← Chapters

အခန်း (၁၃၅-၁၃၆)

Vol. 12 Ch. 135-136

အခန်း (၁၃၅-၁၃၆)

Vol. 12 Ch. 135-136

အပိုင်း (၁၃၅)

ယွင်ကျုံးဟဲ့က အပြင်သို့ ထွက်လာကာ ကောင်းကင်ယံရှိ လမင်းကြီးကို ငေးကြည့်နေ၏။ လမင်းကြီးက အလွန် ဝိုင်းစက်နေသည်။ ယနေ့က ဇူလိုင်လ ၁၅ ရက်နေ့၊ သရဲတစ္ဆေပွဲတော်နေ့ ဖြစ်သည်မဟုတ်ပါလား။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် ကျင်းကျုံးယွဲ့သည် ပုံမှန် အမျိုးသမီး တစ်ယောက် မဟုတ်ကြောင်း သိသာလှပေသည်။ ပုံမှန် မိန်းမတစ်ယောက်က သရဲတစ္ဆေပွဲတော်နေ့တွင် မင်္ဂလာဆောင်မှာ မဟုတ်ပေ။

ထို့နောက် ယွင်ကျုံးဟဲ့က အပြင်ဘက် မြေပြင်ပေါ်တွင် လူတစ်ယောက် လဲလျောင်းနေသည်ကို မြင်လိုက်ရ၏။ အဝေးမှနေ၍ပင် ထိုသူမှာ ဟွာမန်လုမှန်း သိသာနေ၏။

ယွင်ကျုံးဟဲ့က သူ့ထံသို့ လျှောက်သွားကာ အရက်တစ်ပုလင်း ကမ်းပေးလိုက်သည်။

ဟွာမန်လုက ချက်ချင်း ထထိုင်ကာ အရက်ပုလင်းကို ယူ၍ တစ်ကျိုက်တည်း မော့သောက်လိုက်၏။

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ခင်ဗျား အခု မြေကြီးပေါ်မှာ အိပ်စရာ မလိုတော့ပါဘူး။”

“အကျင့်ပါနေပြီ။ ငယ်ငယ်တည်းက အကျင့်ပါနေတာလေ။” ဟွာမန်လုက ပြန်ဖြေ၏။

ထို့နောက် သူက မေးလိုက်သည်။ “သခင်လေးယွင်… ကြားရသလောက် သခင်လေးက သူတောင်းစား၊ လူမိုက် ဘဝက လာတာဆို။ မိဘမဲ့ပေါ့။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ဟုတ်တယ်။”

ဟွာမန်လုက ဆက်ပြောသည်။ “တိုက်ဆိုင်လိုက်တာ။ ကျုပ်လည်း မိဘမဲ့ပါပဲ။ ငယ်ငယ်တည်းက အမှိုက်ပုံထဲမှာ ကြီးပြင်းလာတာ။ နောက်တော့ သူတောင်းစားအိုကြီး တစ်ယောက်က မွေးစားလိုက်တယ်။ မျက်စိကို ဖောက်ထုတ်ခံရပြီး တောင်းစားခံရတော့မလိုတောင် ဖြစ်သေးတယ်။”

ဤသည်မှာ လုံးဝ မထူးဆန်းချေ။ သူတောင်းစားဂိုဏ်း ဆိုသည်မှာ ဤလောကတွင် အရုပ်ဆိုးဆုံးနှင့် အမှောင်မိုက်ဆုံး နေရာတစ်ခု ဖြစ်၏။

“နောက်တော့ ဘယ်လိုလုပ်ပြီး အဲဒီ အဖြစ်ဆိုးကနေ လွတ်လာတာလဲ။” ယွင်ကျုံးဟဲ့က မေးလိုက်သည်။

“ဘာလို့လဲဆိုတော့ ကျုပ်က ချောလို့လေ။” ဟွာမန်လုက အတည်ပေါက်ကြီးဖြင့် ဖြေလိုက်၏။

“အဟွတ်... အဟွတ်...” ယွင်ကျုံးဟဲ့မှာ အရက်သောက်နေရင်း သီးသွားတော့သည်။

ဟွာမန်လုက မချိတင်ကဲ ပြုံးလျက် ပြောလိုက်၏။ “တကယ်ပြောတာပါ။ ကျုပ်လည်း တစ်ချိန်က ချောခဲ့ပါတယ်။ သခင်လေးလောက် ပြိုင်ဘက်ကင်းအောင် မချောပေမဲ့ပေါ့။ ဘယ်လို ပြောရမလဲ။ ကျုပ်နဲ့ သခင်လေးရဲ့ ရုပ်ရည် ကွာဟချက်က ချူကျောင်းရန် ကိုးယောက်စာလောက် ကွာတယ်ပေါ့။”

‘ခင်ဗျားရဲ့ ဖားယားမှုက နည်းနည်း လွန်နေပြီ။’

ဟွာမန်လုက ဆက်ပြောလိုက်သည်။ “ကျုပ်တို့လို လူမျိုးတွေက မြက်ပင်တွေ၊ ပိုးဟပ်တွေ၊ ပိုးကောင်တွေလိုပဲ။ လူတွေက နင်းမသတ်သရွေ့ အသက်ရှင်နေအုံးမှာပဲ။ ရေပုပ်လေး နည်းနည်း သောက်ရုံနဲ့ အသက်ရှင်နေနိုင်တယ်။ ကျုပ်က သခင်လေးလောက် ပါရမီ မပါပေမဲ့ နည်းနည်းပါးပါးတော့ ပါရမီ ပါပါတယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အဲဒီနောက် ဘာဆက်ဖြစ်သွားတာလဲ။”

ဟွာမန်လုက ဖြေလိုက်သည်။ “ဒီလိုနဲ့ပဲ ဟိုရောက်ဒီရောက် လေလွင့်နေခဲ့တယ်။ အရိုက်ခံရတာလည်း အကြိမ်ကြိမ်ပဲ။ လူတချို့ကိုလည်း သတ်ခဲ့ဖူးတယ်။ အသက် ဆယ့်တစ်နှစ် ရောက်ချိန်မှာတော့ ကျုပ်ရဲ့ ကျေးဇူးရှင်၊ မြို့စားမင်းနဲ့ တွေ့ခဲ့တယ်။ အဲဒီအချိန်ကစပြီး သူလျှိုဘဝကို ရောက်လာခဲ့တာ အခုချိန်ထိပါပဲ။”

ထို့နောက် ဟွာမန်လုက ရုတ်တရက် မေးလိုက်၏။ “သခင်လေးယွင်… သခင်လေး လမ်းပျောက်နေလား။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “နည်းနည်းတော့ လမ်းပျောက်နေတယ်။ မြို့စားမင်းကို လက်ထပ်နိုင်ခဲ့ပြီး ကြီးမားတဲ့ ရည်မှန်းချက် တစ်ခုကို အောင်မြင်သွားပြီဆိုတော့ နည်းနည်း လမ်းပျောက်နေသလို ခံစားရတယ်။”

ဟွာမန်လုက ခေါင်းညိတ်လိုက်၏။ “ကျုပ်က အမြဲတမ်း လမ်းပျောက်နေခဲ့တာ။ ကြီးမားတဲ့ ရည်မှန်းချက် တစ်ခု ရှိနေသလိုလိုနဲ့ မရှိသလိုလိုပဲ။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ကျုပ်လည်း အဲဒီလိုပဲ။”

ဟွာမန်လုက ဆက်ပြော၏။ “ဒါကြောင့် မြို့စားမင်းက ကျုပ်ရဲ့ တစ်ခုတည်းသော ရည်မှန်းချက် ဖြစ်လာတာပဲ။ သူမကို ကာကွယ်ရမယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဘာဖြစ်လို့လဲ။”

“ဘာလို့လဲဆိုတော့ သူမက ကျုပ် အသက်ကို ကယ်ခဲ့ဖူးလို့ပဲ။ တစ်ခါတည်း မကဘူး။ သခင်လေး သိပ်နားလည်မှာ မဟုတ်ဘူး။ ရိုးရိုး အသက်ကယ်တင်တာ မဟုတ်ဘဲ ပိုမို နက်ရှိုင်းတဲ့ ဘဝကို ကယ်တင်ပေးခဲ့တာ”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ခင်ဗျားနဲ့ မြို့စားမင်းရဲ့ ဆက်ဆံရေးက အစောကြီးတည်းက ရင်းနှီးနေခဲ့တာလား။”

ဟွာမန်လုက ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။”

ယွင်ကျုံးဟဲ့က ဆက်မေး၏။ “ဒါဆို ဘာလို့ အခုထိ ရာထူး မတက်သေးတာလဲ။”

ဟွာမန်လုက ဖြေသည်။ “ကျုပ်က အမှိုက်ပုံထဲမှာ နေရတာ အကျင့်ပါနေပြီ။ မြေကြီးပေါ်မှာ အိပ်ရတာ အကျင့်ပါနေပြီ။ နူးညံ့တဲ့ ကုတင်ပေါ်မှာ မအိပ်တတ်ဘူး။ ခမ်းနားတဲ့ အခန်းထဲမှာ ပိုလို့တောင် မအိပ်တတ်ဘူး။ မြက်ခင်းထဲမှာ အိပ်ရမှ စိတ်ချမ်းသာတာ။”

ယွင်ကျုံးဟဲ့က ဘာမှ ထပ်မပြောတော့ဘဲ လမင်းကြီးကိုသာ မော့ကြည့်နေလိုက်၏။

“သခင်လေးယွင်… သခင်လေးရဲ့ ကဗျာတွေက ပြိုင်ဘက်ကင်းတယ်ဆိုတော့ ဒီနေ့ လမင်းကြီးကို ကြည့်ပြီး ကဗျာတစ်ပုဒ်လောက် ရွတ်ပြပါလား။” ဟွာမန်လုက ရုတ်တရက် တောင်းဆိုလိုက်သည်။

ယွင်ကျုံးဟဲ့က အရက်ခွက်ကို မြှောက်ကာ ရွတ်ဆိုလိုက်၏။ “ခွက်ကို မြှောက်ကာ လမင်းကို ဖိတ်ခေါ်၊ အရိပ်နှင့်ပေါင်းသော် သုံးယောက် ဖြစ်လာသည်။ “ (လီပိုင်၏ ကဗျာ)

ဟွာမန်လု လုံးဝ အံ့ဩမှင်တက်သွားရသည်။

သို့ပေမည့် သူက ချက်ချင်း တွေးမိသွား၏။ ‘ဘာလို့ အရိပ်နဲ့ပေါင်းရင် သုံးယောက် ဖြစ်ရတာလဲ။ ကျုပ် ဟွာမန်လုက လူမဟုတ်ဘူးလား။ ကျုပ်အရိပ်ကကော လူမဟုတ်ဘူးလား။’

သူ ကြည့်လိုက်ချိန်မှာတော့ ယွင်ကျုံးဟဲ့ ရွတ်ဆိုသော ကဗျာက မှန်ကန်နေကြောင်း တွေ့လိုက်ရသည်။ ယွင်ကျုံးဟဲ့က လရောင်အောက်တွင် ရပ်နေသောကြောင့် သူ၏ အရိပ်ကို ရှင်းလင်းစွာ မြင်နေရ၏။ သို့ပေမည့် ဟွာမန်လုက ကျောက်တုံးကြီး တစ်ခုနောက်တွင် ထိုင်နေသောကြောင့် အရိပ် မရှိရုံသာမက လရောင်ပင် သူ၏ မျက်နှာပေါ်သို့ မကျရောက်ချေ။

ဟွာမန်လုက ပြောလိုက်၏။ “သခင်လေး… သခင်လေးလို အရည်အချင်းရှိတဲ့သူက ဒီနေရာကို မလာသင့်ဘူး။ သခင်လေးအတွက် အသင့်တော်ဆုံး နေရာက ဘယ်နေရာလဲဆိုတာ သခင်လေး သိလား။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဘယ်နေရာလဲ။”

ဟွာမန်လုက ဖြေ၏။ “တာရှအင်ပါယာလေ။ အဲဒီနေရာကမှ ပညာရှင်တွေ အများကြီးရှိပြီး စစ်မှန်တဲ့ ယဉ်ကျေးမှု ထွန်းကားတဲ့ နေရာပဲ။”

ယွင်ကျုံးဟဲ့က ပြန်ဖြေသည်။ “ဒါပေမဲ့ အဲဒီနေရာမှာ ကျင်းကျုံးယွဲ့မှ မရှိတာ”

“ဟုတ်တာပေါ့… အဲဒီနေရာမှာ မြို့စားမင်း ကျင်းကျုံးယွဲ့မှ မရှိတာ။”

ဟွာမန်လုက ပြောလိုက်၏။ “ပိုင်ရှင်မဲ့ နယ်မြေကမှ မြို့စားမင်းလို ရူးသွပ်ပြီး အရိုင်းဆန်တဲ့ မိန်းမမျိုးကို မွေးထုတ်ပေးနိုင်တာ”

ကျင်းကျုံးယွဲ့ကို ရူးသွပ်ပြီး အရိုင်းဆန်တယ်လို့ ပြောခြင်းလား။ သူမက အလွန် အေးစက်ပြီး မာနကြီးကာ တည်ငြိမ်သူ တစ်ယောက် မဟုတ်ဘူးလား။

သို့ပေမည့် ဤသည်မှာ အပေါ်ယံ အသွင်အပြင်မျှသာ ဖြစ်သည်။ ကျင်းကျုံးယွဲ့၏ အတွင်းစိတ်က တကယ်ပင် ရူးသွပ်ပြီး အရိုင်းဆန်လှ၏။ ထို့အပြင် သူမ၏ တွေးခေါ်ပုံက အလွန် ရိုးရှင်းသည်။ ဓားပြတစ်ဦး၏ တွေးခေါ်ပုံမျိုးပင်။

ဖြေရှင်း၍ မရသော ပြဿနာများနှင့် ကြုံတွေ့လာပါက တိုက်ရိုက် သတ်ပစ်မည်။ ဖြေရှင်း၍ မရသော လူများနှင့် ကြုံတွေ့လာပါကလည်း တိုက်ရိုက် ရှင်းလင်းပစ်မည်။

ထို့အပြင် သူမက အမြဲတမ်း ပြောတတ်သည် မဟုတ်ပါလား။ တကယ်လို့ ကျရှုံးသွားရင် ရှင်တို့ကို ခေါ်ပြီး ဓားပြ သွားလုပ်တော့မယ် ဆိုသည့် စကားကိုပင်။

ဟွာမန်လုက မေးလိုက်၏။ “ဒီည သခင်လေးနဲ့ မြို့စားမင်းတို့ မင်္ဂလာဦးည အတူတူ ဖြတ်သန်းခဲ့ကြတယ်ဆိုတော့ ကျုပ်ကို နောက်ထပ် ကဗျာတစ်ပုဒ်လောက် ရွတ်ပြလို့ ရမလား။”

ယွင်ကျုံးဟဲ့က ကဗျားတစ်ပုဒ် ရွတ်ဆိုလိုက်သည်။ “ရွှေလေပြေနှင့် ကျောက်စိမ်းနှင်းရည်တို့ တစ်ခါဆုံတွေ့ခြင်းက၊ လူ့လောက၏ မရေမတွက်နိုင်သော တွေ့ဆုံမှုများထက် သာလွန်ပေသည်။ “ (ချင်ကွမ်း၏ ကဗျာ)

ဟွာမန်လု အချိန်အတန်ကြာ ငြိမ်သက်သွားပြီးနောက် ပြောလိုက်၏။ “သခင်လေးလို လူမျိုးက ပိုင်ရှင်မဲ့ နယ်မြေမှာ နေရတာ တကယ်ကို နှမြောစရာ ကောင်းပါတယ်။ တာရှအင်ပါယာကမှ သခင်လေးရဲ့ ဇာတ်ခုံအစစ်ပါ။”

ယွင်ကျုံးဟဲ့က အရက်ပုလင်းကို ထားခဲ့ကာ ပြောလိုက်သည်။ “ခင်ဗျား ဖြည်းဖြည်း သောက်နှင့်။ ကျုပ် ပြန်တော့မယ်။”

“ကျေးဇူးတင်ပါတယ် သခင်လေး။ ဒီည သခင်လေးရဲ့ ကျေးဇူးကို ကျုပ် မှတ်ထားပါ့မယ်။” ဟွာမန်လုက ပြောလိုက်၏။

မည်သည့်ကျေးဇူးနည်း။ ဟွာမန်လုအတွက်မူ ဤသို့သော နက်ရှိုင်းသည့် စကားပြောဆိုခွင့်ရခြင်းကပင် ကြီးမားသော ကျေးဇူးတစ်ခု ဖြစ်ပုံရသည်။

သူက ယွင်ကျုံးဟဲ့၏ အသက်ကို ကယ်တင်ခဲ့ဖူးသော်လည်း ထိုကိစ္စကို တစ်ခါမှ မပြောဆိုခဲ့ဘဲ သူကိုယ်တိုင်ပင် မေ့သွားသကဲ့သို့ ရှိနေ၏။ သူသည်လည်း အရူးတစ်ယောက် ဖြစ်ပေမည်။ သူ့အတွက်တော့ အသက်ကယ်ကျေးဇူး ဆိုသည်မှာ အသေးအဖွဲ ကိစ္စလေး တစ်ခုမျှသာ ဖြစ်ပုံရ၏။

ယွင်ကျုံးဟဲ့ စာကြည့်ခန်းသို့ ပြန်ရောက်ချိန်မှာတော့ အလိုအလျောက်ပင် နုဧကရာဇ်၏ သင်္ချိုင်းတော်ရှိနေသည့် မြေပုံကို ထုတ်ယူလိုက်မိသည်။ ‘ဒီမြေပုံက အစစ်ပါ။ နှစ်ရာချီ သက်တမ်းရှိနေပြီလို့ ဒါဗင်ချီ ကိုယ်တိုင် ပြောခဲ့တာပဲ။ ဒါပေမဲ့ ဒီလောက် ကြာအောင် လေ့လာခဲ့တာတောင် ဘာသဲလွန်စမှ မရသေးဘူး။ နုဧကရာဇ်ရဲ့ သင်္ချိုင်းဂူက ဘယ်နေရာမှာလဲ။’

ယွင်ကျုံးဟဲ့က ထိုမြေပုံကို ကြည့်ကာ ခေါင်းပူထူအောင် စဉ်းစားနေမိ၏။ ယနေ့ မင်္ဂလာဆောင်ပြီး ကျင်းကျုံးယွဲ့၏ နှိပ်စက်မှုကို ခံခဲ့ရသောကြောင့် ဉာဏ်အလင်းများ ပွင့်လာသင့်၏။ သို့ပေမည့် အချိန်အကြာကြီး ကြည့်နေသော်လည်း မည်သည့်သဲလွန်စမှ မရသေးပေ။

ထို့ကြောင့် ယွင်ကျုံးဟဲ့က ဒါဗင်ချီ ပြောခဲ့သော စကားကို သတိရသွားသည်။ ဒီအစုတ်ပလုတ်ကို မီးရှို့ပစ်လိုက် ဆိုသည့် စကားပင်။ ‘မီးရှို့ပစ်ရမလား။ အဲဒါဆိုရင် အံ့ဖွယ်ဖြစ်ရပ် ပေါ်လာမလား။’

ထိုအတွေးက ပေါ်လာသည်နှင့်တပြိုင်နက် ပြန်လည် ဖယ်ရှား၍ မရနိုင်တော့ချေ။ သို့ပေမည့် ဤသည်မှာ ကျင်းကျုံးယွဲ့၏ ပစ္စည်း ဖြစ်ရာ ဇနီးသည်၏ အရာအားလုံးက မိမိ၏ အရာဖြစ်သည် ဆိုသော်လည်း သူမ၏ သဘောထားကိုတော့ အနည်းငယ် မေးမြန်းသင့်ပေသည်။

ထို့ကြောင့် ယွင်ကျုံးဟဲ့က အခန်းတွင်းသို့ ဝင်သွားလိုက်၏။

“ကိစ္စရှိလို့လား။” ကျင်းကျုံးယွဲ့က စောင်ထဲတွင် စာအုပ်ဖတ်နေရင်း မေးလိုက်သည်။

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒီမြေပုံကို မီးရှို့လိုက်ရင် အံ့ဖွယ်ဖြစ်ရပ် ပေါ်လာမလား။ တကယ့် မြေပုံအစစ် ပေါ်လာနိုင်မလား ဆိုတာ မင်း သိချင်ရဲ့လား။”

“မီးရှို့မလို့လား။” ကျင်းကျုံးယွဲ့က လှည့်ကြည့်လာပြီး သူမ၏ လှပသော မျက်ဝန်းကြီးများတွင် စိတ်ဝင်စားမှုများ ပြည့်နှက်လာသည်။

“ကျွန်မ နေ့တိုင်း ဘယ်လို ဆန္ဒတွေကို ဖိနှိပ်ထားရလဲ ရှင် သိလား။” ကျင်းကျုံးယွဲ့က မေးလိုက်၏။

“ဘာဆန္ဒတွေလဲ။” ယွင်ကျုံးဟဲ့က မေးလိုက်သည်။

ကျင်းကျုံးယွဲ့က ဖြေလိုက်၏။ “ကျွန်မလက်ကို မီးထဲထည့်ပြီး မီးရှို့ကြည့်ချင်တဲ့ ဆန္ဒ၊ ကျွန်မရဲ့ ဆံပင်ရှည်ကြီးတွေကို မီးရှို့ပစ်ချင်တဲ့ ဆန္ဒ၊ မြို့စားအိမ်တော် တစ်ခုလုံးကို မီးရှို့ပစ်ချင်တဲ့ ဆန္ဒတွေပဲ။”

‘လမင်းလေး… မင်းရဲ့ စိတ်ဝေဒနာက တော်တော် ဆိုးနေတယ်ဆိုတာ ငါ လက်ခံပါတယ်။’

တကယ်တမ်း ယွင်ကျုံးဟဲ့ သတိမထားမိခဲ့သည်မှာ သူမ တစ်ယောက်တည်း ရှိနေချိန်တွင် သူမ၏ လက်ကို မီးပေါ်သို့ တင်ကြည့်လေ့ရှိသည် ဆိုသော အချက်ပင်။ သို့ပေမည့် သူမ၏ လက်က ယခုတိုင် ဖြူဖွေးနုနယ်နေဆဲ ဖြစ်သည်။

သို့သော်ငြား ယွင်ကျုံးဟဲ့က ဤကဲ့သို့သော ဆန္ဒမျိုးကို နားလည်နိုင်ပေသည်။ ထက်မြက်သော ဓားသွားကို မြင်ချိန်မှာတော့ လျှာဖြင့် လျက်ကြည့်ချင်သော ဆန္ဒမျိုး၊ အထပ်မြင့် အဆောက်အအုံပေါ် ရောက်ချိန်မှာတော့ ခုန်ချချင်သော ဆန္ဒမျိုးနှင့် အတူတူပင် ဖြစ်၏။

ကျင်းကျုံးယွဲ့က ဆက်ပြောသည်။ “ကျွန်မ ကိုယ်တိုင်လည်း ဒါကို မီးရှို့ပစ်ချင်နေတာ အကြိမ်ပေါင်း မနည်းတော့ဘူး။ ဒါပေမဲ့ ထိန်းချုပ်ထားခဲ့တာ။ အခု ရှင်က ပြောလာပြီဆိုတော့ မရှို့လို့ မရတော့ဘူး။”

ထို့နောက် သူမက စောင်ထဲမှ ဗလာကျင်းဖြင့် ထွက်လာကာ မီးဖိုတစ်ခုကို ယူ၍ မီးမွေးလိုက်သည်။ မီးကျီးခဲများ အပြည့် ဖြစ်သွား၏။

သူမက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ “ရှို့လိုက်တော့။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “မင်းက မီးရှို့လိုက်ရတဲ့ ရလဒ်ကို လိုချင်တာလား၊ ဒါမှမဟုတ် တကယ့် မြေပုံအစစ် ထွက်လာဖို့ မျှော်လင့်နေတာလား။”

ကျင်းကျုံးယွဲ့က ဖြေသည်။ “ကျွန်မက မသိရသေးတဲ့ အရာတွေကို မျှော်လင့်နေတာ။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “လမင်းလေး… အဝတ်အစားလေး ဘာလေး ဝတ်ပါလား။”

ကျင်းကျုံးယွဲ့က ပြန်မေးလိုက်သည်။ “တခြားလူမှ မရှိတာ။ ရှင်က မကြိုက်လို့လား။”

ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ကြိုက်တယ်။ ဒါပေမဲ့ ခန္ဓာကိုယ်က ခွင့်မပြုတော့ဘူး။”

“မြန်မြန် ရှို့ပါ။ ရှင်က အရမ်း နှေးတာပဲ။”

ကျင်းကျုံးယွဲ့က အလျင်စလို ပြောလိုက်၏။ “ဒီနေ့ကစပြီး ရှင့်ရှေ့မှာ အဝတ်အစား ဝတ်မယ်၊ မဝတ်ဘူးဆိုတာ ရှင့်အပေါ်မှာပဲ မူတည်တယ်။ ကျွန်မ အဝတ်အစား ဝတ်ထားတာက ရှင့်ကို ပိုပြီး ဆွဲဆောင်နိုင်တယ်လို့ ခံစားရရင် ကျွန်မ ဝတ်မယ်။ မဝတ်တာက ပိုဆွဲဆောင်နိုင်တယ်လို့ ခံစားရရင် မဝတ်ဘူး။”

..........................

အပိုင်း (၁၃၆)

ယွင်ကျုံးဟဲ့ သတိထားမိလိုက်သည်မှာ ဤလက်ထပ်ပွဲသည် သူ့အတွက် ပို၍ အဓိပ္ပာယ်ရှိသည်ဟု ထင်မှတ် ထားခဲ့သော်လည်း ကျင်းကျုံးယွဲ့အတွက် ပို၍ အဓိပ္ပာယ်ရှိနေကြောင်း တွေ့လိုက်ရသည်။ အကြောင်းမှာ သူမက သူမ၏ လွတ်လပ်မှုကို အပြည့်အဝ ဖော်ထုတ်နိုင်မည့် လူတစ်ယောက်ကို ရှာတွေ့သွားသကဲ့သို့ ဖြစ်နေသောကြောင့်ပင်။

ထို့နောက် ယွင်ကျုံးဟဲ့က မြေပုံကို ထုတ်ယူကာ အနည်းငယ် ချီတုံချတုံ ဖြစ်သွား၏။ “လမင်းလေး… ဒါက မင်းတို့ ကျင်းမိသားစုရဲ့ မျိုးရိုးစဉ်ဆက် ရတနာလေ။ နုဧကရာဇ်ရဲ့ သင်္ချိုင်းဂူ လျှို့ဝှက်ချက် ပါနေတာ။ တကယ်လို့ မီးရှို့လိုက်လို့ ဘာသတင်းအချက်အလက်မှ ထွက်မလာရင် လုံးဝ ပျက်စီးသွားပြီနော်။”

ကျင်းကျုံးယွဲ့က မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။ “ယွင်ကျုံးဟဲ့… ရှင်က နည်းနည်း ပျင်းစရာ ကောင်းလာပြီနော်။”

ယွင်ကျုံးဟဲ့က ဘာမှ ထပ်မပြောတော့ဘဲ မြေပုံကို မီးဖိုထဲသို့ တိုက်ရိုက် ပစ်ထည့်လိုက်၏။ ‘ဘယ်လိုပဲဖြစ်ဖြစ် ဒါက မင်းတို့ ကျင်းမိသားစုရဲ့ မြေပုံပဲလေ။ ငါတို့ ယွင်မိသားစုရဲ့ မြေပုံမှ မဟုတ်တာ။’

ထိုမြေပုံက မီးဒဏ်ကို ခံနိုင်ရည် ရှိလို့နေ၏။ မီးဖိုထဲ ရောက်ပြီးနောက် ချက်ချင်း လိပ်သွားသော်လည်း အချိန်အတန်ကြာမှသာ စတင် မီးလောင်ကျွမ်းတော့သည်။

ယွင်ကျုံးဟဲ့က မျက်လုံးများ ပြူးကျယ်ကာ မည်သည့် မြင်ကွင်းကိုမှ လက်လွတ်မခံဘဲ စောင့်ကြည့်နေ၏။

ကျင်းကျုံးယွဲ့ကလည်း ယွင်ကျုံးဟဲ့၏ မျက်နှာချင်းဆိုင်တွင် ထိုင်ကာ မျက်လုံးများကို ပိုမို ပြူးကျယ်ထားပြီး သူမ၏ လှပသော မျက်နှာလေးက မီးဖိုပေါ်သို့ ကပ်ထားလုနီးပါး ဖြစ်နေသည်။

‘အံ့ဖွယ်ဖြစ်ရပ် ပေါ်လာမလား။ သေချာပေါက် ပေါ်လာမှာပါ။ မီးရှို့ပြီးရင် မြေပုံထဲက တကယ့် သတင်းအချက်အလက်တွေ ပေါ်လာမှာပါ။ မဖျက်ဆီးဘဲ အသစ် မတည်ဆောက်နိုင်ဘူးဆိုတဲ့ စကားက တကယ် ယုတ္တိရှိတာပဲ။’

သို့ပေမည့် ဘာမှ ဖြစ်မလာခဲ့ချေ။ ထိုမြေပုံက ပြာအဖြစ် လုံးဝ မီးလောင်ကျွမ်းသွားပြီး ဘာမှ မကျန်ရစ်ခဲ့ပေ။ မည်သည့် သတင်းအချက်အလက်မှလည်း ပေါ်မလာခဲ့ချေ။

ယွင်ကျုံးဟဲ့ လုံးဝ အံ့ဩမှင်တက်သွားရသည်။ ‘ဒါဆို… နှစ်ရာချီ လက်ဆင့်ကမ်းလာတဲ့ ဒီရတနာကြီးက ဒီလိုပဲ ပျက်စီးသွားပြီပေါ့။ သောက်ကျိုးနည်း… ဒါဗင်ချီ… ခင်ဗျား ကျုပ်ကို ဒုက္ခပေးလိုက်တာပဲ။ အခု ဘယ်လိုလုပ်မလဲ။ နုဧကရာဇ်ရဲ့ သင်္ချိုင်းဂူကို ဘယ်လို သွားရှာရတော့မလဲ။’

သို့ပေမည့် ကျင်းကျုံးယွဲ့ကမူ မည်သည့် စိတ်ပျက်မှုမှ မပြသဘဲ အပြစ်တင်စကားလည်း တစ်ခွန်းမှ မဆိုချေ။

သူမက ရုတ်တရက် မေးလိုက်၏။ “ယွင်ကျုံးဟဲ့… ရှင် ခံစားချက် တစ်ခုကို သိလား။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဘာခံစားချက်လဲ။”

ကျင်းကျုံးယွဲ့က ဖြေ၏။ “မီးလောင်ခံရတဲ့ ခံစားချက်လေ။ အရမ်းနာကျင်ပေမဲ့ အရေပြားကိုတော့ တကယ် မထိခိုက်စေတဲ့ အခြေအနေမျိုး။ အဲဒီ အမြင့်ဆုံး အမှတ်ကို အတိအကျ မိအောင် လုပ်ရတာ။”

‘ဟမ်… ဘယ်သူက ဒီလိုအရာတွေကို သွားလေ့လာနေမှာလဲ။’

ကျင်းကျုံးယွဲ့က ဆက်ပြောသည်။ “ကျွန်မ ငယ်ငယ်တည်းက အကြိမ်ပေါင်း မရေမတွက်နိုင်အောင် စမ်းသပ်ကြည့်ခဲ့ဖူးတယ်။ ရှင့်ကို သင်ပေးရမလား။”

ထို့နောက် ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့၏ လက်ကို ဆွဲယူကာ မီးပေါ်သို့ တိုက်ရိုက် တင်လိုက်၏။

ချက်ချင်းပဲ ပြင်းထန်သော နာကျင်မှုကြီးကို ခံစားလိုက်ရသည်။ ပိုပိုပြီး နာကျင်လာ၏။ လုံးဝ သည်းမခံနိုင်တော့လောက်အောင် ဖြစ်လာသည်။

ချက်ချင်းပဲ ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့၏ လက်ကို မီးဖိုပေါ်မှ ဖယ်ရှားကာ မေးလိုက်၏။ “ဘယ်လိုလဲ… ဒီခံစားချက်က စိတ်လှုပ်ရှားဖို့ ကောင်းတယ် မှတ်လား။”

ယွင်ကျုံးဟဲ့က သူ၏ လက်ကို ကြည့်လိုက်ရာ နီရဲနေသော်လည်း တကယ်တမ်း၌ ဒဏ်ရာ မရှိခဲ့ချေ။ သူမက မီးလောင်ဒဏ်ရာ ရနိုင်မည့် အမြင့်ဆုံး အမှတ်ကို အမှန်တကယ် သိနေခြင်း ဖြစ်လို့နေသည်။

‘သောက်ကျိုးနည်း… ဘယ်လိုဖြစ်ပြီးတော့ ပုံမှန် မိန်းမတစ်ယောက်က ဒါမျိုးကို သွားလေ့လာနေမှာလဲ။ ငါရဲ့ လမင်းလေး… မင်း ဘယ်လိုများ ကြီးပြင်းလာခဲ့တာလဲ။’

ယွင်ကျုံးဟဲ့က မီးတောက်များကို ငေးကြည့်လိုက်၊ ကျင်းကျုံးယွဲ့ကို ငေးကြည့်လိုက် ဖြစ်နေမိ၏။ သူမက တကယ်ကို လှပလွန်းလှသည်။ အထူးသဖြင့် ယနေ့ညတွင် ပို၍ လှပနေပြီး မီးတောက်များထက်ပင် ပို၍ လှပနေ၏။ လူ၏ မျက်လုံးများကိုသာမက နှလုံးသားကိုပါ လောင်ကျွမ်းစေနိုင်စွမ်း ရှိ၏။

ကျင်းကျုံးယွဲ့ကလည်း ယွင်ကျုံးဟဲ့၏ မျက်လုံးများကို စိုက်ကြည့်နေ၏။ သူမ၏ မျက်ဝန်းများက ပိုပိုပြီး ရူးသွပ်လာကာ ပိုပိုပြီး ပူလောင်လာသည်။

“ယွင်ကျုံးဟဲ့… ကျွန်မဘဝမှာ ကျွန်မနဲ့ ကိုက်ညီတဲ့ ယောက်ျားတစ်ယောက်ကို ရှာတွေ့နိုင်မယ်လို့ မထင်ခဲ့ဘူး။ ဒါပေမဲ့ ရှင့်လို အရူးတစ်ယောက် ပေါ်လာလိမ့်မယ်လို့လည်း မထင်ခဲ့ဘူး။”

ထို့နောက် ကျင်းကျုံးယွဲ့က တိုက်ရိုက် ခုန်ဝင်လာတော့၏။

ယွင်ကျုံးဟဲ့က တုန်ယင်စွာ ပြောလိုက်သည်။ “မရတော့ဘူး… မရတော့ဘူး။ လမင်းလေး… ငါ သေသွားလိမ့်မယ်။”

“ကိစ္စမရှိပါဘူး။ သေရင်လည်း သေပါစေ”

…………….

နောက်တစ်နေ့ နံနက်၌ ယွင်ကျုံးဟဲ့တွင် ခံစားချက် တစ်ခုတည်းသာ ရှိတော့၏။ ‘ငါ သေတော့မယ်။ မဟုတ်ဘူး… ငါ သေနေပြီ။ ငါ ဘယ်ရောက်နေတာလဲ။ ငါ အသက်ရှင်နေသေးရဲ့လား။’

ထိုအချိန်တွင် ကျင်းကျုံးယွဲ့ကမူ စောစောတည်းက နိုးနေပြီဖြစ်ပြီး ခရမ်းရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ကာ တည်ငြိမ်စွာ စာဖတ်နေသည်။

ယွင်ကျုံးဟဲ့က ယိုင်တိယိုင်တိုင်ဖြင့် လျှောက်သွားကာ သူမ၏ ငန်းတစ်ကောင်အလား လှပသော လည်ပင်းလေးကို ဖက်၍ မီးတောက်များအလား လှပသော နှုတ်ခမ်းလေးကို နမ်းကာ မေးလိုက်၏။ “ဘာစာအုပ် ဖတ်နေတာလဲ။”

“ထူးဆန်းသော လူများ၏ ဇာတ်လမ်းဆယ့်နှစ်ပုဒ်။” ကျင်းကျုံးယွဲ့က ဖြေသည်။

တကယ်ကို ပုံမှန် မဟုတ်သော စာအုပ်ပင် ဖြစ်၏။ ထိုစာအုပ်က အလွန် နက်ရှိုင်းသော ဂူကြီးတစ်ခုထဲသို့ ကျသွားပြီး သေတော့မည့် လူဆယ့်နှစ်ယောက်အကြောင်း ရေးသားထားခြင်း ဖြစ်၏။

သေခါနီးအချိန်တွင် တစ်ယောက်ချင်းစီက ဇာတ်လမ်းတစ်ပုဒ်စီ ပြောပြရမည် ဖြစ်ပြီး ထိုဇာတ်လမ်းများက အလွန် ထူးဆန်း၊ အလွန် လက်တွေ့ဆန်ပြီး၊ အလွန် ယုတ္တိမတန်၊ အလွန် ရက်စက်ကြမ်းကြုတ်သော ဇာတ်လမ်းများ ဖြစ်ရမည်။

ထိုစာအုပ်၏ ရေးသားသူ အမည်မှာ နှစ်ဆန်းတစ်ရက် ဖြစ်၏။ သို့ပေမည့် ၎င်းမှာ ကလောင်အမည်သာ ဖြစ်ပြီး သူ၏ အစစ်အမှန် သရုပ်ကို မည်သူမှ မသိကြချေ။ သူရေးသားသော စာအုပ်များ အားလုံးမှာ ပုံမှန် မဟုတ်ဘဲ အလွန် ယုတ္တိမတန်ကာ လူကို ကြက်သီးထသွားစေလောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသည်။ ပုံမှန်လူများ ဖတ်မိပါက ခေါင်းများ ထူပူသွားပြီး ရူးသွားမတတ် ခံစားရစေနိုင်၏။

ယွင်ကျုံးဟဲ့က ကဗျာများ၊ စာများ ရေးဖွဲ့ကာ သမိုင်းတွင် ကျော်ကြားသော ကဗျာများကို ကူးချခဲ့သော်လည်း ကျင်းကျုံးယွဲ့က မည်သည့်အခါကမှ အထူးတလည် ချီးကျူးခြင်း မရှိခဲ့ချေ။

သူမက ထိုကဗျာများကို မနှစ်သက်ဘဲ ထူးဆန်းသော လူများ၏ ဇာတ်လမ်းဆယ့်နှစ်ပုဒ် ကဲ့သို့သော ပုံမှန်မဟုတ်သည့် စာအုပ်များကိုသာ နှစ်သက်လေ့ရှိသောကြောင့်ပင်။

“လမင်းလေး… မင်းက ပုံမှန်လူပဲလား။” ယွင်ကျုံးဟဲ့က မေးလိုက်သည်။

“ဟုတ်တယ်။”

ကျင်းကျုံးယွဲ့က ဖြေ၏။ “ကျွန်မတို့က အခြေခံအားဖြင့် ပုံမှန်လူတွေပါ။ တကယ့် အရူးတွေ မဟုတ်ဘူး။ ဒါကြောင့် တစ်ခါတစ်ရံမှာ နာကျင်ရတာပေါ့။”

ရူးသွပ်ခြင်းနှင့် ပုံမှန်ဖြစ်ခြင်း ဆိုသည်မှာ ပုံသေ သတ်မှတ်ချက် တစ်ခု မဟုတ်ဘဲ အချိန်မရွေး ပြောင်းလဲနိုင်သော အရာများ ဖြစ်၏။

“ကျွန်မတို့ နှစ်ယောက် အတူတူနေရင် ပိုပိုပြီး ပုံမှန် ဖြစ်လာနိုင်သလို ပိုပိုပြီး ပုံမှန် မဟုတ်တာတွေလည်း ဖြစ်လာနိုင်တယ်။”

ကျင်းကျုံးယွဲ့က ဆက်ပြောသည်။ “ကျွန်မတို့ မွေးလာမယ့် ကလေးလေးက ပုံမှန် ဖြစ်ဖို့ မျှော်လင့်ပါတယ်။ ပြီးတော့ သေချာပေါက် ချောမောလှပရမယ်။”

ယခင်က ယွင်ကျုံးဟဲ့ ထင်ထားသည်မှာ လက်ထပ်ပြီးနောက်ပိုင်းတွင်လည်း ကျင်းကျုံးယွဲ့က အလွန် အေးစက် မာနကြီးနေမည်ဖြစ်ပြီး သူ၏ ချဉ်းကပ်မှုများကို ငြင်းပယ်နေလိမ့်မည်ဟု ထင်ခဲ့၏။ ဤအိမ်ထောင်ရေး ဆက်ဆံရေးတွင် သူကသာ အမြဲတမ်း တက်ကြွနေရမည်ဟု ယူဆထားခဲ့သည်။

သို့ပေမည့် လက်ထပ်ပြီးနောက် ကျင်းကျုံးယွဲ့က ပို၍ တက်ကြွနေပြီး သူမကသာ ကြိုးစားချဉ်းကပ်နေကြောင်း တွေ့လိုက်ရ၏။

အကြောင်းမူကား သူမက အထီးကျန်နေခဲ့သည်မှာ ကြာပြီဖြစ်ပြီး မိမိကိုယ်ကို ပိတ်လှောင်ထားခဲ့သည်မှာလည်း ကြာပြီ ဖြစ်သောကြောင့် ဖြစ်ပေမည်။

သို့မဟုတ် သူမ ပြောခဲ့သကဲ့သို့ သူမနှင့် ကိုက်ညီသော အရူးတစ်ယောက်ကို ရှာတွေ့ရန် မလွယ်ကူသောကြောင့် မာနကြီးမနေဘဲ ဟန်ဆောင်မနေတော့ရန် ဆုံးဖြတ်လိုက်ခြင်းလည်း ဖြစ်နိုင်၏။

မစတင်ခင်ကတော့ ဘာမှမဖြစ်ချေ။ စတင်လိုက်ပြီဆိုလျှင် ရူးသွပ်စွာ ချစ်တော့မည် ဖြစ်သည်။

သူမက နင်ချင်းနှင့် လုံးဝ မတူညီသလို အခြားသော မိန်းမများနှင့်လည်း လုံးဝ မတူညီချေ။ တကယ့်ကို မီးနတ်သမီးလေး တစ်ပါးအလား ဖြစ်၏။

အနည်းဆုံး ဤအချိန်တွင် ယွင်ကျုံးဟဲ့သည် သူမအပေါ် ရူးသွပ်စွာ စွဲလမ်းနေမိပြီ ဖြစ်သည်။ ကျင်းကျုံးယွဲ့လည်း ထိုနည်းတူ ခံစားနေရမည်ဟု သူ ယုံကြည်၏။ သူနှင့် ကျင်းကျုံးယွဲ့တို့က တကယ်ကို ကောင်းကင်ဘုံက ဖန်တီးပေးထားသော ဖူးစာရှင်များ ဖြစ်ပေမည်။

ထိုအချိန်၌ အခန်းတံခါး ပွင့်သွားပြီး လန်ပိ ပြေးဝင်လာ၏။

ကျင်းကျုံးယွဲ့က မျက်မှောင်ကြုတ်လိုက်၏။ ဤကဲ့သို့သော အခြေအနေ၌ အနှောင့်အယှက် ပေးခံရသည်ကို သူမ အလွန် မုန်းတီးသည်။

“မြို့စားမင်း… ထန်ထိုင်မိသားစုက လူတွေ ရောက်နေတယ်။ အတော်ဆုံး သိုင်းပညာရှင်တွေကို ခေါ်လာတယ်။ လူတစ်ထောင်လောက် ရှိမယ်။” လန်ပိက သတင်းပို့လိုက်သည်။

ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “သိပြီ။ သူတို့ကို စောင့်ခိုင်းထားလိုက်။ ငါ ခဏနေ လာခဲ့မယ်။”

ခဏအကြာတွင် ကျင်းကျုံးယွဲ့က ခန့်ညားသော မြို့စားဝတ်စုံကို ဝတ်ဆင်ကာ ယွင်ကျုံးဟဲ့နှင့် လက်ချင်း ချိတ်လျက် မြို့စားအိမ်တော် ခန်းမကြီးအတွင်းသို့ ဝင်ရောက်လာ၏။ ထို့နောက် သူတို့နှစ်ဦးက မြို့စား၏ နေရာတွင် အတူတူ ထိုင်လိုက်ကြသည်။

ထိုမြင်ကွင်းကို မြင်ချိန်မှာတော့ လူတိုင်း အနည်းငယ် တုန်လှုပ်သွားကြ၏။ ‘ဒါက… ဒါက ဘာသဘောလဲ။ ဒီနေ့ကစပြီး လေခွင်းချိုင့်ဝှမ်းမှာ မြို့စား နှစ်ယောက် ရှိသွားပြီလား။’

မြို့စားအိမ်တော် အပြင်ဘက်တွင် ထန်ထိုင်မိသားစု၏ သိုင်းပညာရှင် တစ်ထောင်ကျော်က ပြည့်နှက်နေပြီး ထန်ထိုင်ကျင့်က ပြတင်းပေါက် တစ်ခုနောက်တွင် မလှုပ်မယှက် ရပ်နေ၏။ ထိပ်တန်း သိုင်းပညာရှင် ထန်ထိုင်ဖန်က လူတစ်စုကို ဦးဆောင်ကာ မြို့စားအိမ်တော် ခန်းမကြီးအတွင်းသို့ တိုက်ရိုက် ဝင်ရောက်ရန် ပြင်လိုက်သည်။

“ရိုင်းစိုင်းလိုက်တာ။ ဒီနေရာက လေခွင်းချိုင့်ဝှမ်း မြို့စားအိမ်တော်ကွ။ ထန်ထိုင်မိသားစုရဲ့ သိုင်းပညာရှင်တွေ ဖြစ်ရင်တောင် ဝင်ချင်တိုင်း ဝင်လို့ မရဘူး။” ချူကျောင်းရန်က ဒေါသတကြီး အော်ဟစ်လိုက်၏။

ထန်ထိုင်ဖန်က အေးစက်စွာ ပြန်ဖြေသည်။ “ကျုပ် ခေါ်လာတာက ထန်ထိုင်မိသားစုရဲ့ သိုင်းပညာရှင်တွေ မဟုတ်ဘူး။ နယ်စားများမဟာမိတ်အဖွဲ့ရဲ့ သိုင်းပညာရှင်တွေပဲ။ ကျုပ်က တရားခံ လာဖမ်းတာ။”

“ဖမ်းမယ်။ ဘယ်သူ့ကို ဖမ်းမှာလဲ။” ချူကျောင်းရန်က မေးလိုက်၏။

ကျင်းကျုံးယွဲ့က အမိန့်ပေးလိုက်သည်။ “သူ့ကို ဝင်ခွင့်ပြုလိုက်။”

ထိပ်တန်း သိုင်းပညာရှင် ထန်ထိုင်ဖန်က သိုင်းပညာရှင် တစ်ဒါဇင်ကျော်ခန့်ကို ဦးဆောင်ကာ ခန်းမကြီးအတွင်းသို့ တိုက်ရိုက် ဝင်ရောက်လာ၏။ ထိုထိပ်တန်း သိုင်းပညာရှင် ဝတ်ဆင်ထားသည်မှာ တကယ်ပင် နယ်စားများ မဟာမိတ်အဖွဲ့၏ သံချပ်ကာဝတ်စုံဖြစ်ပြီး သူ၏ နောက်တွင် ပါလာသူများမှာလည်း နယ်စားများမဟာမိတ်အဖွဲ့၏ အနက်ရောင် သံချပ်ကာဝတ် စစ်သည်များ ဖြစ်ကြ၏။

ထန်ထိုင်ဖန်က လက်ထိပ်ကို ထုတ်ယူကာ ယွင်ကျုံးဟဲ့ကို လက်ညှိုးထိုးပြလျက် ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့… ခင်ဗျား အဖမ်းခံရပြီ။”

ထိုစကားကြောင့် တစ်ခန်းလုံးရှိ လူတိုင်း၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။ ‘ခင်ဗျားက တကယ်ကို ရဲတင်းလွန်းတယ်။ ဒါက ကျုပ်တို့ မြို့စားမင်းရဲ့ ခင်ပွန်းလေ။ ခင်ဗျားက သူ့ကို ဖမ်းမယ်လို့ ပြောရဲတယ်ပေါ့။’

လေခွင်းမြို့ဝန် ဝမ်တောက်ဖူက အေးစက်စွာ ပြုံးလျက် ပြောလိုက်၏။ “ဘာအကြောင်းကြောင့်လဲ။ သခင်လေး ယွင်အောက်ထျန်းက ကျုပ်တို့ရဲ့ မြို့စားတစ်ဝက် ဖြစ်နေပြီလေ။”

ထန်ထိုင်ဖန်က ယွင်ကျုံးဟဲ့ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ “ခင်ဗျားက ယွင်အောက်ထျန်း လုံးဝ မဟုတ်ဘူး။ ခင်ဗျားရဲ့ နာမည်ရင်းက ယွင်ကျုံးဟဲ့ပဲ။ တာယင်အင်ပါယာ၊ ဟန်ရွှေမြို့က လူတစ်ယောက်... ပြီးတော့ ခင်ဗျားမှာ နောက်ထပ် သရုပ်တစ်ခု ရှိသေးတယ်။ အဲဒါက အင်ပါယာရဲ့ သူလျှိုပဲ။

ခင်ဗျားက မြို့စားကျင်းကျုံးယွဲ့ရဲ့ ဘေးကို ရောက်လာတာ လျှို့ဝှက်ချက်တွေ ရှိလို့ပဲ။ ကျုပ်မှာ ခိုင်လုံတဲ့ သက်သေတွေ အကုန် ရှိတယ်။ စစ်သည်တွေ… ရန်သူ့ သူလျှို ယွင်ကျုံးဟဲ့ကို ဖမ်းကြ။ ပြန်လည် ခုခံရင် နေရာတင် သတ်ပစ်။”

ယွင်ကျုံးဟဲ့ ရုတ်တရက် တုန်လှုပ်သွား၏။ သူ၏ လျှို့ဝှက်ချက် ပေါက်ကြားသွားပြီလား။ တာယင်အင်ပါယာ ဟေးလုံထိုင်၏ သူလျှိုဟူသော သူ၏ အစစ်အမှန် ကိုယ်ပိုင်အမှတ်အသား ထင်ရှားသွားပြီလား။

ဤကိစ္စ လုံးဝ မဖြစ်နိုင်ပေ။ အကယ်၍ တကယ်တမ်း ပေါက်ကြားခဲ့သည်ဆိုလျှင် ဖုန်းရှင်းမြဲ့က နည်းလမ်းပေါင်းစုံ သုံး၍ သူ့ထံ သတင်းပေးပို့လာမှာ ဖြစ်၏။

အထူးသဖြင့် ယခုအချိန်တွင် ကျင်းကျုံးယွဲ့ကို သိမ်းသွင်းရမည့် တာဝန် ပြီးမြောက်လုနီးပါး ဖြစ်နေသောကြောင့် ယွင်ကျုံးဟဲ့သည် တာယင်အင်ပါယာအတွက် အရေးအပါဆုံး ဗျူဟာမြောက် သူလျှိုတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။

ယခင်က ပေါ့ဆမှုများ ရှိခဲ့လျှင်တောင် အင်ပါယာ၏ ဟေးလုံထိုင်မှ အလေးထားလာပြီးနောက် အခြေအနေများ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ လေခွင်းမြို့အတွင်း သူ၏ သူလျှိုဘဝကို သိရှိသူ အားလုံး ပြောင်းရွှေ့ခံခဲ့ရပြီး ဖြစ်၏။

ပိုင်ရှင်မဲ့ နယ်မြေနှင့် ပတ်သက်သော အင်ပါယာအတွင်းရှိ ထိပ်ပိုင်းတာဝန်ရှိသူ အားလုံးနီးပါး အစားထိုးခံခဲ့ရကာ သူ့အကြောင်း သိသူများကို မြို့တော် ဌာနချုပ်ရှိ စာရေးစာချီ အလုပ်များဆီသို့သာ ပို့ထားခဲ့သည်။

တစ်နည်းအားဖြင့် သူ၏ သတင်းများကို အသေအချာ ပိတ်လှောင်ထားခြင်း ဖြစ်သည်။ ပိုင်ရှင်မဲ့ နယ်မြေ၌ သူ၏ တာဝန်များ မပြီးဆုံးမချင်း ထိုသူများ ပြန်လည် လွတ်မြောက်လာမှာ မဟုတ်ပေ။

ထိုသူများသည် အဆင့်မြင့် အရာရှိကြီးများ ဖြစ်သော်ငြား အများအကျိုးအတွက်၊ သူ့ကို ကာကွယ်ရန်အတွက် အကျယ်ချုပ် သဘောမျိုး နေထိုင်နေကြရခြင်း ဖြစ်၏။

ယခုအချိန်တွင် သူ့အကြောင်း အတိအကျ သိရှိသူဟူ၍ လက်ချိုးရေတွက်၍ ရသည်။ ဟေးလုံထိုင် ခေါင်းဆောင်၊ အကြီးအကဲရွှီ၊ ဖုန်းရှင်းမြဲ့၊ ဧကရာဇ်မင်းမြတ်နှင့် တောင်ပိုင်းသိမ်းတပ်တော်၏ စစ်သေနာပတိဖြစ်သော စတုတ္ထမင်းသား ယင်ချွဲ့တို့သာ ရှိသည်။

ထို့ကြောင့် သူ၏ ကိုယ်ပိုင်အချက်အလက်များ ပေါက်ကြားရန် အကြောင်း လုံးဝ မရှိပေ။

....................

All Chapters