အခန်း (၁၃၁-၁၃၂)
Vol. 12 Ch. 131-132
အပိုင်း (၁၃၁)
အချိန်တွေက ရေစီးသလို မြန်ဆန်စွာ ကုန်ဆုံးသွား၏။ လဝက်ကျော် ကြာမြင့်သွားပြီးနောက် ဇူလိုင်လ ၁၅ ရက်နေ့သို့ တရားဝင် ရောက်ရှိလာခဲ့သည်။
ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့တို့၏ မင်္ဂလာပွဲ တရားဝင် စတင်တော့မှာ ဖြစ်သည်။ မြို့စားအိမ်တော် တစ်ခုလုံးတွင် မီးပုံးများ ချိတ်ဆွဲထားကာ အလှဆင်ထား၏။ လေခွင်းမြို့ တစ်ခုလုံးမှာလည်း ညဘက်တွင်ပင် လင်းထိန်နေသော မြို့တော်ကြီး ဖြစ်သွား၏။
ဤသည်မှာ လေခွင်းမြို့ရှိ ပြည်သူများက သူတို့ဆန္ဒအလျောက် လုပ်ဆောင်ခြင်း မဟုတ်ချေ။ တကယ်တမ်း၌ သူတို့လည်း ရင်ကွဲမတတ် နာကျင်နေကြရသည်။
လောကတွင် ပြိုင်ဘက်ကင်းသော မြို့စားကျင်းကျုံးယွဲ့က အိုမင်းရုပ်ဆိုးသော သူတောင်းစား တစ်ယောက်ကို လက်ထပ်ရမည် ဆိုသည်မှာ လူတိုင်းကို နာကျင်စေ၏။
ဤမြို့တစ်ခုလုံး လင်းထိန်နေအောင် မီးထွန်းထားခြင်းမှာ ဖားယားတတ်သော ဟွာမန်လု၏ လက်ချက်ပင် ဖြစ်သည်။
သခင်လေး ယွင်အောက်ထျန်းနှင့် မြို့စားမင်းတို့အတွက် ပြီးပြည့်စုံပြီး တစ်သက်လုံး မေ့မရနိုင်သော မင်္ဂလာပွဲကြီး တစ်ခုကို ဖန်တီးပေးရမည်ဟု သူက ပြော၏။
ထို့ကြောင့် သူက လေခွင်းမြို့ရှိ အိမ်တိုင်းတွင် အနီရောင် မင်္ဂလာစာတမ်းများ လိုက်ကပ်ခိုင်းခဲ့သည်။ ထိုမျှမက ဤသုံးရက်အတွင်း လေခွင်းမြို့ရှိ ပြည်သူတိုင်း စကားပြောတိုင်း ဂုဏ်ပြုပါတယ် ဟူသော စကားကို ထည့်ပြောရမည်ဟု စည်းကမ်းထုတ်ထားသေးသည်။
ကျင်ယီဝေနှင့် သွေးနက်ဂိုဏ်းမှ ထောက်လှမ်းရေးများက သာမန် ပြည်သူများအသွင် ဟန်ဆောင်ကာ လိုက်လံ စောင့်ကြည့်နေပြီး ထိုသို့ မပြောသူများကို ချက်ချင်း ကြိမ်ဒဏ် သုံးချက်ပေးမှာဖြစ်၏။
ထို့ကြောင့် လေခွင်းမြို့ရှိ လူတိုင်းက စကားမပြောမီ လက်သီးဆုပ်ကာ ဂုဏ်ပြုပါတယ် ဟု ပြောရပြီး တစ်ဖက်လူကလည်း ထပ်တူ ဂုဏ်ပြုပါတယ်ဟု ပြန်ပြောရ၏။ ဖားယားမှုက ဤအဆင့်အထိ ရောက်နေခြင်းမှာ ယခင်က တစ်ခါမှ မရှိခဲ့ဖူးပေ။
သူက လေခွင်းမြို့ရှိ မြင်းတိုင်း၊ မြည်းတိုင်း၏ ခေါင်းပေါ်တွင်ပင် အနီရောင် စက္ကူပန်းများ တပ်ဆင်ပေးရန် စီစဉ်ထားသေး၏။ ထို့အပြင် သူ၏ ဖားယားမှုများက အချည်းနှီး မဖြစ်ခဲ့ချေ။ ယခု သူသည် ကျင်ယီဝေ၏ တတိယ တပ်မှုးချုပ် ရာထူး ရရှိနေပြီဖြစ်ပြီး ယွင်ကျုံးဟဲ့၏ ယခင် ရာထူးကို ရရှိထားခြင်း ဖြစ်သည်။
သို့ပေမည့် သူက ရာထူးကို လုံးဝ ဂရုမစိုက်ကြောင်းနှင့် သူ၏ တစ်သက်တာ ရည်မှန်းချက်မှာ သခင်လေး ယွင်အောက်ထျန်း၏ အစေခံ ခွေးတစ်ကောင် ဖြစ်ရန်သာ ဖြစ်ကြောင်း ပြောနေ၏။
ထိုစကားအတိုင်းလည်း သူ တကယ် လုပ်ဆောင်နေသည်။ ကျင်ယီဝေ ရုံးသို့ တစ်ရက်မှ မသွားဘဲ နေ့စဉ်နှင့်အမျှ ယွင်ကျုံးဟဲ့အတွက်သာ အလုပ် လုပ်ပေးနေ၏။ ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့တို့၏ မင်္ဂလာပွဲအတွက် အစွမ်းကုန် ကြိုးပမ်းပေးနေခြင်း ဖြစ်သည်။
ဤသို့သော ယွင်အောက်ထျန်းနှင့် ကျင်းကျုံးယွဲ့တို့၏ မင်္ဂလာပွဲက ပိုင်ရှင်မဲ့ နယ်မြေ တစ်ခုလုံးကိုသာမက တာယင်အင်ပါယာနှင့် တောင်ပိုင်းကျိုးအင်ပါယာ၏ အချို့နေရာများကိုပါ တုန်လှုပ်သွားစေခဲ့၏။
လောကတွင် ပြိုင်ဘက်ကင်းသော မိန်းမမြို့စား ကျင်းကျုံးယွဲ့က အိုမင်းရုပ်ဆိုးသော သူတောင်းစား တစ်ယောက်ကို လက်ထပ်မည်ဆိုသည်ကို လူတိုင်းက သိရှိသွားကြသည်။
မင်္ဂလာပွဲ နေ့တွင် ပိုင်ရှင်မဲ့ နယ်မြေရှိ မြို့စားများ အားလုံးနှင့် ချမ်းသာသော မိသားစုများ အားလုံး တက်ရောက် လာကြ၏။ အခြားသော ဧည့်သည်များနှင့် ပေါင်းလိုက်လျှင် လူထောင်ပေါင်းများစွာ ရှိပေသည်။ ဤမြင်ကွင်းက ယွင်ကျုံးဟဲ့နှင့် မော့ချိုတို့၏ သိုင်းပြိုင်ပွဲထက်ပင် ပို၍ စည်ကားနေ၏။
ထို့အပြင် ဘဏ္ဍာရေး အကျပ်အတည်းကို ဖြေရှင်းရန်အတွက် ယွင်ကျုံးဟဲ့က ဟွာမန်လုကို ညွှန်ကြားကာ မြို့စားအိမ်တော် အဝင်ဝတွင် စားပွဲတစ်လုံး ချထားပြီး လက်ဖွဲ့ငွေ လက်ခံရာ နေရာဟု ရေးထားစေခဲ့သည်။ မင်္ဂလာပွဲကို အကြောင်းပြကာ ငွေရှာနေခြင်းပင်။
တကယ်ကို အရှက်မရှိတဲ့ လုပ်ရပ်ဖြစ်၏။ သို့ပေမည့် တကယ်လည်း အလုပ်ဖြစ်ခဲ့၏။ မည်သည့် ချမ်းသာသော မိသားစု၊ မည်သည့် မြို့စားကမှ လက်ဗလာဖြင့် မလာရဲကြချေ။
လက်ဖွဲ့ငွေချည်းသက်သက် ငွေတုံး သုံးသိန်းကျော် ရရှိခဲ့ရာ ဘဏ္ဍာရေး အကျပ်အတည်းကို အနည်းငယ် ဖြေရှင်းနိုင်ခဲ့သည်။
ညဘက်သို့ ရောက်ချိန်မှာတော့ မီးရောင်များ လင်းထိန်လာ၏။ ဧည့်သည်များ အားလုံး ရောက်ရှိနေကြပြီ ဖြစ်သည်။ ခန်းမကြီး တစ်ခုလုံးက သတို့သားနှင့် သတို့သမီး ထွက်လာမည့် အချိန်ကို စောင့်ဆိုင်းနေကြ၏။
ဧည့်သည် ထောင်ပေါင်းများစွာက ဤအလွန် စည်ကားသော မင်္ဂလာပွဲကြီးကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှု ကြတော့မှာဖြစ်သည်။
ယွင်အောက်ထျန်းနှင့် ကျင်းကျုံးယွဲ့တို့ ကန်တော့ကြမည့် မြင်ကွင်းကို စောင့်ကြည့်နေကြ၏။ အလှဆုံး သတို့သမီးနှင့် အရုပ်ဆိုးဆုံး သတို့သားကို ကြည့်ရှုကြရပေတော့မည်။
ပိုင်ရှင်မဲ့ နယ်မြေ တစ်ခုလုံးရှိ မြို့စားများ၊ ချမ်းသာသော မိသားစုများ အားလုံးက မျက်လုံးများ ပြူးကျယ်ကာ စောင့်ကြည့်နေကြ၏။
ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့တို့ ထွက်ပေါ်လာမည့် အချိန်ကို စောင့်ဆိုင်းကာ ပိုင်ရှင်မဲ့ နယ်မြေ၏ အကြီးမားဆုံးသော ဟာသကြီး၊ ယုတ္တိအကင်းမဲ့ဆုံးသော မင်္ဂလာပွဲကြီးကို ကြည့်ရှုရန် ပြင်ဆင်နေကြသည်။
ထိုအချိန်တွင် ယွင်ကျုံးဟဲ့က မှန်ရှေ့တွင် ရပ်နေပြီး ရွှီအန်းထင်က သူ့ကို အဝတ်အစားများ သေချာစွာ ဝတ်ဆင်ပေးနေ၏။
မှန်ထဲရှိ အမျိုးသားက အလွန် ချောမောခန့်ညားပြီး တောက်ပနေသည်။ တကယ့်ကို လူတစ်သန်းတွင် တစ်ယောက်သာ ရှိနိုင်သော အလှမျိုး ဖြစ်၏။ အလွန် ချောမောသော အမျိုးသား တစ်ဦးပင်။
လန်ပိက ဝင်လာပြီး ယွင်ကျုံးဟဲ့ကို ငွေရောင် မျက်နှာဖုံးတစ်ခု ကမ်းပေးကာ ပြောလိုက်၏။ “မျက်နှာဖုံး တပ်ထားလိုက်။ ပြီးရင် လူတိုင်းရှေ့ရောက်မှ ချွတ်ပြလိုက်။ မြို့စားမင်းက ပြောတယ်။ ဒီည ရှင်က လူတိုင်းကို မျက်စိပြာသွားအောင် မလုပ်နိုင်ရင်၊ ရှင်က တခြားယောက်ျား အားလုံးထက် ပိုမချောဘူးဆိုရင် ရှင့်ကို အသေသတ်မယ်တဲ့။”
ယွင်ကျုံးဟဲ့က သက်ပြင်းချလိုက်သည်။ “ခင်ဗျားတို့ မြို့စားမင်းက အရမ်း ရိုင်းစိုင်းပြီး ရက်စက်လွန်းတယ်။ ကျုပ်ရဲ့ ဒီပြိုင်ဘက်ကင်းတဲ့ ချောမောမှုက လောကက ယောက်ျားတွေ အားလုံးကို စိတ်ပျက်သွားစေလိမ့်မယ်။”
ထို့နောက် ယွင်ကျုံးဟဲ့က ငွေရောင် မျက်နှာဖုံးကို ဝတ်ဆင်လိုက်၏။
........................
မြို့စားအိမ်တော် ခန်းမကြီးအတွင်းတွင် အရာအားလုံး ပြင်ဆင်ပြီးစီးနေပြီ ဖြစ်သည်။ ကန်တော့ရန် နေရာများ၊ ဖယောင်းတိုင်နီကြီးများ အားလုံး အဆင်သင့် ဖြစ်နေ၏။ နှစ်ဖက် မိဘများ နေရာတွင် ယွင်ကျုံးဟဲ့ဘက်မှ စစ်ဗျူဟာမှူး ဇိုအန်က ကိုယ်စားလှယ်အဖြစ် ဝင်ရောက် နေရာယူထားသည်။
လူတိုင်း၏ စောင့်ကြည့်မှုအောက်တွင် သတို့သား ယွင်ကျုံးဟဲ့နှင့် သတို့သမီး ကျင်းကျုံးယွဲ့တို့ ထွက်ပေါ် လာကြသည်။ သူတို့နှစ်ဦးက အနီရောင် ပိုးကြိုးလေးကို ကိုင်ဆောင်ထားပြီး အလယ်တွင် ပန်းပွားလေး တစ်ခု ပါရှိ၏။
လန်ပိက သတို့သမီး၏ လက်ကို ကိုင်ထားပြီး ဟွာမန်လုက သတို့သား ယွင်ကျုံးဟဲ့၏ လက်ကို ကိုင်ထားကာ အဝတ်စဖြင့် ခံထား၏။ ကျင်းကျုံးယွဲ့က အနီရောင် မျက်နှာဖုံးစကို ဝတ်ဆင်ထားပြီး ယွင်ကျုံးဟဲ့က ငွေရောင် မျက်နှာဖုံးကို ဝတ်ဆင်ထားသည်။
ချက်ချင်းပဲ လူတိုင်း၏ အကြည့်များက ယွင်ကျုံးဟဲ့ဆီသို့ ရောက်သွားကြပြီး စိတ်ထဲမှ လှောင်ပြောင်လိုက်ကြ၏။
‘မျက်နှာဖုံး တပ်ထားတယ်ပေါ့။ ခင်ဗျားရုပ်ဆိုးတာကို သိတယ်ပေါ့။ ခင်ဗျား အရှက်ကွဲမှာကို သိတယ်ပေါ့။ ယွင်အောက်ထျန်းဆိုတာ အိုမင်းရုပ်ဆိုးတဲ့ သူတောင်းစား တစ်ယောက်မှန်း လူတိုင်း သိနေတာပဲ။ မျက်နှာဖုံး တပ်ထားတာက ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာပဲ။ တကယ်ကို ရယ်စရာ ကောင်းလွန်းတယ်။’
“သတို့သားနဲ့ သတို့သမီး နေရာယူပါ။”
“ဧည့်သည်တော်များ နေရာယူပါ။”
“မင်္ဂလာ အခမ်းအနားကို စတင်ပါတော့မယ်။”
ထို့နောက် သတို့သားနှင့် သတို့သမီးတို့က ကန်တော့ရန် ပြင်ဆင်လိုက်ကြ၏။
ထိုအချိန်၌ အပြင်ဘက်မှ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။ “အင်ပါယာရဲ့ အထူး ကိုယ်စားလှယ်တော် ရောက်လာပါပြီ။”
“ဝုန်း”
ထို့နောက် မြို့စားအိမ်တော်၏ တံခါးကြီး ပွင့်သွားကာ ခမ်းနားသော ဝတ်စုံများ ဝတ်ဆင်ထားသည့် လူတစ်စု အလုံးအရင်းဖြင့် ဝင်ရောက်လာကြ၏။
ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ မိန်းမစိုး တစ်ဦး ဖြစ်သည်။ ထိုမိန်းမစိုးက ခန်းမကြီးအတွင်းသို့ တိုက်ရိုက် ဝင်ရောက်လာပြီး အမိန့်တော်စာ တစ်စောင်ကို ထုတ်ယူကာ ကျယ်လောင်စွာ ဖတ်ကြားလိုက်သည်။
“ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်… ကျင်းကျုံးယွဲ့နဲ့ ယွင်အောက်ထျန်းတို့ ဒူးထောက်ပြီး အမိန့်တော်ကို ခံယူစေ။”
မိန်းမစိုး၏ အမိန့်တော်ဖတ်သံကို ကြားလိုက်ရချိန်မှာတော့ တစ်ခန်းလုံးရှိ လူတိုင်း အံ့ဩမှင်တက်သွား ကြရုံသာမက ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့တို့ပင် အလွန် အံ့ဩသွားကြ၏။
ကျင်းကျုံးယွဲ့က ယွင်အောက်ထျန်းကို လက်ထပ်တာ တောင်ပိုင်းကျိုးအင်ပါယာနှင့် ဘာဆိုင်နေသနည်း။ အင်ပါယာ ဧကရာဇ်မင်းမြတ်က အလွန် မြင့်မြတ်ပြီး ကြီးကျယ်ခမ်းနားသူ ဖြစ်သော်လည်း အနည်းဆုံးတော့ ယခုအချိန်အထိ ပိုင်ရှင်မဲ့ နယ်မြေ၏ ကိစ္စရပ်များကို ဝင်ရောက် စွက်ဖက်ခွင့် မရှိသေးချေ။
မိန်းမစိုးကြီးက ပြောလိုက်၏။ “ဒါက ဧကရာဇ်မင်းမြတ်ရဲ့ ကြီးမားတဲ့ ကျေးဇူးတော်ပဲ။ ခင်ဗျားတို့နှစ်ယောက် ဒူးထောက်ပြီး အမိန့်တော်ကို မခံယူသေးဘူးလား။”
ကျင်းကျုံးယွဲ့က အေးစက်စွာ ပြန်ဖြေလိုက်သည်။ “ဒီနေရာက ပိုင်ရှင်မဲ့ နယ်မြေပဲ။ ကျွန်မတို့က နယ်စားများ မဟာမိတ်အဖွဲ့ရဲ့ အမိန့်ကိုပဲ နာခံတယ်။ ဘယ်ဧကရာဇ်မင်းမြတ်ကိုမှ အသိအမှတ် မပြုဘူး။”
မိန်းမစိုးကြီးက ပြုံးလျက် ဆက်ပြော၏။ “မြို့စားကျင်းက ဒီလိုအချိန်မှာ ဒီလိုစကားမျိုး ပြောထွက်လာတာက သိပ်ကို ရိုးအလွန်းရာ ကျပြီး နောက်ကျလွန်းနေပြီ။”
ထို့နောက် သူက ကျင်းကျုံးယွဲ့နှင့် ယွင်ကျုံးဟဲ့တို့ကို ဒူးထောက်ရန် အတင်းအဓမ္မ မခိုင်းစေတော့ဘဲ အမိန့်တော်စာကို တိုက်ရိုက် ဖွင့်ဖတ်လိုက်သည်။
“ကောင်းကင်ဘုံရဲ့ အလိုတော်အရ၊ ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်… ကျင်းကျုံးယွဲ့နဲ့ ယွင်အောက်ထျန်းတို့ရဲ့ လက်ထပ်ပွဲဟာ ကောင်းကင်ဘုံက ဖန်တီးပေးတဲ့ တကယ့် ဖူးစာရှင်တွေ ဖြစ်တဲ့အတွက် ကျောက်စိမ်းရူယီ (ဆုတောင်းပြည့် အဆောင်) တစ်စုံကို ဆုချီးမြှင့်လိုက်တယ်။”
ထို့နောက် နောက်ထပ် မိန်းမစိုးငယ် တစ်ဦးက သေတ္တာတစ်လုံးကို ကိုင်ဆောင်ကာ ရှေ့သို့ ထွက်လာ၏။ သေတ္တာကို ဖွင့်ပြလိုက်ရာ အလွန် ရှားပါးပြီး အဖိုးတန်လှသော ကျောက်စိမ်းရူယီ တစ်စုံကို တွေ့လိုက်ရသည်။ တောင်ပိုင်းကျိုးအင်ပါယာ၏ ဧကရာဇ်မင်းမြတ်က တကယ်ကို လက်ဖွာလွန်းလှ၏။
မိန်းမစိုးကြီးက ပြောလိုက်သည်။ “မြို့စားကျင်းနဲ့ သခင်လေး ယွင်အောက်ထျန်းတို့အနေနဲ့ ဧကရာဇ်မင်းမြတ်ရဲ့ ကျေးဇူးတော်ကို မမေ့လျော့ကြဖို့ မျှော်လင့်ပါတယ်။”
ထို့နောက် သူက လူများကို ခေါ်ဆောင်ကာ ချက်ချင်း ထွက်ခွာသွားတော့သည်။ မင်္ဂလာပွဲ အခမ်းအနားက ခေတ္တ ရပ်တန့်သွားသော်လည်း ယခု ဆက်လက် ကျင်းပရန် ပြင်ဆင်လိုက်ကြ၏။
သို့ပေမည့် ထိုအချိန်တွင် အပြင်ဘက်မှ နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာပြန်သည်။ “အင်ပါယာရဲ့ အထူးကိုယ်စားလှယ်တော် ရောက်လာပါပြီ။”
‘သောက်ကျိုးနည်း… ကိုယ်စားလှယ် တစ်ဖွဲ့ ထွက်သွားတာနဲ့ နောက်တစ်ဖွဲ့ ရောက်လာပြန်ပြီလား။’
ထို့အပြင် ကိုယ်စားလှယ် နှစ်ဖွဲ့က မြို့စားအိမ်တော်၏ တံခါးဝတွင်ပင် ဆုံတွေ့သွားကြသေး၏။
အင်ပါယာ တစ်ခုတည်းက ကိုယ်စားလှယ် နှစ်ဖွဲ့ စေလွှတ်မည် မဟုတ်ကြောင်း သေချာလှသည်။ ပထမတစ်ဖွဲ့က တောင်ပိုင်းကျိုးအင်ပါယာမှ ဖြစ်ပြီး ဒုတိယတစ်ဖွဲ့က တာယင်အင်ပါယာမှ ဖြစ်သည်။
...................
အပိုင်း (၁၃၂)
အင်ပါယာနှစ်ခု၏ ကိုယ်စားလှယ်များ အချင်းချင်း တွေ့ဆုံချိန်မှာတော့ နှစ်ဦးနှစ်ဖက် အပြန်အလှန် နှုတ်ဆက်လိုက်ကြသည်။
“ရောက်လာပြီလား။” တောင်ပိုင်းကျိုးအင်ပါယာမှ မိန်းမစိုးက လက်သီးဆုပ်လျက် နှုတ်ဆက်လိုက်၏။
“ရောက်လာပါပြီ။” တာယင်အင်ပါယာမှ မိန်းမစိုးက ပြန်လည် နှုတ်ဆက်လိုက်သည်။
“ခင်ဗျားတို့ရဲ့ ဧကရာဇ်မင်းမြတ် ကျန်းမာတော်မူရဲ့လား။” တောင်ပိုင်းကျိုးအင်ပါယာ မိန်းမစိုးက မေးလိုက်၏။
တာယင်အင်ပါယာ မိန်းမစိုးက ပြန်ဖြေလိုက်သည်။ “ဧကရာဇ်မင်းမြတ်က ကျန်းမာသန်စွမ်းပြီး အင်အား အပြည့်နဲ့ပါပဲ။ ခင်ဗျားတို့နိုင်ငံက ဧကရာဇ် နှစ်ပါးကော ကျန်းမာတော်မူရဲ့လား။”
ဘာကြောင့် ဧကရာဇ် နှစ်ပါးဟု ပြောရသနည်း။ တောင်ပိုင်းကျိုးအင်ပါယာတွင် လက်ရှိ ဧကရာဇ်မင်းမြတ်နှင့် အနားယူသွားသော ဧကရာဇ်ဟောင်းဟူ၍ ဧကရာဇ် နှစ်ပါး ရှိနေသောကြောင့် ဖြစ်၏။
ဧကရာဇ်ဟောင်းက နန်းသက် နှစ်အနည်းငယ်အတွင်းမှာပဲ တောင်ပိုင်းသို့ စစ်ချီကာ နှစ်ပေါင်း နှစ်ဆယ်၊ သုံးဆယ်အတွင်း တောင်ပိုင်း လူရိုင်းနိုင်ငံပေါင်း ဆယ်ဂဏန်းမကကို သိမ်းပိုက်နိုင်ခဲ့ပြီး ပြည်နယ် ဆယ်ခုကျော်ကို တိုးချဲ့နိုင်ခဲ့သည်အထိ အစွမ်းထက်သော ဧကရာဇ် တစ်ပါး ဖြစ်၏။ ထို့အပြင် ထိုဧကရာဇ်ဟောင်းမှာ ကျန်းမာရေး အလွန် ကောင်းမွန်ပြီး သက်တော်ရှည်မည့်သူ ဖြစ်သည်။
လူတိုင်းက တောင်ပိုင်းကျိုးအင်ပါယာ၏ အိမ်ရှေ့စံမင်းသားမှာ နန်းတက်ခွင့် မရဘဲ တစ်သက်လုံး အိမ်ရှေ့စံ အဖြစ်သာ နေသွားရမည့် အဖြစ်ဆိုးမျိုး ကြုံရမည်ဟု ထင်မှတ်ထားခဲ့ကြသည်။ သို့ပေမည့် လွန်ခဲ့သော နှစ်အနည်းငယ်က ဧကရာဇ်ဟောင်းက ရုတ်တရက် နန်းစွန့်လိုက်ပြီး အိမ်ရှေ့စံမင်းသားကို နန်းတင်ပေးခဲ့၏။
လူတိုင်းက ဧကရာဇ်ဟောင်းသည် အမည်ခံသာ နန်းစွန့်ပြီး နောက်ကွယ်မှ အာဏာကို ဆက်လက် ချုပ်ကိုင်ထားမည်ဟု ထင်မှတ်ခဲ့ကြသော်လည်း သူက အာဏာအားလုံးကို အမှန်တကယ် လွှဲပြောင်းပေးခဲ့သည်။
ထို့ကြောင့် တောင်ပိုင်းကျိုးအင်ပါယာ၏ ဧကရာဇ်သစ်က အာဏာအပြည့်အဝ ရရှိသွားပြီး ယခင်က တောင်ပိုင်းသို့ စစ်ချီသည့် မဟာဗျူဟာကို စွန့်လွှတ်ကာ မြောက်ပိုင်းသို့ စစ်ချီမည့် မဟာဗျူဟာကို ပြောင်းလဲကျင့်သုံးခဲ့၏။ ထို့ကြောင့်ပင် ယခုကဲ့သို့ အင်ပါယာကြီး နှစ်ခု၏ စစ်ပွဲကြီး ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။
အကြောင်းရင်းမှာ မြောက်ပိုင်းသို့ စစ်ချီပြီး တစ်ကမ္ဘာလုံးကို သိမ်းပိုက်နိုင်မှသာ စစ်မှန်သော ဧကရာဇ်မင်းမြတ် ဖြစ်လာနိုင်မှာ ဖြစ်သောကြောင့်ပင်။
တောင်ပိုင်းကျိုးအင်ပါယာ၏ ဤဧကရာဇ် အဟောင်းနှင့် အသစ်တို့၏ အာဏာလွှဲပြောင်းမှုမှာ သမိုင်းတွင် အလွန် ချီးကျူးဖွယ်ရာ ကောင်းသော ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့၏။
တာရှအင်ပါယာနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် မည်သို့ ရှိမည်နည်း။ ယခင်က တာရှအင်ပါယာ၏ အိမ်ရှေ့စံ မင်းသားမှာ အလွန် ကြင်နာတတ်ပြီး ဉာဏ်ပညာ ကြီးမားသူ ဖြစ်သည်။
သို့ပေမည့် တာရှအင်ပါယာ၏ ဧကရာဇ်မှာ လောဘကြီးပြီး ဉာဏ်များကာ အာဏာရှင်ဆန်သူ တစ်ဦး ဖြစ်သည်။ သူ၏ ဧကရာဇ် အာဏာသုံးစွဲမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး အရာရှိများကို သူ၏ လက်ခုပ်ထဲတွင် ထည့်ကာ ကစားနေခဲ့၏။
တစ်ဖက်တွင် အိမ်ရှေ့စံမင်းသားကမူ အရာရှိများ၏ လေးစားမှုကို ရရှိကာ ဂုဏ်သတင်း အလွန် ကြီးမား နေခဲ့သည်။
နောက်ပိုင်းတွင် အရာရှိများစွာက ဧကရာဇ်၏ အမိန့်ထက် အိမ်ရှေ့စံမင်းသား၏ အမိန့်ကို ပို၍ လိုက်နာလာကြ၏။
တာရှအင်ပါယာ၏ ဧကရာဇ်က ဤကိစ္စကို မည်သို့ သည်းခံနိုင်မည်နည်း။ ထို့ကြောင့် ဧကရာဇ်နှင့် အိမ်ရှေ့စံမင်းသားကြား အာဏာလွန်ဆွဲပွဲက ပိုမို ပြင်းထန်လာခဲ့သည်။
အိမ်ရှေ့စံမင်းသားက ပုန်ကန်ရန် လုံးဝ မရည်ရွယ်ခဲ့သော်လည်း ပုန်ကန်သည်ဟု စွပ်စွဲခံခဲ့ရ၏။ ဧကရာဇ်ဘက်က သေချာပေါက် နှိမ်နင်းရန် ဆုံးဖြတ်ထားပြီးဖြစ်သော်လည်း အိမ်ရှေ့စံမင်းသားဘက်ကမူ အမှန်တကယ် ပုန်ကန်ရန် အင်အား မရှိခဲ့ချေ။
သို့ပေမည့် ဤပြည်တွင်းစစ်ကြီးက တစ်နှစ်နီးပါး ကြာမြင့်ခဲ့ပြီး တာရှအင်ပါယာ၏ ပြည်နယ် ဆယ်ခုကျော်သို့ ကူးစက်သွားကာ လူသန်းပေါင်းများစွာ ဒုက္ခရောက်ခဲ့ရ၏။
နှစ်ဖက်စလုံးမှ ကျဆုံးသွားသော စစ်သည် အရေအတွက်မှာ သိန်းနှင့်ချီ ရှိခဲ့သည်။ ပြည်တွင်းစစ်ကြီးက ဤမျှအထိ ဆိုးရွားလာခြင်းမှာ ဝမ်းနည်းဖွယ်ရာ ကောင်းလှသည်။
ပို၍ ဝမ်းနည်းစရာ ကောင်းသည်မှာ ထိုတာရှအင်ပါယာ၏ အိမ်ရှေ့စံမင်းသားပင် ဖြစ်သည်။ အရာရှိများနှင့် စစ်တပ်များစွာ၏ ထောက်ခံမှုကို ရရှိထားပါလျက်နှင့် ပုန်ကန်သူ ဟူသော နာမည်ဆိုးကို မခံယူလိုသောကြောင့်၊ ဖခင်ဖြစ်သူနှင့် စစ်မတိုက်လိုသောကြောင့် သေချာပေါက် နိုင်မည့် စစ်ပွဲကို ရှုံးနိမ့်သွားခဲ့ရ၏။
နောက်ဆုံးတွင် သူကိုယ်တိုင် သေဆုံးရုံသာမက မိသားစု တစ်ခုလုံးလည်း အသတ်ခံခဲ့ရသည်။ ထို့အပြင် အိမ်ရှေ့စံမင်းသားကို ထောက်ခံခဲ့သော အရာရှိများ အားလုံးလည်း အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရသည်။
ထိုအချိန်က နေ့စဉ်နှင့်အမျှ လူများကို ခေါင်းဖြတ်သတ်နေခဲ့ရသည်။ တာရှအင်ပါယာ တစ်ခုလုံး၊ တောင်မှ မြောက်၊ အရှေ့မှ အနောက်အထိ စတုရန်းကီလိုမီတာ သန်းပေါင်းများစွာ ကျယ်ဝန်းသော နယ်မြေ တစ်ခုလုံး သွေးချောင်းစီးခဲ့ရ၏။
ထိုနှစ်က နှင်းများ သည်းထန်စွာ ကျဆင်းခဲ့ပြီး သွေးချောင်းစီးမှုများနှင့် အပြစ်များကို ဖုံးကွယ်ပစ်ရန် ကြိုးစားနေ သကဲ့သို့ ရှိခဲ့သည်။
တာရှအင်ပါယာသည် ထိုပြည်တွင်းစစ်ကြီးနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးကြောင့် အလွန် အားနည်း သွားခဲ့ပြီး အင်အားအကြီးဆုံး အင်ပါယာဟူသော ဂုဏ်ပုဒ်ကို ဆုံးရှုံးခဲ့ရ၏။
ဤသည်ကပင် အခြားသော အင်ပါယာများကို အင်အားကြီးထွားလာစေရန် အခွင့်အရေး ရရှိစေခဲ့ပြီး တာရှ အင်ပါယာ၏ နေရာကို စိန်ခေါ်လာနိုင်စေခဲ့သည်။
အထူးသဖြင့် တာယင်အင်ပါယာ ဖြစ်၏။ နံနက်ခင်း နေမင်းကြီးအလား လျင်မြန်စွာ အင်အားကြီးထွားလာပြီး လူတိုင်းကို ကြောက်ရွံ့သွားစေခဲ့၏။
ပြီးခဲ့သည့် နှစ်တစ်ရာအတွင်း တာယင်အင်ပါယာ၏ ပထဝီဝင် အနေအထားက အလွန် ဆိုးရွားလှ၏။ မြောက်ဘက်တွင် အင်အားအကြီးဆုံး တာရှအင်ပါယာရှိပြီး၊ ဘေးပတ်လည်တွင် နိုင်ငံငယ်လေးများ ဝိုင်းရံနေကာ တောင်ဘက်တွင် အင်အားကြီး တောင်ပိုင်းကျိုးအင်ပါယာ ရှိနေသည်။ တကယ့်ကို ဝံပုလွေများကြား ရောက်နေသကဲ့သို့ပင်။
သို့ပေမည့် ဧကရာဇ် အဆက်ဆက်၏ တိုက်ခိုက်သိမ်းပိုက်မှုများနှင့် ကြိုးပမ်းအားထုတ်မှုများကြောင့် အနောက်ဘက်နှင့် အလယ်ပိုင်းရှိ နိုင်ငံငယ် ဆယ်ဂဏန်းကျော် အားလုံး သိမ်းပိုက်နိုင်ခဲ့ပြီး စတုရန်းကီလိုမီတာ လေးသန်းခွဲကျော် ကျယ်ဝန်းသော အင်အားကြီး အင်ပါယာ တစ်ခုကို တည်ဆောက်နိုင်ခဲ့၏။
လွန်ခဲ့သော ဆယ်စုနှစ်များကမှ တာယင်အင်ပါယာ၏ ဧကရာဇ်သစ် နန်းတက်လာပြီးနောက် စစ်ပွဲများကို ရပ်တန့်ကာ နိုင်ငံကို ပြန်လည် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဤခေတ်ကာလသည် တကယ့်ကို သူရဲကောင်းများ ပေါ်ထွန်းသော ခေတ်ကာလ ဖြစ်၏။ တစ်လောကလုံးတွင် အလွန် အစွမ်းထက်သော ဧကရာဇ် သုံးလေးပါးခန့် တပြိုင်နက်တည်း ပေါ်ထွက်လာပြီး အားလုံးက ဉာဏ်ပညာ ကြီးမားကာ ရည်မှန်းချက် ကြီးမားသူများ ဖြစ်ကြ၏။
တာယင်အင်ပါယာ မိန်းမစိုး၏ မေးခွန်းကို ကြားချိန်မှာတော့ တောင်ပိုင်းကျိုးအင်ပါယာ မိန်းမစိုးက ပြန်ဖြေလိုက်သည်။ “ကျန်းမာတော်မူပါတယ်။ ဧကရာဇ်ဟောင်းက နေ့တိုင်း သဘာဝတရားကို ခံစားရင်း နတ်ဘုရားတွေလို နေထိုင်နေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျုပ် သွားတွေ့တော့ ပိုတောင် နုပျိုလာသလိုပဲ။
ကျုပ်တို့ရဲ့ လက်ရှိ ဧကရာဇ်မင်းမြတ်ကတော့ ပိုပြီး အင်အားပြည့်ဝနေပါတယ်။ နေ့တိုင်း စာဖတ်၊ ဓားရေးကျင့်ပြီး လေးကိုလည်း နေ့တိုင်း အကြိမ်ငါးဆယ် ပစ်ခတ်လေ့ကျင့်နေပါတယ်။”
စကားစမြည် ပြောဆိုပြီးနောက် တောင်ပိုင်းကျိုးအင်ပါယာ မိန်းမစိုးက နှုတ်ဆက်လိုက်၏။ “အစ်ကိုကြီး… ဒါဆို ကျုပ်ကို သွားခွင့်ပြုပါအုံး။”
တာယင်အင်ပါယာ မိန်းမစိုးကလည်း ပြန်လည် နှုတ်ဆက်လိုက်သည်။ “ကောင်းကောင်း သွားပါ အစ်ကိုကြီး...”
အဘယ်ကြောင့် သူတို့က တစ်ယောက်ကိုတစ်ယောက် အစ်ကိုကြီးဟု ခေါ်ဝေါ်နေကြသနည်း။ အကြောင်းမှာ အင်ပါယာကြီး နှစ်ခုစလုံးတွင် မိန်းမစိုးများအတွက် စာသင်ကျောင်းများရှိပြီး ငယ်စဉ်တည်းက ဉာဏ်ကောင်းသော မိန်းမစိုးလေးများကို ရွေးချယ်ကာ စာသင်ပေးသောကြောင့် ဖြစ်၏။
သူတို့၏ ပညာအရည်အချင်းက ခရိုင်အဆင့် စာမေးပွဲအောင်သူများနှင့် နိုင်ငံတော်အဆင့် စာမေးပွဲအောင်သူ များထက် မနိမ့်ကျချေ။
ထိုစာသင်ကျောင်းများသို့ ဝင်ရောက်ခွင့် ရသူများမှာ လူတစ်ရာတွင် တစ်ယောက်သာ ရှိလောက်အောင် အလွန် ထူးချွန်သူများ ဖြစ်ကြသည်။ အင်ပါယာကြီး နှစ်ခုကလည်း တစ်ဖက်နှင့်တစ်ဖက် ပညာအရည်အချင်းများကို အသိအမှတ်ပြုကြသောကြောင့် ဤသို့ ခေါ်ဝေါ်ကြခြင်း ဖြစ်၏။
ခဏအကြာတွင် တာယင်အင်ပါယာ၏ ကိုယ်စားလှယ်က ခန်းမကြီးအတွင်းသို့ ဝင်ရောက်လာသည်။
“ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်… ကျင်းကျုံးယွဲ့နဲ့ ယွင်အောက်ထျန်းတို့ ဒူးထောက်ပြီး အမိန့်တော်ကို ခံယူစေ။”
သေချာပေါက် ကျင်းကျုံးယွဲ့နှင့် ယွင်ကျုံးဟဲ့တို့က လုံးဝ ဂရုမစိုက်ကြချေ။
တာယင်အင်ပါယာ မိန်းမစိုးကလည်း စိတ်မဆိုးဘဲ အမိန့်တော်စာကို တိုက်ရိုက် ဖွင့်ဖတ်လိုက်၏။ “ကောင်းကင်ဘုံရဲ့ အလိုတော်အရ ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်… ပိုင်ရှင်မဲ့ နယ်မြေက လေခွင်းချိုင့်ဝှမ်းရဲ့ မြို့စား ကျင်းကျုံးယွဲ့နဲ့ ယွင်အောက်ထျန်းတို့ရဲ့ လက်ထပ်ပွဲဟာ ကောင်းကင်ဘုံက ဖန်တီးပေးတဲ့ တကယ့် ဖူးစာရှင်တွေ ဖြစ်တဲ့အတွက် ကျောက်စိမ်းရူယီ တစ်စုံကို ဆုချီးမြှင့်လိုက်တယ်။”
ထို့နောက် ဘေးရှိ မိန်းမစိုးငယ်က သေတ္တာတစ်လုံးကို ကမ်းပေးလိုက်၏။ တကယ်ကို ကျောက်စိမ်းရူယီ တစ်စုံ ဖြစ်နေသည်။
ဤသည်မှာ အလွန် စိတ်ဝင်စားစရာ ကောင်းလှ၏။ အင်ပါယာကြီး နှစ်ခု၏ ဧကရာဇ်များက တစ်ချိန်တည်းမှာပင် ကိုယ်စားလှယ်များ စေလွှတ်လာကြပြီး တူညီသော လက်ဆောင်များကို ပေးပို့လာကြခြင်း ဖြစ်၏။
သို့ပေမည့် ယွင်ကျုံးဟဲ့က ဧကရာဇ်မင်းမြတ်၏ နက်နဲသော ရည်ရွယ်ချက်ကို နားလည်လိုက်၏။ မူလက တာယင်အင်ပါယာသည် ယွင်ကျုံးဟဲ့၏ မင်္ဂလာပွဲသို့ လာရောက်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ပြဿနာများ ဖြစ်ပေါ်လာနိုင်သောကြောင့် ဖြစ်သည်။
ယခုအချိန်တွင် ပိုင်ရှင်မဲ့ နယ်မြေ၌ အင်ပါယာကြီး နှစ်ခုနှင့် ပတ်သက်ခြင်းမှာ လုံးဝ တားမြစ်ချက် တစ်ခု ဖြစ်နေသည်။
မြို့စားများစွာက အင်ပါယာကြီးများနှင့် လျှို့ဝှက် ပတ်သက်နေကြသော်လည်း လူသိရှင်ကြား ပတ်သက်ပါက ပိုင်ရှင်မဲ့ နယ်မြေ တစ်ခုလုံး၏ ဘုံရန်သူ ဖြစ်သွားမှာဖြစ်၏။ အင်ပါယာကြီး နှစ်ခုကို ဆန့်ကျင်ခြင်းက ပိုင်ရှင်မဲ့ နယ်မြေ၏ အဓိက နိုင်ငံရေး ရပ်တည်ချက်ဖြစ်ပြီး မည်သူကမှ ဖောက်ဖျက်၍ မရချေ။
သို့ပေမည့် တောင်ပိုင်းကျိုးအင်ပါယာက ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့တို့၏ မင်္ဂလာပွဲသို့ ကိုယ်စားလှယ် စေလွှတ်မည်ကို သိရှိသွားပြီးနောက် တာယင်အင်ပါယာကလည်း တစ်ပုံစံတည်း တူညီသော လက်ဆောင်မျိုး ပေးပို့ရန် ချက်ချင်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ဤသို့ဆိုလျှင် အင်ပါယာကြီး နှစ်ခုက လေခွင်းချိုင့်ဝှမ်းကို လာရောက် စည်းရုံးနေခြင်း ဖြစ်သွားပြီး လေခွင်းချိုင့်ဝှမ်းက သူတို့နှင့် လျှို့ဝှက် ပူးပေါင်းနေခြင်း မဟုတ်ကြောင်း ပြသနိုင်မှာ ဖြစ်၏။
ထို့အပြင် ဤကိစ္စက အလွန် အရေးတကြီး ဖြစ်ပေါ်လာသောကြောင့် ဟေးလုံထိုင်က ယွင်ကျုံးဟဲ့ထံသို့ ကြိုတင် အကြောင်းကြားရန်ပင် အချိန်မရခဲ့ခြင်း ဖြစ်၏။ ဤသည်မှာ အင်ပါယာကြီး နှစ်ခု၏ ထောက်လှမ်းရေး စစ်ပွဲလည်း ဖြစ်သည်။
တောင်ပိုင်းကျိုးအင်ပါယာက မင်္ဂလာပွဲသို့ လာရောက်ရန် ဦးစွာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ဤကိစ္စက အလွန် လျှို့ဝှက်မည်မှာ သေချာလှသည်။ သို့ပေမည့် တာယင်အင်ပါယာ၏ သူလျှိုများက သတင်းကြိုရခဲ့ပြီး မည်သည့် လက်ဆောင်ပေးမည်၊ အမိန့်တော်စာတွင် မည်သို့ ရေးသားမည်ကိုပါ တိကျစွာ သိရှိထားခဲ့ခြင်း ဖြစ်၏။
ဤသည်မှာ တာယင်အင်ပါယာက တောင်ပိုင်းကျိုးအင်ပါယာကို အင်အားပြလိုက်ခြင်းပင် ဖြစ်သည်။ ကြည့်လိုက်စမ်း… ခင်ဗျားတို့ ဧကရာဇ် ဘာရေးတယ်၊ ဘာလက်ဆောင် ပေးမယ်ဆိုတာကို ကျုပ်တို့ အကုန် သိနေတယ်ဆိုသည့် သဘောမျိုး ဖြစ်သည်။
ထို့ကြောင့် တောင်ပိုင်းကျိုးအင်ပါယာဘက်တွင် တာယင်အင်ပါယာ၏ သူလျှိုများကို လိုက်လံ ရှင်းလင်းသည့် သွေးထွက်သံယိုမှုများ ဆက်လက် ဖြစ်ပေါ်လာဦးမည်မှာ သေချာလှ၏။
ထို့အပြင် ယခု နယ်စပ်တွင် တာယင်အင်ပါယာ၏ စစ်တပ်ကို ဦးဆောင်နေသူမှာ မင်းသား တစ်ပါးဖြစ်မည်ဟု ယွင်ကျုံးဟဲ့ ကျိန်းသေပေါက် ခန့်မှန်းမိသည်။
အင်ပါယာကြီး နှစ်ခု၏ ကိုယ်စားလှယ်များ ထွက်ခွာသွားချိန်မှာတော့ ကျင်းကျုံးယွဲ့က အေးစက်စွာ အမိန့်ပေးလိုက်၏။ “စစ်သည်တွေ… အင်ပါယာကြီး နှစ်ခုက ပေးတဲ့ လက်ဆောင်တွေကို အကုန် ရိုက်ခွဲပြီး အပြင်ကို လွှင့်ပစ်လိုက်ကြ...။”
ဤသည်မှာ သူမ၏ ပြတ်သားသော ရပ်တည်ချက်ကို ပြသလိုက်ခြင်းပင် ဖြစ်၏။ အင်ပါယာကြီး နှစ်ခုထံမှ မည်သည့် အကျိုးအမြတ်ကိုမှ လက်မခံကြောင်း၊ ဧကရာဇ်မင်းမြတ် ပေးသည့် လက်ဆောင် ဖြစ်ပါစေ လက်မခံကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်သည်။
ထို့နောက် ဟွာမန်လုက သေတ္တာများထဲမှ ကျောက်စိမ်းရူယီ လေးခုကို ထုတ်ယူလိုက်၏။ တကယ်ကို နှမြောစရာ ကောင်းလှသည်။ ဤရူယီ တစ်ခုချင်းစီမှာ အနည်းဆုံး ငွေတုံး သောင်းချီ တန်ဖိုးရှိနေ၏။
သို့ပေမည့် ယခုအချိန်တွင် ပိုင်ရှင်မဲ့ နယ်မြေ၏ မြို့စားများ အားလုံး ရှိနေသောကြောင့် အင်ပါယာကြီး နှစ်ခုကို ဆန့်ကျင်ခြင်းက အဓိက နိုင်ငံရေး ရပ်တည်ချက် ဖြစ်ရာ မည်သူကမှ မလွန်ဆန်ရဲကြချေ။
ဟွာမန်လုက ခန်းမကြီး၏ အလယ်သို့ သွားရောက်ကာ ကျောက်စိမ်းရူယီများကို မြှောက်ပြလျက် ပြောလိုက်၏။ “မြို့စားမင်းများ… သေချာ ကြည့်ထားကြပါ။ ဒါက တောင်ပိုင်းကျိုးအင်ပါယာ ဧကရာဇ် ပေးတဲ့ ကျောက်စိမ်းရူယီပါ။”
သူက အမြင့်သို့ မြှောက်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခွဲပစ်လိုက်သည်။
“ဒုန်း”
ရှားပါးလှသော ထိုကျောက်စိမ်းရူယီမှာ လုံးဝ အမှုန့်ဖြစ်သွားတော့၏။
“ဒီပထမဆုံး ရိုက်ခွဲမှုက သခင်လေး ယွင်အောက်ထျန်းနဲ့ မြို့စားမင်းတို့ ဒီည ပထမဆုံး အိပ်စက်တဲ့ အချိန်မှာ အိပ်မက်လှလှလေးတွေ မက်ပါစေလို့ ဆုတောင်းပေးတာပါ။”
‘သောက်ကျိုးနည်း… ဟွာမန်လု… ခင်ဗျားက တကယ်ကို လွန်လွန်းနေပြီ။ ရူယီကို ရိုက်ခွဲတာတောင် ဆုတောင်းစကားလေးနဲ့။ ပြီးတော့ လူပုံအလယ်မှာ နှစ်ယောက်တည်း အိပ်မယ့် ကိစ္စကို ပြောနေတာလား။’
ထို့နောက် သူက ဒုတိယမြောက် ကျောက်စိမ်းရူယီကို ထပ်မံ ရိုက်ခွဲလိုက်ပြန်သည်။ “ဒီဒုတိယ ရိုက်ခွဲမှုက မြို့စားမင်းနဲ့ သခင်လေး ယွင်အောက်ထျန်းတို့ သားရတနာ မြန်မြန် ရပါစေလို့ ဆုတောင်းပေးတာပါ။ ကျင်းမိသားစုအတွက် ဆက်ခံသူ ရှိလာအောင်ပါ။ တတိယ ရိုက်ခွဲမှုက အင်ပါယာကြီး နှစ်ခု အတူတူ ပျက်စီးသွားပါစေလို့ ဆုတောင်းပေးတာပါ။ စတုတ္ထ ရိုက်ခွဲမှုက ကျင်းမိသားစုရဲ့ ရန်သူတွေ အားလုံး အမြစ်ပြတ် သေဆုံးသွားပါစေလို့ ဆုတောင်းပေးတာပါ။”
တစ်ခန်းလုံးရှိ မြို့စားများနှင့် ဧည့်သည်များ အားလုံးက ဟွာမန်လု၏ လုပ်ရပ်များကို အာရုံစိုက်နေကြ၏။ ‘ခင်ဗျားက အတော်ဆုံးပဲ။’
......................