဘဲ အံ့သြချီးကျူးသည့် အရိပ်အယောင်များ ပေါ်လွင်လာသည်။
သူ၏ ဤခရီးစဉ်တွင် ထိုက်ယန်တောင်အပေါ် အခြားအရာများ၌ သာမန်မျှသာ အထင်ကြီးခဲ့သော်လည်း ဤသန္ဓေပြောင်း နေကြာပန်းများကိုမူ အမှန်တကယ်ပင် အားကျမိသွားသည်။
တိမ်မြူကျွန်းတွင် ယခုအခါ အကာအကွယ် အစီအရင် ရှိနေသော်လည်း ဆီးနှင်းများ ကျဆင်းနေပြီး အပူချိန်က အလွန် နိမ့်ကျနေသည်။
အကယ်၍သာ ဤသို့သော သန္ဓေပြောင်း နေကြာပန်းများကို အမြောက်အမြား စိုက်ပျိုးနိုင်မည်ဆိုပါက တိမ်မြူကျွန်းပေါ်ရှိ စစ်သားများ၏ ဘဝကို ကြီးမားစွာ တိုးတက်ပြောင်းလဲသွားစေနိုင်မည်မှာ အသေအချာပင်။
ဤနေရာသို့ တွေးမိသောအခါ သူ၏ ရင်ထဲတွင် အနည်းငယ် ပူနွေးလာခဲ့သည်။
သို့သော် ဤသန္ဓေပြောင်း နေကြာပန်းများက ထိုက်ယန်တောင်၏ အဖိုးတန်ရတနာများ ဖြစ်နေသဖြင့် တစ်ဖက်လူက အလွယ်တကူ ယူဆောင်သွားခွင့် ပြုမည်မဟုတ်ဟု သူ စိုးရိမ်မိသည်။
သေချာသည်မှာ... ခိုးယူသွားမည် ဆိုလျှင်လည်း မဖြစ်နိုင်သည်တော့ မဟုတ်ပေ... သို့သော် ဖြစ်နိုင်မည်ဆိုပါက သူ့အနေဖြင့် တစ်ဖက်လူ၏ ခွင့်ပြုချက်ကို တရားဝင် ရယူချင်သေးသည်။
သူက သိမ်းငှက်အုပ်စုမှ လူများ မဟုတ်ပေ... အတင်းအဓမ္မ လုယူခြင်းမှာ ပြည်သူ့တပ်မတော်သားများ၏ လုပ်ရပ် မဟုတ်ချေ။
ဤအချက်ကို တွေးမိသွားပြီးနောက် သူ၏ မျက်ဝန်းများက ခိုင်မာသွားတော့သည်။
"တပ်ရင်းမှူးယွိ... ဒီဘက်ကို ကြွပါ"
ကျိဖုန်းက သူ၏ တွေးတောနေမှုများကို ဖြတ်တောက်လိုက်ပြီး ခေါင်းဆောင်စံအိမ်အတွင်းသို့ ဖိတ်ခေါ်လိုက်သည်။
ယွိပေါ်လည်း ဆက်မတွေးတော့ဘဲ ခေါင်းဆောင်စံအိမ်အတွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်သွားသည်။
ဤခေါင်းဆောင်စံအိမ် အဆောက်အအုံမှာ ခမ်းနားထည်ဝါလွန်းသည်ဟု မဆိုနိုင်သော်လည်း လုံလောက်သော ကျက်သရေရှိမှုမျိုး ရှိနေကာ အတွင်းပိုင်း အလှဆင်ထားမှုကလည်း အလွန် ရိုးရှင်းပြီး ဤနေရာရှိ အိမ်ရှင်၏ ရှင်းလင်းပြတ်သားသော ဟန်ပန်ကို ဖော်ပြနေသည်။
ယွိပေါ်က သိမ်းငှက်အုပ်စုရှိ ခေါင်းဆောင်ပိုင်းများ၏ နေအိမ်များကို ပြန်လည် မြင်ယောင်မိလိုက်သည်။ အလွန် ဆင်းရဲခက်ခဲလှသော အချိန်ကာလမျိုး ဖြစ်နေပါလျက်နှင့် သူတို့အားလုံးမှာ အလွန် ခမ်းနားထည်ဝါသော စည်းစိမ်များကို ခံစားနေကြတုန်းပင်။
ဤကဲ့သို့သော စစ်တပ်အတွင်းရှိ လူယုတ်မာများကို သူ ရင်ထဲမှ အလွန်အမင်း မုန်းတီးမိသွားသည်။ ၎င်းတို့က စစ်သားများ၏ မျက်နှာကို အမှန်တကယ်ပင် အိုးမဲသုတ်လိုက်ကြခြင်း ဖြစ်သည်။
ဒေသခံ လက်နက်ကိုင်အဖွဲ့တစ်ခု၏ ခေါင်းဆောင်ကိုပင် မမီကြချေ။
ယွိပေါ်က လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ခေါင်းဆောင်စံအိမ်အတွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်သွားလိုက်သည်။
သို့သော် ထိုင်ခုံပေါ်တွင် ကျောပေးကာ ထိုင်နေပြီး စာရွက်စာတမ်း တစ်ပုံကို စစ်ဆေးနေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။
ယွိပေါ်က ထိုလူကို သေချာစွာ အကဲခတ်လိုက်သည်။ အသက် ၃၀ မပြည့်သေးသော အရွယ်... စင်ကြယ်သော အသားအရေ... ထင်းလင်းသော မျက်နှာပေါက် ရှိပြီး ဆံပင်တိုတိုကို ထားရှိကာ ကိုယ်ပေါ်တွင် သာမန် တီရှပ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားပြီး အောက်ပိုင်းတွင် အပြာရောင် ဂျင်းဘောင်းဘီတစ်ထည်ကို ဝတ်ဆင်ထားသည်။
ထိုလူ၏ ဝတ်စားဆင်ယင်မှုကို ကြည့်ပြီး ယွိပေါ်မှာ မသိစိတ်ထဲမှနေ၍ ခေတ္တမျှ ကြောင်အမ်းသွားမိသည်။
တစ်ဖက်လူ၏ ဝတ်စားဆင်ယင်မှုက အလွန် သန့်ရှင်းသပ်ရပ်လွန်းနေပြီး ဤအခန်း၏ အလှဆင်ထားမှုကလည်း အလွန် ရိုးရှင်းနေသည်။
၎င်းက ကမ္ဘာပျက်ကပ် ရေလွှမ်းမိုးမှုကြီး မတိုင်မီက မြို့ပြသို့ ပြန်လည် ရောက်ရှိသွားသကဲ့သို့ ခံစားရစေသည်။
ရေလွှမ်းမိုးမှု ကမ္ဘာပျက်ကပ်ကြီးကို ဖြတ်သန်းပြီးနောက် လူကြီးဖြစ်စေ၊ ကလေးဖြစ်စေ အားလုံး၏ ကိုယ်ပေါ်တွင် ထူးခြားသော စိတ်နေသဘောထားမျိုး ရှိနေကြသည်။
၎င်းမှာ တင်းမာနေသော စွမ်းအင်လှိုင်းတစ်ခု ဖြစ်ပြီး မည်သူ့ကို ကြည့်ကြည့် သတိထား သံသယဝင်နေတတ်သည့် အရိပ်အယောင်များ ရှိနေခြင်းပင်။
သို့သော် မျက်နှာချင်းဆိုင်ရှိ ဤလူမှာမူ တည်ငြိမ်အေးချမ်းသော ဟန်ပန်ရှိပြီး အခြားသော စိတ်ခံစားမှု အရိပ်အယောင် တစ်စုံတစ်ရာမျှ ထွက်ပေါ်နေခြင်း မရှိပေ။
ရုတ်တရက် ကြည့်လိုက်ပါက မျှော်လင့်ချက်မဲ့နေသော ကမ္ဘာပျက်ကပ်ကြီးကို တစ်ကြိမ်တစ်ခါမျှ မကြုံဖူးခဲ့သူတစ်ယောက်နှင့် အမှန်တကယ်ပင် တူညီနေသည်။
သူက အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ကိုလင်းယွမ်"
လင်းယွမ်က သူ ရောက်လာသည်ကို စောစောကတည်းက အာရုံခံမိထားပြီးဖြစ်ရာ လက်ထဲရှိ စာရွက်စာတမ်းများကို သိမ်းဆည်းလိုက်ပြီး တစ်ဖက်လူကို မော့ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။ "ခင်ဗျားက စစ်တပ်ရဲ့ ချိုးငှက်အုပ်စုက လူလား"
ယွိပေါ်က မျက်မှောင်တစ်ချက် ပင့်လိုက်ပြီး ပြောလိုက်သည်။ "ကျွန်တော်က ယွိပေါ်ပါ... ရေလွှမ်းမိုးမှုကြီး မဖြစ်ခင်က ကွမ်ဖူ စစ်ဒေသရဲ့ တပ်ရင်းမှူး တာဝန်ကို ထမ်းဆောင်ခဲ့တယ်... ခင်ဗျား ကျွန်တော့်ကို တပ်ရင်းမှူးယွိလို့ ခေါ်နိုင်ပါတယ်"
ထိုသို့ ပြောရင်း သူက လင်းယွမ်ကို အလေးပြုကာ နှုတ်ဆက်လိုက်သည်။
လင်းယွမ် အနည်းငယ် အံ့အားသင့်သွားပြီး ခပ်ဟဟ ရယ်မောလိုက်သည်။ "ဒီအလေးပြုတဲ့ ဟန်ပန်က တော်တော်လေး စံကိုက်တာပဲ... ဒါပေမဲ့ ခင်ဗျားတို့ အုပ်စုထဲမှာ ကိုယ်က စစ်သားတစ်ယောက် ဖြစ်သေးတယ်ဆိုတာကို မှတ်မိနေတဲ့လူ ဘယ်နှယောက်လောက် ရှိဦးမလဲ ဆိုတာကိုတော့ မသိဘူးနော်"
ယွိပေါ် မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ကျွန်တော်တို့က သိမ်းငှက်အုပ်စုက လူတွေနဲ့ မတူဘူး... ကိုလင်းယွမ် အနေနဲ့ ဝါးလုံးရှည်နဲ့မရမ်းပါနဲ့... လူတိုင်းကို တစ်တန်းတည်း မထားပါနဲ့"
လင်းယွမ်က ခပ်ဟဟ ရယ်လိုက်သည်။ "ကျွန်တော်က ကျွန်တော့် မျက်စိနဲ့ မြင်ရတာကိုပဲ ယုံတယ်... ခင်ဗျားကို ယုံစေချင်ရင်တော့ စေတနာမှန်ကို ပြရမှာပေါ့"
ထိုအခါမှ ယွိပေါ် သဘောပေါက်သွားသည်။ လင်းယွမ်၏ စကားထဲတွင် နောက်ကွယ်က ဆိုလိုရင်းတစ်ခု ရှိနေသည်။
ပူးပေါင်းချင်ပါက စေတနာမှန်ကို ပြသရမည်ပင်။
ယွိပေါ်က လင်းယွမ်ကို နားမလည်နိုင် ဖြစ်သွားရသည်။
ယုတ္တိအရ ဆိုရလျှင် သိမ်းငှက်အုပ်စုနှင့် ဂိုဏ်းကြီးသုံးဂိုဏ်းတို့ ပူးပေါင်းရန် ပြင်ဆင်နေကြပြီ ဖြစ်ကြောင်းကို သိလိုက်ရချိန်တွင် တစ်ဖက်လူက အလွန်အမင်း ထိတ်လန့်သွားသင့်သည် မဟုတ်ပါလော။
ဤအချိန်တွင် သူက စစ်တပ်၏ ချိုးငှက်အုပ်စုကို ကိုယ်စားပြု၍ မဟာမိတ်ဖွဲ့ရန် လာရောက်ခြင်းသည် တစ်ဖက်လူအတွက် တစ်ခုတည်းသော မျှော်လင့်ချက်ဟုပင် ဆို၍ ရနေသည်။
တစ်ဖက်လူက သူ့ကို အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ကြိုဆိုသင့်သည် မဟုတ်ပါလော။
ဘာကြောင့်များ ဤအချိန်ကျမှ သူ့ကို အကျိုးအမြတ် လာတောင်းနေရသနည်း။
ဤလူက လောဘကြီးပြီး အတောမသတ်နိုင်သော လူယုတ်မာ တစ်ယောက်များ ဖြစ်နေမလား။
ချက်ချင်းပင် လင်းယွမ်အပေါ် ထားရှိသော ယွိပေါ်၏ အထင်ကြီးမှုများက အောက်ဆုံးအထိ ထိုးကျသွားတော့သည်။
သူက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး ပြောလိုက်သည်။ "ကြည့်ရတာ ကိုလင်းယွမ်က ထိုက်ယန်တောင်ရဲ့ အခြေအနေကို နားမလည်သေးဘူး ထင်တယ်... ကျွန်တော် ပေးလိုက်တဲ့ သတင်းအချက်အလက်တွေကို ကိုလင်းယွမ် မဖတ်ကြည့်ရသေးဘူးလား"
လင်းယွမ်က လက်နှစ်ဖက်ကို ယှက်ကာ ထိုင်ခုံ ကျောမှီကို မှီလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ "ဖတ်ပြီးပြီလေ... စစ်တပ်က သိမ်းငှက်အုပ်စုနဲ့ ဂိုဏ်းကြီးသုံးဂိုဏ်း ပူးပေါင်းမယ် ဆိုတာ မဟုတ်လား"
"ထိုက်ယန်တောင်ကို ရှင်းပစ်ဖို့ သူတို့ မဟာမိတ်ဖွဲ့ကြတာလေ... ခင်ဗျား နည်းနည်းလေးတောင် မစိုးရိမ်ဘူးလား" ယွိပေါ်က လင်းယွမ်၏ မျက်လုံးများကို စိုက်ကြည့်ကာ လင်းယွမ်၏ ရင်တွင်းမှ အတွေးများကို ဖောက်ထွင်းမြင်နိုင်ရန် ကြိုးစားလိုက်သည်။
လင်းယွမ်၏ အမူအရာက တည်ငြိမ်နေပြီး ယခင်အတိုင်း အေးဆေးစွာပင် ပြုံးလျက် ပြောလိုက်သည်။ "ဘာလို့ စိုးရိမ်ရမှာလဲ"
"ခွေးရူးဝက်ရူး တစ်အုပ်စု စုပေါင်းမိသွားတော့ရော ဘာဖြစ်နိုင်မှာမို့လို့လဲ"
လင်းယွမ်က ဤသို့ ပြောထွက်လာလိမ့်မည်ဟု ယွိပေါ် ထင်မှတ်မထားခဲ့ပေ... ထို့ပြင် နည်းနည်းလေးမျှပင် ကြောက်ရွံ့နေပုံ မပေါ်ချေ။
သူက မနေနိုင်ဘဲ ပြောလိုက်သည်။ "ကိုလင်းယွမ်က သူတို့ကို အရမ်း အထင်သေးနေပြီ"
"ကိုလင်းယွမ်ရဲ့ အဓိက အရည်အသွေးမှတ် ၁၀၀ ပြည့်နေတာက လင်ကျောင်းမြို့မှာ ထိပ်တန်းအဆင့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေတယ် ဆိုတာကိုတော့ ကျွန်တော် လက်ခံပါတယ်"
"ဒါပေမဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းက ခေါင်းဆောင်ပိုင်းတွေနဲ့ သိမ်းငှက်အုပ်စုက ယွမ်ရှီကျဲ တို့ကလည်း အဓိက အရည်အသွေးမှတ် ၁၀၀ အဆင့်ကို ရောက်နေတဲ့ အစွမ်းပိုင်ရှင်တွေချည်းပဲ"
"အကယ်လို့ သူတို့သာ ခင်ဗျားကို ဝိုင်းတိုက်ကြမယ်ဆိုရင် ဒီတိုက်ပွဲကို အနိုင်ရဖို့ ခင်ဗျားမှာ ဘယ်လောက်တောင် ယုံကြည်ချက် ရှိနေလို့လဲ"
"ဒါဆိုလည်း စမ်းကြည့်ကြတာပေါ့... အခု လက်ရှိ ကျွန်တော် ဘယ်လောက်တောင် စွမ်းဆောင်နိုင်နေပြီလဲ ဆိုတာကို ကျွန်တော်လည်း သိချင်နေတာ"
ယွိပေါ် ထိုစကားကို ကြားသောအခါ ရင်ထဲမှ မနေနိုင်ဘဲ လှောင်ပြောင် ရယ်မောလိုက်မိသည်။ ဤလင်းယွမ်က တစ်ယူသန်ပြီး မာနထောင်လွှားလွန်းနေပြီ ဖြစ်သည်။
စောစောကမှ တစ်ဖက်လူအပေါ် သူ အထင်ကြီးမိခဲ့သည်မှာ နှမြောစရာပင်။
သူက ခေါင်းကို ခါယမ်းလိုက်ပြီး ဤကဲ့သို့သော လူမျိုးက ဆေးမမီတော့ဟု ခံစားလိုက်ရသည်။
တပ်မမှူးဖုန်းနှင့် တပ်မဟာမှူးကျန်းတို့က ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို အမှန်တကယ်ပင် အထင်ကြီးလွန်းနေခဲ့ကြခြင်း ဖြစ်သည်။
"ကိုလင်းယွမ်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲလွန်းနေပြီ... ခင်ဗျားက တစ်တောင်လုံးက အသက်ရှင်ကျန်ရစ်သူတွေရဲ့ အသက်ကို ယူပြီး နောက်ပြောင်နေတာပဲ"
"အခု ကျွန်တော်က စစ်တပ်ရဲ့ ချိုးငှက်အုပ်စုကို ကိုယ်စားပြုပြီး ခင်ဗျားဆီကို ငြိမ်းချမ်းရေး သံလွင်ခက် လာကမ်းလှမ်းတာကို ခင်ဗျားက ချက်ချင်း ဆုပ်ကိုင်မထားတဲ့အပြင် ကျွန်တော့်ကို စေတနာမှန် တောင်းနေသေးတယ်... တကယ်ကိုပဲ"
ယွိပေါ်က ခေါင်းကို ခါယမ်းလိုက်ပြီး မျက်နှာပေါ်တွင် စိတ်ပျက်သည့် အရိပ်အယောင်များ အပြည့်ဖြစ်နေသည်။
လင်းယွမ်က ထူးဆန်းသလို ပြောလိုက်သည်။ "စိတ်ဝင်စားစရာပဲ... တပ်ရင်းမှူးယွိ ဟုတ်တယ်မလား... ခင်ဗျား ပြောတဲ့စကားက တကယ်ကို စိတ်ဝင်စားစရာ ကောင်းတာပဲ"
"ကျွန်တော်တို့ ထိုက်ယန်တောင်က ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ ကျူးကျော်မှုကို အကြိမ်ကြိမ် ခုခံနိုင်ခဲ့သလို... စစ်တပ်က သိမ်းငှက်အုပ်စုရဲ့ တိုက်ခိုက်မှုကိုလည်း တစ်ကြိမ် ခုခံနိုင်ခဲ့တယ်"
"အခုချိန်မှာ ကျွန်တော်တို့ အောင်မြင်စွာ ရပ်တည်နိုင်နေပြီ... ကျွန်တော်တို့ရဲ့ နေထိုင်မှုကလည်း တစ်နေ့တခြား ပိုကောင်းလာနေတယ်"
"အခုမှ ခင်ဗျားတို့ ချိုးငှက်အုပ်စုက ရုတ်တရက် ထွက်လာပြီး ကျွန်တော်နဲ့ မဟာမိတ် ဖွဲ့မယ်လို့ ပြောနေတယ်"
"ဒါတောင်မှ လာပြီး ပေးကမ်းစွန့်ကြဲနေတဲ့ ဟန်ပန်မျိုးနဲ့"
"ဟက်ဟက်... ကျွန်တော်ကတောင် ပြန်မေးချင်သေးတယ်... ခင်ဗျားတို့ ချိုးငှက်အုပ်စုက တကယ်ပဲ အဲဒီလောက် စေတနာကောင်းနေရင် အစောကြီးကတည်းက ဘာသွားလုပ်နေကြတာလဲ"
ထိုစကားလည်း ထွက်ပေါ်လာရော ရုတ်တရက် သူ့မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ဒေါသထွက်သည့် ဟန်ပန်ဖြင့် ပြောလိုက်သည်။ "ခင်ဗျား ဘာသဘောနဲ့ ပြောတာလဲ... ကျွန်တော်တို့ စစ်တပ်က ခင်ဗျားတို့ဆီက အကျိုးအမြတ် တစ်ခုခုကို မျှော်လင့်နေတယ်လို့များ ထင်နေတာလား"
လင်းယွမ်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ "အကျိုးအမြတ် ရှိမရှိတော့ ကျွန်တော် မသိဘူး... ဒါပေမဲ့ ကျွန်တော် တာဝန်ယူပြီး ခင်ဗျားကို ပြောနိုင်တာက... ထိုက်ယန်တောင်မှာ ကျွန်တော် ရှိနေသရွေ့ ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူး"
"ဂိုဏ်းကြီးသုံးဂိုဏ်းပဲ ဖြစ်ဖြစ်... စစ်တပ်ပဲ ဖြစ်ဖြစ်... ကျွန်တော့်ရဲ့ ထိုက်ယန်တောင်ကို ထိခိုက်ချင်တဲ့ ဘယ်သူမဆို သွေးနဲ့ ရင်းပြီး ပြန်ပေးဆပ်ရလိမ့်မယ်"
ယွိပေါ်၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ စောစောက လင်းယွမ် အလေးပေး ပြောဆိုလိုက်သည်မှာ "စစ်တပ်" ဆိုသည့် စကားလုံး ဖြစ်ပြီး စစ်တပ်က "သိမ်းငှက်အုပ်စု" မဟုတ်ကြောင်းကို သူ သတိထားမိလိုက်သည်။
သူ၏ နောက်ကွယ်မှ ဆိုလိုရင်းက သဘာဝကျကျပင် သူတို့ ချိုးငှက်အုပ်စုပါ အကျုံးဝင်နေခြင်း ဖြစ်သည်။
ယွိပေါ်၏ ရင်ထဲတွင် ရွံရှာမုန်းတီးသည့် စိတ်ခံစားချက်များ ထွက်ပေါ်လာသည်။ ဤလင်းယွမ်ဆိုသူက အမှန်တကယ်ပင် အကောင်းအဆိုးကို နားမလည်သူ ဖြစ်သည်။
သူက အသက်ကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ပြောလိုက်သည်။ "အရင်တလောက ကျွန်တော်တို့ ချိုးငှက်အုပ်စုမှာ ပိုပြီး အရေးကြီးတဲ့ တာဝန်တွေ ရှိနေလို့ ခင်ဗျားတို့ဘက်ကို အာရုံမစိုက်နိုင်ခဲ့တာပါ"
"တကယ်လို့ ခင်ဗျားက ဒီကိစ္စကြောင့် ကျွန်တော်တို့အပေါ် အထင်လွဲနေတာ ဆိုရင်တော့ ကျွန်တော် ပြောစရာ စကားမရှိပါဘူး... ကျွန်တော် ဒီတစ်ခေါက် လာတာက စေတနာမှန်ကို ယူဆောင်ပြီး လာခဲ့တာဆိုတာကိုတော့ ခင်ဗျားကို ကျွန်တော် အာမခံနိုင်ပါတယ်"
လင်းယွမ်က ခေါင်းခါလိုက်သည်။ "ခင်ဗျားရဲ့ စေတနာမှန်ကို ကျွန်တော် မတွေ့ရဘူး... ခင်ဗျားရဲ့ မောက်မာထောင်လွှားနေတဲ့ ဟန်ပန်ကိုပဲ ကျွန်တော် မြင်ရတယ်"
"ခင်ဗျား... ဟမ့်... ခင်ဗျား ဘာလိုချင်တာလဲ" ယွိပေါ်က လေကို ပြင်းပြင်းရှူသွင်းပြီး ဒေါသကို ဖိနှိပ်ကာ မေးလိုက်သည်။
လင်းယွမ်က ခေါင်းခါယမ်းကာ မတ်တတ်ထရပ်လိုက်ပြီး သူ၏ ကိုယ်ပေါ်မှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ဖိအားလှိုင်းတစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာသည်။
ယွိပေါ်က ထိုစွမ်းအင်ဖိအားကို ခံစားလိုက်ရပြီး ရုတ်တရက် မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
တောင်များကို တွန်းလှဲပြီး ပင်လယ်များကို မှောက်ကျစေနိုင်လောက်သည့် ထိုကြောက်မက်ဖွယ် ဖိအားကြီး ဝင်ရောက်လာမှုကြောင့် မသိစိတ်ထဲမှနေ၍ သူ မနေနိုင်ဘဲ နောက်သို့ ခြေတစ်ဝက်ခန့် ဆုတ်လိုက်မိသည်။
သို့သော် ချက်ချင်းပင် သူ သတိပြန်ဝင်လာပြီး အံကိုတင်းတင်းကြိတ်ကာ မူလနေရာတွင် ပြန်လည် ရပ်တန့်လိုက်သည်။
သို့သော် မျက်နှာချင်းဆိုင်ရှိ လင်းယွမ်က တစ်လှမ်းချင်း လျှောက်လာသည်ကို တွေ့လိုက်ရပြီး သူက ပြောလိုက်သည်။ "ကျွန်တော် ဘာလိုချင်တာလဲ ဆိုတာ မဟုတ်ဘူး... ခင်ဗျားရဲ့ နောက်ကွယ်က လူတွေက... တကယ်တမ်း ဘာလိုချင်နေကြတာလဲ"
ဆက်ရန်...
နောက်တစ်အုပ်မှာဆိုရင်တော့ လင်းယွမ်က ဂိုဏ်းကြီး၃ဂိုဏ်းနဲ့သိန်းငှက်အဖွဲ့ကို ဘယ်လိုရင်ဆိုင်မလဲ၊ လင်းယွမ် အမှတ် ၁၀၀ကိုကျော်ပြီး နောက်တစ်ဆင့်ကို တက်သွားပြီလား၊ ချိုးငှက်အဖွဲ့ရဲ့ရည်ရွယ်ချက်ကရောဘာလဲ၊ ဂိုဏ်းကြီးသုံးဂိုဏ်းနဲ့စစ်တပ်ရဲ့ပါတ်သတ်မှုက အဲ့လောက်ရိုးရှင်းပါ့မလား၊ ဘယ်လိုတိုက်ပွဲတွေ စွန့်စားခန်းတွေ ထပ်ကြုံရဦးမလဲ စတာတွေကို ဆက်ပြီးစောင့်မျှော်အားပေးကြပါဦးနော်။