အခန်း (၁၃၃-၁၃၄)
Vol. 12 Ch. 133-134
အပိုင်း (၁၃၃)
အကြိုဇာတ်လမ်းကို ဤနေရာတွင် တစ်ခန်းရပ်ပြီး အဓိက ဇာတ်လမ်းသို့ အမြန် သွားကြပါစို့။
‘ဒီနေ့ ကျုပ်တို့ လာကြည့်တာက ကြီးမားတဲ့ ဟာသကြီး တစ်ခုကိုလေ။ သမိုင်းတစ်လျှောက် အလှဆုံး သတို့သမီး ကျင်းကျုံးယွဲ့က သမိုင်းတစ်လျှောက် အိုမင်းရုပ်ဆိုးဆုံး သတို့သား ယွင်အောက်ထျန်းဆိုတဲ့ သူတောင်းစားကို လက်ထပ်တဲ့ မြင်ကွင်းကို ကြည့်ချင်လို့ လာခဲ့ကြတာ။ ခင်ဗျားက မျက်နှာဖုံး တပ်ထားရုံနဲ့ ရမယ် ထင်နေလား။ ခင်ဗျားကို မျက်နှာဖုံး ချွတ်ခိုင်းပြီး လေခွင်းချိုင့်ဝှမ်း ကျင်းမိသားစု တစ်ခုလုံးကို လောကရဲ့ ရယ်စရာ ဖြစ်အောင် လုပ်ပစ်မယ်။’
ခေတ္တခဏ နှောင့်နှေးသွားပြီးနောက် မင်္ဂလာပွဲ အခမ်းအနားကို ဆက်လက် ကျင်းပကြတော့၏။
အခမ်းအနားမှူးအဖြစ် လေခွင်းမြို့ဝန် ဝမ်တောက်ဖူက တာဝန်ယူထားသည်။ “ကန်တော့ခြင်း အခမ်းအနားကို စတင်ပါတော့မယ်။ ပထမအကြိမ်… ကောင်းကင်နဲ့ မြေကြီးကို ကန်တော့ပါ။”
ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့တို့က အပြင်ဘက်ရှိ ကောင်းကင်နှင့် မြေကြီးကို လှည့်၍ ကန်တော့လိုက်ကြ၏။
“ဒုတိယအကြိမ်… မိဘများကို ကန်တော့ပါ။”
သူတို့နှစ်ဦးက နှစ်ဖက် မိဘများကို လှည့်၍ ကန်တော့လိုက်ကြသည်။
ယနေ့ မင်္ဂလာပွဲသို့ မြို့စားဟောင်း ကျင်းအဲ့လည်း တက်ရောက်လာပြီး မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထား၏။ သို့ပေမည့် သူက လေဖြတ်နေပြီး သတိလစ်နေသူဖြစ်ရာ မည်သည့် တုံ့ပြန်မှုမှ မပြနိုင်ဘဲ အသက်ရှူရုံသာ ရှိနေတော့သည်။ လူတိုင်းက ကျင်းအဲ့ကို မမြင်ရသည်မှာ နှစ်အနည်းငယ် ကြာပြီ ဖြစ်၏။
ယခင်က အလွန် ဩဇာအာဏာကြီးမားပြီး အစွမ်းထက်ခဲ့သော မြို့စားကြီး ကျင်းအဲ့မှာ ယခုကဲ့သို့ အခြေအနေမျိုး ရောက်နေလိမ့်မည်ဟု မည်သူကမှ မထင်ထားခဲ့ကြချေ။ အလွန် အိုမင်းရင့်ရော်ကာ ပိန်ချုံးနေပြီး မျက်နှာကလည်း သေလူတစ်ယောက်အလား ဖြစ်နေ၏။ အသက်နှစ်ဆယ်ခန့် ပိုအိုသွားသကဲ့သို့ ရှိသည်။
ယွင်ကျုံးဟဲ့ဘက်တွင်မူ မိဘများ မရှိသောကြောင့် ဟန်ရွှေမြို့မှ သူတောင်းစားဂိုဏ်း ခေါင်းဆောင်ကို ဖိတ်ခေါ်ရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် စစ်ဗျူဟာမှူး ဆရာကြီး ဇိုအန်က ယွင်ကျုံးဟဲ့၏ မွေးစားဖခင်အဖြစ် နေရာယူကာ ကန်တော့ခံလိုက်၏။
“တတိယအကြိမ်… အချင်းချင်း ကန်တော့ပါ။”
ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့တို့က မျက်နှာချင်းဆိုင်၍ အပြန်အလှန် ကန်တော့လိုက်ကြသည်။
ဤသို့ဖြင့် အခမ်းအနား ပြီးဆုံးသွားပြီ ဖြစ်၏။
ကောင်းကင်နှင့် မြေကြီးကို တိုင်တည် ကန်တော့ပြီးနောက် ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့တို့သည် တရားဝင် လင်မယား ဖြစ်သွားကြပြီ ဖြစ်သည်။
“မင်္ဂလာသတို့သားနဲ့ သတို့သမီးကို မင်္ဂလာခန်းဆောင်သို့ ပို့ဆောင်ပေးပါ။” လေခွင်းမြို့ဝန် ဝမ်တောက်ဖူက ကျယ်လောင်စွာ ကြေညာလိုက်၏။
ထို့နောက် ဟွာမန်လုတို့က အော်ဟစ်ဆူညံကာဖြင့် သတို့သားနှင့် သတို့သမီးကို မင်္ဂလာခန်းဆောင်သို့ ပို့ဆောင်ရန် ပြင်လိုက်ကြသည်။
“နေအုံး။”
ဧည့်သည်များထဲမှ တစ်ဦးက ရုတ်တရက် အော်ဟစ်လိုက်၏။ “မင်္ဂလာပွဲမှာ သတို့သမီးက မျက်နှာကာ တပ်တာက အစဉ်အလာ တစ်ခုပါ။ ဒါပေမဲ့ သတို့သားက မျက်နှာဖုံး တပ်ထားတာက ဘာသဘောလဲ။ ဒါက ဧည့်သည်တွေ အားလုံးကို မလေးစားတာ မဟုတ်ဘူးလား။ ပိုင်ရှင်မဲ့ နယ်မြေက မြို့စားတွေ အားလုံးကို မလေးစားတာ မဟုတ်ဘူးလား။”
ယွင်ကျုံးဟဲ့က ပြန်ဖြေသည်။ “ဒီက ဧည့်သည်တော်ကြီး… ကျုပ်က မျက်နှာဖုံး တပ်ထားတာ ခင်ဗျားတို့အတွက် ကောင်းဖို့ပါ။ မျက်နှာဖုံး ချွတ်လိုက်ရင် ခင်ဗျားတို့ကို လန့်သွားစေမှာ စိုးလို့ပါ။”
‘ဟား ဟား ဟား… ကျုပ်တို့ လိုချင်တာက ခင်ဗျားရဲ့ ရုပ်ဆိုးတဲ့ မျက်နှာကြောင့် လန့်သွားဖို့ပဲလေ။ ခင်ဗျားရဲ့ အိုမင်းရုပ်ဆိုးတဲ့ မျက်နှာက ဒီနေ့ မင်္ဂလာပွဲကို တကယ့် ဟာသကြီး ဖြစ်သွားစေပြီး ကျင်းကျုံးယွဲ့ကိုလည်း လောကရဲ့ ရယ်စရာ ဖြစ်သွားစေမှာပဲ။’
“ကျုပ်တို့က လန့်သွားမှာကို မကြောက်ဘူး။ ကျုပ်တို့ လိုချင်တာက လေးစားမှုပဲ။”
ထိုဧည့်သည်က ဆက်ပြောလိုက်၏။ “မြို့စားမင်းများခင်ဗျာ… သတို့သားကို မျက်နှာဖုံး ချွတ်ပြီး အစစ်အမှန် ရုပ်ရည်ကို ပြခိုင်းသင့်တယ် မဟုတ်ဘူးလား။”
“မှန်တယ်။”
“မှန်တယ်။”
“မှန်တယ်။”
“မျက်နှာဖုံး ချွတ်ပါ… မျက်နှာဖုံး ချွတ်ပါ။”
ထိုနေရာရှိ ရာထူးကြီး ပုဂ္ဂိုလ်များက ဤသို့ အော်ဟစ်ရန် မသင့်တော်သော်လည်း လူငယ် ဧည့်သည်များကမူ ဂရုမစိုက်ကြချေ။ လူထောင်ပေါင်းများစွာက တပြိုင်နက်တည်း အော်ဟစ်နေကြသည်။
ယွင်ကျုံးဟဲ့က သက်ပြင်းချလိုက်၏။ “ဒါက ခင်ဗျားတို့ ကိုယ်တိုင် ကျုပ်ရဲ့ အစစ်အမှန် ရုပ်ရည်ကို ပြဖို့ တောင်းဆိုတာနော်ဆိုတာ မှတ်ထားကြပါ။ တကယ်လို့ လန့်သွားရင်လည်း ကျုပ်ကို အပြစ်မတင်ကြနဲ့”
ထို့နောက် ယွင်ကျုံးဟဲ့က သူ၏ လက်ကို ငွေရောင် မျက်နှာဖုံးပေါ်သို့ တင်လိုက်သည်။
လူတိုင်းက မျက်လုံးများ ပြူးကျယ်ကာ အသက်အောင့်လျက် မျက်နှာဖုံး ချွတ်မည့် အချိန်ကို စောင့်ဆိုင်း နေကြသည်။ အိုမင်းရုပ်ဆိုးသော မျက်နှာကြီး ပေါ်ထွက်လာပြီး လူတိုင်း၏ ရယ်စရာ ဖြစ်သွားမည့် အချိန်ကို စောင့်ဆိုင်းနေကြ၏။
သေချာသည်မှာ သူတို့က လူပုံအလယ်တွင် ကျယ်လောင်စွာ ရယ်မောကြမည် မဟုတ်ချေ။ အံ့ဩသွား ဟန်ဆောင်ကာ သက်ပြင်းချပြီး လန့်သွားသကဲ့သို့ ဟန်ဆောင်ကြမည်သာ ဖြစ်သည်။
“သုံး… နှစ်… တစ်..” ယွင်ကျုံးဟဲ့က မျက်နှာဖုံးကို ချက်ချင်း ဆွဲခွာလိုက်၏။
ချက်ချင်းပဲ တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။ လူတိုင်းက အသက်ရှူမှားသွားကြ၏။ လုံးဝ အံ့ဩမှင်တက်သွားကြပြီး ဘာပြန်ပြောရမှန်းပင် မသိတော့ချေ။
ထို့အပြင် လူများစွာမှာ တကယ်ပဲ အံ့ဩတကြီး အော်ဟစ်မိသွားကြသည်။ အိုမင်းရုပ်ဆိုးလွန်း၍ မဟုတ်ဘဲ ယွင်အောက်ထျန်း၏ အစစ်အမှန် ရုပ်ရည်က ဤမျှအထိ ချောမောခန့်ညားပြီး ပြိုင်ဘက်ကင်းနေလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့သောကြောင့် ဖြစ်၏။ ဤရုပ်ရည်က အမျိုးသမီးများထက်ပင် ပို၍ လှပနေသေးသည်။
ဤကဲ့သို့သော ရုပ်ရည်မျိုးက အမျိုးသမီးများ အားလုံးကို လုံးဝ ဖမ်းစားနိုင်စွမ်း ရှိပြီး လောကတစ်ခွင်လုံးရှိ အမျိုးသမီးများ၏ နှလုံးသားကို သိမ်းပိုက်နိုင်ပေသည်။ နတ်ဘုရားများပင်လျှင် လန့်သွားနိုင်သော အလှမျိုး ဖြစ်၏။
ယွင်ကျုံးဟဲ့၏ မျက်နှာက ချောမောရုံသာမက ဆွဲဆောင်မှု အပြည့် ရှိနေသည်။ သူ၏ ညို့ငင်နိုင်စွမ်းက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
အထူးသဖြင့် ယနေ့တွင် အလင်းရောင် အားလုံးက သူ၏ မျက်နှာပေါ်သို့ ကျရောက်နေသောကြောင့် ပို၍ပင် တောက်ပနေတော့သည်။ ထိုနေရာရှိ အမျိုးသမီး ဧည့်သည်များစွာမှာ စိတ်လှုပ်ရှားစွာဖြင့် နှလုံးသားများ တုန်ယင်နေကြ၏။
ဤကဲ့သို့ တစ်ခန်းလုံးကို အံ့ဩမှင်တက်သွားစေသော မြင်ကွင်းကို မြင်လိုက်ရချိန်မှာတော့ ကျင်းကျုံးယွဲ့လည်း ကျေနပ်သွားကာ သူမ၏ အနီရောင် မျက်နှာကာကို ချက်ချင်း ဆွဲချွတ်လိုက်၏။ သူမ၏ လောကတွင် ပြိုင်ဘက်ကင်းသော အလှတရားကြီး ပေါ်ထွက်လာတော့သည်။
အလွန် လှပလွန်းလှပြီး မီးတောက်များအလား၊ နိဗ္ဗာန်အလား၊ ငရဲအလား၊ လေဆင်နှာမောင်းအလား ဆွဲဆောင်မှု အပြည့် ရှိနေ၏။
သူတို့နှစ်ဦး အတူတူ ရပ်နေချိန်မှာတော့ တစ်ခန်းလုံးရှိ လူတိုင်းကို အပြတ်အသတ် အနိုင်ယူလိုက်သကဲ့သို့ ဖြစ်သွားသည်။ ထိုနေရာရှိ အမျိုးသားရော အမျိုးသမီးပါ အားလုံးက မိမိတို့ကိုယ်ကိုယ် အလွန် နိမ့်ကျသွား သကဲ့သို့ ခံစားလိုက်ရသည်။
ယွင်ကျုံးဟဲ့က ပြုံးလျက် ပြောလိုက်၏။ “ကျုပ် ပြောသားပဲ။ မျက်နှာဖုံး တပ်ထားတာ ခင်ဗျားတို့အတွက် ကောင်းဖို့ပါလို့။ ခင်ဗျားတို့ကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ မဖြစ်စေချင်လို့ပါ။ အခုတော့ မယုံလို့ ခံရပြီ မဟုတ်လား။ စိတ်ဒဏ်ရာတွေ ရသွားကြပြီ မဟုတ်လား။”
ကျင်းကျုံးယွဲ့က ဤအခြေအနေကို အလွန် သဘောကျနေ၏။ သူမ၏ ယောက်ျားက တစ်ခန်းလုံးရှိ အမျိုးသားများ အားလုံး၏ ရုပ်ရည်ကို အပြတ်အသတ် အနိုင်ယူနိုင်ခဲ့သောကြောင့် သူမ၏ ဂုဏ်ယူ ကြွားဝါလိုစိတ်များက ပြည့်ဝသွားတော့သည်။
ရုတ်တရက် လူအုပ်ထဲမှ အမျိုးသမီး တစ်ဦးက အော်ဟစ်လိုက်၏။ “ရှင်… ရှင်က ယွင်ကျုံးဟဲ့လား။ ဟန်ရွှေမြို့က ယွင်ကျုံးဟဲ့… အဲဒီ အရှက်မရှိတဲ့၊ ယုတ်မာတဲ့ လူလိမ် ယွင်ကျုံးဟဲ့ မဟုတ်လား။”
ယွင်ကျုံးဟဲ့မှာ အနည်းငယ် တုန်လှုပ်သွားရသည်။ ‘တကယ်ကြီးလား။ မင်္ဂလာပွဲမှာတောင် သူ လိမ်လည်ခဲ့ဖူးတဲ့ အမျိုးသမီးနဲ့ ပြန်ဆုံရတယ်ပေါ့။ ဒီလောက်တောင် တိုက်ဆိုင်ရလား။’
ထို့နောက် ဒုတိယ အမျိုးသမီး တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်ပြန်၏။ “ဟုတ်တယ်။ သူက ယွင်ကျုံးဟဲ့ပဲ။ ပြာကျသွားရင်တောင် ကျွန်မ မှတ်မိတယ်။ အရှက်မရှိ၊ ယုတ်မာတဲ့ လူလိမ်ကောင်ပဲ။”
ထို့နောက် တတိယလူ၊ စတုတ္ထလူ… တစ်ယောက်ပြီး တစ်ယောက်က အော်ဟစ်လိုက်ကြသည်။
ယွင်ကျုံးဟဲ့ လုံးဝ အံ့ဩမှင်တက်သွားရသည်။ ‘ကျုပ်က မိန်းမတွေ ဒီလောက် အများကြီးကို လိမ်ခဲ့ဖူးတာလား။ ဒီနေရာက ပိုင်ရှင်မဲ့ နယ်မြေလေ။ ဒီခန်းမကြီး တစ်ခုတည်းမှာတင် ကျုပ် လိမ်ခဲ့ဖူးတဲ့ မိန်းမတွေ အများကြီး ရှိနေတာလား။’
ဤသည်မှာ ရုပ်ရှင်ဇာတ်ဝင်ခန်း တစ်ခုကိုပင် သတိရသွားစေ၏။ ကျုပ်က အပြင်ထွက်ပြီး ဆေးလိပ် တစ်ဗူး ဝယ်တာတောင် ခင်ဗျားနဲ့ အိပ်ဖူးတဲ့ ယောက်ျား ငါးယောက်လောက်နဲ့ ဆုံနေရတယ် ဆိုသည့် စကားမျိုးပင်။
လူတိုင်းက ချက်ချင်း စိတ်ဝင်စားသွားကြပြန်သည်။ ‘ဒီယွင်ကျုံးဟဲ့က မိန်းမတွေကို လိမ်စားတဲ့ လူလိမ် တစ်ယောက်ပဲ။ ပြီးတော့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လူလိမ်။ ကဲ… ကျင်းကျုံးယွဲ့… ခင်ဗျား ဘယ်လို ဖြေရှင်းမလဲ ကြည့်ရသေးတာပေါ့။ အရှက်ကွဲရအုံးမှာပဲလေ။’
ကျင်းကျုံးယွဲ့က မတ်တတ်ရပ်ကာ ပထမဆုံး အော်ဟစ်ခဲ့သော လှပသည့် အမျိုးသမီးကို ကြည့်၍ ပြောလိုက်၏။ “အစ်မ… ကျွန်မရဲ့ ယောက်ျားက အရင်က အစ်မကို လိမ်လည်ခဲ့ဖူးတယ် မဟုတ်လား။”
ထိုအမျိုးသမီးက ဒေါသတကြီး ကြည့်နေသော်လည်း ဝန်ခံရန် မဝံ့ရဲချေ။
ကျင်းကျုံးယွဲ့က ဆက်ပြောသည်။ “အစ်မကို ကျေးဇူးတင်ပါတယ်။ မိန်းမတွေဆိုတာ ယောက်ျားတွေအတွက် ကျောင်းတော်ကြီး တစ်ခုပါပဲ။ ကျွန်မရဲ့ ယောက်ျားက မိန်းမပေါင်းများစွာရဲ့ သင်ကြားမှုတွေကြောင့်သာ အခုလို အရည်အချင်းရှိတဲ့သူ ဖြစ်လာတာပါ။ အစ်မတို့ရဲ့ ပေးဆပ်မှုတွေအတွက် ကျေးဇူးတင်ပါတယ်။ ခဏနေရင် အရက်များများ သောက်ပြီး စိတ်ပြေလက်ပျောက် နေကြပါအုံး။”
ကျင်းကျုံးယွဲ့က အလွန် သဘောထားကြီးစွာဖြင့် အေးအေးဆေးဆေး ပြောဆိုလိုက်သော်လည်း ယွင်ကျုံးဟဲ့ကမူ သူမ၏ မျက်ဝန်းထဲမှ လူသတ်ချင်စိတ်များကို ရှင်းလင်းစွာ မြင်တွေ့နေရပြီ ဖြစ်၏။
‘တောင်းပန်ပါတယ် မြို့စားမင်း ဇနီးလေးရယ်… မင်္ဂလာပွဲမှာတောင် ကိုယ် လိမ်ခဲ့ဖူးတဲ့ မိန်းမတွေနဲ့ ပြန်ဆုံရမယ်လို့ တကယ် မထင်ထားခဲ့ပါဘူး။ ပြီးတော့ တစ်ယောက်တည်းတောင် မကဘူးလေ။’
ထိုအချိန်တွင် ဟွာမန်လုက သက်ပြင်းချကာ ဆိုလိုက်၏။ “ကျုပ်တို့ရဲ့ သခင်လေး ယွင်အောက်ထျန်းက လောကတစ်ခွင်လုံးမှာ ကျော်ကြားပြီး ဆွဲဆောင်မှု အပြည့်ရှိတဲ့သူပါ။ အရင်က ပန်းခင်းထဲမှာ လျှောက်သွားပေမဲ့ ပန်းရွက်လေး တစ်ရွက်တောင် မထိခိုက်စေခဲ့ပါဘူး။
ဒါပေမဲ့ ကျုပ်တို့ရဲ့ မြို့စားမင်းနဲ့ တွေ့တဲ့အခါကျမှ မြို့စားမင်းရဲ့ စကတ်အောက်မှာ ဒူးထောက်သွားခဲ့ရတာပါ။ ဒါက ကျုပ်တို့ မြို့စားမင်းရဲ့ အလှတရားနဲ့ မြင့်မြတ်မှုကို ပြသနေတာ မဟုတ်ဘူးလား။ ဒါကမှ တကယ့် ကောင်းကင်ဘုံက ဖန်တီးပေးတဲ့ ဖူးစာရှင်တွေပါ။
ဒီမှာ ရှိနေတဲ့ ဧည့်သည်တော်ကြီးတွေ၊ အထူးသဖြင့် လူငယ် ဧည့်သည်တော်တွေ… သခင်လေး ယွင်အောက်ထျန်းက ခင်ဗျားတို့ရဲ့ မိန်းမတွေကို မလိမ်ခဲ့လို့ ကျေးဇူးတင်သင့်ပါတယ်။ တကယ်လို့ သူသာ ဆက်ပြီး လွတ်လွတ်လပ်လပ် သွားလာနေမယ်ဆိုရင် ခင်ဗျားတို့ လက်ထပ်မယ့် မိန်းမတွေ ဘယ်လို ဖြစ်သွားမလဲဆိုတာ မသိနိုင်ဘူးလေ။”
‘ခင်ဗျား ဟွာမန်လုက ဖားယားတတ်ရုံသာမက နှုတ်သီးကောင်းလျှာပါးလည်း ပြောတတ်တာပဲ။’
ဟွာမန်လုက ဆက်ပြော၏။ “ကျုပ် ထင်တာကတော့ ဒီအကြောင်း ဆက်မပြောတာ အကောင်းဆုံးပါပဲ။ တကယ်လို့ ဒီမှာ ရှိနေတဲ့ အရေးကြီး ပုဂ္ဂိုလ်တွေရဲ့ ဇနီးသည် တစ်ယောက်ယောက်ကများ ငိုယိုပြီး သခင်လေး ယွင်အောက်ထျန်းကို ထောက်ပြလာရင် အခြေအနေ မကောင်း ဖြစ်သွားလိမ့်မယ်။”
‘သေစမ်း… ဟွာမန်လု… ခင်ဗျားက တကယ်ကို အဆိပ်ပြင်းတာပဲ။’
“မြို့ဝန် ဝမ်တောက်ဖူ… မင်္ဂလာပွဲရဲ့ နောက်ဆုံး အစီအစဉ်ကို ဆက်လုပ်ကြရအောင်” ဟွာမန်လုက ပြောလိုက်သည်။
ဝမ်တောက်ဖူက ခေါင်းညိတ်ကာ ကြေညာလိုက်၏။ “မင်္ဂလာခန်းဆောင်သို့ ပို့ဆောင်ပါ။”
ထို့နောက် ပျော်ရွှင်ဖွယ်ရာ တေးဂီတသံများ ထွက်ပေါ်လာသည်။ လူတစ်စုက ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့တို့ကို မင်္ဂလာခန်းဆောင်သို့ ပျော်ရွှင်စွာ ပို့ဆောင်ပေးကြတော့သည်။
ယနေ့ညတွင် ယွင်ကျုံးဟဲ့၏ ရုပ်ရည်က တစ်ခန်းလုံးကို အနိုင်ယူနိုင်ခဲ့ခြင်းမှာ အခြား အရေးကြီးသော အကြောင်းအရင်း တစ်ခု ရှိနေသေးသည်။ ပိုင်ရှင်မဲ့ နယ်မြေ၏ နံပါတ်တစ် အချောဆုံး အမျိုးသား ထန်ထိုင်ကျင့်က မင်္ဂလာပွဲသို့ မလာရောက်ခဲ့သောကြောင့် ဖြစ်၏။ သို့ပေမည့် သူက လေခွင်းမြို့စားအိမ်တော် အပြင်ဘက်တွင် ရှိနေ၏။
ဘေးရှိ စာရေးတော်ကြီးက မေးလိုက်သည်။ “သခင်လေး… အခုထိ အထဲမဝင်သေးဘူးလား။”
ထန်ထိုင်ကျင့်က စကားမဆိုချေ။
စာရေးတော်ကြီးက ဆက်ပြောသည်။ “ဂီတသံတွေ ကြားရတာ မင်္ဂလာခန်းဆောင်ကို ပို့နေကြပြီ ထင်တယ်။”
ထန်ထိုင်ကျင့်က အေးစက်စွာ ပြောလိုက်၏။ “တကယ် အတူတူ အိပ်ကြမှာ မဟုတ်ပါဘူး။ ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့လို အောက်တန်းကျတဲ့ လမ်းဘေးလူမိုက်ကို လုံးဝ လက်ခံမှာ မဟုတ်ဘူး။ ဒီလက်ထပ်ပွဲက အတုပဲ။ သူမက မြို့စား ဖြစ်နေလို့ တခြားသူတွေ လက်ထပ်ခွင့် မတောင်းနိုင်အောင် ခင်ပွန်းတု တစ်ယောက် လိုအပ်နေတာ။ ဒါမှ လေခွင်းချိုင့်ဝှမ်းက တခြားသူ လက်ထဲ မရောက်သွားမှာလေ။”
စာရေးတော်ကြီးကလည်း အလွန် ယုတ္တိရှိသည်ဟု ထင်မြင်မိ၏။ ကျင်းကျုံးယွဲ့နှင့် ယွင်အောက်ထျန်းတို့၏ လက်ထပ်ပွဲမှာ သေချာပေါက် အတုသာ ဖြစ်မည်။
သူတောင်းစား၊ လူမိုက်ဘဝမှ လာသော ယွင်အောက်ထျန်းကို သူမက မည်သို့ သဘောကျနိုင်မည်နည်း။ ယွင်အောက်ထျန်းက အမည်ခံ ရုပ်သေးရုပ် တစ်ရုပ်သာဖြစ်ပြီး လက်ထပ်ပြီးလျှင်တောင် ကျင်းကျုံးယွဲ့၏ လက်ချောင်းလေး တစ်ချောင်းကိုပင် ထိခွင့်ရမည် မဟုတ်ချေ။
စာရေးတော်ကြီးက မေးလိုက်၏။ “ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့ရဲ့ အစစ်အမှန် သရုပ်ကို မသိသေးဘူးလေ။ ကျုပ်တို့ အခု သွားပြီး ဖွင့်ချလိုက်ရင် အကောင်းဆုံး အချိန် မဟုတ်ဘူးလား။”
ထန်ထိုင်ကျင့်က ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ “မလောပါနဲ့… မလောပါနဲ့။ မနက်ဖြန်မှ သွားဖွင့်ချလိုက်မယ်။”
စာရေးတော်ကြီးက ပြောလိုက်၏။ “ကောင်းပါပြီ။ မနက်ဖြန် သွားဖွင့်ချပြီး မိုးကြိုးပစ်ချလိုက်သလို ဖြစ်သွားအောင် လုပ်လိုက်ပါ့မယ်။”
.................
အပိုင်း (၁၃၄)
မင်္ဂလာအိပ်ခန်းအတွင်း ရောက်ချိန်မှာတော့ ကျင်းကျုံးယွဲ့၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီး အေးစက်၍ ဒေါသထွက်နေသော မျက်ဝန်းများဖြင့် ယွင်ကျုံးဟဲ့ကို စိုက်ကြည့်နေသည်။
စောစောက သူမက သဘောထားကြီးစွာဖြင့် ပြောဆိုခဲ့သော်လည်း ဤကဲ့သို့သော ကိစ္စမျိုးကို မည်သူက ဒေါသမထွက်ဘဲ နေမည်နည်း။
မင်္ဂလာဆောင်သည့် နေ့မှာပင် မိန်းမအချို့က လာရောက်ကာ ရှင့်ရဲ့ ခင်ပွန်းက ကျွန်မတို့ကို လိမ်ခဲ့ဖူးတယ်လို့ လာပြောနေကြသည် မဟုတ်ပါလား။ မည်သူမဆို ဒေါသထွက်၍ ပေါက်ကွဲသွားမည်မှာ သေချာလှသည်။
ထို့အပြင် ကျင်းကျုံးယွဲ့မှာ အလွန် သန့်စင်ပြီး အပြစ်အနာအဆာ ကင်းသူ တစ်ဦး ဖြစ်သည်။ ယွင်ကျုံးဟဲ့ကမူ အောက်တန်းကျသော ဘဝမှ လာသူဖြစ်ပြီး မိန်းမကိစ္စများတွင်လည်း အလွန် ရှုပ်ပွေသူ ဖြစ်၏။
အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ကျင်းကျုံးယွဲ့က လေးနက်စွာ ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့… ကျွန်မ ရှင့်ကို ကိစ္စတစ်ခု သေချာ ရှင်းပြချင်တယ်။”
သူမ၏ အေးစက်နေသော မျက်နှာကို ကြည့်ရင်း လူကို မိုင်တစ်ထောင် အကွာမှနေ၍ ငြင်းပယ်နေသကဲ့သို့ ခံစားလိုက်ရ၏။
ယွင်ကျုံးဟဲ့က အေးစက်စွာ ပြုံးလျက် ပြောလိုက်သည်။ “ခင်ဗျား ပြောစရာ မလိုပါဘူး။ ကျုပ် နားလည်ပါတယ်။ ကျုပ်တို့က နာမည်ခံ လင်မယားတွေပဲလေ။ တကယ့် လင်မယားလို နေကြမှာ မဟုတ်ပါဘူး။ ပြီးတော့ ခင်ဗျားက ကျုပ်ကို အားနာလို့၊ ကျုပ်အတွက် သားသမီးတွေ မွေးပေးဖို့ မယားငယ် နှစ်ယောက်လောက်တောင် ရှာပေးအုံးမယ် မဟုတ်လား။
မြို့စားကျင်း… ခင်ဗျားက ကျုပ်အတွက် ဒီလောက်တောင် စဉ်းစားပေးလို့ ကျေးဇူးတင်ပါတယ်။ ဒီလိုဆိုမှတော့ ကျုပ်တို့ အခန်းခွဲ အိပ်ကြတာပေါ့။ ခင်ဗျားရဲ့ မြင့်မြတ်လှတဲ့ ကိုယ်လုံးလေးကို ကျုပ် မစော်ကားရဲပါဘူး။”
လောကတွင် ပြိုင်ဘက်ကင်းသော အလှတရားပိုင်ရှင် ကျင်းကျုံးယွဲ့၏ မျက်နှာက အေးစက်သွားကာ ဖြည်းညင်းစွာ ပြောလိုက်၏။ “ယွင်ကျုံးဟဲ့… ရှင် တွေးတာတွေ အရမ်းများနေပြီ။ ကျွန်မ ပြောချင်တာက ကျွန်မက သန့်စင်တယ် ဆိုပေမဲ့ ကျွန်မမှာလည်း အလွန် ကြီးမားတဲ့ အာဏာစက် ရှိတယ် ဆိုတာကိုပဲ။
ရှင်က အတွေ့အကြုံ များတယ် ဆိုပေမဲ့ အလွန် အားနည်းတဲ့သူလေ။ ဒါကြောင့် ရှင်က ကျွန်မရဲ့ပြိုင်ဘက် လုံးဝ မဟုတ်ဘူး။ ခဏနေရင် ကျွန်မ တတ်နိုင်သလောက် အားလျှော့ပေးပါ့မယ်။ ဒါပေမဲ့ ရှင်လည်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပါ။ တကယ်လို့ မခံနိုင်တော့ဘူးဆိုရင် အော်လိုက်ပါ။”
ကျင်းကျုံးယွဲ့၏ စကားကို ကြားချိန်မှာတော့ ယွင်ကျုံးဟဲ့မှာ လုံးဝ အံ့ဩမှင်တက်သွားရ၏။
‘ဒါက… ဒါက… ဒါက… လမင်းလေး… မင်းက ဘယ်လိုလုပ်ပြီး ဒီလိုတွေ ပြောထွက်ရတာလဲ။ မင်းက နတ်သမီးလေးလေ။ အမြဲတမ်း အမြင့်မှာပဲ နေသင့်တာလေ။ ဒီလို အတွေ့အကြုံရင့် ယောက်ျားတွေ ပြောတဲ့ စကားမျိုးကို မင်းက ဘယ်လိုလုပ်ပြီး ပြောထွက်တာလဲ။ မင်းက ယောက်ျားနဲ့ မိန်းမ ဘာကွာမှန်းတောင် မသိတဲ့ မိန်းမမျိုး ဖြစ်သင့်တာလေ။’
ယွင်ကျုံးဟဲ့က သူ၏ အမြင်များကို ထုတ်ဖော်ပြောဆိုရန် ပြင်လိုက်သော်လည်း အချိန်မရလိုက်ချေ။ ကျင်းကျုံးယွဲ့က သူ့ကို ချက်ချင်း တွန်းလှဲလိုက်တော့သည်။
ဤလောကတွင် မည်သည့်အရာမှ လက်တွေ့ မကြုံဖူးသော်လည်း အရာအားလုံးကို နားလည်နေသည့် မိန်းမတစ်မျိုး ရှိသည်။ ကျင်းကျုံးယွဲ့သည် ထိုကဲ့သို့သော လူမျိုး ဖြစ်၏။
ထို့ကြောင့် သူမက လက်တွေ့ စမ်းသပ်နေစဉ်တွင် အံ့ဩနေသည့် အသံလေးများပင် ထွက်ပေါ်လာတတ်သည်။
“ဒီလိုလား။ ဒီလိုလား။” သူမက ကိုယ်တိုင် ရှာဖွေစူးစမ်းနေခြင်း ဖြစ်၏။
‘မင်းက ဒီလိုလူမျိုး ဖြစ်နေလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး။ မင်းက ဒီလို နတ်သမီးမျိုး ဖြစ်နေတာလား။’
နှစ်နာရီခန့် ကြာပြီးသည့်နောက် ယွင်ကျုံးဟဲ့မှာ တကယ်ကို အသက်ထက်ဝက်ခန့်သာ ကျန်တော့၏။ ချဲ့ကားပြောနေခြင်း မဟုတ်ပေ။ တကယ်ကို သေလုမျောပါး အခြေအနေသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ ထွက်သက်သာ ရှိတော့ပြီး ဝင်သက် မရှိတော့သကဲ့သို့ ဖြစ်နေသည်။
ကျင်းကျုံးယွဲ့က သူ့ကို လွှတ်ပေးလိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်၏။
‘မင်း အဲဒီလို သက်ပြင်းချတာ ဘာသဘောလဲ။’
ထို့နောက် ကျင်းကျုံးယွဲ့က ဘေးစောင်း လှဲလျောင်းကာ သူမ၏ လှပသော မျက်ဝန်းကြီးများဖြင့် ယွင်ကျုံးဟဲ့ကို မလှုပ်မယှက် စိုက်ကြည့်နေ၏။ အားအနည်းငယ် ပြန်လည် ပြည့်ဝလာသော ယွင်ကျုံးဟဲ့မှာ သူမ၏ အကြည့်များကြောင့် ကြက်သီးများပင် ထလာတော့သည်။
“ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံးက လူတွေ အားလုံးက ကျွန်မနဲ့ ထန်ထိုင်ကျင့်နဲ့က အလိုက်ဖက်ဆုံးလို့ ထင်နေကြတယ်။ ရှင်ကော ဘယ်လို ထင်လဲ။” ကျင်းကျုံးယွဲ့က မေးလိုက်၏။
ယွင်ကျုံးဟဲ့က ဖြေသည်။ “ငါကတော့ အဲဒီလို မထင်ဘူး။”
ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “တကယ်တော့ ကျွန်မက ထန်ထိုင်ကျင့်ကို လုံးဝ သဘောမကျဘူး။ သူက အရမ်း တည်ငြိမ်လွန်းတယ်။”
‘ဟမ်… မင်းစကားက ဘာအဓိပ္ပာယ်လဲ။ ငါ ယွင်ကျုံးဟဲ့က မတည်ငြိမ်ဘူးလို့ ပြောချင်တာလား။’
“ရှင့်လိုမျိုး အသုံးမကျတဲ့ ယောက်ျားကမှ ကျွန်မရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်တာ” ကျင်းကျုံးယွဲ့က ဆက်ပြောသည်။
ယွင်ကျုံးဟဲ့မှာ ငိုရခက် ရယ်ရခက် ဖြစ်သွားရသည်။ သူမက သူ့ကို ချီးကျူးနေသည်လား သို့မဟုတ် ဆဲနေသည်လား။ သို့ပေမည့် ထိုကဲ့သို့သော ခံစားချက်ကို သူ အနည်းငယ် နားလည်ပေးနိုင်၏။
ဥပမာအားဖြင့် အချို့ယောက်ျားများသည် သန့်စင်ပြီး အပြစ်ကင်းသော မိန်းကလေးများကို မနှစ်သက်သလို အိမ်ထောင်ရှင်မကောင်းများကိုလည်း မနှစ်သက်ကြချေ။ သူတို့က ဖောက်ပြန်တတ်သော မိန်းမများကိုသာ သဘောကျပြီး စိန်ခေါ်မှု ရှိကာ စိတ်လှုပ်ရှားစရာ ကောင်းသည်ဟု ယူဆတတ်ကြသည်။
“ကျွန်မက ရှင့်ကို လက်ထပ်ဖို့ ဘာလို့ သဘောတူလိုက်လဲဆိုတာ ရှင် သိလား။” ကျင်းကျုံးယွဲ့က ထပ်မေး၏။
ယွင်ကျုံးဟဲ့က ပြန်ဖြေသည်။ “သေချာပေါက် ငါ့ရဲ့ ဉာဏ်ပညာ ကြီးမားတဲ့ အသွင်အပြင်က မင်းကို အပြည့်အဝ ဖမ်းစားသွားနိုင်လို့ပေါ့။”
ကျင်းကျုံးယွဲ့က ပြော၏။ “မဟုတ်ဘူး။ ရှင့်ရဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ပြီးတဲ့နောက်မှာ ဒီလောကမှာ ဒီလောက် အသုံးမကျဘဲ ယုတ်မာတဲ့ ယောက်ျားမျိုး ရှိနေလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ပြီးတော့ ရှင့်ရဲ့ အစစ်အမှန် မျက်နှာကို မြင်လိုက်ရတဲ့ အချိန်မှာ ကျွန်မရင်ထဲမှာ ဆန္ဒတစ်ခု ဖြစ်ပေါ်လာတယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ငါ့ကို လက်ထပ်ချင်တဲ့ ဆန္ဒလား။”
“မဟုတ်ဘူး။”
ကျင်းကျုံးယွဲ့က ဖြေ၏။ “ရှင့်ကို လက်သီးနဲ့ တစ်ချက်ချင်းစီ ထိုးပြီး အသေသတ်ပစ်ချင်တဲ့ ဆန္ဒပဲ။ အသားစလေးတွေ ဖြစ်သွားတဲ့အထိ ထုထောင်းပစ်ချင်တဲ့ ခံစားချက်မျိုးပဲ။”
‘ဟမ်… လမင်းလေး… ငါတို့ နှစ်ယောက် ယှဉ်ကြည့်ရင် မင်းက အရူးနဲ့ ပိုတူနေတယ်လို့ ငါ ထင်တယ်။ မင်းနဲ့ ကျင်းဝူပြန်းက နှစ်ယောက်စလုံး အရူးတွေပဲ။ သူက အပြင်ပန်းမှာ ရူးနေတာ ဖြစ်ပြီး မင်းကတော့ အတွင်းစိတ်ထဲမှာ ရူးနေတာပဲ။’
“ယွင်ကျုံးဟဲ့… ရှင် အချက်တစ်ချက်ကို သေချာ နားလည်ထားရမယ်။ ကျွန်မက ရှင့်ကို သဘောကျလို့ လက်ထပ်တာ။”
ကျင်းကျုံးယွဲ့က ဆက်ပြော၏။ “တခြား အကြောင်းပြချက်တွေကြောင့် လုံးဝ မဟုတ်ဘူး။ ရှင် ရခဲ့တဲ့ အောင်မြင်မှုတွေကြောင့်လည်း မဟုတ်သလို တခြား ဘာကြောင့်မှလည်း မဟုတ်ဘူး။ ကျွန်မက ရှင့်ကို လက်ထပ်တာ ရှင့်ကို သဘောကျလို့၊ နှိပ်စက်ချင်လို့၊ ရှင်နဲ့ အချစ်နဲ့ အမုန်း ရောယှက်နေတဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ချင်လို့ပဲ။
ဒီစကားကို ရှင် အမြဲတမ်း မှတ်ထားဖို့ မျှော်လင့်ပါတယ်။ အထူးသဖြင့် ဆုံးဖြတ်ချက် တစ်ခုခု ချတော့မယ့် အချိန်တိုင်းမှာ ကျွန်မရဲ့ ဒီစကားကို သေချာပေါက် သတိရပါ။”
“ငါ မှတ်ထားပါ့မယ် လမင်းလေး” ယွင်ကျုံးဟဲ့က တုန်ယင်စွာ ဖြေလိုက်၏။
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “အခု ရှင် ကျွန်မရဲ့ အတွင်းစိတ်ကို နည်းနည်း ချစ်လာပြီလို့ ခံစားမိတယ်။ အရင်က ရှင် ကျွန်မရဲ့ ခန္ဓာကိုယ်ကိုပဲ လိုချင်ခဲ့တာ။ ကျွန်မကို သိမ်းပိုက်ချင်တဲ့ စိတ်ပဲ ရှိခဲ့တာ။ အခုတော့ ရှင် ကျွန်မကို အစစ်အမှန် စပြီးသဘောကျနေပြီဆိုတာ ကျွန်မ ခံစားမိတယ်။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။
ကျင်းကျုံးယွဲ့က ဆက်ပြောသည်။ “ဘာလို့လဲဆိုတော့ ကျွန်မတို့ နှစ်ယောက်စလုံးက အခြေခံအားဖြင့် အရူးတွေ ဖြစ်နေလို့ပဲ။ ပုံမှန်လူတွေ မဟုတ်လို့ပဲ။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ် ဝန်ခံလိုက်၏။
ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “ယွင်ကျုံးဟဲ့… အရင်က ရှင့်ရဲ့ စွဲလမ်းမှု အားလုံးက ကျွန်မကို လက်ထပ်ဖို့ပဲလေ။ အခု ရှင် အောင်မြင်သွားပြီဆိုတော့ နောက်ထပ် ဘာအတွက် ဆက်လုပ်မှာလဲ။ ရှင့်ရဲ့ ဘဝ ရည်မှန်းချက်က ဘာလဲ။”
ယွင်ကျုံးဟဲ့က အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ဖြေလိုက်၏။ “ငါလည်း မသိဘူး။ မှုန်ဝါးဝါး အယူအဆ တစ်ခုတော့ ရှိပေမဲ့ မသေချာသေးဘူး။”
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “ကျွန်မရဲ့ ရည်မှန်းချက်ကတော့ အရမ်း ရှင်းလင်းတယ်။ ဒါပေမဲ့ အခုချိန်မှာ ရှင့်ကို ပြောပြလို့ မရသေးဘူး။ ဘာလို့လဲဆိုတော့ ကျွန်မတို့က အခုမှ အချင်းချင်း ဆွဲဆောင်နိုင်ပြီး စချစ်လာကြတာလေ။ ဒါပေမဲ့ အချက်တစ်ချက်ကိုတော့ မှတ်ထားပါ။ ရှင်က ကျွန်မ အခုချိန်ထိ ပထမဦးဆုံး ချစ်မိလာတဲ့ တစ်ဦးတည်းသော ယောက်ျားပဲ။ ကျွန်မတို့ တစ်သက်လုံး အတူတူ နေသွားနိုင်ဖို့ မျှော်လင့်တယ်။”
ယွင်ကျုံးဟဲ့က မနေနိုင်တော့ဘဲ နမ်းလိုက်မိ၏။
ကျင်းကျုံးယွဲ့ကလည်း ပြန်လည် တုံ့ပြန်လာသည်။
ယွင်ကျုံးဟဲ့မှာ တုန်ယင်သွားပြီး ကြောက်လန့်တကြားဖြင့် အမြန် ရုန်းထွက်ကာ မေးလိုက်၏။ “လမင်းလေး… ဆာနေပြီလား။ ငါ သွားပြီး ဆန်ပြုတ် သွားလုပ်ပေးရမလား။ ရေဆာနေပြီလား။ ငါ ရေနွေး သွားကျိုပေးရမလား။”
ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့ကို အချိန်အတန်ကြာ စိုက်ကြည့်ပြီးနောက် စကားတစ်ခွန်း ပြောလိုက်သည်။ “ဘဝမှာ ပြည့်စုံဖို့ဆိုတာ သိပ်ခက်တယ်။ ပြီးပြည့်စုံတဲ့ ယောက်ျား တစ်ယောက် ရဖို့ဆိုတာ သိပ်ခက်တယ်။”
‘မင်းစကားက ဘာအဓိပ္ပာယ်လဲ။ မင်းက ငါ့ကို ခနဲ့နေတာလား။’
“သွားတော့… ခွင့်လွှတ်လိုက်မယ်။”
ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “ဒါပေမဲ့ ခဏနေရင် ပြန်လာပြီး ကျွန်မကို ဖက်အိပ်ရမယ်။ ကျွန်မက အမြဲတမ်း အထီးကျန်နေခဲ့တာ။ ဒါပေမဲ့ တစ်ခါ စတင်လိုက်ပြီဆိုတာနဲ့ ကျွန်မက အချစ်ကို အရမ်း လိုအပ်တဲ့သူ ဖြစ်သွားပြီ။”
ဤစကားက အချို့သော ကလေးငယ်များကို သတိရသွားစေ၏။ အမြဲတမ်း ဂရုစိုက်ခံချင်သော ကလေးငယ်များ ဖြစ်သည်။ အချိန်ပြည့် မိဘများ၏ ဂရုစိုက်မှုကို လိုအပ်ပြီး နို့သောက်လျှင်လည်း ချော့သိပ်ရသည်။ အိပ်လျှင်လည်း ချော့သိပ်ရသည်။ အချိန်ပြည့် ပွေ့ချီထားမှ အိပ်တတ်ပြီး အနည်းငယ် လွှတ်လိုက်သည်နှင့် ငိုတတ်ကြသည်။
ကျင်းကျုံးယွဲ့မှာ အသက်နှစ်ဆယ်ကျော်နေပြီ ဖြစ်သော်လည်း တစ်ဖက်မှ ကြည့်လျှင် ထိုကဲ့သို့သော ဂရုစိုက်မှု လိုအပ်သည့် ကလေးငယ် တစ်ဦး ဖြစ်နေ၏။ သူမက အမြဲတမ်း တစ်ယောက်တည်း နေတတ်ပြီး မာနကြီးသူ တစ်ဦး ဖြစ်ခဲ့သောကြောင့်ပင်။
ယွင်ကျုံးဟဲ့က ယိုင်နဲ့နေသည့် ခြေလှမ်းများဖြင့် အခန်း အပြင်ဘက်သို့ ရောက်လာ၏။
ရွှီအန်းထင်က ကြိုတင် ပြင်ဆင်ထားသော အားဖြည့်စွပ်ပြုတ်ကို ယူလာကာ ယွင်ကျုံးဟဲ့ရှေ့တွင် ချပေးလိုက်သည်။
ယွင်ကျုံးဟဲ့က သူမ၏ ဗိုက်ကလေးကို ဖက်ကာ ညင်သာစွာ မေးလိုက်၏။ “ဒီလောက် ညဉ့်နက်နေပြီကို ဘာလို့ မအိပ်သေးတာလဲ။”
ရွှီအန်းထင်က ဖြေလိုက်သည်။ “ကျွန်မ အိပ်တာ ကြာပါပြီ။ ကလေးက နည်းနည်း ကန်နေလို့ နိုးသွားတာပါ။”
ယွင်ကျုံးဟဲ့က နားကို သူမ၏ ဗိုက်ပေါ် ကပ်လိုက်ပြီး မနေနိုင်တော့ဘဲ တစ်ချက် နမ်းလိုက်မိ၏။
“ဒီလို မလုပ်ပါနဲ့။ မြို့စားမင်းက စိတ်ဆိုးပါလိမ့်မယ်။ သူမကမှ သခင်လေးရဲ့ ဇနီးအစစ်ပါ။” ရွှီအန်းထင်က ပြောလိုက်သည်။
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “သူ ဂရုမစိုက်ပါဘူး။”
ယခု ယွင်ကျုံးဟဲ့က ကျင်းကျုံးယွဲ့ကို အတော်လေး နားလည်လာပြီ ဖြစ်သည်။ သူမက အလွန် သဘောထားကြီးပြီး ယွင်ကျုံးဟဲ့တွင် အခြား မိန်းမများ ရှိနေသည်ကို လုံးဝ ဂရုမစိုက်ချေ။
သို့ပေမည့် သူမက အလွန် သဝန်တိုတတ်သူလည်း ဖြစ်၏။ ယွင်ကျုံးဟဲ့၏ ရင်ထဲတွင် သူမက တစ်ဦးတည်းသောသူ ဖြစ်ရမည်ဖြစ်ပြီး ရာခိုင်နှုန်း ကိုးဆယ်ခန့် နေရာယူထားရမည်။ ထိုအချက်ကို ဆုံးရှုံးသွားပါက သူမက ဤဆက်ဆံရေးကို ချက်ချင်း ဖြတ်တောက်လိုက်မှာ ဖြစ်သည်။
ထို့အပြင် စောစောက သူမ၏ စကားများကို အဆုံးထိ မပြောရသေးချေ။ သူမက ယွင်ကျုံးဟဲ့ကို လက်ထပ်ခဲ့ခြင်းမှာ သဘောကျသောကြောင့်သာ ဖြစ်၏။
အကယ်၍ သူမက ယွင်ကျုံးဟဲ့ကို သဘောမကျဘဲ ယွင်ကျုံးဟဲ့က ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့ပြီး သူမကို လက်ထပ်ရန် အတင်းအကျပ် တောင်းဆိုလာမည်ဆိုပါက ကျင်းကျုံးယွဲ့က မည်သို့ တုံ့ပြန်မည်နည်း။
အလွန် ရိုးရှင်းလှ၏။ ကျင်းကျုံးယွဲ့က အကြမ်းတမ်းဆုံး နည်းလမ်းဖြင့် ဖြေရှင်းမည် ဖြစ်သည်။ သူ့ကို တိုက်ရိုက် သတ်ပစ်မည်သာ ဖြစ်၏။ ရှင့်ရဲ့ အောင်မြင်မှုတွေက အရမ်းကြီးမားပြီး ကျွန်မက ရှင့်ကို မကျေနပ်နိုင်ဘူးဆိုရင် အမုန်းပွားလာမယ့်အစား ရှင့်ကို သတ်လိုက်တာက ပိုကောင်းတယ် ဆိုသည့် သဘောထားမျိုး ဖြစ်သည်။
ကျင်းကျုံးယွဲ့သည် ပုံမှန် အမျိုးသမီး တစ်ယောက် လုံးဝ မဟုတ်သောကြောင့် သာမန် ဆင်ခြင်တုံတရားဖြင့် ခန့်မှန်း၍ မရနိုင်ချေ။
“သွားအိပ်တော့။” ယွင်ကျုံးဟဲ့က ရွှီအန်းထင်၏ ခါးလေးကို ပုတ်ကာ ညင်သာစွာ ပြောလိုက်၏။
“ကောင်းပါပြီ။” ရွှီအန်းထင်က ခေါင်းညိတ်ပြပြီး အိပ်ရာဝင်သွားတော့သည်။
……………………….