အခန်း (၁၂၇-၁၂၈)
Vol. 12 Ch. 127-128
အပိုင်း (၁၂၇)
ထိုအချိန်၌ တောင်ထိပ်မှ လူတစ်ဦးက အလစ်အငိုက်ဖမ်းကာ မြားတစ်စင်းကို ပစ်လွှတ်လိုက်သည်။
“ရွှီး…”
ထိုသူမှာ မြားပစ်ကျွမ်းကျင်သူ တစ်ဦး ဖြစ်သည်။ သူ၏ မြားက ယွင်ကျုံးဟဲ့ကို အတိအကျ ချိန်ရွယ်ထားပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်၏။ ထိုမြားက အလွန် အန္တရာယ်များလှပြီး ထိမှန်ပါက သေချာပေါက် သေဆုံးပေလိမ့်မည်။
ဟွာမန်လုက ဖားယားနေဆဲတွင် မျက်စိရှေ့၌ တစ်စုံတစ်ခု ပျံသန်းလာသည်ကို မြင်လိုက်ရ၏။
“သခင်လေး…”
ဟွာမန်လုက အော်ဟစ်ကာ ယွင်ကျုံးဟဲ့ဆီသို့ ရူးသွပ်စွာ ခုန်ဝင်သွားပြီး ယွင်ကျုံးဟဲ့ကို မြေပြင်ပေါ်သို့ တွန်းချကာ ကျောက်တုံးကြီး တစ်ခုနောက်သို့ လိမ့်ဝင်သွားတော့သည်။
“ရွှီး…”
ထိုမြားက ဟွာမန်လု၏ ကျောပြင်ကို တိုက်ရိုက် ထိမှန်သွားပြီး အလွန် ပြင်းထန်လှသောကြောင့် သူ့ကို မြေကြီးနှင့် တွဲလျက် စိုက်ဝင်သွားစေခဲ့၏။
ယွင်ကျုံးဟဲ့ လုံးဝ အံ့ဩမှင်တက်သွားရသည်။ ‘နည်းနည်းလေးပဲ… နည်းနည်းလေးပဲ လိုတော့တာ။ ကျုပ် သေတော့မလို့ပဲ။ ဟွာမန်လုကြောင့်သာ မဟုတ်ရင် ကျုပ် သေသွားပြီ။ ဒီမြားပစ်သမားက ဘယ်သူ လွှတ်လိုက်တာလဲ။ ကြိုပုန်းနေတာ ကြာပြီ ဖြစ်ရမယ်။ မော့မိသားစုက မဟုတ်လောက်ဘူး။ ထန်ထိုင်မိသားစုက များလား။’
“ကွမ်တမ်… ကွမ်တမ်… ခင်ဗျားက အသုံးမကျတဲ့ကောင်ပဲ။ တောင်ထိပ်ကနေ ကျုပ်ကို လုပ်ကြံမယ့်သူ ရှိတာကို ခင်ဗျားက ဘာလို့ ကြိုမသိရတာလဲ။” ယွင်ကျုံးဟဲ့က စိတ်ထဲမှ ဒေါသတကြီး အော်ဟစ်လိုက်၏။
အမှတ် (၉) လူနာ ကွမ်တမ်က ပြန်ဖြေလိုက်သည်။ “ဆရာဝန်ကြီး… ကျုပ် အစတည်းက ပြောထားတယ်လေ။ ရုတ်တရက် ဖြစ်လာမယ့် ကိစ္စတွေကို ကြိုတွက်ဖို့ ခက်တယ်လို့။ ကျုပ်က ကွမ်တမ် ကွန်ပျူတာပါ၊ နတ်ဘုရား မဟုတ်ဘူး။ ပြီးတော့ ခင်ဗျားက ကျုပ်ကို စစ်ပွဲအခြေအနေနဲ့ ရာသီဥတုကိုပဲ တွက်ခိုင်းတာ မဟုတ်ဘူးလား။”
ယွင်ကျုံးဟဲ့က သူ့အပေါ် ကျနေသော ဟွာမန်လုကို လှုပ်ယမ်းကာ မေးလိုက်၏။ “သူတောင်းစားကြီး… ဟွာမန်လု… ခင်ဗျား အဆင်ပြေရဲ့လား။ မသေနဲ့နော်… မသေနဲ့နော်။”
ဟွာမန်လုက သွေးတစ်လုတ် အန်ထုတ်လိုက်ပြီးနောက် ပြောလိုက်သည်။ “သခင်လေး ကြည့်ပါ… ကျုပ် ပြောသားပဲ။ ကာကွယ်မယ်၊ မကာကွယ်ဘူး ဆိုတာက စိတ်ဓာတ်ပိုင်းပါလို့။ ဟူး… ဒီထောင့်ကနေ ကြည့်ရတာ သခင်လေးက အရမ်း ချောမောခန့်ညားပြီး ပြိုင်ဘက်ကင်းတာပဲ။ ကျုပ် ဘယ်နှစ်ဘဝလောက် ကုသိုလ်လုပ်ရမလဲ မသိဘူး၊ သခင်လေးရဲ့ ချောမောမှု တစ်ရာပုံ တစ်ပုံလောက် ရဖို့လေ။”
‘သောက်ကျိုးနည်း… ဒီအချိန်ရောက်နေတာတောင် ဖားယားဖို့ မမေ့သေးဘူးလား။’
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ခင်ဗျား မသေနဲ့နော်… မသေနဲ့”
ဟွာမန်လုက နောက်ထပ် သွေးတစ်လုတ် အန်ထုတ်လိုက်ပြီး ပြောလိုက်သည်။ “သခင်လေး… ကျုပ်ကို မလှုပ်ပါနဲ့တော့။ မြားက မြေကြီးထဲ စိုက်နေတာဆိုတော့ လှုပ်လိုက်ရင် ဒဏ်ရာ ပိုကြီးသွားလိမ့်မယ်။ ဒါပေမဲ့ သခင်လေးရဲ့ ဝမ်းနည်းမှုကို ဖော်ပြဖို့ လှုပ်မှ ရမယ်ဆိုရင်လည်း လှုပ်ပါ။ သခင်လေးရဲ့ ပျော်ရွှင်မှုက ကျုပ်ရဲ့ ဆန္ဒပါပဲ။”
ယွင်ကျုံးဟဲ့ ဆွံ့အသွားတော့သည်။ ‘ဒီအချိန်ရောက်နေတာတောင် ဟာသ လုပ်နေသေးတာလား။’
“ခါးကိုတော့ မထိပါစေနဲ့ဗျာ။ ပြည့်တန်ဆာ သွားငှားရင် ငွေတစ်ဝက်ပဲ ပေးရလို့ နာရီဝက်တောင် မကြာရင် ရှုံးမှာစိုးလို့ပါ။” ဟွာမန်လုက နောက်ဆုံးတွင် တောင့်ခံမထားနိုင်တော့ဘဲ သွေးတစ်လုတ် ထပ်အန်ကာ သတိလစ်သွားတော့၏။
ကျင်းကျုံးယွဲ့ဘက်တွင်လည်း တိုက်ပွဲက အပြင်းအထန် ဖြစ်ပွားနေဆဲပင်။
မြို့စား မော့ရယ်က ကျင်းကျုံးယွဲ့ကဲ့သို့ မိန်းမတစ်ယောက်က ဤမျှ ကြမ်းတမ်းလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ချေ။ သူမ ဦးဆောင်သော မြင်းစီးတပ်က မော့မိသားစု၏ စစ်တပ်ကို လုံးဝ ခုခံနိုင်စွမ်း မရှိအောင် ဖိတိုက်နေပြီး တပ်ဖွဲ့တစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားစေခဲ့၏။
ပို၍ ဆိုးရွားသည်မှာ တိုက်ပွဲ ပြင်းထန်လာသည်နှင့်အမျှ စစ်သည်များ၏ အက်ဒရီနယ်လင်း ဟော်မုန်းများ မြင့်တက်လာကာ သွေးလည်ပတ်မှု မြန်ဆန်လာသောကြောင့် အာဆင်းနစ် အဆိပ်သင့် လက္ခဏာများ ပိုမို သိသာလာခြင်းပင် ဖြစ်သည်။
မော့မိသားစု၏ အထူးစစ်သည် အများအပြားမှာ တိုက်ပွဲအတွင်း သွေးအန်ကာ ခေါင်းမူးပြီး မြေပြင်ပေါ်သို့ တိုက်ရိုက် လဲကျသွားကြတော့၏။
‘ဒါက… ရှုံးတော့မှာလား။ လူခြောက်ထောင်နဲ့ လူနှစ်ထောင်ကို တိုက်တာတောင် ရှုံးတော့မှာလား။’
အစစ်အမှန်တရားမှာတော့ ယခုအချိန်တွင် မော့မိသားစု စစ်တပ်၌ လူလေးထောင်ခန့် ကျန်ရှိနေသေးပြီး ကျင်းမိသားစုဘက်မှလည်း လူရာဂဏန်းခန့် ကျဆုံးနေပြီ ဖြစ်၏။ မော့မိသားစု စစ်တပ်က ကျင်းမိသားစုထက် သုံးဆခန့် ပိုများနေဆဲ ဖြစ်သည်။
သို့ပေမည့် ကျင်းကျုံးယွဲ့က အလွန် ကြမ်းတမ်းလွန်းသောကြောင့် မော့မိသားစု၏ စစ်သည် လေးထောင်မှာ စိတ်ဓာတ်ကျဆင်းနေပြီး ကျင်းမိသားစု၏ စစ်သည် တစ်ထောင်ကျော်မှာမူ စိတ်ဓာတ် တက်ကြွကာ ရူးသွပ်စွာ တိုက်ခိုက်နေကြ၏။
မြို့စား မော့ရယ်က စစ်တပ်၏ စိတ်ဓာတ်ကို မြှင့်တင်ရန် ကိုယ်တိုင် ပါဝင်တိုက်ခိုက်ရတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူက လေးလံသော သံချပ်ကာဝတ်စုံကို ဝတ်ဆင်ကာ ဓားရှည်ကြီးတစ်လက်ကို ကိုင်ဆောင်ပြီး မြင်းနီကြီးတစ်ကောင်ကို စီးနင်းလိုက်သည်။
“အားလုံးပဲ… ကျုပ်နောက်က လိုက်ခဲ့ကြ။” မြို့စား မော့ရယ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် သူက မြင်းနီကြီးကို စီးကာ ကျင်းကျုံးယွဲ့ဆီသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။
“သတ်… သတ်… သတ်…”
မိမိတို့၏ မြို့စား ကိုယ်တိုင် ပါဝင်တိုက်ခိုက်သည်ကို မြင်ချိန်မှာတော့ မော့မိသားစု၏ စစ်သည်များလည်း စိတ်ဓာတ်များ ပြန်လည် တက်ကြွလာကာ အစွမ်းကုန် တိုက်ခိုက်ကြတော့၏။
မကြာမီမှာပဲ မော့မိသားစု စစ်တပ်က အရှုံးဘက်သို့ ယိမ်းနေခြင်းကို ရပ်တန့်နိုင်ခဲ့ပြီး တိုက်ပွဲ အခြေအနေက မော့မိသားစုဘက်သို့ ပြန်လည် ယိမ်းယိုင်လာသည်။
မြို့စား မော့ရယ်က မြင်းကို ရူးသွပ်စွာ အရှိန်တင်လိုက်ပြီး သူ၏ ဓားရှည်ကြီးကိုလည်း အမြင့်သို့ မြှောက်ထား၏။
‘ကျင်းကျုံးယွဲ့… မင်းက အချိန်အကြာကြီး တိုက်ခိုက်ခဲ့ပြီး လူတွေ အများကြီး သတ်ခဲ့တယ်ဆိုတော့ မင်းရဲ့ အတွင်းအားတွေ ကုန်ခမ်းနေလောက်ပြီ။ မင်းက ကြမ်းတမ်းပေမဲ့ ကျုပ် မော့ရယ်ကလည်း မင်းထက် မနိမ့်ကျပါဘူး။ ဒီနေ့ မင်း ကျင်းကျုံးယွဲ့ကို ကျုပ်ဓားအောက်မှာ သေစေရမယ်။’
မြို့စား မော့ရယ်က သူ၏ ခွန်အားနှင့် အတွင်းအား အားလုံးကို စုစည်းကာ သေချာပေါက် သတ်ဖြတ်မည့် စိတ်ဓာတ်ဖြင့် ကျင်းကျုံးယွဲ့ဆီသို့ ရူးသွပ်စွာ ပြေးဝင်လာတော့သည်။
ကျင်းကျုံးယွဲ့က ရူးသွပ်စွာ တိုက်ခိုက်နေဆဲဖြစ်ရာ လေးလံသော သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသည့် မြို့စား မော့ရယ် ပြေးဝင်လာသည်ကို မြင်ချိန်မှာတော့ ခေတ္တမျှ ရပ်တန့်သွားပြီး မျက်လုံးကို အနည်းငယ် မှေးကျဉ်းလိုက်၏။
“သေစမ်း… သေစမ်း… သေစမ်း… ဒီနေ့ ကျင်းကျုံးယွဲ့… ကျုပ်ဓားအောက်မှာ သေရမယ်။” မြို့စား မော့ရယ်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ထို့နောက် သူ၏ ဓားရှည်ကြီးက ကျင်းကျုံးယွဲ့ဆီသို့ ပြင်းထန်စွာ ခုတ်ချလာတော့သည်။
လေပြင်းတစ်ချက် တိုက်ခတ်သွားသကဲ့သို့ ကြောက်မက်ဖွယ် အရှိန်အဝါ ပါဝင်နေ၏။ ဤဓားချက်သာ ထိမှန်သွားပါက ကျင်းကျုံးယွဲ့၏ နုနယ်လှသော ကိုယ်လုံးလေးမှာ ပန်းပွင့်လေးများအလား နှစ်ပိုင်း ပြတ်သွားမည်မှာ သေချာနေ၏။
ကျင်းကျုံးယွဲ့က လှံရှည်ဖြင့် ပင့်တင်လိုက်သည်။
“ဒုန်း”
ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး မြို့စား မော့ရယ်၏ ဓားရှည်ကြီးမှာ မီတာဆယ်ဂဏန်းခန့် လွင့်စင်သွားတော့၏။
မြို့စား မော့ရယ်က သူ၏ ဗလာသက်သက် ဖြစ်သွားသော လက်များကို ကြည့်လိုက်ချိန်မှာတော့ လုံးဝ ထုံကျင်သွားပြီး သွေးများ စီးကျနေသည်ကိုသာ မြင်လိုက်ရ၏။ သူ လုံးဝ အံ့ဩမှင်တက်သွားတော့သည်။ ‘ဘာဖြစ်သွားတာလဲ။’
ထို့နောက် ကျင်းကျုံးယွဲ့က လှံရှည်ဖြင့် နောက်တစ်ကြိမ် ထိုးလိုက်ချိန်မှာတော့ ပေါင် သုံးရာကျော် အလေးချိန် ရှိသော သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသည့် မြို့စား မော့ရယ်၏ ခန္ဓာကိုယ်မှာ မီတာဆယ်ဂဏန်းခန့် လွင့်စင်သွားတော့၏။
လေထဲတွင်ပင် မြို့စား မော့ရယ်က သွေးများ ပန်းထုတ်လိုက်သည်။ သူ၏ ရင်ဘတ်ရှိ သံချပ်ကာဝတ်စုံမှာ လုံးဝ ကွဲအက်ချိုင့်ဝင်သွား၏။ အထိုးခံရသော ရင်ဘတ်မှ နံရိုးများ လုံးဝ ကျိုးကြေသွားပြီး သွေးများ ပန်းထွက်နေတော့သည်။
တစ်ကွက်တည်းနှင့် မြို့စား မော့ရယ်မှာ ချက်ချင်း အသတ်ခံလိုက်ရပြီး ခုခံနိုင်စွမ်း လုံးဝ မရှိခဲ့ချေ။
ကျင်းကျုံးယွဲ့က အေးစက်စွာ ပြောလိုက်၏။ “ရှင်က ခွန်အားနဲ့ သိုင်းပညာအကြောင်း ဘာမှ နားမလည်ဘူးပဲ။”
ချက်ချင်းပဲ မော့မိသားစု၏ စစ်တပ်ကြီး လုံးဝ အံ့ဩမှင်တက်သွားကြပြီး မြင်နေရသည့် မြင်ကွင်းကို လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။
သူတို့၏ မြို့စား မော့ရယ်က အလွန် အစွမ်းထက်သူ ဖြစ်ပါလျက်နှင့် တစ်ကွက်တည်းဖြင့် အသတ်ခံလိုက်ရသည်လား။ ဤကျင်းကျုံးယွဲ့က တကယ်ကို တော်လွန်းနေသည်လား။
ဤအချိန်တွင် ကျင်းကျုံးယွဲ့က မော့ရယ် သေပြီဟု အော်ဟစ်သင့်သော်လည်း သူမက ထိုသို့ လုပ်ရန်ပင် စိတ်မဝင်စားချေ။ မြို့စား မော့ရယ်ကို သတ်ပစ်လိုက်ရခြင်းမှာ အသေးအဖွဲ ကိစ္စလေး တစ်ခုအလား သဘောထားကာ သူမ၏ လှံရှည်ကို ဆက်လက် ဝှေ့ယမ်းကာ တိုက်ခိုက်နေတော့၏။
“မြို့စားမင်း သေပြီ… မြို့စားမင်း သေပြီ။” ကျင်းကျုံးယွဲ့ဘက်မှ အော်ဟစ်ရန် မလိုဘဲ မော့မိသားစု၏ စစ်သည်များ ကိုယ်တိုင် အော်ဟစ်နေကြတော့သည်။
ချက်ချင်းပဲ မော့မိသားစု စစ်တပ်၏ စိတ်ဓာတ် လုံးဝ ပြိုကွဲသွားတော့၏။ ခေါင်းဆောင် ကျဆုံးသွားပြီဖြစ်ရာ စစ်တပ်ကြီး တစ်ခုလုံး ခေါင်းဆောင်မဲ့သွားသည်။ ထို့အပြင် အာဆင်းနစ် အဆိပ်သင့်နေသော စစ်သည်များကလည်း အဆိပ်ပြန့်လာကာ တိုက်ပွဲအတွင်း သွေးအန်ပြီး သတိလစ် လဲကျသွားကြတော့၏။
တကယ့်ကို တောင်ကြီး ပြိုကျလာသကဲ့သို့ စစ်တပ်ကြီး ပြိုကွဲသွားတော့သည်။ မော့မိသားစု၏ စစ်တပ်တွင် လူသုံးထောင်ခန့် ကျန်ရှိနေသေးသော်လည်း တိုက်ခိုက်လိုစိတ် လုံးဝ မရှိတော့ဘဲ ဖရိုဖရဲ ထွက်ပြေးကြတော့သည်။
ခံတပ်ပေါ်တွင် စစ်သည် ငါးရာခန့် ကျန်ရှိနေသေးသော်လည်း မော့မိသားစု၏ ထွက်ပြေးလာသော စစ်သည်များက ခံတပ်တံခါးကိုပါ ဖြိုခွင်း၍ ထွက်ပြေးသွားကြတော့၏။
ထွက်ပြေးနေကြသော မော့မိသားစု၏ စစ်သည်များကို ကြည့်ရင်း ကျင်းကျုံးယွဲ့က အေးစက်စွာ ပြုံးလိုက်သည်။ ‘ဒီတိုက်ပွဲ နိုင်သွားပြီ။’
အနည်းငယ် အန္တရာယ်များခဲ့သော်လည်း အားစိုက်ထုတ်စရာ သိပ်မလိုခဲ့ချေ။ အစမှအဆုံးတိုင်အောင် နာရီဝက်ပင် မကြာခဲ့ဘဲ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဤအရာက ကျင်းကျုံးယွဲ့၏ တိုက်ခိုက်ရေး စွမ်းရည်ဖြစ်၏။
“မြို့စားမင်း… သခင်လေး ယွင်အောက်ထျန်း လုပ်ကြံခံရပါတယ်။ တောင်ထိပ်ကနေ မြားပစ်သမားက သခင်လေးကို မြားနဲ့ပစ်နေပါတယ်။” အနီးရှိ စစ်သည်တစ်ဦးက အလောတကြီး လာရောက် သတင်းပို့လိုက်သည်။
ကျင်းကျုံးယွဲ့၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားကာ ကျယ်လောင်စွာ အမိန့်ပေးလိုက်၏။ “စစ်သည်အားလုံး လိုက်လံ တိုက်ခိုက်ပြီး သစ်ရွက်ကြွေနယ်မြေထဲကို ဝင်ကြ။”
“ကောင်းပါပြီ။” တပ်မှူးအချို့က အော်ဟစ်ကာ စစ်သည် တစ်ထောင်ကျော်ကို ဦးဆောင်၍ ဆက်လက် လိုက်လံ တိုက်ခိုက်ကြတော့သည်။
ကျင်းကျုံးယွဲ့က မြင်းကို လှည့်ကာ နောက်ဘက်သို့ ပြန်ပြေးလာသည်။ ထိုအချိန်တွင် မော့မိသားစု၏ သိုင်းပညာရှင် ငါးရာနှင့် သွေးနက်ဂိုဏ်းမှ သိုင်းပညာရှင် တစ်ရာတို့ အပြင်းအထန် တိုက်ခိုက်နေကြဆဲ ဖြစ်၏။ နှစ်ဖက်စလုံး အကျအဆုံး များပြားနေ၏။
ယွင်ကျုံးဟဲ့က မြေပြင်ပေါ်တွင် ဝပ်နေပြီး သွေးများ ထွက်နေသော ဟွာမန်လုက သူ့အပေါ်တွင် ရှိနေကာ ကျောက်တုံးကြီး တစ်ခုနောက်တွင် ပုန်းအောင်းနေကြသည်။
တောင်ထိပ်ရှိ မြားပစ်သမားက ယွင်ကျုံးဟဲ့ကို ပစ်ခတ်ရန် နေရာကောင်း ရှာဖွေလျက် လျင်မြန်စွာ ရွေ့လျားနေ၏။
ကျင်းကျုံးယွဲ့က မြင်းပေါ်မှ ခုန်ဆင်းပြီး ကိုယ်ဖော့သိုင်းပညာဖြင့် ရူးသွပ်စွာ ပြေးသွားရာ ပို၍ပင် မြန်ဆန်နေသည်။
ယွင်ကျုံးဟဲ့ကို ဝိုင်းရံတိုက်ခိုက်နေသော မော့မိသားစု၏ သိုင်းပညာရှင်များက မော့မိသားစု စစ်တပ် ပြိုကွဲသွားပြီး ကျင်းကျုံးယွဲ့ ပြေးလာသည်ကို မြင်ချိန်မှာတော့ လုံးဝ သွေးပျက်သွားကြပြီး ဖရိုဖရဲ ထွက်ပြေးကြတော့၏။
သို့ပေမည့် ကျင်းကျုံးယွဲ့၏ ပစ်မှတ်မှာ သူတို့ မဟုတ်ဘဲ တောင်ပေါ်ရှိ မြားပစ်သမား ဖြစ်သည်။ ဤမတ်စောက်လှသော တောင်ကမ်းပါးယံက ကျင်းကျုံးယွဲ့အတွက် မြေပြန့်လမ်းပေါ်တွင် လမ်းလျှောက်ရ သကဲ့သို့ပင်။ သူမက အနီရောင် မီးတောက်ကြီး တစ်ခုအလား တောင်ပေါ်သို့ တိုက်ရိုက် တက်သွားတော့သည်။
မြားပစ်သမားက သူမကို မြင်ချိန်မှာတော့ အလွန် အံ့ဩသွားပြီး ယွင်ကျုံးဟဲ့ကို ပစ်မှတ်ထားခြင်းမှ ရပ်တန့်ကာ ကျင်းကျုံးယွဲ့ကို ချိန်ရွယ်လိုက်၏။
“ရွှီး… ရွှီး… ရွှီး… ရွှီး…”
မြားဆက်တိုက်ပစ်ခြင်းက ဤမြားပစ်သမား၏ အမြင့်ဆုံး ပညာရပ် ဖြစ်၏။ ကိုးစင်းဆက်တိုက် ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။
ကျင်းကျုံးယွဲ့ကို ချိန်ရွယ်ရုံသာမက သူမ ပြေးလာမည့် လမ်းကြောင်းကိုပါ ကြိုတင် တွက်ချက်ကာ ပစ်လွှတ်လိုက်ခြင်း ဖြစ်၏။
ဤကဲ့သို့သော မြားပစ်ပညာရပ်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ လေခွင်းချိုင့်ဝှမ်းတွင် ဤကဲ့သို့သော မြားပစ်သမား မရှိချေ။
သို့ပေမည့် ကျင်းကျုံးယွဲ့က လုံးဝ မရှောင်ရှားဘဲ ထိုမြားများကို ဝင်ရောက်လာခွင့် ပြုလိုက်၏။ မြားများ အနီးသို့ ရောက်လာချိန်မှာတော့ သူမက လက်တစ်ချက် ဝှေ့ယမ်းကာဖြင့် အားလုံးကို ဖယ်ရှားပစ်လိုက်သည်။
‘သေစမ်း… ကျုပ်ရဲ့ မြားတွေက ဘယ်လောက် မြန်သလဲ။ မျက်စိနဲ့တောင် မမြင်ရလောက်အောင် မြန်တာကို သူက လက်နဲ့ အလွယ်တကူ ဖယ်ရှားလိုက်တာလား။’
ထိုလျှို့ဝှက်ဆန်းကြယ်သော မြားပစ်သမားမှာ လုံးဝ အံ့ဩမှင်တက်သွားပြီး လုပ်ကြံခြင်းကို ချက်ချင်း ရပ်တန့်ကာ တောင်၏ အခြားတစ်ဖက်သို့ ရူးသွပ်စွာ ပြေးဆင်းသွားတော့၏။
ဤမိန်းမက အရူးတစ်ယောက်ဖြစ်ပြီး သိုင်းပညာကလည်း ကြောက်မက်ဖွယ် ကောင်းလောက်အောင် မြင့်မားလွန်းလှသည်။ နောက်ထပ် စက္ကန့်အနည်းငယ် ဆက်နေပါက သူ သေချာပေါက် သေရပေလိမ့်မည်။
မြားပစ်သမားကလည်း မြေပြန့်လမ်းပေါ်တွင် လမ်းလျှောက်ရသကဲ့သို့ လျင်မြန်စွာ ပြေးဆင်းသွားသည်။ ကျင်းကျုံးယွဲ့က တက်နေရပြီး သူက ဆင်းနေရသောကြောင့် အရှိန်ပိုမြန်နေ၏။
မကြာမီ ကျင်းကျုံးယွဲ့က တောင်ထိပ်သို့ ရောက်ရှိသွားပြီး ထိုမြားပစ်သမား တောင်ခါးပန်းသို့ ရောက်နေပြီ ဖြစ်သည်ကို မြင်လိုက်ရသည်။
...............
အပိုင်း (၁၂၈)
ထိုမြင်ကွင်းကို မြင်ချိန်မှာတော့ သူမ အလွန် ဒေါသထွက်သွား၏။ သူမ၏ အကြည့်များက ဘေးရှိ ပေါင်တစ်ထောင်ကျော် အလေးချိန်ရှိသော ကျောက်တုံးကြီး တစ်ခုဆီသို့ ရောက်သွားသည်။ သူမက လှံရှည်ဖြင့် ထိုကျောက်တုံးကြီးကို ပင့်တင်လိုက်၏။
ထို့နောက် လက်နှစ်ဖက်ဖြင့် ထိုပေါင်တစ်ထောင်ကျော် အလေးချိန်ရှိသော ကျောက်တုံးကြီးကို မြှောက်ကာ တောင်ခါးပန်းတွင် ပြေးလွှားနေသော မြားပစ်သမားဆီသို့ ပြင်းထန်စွာ ပစ်ချလိုက်တော့သည်။
‘ကောင်းကင်ဘုံ… သူမရဲ့ ကိုယ်လုံးလေးက ကြွက်သားတွေ အမြုတေတွေ လုံးဝ မရှိဘဲ နုနယ်သိမ်မွေ့တဲ့ မိန်းမလှလေး တစ်ယောက်ရဲ့ ပုံစံမျိုးလေ။ သူမရဲ့ ခန္ဓာကိုယ် ကောက်ကြောင်းတွေက အလွန် ဆွဲဆောင်မှု ရှိပြီး မိန်းမဆန်လွန်းတယ်။ ဒါပေမဲ့ အခုလို ကိုယ့်ထက် အများကြီး ကြီးမားတဲ့ ကျောက်တုံးကြီးကို မြှောက်ပြီး ပစ်ချလိုက်တာက တကယ်ကို ဆန့်ကျင်ဘက် ဆွဲဆောင်မှု ရှိပြီး ညို့ငင်နိုင်စွမ်း ရှိလွန်းတယ်။’
...............................
ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့ဆီသို့ အမြန် ပြေးလာခဲ့သည်။ ထိုနေရာရှိ တိုက်ပွဲက လုံးဝ ပြီးဆုံးသွားပြီ ဖြစ်၏။
သူမက ဟွာမန်လုကို တစ်ချက် ကြည့်ကာ မေးလိုက်သည်။ “သေနိုင်လား။”
ဘေးရှိ သမားတော်က ပြန်ဖြေလိုက်၏။ “မသေနိုင်ပါဘူး။ ခါးကို ဖောက်ထွက်သွားပေမဲ့ ကံကောင်းစွာနဲ့ အရေးကြီးတဲ့ ကလီစာတွေကို မထိသွားပါဘူး။”
ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့ကို လှမ်းကြည့်လိုက်သည်။
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “တိုက်ပွဲ ပြီးသွားပြီလား။”
ကျင်းကျုံးယွဲ့က ခေါင်းညိတ်လိုက်သည်။
ယွင်ကျုံးဟဲ့က အံ့အားသင့်သွား၏။ “ကောင်းကင်ဘုံ… နာရီဝက်တောင် မကြာဘူး။ လူနှစ်ထောင်နဲ့ လူခြောက်ထောင်ကို တိုက်တာ နာရီဝက်တောင် မကြာဘဲ အပြတ်အသတ် နိုင်သွားတယ်ပေါ့။ ဒီတိုက်ခိုက်ရေး စွမ်းရည်က တကယ်ကို ကြောက်စရာ ကောင်းလိုက်တာ။”
ကျင်းကျုံးယွဲ့က အေးစက်စွာ ပြောလိုက်သည်။ “ပိုင်ရှင်မဲ့ နယ်မြေ တစ်ခုလုံးမှာ ကျွန်မ အသိအမှတ်ပြုတဲ့ တိုက်ခိုက်ရေး စွမ်းရည်ရှိသူ သုံးယောက်ပဲ ရှိတယ်။ ထန်ထိုင်မြဲ့မင်၊ ထန်ထိုင်ကျင့်နဲ့ နင်မိသားစု ခေါင်းဆောင်တို့ပဲ။”
ယွင်ကျုံးဟဲ့က အလောတကြီး ပြောလိုက်၏။ “မြို့စားမင်း… မြန်မြန်… မြန်မြန်… သစ်ရွက်ကြွေနယ်မြေထဲ ဝင်ပြီး ဆန်စပါးတွေကို သွားလုရအောင်။ မော့မိသားစုက အဲဒီလောက်များတဲ့ ဆန်စပါးတွေကို ယူသွားနိုင်မှာ မဟုတ်ဘူး။ သေချာပေါက် မီးရှို့ဖျက်ဆီးပစ်လိမ့်မယ်။”
ကျင်းကျုံးယွဲ့၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွား၏။ ထို့နောက် ချက်ချင်း လှည့်ထွက်ကာ မြင်းပေါ်သို့ ခုန်တက်ပြီး စစ်တပ်နောက်သို့ လိုက်သွားတော့သည်။ ယွင်ကျုံးဟဲ့လည်း လန်ပိနှင့် မြင်းတစ်ကောင်တည်း စီးကာ နောက်မှ လိုက်သွားတော့သည်။
ယခုတစ်ကြိမ် တိုက်ပွဲတွင် သစ်ရွက်ကြွေနယ်မြေကို ပြန်လည် သိမ်းပိုက်ရေးက အရေးကြီးသော်လည်း အဓိက အကျဆုံးမှာ ဆန်စပါးများကို ပြန်လည် လုယူရန် ဖြစ်၏။
လေခွင်းချိုင့်ဝှမ်းတွင် ဆန်စပါး လုံးဝ ပြတ်လပ်နေပြီဖြစ်ရာ နောက်ထပ် ရက်အနည်းငယ်ဆိုလျှင် အလုံးစုံ ပျက်စီးသွားတော့မှာဖြစ်သည်။ ဆန်စပါး မရှိလျှင် ကျင်းကျုံးယွဲ့၏ တိုက်ခိုက်ရေး စွမ်းရည် မည်မျှ မြင့်မားနေပါစေ အသုံးဝင်မှာ မဟုတ်ချေ။
မော့မိသားစု၏ စစ်တပ်မှာ ပြိုကွဲသွားပြီး ကျန်ရစ်သော စစ်သည် နှစ်ထောင် သုံးထောင်ခန့်မှာ ရှီးယွီမြို့ဘက်သို့ ရူးသွပ်စွာ ထွက်ပြေးနေကြ၏။ မကြာမီ ရိတ်သိမ်းပြီးသော ဆန်စပါး တင်းပေါင်း တစ်သန်းကျော်မှာ တောင်လို ပုံနေပြီး လုံးဝ သယ်ဆောင်သွားနိုင်မည် မဟုတ်ချေ။
သစ်ရွက်ကြွေနယ်မြေ တစ်ခုလုံးတွင် ဆန်စပါးပုံများ နေရာအနှံ့ ရှိနေပြီး ကောက်ရိုးများဖြင့် အုပ်ထား၏။ နာရီဝက်ခန့် အကြာတွင် ထွက်ပြေးလာသော စစ်သည်များက သစ်ရွက်ကြွေနယ်မြေအတွင်းသို့ ရောက်ရှိသွားကြသည်။
“ရှုံးပြီ… ရှုံးပြီ။”
“ဆန်စပါးတွေကို မီးရှို့… ဆန်စပါးတွေကို မီးရှို့ကြ။”
စာရေးတော်ကြီး ယန်ရွေ့ရှန်က ထွက်ပြေးရင်း အော်ဟစ် အမိန့်ပေးနေ၏။ “မီးရှို့… ဆန်စပါးတွေ အကုန် မီးရှို့ပစ်။”
ထိုစကားကြောင့် လူတိုင်း၏ ရင်ထဲတွင် တုန်လှုပ်သွားကြသည်။ ဤဆန်စပါးများမှာ သူတို့ အပင်ပန်းခံ စိုက်ပျိုးထားရခြင်းဖြစ်ပြီး ချွေးသွေးများစွာ ရင်းနှီးထားရသည် မဟုတ်ပါလား။ ဤဆယ်ရက်ကျော်အတွင်း ရိတ်သိမ်းရသည်မှာလည်း အလွန် ပင်ပန်းလှသည်။
ဤဆန်စပါးများမှာ ဤကဲ့သို့သော အချိန်ကာလတွင် ရွှေထက်ပင် တန်ဖိုးကြီးမားလှ၏။ တင်းပေါင်း တစ်သန်းကျော်သော ဆန်စပါးများက လူတစ်သန်းကို တစ်နှစ်စာ ကျွေးမွေးနိုင်ပေ၏။
“မီးရှို့… မီးရှို့ပစ်။”
စာရေးတော်ကြီး ယန်ရွေ့ရှန်က ဒေါသတကြီး အော်ဟစ်လိုက်၏။ “သယ်မသွားနိုင်ရင် အကုန် မီးရှို့ပစ်။ ကျင်းကျုံးယွဲ့အတွက် တစ်စေ့တောင် မချန်ထားခဲ့နဲ့။ လေခွင်းချိုင့်ဝှမ်းက ဆန်စပါး လုံးဝ ပြတ်လပ်နေပြီ။ ဆန်စပါး မရှိရင် သစ်ရွက်ကြွေနယ်မြေကို ရရင်တောင် လေခွင်းချိုင့်ဝှမ်းက သေချာပေါက် ပျက်စီးသွားမှာပဲ။”
မြို့စား မော့ရယ်မှာ သွေးသံရဲရဲ ဖြစ်နေပြီး သေသည်၊ ရှင်သည် မသေချာသေးရာ ထွက်ပြေးလာသော စစ်သည်များထဲတွင် ယန်ရွေ့ရှန်က အာဏာအရှိဆုံး ဖြစ်နေ၏။ သူက မီးရှို့ခိုင်းလျှင် မီးရှို့ရမည်သာ ဖြစ်သည်။
မော့မိသားစု၏ စစ်သည်များက မျက်ရည်များ ကျကာ အံကြိတ်၍ မီးရှို့လိုက်ကြတော့၏။ ချက်ချင်းပဲ မီးတောက်များ ထတောက်လာသည်။ ဆန်စပါးပုံ တစ်ပုံပြီးတစ်ပုံ မီးလောင်ကျွမ်းလာတော့၏။
မော့မိသားစု၏ စစ်သည်များလည်း ရင်ကွဲမတတ် ခံစားနေကြရသည်။ ဤသည်မှာ အသက်ရှင်သန်ရေးအတွက် အရေးပါသော ဆန်စပါးများ ဖြစ်ရာ မီးရှို့လိုက်ခြင်းက ကောင်းကင်ဘုံ၏ အပြစ်ပေးခြင်းကို ခံရမည်လားဟုပင် စိုးရိမ်နေကြသည်။
နောက်မှ လိုက်လာသော ကျင်းကျုံးယွဲ့နှင့် ယွင်ကျုံးဟဲ့တို့မှာ အဝေးမှ မီးခိုးငွေ့များနှင့် မီးတောက်များကို မြင်တွေ့နေရပြီ ဖြစ်သောကြောင့် မျက်နှာများ ပျက်ယွင်းသွားကြသည်။
မော့မိသားစုက တကယ်ပဲ ဆန်စပါးတွေကို မီးရှို့နေ၏။ ဆန်စပါး မရှိလျှင် လေခွင်းချိုင့်ဝှမ်းက ချက်ချင်း ပျက်စီးသွားပေလိမ့်မည်။
ထို့အပြင် ဤဆန်စပါးပုံများကို ခြောက်သွေ့သော ကောက်ရိုးများဖြင့် အုပ်ထားသောကြောင့် မီးကူးလွယ်ပြီး လုံးဝ ငြိမ်းသတ်၍ ရမည် မဟုတ်ချေ။ လူအင်အားဖြင့် ရေခပ်၍ မီးငြိမ်းသတ်ရန်မှာလည်း လုံးဝ မဖြစ်နိုင်ပေ။
“ပြီးပြီ… အကုန် ပြီးပြီ။”
လန်ပိက တုန်ယင်စွာ ပြောလိုက်၏။ “ဒီဆန်စပါးတွေ မရှိရင် ကျွန်မတို့ လေခွင်းချိုင့်ဝှမ်း ပြီးပြီ။”
စစ်ဗျူဟာမှူး ဇိုအန်က ကောင်းကင်ကို မော့ကြည့်ကာ မျက်ရည်များ ကျလျက် အော်ဟစ်လိုက်သည်။ “ကောင်းကင်ဘုံ… ဘာလို့ ကျုပ်တို့ ကျင်းမိသားစုကို ဒီလို ရက်စက်ရတာလဲ။ အောင်မြင်ခါနီးမှ ပျက်စီးသွားရပြီလား။”
ကျင်းကျုံးယွဲ့ကမူ ဘာကိုမှ အပြစ်မတင်ဘဲ အရှိန်ကို မြှင့်တင်ကာ အမိန့်ပေးလိုက်၏။ “မီးမငြိမ်းနဲ့… မော့မိသားစုက ကျန်တဲ့ ဆန်စပါးတွေကို ဆက်မီးမရှို့နိုင်အောင် သွားတားကြ။ ကျန်တဲ့ ဆန်စပါးတွေကို ကာကွယ်ကြ...”
ထိုအချိန်တွင် ယွင်ကျုံးဟဲ့က စိတ်ထဲမှ ကွမ်တမ်ကို အပြစ်တင်နေမိ၏။ ‘ကွမ်တမ်… ခင်ဗျားက ရာသီဥတုကို တွက်ချက်နေတာ မဟုတ်ဘူးလား။ မိုးရွာတော့မယ်ဆို။ ဘယ်မှာလဲ မိုးက... အရိပ်အယောင်တောင် မတွေ့ရဘူး။’
အမှတ် (၉) လူနာ ကွမ်တမ်က ယွင်ကျုံးဟဲ့၏ ဦးနှောက်ထဲမှ ဖြေလိုက်သည်။ “ဆရာဝန်ကြီး… မစိုးရိမ်ပါနဲ့။ မိုးက အခုချက်ချင်း ရွာတော့မှာပါ။ သည်းထန်တဲ့ မိုးက မီးတွေကို ငြိမ်းသွားစေလိမ့်မယ်။”
“တကယ်လား။”
“တကယ်ပေါ့။”
ယွင်ကျုံးဟဲ့က ကောင်းကင်ကို မော့ကြည့်လိုက်ရာ တိမ်မဲကြီး တစ်အုပ် ရွေ့လျားလာသည်ကို မြင်လိုက်ရ၏။ ဇွန်လ၏ ရာသီဥတုက ကလေးမျက်နှာလိုပဲ၊ ချက်ချင်း ပြောင်းလဲသွားတတ်သည် မဟုတ်ပါလား။
ယွင်ကျုံးဟဲ့က အမြန် လိုက်သွားကာ ပြောလိုက်သည်။ “မြို့စားကျင်း… မစိုးရိမ်ပါနဲ့။ ဒီဆန်စပါးတွေကို ကျုပ်တို့ ကာကွယ်နိုင်ပါတယ်။ ကောင်းကင်ဘုံက ကူညီပေးလိမ့်မယ်။ မယုံရင် ကြည့်နေလိုက်။”
ထို့နောက် ယွင်ကျုံးဟဲ့က နောက်ပြန် စတင် ရေတွက်လိုက်၏။ ဆယ်၊ ကိုး၊ ရှစ်၊ ခုနစ်…
“ဝုန်း… ဝုန်း… ဝုန်း”
ကောင်းကင်တွင် ရုတ်တရက် မိုးကြိုးသံများ ထွက်ပေါ်လာပြီး တိမ်မဲများ အုံ့ဆိုင်းလာကာ လျှပ်စီးများ လက်လာတော့၏။ ထို့နောက် သည်းထန်သော မိုးရေများက သွန်ချလိုက်သကဲ့သို့ ရွာသွန်းလာတော့သည်။
အချိန်တိုလေးအတွင်းမှာပင် မီးလောင်နေသော ဆန်စပါးပုံများ အားလုံး မီးငြိမ်းသွားတော့၏။ မီးမကူးရသေးသော ဆန်စပါးပုံများမှာလည်း ရေစိုသွားသောကြောင့် လုံးဝ မီးရှို့၍ မရနိုင်တော့ချေ။ ဤဆန်စပါးများကို ကာကွယ်နိုင်လိုက်ပြီ ဖြစ်သည်။
ဇိုအန် အလွန် ဝမ်းသာသွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ကောင်းကင်ဘုံမှာ မျက်စိရှိတယ်။ ကောင်းကင်ဘုံက ကျုပ်တို့ကို ကူညီနေပြီ။ ကျုပ်တို့ လေခွင်းချိုင့်ဝှမ်း ကြီးပွားတော့မယ်။”
လန်ပိလည်း ဝမ်းသာလွန်း၍ မျက်ရည်များပင် ကျလာတော့သည်။
“ဟား ဟား ဟား…”
ဇိုအန်က ဆက်လက် ရယ်မောနေ၏။ “ကျုပ်တို့ လုံးဝ အောင်မြင်သွားပြီ။ လုံးဝ အောင်မြင်သွားပြီ။ ကျုပ်တို့ ကျင်းမိသားစုရဲ့ အကျပ်အတည်း လုံးဝ ပြီးဆုံးသွားပြီ။ ဒီနေ့ကစပြီး ကျုပ်တို့ ကျင်းမိသားစုမှာ ဆန်စပါး ပြတ်လပ်တဲ့ ပြဿနာ လုံးဝ မရှိတော့ဘူး။ ဘယ်သူ့ရဲ့ ထိန်းချုပ်မှုကိုမှ ခံစရာ မလိုတော့ဘူး။”
“အောင်မြင်ပြီဟေ့။”
ထိုအချိန်တွင် အားနည်းသော အော်ဟစ်သံလေး တစ်ခု ထွက်ပေါ်လာ၏။ “ဒါတွေ အားလုံးက သခင်လေး ယွင်အောက်ထျန်းရဲ့ ကျေးဇူးတွေပါပဲ။ သခင်လေး ယွင်အောက်ထျန်းက တကယ့် လူစွမ်းကောင်းကြီးပါ။ သခင်လေး ယွင်အောက်ထျန်း အသက်ရာကျော် ရှည်ပါစေ။ အခုကစပြီး ကျုပ်တို့ အားလုံးက သခင်လေး ယွင်အောက်ထျန်းရဲ့ သစ္စာရှိတဲ့ ခွေးတွေပါ။ သခင်လေး ခိုင်းတဲ့အတိုင်း အကုန် လုပ်ပါ့မယ်။”
လူတိုင်း ငြိမ်သက်သွားကာ မလှမ်းမကမ်းရှိ ရထားလုံးလေးဆီသို့ လှမ်းကြည့်လိုက်ကြ၏။ ‘ဟွာမန်လု… ခင်ဗျားက ဒီလောက် ဒဏ်ရာရနေတာတောင် ဖားယားဖို့ မမေ့သေးဘူးလား။’
ကျင်းကျုံးယွဲ့က လှံရှည်ကို ဝှေ့ယမ်းကာ မြင်းစီးသူရဲ ရာဂဏန်းခန့်ကို ဦးဆောင်ပြီး ရူးသွပ်စွာ ပြေးထွက်သွား ပြန်သည်။ မူလက ထွက်ပြေးသွားသော ရန်သူများကို လွှတ်ပေးရန် စဉ်းစားထားသော်လည်း သူတို့က ဆန်စပါးများကို မီးရှို့ရန် ကြိုးစားခဲ့သောကြောင့် အကုန်လုံးကို သတ်ပစ်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။
“သတ်… သတ်… သတ်…”
ကျင်းကျုံးယွဲ့က မြင်းစီးသူရဲများကို ဦးဆောင်ကာ မိုးသည်းထဲတွင် ရူးသွပ်စွာ လိုက်လံ သတ်ဖြတ်နေတော့သည်။ အချိန်တိုလေးအတွင်းမှာပင် မော့မိသားစု၏ ထွက်ပြေးနေသော ရန်သူကို အကုန်အစင် သတ်ဖြတ်ပစ်လိုက်၏။
နှစ်နာရီခန့် အကြာတွင် ကျင်းကျုံးယွဲ့က စစ်တပ်ကို ဦးဆောင်ကာ သစ်ရွက်ကြွေနယ်မြေ၏ ရဲတိုက်အတွင်းသို့ ဝင်ရောက်သွားပြီး ခံတပ်ကို ကာကွယ်နေသော စစ်သည်များကို အလွယ်တကူ ရှင်းလင်းကာ ရဲတိုက်ကို သိမ်းပိုက်လိုက်သည်။
ထိုအချိန်တွင် မိုးလည်း တိတ်သွားပြီး နေမင်းကြီး ပြန်လည် ထွက်ပေါ်လာ၏။
ကျင်းမိသားစု၏ အလံတော်က သစ်ရွက်ကြွေနယ်မြေ၏ ရဲတိုက်ပေါ်တွင် လွင့်ပျံနေပြီ ဖြစ်၏။ ယနေ့မှစ၍ သစ်ရွက်ကြွေနယ်မြေသည် ကျင်းမိသားစု လက်အောက်သို့ ပြန်လည် ရောက်ရှိလာပြီ ဖြစ်သည်။
ကျင်းကျုံးယွဲ့က ရဲတိုက်၏ အမြင့်ဆုံး နေရာတွင် ရပ်နေကာ သူမ၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီမြန်းနေ၏။ “ကျွန်မ လုပ်နိုင်ခဲ့ပြီ။ ကျွန်မ လုပ်နိုင်ခဲ့ပြီ။”
မှန်ပေသည်။ သူမ လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ နှစ် ၅၀ တိုင်တိုင် ဆုံးရှုံးခဲ့ရသော သစ်ရွက်ကြွေနယ်မြေကို သူမက ပြန်လည် ရယူနိုင်ခဲ့ပြီ ဖြစ်၏။
ကျင်းမိသားစု၏ နှစ်ပေါင်းများစွာ ခံစားခဲ့ရသော အရှက်ကွဲမှုများကို လုံးဝ ဆေးကြောနိုင်ခဲ့ပြီ ဖြစ်၏။ မျိုးဆက်နှစ်ဆက်တိုင်တိုင် မစွမ်းဆောင်နိုင်ခဲ့သော တာဝန်ကို သူမက အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။
ဤအချက် တစ်ချက်တည်းနှင့်ပင် ကျင်းကျုံးယွဲ့သည် သမိုင်းတစ်လျှောက် အတော်ဆုံး ကျင်းမိသားစု၏ ခေါင်းဆောင် ဖြစ်လာနိုင်ပေသည်။ မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
လောကတွင် ယှဉ်ပြိုင်ဘက်ကင်းသော အလှတရားပိုင်ရှင် ကျင်းကျုံးယွဲ့သည် ရဲတိုက်၏ အမြင့်ဆုံး နေရာတွင် မလှုပ်မယှက် ရပ်နေ၏။ သူမက ခရမ်းရောင် ဂါဝန်ရှည်လေးကို လဲလှယ် ဝတ်ဆင်ထားသည်။ အလွန် မိန်းမဆန်လှပေသည်။
အခန်းတံခါး ပွင့်လာပြီး ဆီးနှင်းများအလား ဖြူဖွေးနေသော ဝတ်ရုံကို ဆင်မြန်းထားသည့် ချောမောခန့်ညားသော သခင်လေးတစ်ပါး ထွက်ပေါ်လာ၏။ သူ၏ ချောမောမှုက လူတစ်သန်းတွင် တစ်ယောက်သာ ရှိနိုင်သော ချောမောမှုမျိုး ဖြစ်၏။
သူက ယွင်ကျုံးဟဲ့ပင် ဖြစ်၏။ သူ၏ အစစ်အမှန် ရုပ်ရည်ကို ပြန်လည် ဖော်ထုတ်ထားခြင်း ဖြစ်သည်။
သူက ကျင်းကျုံးယွဲ့ရှေ့သို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာပြီး ရင်ဘတ်ထဲမှ သေတ္တာလေး တစ်လုံးကို ထုတ်ယူကာ ဖွင့်ပြလိုက်၏။
အထဲတွင် ကြီးမားသော ပန်းရောင်စိန်ပွင့်ကြီး တစ်ပွင့် တပ်ဆင်ထားသည့် လက်စွပ်တစ်ကွင်း ရှိနေသည်။
ယွင်ကျုံးဟဲ့က ကျင်းကျုံးယွဲ့ရှေ့တွင် ဒူးတစ်ဖက် ထောက်လိုက်ကာ လက်စွပ်ကို ကမ်းပေးရင်း ညင်သာစွာ ပြောလိုက်၏။ “လှပတဲ့ လမင်းလေး၊ ကြမ်းတမ်းတဲ့ လမင်းလေး၊ ဆွဲဆောင်မှုရှိတဲ့ လမင်းလေး၊ အေးစက်တဲ့ လမင်းလေး၊ မာနကြီးတဲ့ လမင်းလေး၊ လျှို့ဝှက်ဆန်းကြယ်တဲ့ လမင်းလေး… ကိုယ့်ကို လက်ထပ်ပါ။”
ထိုလက်ထပ်ခွင့် တောင်းနေသည့် မြင်ကွင်းကို လန်ပိက မတော်တဆ မြင်သွားခဲ့၏။ သူမက ချက်ချင်း ရပ်တန့်ကာ ရလဒ်ကို စောင့်ကြည့်နေတော့သည်။
ထို့နောက် ဒုတိယလူ၊ တတိယလူ၊ စတုတ္ထလူ… လူဆယ်ဂဏန်းခန့်က ဝိုင်းအုံ ကြည့်ရှုနေကြပြီ ဖြစ်၏။
စစ်ဗျူဟာမှူး ဇိုအန်က ဤမြင်ကွင်းကို မြင်ချိန်မှာတော့ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ယွင်အောက်ထျန်း၏ အိုမင်းရုပ်ဆိုးသော အသွင်မှာ အစစ်အမှန် မဟုတ်ကြောင်း သူ သိထားသော်လည်း ယွင်ကျုံးဟဲ့၏ အစစ်အမှန် ရုပ်ရည်ကို မြင်လိုက်ရချိန်တွင်မူ ကြီးမားသော တုန်လှုပ်မှုကို ခံစားလိုက်ရဆဲ ဖြစ်သည်။
အမျိုးသားတစ်ယောက်က ဤမျှအထိ ချောမောနိုင်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ချေ။ တစ်ခုလုံးသော ပိုင်ရှင်မဲ့ နယ်မြေတွင် သူ၏ ရုပ်ရည်နှင့် ယှဉ်ပြိုင်နိုင်သူမှာ ထန်ထိုင်ကျင့် တစ်ဦးတည်းသာ ရှိပေလိမ့်မည်။
တိတိကျကျ ဆိုရလျှင် ထန်ထိုင်ကျင့်က ပို၍ ခန့်ညားပြီး မြင့်မြတ်ကာ အေးစက်မာနကြီးသော အသွင်ရှိ၏။ သို့ပေမည့် ယွင်ကျုံးဟဲ့၏ ရုပ်ရည်ကမူ အလွန် ညို့ငင်နိုင်စွမ်း ရှိပြီး အမျိုးသမီးများထက်ပင် ပို၍ လှပနေကာ မကောင်းဆိုးဝါး တစ်ကောင်၏ ဆွဲဆောင်မှုမျိုး အပြည့်အဝ ရှိနေသည်။
.................