အခန်း (၁၂၉-၁၃၀)
Vol. 12 Ch. 129-130
အပိုင်း (၁၂၉)
အမှန်တကယ်၌ လူအများစု၏ အမြင်တွင် ကျင်းကျုံးယွဲ့နှင့် ထန်ထိုင်ကျင့်တို့မှာ ကောင်းကင်ဘုံက ဖန်တီး ပေးထားသော တကယ့် ဖူးစာရှင်များ ဖြစ်ကြ၏။
သို့ပေမည့် ဤစကားကို ဇိုအန် လုံးဝ ထုတ်ပြောလိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ကျင်းကျုံးယွဲ့က လေခွင်းချိုင့်ဝှမ်း၏ မြို့စား ဖြစ်နေပြီဖြစ်ရာ ထန်ထိုင်ကျင့်ကို လက်ထပ်၍ အခြားမိသားစုသို့ သွားရောက်ရန် လုံးဝ မဖြစ်နိုင်တော့သောကြောင့်ပင်။
ထိုနေရာရှိ လူဆယ်ဂဏန်းခန့်က ဤမြင်ကွင်းကို အာရုံစိုက်ကာ စောင့်ကြည့်နေကြ၏။
ခဏအကြာတွင် ဟွာမန်လုက ပြတင်းပေါက်မှ ခေါင်းပြူထွက်လာကာ သက်ပြင်းချလျက် ပြောလိုက်သည်။ “ကောင်းကင်ဘုံ… အရင်က သခင်လေး ယွင်အောက်ထျန်းရဲ့ အစစ်အမှန် ရုပ်ရည်က လူတစ်သောင်းမှာ တစ်ယောက်ပဲ ရှိတဲ့ အရာမျိုးလို့ ထင်ခဲ့တာ။ ကျုပ် ထင်တာ မှားသွားတာပဲ။ လုံးဝကို မှားသွားတာ။ ဒါက လူသန်းပေါင်း သောင်းချီမှာမှ တစ်ယောက်ပဲ ရှိနိုင်တဲ့ အရာမျိုးပဲ။
သူနဲ့ မြို့စားမင်းနဲ့ အတူတူ ရပ်နေတာကို ကြည့်လိုက်ရင် ကမ္ဘာကြီး တစ်ခုလုံးက အရောင်တွေတောင် မှေးမှိန်သွားသလိုပဲ။ ကျုပ် တစ်သက်လုံး အိမ်ထောင်မပြုတာ မှန်တယ်။ ကျုပ်တို့လို ရုပ်ဆိုးတဲ့သူတွေက အိမ်ထောင်ပြုဖို့ အရည်အချင်းမှ မရှိတာ။ ကျုပ်တို့လို မချောတဲ့သူတွေက တိတ်တိတ်လေးပဲ နေသင့်တယ်။ ကိုယ့်ရဲ့ အသုံးမကျတဲ့ မျိုးစေ့တွေကို ဒီလောကမှာ မချန်ထားခဲ့သင့်ဘူး။”
ချက်ချင်းပဲ လူတိုင်း၏ အကြည့်များက ဟွာမန်လုဆီသို့ ရောက်သွားကြ၏။
ဟွာမန်လုက ဆက်ပြောသည်။ “ကျုပ် ပြောတာ မှားလို့လား။ တကယ်လို့ ဒီလောကကြီးမှာ လင်မယားတိုင်းက သခင်လေး ယွင်အောက်ထျန်းနဲ့ မြို့စားမင်းလို ချောမောလှပနေကြမယ်ဆိုရင် နောက်နှစ်ထောင်ချီကြာတဲ့အခါ ဒီလောကမှာ ရုပ်ဆိုးတဲ့သူဆိုတာ ရှိလာအုံးမလား။
ဒါကြောင့် ကျုပ် အိမ်ထောင်မပြုတာက အလွန် မှန်ကန်ပြီး ဉာဏ်ပညာရှိတဲ့ ရွေးချယ်မှုပဲ။ ကျုပ်မှာသာ သခင်လေး ယွင်အောက်ထျန်းရဲ့ ချောမောမှု တစ်ဆယ်ပုံ တစ်ပုံလောက် ရှိရင်တောင် အိမ်ထောင်ပြုပြီးလောက်ပြီ။ ကျုပ်ရဲ့ မလှပတဲ့ မျိုးရိုးဗီဇကို ကျုပ်မျိုးဆက်မှာတင် အဆုံးသတ်လိုက်တာ လုံးဝ မှန်ကန်တဲ့ လုပ်ရပ်ပဲ။”
ဟွာမန်လုက စကားပြောနေရင်း မျက်နှာများ ရှုံ့မဲ့လာကာ မျက်ရည်များ ကျလာတော့၏။ ဤသည်မှာ အလွန် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်သည်။ သူက သရုပ်ဆောင်နေသကဲ့သို့ ရှိသော်လည်း သရုပ်ဆောင်နေခြင်း မဟုတ်သကဲ့သို့လည်း ရှိ၏။
သူ၏ သရုပ်ဆောင်မှုကို ကြည့်ရင်း ကျော်ကြားသော ဟာသပညာရှင်များဖြစ်သည့် စတီဖင်ချောင် သို့မဟုတ် ဂျင်မ်ကယ်ရီ တို့ကိုပင် သတိရသွားစေသည်။ ဟာသများကို ရူးသွပ်စွာ သရုပ်ဆောင်ပြနေသော်လည်း အတွင်းစိတ်ထဲတွင်မူ နာကျင်မှုနှင့် အဖြစ်ဆိုးများ ပြည့်နှက်နေတတ်သည် မဟုတ်ပါလား။ ကျုပ်က ခင်ဗျားကို ဟာသတစ်ခု ပြောပြမယ်၊ ဒါပေမဲ့ ခင်ဗျား မငိုနဲ့နော် ဆိုသည့် ခံစားချက်မျိုးပင်။
ကျင်းကျုံးယွဲ့က လှည့်ကြည့်ကာ ရထားလုံးထဲရှိ ဟွာမန်လုကို မျက်မှောင်ကြုတ်လျက် တစ်ချက် ကြည့်လိုက်၏။ ‘ရှင် ဇာတ်ဝင်ခန်း လုတာ အရမ်းများနေပြီ။’
ထို့နောက် သူမက ပြန်လှည့်လာကာ ယွင်ကျုံးဟဲ့ကို အချိန်အတန်ကြာ စိုက်ကြည့်ပြီးနောက် မေးလိုက်သည်။ “ရှင် ကျွန်မကို ချစ်လား။”
“ချစ်တယ်။” ယွင်ကျုံးဟဲ့က ဖြေလိုက်၏။
ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “ဘယ်လို ချစ်တာလဲ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေ၏။ “ခင်ဗျားကို မြင်လိုက်တာနဲ့ ခင်ဗျားကို အကြိမ်တစ်ထောင်၊ အကြိမ် တစ်သောင်းလောက် အပိုင်သိမ်းချင်စိတ် ပေါက်လာတယ်။ တစ်လုတ်တည်းနဲ့ မျိုချပြီး အရိုးလေးတောင် မကျန်အောင် စားပစ်ချင်တယ်။”
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “ဒါဆို တကယ် ချစ်တာပဲ။”
ထို့နောက် ကျင်းကျုံးယွဲ့က ဆက်မေး၏။ “ဒါဆို ဘာလို့ ကျွန်မကို ချစ်ရတာလဲ။ ရှင်က မိန်းမပေါင်းများစွာကို ဖျက်ဆီးခဲ့တဲ့သူလေ။ ကျွန်မက ဘာလို့ ဒီလောက် ထူးခြားနေရတာလဲ။ မကြာခင်ကပဲ ရှင်က နင်ချင်းရဲ့ ကုတင်ပေါ်မှာ ရှိနေခဲ့တာလေ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေသည်။ “ဘာလို့လဲဆိုတော့ ကျုပ် ချစ်ခဲ့ဖူးတဲ့ မိန်းမတွေထဲမှာ ခင်ဗျားက အလှဆုံး၊ ခန္ဓာကိုယ် အချိုးအစား အလှဆုံး၊ အာဏာ အကြီးဆုံး၊ သိုင်းပညာ အမြင့်ဆုံး၊ ခြေတံအရှည်ဆုံးနဲ့ အစွမ်းအထက်ဆုံး ဖြစ်နေသလို အကြမ်းတမ်းဆုံးလည်း ဖြစ်နေလို့ပဲ။”
တကယ်ကို ရိုးရှင်းလှသည့် အချစ်ဒဿနပင်။
‘ကျုပ်က ခင်ဗျားရဲ့ အလှအပ၊ ခင်ဗျားရဲ့ ခန္ဓာကိုယ်နဲ့ ခင်ဗျားရဲ့ ငွေကြေးအာဏာတွေကို ချစ်တာ။’
လူငယ်ဆိုတာ ရိုးသားဖို့ လိုသည် မဟုတ်ပါလား။
“အရမ်း ရိုးသားတာပဲ။ ဒါပေမဲ့ ကျွန်မ လိုချင်တဲ့ အဖြေ မဟုတ်ဘူး။”
ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “တခြား စကားတစ်ခွန်းနဲ့ ပြောင်းပြောကြည့်။”
ယွင်ကျုံးဟဲ့က အချိန်အတန်ကြာ စဉ်းစားပြီးနောက် ဖြေလိုက်သည်။ “ခင်ဗျားက ကျုပ်ရဲ့ စွဲလမ်းမှု တစ်ခုပဲ။ ခင်ဗျားကို လက်မထပ်ရဘူးဆိုရင် ကျုပ်ဘဝကြီးက ပြည့်စုံတော့မှာ မဟုတ်ဘူး။ ဒီရည်မှန်းချက်အတွက် ကျုပ် အရာအားလုံးကို ပေးဆပ်ရဲတယ်။ အသက်ကိုတောင် စွန့်ရဲတယ်။ ဘာလို့လဲဆိုတော့ ကျုပ်က အရူးတစ်ယောက် ဖြစ်နေလို့ပဲ။”
ဤအဖြေက သူမကို ကျေနပ်သွားစေပုံ ရ၏။ ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့ကို အချိန်အတန်ကြာ စိုက်ကြည့်ပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်၏။ “အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိတယ်။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “ပြောပါ။”
ကျင်းကျုံးယွဲ့က မေးလိုက်၏။ “ရှင် ကျွန်မအပေါ် သစ္စာရှိမှာလား။ ကျွန်မ ပြောတာက သခင်နဲ့ ကျေးကျွန်ကြားက သစ္စာစောင့်သိမှုကို ပြောတာ မဟုတ်ဘူး။ သံယောဇဉ်ပိုင်းဆိုင်ရာ သစ္စာစောင့်သိမှုကိုလည်း ပြောတာ မဟုတ်ဘူး။ လင်မယားကြားက သစ္စာစောင့်သိမှုကို ပြောတာ။”
‘ကောင်းကင်ဘုံ… ဒီစကားက နားထောင်ရတာ အရမ်း ရှုပ်ထွေးလွန်းတယ်။’
ကျင်းကျုံးယွဲ့က ဆက်ပြောသည်။ “ရှင် ဘာရာထူးပဲ ရှိရှိ ကျွန်မ ဂရုမစိုက်ဘူး။ ဒါပေမဲ့ ရှင် ဘာပဲလုပ်လုပ် ကျွန်မရဲ့ ခံစားချက်နဲ့ အကျိုးစီးပွားကိုတော့ မထိခိုက်စေရဘူး။ ရှင် ကျွန်မကို လက်ထပ်ပြီးသွားရင် ကျွန်မက ရှင့်အတွက် အရေးအကြီးဆုံး လူ ဖြစ်လာရမယ်။ ကျန်တာ အကုန်လုံးက နောက်မှပဲ။ ရှင် လုပ်နိုင်မလား။”
ထိုစကားကြောင့် ယွင်ကျုံးဟဲ့ အနည်းငယ် တုန်လှုပ်သွားရ၏။ ဤစကားက တကယ်ကို နက်ရှိုင်းလွန်းလို့နေ၏။
ယွင်ကျုံးဟဲ့က အချိန်ကြာမြင့်စွာ စဉ်းစားနေမိသည်။ အချိန်အတန်ကြာမှသာ သူက ခေါင်းညိတ်လိုက်၏။ “ကျုပ် လုပ်နိုင်ပါတယ်။”
ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့ကို အချိန်အတန်ကြာ စိုက်ကြည့်ပြီးနောက် နောက်ပြောင်သည့် လေသံဖြင့် မေးလိုက်သည်။ “တကယ်လို့ ကျွန်မက ရှင့်ကို လက်မခံဘူးဆိုရင် ရှင်က ကျွန်မကို သစ္စာဖောက်ပြီး ကျင်းဝူပြန်းကို မြို့စားဖြစ်အောင် တင်မြှောက်မှာလား။ ပြီးရင် ကျွန်မကို သေချင်စိတ်ပေါက်လာအောင် နှိပ်စက်ပြီး အချစ်ကနေ အမုန်းအဖြစ် ပြောင်းလဲသွားအောင် လုပ်မှာလား။”
ဤသည်မှာ ယခင်က ယွင်ကျုံးဟဲ့ လူသိရှင်ကြား ပြောခဲ့ဖူးသော အစီအစဉ်ပင် ဖြစ်သည်။ ယခု ပြန်ကြားရချိန်မှာတော့ အတော်လေး ရယ်စရာ ကောင်းနေ၏။
ယွင်ကျုံးဟဲ့က ရှက်ရွံ့စွာ ပြန်ဖြေ၏။ “ဟူး… လောကကြီးက အမြဲ ပြောင်းလဲနေတာပဲလေ။ အစီအစဉ်တွေ ကလည်း အပြောင်းအလဲတွေကို မမီနိုင်ပါဘူး။”
ကျင်းကျုံးယွဲ့၏ လှပသော မျက်နှာလေးက ချက်ချင်း လေးနက်သွားကာ တစ်လုံးချင်းစီ ပြတ်သားစွာ ပြောလိုက်သည်။ “ကျွန်မ သဘောတူတယ်။ ရှင့်ကို လက်ထပ်မယ်။”
ထို့နောက် သစ်ရွက်ကြွေနယ်မြေ ရဲတိုက်တွင် ကျင်းမိသားစု၏ အရာရှိများကြား ငြင်းခုံဆွေးနွေးပွဲ တစ်ခု အပြင်းအထန် စတင်လာတော့၏။
ငြင်းခုံမှု၏ အဓိက အချက်က အလွန် ရိုးရှင်း၏။ ကျင်းမိသားစုက သစ်ရွက်ကြွေနယ်မြေတွင် စစ်တပ် ချထားသင့်သည်လား။ သစ်ရွက်ကြွေနယ်မြေ အုပ်ချုပ်ရေးရုံးကို ချက်ချင်း ဖွဲ့စည်းပြီး ဤဧရိယာ စတုရန်းကီလိုမီတာ တစ်ထောင့်သုံးရာကို အုပ်ချုပ်သင့်သည်လား။
နွေစပါးကို ရိတ်သိမ်းပြီးပြီဆိုတော့ ဆောင်းစပါးကို ချက်ချင်း စိုက်ပျိုးဖို့ လယ်သမားတွေကို စည်းရုံးသင့်သလား။ သို့ပေမည့် ယခု သစ်ရွက်ကြွေနယ်မြေရှိ လယ်သမားများ အားလုံးက မော့မိသားစု၏ လက်အောက်ခံများ ဖြစ်နေကြရာ သူတို့ကို လေခွင်းချိုင့်ဝှမ်း၏ စာရင်းသွင်း နိုင်ငံသားများအဖြစ် ချက်ချင်း ပြောင်းလဲသင့်သည်လား စသည်ဖြင့် ကိစ္စရပ်ပေါင်းများစွာ ရှိနေ၏။
ဤသစ်ရွက်ကြွေနယ်မြေ ဧရိယာ စတုရန်းကီလိုမီတာ တစ်ထောင့်သုံးရာတွင် လူဦးရေ နှစ်သိန်းကျော် နေထိုင်ကြ၏။ ထိုသူများက မော့မိသားစု၏ လက်အောက်ခံများအဖြစ် နေထိုင်လာခဲ့သည်မှာ နှစ် ၅၀ တိုင်တိုင် ရှိနေပြီ ဖြစ်သည်။
ယုတ္တိဗေဒအရ ဆိုရလျှင် ဤလူနှစ်သိန်းကျော်ကို အားလုံး မောင်းထုတ်ပြီး လေခွင်းချိုင့်ဝှမ်းမှ လူနှစ်သိန်းကို ပြောင်းရွှေ့နေရာချထားသင့်သည်။ သို့ပေမည့် ယခု လေခွင်းချိုင့်ဝှမ်း တစ်ခုလုံးတွင် လူဦးရေ နှစ်သိန်းခွဲခန့်သာ ကျန်ရှိတော့ပြီး လူတစ်သိန်းခွဲခန့်က ထွက်ပြေးသွားကြပြီ ဖြစ်၏။
သို့ပေမည့် ယွင်ကျုံးဟဲ့နှင့် စစ်ဗျူဟာမှူး ဇိုအန်တို့ကမူ သစ်ရွက်ကြွေနယ်မြေကို ပြန်လည်ရရှိကြောင်း သတင်း ပျံ့နှံ့သွားပြီးနောက် ဆန်စပါး တင်းပေါင်း တစ်သန်းကျော်ကို လေခွင်းချိုင့်ဝှမ်းသို့ သယ်ဆောင်သွားသည်ကို မြင်လျှင် ထွက်ပြေးသွားသော ထိုလူတစ်သိန်းကျော်က ပြန်လာကြမည်ဟု ယုံကြည်ထားကြသည်။
သို့ပေမည့် သစ်ရွက်ကြွေနယ်မြေရှိ မူလနေထိုင်သူ နှစ်သိန်းကျော်ကို သူတို့၏ နေအိမ်များမှ မောင်းထုတ်ခြင်းမှာ လူမဆန်သည့် လုပ်ရပ်ဖြစ်ပြီး ဖြစ်နိုင်ခြေလည်း အလွန် နည်းပါးကာ ကြီးမားသော ဆူပူအုံကြွမှုများ ဖြစ်ပေါ်လာနိုင်၏။
နောက်ထပ် ဆွေးနွေးရမည့် အချက်တစ်ခုမှာ သစ်ရွက်ကြွေနယ်မြေရှိ လယ်သမား နှစ်သိန်းကျော်အတွက် ဆန်စပါး ချန်ထားပေးသင့်သည်လား။ ချန်ထားပေးမည်ဆိုလျှင် မည်မျှ ချန်ထားပေးသင့်သနည်း ဆိုသည်ပင် ဖြစ်၏။ ထို့အပြင် ဤသစ်ရွက်ကြွေနယ်မြေ၏ အုပ်ချုပ်ရေးမှူးအဖြစ် မည်သူ့ကို ခန့်အပ်သင့်သနည်း။
ယွင်ကျုံးဟဲ့က အကြံပြုလိုက်သည်။ “ကျုပ်အမြင်ကတော့ ပထမအချက်... စစ်ဗျူဟာမှူး ဇိုအန်က ပင်ပန်းခံပြီး ဒီသစ်ရွက်ကြွေနယ်မြေရဲ့ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူပေးပါ။ ဒုတိယအချက်... အခုလောလောဆယ် သစ်ရွက်ကြွေနယ်မြေမှာ လွတ်လပ်စွာ အုပ်ချုပ်ခွင့်ပြုတဲ့ နည်းလမ်းကို သုံးတာ ပိုသင့်တော်တယ်။
ဒီလယ်ယာမြေ ဧက တစ်သန်းကျော်က အရင်က မော့မိသားစု ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ဒီလယ်သမား နှစ်သိန်းကျော်ကလည်း သီးစားလယ်သမားတွေပဲ။ ဒါကြောင့် ဒီလက်ရှိ အခြေအနေကို မပြောင်းလဲပစ်ပါနဲ့။ ဒီသီးစားလယ်သမားတွေကို မောင်းမထုတ်ပါနဲ့။ သူတို့ရဲ့ ဆန်စပါးတွေကိုလည်း မသိမ်းပါနဲ့။
ဒါပေမဲ့ သူတို့နဲ့ စာချုပ်သစ် ပြန်ချုပ်ဖို့တော့ လိုတယ်။ ဒီလူ နှစ်သိန်းကျော်ကို ဘာမှ မသိလိုက်မသိဘာသာနဲ့ အကူးအပြောင်း ကာလကို ဖြတ်ကျော်သွားစေချင်တယ်။ ဆောင်းစပါး စိုက်ရမယ့်သူက ဆက်စိုက်ပေါ့။ အချုပ်ပြောရရင် သစ်ရွက်ကြွေနယ်မြေက ပိုင်ရှင် ပြောင်းသွားတာ သူတို့နဲ့ သိပ်မဆိုင်ဘူးဆိုတဲ့ အသိမျိုး ပေးထားရမယ်။
တတိယအချက်... သစ်ရွက်ကြွေနယ်မြေမှာ စစ်တပ် ချထားရမယ်။ ဒါပေမဲ့ အများကြီး မလိုဘူး၊ နှစ်ထောင်ဆို လုံလောက်ပြီ။ အဲဒီအထဲမှာ တစ်ဝက်က မြင်းစီးတပ် ဖြစ်ရမယ်။ သစ်ရွက်ကြွေနယ်မြေက ရှားပါးတဲ့ လွင်ပြင်ငယ်လေးဖြစ်လို့ ရဲတိုက်ကို ကာကွယ်နိုင်ရင် အလွယ်တကူ မကျရှုံးနိုင်ဘူး။
ပြီးတော့ မော့မိသားစုက ခေါင်းဆောင်မဲ့နေပြီး ပြည်တွင်းရေး အရှုပ်အထွေးတွေနဲ့ အလုပ်ရှုပ်နေမှာဆိုတော့ အခုလောလောဆယ် သစ်ရွက်ကြွေနယ်မြေကို လာလုဖို့ အင်အား မရှိနိုင်ဘူး။ ဒါကြောင့် ကျုပ်တို့ သတိထားရမှာက တခြား မြို့စားတွေ လာရောက် ဖျက်ဆီးမှာကိုပဲ။ ဒါကြောင့် အလျင်အမြန် လှုပ်ရှားနိုင်တဲ့ မြင်းစီးတပ် လိုအပ်တာပါ။
စတုတ္ထအချက်... အခု လက်ရှိ သစ်ရွက်ကြွေနယ်မြေက အရာရှိ အားလုံးကို ရာထူးကနေ ဖယ်ရှားရမယ်။ အောက်ခြေအရာရှိ အားလုံးကို ဒေသခံ လယ်သမားတွေထဲကနေ ပြန်ရွေးချယ်ပြီး သစ်ရွက်ကြွေနယ်မြေက လူတွေကို သစ်ရွက်ကြွေနယ်မြေကိုပဲ ပြန်အုပ်ချုပ်ခိုင်းရမယ်။ သူတို့ကို အတွင်းပိုင်း သွေးကွဲအောင် လုပ်ရမယ်။
ဒါပေမဲ့ သစ်ရွက်ကြွေနယ်မြေရဲ့ အလယ်အလတ်နဲ့ အဆင့်မြင့် အရာရှိတွေကိုတော့ ကျုပ်တို့ ကိုယ်တိုင် ခန့်အပ်ရမယ်။ ပြီးတော့ ချမ်းသာတဲ့ မြေရှင်တွေနဲ့ အကျင့်ပျက်သူတွေကို နှိမ်နင်းတဲ့ လှုပ်ရှားမှု တစ်ခု စတင်ရမယ်။
ဒီလှုပ်ရှားမှုကနေတစ်ဆင့် မော့မိသားစုအပေါ် သစ္စာရှိတဲ့ ခွေးတွေကို အကုန်လုံး ရှင်းလင်းပစ်ရမယ်။ ပြီးတော့ လယ်သမားတွေ အားလုံးက မော့မိသားစုနဲ့ လမ်းခွဲပြီး ဆန့်ကျင်ဘက် ရပ်တည်လာအောင် လုပ်ရမယ်။ အချိန်တိုအတွင်းမှာ သူတို့က ကျုပ်တို့နဲ့ အကျိုးစီးပွား တူညီသူတွေ ဖြစ်လာအောင် ဖန်တီးရမယ်။”
သစ်ရွက်ကြွေနယ်မြေကို ပြန်လည် သိမ်းပိုက်ခြင်းက ချက်ချင်း ပြီးစီးသွားသော လုပ်ငန်းစဉ် တစ်ခု ဖြစ်၏။ ကျင်းကျုံးယွဲ့က သစ်ရွက်ကြွေနယ်မြေ ရဲတိုက်ကို သိမ်းပိုက်လိုက်သည်နှင့် သစ်ရွက်ကြွေနယ်မြေကို ပြန်လည် ရရှိသွားပြီဟု ဆိုနိုင်ပေသည်။
သို့ပေမည့် သစ်ရွက်ကြွေနယ်မြေကို အုပ်ချုပ်ရန်နှင့် အပြည့်အဝ ပေါင်းစည်းနိုင်ရန်မှာမူ အလွန် ရှည်လျားသော လုပ်ငန်းစဉ် တစ်ခု ဖြစ်၏။
ဤနေရာတွင် အပြန်အလှန် တိုက်ခိုက်မှုများ ရှိလာမည်မှာ သေချာလှသည်။ မည်သို့ပင်ဆိုစေ လွန်ခဲ့သော နှစ် ၅၀ အတွင်း ဤနေရာသည် မော့မိသားစု၏ ပိုင်နက် ဖြစ်ခဲ့သည် မဟုတ်ပါလား။
ဤဧရိယာ စတုရန်းကီလိုမီတာ တစ်ထောင့်သုံးရာတွင် လူနှစ်သိန်းကျော် နေထိုင်ကြရာ ပိုင်ရှင်မဲ့ နယ်မြေတွင် လူဦးရေ အထူထပ်ဆုံး နေရာများထဲမှ တစ်ခု ဖြစ်ပေသည်။
နှစ်တစ်သောင်းဆိုသည်မှာ ကြာလွန်း၏။ လက်ရှိ အချိန်လေးကိုပဲ တန်ဖိုးထားရမည်။ ဤစကားက အလွန် ကောင်းမွန်လှ၏။ သို့ပေမည့် တကယ်တမ်းတွင် ပိုင်ရှင်မဲ့ နယ်မြေအတွက် နှစ်တစ်သောင်း မဆိုထားနှင့်၊ တစ်နှစ်ပင် အချိန်မရှိတော့ချေ။
အင်ပါယာကြီး နှစ်ခုက နယ်စပ်တွင် စစ်သည် တစ်သန်းကျော် စုရုံးထားပြီး ဖြစ်သည်။ အမြင့်ဆုံး နေရာမှ ကြည့်လိုက်လျှင် ပိုင်ရှင်မဲ့ နယ်မြေ တစ်ခုလုံး၏ ကောင်းကင်ယံတွင် တိမ်မဲများ ဖုံးလွှမ်းနေပြီး အချိန်မရွေး လျှပ်စီးလက်ကာ မိုးသည်းထန်စွာ ရွာသွန်းတော့မည့် အသွင် ရှိနေ၏။ ထိုမိုးသည်းထန်မှုကြီးက အရာအားလုံးကို အပြီးတိုင် ဆေးကြောပစ်လိုက်မှာ ဖြစ်သည်။
ဤသည်မှာ နိုင်ငံတစ်နိုင်ငံလုံး ပါဝင်မည့် စစ်ပွဲကြီးဖြစ်ပြီး ယခင်က တစ်ခါမှ မရှိဖူးလောက်အောင် ပြင်းထန်ပေလိမ့်မည်။
ပိုင်ရှင်မဲ့ နယ်မြေရှိ မြို့စားများက တကယ်ကို အင်အားကြီးမားကြပြီး တောရိုင်းဝံပုလွေများအလား ဖြစ်ကြသည်။ သို့ပေမည့် ထိုဝံပုလွေအုပ်ကြီးမှာ အင်ပါယာကြီး နှစ်ခု၏ စစ်ယန္တရားကြီးများရှေ့တွင်မူ ဘာမှ မဟုတ်တော့ဘဲ အသားစများအဖြစ် ကြိတ်ချေခံရမည်သာ ဖြစ်သည်။
အကယ်၍ အင်ပါယာကြီး နှစ်ခုက အနိုင်အရှုံး မပေါ်ဘဲ အထိနာသွားကြပါက ပိုင်ရှင်မဲ့ နယ်မြေအတွက် အခွင့်အရေး အနည်းငယ် ရှိနိုင်သေးသည်။ သို့ပေမည့် တစ်ဖက်ဖက်က အပြတ်အသတ် နိုင်သွားပါက အနိုင်ရရှိသူ၏ စစ်တပ်ကြီးက ပိုင်ရှင်မဲ့ နယ်မြေရှိ မြို့စားများ အားလုံးကို ရေလှိုင်းကြီးအလား တိုက်စားကာ အပြီးတိုင် ရှင်းလင်းပစ်မှာ ဖြစ်၏။
ထို့ကြောင့် ယွင်ကျုံးဟဲ့၏ အမြင်တွင် ယခုတစ်ကြိမ် သစ်ရွက်ကြွေနယ်မြေကို ပြန်လည် သိမ်းပိုက်နိုင်ခြင်း၏ အကြီးမားဆုံး အောင်ပွဲမှာ ဆန်စပါး တင်းပေါင်း တစ်သန်းကျော်ကို လုယူနိုင်ခဲ့ခြင်းပင် ဖြစ်သည်။
သစ်ရွက်ကြွေနယ်မြေကို မည်သို့ အုပ်ချုပ်မည်နည်း ဆိုသည်မှာမူ အင်ပါယာကြီး နှစ်ခု၏ စစ်ပွဲကြီး ပြီးဆုံးပြီး အသက်ရှင်ကျန်ရစ်မှသာ စဉ်းစားရမည့် ကိစ္စ ဖြစ်၏။
သို့ပေမည့် ဤစကားများကို ယွင်ကျုံးဟဲ့က လုံးဝ ထုတ်မပြောရဲချေ။ ယခု သူ၏ တစ်ခုတည်းသော ရည်မှန်းချက်မှာ ကျင်းကျုံးယွဲ့နှင့် အောင်မြင်စွာ လက်ထပ်နိုင်ရေးဖြစ်ပြီး နောက်ပိုင်း၌ သူမကို တာယင်အင်ပါယာလက်အောက်သို့ ဝင်ရောက်လာရန် ဖျောင်းဖျသိမ်းသွင်းရေးပင် ဖြစ်သည်။
.........................
အပိုင်း (၁၃၀)
ဤကိစ္စက အလွန် ခက်ခဲသလို မခက်ခဲဟုလည်း ဆိုနိုင်ပေသည်။ ယခုအချိန်တွင် ကျင်းကျုံးယွဲ့သည် တာယင် အင်ပါယာအပေါ်တွင် ဖြစ်စေ၊ တောင်ပိုင်းကျိုးအင်ပါယာအပေါ်တွင် ဖြစ်စေ အလွန် နက်ရှိုင်းသော အမုန်းတရားများ ရှိနေ၏။
အကြောင်းမှာ ယခင်က အန်းမိသားစု၏ ပုန်ကန်မှု နောက်ကွယ်တွင် တောင်ပိုင်းကျိုးအင်ပါယာက ကြိုးကိုင်ခဲ့ပြီး ယခု မြို့စားကျင်းအဲ့ လေဖြတ်သွားခြင်းမှာလည်း တာယင်အင်ပါယာ၏ လက်ချက်ဖြစ်ရန် အလွန် သေချာနေသောကြောင့် ဖြစ်သည်။ ရန်ငြိုးများက ပင်လယ်အလား နက်ရှိုင်းလှသည်။
ထို့အပြင် တာယင်အင်ပါယာလက်အောက်သို့ ဝင်ရောက်သွားပါက သူမ အနေဖြင့် မှူးမတ်ဘွဲ့ ရရှိမည်မှာ သေချာပြီး မျိုးရိုးစဉ်ဆက် ဆက်ခံခွင့်လည်း ရရှိမှာဖြစ်၏။
သို့ပေမည့် ကိုယ်ပိုင် နယ်မြေကို ဆက်လက် ပိုင်ဆိုင်ခွင့် ရရှိရန်မှာမူ လုံးဝ မဖြစ်နိုင်တော့ချေ။ စတုရန်းကီလိုမီတာ ထောင်နှင့်ချီ ကျယ်ဝန်းသော နယ်မြေမျိုးကို ပိုင်ဆိုင်ရန် ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။
ယွင်ကျုံးဟဲ့ အနေဖြင့် ကျင်းကျုံးယွဲ့အတွက် တောင်းဆိုပေးနိုင်သည်မှာ စစ်တပ်အာဏာ၊ ဂုဏ်သိက္ခာနှင့် အောင်မြင်မှုများသာ ဖြစ်၏။
‘ကျင်းကျုံးယွဲ့… ခင်ဗျားက စစ်တိုက်ရတာကို ကြိုက်တယ် မဟုတ်လား။ စစ်တပ်ကြီးကို ဦးဆောင်ရတာကို ကြိုက်တယ် မဟုတ်လား။
အခု ခင်ဗျား ဦးဆောင်နေရတဲ့ စစ်တပ်က လူတစ်သောင်းပဲ ရှိတာလေ။ တကယ်လို့ တာယင်အင်ပါယာ လက်အောက်ကို ဝင်သွားရင် ခင်ဗျားက စစ်သည် တစ်သိန်း၊ ဒါမှမဟုတ် အဲဒီထက်မကတဲ့ စစ်တပ်ကြီးကို ဦးဆောင်ခွင့် ရမှာ။
အနာဂတ်မှာ ခင်ဗျားက အင်ပါယာရဲ့ အမျိုးသမီး စစ်သူကြီး ဖြစ်လာနိုင်ပြီး ခင်ပွန်းဖြစ်တဲ့ ကျုပ်ကတော့ ဟေးလုံထိုင်ကို ဦးဆောင်တဲ့ ထောက်လှမ်းရေး ဘုရင်ကြီး ဖြစ်လာမှာလေ။ အဲဒီအချိန်ကျရင် ကျုပ်တို့ လင်မယား နှစ်ယောက်က အတွင်းအပြင် ပူးပေါင်းပြီး ရန်သူတွေ အကုန်လုံးကို အမြစ်ပြတ် ချေမှုန်းပစ်လို့ ရပြီပေါ့။’
သေချာသည်မှာ ပုံမှန်အားဖြင့် ဧကရာဇ် တစ်ပါးအနေဖြင့် လင်မယား နှစ်ယောက်အနက် တစ်ယောက်ကို စစ်တပ်အာဏာ ပေးပြီး နောက်တစ်ယောက်ကို ထောက်လှမ်းရေး အာဏာ ပေးမည် မဟုတ်ချေ။ သို့ပေမည့် အနာဂတ်ဆိုသည်မှာ မည်သူက အသေအချာ ပြောနိုင်မည်နည်း။
ကျင်းကျုံးယွဲ့ကို ဖျောင်းဖျသိမ်းသွင်းရန် အခွင့်အရေး တစ်ခု လိုအပ်သည်။ ထိုအခွင့်အရေး ရရှိရန်အတွက် ဦးစွာ လက်ထပ်ရမည် ဖြစ်၏။
လင်မယား ဖြစ်သွားပြီးနောက် ကုတင်ပေါ်တွင် စကားပြောရသည်က အလွယ်ကူဆုံး ဖြစ်ပြီး ဤလောကတွင် ခေါင်းအုံးပေါ်မှ စကားက အစွမ်းအထက်ဆုံး ဖြစ်သည် မဟုတ်ပါလား။
ကျင်းကျုံးယွဲ့က အောင်ပွဲခံကာ ဆန်စပါး အမြောက်အများဖြင့် လေခွင်းမြို့သို့ ပြန်လည် ရောက်ရှိလာချိန်မှာတော့ မြို့တစ်ခုလုံး ပွက်လောရိုက်သွားတော့၏။
သေမင်းတမန်များ ရောက်လာသကဲ့သို့ ခြောက်ကပ်နေသော လေခွင်းမြို့ကြီးက ချက်ချင်းပဲ အသက်ဝင်လာသည်။ ယခင်က ခြောက်ကပ်နေသော လမ်းမများပေါ်တွင် လူများ ချက်ချင်း ပြည့်နှက်သွား၏။ ဤလူများက ဘယ်ကနေ ထွက်လာကြမှန်းပင် မသိရချေ။
လူတိုင်းက အလွန် ဆာလောင်မွတ်သိပ်နေကြပြီး အရိုးပေါ် အရေတင် ဖြစ်နေကြကာ ဆန်စပါးများကို ငတ်မွတ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။
“အားလုံး စိတ်ချကြပါ။ သစ်ရွက်ကြွေနယ်မြေကို ပြန်ရပြီးနောက်ပိုင်း ကျုပ်တို့က နွေစပါး တင်းပေါင်း တစ်သန်းကျော် ရလာခဲ့တယ်။ လေခွင်းချိုင့်ဝှမ်း တစ်ခုလုံး နှစ်နှစ်စာ စားဖို့ လုံလောက်တယ်။ ဒီနေ့ကစပြီး လေခွင်းချိုင့်ဝှမ်းက ပြည်သူတွေ ဘယ်တော့မှ ငတ်မွတ်ခေါင်းပါးမှုနဲ့ ကြုံရတော့မှာ မဟုတ်ဘူး။”
ဟွာမန်လုက ကျယ်လောင်စွာ ကြေညာလိုက်၏။ “ဒါတွေ အားလုံးက မြို့စားမင်းရဲ့ ကျေးဇူးတွေ၊ သခင်လေး ယွင်အောက်ထျန်းရဲ့ ကျေးဇူးတွေဆိုတာ ခင်ဗျားတို့ မှတ်ထားကြ။”
“မြို့စားမင်း အသက်ရာကျော် ရှည်ပါစေ။ သခင်လေး ယွင်အောက်ထျန်း အသက်ရာကျော် ရှည်ပါစေ” ဟွာမန်လုက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
‘သောက်ကျိုးနည်း… ခင်ဗျားက တကယ်ကို နေရာယူတတ်တာပဲ လုတာပဲ။ ပြီးတော့ ခင်ဗျားဗိုက်က ဒဏ်ရာရထားတာလေ။ ဘယ်လိုလုပ်ပြီး အသံက ဒီလောက် ကျယ်နေရတာလဲ။’
သို့ပေမည့် သူ၏ အော်ဟစ်မှုက လေခွင်းမြို့ရှိ ပြည်သူများ၏ စိတ်ဓာတ်ကို လှုံ့ဆော်ပေးနိုင်ခဲ့၏။ တကယ်ပင် လူအများက လိုက်လံ အော်ဟစ်ကြတော့သည်။
“မြို့စားမင်း အသက်ရာကျော် ရှည်ပါစေ။ သခင်လေး ယွင်အောက်ထျန်း အသက်ရာကျော် ရှည်ပါစေ”
ထို့နောက် မြို့တစ်ခုလုံးက လိုက်လံ အော်ဟစ်ကြတော့၏။ ဆန်စပါး ရရှိသွားသောကြောင့် မြို့တစ်ခုလုံး တကယ်ပင် ပြန်လည် အသက်ဝင်လာခဲ့ပြီ ဖြစ်သည်။ လေခွင်းချိုင့်ဝှမ်း တစ်ခုလုံး အသက်ဝင်လာခဲ့ပြီ ဖြစ်၏။
မြို့စားအိမ်တော် ခန်းမကြီးအတွင်းတွင် ကျင်းကျုံးယွဲ့က အမြင့်ဆုံး နေရာတွင် ထိုင်နေပြီး အောက်ဘက်တွင် အရာရှိ နှစ်ဆယ်ကျော်က ဘေးတစ်ဖက်တစ်ချက်စီတွင် ရပ်နေကြသည်။
ပိုင်ယင်ဆားကွင်းကပ်ဘေး ပြီးသည့်နောက်ပိုင်း ဤခန်းမကြီးအတွင်း လူပြည့်သွားသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ မြို့ဘက်ဆိုင်ရာနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများ အားလုံး စုံလင်နေပြီ ဖြစ်၏။
လေခွင်းမြို့ဝန် ဝမ်တောက်ဖူ ဦးဆောင်သော အရာရှိ နှစ်ဆယ်ကျော်က ဦးညွှတ်အရိုအသေပေးကာ ပြောလိုက်ကြသည်။
“ဂုဏ်ပြုပါတယ် မြို့စားမင်း... သစ်ရွက်ကြွေနယ်မြေကို ပြန်လည် ရယူနိုင်ခဲ့ပြီး ကြီးမားတဲ့ အောင်မြင်မှုကြီးကို ရရှိခဲ့တဲ့အတွက် ကျင်းမိသားစုရဲ့ ဘိုးဘေးတွေတောင် ကောင်းကင်ဘုံကနေ ပြုံးနေကြပါလိမ့်မယ်။”
“ဂုဏ်ပြုပါတယ် မြို့စားမင်း… ဂုဏ်ပြုပါတယ် မြို့စားမင်း။”
လေခွင်းမြို့ဝန် ဝမ်တောက်ဖူက ထပ်မံ၍ ဂုဏ်ပြုစကား ဆိုပြန်၏။ “အကယ်၍ မြို့စားဟောင်း ကျင်းအဲ့သာ ကြားနိုင်မယ်ဆိုရင် အလွန် ဝမ်းသာနေမှာ သေချာပါတယ်။ သူက ဆက်ခံသူကို ရွေးချယ်တာ မမှားခဲ့ပါဘူး။ မြို့စားမင်းက မိန်းကလေး ဖြစ်ပေမဲ့ ကျင်းမိသားစု သမိုင်းတစ်လျှောက် အတော်ဆုံး မြို့စား တစ်ဦး ဖြစ်လာနိုင်ပါတယ်။”
ထို့နောက် အခြားသော အရာရှိများကလည်း ဖားယားစကားများ အဆက်မပြတ် ဆိုကြတော့၏။
ကျင်းကျုံးယွဲ့က လူတိုင်း၏ ဂုဏ်ပြုစကားများ ပြီးဆုံးသွားသည်အထိ စောင့်ဆိုင်းနေပြီးနောက် အေးစက်စွာ ပြောလိုက်သည်။ “အခု အရေးကြီးတဲ့ ဆုံးဖြတ်ချက် တစ်ခုကို ကြေညာမယ်။”
ချက်ချင်းပဲ အရာရှိများ အားလုံး ငြိမ်သက်သွားကာ နားစွင့်နေကြ၏။
ကျင်းကျုံးယွဲ့က ဆက်ပြောသည်။ “သေချာ နားထောင်ကြပါ။ ဒါက ဆုံးဖြတ်ချက်ပဲ၊ အမိန့်ပဲ။ ဒါကြောင့် ရှင်တို့ရဲ့ ထောက်ခံမှု ဒါမှမဟုတ် ကန့်ကွက်မှုကို မလိုချင်ဘူး။ ရှင်တို့ဆီက နာခံမှုကိုပဲ လိုချင်တယ်။”
ဤစကားက အလွန် အာဏာရှင်ဆန်လွန်းလှပေသည်။ ထိုနေရာရှိ အရာရှိ နှစ်ဆယ်ကျော်စလုံးက ဦးညွှတ်လိုက်ကြ၏။
ကျင်းကျုံးယွဲ့က ကြေညာလိုက်သည်။ “ကျင်ယီဝေ တတိယတပ်မှူးချုပ် ယွင်အောက်ထျန်းရဲ့ ရာထူးအားလုံးကို ရုပ်သိမ်းကြောင်း ကြေညာတယ်။”
ထိုစကားကြောင့် လူတိုင်း အံ့ဩမှင်တက်သွားကြ၏။
‘ဒီသူတောင်းစားကို ကျုပ်တို့က အထင်သေးတယ် ဆိုပေမဲ့ သူက ဒီလောက် ကြီးမားတဲ့ အောင်မြင်မှုတွေ ရအောင် လုပ်ပေးခဲ့တာလေ။ သစ်ရွက်ကြွေနယ်မြေကို ပြန်ရတာ သူရဲ့ အကြီးမားဆုံး ကြိုးစားမှုကြောင့်ပဲ။ တကယ်ဆို သူ့ကို သစ်ရွက်ကြွေနယ်မြေရဲ့ အုပ်ချုပ်ရေးမှူးအဖြစ် တိုက်ရိုက် ခန့်အပ်သင့်တာ မဟုတ်ဘူးလား။ အခု သူ့ရာထူးတွေ အကုန် ရုပ်သိမ်းလိုက်တယ် ဆိုတော့ သူက အသုံးမဝင်တော့လို့ ဖယ်ရှားခံလိုက်ရပြီလား။ ဒီလုပ်ရပ်က အရမ်း အကျည်းတန်လွန်းနေပြီ။’
ထို့နောက် ကျင်းကျုံးယွဲ့က ဆက်ပြောလိုက်၏။ “ပြီးတော့ ကျွန်မက ယွင်အောက်ထျန်းကို ခင်ပွန်းအဖြစ် လက်ထပ်တော့မယ်။”
ချက်ချင်းပဲ လူတိုင်း လုံးဝ ဆွံ့အသွားကြတော့၏။ လုံးဝ အံ့ဩမှင်တက်သွားကြပြီး ဘာပြန်ပြောရမှန်းပင် မသိတော့ချေ။
‘မြို့စားမင်း… ခင်ဗျားရဲ့ အလှည့်အပြောင်းက အရမ်း ကြမ်းလွန်းတယ်။ လူသေသွားနိုင်တယ်။ စောစောက သူ့ကို အသုံးမဝင်တော့လို့ ဖယ်ရှားလိုက်ပြီ ထင်နေတာ၊ အခု ကိုယ်တိုင် ပါသွားပြီလား။
ယွင်အောက်ထျန်းက ကြီးမားတဲ့ အောင်မြင်မှုတွေ ရခဲ့တယ် ဆိုတာ မှန်ပေမဲ့ တခြားနည်းလမ်းနဲ့ ဆုချလို့ ရတာပဲလေ။ ရာထူးကြီးကြီး ပေးလိုက်တာမျိုးပေါ့။ သူက မိန်းမ လိုချင်တယ်ဆိုရင်လည်း ကွာရှင်းထားတဲ့ ကတိုးမွှေးသခင်မကို ပေးစားလိုက်လို့ ရတာပဲ။ အသက်အရွယ်လည်း တူတယ်လေ။
မြို့စားမင်းက ဘယ်လောက်တောင် မြင့်မြတ်ပြီး လှပတဲ့သူလဲ။ ပြီးတော့ အာဏာကလည်း ရှိသေးတယ်။ တစ်ခုလုံးသော ပိုင်ရှင်မဲ့ နယ်မြေမှာ မြို့စားမင်းနဲ့ ထိုက်တန်တာဆိုလို့ ထန်ထိုင်ကျင့် တစ်ယောက်ပဲ ရှိတာ။ အိုမင်းပြီး ရုပ်ဆိုးတဲ့ သူတောင်းစား တစ်ယောက်ကို လက်ထပ်ဖို့ အထိ ကိုယ့်ကိုယ်ကိုယ် စတေးစရာ လိုလို့လား။
ဒါက ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပစ်တာပဲ။ ဒါက ပန်းပွင့်လေးကို နွားချေးပုံပေါ် တင်လိုက်တာတင် မကဘူး၊ ပန်းပွင့်လေးကို လောက်ကောင်တွေကြားထဲ ပစ်ချလိုက်သလိုပဲ။ ဒါက ဖားပြုတ်က ဟင်္သာကို စားတာမျိုးလောက် မကဘူး။ ဒါက ချေးထိုးပိုးက ကြိုးကြာငှက်ရဲ့ ပါးစပ်ထဲမှာ ချေးသွားထိုးနေသလိုပဲ။’
ကျင်းကျုံးယွဲ့က အေးစက်စွာ ပြောလိုက်၏။ “ကျွန်မ ပြောပြီးပြီလေ။ ဒါက ဆုံးဖြတ်ချက်ပဲ၊ အမိန့်ပဲ။ ဘယ်သူမှ မေးခွန်းထုတ်ခွင့် မရှိဘူး။ မေးခွန်းထုတ်တဲ့သူကို သေဒဏ်ပေးမယ်။ ဇူလိုင်လ ၁၅ ရက်နေ့မှာ ကျွန်မတို့ တရားဝင် လက်ထပ်မယ်။ မြို့စားတိုင်းရဲ့ အိမ်ကို ဖိတ်စာတွေ သွားပို့ကြ။ ကျွန်မနဲ့ ယွင်အောက်ထျန်းရဲ့ မင်္ဂလာပွဲကို မဖြစ်မနေ လာတက်ဖို့ ဖိတ်ကြားလိုက်”
ချက်ချင်းပဲ အရာရှိများ အားလုံး ငိုချင်စိတ် ပေါက်သွားကြတော့သည်။
‘ဇူလိုင်လ ၁၅ ရက်နေ့ လက်ထပ်မယ် ဟုတ်လား။ ကျုပ်တို့ မှတ်ဉာဏ် မမှားဘူးဆိုရင် အဲဒီနေ့က သရဲတစ္ဆေပွဲတော်နေ့ မဟုတ်ဘူးလား။ ပြီးတော့ ဒီမင်္ဂလာပွဲကို ပိုင်ရှင်မဲ့ နယ်မြေ တစ်ခုလုံးကို အသိပေးရမယ်။ မြို့စားတိုင်းကို လာတက်ခိုင်းရမယ်တဲ့လား။
ဒီလောက် အိုမင်းပြီး ရုပ်ဆိုးတဲ့ သူတောင်းစား တစ်ယောက်ကို လက်ထပ်တာ တကယ်ကို ကြီးမားတဲ့ အရှက်ကွဲမှု တစ်ခုပဲ။ တိတ်တိတ်လေး လက်ထပ်ရင်တောင် တော်သေးတယ်။ အခုက တစ်လောကလုံး သိအောင် ကြေညာရမယ်တဲ့လား။ ပိုင်ရှင်မဲ့ နယ်မြေ တစ်ခုလုံး၊ တစ်လောကလုံးရှေ့မှာ အရှက်ကွဲခံမလို့လား။
ဒီတစ်ခါတော့ ကျုပ်တို့ လေခွင်းချိုင့်ဝှမ်းက တစ်လောကလုံးရဲ့ ရယ်စရာ ဖြစ်သွားတော့မှာပဲ။ ဘာလို့လဲ။ ဘာလို့ ဒီလို လုပ်ရတာလဲ။ မြို့စားမင်းက ဘာလို့ ဒီလောက်တောင် အတွေးအခေါ်မရှိ ဖြစ်နေရတာလဲ။ လမ်းမပေါ်က ယောက်ျားတစ်ယောက်ကို ကျပန်း ဆွဲခေါ်လာရင်တောင် ယွင်အောက်ထျန်းဆိုတဲ့ သူတောင်းစားထက် အဆပေါင်း ထောင်ချီ ကောင်းနေအုံးမယ်။’
ကျင်းကျုံးယွဲ့ မျက်နှာထား တင်းမာသွားပြီး မေးလိုက်၏။ “ရှင်တို့ ကြားကြလား။ သွားမလုပ်ကြသေးဘူးလား။”
“ကောင်းပါပြီ။” တစ်ခန်းလုံးရှိ လူတိုင်းက ဦးညွှတ်လိုက်ကြပြီး သူတို့၏ အသံများက အလွန် ခါးသက်နေကြ၏။
လောကတွင် ပြိုင်ဘက်ကင်းသော အလှတရားပိုင်ရှင်လေး တစ်ဦး ပျက်စီးသွားပြီဟု ခံစားနေကြရသည်။ ယွင်အောက်ထျန်းကဲ့သို့သော အမျိုးသားကို လက်ထပ်ရခြင်းမှာ အတူတူ အိပ်ရမည်ကို မဆိုထားနှင့်၊ လက်ထပ်ရုံနှင့်တင် လုံးဝ ပျက်စီးသွားပြီဟု ဆိုနိုင်ပေသည်။
ထို့နောက် ရက်များအတွင်း လေခွင်းချိုင့်ဝှမ်းမှ သံတမန်များက ဖိတ်စာများကို ကိုင်ဆောင်ကာ ပိုင်ရှင်မဲ့ နယ်မြေ တစ်ခုလုံးသို့ ဖြန့်ဝေကြတော့၏။ မြို့စားတိုင်း၊ ချမ်းသာသော မိသားစုတိုင်းထံသို့ ဖိတ်စာများ ရောက်ရှိ သွားကြသည်။ စုစုပေါင်း ဖိတ်စာ ရာချီ ပေးပို့ခဲ့၏။
ဇူလိုင်လ ၁၅ ရက်နေ့တွင် လေခွင်းချိုင့်ဝှမ်းမှ ယွင်အောက်ထျန်းနှင့် ကျင်းကျုံးယွဲ့တို့ လက်ထပ်မည် ဖြစ်ကြောင်းနှင့် လာရောက် ချီးမြှင့်ပါရန် ဖိတ်ကြားထားသည်။
ချက်ချင်းပဲ ပိုင်ရှင်မဲ့ နယ်မြေ တစ်ခုလုံး ပွက်လောရိုက်သွားတော့၏။ လူတိုင်းမှာ အံ့ဩလွန်း၍ တစ်ကိုယ်လုံး တုန်ယင်သွားကြသည်။ ဤသတင်းက ကျင်းမိသားစု သစ်ရွက်ကြွေနယ်မြေကို ပြန်လည်ရရှိခဲ့သည့် သတင်းထက်ပင် အဆပေါင်းများစွာ ပို၍ တုန်လှုပ်ဖွယ် ကောင်းနေ၏။
ကျင်းကျုံးယွဲ့ ဆိုသည်မှာ မည်သူနည်း။ ပိုင်ရှင်မဲ့ နယ်မြေ၏ နံပါတ်တစ် မိန်းမမြို့စား၊ နံပါတ်တစ် အလှမယ်၊ နံပါတ်တစ် အမျိုးသမီး သိုင်းပညာရှင်ဖြစ်ပြီး ဘုရင်မ တစ်ပါးလို ပုဂ္ဂိုလ်မျိုးဖြစ်သည်။
လောကရှိ ပြိုင်ဘက်ကင်းသော အလှတရားပိုင်ရှင်လေးဖြစ်ပြီး ပိုင်ရှင်မဲ့ နယ်မြေ တစ်ခုလုံးမှာ ထန်ထိုင်ကျင့် တစ်ယောက်တည်းကသာ သူမနှင့် ထိုက်တန်၏။
ယွင်အောက်ထျန်း ဆိုသည်မှာ မည်သူနည်း။ လမ်းဘေးက သူတောင်းစား၊ လူမိုက်၊ အိုမင်းပြီး ရုပ်ဆိုးသည့်လူ၊ လှည့်ကွက်များနှင့် လူများကို လိမ်လည်နေသည့် လမ်းဘေးဗေဒင်ဆရာ တစ်ယောက်ဖြစ်သည်။
‘ဒီနှစ်ယောက်က တကယ်ကို ကောင်းကင်နဲ့ မြေကြီးလို ကွာခြားလွန်းတယ်။ ဒီလက်ထပ်ပွဲက တကယ်ကို စိတ်ပျက်စရာ ကောင်းလွန်းတယ်။ ကျုပ် ကန့်ကွက်တယ်။
ကျုပ် ကန့်ကွက်တယ်။
ကျုပ် ကန့်ကွက်တယ်။’
ဤသတင်းကို ကြားရတဲ့သူတိုင်း၏ ရင်ထဲမှာ အော်ဟစ်နေကြသည့် စကားလုံးများပင်။
အထူးသဖြင့် အမျိုးသားတိုင်း၏ ရင်ထဲတွင် သွေးထွက်မတတ် နာကျင်နေကြရ၏။
‘ကျင်းကျုံးယွဲ့ဆိုတာ ဘယ်သူကမှ မမှန်းရဲတဲ့ နတ်သမီးလေး တစ်ပါးလေ။ ဒီလို အိုမင်းရုပ်ဆိုးပြီး ညစ်ပတ်နေတဲ့ သူတောင်းစား တစ်ယောက်ကို လက်ထပ်ရမယ်ဆိုတော့ ဒီလောကကြီးက တကယ်ကို ရူးသွပ်လွန်းနေပြီ။’
ယွင်ကျုံးဟဲ့၏ အစစ်အမှန် ရုပ်ရည်ကို သိရှိသူ အလွန် နည်းပါးသည် မဟုတ်ပါလား။
ချောမောခန့်ညားလှသော ထန်ထိုင်ကျင့်က ဤသတင်းကို ကြားချိန်မှာတော့ မျက်နှာပေါ်တွင် မည်သည့် အမူအရာမှ မပြသဘဲ တုံ့ပြန်မှု လုံးဝ မရှိခဲ့ချေ။
သို့ပေမည့် သူ လျှောက်သွားသော လမ်းတစ်လျှောက်ရှိ ကျောက်ပြားများ အားလုံး ကွဲအက်သွားကြ၏။ သူ ထိုင်ခဲ့သော ကုလားထိုင်များ အားလုံးလည်း ကျိုးပဲ့သွားကြသည်။
သူက ခြံဝင်းတစ်ခုအတွင်းသို့ ဝင်ရောက်သွား၏။ နာရီဝက်ခန့် အကြာတွင် ထိုခြံဝင်းအတွင်းရှိ အရာအားလုံး အမှုန့်ဖြစ်သွားတော့သည်။ ပန်းခြံများ၊ မဏ္ဍပ်များ အားလုံး အပျက်အစီးများ ဖြစ်သွားကြ၏။
ထိုနေရာရှိ ရှားပါး တိရစ္ဆာန်များ အားလုံးလည်း အလောင်းများ ဖြစ်သွားကြ၏။ တမင် သတ်ပစ်ခြင်း မဟုတ်ဘဲ ထန်ထိုင်ကျင့် ဒေါသထွက်ချိန်တွင် ပေါက်ကွဲထွက်လာသော အတွင်းအားများကို မခံနိုင်သောကြောင့် သေဆုံးသွားကြခြင်း ဖြစ်သည်။
ထန်ထိုင်ကျင့်က ခြံဝင်းထဲမှ ပြန်ထွက်လာချိန်မှာတော့ ယခင်ကဲ့သို့ပင် မည်သည့် အမူအရာမှ မရှိဘဲ တည်ငြိမ်အေးချမ်းနေပြန်၏။
.................